အခန်း (၄၇၃-၄၇၄)
Vol. 48 Ch. 473-474
အခန်း(473)
အဖေလင်းနှင့် စုန့်ရှီးယန်တို့နှစ်ဦးလုံး ထွက်ခွာသွားပြီးနောက် လင်းရန်က တံခါးကိုပိတ်ကာ အဘွားအို နိုးလာမည့်အချိန်ကို စောင့်ဆိုင်းပေးနေခဲ့သည်။
သို့သော် သူမက အဘွားလင်း နိုးလာမည့်အချိန်ကို စောင့်နေချိန်အတွင်း မတွေ့ရသည်မှာ ကြာမြင့်ပြီဖြစ်သော အသိအကျွမ်းဟောင်းတစ်ဦးက သူမ၏ဆိုင်တံခါးအနီးသို့ ရောက်ရှိနေလိမ့်မည်ဟု မမျှော်လင့်ခဲ့မိပေ။
“အာ... စားဖိုမှူးလေးလင်းက ဒီနေ့ ကိစ္စရှိလို့ ဆိုင်မဖွင့်ဘူးပဲ၊ လာခဲ့တာအလကားဖြစ်ကုန်ပြီ”
“အမှန်ပဲ၊ ဒါပေမဲ့ စားဖိုမှူးလေးလင်းရဲ့ မိသားစုမှာ တစ်ခုခုဖြစ်လို့နေမှာပါ၊ မဟုတ်ရင်တော့ သူဆိုင်မဖွင့်ဘဲ နေမှာမဟုတ်ဘူး”
မည်သို့ပင်ဖြစ်စေ လွန်ခဲ့သော သုံးလအတွင်း မိုးရွာသည်ဖြစ်စေ၊နေပူသည်ဖြစ်စေ လင်းရန်က ဆိုင်ကို နေ့တိုင်းဖွင့်လှစ်ခဲ့သည် မဟုတ်ပါလား။
ယနေ့ ရုတ်တရက် ဆိုင်ပိတ်လိုက်သည်ဆိုပါက ကြီးမားသော ကိစ္စတစ်စုံတစ်ရာ ရှိနေ၍သာ ဖြစ်ရပေမည်။
“စားဖိုမှူးလေးလင်း အခက်အခဲတွေကို အမြန်ဆုံးဖြေရှင်းနိုင်ပြီး မနက်ဖြန် ဆိုင်ပြန်ဖွင့်နိုင်ပါစေလို့ပဲ မျှော်လင့်ရတာပေါ့”
ထိုလူများမှာ “ဝေ့မီ” ဆိုင်၏ ဖောက်သည်ဟောင်းများဖြစ်ပုံရပြီး စကားပြောဆိုရင်းပြန်သွားခဲ့ကြလေ၏။
ခြေလှမ်းအနည်းငယ်မျှ လျှောက်ပြီးချိန်တွင် သူတို့က ရင်းနှီးမှုမရှိသော မျက်နှာတစ်ခုကို တွေ့မြင်လိုက်ရလေသည်။
ထိုသူမှာ အတော်လေး နွမ်းပါးနေပုံရပြီး အရောင်လွင့်နေသော အဝတ်အစားများကို ဝတ်ဆင်ထားခဲ့သည်။ သူ၏ ရုပ်ရည်သွင်ပြင်မှာ ယခင်အတိုင်းဖြစ်သော်လည်း လူအများအား ထူးဆန်းသော ခံစားချက်တစ်မျိုးကိုပေးနေခဲ့သည်။
ဆိုရလျှင် လောကဓံကို အလူးအလဲ ခံစားထားရသော ခံစားချက်တစ်မျိုးကို ပေးနေပေသည်။
ဖောက်သည်တချို့က ထိုသူအား လှည့်ကြည့်မိကြလေ၏။ ထို့နောက် တစ်ဖက်လူက “ဝေ့မီ” ဆိုင်သို့ သွားရန် ပြင်နေသည်ကိုတွေ့လျှင် လင်းရန်၏ လက်ရာအကြောင့းကိုကြား၍ လာရောက်ခြင်းဖြစ်မည်ဟု ယူဆလိုက်ကြသည်။
သူတို့သညာလည်း အစားအသောက်ကို နှစ်သက်သူများဖြစ်၍ ရဲဘော်ရဲဘက်များကဲ့သို့ သဘောထားကာ ထိုလူအား စေတနာဖြင့် ရှင်းပြလိုက်ကြလေသည်။
“ရဲဘော်... စားဖိုမှူးလေးလင်းက ဒီနေ့ ဆိုင်မဖွင့်ဘူး၊ ခင်ဗျားတော့ ကံမကောင်းဘူးပဲ၊ မနက်ဖြန်မှပဲ စောစောလာခဲ့တော့!”
ထိုစကားကို ကြားလိုက်ရလျှင် တစ်ဖက်မှ အမျိုးသားက စကားပြောလာသူအား ဖြည်းညှင်းစွာ ပြုံးပြလိုက်ပေသည်။ ထိုအပြုံးတွင် အတန်ငယ် တည်ငြိမ်ယဉ်ကျေးသော ဟန်ပန်မျိုး ပါဝင်နေခဲ့၏။
“ဒါကြောင့်ကိုး၊ အခုလို အကြောင်းကြားပေးတာ ကျေးဇူးတင်ပါတယ် ရဲဘော်၊ ဒါဆိုတစ်ခုလောက် မေးပါရစေ၊ စားဖိုမှူးလေးလင်းက နေ့တိုင်း ဆိုင်ကို ဘယ်အချိန်လောက် ရောက်တတ်လဲ”
“ကျွန်တော်ထင်တာတော့ ကိုးနာရီလောက်ဆို ရောက်နေပါပြီ၊ ဒါပေမဲ့ တရားဝင် ဖွင့်တာကတော့ ဆယ်တစ်နာရီမှလေ၊ အဲဒီအချိန်လောက်မှ မှာလို့ရတာ၊ ဒါပေမဲ့ တကယ်စားချင်တယ်ဆိုရင်တော့ ရှစ်နာရီမထိုးခင်ကတည်းကလာပြီး တန်းစီမှ မှာလို့ရမှာပါ၊
နောက်ကျသွားရင် မစားရတော့ဘူး၊ စားဖိုမှူးလေးလင်းရဲ့ဆိုင်က တကယ်ကို နာမည်ကြီးတာ!”
ထိုအမျိုးသားက သဘောပေါက်သွားဟန်ဖြင့် ကျေးဇူးတင်လာသည်။
“ဒါကြောင့်ကိုး၊ ကျေးဇူးတင်ပါတယ်”
“ရပါတယ်၊ ကျွန်တော်တို့လည်း သွားတော့မယ်၊ မနက်ဖြန်မှ တွေ့ကြတာပေါ့!”
ထိုသို့ပြောပြီးနောက် လူတချို့မှာ ထွက်ခွာသွားကြလေ၏။ သို့သော်လည်း ထိုအမျိုးသားက ထွက်မသွားသေးဘဲ ခေါင်းကိုမော့ကာ ဆိုင်တံခါးပေါ်ရှိ စာလုံးကြီးနှစ်လုံးကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်နေခဲ့ပေသည်။
“ဝေ့မီ ဟုတ်လား...”
ယခင်က သူ၏လက်အောက်တွင် ငတုံးတစ်ယောက်အဖြစ်ပင် မသတ်မှတ်ဘဲ အရူးတစ်ယောက်အဖြစ် သဘောထားခြင်းခံခဲ့ရသော သူ၏ မယားပါသမီး လင်းရန်က ယခုအချိန်တွင်တော့ ကွမ်တုန်းကဲ့သို့သော နေရာမျိုး၌ ကိုယ်ပိုင်ဆိုင်တစ်ဆိုင် ဖွင့်လှစ်နိုင်နေလေပြီ။
ထို့အပြင် ကြည့်ရသလောက် ဆိုင်မှာ အတော်လေးကြီးကျယ်ပြီး နာမည်ကျော်ကြားနေပုံ ရပေသည်။
လွန်ခဲ့သော နှစ်နှစ်အတွင်း သူမက အတော်လေး တိုးတက်အောင်မြင်ခဲ့ပုံ ရသည်။
သေချာပေ၏။ လင်းရန်၏ ဆိုင်တံခါးတွင် ရပ်နေသော ထိုအမျိုးသားမှာ တခြားသူမဟုတ်ဘဲ အလုပ်စခန်းမှ လတ်တလောမှ လွတ်မြောက်လာခဲ့သော စုန့်ဝေ့ပင် ဖြစ်နေခဲ့သည်။
သူ ဤနေရာသို့ ရောက်ရှိလာခြင်းမှာ တိုက်ဆိုင်မှုတစ်ခုဟု ဆိုရမည်။ စုန့်ဝေ့အနေဖြင့် အလုပ်စခန်းမှ လွတ်မြောက်လာပြီးနောက် သူ၏ နေရပ်ဖြစ်သော လီပြည်နယ်သို့ ပြန်လည်ပို့ဆောင်ခြင်းကိုခံခဲ့ရသည်။
သို့သော် မြို့ပြင်တွင်ရှိနေသော သူဝယ်ယူထားသော အိမ်သို့ ပြန်သွားကြည့်ချိန်တွင် သူ ထင်မှတ်ထားသည့်အတိုင်း ထိုသောက်ကျိုးနည်းအမျိုးသမီး လီရှို့လီက အိမ်ကို ရောင်းချကာ ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့ချေပြီ။
သူ့အနေဖြင့် လက်ရှိနေထိုင်သူကို မေးမြန်းကြည့်လျှင် လီရှို့လီအနေဖြင့် အိမ်ကိုရောင်းချခဲ့ချိန်က သူမတွင် ခင်ပွန်းရှိကြောင်းကို လုံးဝမပြောခဲ့ပါချေ။
ထို့အတူ သူမ၏ခင်ပွန်းက အဖမ်းခံရပြီး အလုပ်စခန်းသို့ ပို့ဆောင်ခံထားရကြောင်းကိုလည်း လုံးဝ ထုတ်ဖော်မပြောခဲ့ကြောင်း သိရှိရလေသည်။
အကယ်၍သာ ထိုအချက်ကို သိရှိခဲ့ပါက တစ်ဖက်လူဘက်မှ မည်သည့်အကြောင်းနှင့်မျှ ဤအိမ်ကို ဝယ်ယူလိမ့်မည်မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ အိမ်ပိုင်ရှင်ဟောင်းက ရာဇဝတ်သားတစ်ဦးဖြစ်နေသည့်အတွက် အလွန်ပင်နမိတ်မကောင်းဖြစ်နေသည် မဟုတ်ပါလား။
သို့သော် ယခုအချိန်တွင် စုန့်ဝေ၌ ပြစ်မှုမှတ်တမ်း ရှိနေပြီဖြစ်၍ ယခင်ကကဲ့သို့ တခြားသူများနှင့် အခြေအတင် ငြင်းခုံရန် မဝံ့တော့ဘဲ အလျှော့ပေးလိုက်ရုံသာ တတ်နိုင်ခဲ့သည်။
ထို့အပြင် သူသည်လည်း ထိုအိမ်ကို ဝယ်ယူခဲ့ကြောင်း သက်သေပြရန် နည်းလမ်းမရှိတော့ပေ။
ထို့ကြောင့် ဤအရာအားလုံးအတွက် လီရှို့လီကိုသာ အပြစ်တင်ရပေလိမ့်မည်။ လွန်ခဲ့သော နှစ်နှစ်အတွင်း သူ့ထံသို့ တစ်ခါမျှ လာမကြည့်ခဲ့ရုံသာမက သူ၏နောက်ကွယ်တွင်လည်း အိမ်ကို ခိုးရောင်းသွားခဲ့သည်။
ထိုမိန်းမကြောင့်သာ သူသည် ဤကဲ့သို့သော အခြေအနေမျိုးသို့ ရောက်ရှိခဲ့ရခြင်း ဖြစ်ပေသည်။
စုန့်ဝေ့တွင် လီပြည်နယ်ရှိ အိမ်ကလည်း မရှိသကဲ့သို့ ငွေကြေးလည်းမရှိတော့သည့်အတွက် လှုပ်ရှားရသည်က ပို၍ပင် ခက်ခဲလာခဲ့သည်။
ထို့ကြောင့် သူ့အနေဖြင့် လီပြည်နယ်၌ ရက်အနည်းငယ်မျှ အောက်ခြေသိမ်း အလုပ်ကြမ်းများကို လုပ်ကိုင်ကာ ခရီးစရိတ် ရှာဖွေခဲ့ရသည်။
သူ့အနေဖြင့် အတည်တကျ အလုပ်တစ်ခုကို ရှာဖွေရန် ကြံစည်ခဲ့သော်လည်း စက်ရုံများနှင့် တခြားဌာနများက စုန့်ဝေ့ကို မှတ်မိနေကြဆဲဖြစ်ပြီး သူအဖမ်းခံခဲ့ရသည့် အကြောင်းကိုလည်း ကောင်းစွာသိရှိနေကြပေသည်။
ထို့ကြောင့် စုန့်ဝေ့ အလုပ်သွားရှာသည့်အချိန်တိုင်းတွင် အငြင်းခံရမှုများနှင့် တခြားသူများ၏ ထူးဆန်းသော အကြည့်များကိုသာ ရရှိခဲ့လေသည်။ ထိုအချိန်မှစ၍ စုန့်ဝေ့တစ်ယောက် လီပြည်နယ်၌ ဆက်လက်နေထိုင်၍ မရတော့ကြောင်း သဘောပေါက်သွားခဲ့သည်။
ထို့ကြောင့် သူက အုတ်သယ်သည့်အလုပ်ကို ထပ်မံလုပ်ကိုင်ကာ ခရီးစရိတ်စုဆောင်းပြီး တခြားတစ်နေရာသို့ သွားရန် ဆုံးဖြတ်ခဲ့သည်။
နောက်ဆုံးတွင် သူက ကွမ်ကျိုးမြို့သို့သွားရန် ရွေးချယ်လိုက်လေသည်။
မည်သို့ပင်ဖြစ်စေ သူသည်က အုတ်သယ်နေရသော ရက်များအတွင်း ငွေရှာရုံသာမက လွန်ခဲ့သော နှစ်နှစ်အတွင်း၌ ဖြစ်ပျက်ခဲ့သော အပြင်လောက၏ ပြောင်းလဲမှုများကိုလည်း ပတ်ဝန်းကျင်ရှိ လူများထံမှ စိတ်ဝင်တစား နားထောင်ခဲ့သည်။
ထိုအချိန်မှသာ သူ အလုပ်စခန်းအတွင်းရှိနေချိန်၌ အပြင်လောကတွင် ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။
သိာ့သော်လည်း အချို့သောအချက်များကိုတော့ စုန့်စစ်ယွီထံမှ သူ ကြိုတင်သိရှိထားပြီးသား ဖြစ်ပေသည်။
ဥပမာအားဖြင့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများ ပြန်လည်ကျင်းပခြင်းနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ကိုင်ခွင့်များ ရရှိလာခြင်းတို့ပင်။
အကယ်၍ ဤသို့ဆိုပါက ပင်လယ်ကမ်းရိုးတန်း ဒေသများရှိ အခြေအနေမှာ ပိုမိုကောင်းမွန်ပေလိမ့်မည်။
ထို့ကြောင့် စုန့်ဝေ့က အခွင့်အလမ်းသစ်များ ရှာဖွေရန် ကွမ်ကျိုးသို့ သွားရန် ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ ထိုနေရာတွင် သူ့အကြောင်းကို သိသူမရှိသည့်အတွက် သူ့အား စောင့်ကြည့်ကဲ့ရဲ့မည့်သူများလည်း ရှိလိမ့်မည်မဟုတ်ပါချေ။
သူသည်က တစ်သက်တာလုံးတွင် ဤမျှအထိ အရှက်ရခဲ့ဖူးခြင်းမရှိခဲ့ပါချေ။
ထို့ကြောင့် အနာဂတ်အတွက် သွားရမည့်နေရာကို ဆုံးဖြတ်ပြီးနောက် စုန့်ဝေ့က ကွမ်ကျိုးသို့ သွားမည့် ရထားလက်မှတ်ကို ချက်ချင်းပင် ဝယ်ယူခဲ့လေတော့သည်။
တိုက်ဆိုင်စွာဖြင့် ကွမ်ကျိုးသို့လာသော ရထားပေါ်၌ လင်းရန်၏အဘွားနှင့် ဆုံတွေ့ခဲ့သည်။
ထိုအဘွားအိုနှင့် သူက တစ်ကြိမ်သာ ဆုံဖူးသော်လည်း စုန့်ဝေ့မှာ မှတ်ဉာဏ်အလွန်ကောင်းသူဖြစ်ပေသည်။ ထို့အပြင် အသက်ကြီးသူများ၏ ရုပ်ရည်မှာလည်း အလွန်အမင်း ပြောင်းလဲသွားခြင်း မရှိပါချေ။
ထို့ကြောင့် သူ့ဘက်မှ တစ်ဖက်လူကို ချက်ချင်း မှတ်မိသွားခဲ့ခြင်း ဖြစ်ပေသည်။ သို့သော် တစ်ဖက်လူကျော့ သူ့အား မှတ်မိပုံမရပေ။ လွန်ခဲ့သော နှစ်နှစ်အတွင်း အလုပ်စခန်းတွင် ရှိနေရသည့်အတွက် သူ၏ ရုပ်ရည်က အလွန်ပင် ပြောင်းလဲသွားခဲ့၍လည်းဖြစ်နိုင်သည်။
ထို့နောက် စုန့်ဝေ့က အဘွားလင်းမှာ တစ်ဦးတည်း ခရီးသွားနေခြင်းဖြစ်ကြောင်း သတိပြုမိလိုက်သည်။
သူမ၏ ဘေးနားတွင် သူမြင်ဖူးသော လင်းမိသားစုဝင် တစ်ဦးတစ်ယောက်မျှ ရှိမနေသကဲ့သို့ တခြားသူများနှင့် ဆက်သွယ်စကားပြောနေသည်ကိုလည်း သူ မတွေ့ရှိခဲ့ရပေ။ ဤသို့ဖြင့် စုန့်ဝေ့တစ်ယောက် စိတ်အေးသွားရပြီး အဘွားလင်း ကွမ်ကျိုးသို့ လာရခြင်း၏ ရည်ရွယ်ချက်ကို စတင်ခန့်မှန်းတော့သည်။
ဤမျှ အသက်ကြီးနေပြီဖြစ်သော အမျိုးသမီးတစ်ဦးအနေဖြင့် လီပြည်နယ်မှ ကွမ်တုန်းသို့ စီးပွားရေးလုပ်ရန်လာခြင်းက မဖြစ်နိုင်ပေ။
ဆွေမျိုးများထံသို့ အလည်လာခြင်း သို့မဟုတ် အကူအညီတောင်းခံခြင်းသာ ဖြစ်ပေလိမ့်မည်။
ထိုနှစ်ခုထဲတွင် အဘွားလင်းက ဆွေမျိုးများထံ အလည်လာခြင်းဖြစ်မည်ဟု စုန့်ဝေ့ ပိုမိုယုံကြည်ခဲ့လေသည်။
မူလကတော့ အဘွားလင်းလာတွေ့မည့် ဆွေမျိုးက လင်းရန်နှင့် လင်းကျန်းအန်းတို့ ဖြစ်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပါချေ။
သို့သော်လည်း ရထားပေါ်မှ ဆင်းချိန်၌ လင်းရန်နှင့် လင်းကျန်းအန်းတို့ကို မြင်တွေ့လိုက်ရလေသည်။ သူတို့က ပလက်ဖောင်းပေါ်၌ စောင့်ဆိုင်းနေသည်ကို သူ အဝေးကတည်း မြင်လိုက်ရလဆ၏။ ထို့ကြောင့် စုန့်ဝေ့က လူအုပ်ကြား၌ ချက်ချင်းပင် ပုန်းကွယ်လိုက်ပြီး သူတို့ အဘွားလင်းနှင့်အတူ ထွက်ခွာသွားသည်အထိ စောင့်ဆိုင်းကာ မသိမသာဖြင့် နောက်မှ လိုက်ပါသွားခဲ့သည်။
ထို့နောက် လင်းရန်တို့က ဘူတာရုံမှ ချက်ချင်းထွက်မသွားဘဲ အတွင်းဘက်မှ ရုံးခန်းတစ်ခုအတွင်း၌ ခေတ္တဝင်သွားသည်ကိုလည်း သူ မြင်တွေ့ခဲ့ရပေသည်။
စုန့်ဝေ့က အလွန်ပင် ပါးနပ်သူဖြစ်၍ ယခုအချိန်တွင် လင်းရန်တို့၏နောက်သို့ တိုက်ရိုက်လိုက်နေခြင်းက အသုံးမဝင်ကြောင်း သိရှိထားပေသည်။
ထို့ကြောင့် ထိုသားအဖနှစ်ဦးက ယခုအချိန်တွင် မည်သည့်အခြေအနေသို့ ရောက်ရှိနေသည်ကို စုံစမ်းရန်သာ ကြံစည်လိုက်လေသည်။
မည်သို့ပင်ဖြစ်စေ သူတို့နှစ်ယောက် ဘူတာရုံဝန်ထမ်းများနှင့်ပင် စကားပြောနိုင်သည်ဖြစ်၍ သူတို့နှင့် ရင်းနှီးသူ သို့မဟုတ် ဆွေမျိုးများ ရှိနေလောက်သည်ပင်။
ထို့ကြောင့် လင်းရန်တို့ ထွက်ခွာသွားပြီးနောက် စုန့်ဝေ့တစ်ယောက် လင်းရန်၏ အသိအကျွမ်းတစ်ဦးအဖြစ် ဟန်ဆောင်ကာ ရုံးခန်းအနီးသို့ သွားခဲ့ပြီး မေးမြန်းလိုက်၏။
“ရဲဘော်..တစ်ခုလောက် မေးပါရစေ၊ လင်းရန်တို့ ထွက်သွားကြပြီလား”
*
အခန်း(474)
တစ်ဖက်လူက စုန့်ဝေ့ကိုမြင်လျှင် ကြောင်အသွားရကာ ပြန်လည်မေးမြန်းလေသည်။
“ခင်ဗျားက ဘယ်သူလဲ?”
“အာ... ကျွန်တော်က လင်းရန်ရဲ့အဘွားနဲ့ အတူလာခဲ့တာ၊ ဒါပေမဲ့ ရထားပေါ်က ဆင်းတဲ့အချိန်ကျရင် လူချင်း ကွဲသွားလို့ပါ၊ အခုက ဘာလုပ်ရမလဲဆိုတာ မသိတော့လို့...”
စုန့်ဝေ့၏ အဝတ်အစားနှင့် ရုပ်ရည်မှာ အလွန်ပင် ရိုးရှင်းလွန်းသည့်အပြင် လူဆိုးတစ်ဦးနှင့်လည်း မတူပါချေ။ သို့နှင့် တစ်ဖက်လူက လင်းရန်အား မည်သည့်နေရာတွင် ရှာဖွေရမည်ကို လမ်းညွှန်ပြသလိုက်ပြီး လင်းရန်နှင့် သွားရောက်ဆုံတွေ့ရန် ပြောလိုက်လေတော့သည်။
ဤသို့ဖြင့် စုန့်ဝေ့က “ဝေ့မီ” ဆိုင်တံခါးဝသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်လေ၏။ လင်းရန်က ယခုအချိန်တွင် ကိုယ်ပိုင်ဆိုင်တစ်ဆိုင် ဖွင့်လှစ်ထားကာ ဆိုင်ရှင်ဖြစ်နေပြီဖြစ်ကြောင်းကိုလည်း သိရှိသွားခဲ့ချေပြီ။
စုန့်ဝေတစ်ယောက် “ဝေ့မီ” ဆိုင်တံခါးဝတွင် ခေတ္တမျှရပ်နေပြီးနောက် လှည့်ထွက်သွားခဲ့လေတော့သည်။
ယခုအချိန်တွင် လင်းရန်၏ အခြေအနေအရပ်ရပ်ကို သိရှိသွားပြီဖြစ်၍ ဤနေရာ၌ အမြဲတစေ ထိုင်စောင့်နေရန် မလိုအပ်တော့ပေ။
ကိစ္စတစ်စုံတစ်ရာရှိပါက သူမထံသို့ အချိန်မရွေး လာရောက်နိုင်သည် မဟုတ်ပါလား။
ထို့အပြင် သူမအနေဖြင့် သူ့ကို ငြင်းပယ်လိမ့်မည်မဟုတ်ကြောင်းကို ယုံကြည်ထားသည်။ မည်သို့ပင်ဖြစ်စေ စုန့်ဝေ့က သူမအကြောင်းကို အလွန်ကောင်းစွာ သိရှိထားသည်ပင်။
လင်းရန်မှာတော့ အဘွားလင်း ရောက်ရှိလာသည့်အတွက်ကြောင့် အဖေလင်း၏အိမ်တွင် တစ်နေကုန် နေထိုင်ခဲ့သည်။ မွန်းလွဲပိုင်းတွင် အဘွားလင်း နိုးလာချိန်၌ ပတ်ဝန်းကျင်နှင့် ရင်းနှီးကျွမ်းဝင်စေရန်အတွက် သူမကို ခေါ်ဆောင်ကာ လမ်းလျှောက်လာခဲ့လေသည်။
သို့မှသာ အဘွားလင်း တစ်ဦးတည်း အပြင်ထွက်ချင်ပါက လမ်းပျောက်ခြင်းမရှိဘဲ သွားနိုင်လိမ့်မည်။
ဘေးနားတဝိုက်သို့ လျှောက်ကြည့်ပြီးနောက် လင်းရန်နှင့် အဘွားလင်းတို့က ဟင်းသီးဟင်းရွက် အမြောက်အမြားကို အတူဝယ်ယူခဲ့ကြသည်။
သူတို့က အဖေလင်း စက်ရုံမှ ပြန်လာချိန်တွင် တိုက်ရိုက်စားသောက်နိုင်ရန်အတွက် ဟင်းလျာများကို စောစောစီးစီး ပြင်ဆင်ရန်တွေးထားခဲ့ကြသည်။
“ရန်ရန်... မနက်ဖြန်ကျရင် အဘွား မင်းနဲ့အတူ ဆိုင်ကို လိုက်ခဲ့လို့ ရမလား”
လင်းရန် ဟင်းချက်နေချိန်တွင် အဘွားလင်း လင်းရန်၏အနားသို့ ရောက်ရှိလာပြီး အပြုံးတစ်ခုနှင့် မေးမြန်းလိုက်သည်။ လင်းရန်တစ်ယောက် ခဏလောက်ကြောင်အမ်းသွားပြီးနောက် ချက်ချင်းပင် ခေါင်းညိတ်ပြလိုက်၏။
“အဆင်ပြေပါတယ် အဘွား၊ အဘွား ဆိုင်မှာ ပျင်းနေမှာကိုပဲ စိတ်ပူတာ”
စားသောက်ဆိုင်က နေ့တိုင်း အလွန်အလုပ်ရှုပ်နေခဲ့သည်။ သူမ အလုပ်များနေချိန်တွင် တခြားအရာများကို ဂရုမစိုက်နိုင်ပါချေ။
အဘွားလင်း ဆိုင်တွင်ရှိနေပါက ပျင်းရိနေလောက်မည်ပင်။
သို့သော်လည်း ထိုစကားကို ကြားချိန်တွင် အဘွားလင်းက ချက်ချင်းပင် ခေါင်းခါယမ်းလိုက်သည်။
“ရပါတယ်၊ ရပါတယ်.. အိမ်မှာ တစ်ယောက်တည်း ပျင်းနေရတာနဲ့စာရင် ဆိုင်မှာက အများကြီး ပိုကောင်းပါသေးတယ်၊ ဒါ့အပြင် အဘွားက ဆိုင်မှာ ဝိုင်းကူပေးလို့တောင် ရသေးတယ်လေ!”
သူမ ယခုတစ်ခေါက် လင်းရန်ကို ကွမ်ကျိုးသို့အထိ လာရှာရခြင်းမှာလည်း အိမ်၌ အလွန်ပျင်းရိနေသောကြောင့်သာ ဖြစ်ပေသည်။
ယခုအချိန်တွင် မိသားစုဝင်ဖြစ်သည့် သားသမီး မြေးမြစ်များမှာလည်း ကိုယ်စီအလုပ်များဖြင့် နေ့စဉ် အလုပ်ရှုပ်နေကြသောကြောင့် သူမအနေဖြင့် နေ့ဘက်အချိန်များတွင် စကားပြောဖော်ပင် မရှိရှာပါချေ။
အနည်းဆုံးတော့ လင်းရန်နှင့်အတူရှိနေလျှင် ဆိုင်တွင် အတူနေထိုင်နိုင်ပေလိမ့်မည်။ အဓိကအချက်မှာ သူမအနေဖြင့် ဧည့်သည်များကို ဧည့်ခံပေးခြင်း၊ စားပွဲများကို သန့်ရှင်းပေးခြင်းတို့ဖြင့် ကူညီပေးနိုင်ပေမည်။
လုပ်စရာအလုပ်တစ်ခုရှိနေခြင်းမှာ သူမအတွက် ပျော်ရွှင်စရာတစ်ခုသာ ဖြစ်လ၏။
အဘွားလင်းက ထိုသို့ပြောဆိုနေသည်ကို မြင်လျှင် လင်းရန်သည်လည်း မငြင်းသာတော့ပေ။
ထို့ကြောင့် မနက်ဖြန်မနက်တွင် သူမ ပြန်လာပြီး အဘွားအိုအား ဆိုင်သို့ ခေါ်သွားမည်ဟု သဘောတူလိုက်ကြလေသည်။
ထို့နောက် လင်းကျန်းအန်း ပြန်ရောက်လာပြီး သုံးဦးအတူ ထမင်းစားကြခဲ့ကြလေ၏။
ညနေဘက်တွင် စုန့်ရှီးယန် ရောက်ရှိလာပြီး လင်းရန်အား အိမ်သို့ ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။
နောက်တစ်နေ့တွင် လင်းရန်က ချင်းယွင်ကျစ်အား အဖေလင်း၏အိမ်သို့ ခေါ်ဆောင်လာခဲ့ကာ ယမန်နေ့က ပြောဆိုထားသည့်အတိုင်း အဘွားအိုအား ဆိုင်သို့ တစ်ပါတည်း ခေါ်ဆောင်လာခဲ့လေသည်။
ချင်းယွင်ကျစ်သည်လည်း ယခင်က ချွန်ဖန်းတပ်မဟာ၌ အတန်ကြာအောင် နေထိုင်ခဲ့ဖူးသောကြောင်း အဘွားလင်းနှင့် အလွန်ပင် ရင်းနှီးနေခဲ့သည်။
သူတို့နှစ်ဦး ဆုံတွေ့ကြချိန်တွင် သူစိမ်းများကဲ့သို့ မဟုတ်ဘဲ ဆွေမျိုးအရင်းအချာများနှင့် ဆုံတွေ့ရသကဲ့သို့ပင် စိတ်အားထက်သန်နေခဲ့ကြပေသည်။
“အဒေါ်... ဒီကိုလာမယ်ဆိုရင် ကျွန်မကို ကြိုပြောသင့်တယ်လေ၊ ဒါဆိုရင် ရန်ရန်နဲ့အတူ ကျွန်မကိုယ်တိုင် လာကြိုမှာပေါ့”
အဘွားလင်းမှာတော့ လင်းရန်နှင့် လင်းကျန်းအန်းတို့ကိုပင် အကြောင်းမကြားဘဲ လာခဲ့ခြင်းဖြစ်ကြောင်း ထုတ်မပြောရဲခဲ့ပါချေ။ အိမ်မှ တခြားသားသမီးများမှာလည်း သူမ ရထားပေါ်သို့ရောက်မှသာ သိရှိကြခြင်း ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် သူမက အပြုံးတစ်ခုနှင့် စကားလမ်းကြောင်း လွှဲလိုက်လေသည်။
“ရပါတယ်၊ ဘာပဲဖြစ်ဖြစ် ငါတို့အတွက် အချိန်တွေ အများကြီး ရှိနေသေးတယ်လေ၊ ဒါနဲ့ ရှောင်ချင်း... မင်းလည်း ရန်ရန်ရဲ့ဆိုင်မှာ နေ့တိုင်း ဝိုင်းကူပေးနေရတာမလား၊ ပင်ပန်းနေလောက်မှာပဲ”
“မပင်ပန်းပါဘူး၊ ဆိုင်မှာ ဝိုင်းကူပေးရတာ တကယ်ကို ပျော်စရာကောင်းပါတယ်၊ အဓိကကတော့ ရန်ရန်ချက်တဲ့ ဟင်းတွေက အရမ်းစားလို့ကောင်းပြီး လူတွေအားလုံးကလည်း ပေါင်းသင်းရတာ အဆင်ပြေတယ်လေ”
သူမအနေဖြင့် တခြားဆိုင်များသို့ မသွားဖူးသည်တော့ မဟုတ်ပါချေ။ ထိုဆိုင်များတွင် ဧည့်သည်အမျိုးမျိုး ရှိနေကြသည့်အတွက် ဆိုင်ရှင်မှာ စီးပွားရေးလုပ်ရုံသာမက ဆိုင်အတွင်း စနစ်တကျရှိစေရန်နှင့် ပြဿနာများကို ဖြေရှင်းရန်အတွက်ပါ ရုန်းကန်ကြရသည်။
ထိုသူတို့နှင့်ယှဉ်လျှင် သူတို့၏ဆိုင်မှာ ပိုမိုကောင်းမွန်လေ၏။ လာရောက်သော ဖောက်သည်အများစုမှာ ဆိုင်၏ စည်းကမ်းများကို နားလည်ကြသည်။
ဆိုင်ထဲသို့ ဝင်လာသည်နှင့် စနစ်တကျ မှာယူကြပြီး အစားအစာ ရောက်ရှိလာသည်အထိ ငြိမ်သက်စွာ စောင့်ဆိုင်းတတ်ကြပြန်သည်။ မည်သည့် ပြဿနာကိုမျှ မဖန်တီးကြပါချေ။
ယခင်က ဆိုင်တွင် တစ်စုံတစ်ယောက်က ပြဿနာရှာရန် ကြံစည်ခဲ့ဖူးသော်လည်း၊ လင်းရန်နှင့် ချင်းယွင်ကျစ်တို့က ထွက်၍ မဖြေရှင်းရသေးမီမှာပင် တခြားသော ဖောက်သည်များက စုပေါင်းကာ ထိုသူအား ဆုံးမလိုက်ကြလေသည်။
နောက်ပိုင်းတွင် ထိုသူက ဧည့်သည်အများအပြားကို မယှဉ်နိုင်တော့ဘဲ စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားခဲ့ရ၏။
တစ်ချိန်တည်းမှာပင် ထိုဖြစ်ရပ်ပြီးနောက် တခြားသော ဖောက်သည်များမှာလည်း တူညီသော နားလည်မှုတစ်ခုကို ရရှိသွားကြပေသည်။
လင်းရန်၏ဆိုင်၌ ပြဿနာမရှာရန်ဟူ၍ပင်။
မဟုတ်ပါက တခြားသော ဖောက်သည်များက သူတို့အား ဆုံးမသွန်သင်ကြလိမ့်မည်။
ထို့ကြောင့် ချင်းယွင်ကျစ်အနေဖြင့် အစပိုင်းတွင် ဆိုင်၏ စီးပွားရေး တိုးတက်လာပါက ဝန်ထမ်းအချို့ ငှားရမ်းရန် ကြံစည်ခဲ့သော်လည်း၊ လက်တွေ့တွင် လင်းရန်၏ ဟင်းချက်သည့်အလုပ်မှလွဲ၍ ဆိုင်၌ ကိုင်တွယ်ဖြေရှင်းစရာများစွာ မရှိခဲ့ပေ။
ပန်းကန်ခွက်ယောက်များကို သန့်ရှင်းရေးလုပ်ရန်ကလည်း ချင်းယွင်ကျစ် တစ်ဦးတည်းနှင့်ပင် လုံလောက်ပေသည်။ ယခုအချိန်တွင် အဘွားလင်းပါ ရောက်ရှိလာပြီဖြစ်ရာ အင်အားမလုံလောက်မည်ကို စိုးရိမ်စရာ မလိုတော့ပါချေ။
“ဒါဆို ကောင်းတာပေါ့၊ ငါက တောက အဘွားကြီးတစ်ယောက်ဆိုတော့ မင်းတို့ကို အရှက်ရစေမှာပဲ စိုးရိမ်နေတာ!”
“အဒေါ်ကတော့ ဘာတွေပြောနေတာလဲရှင်၊ တကယ်လို့ တစ်ယောက်ယောက်ကသာ အဒေါ့်ကို လှောင်ရယ်ဝံ့ရင် ကျွန်မကို တိုက်ရိုက်ပြောလိုက်..
သူ နောက်ပိုင်း ကျွန်မတို့ဆိုင်မှာ ထမင်းလာမစားနိုင်အောင် ကျွန်မ လုပ်ပေးမယ်!”
ချင်းယွင်ကျစ်တွင် ထိုကဲ့သို့သော ယုံကြည်မှုမျိုး ရှိသည်။ သူမ၏ဆိုင်အနေဖြင့် ဖောက်သည်တစ်ဦးတစ်ယောက်အား လက်မခံဘဲ ငြင်းပယ်ရခြင်းက ကိစ္စမရှိပေ။
ချင်းယွင်ကျစ်၏ စကားကြောင့် အဘွားလင်းလည်း လုံးဝ စိတ်သက်သာရာရသွားလေ၏။
ဆိုင်သို့ ရောက်ရှိလာကြပြီးနောက် လင်းရန်က ပစ္စည်းသွင်းသူများ ပို့ဆောင်ထားသော အမယ်ပစ္စည်းများကို စစ်ဆေးခဲ့သည်။
ဆိုင်၏ စီးပွားရေးက လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိနေပြီဖြစ်၍ လင်းရန်အနေဖြင့် ယခင်ကကဲ့သို့ စိတ်အလိုလိုက်ကာ အိမ်မှ အမယ်ပစ္စည်း အနည်းငယ်ကိုသာ ယူဆောင်လာ၍ မရတော့ပါချေ။
နောက်ပိုင်းတွင် ရှောင်ချီ၏ မိတ်ဆက်ပေးမှုကြောင့် အမယ်ပစ္စည်းများ သီးသန့်တင်သွင်းပေးသော အနီးအနားရှိ စားသောက်ဆိုင်တစ်ဆိုင်နှင့် ချိတ်ဆက်နိုင်ခဲ့သည်။
ထို့ကြောင့် ယခုအချိန်တွင် ဆိုင်ထဲ၌ အသုံးပြုသော အမယ်ပစ္စည်းများကို တစ်ဖက်မှ နေ့စဉ်မနက်တိုင်း ပို့ဆောင်ပေးနေပြီး အရည်အသွေးမှာလည်း ကောင်းမွန်ပေသည်။
လင်းရန် မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေချိန်တွင် ချင်းယွင်ကျစ်က အဘွားလင်းကို ဆိုင်ထဲမှ အရာအားလုံးနှင့် ရင်းနှီးကျွမ်းဝင်စေရန် လိုက်လံပြသပေးပြီး၊ ဆိုင်အပြင်ဘက်သို့လည်း နှစ်ပတ်ခန့် လိုက်လံပို့ဆောင်ပေးခဲ့လေသည်။
သူတို့ အပြင်ဘက်တွင်လမ်းလျှောက်နေချိန်အတွင်း အဘွားလင်းတစ်ယောက် ဆိုင်သို့ လူများ အဆက်မပြတ် လာနေကြသည်ကို မြင်တွေ့ရလေသည်။
သူမက ချင်းယွင်ကျစ်အား အမြန်ပင် ပြန်ခေါ်ကာ ဧည့်သည်များ ရောက်ရှိနေပြီဖြစ်သဖြင့် ဧည့်ခံကျွေးမွေးရန် ပြောဆိုခဲ့သည်။
သို့သော် ထိုဖောက်သည်များက ဆိုင်သို့ ရောက်ရှိလာကြသော်လည်း အထဲသို့ ဝင်မသွားကြပါချေ။ ထို့အစား ဆိုင်အတွင်းဘက် နံရံပေါ်တွင် ချိတ်ဆွဲထားသော နံပါတ်ပြားအချို့ကို ယူဆောင်ကာ အလျင်အမြန်ပင် ထွက်ခွာသွားကြလေသည်။
အဘွားလင်း: “???”
ဒါက ဘာသဘောလဲ။
အဘွားလင်း၏ ရှုပ်ထွေးနေသော မျက်နှာကို မြင်လိုက်ရချိန်တွင် ချင်းယွင်ကျစ်က အပြုံးတစ်ခုဖြင့် ရှင်းပြလိုက်လေသည်။
“ဒါက ကျွန်မတို့ဆိုင်ရဲ့ ထူးခြားချက်လေ၊ ဖောက်သည်တွေက ထမင်းစားချင်ရင် နံပါတ်ပြားကိုအရင်ယူပြီး တန်းစီရတယ် ဒီလိုဆိုရင် ထမင်းစားချိန်ကိုရောက်ရင် သူတို့တွေက နံပါတ်ပြားကို ယူလာပြီး ဟင်းမှာလို့ ရတာပေါ့၊
မဟုတ်ရင်တော့ လူတွေအများကြီး တစ်ပြိုင်နက်တည်း တိုးဝှေ့ဝင်လာကြမှာဆိုတော့ ဆိုင်ထဲမှာ ဆံ့မှာမဟုတ်သလို ဆူညံပွက်လောရိုက်ပြီး ရှုပ်ထွေးကုန်လိမ့်မယ်!”
အဘွားလင်း: “!!!”
*