အခန်း (၄၇၅-၄၇၆)
Vol. 48 Ch. 475-476
အခန်း(475)
ဆိုင်အတွက် စီမံထားသောကိစ္စနှင့် ပတ်သက်၍ အဘွားလင်းပြောနိုင်သော စကားနှစ်လုံးသာ ရှိပေသည်။
“လေးစားတယ်!”
ဖောက်သည်များက သူတို့ဘာသာ စနစ်တကျ စောင့်ထိန်းနိုင်လောက်သည်အထိ ဆိုင်တစ်ဆိုင်ကို ဖွင့်လှစ်နိုင်ခြင်းမှာ အလွန်ပင် ထူးခြားပေသည်။ သူမ၏ မြေးမလေးထံမှမျှော်လင့်ထားသည့်အတိုင်းပင်။
အဘွားလင်းတစ်ယောက် လင်းရန်အတွက် ဂုဏ်ယူနေချိန်တွင် စုန့်ဝေ့သည်လည်း “ဝေ့မီ” ဆိုင်အနီးအနားသို့ ရောက်ရှိလာခဲ့ပေသည်။
သူ့အနေဖြင့် ယမန်နေ့ညက အနီးအနား၌ တည်းခိုရန် နေရာတစ်ခု ရှာဖွေခဲ့ပြီး တစ်ညလုံးတွေးတောနေခဲ့သည်။
မူလက ဤနေရာ၌ အလုပ်တစ်ခုရှာဖွေကာ အခြေတကျရှိစေရန်နှင့် အနည်းဆုံးတော့ အတည်တကျရှိသော ဝင်ငွေတစ်ခုရရှိရန် ကြံစည်ခဲ့ပေသည်။
သို့သော် မနေ့က မွန်းလွဲပိုင်းတွင် အလုပ်လိုက်လံရှာဖွေပြီးနောက် စုန့်ဝေ့ ထိုအတွေးကို ရုတ်တရက် ပြောင်းလဲပစ်လိုက်လေသည်။
သူ၏ လက်ရှိအခြေအနေအရ အောက်ခြေသိမ်း အလုပ်ကြမ်းများမှလွဲ၍ တခြားသော တရားဝင်ဌာနများတွင် သူ့ကို လက်ခံလိမ့်မည်မဟုတ်ပေ။
ထိုဌာနများက သူ့ကို ငြင်းပယ်ရသည့် အကြောင်းပြချက်မှာလည်း အလွန်ပင် ရှင်းလင်းလွန်းပေသည်။
ယခုအချိန်တွင် သူသည်က အသက်အရွယ် မငယ်တော့သည့်အတွက် မည်သည့်ဌာနကမျှ သူ၏ အသက်အရွယ်မျိုးကို အလိုမရှိကြပါချေ။
ဒုတိယအချက်မှာ သူက နယ်ဘက်မှလာခဲ့သူဖြစ်နေလေ၏။
ဒေသခံများက သူ၏ နောက်ကြောင်းရာဇဝင်ကို သေသေချာချာ မသိရှိသည့်အတွက် ကုန်စည်သယ်ယူခြင်း သို့မဟုတ် သန့်ရှင်းရေးလုပ်ခြင်းကဲ့သို့သော အလုပ်ကြမ်းများမှလွဲ၍ တခြားသော ရာထူးနေရာများအတွက် သူ့ကို အလုပ်ခန့်ရန် မဖြစ်နိုင်ပါချေ။
နေရာတိုင်းတွင် ငြင်းပယ်ခံရပြီးနောက် စုန့်ဝေ့က ဤနေရာတွင် အလုပ်ရှာရန် စိတ်ကူးကို လက်လျှော့လိုက်လေတော့သည်။
သူ လီပြည်နယ်မှ ထွက်ခွာလာပြီး ကွမ်တုန်းတွင် ဖွံ့ဖြိုးတိုးတက်ရန် လာရောက်ခြင်းမှာ ဤကဲ့သို့သော အောက်ခြေသိမ်း အလုပ်ကြမ်းများကို ဆက်လက်လုပ်ကိုင်လိုခြင်း မရှိသောကြောင့်သာ ဖြစ်ပေ၏။
ကွမ်ကျိုးသို့ ရောက်လာသည့်အချိန်မှာတောင် သူ၏ နေရပ်နှင့် မကွာခြားဘဲနေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
စုန့်ဝေ့တစ်ယောက် စိတ်ဓာတ်ကျနေခဲ့ကာ တစ်ညလုံး တွေးတောခဲ့ပြီးနောက် နောက်ဆုံး၌ နည်းလမ်းတစ်ခုကို တွေ့ရှိသွားခဲ့လေသည်။
သူကိုယ်တိုင် စီးပွားရေးတစ်ခု စတင်ကာ ဆိုင်ရှင်ဖြစ်အောင် လုပ်ဆောင်ရမည်။
ထိုသို့ဆိုလျှင် သူသည်က အောက်ခြေသိမ်း အလုပ်ကြမ်းများကို ပင်ပင်ပန်းပန်း လုပ်ကိုင်နေရန် မလိုတော့ပါချေ။ သို့သော် လက်တွေ့တွင်တော့ သူ၌ အရည်အချင်းနှင့် ယုံကြည်မှု ရှိနေလျှင်ပင် ရင်းနှီးမြှုပ်နှံရန် ငွေကြေးမရှိနေခဲ့ပေ။
လွန်ခဲ့သော ဆယ်စုနှစ်များစွာအတွင်း သူ ပင်ပင်ပန်းပန်း စုဆောင်းခဲ့သမျှ ငွေကြေးအားလုံးမှာ ထိုယုတ်မာသောမိန်းမ လီရှို့လီ၏ လက်ထဲသို့ ပါသွားခဲ့ပြီ မဟုတ်ပါလား။
သူ ခက်ခက်ခဲခဲ စုဆောင်းခဲ့သမျှ ငွေများ အားလုံး ဆုံးရှုံးသွားရခြင်းကို တွေးမိတိုင်း၊ စုန့်ဝေတစ်ယောက် ဒေါသထွက်လွန်းသောကြောင့် အသက်ရှူပင် ကျပ်သွားကာ သွေးအန်မတတ် ခံစားရလေသည်။
သို့သော် ကိစ္စမရှိပါချေ။
လက်တလောတွင် လီရှို့လီကို ရှာမတွေ့နိုင်သေးသော်လည်း၊ သူ၏ ဆုံးရှုံးမှုများကို ပြန်လည်ရရှိနိုင်မည့် နည်းလမ်းတော့ ရှိနေသေးသည်။
ဆိုရလျှင် လင်းရန်သည်လည်း ယခုအချိန်တွင် ကွမ်ကျိုး၌ ရှိနေသည် မဟုတ်ပါလား။ လီရှို့လီက သူမ၏ မိခင်အရင်းဖြစ်ပြီး သူသည်လည်း ယခင်က သူမအပေါ် အတော်လေး ကောင်းမွန်ခဲ့ပေသည်။
လမ်းခရီးတွင် စကားများခဲ့ကြသည့်အချိန်များ ရှိခဲ့သော်လည်း နှစ်နှစ်တောင် ရှိသွားပြီဖြစ်၍ လင်းရန်အနေဖြင့် ထိုကိစ္စများကို မေ့ပျောက်သွားလောက်ပြီဟု သူ ယုံကြည်သည်။
ထို့ကြောင့် စုန့်ဝေ့က နောက်တစ်နေ့ မနက်စောစောတွင် လင်းရန်၏ ဆိုင်သို့ တိုက်ရိုက် ထွက်လာခဲ့လေတော့သည်။ သူ့အနေဖြင့် လင်းရန်ကို ကူညီခိုင်းရပေမည်။
ငွေချေးသည်ဖြစ်စေ သို့မဟုတ် သူ့အတွက် အတည်တကျရှိသော အလုပ်တစ်ခု ရှာပေးခိုင်းသည်ဖြစ်စေ၊ သူမအနေဖြင့် နည်းလမ်းရှာပေးရပေလိမ့်မည်။
သူမနှင့် သူမ၏မိခင်ဖြစ်သူက သူ့အပေါ်တွင် အကြွေးများစွာ တင်ရှိနေသောကြောသ့် သူမဘက်မှ ပြန်လည်ပေးဆပ်ရန် တာဝန်ရှိပေသည်။
စုန့်ဝေ့ ဆိုင်သို့ ရောက်ရှိလာချိန်တွင်တော့ အဘွားလင်းနှင့် ချင်းယွင်ကျစ်တို့ ဆိုင်ထဲမှ ခဏတာလောက် ထွက်ခွာသွားချိန်နှင့် ကြုံကြိုက်နေခဲ့လေသည်။
ထိုခဏ၌ ဆိုင်ထဲတွင် နံပါတ်ပြားယူရန် စနစ်တကျ စောင့်ဆိုင်းနေသော ဖောက်သည်တချို့သာ ရှိနေခဲ့ပြီး၊ လင်းရန်မှာတော့ မီးဖိုချောင်ထဲတွင် အရာအားလုံးကို ပြင်ဆင်နေခဲ့သည်။
ဆိုင်ထဲတွင်ရှိနေသည့်လူများက စုန့်ဝေ့ကို မြင်လျှင် သူသည်လည်း နံပါတ်ပြားယူရန်လာခဲ့သည့် ဖောက်သည်ဟုသာ ထင်မှတ်ခဲ့ကြပေသည်။
သို့သော် စုန့်ဝေ့က ရောက်ရှိလာသည်နှင့် ဆိုင်ထဲတွင် သံသယရှိစရာ မျက်နှာအမူအရာဖြင့် လှည့်ပတ်လျှောက်နေသည်ကို မြင်တွေ့ရလေသည်။
“ရဲဘော်... ဘာကိစ္စရှိလို့လဲ”
ဖောက်သည်ဟောင်းတစ်ဦးက မနေနိုင်တော့ဘဲ စုန့်ဝေအား သတိထားလျှက် မေးမြန်းလိုက်လေသည်။
တစ်ဖက်လူက ထမင်းစားရန် လာခြင်းမဟုတ်ဘဲ ဆိုင်ထဲတွင်သာ လျှောက်ကြည့်နေသောကြောင့် ဆိုင်ရှင် မရှိသည့်အချိန်တွင် တမင်သက်သက် ပြဿနာရှာရန် လာသူဖြစ်နေမည်ကို စိတ်ပူရသည်။
စုန့်ဝေ့က ခေတ္တမျှ ကြောင်အသွားပြီးနောက် ယဉ်ကျေးစွာ ပြုံးလိုက်လေသည်။
“အာ.. ကျွန်တော် လူတစ်ယောက်ကို လာရှာတာပါ”
“လူရှာတာ ဟုတ်လား”
ဆိုင်သို့ ရောက်လာသည့်လူတိုင်းမှာ စားသောက်ရန်အတွက်လာကြခြင်းဖြစ်ပေ၏။
လူလာရှာသည်ဟူသော စကားကို သူတို့ ပထမဆုံးအကြိမ်ကြားဖူးခြင်း ဖြစ်ပေသည်။ အနားမှ ဖောက်သည်များမှာလည်း အံ့အားသင့်စွာ ကြည့်နေကြချိန်တွင်စုန့်ဝေ့က ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ ဒီလိုပါ၊ ကျွန်တော်က လင်းရန်ရဲ့ ဆွေမျိုးတစ်ယောက်ပါ၊ သူမကို တွေ့ဖို့ လာခဲ့တာ”
ဒီလူက စားဖိုမှူးလေးလင်းရဲ့ အမျိုးလား။
ထိုနာမည်ကို ကြားလိုက်ရချိန်တွင် လူတိုင်း၏ စုန့်ဝေအပေါ်တွင်ရှိနေသော ထင်မြင်ချက်က ချက်ချင်းပင် ပိုမိုကောင်းမွန်သွားခဲ့သည်။
“ခင်ဗျားက တကယ်ပဲ စားဖိုမှူးလေးလင်းရဲ့ အမျိုးလား”
သူမ၏ ပထွေးဖြစ်၍ အမျိုးမတော်ဟု မဆိုနိုင်ပေ။
စုန့်ဝေ့က အပြုံးတစ်ခုဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။
“ စားဖိုမှူးလေးလင်းက အခု နောက်ဘက်က မီးဖိုချောင်ထဲမှာ ရှိနေမယ်ထင်တယ်၊ ခင်ဗျား သူမကို လှမ်းခေါ်လို့ရတယ်လေ”
စုန့်ဝေ့က လင်းရန်၏ အမျိုးဟု ပြောနေသော်လည်း တခြား ဧည့်သည်များမှာတော့ တစ်ဖက်လူသည် အလွန်ပင် ထူးခြားနေသည်ဟု ခံစားနေရဆဲပင်။
ပထမဆုံးအနေဖြင့် ရုပ်ရည်သွင်ပြင်ကို မဆိုထားနှင့်ဦး။ သူက လင်းရန်နှင့် ဆင်တူမှု လုံးဝမရှိသည့်အတွက် အမျိုးအရင်းမဟုတ်ဘဲ အမျိုးဝေးတစ်ဦးသာ ဖြစ်နိုင်သည်။
သို့သော် ဤကဲ့သို့သော အချိန်မျိုးတွင် ဆွေမျိုးဝေးတစ်ဦး ရောက်ရှိလာခြင်းက သူမထံမှ အကျိုးအမြတ်တစ်ခုခု ခေါင်းပုံဖြတ်ရန် လာခြင်းများလား။
တခြားသူများ ထိုသို့ တွေးတောမိခြင်းမှာလည်း အပြစ်မဆိုသာပါချေ။
စုန့်ဝေ့၏ပုံစံက အလွန် နွမ်းပါးနေပုံရပေ၏။ ယခုအချိန်တွင် လင်းရန်၏ ကျော်ကြားမှုနှင့် ဆိုင်၏ စီးပွားရေးမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုကောင်းမွန်လာနေသည်ဖြစ်၍ ဤကဲ့သို့သော ကိစ္စမျိုးနှင့် ကြုံတွေ့ရခြင်းကဖြစ်နိုင်ချေ ရှိပေ၏။
လူ့စိတ်ဆိုသည်မှာ အပေါ်ယံကြည့်ရုံနှင့် မသိနိုင်ပါချေ။
စုန့်ဝေသည်လည်း တခြားလူများက သူ့ကို သံသယဖြင့် ကြည့်နေကြသည်ကို မြင်တွေ့ရပေ၏။
သို့သော်လည်း ဂရုမစိုက်ဘဲ လျစ်လျူရှုထားခဲ့သည်။
သူ့အနေဖြင့် ယနေ့လာရန် ဆုံးဖြတ်ကတည်းက အစီအစဉ်အားလုံးကို ချမှတ်ထားပြီး ဖြစ်ပေသည်။
ထို့အပြင် လင်းရန်သည်က ယခုအချိန်တွင် ဂုဏ်သတင်းကျော်စော်နေသူဖြစ်၍ လူအများရှေ့တွင် ပြဿနာအဖြစ်မခံရဲကြောင်းကို သူ ကောင်းစွာ သိရှိထားပေသည်။
သူမကို ဆယ့်ရှစ်နှစ်တိုင်တိုင် ပြုစုပျိုးထောင်ခဲ့ရသည့် ကျေးဇူးတရားများကို လူအများရှေ့တွင် ထုတ်ဖော်ပြောဆိုလိုက်ပါက သူမအနေဖြင့် သူ့အား ငြင်းပယ်ရဲတေားမည်မဟုတ်ပေ။
အကယ်၍ သူမက ငြင်းပယ်ခဲ့ပါက “ကျေးဇူးမသိတတ်သူ” ဟူသော တံဆိပ်ကပ်ခံရမည်ဖြစ်ပြီး သူမ၏ စီးပွားရေးနှင့် ဂုဏ်သိက္ခာကိုပါ ထိခိုက်စေမည် မဟုတ်ပါလား။
စုန့်ဝေ့ ဤအကြောင်းကို တွေးတောမိရင်း လင်းရန်တစ်ယောက် လူထု၏ ဝေဖန်ဖိအားများကို အောင့်အည်းသည်းခံနေရပြီး မကျေမနပ်ဖြစ်နေရင်းဖြင့် သူ၏ တောင်းဆိုချက်ကို သဘောတူလိုက်ရမည့် မြင်ကွင်းကို မြင်ယောင်နေမိ၏။
ထို့ကြောင့် သူက လင်းရန်မှာ မီးဖိုချောင်ထဲတွင် ရှိနေကြောင်း ပြောပြခဲ့သူကို ဦးစွာ ကျေးဇူးတင်လိုက်လေသည်။
“ကျေးဇူးပါပဲ၊ ဒါဆိုရင် ကျွန်တော် အထဲကိုဝင်ပြီး သူမကို သွားရှာလိုက်ဦးမယ်”
ထိုသို့ပြောပြီးနောက် စုန့်ဝေ့က မီးဖိုချောင်သို့ သွားရာလမ်းရှိ လိုက်ကာကို တိုက်ရိုက်ပင် ဆွဲဖွင့်လိုက်လေ၏။ သူ အထဲသို့ ဝင်ရန် ပြင်လိုက်စဉ်မှာပင် လင်းရန်က မီးဖိုချောင်ထဲမှ ထွက်လာခဲ့သည်နှင့် တိုးလေတော့သည်။
လင်းရန်က နားမကြားသူမဟုတ်သည့်အတွက် အပြင်ဘက်မှ အသံများကို မကြားဘဲမနေပါချေ။
အစပိုင်းတွင် မသေချာသေးသောကြောင့်သာ ချက်ချင်း ထွက်မလာခဲ့ခြင်း ဖြစ်ပေသည်။
သူမအနေဖြင့် စုန့်ဝေ့နှင့် မတွေ့ရသည်မှာ နှစ်နှစ်နီးပါး ရှိခဲ့ပြီဖြစ်၍ စုန့်ဝေ့၏ အသံက သူမအတွက် ပို၍ပင် စိမ်းသက်နေခဲ့ချေပြီ။ အရေးကြီးဆုံးအချက်မှာ စုန့်ဝေ့က အလုပ်စခန်းတွင် ပြစ်ဒဏ်ကျခံနေရမည် မဟုတ်ပါလား။ ဤနေရာသို့ မည်သို့ရောက်ရှိလာနိုင်မည်နည်း။
ထို့ကြောင့် လင်းရန်တစ်ယောက် မီးဖိုချောင်ထဲမှနေ၍ စုန့်ဝေ့၏ စကားများကို နားထောင်နေခဲ့ပြီး အပြင်ဘက်မှ လူက စုန့်ဝေ့အစစ်အမှန်ဖြစ်ကြောင်းကို အရင် အတည်ပြုခဲ့၏။
စုန့်ဝေ့ဖြစ်ကြောင်းကို အတည်ပြုပြီးနောက်တွင်တော့ ဆက်လက် တုံ့ဆိုင်းမနေတော့ဘဲ မီးဖိုချောင်ထဲမှ ချက်ချင်း ထွက်လာခဲ့လေသည်။
လင်းရန်ကို မြင်လိုက်ရသည့် ခဏတွင် စုန့်ဝေ့၏ မျက်နှာပေါ်၌ ထိတ်လန့်တုန်လှုပ်သည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း လျင်မြန်စွာပင် ပြန်လည်တည်ငြိမ်သွားကာ “မင်းကို အမြဲတမ်း တွေ့ချင်နေခဲ့တာ” ဟူသည့် စိတ်လှုပ်ရှားနေသော အမူအရာကို ဖော်ပြလာခဲ့လေ၏။
“ရန်ရန်၊ မင်း ဒီနှစ်တွေထဲမှာ နေကောင်းရဲ့လား၊ ဦးလေးစုန့် သမီးဆီကို လာကြည့်တာ၊ လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ သမီးရဲ့ ဖခင်အရင်းနဲ့အတူ ကောင်းမွန်တဲ့ ဘဝကို ပိုင်ဆိုင်ခဲ့ပေမဲ့ ငါတို့တွေကလည်း အနှစ်နှစ်ဆယ်နီးပါး သားအဖသံယောဇဉ် ရှိခဲ့ကြတာပဲလေ၊ ငါကတော့...”
စုန့်ဝေ့၏ စကားလုံးများမှာ အလွန်ပင် စဉ်းစားတွေးတောထားပုံ ရပေသည်။ စကားအနည်းငယ်ဖြင့်ပင် သူနှင့် လင်းရန်၏ ပတ်သက်မှုကို ရှင်းလင်းစွာ ပြောဆိုသွားခဲ့၏။
ထိုစကားကို ကြားလိုက်ရလျှင် လူအများက အံ့အားသင့်ကာ မျက်လုံးများ ပြူးကျယ်သွားကြလေသည်။
လင်းရန်တွင် ပထွေးတစ်ဦး ရှိနေလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပါချေ။ ထို့ပြင် ပထွေးဖြစ်သူနှင့် အနှစ်နှစ်ဆယ်နီးပါး အတူရှိခဲ့သည်ဆိုပါက ထိုပထွေးကပင် သူမကို ကျွေးမွေးပြုစုခဲ့ခြင်း ဖြစ်ပေသည်။
ဤအကြောင်းကို သူတို့ လုံးဝမသိရှိခဲ့ကြပေ။
လင်းရန်အနေဖြင့် အစပိုင်းတွင် စုန့်ဝေ့ ရောက်ရှိလာရသည့် ရည်ရွယ်ချက်ကို မသိခဲ့သော်လည်း သူ့၏ စကားနှစ်ခွန်းကို ကြားလိုက်ရပြီးနောက်တွင် ရုတ်တရက် သဘောပေါက်သွားခဲ့လေသည်။
တစ်ဖက်လူသည်က သူမနှင့် ပတ်သက်မှုရှိကြောင်းကို ဟန်ဆောင်ပြရန် ကြံစည်နေပုံရ၏။
စုန့်ဝေ့က ဤနေရာကို မည်သို့ရှာတွေ့ခဲ့သည်ကို မသိရသော်လည်း..
သူက သူမကို အရူးလို့ထင်နေတာများလား။
*
အခန်း(476)
လင်းရန်က စုန့်ဝေ့၏ရည်ရွယ်ချက်ကိုခန့်မှန်းမိကာ ရုတ်တရက် ကြားဖြတ်၍ ပြောဆိုလိုက်လေ၏။
“မစ္စတာစုန့်၊ ကျွန်မ မှတ်မိတာ မမှားဘူးဆိုရင် ကျွန်မ စုန့်မိသားစုကနေ ထွက်လာတုန်းက ရှင်ကိုယ်တိုင်ပဲ ကျွန်မကို နှင်ထုတ်ခဲ့တာ မဟုတ်ဘူးလား
ပြီးတော့ အစတုန်းက ကျွန်မကိုမပြောဘဲ တခြားတစ်ယောက်နှင့် အတင်းအကျပ် ပေးစားဖို့ ကြံစည်ခဲ့တယ်
အဲဒီအကြောင်းတွေကိုတော့ ဘာလို့ ထည့်မပြောတာလဲ၊ ရှင်က လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ ကျွန်မ ဘယ်လိုနေထိုင်ခဲ့ရလဲဆိုတာကိုတောင် မမေးဘူးပဲ”
ဘာ!
စားဖိုမှူး ရှောင်လင်းက သူမရဲ့ ပထွေးဆီကနေ အနှင်ထုတ်ခံခဲ့ရတာလား။ ပြီးတော့ အဲဒီပထွေးကသူမကို အတင်းအကျပ် လက်ထပ်ပေးထို့ ကြံစည်ခဲ့တာလား။
ဘုရားရေ... ဒီပထွေးက လူမှဟုတ်ရဲ့လား။
ယုတ်မာလွန်းတာပဲ။
လူတိုင်းက ပို၍ပင် တုန်လှုပ်ဖွယ်ကောင်းသော အကြောင်းအရာများ ကျန်ရှိနေသေးခြင်းကိုမသိရှိကြသေးပေ။
လင်းရန်က မေးလိုက်လေ၏။
“ဒါနဲ့ ဦးလေးစုန့်၊ ရှင် အဖမ်းခံရပြီး အလုပ်စခန်းကို အပို့ခံလိုက်ရတာ မဟုတ်ဘူးလား၊ ဘာလို့ ဒီလောက်မြန်မြန် ပြန်ထွက်လာတာလဲ၊ ရှင်... ရှင် ခိုးပြီး ထွက်ပြေးလာတာတော့ မဟုတ်ပါဘူးနော်”
ဤသို့ပြောနေရင်းဖြင့် လင်းရန်က ရည်ရွယ်ချက်ရှိရှိ ဟန်ဆောင်ကာ အလွန်အမင်း အံ့အားသင့်သွားသည့်ပုံစံဖြင့် ပါးစပ်ကို လက်ဖြင့် အုပ်လိုက်လေသည်။
ဘေးပတ်ဝန်းကျင်ရှိ လူများ၏ တုံ့ပြန်မှုမှာလည်း သူမနဲ့တူညီနေပြီး ပို၍ပင် ပြင်းထန်နေသေး၏။ သူတို့အားလုံးက စုန့်ဝေ့အား တုန်လှုပ်ခြောက်ခြားမှု၊ ရွံရှာစက်ဆုပ်မှုတို့ဖြင့်သာမက သတိထားရမည့်သူအဖြစ်ပါ ကြည့်နေကြလေသည်။
တချို့သူများမှာတော့ အမှန်တရား ပေါ်ပေါက်သွားပြီးနောက် စုန့်ဝေ့က ဒေါသတကြီးဖြင့် ရန်ရှာလာပါက ကာကွယ်ရန်အတွက် လက်နက်ကိရိယာများကိုပင် စတင်ရှာဖွေနေကြလေပြီ။
စုန့်ဝေ့ကတော့ လုံးဝပင် ဆွံ့အသွားရ၏။ လင်းရန်က ဤအကြောင်းအရာများကို ထုတ်ပြောလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
သူမက အရှက်ကွဲမှာကို မကြောက်ဘူးလား။
အလုပ်စခန်းမှာ ပြုပြင်ပြောင်းလဲရေး ခံခဲ့ရတဲ့ ပထွေးရှိနေတာကို တခြားလူတွေ သိသွားရင် သူမကို အထင်သေးကြမှာကို မစိုးရိမ်ဘူးလား။
သူမက ဒါကို ဘယ်လိုလုပ် ပြောရဲရတာလဲ။
ပတ်ဝန်းကျင်ရှိ လူများထံမှ ရင်းနှီးနေသော ရွံရှာသည့် အကြည့်များကို ခံစားလိုက်ရသည့်အခိုက်တွင် စုန့်ဝေ့တစ်ယောက် ဒေါသထွက်လွန်း၍ သွားပင် ကျိုးမတတ် ခံစားလိုက်ရပေသည်။
သို့သော်လည်း လမ်းတစ်ဝက်တွင် အရှုံးမပေးနိုင်သည့်အတွက် သည်းခံရမည်ဖြစ်ကြောင်းကိုသာ စိတ်ထဲတွင် သတိပေးနေခဲ့လေ၏။ သို့မဟုတ်ပါက ယနေ့ လင်းရန်ထံ လာရခြင်းမှာ အချည်းနှီး ဖြစ်သွားပေလိမ့်မည်။
သူ အသက်ကို အကြိမ်အနည်းငယ်လော် ပြင်းပြင်းရှူလိုက်ပြီးနောက် ကိုယ့်ကိုယ်ကိုဖိအားပေး၍ ပြုံးကာ လင်းရန်အား ပြောလိုက်သည်။
“ရန်ရန်၊ မင်း သိတဲ့အတိုင်းပဲ၊ ဦးလေးက လုပ်ကြံခံရတာပါ၊ ပြီးတော့ အထဲမှာ အမူအကျင့်ကောင်းလို့ စောစောလွတ်လာတာလေ၊ ဒါကြောင့် ဦးလေး မင်းကို အန္တရာယ်ပေးမှာကို မစိုးရိမ်ပါနဲ့...
အဖေတစ်ယောက်အနေနဲ့ ငါ့ဘက်က ဘယ်လောက်ပဲ နောင်တရစရာတွေ လုပ်ခဲ့ပါစေ၊ ငါ့ရဲ့ သမီးကိုတော့ ဘယ်တော့မှ အန္တရာယ်မပြုပါဘူး”
ပြောလိုက်သည့်စကားမှာ အတော်ပင် ကောင်းမွန်လှပေ၏။
အဖေတစ်ယောက်တဲ့လား။
လင်းရန်မှာ ထိုစကားကို ကြားပြီးနောက် အော့အန်ချင်စိတ်ပင် ဖြစ်သွားရတော့သည်။
သို့သော် သမီးဖြစ်သူကို အန္တရာယ်ပြုမည့်အကြောင်း ပြောလာသည့်အချိန်တွင်တော့ သူမက ရုတ်တရက် ရယ်မောလိုက်လေ၏။
“အာ... နားလည်ပါပြီ၊ ဒါဆိုရင် ဦးလေးစုန့်က ဦးလေးရဲ့ သမီးအရင်း စုန့်စစ်ယွီ ဘယ်မှာလဲဆိုတာ လာမေးတာ ဖြစ်ရမယ်၊ ကျွန်မတို့ ပတ်သက်မှုကို ဖြတ်တောက်ထားတာဆိုတော့ ဒီကိစ္စမှမဟုတ်ရင် ဘာလို့ ရောက်လာတာလဲဆိုတာ ကျွန်မ တကယ်ကို စဉ်းစားလို့မရတော့ဘူး”
စုန့်ဝေ့က အမှန်တကယ်ပင် တစ်စုံတစ်ခုအတွက် ရောက်လာခြင်းဖြစ်ပေ၏။ သို့သော် သူတို့က တွေ့ကာစဖြစ်၍ ရည်ရွယ်ချက်ကို ချက်ချင်း ထုတ်ပြောလိုက်ပါက အလွန်ပင် သိသာလွန်းနေပေလိမ့်မည်။
လင်းရန် ပြောလိုက်သည့် စုန့်စစ်ယွီနှင့် ပတ်သက်လျှင်တော့ သူ့အနေဖြင့် ထိုဝံပုလွေစိတ်ရှိသော တိရစ္ဆာန်မကို အမှန်တကယ်ပင် ရှာချင်နေမိသည်။
လင်းရန်က စုန့်စစ်ယွီ ဘယ်မှာလဲဆိုတာ သိနေတာများလား။
ဤသို့တွေးလိုက်သည်နှင့် စုန့်ဝေ့၏ အာရုံက ချက်ချင်း ပြောင်းလဲသွားကာ မသိစိတ်ဖြင့် မေးမြန်းလိုက်လေသည်။
“ရန်ရန်၊ စစ်ယွီ ဘယ်မှာရှိလဲဆိုတာ မင်း သိနေတာလား”
လင်းရန်က အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်လေ၏။
“သိတာပေါ့”
ထို့အပြင် စုန့်စစ်ယွီက မည်သူ့လက်အောက်တွင် အလုပ်လုပ်နေသည်ကိုလည်း သူမ သိရှိနေပေသည်။
“ဒါဆိုရင် သူ ဘယ်မှာလဲဆိုတာ ဦးလေးကို ပြောပြပါဦး၊ ဦးလေး သူ့ကိုတကယ်လိုက်ရှာနေတာ”
စုန့်ဝေ့အနေဖြင့်လင်းရန်က စုန့်စစ်ယွီ၏ နေရာကို သိနေလိမ့်မည်ဟု မထင်ထားခဲ့သည့်အတွက် အလွန်ပင် စိတ်လှုပ်ရှားသွားလေ၏။
ယနေ့ခရီးစဉ်၏ ရည်ရွယ်ချက်မှာ လင်းရန်ထံမှ ငွေများ ချေးယူရန် သို့မဟုတ် သူမကို အလုပ်တစ်ခု စီစဉ်ပေးခိုင်းရန် ဖြစ်ပေသည်။
ထို့နောက်မှသာ ခြေကုပ်ရယူကာ ငွေရှာပြီး တခြားကိစ္စများကို ဆက်လက် စဉ်းစားရန်တွေးထားခဲ့သည်။
ထိုတခြားကိစ္စဆိုသည်မှာ သူ့ကို အဆိုးရွားဆုံး သစ္စာဖောက်ခဲ့သည့် စုန့်စစ်ယွီနှင့် လီရှို့လီတို့နှစ်ဦးအား ရှာဖွေကာ လက်စားချေရန်ပင် ဖြစ်ပေသည်။
စုန့်စစ်ယွီ၏ သတင်းကို ဤမျှမြန်မြန် ရရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူ လင်းရန်၏ မျက်နှာအမူအရာကို အသေအချာ အကဲခတ်ကြည့်လျှင် သူမက လိမ်ညာနေခြင်းမဟုတ်ကြောင်းကို တွေ့ရှိလိုက်ရလေ၏။
စုန့်ဝေ့မှာ ပို၍ပင် စိတ်လှုပ်ရှားလာတော့သည်။
လင်းရန် စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်မိ၏။ စုန့်ဝေ့၏ အမူအရာကို ကြည့်ခြင်းအားဖြင့် စုန့်စစ်ယွီကို ရှာဖွေရန် အလွန်ပင် စိတ်အားထက်သန်နေပုံ ရသည်။
သားအဖ သံယောဇဉ်ကို ပြန်ဆက်ရန်လား သို့မဟုတ် လက်စားချေရန်လား ဆိုသည်ကတော့ သူမနှင့် မသက်ဆိုင်တော့ပေ။
မည်သို့ပင်ဆိုစေ သူမ မြင်ချင်သည့် တစ်ခုတည်းသော မြင်ကွင်းမှာ စုန့်ဝေ့နှင့် စုန့်စစ်ယွီတို့ သူမ၏ ရှေ့မှသို့ ထပ်မံ ရောက်ရှိမလာကြရန်သာ ဖြစ်ပေသည်။
သူမအနေဖြင့် သူတို့နှင့် ပတ်သက်ရန် အချိန်ပို မရှိနေခဲ့ချေ။
ထို့ကြောင့် လင်းရန်က စုန့်စစ်ယွီ၏ လက်ရှိလိပ်စာနှင့် ဆက်သွယ်ရန် အချက်အလက်များကို စုန့်ဝေ့အတွက် ရေးပေးလိုက်လေသည်။
ဆိုရလျှင် သူမ ရေးပေးလိုက်သည်မှာ လျို့ကျားယို ချန်ထားခဲ့သည့် ကုမ္ပဏီလိပ်စာပင်ဖြစ်ပေ၏။
မည်သို့ပင်ဖြစ်စေ စုန့်ဝေ့အနေဖြင့် လျို့ကျားယို၏ ကုမ္ပဏီကိုသာ ရှာတွေ့နိုင်ခဲ့လျှင် စုန့်စစ်ယွီကိုလည်း ရှာတွေ့နိုင်လိမ့်မည်။
စုန့်စစ်ယွီက လျို့ကျားယို၏ လက်အောက်တွင် အလုပ်လုပ်နေခြင်းဖြစ်ပြီး လျို့ကျားယို၏ အကျင့်အရ စုန့်စစ်ယွီအနေဖြင့် သူမ အလိုရှိတိုင်း အချိန်မရွေး ထွက်ခွာသွားနိုင်ရန်မှာ မလွယ်ကူလောက်တော့ပေ။
သူမ ဟောင်ကောင်မှ အမှန်တကယ် ထွက်ခွာသွားခဲ့လျှင်ပင် လျို့ကျားယိုထံတွင် သူမ၏ လက်ရှိဆက်သွယ်ရန် လိပ်စာနှင့် အချက်အလက်များ ရှိနေလိမ့်။
စုန့်ဝေ့အနေဖြင့် ထိုအချက်အလက်များကို ရနိုင်၊ မရနိုင်ဆိုသည်မှာတော့ သူ့၏ ကိုယ်ပိုင်အရည်အချင်းအပေါ်တွင်သာ မူတည်ပေသည်။
စုန့်ဝေ့လည်း လင်းရန်ပေးလိုက်သော စုန့်စစ်ယွီ၏ လိပ်စာကို ယူကြည့်လိုက်လျှင်စုန့်စစ်ယွီက ဟောင်ကေးင်အထိ ရောက်ရှိနေကြောင်းကို သတိပြုမိသွားလေ၏။
ဟောင်ကောင်ဆိုသည်မှာ စုန့်ဝေ့ ကြားသာကြားဖူးပြီး တစ်ခါမျှ မရောက်ဖူး၊ မပတ်သက်ဖူးသည့် နေရာဖြစ်ပေသည်။
ထို့အပြင် ယခင်က ဟောင်ကောင်နှင့် ပြည်မကြီးမှာ အလွယ်တကူ ဆက်သွယ်၍ မရနိုင်ကြောင်းကိုလည်း သိထားသည်။
သို့ဖြစ်၍ ထိုအကျင့်မကောင်းသည့် စုန့်စစ်ယွီက ဟောင်ကောင်ကို မည်သို့ရောက်ရှိသွားပြီး အလုပ်အကိုင်ရကာ အခြေချနေထိုင်နေနိုင်သည်လဲ။
လင်းရန်ပေးသည့် လိပ်စာကို ကြည့်ရသလောာ် ကုမ္ပဏီကြီးတစ်ခု ဖြစ်ပုံရပေသည်။
ထိုတိရစ္ဆာန်မက...
သူကိုယ်တိုင်က အလုပ်စခန်းတွင် နေ့စဉ်နှင့်အမျှ နွား၊ မြင်းကဲ့သို့ အလုပ်လုပ်နေရသော်လည်း သူမကတော့ ဟောင်ကောင်ရှိ ကုမ္ပဏီကြီးတစ်ခုတွင် ကောင်းမွန်စွာ နေထိုင်နေခဲ့သည်။
သူ ဤကဲ့သို့ အခြေအနေသို့ ရောက်ရှိခဲ့ရခြင်းမှာ သူမကြောင့်သာ ဖြစ်ပေ၏။
သူမက သူ့ကို သတင်းအမှားများ ပြောဆိုခဲ့သောကြောင့် လမ်းမှားခဲ့ရပြီး ငရဲတွင်းထဲသို့ တစ်လှမ်းချင်း သက်ဆင်းခဲ့ရသည်။
အလုပ်စခန်းတွင် ကုန်ဆုံးခဲ့ရသည့် နှစ်နှစ်တာ အချိန်များသည်က စုန့်စစ်ယွီအပေါ် ထားရှိသည့် စုန့်ဝေ့၏ ဖခင်မေတ္တာများကို ကုန်ခမ်းသွားစေခဲ့လေပြီ။ ယခုအချိန်တွင် သူ့ထံ၌ စုန့်စစ်ယွီအပေါ် ထားရှိသည့် ခံစားချက်မှာ တစ်ခုတည်းသာ ရှိတော့သည်။
အတိုင်းအဆမရှိသော နာကျည်းမုန်းတီးမှုပင်။
ယခု စုန့်စစ်ယွီ၏ လိပ်စာကို သိရှိသွားပြီဖြစ်၍ စုန့်ဝေ့တစ်ယောက် စိတ်ထဲရှိ ဒေါသများကို ထိန်းချုပ်ထားနိုင်ခြင်း မရှိတော့ပေ။
အခြေချပြီးငွေရှာမည်။ ထို့နောက်မှသာလက်စားချေမည်ဟူသော အစီအစဉ်များကိုလည်း လုံးဝပင် မေ့လျော့သွားခဲ့ချေပြီ။
သူ အခုသွားရမယ်။
အချိန်ပို၍ ကြာလေလေ ထိုတိရစ္ဆာန်မ စုန့်စစ်ယွီက ဟောင်ကောင်မှာ ပိုပြီး ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်လေလေ ဖြစ်နေလိမ့်မယ်။
“ကောင်းပြီလေ၊ ဦးလေး အခုပဲ သူမကို သွားရှာလိုက်မယ်၊ ရန်ရန်... ဒီကိစ္စအတွက် သမီးကို တကယ်ပဲ ကျေးဇူးတင်ပါတယ်”
ထိုသို့ပြောပြီးနောက် စုန့်ဝေ့က ချက်ချင်းပင် လှည့်ထွက်သွားကာ စုန့်စစ်ယွီကို ရှာရန်အတွက် ပစ္စည်းများကို ထုပ်ပိုးတော့လေသည်။
လင်းရန်မှာ စုန့်ဝေ့က သူမ၏ စကားအနည်းငယ်ဖြင့် ထွက်ခွာသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူမ သိထားခဲ့သော စုန့်ဝေ့၏ အကျင့်အတိုင်းဆိုလျှင် သူ မထွက်ခွာမီ သူမကို တစ်စုံတစ်ခု တောင်းဆိုကာ အကျိုးအမြတ် ထုတ်နေလိမ့်မည်။
ကြည့်ရတာ သူ့ရဲ့ သမီးအရင်းကို တွေ့ချင်တဲ့ ဆန္ဒက တခြားအရာအားလုံးထက် သာလွန်သွားတဲ့ပုံပဲ။
သူ့ရဲ စိတ်ထဲမှာ ဘာတွေ ကြံစည်နေလဲဆိုတာကို သူမ မသိနိုင်တော့ဘူး။
*