← Chapters

အခန်း (၄၇၇-၄၇၈)

Vol. 48 Ch. 477-478

အခန်း (၄၇၇-၄၇၈)

Vol. 48 Ch. 477-478

အခန်း(477)

စုန့်ဝေ့ ထွက်ခွာသွားသည်ကို မြင်ပြီးနောက် လင်းရန်က ထိုကိစ္စကို ဂရုမစိုက်တော့ဘဲ အပြင်ဘက်ရှိ ဧည့်သည်များကို နှုတ်ဆက်လိုက်ကာ မီးဖိုချောင်သို့ ပြန်ဝင်၍ အလုပ်ဆက်လုပ်နေလိုက်၏။

စုန့်ဝေ့ ထွက်သွားပြီးနောက်တွင် ချင်းယွင်ကျစ်နှင့် အဘွားလင်းတို့လည်း ပြန်လည်ရောက်ရှိလာကြသည်။ ထိုနှစ်ဦးက ဆိုင်ထဲရှိ ဖောက်သည်များထံမှ ဖြစ်ပျက်သွားသည့် အကြောင်းအရာများကို ကြားလိုက်ရလေ၏။

လင်းရန်၏ ပထွေးဆိုသည့်လူတစ်ဦး ရောက်လာခဲ့ကြောင်းကို ကြားရသည့်အခိုက်တွင် အဘွားလင်းက ဒေါသထွက်လွန်း၍ စားပွဲကိုပင် လက်ဖြင့် ဝုန်းခနဲ ရိုက်လိုက်လေသည်။

ဘေးပတ်ဝန်းကျင်ရှိ လူများ: “!!!”

ထို့နောက်တွင်တော့ အဘွားလင်းက ဆိုင်ထဲ၌ ရပ်ကာ စုန့်ဝေ့အား ဒေါသတကြီး ဆဲဆိုနေသည်ကို သူတို့ ကြားလိုက်ကြရသည်။

အဘွားလင်း၏ ပြောစကားများကို ကြားရသည့်အချိန်မှသာ လူတိုင်းမှာ လင်းရန်နှင့် စုန့်ဝေ့တို့ကြားတွင် ဖြစ်ပျက်ခဲ့သမျှကို အပြည့်အဝ နားလည်သွားကြပြီး ချက်ချင်းပင် အလွန်အမင်း ဒေါသထွက်သွားကြတော့သည်။

ကံကောင်းစွာဖြင့် စားဖိုမှူး ရှောင်လင်းမှာ ထက်မြက်သူဖြစ်၍ စုန့်ဝေ့အား နှင်ထုတ်နိုင်ခဲ့၏။ သို့မဟုတ်ပါက စုန့်ဝေ့အနေဖြင့် မည်မျှကြာအောင် ဒုက္ခပေးနေဦးမည်ကို မသိနိုင်တော့ပေ။

“လူကြီးမင်းတို့ကို အကူအညီတစ်ခုလောက် တောင်းချင်ပါတယ်၊ နောက်ပိုင်းမှာ အဲဒီလူကို ထပ်တွေ့ရင် သူ့ကို နှင်ထုတ်ပေးကြပါ၊ ကျွန်မတို့အတွက် အားမနာပါနဲ့..

ဘယ်သူပဲဖြစ်ဖြစ် သူ့ကို နှင်ထုတ်ပေးရင် ကျွန်မတို့က ထမင်းတစ်နပ် ကျွေးပါ့မယ်၊ ကြိုက်တာကို မှာစားနိုင်ပါတယ်!”

ချင်းယွင်ကျစ်မှာ ဆိုင်တွင် အချိန်ကြာမြင့်စွာ ရှိနေခဲ့သူဖြစ်၍ လူတိုင်း၏ အကြိုက်ကို ချက်ချင်းပင် သိရှိလိုက်လေသည်။

သူ၏ ထိုစကားကြောင့် လူတိုင်းက အားပေးထောက်ခံလာကြပြီး နောက်ပိုင်းတွင် စုန့်ဝေ့ကို မြင်သည်နှင့် တံမြက်စည်းဖြင့် ရိုက်နှက်နှင်ထုတ်မည်ဖြစ်ကြောင်း၊ လင်းရန်၏ ရှေ့သို့ အလာခံတော့မည်မဟုတ်ကြောင်း ဆုံးဖြတ်လိုက်ကြလေသည်။

သူတို့က ဝိုင်းဝန်းကူညီစောင့်ကြည့်ပေးကြမည်ဖြစ်၍ ချင်းယွင်ကျစ်မှာလည်း ပို၍ပင် စိတ်အေးသွားရသည်။

ဟမ့်! အဲဒီစုန့်မျိုးရိုး..

ဒီနေ့တော့ ငါတို့တွေ သတိလက်လွတ်ဖြစ်သွားလို့ သူ ဆိုင်ထဲဝင်လာနိုင်တာ။

နောက်တစ်ခါ ထပ်လာကြည့်စမ်းပါ။ ငါတို့ဆိုင်ထဲဝင်ဖို့ အခွင့်အရေးရှိသေးလားဆိုတာ ကြည့်ကြသေးတာပေါ့!

သူသာ ဆိုင်ထဲကို ခြေတစ်လှမ်း ချနိုင်ရင် ငါ့အရှုံးပဲ!

အဘွားလင်းကလည်း မွန်းလွဲပိုင်းတွင် လင်းကျန်းအန်းထံ ပြန်ရောက်သောအချိန်တွင် စုန့်ဝေ့ ရောက်လာသည့်ကိစ္စကို ပြောပြရန် မမေ့ခဲ့ပေ။ လင်းကျန်းအန်းလည်း ထိုအကြောင်းကို ကြားလိုက်ရသည့်အခိုက်တွင် မျက်မှောင်ကြုတ်သွားလေ၏။

စုန့်ဝေ့ ပြန်လွတ်လာပြီတဲ့လား။

ဒါပေမဲ့ သူက ဘာသဘောနဲ့ ဒီမှာပေါ်လာတာလဲ။

သူတို့ကို ပြသနာရှာဖို့ ကြိုးစားနေတာလား။

ကံကောင်းထောက်မစွာပင် စုန့်ဝေ့သည်က လင်းရန်ပေးလိုက်သည့် စုန့်စစ်ယွီ၏ လိပ်စာကိုယူကာ စုန့်စစ်ယွီကို ရှာရန် ထွက်သွားပုံရကြောင်းနှင့် စုန့်စစ်ယွီမှာ ဟောင်ကောင်ဘက်တွင် ရှိနေပုံရကြောင်းကို အဘွားလင်းထံမှ ကြားလိုက်ရပေသည်။

ထိုသို့ကြားရသော်လည်း လင်းကျန်းအန်းက စိုးရိမ်နေဆဲပင်ဖြစ်၏။

မည်သို့ပင်ဆိုစေ စုန့်ဝေ့က စုန့်စစ်ယွီကို အမှန်တကယ် ရှာရန်သွားခြင်းလား၊ သို့မဟုတ် ယာယီသာ နောက်ဆုတ်သွားခြင်းလားဆိုသည်ကို မည်သူ သိနိုင်ပါမည်နည်း။

ထို့ကြောင့် နောက်တစ်နေ့တွင် လင်းကျန်းအန်းက မကြာသေးမီကမှ သိကျွမ်းခဲ့သော လုံခြုံရေးကုမ္ပဏီတစ်ခု ဖွင့်လှစ်ထားသည့် သူငယ်ချင်းဖြစ်သူထံသို့ သွားကာ စုန့်ဝေ့အား စောင့်ကြည့်ပေးရန် လူတစ်ယောက် ကူညီရှာပေးဖို့ တောင်းဆိုလိုက်လေသည်။

သူငယ်ချင်းများဖြစ်၍ တစ်ဖက်လူကလည်း ငြင်းပယ်ခြင်းမရှိပေ။ စုန့်ဝေ့၏ အခြေအနေကို မေးမြန်းပြီးနောက် ချက်ချင်းပင် စုံစမ်းရန် စတင်ထွက်ခွာသွားတော့သည်။

စုန့်ဝေ့က စုန့်စစ်ယွီ၏ လိပ်စာကို ရရှိပြီးနောက်တွင် လင်းရန်ထံသို့ ထပ်မံသွားရောက်ခြင်း မရှိတော့ပေ။ သူက လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း လူတစ်ယောက်ကို လိုက်ရှာနေသည့် ပုံစံမျိုးဖြင့် အရူးအမူး လှည့်လည်သွားလာနေခဲ့သည်။

ဤသည်က လင်းကျန်းအန်းကို ယာယီ စိတ်သက်သာရာရစေခဲ့သည်။

တတိယမြောက်နေ့တွင်တော့ စုန့်ဝေ့ကို စောင့်ကြည့်နေသူများက သူ့ထံသို့ ရောက်လာပြီး စုန့်ဝေ့တစ်ယောက် ဟောင်ကောင်သို့ သွားမည့် သင်္ဘောပေါ်သို့ တက်သွားသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောပြလာကြ၏။

စုန့်ဝေ့က ဟောင်ကောင်ကို သွားပြီလား။ ဒါက ဘယ်လိုဖြစ်တာလဲ။

သူ တကယ်ပဲ စုန့်စစ်ယွီကို သွားရှာတာလား။

လင်းကျန်းအန်းသည်လည်း တစ်ဖက်လူအား ကျေးဇူးတင်စကား ပြောပြီးနောက် လင်းရန်ထံသို့ သတင်းသွားပေးလိုက်လေသည်။

ထိုသတင်းကို သိလိုက်ရလျှင် လင်းရန်က ချက်ချင်းပင် ရယ်မောလိုက်တော့၏။

စုန့်ဝေ့၏ သည်းခံနိုင်စွမ်းမှာ အရင်ကလောက် မကောင်းတော့သည့်ပုံပင်။

အကယ်၍ အရင်ကဆိုလျှင်တော့ ထိုသူက သူ့တွင် လုံလောက်သော အရည်အချင်းနှင့် ပိုမိုကောင်းမွန်သော အခွင့်အရေး ရှိလာသည်အထိ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေဦးမည်ဖြစ်ပေ၏။

ထို့နောက်မှသာ စုန့်စစ်ယွီကို ရှာရန် ထွက်ခွာပေလိမ့်မည်။ သူက သူ၏ သမီးကို ပိုမိုကောင်းမွန်စွာ ပြုစုပျိုးထောင်နိုင်ရန်အတွက် ဆယ်စုနှစ်တစ်ခုကျော်တိုင်အောင် အစီအစဉ်များ ချမှတ်ခဲ့သည်မဟုတ်ပါလား။

နှမြောစရာကောင်းစွာဖြင့် ယခင်က လိမ္မာပါးနပ်ပြီး တည်ငြိမ်ခဲ့သော စုန့်ဝေ့သည်ကား လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း အလုပ်စခန်း၌ ဖြတ်သန်းခဲ့ရသော ဘဝတွင် ထိုအရည်အချင်းများမှာ ပျောက်ကွယ်သွားပုံရသည်။

သို့သော် ယခုအချိန်မျိုးတွင် စုန့်ဝေ့က စုန့်စစ်ယွီကို သွားရှာခြင်းမှာ လင်းရန်အတွက်တော့ အမှန်တကယ်ပင် ကောင်းမွန်သော ကိစ္စဖြစ်ပေသည်။

အနည်းဆုံးတော့ ဤနည်းဖြင့်ဆိုပါက သူတို့အား ထပ်မံနှောင့်ယှက်တော့မည် မဟုတ်ချေ။

“ရပါတယ် အဖေ၊ သူ့ကို သွားခွင့်ပြုလိုက်ပါ.. စုန့်စစ်ယွီက ဘာပဲဖြစ်ဖြစ် သူ့ရဲ့ သမီးအရင်းပဲလေ၊ ဖခင်ဖြစ်သူ က သူမကို သွားရှာတယ်ဆိုရင် သူမက သူ့ကို လက်မခံဘဲ နေမှာမဟုတ်ပါဘူး၊ အဖေ သူ့အတွက် စိုးရိမ်မနေပါနဲ့”

တကယ်တမ်းတွင် လင်းကျန်းအန်းက စုန့်ဝေ့အတွက် စိုးရိမ်နေခြင်း မဟုတ်ပေ။ စုန့်ဝေ့က ဟောင်ကောင်သို့ ရောက်သွားပြီး စုန့်စစ်ယွီနှင့် ဆက်သွယ်မိသွားပါက ထိုသားအဖနှစ်ဦးပေါင်း၍ သူတို့အား ပြသနာရှာမည့်နည်းလမ်းများကို ကြံစည်လာကြမည်ကိုသာ စိုးရိမ်နေခြင်း ဖြစ်ပေ၏။

ထိုသို့ဆိုပါက အလွန်ပင် စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းပေလိမ့်မည်။

သို့သော် သမီးဖြစ်သူ၏ ဆိုင်မှာ ယခုအချိန်တွင် စီးပွားရေး အလွန်ကောင်းမွန်နေပြီး၊ ရှောင်ချီနှင့် တခြားသူများကလည်း သူမကို ကူညီပံ့ပိုးပေးနေကြသောကြောင့် မည်သည့်ပြဿနာမျှရှိလာနိုင်မည် မဟုတ်ချေ။

စုန့်စစ်ယွီနှင့် စုန့်ဝေ့တို့က အစိုးရကို ဆန့်ကျင်ချင်နေကြမှသာလျှင် ဖြစ်ပေလိမ့်မည်။

သူကိုယ်တိုင်၏ အခြေအနေမှာလည်း ယခုအချိန်တွင် စက်ရုံမှာ ကောင်းမွန်စွာ တိုးတက်နေပြီး၊ အလုပ်ကိစ္စများ လုပ်ဆောင်ရာတွင်လည်း အမြဲတစေဥပဒေကို လိုက်နာသူဖြစ်ပေ၏။

စုန့်ဝေ့နှင့် စုန့်စစ်ယွီတို့အနေဖြင့် သူတို့အား အပြစ်ရှာရန်မှာ မဖြစ်နိုင်ပေ။

ထို့ကြောင့် ဤကိစ္စနှင့် ပတ်သက်၍ စိတ်အေးနိုင်ပေသည်။

“ကောင်းပြီ၊ သူတို့ ပြန်လာကြတယ်ဆိုရင်လည်း အဖေကို ပြောပြနော်၊ အဖေ သူတို့ကို နှိမ်နင်းဖို့ နည်းလမ်းရှာပါ့မယ်၊ အဖေက သမီးကို သေချာပေါက် ကာကွယ်ပေးမှာ”

လင်းရန်တစ်ယောက် ထိုစကားကို ကြားလျှင် ရယ်မောလိုက်မိသော်လည်း လေးလေးနက်နက်ပင် ခေါင်းညိတ်ပြလိုက်၏။

“ စိတ်မပူပါနဲ့၊ တကယ်လို့ သူတို့ ပြန်လာကြရင် သမီး အဖေ့ကို အရင်ဆုံး အကြောင်းကြားပါ့မယ်!”

လင်းရန်နှင့် လင်းကျန်းအန်းတို့က စုန့်ဝေ့အား သတိထားနေကြချိန်မှာပင် စုန့်ဝေ့သည်ကား ဟောင်ကောင်သို့ ရောက်ရှိသွားခဲ့လေပြီ။

ယခုတစ်ခေါက် စုန့်စစ်ယွီကို ရှာရန် ဟောင်ကောင်သို့လာခဲ့ခြင်းမှာ သူ့အတွက် နောက်ဆုံးလက်ကျန် အင်အားကို သုံး၍ လောင်းကြေးထပ်ခဲ့ခြင်းပင် ဖြစ်ပေသည်။

အကယ်၍ ယခုတစ်ကြိမ်တွင် စုန့်စစ်ယွီက ပေးဆပ်ရန်ရှိသမျှကို ပြန်မပေးဆပ်နိုင်ပါက စုန့်ဝေ့ဘက်မှ သူမ၏နောက်သို့ အရိပ်အဖြစ် လိုက်ကပ်နေမည်ဖြစ်ပြီး စုန့်စစ်ယွီအား မည်သည့်အခွင့်အရေးမျှ ထပ်မံရရှိစေတော့မည် မဟုတ်ပေ။

အတိတ်တုန်းက သူ့အနေဖြင့် သမီးဖြစ်သူအတွက် အစွမ်းကုန် စဉ်းစားပေးခဲ့ပြီး သူမအား ထူးချွန်ထက်မြက်သူတစ်ဦး ဖြစ်လာစေချင်ခဲ့သည်။

သို့သော်လည်း အဆုံးတွင်တော့ သူမက နားမလည်စွာဖြင့် အရာအားလုံးကို လက်လွှတ်ရန် လုပ်ဆောင်လိုက်သည့်အပြင် သူ့ကိုပင် ပြန်လည်ရန်မူခဲ့သည်။

ဤကဲ့သို့သော သမီးမျိုးကို သူ့အနေဖြင့် အလိုမရှိတော့ပါချေ။

သို့သော်လည်း ထိုအချက်ကအရေးမကြီးပေ။

သားအဖအဖြစ်မှ ရိုးရိုးရှင်းရှင်း အဆက်အသွယ်ဖြတ်လိုက်ရုံသာဆိုပါက စုန့်ဝေ့အတွက် အမှန်တကယ်ပင် နစ်နာလွန်းပေသည်။

လွန်ခဲ့သည့် အနှစ်နှစ်ဆယ်အတွင်း စုန့်စစ်ယွီအပေါ် မည်မျှ အားစိုက်ထုတ်ခဲ့ရပြီး စွမ်းအင်များ မည်မျှအထိ ရင်းနှီးမြှုပ်နှံခဲ့ရသည်ကို သူကိုယ်တိုင်သာ အသိဆုံးဖြစ်ပေ၏။

သူမက သူ့ကို ဤကဲ့သို့ လွှင့်ပစ်လိုက်သည်ကို မည်သို့ အသာတကြည် ခွင့်ပြုနိုင်ပါမည်နည်း။

ကံကောင်းထောက်မစွာဖြင့် လင်းရန်ပေးလိုက်သော လိပ်စာမှာ အတော်လေး အသေးစိတ်နေခဲ့သည်။

စုန့်ဝေ့က လျို့ကျားယို၏ ကုမ္ပဏီကို လျင်မြန်စွာ ရှာဖွေတွေ့ရှိခဲ့ပြီး စုန့်စစ်ယွီသည်လည်း ထိုကုမ္ပဏီတွင် အမှန်တကယ် အလုပ်လုပ်နေဆဲဖြစ်ကြောင်း အောင်မြင်စွာ အတည်ပြုနိုင်ခဲ့ပေသည်။

သို့သော် သူ့ဘက်မှ စုန့်စစ်ယွီနှင့် တွေ့ဆုံလိုကြောင်း ပြောဆိုသည့်အချိန်တွင်တော့ အရှေ့ကောင်တာမှဧည့်ကြိုက သူ၏အထောက်အထားကို သက်သေမပြနိုင်သည့်အတွက် အထဲသို့ ပေးဝင်ရန် အဆင်မပြေကြောင်း ပြောလာခဲ့၏။

တခြားနည်းလမ်းမရှိသဖြင့် စုန့်ဝေ့လည်း ကုမ္ပဏီအပြင်ဘက်၌သာ စောင့်ဆိုင်းနေခဲ့ရတော့သည်။ စုန့်စစ်ယွီ ထွက်မလာဘဲ နေလိမ့်မည်ဟု သူ မယုံကြည်ပေ။

*

အခန်း(478)

ဤအချိန်တွင် စုန့်စစ်ယွီက ကုမ္ပဏီထဲ၌ ရှိနေခဲ့လေ၏။

လျို့ကျားယိုထံမှ စုန့်ဝေ့အကြောင်းကို ကြားသိခဲ့ရပြီးနောက် လျို့ကျားယိုက သူမအား ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း သိရှိသွားခဲ့သည့်အတွက် သူမက ခဏလောက်ငြိမ်သက်စွာနေထိုင်ကာ ထွက်ခွာခြင်း မပြုခဲ့ပေ။

သူမက ဤနေရာတွင် ခေတ္တနေထိုင်ခြင်းဖြင့် ယခင်က နည်းလမ်းဟောင်းများကို အသုံးပြုကာ လျို့ကျားယိုအား နောက်တစ်ကြိမ် ပြန်လည်စိတ်အေးသွားအောင် လုပ်ဆောင်နိုင်မည်ဟု ထင်မှတ်ထားခဲ့သည်။

သို့သော်လည်း မမျှော်လင့်စွာဖြင့် ထိုနေ့မှစ၍ သူမအား လျို့ကျားယို၏ ဘေးမှ ဖယ်ရှားခဲ့လေ၏။

မည်သည့်အရေးပါမှုမျှမရှိသည့် တခြားနေရာတစ်ခုသို့ ပြောင်းရွှေ့ခြင်း ခံလိုက်ရခြင်းပင် ဖြစ်လေသည်။ ထိုနေရာမှာ လူအများ၏ အာရုံစိုက်မှုမရသည့်အပြင် သူမ လုပ်ဆောင်ရသည့် အလုပ်များမှာလည်း နည်းပညာပိုင်းဆိုင်ရာ ထူးခြားမှု မရှိလှပေ။

တစ်နည်းအားဖြင့်ဆိုရလျှင် သူမက အအေးနန်းဆောင်သို့ ရောက်သွားရသကဲ့သို့ပင်။ လျို့ကျားယိုက သူမအား အနှစ်သာရရှိသော အလုပ်များကို လုပ်ခွင့်မပေးသော်လည်း ထွက်ခွာခွင့်လည်း မပြုခဲ့ပေ။

သူက သူမကို သူ့လက်အောက်တွင် အတင်းအကျပ် ထိန်းသိမ်းထားခြင်းသာဖြစ်ပေ၏။

ဤအခြေအနေက စုန့်စစ်ယွီအား အလွန်အမင်း စိုးရိမ်ပူပန်လာစေခဲ့၏။ သို့သော် စုန့်ဝေ့၏ ကိစ္စကြောင့် သူမအနေဖြင့် အဆင်ခြင်မဲ့စွာ မလှုပ်ရှားရဲခဲ့ပေ။

ထို့ကြောင့် ဤကာလအတွင်း စုန့်စစ်ယွီမှာ ကုမ္ပဏီသို့ နေ့စဉ်နှင့် မျက်နှာပျက်ယွင်းစွာဖြင့်သာ လာရောက်ခဲ့ရပြီး စိတ်ကြည်လင်သည့် အချိန်ဟူ၍ တစ်ခါမျှ မရှိခဲ့ပေ။

သို့သော် သူမ၏ ဆိုးရွားလှသော စိတ်အခြေအနေမှာ ပို၍ပင် ဆိုးရွားလာရဦးမည်ကိုတော့ ကြိုမသိနေခဲ့ပေ။

မွန်းတည့်ချိန် အလုပ်ဆင်းပြီး ကုမ္ပဏီမှ ထွက်လာချိန်မှာပင် အရှေ့ကောင်တာမှဧည့်ကြိုက သူမအား ပြောလာခဲ့သည်။

အမျိုးသားတစ်ဦးက သူမ၏ ဆွေမျိုးဖြစ်ကြောင်း ပြောဆိုကာ လာရောက်တွေ့ဆုံခဲ့ကြောင်း ပြောပြလာခဲ့ခြင်းပင်။

လူလတ်ပိုင်း အမျိုးသားတစ်ယောက်?

ဆွေမျိုး?

စုန့်စစ်ယွီမှာ ကြောင်အသွားရပြီး ခဏတာမျှ စိတ်ရှုပ်ထွေးသွားလေ၏။

သူမမှာ ဆွေမျိုးရှိလို့လား။

လိမ်ညာတဲ့လူများ ဖြစ်နေမလား။

စုန့်ဝေ့လား? ထိုအချက်ကိုတော့ စုန့်စစ်ယွီ လုံးဝပင် ထည့်မစဉ်းစားခဲ့ပေ။

မည်သို့ပင်ဆိုစေ လွန်ခဲ့သည့် နှစ်လ၊ သုံးလခန့်ကမှ စုန့်ဝေ့က အလုပ်စခန်း၌ ရှိနေဆဲဖြစ်ကြောင်း သူမ သိထားခဲ့သည်။

သူက သူမ၏ ရှေ့သို့ ရုတ်တရက် ပေါ်လာနိုင်မည်မဟုတ်ပေ။

လုံးဝ မဖြစ်နိုင်ပါချေ။

သို့သော် စုန့်ဝေ့ မဟုတ်လျှင် မည်သူ ဖြစ်နိုင်မည်နည်း။

စုန့်စစ်ယွီ ဇဝေဇဝါဖြစ်နေချိန်မှာပင် မသိစိတ်ဖြင့် ကုမ္ပဏီအပြင်ဘက်သို့ လမ်းလျှောက်ထွက်လာခဲ့မိချေပြီ။ ကုမ္ပဏီတံခါးဝသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ဘေးဘက်မှ ရင်းနှီးနေသော အသံတစ်ခု ထွက်ပေါ်လာသည်ကို ရုတ်တရက် ကြားလိုက်ရလေ၏။

“စစ်ယွီ၊ မတွေ့ရတာ ကြာပြီပဲ”

ထိုအသံကို ကြားလိုက်ရသည့် ခဏတွင် စုန့်စစ်ယွီတစ်ယောက် ရေခဲတိုက်ထဲသို့ ကျသွားသကဲ့သို့ ခံစားလိုက်ရကာ သူငယ်အိမ်များ ကျုံ့သွားပြီး နေရာမှာပင် ကြောက်ရွံ့မှင်သက်သွားတော့သည်။

အဲဒီအသံ... အဲဒီအသံပဲ။

မဖြစ်နိုင်တာ၊ သူ မဖြစ်နိုင်ဘူး။

သူ ဒီမှာ ရှိနေစရာ အကြောင်းမရှိဘူး၊ သူက အလုပ်စခန်းမှာ ရှိနေရမှာလေ။

စုန့်စစ်ယွီတစ်ယောက် သူမ ကြားလိုက်ရသည့်အသံက စိတ်ချောက်ချားခြင်းသာ ဖြစ်လိမ့်မည်ဟု နှစ်သိမ့်နေခဲ့သော်လည်း နောက်တစ်စက္ကန့်တွင် သူမ၏ မျက်လုံးထောင့်မှနေ၍ အလွန်ပင် ရင်းနှီးနေသော လူရိပ်တစ်ခုကို မြင်တွေ့လိုက်ရလေသည်။

ထိုလူမှာ အခြားသူမဟုတ်ဘဲ ဤနေရာသို့ လုံးဝ ရောက်မလာနိုင်ဟု သူမ ထင်မှတ်ထားခဲ့သော စုန့်ဝေ့ပင် ဖြစ်ပေ၏။

“ဘာလို့လဲ၊ အဖေ့ရဲ့ အသံကိုတောင် မမှတ်မိတော့ဘူးလား”

စုန့်ဝေ့တစ်ယောက် စုန့်စစ်ယွီ၏ မယုံကြည်နိုင်သော အမူအရာကို သတိမပြုမိချင်ယောင်ဆောင်ကာ၊ သားအဖနှစ်ဦး ဆက်ဆံရေး အကောင်းဆုံးအချိန်များတုန်းကကဲ့သို့ပင် သူမအား နူးညံ့စွာ ပြုံးပြလိုက်လေ၏။

သို့သော် များစွာသော ဖြစ်အပျက်များ ကြုံတွေ့ပြီးနောက်တွင် သူနှင့် စုန့်စစ်ယွီတို့၏ ပတ်သက်မှုကပျက်စီးယိုယွင်းခဲ့သည်မှာ ကြာပြီဖြစ်ပေ၏။

ယခုကဲ့သို့သော အချိန်မျိုးတွင် ဤသို့သော အပြုံးမျိုးကို ပြသခြင်းမှာ စုန့်စစ်ယွီအား ကြက်သီးမွေးညင်းထစေသည့် အေးစက်မှုကိုသာ ပေးနေခဲ့သည်။

“ ဘာ.. ဘာလို့ ဒီကို ရောက်နေတာလဲ ..”

“အလုပ်စခန်းမှာ ရှိနေရမှာ မဟုတ်လား?”

စုန့်ဝေ့က သူမ၏စကားကို ပြုံးလျက် ဝင်ထောက်ပေးလိုက်၏။ သူ၏ အမူအရာမှာ နူးညံ့နေဆဲဖြစ်သော်လည်း စကားလုံးများထဲတွင်တော့ နာကျည်းမုန်းတီးမှုများ ပြည့်နှက်နေချေသည်။

“လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ငါ ဘာတွေကြုံတွေ့ခဲ့ရလဲဆိုတာ မင်းလည်း သိထားတာပဲ၊ သမီးက ဒီဟောင်ကောင်မှာ အတော်လေး နာမည်ကြီးနေပြီဆိုတော့ ငါ့ကို ဖခင်တစ်ယောက်ဆိုတာတောင် မေ့သွားပြီထင်တယ်”

“ဘယ်လိုလဲ စစ်ယွီ၊ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ သမီးရဲ့ဘဝက ကောင်းကောင်းမွန်မွန် ဖြတ်သန်းခဲ့ရတာပဲ၊ သမီး ဒီလိုအဆင်ပြေပြေ နေနိုင်တာကို မြင်ရတော့ အဖေ တကယ်ကို ဝမ်းသာပါတယ်၊ ဘာပဲဖြစ်ဖြစ် အခုကစပြီးတော့ အဖေက သမီးကို အားကိုးလို့ရပြီပဲလေ၊ မဟုတ်ဘူးလား?”

စုန့်ဝေ့က မကောင်းသော ရည်ရွယ်ချက်ဖြင့် ရောက်လာခြင်းဖြစ်ကြောင်း စုန့်စစ်ယွီ သိရှိလိုက်ပေသည်။

ထိုသူက သူမထံသို့လာကာ သူမကို လုပ်ကျွေးခိုင်းရန် ကြံစည်နေသည်လား။

အိပ်မက်မက်နေလိုက်!

“ကောင်းပြီ... ကိစ္စကို ဖုံးကွယ်မနေဘဲ ပွင့်ပွင့်လင်းလင်းပဲ ပြောကြရအောင်၊ ကျွန်မ ရှင့်ကို မလုပ်ကျွေးနိုင်ဘူး၊ ရှင်က အခုမှ အသက်လေးဆယ်ကျော်ပဲ ရှိသေးတာလေ၊ လက်တွေခြေတွေလည်း အကောင်းအတိုင်းရှိနေတာပဲ၊

ရှင့်ဘာသာ ရှာဖွေစားသောက်လို့ ရတယ်၊ ရှင် အသက်ခြောက်ဆယ်၊ ခုနစ်ဆယ်ကိုရောက်လို့ မလှုပ်ရှားနိုင်တော့တဲ့ အခါကျရင်တော့ ကျွန်မ ရှင့်ကို ပစ်မထားပါဘူး

ဘာပဲ​ဖြစ်ဖြစ် နိုင်ငံတော်က သတ်မှတ်ထားတဲ့အတိုင်း ရှင့်ကို ကျွန်မ စရိတ်တွေပေးပါ့မယ်”

“ကျန်တဲ့ကိစ္စတွေအတွက်တော့ စိတ်ကူးယဉ်မနေပါနဲ့တော့၊ ကျွန်မ အခုလို အခြေအနေ ရောက်နေရတာ ရှင့်ကြောင့် မဟုတ်ဘူးလား”

“ရှင်သာ ကျွန်မရဲ့ အစီအစဉ်အတိုင်း မလုပ်ဘဲ၊ ကျွန်မနဲ့အတူ နည်းလမ်းရှာပြီး အကူအညီမပေးခဲ့လို့ အခုလို ဖြစ်သွားတာလေ

အဲဒီတုန်းကသာ အောင်မြင်ခဲ့ရင် ကျွန်မက ဘာလို့ အခုလိုမျိုး ဒီမှာ ပိတ်မိနေဦးမှာလဲ၊ ရှင့်မှာရော တာဝန်မရှိဘူးလို့ ပြောချင်တာလား!”

သားအဖနှစ်ဦးက စကားပြောရင်း စိတ်လှုပ်ရှားလာကြကာ တစ်ဦးကိုတစ်ဦး အော်ဟစ်ကာ အပြစ်တင်ကြလေတော့သည်။

လွန်ခဲ့သည့် နှစ်နှစ်အတွင်း အလုပ်စခန်း၌ စုန့်ဝေ့ ဖြတ်သန်းခဲ့ရသည့် ဆင်းရဲဒုက္ခများမှာ အလကားမဖြစ်ခဲ့ချေ။ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲပင်ပန်းမှုများသာမက စိတ်ပိုင်းဆိုင်ရာမှာလည်း ယခင်ကထက် များစွာ ပို၍မာကျောလာခဲ့ပေသည်။

ယခင်ကဆိုလျှင်တော့ သူသည်က ဂုဏ်သိက္ခာကို ငဲ့ကွက်သောကြောင့် အပြင်ဘက်တွင် စုန့်စစ်ယွီနှင့် အချင်းများရန် ရွေးချယ်လိမ့်မည်မဟုတ်ပေ။

သို့သော် ယခုတွင်တော့ ဤနေရာတွင် သူ့ကို သိသည့်လူတစ်ဦးမျှ မရှိသောကြောင့် မည်မျှပင် အရှက်ရစေသည်ဖြစ်စေ သူးအပေါ် သက်ရောက်မှု ကြီးကြီးမားမား ရှိလိမ့်မည်မဟုတ်ချေ။

ဆန့်ကျင်ဘက်အားဖြင့် စုန့်စစ်ယွီမှာတော့ ဤနေရာတွင် အလုပ်လုပ်နေခြင်းဖြစ်ပြီး နောက်ကွယ်၌လည်း သူမ၏ ကုမ္ပဏီ ရှိနေခဲ့သည်။

သူမအနေဖြင့် သိက္ခာကို ငဲ့ကွက်ချင်သည်ဆိုပါက သူမသာလျှင် အရှုံးပေါ်ပေလိမ့်မည်။

“တော်စမ်း စုန့်စစ်ယွီ၊ ငါ့ကို ဒါတွေလာပြောမနေနဲ့တော့! ငါ မင်းဆီကို လာရတဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ပြောပြီးသားပဲ

ငါ ဆုံးရှုံးခဲ့ရတာတွေကို မင်းဘက်က ခွဲဝေမပေးဘူးဆိုရင်တော့ ငါ မင်းကို လွှတ်ပေးမှာ မဟုတ်ဘူး!”

“ဘာပဲဖြစ်ဖြစ် မင်း မြင်တဲ့အတိုင်းပဲ၊ ငါ့မှာ အခု ဘာမှမရှိတော့ဘူး၊ ဘာကိုမှလည်း ဂရုမစိုက်တော့ဘူး၊ ငါက ခြေဗလာနဲ့လူပဲ၊ မင်းကတော့ ဖိနပ်စီးထားတဲ့လူပဲလေ

ခြေဗလာသမားက ဖိနပ်စီးထားတဲ့သူကို ကြောက်တာမျိုး မင်း မြင်ဖူးလို့လား”

စုန့်ဝေ့တစ်ယောက် တစ်ချိန်လုံး ဒေါသတကြီးမဖြစ်ခဲ့ဘဲ အေးအေးဆေးဆေးပင် ပြောဆိုနေသော်လည်း၊ အေးဆေးလေလေ ပို၍ကြီးမားသော မုန်တိုင်းတစ်ခုက နောက်ကွယ်တွင် ရှိနေလေလေဖြစ်ကြောင်း စုန့်စစ်ယွီ ကောင်းစွာ သိရှိနေပေသည်။

သို့ဖြစ်၍ စုန့်ဝေ့သည်က သူပြောသည့်အတိုင်း သူမကို အရိပ်ကဲ့သို့ လိုက်ကပ်နှောင့်ယှက်ရန် အမှန်တကယ်ပင် ကြံစည်နေခြင်း ဖြစ်ရပေမည် ။

သူက အလုပ်စခန်းမှ လွတ်မြောက်လာခဲ့သော်လည်း ရာဇဝတ်မှု မှတ်တမ်းရှိသူ ဖြစ်နေပေ၏။

တခြားလူများက သူ၏အခြေအနေကို သိရှိသွားပါက သူ့ကို ထူးဆန်းသောအကြည့်များဖြင့် ကြည့်ကြမည်ဖြစ်သကဲ့သို့၊ သူမကိုလည်း ထိုကဲ့သို့ပင် ကြည့်ကြပေလိမ့်မည်။

ထို့ကြောင့် စုန့်ဝေ့ သူမ၏ ဘေးတွင် ရှိနေသရွေ့ သူမ မည်သည့်အရာကိုမျှ လုပ်ဆောင်နိုင်မည်မဟုတ်ပေ။ ထိုသူနှင့် ပတ်သက်မှုအတွက်ကြောင့်သာ နာမည်ပျက်ရပေလိမ့်မည်။

သူမ ဘာလုပ်သင့်လဲ။

“မိုးချုပ်နေပြီ စစ်ယွီ၊ အိမ်ပြန်ကြရအောင်လေ.. အဖေ့မှာ အခု အိမ်မရှိတော့ဘူး၊ ဒါပေမဲ့ ကိစ္စမရှိပါဘူး.. သမီး ရှိတဲ့နေရာက အဖေ့အိမ်ပဲပေါ့”

စုန့်စစ်ယွီသည် သတိပြန်ဝင်လာကာ စုန့်ဝေ့အား နက်ရှိုင်းသော နာကျည်းမှုများဖြင့် ကြည့်လိုက်လေသည်။

“ကောင်းပြီလေ၊ အိမ်ပြန်ကြတာပေါ့၊ ကျွန်မနောက်ကို လိုက်ခဲ့!”

စုန့်ဝေ့ကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ကိုတော့ သူမ ခေတ္တလောက် စဉ်းစား၍မရသည့်အတွက် သူ့ကို အရင်ဆုံး ခေါ်သွားရန်သာ တတ်နိုင်တော့သည်။

မည်သို့ပင်ဖြစ်စေ သူက သူမကို ရှာတွေ့သွားခဲ့ပြီပင်။

သူ့ကို ဖယ်ထုတ်ထားရန် သို့မဟုတ် ဖုံးကွယ်ထားရန်အတွက် မဖြစ်နိုင်တော့ချေ။ အိမ်ထဲသို့ အဝင်မခံဘဲ နေရန်ဆိုသည်မှာလည်း စုန့်ဝေ့က သူမ၏အဖေဖြစ်နေသောကြောင့် ရဲစခန်းသို့ သွားလျှင်ပင် ရဲများက စုန့်ဝေ့ဘက်မှသာ ရပ်တည်ပေးကြပေလိမ့်မည်။

ထို့ကြောင့် ယခုအချိန်တွင် သူမအနေဖြင့် စုန့်ဝေ့အား သူမနောက်သို့ လိုက်ခွင့်ပြုရန်သာ တတ်နိုင်တော့သည်။

သို့သော် ကိစ္စမရှိပါချေ။ သူမက အလွန်ပင် ဉာဏ်ကောင်းသူဖြစ်၍ အဖြေတစ်ခုကို သေချာပေါက်စဉ်းစားမိမည်ပင်။

စုန့်ဝေ့၏ ကိစ္စကိုလည်း အမြစ်ပြတ် ဖြေရှင်းနိုင်လိမ့်မည်။

သို့ဖြင့် စုန့်ဝေ့တစ်ယောက် ဟောင်ကောင်ရှိ စုန့်စစ်ယွီ၏ နေအိမ်တွင်သွားရောက် နေထိုင်လေတော့သည်။

သူက နေရာအခြေချပြီးနောက်တွင် အလုပ်သွားခြင်း၊ အလုပ်ရှာခြင်းများ မပြုလုပ်တော့ဘဲ စုန့်စစ်ယွီထံမှ ငွေကိုသာ တိုက်ရိုက်တောင်းခံလေတော့၏။

သူမက မပေးဘူးလား?

ကောင်းပြီလေ၊ ဒါဆိုရင် သူက သူမရဲ့ ကုမ္ပဏီတံခါးဝမှာ စောင့်နေလိုက်ရုံပဲ။ သူ့အနေဖြင့် သူမ၏ ကုမ္ပဏီနေရာကို သိရှိထားပြီးသား ဖြစ်ပေသည်။

အချိန်တန်လျှင် ကုမ္ပဏီရှိ လုပ်ဖော်ကိုင်ဖက်များကို သူမက ဖခင်ဖြစ်သူကို မလုပ်ကျွေးသည့်အကြောင်းကို လိုက်ပြောပြလိုက်မည်။

သို့ဆိုပါက စုန့်စစ်ယွီအနေဖြင့် ကုမ္ပဏီတွင် မျက်နှာပြနိုင်တော့မည်မဟုတ်ပါချေ။

*

All Chapters