← Chapters

အခန်း (၄၈၁-၄၈၃)

Vol. 48 Ch. 481-483

အခန်း (၄၈၁-၄၈၃)

Vol. 48 Ch. 481-483

အခန်း(481)

စုန့်စစ်ယွီ၏ ပြောစကားအရ သူမ ထိုခေါင်းဆောင်ကို ယခင်က ကူညီဖူးခဲ့သည်။ ထို့ကြောင့် ခေါင်းဆောင်က သူမအပေါ် အလွန်အကောင်းမြင်နေပြီး သူမအား လွှတ်မပေးချင်ခဲ့ပေ။

ထို့အပြင် သူမ၏ ထူးချွန်သော အရည်အချင်းများ၏ နောက်ကွယ်တွင် တခြားအကြောင်းရင်းများ ရှိနေမည်ကိုလည်း သံသယဝင်နေလေသည်။

ယခု စုန့်စစ်ယွီ လုပ်ဆောင်ရမည့်အရာမှာ သံသယ မဖြစ်စေမည့် ဆင်ခြေတစ်ခုကို ရှာဖွေရမည်။ သူမ ဤမျှ တော်နေရခြင်းမှာ သူမ၏ ကိုယ်ပိုင်အရည်အချင်းကြောင့်သာဖြစ်ပြီး တခြားအကြောင်းပြချက်များကြောင်း မဟုတ်ကြောင်းကို ထိုခေါင်းဆောင်ကို ယုံကြည်သွားအောင် လုပ်ဆောင်ရလိမ့်မည်။

စုန့်စစ်ယွီက တချို့သောအချက်များကို ထည့်မပြောခဲ့သော်လည်း စုန့်ဝေ့ကတော့ သူမ ပြောချင်သည့်အကြောင်းကို သိရှိနေခဲ့၏။

သူမ၏ ပြန်လည်ဝင်စားခြင်းအကြောင်းကိုဖုံးကွယ်နေခြင်းပင်။

သူမ တော်နေရတာက ကိုယ်ပိုင်အရည်အချင်းကြောင့်တဲ့လား။

ဟားဟား။ သူမသာ အနာဂတ်က ပြန်လာတဲ့ အဖြစ်အပျက်မျိုးကို မကြုံခဲ့ရဘူးဆိုရင် အခု ဘယ်လိုပုံစံမျိုး ဖြစ်နေမလဲ။

စုန့်ဝေ့အနေဖြင့် ယခုအချိန်၌ စုန့်စစ်ယွီအပေါ်တွင် သမီးအရင်းဟူသည့် အမြင်မျိုး လုံးဝ မရှိတော့ပေ။

ပြန်စဉ်းစားကြည့်လျှင် တချို့အချက်များ၌ စုန့်စစ်ယွီက လင်းရန်ကိုပင် မမီနိုင်ဟု ခံစားရသည်။

မည်သို့ပင်ဖြစ်စေ လင်းရန်ကတော့ အချက်အပြုတ် တော်သည်ပင်။

စုန့်စစ်ယွီမှာ ဘာရှိလို့လဲ။ လိမ်ညာတာ။ ဟန်ဆောင်တာနဲ့ လှည့်ဖြားတာတွပဲ ရှိတာမလား။

ထို့အပြင် စုန့်ဝေ့အနေဖြင့် စုန့်စစ်ယွီ ပြောပြသမျှစကားထဲတွင် မည်မျှစကားက အမှန်ဖြစ်ပြီး မည်မျှလောက်က အလိမ်အညာဖြစ်သည်ကိုပင် မခွဲနိုင်တော့ပေ။

သူမ၏ ခေါင်းဆောင်က သူမအား အလွတ်မပေးချင်သည်မှာ အမှန်ဖြစ်နိုင်ကြောင်းကို သူ ယုံကြည်သည်။

သို့သော်လည်း သူမက သူနှင့် ပူးပေါင်းပြီး သူ့ကို အကြွင်းမဲ့ ယုံကြည်လိမ့်မည်ဆိုသည်ကိုတော့ စုန့်ဝေ့ မယုံကြည်ပေ။

စုန့်စစ်ယွီက သူ၏ နောက်ကွယ်တွင် မရိုးသားသော အကြံအစည်အချို့ ရှိနေဦးပေလိမ့်မည်။

“ဒါဆို မင်းက အဖေ့ကို မင်းရဲ့ ကုမ္ပဏီကို သွားခိုင်းတာလား၊ ပြီးရင် မင်းက ငယ်ငယ်ကတည်းက ကံကောင်းတတ်တဲ့အကြောင်း၊ နာမည်ကြီး ဆရာကြီးတစ်ယောက်က မင်းရဲ့ ဇာတာကို တွက်ပေးပြီး ထူးခြားတဲ့ ကံကြမ္မာရှိတယ်လို့ ဟောခဲ့တဲ့အကြောင်းတွေကို မင်းရဲ့ သူဌေးကို သွားပြောခိုင်းချင်တာလား”

စုန့်စစ်ယွီက ခေါင်းညိတ်ပြလာသည်။

“အကြမ်းဖျင်းကတော့ အဲဒီသဘောပါပဲ အဖေ၊ ဒါပေမဲ့ အဖေက သူ့ဆီကို တိုက်ရိုက်သွားပြောရင်တော့ နည်းနည်းတော့ အတုအယောင်ဆန်နေလိမ့်မယ်၊ ဒါကြောင့် ကျွန်မတို့ စကားပြောနေတာကို သူ မတော်တဆ ကြားသွားစေမဲ့ အခွင့်အရေးတစ်ခုကို ကျွန်မ ဖန်တီးပေးပါ့မယ်”

စုန့်စစ်ယွီက ဤအချက်ကို တစ်နေ့လုံး စဉ်းစားခဲ့သည်။

သူမသည်ကား ဟောင်ကောင်ရှိ လူအများစု၏ အယူသည်းမှုကို အခွင့်ကောင်းယူကာ သူမတွင် မွေးရာပါ ကံကောင်းမှုရှိကြောင်း၊ သူမ၏ ဇာတာနှင့် ကံကြမ္မာက အလွန်ကောင်းမွန်ကြောင်းတို့ကို သီအိုရီတစ်ခုအဖြစ် လုပ်ကြံဖန်တီးရန် စီစဉ်ခဲ့သည်။

ဤကဲ့သို့သော အရာမျိုးကို စုန့်စစ်ယွီအနေဖြင့်ဆိုလျှင် လုံးဝ ယုံကြည်မည်မဟုတ်သော်လည်း ရုံးခန်းထဲတွင် နေ့စဉ်နေ့တိုင်း ဘုရားရှိခိုးကာ အမွှေးတိုင် ထွန်းတတ်သော လျို့ကျားယိုအတွက်တော့ ၇၀ ရာခိုင်နှုန်း၊ ၈၀ ရာခိုင်နှုန်းခန့် ယုံကြည်သွားပေလိမ့်မည်။

စုန့်ဝေ့က ထိုစကားတို့ကို နားထောင်ပြီးနောက် ငြင်းပယ်ခြင်း မပြုခဲ့ပေ။

“စစ်ယွီ၊ အဖေက သမီးရဲ့ ခေါင်းဆောင်နဲ့ တွေ့ရမှာဆိုတော့ အဝတ်အစားကောင်းကောင်းလေးတွေ ဝယ်ပြီး သေသေချာချာ ပြင်ဆင်သွားသင့်တယ်လို့ သမီး မထင်ဘူးလား”

ဤစကား၏ အဓိပ္ပာယ်မှာ ရှင်းလင်းပေသည်။ သူ ငွေလိုချင်နေခြင်းသာ ဖြစ်လေ၏။

စုန့်စစ်ယွီသည်က စုန့်ဝေ့အား သူမနှင့်အတူ နေထိုင်ခွင့်ပြုထားသော်လည်း သူ့ကို နှင်ထုတ်ရန် နည်းလမ်းမရှိသဖြင့် ခေတ္တမျှ ထိန်းသိမ်းထားရခြင်းသာဖြစ်သည်။

ကျန်သည့် ကိစ္စရပ်များတွင်တော့ သူမက မသိချင်ယောင်ဆောင်ကာ စုန့်ဝေ့၏ တောင်းဆိုချက်များကို လျစ်လျူရှုထားခဲ့ပြီး ငွေတစ်ဆင့်မျှ မပေးခဲ့ချေ။

သို့သော် ယခုတွင်တော့ သူမအနေဖြင့် စုန့်ဝေ့၏ အကူအညီကို လိုအပ်နေလေပြီ။

တစ်ဖက်လူက သူမအား ကူညီရန်အတွက် သူ့၏ တောင်းဆိုချက်ကို အရင်ဆုံး သဘောတူရပေလိမ့်မည်။ စုန့်ဝေ့၏ အဆင့်အတန်းမှာ ဤကိစ္စအတွက် အသင့်တော်ဆုံးဖြစ်နေသည် မဟုတ်ပါလား။

ဤသို့ တွေးတောမိရင်း စုန့်စစ်ယွီတစ်ယောက် သူမ၏ မကျေနပ်မှုများကို မျိုသိပ်ကာ ငွေများကို ထုတ်၍ စုန့်ဝေ့အား လှမ်းပေးလိုက်လေသည်။

သို့သော် စုန့်ဝေ့က ထိုငွေကို ချက်ချင်း မယူသေးဘဲ တုံ့ဆိုင်းနေသည့် အမူအရာကို ပြသလာ၏။

“စစ်ယွီ၊ အဖေ ဒီနေ့ အပြင်က ဆိုင်တွေကို သွားကြည့်ခဲ့တယ်၊ ဒီငွေလေးနဲ့တော့ အဝတ်အစားဝယ်ဖို့ မလောက်နိုင်ဘူး ထင်တယ်

အဖေကတော့ ဘာမှမဖြစ်ပါဘူး၊ ဒါပေမဲ့ သမီးရဲ့ သူဌေးက ငါတို့နှစ်ယောက်ကို သားအဖဆိုတာ မယုံဘဲနေမှာကို စိုးရိမ်မိတယ်”

ထိုစကားကို ကြားလျှင် စုန့်စစ်ယွီလည်း တခြားရွေးချယ်စရာ မရှိတော့ဘဲ အံကို တင်းတင်းကြိတ်ကာ ငွေများကို ထပ်မံ ထုတ်ပေးလိုက်ရပြန်သည်။

စုန့်ဝေ့က ငွေများကိုယူကာ စိတ်ကျေနပ်စွာဖြင့် သူ၏ အခန်းထဲသို့ ပြန်ဝင်သွားလေ၏။

စုန့်စစ်ယွီအနေဖြင့် ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ဤအခြေအနေမျိုးက ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရသော်လည်း မည်သည့်နေရာတွင် မြင်ဖူးခဲ့သည်ကို စဉ်းစား၍ မရနိုင်ခဲ့ပေ။

အခန်းထဲသို့ ပြန်ရောက်သွားသော စုန့်ဝေ့ကတော့ ငွေများကို ကြည့်ရင်း ရုတ်တရက် သက်ပြင်းချလိုက်မိသည်။

တခြားလူတွေဆီကနေ ငွေတောင်းရတာ ဒီလောက်တောင် ဇိမ်ရှိတာပဲ။

အခု စုန့်စစ်ယွီလည်း အဲဒီတုန်းက သူ လင်းရန်ကို မုန်းတီးသလို သေလောက်အောင် မုန်းနေလောက်မလား။

မှန်ပေ၏။ စုန့်ဝေ့အနေဖြင့် ဤနည်းဗျူဟာကို လင်းရန်ထံမှ သင်ယူခဲ့ခြင်း ဖြစ်ပေသည်။

အစပိုင်းတွင် သူ့ဘက်မှ လင်းရန်ကို ဒါရိုက်တာရှု၏ သားနှင့် ချိန်းတွေ့စေချင်ခဲ့သည်။ ထိုအချိန်က လင်းရန်သည်လည်း ဤကဲ့သို့သော နည်းလမ်းဖြင့် သူ့ထံမှ အခွင့်အရေးများနှင့် တောင်းဆိုချက်များစွာကို ရယူခဲ့သည်ပင်။

ယခုတွင်တော့ စုန့်စစ်ယွီက သူ့ကို ပြဇာတ်အတူကပြရန် အကူအညီ တောင်းလာသည်မဟုတ်ပါလား။

ထို့ကြောင့် သူ၏ တောင်းဆိုချက်များကို အကြွင်းမဲ့ ဖြည့်ဆည်းပေးရပေလိမ့်မည်။ သို့မဟုတ်ပါက သူ့အနေဖြင့် အလွယ်တကူ လုပ်ပေးမည် မဟုတ်ချေ။

ဤသို့ ပြန်ကြည့်မည်ဆိုပါက လင်းရန်က ဥာဏ်အထက်မြက်ဆုံးလူဖြစ်နိုင်ပေ၏။

ယခင်က ဤအချက်များကို သူ တစ်ခါမျှ မတွေးခဲ့မိပါချေ။

ထိုခဏတွင် စုန့်ဝေ့ ရုတ်တရက် သဘောပေါက်သွားခဲ့သည်။

တကယ်တမ်းတွင် လင်းရန်ကသာ ကျားသားစားချင်၍ ဝက်အယောင်ဆောင်နေခဲ့ခြင်း ဖြစ်ပေသည်။

နောက်တစ်နေ့တွင် စုန့်ဝေ့က စုန့်စစ်ယွီပေးလိုက်သော ငွေများကိုယူကာ အဝတ်အစားဝယ်ရန်နှင့် ကိုယ့်ကိုယ်ကိုယ်ပြင်ဆင်ရန်အတွက်ဟု အကြောင်းပြကာ အပြင်သို့ ထွက်လာခဲ့သည်။

တကယ်တမ်းတွင် သူက ဟောင်ကောင်ရှိ အခြေအနေအရပ်ရပ်ကို ဆက်လက်စုံစမ်းနေခဲ့ခြင်းဖြစ်ပေသည်။

သူက အခွင့်အရေးရလျှင် စုန့်စစ်ယွီ၏ ခေါင်းဆောင်နှင့် သွားရောက်တွေ့ဆုံရန်လည်း ကြံစည်ထား၏။

စုန့်စစ်ယွီအနေဖြင့် ထိုခေါင်းဆောင်၏လက်မှ အသည်းအသန် လွတ်မြောက်ချင်နေသည်ကို သူ မြင်နိုင်ပေသည်။

သူမက ပြည်မကြီးသို့ ပြန်ကာ စီးပွားရေးလုပ်ရန် ကြံစည်နေသည့်အချက်ကိုတော့ စုန့်ဝေ့ သေသေချာချာ မသိရှိပေ။

သို့သော် စုန့်စစ်ယွီအနေဖြင့် “ရန်သူ့ရန်သူက ငါ့မိတ်ဆွေ” ဟူသော စကားပုံကို မကြားဖူးပုံရသည်။

ယခုအချိန်တွင် စုန့်စစ်ယွီက သူ့အတွက် ဆူးတစ်ချောင်း ဖြစ်နေခဲ့လေပြီ။ သူ့အနေဖြင့် အာဃာတများကို ဘေးဖယ်ထားပြီး သူမကို ကူညီလိမ့်မည်ဟု ထင်နေခြင်းက အလွန်ပင် ကလေးဆန်လွန်းသည်ဟုသာပြောရလိမ့်မည်။

စုန့်ဝေ့က အဝတ်အစားဝယ်ရန် ထွက်သွားပြီးနောက်တွင် စုန့်စစ်ယွီသည်လည်း အပြင်သို့ ထွက်လာခဲ့ကာ အခြားသူများထံမှ အကူအညီရှာရန် သွားခဲ့လေသည်။

သူမတွင် အခြားသော အစီအစဉ်များ ရှိနေသေးသည်ပင်။

မည်သို့ပင်ဆိုစေ စုန့်ဝေ့က သူမအပေါ် ဤမျှအထိ သတိကြီးနေခဲ့သည့်အတွက် သူမ၏ စိတ်ကူးအကြံအစည် အားလုံးကို ပြောပြလိမ့်မည်မဟုတ်ပါချေ။

ဟမ့်! အိပ်မက်တောင် မမက်နဲ့။

သူမက အဲဒီလောက် မအဘူး!

ထို့ကြောင့် ယမန်နေ့က သူမ စုန့်ဝေ့အား ပြောပြခဲ့သည့်အထဲတွင် လျို့ကျားယိုမှ သူမကို အလွှတ်မပေးချင်သည့် အချက်မှလွဲ၍ ကျန်သည့်အချက်အများစုမှာ အလိမ်အညာများသာ ဖြစ်ပေသည်။

သူမတွင် မွေးရာပါ ကံကောင်းမှုရှိကြောင်းနှင့် ကံကြမ္မာဟောပြောသူမှ တွက်ပေးထားသည်က မှန်ကန်သော်လည်း၊ ထို “သူမ” ဆိုသည်မှာ “သူ”သာ ဖြစ်ပေသည်။

မှန်ပေ၏။

စုန့်စစ်ယွီ၏ အစီအစဉ်မှာ နှစ်ဖက်လုံးကို လှည့်စားရန်သာဖြစ်သည်။

သူမက လျို့ကျားယိုအား ထိုထူးခြားသော ကံကြမ္မာပိုင်ရှင်မှာ စုန့်ဝေ့သာဖြစ်ပြီး ဤအရာအားလုံးကို သိရှိသူမှာလည်း စုန့်ဝေ့သာဖြစ်ကြောင်းကို ပြောပြချင်နေခဲ့ခြင်းသာ ဖြစ်ပေသည်။

သူမက စုန့်ဝေ့ ပြောပြသည့်အချက်များကို ကြားဖူးထားကာ ထိုအချက်အလက်များကို မှတ်မိနေခြင်းဖြစ်သည်ဟူ၍ လိမ်ညာလိမ့်မည်။

ဤနည်းဖြင့် သူမက လျို့ကျားယို၏ လက်မှ လွတ်မြောက်နိုင်ရုံသာမက စုန့်ဝေ့ကိုလည်း လျို့ကျားယို၏ လက်အောက်တွင် တစ်သက်လုံး ပိတ်မိနေအောင် လုပ်ဆောင်နိုင်လိမ့်မည်။

ခဲတစ်လုံးတည်းဖြင့် ငှက်နှစ်ကောင် ပစ်နိုင်သည့်အစီအစဉ်ကောင်းတစ်ခုပသ် မဟုတ်ပါလား။

ယခု သူမ လုပ်ဆောင်ရမည့်အရာမှာ မနက်ဖြန်တွင် သူမနှင့်အတူ သရုပ်ဆောင်ပေးမည့် အခြားလူတစ်ဦးကို ရှာဖွေရန်သာဖြစ်ပေ၏။

စုန့်ဝေ့၌ “ကံကောင်းသော ကံကြမ္မာ”က အမှန်တကယ် ရှိကြောင်းကို လျို့ကျားယို သိရှုသွားအောင်လုပ်ရမည်။

သို့မဟုတ်ပါက လျို့ကျားယိုကဲ့သို့ လူမျိုးမှာ အလွယ်တကူ အလှည့်စားခံလိမ့်မည်မဟုတ်ပေ။

စုန့်စစ်ယွီက သူမ၏ နောက်ကွယ်တွင် လျို့ကျားယို စေလွှတ်ထားသော လူများ ရှိ၊ မရှိ မသေချာသောကြောင့် ခဏမျှ လှည့်ပတ်သွားလာနေခဲ့သေးသည်။ လျို့ကျားယိုက ယနေ့ သူမအား စောင့်ကြည့်ရန် လူမလွှတ်ထားကြောင်း သေချာသွားမှသာ ဘေးနားရှိ လမ်းကြားထဲသို့ အလျင်အမြန် ဝင်သွားကာ လူတစ်ယောက်ကို ရှာဖွေလေတော့သည်။

ထိုလူကို ရှာတွေ့ပြီးနောက် စုန့်စစ်ယွီက သူမ လုပ်ဆောင်လိုသည့်အချက်များကို စီစဉ်ညွှန်ကြားလိုက်လေ၏။

တစ်ဖက်လူက အပြည့်အဝ နားလည်သွားပြီဖြစ်ကြောင်းကို သေချာမှသာ စုန့်စစ်ယွီ စိတ်သက်သာရာရသွားခဲ့လေသည်။

သူမအနေဖြင့် မနက်ဖြန်ကိုသာ စောင့်ဆိုင်းရန် လိုတော့သည်။

မနက်စောစောတွင် လျို့ကျားယိုထံ သွားပြီး သူမ၏ ဖခင်ကို သူမ၏အိမ်သို့ခေါ်လာပြီးနောက်တွင် သူမ မည်မျှအထိ “ကံကောင်းလာ”ကြောင်းကို လျို့ကျားယိုအား ပြသရလိမ့်မည်။

ထိုအချိန်တွင် သူက မယုံဘဲမနေလောက်တော့ပါချေ။

*

အခန်း(482)

လျို့ကျားယိုအနေဖြင့် သူမ၏ပြင်ဆင်မှုများအပေါ် သံသယရှိနေသေးလျှင်ပင် ဤကာလအတွင်း ၏ အာရုံစိုက်မှုက စုန့်ဝေ့ထံသို့သာ ပြောင်းလဲသွားမည်ဖြစ်ပြီး သူမအား ယခင်ကကဲ့သို့ စိုက်ကြည့်နေတော့မည် မဟုတ်ပေ။

တစ်ဖက်လူက ခဏလောက်သတိလွတ်သွားသည်နှင့် ထွက်ပြေးရန် အခွင့်အရေး ရှာနိုင်ပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ သူမ သေချာပေါက် လွတ်မြောက်နိုင်ရမည်။

စုန့်စစ်ယွီက ထိုအချက်ကို အပြည့်အဝ ယုံကြည်မှု ရှိနေခဲ့သည်။

သို့သော် သူမဘက်မှ ပြကွက်လုပ်ရန် လူလိုက်ရှာနေချိန်မှာပင် စုန့်ဝေ့က လျို့ကျားယို၏ ကုမ္ပဏီသို့ ရောက်ရှိနေလေပြီ။

သူ့အနေဖြင့် ယခင်က အခြေအနေအရ ဤကုမ္ပဏီထဲသို့ ဝင်ခွင့်ရလိမ့်မည် မဟုတ်ဟု ထင်ထားသော်လည်း ယနေ့ တံခါးဝသို့ ရောက်ရှိသည်နှင့် လူတစ်ယောက်က မေးမြန်းလာခဲ့လေသည်။

“ခင်ဗျားက မစ္စတာစုန့်ဝေ့မလား၊ ကျွန်တော်တို့ရဲ့ သူဌေးက ခင်ဗျားကို ဖိတ်ထားပါတယ်”

“မင်းတို့ရဲ့ သူဌေးက ဘယ်သူလဲ”

စုန့်ဝေ့က သတိထားလျက် မေးလိုက်၏။

“ကျွန်တော်တို့ရဲ့ သူဌေးက မစ္စတာလျို့ကျားယိုပါ၊ ခင်ဗျား သမီးရဲ့ ခေါင်းဆောင်ပေါ့”

သူပဲ။

ထိုစကားကို ကြားလျှင် စုန့်ဝေ့ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ထိုလူ၏နောက်သို့လိုက်ကာ ရုံးခန်းထဲသို့ ချက်ချင်းပင် ဝင်သွားခဲ့လေသည်။

လျို့ကျားယိုနှင့် တွေ့ဆုံပြီးနောက်တွင်တော့ စုန့်စစ်ယွီဘက်မှ ယမန်မနေ့ညက သူနှင့် ဆွေးနွေးထားသမျှ အရာအားလုံးကို ဝန်လေးခြင်းမရှိဘဲ လျို့ကျားယိုအား ပြောပြလိုက်လေတော့သည်။

စုန့်ဝေ့၏ စကားများကို နားထောင်ပြီးနောက် လျို့ကျားယိုတစ်ယောကာ အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့၏။

သူက စုန့်စစ်ယွီ၏ “အပြစ်အနာအဆာကင်းသော” အစီအစဉ်ကို တိတ်တဆိတ် လှောင်ရယ်နေပုံရပေသည်။

သူ၏ ရှေ့တွင် ရပ်နေသော စုန့်ဝေ့မှာတော့ စတင် စိုးရိမ်လာရချေပြီ။

တကယ်တမ်းတွင် စုန့်ဝေ့သည်က ဤခြေလှမ်းကို လှမ်းရန်အတွက် အတော်လေး ခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရခြင်း ဖြစ်ပေသည်။

ဤကိစ္စကို လျို့ကျားယိုအား ပြောပြလိုက်သည်နှင့် သမီးဖြစ်သူ စုန့်စစ်ယွီနှင့် ဆက်ဆံရေးကို ပြန်လည်ပြုပြင်ရန်မှာ မဖြစ်နိုင်တော့ပေ။

လွန်ခဲ့သည့် နှစ်နှစ်အတွင်း ကြုံတွေ့ခဲ့ရသမျှကြောင့် စုန့်စစ်ယွီအပေါ် နာကျည်းနေသော်လည်း မည်သို့ပင်ဖြစ်စေ သူတို့နှစ်ဦးမှာ သွေးသားတော်စပ်သူများ ဖြစ်ပေ၏။

သူမနှင့် အဆက်အသွယ် လုံးဝဖြတ်တောက်ရန် မပြုလုပ်မီ သူ၏ စိတ်ထဲတွင် အတော်လေးလွန်ဆွဲနေခဲ့ရသည်။

သို့သော် နောက်ဆုံးတွင် သူက ရက်စက်စွာဖြင့် ဆုံးဖြတ်ချက် ချလိုက်လေတော့သည်။ မည်သို့ပင်ဆိုစေ သူ့ဘက်မှ စုန့်စစ်ယွီကို ရန်မမူလျှင်ပင် စုန့်စစ်ယွီက သူ့အပေါ် ကောင်းမွန်စွာ ဆက်ဆံလိမ့်မည် မဟုတ်ပါချေ။

သို့ဖြစ်၍အရာအားလုံးကို သူ၏ လက်ထဲတွင်သာ ဆုပ်ကိုင်ထားခြင်းက အလုံခြုံဆုံး ဖြစ်ပေလိမ့်မည်။

စုန့်စစ်ယွီနှင့် ပတ်သက်လျှင်တော့ ဤကဲ့သို့သော သမီးမျိုးကို မမွေးခဲ့ဖူးသကဲ့သို့သာ သဘောထားလိုက်ရပေလိမ့်မည်။

“မစ္စတာလျို့၊ အဖြစ်အပျက်ကတော့ အဲဒါပါပဲ၊ ကျွန်တော် တကယ်မလိမ်ပါဘူး.. ခင်ဗျားမယုံဘူးဆိုရင် မနက်ဖြန်ကျရင်...”

လျို့ကျားယိုသည်လည်း သတိပြန်ဝင်လာကာ စုန့်ဝေ့အား အပြုံးတစ်ခုနှင့် ကြည့်ပြီးနောက် ပြောလိုက်လေသည်။

“မစ္စတာစုန့်၊ ကျွန်တော် ခင်ဗျားကို သံသယရှိလို့ မဟုတ်ပါဘူး၊ မစ်စ်စုန့်ရဲ့ လုပ်ရပ်အပေါ် စိတ်ပျက်မိရုံတင်ပါပဲ

ကျွန်တော် ထင်ခဲ့တာက... ကောင်းပြီ၊ ထားလိုက်ပါတော့၊ သူမက ဒီလိုလုပ်ချင်မှတော့ ကျွန်တော့်မှာ ပြောစရာ မရှိတော့ပါဘူး”

လျို့ကျားယိုက ဝမ်းနည်းစိတ်ပျက်သည့် အမူအရာကို လုပ်ပြလိုက်ပြီးနောက် မသိနားမလည်သကဲ့သို့ ဟန်ဆောင်လျက် စုန့်ဝေ့အား မေးမြန်းလိုက်၏။

“ဒါပေမဲ့ မစ္စတာစုန့်၊ ကျွန်တော် တစ်ခုတော့ မေးပါရစေ၊ မစ်စ်စုန့်မှာ ဘာလို့ ဒီလောက်ကောင်းတဲ့ ရင်းနှီးမြှုပ်နှံမှု အမြင်တွေ ရှိနေရတာလဲ၊ ဒီမေးခွန်းကို ကျွန်တော့်အတွက် ဖြေပေးနိုင်မလား”

ထိုစကားကို ကြားလိုက်ရလျှင် စုန့်ဝေ့လည်း ကြောင်အသွားရလေသည်။

သူ ဤမေးခွန်း၏ အဖြေကို သိရှိနေပေသည်။ ထိုအဖြေမှာ ရိုးရှင်းပေ၏။

စုန့်စစ်ယွီက ပြန်လည်မွေးဖွားလာသူ ဖြစ်နေသောကြောင့်ပင်။

သို့သော် ဤအချက်ကို ပြောပြလိုက်မည်ဆိုပါက စုန့်စစ်ယွီအနေဖြင့် လျို့ကျားယို၏ လက်အောက်တွင် ဆက်လက်ရှိနေရုံသာမကတော့ဘဲ အခြားသော ပြဿနာများလည်း ဖြစ်ပေါ်လာနိုင်ချေရှိသည်။

ကိုယ်ရေးကိုယ်တာ လုံခြုံမှုဆိုင်ရာ ပြဿနာများလည်း ရှိလာနိုင်ပေသည်။

သူ အမှန်အတိုင်း ပြောပြသင့်လား။

စုန့်ဝေ့ တုံ့ဆိုင်းနေသည်ကို မြင်လျှင် စုန့်စစ်ယွီ၏ နောက်ကွယ်တွင် ကွယ်ဖုံးထားသော လျှို့ဝှက်ချက်က အသေးအဖွဲ မဟုတ်ကြောင်းကို လျို့ကျားယို သိရှိသွားခဲ့၏။

သူက စုန့်စစ်ယွီ၏ လျှို့ဝှက်ချက်ကို ပို၍ပင် စိတ်ဝင်စားသွားရလေသည်။

“မစ္စတာစုန့်၊ ကျွန်တော် မလောပါဘူး၊ တကယ်လို့ ခင်ဗျား သေသေချာချာ စဉ်းစားပြီးပြီဆိုရင် ကျွန်တော့်ဆီကို နောက်တစ်ခါ ပြန်လာလို့ ရတယ်၊ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ကုမ္ပဏီရဲ့ တံခါးက ဘယ်မှာလဲဆိုတာ အခု ခင်ဗျား သိသွားပြီပဲလေ”

ထိုသို့ပြောပြီးနောက် လျို့ကျားယိုသည် ဧည့်သည်ကို ပြန်လည်ပို့ဆောင်မည့်အမူအရာကို ပြုမူလိုက်လေ၏။

စုန့်ဝေ့ အနည်းငယ် စိုးရိမ်လာရချေပြီ။ သူ ယနေ့ ဤနေရာသို့ လာရောက်ကာ စုန့်စစ်ယွီ၏ အစီအစဉ်ကို ဖော်ထုတ်ရခြင်း၏ ရည်ရွယ်ချက်မှာ ရိုးရှင်းသော သတိပေးမှုမျိုးသာ မဟုတ်ပေ။

အရေးကြီးဆုံး ရည်ရွယ်ချက်မှာ သူကိုယ်တိုင် လျို့ကျားယို၏ လှေပေါ်သို့ တက်နိုင်ရန်သာ ဖြစ်ပေသည်။

သူ့အနေဖြင့် ဟောင်ကောင်တွင် အခြေချ၍ ဖွံ့ဖြိုးတိုးတက်လိုပါက အင်အားကြီးသော မိတ်ဖက်တစ်ဦးကို ရှာဖွေရပေလိမ့်မည်။

လျို့ကျားယိုမှာ သူ လက်ရှိ ဆက်သွယ်နိုင်သော အကောင်းဆုံးပုဂ္ဂိုလ် ဖြစ်နေခဲ့သည်။

သို့ဖြစ်၍ ယနေ့တွင် လျို့ကျားယိုနှင့် ကောင်းမွန်သော ဆက်ဆံရေး မတည်ဆောက်နိုင်ပါက စုန့်စစ်ယွီ၏ လျှို့ဝှက်ချက်ကို လာရောက်ပြောပြနေရခြင်းက အကျိုးမရှိတော့ပေ။

သို့သော် လျို့ကျားယိုက သူ ထင်ထားသည်ထက် ပို၍ ကိုင်တွယ်ရ ခက်ခဲသူဖြစ်ပြီး ရည်ရွယ်ချက်ရှိရှိမသိချင်ယောင်ဆောင်နေခဲ့သည်။

စုန့်ဝေ့ လျို့ကျားယိုအား စိတ်ထဲမှ ဒေါသတကြီးကြိမ်ဆဲလိုက်သော်လည်း ဤအတိုင်း လက်လျှော့ကာ ထွက်ခွာသွားရန်ကိုလည်း ဝန်လေးနေမိပြန်သည်။

အဆုံးတွင် သူက တုံ့ဆိုင်းနေပြီးနောက် အံကို တင်းတင်းကြိတ်လျက် ပြောလိုက်သည်။

“မစ္စတာလျို့၊ ဒီကိစ္စက အများကြီး ပတ်သက်နေတာ၊ စကားတစ်ခွန်း၊ နှစ်ခွန်းနဲ့ ရှင်းပြဖို့ဆိုတာ မဖြစ်နိုင်ဘူး ထင်တယ်၊ ဒါကြောင့်...”

လျို့ကျားယိုသည်လည်း စုန့်ဝေ့က နောက်ဆုံးတွင် အလျှော့ပေးလိုက်ပြီဖြစ်ကြောင်း မြင်သောကြောင့် နားမလည်ချင်ယောင်မဆောင်တော့ပေ။

“အာ.. ကြည့်ရတာ ဒီကိစ္စက ကျွန်တော် ထင်ထားတာထက် ပိုပြီးတော့ အရေးကြီးပုံရတယ်၊ ဒီအကြောင်းကို ပြောပြလိုက်လို့ မစ္စတာစုန့်အပေါ် ထိခိုက်မှုတွေ ရှိလာမလား မသိဘူး

တကယ်လို့ ခင်ဗျားကို ထိခိုက်စေမယ်ဆိုရင်တော့ ကျွန်တော့်ဘက်က သင့်တော်သလို ပြန်ပြီးပေးဆပ်ပေးပါ့မယ်၊ ဘာပဲဖြစ်ဖြစ် ခင်ဗျားက ကျွန်တော့်ရဲ့ သိချင်စိတ်ကို ဖြည့်ဆည်းပေးဖို့အတွက် ပြောပြတာပဲလေ”

“ဒါဆို.. မစ္စတာစုန့်၊ အခု ကျွန်တော့်ဘက်က ဘာတွေ ကူညီပေးဖို့ လိုမလဲ?”

လျို့ကျားယိုဘက်မှ သူ့ကို ကူညီချင်သည့် အမူအရာ ပြလာသည့်အတွက် စုန့်ဝေ့ အနည်းငယ် စိတ်လှုပ်ရှားသွားမိသော်လည်း တတ်နိုင်သမျှ ထိန်းချုပ်ထားလိုက်လေ၏။

သူသာ ပျော်ရွှင်သည့်အမူအရာပြသပါက လျို့ကျားယို၏ ကြိုးဆွဲရာအတိုင်း ပါသွားနိုင်လိမ့်မည်။

“လောလောဆယ်တော့ မစ္စတာလျို့ရဲ့ အကူအညီကို မလိုသေးပါဘူး၊ ဒါပေမဲ့ နောက်ပိုင်းကျရင် ကျွန်တော် ဟောင်ကောင်မှာ စီးပွားရေးလုပ်ပြီး ကောင်းကောင်းမွန်မွန် အခြေချဖို့ အစီအစဉ်ရှိပါတယ်၊ အဲဒီအချိန်ကျရင်တော့ မစ္စတာလျို့ရဲ့ အကူအညီ လိုလာနိုင်တယ်လေ၊ အဲဒါ မစ္စတာလျို့ဘက်က အဆင်ပြေပါ့မလား”

စုန့်ဝေ့၏ လောဘက မသေးလှပါချေ။ တိကျသေချာသော ငွေကြေး သို့မဟုတ် အာဏာနှင့် နှိုင်းယှဉ်လျှင် ဤကဲ့သို့သော မရေရာသည့် “အကူအညီ” ဟူသော အချက်က ပို၍လည်း တန်ဖိုးကြီးကြီး ပေးဆပ်ရနိုင်ချေရှိသည်။

ဒီစုန့်ဝေ့က စုန့်စစ်ယွီရဲ့ အဖေဖြစ်ဖို့ထိုက်တန်တာပဲ။ သားအဖနှစ်ဦးလုံးရဲ့ လောဘဇောက တူညီနေပုံရတယ်။

သို့သော် လျို့ကျားယိုက စဉ်းစားပြီးနောက် သဘောတူလိုက်လေသည်။

“ကောင်းပါပြီ မစ္စတာစုန့်၊ ကျွန်တော် ကတိပေးပါတယ်၊ နောင်တစ်ချိန် ဟောင်ကောင်မှာ စီးပွားရေး စတင်လို့ အကူအညီလိုရင် ကျွန်တော် လျို့ကျားယိုက သေချာပေါက် ကူညီပါ့မယ်၊ ကျွန်တော့် တတ်နိုင်တဲ့ဘောင်ထဲကနေ အစွမ်းကုန် ကူညီပေးပါ့မယ်”

စုန့်ဝေ့က စိတ်လှုပ်ရှားသွားသော်လည်း တည်ငြိမ်စွာဖြင့် သတိပေးလိုက်သေး၏။

“ဒါဆို မစ္စတာလျို့၊ ကျွန်တော်တို့ အခုပဲ စာဖြင့် မှတ်တမ်းတင်ထားကြရင် မကောင်းဘူးလား၊ အာ .. ကျွန်တော်က မယုံလို့ မဟုတ်ပါဘူး၊ ဒါပေမဲ့ အဖြူအမည်း သေသေချာချာ ရေးထားတာက နောက်ပိုင်း ပြဿနာတွေကို ရှောင်ရှားနိုင်တာပေါ့၊ ဟုတ်တယ်မလား”

“ကောင်းပါပြီ”

လျို့ကျားယို အံကြိတ်လျက်ပင် လက်ခံလိုက်ကာ ရုံးခန်းတံခါးဝရှိ လက်ထောက်အား ပြောလိုက်လေသည်။

“ငါနဲ့ မစ္စတာစုန့်အတွက် စာချုပ်နှစ်စောင် ယူလာခဲ့”

မကြာမီမှာပင် လက်ထောက်က စာချုပ်နှစ်စောင်ကို ရိုက်နှိပ်၍ ယူဆောင်လာခဲ့လေ၏။

စာချုပ်ကိုလက်မှတ်ထိုးရာတွင် နှစ်ဖက်လုံးက အသေးစိတ်အချက်အလက်များကို ထည့်သွင်းခဲ့ကြ၏။ ဥပမာအားဖြင့် လျို့ကျားယိုသည်က စုန့်ဝေ့အား အကူအညီပေးမည် ဖြစ်သော်လည်း အကန့်အသတ်မရှိခြင်း မဟုတ်ဘဲ အများဆုံး ငါးကြိမ်သာဖြစ်ရမည်။ ငါးကြိမ်ပြည့်ပြီးနောက်တွင်တော့ လျို့ကျားယိုက စုန့်ဝေ့အား ထပ်မံကူညီတော့မည် မဟုတ်ပေ။

ထိုငါးကြိမ်အတွင်း၌ လျို့ကျားယိုက သူ့ကို တတ်နိုင်သမျှ ကူညီရလိမ့်မည်။

ဥပမာအားဖြင့် အလုပ်သမား ရှာဖွေပေးခြင်း၊ အိမ်ငှားပေးခြင်းနှင့် ရန်ပုံငွေထောက်ပံ့ပေးခြင်း စသည်တို့ ပါဝင်ပေသည်။

စုန့်ဝေ့က သေသေချာချာ ဖတ်ရှုပြီးနောက် မည်သည့် ပြဿနာမျှ မရှိကြောင်းကို စစ်ဆေးပြီး စာချုပ်ပေါ်တွင် သူ၏ နာမည်ကို အလျင်အမြန် လက်မှတ်ရေးထိုးလိုက်လေသည်။

ထို့နောက် လျို့ကျားယို၏ လက်မှတ်ကို မြင်လိုက်ရသည့်အချိန်မှသာ စိတ်သက်သာရာရသွားတော့၏။

“မစ္စတာစုန့်၊ အခု မစ်စ်စုန့်ရဲ့ လျှို့ဝှက်ချက်ကို ပြောပြလို့ ရပြီမလား”

လျို့ကျားယိုက ဘောပင်ကို ချလိုက်ပြီး သူဌေးထိုင်ခုံတွင် မှီထိုင်ကာ စိတ်ဝင်စားသော မျက်နှာအမူအရာဖြင့် မေးလိုက်သည်။

စုန့်ဝေ့တစ်ယောက် စာချုပ်ကို လက်ထဲတွင် တင်းတင်းဆုပ်ကိုင်ထားမိ၏။ သူ့ အနေဖြင့် အကောင်အထည် မဖော်ရသေးသော်လည်း သူဌေးတစ်ယောက်ဖြစ်လာပြီးနောက် ဖြစ်ပေါ်လာမည့် အခြေအနေများကို မြင်ယောင်နေမိလေပြီ။

ဤကဲ့သို့သော လှပသည့် အိပ်မက်၏ ဆွဲဆောင်မှုကြောင့် စုန့်ဝေ့က စုန့်စစ်ယွီ၏ အကြီးမားဆုံးသော လျှို့ဝှက်ချက်ကို ဖွင့်ဟလိုက်လေတော့သည်။

သူ၏ အနာဂတ်ကောင်းကျိုးအတွက် စုန့်စစ်ယွီကိုသာ ချနင်းလိုက်ရပေလိမ့်မည်။

*

အခန်း(483)

စုန့်ဝေ့၏ စကားကြောင့် လျို့ကျားယို၏ မျက်လုံးများက ရုတ်တရက် စူးရှသွားကာ စုန့်ဝေ့အား စိုက်ကြည့်လိုက်လေသည်။

“ခင်ဗျားပြောတာ အမှန်ပဲလား”

သူ၏ လေသံမှာ တတ်နိုင်သမျှ တည်ငြိမ်အောင် ထိန်းထားသော်လည်း ကြောက်ရွံ့စရာကောင်းလောက်အောင် တောက်ပနေသော မျက်လုံးများက လျို့ကျားယို၏ စိတ်ထဲတွင် လုံးဝ တည်ငြိမ်နေခြင်းမရှိကြောင်းသိမြင်နိုင်သည်။

မည်သို့ပင်ဖြစ်စေ သူကိုယ်တိုင်လည်း စုန့်စစ်ယွီ ပြောပြသည့်စကားများကို ကြားခဲ့ရချိန်က ဤအချက်ကို လက်ခံနိုင်ရန်အတွက် အချိန်အတော်ကြာအောင် ကြိုးစားခဲ့ရသည် မဟုတ်ပါလား။

ပြန်လည်မွေးဖွားလာခြင်း။

ထိုစကားလုံးက စိတ်ကူးယဉ်ပုံပြင် တစ်ခုကဲ့သို့ပင်။ သူနှင့် သိကျွမ်းသူတစ်ဦးက ပြန်လည်ဝင်စားလာသည်ဆိုသည်မှာ ပို၍ပင် မယုံနိုင်စရာ ကောင်းနေခဲ့သည်။

ကြားရသူတိုင်းက မဖြစ်နိုင်ဟု ထင်ကြလိမ့်မည်။

သို့သော် အမှန်တရားက သက်သေပြနေလေပြီ။

စုန့်ဝေ့က နူးညံ့စွာ ပြုံးလိုက်သည်။

“မစ္စတာလျို့၊ ဒီအကြောင်းပြချက်ကလွဲရင် စုန့်စစ်ယွီရဲ့ လုပ်ရပ်တွေကို ရှင်းပြနိုင်မဲ့ တခြားအကြောင်းရင်း ရှိသေးတယ်လို့ ထင်လို့လား”

ထိုစကားကို ကြားလျှင် လျို့ကျားယိုတစ်ယောက် မရယ်မောဘဲ မနေနိုင်တော့ချေ။

မှန်ပေသည်။ ဤရှင်းပြချက်မှလွဲ၍ တခြား မည်သည့်အရာက ဖြစ်နိုင်ဦးမည်နည်း။ သူ့အနေဖြင့် ယခင်က မည်မျှပင် တွေးတောကြည့်သော်လည်း အဖြေကို ရှာမတွေ့ခဲ့ပေ။

သူ၏ အတွေးအခေါ်က လိုက်မမီ၍ဟုသာ ထင်မှတ်ခဲ့မိ၏။ ယခု စုန့်ဝေ့၏ စကားကို ကြားပြီးမှသာလျှင် သူ့အနေဖြင့် တစ်သက်လုံး စဉ်းစားနေလျှင်ပင် ဤအမှန်တရားကို ထိတွေ့နိုင်မည် မဟုတ်ကြောင်း သိသွားခဲ့ရလေသည်။

မည်သို့ပင်ဖြစ်စေ သူ့အတွက် “ပြန်လည်မွေးဖွားလာခြင်း” ဆိုသည့်အရာကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်ပေသည်။

ယခု စုန့်ဝေ့၏ စကားကို နားထောင်ပြီးနောက် စုန့်စစ်ယွီ၏ ယခင်က လုပ်ရပ်တိုင်းကို ပြန်တွေးကြည့်ကာ ပို၍ ရှင်းလင်းသွားရတော့သည်။

မည်သည့်စက်မှုလုပ်ငန်း၊ မည်သည့်နေရာ၊ သို့မဟုတ် မည်သည့်လူအကြောင်းကိုမှ ကြိုတင်မသိရှိခဲ့ဘဲနှင့် ထိုအရာများမှာ နောက်ပိုင်းတွင် တိုးတက်လာလိမ့်မည်ဟု သူမ အဘယ်ကြောင့် သေချာနေရသည်လဲ။

သူမ ဝယ်ခိုင်းခဲ့သော မြေကွက်နှင့် ဆိုင်ခန်းများမှာ နှစ်နှစ်အတွင်းမှာပင် အကျိုးအမြတ်များစွာ ရရှိခဲ့သည်မှာလည်း မထူးဆန်းတော့ပေ။

သူကိုယ်တိုင်က ပြည်မကြီး၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ် အကောင်းမမြင်ခဲ့ဘဲ ပြည်မကြီးက ဆက်လက်၍ ဆင်းရဲနေဦးမည်ဟု ထင်မှတ်ခဲ့သည်။

သို့သော်လည်း စုန့်စစ်ယွီကတော့ သူမ၏ ဆန္ဒအတိုင်း ဇွတ်အတင်းလုပ်ကာ သူ့အား ပြည်မကြီးတွင် ကြိုတင်ရင်းနှီးမြှုပ်နှံရန် တိုက်တွန်းခဲ့သည်။

ထိုအချိန်က တခြားသော ခေါင်းဆောင်များပင်လျှင် ပြည်မကြီး တိုးတက်လာမည်လားဆိုသည်ကို မသေချာခဲ့ကြချေ။ စုန့်စစ်ယွီ တစ်ဦးတည်းသာလျှင် လူတိုင်း၏ အမြင်နှင့် ဆန့်ကျင်ဘက်ဖြစ်သော ပြည်မကြီးအပေါ် အလွန်အမင်း အကောင်းမြင်နေခဲ့ခြင်း ဖြစ်၏။

တကယ်တမ်းတွင် သူမသည်က ဤအရာအားလုံးကို ယခင်ဘဝ၌ ကြုံတွေ့ခဲ့ဖူးသောကြောင့်သာ ဖြစ်ပေသည်။

သို့ဖြစ်၍ သူမ ဤမျှ သေချာနေသည်မှာ မထူးဆန်းတော့ပေ။ ဤကမ္ဘာပေါ်တွင် ဤကဲ့သို့သော အံ့ဖွယ်ကိစ္စများ ရှိနေခြင်းမှာ အလွန်ပင် စိတ်ဝင်စားစရာ ကောင်းလွန်းပေသည်။

ဤသို့ဆိုလျှင် လျို့ကျားယိုအနေဖြင့် စုန့်စစ်ယွီအား လွှတ်ပေးနိုင်ပါဦးမည်လား။ လုံးဝ မဖြစ်နိုင်တော့ချေ။

သူမကဲ့သို့သော အနှိုင်းမဲ့ စွမ်းအားရှင်တစ်ဦးကို လက်ထဲတွင်ပိုင်ဆိုင်ထားခြင်းဖြင့် လာမည့်နှစ်အနည်းငယ်၊ ဆယ်နှစ်၊ သို့မဟုတ် ဆယ်စုနှစ်များစွာ၏ အပြောင်းအလဲနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို သူ သိရှိနိုင်တော့မည်။

မည်သူ့ထံတွင်မျှ မရှိသော ဤကဲ့သို့သော “ထက်မြက်သည့် လက်နက်” မျိုးကို သူ အဘယ်ကြောင့် လက်လွှတ်ခံပါမည်နည်း။

သူမကို သူ၏ဘေးတွင် ထားကာ ပူးပေါင်းဆောင်ရွက်ခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

“မစ္စတာစုန့်၊ ခင်ဗျားရဲ့ သတင်းအချက်အလက်တွေအတွက် ကျေးဇူးတင်ပါတယ်၊ နောက်တစ်ခါ အကူအညီလိုရင် ကျွန်တော့်ဆီကို အချိန်မရွေး လာခဲ့နိုင်ပါတယ်

အိုး... ဒါနဲ့ အခု ခင်ဗျားမှာ နေစရာရော ရှိပြီလား၊ ကျွန်တော့်လက်ထဲမှာ မြစ်ကမ်းနားက အိမ်တစ်လုံး ရှိတယ်၊ ရှုခင်းကတော့ အတော်လေးလှတယ်၊ ခင်ဗျားသာ မကန့်ကွက်ဘူးဆိုရင်တော့ အဲဒီကို ပြောင်းနေနိုင်ပါတယ်

ဘာပဲဖြစ်ဖြစ် မစ်စ်စုန့်ရဲ့ နေရာကို ပြန်သွားဖို့က ခင်ဗျားအတွက်လည်း အဆင်မပြေလောက်တော့ဘူး ထင်တယ်”

အဆင်မပြေရုံတင် မဟုတ်ပါချေ။

လုံးဝမဖြစ်နိုင်တော့ခြင်းသာဖြစ်ပေ၏။

မည်သို့ပင်ဖြစ်စေ စုန့်စစ်ယွီသည်က သူ့ဘက်မှ သူမ၏ အကြီးမားဆုံးသော လျို့ဝှက်ချက်ကို လျို့ကျားယိုထံသိုး ပြောပြလိုက်ကြောင်းကို မကြာမီ သိရှိသွားပေလိမ့်မည်။

ထိုအချိန်တွင် သူမက သူ့ကို အလွယ်တကူ လွှတ်ပေးလိမ့်မည် မဟုတ်ပါချေ။ ထို့ကြောင့် ဤကာလအတွင်း စုန့်ဝေ့အနေဖြင့် စုန့်စစ်ယွီအား ရှောင်ရှားနေခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

လူတစ်ယောက် ရူးသွပ်သွားလျှင် မည်သည့်အရာကိုလုပ်လာနိုင်ကြောင်း မည်သူမှ အာမမခံနိုင်ပေ။

သို့ဖြစ်၍ စုန့်ဝေ့က တစ်စက္ကန့်မျှသာ တုံ့ဆိုင်းနေပြီးနောက်၊ လျို့ကျားယိုထံမှ လိပ်စာနှင့် သော့ကို ပြတ်ပြတ်သားသားပင် ယူလိုက်ကာ ကျေးဇူးတင်စကား ပြောလိုက်လေသည်။

“ကျေးဇူးတင်ပါတယ် မစ္စတာလျို့”

“မဟုတ်တာပဲ၊ ကျွန်တော်ကသာ ခင်ဗျားကို ကျေးဇူးတင်ရမှာပါ”

ထို့နောက် လျို့ကျားယိုက လူတစ်ယောက်ကိုခေါ်ကို မျက်ဝန်းနှင့်အချက်ပြလိုက်လေ၏။ ပြီးနောက် ပါးစပ်ကိုဖွင့်ဟကာ စုန့်ဝေ့ကို ထိုနေအိမ်သို့ လိုက်ပို့ရန်ခိုင်းစေခဲ့သည်။

စုန့်ဝေ့ ထွက်သွားပြီးနောက်တွင်တော့ လျို့ကျားယိုက ဖြည်းညှင်းစွာ ထရပ်ကာ သူ၏ နက်တိုင်ကို ပြင်လိုက်ပြီး ခပ်တိုးတိုး ရယ်မောလိုက်လေသည်။

နောက်ထပ် သွားတွေ့ရမည့်သူမှာ စုန့်စစ်ယွီပင်။

မဟုတ်သေးပေ။

သူတို့က အချင်းချင်း ပြန်လည် မိတ်ဆက်ကြရဦးမည်။

မည်သို့ပင်ဖြစ်စေ သူ့အနေဖြင့် စုန့်စစ်ယွီ၏ သရုပ်မှန်ကို နားလည်သွားခဲ့ပြီ မဟုတ်ပါလား။

အစွမ်းထက်လွန်းသော ပြန်လည်ဝင်စားသူတစ်ဦး။

ဟားဟား...

မည်သည့်အရာကိုမှ မသိသေးသော စုန့်စစ်ယွီမှာတော့ အိမ်တွင်ရှိနေဆဲဖြစ်ကာ၊ မနက်ဖြန် ရောက်ရှိလာမည့်အချိန်ကို စိုးရိမ်တကြီးနှင့် စိတ်လှုပ်ရှားစွာ စောင့်မျှော်နေခဲ့၏။

မနက်ဖြန်ကို ကျော်လွန်သွားပြီးနောက်တွင်တော့ သူမက ဟောင်ကောင်မှ အပြီးအပိုင် ထွက်ခွာနိုင်ကာ လျို့ကျားယို၏ လက်မှ လွတ်မြောက်နိုင်တော့မည်။

မနက်ဖြန်ကို ကျော်လွန်သွားသည်နှင့် သူမ လွတ်လပ်သွားတော့မည်။

တောက်ပသော အနာဂတ်ဆီသို့ သွားနိုင်တော့မည်ပင်။

သို့သော် စုန့်စစ်ယွီ တွေးတောနေချိန်မှာပင် လူခေါ်ဘဲလ်သံ မြည်လာခဲ့သည်။

သူမ ခဏမျှ မှင်သက်သွားပြီးနောက် စုန့်ဝေ့ ပြန်လာခြင်းဖြစ်မည်ဟု တွေးကာ ဒေါသထွက်စွ်ဖြင့် ထရပ်ပြီး တံခါးကို ဖွင့်လိုက်သည်။

သို့သော် တံခါးဝ၌ ရပ်နေသူမှာ စုန့်ဝေ့မဟုတ်ဘဲ လျို့ကျားယို ဖြစ်နေကြောင်းကို တွေ့လိုက်ရသည်။ စုန့်စစ်ယွီ၏အလိုအလျောက်အသိစိတ်မှ ဤအချိန်တွင် လျို့ကျားယို ရောက်လာခြင်းမှာ ကောင်းသောလက္ခဏာမဟုတ်ကြောင်းကို သိနေခဲ့သည်။

သို့သော်လည်း အကြောင်းရင်းကို မသိရှိသေးသည့်အတွက် တည်ငြိမ်ဟန်ဆောင်၍ မေးလိုက်၏။

“မစ္စတာလျို့၊ ဘာလို့ ဒီကို ရောက်နေတာလဲ”

လျို့ကျားယိုက အဓိပ္ပာယ်အပြည့်ဖြင့် ပြုံးလိုက်၏။ သူက စုန့်စစ်ယွီကို ကြည့်ကာ ဖြည်းညှင်းစွာ ပြောလိုက်လေသည်။

“မစ်စ်စုန့်၊ ကျွန်တော် မင်းကို လာရှာတာ”

ဘာလဲ?

စုန့်စစ်ယွီ ရှုပ်ထွေးနေချိန်မှာပင် လျို့ကျားယို၏ ပါးစပ်မှ စကားတစ်ခွန်းကိုကြားလိုက်ရလေသည်။

“ပြန်လည်မွေးဖွား လာရတဲ့ ခံစားချက်က ဘယ်လိုမျိုးလဲ၊ မစ်စ်စုန့်... ကျွန်တော့်ကို ပြောပြနိုင်မလား”

ဝုန်း ..!

ထိုစကားလုံးများက စုန့်စစ်ယွီ၏ နားထဲတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင်။ သူမ၏ တစ်ကိုယ်လုံးမှာလည်း လျှပ်စီးအပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရကာ နေရာတွင်ပင် လုံးဝ မှင်သက်တောင့်တင်းသွားရလေတော့သည်။

“ရှင်... ရှင်... ရှင် ဘာတွေ ပြောနေတာလဲ...”

မဖြစ်နိုင်ဘူး!

မဖြစ်နိုင်ဘူး!

လျို့ကျားယိုက သူမရဲ့ ပြန်လည်မွေးဖွားလာတဲ့အကြောင်းကို ဘယ်လိုသိသွားရတာလဲ။

“မစ်စ်စုန့်၊ အခုလိုအခြေအနေမျိုးကို ရောက်နေတာတောင် ကျွန်တော့်ကို ဖုံးကွယ်ထားချင်သေးတာလား၊ ဒါကတော့ သိပ်ပြီး အဓိပ္ပာယ်မရှိတော့ဘူးထင်တယ်၊ ထားလိုက်ပါတော့... ဒီနေ့ ကျွန်တော် စိတ်ကြည်နေတာဆိုတော့ အထဲကိုဝင်ပြီး အေးအေးဆေးဆေး စကားပြောကြတာပေါ့”

ထိုသို့ပြောပြီးနောက် လျို့ကျားယိုက စုန့်စစ်ယွီ၏ အိမ်တံခါးကို တွန်းဖွင့်ကာ ချက်ချင်းပင် အထဲသို့ ဝင်သွားခဲ့လေ၏။ စုန့်စစ်ယွီ၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်တွင် သူက လူများကို ဦးဆောင်ကာ တစ်လှမ်းချင်း ဝင်သွားခဲ့လေပြီ။

…

တစ်နှစ်ကြာပြီးနောက်။

ကွမ်ကျိုးမြို့၌..

စုန့်ဝေ့ပျောက်ကွယ်သွားပြီး တစ်နှစ်ခန့်အကြာတွင် လင်းရန်တစ်ယောက် စုန့်ဝေ့နှင့် စုန့်စစ်ယွီတို့အကြောင်းကို ပြန်လည်သတိရမိသွားခဲ့လေ၏။

စုန့်ဝေ့မှာ လွန်ခဲ့သည့် တစ်နှစ်က သူမ၏ဆိုင်သို့ ရုတ်တရက်ရောက်ရှိလာကာ စုန့်စစ်ယွီ၏ သတင်းကို မေးမြန်းသွားခဲ့သည်။

ထို့နောက်တွင် လင်းရန်အနေဖြင့် ကွမ်ကျိုးမြို့၌ စုန့်ဝေ့နှင့် စုန့်စစ်ယွီတို့ကို နောက်တစ်ခါ ထပ်မတွေ့ရတော့ပေ။ စုန့်ဝေ့က စုန့်စစ်ယွီကိုရှာရန် ဟောင်ကောင်သို့ သွားခဲ့ကြောင်းကို သူမ သိရှိထားခဲ့သောကြောင့် ထိုသားအဖနှစ်ဦးက ပြန်လည်ဆုံစည်းသွားကြပြီဟုသာ သူမ ခန့်မှန်းမိလေ၏။

စုန့်စစ်ယွီနှင့် စုန့်ဝေ့တို့က ယခင်ကအတိုင်း ပြန်လည်သင့်မြတ်သွားကြကာ ဟောင်ကောင်တွင် အေးအေးချမ်းချမ်း အတူနေထိုင်နေကြမည်ဟုသာ သူမ တွေးတောမိပေသည်။

သူမက စုန့်စစ်ယွီနှင့် စုန့်ဝေ့တို့သားအဖကို မုန်းတီးသော်လည်း သူတို့၏ အခြေအနေကို စုံစမ်းရန် သို့မဟုတ် သူတို့ကို နှောင့်ယှက်ရန်အတွက် ဟောင်ကောင်ကို သွားနေလိမ့်မည်မဟုတ်ပေ။

ထို့ကြောင့် စုန့်ဝေ့ ထွက်ခွာသွားပြီး မကြာမီမှာပင် လင်းရန်က သူတို့အား တဖြည်းဖြည်း မေ့လျော့သွားခဲ့သည်။

နောက်ပိုင်းတွင် သူမနှင့် သူမ၏ဆိုင်အကြောင်းကို လူသိများလာလေလေ၊ လင်းရန်မှာ ပို၍ပင် အလုပ်များလာလေလေဖြစ်နေခဲ့ပြီး မသက်ဆိုင်သည့် လူများနှင့် ကိစ္စရပ်များအပေါ် အာရုံစိုက်ရန် အချိန်မရှိတော့ချေ။

ဤတစ်နှစ်အတွင်း လင်းရန်သာမက ကွမ်ကျိုးပြည်နယ်တစ်ခုလုံးသည်လည်း ကြီးမားသော အပြောင်းအလဲများ ကြုံတွေ့ခဲ့ရ၏။

ဥပမာအားဖြင့် တစ်နိုင်ငံလုံးမှ လူအများအပြား ရောက်ရှိလာကြပြီး စီးပွားရေးလုပ်ကိုင်သူများလည်း ပိုမိုများပြားလာကာ စီးပွားရေးသည်လည်း လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပေသည်။

အကျိုးအမြတ် အများဆုံးရရှိသူများမှာတော့ ကွမ်ကျိုးသို့ ပထမဦးစွာလာရောက် စီးပွားရှာခဲ့ကြသည့် လူများဖြစ်ပေ၏။ ထိုလူများထဲတွင် လင်းကျန်းအန်းလည်း တစ်ဦးအပါအဝင် ဖြစ်ခဲ့သည်။

သူက ကွမ်ကျိုးပြည်နယ်၌ စက်ရုံခွဲတစ်ခု တည်ထောင်ခဲ့ချိန်တွင် အလုပ်ကိစ္စများကို ပိုမိုချောမွေ့စေရန်နှင့် နေရပ်ရှိ စက်ရုံအား ပိုမိုတိုးတက်စေရန်သာ ရည်ရွယ်ခဲ့ခြင်း ဖြစ်၏။

သို့သော် ကွမ်ကျိုးရှိ စက်ရုံမှာ နေရပ်ရှိ စက်ရုံထက်ပင် ပိုမိုတိုးတက်လာကာ အလားအလာပိုကောင်းလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

အလုပ်အကိုင်များ ပိုမိုများပြားလာသည်နှင့်အမျှ သူသည်လည်း ပို၍ အလုပ်များလာလေတော့သည်။ သူက ကွန်မြူနတီထံသို့ လူလွှတ်ပေးရန် အကြိမ်ကြိမ်အကူအညီတောင်းခဲ့သော်လည်း ကွန်မြူနတီ၏ မူဝါဒများမှာလည်း ပြုပြင်ပြောင်းလဲနေချိန်ဖြစ်နေခဲ့သည်။

သူတို့က လင်းကျန်းအန်းနှင့် ဆေးဝါးစက်ရုံကိစ္စကို ကိုင်တွယ်ရန် စိတ်မပါကြတော့ချေ။

အဆုံးတွင် တခြားနည်းလမ်းမရှိတော့ဘဲ ကွန်မြူနတီခေါင်းဆောင်များနှင့် ဆွေးနွေးပြီးနောက် စက်ရုံ၏ စီမံခန့်ခွဲခွင့် အားလုံးကို လင်းကျန်းအန်းထံသို့သာ လွှဲပြောင်းပေးလိုက်ကြလေတော့သည်။

တကယ်တမ်းတွင် ဤစက်ရုံကို လင်းကျန်းအန်းကိုယ်တိုင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး သူတို့၏ ကွန်မြူနတီမှာ အမည်ခံသာ ရှိခဲ့ခြင်းဖြစ်ကာ တခြားအကူအညီများကိုမပေးနိုင်ခဲ့ကြပေ။

ထို့အပြင် လင်းကျန်းအန်းမှာ တစ်နှစ်ကျော်ကြာအောင် ကွမ်ကျိုး၌သာ အခြေချနေထိုင်ခဲ့ရသောကြောင့် ကိစ္စတစ်ခုခုရှိတိုင်း ဖုန်းဆက်သွယ်၍ ဆွေးနွေးနေရခြင်းမှာ အချိန်ကုန်ပြီး အလုပ်ရှုပ်လွန်းသည်။

ထို့ကြောင့်ပင် သူတို့က လုံးဝနုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ပေသည်။

လင်းကျန်းအန်းက ထိုအကြောင်းကို သိရှိရချိန်တွင် သူတို့ကို ဆက်လက်ပါဝင်ရန် ဖျောင်းဖျခဲ့သေး၏။

သူက သံယောဇဉ်ကြီးသူဖြစ်သကဲ့သို့ ၊ အစပိုင်းကာလတွင် ကွန်မြူနတီကသာ ဖိအားများကို တောင့်ခံပေးပြီး ကူညီလျှောက်ထားပေးခြင်း မရှိခဲ့ပါက ဤမျှ ချောမွေ့လိမ့်မည် မဟုတ်ကြောင်းကို သိရှိထားပေသည်။

သို့ဖြစ်၍ စီးပွားရေးလုပ်ငန်းများနှင့် ငွေရှာသည့် ကိစ္စရပ်များတွင် ကွန်မြူနတီက အားစိုက်ထုတ်မှု မရှိသော်လည်း လင်းကျန်းအန်းက ကွန်မြူနတီနှင့် လမ်းခွဲရန် တစ်ခါမျှ မတွေးခဲ့ဖူးပေ။

သို့သော် ကွန်မြူနတီဘက်မှ ဆုံးဖြတ်ချက် ခိုင်မာနေသောကြောင့် လင်းကျန်းအန်းမှာလည်း လက်ခံလိုက်ရတော့သည်။

ကွန်မြူနတီက စီမံခန့်ခွဲခွင့် အားလုံးကို လွှဲပြောင်းပေးလိုက်ပြီးနောက်တွင် လင်းကျန်းအန်းတွင်လည်း စိုးရိမ်စရာများ နည်းပါးသွားရသည်။

သူက ကွမ်ကျိုးမှ လူတချို့ကို အကူအညီပေးရန် ငှားရမ်းလိုက်ပြီး ထို့နောက် တပ်မဟာဆီသို့ ချက်ချင်း ဆက်သွယ်ကာ တတိယမြောက်ညီဖြစ်သူ လင်းကျန်းရှီအား လာရောက်ကူညီရန် ခေါ်ယူလိုက်၏။

အိမ်ဘက်တွင် အစ်ကိုကြီးရှိနေခဲ့လေပြီ။ သူက နေရပ်ရှိ စက်ရုံ၏ အခြေအနေအရပ်ရပ်ကို အကျွမ်းကျင်ဆုံး မန်နေဂျာဖြစ်သောကြောင့် သူ့ကို လာခိုင်းရန်မှာ မဖြစ်နိုင်ပေ။

ကျန်ရှိသည့်လူများကိုလည်း လင်းကျန်းအန်းအနေဖြင့် အပြည့်အဝ မယုံကြည်နိုင်သောကြောင့် သေသေချာချာ စဉ်းစားပြီးနောက်တွင် အငယ်ဆုံးညီဖြစ်သူ လင်းကျန်းရှီကိုသာ ခေါ်ယူရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ကံကောင်းစွာဖြင့် လွန်ခဲ့သည့် နှစ်နှစ်အတွင်း လင်းကျန်းရှီသည်လည်း စိတ်ကို ထိန်းချုပ်နိုင်လာခဲ့သည်။ သူက နေရပ်ရှိ ဆေးဝါးစက်ရုံတွင်လည်း အလုပ်သင်ယူခဲ့သောကြောင့် သူ့ကို ခေါ်ယူလိုက်ခြင်းက လင်းကျန်းအန်းအား ပို၍ သက်သာစေခဲ့၏။

လင်းကျန်းရှီနှင့်အတူ သူ့၏ဇနီးဖြစ်သူ ယင်းဖန်လည်း လိုက်ပါလာခဲ့ပေသည်။

ယင်းဖန်သည်လည်း ဤနှစ်များအတွင်း စက်ရုံ၌ ကူညီလုပ်ကိုင်ပေးရင်း ပညာသင်ယူခဲ့သည်။ ယခုအချိန်တွင် သူမက ယခင်ကကဲ့သို့ အသေးအဖွဲကိစ္စများဖြင့် ပြဿနာရှာတတ်သူ မဟုတ်တော့ဘဲ စာပေတတ်မြောက်ကာ ဆေးဖက်ဝင်အပင်များအကြောင်းကိုလည်း ကောင်းစွာ နားလည်နေလေပြီ။

ထို့အပြင် သူမက စကားပြောဆိုရာတွင်လည်း ပို၍ ထက်မြက်လာခဲ့ချေပြီ။

လင်းကျန်းအန်းအနေဖြင့် ယင်းဖန်၏ လူမှုဆက်ဆံရေး အရည်အချင်းက အလားအလာရှိကြောင်းကို မြင်တွေ့ခဲ့ပြီး သူမအား လုပ်ငန်းပိုင်းဆိုင်ရာအရည်အသွေးများကို လေ့ကျင့်ပေးရန် ရည်ရွယ်ကာ ခေါ်ယူခဲ့လေ၏။

လင်းကျန်းအန်းက သူ့၏ ညီနှင့် ခယ်မဖြစ်သူတို့အား အခြေအနေမရွေး အလိုလိုက်နေခြင်း မဟုတ်ပါချေ။ အပြင်လူများထက် မိသားစုဝင်များကို အခွင့်အရေး ပိုပေးခဲ့ခြင်းသာ ဖြစ်ပေသည်။

သို့သော် သူတို့ကို အခွင့်အရေးပေးပြီးနောက်တွင် လင်းကျန်းရှီနှင့် ယင်းဖန်တို့အနေဖြင့် သတ်မှတ်ထားသော အရည်အချင်းကို မမီခဲ့ပါက သူ့ဘက်မှလည်း ဆက်လက်ခန့်ထားမည် မဟုတ်ပေ။

မည်သို့ပင်ဆိုစေ စက်ရုံမှာ ယခုအချိန်တွင် သူ၏လက်ထဲ၌သာ ရှိနေပြီဖြစ်၍ သူကိုယ်တိုင်အတွက်သာမက စက်ရုံဝန်ထမ်းများအတွက်ပါ တာဝန်ရှိသည်။

လင်းကျန်းရှီနှင့် ယင်းဖန်တို့င ဆွေမျိုးများ ဖြစ်ကြသော်လည်း သူတို့အား အကန့်အသတ်မရှိ အလိုလိုက်၍ မရနိုင်ပါချေ။

ကံကောင်းစွာဖြင့် လင်းကျန်းရှီနှင့် ယင်းဖန်တို့သည်လည်း ယခုတစ်ကြိမ်တွင် သူ့ကို စိတ်မပျက်စေခဲ့ပေ။

ကွမ်ကျိုးရှိ စက်ရုံခွဲသို့ ရောက်ရှိလာကတည်းက သူတို့က အလုပ်တွင် အလွန်တက်ကြွကြပြီး ကြိုးကြိုးစားစားဖြင့် တာဝန်ကျေပွန်စွာ လုပ်ဆောင်ခဲ့ကြ၏။

အပျင်းထူခြင်းနှင့် ကောက်ကျစ်ခြင်းဟူသော အကျင့်ဆိုးများကိုလည်း လုံးဝ ဖယ်ရှားလိုက်ကြလေပြီ။

လင်းကျန်းအန်းက ထိုအချက်ကို မြင်တွေ့ရသောကြောင့် စိတ်ကျေနပ်မှု ရရှိခဲ့လေ၏။

ညီအစ်ကိုများက တွဲဖက်ညီစွာ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်၍ စက်ရုံ၏ တိုးတက်မှုက မကောင်းဘဲမနေတော့ပါချေ။

နှစ်ကုန်၍ အမြတ်ဝေစုခွဲဝေသည့်အချိန်တွင် သူနှင့်အတူ ရင်းနှီးမြှုပ်နှံခဲ့သူများမှာ ပထမနှစ်တွင် ယွမ်ဆယ်ဂဏန်းသာ ရရှိခဲ့ရာမှ ယခုနှစ်တွင်တော့ ထောင်ဂဏန်းအထိ ရရှိခဲ့ကြသည်။

ရာခိုင်နှုန်းအားဖြင့် ရာနှင့်ချီ၍ တိုးတက်လာခဲ့ခြင်း ဖြစ်ပေ၏။

ယွမ်ထောင်ဂဏန်း...

သူတို့အနေဖြင့်တစ်နေ့တွင် ဤမျှလောက်သော ငွေအမြောက်အမြား ရှာဖွေနိုင်လိမ့်မည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးကြချေ။

သူတို့ ယခင်က အလွန်အမင်း အားကျခဲ့ရသော နိုင်ငံပိုင်လုပ်ငန်းမှ အလုပ်သမားများကို ကြည့်ပါက သူတို့၏ လစာမှာ တစ်လလျှင် ဆယ်ဂဏန်းသာရှိပြီး တစ်နှစ်လုံးမှသာ ရာဂဏန်းလောက် ရရှိကြသည်။

သို့သော်လည်း သူတို့ကဲ့သို့လယ်သမားများ၏ ဝင်ငွေမှာတော့ သူတို့ထက်ပင် ကျော်လွန်သွားခဲ့ချေပြီ။

တစ်ဖက်တွင်တော့ မြို့ပေါ်ရှိ နိုင်ငံပိုင်လုပ်ငန်းနှင့် စက်ရုံများစွာက လုပ်ငန်းလည်ပတ်မှု မကောင်းမွန်ကြပါချေ။

လစာများကို လျှော့ချခြင်း မရှိသေးသော်လည်း တခြားခံစားခွင့်များကို တဖြည်းဖြည်း ကန့်သတ်လာကြသည်။

တချို့လူများမှာ အလုပ်ထုတ်ခံရနိုင်သည်ဟူသော သတင်းများကိုပင် ကြားနေရသည်။

ယခင်က သူတို့ ထင်မှတ်ထားခဲ့ကြသော “သံထမင်းပန်းကန်”က တစ်သက်လုံးအတွက် မခိုင်မြဲလောက်တော့ပေ။

ဤသို့ ပြန်ကြည့်မည်ဆိုပါက သူတို့၏ ဆေးဝါးစက်ရုံမှာတော့ ပို၍တိုးတက်လာနေခဲ့လေပြီ။

သူတို့၏ နေ့ရက်များမှာလည်း ပိုမို၍တောက်ပလာတော့မည်ပင်။

နောင်နှစ်တွင် ယွမ်သောင်းဂဏန်းလောက်အထိပင် ရရှိနိုင်ပေလိမ့်မည်။ လူတိုင်း၏ဘဝက သာယာဝပြောလာခဲ့ပြီး အနာဂတ်များကလည်း ပို၍ တောက်ပလာခဲ့လေပြီ။

*

[ပြီးပါပြီ]

All Chapters