← Chapters

အခန်း (၁၂၃-၁၂၄)

Vol. 13 Ch. 123-124

အခန်း (၁၂၃-၁၂၄)

Vol. 13 Ch. 123-124

အခန်း။ ၁၂၃

"နောက်တစ်ခေါက် မင်းလာမှပဲ အေးအေးဆေးဆေး ပြောကြတာပေါ့"

ဝမ်ပင်းက ပြုံးလျက် ပြန်ဖြေလိုက်သည်။

"ကောင်းပါပြီဗျာ"

ဟွမ်းရှန်းက ခေါင်းငြိမ့်ပြပြီး တောင်အောက်သို့ ဆင်းရန် လှည့်ထွက်သွားတော့သည်။

ဟွမ်းရှန်း ထွက်သွားပြီးနောက် ဝမ်ပင်းသည် ချင်ရှန်းဘက်သို့ တစ်ချက်လှည့်ကြည့်လိုက်သော်လည်း သူ၏အကြည့်မှာ ချင်ရှန်း၏နောက်တွင် အစေခံတစ်ဦးကဲ့သို့ ငြိမ်ကုပ်စွာ လိုက်ပါနေဆဲဖြစ်သော မြောင်ရင်ထံ၌သာ ရပ်တန့်သွားသည်။

သူမ၏ ပုံစံမှာ စကားခပ်ကျယ်ကျယ် ပြောမိလျှင်ပင် လူကြီးသူမကို ပြစ်မှားမိတော့မည့်အလား ရိုသေလွန်းနေသည်။

ဝမ်ပင်းက အေးစက်စက် လေသံဖြင့် မေးလိုက်သည်။

"မြောင်ရင်... မင်း ဘယ်လိုဖြစ်ပြီး ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့် ၁၂ ထိ ရောက်လာတာလဲ"

"ရှင်..."

ဝမ်ပင်း ဘာကို ဆိုလိုသည်ကို မြောင်ရင် နားမလည်နိုင် ဖြစ်သွားရသည်။

ဝမ်ပင်းက ဆက်၍ "မင်း မသေမျိုးဂိုဏ်းထဲ ရောက်နေတာ သုံးလေးနာရီလောက် ရှိပြီ။ ကျင့်ကြံဖို့ကော စိတ်မကူးမိဘူးလား" ဟု မေးလိုက်သည်။

"ဒီမှာ အကြီးအကဲရှိနေတာကို ကျွန်မက ဘယ်လိုလုပ်ပြီး..."

မြောင်ရင်၏ စကားမဆုံးခင်မှာပင် ဝမ်ပင်းက ဖြတ်ပြောလိုက်သည်။

"မှတ်ထား အခု မင်းက မသေမျိုးဂိုဏ်းရဲ့ တပည့်တစ်ယောက်ပဲ။ ပတ်ဝန်းကျင်ကို ကြည့်

လိုက်စမ်း။ မင်းကလွဲလို့ ကျန်တဲ့သူတွေထဲမှာ ပွဲကြည့်နေတဲ့သူ တစ်ယောက်ယောက် ရှိသလား။ သူတို့ကော နက်နဲသောအဆင့်ရဲ့ အရှိန်အဝါကို မခံစားမိဘူးလို့ ထင်နေတာလား။ တကယ်လို့ မင်းက မသေမျိုးဂိုဏ်းကို ကစားဖို့သက်သက် လာတာဆိုရင်တော့ အခုပဲ စီနီယာချင်ရှန်းနဲ့အတူ တောင်အောက်ကို ပြန်ဆင်းသွားလိုက်တော့"

ဝမ်ပင်း၏ ဆူပူကြိမ်းမောင်းမှုကြောင့် မြောင်ရင်မှာ ကြောင်အမ်းအမ်း ဖြစ်သွားရသည်။ သူမ တုံ့ပြန်ချင်သော်လည်း ဝမ်ပင်း၏ အေးစက်လှသော အကြည့်အောက်တွင် စကားလုံးတို့မှာ လည်ချောင်းထဲ၌ပင် ပျောက်ကွယ်သွားတော့သည်။

၎င်းကို မြင်သောအခါ ချင်ရှန်းက စိတ်ရှုပ်ထွေးနေသော မြောင်ရင်ကို ကြည့်ကာ "မြောင်ရင်... မင်း လုပ်စရာရှိတာ သွားလုပ်ပါတော့။ နက်နဲသောအဆင့်ကို ရောက်နေတဲ့ အဘိုးကြီးတစ်

ယောက်ကို မင်း နောက်ကလိုက်နေဖို့ မလိုပါဘူး။ စမ်းသပ်ခြင်းမျှော်စင်ကို သွားဖို့ကတော့ ဂိုဏ်းချုပ်ဝမ်ကပဲ ငါ့ကို လိုက်ပို့ပေးပါလိမ့်မယ်" ဟု ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ"

မြောင်ရင်က ခေါင်းငြိမ့်ပြသည်။ သူမ ထွက်မသွားခင် ဝမ်ပင်းကို မကျေမနပ် တစ်ချက်ကြည့်လိုက်ပြီးမှ ဝမ်ပေါ်၏ နောက်သို့ အမှီလိုက်ကာ ကွင်းပြင်အတွင်းမှ ထွက်ခွာသွားတော့သည်။

မြောင်ရင် ထွက်သွားသည်နှင့် ချင်ရှန်းက တခစ်ခစ် ရယ်မောလိုက်ပြီး "ဂိုဏ်းချုပ်ဝမ်က တကယ်ပဲ တပည့်တွေအပေါ် စေတနာ ထားတာပဲ" ဟု ပြောလိုက်သည်။

ဝမ်ပင်းက "သူမက ပျံလွှားငါးကျွန်းက မဟုတ်တော့ဘူး။ မသေမျိုးဂိုဏ်းက တပည့်ပဲ။ ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ ဂိုဏ်းတပည့်တွေအပေါ် တာဝန်ယူရမယ်။ ကျွန်တော်ကတော့ ထူးချွန်တဲ့ တပည့်တွေနဲ့ ထူးချွန်အောင် ကြိုးစားနေတဲ့သူတွေကိုပဲ မြင်ချင်တယ်။ သခင်နဲ့ အစေခံလို ဆက်ဆံရေးမျိုးကို ဒီဂိုဏ်းမှာ မလိုချင်ဘူး" ဟု ပြန်ပြောလိုက်သည်။

"ဂိုဏ်းချုပ်ဝမ်ရဲ့ စေတနာကို နားလည်ပါတယ်။ ဒါပေမဲ့ ဂိုဏ်းချုပ်ဝမ်က ကျွန်တော်တို့ ပျံလွှားငါးကျွန်းရဲ့ အခြေအနေကို မသိလို့ပါ။ မိသားစု အင်အားစုတွေက သူတို့ရဲ့ ဆွေမျိုးသားချင်းတွေကို ဂိုဏ်းတွေထဲ ဝင်ခွင့်မတားပေမဲ့ မသေမျိုးဂိုဏ်းက လက်ရှိမှာတော့ သူမရဲ့ အစေခံအဆင့်အတန်းကို ပြောင်းလဲပေးနိုင်ဖို့ အင်အား သိပ်မရှိသေးဘူး"

ချင်ရှန်းက နှမြောတသစွာ သက်ပြင်းချလိုက်ရင်း မြောင်ရင်၏နောက်သို့ အေးအေးလူလူ လိုက်ပါသွားသော ယွီမိုကို ကြည့်နေမိသည်။

ချက်ချင်းပင် ချင်ရှန်းက "ဂိုဏ်းချုပ်ဝမ်... မြောင်ရင် ပြောတာ ကြားမိတယ်။ ဒီမှာ ထူးခြားတဲ့ သွေးကြောပညာရပ်တွေကို သင်ယူနိုင်တဲ့ စမ်းသပ်ခြင်းမျှော်စင် ရှိတယ်ဆိုတာ ဟုတ်ပါသလား" ဟု မေးလိုက်သည်။

"ထူးခြားတဲ့ သွေးကြောပညာရပ်"

"မီးလျှံတွေကို ထုတ်လွှတ်နိုင်တဲ့ နည်းစနစ်မျိုးလေ။ အဲဒီပညာရပ်ရှိမှသာ ဓာတ်ကြီးငါးပါးကို ထိန်းချုပ်နိုင်တာ မဟုတ်လား"

ဝမ်ပင်းသည် ယခုမှ သဘောပေါက်သွားပြီး စိတ်ဝင်တစား ဖြစ်နေသော ချင်ရှန်း၏ မျက်နှာကို ကြည့်ကာ စိတ်ထဲမှ ခိုးပြုံးလိုက်သည်။

ထို့နောက် "စီနီယာချင်ရှန်း... ဒီမေးခွန်းကို ကျွန်တော် ဖြေနိုင်မှာ မဟုတ်ဘူး" ဟု ပြောလိုက်သည်။

"ဘာလို့လဲ"

ချင်ရှန်း အံ့ဩသွားသည်။

ဝမ်ပင်းက "ဘာလို့လဲဆိုတော့ ခင်ဗျားက မသေမျိုးဂိုဏ်းဝင် မဟုတ်လို့ပဲ။ ဒီမှာ တစ်နာရီလောက် ကြာနေပြီဆိုတော့ အခု ပြန်ရင် ကောင်းမယ်။ သိချင်တာရှိရင် မနက်ဖြန်မှ ပြန်လာခဲ့ပါ။ ဒါပေမဲ့ ကျွန်တော် ရှိချင်မှ ရှိမှာနော်" ဟု ပြန်ဖြေလိုက်သည်။

ချင်ရှန်းက ချက်ချင်းပင် "နေပါဦး... ခုနကတောင် ငါ မင်းကို ကူညီခဲ့သေးတယ်လေ။ အခွင့်အရေးလေး တစ်ခုလောက် မပေးနိုင်ဘူးလား"

"လူတိုင်းကို တန်းတူ ဆက်ဆံတာ ဂိုဏ်းရဲ့ စည်းကမ်းပဲ။ နောက်ပြီး ကျွန်တော်က ခင်ဗျားကို ကူညီဖို့ မတောင်းဆိုခဲ့ဘူးလေ"

"ငါ... ငါကတော့..."

ချင်ရှန်းက မချိပြုံး ပြုံးလိုက်ရသည်။ ဝမ်ပင်း ပြောသည်မှာ မှန်နေသဖြင့် သူ ဘာမှ ပြန်မပြောနိုင်တော့ပေ။ တကယ်တမ်း သူဝင်မပါလျှင်လည်း ထိုတောင်ခွေးကြီးက လှုပ်ရှားလိမ့်မည်ဖြစ်ရာ အချိန်တွေပင် ဤမျှ ကုန်ဆုံးသွားလိမ့်မည် မဟုတ်ပေ။

ခဏအကြာတွင် ချင်ရှန်းက အံကြိတ်လျက် "ဒါဆို ငါ မသေမျိုးဂိုဏ်းထဲ ဝင်မယ်လေ။ အဲဒါဆိုရင်ကော ရပြီလား" ဟု ပြောလိုက်သည်။

ဝမ်ပင်း စိတ်ကျေနပ်သွားကာ စနစ်ကို စိတ်ထဲမှ တိုးတိုးလေး မေးလိုက်သည်။

“စနစ်... နက်နဲသောအဆင့် တစ်ယောက်အတွက် ဂိုဏ်းဝင်ကြေးက ရွှေဒင်္ဂါး တစ်ထောင်ပဲလား”

စနစ်၏ အဖြေက ချက်ချင်း ရောက်လာသည်။

"လောလောဆယ်တော့ မပြောင်းလဲသေးပါဘူး။ ဒါပေမဲ့ သခင်က ပထမဆုံး နက်နဲသောအဆင့် ပညာရှင်တစ်ယောက်ကို စည်းရုံးပြီးတာနဲ့ ဂိုဏ်းဝင်ကြေး စနစ်က အလိုအလျောက် ပြောင်းလဲသွားပါလိမ့်မယ်"

“ဘာကို ပြောင်းမှာလဲ”

"စောင့်ကြည့်ရမှာပေါ့။ ဒါပေမဲ့ ဈေးနှုန်းကတော့ သေချာပေါက် တက်သွားမှာပါ"

ဝမ်ပင်းမှာ စိတ်ပျက်လက်ပျက် ပြုံးလိုက်မိသည်။ သူ အကြောက်ဆုံးအရာက ရောက်လာသည်။ နက်နဲသောအဆင့် ပညာရှင်တစ်ယောက်က ဂိုဏ်းထဲဝင်ချင်နေချိန်မှ ဈေးနှုန်းတိုးမြှင့်ရန် ကြံစည်နေသော စနစ်မှာ သူ့ကို အခက်တွေ့အောင် လုပ်နေခြင်းပင်။

"ဂိုဏ်းချုပ်ဝမ်"

ချင်ရှန်းက ဝမ်ပင်းအား ပြန်ခေါ်လိုက်သည်။

ဝမ်ပင်းဘက်မှ မည်သည့်တုံ့ပြန်မှုမျှ မရှိသည်ကို သတိပြုမိသွားသောအခါ ချင်ရှန်းမှာ စိုးရိမ်တကြီးဖြင့် အော်ခေါ်လိုက်မိသည်။

ဝမ်ပင်း သတိပြန်ဝင်လာပြီး တောင်းပန်စကားဆိုကာ "မသေမျိုးဂိုဏ်းထဲကို ဝင်ဖို့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အရင်ဦးဆုံး ဂိုဏ်းဝင်ကြေး ရွှေဒင်္ဂါး ၁၀၀၀ ပေးဆောင်ရပါမယ်" ဟု ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရချိန်တွင် ချင်ရှန်းမှာ အစပိုင်း၌ အတန်ငယ် အားမလိုအားမရ ဖြစ်သွားမိသည်။

အကယ်၍ သူသာ ကြယ်နှစ်ပွင့်အဆင့် ဂိုဏ်းတစ်ခုခု၏ အကြီးအကဲများထံ ဤသို့ပြောခဲ့မည်ဆိုပါက သူတို့သည် သူ့ကို အလွန်အမင်း ရိုသေကိုင်းရှိုင်းစွာဖြင့် တောင်ပေါ်သို့ ပင့်ဆောင်သွားကြမည်မှာ အမှန်ပင်။

သို့သော် မသေမျိုးဂိုဏ်း၏ စမ်းသပ်ခြင်းမျှော်စင်ကို တွေးတောမိလိုက်သောအခါ ချင်ရှန်းက ပြုံးလျက် "ငါသာ ဂိုဏ်းထဲဝင်လိုက်ရင် မသေမျိုးဂိုဏ်းမှာ ငါ့စိတ်ကြိုက် နေထိုင်ခွင့်ရှိမှာလား" ဟု မေးလိုက်သည်။

"သေချာတာပေါ့"

ဝမ်ပင်းက ပြန်ဖြေသည်။

"ဒါဆိုရင် ငါ့အတွက် ရာထူးတစ်ခုခုလည်း ရှိသင့်တာပေါ့"

"နည်းပြအကြီးအကဲအဖြစ် ထားပေးပါ့မယ်။ အခြေအနေပေးရင် မသေမျိုးဂိုဏ်းရဲ့ တပည့်တွေကို လမ်းညွှန်ပြသပေးရမှာပေါ့"

...

ဆန်းဝူမြို့အတွင်း ဆွန်ဝူနှင့် စီကုန်းပိုင်တို့သည် မိုယွီ၏ ခုတင်ဘက်သို့ မျက်နှာမူကာ ဒူးထောက်နေကြသည်။ မှိန်ပျပျ ဖယောင်းတိုင်အလင်းမှာ လူးလွန့်နေပြီး သူတို့သည် ခေါင်းကို ငုံ့ထားကြသဖြင့် မျက်နှာများကို မမြင်ရပေ။

အသက်မဲ့လုနီးပါးဖြစ်ကာ ဆီးနှင်းကဲ့သို့ ဖြူလျော့နေသော မိုယွီ၏ ရှေ့မှောက်တွင် သူတို့မှာ အသက်ပင် ပြင်းပြင်းမရှူရဲကြပေ။

အထူးသဖြင့် မိုယွီ၏ မျက်နှာထက်မှ မျှော်လင့်ချက်ကင်းမဲ့နေသော အမူအရာကို မြင်ရသောအခါ သူတို့၏ ရင်ထဲတွင် တထိတ်ထိတ် ဖြစ်နေတော့သည်။

ရုတ်တရက် မိုယွီသည် ခုတင်ပေါ်မှ အတင်းထထိုင်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ၏ အသံမှာ ရက်ပေါင်းများစွာ ရေမသောက်ရသည့်အလား အက်ကွဲကာ ခြောက်ကပ်နေ၏။

"ကောင်းကင်ကြီးက ငါ့ကို ပစ်ပယ်လိုက်ပြီပဲ"

မိုလင်းက ရှေ့သို့ အမြန်တိုးကာ မိုယွီကို တွဲကူလိုက်ရင်း သူကိုယ်တိုင်ပင် မယုံကြည်သော စကားများကို ပြောလိုက်သည်။

"အဖေ... စိတ်မပူပါနဲ့ နည်းလမ်းတစ်ခုခု ရှိမှာပါ"

မိုယွီက မျက်လုံးများကို မှိတ်လိုက်ပြီး စကားတစ်ခွန်းကို ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ဒီည... ဒါမှမဟုတ် မနက်ဖြန်ညပဲ"

မိုလင်းနှင့် ဆွန်ဝူတို့၏ မျက်နှာများမှာ ပိုမို ညှိုးငယ်သွားကြသည်။

မိုယွီ ဘာကို ဆိုလိုသည်ကို သူတို့ ကောင်းကောင်း သိကြသည်။

ဒီည သို့မဟုတ် မနက်ဖြန်ညတွင် သေဆုံးရတော့မည်ဖြစ်ရာ ဆက်လက် အသက်ရှင်ရန် မျှော်လင့်ချက် လုံးဝ မရှိတော့ပေ။

မိုယွီသာ ကွယ်လွန်သွားခဲ့ပါက ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့အနေဖြင့် နက်နဲသောအဆင့် အလယ်အလတ်ပိုင်းပညာရှင်တစ်ဦး ဆုံးရှုံးရမည်ဖြစ်ရာ ၎င်းမှာ မဟာမိတ်အဖွဲ့ တစ်ခုလုံးအတွက် အကြီးအကျယ် နစ်နာမှုပင်။

သို့သော် မိုလင်းမှာ ထိုအချက်ကို လက်ခံပြီးသားပုံပေါ်ပြီး ဒဏ်ရာဗရပွနှင့် ဆွန်ဝူတို့ နှစ်ဦးဘက်သို့ လှည့်ကြည့်လိုက်သည်။

သူတို့နှစ်ဦးကို ပထမဆုံး မြင်လိုက်ရစဉ်ကပင် တုန်လှုပ်ခဲ့ရသော်လည်း ယခုတစ်ခေါက် ထပ်မံကြည့်မိချိန်တွင်လည်း အံ့ဩနေဆဲပင်။

နက်နဲသောအဆင့် ပညာရှင်နှစ်ဦး တောင်ပေါ်တက်သွားခြင်းမှာ အောင်မြင်မှု ရလိမ့်မည်ဟု သူ ထင်ထားခဲ့သော်လည်း မထင်မှတ်ဘဲ ယွင်လန်တောင်ပေါ်တွင် နက်နဲသောအဆင့် ပညာရှင် သုံးဦးအထိ ရှိနေခဲ့သည်။

ဤကဲ့သို့သော အင်အားစုမျိုးမှာ ကြယ်နှစ်ပွင့်အဆင့် ဂိုဏ်းအမြောက်အမြားထက်ပင် သာလွန်နေသည်။

"မိတ်ဆွေတို့... အရင်ဆုံး ဒဏ်ရာတွေကို ကုသလိုက်ကြပါဦး"

မိုလင်းက သက်ပြင်းချရင်း ဆွန်ဝူနှင့် စီကုန်းပိုင်တို့ကို ထူပေးလိုက်သည်။

သူတို့ မတ်တတ်ရပ်လိုက်သောအခါမှ ဒဏ်ရာများမှာ ပိုမို ထင်ရှားလာတော့သည်။ တစ်ကိုယ်လုံးတွင် ဒဏ်ရာများ ပြည့်နှက်နေပြီး အချို့နေရာများတွင် ဆန်စေ့ခန့်ရှိသော ကျောက်စရစ်ခဲများပင် စွဲကပ်နေဆဲပင်။

ဆွန်ဝူက အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ဒဏ်ရာတွေက အပေါ်ယံပါပဲ အရေးမကြီးပါဘူး။ ဝမ်ပင်းကို ခေါ်မလာနိုင်ခဲ့တာကိုပဲ ငါတို့ တကယ် အားနာမိပါတယ်"

ဆွန်ဝူသည် နောင်တနှင့် နာကျင်မှုတို့ ပြည့်နှက်နေသော သူ၏မျက်နှာကို သူတစ်ပါး မမြင်စေရန် ခေါင်းငုံ့ထားဆဲပင်။

စီကုန်းပိုင်ကမူ ချက်ချင်း လက်သီးဆုပ်ကာ မိုယွီကို တောင်းပန်လိုက်သည်။

"သခင်ကြီး မိုယွီ... ကျွန်တော့်ကို အပြစ်ပေးပါ။ ဒီတာဝန်ကို ကျွန်တော် တစ်ဦးတည်း တာဝန်ယူပါ့မယ်"

မိုယွီက လက်ဝှေ့ယမ်းပြလိုက်ပြီးနောက် မျက်နှာကြက်ဆီသို့ လက်ညှိုးညွှန်လျက် သူ၏ နောက်ဆုံးအင်အားကို သုံးကာ နာကျည်းမှု၊ ဒေါသ၊ မကျေနပ်မှုတို့ ရောပြွမ်းနေသော အသံဖြင့် ပြောလိုက်သည်။

"ဝမ်ပင်းက ငါ့ကို သေစေချင်မှတော့... သူ မသေမျိုးဂိုဏ်းကို ပြန်လည် ထူထောင်တာကိုလည်း ငါ လုံးဝ ခွင့်မပြုနိုင်ဘူး။ ငါ မရှိတော့တဲ့အခါ မသေမျိုးဂိုဏ်းကို ငါ့အတွက် နှိမ်နင်းပေးကြပါ။ အရှေ့အိုင်ကနေ အပြီးတိုင် ဖယ်ရှားပစ်ပြီး သူ့ကို ငါ့ဂူသင်္ချိုင်းရှေ့ ခေါ်လာပြီး ခေါင်းဖြတ်လိုက်ကြ"

"နားလည်ပါပြီ"

"ကျွန်တော်တို့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ပါ့မယ်"

ဆွန်ဝူနှင့် စီကုန်းပိုင်တို့က တစ်ပြိုင်နက်တည်း ပြန်ဖြေလိုက်ကြသည်။

သူတို့နှစ်ဦး လက်သီးဆုပ် ဂါရဝပြုနေစဉ်မှာပင် မိုယွီ၏ လက်ညှိုးညွှန်ထားသော လက်မှာ အားအင်ကုန်ခမ်းစွာဖြင့် ခုတင်ပေါ်သို့ ကျဆင်းသွားတော့သည်။

"အဖေ"

"သခင်ကြီး"

"သခင်ကြီး"

သုံးဦးစလုံးမှာ ထိတ်လန့်တကြား အော်ဟစ်လျက် ခုတင်ဘေးသို့ ပြေးကပ်ကာ မိုယွီကို ကြည့်လိုက်ကြသည်။ မိုယွီ၏ မျက်လုံးများမှာ ပြူးကျယ်နေဆဲ ဖြစ်သော်လည်း အသက်ရှူသံမှာမူ ရပ်တန့်သွားခဲ့သည်။

တစ်ခေတ်တစ်ခါက ထင်ရှားကျော်ကြားခဲ့သော ပရိယာယ်ကြွယ်ဝသူ မိုယွီသည် ပြိုင်ဘက်၏ လက်ချက်ဖြင့် သေဆုံးခဲ့ရခြင်း မဟုတ်သလို မိစ္ဆာကြီးတစ်ကောင်နှင့် တိုက်ခိုက်ရင်း ဂုဏ်သိက္ခာရှိစွာ သေဆုံးခဲ့ရခြင်းလည်း မဟုတ်ပေ။

ခုတင်ပေါ်တွင် ရောဂါဝေဒနာဖြင့်သာ အရှုံးပေးသွားခဲ့ရသည်။

အို...

ဆွန်ဝူနှင့် အခြားသူများမှာ သက်ပြင်းချလျက် တိတ်ဆိတ်သွားကြသည်။ အချိန်များ ကုန်ဆုံးသွားသည်နှင့်အမျှ အခန်းအပြင်ဘက်မှ လူများ စုရုံးရောက်ရှိလာကာ ဒူးထောက်ငိုကြွေးကြသည်ကိုလည်းကောင်း၊ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့တွင် အဖြူရောင် မီးအိမ်များ ချိတ်ဆွဲလာကြသည်ကိုလည်းကောင်း၊ မိုယွီ၏ ရုပ်အလောင်းကို ရွှေရောင်ခေါင်းတလားအတွင်း ထည့်သွင်းကာ ဆန်းဝူမြို့ပြင်ရှိ မှောင်မိုက်သော ညယံအတွင်းသို့ မြင်းရထားဖြင့် သယ်ဆောင်သွားကြသည်ကိုလည်းကောင်း သူတို့ ငေးကြည့်နေမိကြသည်။

ရထားဘီးသံများမှာ တဖြည်းဖြည်း ဝေးကွာသွားပြီး ပျောက်ကွယ်သွားတော့သည်။

သူတို့၏ နားထဲတွင်မူ မိုယွီ၏ နောက်ဆုံးမှာကြားချက်မှာ ပဲ့တင်ထပ်နေဆဲပင်...။

အခန်း။ ၁၂၄

မသေမျိုးဂိုဏ်းနှင့် အကျွမ်းတဝင်ရှိသွားပြီးနောက် ချင်ရှန်းသည် ယွီမိုနောက်သို့လိုက်ကာ အဆောင်ဧရိယာဘက်သို့ ထွက်လာခဲ့သည်။

လောကတွင် တိုက်ဆိုင်မှုမရှိလျှင် ဇာတ်လမ်းတစ်ပုဒ်က ပြည့်စုံနိုင်မည်မဟုတ်ပေ။ ချင်မိုသည် ချူးယောက်တောင်မှ ပြန်လာပြီး ရေချိုးအဝတ်အစားလဲရန် ပြင်ဆင်နေစဉ်မှာပင် ချင်ရှန်းနှင့် ပက်ပင်းတိုးတော့သည်။

ချင်မိုက ချက်ချင်းပင် အော်ဟစ်လိုက်သော်လည်း သူ၏မျက်နှာတွင် ဒေါသရိပ်များ ဖုံးလွှမ်းနေသည်။

"ဦးလေးချင် ကျွန်တော် ပျံလွှားငါးကျွန်းက ထွက်လာတုန်းက ဦးလေးကို ဘာမှာခဲ့လဲ။ ဦးလေးကကော ကျွန်တော့်ကို ဘယ်လိုကတိပေးခဲ့လဲ"

ချင်ရှန်းက အလျင်အမြန်ပင် ရှင်းပြရတော့သည်။

"သခင်လေး... သခင်လေး အထင်လွဲနေပါပြီ။ ကျွန်တော် တကယ်ပဲ သခင်လေးနောက်ကို လိုက်လာတာ မဟုတ်ပါဘူး"

"ဒါဆို ဦးလေးက ဘာကိစ္စနဲ့ မသေမျိုးဂိုဏ်းကို ရောက်နေရတာလဲ"

ချင်မိုက စိတ်ထဲမှ တွေးနေမိသည်။

ကဲ... ဇာတ်လမ်းတွေ ဆင်ကြည့်စမ်းပါဦး။ ဘယ်လိုလိမ်ညာချက်မျိုး ထွက်လာမလဲ ကြည့်ရသေးတာပေါ့။ ခုနကတင် ဗြောင်ကျကျ ဖုံးကွယ်ဖို့ ကြိုးစားနေတာ မဟုတ်ဘူးလား။

ချင်ရှန်းက နဖူးမှချွေးစများကို သုတ်လိုက်ရင်း "ကျွန်တော်က မသေမျိုးဂိုဏ်းမှာ နည်းပြအကြီးအကဲအဖြစ် ဝင်လိုက်တာပါ။ သခင်လေး ဒီမှာရှိနေတာကိုလည်း အခုမှပဲ သိရတာပါ"

"မဖြစ်နိုင်တာ"

"သခင်လေး... ကျွန်တော် လိမ်မပြောပါဘူး"

ချင်ရှန်း၏ ရှင်းပြချက်အပေါ် ချင်မိုက သံသယဝင်နေဆဲပင်။

ထိုအချိန်တွင် ယွီမိုက ကြားဖြတ်၍ ပြောလိုက်သည်။

"သူ့အတွက် ငါ အာမခံပါတယ်။ ဒီအဘိုးကြီးက တကယ်ပဲ မသေမျိုးဂိုဏ်းရဲ့ နည်းပြအကြီးအကဲပါ။ ဂိုဏ်းထဲမှာတော့ သူ့ကိုတွေ့ရင် အကြီးအကဲလို့ပဲ ခေါ်ရလိမ့်မယ်"

ယွီမို၏ စကားကြောင့် ချင်ရှန်းကလည်း ဟုတ်တယ်ဟု ခေါင်းငြိမ့်ပြသည်။

ယွီမိုကပါ အတည်ပြုပေးလိုက်သဖြင့် ချင်မို၏ မျက်နှာမှာ ပြေလျော့သွားပြီး "ဒီလိုဆိုရင်လည်း ဒီကိစ္စကို ကျွန်တော် ဆက်မပြောတော့ပါဘူး။ အတော်ပဲပေါ့... ကျွန်တော် ဦးလေးကို မသေမျိုးဂိုဏ်းရဲ့ အနှံ့အပြားကို လိုက်ပြပေးမယ်"

ရာသီဥတုက ခန့်မှန်းရခက်သည်ဟု ဆိုကြသော်လည်း ချင်မို၏ အမူအရာမှာ စာအုပ်တစ်အုပ်ကို လှန်လိုက်သကဲ့သို့ပင်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ဒေါသများ ပျောက်ကွယ်သွားပြီး အပြုံးများဖြင့် အစားထိုးဝင်ရောက်လာသည်။

ပြီးပြည့်စုံသော ရှင်းပြချက်ကို ရရှိပြီးနောက် သူသည် မသေမျိုးဂိုဏ်း၏ ထူးခြားဆန်းပြားမှုများကို အဆောင်ဧရိယာမှ စတင်ကာ ချင်ရှန်းအား မိတ်ဆက်ပေးတော့သည်။

အဆောင်တွင် နေထိုင်ခမှာ တစ်ရက်လျှင် ရွှေဒင်္ဂါး ၅၀ ကျသင့်သည်ဟု ကြားလိုက်ရချိန်တွင် ချင်ရှန်းမှာ ဆွံ့အသွားရ၏။

"သခင်လေး... မသေမျိုးဂိုဏ်းက တည်းခိုခတောင် ယူတာလား"

ချင်မိုက ခေါင်းငြိမ့်ပြကာ "စားသောက်စရိတ်ကလွဲလို့ ကျန်တာမှန်သမျှ ဒီဂိုဏ်းမှာ ပိုက်ဆံပေးရတယ်။ ဒါပေမဲ့ အဆောင်မှာ တစ်ခါလောက် နေကြည့်လိုက်တာနဲ့ ဦးလေး လုံးဝ နောင်တရမှာ မဟုတ်ဘူးဆိုတာ ကျွန်တော် အာမခံတယ်"

ချင်ရှန်းက မချိပြုံး ပြုံးလိုက်ပြီး "ရွှေဒင်္ဂါး ၅၀ က သိပ်မများဘူး ဆိုပေမဲ့ ဂိုဏ်းသားတွေဆီက တည်းခိုခယူနေရင် ဘယ်သူက လာဝင်မှာလဲ။ ကျွန်တော်ကတော့ အဆောင်မှာ အိပ်မှာ မဟုတ်ဘူး"

အမွှေးတိုင် တစ်ဝက်ခန့် ကုန်ဆုံးပြီးနောက် ချင်ရှန်းသည် အဆောင်အတွင်း၌ ရပ်နေရင်း နဂါးမင်း၏အမျက်ဒေါသအသိဉာဏ်များ သူ၏စိတ်ထဲသို့ စီးဝင်လာသည်ကို ခံစားလိုက်ရပြီး ပါးစပ်ပင် မပိတ်နိုင်တော့ပေ။

အသံလှိုင်း သွေးကြောပညာရပ်ဟူသည်မှာ ဓာတ်ကြီးငါးပါးထက်ပင် သာလွန်သောအရာ ဖြစ်သည်။ သာမန် သွေးကြောတံခါးများမှ ထုတ်လွှတ်နိုင်သည်ဟု ဆိုသော်ငြား ဤပညာရပ်မျိုးမှာ ထူးခြားသော သွေးကြောပညာရပ်များထက်ပင် ရှားပါးသည်။

တစ်ရက်လျှင် ရွှေဒင်္ဂါး ၅၀ မကဘဲ ၁၀၀ ဆိုလျှင်ပင် သူ နေဦးမည် ဖြစ်သည်။

ချင်မိုက ဘေးမှနေ၍ ရယ်မောကာ "ဦးလေးချင်... ဦးလေးပဲ မနေဘူးဆို"

"ငါ မှားပြောမိတာပါ... စကားအမှားပါပဲ"

ချင်ရှန်း၏ မျက်နှာအိုကြီးမှာ နီမြန်းသွားပြီး ချက်ချင်းပင် အကြောင်းပြချက်တစ်ခုဖြင့် ဖုံးကွယ်လိုက်ရသည်။

ချင်မိုက ရယ်မောလျက် "ကဲ... ဒါဆိုလည်း ဦးလေးအတွက် အခန်းတစ်ခန်း ရှာလိုက်တော့။ ကျွန်တော်ကတော့ သွားကျင့်ကြံတော့မယ်"

"ကောင်းပါပြီ သခင်လေး"

ထို့နောက် ချင်ရှန်းသည် အားလပ်နေသော အခန်းတစ်ခန်းထဲသို့ ဝင်လိုက်သည်။ သူသည် ကုလားထိုင်တစ်ခုကို တွေ့သဖြင့် ခဏနားရန် ထိုင်လိုက်ရာ ထိုင်လိုက်သည်နှင့် တပြိုင်နက် နိမ့်ဆင်းသွားသဖြင့် ချင်ရှန်းမှာ ထိတ်လန့်တကြား ခုန်ထမိတော့သည်။

သို့သော် ထပ်မံ၍ ထိုင်ကြည့်လိုက်သည့်အခါတွင်မူ ချင်ရှန်း၏ မျက်နှာတွင် သာယာကျေနပ်သော အမူအရာများ ပေါ်လာတော့သည်။

တကယ့်ကို ကောင်းမွန်သော ကုလားထိုင်ပင်။

ခြုံငုံကြည့်ရလျှင် သူသည် အဆောင်ဧရိယာကို အတော်လေး ကျေနပ်မိသော်လည်း သူ့ကို အတန်ငယ် ကြောက်ရွံ့စေသော ထူးခြားသည့် အရှိန်အဝါတစ်ခုကိုလည်း ခံစားနေရသည်။

ထိုအရှိန်အဝါနှင့် ပတ်သက်၍ သူ တစ်ခုခုကို ရိပ်မိနေသော်လည်း စိတ်ထဲတွင် အတည်မပြုရဲသေးပေ။

ညဉ့်နက်၍ လူသူကင်းရှင်းချိန်တွင် သူသည် ရေကန်ထဲရှိ ရေအောက်ကို မနေနိုင်ဘဲ ကြည့်လိုက်မိသည်။

ထိုအခါ ထိတ်လန့်တကြားဖြင့် ချက်ချင်း နောက်ဆုတ်လိုက်ရ၏။

တကယ့်ကို ကြောက်စရာကောင်းလွန်းတယ်။

ငါ့ရဲ့ လင်းယုန်မျက်လုံးနဲ့တောင် ဘာမှမမြင်ရပါလား။

နောက်တစ်နေ့ မနက်ခင်း၌ အရုဏ်တက်ချိန်တွင် ရန်လီလီနှင့် အခြားသူများသည် စာကြည့်တိုက်ဆောင်သို့ ရောက်ရှိလာကြပြီး တံခါးရှေ့တွင် စုရုံးကာ စိတ်မရှည်စွာ စောင့်ဆိုင်းနေကြသည်။

"ဂိုဏ်းချုပ်က စမ်းသပ်ခြင်းမျှော်စင်ကို ဖွင့်ပေးဖို့ ဘာလို့ အခုထိ ရောက်မလာသေးတာလဲ"

ရန်လီလီသည် စာကြည့်တိုက်တံခါးကို ပုတ်ရင်း ဝမ်ပင်း ပေါ်လာမည့်အချိန်ကို မျှော်လင့်တကြီး စောင့်နေသည်။

ယွန်းလျောင်မှာမူ အကြီးအကဲတစ်ဦး ဖြစ်သည့်အားလျော်စွာ ရန်လီလီကဲ့သို့ မပြုမူဘဲ ဘေးတွင် လက်ပိုက်လျက် မျက်လုံးမှိတ်ကာ တိတ်ဆိတ်စွာ ရပ်နေ၏။

ထိုအချိန်တွင် အိပ်ရာမှ နိုးနိုးချင်းဖြစ်သော ချင်ရှန်းသည် လူသူမတွေ့သဖြင့် ပတ်ဝန်းကျင်ကို လိုက်လံရှာဖွေရာမှ သူ ခံစားမိသော အရှိန်အဝါအတိုင်း လိုက်လာပြီး စာကြည့်တိုက်ဆောင်ကို တွေ့ရှိသွားသည်။

ချင်မိုအပါအဝင် လူငါးဦး စာကြည့်တိုက်ရှေ့တွင် စောင့်နေကြသည်ကို မြင်သောအခါ သူ အတန်ငယ် အံ့ဩသွားသည်။

မနေ့ညက အကျွမ်းတဝင်ရှိသွားကြပြီဖြစ်ရာ လူတိုင်းက ဤအကြီးအကဲအသစ်ကို မှတ်မိကြသည်။

ချင်ရှန်း လျှောက်လာသည်ကို မြင်သောအခါ ရန်လီလီနှင့် အခြားသူများက "အကြီးအကဲချင်" ဟု နှုတ်ဆက်ကြသည်။

"သခင်လေး... အားလုံး ဒီမှာပါလား..."

သူ့စကားမဆုံးခင်နှင့် ချင်မို ပြန်မဖြေခင်မှာပင် ချင်ရှန်း၏ မျက်နှာအမူအရာမှာ ဘေးပတ်ဝန်းကျင်ရှိ လူများကို ကြည့်ရင်း လုံးဝ ပြောင်းလဲသွားတော့သည်။

တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်...

ဘာဖြစ်လို့ ဒီမှာရှိတဲ့ လူတွေအားလုံးက သန့်စင်သောခန္ဓာကိုယ်ပိုင်ဆိုင်ထားတဲ့ ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ကျင့်ကြံသူတွေ ဖြစ်နေရတာလဲ။

သူသည် နက်နဲသောအဆင့်ပညာရှင်တစ်ဦး ဖြစ်သည့်အားလျော်စွာ ဤလူငယ်များအားလုံး သန့်စင်သောခန္ဓာကိုယ်ပိုင်ဆိုင်ထားကြသည်ကို လုံးဝ မှားယွင်းစွာ မြင်မိခြင်း မဟုတ်ကြောင်း သေချာသည်။

ထို့နောက် သူသည် မနေ့ညက မေ့လျော့နေခဲ့သော အလုပ်တစ်ခုကို အာရုံစိုက်လိုက်သည်။ ၎င်းမှာ ထိုလူငယ်များ၏ ကျင့်ကြံမှုအဆင့်ကို စစ်ဆေးခြင်းပင်။

စစ်ဆေးကြည့်လိုက်သောအခါတွင်မူ သူသည် အကြီးအကျယ် ထပ်မံတုန်လှုပ်သွားရပြန်သည်။

ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ၆ တစ်ယောက်နှင့် အဆင့် ၇ နှစ်ယောက်နှင့် ထို့အပြင် သူတို့အားလုံးသည် အသက် ၁၅ နှစ် သို့မဟုတ် ၁၆ နှစ် ဝန်းကျင်များသာ ရှိကြသေးသည်။

"ဒါ... ဒါကတော့..."

ချင်ရှန်းမှာ စကားပင် မပြောနိုင်တော့ပေ။

စာကြည့်တိုက်ဆောင်နှင့် အဆောင်ဧရိယာနားတွင် ဤကဲ့သို့ ပါရမီရှင်ထူးချွန်သူများ တစ်ပြိုင်နက်တည်း ပေါ်ထွက်လာခြင်းကို သူ မစဉ်းစားချင်တော့သော်လည်း ဤအခြေအနေမှာ လက်ခံနိုင်စရာပင် ရှိသေးသည်။

ထိုအချိန်တွင် ကျောက်ယီသည် ပင်မဆောင်အပြင်ဘက်မှ ပြေးဝင်လာပြီး "ညီအစ်ကိုတို့၊ အကြီးအကဲတို့... ဂိုဏ်းချုပ်က အရင်ဆုံး မနက်စာ သွားစားကြဖို့ ပြောလိုက်ပါတယ်" ဟု ပြောလိုက်သည်။

"မနက်စာ"

ရန်လီလီနှင့် အခြားသူများမှာ ချက်ချင်းပင် ဇဝေဇဝါ ဖြစ်သွားကြသည်။

ထို့နောက် သူတို့က စတင်၍ ညည်းညူကြတော့သည်။

"ဟွမ်ယီကလည်း ဒီအချိန်မှာမှ မနက်စာကို မကျော်နိုင်ဘူးလား။ မဖြစ်ဘူး... ငါကတော့ ဂိုဏ်းချုပ်က အဆင့်ဆယ်ဆင့်မျှော်စင်ကို စမ်းသပ်ဖို့ ဖွင့်ပေးမယ့်အချိန်အထိ ဒီမှာပဲ စောင့်နေမယ်"

ထိုညည်းညူသံများကို ကြားသောအခါ ချင်ရှန်းသည် ဝမ်ပင်း၏ စီမံခန့်ခွဲပုံကို အနည်းငယ် နားမလည်ဖြစ်သွားပြီး "မနက်စာတဲ့လား... ငါကတော့ တစ်နေ့ကမှ စားထားတာ။ ဒီနေ့ ဘာလို့ ဒီလောက် စောစောစားရပြန်တာလဲ။ ငါလည်း မသွားဘူး။ မင်းတို့နဲ့အတူ ဒီမှာပဲ စောင့်ပေးမယ်" ဟု ပြောလိုက်သည်။

"ဟီးဟီး"

ရန်လီလီက ဖြီးပြလိုက်၏။

"ဂိုဏ်းချုပ်က ပြောလိုက်တယ်... မနက်စာ စားနေတုန်းမှာ စမ်းသပ်ခြင်းမျှော်စင်အတွက် တစ်နေ့တာ လူဦးရေကန့်သတ်ချက်ကို ဆုံးဖြတ်မယ်တဲ့"

ကျောက်ယီ၏ စကားအဆုံးတွင် ရန်လီလီမှာ ချက်ချင်းပင် ထွက်ပြေးသွားတော့သည်။

"ဒီကောင်လေး ခုနကတင် မသွားဘူးဆို"

ချင်ရှန်းက ဒေါသတကြီး ဆဲဆိုလိုက်ရင်း ရန်လီလီနောက်သို့ အပြေးအလွှား လိုက်သွားရတော့သည်။

စားသောက်ဆောင်၏ ဒုတိယထပ်တွင် ထိုင်လိုက်သည်နှင့် ဟင်းပွဲများမှာ မျက်စိပသာဒ ဖြစ်ဖွယ်ရာ လှပနေပြီး မွှေးကြိုင်လှသော ရနံ့များမှာ သွားရည်ယိုလောက်အောင်ပင် ဆွဲဆောင်နေသည်။

ချင်ရှန်းသည် သူ၏ရှေ့မှ ဟင်းပွဲများကို ကြည့်ကာ ပါးစပ်ထဲတွင် သွားရည်များ ပြည့်လျှံလာရင်း ဘေးမှ ရန်လီလီကို မေးလိုက်သည်။

"ကောင်လေး... မသေမျိုးဂိုဏ်းက ဟင်းပွဲတွေက အမြဲတမ်း ဒီလောက် မွှေးနေတာလား"

"ဟုတ်တယ်"

ရန်လီလီက ခေါင်းငြိမ့်ပြသော်လည်း စားပွဲပေါ်က ဟင်းပွဲတွေကို လှည့်ပင်မကြည့်ပေ။

မည်သူမျှ စားချင်စိတ်မရှိပုံကို မြင်သောအခါ ချင်ရှန်း၏ မျက်နှာမှာ အတန်ငယ် ရှုပ်ထွေးသွားပြီး စိတ်ထဲမှ တွေးနေမိသည်။

တကယ်ပဲ ဒီလောက်ကောင်းတဲ့ အစားအသောက်တွေကို ဘယ်သူမှ စိတ်မဝင်စားကြဘူးလား။ ခန္ဓာကိုယ်သန့်စင်ခြင်းနဲ့ နက်နဲသောအဆင့် ကျင့်ကြံသူတွေက တစ်လမှာ တစ်ခါလောက်ပဲ စားစား၊ ရက်သတ္တပတ် နှစ်ပတ်မှာ တစ်ခါပဲ စားစား ပြဿနာမရှိဘူး ဆိုပေမဲ့... ဒီလောက် မွှေးကြိုင်နေတဲ့ အစားအသောက်တွေကိုတော့ နေ့တိုင်းစားရင်လည်း ငြီးငွေ့စရာ မကောင်းလောက်ဘူး မဟုတ်ဘူးလား။

ရန်လီလီနှင့် အခြားသူများမှာမူ ချင်ရှန်း၏ အတွေးကို မသိကြဘဲ နေရာတွင်သာ ငြိမ်သက်စွာ ထိုင်နေကြသည်။ အကြောင်းမှာ သူတို့အားလုံးသည် လူဦးရေခွဲတမ်း သတ်မှတ်ချက်ကိုသာ စောင့်မျှော်နေကြသောကြောင့်ပင်။

"စားကြတော့"

ဝမ်ပင်းက ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ချင်ရှန်းသည် တူကို ကောက်ကိုင်ကာ လွန်ခဲ့သော နှစ်ပတ်ခန့်ကတည်းက အစာငတ်နေသော ဝံပုလွေတစ်ကောင်ကဲ့သို့ အငမ်းမရ စားတော့သည်။ သူသည် "အရသာ ရှိလိုက်တာဗျာ" ဟုလည်း တတွတ်တွတ် အော်ဟစ်နေမိသည်။

ဝမ်ပင်းက ကြည့်ရှုရင်း ခိုးပြုံးလိုက်ကာ "ဒီနေ့ကစပြီး စမ်းသပ်ခြင်းမျှော်စင်ကို အလှည့်ကျစနစ်နဲ့ သွားမယ်။ ပထမနေ့မှာ မြောင်ရင်၊ ချင်မို၊ ယွန်းလျောင်။ ဒုတိယနေ့မှာ ကျောက်ချင်း၊ ရန်လီလီ၊ ဟွမ်ယီ။ တတိယနေ့မှာ ကျောက်ယီနဲ့ ချင်ရှန်း။ ဒါကြောင့် ဒီနေ့အတွက်ကတော့ ကျောက်ချင်းနဲ့ မင်းတို့ သုံးယောက်ပဲ အဆင့်ဆယ်ဆင့်မျှော်စင်ထဲမှာ စမ်းသပ်မှု လုပ်ရမယ်" ဟု အမိန့်ထုတ်ပြန်လိုက်သည်။

"ဟေးးး"

ရန်လီလီမှာ ပျော်သွားကာ လက်ခုပ်လက်ဝါးတီးပြီး ဘေးမှ ကျောက်ချင်းကို ပခုံးဖြင့် တွန်းကာ"မင်းမှာ ပိုက်ဆံအလုံအလောက် ရှိရဲ့လား။ မရှိရင် ပြောနော်... ငါ မနက်ဖြန် အိမ်ပြန်ပြီး ယူလာပေးမယ်။ မင်းကို ငါ ထောက်ပံ့ပေးမှာပေါ့" ဟု နောက်ပြောင်လိုက်သည်။

"သွားစမ်းပါ"

ကျောက်ချင်းက မျက်စောင်တစ်ချက် ခဲလိုက်၏။

အချို့က ပျော်ရွှင်နေကြသော်လည်း အချို့မှာမူ စိတ်ပျက်သွားကြသည်။ ယနေ့ ပထမအဆင့်မှာ သူ၏ဂုဏ်သိက္ခာကို ပြန်လည်ဆယ်ယူရန် မျှော်လင့်ထားသော ချင်မိုမှာ စိတ်ဓာတ်ကျသွားရသည်။ သို့သော် တတိယနေ့တွင် နေရာလွတ် တစ်နေရာ ကျန်သေးသည်ကို သူ ချက်ချင်း သတိပြုမိသွားသည်။

သူက "ဂိုဏ်းချုပ်... တတိယနေ့မှာ ကျန်တဲ့နေရာလွတ်ကို ကျွန်တော့်ကို ပေးလို့ရမလား။ သုံးဆပေးပါ့မယ်" ဟု အားတက်သရော ပြောလိုက်သည်။

ဝမ်ပင်းက သူ့ကို တစ်ချက်ကြည့်ကာ ခပ်အေးအေးပင် ပြန်ဖြေလိုက်သည်။

"အဲဒီနေရာက ငါ့အတွက်ပဲ"

All Chapters