← Chapters

အခန်း (၁၂၅-၁၂၆)

Vol. 13 Ch. 125-126

အခန်း (၁၂၅-၁၂၆)

Vol. 13 Ch. 125-126

အခန်း။ ၁၂၅

ချင်မိုသည် ခဏမျှ ကြောင်အမ်းသွားပြီးနောက် ရှက်ကိုးရှက်ကန်းဖြင့် ပြန်ထိုင်လိုက်သည်။

ထိုသည်ကို ကြည့်နေကြသောသူတိုင်းမှာ မရယ်ဘဲ မနေနိုင်ကြတော့ပေ။

ဝမ်ပင်းကမူ သူ့ကို လျစ်လျူရှုထားပြီး ဆက်ပြောလိုက်သည်။

"သိုင်းပညာနှီးနှောဖလှယ်ပွဲက သဘက်ခါမှာ စတော့မှာဆိုတော့ အားလုံး ပြင်ဆင်ထားကြဖို့ လိုတယ်။ လီလီနဲ့ ကျောက်ယီ... မင်းတို့ ဒီရက်ပိုင်းမှာ နည်းနည်း ပိုကြိုးစားကြပါ။ နေ့ဘက်မှာ ကျင့်ကြံတာ ခေတ္တရပ်ထားပြီး ယွင်လန်တောင်ခြေမှာ သွားပြီး အစီအစဉ်တကျဖြစ်အောင် ထိန်းသိမ်းပေးကြ။ အကြီးအကဲချင်... ခင်ဗျားက ဒီကို ရောက်ခါစဆိုပေမဲ့ ဒီပွဲမှာတော့ ပါဝင်ကူညီပေးရပါလိမ့်မယ်"

"သိုင်းပညာနှီးနှောဖလှယ်ပွဲ ဟုတ်လား"

ချင်ရှန်းက မေးလိုက်သည်။

ဝမ်ပင်းက ပြန်ဖြေသည်။

"ဟုတ်တယ်၊ အဓိက ရည်ရွယ်ချက်က ဆန်းဝူမြို့က သာမန်လူတွေနဲ့ ဂိုဏ်းဂဏမရှိတဲ့ ကျင့်ကြံသူတွေအတွက်ပါ။ သူတို့ကို ကျင့်ကြံခြင်းလမ်းစရအောင် ကူညီပေးဖို့နဲ့ တချို့သူတွေ မှားယွင်းနေတဲ့ လမ်းကြောင်းတွေကို ထောက်ပြပေးဖို့ပဲ။ ဒီလို သိမြင်နားလည်မှုမျိုးတွေက ဂိုဏ်းတစ်ခုခုထဲ မဝင်ဘဲ ဒါမှမဟုတ် ဆရာကောင်းတစ်ယောက်ဆီမှာ မသင်ဘဲနဲ့တော့ ဘယ်လိုမှ မရနိုင်ဘူးလေ"

"ဒီလိုလူတွေအတွက် အချိန်ဖြုန်းနေတာလား"

ချင်မိုကမူ နားမလည်နိုင်သလို ဖြစ်နေသည်။ အမှန်အတိုင်းပြောရလျှင် ထိုသူများ အသက်ရှင်ခြင်း၊ သေခြင်းမှာ သူနှင့် ဘာမှမသက်ဆိုင်ပေ။

ဝမ်ပင်းက တိုက်ရိုက်ပြန်မဖြေဘဲ ခေါင်းစဉ်လွှဲလိုက်သည်။

"နှီးနှောဖလှယ်ပွဲပြီးရင်တော့ အားလုံးကို ဆုလာဘ်အနေနဲ့ ဖက်ထုပ်ပြန်လုပ်ကျွေးမယ်"

"ဖက်ထုပ်တွေ ထပ်စားရတော့မယ်"

"ဂိုဏ်းချုပ်ကြီး သက်တော်ရာကျော် ရှည်ပါစေ"

ချင်မိုနှင့် အခြားသူများမှာ ချက်ချင်းပင် ဝမ်းသာအားရ အော်ဟစ်ကြတော့သည်။ အထူးသဖြင့် ချင်မိုမှာ အပျော်ဆုံးပင်။

သို့သော် ချင်ရှန်းနှင့် မြောင်ရင်တို့မှာမူ အခြေအနေကို နားမလည်နိုင်ဘဲ ဖက်ထုပ်လုပ်ကျွေးတာက ဘာကြောင့် ဒီလောက်အထိ ပျော်စရာကောင်းနေရသလဲဆိုသည်ကို တွေးတောမရ ဖြစ်နေကြသည်။

...

ညမှောင်လာသောအခါ အားလုံးသည် နှီးနှောဖလှယ်ပွဲအတွက် လိုအပ်သော ပစ္စည်းကိရိယာများကို အဆင့်တစ်ထောင်လှေကားဘေးသို့ စုပုံထားကြပြီး နောက်တစ်နေ့ မနက်စောစောတွင် တောင်အောက်သို့ သယ်ဆောင်ရန် ပြင်ဆင်ကြသည်။

ထိုအချိန်တွင် လုံယီသည် မှောင်မှောင်မည်းမည်း၌ တောင်ပေါ်သို့ တက်လာခဲ့သည်။

ဝမ်ပင်း သွားရောက်ကြိုဆိုသောအခါ လုံယီမှာ လက်တစ်ဖက်က မီးအိမ်ကိုကိုင်ကာ သူ၏ ဝဖိုင့်သော ခန္ဓာကိုယ်ကြီးဖြင့် တောင်ပေါ်သို့ ခက်ခဲစွာ တက်လာနေရသည်ကို တွေ့ရသည်။ ခြေထောက်တစ်ဖက်ကလည်း နာနေပုံရ၏။

ဝမ်ပင်းက လှေကားထစ်များပေါ်တွင် သူ ပင်ပင်ပန်းပန်း တက်နေရသည်ကို မကြည့်ရက်သဖြင့် လက်မဝက် မြေကမ္ဘာပညာရပ်ကို အသုံးပြုကာ လှေကားထစ် ရာကျော်ခရီးကို နောက်ဆုံးအဆင့် ဆယ်ဆင့်ခန့်အဖြစ် ကျုံ့ပစ်လိုက်သည်။

လုံယီ အနီးသို့ ရောက်လာသောအခါ အမောတကော အသက်ရှူသံများပါ ပါလာတော့သည်။

လုံယီ စကားမပြောနိုင်ခင်မှာပင် ဝမ်ပင်းက ပြုံးလျက် နှုတ်ဆက်လိုက်သည်။

"သူဌေးကြီးလုံ... ဒီလောက် ညဉ့်နက်မှ တောင်ပေါ်တက်လာတာဆိုတော့ သဘက်ခါက နှီးနှောဖလှယ်ပွဲအကြောင်း ပြောဖို့ထင်တယ်"

"ဟုတ်ပါ့... ဟုတ်ပါ့ဗျာ"

သူသည် အမောမပြေသေးသဖြင့် ခေါင်းငြိမ့်ကာ ဟုတ်ဟုသာ နှစ်ခါဆိုနိုင်သည်။

ဝမ်ပင်းက လုံယီကို ကွင်းပြင်ဘေးရှိ ကျောက်စားပွဲတစ်ခုဆီသို့ ခေါ်ဆောင်သွားပြီး "ဟိုမှာ ထိုင်ပြီး ပြောကြတာပေါ့" ဟု ပြောလိုက်သည်။

လုံယီသည် အနီးရှိ ကုလားထိုင်နှင့် စားပွဲများကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဝမ်ပင်း

နောက်သို့ လိုက်ပါသွားသည်။

အသက်ကို အကြိမ်အနည်းငယ် ပြင်းပြင်းရှူပြီးနောက် သူက မေးလိုက်သည်။

"ဂိုဏ်းချုပ်ဝမ်... ဟိုပစ္စည်းတွေက သဘက်ခါ နှီးနှောဖလှယ်ပွဲအတွက်လား"

"ဟုတ်တယ်လေ"

လုံယီ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် "ဂိုဏ်းချုပ်ဝမ်... ဒီတစ်ခါ နှီးနှောဖလှယ်ပွဲကတော့ ဖြစ်မြောက်ဖို့ မလွယ်ဘူး ထင်တယ်ဗျ" ဟု ပြောလိုက်သည်။

ဝမ်ပင်းက လုံယီကို ကြည့်ကာ ဇဝေဇဝါဖြင့် မေးလိုက်သည်။

"ဘာလို့လဲ"

"ဒီနေ့ လမ်းတိုင်းမှာ ကပ်ထားတဲ့ ကြေညာချက်တွေကို အကုန်လုံး ခွာချခံလိုက်ရတယ်"

"အဲဒါက ကိစ္စမရှိပါဘူး ခွာချချင်လည်း ခွာပါစေ။ သဘက်ခါ လူဘယ်လောက်ပဲလာလာ ကျင်းပမှာပဲ"

"အဲဒါတင် မကဘူးဗျ။ သူတို့က ကြေညာချက်တွေကို ခွာချရုံတင်မကဘူး... ဆိုင်တွေအားလုံးကို မသေမျိုးဂိုဏ်းနဲ့ ဘာအရောင်းအဝယ်မှ မလုပ်ဖို့ နောက်ပြီး ဒီနှီးနှောဖလှယ်ပွဲကိုလည်း ပိတ်ပင်ထားတယ်။ ဘယ်သူမှ မတက်ရဘူး အမိန့်ကို ဖီဆန်ရင် ပုန်ကန်မှုအဖြစ် အပြစ်ပေးမယ်လို့ လမ်းတိုင်းမှာ လိုက်ပြောနေကြတယ်"

"ဘယ်သူတွေလဲ"

"ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ပဲပေါ့ဗျာ"

ဗြဟ္မာမင်း တစ်ကောင်ကို သတ်ရတာ လွယ်ပေမဲ့ ဝံပုလွေအုပ်ကို ရင်ဆိုင်ရတာတော့ ခက်သားပဲ။

ဝမ်ပင်း စိတ်ထဲမှ မချိပြုံး ပြုံးလိုက်မိသည်။ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့က ဒီအတိုင်း လွှတ်ထားမည်မဟုတ်ကြောင်း သူ သိထားသော်လည်း ယခုကဲ့သို့ လက်စားချေမှုက ဤမျှ မြန်ဆန်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

လုံယီက မေးလိုက်သည်။

"ဂိုဏ်းချုပ်ဝမ်... အဲဒါ ဘာကို ဆိုလိုတာလဲဗျ"

"ဘာမှမဟုတ်ပါဘူး ခင်ဗျား ဆက်ပြောပါဦး"

"အေးဗျာ... ဒီတစ်ခါတော့ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့နဲ့ မှီခိုရာဂိုဏ်းတို့ ပူးပေါင်းလိုက်ကြတာ။ ချင်ရွှေလမ်းရဲ့ လမ်းကြားတိုင်းမှာ လူတွေချထားပြီး တွေ့သမျှလူတွေကို မောင်းထုတ်နေကြတယ်။ ခင်ဗျားတို့ ကြေညာချက်လိုက်ကပ်တဲ့ ရှန်းကျီလည်း ဒီနေ့ညနေက လမ်းပေါ်မှာ မဟာမိတ်အဖွဲ့က လူတွေနဲ့ တိုးပြီး ဝါဒဖြန့်မှု၊ သွေးထိုးလှုံ့ဆော်မှုတွေနဲ့ လူပုံအလယ်မှာ အနှိပ်စက်ခံလိုက်ရတယ်။ အခုတော့ ချင်ရွှေလမ်း တစ်ခုလုံး ထိတ်လန့်နေကြပြီး ဘယ်သူမှ ဒီပွဲအကြောင်း မဟရဲကြတော့ဘူး"

"ဆိုင်အကူလေးလား"

"ဟုတ်ပါတယ် သူ့နာမည်က ရှန်းကျီ လို့ ခေါ်ပါတယ်"

"သွေးထိုးလှုံ့ဆော်မှုဆိုတာက ဘယ်လိုစွပ်စွဲချက်မျိုးလဲ"

"ဒါကတော့ အကွက်ဆင်ပြီး မတရားစွပ်စွဲတာပါပဲဗျာ"

ဝမ်ပင်းက နားထောင်ပြီး ပြုံးလိုက်သော်လည်း ထိုကိစ္စကို ဆက်လက်၍ အစဖော်မနေတော့ပေ။

"ဒါဆို ကျွန်တော့်ကို သူ့ဆီ လိုက်ပို့ပေးပါဦး"

ဝမ်ပင်းသည် မတ်တတ်ရပ်လိုက်ပြီး အဆင့်တစ်ထောင်လှေကားဆီသို့ ဦးတည်လျှောက်သွားတော့သည်။

လုံယီ၏နောက်သို့ လိုက်ပါကာ ဆိုင်အကူလေး၏ အိမ်သို့ ရောက်ရှိလာချိန်တွင် ညဥ့်မှာ တိတ်ဆိတ်လွန်းလှသဖြင့် အပ်ကျသံပင် ကြားနိုင်လောက်သည်။ အိမ်ထဲမှ ထွက်ပေါ်လာသော ဒေါသတကြီး ဆဲဆိုသံများမှာမူ နားထဲ၌ စူးရှနေတော့၏။

"မင်းကိုယ်မင်းလည်း ကြည့်ဦး။ အဲဒီမသေမျိုးဂိုဏ်းအတွက် ကြေညာချက်တွေ လိုက်ကပ်ပေးနေရတယ်လို့။ သူတို့က ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ကျင့်ကြံသူတွေလေ။ ငါတို့က သာမန်လူတွေပဲဥစ္စာ။ ဒီလောက် ကိစ္စအသေးအမွှားလေးကို သူတို့ဘာသာ မဖြေရှင်းနိုင်ကြဘူးလား"

"ငါ့ကို ကြည့်နေတာလား... ဘာလို့ကြည့်တာလဲ။ မင်း အခုလို လဲနေရချိန်မှာ မသေမျိုးဂိုဏ်းက တစ်ယောက်ယောက်များ မင်းကို လာကြည့်ကြလို့လား။ ဒီဆေးဖိုးဝါးခတွေ၊ မင်းဒဏ်ရာတွေအတွက် ဘယ်သူက ပိုက်ဆံပေးရလဲ။ မင်းကို ရွှေအနာကျက်ဆေးတွေကော ဘယ်သူက လိမ်းပေးနေရတာလဲ"

မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော ဖယောင်းတိုင်အလင်းကြောင့် ပြတင်းပေါက်စက္ကူပေါ်တွင် ပိန်ပိန်ပါးပါး မိန်းမတစ်ဦး၏ အရိပ်မှာ ထင်ဟပ်နေသည်။

သူမသည် လက်တစ်ဖက်က နေရာတစ်ခုကို ညွှန်ပြလျက် ကျန်လက်တစ်ဖက်က ခါးထောက်ထားပြီး အလွန်အမင်း ဒေါသထွက်နေပုံရ၏။

အိမ်ထဲမှ ပြင်းထန်သော စကားလုံးများကို ကြားလိုက်ရသဖြင့် လုံယီမှာ စိတ်မသက်မသာ ဖြစ်သွားကာ "ဂိုဏ်းချုပ်ဝမ်... အဲဒါက မိန်းမသားတစ်ယောက်ရဲ့ ဒေါသတကြီး ပြောတဲ့စကားတွေပါ။ ခင်ဗျားကို ရည်ရွယ်တာ မဟုတ်ပါဘူး" ဟု အမြန်ပြောလိုက်သည်။

"ကျွန်တော် သိပါတယ်"

ဝမ်ပင်းသည် သူ၏ဝတ်ရုံထဲမှ ရွှေဒင်္ဂါး တစ်ရာတန် ရွှေလက်မှတ်တစ်စောင်ကို ထုတ်ယူကာ လုံယီအား ကမ်းပေးလိုက်သည်။ ထိုမျှ များပြားသော ပမာဏကို မြင်လိုက်ရချိန်တွင် လုံယီ၏ မျက်နှာမှာ ပြောင်းလဲသွားတော့၏။

ဝမ်ပင်းက "ဒီရွှေဒင်္ဂါး တစ်ရာကို ကျွန်တော့်ကိုယ်စား ရှန်းကျီ ကို ပေးလိုက်ပါ။ ကျွန်တော် အထဲကို မဝင်တော့ဘူး" ဟု ပြောလိုက်သည်။

"နားလည်ပါပြီဗျာ"

ရွှေလက်မှတ်ကို လက်ခံလိုက်ရင်း လုံယီမှာ အံ့ဩမဆုံး ဖြစ်နေရသည်။

ဝမ်ပင်းက သာမန်လူတစ်ယောက်၏ နစ်နာကြေးအတွက် ရွှေဒင်္ဂါးတစ်ရာအထိ ပေးလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။

ဤအရိုက်ခံရမှုမှာ အလကားမဖြစ်သွားဘူးဟုသာ ဆိုရပေလိမ့်မည်။ ဤရွှေဒင်္ဂါးတစ်ရာသည် သူတို့မိသားစုအတွက် တစ်သက်စာနီးပါးပင်။

သူသည် ရှန်းကျီ ကိုယ်စား ဝမ်ပင်းကို ကျေးဇူးတင်စကား ဆိုရန် ပြင်လိုက်စဉ်မှာပင် အိမ်ထဲမှ ဆဲဆိုသံများ ထပ်မံထွက်ပေါ်လာပြန်သည်။

လုံယီသည် အထဲသို့ လှမ်းကြည့်လိုက်ပြီး ဒေါသများ စတင်ထွက်ပေါ်လာရသည်။

ဤအခြေအနေမှာ သူ့အပေါ်သို့ပါ သက်ရောက်နိုင်သော်လည်း ရှန်းကျီ က တစ်ဦးတည်း ရင်ဆိုင်သွားခဲ့ခြင်းပင်။

"ဒီလောက်အထိ စိတ်ထားကောင်းတဲ့သူက... ဘာဖြစ်လို့ ဒီလိုမိန်းမမျိုးနဲ့မှ လာပြီး ဆုံတွေ့ရတာလဲ"

သူသည် သစ်သားခြံစည်းရိုးတံခါးကို တွန်းဖွင့်လိုက်ပြီး အိမ်ရှေ့သို့ ခြေလှမ်းအနည်းငယ်ဖြင့် လျှောက်သွားလိုက်သည်။

"မင်း ဆဲလို့ မဝသေးဘူးလား"

လုံယီသည် ဒေါသတကြီး အော်ဟစ်လိုက်ရင်း တံခါးကို ဆောင့်တွန်းဖွင့်လိုက်သည်။

တံခါးပွင့်သွားသည်နှင့်အတူ တိုးဝင်လာသော လေတိုးသံကြောင့် ဆီမီးအိမ်မှာ ငြိမ်းလုနီးပါး ဖြစ်သွားသော်လည်း အလင်းပြန်မှုကြောင့် လုံယီ၏ မျက်နှာကို ထင်ရှားစွာ မြင်လိုက်ရသည်။

"သူဌေး... ဘယ်လိုဖြစ်ပြီး ဒီကို ရောက်လာတာလဲ"

"ဒါက ဂိုဏ်းချုပ်ဝမ်က မင်းအတွက် ပေးခိုင်းလိုက်တဲ့ ရွှေလက်မှတ်ပဲ။ ဒီပိုက်ဆံနဲ့ အာဟာရဖြစ်တာတွေ စားပြီး အနာသက်သာအောင် လုပ်ပါ။ ငါ့မှာလည်း အများကြီးမရှိလို့ မင်းအတွက် နောက်ထပ် ရွှေဒင်္ဂါး ဆယ်ပြား ထပ်ဖြည့်ပေးခဲ့မယ်"

လုံယီသည် ရွှေလက်မှတ်ကို ကမ်းပေးပြီးနောက် သူ၏ဝတ်ရုံထဲမှ တောက်ပနေသော ရွှေဒင်္ဂါး ဆယ်ပြားကို ထုတ်ပေးလိုက်သည်။

ထိုအချိန်တွင် ဆိုင်အကူလေးမှာ မျက်ရည်များ ဝဲတက်လာတော့သည်။ ဂိုဏ်းချုပ်ဝမ်က သူ့ကို သတိတရ ရှိနေလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။ သူသည် ထိုင်၍ ကျေးဇူးတင်စကား ပြောချင်သော်လည်း ဒဏ်ရာများကြောင့် မလှုပ်နိုင်ဘဲ ဖြစ်နေသဖြင့် ခုတင်ပေါ်တွင် လဲလျောင်းနေရင်း ခေါင်းကိုသာ တတွင်တွင် ငြိမ့်ပြနေမိသည်။

ယခုအချိန်တွင် သူ၏ ကျေးဇူးတင်မှုကို ဤနည်းဖြင့်သာ ပြသနိုင်ခြင်းပင်။

"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ဝမ်... ကျေးဇူးတင်ပါတယ် သူဌေးကြီး"

လုံယီက ခေါင်းငြိမ့်ပြကာ သူ၏ပခုံးကို ပုတ်ပေးလိုက်သည်။ ထို့နောက် ဘေးတွင် တိတ်ဆိတ်နေသော မိန်းမဖြစ်သူကို တစ်ချက်ကြည့်ကာ "မြန်မြန် နေကောင်းအောင် လုပ်ပါ။ ဒီပိုက်ဆံတွေကို သေချာ သိမ်းထား အိမ်နီးနားချင်းတွေကို အကူအညီတောင်းပြီး စားချင်တာ ဝယ်ခိုင်းလိုက်" ဟု မှာကြားလိုက်သည်။

...

ဂျောက်

သစ်သားခြံစည်းရိုးတံခါးမှာ ဖြည်းညှင်းစွာ ပိတ်သွားတော့သည်။

လုံယီ အပြင်သို့ ထွက်လာပြီး "ဂိုဏ်းချုပ်ဝမ်... မနက်ဖြန် နှီးနှောဖလှယ်ပွဲကို ဖျက်သိမ်းလိုက်ရင် မကောင်းဘူးလားဗျာ။ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ဆိုတာ ကျွန်တော်တို့ထဲက ဘယ်သူမှ ရန်မစရဲတဲ့ အဖွဲ့အစည်းမျိုးပါ" ဟု စိုးရိမ်တကြီး ပြောလိုက်သည်။

"ဘာလို့ ဖျက်သိမ်းရမှာလဲ"

"ဒါပေမဲ့..."

လုံယီ၏ စကားကို ဝမ်ပင်းက ဖြတ်ပြောလိုက်သည်။

"သဘက်ခါ အစီအစဉ်အတိုင်းပဲ ဆက်လုပ်မယ်"

ထိုသို့ပြောကာ ဝမ်ပင်းက လှည့်ထွက်သွားတော့သည်။

ဝမ်ပင်း ထွက်သွားပြီးနောက် အိမ်ထဲမှ စကားသံများ ထွက်ပေါ်လာပြန်သည်။

"မင်း မြင်ပြီလား။ လူတိုင်းကို မင်းထင်သလိုမျိုး အောက်တန်းစားတွေလို့ ထင်နေတာလား။ ဒါ ရွှေဒင်္ဂါး တစ်ရာဗျ။ ငါ့ကိုယ်ငါ ရောင်းစားရင်တောင် ဒီလောက် ပိုက်ဆံမျိုး မရနိုင်ဘူး"

"မင်းကို အဆင့်မတူလို့ အရင်က ဘာမှ ပြန်မပြောခဲ့တာ။ ဒါပေမဲ့ အခုတော့ မင်း တကယ်ကို ရှက်ဖို့ကောင်းနေပြီ"

ရှန်းကျီ၏ စကားများကို ကြားရသောအခါ လုံယီ ပြုံးလိုက်မိသည်။

သို့သော် သူ အိမ်ပြန်ရောက်သည့်တိုင်အောင် အိပ်မပျော်နိုင်ဘဲ ခုတင်ပေါ်တွင် လူးလှိမ့်ရင်း အလွန်အမင်း စိုးရိမ်ပူပန်နေမိသည်။

သူ အကြောက်ဆုံးအရာက တကယ်ပဲ ဖြစ်လာခဲ့သည်။

"ဒီသိုင်းပညာ နှီးနှောဖလှယ်ပွဲက လူတိုင်းအတွက် အကျိုးရှိအောင် ရည်ရွယ်ထားတာလေ... ဒါကို ဘာလို့ သူတို့က ခွင့်မပြုချင်ကြတာလဲ။ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့နဲ့ တခြားသူတွေကရော... ဘာဖြစ်လို့ ဒီပွဲကို လူလှည့်စားတဲ့ပွဲလို့ စွပ်စွဲပြီး ပါးစပ်ဖျားမှာ အပြောမလွတ် ဖြစ်နေကြတာလဲ"

"ကိုယ့်အတွက်လည်း အကျိုးမရှိဘဲနဲ့ သူတစ်ပါးကို နစ်နာအောင် ဘာလို့ ဒီလောက်အထိ လိုက်နှောင့်ယှက်နေကြတာလဲ...။ သူတို့ ဘာကို လိုချင်နေကြတာလဲဆိုတာ ငါ တကယ်ကို နားမလည်နိုင်တော့ဘူး..."

အခန်း။ ၁၂၆

မြို့တော်ဝန်နန်းတော်အတွင်း။

"အဖေ... ကျွန်တော်တို့ အခု ဘာဆက်လုပ်သင့်လဲ"

ဟွမ်းရှန်းသည် အခန်းအတွင်း၌ စိုးရိမ်တကြီးဖြင့် ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိသည်။

ဟွမ်းချိန်က မျက်မှောင်ကြုတ်လိုက်ရင်း "ပြဿနာပဲ... ဒီတစ်ခါတော့ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့က တကယ့်ကို အတည်အလင်း ဆုံးဖြတ်ထားပုံပဲ။ သူတို့ရဲ့ အမိန့်စာအရဆိုရင် မှီခိုရာဂိုဏ်းကလည်း ဘာမှ ညှာတာနေတော့မှာ မဟုတ်ဘူး" ဟု ပြောလိုက်သည်။

ယနေ့ ထိုသတင်းကို ကြားသိရချိန်တွင် သူသည် ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ထံမှ ကြေညာချက်တစ်စောင်ကို လူလွှတ်၍ သွားရောက်ယူခိုင်းခဲ့သည်။

ထိုစာ၏ အဓိပ္ပာယ်မှာ ရှင်းလင်းကာ မဟာမိတ်စနစ်ပြင်ပရှိ ဂိုဏ်းများကို နှိမ်နင်းရန်မှာ မသေမျိုးဂိုဏ်းကို ပစ်မှတ်ထားခြင်းပင်။

ထို့ပြင် ဆန်းဝူမြို့ရှိ မည်သည့်ဆိုင် သို့မဟုတ် စီးပွားရေးလုပ်ငန်းမဆို မသေမျိုးဂိုဏ်းနှင့် ဆက်သွယ်ခြင်း မပြုရန်၊ မည်သူမျှ ဂိုဏ်းထဲမဝင်ရန်နှင့် သိုင်းပညာနှီးနှောဖလှယ်ပွဲများကိုပင် ကျင်းပခွင့် ပိတ်ပင်ထားသည်။

ထိုသို့ ပိတ်ပင်ရုံတင်မကဘဲ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့သည် မြို့တော်ဝန်နန်းတော်ကိုပင် ကျော်လွန်၍ ထိုအမိန့်ကို ဖီဆန်သူများအား အပြစ်ပေးရန် စီစဉ်နေကြသေးသည်။

သို့သော် သူသည် ထိုကိစ္စနှင့် ပတ်သက်၍ ဘာမှ မဟရဲပေ။ အကြောင်းမှာ မိုယွီ သေဆုံးသွားခဲ့ပြီ ဖြစ်သဖြင့် သူတို့၏ ဒေါသများကို မသေမျိုးဂိုဏ်းအပေါ် ပုံချကာ ဖြေဖျောက်နေကြခြင်းပင်။

အကယ်၍ သူသာ စကားတစ်ခွန်းမှားသွားပါက မြို့တော်ဝန်နန်းတော်အတွက်ပင် ဘေးဒုက္ခ ရောက်သွားနိုင်သည်။

သူကိုယ်တိုင်အတွက်မူ ကိစ္စမရှိ၊ အဆိုးဆုံးမှာ တိုက်ခိုက်ရုံသာ ရှိသည်။ သို့သော် မြို့တော်ဝန်နန်းတော်သာ ပြိုလဲသွားခဲ့ပါက ဆန်းဝူမြို့သူ မြို့သားများသည် ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့နှင့် မှီခိုရာဂိုဏ်းတို့၏ လက်ခုပ်ထဲက ရေကဲ့သို့ ကစားစရာ ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် သူသည် ပေါ့ပေါ့ဆဆ မပြုမူရဲပေ။

သူ၏ဖခင်မှာ အချိန်အတော်ကြာသည်အထိ နည်းလမ်းရှာမရဖြစ်နေသည်ကို မြင်သောအခါ ဟွမ်းရှန်းက ချက်ချင်းပင် အကြံပေးလိုက်သည်။

"အဖေ... ကျွန်တော်တို့ စစ်တပ်လွှတ်ပြီး သူတို့ရဲ့ ပိတ်ပင်မှုကို နှောင့်ယှက်လိုက်ရင်ကော။ သူတို့ကို ဗြောင်ကျကျ ဆန့်ကျင်လိုက်ကြရအောင်"

ဟွမ်းချိန်က ပြန်ဖြေသည်။

"မဖြစ်ဘူး... ဒီကိစ္စက ဝဲဂယက်တစ်ခုလိုပဲ။ ငါတို့ မြို့တော်ဝန်နန်းတော်က ဝင်ပါလို့ မဖြစ်သေးဘူး။ မိုယွီ သေသွားပြီဆိုပေမဲ့ မဟာမိတ်အဖွဲ့က အခုထိ နှိမ်နင်းရုံပဲ လုပ်နေသေးတာက သူတို့ မသေမျိုးဂိုဏ်းကို ကြောက်နေသေးတာကို ပြနေတာပဲ။ ဒါကြောင့် လောလောဆယ်တော့ ဘာပြဿနာမှ ကြီးကြီးမားမား ရှိဦးမှာ မဟုတ်ဘူး။ ငါတို့ အခြေအနေကို ကြည့်ပြီး တစ်လှမ်းချင်းစီပဲ သွားရမယ်။ ဒါပေမဲ့ ပြည်သူတွေအတွက် အကျိုးရှိမယ့် ဒီနှီးနှောဖလှယ်ပွဲကို သွေးထိုးလှုံ့ဆော်မှုလို့ ခေါင်းစဉ်တပ်ပြီး ပိတ်ပင်တာကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုက နည်းလမ်းဟောင်းအတိုင်းပါပဲလား။ နှမြောဖို့ ကောင်းလိုက်တာ..."

ထိုသို့ဆိုကာ ဟွမ်းချိန် မတ်တတ်ရပ်လိုက်သည်။

"မင်း မြို့တော်ဝန်နန်းတော်မှာပဲ စောင့်ကြည့်နေပါ။ ငါ မသေမျိုးဂိုဏ်းဆီ တစ်ခေါက်သွားလိုက်ဦးမယ်"

"ဟုတ်ကဲ့ပါ အဖေ"

ဟွမ်းရှန်းသည် မတ်တတ်ရပ်ကာ လက်သီးဆုပ် ဂါရဝပြုလိုက်သည်။

ဟွမ်းချိန်သည် ချက်ချင်းပင် ထွက်ခွာလာခဲ့ပြီး မျက်နှာတစ်ခြမ်း ရွှေဝတ်စုံဝတ် ခြင်္သေ့ကို စီးနင်းကာ မသေမျိုးဂိုဏ်းဆီသို့ တန်းတန်းမတ်မတ် ဦးတည်လိုက်သည်။

သို့သော် ချင်ရွှေလမ်းအနီးသို့ ရောက်သောအခါ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့နှင့် မှီခိုရာဂိုဏ်းက လူများ၏ တားဆီးခြင်းကို ခံလိုက်ရသည်။

"မြို့တော်ဝန်ဟွမ်... ရှေ့ဘက်က ဧရိယာကို ကန့်သတ်ထားပါတယ်။ ဒီလမ်းမှာ နေထိုင်သူတွေကလွဲလို့ ကျန်တဲ့သူတွေ ဝင်ခွင့်မရှိပါဘူး"

ထိုစကားကို ကြားသောအခါ ဟွမ်းချိန်သည် ခါးရှိ ဓားကို တင်းတင်းဆုပ်ကိုင်လိုက်ရင်း "မင်းတို့က ငါ့ကို တားမလို့လား" ဟု မေးလိုက်သည်။

ဟွမ်းချိန်ကို တားဆီးနေသူများမှာ မှီခိုရာဂိုဏ်းနှင့် မဟာမိတ်အဖွဲ့မှ သာမန်အဆင့် ကျင့်ကြံသူများသာ ဖြစ်သဖြင့် သူတို့၏ အဆင့်အတန်းမှာ နိမ့်ပါးလှသည်။

ဟွမ်းချိန်က ဓားရိုးကို ကိုင်လိုက်သည်ကို မြင်သောအခါ သူတို့၏ မျက်နှာများမှာ ပျက်သွားတော့သည်။

သို့သော် သူတို့အထဲမှ သတ္တိအနည်းငယ်ရှိသူ တစ်ဦးက ရှေ့သို့တိုးကာ "မြို့တော်ဝန်ဟွမ်... ရှေ့မှာ မိစ္ဆာကျင့်ကြံသူတွေက ဆူပူအောင် လုပ်နေကြပြီး သွေးထိုးစကားတွေ ပြောနေကြလို့ မဝင်တာ အကောင်းဆုံးပါပဲ။ ဒီအမိန့်ကို နက်နဲသောအဆင့် စီမံခန့်ခွဲသူနှစ်ဦးက ထုတ်ပြန်ထားတာဖြစ်သလို သခင်ကြီး ရှန်းလုံကလည်း ခွင့်ပြုထားတာပါ။ ဒါကြောင့် ပြန်လှည့်သွားတာ ပိုကောင်းပါလိမ့်မယ်။ အကယ်၍ မြို့တော်ဝန်သာ ဒီလမ်းထဲဝင်သွားရင် ကျွန်တော်တို့အားလုံးအတွက် ခက်ခဲသွားပါလိမ့်မယ်" ဟု ပြောလိုက်သည်။

"မိုက်ရိုင်းလှချေလား မင်းက ငါ့ကို ခြိမ်းခြောက်ရဲတယ်ပေါ့"

ဟွမ်းချိန်သည် ချက်ချင်းပင် ဓားကို ဆွဲထုတ်လိုက်ရာ တောက်ပနေသော ဓားဦးမှာ ထိုသူ၏ ပခုံးသို့ အနီးကပ် ရောက်ရှိသွားတော့သည်။

နောက်ထပ် တစ်လက်မမျှသာ ရှေ့သို့တိုးလိုက်ပါက သွေးစွန်းသွားပေလိမ့်မည်။

ထိုစဉ်မှာပင် အနီးရှိ တည်းခိုခန်းတစ်ခုအတွင်းမှ လက်ခုပ်တီးသံနှင့် ရယ်မောသံများ ထွက်ပေါ်လာပြီးနောက် အေးစက်စက် အသံတစ်သံကပါ ပါလာတော့သည်။

"မြို့တော်ဝန်ဟွမ်က တကယ်ကို အားကျစရာပဲဗျာ။ သာမန်ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့် ၇ ရှိတဲ့ ကျင့်ကြံသူနှစ်ယောက်ကို ဓားထုတ်ပြရတယ်လို့... နက်နဲသောအဆင့် ကျင့်ကြံသူ တစ်ယောက်အနေနဲ့ မျက်နှာပျက်ရမှာကို မကြောက်ဘူးလား"

တည်းခိုခန်းအတွင်းမှ မျက်ခုံးထူထူနှင့် အေးစက်သော အပြုံးကို ပိုင်ဆိုင်ထားသည့် လူလတ်ပိုင်း အမျိုးသားတစ်ဦး ထွက်လာသည်။

သူ့ကို မြင်လိုက်သည်နှင့် ဟွမ်းချိန်၏ မြင်းခြေရင်းတွင် တုန်လှုပ်နေကြသူများမှာ ချက်ချင်းပင် ခါးမတ်သွားကြတော့သည်။

ရောက်ရှိလာသူကို မြင်သောအခါ ဟွမ်းချိန်က အေးစက်စွာ မှတ်ချက်ပြုလိုက်သည်။

"ငါ့ညီကတော့ တကယ်ကို မျက်စိကန်းခဲ့တာပဲ"

"ကျွန်တော်ကတော့ ဂိုဏ်းချုပ်ဝမ်က ကျွန်တော့်အသက်ကို ကယ်ခဲ့လို့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ သူ့ကိုပဲ ကျေးဇူးတင်တာပါ။ အခု သူ မရှိတော့တဲ့နောက်မှာတော့ မသေမျိုးဂိုဏ်းအပေါ် ဘာခံစားချက်မှ မရှိတော့ဘူး"

"ဒါဆို အခု မင်းက မသေမျိုးဂိုဏ်းကို ရင်ဆိုင်ဖို့ ကြံနေတာပေါ့"

"ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့နဲ့ မှီခိုရာဂိုဏ်းချုပ်ဆီက တိုက်ရိုက်အမိန့်တွေ ရထားတာလေ။ ကျွန်တော်ကတော့ အဆင့် ၁၃ ရှိတဲ့ ခန္ဓာကိုယ်သန့်စင်သူလေးပဲဆိုတော့ ဘာပြောပိုင်

ခွင့်မှ မရှိဘူး။ အမိန့်ကို နာခံရုံပဲပေါ့"

"မိုက်ရိုင်းလှချေလား မင်းသာ ငါ့ကိုတားရဲရင် ငါ မင်းကို အပိုင်းပိုင်း ပိုင်းပစ်မယ်"

ဟွမ်းချိန်က ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။

လီယွဲ့က ရုတ်တရက် ရယ်မောလိုက်ပြီး "မြို့တော်ဝန်ဟွမ်က အတော်လေး ဒေါသကြီးတာပဲ။ လီယွဲ့ကတော့ ခင်ဗျားကို မတားနိုင်ပါဘူး။ ဒါပေမဲ့ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ရဲ့ နက်နဲသောအဆင့် အင်အားစုတွေကတော့ တားနိုင်လိမ့်မယ်။ အကယ်၍ မြို့တော်ဝန်သာ ရှေ့ကို တစ်လှမ်းတိုးခဲ့ရင် ကျွန်တော်ကတော့ မဟာမိတ်အဖွဲ့ကို အစီရင်ခံရုံပဲ ရှိတယ်။ အဲဒီကျမှ မြို့တော်ဝန်နန်းတော် ဘာဖြစ်သွားမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့"

"မင်း..."

ဟွမ်းချိန်မှာ ဘာမှပြန်မပြောနိုင်ဘဲ ဖြစ်သွားရသည်။

သူသည် ချင်ရွှေလမ်းကို မကျေမနပ် တစ်ချက်ကြည့်လိုက်ပြီးမှ မြင်းခေါင်းကို လှည့်ကာ အေးစက်စွာ ပြောလိုက်သည်။

"လီယွဲ့... တစ်နေ့တော့ မင်း ငါ့လက်ထဲမှာ အသတ်ခံရမှာပဲ"

ထိုသို့ပြောကာ ဟွမ်းချိန်သည် မျက်နှာတစ်ခြမ်း ရွှေဝတ်စုံဝတ် ခြင်္သေ့ကို အရှိန်မြှင့်၍ လာခဲ့သည့်လမ်းအတိုင်း ပြန်လှည့်သွားတော့သည်။

သူ၏ နောက်ကျောဘက်တွင် လီယွဲ့၏ အပြုံးများမှာ ပျောက်ကွယ်သွားပြီး ဟွမ်းချိန်၏ ထွက်ခွာသွားသော ပုံရိပ်ကိုကြည့်ကာ အေးစက်သော စကားလုံးများဖြင့် ပြောလိုက်သည်။

"ငါ သေမလား မသေဘူးလားဆိုတာတော့ မသိဘူး။ ဒါပေမဲ့ မင်းညီရဲ့ မသေမျိုးဂိုဏ်းကတော့ ပျက်စီးတော့မှာ အသေအချာပဲ"

ထို့နောက် လီယွဲ့က ဘေးရှိလူများကို အမိန့်ပေးလိုက်သည်။

"မင်းတို့ အားလုံး ဒီမှာ ဆက်စောင့်နေကြ။ သိုင်းပညာနှီးနှောဖလှယ်ပွဲကို တက်ဖို့ ကြိုးစားတဲ့သူရှိရင် မောင်းထုတ်လိုက်။ တကယ်လို့ ပြဿနာရှာရင် လူပုံအလယ်မှာ အစံပြအနေနဲ့ တချို့ကို သတ်ပစ်လိုက်။ သူတို့ ကြောက်သွားတဲ့အထိပေါ့"

"နားလည်ပါပြီ"

သူတို့က ချက်ချင်း ပြန်ထူးလိုက်ကြသည်။

...

ဝမ်ပင်းဘက်တွင်မူ နောက်တစ်နေ့ မနက်စောစော၌ လိုအပ်သည်များကို အဆင့်တစ်ထောင်လှေကားရှေ့သို့ အကုန်သယ်ယူပြီးသွားခဲ့သည်။ ထို့နောက် သူသည် ကျောက်လှေကားထစ်ပေါ်ရှိ ကုလားထိုင်တစ်ခုတွင် ထိုင်ကာ အတွေးနက်နေ၏။

ခဏအကြာတွင် အတွေးသစ်တစ်ခု သူ၏ခေါင်းထဲသို့ ရုတ်တရက် ဝင်လာသဖြင့် စနစ်ကို အမြန်မေးလိုက်သည်။

"စနစ်... ပင်မဆောင်မှာရှိတဲ့ ဆွဲဆောင်မှုစွမ်းအားကို တခြားနေရာကို ပြောင်းလို့ရမလား"

"ပြောင်းလို့ မရပါဘူး"

ထိုစကားကို ကြားလိုက်ရချိန်တွင် ဝမ်ပင်း၏ မျှော်လင့်ချက်အပြည့်ရှိသော မျက်နှာမှာ ပျောက်ကွယ်သွားတော့သည်။

"နှီးနှောဖလှယ်ပွဲဆီကို အဲဒီဆွဲဆောင်မှုကို ပြောင်းချင်လို့ပါ"

"လွှဲပြောင်းလို့ မရပေမဲ့ အားဖြည့်ပေးလို့တော့ ရပါတယ်"

"အားဖြည့်ပေးတယ် ဟုတ်လား"

"ဟုတ်ကဲ့ ပင်မဆောင်က အဓိက အဆောက်အအုံဖြစ်တာကြောင့် သူ့ရဲ့စွမ်းဆောင်ရည်တွေကို အပြင်ဘက်အထိ တိုးချဲ့ပေးလို့ ရပါတယ်။ ဥပမာအားဖြင့် ဒီသိုင်းပညာနှီးနှောဖလှယ်ပွဲမှာ ပင်မဆောင်ရဲ့ အားဖြည့်စွမ်းအားကို အသုံးပြုပြီး ဆွဲဆောင်မှုကို မြှင့်တင်နိုင်ပါတယ်။ ဒါက လူတွေရဲ့ တက်ရောက်ချင်စိတ်ကို လှုံ့ဆော်ပေးမှာဖြစ်ပြီး သတ်မှတ်ထားတဲ့ အကွာအဝေးအတွင်း ရောက်လာတာနဲ့ သူတို့တွေက ဒီပွဲဆီကို မရမက ဆွဲဆောင်ခံရပါလိမ့်မယ်"

"ဒါမျိုးတောင် ရတာလား။ ဒါဆို ဘာလို့ အစောကြီးကတည်းက မပြောတာလဲ"

"သခင်မှ မမေးတာ"

"အားဖြည့်လိုက်တော့ အခုချက်ချင်းသာ အားဖြည့်လိုက်စမ်းပါ"

စနစ်၏ ပြန်လည်ဖြေကြားပုံကို ဝမ်ပင်းမှာ စကားပင် မဆိုနိုင်တော့ဘဲ အမြန်ဆုံး အားဖြည့်ခိုင်းလိုက်တော့သည်။

"အားဖြည့်မှုစနစ်က သိုင်းပညာနှီးနှောဖလှယ်ပွဲ တရားဝင်စတင်တဲ့ အချိန်ကျမှသာ အသက်ဝင်မှာပါ"

"ဒါဆိုရင် ဗဟိုချက်က နှီးနှောဖလှယ်ပွဲနေရာလား ဒါမှမဟုတ် ပင်မဆောင်လား"

"ပင်မဆောင်ပါ။ မီတာ ၇,၅၀ဝ အကွာအဝေးအတွင်းမှာ အာနိသင် သက်ရောက်ပါလိမ့်မယ်"

"လုံလောက်ပြီ"

အမှန်တကယ်တွင် ယခုအချိန်၌ နှီးနှောဖလှယ်ပွဲကတစ်ဆင့် တာဝန်များ ပြီးမြောက်စေရန် ဝမ်ပင်း၏ ဆန္ဒမှာ အစောပိုင်းကလောက် မပြင်းထန်တော့ပေ။ မနက်ဖြန်တွင် ဆွဲဆောင်မှုစွမ်းအားဖြင့် လူအများအပြား ရောက်ရှိလာမည်ဆိုပါက ကောင်းမွန်လှသော်လည်း လူနည်းပါးနေလျှင်လည်း ကိစ္စမရှိပေ။

ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့နှင့် မှီခိုရာဂိုဏ်းတို့သည် မသေမျိုးဂိုဏ်းကို ပူးပေါင်းနှိမ်နင်းနေကြသည်။

ဤသည်မှာ မကြာမီတွင် တိုက်ပွဲတစ်ခု မလွဲမသွေ ဖြစ်ပွားတော့မည်ကို ပြသနေခြင်းပင်။ ထိုတိုက်ပွဲအတွင်း လူသောင်းချီကို မသေမျိုးဂိုဏ်း၏ အစွမ်းသတ္တိအား ပြသရန်မှာ ခက်ခဲသော အရာမဟုတ်ပေ။

ထို့ကြောင့်ပင် သူသည် ဤနှီးနှောဖလှယ်ပွဲကို ဆက်လက်ကျင်းပရန် ဆုံးဖြတ်ထားခြင်းပင်။ အကြောင်းမှာ ဤပွဲကို ပြုလုပ်ခြင်းဖြင့် တောင်ခြေတွင် လူများကို စုဝေးစောင့်ဆိုင်းနေစေနိုင်သောကြောင့်ပင်။

တောင်အောက်တွင် လူများလေလေ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ကို အနိုင်ယူပြသည့်အခါ လူအများ၏ အာရုံစိုက်မှုမှာ ပိုမိုအားကောင်းလေလေ ဖြစ်ပေလိမ့်မည်။

စနစ်နှင့် စကားပြောနေစဉ်အတွင်း ရန်လီလီ ပြေးဝင်လာသည်။

"ဂိုဏ်းချုပ်... ကျွန်တော် တောင်အောက်ကို တစ်ခေါက်လောက် သွားချင်လို့ပါ။ ကျွန်တော့်မှာ ပိုက်ဆံ ပြတ်နေပြီမို့လို့"

ဝမ်ပင်းက ပြုံးလိုက်ရင်း "ဒါအတွက် ငါ့ရဲ့ ခွင့်ပြုချက် တောင်းနေဖို့ မလိုပါဘူး။ ဒီနေရာက ဂိုဏ်းတစ်ခုပါ။ ထောင်မဟုတ်ဘူး။ တောင်အောက်ရောက်ရင် မင်းရဲ့အဖေနဲ့ စီနီယာ ဟွမ်ကုန်းကိုလည်း ငါ့ကိုယ်စား နှုတ်ဆက်ပေးပါဦး။ ပြီးတော့ ယွင်လန်တောင်ခြေမှာ ကျင်းပမယ့် သိုင်းပညာနှီးနှောဖလှယ်ပွဲကိုလည်း တက်ရောက်ဖို့ ဖိတ်ကြားပေးလိုက်ပါ"

"ဟုတ်ကဲ့ ဂိုဏ်းချုပ် ကျွန်တော် အသေအချာ ပြောလိုက်ပါ့မယ်"

ရန်လီလီသည် ရိုသေစွာ ဂါရဝပြုလိုက်ပြီးနောက် ပျော်ရွှင်သော မျက်နှာထားဖြင့် အဆင့်တစ်ထောင်လှေကားထက်မှ ခုန်ပေါက်ဆင်းသွားတော့သည်။

သူ ပြေးသွားရင်း စိတ်ထဲမှလည်း တွေးနေမိသည်။

ကျောက်ချင်း... ငါ မင်းကို စောင့်ရှောက်ဖို့အတွက် ပိုက်ဆံတွေ အများကြီး ယူလာခဲ့မယ်။

All Chapters