အခန်း (၁၂၇-၁၂၈)
Vol. 13 Ch. 127-128
အခန်း။ ၁၂၇
တောင်ပေါ်မှ ဆင်းလာပြီးနောက် ချင်ရွှေလမ်းသို့ ဖြတ်သန်းသွားစဉ် ရန်လီလီသည် တစ်ခုခု ထူးခြားနေသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။
လမ်းမတစ်ခုလုံးမှာ ပုံမှန်ရှိနေကျ စည်ကားသိုက်မြိုက်မှုများ ပျောက်ကွယ်နေပြီး အေးစက်စက် အငွေ့အသက်များကသာ လွှမ်းမိုးနေတော့၏။
ထို့ပြင် လမ်းထိပ်တွင် မှီခိုရာဂိုဏ်းနှင့် ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့မှ လူများက ကင်းစောင့်နေကြသည်ကို တွေ့ရသည်။
ချင်ရွှေလမ်းမှ ထွက်ခွာသွားသည်ကို မည်သူမျှ မတားဆီးသော်လည်း ရန်လီလီမှာမူ စိတ်ထဲတွင် တစ်မျိုးကြီး ခံစားနေရဆဲပင်။
သူသည် ထွက်ခွာလာရင်း နောက်သို့ အကြိမ်ကြိမ် လှည့်ကြည့်မိသော်လည်း ထိုကိစ္စကို အကြာကြီး တွေးမနေတော့ဘဲ ရထားလုံးတစ်စီး ငှားကာ အိမ်သို့သာ အမြန်ပြန်လာခဲ့သည်။
ရန်အိမ်တော်သို့ ရောက်သောအခါ ရန်လီလီသည် စောစောက ဖြစ်ရပ်များကို မေ့သွားတော့သည်။
သူသည် အိမ်ထဲသို့ ဝင်ဝင်ချင်းပင် ဧည့်ခန်းရှိ စားပွဲပေါ်မှ မုန့်များနှင့် သစ်သီးများကို ကောက်စားရင်း "အဖေ အမေ... ကျွန်တော် ပြန်ရောက်ပြီ" ဟု အော်ဟစ်လိုက်သည်။
မည်သူမျှ ပြန်မထူးကြပေ။
ရန်လီလီက ထပ်မံအော်ခေါ်ရန် ပြင်နေစဉ်မှာပင် အိမ်စေမလေးတစ်ဦး အပြင်မှ ပြာပြာသလဲ ပြေးဝင်လာပြီး သူမ၏ သခင်လေးကို ထိတ်လန့်တကြား ကြည့်လိုက်သည်။
အိမ်စေမလေးက "သခင်လေး... အသံကို နည်းနည်းလျှော့ပါဦး။ အခု စာကြည့်ခန်းထဲမှာ မျိုးနွယ်စု အကြီးအကဲတွေက သခင်ကြီးတို့နဲ့ ကိစ္စတစ်ခု ဆွေးနွေးနေကြလို့ပါ" ဟု ပြောလိုက်သည်။
"မျိုးနွယ်စု အကြီးအကဲတွေ ရောက်နေတာလား"
ရန်လီလီ၏ မျက်နှာထက်မှ အပြုံးများ ပျောက်ကွယ်သွားတော့သည်။
မျိုးနွယ်စု အကြီးအကဲဆိုသည်မှာ အသက် ၅၀၊ ၆၀၊ ၇၀ နှင့် ၈၀ အရွယ်ရှိ ရန်မိသားစုမှ ရှေးဟောင်းနှောင်းဖြစ် လူကြီးများပင်။
ပြောရလျှင် ရိုင်းရာကျမည်ဖြစ်သော်လည်း သူတို့မှာ သူ၏ အဘိုးအရွယ်များ ဖြစ်ကြသော်လည်း ရန်လီလီကမူ သုတို့ကို လုံးဝ မနှစ်သက်ပေ။
သူတို့၏ ခေတ်မမီတော့သော အတွေးအခေါ်များနှင့် ကိစ္စတိုင်းကို ဝင်ပါလိုသည့် စရိုက်များကို ထားလိုက်ပါက သူ ကံကောင်းခြင်းများနှင့် မဆုံတွေ့သေးဘဲ ဘဝနိမ့်ပါးနေစဉ်က ထိုလူကြီးများမှာ သူ့ကို အတော်လေးပင် လှောင်ပြောင်ခဲ့ကြဖူးသည်။
သူ စိတ်ဓာတ်ကျနေချိန်တွင် ထိုအကြီးအကဲများ၏ မျက်နှာစိမ်းများကို ကြည့်ကာ နာကျည်းမှုပေါင်းများစွာကို အောင့်အည်း သည်းခံခဲ့ရဖူးသည်။
ယခုအခါ ထိုစကားကို ကြားလိုက်ရုံနှင့်တင် သူသည် စိတ်မသက်မသာ ဖြစ်သွားရသည်။ အာခံ၍မရသော မကျေနပ်မှုများက သူ၏နှလုံးသားကို ပုရွက်ဆိတ် ထောင်ပေါင်းများစွာ ကိုက်ခဲနေသကဲ့သို့ ခံစားလိုက်ရ၏။
"ကောင်းပြီ... မင်း သွားတော့"
ရန်လီလီသည် လက်ယမ်းပြလိုက်ပြီး သူ၏အခန်းဆီသို့ တစ်ဦးတည်း ဦးတည်လိုက်သည်။
မိဘများကို တွေ့လိုသည့်စိတ်မှာ ပျောက်ကွယ်သွားပြီး အခန်းထဲသို့ တန်းတန်းမတ်မတ် သွားကာ ဗီရိုကို ဖွင့်လိုက်သည်။
အတွင်းရှိ သံသေတ္တာကို ဖွင့်၍ ရွှေလက်မှတ်များအားလုံးကို ထုတ်ယူကာ အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။
ထိုနေရာတွင် ပိုက်ဆံ ဘယ်လောက်ရှိသည်ကို ရန်လီလီ အတိအကျ မသိသော်လည်း သူ၏ ပိုက်ဆံအားလုံးမှာ ဤနေရာတွင် ရှိနေခြင်းပင်။
တောင်ပေါ်ရှိ ဆန်းကြယ်သော တွေ့ရှိမှုမှ ရခဲ့သော ပိုက်ဆံများလည်း ပါဝင်သည်။
ရန်လီလီ အပြင်သို့ ပြန်ထွက်ရန် ပြင်နေစဉ်မှာပင် အိမ်စေမလေးက တစ်ဖန် ပြေးလာပြန်ပြီး တံခါးဝကို အမှီပြုကာ အမောတကော ပြောလိုက်သည်။
"သခင်လေး... သခင်ကြီးက သခင်လေးကို စာကြည့်ခန်းကို လာခဲ့ဖို့ ခေါ်ခိုင်းလိုက်ပါတယ်"
"ငါ့ကို ခေါ်တယ် ဟုတ်လား"
ရန်လီလီ မျက်မှောင်ကြုတ်လိုက်မိသော်လည်း မတတ်သာသည့်အဆုံး အိမ်စေမလေးနောက်သို့ လိုက်ပါကာ စာကြည့်ခန်းသို့ သွားလိုက်သည်။
စာကြည့်ခန်းရှေ့သို့ ရောက်သောအခါ အိမ်စေမလေးက တံခါးကို ခပ်ဖွဖွခေါက်လိုက်သည်။ "သခင်ကြီး... သခင်လေး ရောက်ပါပြီ"
အတွင်းမှ ရန်ကျုံးရှန်း၏ အသံထွက်ပေါ်လာသည် ာ
"သူ့ကို ဝင်ခိုင်းလိုက်"
အိမ်စေမလေးက ခေါင်းငြိမ့်ပြကာ တံခါးကို ဖြည်းဖြည်းချင်း ဖွင့်ပေးလိုက်သည်။
"သခင်လေး... ကြွပါ"
"အင်း"
ရန်လီလီသည် စိတ်ပျက်လက်ပျက်ဖြင့် ပြန်ထူးလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ပြတင်းပေါက်မှတစ်ဆင့် ဆံပင်ဖြူဖြူနှင့် မျိုးနွယ်စု အကြီးအကဲအချို့မှာ ကုလားထိုင်များပေါ်တွင် ထိုင်နေကြသည်ကို မြင်လိုက်ရသောကြောင့်ပင်။
ထိုမျက်နှာများကို မြင်လိုက်ရသည်နှင့် ရန်လီလီသည် မသိစိတ်ထဲမှပင် ရွံရှာမိသွားသည်။
ထိုအရာက ကျောက်ချင်းကို တခြားယောင်္ကျားလေးတွေ စကားပြောနေတာ မြင်ရရင် သူ မကြိုက်သလိုမျိုးပင်။
ဖြစ်နိုင်မည်ဆိုပါက သူ၏ တစ်သက်တာလုံးတွင် ထိုအကြီးအကဲများကို ဘယ်တော့မှ မတွေ့ချင်တော့ပေ။
ရန်လီလီ အထဲသို့ ဝင်သွားသောအခါ သူ၏ မိဘများကို အရင်ဆုံး ဂါရဝပြုလိုက်ပြီး အကြီးအကဲများကိုမူ ဝတ္တရားအရသာ နှုတ်ဆက်လိုက်သည်။
ရန်ကျုံးရှန်းကလည်း ရန်လီလီ၏ အမူအရာကို ဘာမှမှတ်ချက်မပေးဘဲ သူ့ကို အရင်ဆုံး ထိုင်
ခိုင်းလိုက်သည်။
"လီလီ... အကြီးအကဲတွေက မင်းနဲ့ ဆွေးနွေးစရာ ရှိလို့တဲ့"
"ပြောပါ"
ရန်လီလီသည် အကြီးအကဲများနှင့် အလှမ်းဝေးသော ကုလားထိုင်တစ်လုံးတွင် ထိုင်လိုက်ပြီး အေးစက်စက် ပြန်ပြောလိုက်သည်။
တောင်ဝှေးကို အမှီပြုထားသော အဖိုးအိုတစ်ဦးက ကြမ်းပြင်ကို ဒေါက်ခနဲ အသံမြည်အောင် တောက်လိုက်ပြီး "လီလီ... မင်း မသေမျိုးဂိုဏ်းထဲကို ဝင်ထားတယ်လို့ ငါတို့ ကြားတယ်နော်" ဟု ပြောလိုက်သည်။
ရန်လီလီက မေးလိုက်သည်။
"အဲဒါ ဘာဖြစ်လို့လဲ"
"အဲဒီကနေ ချက်ချင်း ထွက်လိုက်ပါ"
"ဘာလို့ ကျွန်တော်က အဘိုးတို့ စကားကို နားထောင်ရမှာလဲ။ အဘိုးတို့ စကားက ရွှေထွက်လို့လား"
တောင်ဝှေးကိုင်ထားသော အဘိုးအို၏ ဘေးမှ အခြားအကြီးအကဲတစ်ဦးက မတ်တတ်ရပ်
လိုက်ပြီး ဒေါသတကြီး ငေါက်လိုက်သည်။
"မိုက်ရိုင်းလိုက်တာ မျိုးနွယ်စု အကြီးအကဲတွေကို မင်းက ဒီလို စကားပြောရဲတယ်ပေါ့ ဒါက မင်းရဲ့ အဘိုးအရင်းပဲ။ ငါက မင်းရဲ့ အဘိုးလေး။ ဟိုဘက်က မင်းရဲ့ သုံးယောက်မြောက် အဘိုး။ လူကြီးကို မရိုသေတာ တစ်ပိုင်း၊ မသေမျိုးဂိုဏ်းထဲ ဝင်ထားတာကရော မင်းက မှန်တယ်လို့ ထင်နေတာလား"
ရန်လီလီက ခပ်လှောင်လှောင် ပြုံးလိုက်ပြီး အေးအေးဆေးဆေးပင် ပြန်မေးလိုက်သည်။
"ကျွန်တော် မသေမျိုးဂိုဏ်းထဲ ဝင်တာက အဘိုးတို့ကို ဘာတွေများ ဒုက္ခပေးနေလို့လဲ"
တောင်ဝှေးကိုင်ထားသော အဘိုးအိုက ထပ်ပြောပြန်သည်။
"ဒါပေမဲ့ မင်းကြောင့် ရန်မိသားစုတစ်ခုလုံးပါ နာမည်ပျက်ပြီး ဒုက္ခရောက်ကုန်လိမ့်မယ်"
"အဲဒါ ဘာကို ဆိုလိုတာလဲ"
ရန်လီလီသည် ဤတစ်ကြိမ်တွင် အကြီးအကဲများကို စေ့စေ့ကြည့်ကာ မေးခွန်းထုတ်လိုက်လေတော့သည်။
"အစကတော့ မင်းအဖေကို မနက်ဖြန် မသေမျိုးဂိုဏ်းဆီ လွှတ်ပြီး မင်းကို ပြန်ခေါ်ခိုင်းမလို့ပဲ။ အခု မင်း ဒီနေ့ပဲ ပြန်ရောက်လာတာဆိုတော့လည်း ကောင်းတာပေါ့။ အိမ်မှာပဲနေ အဲဒီ မသေမျိုးဂိုဏ်းဆီကို ဘယ်တော့မှ ထပ်မသွားနဲ့တော့"
ရန်လီလီက ချက်ချင်းပင် မတ်တတ်ရပ်လိုက်ပြီး လှည့်ထွက်ရန် ပြင်လိုက်သည်။
"ဘာလို့ အဘိုးတို့ စကားကို နားထောင်ရမှာလဲ။ တကယ် ရယ်ရတာပဲ"
တောင်ဝှေးကိုင်ထားသော အဘိုးအိုကလည်း မတ်တတ်ရပ်လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။
"ဘာလို့လဲဆိုတော့ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့နဲ့ မှီခိုရာဂိုဏ်းတို့က မသေမျိုးဂိုဏ်းကို စစ်ကြေညာထားလို့ပဲ။ နက်နဲသောအဆင့် ကျင့်ကြံသူ နှစ်ယောက်တောင် ဆန်းဝူမြို့မှာ စုဝေးနေကြပြီ။ မသေမျိုးဂိုဏ်း ပျက်စီးဖို့ကတော့ အသေအချာပဲ။ မင်းကမှ တောင်ပေါ်ကို ဇွတ်တက်ချင်နေဦးမယ်ဆိုရင်တော့ ငါတို့ ရန်မိသားစုကို ပြဿနာမပတ်အောင် ဒီမုန်တိုင်း ငြိမ်သွားတဲ့အထိ မင်းကို အချုပ်ချထားရလိမ့်မယ်"
"ဒါကတော့ နည်းနည်း မလွန်လွန်းဘူးလား"
ရန်ကျုံးရှန်းက မတ်တတ်ရပ်၍ မေးလိုက်သည်။
"အကယ်၍ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့နဲ့ မှီခိုရာဂိုဏ်းချုပ်က ရန်မိသားစုကို အငြိုးထားလာရင် ခင်ဗျား တာဝန်ယူမှာလား"
ထိုစကားကို ကြားသောအခါ ရန်ကျုံးရှန်းမှာ ဘာမှ ပြန်မပြောနိုင်ဘဲ တိတ်ဆိတ်သွားရသည်။
"လီလီကို ဘေးခန်းထဲမှာ ရက်အနည်းငယ်လောက် ပိတ်ထားလိုက် ပြီးမှ ပြန်လွှတ်ပေးမယ်။ ကျုံးရှန်း... ဒါက ရန်မိသားစု ရှင်သန်ရေးနဲ့ ဆိုင်တဲ့ကိစ္စပဲ။ အကယ်၍ ခင်ဗျားက သားကို ကာကွယ်ပြီး တစ်မိသားစုလုံးကို အန္တရာယ်ထဲ တွန်းပို့မယ်ဆိုရင်တော့ ငါတို့ အားလုံး စုပေါင်းပြီး ခင်ဗျားကို မျိုးနွယ်စုခေါင်းဆောင် ရာထူးကနေ ဖယ်ရှားပစ်တာကို မကျေမနပ် မဖြစ်ပါနဲ့"
"ဒါက..."
ရန်ကျုံးရှန်း ဝေခွဲမရ ဖြစ်နေစဉ်မှာပင် ရန်လီလီက ကြားဖြတ်ပြောလိုက်သည်။
"ဒါဆိုလည်း ဘေးခန်းကိုပဲ သွားကြတာပေါ့"
ထိုသို့ဆိုကာ ရန်လီလီသည် လှည့်ထွက်သွားတော့သည်။
သူသည် ဖခင်ဖြစ်သူကို အခက်တွေ့အောင် မလုပ်ချင်သလို ထိုအကြီးအကဲများကိုလည်း ထပ်မတွေ့ချင်တော့ပေ။
နောက်ပြီး ဘေးခန်းမှာ နေရတာက ဘာဖြစ်မှာလဲ။ ငါသာ ထွက်သွားချင်တယ်ဆိုရင် ရန်မိသားစုထဲမှာ ငါ့ကို တားထားနိုင်တဲ့နေရာ ဒါမှမဟုတ် တားထားနိုင်တဲ့သူ ရှိလို့လား။
...
အစောင့်များ၏ ကြီးကြပ်မှုအောက်တွင် ရန်လီလီကို ဘေးခန်းတစ်ခု၌ ပိတ်ထားလိုက်သည်။ သူ၏ မိဘများ တစ်ခေါက် လာကြည့်ကြသော်လည်း ရန်လီလီက သူတို့ကို စိတ်မပူစေချင်သလို ဖခင်ဖြစ်သူ၏ ရာထူးကိုလည်း မထိခိုက်စေချင်သဖြင့် စိတ်အေးအေးထားရန်သာ ပြောလိုက်သည်။
ခြုံပြောရလျှင် မည်သူပင် လာလာ ရန်လီလီကတော့ ဘေးခန်းထဲမှာပဲ အသာတကြည် နေနေမည့် ပုံစံမျိုးပင်။
ညဉ့်နက်သန်းခေါင် ရောက်သောအခါ ရန်လီလီသည် ကုတင်ပေါ်မှ ဆင်းကာ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်။
ထို့နောက် ပြတင်းပေါက်ဆီသို့ တန်းတန်းမတ်မတ် သွားကာ အပေါက်ငယ်လေးမှတစ်ဆင့် အပြင်က အစောင့်များကို ကြည့်ပြီး လက်ယမ်းပြလိုက်သည်။
"သွားပြီနော်"
ထိုသို့ပြောကာ ရန်လီလီသည် ထုပ်တန်းပေါ်သို့ တိုက်ရိုက် ခုန်တက်လိုက်သည်။
ထိုစဉ်မှာပင် တံခါးက ရုတ်တရက် ပွင့်လာတော့သည်။
ရန်လီလီသည် ထုပ်တန်းပေါ်မှ အမြန်ပြန်ဆင်းကာ ကုတင်ပေါ်သို့ ခပ်သွက်သွက်ပင် ပြန်တက်လိုက်ရသည်။
အထဲဝင်လာသူကို စိတ်ထဲကနေ ကျိန်ဆဲနေစဉ်မှာပင် မိန်းကလေးတစ်ဦး၏ မျက်နှာက သူ၏ရှေ့၌ ပေါ်လာသည်။ သူ့အရွယ်ခန့် ရှိမည့် မိန်းကလေးမှာ သူ၏မျက်နှာနားသို့ ကိုင်းငုံ့ကြည့်နေခြင်းပင်။
သူမဆီမှ လွင့်ပျံ့လာသော ရနံ့ကြောင့် ရန်လီလီက သူမကို အမြန်တွန်းထုတ်လိုက်ပြီး "ရန်ရှီး... မင်း ဒီကို ဘာလာလုပ်တာလဲ" ဟု မေးလိုက်သည်။
"မင်းကို လာကြည့်တာလေ"
"ငါ့ကို ကြည့်စရာ ဘာရှိလို့လဲ ကဲ... သိပြီဆိုရင် ပြန်တော့"
"ဒါပေမဲ့ ငါပြန်သွားရင် မင်းက ထုပ်တန်းပေါ် ပြန်တက်တော့မှာ မဟုတ်လား"
"မင်း မြင်သွားတာလား"
"တိုက်တိုက်ဆိုင်ဆိုင်ပဲ... ငါ့ရဲ့ အဆင့်က ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့် ၆ လေ။ မင်း ထုပ်တန်းပေါ်က ဆင်းလာတာကို မြင်နိုင်တဲ့ မျက်စိတော့ ရှိပါတယ်"
"အေးပါ... မင်းက တော်ပါတယ်"
ရန်လီလီသည် ထိုအကြီးအကဲ၏ မြေးမဖြစ်သူကို ဘာမှပြန်မပြောနိုင်ဘဲ မချိပြုံး ပြုံးလိုက်မိသည်။
သူမက ပါရမီထူးချွန်သူ ဖြစ်သဖြင့် ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ကပင် သူမကို အလိုရှိနေကြသည်။
လှပသူလည်း ဖြစ်သဖြင့် ယောင်္ကျားလေး အများအပြားကလည်း သူမနောက်သို့ လိုက်နေကြသည်။
ဒီလောက် ထူးချွန်တဲ့သူက ဘာဖြစ်လို့ ညဉ့်နက်သန်းခေါင်မှာ ငါ့ဆီ လာတွေ့နေရတာလဲ။
ရန်ရှီးက ခပ်တိုးတိုး ရယ်မောလိုက်ပြီး အနီးရှိ ဝိုင်းစားပွဲတွင် ထိုင်ကာ မေးထောက်လျက် မေးလိုက်သည်။
"လီလီ... ငါ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ထဲ ဝင်သင့်သလား၊ ဒါမှမဟုတ် မှီခိုရာဂိုဏ်းထဲ ဝင်သင့်သလား"
"နှစ်ဖွဲ့လုံးက မင်းကို ကမ်းလှမ်းထားကြတာလား"
"ဟုတ်တယ် ဟုတ်တယ်။ ဒါပေမဲ့ ဘယ်အဖွဲ့ထဲ ဝင်ရမလဲဆိုတာ မဆုံးဖြတ်ရသေးဘူး"
ရန်လီလီက တဟားဟား ရယ်မောလိုက်ရင်း "မဆုံးဖြတ်ရသေးရင်လည်း မစဉ်းစားနဲ့တော့။ ငါ မင်းကို အဲဒီထက် ပိုကောင်းတဲ့ ဂိုဏ်းတစ်ခုဆီ ခေါ်သွားပေးမယ်။ အဲဒီဂိုဏ်းနဲ့ ယှဉ်လိုက်ရင် ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့တို့ မှီခိုရာဂိုဏ်းတို့ဆိုတာ ဘာမှမဟုတ်တော့ဘူး" ဟု ပြောလိုက်တော့သည်။
အခန်း။ ၁၂၈
"အဲဒီလိုမျိုး ဂိုဏ်း တကယ်ရှိလို့လား"
"ငါ့ကိုယုံစမ်းပါ အကောင်းဆုံး သက်သေကတော့... ငါအခု ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့် ၇ ကို ရောက်နေပြီဆိုတာပဲ"
"မင်းက အဆင့် ၇ ကို ရောက်သွားပြီ ဟုတ်လား"
ရန်လီလီ၏ စကားကြောင့် ရန်ရှီးမှာ မှင်တက်သွားရသည်။ ထို့နောက် ရန်လီလီက သူ၏ အရှိန်အဝါကို ထုတ်ဖော်ပြလိုက်ချိန်တွင် သူမသည် ရန်လီလီကို စေ့စေ့စိုက်ကြည့်နေမိတော့၏။ ရန်လီလီသည် အမှန်တကယ်ပင် အဆင့် ၇ သို့ ရောက်ရှိနေပြီဖြစ်ကြောင်း အာရုံခံမိလိုက်ချိန်တွင် အဆင့် ၆ ကို ရောက်ထား၍ ဂုဏ်ယူနေခဲ့သော သူမ၏ စိတ်အခြေအနေမှာ ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။
တစ်ချိန်တည်းမှာပင် ရန်လီလီပြောသော ဂိုဏ်းအကြောင်းကို သူမ အလွန်အမင်း စိတ်ဝင်စားသွားခဲ့သည်။
"လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ရန်လီလီဆိုတာ ဘာမှအသုံးမကျတဲ့သူ တစ်ယောက်ပဲလေ။ "
"ဒါကို... ဒီအချိန်လေးအတွင်းမှာ အဆင့် ၇ အထိတောင် ဘယ်လိုလုပ် တက်လှမ်းနိုင်သွားတာလဲ။ သူ ဘယ်လိုများ လုပ်လိုက်တာလဲ..."
အံ့ဩစရာအကောင်းဆုံးမှာ သူသည် သူမနှင့် သက်တူရွယ်တူ အသက် ၁၅ နှစ်သာ ရှိသေးခြင်းပင်။
သူမ၏ ယုံကြည်ချက်အားလုံးမှာ ရန်လီလီ၏ခြေဖဝါးအောက်တွင် နင်းခြေခြင်း ခံလိုက်ရသည်။
"အဲဒါ ဘာဂိုဏ်းလဲ"
ရန်ရှီး စိတ်ဝင်စားသွားသည်ကို မြင်သောအခါ ရန်လီလီက စိတ်ထဲမှ တဟားဟား ရယ်မောလိုက်ပြီး "ငါ့နောက်ကိုသာ လိုက်ခဲ့ပါ မင်း စိတ်ပျက်မှာ မဟုတ်ဘူး" ဟု ပြောလိုက်သည်။
"အခုလား"
"အခုမှ မဟုတ်ရင် ဘယ်တော့လဲ"
"ဒါပေမဲ့ မင်းကို အခု ငါ့အဘိုးက ပိတ်ထားတာလေ။ ဒီအတိုင်း ထွက်သွားရင် ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့က ရန်မိသားစုကို ဒေါသထွက်ကုန်မှာပေါ့"
"ရှီးရှီး... မင်း ကြောက်တယ်ဆိုရင်လည်း ထားလိုက်တော့လေ။ ဘာပဲဖြစ်ဖြစ် မင်းက အခု အဆင့် ၆ ဆိုတော့ တော်တော်လေး တောက်ပနေတာပဲ။ မဟာမိတ်အဖွဲ့ထဲ ဝင်လိုက်ရင် ဆန်းဝူမြို့ကနေ ထွက်သွားလို့ရပြီ။ ငါကတော့ တိတ်တိတ်ဆိတ်ဆိတ်ပဲ ကျင့်ကြံနေတော့မယ်။ မင်း ကြယ်နှစ်ပွင့်အဆင့် ဂိုဏ်းတစ်ခုထဲ ရောက်သွားတဲ့အခါ ငါ အဆင့် ၁၃ ရောက်ရင်တော့ လာပြီး သောက်စားကြတာပေါ့"
"ငါ လိုက်မယ်"
ရန်ရှီးက ချက်ချင်းပင် ခေါင်းငြိမ့်လိုက်သည်။
ရန်လီလီက အောင်နိုင်သူတစ်ယောက်ကဲ့သို့ ပြုံးလိုက်မိသည်။
"ငါက ထုပ်တန်းပေါ်ကနေ တက်သွားမယ်။ မင်းကတော့ ရန်အိမ်တော်ရဲ့ နောက်ဖေးတံခါးကနေ ထွက်ခဲ့။ နောက်တစ်လမ်းမှာ ငါတို့ ဆုံကြမယ်"
"မနက်ဖြန်မှ ဆိုရင်ကော ရလား။ ငါ ဒီည လုပ်စရာလေးတွေ ရှိသေးလို့"
"ကောင်းပြီ မနက်ဖြန်လည်း ရပါတယ်။ ဒါပေမဲ့ ရွှေလက်မှတ်တွေ အများကြီး ယူလာဖို့ မမေ့နဲ့ဦး။ အဲဒီဂိုဏ်းမှာ ကျင့်ကြံဖို့ဆိုရင် ပိုက်ဆံသုံးရတယ်"
"အင်"
"ဘာ အင်တာလဲ။ ဒီနှစ်ထဲမှာ အဆင့် ၇ ဒါမှမဟုတ် အဆင့် ၈ ကို ရောက်ဖို့အတွက် ရွှေဒင်္ဂါး တစ်သောင်းနဲ့ မလဲနိုင်ဘူးလား"
"လဲနိုင်တာပေါ့"
ရန်ရှီးက အလေးအနက် ခေါင်းငြိမ့်ပြသည်။
"ကောင်းပြီ ဒီည ပြန်ပြင်ဆင်ထား။ မနက်ဖြန် မနက်ကျရင် ငါတို့အိမ်နောက်က လမ်းထဲမှာ ဆုံမယ်"
"ဟုတ်ပြီ ဒါပေမဲ့ လီလီ... ငါ့ကိုတော့ လိမ်လို့ မရဘူးနော်"
"ငါ မင်းကို လိမ်ရင် ခွေးလေး ဖြစ်စေရမယ် ဟုတ်ပြီလား"
"အေးပါ... မင်းသာ ငါ့ကို လိမ်ရင် တစ်သက်လုံး ခွေးလေး ဖြစ်ပါစေ"
...
နောက်တစ်နေ့ နံနက်စောစော အရုဏ်တက်ချိန်တွင် ကျောက်ချင်းနှင့် အခြားသူများသည် ဝမ်ပင်းအား ကူညီရန် ယွင်လန်တောင်ခြေသို့ စိတ်အားထက်သန်စွာ ရောက်ရှိလာကြသည်။ မြူနှင်းများ မြေပြင်ကို ဖုံးလွှမ်းနေချိန်မှသည် နေမင်းကြီး ထွန်းလင်းတောက်ပလာချိန်အထိ သူတို့ အလုပ်ရှုပ်နေကြ၏။
သို့သော် အချိန်အတော်ကြာ စောင့်ဆိုင်းနေသော်လည်း တစ်ဦးတစ်ယောက်မျှ ရောက်မလာခဲ့ပေ။
မူလက ချင်ရွှေလမ်းသည် ယွင်လန်တောင်ခြေနှင့် ကပ်လျက်ရှိသဖြင့် လူများ မကြာခဏ ဖြတ်သန်းသွားလာလေ့ ရှိသော်လည်း ယခုမူ လမ်းမထက်၌ လူရိပ်လူယောင်ပင် မတွေ့ရတော့ပေ။
ဗလာဖြစ်နေသော လမ်းမကြီးကို ကြည့်ကာ လူတိုင်းမှာ လေတိုးသံကြားတွင် မတ်တတ်ရပ်နေမိကြသည်။
ထိုစဉ်မှာပင် ဟင်းသီးဟင်းရွက် တောင်းလေးတစ်လုံးကို ကိုင်ဆောင်ထားသော အသက် ၁၅၊ ၁၆ နှစ်အရွယ် ကောင်လေးတစ်ဦး ဖြတ်သွားကာ သူသည် ယွင်လန်တောင်ခြေရှိ သိုင်းပညာနှီးနှောဖလှယ်ပွဲ ဆိုင်းဘုတ်ကို မြင်လိုက်ရသောအခါ "အမေ... ကျွန်တော် သိုင်းပညာနှီးနှောဖလှယ်ပွဲကို သွားချင်တယ်" ဟု ဘေးရှိ အမျိုးသမီးကို ဝမ်းသာအားရ ပြောလိုက်သည်။
ကောင်လေးသည် ဟင်းသီးဟင်းရွက်တောင်းကို သူ့အမေထံ ပေးအပ်ကာ တောင်ခြေသို့ အပြေးသွားရန် ပြင်လိုက်သော်လည်း သူ၏အမေက ဆွဲတားခြင်း ခံလိုက်ရသည်။
"ငါတို့ကို သေတွင်းထဲ ပို့ချင်နေတာလား"
ထိုသို့ပြောကာ ကောင်လေးကို ဆွဲခေါ်သွားတော့သည်။
ထိုသားအမိ ထွက်သွားသည်ကို ကြည့်ကာ ရန်လီလီနှင့် အခြားသူများမှာ ကြောင်တောင်တောင် ဖြစ်သွားရသည်။
ဟွမ်ယီသည် သူတို့နောက်သို့ အနည်းငယ် လိုက်သွားသော်လည်း ထိုသားအမိမှာ ခြေလှမ်းများကို ပိုမိုမြန်ဆန်အောင် လျှောက်သွားကြသည်။ ဘာမှ အဖြေမရသဖြင့် ဟွမ်ယီမှာ ပြန်လာခဲ့ရပြီး စိတ်ထဲမှ တီးတိုးရေရွတ်နေမိသည်။
"အခမဲ့ သင်ကြားပေးတာကို ဘာလို့ သူတို့ကို ဒုက္ခပေးတာလို့ ထင်နေကြတာလဲ"
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဝမ်ပင်းသည် လူများကို ဆွဲဆောင်မည့်ကိစ္စကို သတိရသွားတော့သည်။
သူက စနစ်ကို လှမ်းပြောလိုက်သည်။
"စနစ်... သိုင်းပညာနှီးနှောဖလှယ်ပွဲရဲ့ အာနိသင်ကို မြှင့်တင်ပေးတော့"
"မြှင့်တင်မှု အောင်မြင်ပါတယ်"
ခဏအကြာတွင် လမ်းမကြီးမှာ ဆက်လက်၍ ဗလာဖြစ်နေဆဲဖြစ်သည်ကို မြင်သောအခါ ဝမ်ပင်းက အမြန်မေးလိုက်သည်။
"စနစ်... မင်းပဲ ယွင်လန်တောင် ပတ်ပတ်လည် မီတာ ခုနစ်ထောင်အတွင်းမှာရှိတဲ့သူတွေ ဆွဲဆောင်ခံရမယ်ဆို"
"ပြင်ပက အနှောင့်အယှက်တွေ ရှိနေတာကြောင့် ဆွဲဆောင်မှု အာနိသင် လျော့နည်းသွားတာပါ"
"ဪ... ငါ အခုမှ သတိရတယ်"
ချင်ရွှေလမ်းတွင် တစ်စုံတစ်ယောက်က လမ်းပိတ်ထားသည်ကို ဝမ်ပင်း သတိပြုမိသွားသည်။
ဝမ်ပင်းက ထပ်မေးသည်။
"စနစ်... တကယ်လို့ တစ်ယောက်ယောက်က လမ်းပိတ်ထားရင် လူတွေ ဝင်လာလို့ မရတော့ဘူး မဟုတ်လား"
စနစ်က ပြန်ဖြေသည်။
"ဒါပေါ့... မဟုတ်ပါဘူး။ လူတွေက မသိစိတ်ထဲကနေ သိုင်းပညာနှီးနှောဖလှယ်ပွဲကို လာချင်တဲ့ ဆန္ဒတွေ ရှိနေကြပါတယ်။ အကယ်၍ သူတို့ တားဆီးခံရတာ ဒါမှမဟုတ် ခြိမ်းခြောက်ခံရတာမျိုး ရှိလာရင် သူတို့ဆီမှာ အာခံချင်စိတ်တွေ သေချာပေါက် ဖြစ်ပေါ်လာပါလိမ့်မယ်။ အဲဒီအချိန်မှာ ပင်မဆောင်ရဲ့ ဆွဲဆောင်မှုစွမ်းအားက အဲဒီအာခံချင်စိတ်နဲ့ နှီးနှောဖလှယ်ပွဲကို တက်ချင်တဲ့ဆန္ဒကို ပိုပြီး ပြင်းထန်လာအောင် လုပ်ဆောင်ပေးမှာဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ အဲဒီစိတ်တွေက တဟုန်ထိုး မြင့်တက်လာပါလိမ့်မယ်"
"ဆွဲဆောင်မှုက ဒီလို အာနိသင်မျိုးတောင် ရှိတာလား"
"သေချာတာပေါ့။ အဲဒီလို ခံစားချက်တွေ စုပြုံလာတာဟာ ရေပုံးထဲမှာ ရေဖြည့်နေသလိုပါပဲ ပြည့်လျှံသွားတဲ့အခါ အပြင်ကို ထွက်လာမှာပါ။ စကားပုံတစ်ခု ရှိတယ်မဟုတ်လား... ဖိနှိပ်မှုရှိတဲ့နေရာမှာ တော်လှန်မှု ရှိတယ်ဆိုတာလေ"
"မင်းက အဲဒီစကားပုံကိုတောင် သိတာလား"
"သိတာပေါ့။ သခင့်အနေနဲ့ စောင့်ကြည့်နေရုံပါပဲ"
ဝမ်ပင်းက ခေါင်းငြိမ့်လိုက်သည်။
ထိုစဉ် ဝမ်ပင်း လှည့်ကြည့်လိုက်သောအခါ ချင်ရှန်းက သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"အကြီးအကဲချင်... ကျွန်တော့်မျက်နှာမှာ ပန်းတွေ ပွင့်နေလို့လား"
ချင်ရှန်းက ခပ်ဟဟ ရယ်လိုက်ပြီး "မင်းကို ငါ တကယ် နားမလည်ဘူး။ မင်းက ကိုယ့်ရဲ့ အဖိုးတန်တဲ့ အချိန်တွေကို သာမန်လူတွေရဲ့ အကျိုးအတွက် အနစ်နာခံပေးနေတာတောင် သူတို့က ကျေးဇူးမသိကြဘူး။ ကြယ်တစ်ပွင့်အဆင့် ဂိုဏ်းတစ်ခုနဲ့ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ခွဲလေးရဲ့ တားဆီးမှုကို ကြောက်ပြီး တစ်ယောက်မှ မလာရဲကြဘူး။ ဒါပေမဲ့ သူတို့သာ ဒီမှာ နက်နဲသောအဆင့်ကျင့်ကြံသူက သူတို့ကို စောင့်နေတယ်ဆိုတာ သိရင်တော့ နောင်တရကြမှာ အသေအချာပဲ"
ဝမ်ပင်းက ပြန်ပြောသည်။
"မလောပါနဲ့ဦး"
တစ်ချိန်တည်းမှာပင် ယွင်လန်တောင်ကို မျက်နှာမူထားသော စင်မြင့်အမြင့်ဆုံးထပ်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် တောင်ခြေကို စောင့်ကြည့်နေကြသည်။
ထိုအမျိုးသားမှာ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့၏ ဝတ်စုံကို ဝတ်ဆင်ထားသော ဥက္ကဋ္ဌ မိုလင် ဖြစ်သည်။
အမျိုးသမီးမှာမူ မှီခိုရာဂိုဏ်း၏ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမမှာ မှီခိုရာဂိုဏ်း၏ တစ်ဦးတည်းသော အမျိုးသမီး အကြီးအကဲဖြစ်သလို ဂိုဏ်းချုပ် ဝမ်မို ၏ ဇနီးဖြစ်သူ ရှန်းယီပင်။
ရှန်းယီက ရယ်မောလိုက်ရင်း "ဥက္ကဋ္ဌ မိုလင်... ကျွန်မရဲ့ အစီအစဉ်က ထိရောက်တယ် မဟုတ်လား။ မသေမျိုးဂိုဏ်းက တပည့်တွေ ပထမဆုံး စုဆောင်းတုန်းကလည်း ကျွန်မတို့ ဒီလိုပဲ လုပ်ခဲ့တာလေ။ ချင်ရွှေလမ်းမှာ လူတွေချထားပြီး ယွင်လန်တောင်ခြေကို ဘယ်သူမှ မသွားနိုင်အောင် ပိတ်ထားခဲ့တာ။ အခုလည်း ဒီလိုပဲ လုပ်လိုက်တော့ သူ့ရဲ့ သိုင်းပညာနှီးနှောဖလှယ်ပွဲမှာ လူတစ်ယောက်မှ မရှိတော့ဘူး"
"မှန်တာပေါ့"
"ဒါတင်မကဘူး... ကျွန်မက မသေမျိုးဂိုဏ်းရဲ့ သိုင်းပညာနှီးနှောဖလှယ်ပွဲဆိုတာ အလိမ်အညာသက်သက် ပိုက်ဆံယူဖို့ပဲ လုပ်နေတာလို့ သတင်းလွှင့်ထားလိုက်သေးတယ်။ အခုဆို တစ်မြို့လုံးက အဲဒါကို ယုံနေကြပြီ"
"ဪ... ဟုတ်လား"
မိုလင်က ရှန်းယီကို အံ့ဩတကြီး ကြည့်လိုက်သည်။
ရှန်းယီက ပြုံးလိုက်ရင်း "ဒါကတော့ ဝမ်ပင်းလေးက ဝင်ကြေး ရွှေဒင်္ဂါး တစ်ထောင် တောင်းလိုက်လို့ ကျေးဇူးတင်ရမှာပေါ့။ ပြီးတော့ လူတိုင်းက မသေမျိုးဂိုဏ်း ဆုတ်ယုတ်နေတာကို သိနေကြတာဆိုတော့ ရွှေတစ်ထောင်တောင်းတာက လိမ်တာလို့ ထင်ရတာပေါ့... လူအများကြီးက သူ့ကို လိမ်လည်သူလို့ ဝိုင်းပြောကြရင် အဲဒီအလိမ်အညာက အမှန်တရား ဖြစ်သွားတာပဲ"
ထိုစကားကို ကြားသောအခါ မိုလင်က ခေါင်းငြိမ့်ကာ ရှန်းယီကို ချီးကျူးသည့် အကြည့်ဖြင့် ကြည့်လိုက်ပြီး "အကြီးအကဲ ရှန်းယီက တကယ်ကို ထက်မြက်တာပဲ။ အကြီးအကဲရဲ့ အကူအညီကြောင့် ဂိုဏ်းချုပ်ဝမ်မိုရဲ့ ဂိုဏ်းက မကြာခင်မှာ ကြယ်နှစ်ပွင့်အဆင့် ဂိုဏ်း ဖြစ်လာတော့မှာ မဆန်းပါဘူး"
ရှန်းယီက ဆက်ပြောသည်။
"ဥက္ကဋ္ဌကလည်း မြှောက်ပင့်နေပြန်ပါပြီ။ ကျွန်မတို့ မှီခိုရာဂိုဏ်းကလည်း ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ရဲ့ အစိတ်အပိုင်းတစ်ခုပဲလေ။ ဒါက ကျွန်မတို့ရဲ့ ကပ်စားချေမှုအတွက်လည်း ပါတာပေါ့။ ကျွန်မတို့ ရက်စက်မှ ဖြစ်မယ်။ မသေမျိုးဂိုဏ်းကို ပျက်စီးစေရုံတင်မကဘဲ သူ့ရဲ့ နာမည်ကိုပါ သုံးစားလို့မရအောင် လုပ်ရမယ်။ ဆန်းဝူမြို့က လူတွေက မသေမျိုးဂိုဏ်းဆိုတဲ့ နာမည်ကို ကြားလိုက်တာနဲ့တင် ရွံရှာသွားစေရမယ်"
"ဟားဟား"
ရှန်းယီသည် ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်ရာ သူမ၏ အေးစက်သော ရယ်သံမှာ ကောင်းကင်ယံအထိ ပဲ့တင်ထပ်သွားပြီး ငှက်ကလေးများပင် ထိတ်လန့်တကြား ပျံသန်းသွားကြတော့သည်။