မိစ္ဆာမင်းသား
Vol. 12 Ch. 1169
ပိုင်ရှောင်ချန်းမှာ မျက်လုံးများပြူးသွားပြီး သူ၏နှလုံးသားနှင့် အသိစိတ်များထဲတွင် အံ့အားသင့်မှုလှိုင်လုံးကြီးများ ရိုက်ခတ်နေသည့်ပမာ ဖြစ်သွားတော့သည်။
သူ၏မျက်လုံးနှင့် တပ်အပ်မြင်ခဲ့ရသည့် ဖြစ်ရပ်ကြီးမှာ သူ မတွေးထားမိလောက်အောင် ကြီးမားလွန်းနေသည်။ ဖက်တီးကျန်းကြီး လွန်စွာ စိုးထိတ်နေခဲ့ပုံကိုကြည့်၍ သူသည် အလွန်ကြီးမားသော ကိစ္စတစ်ခုအတွက် စိတ်ကိုပြင်ဆင်ထားခဲ့သည်။
သို့သော် ဤဖြစ်ရပ်ကြီးမှာ စိတ်ကူးနှင့်မှန်းဆရန်မရလောက်အောင် ကြီးမားလွန်းနေသည်သာဖြစ်သည်။
မိစ္ဆာဧကရာဇ်နှစ်ယောက် ရှိနေခဲ့ခြင်းဖြစ်သည်။
သူတို့နှစ်ယောက်မှာ တစ်ပုံစံထဲဖြစ်သော်လည်း တစ်ယောက်မှာ အစစ်ဖြစ်ပြီး အခြားတစ်ယောက်မှာ လူလိမ်ဖြစ်သည်။
ဤဖြစ်ရပ် ဖြစ်ပျက်ခဲ့သည်မှာ နှစ်ပေါင်းမည်မျှကြာနေပြီဖြစ်ကြောင်း အတိအကျမသိနိုင်ပါသော်လည်း သေဆုံးသွားခဲ့သည့် မိစ္ဆာဧကရာဇ်အော်ဟစ်ခဲ့သော သူ၏ဘိုးဘေးကို စိတ်ပျက်စေမည် ဆိုသောစကားကြောင့် ပိုင်ရှောင်ချန်း၏မသိစိတ်မှာ ထိုမိစ္ဆာဧကရာဇ်သည် လူလိမ်မဟုတ်ကြောင်း သူ့ကို ပြောပြနေသည်။
ပိုင်ရှောင်ချန်းမှာ တုန်လှုပ်ခြောက်ခြားစွာဖြင့် မလှုပ်မယှက် ရပ်နေစဥ် သူ၏အမြင်အာရုံ ဝေဝါးသွားပြီး ဤအဆင့်လေးအထိ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခဲ့မှုကြောင့် သုံးခွမှိန်းကြီးထဲတွင် ပိတ်လှောင်ထားခံရသည့် မည်သည့်လျှို့ဝှက်ချက်များမဆို ပြာပုံဘဝသို့ ရောက်သွားတော့သည်။
ထပ်၍ စိတ်စွမ်းအင်အဆင့်မြှင့်တင်လျှင်လည်း မည်သည့်အမြင်အာရုံမှ ပေါ်လာတော့မည် မဟုတ်ပေ။
ပိုင်ရှောင်ချန်းမှာ ဖြည်းညင်းစွာဖြင့် သတိပြန်လည်လာပြီး သူ၏နှလုံးသားထဲမှ တုန်လှုပ်မှုကြီးကြောင့် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းအကြောင်းကို လုံးလုံးလျားလျား မေ့သွားတော့သည်။ သူ၏လက်ကို ပြန်ရုတ်သိမ်းလိုက်သောအခါ လေးရောင်ခြယ်မီးတောက်က မြေပြင်ပေါ်သို့ ကျဆင်းသွားပြီး တဖောက်ဖောက်မြည်ကာ ငြိမ်သက်သွားတော့သည်။
သုံးခွမှိန်းကြီးမှာမူ မလှုပ်မယှက် ရှိနေဆဲပင်။
သူသည် ဂနာမငြိမ်ဖြစ်နေပြီး သူ၏နှလုံးသားထဲမှ ရှုပ်ယှက်ခတ်နေမှုကြီးကို ဖျောက်ဖျက်၍မရနိုင်လောက်အောင် ဖြစ်နေသည်။ ဖက်တီးကျန်းကြီးကမူ ပိုင်ရှောင်ချန်းမှာ သူနှင့်တူညီသော အမြင်အာရုံအား ရခဲ့သလား၊ မရခဲ့သလားကို သေသေချာချာမသိပါသော်လည်း သူ၏အမူအရာမှာ ရခဲ့မည့်ပုံဖြစ်နေသည်။
မိစ္ဆာဧကရာဇ်မှာ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ယောက်ထက် သာလွန်နေသည့် လောကနတ်ဘုရားအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သူ၏စိတ်ဆန္ဒမှာ စိတ်ကူးနှင့်ပင် မှန်းဆ၍ မရနိုင်လောက်အောင် စွမ်းအားကြီးမားလှသည်။ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူများကို တောင်ထိပ်များနှင့် သာဓကပြမည်ဆိုပါက လောကနတ်ဘုရားအဆင့် ကျင့်ကြံသူများမှာ ထိုတောင်ထိပ်များအထက်တွင် မျောလွင့်နေသည့် တိမ်တိုက်များပင်ဖြစ်သည်။
သူတို့၏ စိတ်ဆန္ဒစွမ်းအားမှာ အင်မော်တယ်နယ်မြေများအားလုံးကို ဖုံးလွှမ်းပြည့်နှက်သွားနိုင်ပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ကို ပြောင်းလဲနိုင်ရုံသာမက မရေမတွက်နိုင်သော သက်ရှိများစွာကို ရူးသွပ်သွားစေနိုင်လောက်သည်အထိ စွမ်းသည်။
မည်သည့်အကြောင်းကြောင့်တော့မသိပေ။ မိစ္ဆာဧကရာဇ်အစစ်မှာ သူ၏သေဆုံးခြင်းကို လောကကြီးအား အသိမပေးနိုင်ခဲ့ပေ။ သို့သော် သူ မသေဆုံးသွားခင် သူ၏အသိစိတ်အနည်းငယ်ကို သူ့အားသတ်ခဲ့သည့် ဤသုံးခွမှိန်းကြီးထဲသို့ လွှဲပြောင်းပေးနိုင်ခဲ့သည်။
ထိုမျောလွင့်နေသည့် အသိစိတ်အမျှင်တန်းလေးကို သူ့အားသတ်ခဲ့သည့်လူက သတိမထားမိခဲ့သလို ဤသုံးခွမှိန်းကြီးကို အပေါ်ယံစစ်ဆေးကြည့်ရုံမျှနှင့် ရှာတွေ့နိုင်မည်လည်း မဟုတ်ပေ။
သုံးခွမှိန်းကြီးကို အခြေခံမှစ၍ ပြုပြင်ပြောင်းလဲပစ်နိုင်သည့် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းတစ်ခုကို လုပ်မှသာ ထိုသေးငယ်လှသော အသိစိတ်လေးတစ်ခုကို တူးဖော်နိုင်မည်ဖြစ်ပြီး ၎င်းထဲတွင် ကိန်းအောင်းနေသော မှတ်ဉာဏ်များကို ဖော်ထုတ်နိုင်မည်ဖြစ်သည်။
ထို့ကြောင့်လည်း နှစ်ပေါင်းများစွာတိုင်အောင် လျှို့ဝှက်ချက်တစ်ခုအဖြစ် ရှိနေခဲ့သည့် အရာတစ်ခုကို ပိုင်ရှောင်ချန်း သိရှိသွားရတော့သည်။
အချိန်ကြာမြင့်စွာ ကုန်ဆုံးသွားပြီးနောက် သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် ပြန်လည်ကြိုးစားလိုက်ပြီး ကြောက်မက်ဖွယ် အဓိပ္ပါယ်များပါဝင်နေသည့် မေးခွန်းပေါင်းမြောက်မြားစွာ သူ၏အတွေးထဲတွင် ပေါ်လာတော့သည်။
" မိစ္ဆာဧကရာဇ်အစစ်သာ သတ်ခံခဲ့ရတယ်ဆိုရင် … " သူကတွေးလိုက်သည်။
" အခုလက်ရှိ မိစ္ဆာဧကရာဇ်က ဘယ်သူလဲ ... ပြီးတော့ ဒီဖြစ်ရပ်က ဘယ်တုန်းက ဖြစ်ပျက်ခဲ့တာလဲ။ မိစ္ဆာဧကရာဇ်ရဲ့ သေဆုံးမှုလိုမျိုး ကြီးကျယ်လွန်းတဲ့ကိစ္စကြီးကို ဘာလို့ ဘယ်သူမှ မသိရတာလဲ "
ထိုအချိန်တွင် သူသည် တချိန်လုံး တိတ်ဆိတ်ငြိမ်သက်စွာဖြင့် မတ်တတ်ရပ်နေသော ဖက်တီးကျန်းကြီးအား မော့ကြည့်လိုက်သည်။ သူသည် ဖက်တီးကျန်းကြီး၏ မျက်ဝန်းများထဲရှိ နားမလည်မှုများနှင့် စိုးထိတ်မှုများကို အတိုင်းသား မြင်နေရပြီး သူ စောစောက သတိကြီးစွာထားခဲ့သည်မှာ မမှားကြောင်း သိလိုက်တော့သည်။
လက်ရှိ မိစ္ဆာဧကရာဇ်သာ ယခုကဲ့သို့ သူ သိရှိသွားသည်ကို ရိပ်စားမိလိုက်ပါက အကျိုးဆက်များမှာ မှန်းဆ၍မရနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းနေမည်သာဖြစ်သည်။
အချိန်ကြာမြင့်စွာ ထပ်၍ ကုန်ဆုံးသွားပြီးနောက် သူ ထွက်ခွာသွားတော့သည်။ သူသည် ဖက်တီးကျန်းကြီးနှင့် အချိန်အကြာကြီး ရှိမနေလိုပေ။ သတိကြီးကြီး ကိုင်တွယ်ဖြေရှင်းရမည့် ဤကိစ္စကြီးမှာ သူတို့နှစ်ယောက်ထဲနှင့် ဆိုင်နေသည် မဟုတ်ပေ။ ထာဝရအင်မော်တယ်နယ်မြေများအားလုံး၏ ဖြစ်တည်မှုနှင့်ပါ သက်ဆိုင်နေသည်။
သံရုံးထဲရှိ ပင်မခန်းမထဲသို့ သူ ပြန်ရောက်သွားသောအချိန်တွင် ညဥ့်နက်နေပြီဖြစ်သည်။ သူ၏ လက်အောက်ငယ်သား နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူနှစ်ယောက်က သူ့ကိုနှုတ်ဆက်လိုက်ကြချိန်တွင် သူသည် သူ၏ အတွေးများကို ပြန်လည်တည်ငြိမ်အောင်လုပ်လိုက်တော့သည်။
နတ်ဘုရားအဆင့်ကျင့်ကြံသူတစ်ယောက်က ရှေ့သို့လှမ်းလာပြီး ဖိတ်စာတစ်စောင်ကို တရိုတသေ လှမ်းပေးလိုက်သည်။
" မြင့်မြတ်လှသောအရှင်။ အရှင် တံခါးပိတ်ကျင့်ကြံနေတုန်း မိစ္ဆာမင်းသားက အရှင့်ကို အကြိမ်ကြိမ် ဖိတ်ကြားလာခဲ့ပါတယ် "
" သူက ဖိတ်စာပို့ဖို့ နောက်ထပ်လူတစ်ယောက် ထပ်လွှတ်ခဲ့ပုံကြည့်ရင် ဆရာြကီးကျန်း အရှင့်ဆီလာလည်တာကို တစ်စုံတစ်ယောက်က သတိထားမိသွားပုံရပါတယ်။ မြင့်မြတ်လှသောအရှင်ခင်ဗျား၊ အရှင့်ကို ဒီနေ့ညနေ မိစ္ဆာမင်းသားစံအိမ်မှာကျင်းပမဲ့ စားပွဲတော်တစ်ခုကို ဖိတ်ထားတာပါ "
ထိုသို့ဖြင့် နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူနှစ်ယောက်မှာ သူတံခါးပိတ်ကျင့်ကြံနေခဲ့စဥ်က ဖြစ်ပျက်သွားခဲ့သည့် ကိစ္စများ၏ အသေးစိတ်ကိုရှင်းပြလိုက်ကြတော့သည်။
ပိုင်ရှောင်ချန်းက ဖိတ်စာကိုကြည့်လိုက်ပြီး အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ သူသည် သံအမတ်တစ်ယောက်ဖြစ်ခဲ့သည့်အချိန်မှစ၍ အချိန်တော်တော်များများကို တံခါးပိတ်ကျင့်ကြံရင်းဖြင့်သာ ကုန်ဆုံးစေခဲ့သည်ဖြစ်ပြီး ဖိတ်ကြားမှုအားလုံးကို တရိုတသေငြင်းဆန်ခဲ့သည်သာ ဖြစ်သည်။
သို့သော် မိစ္ဆာမင်းသားက သူ့အား အကြိမ်မြောက်မြားစွာ ဖိတ်ကြားနေသည်ဖြစ်ပြီး ပိုင်ရှောင်ချန်း၏ လက်အောက်ငယ်သား နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူနှစ်ယောက်မှာ ပိုင်ရှောင်ချန်းက ဖက်တီးကျန်းကြီးအား ဧည့်ခံတွေ့ဆုံခဲ့သည့်အကြောင်းကို မိစ္ဆာမင်းသား သတိထားမိကြောင်း ဆိုခဲ့သည်။ ထို့ကြောင့် သူ၏ဖိတ်ကြားမှုများကို ထပ်မံငြင်းဆိုနေမည်ဆိုပါက ရှုပ်ထွေးမှုများ ပေါ်ပေါက်လာနိုင်ပေသည်။
" အာ ဘာပဲဖြစ်ဖြစ်ပါ။ ငါ မိစ္ဆာဧကရာဇ်မြို့တော်ထဲမှာ ရောက်နေတာလည်း တော်တော်ကြာနေပြီပဲ။ မိစ္ဆာမင်းသားကို သွားအကဲခတ်ကြည့်မှပါ "
သူသည် ထိုသို့ဆုံးဖြတ်ချက်ချလိုက်ပြီး လက်ကိုဆန့်ထုတ်၍ ဖိတ်စာကို လှမ်းယူလိုက်သည်။
" မိစ္ဆာမင်းသားက ငါ့ကို ဖိတ်စာတွေ ဒီလောက်အများကြီး ပို့ထားတာဆိုမှတော့ မင်းတို့နှစ်ယောက်ပါ ငါနဲ့လိုက်ခဲ့ရင်ရော "
နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူနှစ်ယောက်မှာ လက်ခံရုံမှတစ်ပါး အခြား မလုပ်ရဲကြပေ။ သူတို့သည် ချက်ချင်းပင် အမိန့်ကို နာခံမည်ဖြစ်ကြောင်း ဆိုလိုက်ပြီး ပိုင်ရှောင်ချန်းနှင့်အတူ သံရုံးမှထွက်ခွာလာတော့သည်။
နတ်ဘုရားအဆင့် ကျင့်ကြံသူနှစ်ယောက်က အရိုးနဂါးကြီး၏ ဦးခေါင်းခွံပေါ်ရှိ နေရာတစ်နေရာကို ခေါ်သွားနေသည်။ ထိုနေရာသို့ သူတို့ရောက်သွားသောအခါ လမင်းကြီးမှာ ကောင်းကင်ယံတွင် ထွက်ပေါ်လာပြီဖြစ်ပြီး ညအမှောင်ထု ကြီးစိုးနေပြီဖြစ်သည်။
ပိုင်ရှောင်ချန်းက ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည့်အတွက် သူ၏လှုပ်ရှားမှုတိုင်းနှင့် လုပ်ရပ်များမှာ သတိထားစရာဖြစ်နေသည်။ သူသည် ခိုးကြောင်ခိုးဝှက်လုပ်နေသည်မဟုတ်သဖြင့် မိစ္ဆာဧကရာဇ်စံအိမ်ထဲမှ လူများမှာ သူလာနေကြောင်း သိလိုက်ကြသည်။
သူ မရောက်လာခင် အဆင်တန်ဆာများစွာဆင်ယင်ထားပြီး ဇိမ်ခံပစ္စည်းများနှင့် ပြည့်စုံလှသော စံအိမ်ကြီးထဲမှ လူပေါင်းဒါဇင်များစွာ ပျံထွက်လာကြသည်။ သူတို့ထဲမှ အားအနည်းဆုံးမှာ နတ်အဆင့်ကျင့်ကြံသူများဖြစ်ကြပြီး နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူငါးယောက် ပါဝင်သည်။
သူတို့အားလုံးက အနီးသို့ရောက်လာသောအခါ လက်များယှက်လိုက်ကြပြီး ပိုင်ရှောင်ချန်းအား ဦးညွှတ်၍ အရိုအသေပေးလိုက်ကြသည်။
" မင်္ဂလာပါ သံအမတ်ပိုင် "
" သံအမတ်ပိုင် ရှေ့ကကြွတော်မူပါ။ မိစ္ဆာမင်းသားစံအိမ်ထဲမှာ လူတိုင်းက သံအမတ်ပိုင် ရောက်လာဖို့ကို စိတ်အားထက်သန်စွာနဲ့ စောင့်ဆိုင်းနေကြပါတယ် "
သူတို့၏ နှုတ်ဆက်ပုံများနှင့် ရိုသေလေးစားမှုအပြည့်ရှိသော အမူအရာများကိုကြည့်၍ မိစ္ဆာမင်းသားမှာ ပိုင်ရှောင်ချန်း လာရောက်လည်ပတ်သည်ကို အလွန်အလေးထားကြောင်း အထင်အရှား သိနိုင်သည်။ မိစ္ဆာမင်းသားစံအိမ် အပြင်ဘက်တွင် ရပ်နေသည့် လူများကိုကြည့်လိုက်ပါက ထိုအချင်းအရာမှာ ပို၍ပင် ပိုလွင်နေတော့သည်။
တန်းစီနေသည့် လူခုနစ်ယောက်ရှိပြီး သူတို့၏အရှေ့တွင် လူတစ်ယောက်ရှိနေသည်။ ထိုသူသည် သက်လတ်ပိုင်းအရွယ်ရှိပြီး နဂါးရုပ်ပုံများဖြင့် ချည်ထိုးထားသည့် ဝတ်ရုံတစ်ထည်ကို ဆင်မြန်းထားသည်။ သူသည် မိစ္ဆာဧကရာဇ်တမျှ အံ့သြဖွယ်မကောင်းသလို လွှမ်းမိုးနိုင်စွမ်းမရှိပါသော်လည်း သူနှင့် အလွန်ဆင်တူလှပေသည်။
ပိုင်ရှောင်ချန်းမှာ တစ်ချက်မျှကြည့်လိုက်ရုံဖြင့် ထိုလူမှာ မိစ္ဆာမင်းသားဖြစ်ကြောင်း သိလိုက်သည်။
ပိုင်ရှောင်ချန်းက အဝေးမှနေ၍ ခေါင်းညိတ်ပြလိုက်ပြီး နှုတ်ဆက်လိုက်သည်။ မိစ္ဆာမင်းသားမှာ ထိုအမူအရာကို သတိထားမိလိုက်သဖြင့် အားပါးတရ ပြန်၍ ရယ်မောလိုက်သည်။
" သံအမတ်ပိုင် "
သူက လှမ်းခေါ်လိုက်ပြီး ရှေ့သို့ပြေးလာတော့သည်။
" ကျုပ် ဖိတ်စာတွေအများကြီး ပို့ခဲ့တာလေဗျာ။ တကယ်လို့ ဒီဖိတ်ကြားမှုကိုမှ ငြင်းမယ်ဆိုရင်တော့ ကျုပ်ကိုယ်တိုင် မင်းဆီကို လာလည်ရတော့မှာ "
မိစ္ဆာမင်းသားမှာ မိစ္ဆာဧကရာဇ်ထက် များစွာငယ်နေကြောင်း ပိုင်ရှောင်ချန်းက ချက်ချင်းပင် သတိထားမိလိုက်သည်။ သူသည် မိစ္ဆာဧကရာဇ်ကဲ့သို့ အတွင်းပိုင်းထဲအထိ ရက်စက်ကြမ်းကြုတ်နေသည့်ပုံမပေါ်သလို အလွန်အထက်စီးဆန်နေသည့်ပုံလည်း မပေါ်ပေ။ သူသည် သူတော်စင်ဧကရာဇ်မင်းဆက်မှလူများ၏ မျက်နှာချိုသွေးတတ်သော အမူအရာကို တစ်ပုံစံထဲနီးပါးဖြစ်အောင် ပိုင်နိုင်စွာ သရုပ်ဆောင်ထားနိုင်သည့်ပုံပင်။
" လူသစ်ကို ခြိမ်းခြောက်ချင်နေတယ်ပေါ့ ဟုတ်လား " သူက အေးစက်စက် တွေးတောလိုက်သည်။
" မင်းဆီကို စောစောလာမလည်လို့ ငါ့ကိုအပြစ်တင်နေတယ်ပေါ့။ အဖြစ်မရှိတဲ့ မင်းသား။ မင်းကဘာမှ အရေးပါတဲ့ကောင်မဟုတ်ဘူး "
သူသည် မိစ္ဆာဧကရာဇ်မင်းဆက်ကို သဘောမကျပါသော်လည်း ရည်ရည်မွန်မွန်ပြောဆိုဆက်ဆံပြီး စိတ်ဝင်စားမှုရှိသယောင်ဟန်ဆောင်ရာတွင် အလွန်ကျွမ်းကျင်မှုရှိသူတစ်ယောက်ဖြစ်သည်။
" မိစ္ဆာမင်းသားရယ်။ ကျွန်တော်က မင်းသားကို ကျွန်တော့်ဆီလာလည်ခိုင်းနေရင် နှောင့်ယှက်သလိုဖြစ်နေမှာပေါ့။ အဲဒီလိုလုပ်လို့ ဖြစ်ပါ့မလားဗျ " သူက ပြန်ပြောလိုက်သည်။
" ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းအဆင့်က မတိုးတက်နိုင်ပဲဖြစ်နေလို့ ဒီကိုရောက်ရောက်ချင်း တန်းပြီးလေ့ကျင့်မိလိုက်တာပါ။ နှောင့်နှေးနေရတဲ့အတွက် အများကြီး တောင်းပန်ပါတယ် "
သူသည် အနည်းငယ်မျှရယ်မော၍ စကားကိုအဆုံးသတ်လိုက်သည်။ သူ၏ကျင့်ကြံခြင်းအဆင့်မှာ မိစ္ဆာမင်းသားထက် များစွာမြင့်မားနေသည်ဖြစ်၍ ထိုရယ်သံမှာ အလွန်မကျယ်ပါသော်လည်း ဖိအားအနည်းငယ် ပါဝင်နေသည်။ ထိုရယ်သံမှာ မိစ္ဆာမင်းသား၏ သကာရည်လောင်းထားသော အတုအယောင် လောကဝတ်စကားများထဲတွင် ပါဝင်နေသည့် အထက်စီးဆန်သော အငွေ့အသက်အားလုံးကို အရည်ပျော်ကျသွားစေရုံထက်ပင် ပိုနေတော့သည်။
မိစ္တာမင်းသားမှာ အရောင်လက်နေသည့်မျက်ဝန်းများဖြင့် ပို၍ဝင်းပစွာပြုံးလိုက်ပြီး လက်ယှက်၍ ဆိုလိုက်သည်။
" ဒီညရဲ့ စားပွဲကို လူနှစ်ယောက်ပဲ ကျုပ် ဖိတ်ထားတာ သံအမတ်ပိုင်ရေ။ ကျေးဇူးပြုပြီး အထဲကိုဝင်ပါ "
ထိုသို့ဆိုကာ သူသည် ပိုင်ရှောင်ချန်းအား သူ၏စံအိမ်ထဲသို့ ခေါ်ဆောင်သွားသည်။
ပိုင်ရှောင်ချန်းမှာ ဤသို့သော အခြေအနေမျိုးကို ကျင့်သားရနေပြီးဖြစ်၍ ဝင်းပစွာပြန်၍ ပြုံးပြလိုက်ပြီး နောက်မှလိုက်သွားလိုက်သည်။ သူတို့နှစ်ယောက်က စကားစမြည်ပြောဆိုလိုက်ကြပြီးနောက် ခဏအကြာတွင် သူတို့နှစ်ယောက်စလုံးမှာ နှုတ်ရေးနှင့်ပတ်သတ်လာလျှင် မည်သူကမှ အခြားတစ်ယောက်ထက် အဆင့်နိမ့်ပါးမနေကြောင်း သိသာထင်ရှားလာတော့သည်။ သို့သော် မိစ္ဆာမင်းသားမှာ မျိုးရိုးကြောင့် ရာထူးမြင့်မားနေသည့်အချက်ကိုသာ မပိုင်ဆိုင်ထားပါက ပိုင်ရှောင်ချန်းနှင့် ယှဥ်နိုင်မည် မဟုတ်ပေ။ တခဏအကြာတွင် သူတို့၏နောက်မှ လိုက်လာသည့် ခြွေရံသင်းပင်းများမှာ ပိုင်ရှောင်ချန်းကို ပို၍ လေးစားလာကြတော့သည်။