အခန်း (၃၅၅-၃၅၆)
Vol. 31 Ch. 355-356
အပိုင်း (၃၅၅)
“ဟား... ဟား... ဟား... ဟား...”
ရုတ်တရက် ဘုရားကျောင်းတော် အပေါ်မှ ကျယ်လောင်ပြီး ရူးသွပ်သော ရယ်မောသံကြီး ထွက်ပေါ်လာ တော့သည်။
လူတိုင်း မော့ကြည့်လိုက်ချိန်မှာတော့ ရုတ်တရက် လန့်ဖြတ်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် ဘုရားကျောင်းတော်ထိပ်၌ ရပ်နေသူမှာ ဘုရင်ကြီး အောက်ယွီ မဟုတ်ပါလား။
သူသည် ဘုရင်ဝတ်ရုံကို ဝတ်ဆင်ထားဆဲဖြစ်ပြီး ရွှေရောင် သရဖူကို ဆောင်းကာ ရွှေရောင်ဓားကို ကိုင်ဆောင် ထားသည်။
“အောက်ယွီ သေသွားပြီ မဟုတ်ဘူးလား။”
ယွမ်ထျန်းရှဲ့ နှင့် ဖူကျ တို့၏ မျက်နှာများလည်း လုံးဝ ပျက်ယွင်းသွားကြ၏။
‘ဒီအောက်ယွီကို သေချာ တုပ်နှောင်ပြီး ဘုရားကျောင်းတော် အောက်ခြေက အခေါင်းပေါက်ထဲကို ပစ်ချကာ ဧရာမ စပါးအုံးမြွေကြီးကို ကျွေးလိုက်တာလေ။ သေချာပေါက် သေနေပြီ ဖြစ်ရမှာကို အခု ဘာလို့ အသက်ရှင်နေသေးတာလဲ။
ပြီးတော့ ဘုရားကျောင်းတော် အောက်ခြေက အခေါင်းပေါက်ကို သံပြားနဲ့ ပိတ်ဆို့ထားတာလေ။ ပေါင်ထောင်ချီ ခွန်အားရှိရင်တောင် ဖွင့်လို့မရနိုင်ဘူး။ ကြက်တစ်ကောင်ကိုတောင် မသတ်နိုင်တဲ့ အောက်ယွီက ဘယ်လိုလုပ် ဖွင့်နိုင်မှာလဲ။’
အရေးအကြီးဆုံးမှာ သူသည် ယွမ်ထျန်းရှဲ့က ဘိသိတ်သွန်းပေးထားသော ပထမမျိုးဆက် တောင်ပိုင်းဘုရင် ဖြစ်ပြီး မျက်နှာပြင်တွင် မကောင်းဆိုးဝါးများကို ဖိနှိပ်ရန်အတွက် အနစ်နာခံသွားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် သူ့ကို မည်သို့ ဆက်ဆံသင့်သနည်း။
ယွင်ကျုံးဟဲ့သည် ယွမ်ထျန်းရှဲ့ကို လက်ညှိုးထိုးကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ “ယွမ်ထျန်းရှဲ့… ခင်ဗျား အပြစ်ရှိတာကို သိရဲ့လား။”
ဤစကား ထွက်ပေါ်လာချိန်မှာတော့ လူတိုင်း ရူးသွပ်မတတ် ဒေါသထွက်သွားကြတော့သည်။
“မဟာဆရာသခင်ကြီးက နတ်ဘုရား တစ်ပါးလေ။ ခင်ဗျားက တောင်ပိုင်းဘုရင် ဖြစ်ရင်တောင်မှ မဟာဆရာသခင်ကြီးကို စော်ကားလို့ မရဘူး။”
“သူ့ကို သတ်… သူ့ကို သတ်။”
ယွမ်ထျန်းရှဲ့က အေးစက်စက်ဖြင့် ပြောလိုက်၏။ “အစစ်အမှန် တောင်ပိုင်းဘုရင် အောက်ယွီ သေသွားပြီ။ အခု မျက်စိရှေ့က အောက်ယွီက အတုပဲ။ မကောင်းဆိုးဝါးတွေက သူ့ရဲ့ ခန္ဓာကိုယ်ကို ဝင်ပူးထားတာ။”
‘ချီးတဲ့မှ... ပြောတာက အရမ်း ယုတ္တိရှိလွန်းနေပြီ။ စောစောက ယွင်ကျုံးဟဲ့ကို ဘုရားကျောင်းတော် အောက်ခြေထဲ ပစ်ချလိုက်တာ မကောင်းဆိုးဝါးတွေကို ဖိနှိပ်ဖို့ သွားတာလေ။ လူတိုင်းက သူ သေသွားတာကို ရှင်းရှင်းလင်းလင်း ကြားခဲ့ရတာ။ အခု ပြန်ရှင်လာတယ်ဆိုတော့ မကောင်းဆိုးဝါး ဝင်ပူးတာ သေချာတာပေါ့။’
“ရဲတင်းလှတဲ့ မကောင်းဆိုးဝါး... ကျုပ်ရှေ့မှာ လာပြီး ရိုင်းစိုင်းရဲတယ်။ ခင်ဗျားရဲ့ မူလပုံစံကို မပြသေးဘူးလား။”
ယွမ်ထျန်းရှဲ့က ဒေါသတကြီး အော်ဟစ်လိုက်သည်။ “မီးနဂါး... ဒီမကောင်းဆိုးဝါးကို သွားသတ်ပြီး တောင်ပိုင်းဘုရင် အောက်ယွီရဲ့ ခန္ဓာကိုယ်ကို ပြန်လုယူခဲ့။”
ယွမ်ထျန်းရှဲ့၏ အမိန့်ပေးသံနှင့်အတူ ထိုမီးနဂါးသည် ဧရာမ ဘုရားကျောင်းတော်ကြီးပေါ်သို့ လျင်မြန်စွာ ရစ်ခွေတက်သွားတော့၏။
ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်း ပေါ်ထွက်လာသည်။ မီတာသုံးဆယ်ကျော် ရှည်လျားသော မီးနဂါးသည် ဧရာမ ဘုရားကျောင်းတော်ကြီးပေါ်သို့ လျင်မြန်စွာ တက်သွားသည်။
သို့သော်ငြား ဤအချိန်တွင် အနည်းငယ် သတိထားကြည့်မည်ဆိုပါက ၎င်း၏ နဂါးခြေသည်းများမှာ အနှောင့်အယှက် ဖြစ်နေကြောင်းတွေ့ရှိရပေလိမ့်မည်။ ပင့်တင်နိုင်ခြင်း မရှိရုံသာမက ၎င်း၏ တွားသွားနှုန်းကိုပင် နှောင့်နှေးစေ၏။
သို့ပေမည့် ဤအချိန်တွင် မည်သူက ဤအရာများကို ဂရုစိုက်မည်နည်း။ လူတိုင်းသည် မီးနဂါး ဧရာမကြီးက ဟွမ်ထျန်း ဘုရားကျောင်းတော်ကြီးကို ရစ်ပတ်ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် တောင်ထိပ်သို့ ရောက်ရှိသွားသည်ကိုသာ မြင်တွေ့နေကြရသည်။
“သူ့ကို သတ်လိုက်။ ရဲတင်းလှတဲ့ မကောင်းဆိုးဝါး... ခင်ဗျားရဲ့ မူလပုံစံကို ပြစမ်း။” ယွမ်ထျန်းရှဲ့က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။
သာမန် စပါးအုံးမြွေများသည် အသက်ရှင်နေသော သတ္တဝါများကို တိုက်ရိုက် မျိုချလေ့ မရှိသော်လည်း ယခုအခါတွင် ၎င်းသည် မျိုချခွင့်အမိန့်ကို ရရှိထားပြီး ဖြစ်သည်။
ထို့ကြောင့် ထို မီးနဂါးသည် သွေးဆာနေသော ပါးစပ်ကြီးကို ဟကာ ယွင်ကျုံးဟဲ့ကို တိုက်ရိုက်ကိုက်သတ်ရန် ပြင်လိုက်တော့၏။
ဤအချိန်တွင် ဤမီးနဂါးသည် မီးမမှုတ်တော့ချေ။ အဘယ်ကြောင့်ဆိုသော် ယွမ်ထျန်းရှဲ့ နှင့် အလွန် ဝေးကွာသွားသောကြောင့် မျက်လှည့်ပြ၍ မရတော့သောကြောင့်ပင်။
“အား...”
ဤမီးနဂါးသည် အမှန်တကယ်ပင် ဧရာမ စပါးအုံးမြွေကြီး ဖြစ်သည်။ ၎င်း၏ ဟထားသော ပါးစပ်ကြီးမှာ ယွင်ကျုံးဟဲ့ ကဲ့သို့သော လူအများအပြားကိုပင် တပြိုင်နက် မျိုချနိုင်လောက်အောင် ကြီးမားလှ၏။ မျက်စိ တစ်မှိတ်အတွင်းမှာပဲ သူ့ကို လုံးဝကိုက်ခွဲပစ်တော့မှာ ဖြစ်သည်။
“ဟားဟားဟား... သာမန် မြွေတစ်ကောင်ကများ ကျုပ်ကို အနာတရ ဖြစ်အောင် လုပ်ချင်သေးတယ်။” ယွင်ကျုံးဟဲ့က အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်၏။
ချက်ချင်းပဲ ယွင်ကျုံးဟဲ့၏ အင်္ကျီလက်ထဲမှ အစိမ်းရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး မီးနဂါး၏ ပါးစပ်ကြီးထဲသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်သွားတော့သည်။
“ဝူး... အူး... အူး...”
မီးနဂါး၏ ပါးစပ်ထဲမှ မီးခိုးများ အဆက်မပြတ် ထွက်ပေါ်လာပြီး အလွန် နာကျင်စွာ အော်ဟစ်လိုက်တော့၏။
ယွင်ကျုံးဟဲ့၏ အင်္ကျီလက်ထဲမှ ထွက်ပေါ်လာသော အရာမှာ မည်သည့်အရာနည်း။ သေချာပေါက် စပါးအုံး မြွေကြီး၏ အစာအိမ်အက်ဆစ်မှ ထုတ်ယူထားသော ပြင်းအားမြင့် ဟိုက်ဒရိုကလိုရစ်အက်ဆစ် ပင်ဖြစ်သည်။
စပါးအုံးမြွေကြီး၏ အစာအိမ်အိတ်သည် ပြင်းထန်သော အက်ဆစ်များကို ခံနိုင်ရည်ရှိသော်လည်း ၎င်း၏ ပါးစပ်ကမူ မခံနိုင်ချေ။
ထို့အပြင် ဤဟိုက်ဒရိုကလိုရစ်အက်ဆစ်ကို ပြုပြင်ဖန်တီးထားသောကြောင့် ပြင်းအား အလွန် မြင့်မားပြီး ကြောက်မက်ဖွယ်ကောင်းသော စားနိုင်စွမ်း ရှိသည်။
“ကျုပ် သတ်မယ်။ ကျုပ် မြွေကြီးကို သတ်ပစ်မယ်...” ယွင်ကျုံးဟဲ့၏ အင်္ကျီလက်ထဲမှ ပြင်းအားမြင့် ဟိုက်ဒရို ကလိုရစ်အက်ဆစ်များ အဆက်မပြတ် ပန်းထွက်လာ၏။
ဤအချိန်တွင် သေချာပေါက် လက်အိတ် စွပ်ထားရမှာဖြစ်ပြီး တစ်စက်လေး စင်သွားပါက အလွန် နာကျင်မှာ ဖြစ်သည်။
“ဝူး... အူး.. အူး....”
ဤပြင်းအားမြင့် ဟိုက်ဒရိုကလိုရစ်အက်ဆစ်များသည် မီးနဂါး၏ ပါးစပ်နှင့် မျက်လုံးများထဲသို့ အဆက်မပြတ် ဝင်ရောက်သွားတော့၏။
တစ်ခဏအတွင်းမှာပဲ မီးနဂါး၏ မျက်လုံးများမှာ အက်ဆစ်စားသွားသောကြောင့် ကန်းသွားတော့၏။ နာကျင်မှုမှာ ဖော်ပြ၍ပင် မရနိုင်လောက်အောင်ဖြစ်ပြီး အလွန် သနားစရာ ကောင်းလှသည်။
ဤအဆုံးအစ မရှိသော နာကျင်မှုများကြားတွင် မီးနဂါးသည် ၎င်း၏ ဟန်ရေးပြရမည့် တာဝန်ကို လုံးဝ မေ့လျော့သွားပြီး ဧရာမ ဘုရားကျောင်းတော်ကြီးပေါ်မှ လွတ်လွတ်ကျွတ်ကျွတ် ပြုတ်ကျသွားတော့၏။
၎င်း၏ ခန္ဓာကိုယ် အရွယ်အစားမှာ အလွန် ကြီးမားလွန်းသောကြောင့် ဤကဲ့သို့ ပြုတ်ကျသွားချိန်မှာတော့ လူအများအပြားကို ပိသေစေခဲ့သည်။
ထို့နောက် မြွေကြီးသည် မြေပြင်ပေါ်တွင် လူးလှိမ့်ကာ အပြင်းအထန် ရုန်းကန်၍ အမြီးဖြင့် မြင်မြင်သမျှ ရိုက်ခတ်နေတော့၏။
ဤသို့ လူးလှိမ့်လိုက်ချိန်မှာတော့ ခေါင်းပေါ်ရှိ နဂါးချိုများ ကျွတ်ကျသွားသလို နဂါးခြေသည်းများလည်း ကျွတ်ကျသွားကာ နဂါးအမြီးမှာလည်း ပြုတ်ထွက်သွားပြီး အကြေးခွံများပင် အရောင်ကျွတ်သွားတော့သည်။
‘ချီးတဲ့မှ... မင်းက နဂါး မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး... ဘယ်လိုဖြစ်ပြီး မြွေ ဖြစ်သွားရတာလဲ။ ပြီးတော့ ဒီလောက် သတ္တိကြောင်တဲ့ မြွေလား။’
လူတိုင်း လုံးဝမှင်သက်သွားကြပြီး ဤမြင်ကွင်းကို ငေးကြည့်နေမိကြတော့၏။
ယွင်ကျုံးဟဲ့သည် မြင့်မားသော နေရာမှနေ၍ ရူးသွပ်မတတ် ရယ်မောကာ အော်ဟစ်လိုက်သည်။ “ခင်ဗျားတို့ မြင်ကြပြီလား။ ဒီ ယွမ်ထျန်းရှဲ့ ဟာ လမ်းဘေး မျက်လှည့်ဆရာ တစ်ယောက်ပဲ။ သူ့ရဲ့ မီးနဂါးက လုံးဝ အတုကြီး။ စပါးအုံးမြွေကို ဟန်ဆောင်ထားတာ။ ဟား.... ဟား.... ဟား...”
လူတိုင်း၏ အကြည့်များမှာ ယွမ်ထျန်းရှဲ့ ထံသို့ ချက်ချင်း ရောက်ရှိသွားကြတော့၏။
ဤမဟာဆရာသခင်ကြီး၏ နတ်ဘုရား အငွေ့အသက်များ စတင် ပြိုကျလာပြီ ဖြစ်သည်။
ဤ မီးနဂါးကို နိုင်ငံတော်စောင့် နတ်သားရဲအဖြစ် သတ်မှတ်ထားပြီး လွန်ခဲ့သော နှစ်အနည်းငယ်က မီးနဂါး ပေါ်ထွက်လာလျှင် တောင်ပိုင်းနိုင်ငံ တည်ထောင်မည် ဟူသော ဒဏ္ဍာရီမှာ တောင်ပိုင်း တစ်ခုလုံးသို့ ပျံ့နှံ့နေပြီ ဖြစ်၏။
ထို့အပြင် ဤမီးနဂါးသည် ကောင်းကင်ဘုံ၏ နတ်သားရဲ ဖြစ်ပြီး ကောင်းကင်ဘုံ၏ စည်းကမ်းကို ချိုးဖောက် ခဲ့သောကြောင့် ကျောက်ကမ်းပါးအတွင်း၌ ပိတ်လှောင်ခံထားရကြောင်း ပြောကြသည်။
ယွမ်ထျန်းရှဲ့သည် တာ့ရစ်တောင်ထိပ်တွင် တရားကျင့်ကြံရင်း ကောင်းကင်နှင့် မြေကြီးကို လွှမ်းမိုးနိုင်ခဲ့ကာ မီးနဂါးကိုပါ တရားရစေခဲ့သောကြောင့် ကျောက်ကမ်းပါးကြီး ကွဲအက်ကာ မီးနဂါး ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ကြောင်းလည်း ပြောကြ၏။
အချုပ်အားဖြင့် ဤမီးနဂါးသည် ယွမ်ထျန်းရှဲ့၏ အကြီးမားဆုံးသော ဟန်ရေးပြ ကိရိယာ ဖြစ်ပြီး သူ၏ အဓိက အားကိုးရာ ဖြစ်၏။ ယခုအခါ ဤ မီးနဂါးသည် ၎င်း၏ မူလပုံစံ အမှန်ကို ပြသလိုက်ပြီ ဖြစ်သည်။
လူတိုင်း ရှင်းလင်းစွာ မြင်တွေ့လိုက်ရပြီ ဖြစ်၏။ ဤသည်မှာ စပါးအုံးမြွေ တစ်ကောင် ဖြစ်ပြီး အောက်ယွီ၏ လက်ချက်ဖြင့် အလွယ်တကူ သေမရ ရှင်မရ ဖြစ်သွားခဲ့ရ၏။
ယွင်ကျုံးဟဲ့က အသံကျယ်ကျယ်ဖြင့် ရယ်မောကာ ပြောလိုက်သည်။ “ဟုတ်သားပဲ။ ခင်ဗျားတို့ရဲ့ မဟာဆရာသခင်ကြီး ယွမ်ထျန်းရှဲ့မှာ နောက်ထပ် အံ့ဖွယ်လုပ်ရပ် တစ်ခု ရှိသေးတယ် မဟုတ်လား။ ပြတ်သွားတဲ့လက်မောင်း ပြန်ထွက်လာတာလေ။ ဒီနည်းလမ်းကို ကျုပ်လည်း တတ်တာပဲ။”
ထို့နောက် ယွင်ကျုံးဟဲ့သည် ဘယ်ဘက်လက်မောင်းကို မြှောက်ကာ ညာဘက်လက်ရှိ ဓားဖြင့် ပြင်းထန်စွာ ခုတ်ချလိုက်တော့၏။
ချက်ချင်းပဲ ဘယ်ဘက်လက်မောင်း ပြတ်ကျသွားပြီး သွေးများ ပန်းထွက်လာတော့သည်။
“အား... အား... အား... အား...” ယွင်ကျုံးဟဲ့က သနားဖွယ် ကောင်းအောင် အော်ဟစ်လိုက်သည်။ သို့ပေမည့် ရုတ်တရက် သူ၏ အော်ဟစ်သံများ ရပ်တန့်သွား၏။
ထို့နောက် ထူးဆန်းသော ရယ်မောသံများနှင့်အတူ သူ၏ လက်မောင်းအသစ် တစ်ဖက် ဖြည်းညင်းစွာ ထွက်ပေါ်လာတော့သည်။
ဤသည်မှာ သေချာပေါက် သူ၏ မူလလက်မောင်းဖြစ်ပြီး စောစောက အခုတ်ခံလိုက်ရသော လက်မောင်းမှာမူ ဘုရားကျောင်းတော် အတွင်း၌ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားသော ဒေသခံ စစ်သည်၏ လက်မောင်းသာ ဖြစ်၏။
“တောင်းပန်ပါတယ်။ ကျုပ်ရဲ့ သရုပ်ဆောင်မှုက သိပ်မကောင်းတော့ ယွမ်ထျန်းရှဲ့ လောက် အစစ်နဲ့ မတူဘူး။ ဒါပေမဲ့ နည်းလမ်းကတော့ အတူတူပဲလေ။” ယွင်ကျုံးဟဲ့က ဟားဟားဟား ရယ်မောကာ ပြောလိုက်သည်။
လူတိုင်း ယွမ်ထျန်းရှဲ့ကို နောက်တစ်ကြိမ် ကြည့်လိုက်ကြပြန်၏။
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “မဟာဆရာသခင်ကြီး... ခင်ဗျားက ပြတ်သွားတဲ့ လက်မောင်း ပြန်ထွက် လာအောင် လုပ်နိုင်တယ် မဟုတ်လား။ နောက်တစ်ကြိမ် ပြပါအုံး။ နောက်တစ်ကြိမ် ပြရင် ကျုပ် ခင်ဗျားကို ယုံမယ်။”
ယွမ်ထျန်းရှဲ့၏ မျက်နှာမှာ တဆတ်ဆတ် တုန်ယင်သွားတော့၏။ ‘သောက်ကျိုးနည်း... ဒီလို မျက်လှည့်မျိုးကို ဘယ်သူက အမြဲတမ်း အနားမှာ သယ်ထားမှာလဲ။ သရုပ်ဆောင်မယ့် အချိန်ကျမှ ပစ္စည်းတွေကို ပြင်ဆင် ရတာလေ။
အောက်ယွီကို ဒီထက်ပိုပြီး ဖွင့်ချခွင့် ပေးလို့ မဖြစ်တော့ဘူး။ အပေါ်တက်ပြီး သတ်ပစ်လိုက်မှပဲ။ နတ်ဘုရား အဖြစ် ဟန်ဆောင်တာ ပျက်သွားပြီ ဆိုရင်တောင်မှ နောက်မှ ဖြည်းဖြည်းချင်း ပြန်လည် ပြုပြင်လို့ ရသေးတယ်။ အခုတော့ မရေမတွက်နိုင်တဲ့ ဒေသခံတွေကို အရင်ဆုံး ပုန်ကန်အောင် လုပ်ရမယ်။’
ဤသို့တွေးပြီးနောက် ယွမ်ထျန်းရှဲ့သည် ရုတ်တရက် ခုန်တက်ကာ ဘုရားကျောင်းတော်ထိပ်သို့ တက်ပြီး ယွင်ကျုံးဟဲ့ကို သတ်ဖြတ်ရန် ပြင်လိုက်တော့သည်။
သူ၏ သိုင်းပညာမှာ အမှန်တကယ်ပင် အလွန် မြင့်မားလှပြီး လက်နှစ်ဖက်ကိုပင် အသုံးမပြုဘဲ ခြေဖျားဖြင့် ညင်သာစွာ ထောက်လိုက်ရုံဖြင့် အပေါ်သို့ မီတာအနည်းငယ်အထိ ခုန်တက်သွားနိုင်ကာ အထပ်တစ်ထပ်ပြီး တစ်ထပ် တက်သွားတော့၏။
‘ခင်ဗျားရဲ့ သိုင်းပညာက တကယ်ကို ကောင်းတာပဲ။ ပြီးတော့ တကယ်ကို ဟန်ရေးပြတတ်တယ်။’
ယွမ်ထျန်းရှဲ့သည် လက်နှစ်ဖက်ကို နောက်ပစ်ပြီး အမိုးစွန်းတွေကို နင်းကာ အထပ်တစ်ထပ်ပြီး တစ်ထပ် ခုန်တက်သွားခြင်းဖြစ်၏။ သူသာ ယွင်ကျုံးဟဲ့၏ အရှေ့ကို ရောက်သွားပါက ယွင်ကျုံးဟဲ့ ချက်ချင်း အသတ်ခံရမှာ သေချာသည်။
ဦးနှောက်ထဲမှ အမှတ်(၉) စိတ်ကျန်းမာရေးလူနာ ကွမ်တန်က သတိပေးလိုက်၏။ “ဆရာဝန်ကြီး... အသင့်ပြင်ထား။ မီးတောင် ပေါက်ကွဲမှု မဖြစ်ခင် ငလျင် လှုပ်တော့မယ်။”
ယွင်ကျုံးဟဲ့သည် ဘုရားကျောင်းတော် ထိပ်ရှိ သတ္တုတိုင်ကြီးကို အလျင်အမြန် ဖက်ထားလိုက်ပြီး အပေါ်သို့ ခုန်တက်လာသော ယွမ်ထျန်းရှဲ့ကို လက်ညှိုးထိုးကာ ကျယ်လောင်သောအသံဖြင့် အော်ဟစ်လိုက်သည်။ “ကောင်းကင်နဲ့ မြေကြီး ကွဲအက်စေ။”
“ဝုန်း... ဝုန်း... ဝုန်း... ဝုန်း...”
တစ်ခဏအတွင်းမှာပဲ မီးတောင် ပေါက်ကွဲမှု မတိုင်မီ ငလျင်ကြီး လှုပ်ခတ်လာတော့၏။
အမှန်တကယ်ပင် တောင်များ လှုပ်ခါပြီး မြေကြီးများ တုန်ခါသွား၏။ ဤဘုရားကျောင်းတော်ကြီးမှာ ခိုင်ခံ့သော်လည်း ငလျင်ဒဏ်ကို မခံနိုင်ဘဲ ကွဲအက်လာတော့၏။
ယွမ်ထျန်းရှဲ့သည် ဟန်ရေးပြကာ သိုင်းပညာဖြင့် အပေါ်သို့ ခုန်တက်နေစဉ် ငလျင် လှုပ်ခတ်လာသောကြောင့် သူ နင်းထားသော ဘုရားကျောင်းတော်၏ အမိုးစွန်းများမှာ တိုက်ရိုက် ကွဲအက်သွားပြီး သူ အားပြုစရာ နေရာ မရှိတော့ချေ။
ထို့ကြောင့် သူသည် အပေါ်မှ တိုက်ရိုက် ပြုတ်ကျသွားတော့၏။
‘ချီးတဲ့မှ... ဟန်ရေးပြတာ ကျရှုံးသွားပြီ။’
ယွမ်ထျန်းရှဲ့သည် မီတာနှစ်ဆယ် အမြင့်မှ ပြုတ်ကျလာသော်လည်း မြေပြင်ပေါ်သို့ အသာအယာ ကျဆင်းရန် ပြင်လိုက်သည်။
သို့သော်ငြား ထိုအချိန်တွင် ကောင်းကင်နှင့်မြေကြီး တုန်ခါသွားပြီး သူ ခြေချမည့် မြေပြင်မှာ ရုတ်တရက် ကွဲအက်သွားတော့၏။
သူ အနည်းငယ် ယိုင်လဲသွားပြီး မတ်တတ်ရပ်ရန်ပင် အနိုင်နိုင် ဖြစ်သွားရသည်။
‘သောက်ကျိုးနည်း.... ဟန်ရေးပြတာ နောက်တစ်ကြိမ် ကျရှုံးသွားပြန်ပြီ။’
………………
အပိုင်း (၃၅၆)
စက္ကန့်အနည်းငယ် ကြာပြီးနောက် မီးတောင် ပေါက်ကွဲမှု မတိုင်မီ လှုပ်ခတ်သော ငလျင်ကြီး ရပ်တန့်သွားတော့၏။
မရေမတွက်နိုင်သော လူများမှာ အလွန် ထိတ်လန့်တုန်လှုပ်နေကြပြီ ဖြစ်ပြီး သေကြေဒဏ်ရာရမှုများလည်း အများအပြား ရှိနေ၏။ စောစောက ငလျင်မှာ သိပ်မကြီးမားသော်လည်း တောင်ပေါ်မှ ကျောက်တုံးများ လိမ့်ကျလာသောကြောင့် လူအများအပြား ပိသေခဲ့ရသည်။
ယွင်ကျုံးဟဲ့က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “ခင်ဗျားတို့ မြင်ကြပြီလား။ ဒါက ကောင်းကင်ဘုံရဲ့ အလိုကို ဖီဆန်တဲ့ ရလဒ်ပဲ။ ယွမ်ထျန်းရှဲ့က ကောင်းကင်ဘုံက နတ်ဘုရားတွေနဲ့ မဆက်သွယ်နိုင်ပါဘူး။ ကျုပ်ကမှ နတ်ဘုရားတွေက ခင်ဗျားတို့ကို ကယ်တင်ဖို့ စေလွှတ်လိုက်တဲ့သူပဲ။ ကျုပ် အောက်ယွီကမှ အစစ်အမှန် နတ်တမန်တော်ပဲ။
ကျုပ် ခင်ဗျားတို့ကို အမိန့်ပေးတယ်။ ချက်ချင်း လက်နက်ချပြီး ပုန်ကန်မှု အားလုံးကို ရပ်တန့်လိုက်ကြ။ ခင်ဗျားတို့ဟာ ဘာဒေသခံမှ မဟုတ်ဘူး၊ ဘာ မင်းဆက်မှလည်း မဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်ထောင်ချီတည်းက ခင်ဗျားတို့ဟာ ဟွာလူမျိုးတွေရဲ့ အစိတ်အပိုင်း တစ်ခုပဲ။
ခင်ဗျားတို့နဲ့ တာ့ကျိုးအင်ပါယာက ပြည်သူတွေဟာ လုံးဝ လူမျိုးတစ်မျိုးတည်း ဖြစ်ပြီး ကျုပ်တို့ဟာ မျိုးနွယ်တစ်ခုတည်းက ဆင်းသက်လာတာပဲ။ ခင်ဗျားတို့ ပုန်ကန်ချင်တာဟာ ကောင်းကင်ဘုံကို ဆန့်ကျင်တာဖြစ်ပြီး နတ်ဘုရားတွေကို အမျက်ထွက်စေလိမ့်မယ်။ ခင်ဗျားတို့အတွက် ကြီးမားတဲ့ ဘေးအန္တရာယ်ကြီး ကျရောက်လာလိမ့်မယ်။
ကျုပ် အောက်ယွီ ဟာ ခင်ဗျားတို့ကိုကယ်တင်ဖို့ လာတဲ့ နတ်တမန်တော်ပဲ။ ခင်ဗျားတို့ အားလုံး ချက်ချင်း ဒူးထောက်၊ ပုန်ကန်မှုကို ရပ်တန့်၊ တာ့ကျိုးအင်ပါယာကို သစ္စာခံပြီး ကျုပ်ရဲ့ အမိန့်ကို နာခံကြ။”
ယွင်ကျုံးဟဲ့သည် ဘုရားကျောင်းတော် ထိပ်တွင် သတ္တုတိုင်ကြီးကို တင်းကျပ်စွာ ဖက်ထားရင်း ကျယ်လောင်သော အသံဖြင့် အော်ဟစ်လိုက်သည်။ “ဒူးထောက်ကြ... ခင်ဗျားတို့ အားလုံး ဒူးထောက်ကြ။ မဟုတ်ရင် ကျုပ်က ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုကို ခေါ်ယူပြီး ခင်ဗျားတို့ကို အမြစ်ပြတ် သတ်ဖြတ်ပစ်မယ်။ အမြစ်ပြတ် သတ်ဖြတ်ပစ်မယ်။”
ယွမ်ထျန်းရှဲ့က ဒေါသတကြီး အော်ဟစ်လိုက်၏။ “အလကား ကြွားလုံးထုတ်နေတာ။ လူတွေကို လှည့်စားနေတာ။ နတ်ဘုရားလိုလို ဘာလိုလို ဟန်ဆောင်နေတာ။ သူ့ကို သတ်... သူ့ကို သတ်။”
ထို့နောက် သူသည် ရုတ်တရက် လက်ဝှေ့ယမ်းပြလိုက်သည်။
ဟွမ်ထျန်း သာသနာ၏ စစ်သည် ဆယ်ယောက်ကျော်ခန့်သည် ဘုရားကျောင်းတော်ကြီး၏ တံခါးကို ရုတ်တရက် တွန်းဖွင့်ကာ အတွင်းသို့ ဝင်ရောက်သွားကြပြီး ဘုရားကျောင်းတော်ထိပ်သို့ တက်ကာ ယွင်ကျုံးဟဲ့ကို အပိုင်းပိုင်း ခုတ်ထစ်ရန် ပြင်လိုက်ကြတော့၏။
ယွင်ကျုံးဟဲ့က ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ခင်ဗျားတို့တွေ ခေါင်းမာလွန်းလှချည်လား။ ကျုပ်လို နတ်တမန်တော်ကို လာပြီး စော်ကားရဲတယ်။ ကောင်းကင်ဘုံရဲ့ စည်းကမ်းကို ချိုးဖောက်ရဲတယ်။ တကယ်ကို သေလမ်းရှာနေတာပဲ။”
ယွင်ကျုံးဟဲ့သည် အပေါ်သို့ ပြေးတက်လာသော ဟွမ်ထျန်းဂိုဏ်းမှ ရူးသွပ်နေသော ဘာသာဝင်များကို လုံးဝ ဂရုမစိုက်ဘဲ အသံကျယ်ကျယ်ဖြင့် ဆက်လက် အော်ဟစ်နေခဲ့၏။
အဘယ်ကြောင့်ဆိုသော် မကြာမီ မီးတောင် ပေါက်ကွဲတော့မည်ဖြစ်ရာ ဤသည်မှာ သူ၏ နောက်ဆုံး ဟန်ရေးပြခွင့်ပင် ဖြစ်သည်။
“ခင်ဗျားတို့ကို ကျုပ် အမိန့်ပေးတယ်။ ချက်ချင်း ဒူးထောက်ပြီး ပုန်ကန်မှုကို ရပ်တန့်လိုက်ကြ။ မဟုတ်ရင် ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုက ချက်ချင်း ကျရောက်လာလိမ့်မယ်။
ယွမ်ထျန်းရှဲ့၊ ဖူကျ… ခင်ဗျားတို့ရဲ့ ပုန်ကန်မှုဟာ ကောင်းကင်ဘုံရဲ့ အလိုကို ဆန့်ကျင်တာဖြစ်လို့ ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုကို သေချာပေါက် ခံရလိမ့်မယ်။ ကောင်းကင်ဘုံဟာ သတ္တဝါတွေကို သနားညှာတာတဲ့ စိတ်ရှိလို့ ခင်ဗျားတို့ကို ကယ်တင်ဖို့ ကျုပ် လာခဲ့တာ။
ခင်ဗျားတို့ ဒူးထောက်ပြီး ပုန်ကန်မှုကို ရပ်တန့်လိုက်ရင် ကောင်းကင်ဘုံက ခင်ဗျားတို့ကို အပြစ်ပေးမှာ မဟုတ်ဘူး။ မဟုတ်ရင်တော့ ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုက ခင်ဗျားတို့ကို အမြစ်ပြတ် သတ်ဖြတ်ပစ်လိမ့်မယ်။ ကျုပ် ကြိုမပြောဘူးလို့ မဆိုနဲ့။”
စောစောက ငလျင်လှုပ်ခတ်မှုဖြင့် သက်သေပြနေသလို ယွမ်ထျန်းရှဲ့၏ နတ်ဘုရား ဟန်ဆောင်မှုများကိုလည်း ဖော်ထုတ်နိုင်ခဲ့သော်လည်း လူတိုင်းက ယွင်ကျုံးဟဲ့၏ စကားကို မယုံကြည်ကြသေးသည့်အပြင် သူ၏ စကားများက လူတိုင်းကို ပို၍ပင် ဒေါသထွက်သွားစေခဲ့သည်။
“သူ့ကို သတ်… သူ့ကို သတ်။”
“သူ့ကို အပိုင်းပိုင်း ခုတ်ထစ်ပစ်… အပိုင်းပိုင်း ခုတ်ထစ်ပစ်။”
လူအများအပြားသည် ဘုရားကျောင်းတော်ထိပ်သို့ ပြေးတက်လာကြပြီး ယွင်ကျုံးဟဲ့ကို အပိုင်းပိုင်း ခုတ်ထစ်ရန် ပြင်လိုက်ကြတော့၏။
ယွင်ကျုံးဟဲ့ သက်ပြင်းတစ်ချက် ချလိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “အချိန် မမီတော့ဘူး။ အချိန် မမီတော့ဘူး။ ခင်ဗျားတို့ရဲ့ အသိဉာဏ်ကင်းမဲ့မှုနဲ့ မိုက်မဲမှုတွေက ကောင်းကင်ဘုံကို လုံးဝ အမျက်ထွက်သွားစေခဲ့ပြီ။ ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုက မကြာခင် ကျရောက်လာတော့မယ်။
ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုက မကြာခင် ခင်ဗျားတို့ကို အမြစ်ပြတ် သတ်ဖြတ်ပစ်ပြီး ခင်ဗျားတို့လို ပုန်ကန်သူတွေကို ဒီလောကထဲကနေ အပြီးအပိုင် ဖျောက်ဖျက်ပစ်လိမ့်မယ်။
ကျုပ် အောက်ယွီက သနားညှာတာတဲ့ စိတ်ရှိလို့ ခင်ဗျားတို့ကို အလဟဿ မသေစေချင်ဘူး။ ထွက်ပြေးကြတော့… ထွက်ပြေးကြတော့… အလဟဿ အသေမခံကြနဲ့။ တတ်နိုင်သလောက် ဝေးဝေးကို ထွက်ပြေးကြ… ဝေးဝေးကို ထွက်ပြေးကြ…”
လူတိုင်းက ပို၍ပင် အထင်အမြင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်ကြ၏။
‘အောက်ယွီ… ခင်ဗျားက သေခါနီးနေပြီကိုတောင် ဒီမှာ နတ်ဘုရားလိုလို ဘာလိုလို ဟန်ဆောင်နေသေးတယ်။’
မကြာမီမှာပဲ ဟွမ်ထျန်းဂိုဏ်း၏ ပထမအသုတ် ရူးသွပ်နေသော ဘာသာဝင်များသည် ဘုရားကျောင်းတော်၏ အမြင့်ဆုံး အထပ်သို့ ရောက်ရှိလာကြပြီး ယွင်ကျုံးဟဲ့ကို ကြည့်ကာ အလွန် ကြောက်မက်ဖွယ်ကောင်းသော မျက်နှာထားများဖြင့် အော်ဟစ်လိုက်ကြ၏။ “သေလိုက်တော့…”
ယွင်ကျုံးဟဲ့က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ “ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှု ကျရောက်လာဖို့ အချိန်ရေတွက်နေပြီ။ ဆယ်၊ ကိုး၊ ရှစ်၊ ခုနစ်…”
ဤစကားကို ကြားလိုက်ရချိန်မှာတော့ မရေမတွက်နိုင်သော လူများ အနည်းငယ် တုံ့ဆိုင်းသွားကြသည်။ အဘယ်ကြောင့်ဆိုသော် အချိန်ရေတွက်သံကို ကြားလိုက်ရပါက အချိန်ရေတွက်မှု ပြီးဆုံးသွားချိန်တွင် မည်သည့်အရာ ဖြစ်လာမည်ကို သိချင်သော စိတ်ဆန္ဒ အလိုအလျောက် ဖြစ်ပေါ်လာတတ်သောကြောင့်ပင်။
“ငါး၊ လေး၊ သုံး၊ နှစ်၊ တစ်…” ယွင်ကျုံးဟဲ့၏ အချိန်ရေတွက်မှု ပြီးဆုံးသွားပြီ ဖြစ်၏။
လူတိုင်းက လှောင်ပြောင်ရယ်မောလိုက်ကြသည်။
‘ဘာမှမဖြစ်ပါလား။ အောက်ယွီ… ခင်ဗျားမှာ ဘာလှည့်ကွက်တွေ ရှိသေးလဲဆိုတာ ကျုပ်တို့ ကြည့်ချင်သေးတယ်။ ဒီနေ့ ခင်ဗျားရဲ့ သရုပ်ဆောင်မှုတွေက ခင်ဗျားအဖေ အောက်ရှင်း စုဆောင်းခဲ့တဲ့ ကုသိုလ်တွေကို လုံးဝ ဖျက်ဆီးပစ်လိုက်တာပဲ။’
ယွင်ကျုံးဟဲ့သည် သနားညှာတာသော အကြည့်များဖြင့် လူတိုင်းကို ကြည့်ကာ ပြောလိုက်၏။ “ကျုပ်က ခင်ဗျားတို့ကိုကယ်တင်ချင်ပေမယ့် ကျုပ် အစွမ်းကုန် ကြိုးစားခဲ့ပါပြီ။ အစွမ်းကုန် ကြိုးစားခဲ့ပါပြီ…”
“အစွမ်းကုန် ကြိုးစားခဲ့ပြီလား။ အဲဒါဆို သေလိုက်တော့။”
ဟွမ်ထျန်းဂိုဏ်းမှ စစ်သည် ဆယ်ယောက်ကျော်ခန့်သည် ယွင်ကျုံးဟဲ့ကို ဝိုင်းရံထားပြီး ကြောက်မက်ဖွယ် ကောင်းအောင် ပြုံးကာ ပြောလိုက်သည်။ “ခင်ဗျားမှာ လုပ်စရာ လှည့်ကွက်တွေ ကုန်သွားပြီ မဟုတ်လား။ အေးအေးဆေးဆေး သေလိုက်တော့။ သတ်…”
ဤစစ်သည် ဆယ်ကျော်ခန့်သည် ရုတ်တရက် ခုန်တက်ကာ ဘုရားကျောင်းတော် ထိပ်ရှိ မှန်ပြတင်းပေါက်များကို ခွဲပြီး ယွင်ကျုံးဟဲ့ကို သတ်ဖြတ်ရန် ပြင်လိုက်ကြတော့၏။
ယွင်ကျုံးဟဲ့သည် ကိုယ်ပေါ်ရှိ ဘုရင်ဝတ်ရုံကို ရုတ်တရက် ဆွဲချွတ်လိုက်ပြီး အောက်သို့ ခုန်ချလိုက်သည်။
လူတိုင်း လုံးဝမှင်သက်သွားကြ၏။
‘အောက်ယွီ… ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် သတ်သေတော့မလို့လား။ ဒီပေတစ်ရာမြင့်တဲ့ ဘုရားကျောင်းတော်ပေါ်ကနေ ခုန်ချတာက သေချာပေါက် သေမှာပဲလေ။’
သို့ပေမည့် နောက်တစ်စက္ကန့်တွင် လူတိုင်း ပို၍ပင် မှင်သက်သွားကြတော့၏။ အဘယ်ကြောင့်ဆိုသော် အောက်ယွီသည် လက်နှစ်ဖက် ခြေနှစ်ဖက်ကို ဆန့်တန်းလိုက်ရာ သူ၏ ဝတ်စုံမှာ အလွန် ထူးဆန်းပြီး ဧရာမ လင်းနို့ကြီး တစ်ကောင်နှင့် အမှန်တကယ် တူညီနေသောကြောင့်ပင်။
ထို့အပြင် သူသည် အောက်သို့ ပြုတ်ကျသွားခြင်း မရှိဘဲ လေထဲတွင် ပျံသန်းသွားတော့၏။
ဟုတ်ပေသည်။ လေထဲတွင် အမှန်တကယ် ပျံသန်းသွားခြင်း ဖြစ်သည်။
‘ဒါ… ဒါက ဘယ်လို ဖြစ်တာလဲ။ လူက ပျံသန်းနိုင်တယ် ဟုတ်လား။ အရမ်း အံ့ဩစရာ ကောင်းတာပဲ။’
ယွင်ကျုံးဟဲ့သည် လေဟုန်စီးဝတ်စုံကို သတိထား၍ ထိန်းချုပ်ကာ လေပြင်းများ၏ ရိုက်ခတ်မှုကို ခံစားရင်း ပုန်ကန်သူများ၏ ခေါင်းပေါ်မှ လျင်မြန်စွာ ပျံသန်းသွားပြီးနောက် တောင်ထိပ်တွင် ပျံသန်းလှည့်ပတ်ရန် ကြိုးစားနေ၏။
သူသည် တစ်ဖက်မှ ပျံသန်းရင်း တစ်ဖက်မှ အမှတ်(၉) စိတ်ကျန်းမာရေးလူနာ ကွမ်တန်ကို ကျိန်ဆဲနေမိသည်။ “ချီးတဲ့မှ ကွမ်တန်…. ခင်ဗျားက တကယ် ယုံရတာ မဟုတ်ဘူး။ ဘာလို့ မီးတောင် မပေါက်ကွဲသေးတာလဲ။ အချိန်တောင် စေ့နေပြီကို မပေါက်ကွဲသေးဘူးဆိုတော့ ကျုပ်ရဲ့ အစီအစဉ်တွေ ကျရှုံးသွားတော့မှာလား။”
ကွမ်တန်က ပြန်ပြောလိုက်၏။ “ဆရာဝန်ကြီး... မြောက်ဘက်မှာ ငလျင် နောက်တစ်ခါ ထပ်လှုပ်သွားလို့ မီးတောင် ပေါက်ကွဲမယ့် အချိန် မိနစ်အနည်းငယ် နောက်ကျသွားတာပါ။ ဒါက မျှော်လင့်မထားတဲ့ အခြေအနေ တစ်ခုပါ။ အဲဒီဘက်က ငလျင်ကြောင့် ဖိအားတချို့ လျော့ကျသွားလို့ပါ။ ဒါပေမဲ့ စိတ်ချပါ။ မီးတောင် သေချာပေါက် ပေါက်ကွဲမှာပါ။ တစ်မိနစ်လောက် ထပ်တောင့်ခံထားပါ။ တစ်မိနစ်လောက် ထပ်တောင့်ခံထားပါ။”
ယွင်ကျုံးဟဲ့သည် လေးမြားများဖြင့် ပစ်ချခံရမည့် အန္တရာယ်ကို စွန့်စားကာ လေဟုန်စီးဝတ်စုံဖြင့် ပျံသန်း လှည့်ပတ်နေရင်း အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ “ဒေသခံ စစ်သည်တွေ... ကျုပ်က တကယ်ပဲ ခင်ဗျားတို့ကို ကယ်တင်ဖို့ လာတာပါ။ ဒေသခံ စစ်သည်တွေ... ခင်ဗျားတို့ အသုံးချခံနေရပြီ။ ယွမ်ထျန်းရှဲ့နဲ့ ဖူကျ တို့ရဲ့ ပုန်ကန်မှုဟာ ကောင်းကင်ဘုံရဲ့ အလိုကို ဆန့်ကျင်နေတာဖြစ်လို့ ခင်ဗျားတို့ကို အသေဆိုးနဲ့ သေအောင် လုပ်လိမ့်မယ်။”
ယွင်ကျုံးဟဲ့က ငိုသံပါကြီးဖြင့် အသံကျယ်ကျယ် အော်ဟစ်လိုက်၏။ “ကျုပ်က ကျုပ်ရဲ့ အသက် ဆယ်နှစ်ကို ပေးဆပ်ပြီး ကောင်းကင်ဘုံကို အသနားခံခဲ့လို့ ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုကို အချိန်ခဏလေး နောက်ဆုတ် ပေးထားတာ။ ကျုပ် အစွမ်းကုန် ကြိုးစားခဲ့ပါပြီ။ ဒေသခံ ညီအစ်ကိုတွေ... ခင်ဗျားတို့ ထွက်ပြေးကြတော့... ထွက်ပြေးကြတော့...”
“ဝုန်း... ဝုန်း... ဝုန်း...”
ထိုအချိန်တွင် မြေအောက်မှ ဧရာမ အသံကြီးများ ထွက်ပေါ်လာတော့၏။ ထို့နောက် တာ့ရစ်တောင်ထိပ်သည် ရုတ်တရက် ကွဲအက်သွားပြီး ဧရာမ မြေကွဲကြောင်းကြီး တစ်ခု ပေါ်ထွက်လာသည်။
တောင်ထိပ်တွင် တည်ဆောက်ထားသော ဟွမ်ထျန်း ဘုရားကျောင်းတော်ကြီးသည် ဘီလူးကြီး တစ်ကောင်၏ လက်ဖြင့် ခွဲခံလိုက်ရသကဲ့သို့ အလယ်မှနေ၍ တိုက်ရိုက် ကွဲအက်သွားပြီး ချက်ချင်း ပြိုကျသွားတော့၏။
ဧရာမ မြေကွဲကြောင်းကြီးထဲမှ မီးခိုးလုံးကြီးများ ရုတ်တရက် ထွက်ပေါ်လာသည်။
ဆက်လက်၍ တာ့ရစ်တောင် တစ်ခုလုံး ပြင်းထန်စွာ တုန်ခါလာတော့၏။
လူတိုင်း အလွန်အမင်း ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်ကြသည်။ “အောက်ယွီ ပြောတာက တကယ်ကြီးလား။ တကယ်ကြီးလား။”
မူလက ဒေသခံ ပုန်ကန်သူများသည် လေးမြားများကို ရွယ်ကာ ယွင်ကျုံးဟဲ့ကို ပစ်ချရန် ပြင်နေခဲ့ကြ သော်လည်း ဤမြင်ကွင်းကြောင့် လုံးဝမှင်သက်သွားကြပြီး လေးမြားများကို အောက်သို့ ချလိုက်ကြ၏။
အမြန်ဆုံး တုံ့ပြန်နိုင်သူမှာ ယွမ်ထျန်းရှဲ့ ဖြစ်၏။ သူသည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ မျက်နှာတစ်ခုလုံး ဖြူရော်သွားသည်။
ဟွမ်ထျန်း ဘုရားကျောင်းတော်ကြီး ကွဲအက်ကာ ပြိုကျလာချိန်မှာတော့ သူသည် သူ၏ သိုင်းပညာ အစွမ်းအားလုံးကို အသုံးပြု၍ လှည့်မကြည့်ဘဲ ထွက်ပြေးတော့၏။
အဘယ်ကြောင့်ဆိုသော် သူသည် အတွေ့အကြုံများသူ တစ်ဦးဖြစ်ရာ ဤသည်မှာ မီးတောင် ပေါက်ကွဲမှု ဖြစ်ကြောင်း သိရှိသောကြောင့်ပင်။
ထို့အပြင် တောင်ထိပ်သည် အန္တရာယ်အများဆုံး နေရာဖြစ်ပြီး အသက်ရှင်လျက် လွတ်မြောက်ရန် လုံးဝ မဖြစ်နိုင်သလောက် ဖြစ်နေသည်။
နတ်ဘုရား တစ်ပါးကဲ့သို့သော မဟာဆရာသခင်ကြီး ယွမ်ထျန်းရှဲ့ ပင်လျှင် ရူးသွပ်မတတ် ထွက်ပြေးနေသည်ကို မြင်တွေ့လိုက်ရချိန်မှာတော့ လူတိုင်း လုံးဝ စိတ်ပျက်အားငယ်သွားကြတော့၏။
“မဟာဆရာသခင်ကြီး ထွက်ပြေးပြီ။ မဟာဆရာသခင်ကြီး ထွက်ပြေးပြီ။”
“သူက မဟာဆရာသခင်ကြီး မဟုတ်ဘူး။ သူက လူလိမ် တစ်ယောက်ပဲ။ လူလိမ် တစ်ယောက်ပဲ။”
“အမြန်ပြေးကြ... အမြန်ပြေးကြ...”
“သခင်လေး အောက်ယွီ... ကျုပ်တို့ကို ကယ်ပါအုံး။ ကျုပ်တို့ကို ကယ်ပါအုံး...”
မရေမတွက်နိုင်သော ဒေသခံများသည် ကြောက်လန့်တကြားဖြင့် သရဲတစ္ဆေများကဲ့သို့ ငိုယိုအော်ဟစ်နေကြ တော့သည်။
ယွင်ကျုံးဟဲ့သည် ချက်ချင်း ဦးတည်ရာကို ပြောင်းလဲကာ တောင်ဘက်သို့ ပျံသန်းသွားတော့၏။
“အရှိန်တင်... အရှိန်တင်... အရှိန်တင်...”
ဤမီးတောင် ပေါက်ကွဲမှုမှာ အလွန် ကြောက်မက်ဖွယ်ကောင်းလှရာ တတ်နိုင်သမျှ အဝေးဆုံးသို့ ပျံသန်းနိုင်မှသာ အသက်ရှင်နိုင်မှာဖြစ်သည်။
ယွင်ကျုံးဟဲ့သည် တစ်ဖက်မှ ပျံသန်းရင်း တစ်ဖက်မှ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ “ဒေသခံ ညီအစ်ကိုတွေ... ကျုပ် အစွမ်းကုန် ကြိုးစားခဲ့ပါပြီ။ ကျုပ် အစွမ်းကုန် ကြိုးစားခဲ့ပါပြီ။ ခင်ဗျားတို့ အမြန်ပြေးကြ... အမြန်ပြေးကြ...”
မရေမတွက်နိုင်သော ဒေသခံများသည် လမ်းကြောင်းမရွေးတော့ဘဲ ရူးသွပ်မတတ် ထွက်ပြေးနေကြတော့၏။ သို့သော်ငြား အချိန် လုံးဝ မမီတော့ချေ။
တာ့ရစ်တောင် တစ်ခုလုံး၏ တုန်ခါမှုမှာ တစ်စထက်တစ်စ ပို၍ ပြင်းထန်လာပြီး အပူချိန်မှာလည်း တစ်စထက်တစ်စ ပို၍ မြင့်တက်လာသည်။
တောင်အောက်တွင် စုစည်းနေသော စွမ်းအင်များမှာ တစ်စထက်တစ်စ ပို၍ ပြင်းထန်လာပြီး ပို၍ ကြောက်မက်ဖွယ် ကောင်းလာတော့၏။