အခန်း (၃၅၇-၃၅၈)
Vol. 31 Ch. 357-358
အပိုင်း (၃၅၇)
“ဝုန်း... ဝုန်း... ဝုန်း... ဝုန်း... ဝုန်း...”
နောက်ဆုံးတွင် ဧရာမ အသံကျယ်ကြီး ထွက်ပေါ်လာတော့၏။ တာ့ရစ်တောင်ထိပ်သည် နီရဲသွားပြီးနောက် မရေမတွက်နိုင်သော ကျောက်ရည်ပူများသည် ရုတ်တရက် ပန်းထွက်လာကာ မီတာထောင်ချီ မြင့်သော ကောင်းကင်ယံသို့ တိုက်ရိုက် ရောက်ရှိသွားတော့သည်။
တစ်ခဏအတွင်းမှာပင် တာ့ရစ်တောင်ထိပ်ရှိ ကွင်းပြင်၊ ဘုရားကျောင်းတော်၏ အပျက်အစီးများနှင့် ထိတ်လန့် တုန်လှုပ်နေသော လူများအားလုံး ချက်ချင်း အမှုန့်ဖြစ်သွားကြတော့၏။
ဤတစ်ခဏအတွင်းမှာပဲ သနားဖွယ်ကောင်းအောင် အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ လူထောင်ချီသည် ကျောက်ရည်ပူများ၏ ရိုက်ခတ်မှုကြောင့် ကောင်းကင်သို့ လွင့်စင်သွားကြပြီး ချက်ချင်း မီးသွေးတုံးများ အဖြစ်သို့ ပြောင်းလဲသွားကြတော့သည်။
ဤတစ်ခဏအတွင်းမှာပဲ တောင်ထိပ်ရှိ လူထောင်ချီ၊ ဒေသခံ ပုန်ကန်သူများ၏ အထက်တန်း ခေါင်းဆောင်များ၊ ဟွမ်ထျန်းဂိုဏ်း၏ အထက်တန်း ခေါင်းဆောင်များနှင့် နေရာအသီးသီးမှ ဒေသခံ ခေါင်းဆောင်များ အားလုံး အလောင်းပင် မကျန်အောင် သေဆုံးသွားကြတော့၏။
စက္ကန့်အနည်းငယ်အတွင်းမှာပင် အကုန်လုံး သေဆုံးသွားကြခြင်း ဖြစ်သည်။
တောင်များ လှုပ်ခါပြီး မြေကြီးများ ကွဲအက်ကာ ကောင်းကင်နှင့် မြေကြီး ပြိုကျသွားတော့၏။
ထိုနေရာတွင် ရှိနေသူအားလုံးသည် ဤအလွန် အံ့မခန်းဖွယ်ရာ၊ အလွန် ခမ်းနားကြီးကျယ်ပြီး အလွန် ရက်စက်ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှုနေကြရသည်။
ကောင်းကင်ယံသို့ ထိုးတက်သွားသော ဧရာမ မီးတောက်ကြီးများကို ကြည့်နေကြရသည်။ ထို့နောက် ထိုမီးတောက်များသည် များပြားလှသော မီးမိုးများအဖြစ် ပြောင်းလဲသွားကာ အဆက်မပြတ် ရွာသွန်းကျလာတော့၏။
အဝါရောင်နှင့် အနက်ရောင် ရောနှောနေသော မီးခိုးလုံးကြီးများသည် ကောင်းကင်တစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားတော့၏။ မြင်ကွင်းတစ်ခုလုံးသည်ကမ္ဘာပျက်မည့် နေ့ရက်နှင့် အမှန်တကယ်ပင် တူညီနေသည်။
ထိုနေရာတွင် ရှိနေသူအားလုံးက ဤသည်မှာ ကောင်းကင်ဘုံ၏ အပြစ်ပေးမှု ဖြစ်ကြောင်း၊ သေချာပေါက် ကောင်းကင်ဘုံ၏ အပြစ်ပေးမှု ဖြစ်ကြောင်း အခိုင်အမာ ယုံကြည်သွားကြတော့၏။
ယွမ်ထျန်းရှဲ့က နတ်ဘုရားအဖြစ် ဟန်ဆောင်ပြီး ကောင်းကင်ဘုံ၏ အလိုကို ဆန့်ကျင်ကာ ကောင်းကင်ဘုံကို အမျက်ထွက်စေခဲ့သောကြောင့် ကောင်းကင်ဘုံက အပြစ်ပေးခြင်းသာ ဖြစ်သည်။
ဒေသခံများမှာ အသိဉာဏ်နည်းပါးပြီး ကောင်းကင်နှင့် မြေကြီး၊ နတ်ဘုရားများကို အလွန် ယုံကြည်ကြ၏။
ဤကဲ့သို့သော ကမ္ဘာပျက်မည့် အခြေအနေမျိုးကို ရင်ဆိုင်ရချိန်တွင် မည်သို့ လုပ်ရမည်နည်း။ ကယ်တင်ရှင်က ဘယ်မှာ ရှိသနည်း။
လူတိုင်း၏ အကြည့်များမှာ အလိုအလျောက် ကောင်းကင်ပေါ်ရှိ အမည်းစက်လေးတစ်ခု၊ ဆိုလိုသည်မှာ ကောင်းကင်တွင် ပျံသန်းနေသော အောက်ယွီ ထံသို့ ရောက်ရှိသွားကြတော့၏။
“နောင်တရလိုက်တာ... နောင်တရလိုက်တာ။ အစောတည်းက သခင်လေး အောက်ယွီရဲ့ စကားကို နားထောင်ခဲ့မယ်ဆိုရင် အခုလို အခြေအနေမျိုး ရောက်လာစရာ အကြောင်းမရှိဘူး၊ ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုလည်း ကျရောက်လာမှာ မဟုတ်ဘူးလေ။”
“စောစောက သူက လူတိုင်းကို ဒူးထောက်ပြီး ပုန်ကန်မှုကို ရပ်တန့်ဖို့ ပြောခဲ့တာ ဒါဟာ အားလုံးအတွက် နောက်ဆုံး အခွင့်အရေးကို ပေးခဲ့တာပဲ။ လူတိုင်းက နားမထောင်တဲ့အပြင် သူ့ကိုတောင် သတ်ဖို့ ကြိုးစားခဲ့ကြသေးတယ်။ အခုတော့ ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှု တကယ် ကျရောက်လာခဲ့ပြီ။”
“အဓိက လက်သည်တရားခံ ယွမ်ထျန်းရှဲ့ကတော့ ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှု ကျရောက်လာတဲ့အချိန်မှာ ချက်ချင်း ထွက်ပြေးသွားတယ်။ ဒါပေမဲ့ သူက မြေကြီးပေါ်မှာ ထွက်ပြေးနေရလို့ အရမ်းကို ဒုက္ခရောက် နေတယ်။”
“သခင်လေး အောက်ယွီကတော့ ကောင်းကင်ပေါ်မှာ ပျံသန်းနေတယ်။ ဘယ်လောက်တောင် ကောင်းလိုက်လဲ။ ချက်ချင်းပဲ အဆင့်အတန်း ကွာခြားသွားပြီလေ။”
ယခုအချိန်တွင် မည်သူက ပိုမြင့်မြတ်ပြီး မည်သူက ပိုနိမ့်ကျသနည်း ဆိုသည်မှာ ထင်ရှားနေပြီဖြစ်၏။ အရင်တုန်းက မျက်စိကန်းခဲ့သောကြောင့် ယွမ်ထျန်းရှဲ့ ကဲ့သို့ လူလိမ်ကို ယုံကြည်မိပြီး မြင့်မြတ်ဖြူစင်သည့် သခင်လေး အောက်ယွီကို မယုံကြည်ခဲ့မိခြင်းကို အားလုံး နောင်တရနေကြပြီဖြစ်သည်။
ထို့ကြောင့် မရေမတွက်နိုင်သော ဒေသခံများသည် ယွင်ကျုံးဟဲ့၏ လမ်းကြောင်းအတိုင်း လိုက်ပါကာ ရူးသွပ်မတတ် ပြေးလွှား ခုန်ပေါက်နေကြတော့၏။
သို့သော်ငြား သူတို့သည် မပျံသန်းတတ်ချေ။ ဤသို့ ခုန်ချလိုက်ပါက သေချာပေါက် သေဆုံးပေလိမ့်မည်။
သို့ပေမည့်လည်း မရေမတွက်နိုင်သော လူများက အောက်ယွီ၏ လမ်းကြောင်းအတိုင်း လိုက်ပါကာ ရူးသွပ်မတတ် ခုန်ချနေကြဆဲ ဖြစ်သည်။
“ဝုန်း... ဝုန်း... ဝုန်း... ဝုန်း...”
မီးတောင် ပေါက်ကွဲမှု ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ပြီး နှစ်မိနစ်၊ သုံးမိနစ်တိုင်း တစ်ကြိမ် ပေါက်ကွဲနေသည်။
ထို့အပြင် ပေါက်ကွဲချိန်တိုင်းတွင် မရေမတွက်နိုင်သော ကျောက်ရည်ပူများ ပန်းထွက်လာပြီး အောက်သို့ ကျဆင်းလာချိန်မှာတော့ မရေမတွက်နိုင်သော လူများကို သတ်ဖြတ်ပစ်တော့၏။
တစ်စထက်တစ်စ ပိုမိုများပြားလာသော မီးလိုနီရဲနေသည့် ကျောက်ရည်ပူများသည် အောက်သို့ လိမ့်ဆင်းလာပြီး ဖြတ်သန်းသွားရာ နေရာတိုင်းတွင် မြက်ပင်တစ်ပင်မျှ မကျန်တော့ဘဲ သက်ရှိအားလုံးကို ဝါးမြိုသတ်ဖြတ်ပစ်တော့သည်။
တာ့ရစ်တောင် ပေါ်ရှိ လူတစ်သိန်းကျော်သည် ကမ္ဘာပျက်မည့် နေ့ရက်နှင့် အမှန်တကယ် ရင်ဆိုင်လိုက်ရပြီ ဖြစ်သည်။ အစုလိုက် အပြုံလိုက် သေဆုံးနေကြတော့၏။
ယွင်ကျုံးဟဲ့သည်လည်း ဟန်ရေးပြရန် အချိန်မရတော့ဘဲ လေဟုန်စီးဝတ်စုံကို ထိန်းချုပ်ကာ ရူးသွပ်မတတ် ထွက်ပြေးနေရတော့၏။
အမြန်ဆုံး ပြေးရမှာဖြစ်သည်။ ထိုသို့မဟုတ်ပါက ကျဆင်းလာသော ကျောက်ရည်ပူများနှင့် ထိမှန်ပါက သေချာပေါက် သေဆုံးမည်သာ ဖြစ်သည်။
ကျောက်ရည်ပူများနှင့် မထိမှန်လျှင်တောင်မှ မီးတောင် ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော ဓာတ်ငွေ့များမှာ အဆိပ်ငွေ့များ ဖြစ်သောကြောင့် လူကို သေစေနိုင်၏။
ဤမီးတောင် ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော စွမ်းအင်မှာ ဟီရိုရှီးမား အနုမြူဗုံး တစ်သောင်းနီးပါး၏ စွမ်းအားနှင့် ညီမျှသည်။
ကြားရသည်မှာ အလွန် ကြောက်မက်ဖွယ် ကောင်းသည် မဟုတ်ပါလား။ သို့ပေမည့် ဤအဆင့်ရှိသော မီးတောင် ပေါက်ကွဲမှုမှာ အကြီးမားဆုံး အဆင့်တော့ မဟုတ်သေးချေ။
၁၉၈၀ ခုနှစ်က ကမ္ဘာမြေပေါ်တွင် ဖြစ်ပွားခဲ့သော စိန့်ဟယ်လင် မီးတောင် ပေါက်ကွဲမှု၏ စွမ်းအင်မှာ ဟီရိုရှီးမား အနုမြူဗုံး နှစ်သောင်းခုနစ်ထောင်၏ စွမ်းအားနှင့် ညီမျှသည်။
ယခု တာ့ရစ်တောင် မီးတောင် ပေါက်ကွဲမှုမှာ ထိုစွမ်းအင်၏ လေးပုံတစ်ပုံခန့်သာ ရှိသည်။ သို့ပေမည့် ထိုမျှလောက်နှင့်ပင် တာ့ရစ်တောင် ပတ်ဝန်းကျင် မိုင်ဆယ်ချီအတွင်းရှိ အရာအားလုံးကို လုံးဝ ဖျက်ဆီးပစ်နိုင်၏။
မိုင်နှစ်ရာကျော် အကွာရှိ နန်ကျိုးမြို့တွင် အသက်အန္တရာယ် မရှိနိုင်သော်လည်း ကန့်အနံ့များ ပျံ့နှံ့လာမှာ ဖြစ်ပြီး မရေမတွက်နိုင်သော မီးတောင်ပြာများသည် နှင်းများကဲ့သို့ ကျဆင်းလာကာ နန်ကျိုးမြို့တွင် လက်မအနည်းငယ်ခန့် ထူထပ်စွာ ဖုံးလွှမ်းသွားမှာဖြစ်သည်။
လူတချို့က မေးကောင်း မေးနိုင်သည်။ “မီးတောင် ပေါက်ကွဲမှုက ဘယ်လိုလုပ်ပြီး ဒီလောက် တိုက်ဆိုင်နေရတာလဲ။ ယွင်ကျုံးဟဲ့ ရောက်လာမှ ပေါက်ကွဲရတာလား။”
ဤသည်မှာ အကြောင်းနှင့် အကျိုးကို ပြောင်းပြန်တွေးတောနေခြင်း ဖြစ်သည်။
အမှန်တကယ်တော့ ငလျင်များ မကြာခဏ လှုပ်ခတ်ခဲ့ခြင်းကြောင့် ယွမ်ထျန်းရှဲ့ ဟူသော နတ်ဆရာ နာမည်ကြီးလာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် တောင်ပိုင်း၏ ပုန်ကန်မှု ဖြစ်ပေါ်လာကာ ယွင်ကျုံးဟဲ့က တောင်ပိုင်းသို့ ပုန်ကန်မှု နှိမ်နင်းရန် လာရောက်ရခြင်း ဖြစ်၏။
အကယ်၍ ဤအရာများသာ မဖြစ်ပေါ်ခဲ့ပါက ပုန်ကန်မှု ရှိလာမည် မဟုတ်သလို ယွင်ကျုံးဟဲ့ လည်း တောင်ပိုင်းသို့ လာရောက်ရန် မလိုတော့ချေ။
ထို့အပြင် ဤမျှလောက် မကြာခဏ လှုပ်ခတ်နေသော ငလျင်များကြောင့် ဤသက်ရှင်မီးတောင်ကို နိုးထစေရန် ဖြစ်နိုင်ခြေမှာ အလွန် ကြီးမားလှသည်။
ကမ္ဘာမြေ၏ သမိုင်းကြောင်းတွင် ဖြစ်ပွားခဲ့သော မီးတောင် ပေါက်ကွဲမှု အများစုမှာလည်း ငလျင်များနှင့် ဆက်စပ်နေ၏။
ထို့ကြောင့် မီးတောင် ပေါက်ကွဲမှုမှာ အကြောင်းတရား ဖြစ်ပြီး ယွင်ကျုံးဟဲ့ ဤနေရာသို့ လာရောက်ခြင်းမှာ အကျိုးတရား ဖြစ်သည်။
ယွင်ကျုံးဟဲ့ လုပ်ဆောင်ရန် လိုအပ်သည်မှာ ဤမီးတောင် ပေါက်ကွဲမှုကို အကောင်းဆုံး အသုံးချပြီး သူ၏ ရည်မှန်းချက်များကို အောင်မြင်အောင် လုပ်ဆောင်ရန်သာ ဖြစ်၏။
ယခုအခါ ဤအရာများအားလုံး ဖြစ်ပေါ်လာခဲ့ပြီဖြစ်ရာ တာ့ရစ်တောင်ပေါ်ရှိ လူတစ်သိန်းကျော်၏ ကိုးဆယ် ရာခိုင်နှုန်းကျော်မှာ သေဆုံးသွားကြမှာဖြစ်သည်။
နောက်ဆက်တွဲ အနေဖြင့် ယွင်ကျုံးဟဲ့သည် မည်သို့ ဆက်လက် လုပ်ဆောင်ရမည်ကို စဉ်းစားရတော့မှာ ဖြစ်၏။
ဤပုန်ကန်မှု နှိမ်နင်းရေးမှာ ရာခိုင်နှုန်း ရှစ်ဆယ် ပြီးစီးသွားပြီဖြစ်ပြီး ရာခိုင်နှုန်း နှစ်ဆယ်သာ ကျန်ရှိတော့သည်။
သူ လိုအပ်နေသည်မှာ ပုန်ကန်မှုကို နှိမ်နင်းရုံသာမက ပို၍ အရေးကြီးသော ကိစ္စများလည်း ရှိနေသေးသည်။
အောက်မိသားစု အတွက် ကြိုတင် စီစဉ်ရမည်ဖြစ်ပြီး အနာဂတ်အတွက်လည်း ကြိုတင် စီစဉ်ရမှာဖြစ်၏။
“ဝုန်း... ဝုန်း... ဝုန်း... ဝုန်း...”
မီးတောင် ပေါက်ကွဲမှု ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။
မိုင်တစ်ရာ ပတ်လည်ရှိ ကောင်းကင်ယံ တစ်ခုလုံးကို မီးခိုးလုံးကြီးများက လုံးဝ ဖုံးလွှမ်းထားပြီး မရေမတွက် နိုင်သော ကျောက်ရည်ပူများသည် မိုးသက်မုန်တိုင်းကဲ့သို့ ကျဆင်းနေ၏။
မရေမတွက်နိုင်သော မီးတောင်ပြာများသည် နှင်းပွင့်များကဲ့သို့ လွင့်ဝဲကျဆင်းနေပြီး ရက်အတော်ကြာသည် အထိ ရပ်တန့်သွားခြင်း မရှိပေ။
ဤမီးတောင်ပြာများသည် နန်ကျိုးမြို့တွင် လက်မအနည်းငယ်ခန့် ထူထပ်စွာ ဖုံးလွှမ်းသွားခဲ့သည်။
မရေမတွက်နိုင်သော လူများ သေဆုံးသွားခဲ့ကြသော်လည်း အသက်ရှင် ကျန်ရစ်သူ အနည်းငယ် ရှိနေသေးပြီး နန်ကျိုးမြို့ဘက်သို့ ရူးသွပ်မတတ် ထွက်ပြေးနေကြ၏။
မီးတောင် မပေါက်ကွဲမီက နန်ကျိုးမြို့အတွင်းရှိ လူအများအပြားမှာလည်း အလွန် စိတ်အားထက်သန် နေခဲ့ကြသည်။
အဘယ်ကြောင့်ဆိုသော် တောင်ပိုင်းဘုရင်နိုင်ငံ မကြာမီ တည်ထောင်တော့မည်ဖြစ်ပြီး နန်ကျိုးမြို့တွင် ကျန်ရစ်နေသူ အများအပြားလည်း ရာထူးတံဆိပ်များ ချီးမြှင့်ခံရမှာဖြစ်သောကြောင့်ပင်။
အောက်ချီကို တောင်ပိုင်းနိုင်ငံ၏ ဒု-ဘုရင်အဖြစ် ခန့်အပ်ပြီး လီဝမ်ဖာကို တောင်ပိုင်းနိုင်ငံ၏ ဝန်ကြီးချုပ် အဖြစ် ခန့်အပ်မှာဖြစ်သည်။
နန်ကျိုးတွင် ကျန်ရစ်နေသော ဒေသခံ ပုန်ကန်သူ တစ်သိန်းနီးပါးမှာ တာ့ရစ်တောင် ပေါ်ရှိ အရာအားလုံးကို အလွန် စိတ်ဝင်စားနေကြ၏။
“အဲဒါက အလွန် ခမ်းနားကြီးကျယ်တဲ့ မြင်ကွင်း ဖြစ်မှာပဲ။ အလွန် အံ့မခန်းဖွယ်ရာ ကောင်းမှာပဲ။ နတ်ဘုရားတို့ရဲ့ အံ့ဖွယ်လုပ်ရပ်တွေ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာမှာ သေချာတယ်။ ဘာလို့လဲဆိုတော့ ဒါဟာ မဟာဆရာသခင်ကြီး ယွမ်ထျန်းရှဲ့ကိုယ်တိုင် ဦးဆောင်ကျင်းပတဲ့ အခမ်းအနားလေ။ သူက နတ်ဘုရား တစ်ပါးပဲ။”
“ကျုပ်တို့တွေ နန်ကျိုးမြို့မှာ ကျန်ရစ်နေခဲ့ရပြီး ဒီကြီးကျယ်ခမ်းနားတဲ့ မြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ မကြည့်လိုက်ရတာ တကယ်ကို နှမြောစရာ ကောင်းတာပဲ။
ဒါပေမဲ့ ဒီနေ့ကစပြီး ကျုပ်တို့မှာ ကိုယ်ပိုင်နိုင်ငံ ရှိသွားပြီ။ မဟာဆရာသခင်ကြီး ယွမ်ထျန်းရှဲ့ရဲ့ ဦးဆောင်မှုအောက်မှာ ပိုပိုပြီး အင်အားကြီးမားလာမှာ သေချာတယ်။”
တောင်ပိုင်းဘုရင် နန်းတော်၏ ကွင်းပြင်အရှေ့တွင် လူထောင်ချီ ဒူးထောက်နေကြပြီး ဤသူများမှာ တောင်ပိုင်းကျိုးအင်ပါယာ၏ သုံ့ပန်းများ ဖြစ်ကြသည်။
အားလုံးမှာ အရေးပါသော ပုဂ္ဂိုလ်များဖြစ်ကြပြီး တောင်ပိုင်း စစ်သေနာပတိချုပ် မြို့စားကြီး ကျိုးလုံ၊ တောင်ပိုင်းပြည်နယ် ဝန်ကြီးချုပ်၊ နန်ကျိုးမြို့ဝန်နှင့် အခြားသော အမတ်များ၊ စစ်သူကြီးများ၊ ထို့အပြင် ဤအရေးပါသော ပုဂ္ဂိုလ်များ၏ မိသားစုဝင်များ အပါအဝင် စုစုပေါင်း လူခြောက်ထောင်ကျော် ရှိ၏။
ဤလူခြောက်ထောင်သည် တောင်ပိုင်းနယ်မြေတွင်ရှိသော တောင်ပိုင်းကျိုးအင်ပါယာ၏ အထက်တန်း ခေါင်းဆောင်များ အားလုံးနီးပါး ဖြစ်ကြသည်။
အောက်ချီနှင့် လီဝမ်ဖာတို့သည် တာ့ရစ်တောင်မှ အမိန့်တော်ကို စောင့်မျှော်နေကြ၏။ အဘယ်ကြောင့် ဆိုသော် တောင်ပိုင်းဘုရင်နိုင်ငံ တည်ထောင်ခြင်း အခမ်းအနားသည် စစ်မြေပြင်သို့ ထွက်ခွာမည့် စစ်သည်များ၏ သစ္စာဆိုပွဲလည်း ဖြစ်သောကြောင့်ပင်။
တောင်ပိုင်းဘုရင်နိုင်ငံသည် တာ့ကျိုးအင်ပါယာကို တရားဝင် စစ်ကြေညာမှာဖြစ်ပြီး ဤသုံ့ပန်း ခြောက်ထောင်လုံးကို သတ်ဖြတ်ကာ ပြတ်ပြတ်သားသား လမ်းခွဲကြောင်းကို ပြသမှာဖြစ်သည်။
ဤလူခြောက်ထောင်လုံးကို သတ်ဖြတ်လိုက်သည်နှင့် တောင်ပိုင်းနိုင်ငံသည် နောက်ကြောင်းပြန်လှည့်ရန် လမ်းမရှိတော့သလို ဤဒေသခံ ပုန်ကန်သူများလည်း နောက်ကြောင်းပြန်လှည့်ရန် လမ်းမရှိတော့ချေ။
လီဝမ်ဖာသည် မျက်လုံးများကိုမှေးကာ မြေပြင်ပေါ်တွင် ဒူးထောက်နေသော သုံ့ပန်း ခြောက်ထောင်ကို ကြည့်နေလိုက်၏။ ယနေ့မှစ၍ သူသည် တောင်ပိုင်းနိုင်ငံ၏ ဝန်ကြီးချုပ် ဖြစ်လာတော့မှာဖြစ်သည်။
မဟာဆရာသခင်ကြီး ယွမ်ထျန်းရှဲ့သည် နတ်ဘုရား တစ်ပါးကဲ့သို့ ဖြစ်နေပြီး နောက်ဆက်တွဲအနေဖြင့် ဒေသခံ သန်းချီသည် လက်နက်စွဲကိုင် ပုန်ကန်ကြမည်ဖြစ်ကာ တောင်ပိုင်း တစ်ခုလုံးကို မျက်စိတစ်မှိတ်အတွင်းမှာပင် သိမ်းပိုက်နိုင်တော့မှာ ဖြစ်၏။
ထို့အပြင် ဟွမ်ထျန်း သာသနာသည် မီးတောက်ကြီး တစ်ခုကဲ့သို့ တာ့ကျိုးအင်ပါယာ တစ်ခုလုံးနှင့် လောက တစ်ခုလုံးကိုပါ လောင်ကျွမ်းသွားစေမှာဖြစ်သည်။
မဟာဆရာသခင်ကြီး၏ နတ်ဘုရား စွမ်းအားများအောက်တွင် နှစ်အနည်းငယ်အတွင်းမှာပင် အစစ်အမှန် ဟွမ်ထျန်း နတ်နိုင်ငံတော်ကြီးကို တည်ထောင်နိုင်မည်ဟု သူ ယုံကြည်ထား၏။
ထိုအချိန်ရောက်လာပါက သူ လီဝမ်ဖာသည် အောင်မြင်မှုများစွာဖြင့် မွေးရပ်မြေသို့ ပြန်လည် ရောက်ရှိနိုင်မှာ ဖြစ်သည်။
မဟာဆရာသခင်ကြီးမှာ အဆုံးအစမရှိသော စွမ်းအားများ ရှိပြီး လောက တစ်ခုလုံးကို လွှမ်းမိုးနိုင်မည်မှာ သေချာ၏။
‘ကျုပ် လီဝမ်ဖာရဲ့ ရွေးချယ်မှုကမှန်ကန်တယ်။ လုံးဝမှန်ကန်တယ်။’
နောက်ဆက်တွဲအနေဖြင့် မဟာဆရာသခင်ကြီး၏ အမိန့်တော်ကို အေးအေးဆေးဆေး စောင့်ဆိုင်းနေရုံသာ ဖြစ်၏။ အမိန့်တော် ရောက်ရှိလာသည်နှင့် တပြိုင်နက် ဤသုံ့ပန်း ခြောက်ထောင်လုံး၏ ခေါင်းများ ပြတ်ကျသွားမှာဖြစ်သည်။
သို့ပေမည့် သူတို့သည် တာ့ရစ်တောင်မှ သုံ့ပန်းများကို သတ်ရန် အမိန့်တော်ကို မရရှိခဲ့ကြချေ။
ထိုအစား ကောင်းကင်နှင့် မြေကြီး ပြိုကျမတတ် ဖြစ်ရပ်ကြီး တစ်ခုကို စောင့်မျှော်နေခဲ့ရသည်။
တာ့ရစ်တောင်မှ နန်ကျိုးမြို့သို့ တိုက်ရိုက် အကွာအဝေးမှာ မိုင်ခြောက်ဆယ်ခန့် ရှိ၏။
သို့ပေမည့် တာ့ရစ်တောင်မှာ အလွန် မြင့်မားလွန်းသောကြောင့် ဤမျှလောက် ဝေးကွာနေသော်လည်း ဝေဝါးစွာ မြင်တွေ့နိုင်သေးသည်။
ထို့ကြောင့် မီးတောင် ပေါက်ကွဲသွားသည့် အခိုက်အတန့်တွင် သူတို့လည်း ဝေဝါးစွာ မြင်တွေ့လိုက်ရသည်။ သို့သော်ငြား အလွန် ဝေးကွာလွန်းလှ၏။
သူတို့သည် မီးတောက်ကြီး တစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားသည်ကိုသာ ဝေဝါးစွာ မြင်တွေ့လိုက်ရပြီး မီးတောင် ပေါက်ကွဲမှု ဆိုသည်ကို လုံးဝ မသိရှိကြချေ။
……………….
အပိုင်း (၃၅၈)
ထိုမြင်ကွင်းကို မြင်ချိန်မှာတော့ လီဝမ်ဖာ နှင့် အောက်ချီ တို့၏ မျက်နှာများ ရုတ်တရက် ပျက်ယွင်း သွားကြသည်။
ထို့နောက် ပုန်ကန်သူ စစ်သူကြီး လီဝမ်ဖာက ရုတ်တရက် အသံကျယ်ကျယ်ဖြင့် ရယ်မောကာ ပြောလိုက်၏။ “မြင်ကြလား။ ဒါ မဟာဆရာသခင်ကြီးက မျက်လှည့်ပြနေတာပဲ။ သူက တကယ်ကို အဆုံးအစမရှိတဲ့ စွမ်းအားတွေ ရှိတာပဲ။”
ဤစကားကို ကြားလိုက်ရချိန်မှာတော့ လူတိုင်း သက်ပြင်းချနိုင်သွားကြသည်။ ‘ဟုတ်တာပေါ့။ ဒါက သေချာပေါက် မဟာဆရာသခင်ကြီးက မျက်လှည့်ပြနေတာပဲ ဖြစ်ရမယ်။’
“မဟာဆရာသခင်ကြီး သက်တော်ရာကျော် ရှည်ပါစေ... မဟာဆရာသခင်ကြီးမှာ အဆုံးအစ မရှိတဲ့ စွမ်းအားတွေ ရှိတယ်။”
မရေမတွက်နိုင်သော ဒေသခံ ပုန်ကန်သူများသည် လက်မောင်းများကို ဝှေ့ယမ်းကာ ဟစ်ကြွေးလိုက်ကြသည်။
သို့ပေမည့် နောက်ဆက်တွဲ အခြေအနေမှာ တစ်စထက်တစ်စ ပို၍ ကြောက်မက်ဖွယ် ကောင်းလာပုံ ရသည်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ပေါ်ရှိ မီးခိုးလုံးကြီးများသည် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ကမ္ဘာပျက်မည့် နေ့ရက်နှင့် တူညီနေသောကြောင့် ဖြစ်၏။
ထို့နောက် မရေမတွက်နိုင်သော မီးတောင်ပြာများသည် နှင်းများကဲ့သို့ လွင့်ဝဲကျဆင်းလာပြီး ရက်အတော်ကြာသည်အထိ ရပ်တန့်သွားခြင်း မရှိဘဲ ဤမီးတောင်ပြာများသည် နန်ကျိုးမြို့တွင် လက်မတစ်ဝက်ခန့် ထူထပ်စွာ ဖုံးလွှမ်းသွားခဲ့သည်။
နှစ်ရက် အကြာတွင် သတင်းဆိုးများ တစ်ခုပြီးတစ်ခု ရောက်ရှိလာတော့၏။
တာ့ရစ်တောင်မှ အသက်ရှင် ကျန်ရစ်သူများသည် နန်ကျိုးမြို့သို့ တစ်ယောက်ပြီး တစ်ယောက် ထွက်ပြေး လာကြသည်။
“ဒု-ဘုရင်... ဪ မဟုတ်ဘူး... သခင်ကြီး အောက်ချီ... အကုန် သေကုန်ပြီ။ အကုန် သေကုန်ပြီ။ အရမ်း သနားစရာ ကောင်းတာပဲ။”
ဤလူများသည် ယခုအခါ တောင်ပိုင်းဘုရင်နိုင်ငံ ဟူသော အမည်ကိုပင် မပြောရဲတော့သောကြောင့် အောက်ချီသည်လည်း သေချာပေါက် ဒု-ဘုရင် မဟုတ်တော့ချေ။
“ယွမ်ထျန်းရှဲ့က လူလိမ် တစ်ယောက်ပဲ။ သူက ဘာ မဟာဆရာသခင်ကြီးမှ မဟုတ်ဘူး။”
“သူ့ရဲ့ အဲဒီ မီးနဂါးက ဧရာမ စပါးအုံးမြွေကြီးကို ဟန်ဆောင်ထားတာ။”
“ကျုပ်တို့ရဲ့ ပုန်ကန်မှုက ကောင်းကင်ဘုံကို လုံးဝ အမျက်ထွက်သွားစေလို့ ကောင်းကင်ဘုံက နတ်မီးတွေ ချပေးပြီး လူတိုင်းကို သတ်ပစ်လိုက်တာ။ တာ့ရစ်တောင် တစ်ခုလုံး ကွဲအက်သွားပြီး မရေမတွက်နိုင်တဲ့ မီးတောက်တွေ ပန်းထွက်လာကာ လူတိုင်းကို လောင်ကျွမ်းသေဆုံးစေခဲ့တာပဲ။”
“လူတစ်သိန်းကျော်လုံး အကုန်လုံး မီးလောင်သေဆုံးကုန်ပြီ။ အကုန်လုံး မီးလောင်သေဆုံးကုန်ပြီ...”
အောက်ချီ နှင့် လီဝမ်ဖာ တို့သည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ လုံးဝမှင်သက်သွားကြပြီး ဤသတင်းဆိုးကို လုံးဝ မယုံကြည်နိုင်အောင် ဖြစ်သွားကြသည်။
တာ့ကျိုး ပုန်ကန်သူ စစ်သူကြီး လီဝမ်ဖာက ဒေါသတကြီး အော်ဟစ်လိုက်၏။ “လာကြစမ်း... ဒီကောင်က တာ့ကျိုးအင်ပါယာက လွှတ်လိုက်တဲ့ သူလျှိုပဲ။ မဟုတ်က ဟုတ်ကတွေ ပြောပြီး ကျုပ်တို့ စစ်တပ်ရဲ့ စိတ်ဓာတ်ကို ဖျက်ဆီးနေတယ်။ အပြင်ဆွဲထုတ်ပြီး သတ်ပစ်လိုက်။”
ထို့နောက် ဤလူသည် အသတ်ခံလိုက်ရပြီး အလဟဿ သေဆုံးသွားခဲ့ရသည်။
သို့ပေမည့် နောက်ဆက်တွဲ အနေဖြင့် သတင်းလာပို့သူများ တစ်စထက်တစ်စ ပိုမိုများပြားလာတော့၏။
ထို့အပြင် ယူဆောင်လာသော သတင်းများမှာလည်း အားလုံး အတူတူပင် ဖြစ်သည်။
မဟာဆရာသခင်ကြီး ယွမ်ထျန်းရှဲ့သည် လူလိမ် တစ်ဦးဖြစ်ပြီး သခင်လေး အောက်ယွီ၏ ဖော်ထုတ်ခြင်းကို ခံလိုက်ရကြောင်း၊ ယွမ်ထျန်းရှဲ့သည် နတ်ဘုရားအဖြစ် ဟန်ဆောင်ကာ ကောင်းကင်ဘုံကို လုံးဝ အမျက်ထွက် သွားစေခဲ့သောကြောင့် ကောင်းကင်ဘုံက နတ်မီးများ ချပေးကာ လူတိုင်းကို သတ်ဖြတ်ပစ်လိုက်ကြောင်း၊ သခင်လေး အောက်ယွီသည် လူတိုင်းကိုကယ်တင်ရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း ကျရှုံးသွားခဲ့ကြောင်း စသည့် သတင်းများ ဖြစ်၏။
လူရာချီ၊ လူထောင်ချီ၊ လူတစ်သောင်းနီးပါးခန့် နန်ကျိုးမြို့သို့ ထွက်ပြေးလွတ်မြောက်လာကြသည်။ သို့ပေမည့် အသက်ရှင် ကျန်ရစ်သူမှာ ဤမျှသာ ရှိပြီး ကျန်သူများအားလုံး သေဆုံးသွားကြပြီ ဖြစ်သည်။
ဤလူတစ်သောင်းနီးပါး ယူဆောင်လာသော သတင်းများမှာ တစ်စထက်တစ်စ ပို၍ ဆိုးရွားလာပြီး ပို၍ ကြောက်မက်ဖွယ် ကောင်းလာသော်လည်း ယေဘုယျအားဖြင့် အားလုံး တူညီနေကြ၏။
ထို့ကြောင့် နန်ကျိုးတွင် ကျန်ရစ်နေသော ဒေသခံ ပုန်ကန်သူ တစ်သိန်းသည် နောက်ဆုံးတွင် အချက်တစ်ချက်ကို အတည်ပြုနိုင်ခဲ့ပြီ ဖြစ်သည်။
သူတို့ ယုံကြည်ကိုးကွယ်ခဲ့သော မဟာဆရာသခင်ကြီး ယွမ်ထျန်းရှဲ့သည် နတ်ဘုရား အတုအယောင် တစ်ဦးသာ ဖြစ်ပြီး တောင်ပိုင်းနိုင်ငံ တစ်ခုလုံး၊ ဟွမ်ထျန်း သာသနာ တစ်ခုလုံးနှင့် နေရာအသီးသီးမှ ဒေသခံ ခေါင်းဆောင်များ အားလုံး သေဆုံးသွားကြပြီ ဖြစ်၏။
တစ်ခဏအတွင်းမှာပင် ဤနန်ကျိုးတွင် ကျန်ရစ်နေသော ဒေသခံ ပုန်ကန်သူ တစ်သိန်းနီးပါးသည် စိတ်ဓာတ်များ လုံးဝ ကျဆင်းသွားကြပြီး ထိတ်လန့်တုန်လှုပ်နေကြတော့သည်။
ဤအချိန်တွင် အောက်ယွီ (ယွင်ကျုံးဟဲ့)သည် နန်ကျိုးမြို့အပြင်ဘက်သို့ နောက်တစ်ကြိမ် ရောက်ရှိလာခဲ့ပြီ ဖြစ်၏။
တောင်ပိုင်း စစ်သေနာပတိရုံး၊ တစ်နည်းအားဖြင့် တောင်ပိုင်းဘုရင် နန်းတော်ဟု ခေါ်ဆိုသော နေရာတွင် ကျန်ရစ်နေသော ဒေသခံ ပုန်ကန်သူ စစ်သူကြီး ဆယ်ယောက်ကျော်နှင့် အောက်ချီ၊ လီဝမ်ဖာ တို့သည် ခန်းမကြီးအတွင်း၌ ထိုင်နေကြသည်။
ဖူကျ သေဆုံးသွားပြီးနောက် ယွမ်ထျန်းရှဲ့ လည်း ပျောက်ကွယ်သွားရာ အောက်ချီသည် ဤပုန်ကန်သူ တပ်ဖွဲ့၏ အမြင့်ဆုံး ခေါင်းဆောင် ဖြစ်လာခဲ့ပြီး ခေါင်းဆောင်နေရာတွင် ထိုင်နေကာ လီဝမ်ဖာမှာ သူ၏ ဘယ်ဘက်တွင် ထိုင်နေ၏။
ခန်းမကြီး တစ်ခုလုံး၏ အငွေ့အသက်မှာ အလွန် ဖိနှိပ်ခံထားရသကဲ့သို့ ဖြစ်နေပြီး စစ်သူကြီး အများအပြားမှာ စကားမပြောဘဲ အရက်ကိုသာ သောက်နေကြသည်။ အောက်ချီသည် အရက်ခွက်ကို မြှောက်လိုက်ချိန်တွင် ခေတ္တမျှ ရပ်တန့်သွားပြီးနောက် မော့သောက်လိုက်သည်။
အပြင်ဘက် ကွင်းပြင်တွင် တာ့ကျိုးအင်ပါယာမှ တောင်ပိုင်း၏ အထက်တန်း ခေါင်းဆောင်များသည် သုံ့ပန်းများအဖြစ် ဆက်လက် တည်ရှိနေဆဲဖြစ်ပြီး အပြင်ဘက်တွင် ဒူးထောက်ကာ တုပ်နှောင်ခံထားရဆဲ ဖြစ်၏။
ယွင်ကျုံးဟဲ့သည် ခန်းမကြီး၏ အလယ်ဗဟိုတွင် ရပ်နေပြီး ဤတစ်ကြိမ်တွင် သူသည် နတ်ဘုရားအဖြစ် ဟန်မဆောင်တော့ချေ။
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အစ်ကို အောက်ချီ... ယွမ်ထျန်းရှဲ့ သေသွားပြီ။ ဖူကျ လည်း သေသွားပြီ။ ဒေသခံ ခေါင်းဆောင်တွေ အားလုံးလည်း သေကုန်ပြီ။ အသက်ရှင်ကျန်ရစ်သူ တစ်သောင်းနီးပါးလောက်က တာ့ရစ်တောင်က ကြောက်မက်ဖွယ်ကောင်းတဲ့ မြင်ကွင်းကို တောင်ပိုင်း တစ်ခုလုံးဆီ သယ်ဆောင်သွားကြလိမ့်မယ်။
ဟွမ်ထျန်း သာသနာလည်း ပျက်စီးသွားပြီ။ ဒေသခံတွေ မကြာခင်ကမှ တည်ဆောက်ထားတဲ့ ရူးသွပ်တဲ့ ယုံကြည်မှုလည်း ပြိုကျသွားပြီ။ အခု အစ်ကို့ လက်ထဲမှာရှိတဲ့ ပုန်ကန်သူ တစ်သိန်းရဲ့ စိတ်ဓာတ်တွေ လုံးဝ ကျဆင်းနေပြီး အရမ်းကို ထိတ်လန့်တုန်လှုပ်နေကြပြီ။
“တာ့ကျိုးအင်ပါယာရဲ့ တပ်တော် သိန်းချီကလည်း တောင်ပိုင်းကို ချီတက်လာနေပြီဖြစ်ပြီး တောင်ပိုင်း နဲ့ မိုင်တစ်ထောင်တောင် မဝေးတော့ဘူး။ ဒီလို အခြေအနေမျိုးမှာ အစ်ကို့ လက်ထဲမှာရှိတဲ့ ပုန်ကန်သူ တစ်သိန်းနီးပါးဟာ သူတို့ရဲ့ ပြိုင်ဘက် လုံးဝ မဟုတ်ဘဲ ကျန်ရှိနေသေးတဲ့ ဒေသခံ လက်နက်ကိုင် တပ်ဖွဲ့တွေဟာ အမြစ်ပြတ် သတ်ဖြတ်ခံရလိမ့်မယ်။
အစ်ကို အောက်ချီ... ပုန်ကန်မှုကို ရပ်တန့်လိုက်ပါတော့။”
တစ်ကွင်းလုံး လုံးဝ တိတ်ဆိတ်သွားပြီး ဒေသခံ ပုန်ကန်သူ စစ်သူကြီးများ အားလုံးက အောက်ချီကို ထိတ်လန့်စွာ ကြည့်လိုက်ကြ၏။
ထိုအချိန်တွင် လီဝမ်ဖာက ရုတ်တရက် အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “အရှင်မင်းကြီး... သူ့စကားကို နားမထောင်ပါနဲ့။ သူက ကျုပ်တို့ကို ဒုက္ခပေးမလို့ပါ။ ကျုပ်တို့ ပုန်ကန်မှုကို ရပ်တန့်လို့ မရဘူး။ တောင်ပိုင်းနိုင်ငံ တည်ထောင်ပြီးသွားပြီ။ မဟာဆရာသခင်ကြီး သေသွားရင်တောင်၊ ဘုရင်ကြီး ဖူကျ သေသွားရင်တောင် အရှင်မင်းကြီးဟာ ကျုပ်တို့ရဲ့ ဘုရင်သစ် ဖြစ်ပါတယ်။ အရှင်မင်းကြီးက ကျုပ်တို့ကို ဆက်လက် တိုက်ပွဲဝင်ဖို့ ဦးဆောင်သင့်ပါတယ်။”
အခြား ဒေသခံ ပုန်ကန်သူ စစ်သူကြီးများ အားလုံး စိတ်ဓာတ်ကျနေကြသော်လည်း ဤ လီဝမ်ဖာကမူ အဘယ်ကြောင့် တိုက်ပွဲဝင်လိုစိတ် ပြင်းထန်နေဆဲ ဖြစ်သနည်း။
အကြောင်းရင်းမှာ အလွန် ရှင်းလင်းသည်။ သူသည် အရာအားလုံး ဆုံးရှုံးသွားပြီ ဖြစ်သည်။ အကယ်၍ အောက်ချီကသာ ပုန်ကန်မှုကို ရပ်တန့်လိုက်ပါက လီဝမ်ဖာသည် သေချာပေါက် လွှဲပြောင်းပေးအပ်ခံရမည်သာ ဖြစ်သည်။
အနာဂတ်တွင် တာ့ကျိုး ဧကရာဇ်သည် အောက်ချီကို ခွင့်လွှတ်နိုင်ကောင်း ခွင့်လွှတ်နိုင်သော်လည်း လီဝမ်ဖာကိုမူ သေချာပေါက် အရှင်လတ်လတ် အရေခွံခွာ သတ်ဖြတ်မှာဖြစ်၏။
အသက်ရှင်ခွင့် ရရှိရန်အတွက် လီဝမ်ဖာသည် ပုန်ကန်မှုကို အဆုံးထိ ဆက်လက် ပြုလုပ်ရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။
လီဝမ်ဖာက ဆက်လက်၍ အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ “အရှင်မင်းကြီး... တာ့ရစ်တောင်က နတ်မီးတွေကြောင့် လူဆယ်သိန်းလောက်ပဲ ဆုံးရှုံးသွားတာပါ။ ကျုပ်တို့ဆီမှာ ဒေသခံ သန်းနှစ်ဆယ်ကျော် ကျန်နေပါသေးတယ်။ တာ့ကျိုးအင်ပါယာက အများဆုံး တပ်တော် နှစ်သိန်း၊ သုံးသိန်းလောက်ပဲ စေလွှတ်နိုင်မှာပါ။ ကျုပ်တို့ရဲ့ ဒေသခံ သန်းချီကို ဘယ်လိုမှ အနိုင်မရနိုင်ပါဘူး။”
ယွင်ကျုံးဟဲ့က အေးစက်စက် ပြုံးကာ ပြောလိုက်သည်။ “အရင်တုန်းကဆိုရင်တော့ ဒေသခံ သန်းချီ ပုန်ကန်မှု ဖြစ်လာနိုင်တယ်ဆိုတာမှန်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့မှာ ယုံကြည်မှု ရှိပြီး ဘာကိုမှ မကြောက်လို့ပဲ။ ဒါပေမဲ့ အခု မရေမတွက်နိုင်တဲ့ ဒေသခံတွေရဲ့ ယုံကြည်မှုက ပြိုကျသွားပြီလေ။
ယွမ်ထျန်းရှဲ့က လူလိမ် တစ်ယောက်ပဲ။ ပြီးတော့ သူလည်း သေသွားပြီ။ သူ့ရဲ့ ဟွမ်ထျန်း သာသနာ လည်း လုံးဝ ပျက်စီးသွားပြီ။ မရေမတွက်နိုင်တဲ့ ဒေသခံတွေဟာ နောက်တစ်ကြိမ် သဲပွင့်တွေလို ပြန့်ကျဲသွားပြန်ပြီ။ လက်နက်ချချင်တဲ့သူတွေက ပုန်ကန်ချင်တဲ့သူတွေထက် အများကြီး ပိုများနေပြီလေ။”
လီဝမ်ဖာက ပြောလိုက်၏။ “အရှင်မင်းကြီး... လုံးဝ လက်နက်မချပါနဲ့။ အခု တာ့ကျိုး ဧကရာဇ်က အရှင်မင်းကြီးကို အရိုးထဲထိ မုန်းတီးနေတာ။ အကယ်၍ အရှင်မင်းကြီးသာ လက်နက်ချလိုက်ရင် သေချာပေါက် သေရမှာပဲ။ တာ့ကျိုး ဧကရာဇ်က အခု အရှင်မင်းကြီးကို အသက်ချမ်းသာပေးရင်တောင် အနာဂတ်ကျရင် သေချာပေါက် သတ်မှာပဲ။”
ဤစကားက ထိုနေရာတွင် ရှိနေသူ အများအပြား၏ စိုးရိမ်ပူပန်မှုကို ထိမှန်သွားစေသည်။ အဘယ်ကြောင့် ဆိုသော် တာ့ကျိုးဧကရာဇ်သည် စိတ်သဘောထား ကြီးမားသော ဧကရာဇ်တစ်ပါး မဟုတ်ကြောင်း ထင်ရှားနေ သောကြောင့်ပင်။
အောက်ချီက ခေါင်းညိတ်ပြကာ ပြောလိုက်၏။ “ဟုတ်တယ်။ တာ့ကျိုး ဧကရာဇ်သစ်ကို ကျုပ် မယုံဘူး။ အောက်ယွီ... အခု အခြေအနေတွေ ပြောင်းလဲသွားပြီ။ အဖေ တောင်ပိုင်း စစ်သေနာပတိချုပ်အဖြစ် တာဝန် ထမ်းဆောင်နေတဲ့ အချိန်မျိုး မဟုတ်တော့ဘူး။ အခု တာ့ကျိုး ဧကရာဇ်သစ်က ကျုပ်တို့ကို လွှတ်ပေးမှာ မဟုတ်ဘူး။”
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “အစ်ကို... အဲဒါဆိုရင် ခင်ဗျားတို့ ထွက်သွားကြ။ လူသောင်းချီ ခေါ်ပြီး ထွက်သွားကြ။”
အောက်ချီက မေးလိုက်၏။ “ထွက်သွားမယ်... ဘယ်ကို သွားမှာလဲ။”
ယွင်ကျုံးဟဲ့က စားပွဲပေါ်ရှိ မြေပုံကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။ “အနောက်ဘက်ကို သွား။ အနောက်ဘက်က တောနက်ကြီးထဲကို ဝင်သွား။”
အောက်ချီက ပြောလိုက်၏။ “အဲဒီတုန်းက အဖေက ကျုပ်တို့ကို အရိုင်းဆန်တဲ့ ဂူတွေထဲကနေ ကယ်ထုတ်ပြီး သစ်သီးရှာဖွေ၊ အမဲလိုက်တဲ့ ဘဝကို အဆုံးသတ်စေခဲ့တယ်။ စိုက်ပျိုးရေး လုပ်ငန်းတွေကို စတင် လုပ်ဆောင်စေခဲ့တယ်။ အခု ကျုပ်တို့က တောနက်ကြီးထဲကို ပြန်ဝင်ပြီး လူရိုင်းတွေလို ပြန်နေရတော့ မှာလား။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “အစ်ကို... ခင်ဗျားတို့ အနောက်ဘက်က တောနက်ကြီးထဲကို ပြန်ဝင်သွားပေမဲ့ လူရိုင်းတွေလို ပြန်နေရမယ်လို့ မဆိုလိုပါဘူး။ ဒီဆယ်စုနှစ်တွေအတွင်းမှာ ခင်ဗျားတို့ စိုက်ပျိုးရေး လုပ်ငန်းတွေကို သင်ယူတတ်မြောက်ခဲ့ပြီ။ ခေတ်မီ ယဉ်ကျေးတဲ့ လူနေမှုဘဝကိုလည်း သင်ယူတတ်မြောက်ခဲ့ပြီ။ ခင်ဗျားတို့ ကိုယ်ပိုင် အိမ်ရာကို တည်ဆောက်လို့ ရပါတယ်။”
အောက်ချီ တိတ်ဆိတ်သွား၏။
ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်သည်။ “အစ်ကို... ခင်ဗျားကို ဒီမှာကျန်ရစ်ပြီး လက်နက်ချခိုင်းတာဟာ ကျုပ်အတွက် အကျိုးရှိပေမဲ့ ကျုပ် အဲဒီလို မလုပ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ အဲဒါက ခင်ဗျားကို ဒုက္ခပေးသလို ဖြစ်သွားနိုင်လို့ပဲ။ ဒါကြောင့် ခင်ဗျား လူသောင်းချီ ခေါ်ပြီး ထွက်သွားလိုက်။ အဲဒီလိုဆိုရင် အဖေနဲ့ အမေလည်း သေရမှာ မဟုတ်တော့ဘူး။”
ဤစကားကို ကြားလိုက်ရချိန်မှာတော့ အောက်ချီ၏ မျက်နှာမှာ ရုတ်တရက် တုန်ယင်သွားတော့၏။
ဖူကျသည် ယွမ်ထျန်းရှဲ့၏ ဦးနှောက်ဆေးခြင်းကို ခံခဲ့ရသောကြောင့် အောက်ရှင်း၏ ကျေးဇူးကို သိပ်ဂရုမစိုက်တော့ချေ။
သို့ပေမည့် အောက်ချီကမူ မတူညီချေ။ သူသည် အစတည်းက အောက်ရှင်းကို အလွန် ဂရုစိုက်ခဲ့ပြီး အဖေအရင်းတစ်ယောက်ကဲ့သို့ အပြည့်အဝ သတ်မှတ်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် အောက်ရှင်းသည် သူတို့၏ ကံကြမ္မာကို ပြောင်းလဲပေးခဲ့ရုံသာမက သိုင်းပညာများ သင်ကြားပေးခဲ့ပြီး ဇနီးမယားများ ရယူပေးကာ အထက်တန်း စစ်သူကြီးများ ဖြစ်လာစေခဲ့သောကြောင့်ပင်။
အောက်ရှင်းကို အဖေအရင်းတစ်ယောက်ကဲ့သို့ သတ်မှတ်ထားသောကြောင့် ယခင်က အောက်ချီသည် ယွင်ကျုံးဟဲ့ကို မနှစ်သက်သော်လည်း အသက်အန္တရာယ်ကို စွန့်စားကာ ယွင်ကျုံးဟဲ့ကို ကယ်တင်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။
အောက်ချီက ပြောလိုက်၏။ “ဧကရာဇ်က ကျုပ်တို့ ဒေသခံတွေကို လွှတ်ပေးမှာ မဟုတ်ဘူး။ ကျုပ်က လူသောင်းချီ ခေါ်ပြီး ထွက်သွားရင် သူက ကျန်ခဲ့တဲ့ ဒေသခံတွေကို သေချာပေါက် အစုလိုက် အပြုံလိုက် သတ်ဖြတ်လိမ့်မယ်။”
“မလုပ်ပါဘူး။” ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။
အောက်ချီက မေးလိုက်၏။ “ဘာအကြောင်းပြချက်နဲ့ အဲဒီလို ထင်ရတာလဲ။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “ဘာလို့လဲဆိုတော့ တာ့ကျိုးအင်ပါယာဟာ ကျိန့်ဟိုင်မြို့စားအိမ်တော်က စီးမိသားစုကို သတိထားနေရလို့ပဲ။ ဒါကြောင့် ဧကရာဇ်က အရင်တုန်းက ခင်ဗျားတို့ကို အစွမ်းကုန် ဖျောင်းဖျဖို့ ကြိုးစားခဲ့ပြီး သံတမန်တွေကို တစ်ဖွဲ့ပြီး တစ်ဖွဲ့ စေလွှတ်ခဲ့တာ။ သူက စစ်မတိုက်ချင်ဘူး။”
အောက်ချီက ပြောလိုက်၏။ “ကျုပ်တော့ စိတ်မချသေးဘူး။ ဖူယန်ထူက အရမ်း ရက်စက်ကြမ်းကြုတ်တဲ့သူပဲ။ သူ သေချာပေါက် တောင်ပိုင်းမှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်လိမ့်မယ်။”
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “အစ်ကို... ဖူယန်ထူက ကျုပ်ရဲ့ ရန်သူလည်း ဖြစ်တယ်။ သူက ကျုပ်တို့ တစ်မိသားစုလုံးကို သတ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးတယ်။ ဒါကြောင့် ဒီတစ်ခါ ပြန်ရောက်ရင် သူ့ကို သေချာပေါက် သတ်ပစ်မယ်။”