← Chapters

အခန်း (၃၆၁-၃၆၂)

Vol. 31 Ch. 361-362

အခန်း (၃၆၁-၃၆၂)

Vol. 31 Ch. 361-362

အပိုင်း (၃၆၁)

ထိုသို့ဆိုလျှင် ဖူယန်ထူ၏ တောင်းဆိုချက်က မည်သည့်အရာနည်း။ သေချာပေါက် အောက်ရှင်း တစ်မိသားစုလုံးကို သတ်ရန် ဖြစ်၏။

ယခင် စစ်မြေပြင်သို့ ထွက်ခွာမည့် စစ်သည်များ၏ သစ္စာဆိုပွဲတွင် ဧကရာဇ်က အောက်ရှင်း တစ်မိသားစုလုံးကို မသတ်ခဲ့သောကြောင့် ဖူယန်ထူ၏ စိတ်ထဲတွင် အ

နည်းငယ် မကျေနပ်မှုများ ရှိနေခဲ့သော်လည်း ထိုအချိန်က သူ မဖော်ပြရဲခဲ့ချေ။

သို့ပေမည့် ယခုအခါ သူသည် စစ်သည် နှစ်သိန်းကျော်ကို ဦးဆောင်ကာ တောင်ပိုင်းသို့ ပိုမို နီးကပ်လာသည်နှင့်အမျှ သူ၏ အရေးပါမှုမှာလည်း ပိုမို ကြီးမားလာပြီး ဧကရာဇ်ထံမှ တောင်းဆိုမှုများ ပြုလုပ်နိုင်လာပြီ ဖြစ်သည်။

သေချာပေါက် ဖူယန်ထူသည် ဧကရာဇ်ကို အတင်းအကျပ် ဖိအားပေးကာ အောက်ရှင်း တစ်မိသားစုလုံးကို အမြန်သတ်ပါ၊ မဟုတ်ရင် ကျုပ် စစ်သေချာ မတိုက်ဘူးဟု တိုက်ရိုက် ပြောဆိုမည် မဟုတ်ချေ။

ပါးစပ်မှ ထုတ်ပြောစရာ မလိုဘဲ ချီတက်မှု အမြန်နှုန်းကို အနည်းငယ် နှေးကွေးလိုက်ရုံဖြင့် သို့မဟုတ် စစ်စရိတ် လိုအပ်နေသည်၊ စားနပ်ရိက္ခာ လိုအပ်နေသည်ဟု အကြောင်းပြလိုက်ရုံဖြင့် လုံလောက်သည်။

ဖူယန်ထူ အား ပုန်ကန်မှု နှိမ်နင်းရေးတွင် အစွမ်းကုန် ကြိုးစားစေရန်အတွက် ဧကရာဇ် အနေဖြင့် အောက်ရှင်းကို မဖြစ်မနေ သတ်ရမည်သာ ဖြစ်သည်။ ထို့အပြင် ဤပုန်ကန်မှုတွင် အောက်ရှင်းသည် လုံးဝ ပတ်သက်မှု မရှိဟု ဆို၍ မရနိုင်ချေ။

ဖူယန်ထူသည် တောင်ပိုင်း၏ သတင်းအချက်အလက်များကိုလည်း အဆက်မပြတ် လက်ခံရရှိနေ၏။ တောင်ပိုင်း၏ ပုန်ကန်မှုမှာ တစ်စထက်တစ်စ ပို၍ ဆိုးရွားလာနေပြီ ဖြစ်သည်။

ဖူယန်ထူသည် စိုးရိမ်ပူပန်ခြင်း မရှိဘဲ ဝမ်းသာနေမိ၏။ သူသည် တောင်ပိုင်း ပုန်ကန်မှု ကြီးမားလာမည်ကို လုံးဝ စိုးရိမ်ခြင်း မရှိချေ။

တောင်ပိုင်း ပုန်ကန်သူများလေလေ၊ ပုန်ကန်မှု ကြီးမားလေလေ သူ ဖူယန်ထူ၏ ဩဇာအာဏာ ပို၍ ကြီးမားလေလေဖြစ်ပြီး အနာဂတ်တွင် သူ ချုပ်ကိုင်နိုင်မည့် စစ်သည် အင်အားလည်း ပို၍များပြားလေလေ ဖြစ်သည်။

အောက်ရှင်း၏ အာဏာအရှိဆုံး အချိန်က သူ၏ လက်အောက်တွင် စစ်သည် ငါးသိန်းနီးပါး ရှိခဲ့၏။

သို့ပေမည့် ထိုလူမိုက်သည် စစ်သည် အမြောက်အမြားကို ချုပ်ကိုင်ထားသော်လည်း သူ၏ကိုယ်ပိုင် အင်အားစုများကို မမွေးမြူခဲ့သောကြောင့် နောက်ဆုံးတွင် အမိန့်တော် တစ်စောင်တည်းဖြင့် မြို့တော်သို့ ပြန်လည် ခေါ်ဆောင်ခံခဲ့ရခြင်း ဖြစ်သည်။

အကယ်၍ သူ ဖူယန်ထူ သာ စစ်သည် ငါးသိန်းကို ချုပ်ကိုင်ထားနိုင်ပါက တာ့ကျိုးအင်ပါယာ၏ အာဏာအရှိဆုံးအမတ် ဖြစ်လာမည်မှာ သေချာပြီး နယ်စားကြီး အဖြစ်သာမက ဘုရင် အဖြစ်ပင် ခန့်အပ်ခံရနိုင်၏။

‘တောင်ပိုင်းရဲ့ ဒေသခံ ပုန်ကန်သူတွေ... ခင်ဗျားတို့ ပုန်ကန်ကြစမ်းပါ။ ခင်ဗျားတို့ သတ်ဖြတ်ကြစမ်းပါ။ တောင်ပိုင်းက အမတ်တွေ အားလုံးကို အမြစ်ပြတ် သတ်ဖြတ်ပစ်လိုက်ရင် ပိုကောင်းသေးတယ်။ အဲဒီလိုမှသာ ကျုပ်ရဲ့ အကျိုးဆောင်မှုက လုံလောက်အောင် ကြီးမားပြီး ကျုပ်ရဲ့ ဩဇာအာဏာလည်း လုံလောက်အောင် ကြီးမားနိုင်မှာ။’

ထို့အပြင် ဧကရာဇ်သည် အောက်ယွီကို တောင်ပိုင်း ပုန်ကန်မှုကို နှိမ်နင်းရန် လျှို့ဝှက်စွာ စေလွှတ်ခဲ့ကြောင်းကိုလည်း ဖူယန်ထူ ကြားသိထားသည်။

‘တကယ်ကို ရယ်စရာ ကောင်းတာပဲ။ အောက်ယွီက ဘယ်လိုလူလဲ။ အရမ်း ဝဖြိုးပြီး ကြက်တစ်ကောင် ကိုတောင် မသတ်နိုင်တဲ့ အရူးတစ်ယောက်လေ။ သူ တစ်ယောက်တည်းနဲ့ လူသိန်းချီ ပါဝင်တဲ့ ပုန်ကန်မှုကို နှိမ်နင်းချင်တယ် ဟုတ်လား။ လုံးဝ စိတ်ကူးယဉ်နေတာပဲ။

အခု တောင်ပိုင်း ပုန်ကန်သူတွေရဲ့ ခေါင်းဆောင်က ယွမ်ထျန်းရှဲ့ လေ။ အဲဒီလူက ဘယ်လောက်တောင် တော်လဲ။ ခင်ဗျား အောက်ယွီ တောင်ပိုင်းကို ရောက်တာနဲ့ ချက်ချင်း မီးရှို့အသတ်ခံရပြီး အလောင်းတောင် ကျန်မှာ မဟုတ်ဘူး။

ပုန်ကန်မှုကို နှိမ်နင်းချင်သေးတယ် ဟုတ်လား။ ခင်ဗျားကိုယ်ခင်ဗျား နတ်ဘုရားလို့ ထင်နေတာလား။ တကယ်ကို ရယ်စရာ ကောင်းလိုက်တာ။’

ဖူယန်ထူသည် တစ်ဖက်မှ အေးစက်စက် ပြုံးကာ တစ်ဖက်မှ ဧကရာဇ်ထံသို့ စာရေးနေသည်။ စကားလုံးများမှာ အလွန် ရိုသေကိုင်းရှိုင်းသော်လည်း ငိုယိုတောင်းဆိုနေသည့် သဘောမျိုး ပါဝင်နေသည်။

ရာသီဥတု အလွန် အေးချမ်းသောကြောင့် စစ်သည်များတွင် အနွေးထည်များ လိုအပ်နေကြောင်း၊ ထို့ကြောင့် ချီတက်မှု အမြန်နှုန်း အနည်းငယ် နှေးကွေးသွားကြောင်း သို့ပေမည့် ဧကရာဇ်မင်းမြတ် အနေဖြင့် စိတ်ချပါရန်နှင့် သူသည် တပ်တော်ကို ဦးဆောင်ကာ အခက်အခဲပေါင်း သောင်းခြောက်ထောင်ကို ကျော်ဖြတ်ပြီး တောင်ပိုင်း ပုန်ကန်မှုကို အမြန်ဆုံး နှိမ်နင်းမည်ဖြစ်ကြောင်း ရေးသားထား၏။

ဤစာထဲတွင် ခြိမ်းခြောက်သည့် စကားလုံး တစ်လုံးမျှ မပါဝင်သော်လည်း ဧကရာဇ် အား အောက်ရှင်းကို သတ်ရန် သွယ်ဝိုက်၍ တောင်းဆိုနေခြင်း ဖြစ်သည်။

အောက်ရှင်း တစ်မိသားစုလုံးကို ကိုယ်တိုင်ကိုယ်ကျ မသတ်နိုင်ခဲ့သောကြောင့် အနည်းငယ် နှမြောမိသော်လည်း အောက်ရှင်း တစ်မိသားစုလုံး တရားဝင် ကွပ်မျက်ခံရပါကလည်း အလွန် ကျေနပ်စရာ ကောင်းလှ၏။

‘ခေါင်းဖြတ်တာ မဟုတ်ဘဲ ခါးဖြတ်တာ ဒါမှမဟုတ် အရှင်လတ်လတ် အရေခွံခွာ သတ်ဖြတ်တာမျိုးဆိုရင် ပိုကောင်းသေးတယ်။’

သို့ပေမည့် ထိုအချိန်တွင် အပြင်ဘက်မှ အလျင်စလို ခြေသံများ ထွက်ပေါ်လာသည်ကို ကြားလိုက်ရ ချိန်မှာတော့ ဖူယန်ထူ မျက်မှောင်ကြုတ်သွားသည်။ ‘သေချင်နေတာလား။ ကျုပ်ရှေ့မှာ ဒီလိုမျိုး လမ်းလျှောက်ပြီး အသံထွက်ရဲတယ်။’

သူသည် စစ်တပ်ကို အလွန် တင်းကျပ်စွာ အုပ်ချုပ်သူ ဖြစ်သောကြောင့် စစ်သည်များမှာ သူ့ကို အလွန် ကြောက်ရွံ့ကြပြီး အသံကျယ်ကျယ်ပင် မပြောရဲကြချေ။

လူယုံတော်က သတင်းပို့လိုက်သည်။ “စစ်သူကြီး... တောင်ပိုင်းက လျှို့ဝှက်သတင်း ရောက်လာပါတယ်။”

ဖူယန်ထူက အထင်အမြင်သေးစွာဖြင့် ပြောလိုက်၏။ “စောင့်နေ။ ကျုပ် စာရေးပြီးမှပြော။”

‘တောင်ပိုင်းက လျှို့ဝှက်သတင်း ဟုတ်လား။ ဘာသတင်း ထူးခြားလို့လဲ။ ပုန်ကန်သူတွေ နောက်ထပ် ပြည်နယ်ခွဲ ဘယ်နှစ်ခုကို သိမ်းလိုက်ပြန်ပြီလဲ။ ဒါမှမဟုတ် ဒေသခံ ပုန်ကန်သူတွေက မြို့စားကြီး ကျိုးလုံ တို့ကို သတ်ပစ်လိုက်ပြီလား။ ဒါတွေ အားလုံးက ကျုပ် မြင်တွေ့ချင်တဲ့ ရလဒ်တွေချည်းပဲ။ ဘာတွေ လာလောနေတာလဲ။’

အပြင်ဘက်ရှိ လူယုံတော်မှာမူ အလွန် စိုးရိမ်ပူပန်နေသည်။ အဘယ်ကြောင့်ဆိုသော် လျှို့ဝှက်သတင်းထဲရှိ အကြောင်းအရာမှာ အလွန် အရေးကြီးလွန်းသောကြောင့်ဖြစ်သည်။

သို့ပေမည့် ဖူယန်ထူ၏ ဩဇာတိက္ကမမှာ အလွန် ကြီးမားလွန်းသောကြောင့် မည်သူမှ မဖီဆန်ရဲချေ။ ကောင်းကင်ကြီး ပြိုကျလာလျှင်ပင် ခြွင်းချက် မရှိပေ။

ထို့ကြောင့် သူသည် အပြင်ဘက်တွင် တိတ်ဆိတ်စွာ ရပ်နေပြီး ဖူယန်ထူ စာရေးပြီးသည်အထိ စောင့်ဆိုင်း နေရသည်။

တစ်နာရီ၏ လေးပုံတစ်ပုံခန့် ကြာပြီးနောက် ဖူယန်ထူ၏ စာရေးသားမှု ပြီးစီးသွားပြီး ဖယောင်းဖြင့် သေချာစွာ ချိပ်ပိတ်ကာ စစ်သူကြီး တံဆိပ်တုံးကို ခတ်နှိပ်ကာ ပြောလိုက်၏။

“အမြန်ဆုံး အမြန်နှုန်းနဲ့ မြို့တော်က ဧကရာဇ်မင်းမြတ်ဆီ ပို့လိုက်။”

“အမိန့်တော်အတိုင်းပါ။”ကင်းထောက် တစ်ဦးက ဖူယန်ထူ၏ စာကို သေတ္တာထဲသို့ ချက်ချင်း ထည့်ကာ ကျောပိုးလိုက်သည်။ ထို့နောက် အလျင်အမြန် ထွက်ခွာသွားကာ မြင်းပေါ်သို့ ခုန်တက်၍ အမြန်ဆုံး အမြန်နှုန်းဖြင့် မြို့တော်ရှိ ဧကရာဇ်၏ လက်ထဲသို့ ပို့ဆောင်ရန် ထွက်ခွာသွားတော့၏။

“ဝင်ခဲ့။” ဖူယန်ထူက ဖြည်းညင်းစွာ ပြောလိုက်သည်။

ထိုလူယုံတော်သည် အလျင်အမြန် ဝင်ရောက်လာပြီး တိုးတိုးလေး ပြောလိုက်၏။ “စစ်သူကြီး အခြေအနေ မကောင်းတော့ဘူး။ အခြေအနေ မကောင်းတော့ဘူး။”

ဖူယန်ထူသည် ရှေ့သို့တက်လာပြီး ထိုလူယုံတော်၏ ပါးကို ပြင်းထန်စွာ ရိုက်ချလိုက်ရာ ထိုလူယုံတော်မှာ လွင့်စင်သွားတော့သည်။

အဘယ်ကြောင့်ဆိုသော် ထိုလူယုံတော်သည် စစ်သူကြီး အခြေအနေ မကောင်းတော့ဘူးဟု မပြောသင့်ချေ။ စစ်သူကြီး နှင့် နောက်က စကားလုံးများကြားတွင် အနည်းငယ် ကွာဟသင့်သည် မဟုတ်ပါလား။

ထိုလူယုံတော်သည် ပါးစပ်မှ သွေးများ ထွက်လာပြီး သွားများပင် ကျွတ်ထွက်သွားကာ အလျင်အမြန် ဒူးထောက်၍ လျှောက်တင်လိုက်၏။ “စစ်သူကြီး... ခုလေးတင် လျှို့ဝှက်သတင်း ရောက်လာပါတယ်။ တောင်ပိုင်းရဲ့ ပုန်ကန်မှု ငြိမ်းအေးသွားပြီတဲ့။”

ဤစကားကို ကြားလိုက်ရချိန်မှာတော့ ဖူယန်ထူ၏ တစ်ကိုယ်လုံး ရုတ်တရက် တုန်ခါသွားပြီး မိုးကြိုးပစ် ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။

“မဖြစ်နိုင်ဘူး။ ဒါ လုံးဝ မဖြစ်နိုင်ဘူး။”

ဖူယန်ထူက အေးစက်စက်ဖြင့် ပြောလိုက်၏။ “ဒါ ကောလာဟလပဲ။ ဒါ သေချာပေါက် ကောလာဟလပဲ။ သတင်းပို့တဲ့သူက ဘယ်သူလဲ။ ဒီလို ကောလာဟလ ဖြန့်ရဲတယ်။ ချက်ချင်း သွားဖမ်းပြီး စစ်ဆေးစမ်း။ ယွမ်ထျန်းရှဲ့က ဘယ်လောက်တောင် တော်လဲ။ တောင်ပိုင်း တစ်ခုလုံးမှာ ပုန်ကန်သူ သိန်းချီ ရှိတယ်။ ဘယ်လိုလုပ်ပြီး ငြိမ်းအေးသွားနိုင်မှာလဲ။ ဘယ်သူက နှိမ်နင်းလိုက်တာလဲ။”

လူယုံတော်က ပြန်ဖြေလိုက်သည်။ “လျှို့ဝှက်သတင်းထဲမှာ ပြောတာကတော့ အောက်ယွီက နှိမ်နင်းလိုက်တာလို့ ပြောပါတယ်။”

“မဖြစ်နိုင်ဘူး။ ပိုလို့တောင် မဖြစ်နိုင်သေးတယ်။ သူက နတ်ဘုရားမှ မဟုတ်တာ။ သူက အလကား စာအုပ်ရေးတတ်ရုံလောက်ပဲ ရှိတဲ့ အရူးတစ်ယောက်ပါ။ အပြောပဲရှိပြီး လက်တွေ့ မပါတဲ့ အရူး တစ်ယောက်ပါ။”

ဖူယန်ထူက ဒေါသတကြီး အော်ဟစ်လိုက်၏။ “နေ အနောက်ဘက်က ထွက်လာရင်တောင် သူ ပုန်ကန်မှုကို နှိမ်နင်းနိုင်မှာ မဟုတ်ဘူး။”

ဤကမ္ဘာလောကတွင် တောင်ပိုင်း ပုန်ကန်မှု ငြိမ်းအေးသွားမည်ကို မည်သူက အမုန်းဆုံး ဖြစ်မည်နည်း။ ပထမဆုံး ဖူယန်ထူ ပင်ဖြစ်သည်။ သူ၏ စစ်တပ်အာဏာ၊ သူ၏ ချမ်းသာကြွယ်ဝမှုများ အားလုံးမှာ ဤပုန်ကန်မှုမှလာခြင်း ဖြစ်သည်။

ထို့ကြောင့် အောက်ယွီ တစ်ယောက်တည်းဖြင့် ပုန်ကန်မှုကို အမှန်တကယ် နှိမ်နင်းနိုင်ခဲ့သည်ဆိုခြင်းကို ဖူယန်ထူ သေသည်အထိ ယုံကြည်မည် မဟုတ်ချေ။ နေ အနောက်ဘက်က ထွက်လာလျှင်ပင် မဖြစ်နိုင်ချေ။

သို့ပေမည့် ဆန္ဒနှင့် ဆန့်ကျင်စွာပင် လျှို့ဝှက်သတင်းများ တစ်ခုပြီးတစ်ခု ရောက်ရှိလာပြီး သတင်းများမှာ တဖြည်းဖြည်း သေချာလာတော့၏။

အောက်ယွီ ဟူသော လူမိုက်သည် ပုန်ကန်မှုကို အမှန်တကယ်ပင် နှိမ်နင်းနိုင်ခဲ့ကြောင်း အတည်ပြုနိုင်ခဲ့ပြီ ဖြစ်သည်။

ဖူယန်ထူ၏ ကျောရိုးမကြီးတစ်ခုလုံး စိမ့်တက်လာပြီး ခေါင်းများပင် မူးဝေလာတော့၏။

‘ပုန်ကန်မှု ငြိမ်းအေးသွားပြီဆိုရင် သူ တောင်ပိုင်း စစ်သေနာပတိချုပ် အဖြစ် ဘာလုပ်ရတော့မှာလဲ။ အရေးအကြီးဆုံးက အဲဒီလိုဆိုရင် အောက်ရှင်း လည်း သေရတော့မှာ မဟုတ်ဘူးလေ။ ပြီးတော့ အောက်ယွီက ဒီလောက် ကြီးမားတဲ့ အကျိုးဆောင်မှုကြီး ရသွားပြီဆိုတော့ အောင်မြင်လာနိုင်တယ်လေ။ မြွေကို မသတ်နိုင်ရင် ပြန်အကိုက် ခံရလိမ့်မယ်။ ဒီတစ်ခါတော့ အောက်ရှင်း တစ်မိသားစုလုံးကို အပြီးအပြတ် သတ်ပစ်ရမယ်။’

ဖူယန်ထူက အမိန့် ဆက်တိုက်ပေးလိုက်သည်။ “သွား... လူတိုင်းကို သွားခေါ်လိုက်။ ဒီကိစ္စကို ကျုပ် တစ်ယောက်တည်း လုပ်လို့ မရဘူး။ တာဝန်ကို ကျုပ် တစ်ယောက်တည်း ယူလို့ မရဘူး။

ဝေမြို့စားကြီးဘက်က၊ အမတ်ချုပ်ကြီးလင်ဘက်က၊ ဒုတိယမင်းသားဘက်က၊ ကျိန့်ဟိုင်မြို့စားအိမ်တော် ဘက်က အင်အားစု အားလုံးဆီက ကိုယ်စားလှယ်တွေကို ခေါ်လိုက်။

မြန်မြန်လုပ်... အစည်းအဝေး လုပ်ရမယ်။”

..........................

နောက်ထပ် နှစ်သစ်ကူး အကြိုနေ့ ရောက်ရှိလာပြန်သည်။ အောက်ရှင်း နှင့် ဇနီးအပြင် မိသားစု တစ်စုလုံးသည် အကျဉ်းထောင်ထဲတွင်သာ အချိန်ကုန်ဆုံးခဲ့ရ၏။

အောက်ယွီသည်လည်း ရူးသွပ်မတတ် ခရီးနှင်နေဆဲ ဖြစ်၏။ ဖူယန်ထူ၏ တပ်တော် စခန်းတွင်မူ ခမ်းနားပြီး ရိုးရှင်းသော နှစ်သစ်ကူး အခမ်းအနားကို ကျင်းပနေသည်။

မိန်းမစိုးကြီး ဟောက်ချင့်သည် ဧကရာဇ်၏ နှစ်သိမ့်မှု အမိန့်တော်ကို ဖတ်ကြားခဲ့၏။

ဖူယန်ထူသည် စစ်သည်များနှင့်အတူ ဖက်ထုပ်များ ထုပ်ကာ ပျော်ရွှင်စရာကောင်းသော နှစ်သစ်ကူးကို ဖြတ်သန်းခဲ့သည်။

ထို့နောက် သူသည် အေးစက်သော မျက်နှာထားဖြင့် သူ၏ လျှို့ဝှက်တဲအိမ်အတွင်းသို့ ဝင်ရောက်သွား၏။

ပတ်ဝန်းကျင် မီတာရာချီအတွင်း မည်သူမှ အနားကပ်ခွင့် မပေးဘဲ အကယ်၍ ကပ်လာပါက ချက်ချင်း သတ်ဖြတ်ရန် အမိန့်ပေးထားသည်။

တဲအိမ်အတွင်း၌ အခိုးအငွေ့မထွက်သော မီးသွေးများ လောင်ကျွမ်းနေသောကြောင့် နွေဦးရာသီကဲ့သို့ နွေးထွေးနေသော်လည်း အငွေ့အသက်မှာမူ အလွန် လေးနက်ပြီး အေးစက်နေ၏။

ကိုယ်စားလှယ် အဖွဲ့အသီးသီး ရောက်ရှိလာကြသည်။ အမတ်ချုပ်ကြီးလင်၊ ဝေမြို့စားကြီး၊ ကျိန့်ဟိုင်မြို့စား အိမ်တော်၊ ဒုတိယမင်းသား တို့မှ စေလွှတ်လိုက်သော ကိုယ်စားလှယ်များ ပင်ဖြစ်သည်။

“တောင်ပိုင်း ဘက်က ပုန်ကန်မှု ငြိမ်းအေးသွားပြီ။ အောက်ယွီ တစ်ယောက်တည်းက နှိမ်နင်းလိုက်တာ။”

ဖူယန်ထူက ဖြည်းညင်းစွာ ပြောလိုက်၏။ “ဒီနေရာမှာ ရှိနေတဲ့ ခင်ဗျားတို့တွေဟာ အင်အားစု အသီးသီးကို ကိုယ်စားပြုနေကြတယ်။ မြွေကို မသတ်နိုင်ရင် ပြန်အကိုက်ခံရမယ်ဆိုတဲ့ သဘောတရားကို ခင်ဗျားတို့လည်း သိကြပါတယ်။

နောက်တစ်ခုက အနာဂတ်မှာ ကျုပ် တောင်ပိုင်း စစ်သေနာပတိရုံးကို ချုပ်ကိုင်နိုင်ရင် ခင်ဗျားတို့ အဖွဲ့ အသီးသီးအတွက် ကြီးမားတဲ့ အကျိုးအမြတ်တွေ ရှိလာမှာပါ။ ဒါကြောင့် အခုက အားလုံး ဝိုင်းဝန်း ကူညီရမယ့် အချိန် ရောက်ပြီ။

ပထမအချက် အနေနဲ့ ကျုပ်က တပ်တော်ကြီးကို ဦးဆောင်ပြီး တောင်ပိုင်းထဲကို ဝင်ရောက်ရမယ်။ တောင်ပိုင်း စစ်သေနာပတိချုပ် ဖြစ်လာရမယ်။ ဒုတိယအချက်... ပိုပြီး အရေးကြီးတာက အောက်ယွီ သေရမယ်။ အောက်ရှင်း လည်း သေရမယ်။

နန်ကုန်းချော့ကို ဆက်သွယ်နိုင်တဲ့သူ ရှိလား။ တောင်ပိုင်း ပုန်ကန်မှု ငြိမ်းအေးသွားပြီ ဆိုတဲ့ သတင်းကို ကျုပ်တို့ ဖုံးကွယ်မထားဘူး။ ဒါပေမဲ့ ရက်အနည်းငယ်လောက် နောက်ဆုတ်ပြီးမှ မြို့တော်ကို ပို့ပေးလို့ ရမလား။ ပထမလ ဆယ်ရက်နေ့မှ ပို့ပေးဖို့၊ အောက်ရှင်းကို ခေါင်းဖြတ်ပြီးမှ ပို့ပေးဖို့ ရမလား။

နောက်တစ်ခုက အောက်ယွီ အခု လမ်းမှာ ရှိနေလောက်ပြီ။ ဟေးပင်းထိုင်ရဲ့ စစ်သည်တွေက သူ့ကို အစောင့်အရှောက်နဲ့ ခေါ်လာတာ။ အမြန်ဆုံး အမြန်နှုန်း ရဖို့အတွက် သူတို့ မြင်းတွေကို အဆက်မပြတ် လဲလှယ်ရလိမ့်မယ်။

တောင်ပိုင်းမှာ ရှိနေတုန်းကတော့ သူတို့ရဲ့ အမြန်နှုန်းက နည်းနည်း နှေးအုံးမယ်။ ဒါကြောင့် အခု သူ တောင်ပိုင်းကနေ ထွက်လာတာ သိပ်မကြာသေးလောက်ဘူး။ တောင်ပိုင်းကနေ ထွက်လာတာနဲ့ ဟေးပင်းထိုင်ရဲ့ အင်အားက ပိုပိုပြီး ကြီးမားလာမှာမို့ သူတို့ရဲ့ အမြန်နှုန်းက အရမ်း မြန်လာလိမ့်မယ်။

အောက်ယွီရဲ့ ခြေရာကို စုံစမ်းဖို့ မခက်ခဲလောက်ဘူး မဟုတ်လား။”

ထိုနေရာတွင် ရှိနေသူများ အားလုံး ခေါင်းညိတ်ပြလိုက်ကြ၏။ အမှန်တကယ်ပင် မခက်ခဲချေ။

......................

အပိုင်း (၃၆၂)

ဖူယန်ထူက မေးလိုက်၏။ “သူ့ကို သတ်ဖို့ အားလုံး သဘောတူလား။”

ဤစကားကို ကြားလိုက်ရချိန်မှာတော့ လူတိုင်း၏ အကြည့်များ တုန်လှုပ်သွားကြသည်။ အဘယ်ကြောင့် ဆိုသော် ယခုအခါ အောက်ယွီကို ကာကွယ်ပေးနေသည်မှာ ဟေးပင်းထိုင် စစ်သည်များဖြစ်ရာ အောက်ယွီကို သတ်လိုပါက သူ့ကို ကာကွယ်ပေးနေသော ဟေးပင်းထိုင် စစ်သည်များကိုပါ သတ်ဖြတ်ရမှာ ဖြစ်သောကြောင့်ပင်။

ကျိန့်ဟိုင်မြို့စားအိမ်တော်၊ စီးမိသားစု၏ ကိုယ်စားလှယ်က လက်ထောင်ကာ ပြောလိုက်၏။ “ပြဿနာ မရှိပါဘူး။ သူ့ကို သတ်မယ်။”

ဝေမြို့စားကြီး အိမ်တော်၏ ကိုယ်စားလှယ်၊ ယခင်က အောက်ရှင်း၏ မွေးစားသားဖြစ်ခဲ့သူ အောက်မင်က ဖြည်းညင်းစွာ ပြောလိုက်သည်။ “သူ့ကို သတ်ပြီးရင် ကျုပ်ကို ကူညီဖို့ အားလုံးကို တောင်းဆိုချင်တယ်။ အောက်ရှင်း သေသွားပေမယ့် နုလန်ဟောက် ရာထူးကို ရုပ်သိမ်းလို့ မရဘူး။ ကျုပ်ရဲ့ အဖေအရင်းက နုလန်ဟောက် အသစ် ဖြစ်လာရမယ်။”

အမတ်ချုပ်ကြီးလင်၏ ကိုယ်စားလှယ်က ပြောလိုက်၏။ “စိတ်ချပါ။ ကျုပ်တို့ အစွမ်းကုန် ကူညီပေးပါ့မယ်။”

ဒုတိယမင်းသား၏ ကိုယ်စားလှယ်က ပြောလိုက်သည်။ “ကျုပ်တို့လည်း အစွမ်းကုန် ကူညီပေးပါ့မယ်။”

ဖူယန်ထူက ပြောလိုက်၏။ “အောက်ယွီကို သတ်ဖို့ အားလုံး သဘောတူရင် လက်ထောင်ကြပါ။”

ထိုနေရာတွင် ရှိနေသော အင်အားစု အသီးသီးမှ ကိုယ်စားလှယ်များ အားလုံး လက်ထောင်လိုက်ကြသည်။

အမတ်များ အဖွဲ့၊ စစ်ဖက်ဆိုင်ရာ အဖွဲ့၊ ကျိန့်ဟိုင်မြို့စားအိမ်တော်၊ ဒုတိယမင်းသား၏ အင်အားစု အစရှိသည့် ဤအဖွဲ့များ ပူးပေါင်းလိုက်ခြင်းသည် တာ့ကျိုးအင်ပါယာ၏ အကြီးမားဆုံးသော နိုင်ငံရေး အင်အားစုကြီး တစ်ခု ဖြစ်လာမည်မှာ သေချာ၏။

ဖူယန်ထူက ပြောလိုက်သည်။ “အောက်ယွီကို သတ်မယ့် လုပ်ကြံသူဟာ အရမ်း ထူးခြားရမယ်။ ပြီးတော့ သိုင်းပညာ အလွန် မြင့်မားရမယ်။ တစ်ချက်တည်းနဲ့ သတ်နိုင်ရမယ်။”

လူတိုင်း၏ အကြည့်များမှာ ဒုတိယမင်းသား၏ ကိုယ်စားလှယ်ထံသို့ ရောက်ရှိသွားကြသည်။ အဘယ်ကြောင့် ဆိုသော် ယခင်က ဒုတိယမင်းသားသည် လုပ်ကြံသူ တစ်ဦးကို ရှာဖွေခဲ့ပြီး သိုင်းပညာရှင် အများအပြား၏ မျက်မှောက်တွင် တာယင်အင်ပါယာ၏ စတုတ္ထမင်းသား ယင်ချွဲ့ကို လုပ်ကြံကာ စစ်ပွဲ၏ အခြေအနေကို ပြောင်းလဲစေခဲ့သောကြောင့် ဖြစ်၏။

မဟုတ်ပေ။ ဒုတိယမင်းသား ဖိတ်ခေါ်လာသော လုပ်ကြံသူဟု ဆိုရမှာဖြစ်သည်။ ထိုလုပ်ကြံသူမှာ အလွန် အဆင့်မြင့်ပြီး ဒုတိယမင်းသား၏ လက်အောက်ငယ်သား မဟုတ်ချေ။

ဒုတိယမင်းသား၏ ကိုယ်စားလှယ်မှာ တိတ်ဆိတ်နေသော်လည်း ဤအချိန်တွင် တိတ်ဆိတ်နေခြင်းကပင် သဘောတူညီကြောင်း ပြသနေခြင်း ဖြစ်သည်။

...................

ပထမလ တစ်ရက်နေ့...

ယွင်ကျုံးဟဲ့သည် ဟေးပင်းထိုင် စစ်သည် ဆယ်ယောက်ကျော်၏ အစောင့်အရှောက်ဖြင့် အဆက်မပြတ် ခရီးနှင်နေ၏။

လျှို့ဝှက်ချက်ကို ထိန်းသိမ်းရန်အတွက် သူတို့သည် ခရီးစဉ်လမ်းကြောင်းများကို အဆက်မပြတ် ပြောင်းလဲ နေကြပြီး အခြားသူများ သူတို့၏ ခြေရာကို မသိရှိနိုင်စေရန် ဖြစ်သည်။

ဤသို့ ပြုလုပ်ခြင်းကြောင့် လမ်းပိုလျှောက်ရနိုင်ပြီး မြင်းလဲလှယ်ရန် အခက်အခဲ ရှိနိုင်သော်လည်း လုံခြုံရေးအတွက် မဖြစ်မနေ လုပ်ဆောင်ရခြင်း ဖြစ်၏။

ယခုအခါ သူတို့သည် ချန်းနန်ပြည်နယ် နယ်နိမိတ်အတွင်းသို့ ဝင်ရောက်လာပြီဖြစ်ပြီး မြို့တော်နှင့် မိုင်လေးထောင်ကျော် ကွာဝေးနေသေးကာ ပထမလ ကိုးရက်နေ့သို့ ရောက်ရန် ရှစ်ရက်သာ လိုတော့သောကြောင့် အချိန်မီနိုင်သေးသည်။

အဘယ်ကြောင့်ဆိုသော် မြို့တော်နှင့် နီးကပ်လာလေလေ ဟေးပင်းထိုင်၏ အင်အား ပိုမို ကြီးမားလာလေလေ ဖြစ်ပြီး သူတို့၏ အမြန်နှုန်းလည်း ပိုမို မြန်ဆန်လာမှာဖြစ်သောကြောင့်ပင်။

ဤအတိုင်း ဆက်သွားပါက ပထမလ ခုနစ်ရက်နေ့တွင် မြို့တော်သို့ ရောက်ရှိနိုင်မှာဖြစ်သော်လည်း နေ့မနား ညမနား ခရီးနှင်ရန် လိုအပ်သည်။

“မြန်မြန်... မြန်မြန်... မြန်မြန်...”

ရှေ့တွင် ချိုင့်ဝှမ်းကြီးတစ်ခု ရှိနေပြီး ဟေးပင်းထိုင် စစ်သည် ဆယ်ယောက်ကျော်သည် အလိုအလျောက် သတိထားလာကြကာ ယွင်ကျုံးဟဲ့ နှင့် ပိုမို နီးကပ်စွာ နေထိုင်ပြီး သူ့ကို လုံးဝ ကာကွယ်ပေးထားရန် ကြိုးစားနေကြ၏။

ချိုင့်ဝှမ်းအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့်တပြိုင်နက် ဟေးပင်းထိုင်၏ မြင်းစီးစစ်သည်များ အဆက်မပြတ် ဝင်ရောက်လာကြသည်။

ဤနေရာသည် လူလဲလှယ်ရမည့် နေရာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နေ့မနား၊ ညမနား ခရီးနှင် ရခြင်းမှာ အလွန် ပင်ပန်းလွန်းသောကြောင့် လမ်းတစ်လျှောက်လုံးတွင် ဟေးပင်းထိုင် စစ်သည်များကို အဆက်မပြတ် လဲလှယ်ပေးရမှာဖြစ်သောကြောင့်ပင်။

အနည်းဆုံးတော့ ယခုအချိန်တွင် ယွင်ကျုံးဟဲ့ကို ကာကွယ်ပေးနေသော ဟေးပင်းထိုင် စစ်သည် အရေအတွက်မှာ တစ်ရာကျော် ရှိနေပြီ ဖြစ်သည်။

ဤချိုင့်ဝှမ်းကြီးမှာ အလွန် ရှည်လျားပြီး နှစ်မိုင်ခန့် ရှည်လျားသည်။ မြင်းစီးစစ်သည် တစ်ရာကျော်သည် အပြည့်အဝ သတိထားနေကြပြီး အချိန်မရွေး တိုက်ပွဲဝင်ရန် အသင့်ရှိနေကာ တပ်ဖွဲ့ပုံစံများကိုလည်း အဆက်မပြတ် ပြောင်းလဲနေကြ၏။

ယွင်ကျုံးဟဲ့သည်လည်း သူတို့နှင့် တူညီသော အဝတ်အစားများကို ဝတ်ဆင်ထားသောကြောင့် လုပ်ကြံသူများ ရှိလျှင်တောင်မှ သူတို့ထဲမှ ယွင်ကျုံးဟဲ့ကို ချက်ချင်း ရှာတွေ့နိုင်မည် မဟုတ်ချေ။

သေချာပေါက် ယခုအချိန်တွင် ယွင်ကျုံးဟဲ့မှာ အတော်လေး ဝဖြိုးနေသောကြောင့် ခန္ဓာကိုယ် ပုံစံမှာ အလွန် ထင်ရှားနေသည်။ ထို့ကြောင့် သူ့ကို ကာကွယ်ပေးနေသော ဟေးပင်းထိုင် စစ်သည်များ အားလုံးကလည်း အလွန် ကြီးမားကျယ်ဝန်းသော အဝတ်အစားများကို ဝတ်ဆင်ထားကြသည်။

ဤချိုင့်ဝှမ်းကြီးကို ဖြတ်သန်းပြီးဆုံးတော့မှာဖြစ်သည်။ ဟေးပင်းထိုင် စစ်သည် တစ်ရာကျော်သည် အနည်းငယ် သက်ပြင်းချနိုင်သွားကြသည်။ ဤအန္တရာယ်များသော ချိုင့်ဝှမ်းကြီးကို နောက်ဆုံးတွင် ဖြတ်သန်း သွားနိုင်ခဲ့ပြီ ဖြစ်၏။

သို့ပေမည့် ထိုအချိန်၌ လေထဲတွင် အေးစက်သော ရနံ့တစ်ခု ပျံ့နှံ့လာတော့၏။ တစ်ခဏအတွင်းမှာပဲ ပြိုင်ဘက်ကင်း အလှတရားပိုင်ရှင် အမျိုးသမီး တစ်ဦး၏ အရိပ်သည် ချိုင့်ဝှမ်းအဝင်ဝတွင် ပေါ်ထွက်လာပြီး လူတိုင်းကို ကျောခိုင်းထားကာ လက်ထဲတွင် ဓားတစ်လက်ကိုင်ဆောင်ထားသည်။

အမှန်တကယ်ပင် ပြိုင်ဘက်ကင်း အလှတရားပိုင်ရှင်ဖြစ်ပြီး လူတိုင်း၏ စိတ်ထဲတွင် စကားတစ်ခွန်းဖြင့် ဖော်ပြချင်စိတ် ပေါက်သွားစေ၏။ “မြောက်ပိုင်းမှာ အလှတရားပိုင်ရှင် တစ်ဦး ရှိတယ်၊ လောကမှာ ပြိုင်ဘက်ကင်းတယ်။”

“လုပ်ကြံသူ ရှိတယ်... လုပ်ကြံသူ ရှိတယ်...”

“ပစ်မှတ်ကို ကာကွယ်... ပစ်မှတ်ကို ကာကွယ်...”

ဟေးပင်းထိုင် စစ်သည်များသည် ချက်ချင်း အော်ဟစ်လိုက်ကြပြီး တပ်ဖွဲ့ပုံစံကို လျင်မြန်စွာ ပြောင်းလဲကာ ရှေ့ဆုံးမှ စစ်သည် နှစ်ဆယ်ကျော်သည် ဓားများကို ဆွဲထုတ်ပြီး ထိုလုပ်ကြံသူ ထံသို့ ပြေးဝင်သွားကြတော့၏။

တစ်ချိန်တည်းမှာပဲ ဟေးပင်းထိုင် စစ်သည် ဆယ်ယောက်ကျော်သည် လက်ထဲရှိ ဒူးလေးများဖြင့် ပြင်းထန်စွာ ပစ်ခတ်လိုက်ကြသည်။

မြားမိုးများသည် လှိုင်းလုံးများကဲ့သို့ ထိုလုပ်ကြံသူထံသို့ အရှိန်အဟုန်ဖြင့် ရောက်ရှိသွားတော့၏။ သို့ပေမည့် သူမသည် ကာကွယ်ခြင်း မရှိသလို နောက်သို့ပင် လှည့်မကြည့်ချေ။

“ဘုန်း …. ဘုန်း … ဘုန်း ...”

ထိုမြားများသည် သူမ၏ ခန္ဓာကိုယ်နှင့် ပေတစ်ဝက်ခန့် အကွာအဝေးသို့ ရောက်ရှိလာချိန်မှာတော့ တိုက်ရိုက် လွင့်စင်သွားကြပြီး စွမ်းအင် အကာအကွယ် တစ်ခု ရှိနေသကဲ့သို့ ဖြစ်နေသည်။

လူတိုင်း အသက်ရှူရပ်မတတ် ဖြစ်သွားကြ၏။

‘ဒီ... ဒီသိုင်းပညာက အရမ်းကို အံ့မခန်းဖွယ်ရာ ကောင်းလွန်းနေပြီ။ အတွင်းအားသက်သက်နဲ့တင် မြားတွေ အားလုံးကို လွင့်စင်သွားအောင် လုပ်နိုင်တယ် ဟုတ်လား။ ဒါဟာ လုံးဝကို ဆရာကြီး အဆင့်ရှိတဲ့ ထိပ်တန်း သိုင်းပညာရှင် တစ်ယောက်ပဲ။ ဒီလိုလူက ဘာဖြစ်လို့ လုပ်ကြံသူ လာလုပ်နေရတာလဲ။’

ထို့အပြင် သူမ၏ ကျောပြင်ကို ကြည့်ရုံဖြင့် ပြိုင်ဘက်ကင်း အလှတရားပိုင်ရှင် ဖြစ်ကြောင်း၊ လုံးဝကို ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ် အချိုးအစား ရှိကြောင်း သိရှိနိုင်သည်။

မျက်နှာကို မကြည့်ရလျှင်ပင် ပြိုင်ဘက်ကင်း အလှတရားပိုင်ရှင် တစ်ဦးဖြစ်ကြောင်း သိရှိနိုင်ရာ ဤကဲ့သို့သော လူမျိုးက အဘယ်ကြောင့် လုပ်ကြံသူ လာလုပ်နေရသနည်း။

ယွင်ကျုံးဟဲ့ တစ်ယောက်တည်းသာ ဤကျောပြင်ကို မြင်တွေ့လိုက်ရချိန်မှာတော့ တစ်ခဏအတွင်း လုံးဝ မှင်သက်သွားရသည်။ အဘယ်ကြောင့်ဆိုသော်... အရမ်း... အရမ်းကို ရင်းနှီးနေသောကြောင့် ဖြစ်သည်။

ဤအချိန်တွင် ဟေးပင်းထိုင် စစ်သည် ဆယ်ယောက်ကျော်သည် ဓားများကို ဆွဲထုတ်ကာ ရှေ့သို့ ပြေးဝင် သွားကြပြီး ထိုပြိုင်ဘက်ကင်း အလှတရားပိုင်ရှင် အမျိုးသမီးကို ထိုးနှက်ရန် ပြင်လိုက်ကြတော့၏။

ထိုအမျိုးသမီးသည် နောက်သို့ လှည့်မကြည့်ဘဲ လက်ထဲရှိ ဓားကို ညင်သာစွာ ဝှေ့ယမ်းလိုက်၏။ ဓားအလင်းတန်းမှာ အလွန် လှပပြီး ထက်မြက်ကာ လေထဲတွင် မျက်စိကျိန်းမတတ် တောက်ပသော အလင်းရောင်တစ်ခုကို ဖန်တီးလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ ပျောက်ကွယ်သွားတော့၏။ ဓားတစ်ချက်သည် စက္ကန့်တစ်ဝက်ပင် မကြာလိုက်ပေ။

ဟေးပင်းထိုင် သိုင်းပညာရှင် ဆယ်ယောက်ကျော် အားလုံး လှုပ်ရှားမှု ရပ်တန့်သွားကြပြီး တစ်ချက်လေးမှ မလှုပ်ရှားနိုင်တော့ချေ။

ခဏအကြာတွင် သူတို့၏ ခန္ဓာကိုယ်များသည် အလယ်မှနေ၍ ပြတ်တောက်သွားပြီး သွေးများ ပန်းထွက်ကာ မြေပြင်ပေါ်သို့ လဲကျသေဆုံးသွားကြတော့၏။

‘ဒီပြိုင်ဘက်ကင်း အလှတရားပိုင်ရှင် အမျိုးသမီးရဲ့ သိုင်းပညာက အရမ်းကို အံ့မခန်းဖွယ်ရာ ကောင်းလွန်း နေပြီ။ ဓားတစ်ချက်တည်းနဲ့ သေချာတောင် မမြင်လိုက်ရဘဲ ဟေးပင်းထိုင် သိုင်းပညာရှင် ဆယ်ယောက်ကျော် အားလုံး သေဆုံးသွားခဲ့ရပြီ။ ဓားတစ်ချက်တည်းနဲ့ သိုင်းပညာရှင် ဆယ်ယောက်ကျော်ကို ချက်ချင်း သတ်ပစ်လိုက်တာပဲ။’

ဤကဲ့သို့သော သိုင်းပညာမျိုးကို ယွင်ကျုံးဟဲ့ ယခင်က လုံးဝ မမြင်တွေ့ခဲ့ဖူးသလို မကြားဖူးခဲ့ချေ။ ဟေးပင်းထိုင် သိုင်းပညာရှင် တစ်ရာကျော်ကလည်း သူ့ကို ကာကွယ်ပေးနိုင်မည် မဟုတ်ချေ။ ဤအမျိုးသမီးက ယွင်ကျုံးဟဲ့ကို သတ်လိုပါက လုံးဝ အားစိုက်ထုတ်စရာပင် မလိုလောက်ပေ။

ထိုအချိန်တွင် ဤအမျိုးသမီးသည် မျက်နှာကို အနည်းငယ် လှည့်လိုက်ရာ ပြိုင်ဘက်ကင်း အလှတရားကို မြင်တွေ့လိုက်ရသည်။

ယွင်ကျုံးဟဲ့ တစ်ယောက်တည်းသာ စိတ်ထဲတွင် အလွန်အမင်း တုန်လှုပ်သွားပြီး ပါးစပ်မှပင် တီးတိုးရေရွတ်သွားမိတော့၏။ “ယွဲ့... ယွဲ့လေး...”

‘ကျင်းကျုံးယွဲ့ လား။’ ယွင်ကျုံးဟဲ့သည် အမှန်တကယ်ပင် အော်ဟစ်လိုက်မိမတတ် ဖြစ်သွားရသည်။

အဘယ်ကြောင့်ဆိုသော် မျက်စိရှေ့ရှိ ဤအမျိုးသမီးသည် ကျင်းကျုံးယွဲ့ နှင့် အမှန်တကယ်ပင် တစ်ပုံစံတည်း တူညီနေသောကြောင့် ဖြစ်သည်။ သေချာပေါက် တစ်ပုံစံတည်းတော့ မဟုတ်ပေ။

ပထမဦးစွာ သူတို့နှစ်ဦး၏ ခန္ဓာကိုယ် အချိုးအစားမှာ အလွန် ဆင်တူကြ၏။ အရိုးအဆစ် သေးငယ်ပြီး မိုးမခပင်ကဲ့သို့ သွယ်လျလှပသော်လည်း အပေါ်နှင့်အောက် အဓိက အစိတ်အပိုင်းများမှာမူ အလွန် ညို့ယူ ဖမ်းစားနိုင်လောက်အောင် ဖြစ်နေသည်။ သို့ပေမည့် တင်ပါးဆုံရိုး သိပ်မကျယ်သောကြောင့် ကလေး မွေးဖွားရန်တော့ သိပ်မသင့်တော်လှချေ။

ထို့အပြင် သူတို့နှစ်ဦး၏ မျက်နှာပေါက်မှာလည်း အလွန်အမင်း ဆင်တူကြသည်။ သို့ပေမည့် အငွေ့အသက် များကမူ လုံးဝ ကွဲပြားခြားနားနေ၏။

ကျင်းကျုံးယွဲ့၏ အငွေ့အသက်မှာ အထီးကျန်ဆန်ပြီး အနည်းငယ် စိတ်ကြွနေသကဲ့သို့ ဖြစ်သည်။

မျက်စိရှေ့ရှိ ဤအမျိုးသမီးမှာမူ မာနကြီးပြီး လောကကြီးကို အထင်အမြင်သေးကာ သာလွန်မှုများ ပြည့်နှက်နေသော အထီးကျန်ဆန်မှုမျိုး ဖြစ်၏။

ဤအငွေ့အသက်နှစ်မျိုးမှာ အလွန် ဆင်တူသည်ဟု ထင်ရပြီး လောကနှင့် ကင်းကွာနေသကဲ့သို့ ဖြစ်သော်လည်း အမှန်တကယ်တွင်မူ လုံးဝ ကွဲပြားခြားနားသည်။

မျက်စိရှေ့ရှိ ဤအမျိုးသမီးသည် အလွန် မာနကြီးလွန်းသောကြောင့် အထီးကျန်ဆန်နေခြင်း ဖြစ်၏။

ကျင်းကျုံးယွဲ့မှာမူ ငယ်စဉ်က ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များက အလွန် သနားဖွယ်ကောင်းပြီး စိတ်ထဲတွင် အမှောင်ထုများ လွှမ်းမိုးနေသောကြောင့် အထီးကျန်ဆန်နေခြင်း ဖြစ်ကာ ဤသည်မှာ လူမှုရေးအရ အထီးကျန်ဆန်ခြင်းတစ်မျိုး ဖြစ်သည်။

မျက်စိရှေ့ရှိ ဤအမျိုးသမီးမှာမူ အရာအားလုံးကို အထင်အမြင်သေးပြီး ထိုနေရာတွင် ရှိနေသူ အားလုံးမှာ အမှိုက်များသာ ဖြစ်သည်ဟု သဘောထားနေသကဲ့သို့ ဖြစ်၏။

‘ချီးတဲ့မှ... ခင်ဗျားက လုပ်ကြံသူ တစ်ယောက်လေ။ မျက်နှာဖုံး မတပ်ဘူးလား။ အဲဒီတုန်းက တာယင အင်ပါယာရဲ့ စတုတ္ထမင်းသား ယင်ချွဲ့ကို လုပ်ကြံခဲ့တဲ့ လုပ်ကြံသူတောင်မှ ခင်ဗျားလောက် မောက်မာတာ မဟုတ်ဘူး။ သူက အနည်းဆုံးတော့ လျှို့ဝှက်ဆန်းကြယ်တဲ့ ဟန်ပန်လေးတော့ ရှိသေးတယ်။ အခု ခင်ဗျားကျတော့ ဘယ်သူတွေက ဘယ်လိုပဲမှတ်မိမှတ်မိ ဂရုမစိုက်တဲ့ ပုံစံမျိုးနဲ့ ဒီလို ပြိုင်ဘက်ကင်း အလှတရားကို ထုတ်ပြထားတာလား။’

သေချာပေါက် မျက်စိရှေ့ရှိ ဤအမျိုးသမီးသည် အခြားသူများ မှတ်မိမည်ကို ဂရုမစိုက်ချေ။ အဘယ်ကြောင့် ဆိုသော် သူမသည် လူတိုင်းကို သတ်ပစ်မှာဖြစ်သောကြောင့်ပင်။

ထို့အပြင် ဟိုဘက်တွင် ဖူယန်ထူက ယွင်ကျုံးဟဲ့ကို သတ်မည်ဟု ပြောပြီးနောက် နှစ်ရက်ပင် မပြည့်သေးမီ အချိန်အတွင်းမှာပင် လုပ်ကြံသူက ယွင်ကျုံးဟဲ့၏ လမ်းကြောင်းပေါ်တွင် ပိတ်ဆို့နေပြီ ဖြစ်ရာ ဤသည်က မည်မျှ မြန်ဆန်သနည်း။

ဤသည်က မည်သည့်အရာကို သက်သေပြနေသနည်း။ တစ်စုံတစ်ယောက်သည် ဖူယန်ထူ ထက်ပင် တောင်ပိုင်း၏ သတင်းကို ပိုမို စောစီးစွာ ရရှိခဲ့ကြောင်း သက်သေပြနေသည်။

“ပစ်မှတ်ကို ကာကွယ်ပြီး ဆုတ်ခွာ။ ကျုပ်တို့ နောက်ချန်နေခဲ့မယ်။” ဟေးပင်းထိုင် စစ်သည် ခေါင်းဆောင်၏ အမိန့်ပေးသံနှင့်အတူ ဟေးပင်းထိုင် စစ်သည် ဆယ်ယောက်ကျော်သည် ယွင်ကျုံးဟဲ့ကို အစောင့်အရှောက်ဖြင့် အလျင်အမြန် ဆုတ်ခွာသွားကြ၏။

ကျန်ရှိနေသော ဟေးပင်းထိုင် စစ်သည် ဆယ်ယောက်ကျော်သည် ထိုအမျိုးသမီးထံသို့ အသက်ကို ပဓာန မထားဘဲ ပြေးဝင်သွားကြတော့သည်။

သူတို့သည် ဤအမျိုးသမီးကို လုံးဝ အနိုင် မရနိုင်ကြောင်း သိရှိထားပြီးဖြစ်ရာ ယွင်ကျုံးဟဲ့ ထွက်ပြေး လွတ်မြောက်နိုင်ရန်အတွက်သာ အချိန်ဆွဲထားရန် ကြိုးစားခြင်း ဖြစ်သည်။ သို့ပေမည့် သူတို့ စိတ်ကူးယဉ်လွန်းနေကြဆဲ ဖြစ်၏။

ထိုအမျိုးသမီးသည် အလျင်စလို မဖြစ်ဘဲ လက်ထဲရှိ ဓားကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။

“ရွှစ်... ရွှစ်... ရွှစ်...”

စက္ကန့်အနည်းငယ် အတွင်းမှာပဲ ဤဟေးပင်းထိုင်စစ်သည် ဆယ်ယောက်ကျော် အားလုံး သေဆုံးသွားကြ တော့၏။

လုံးဝ ပြတ်ပြတ်သားသား သတ်ဖြတ်လိုက်ခြင်းဖြစ်ပြီး မည်သည့် အားစိုက်ထုတ်မှုမှ မရှိဘဲ ပန်းပွင့်လေး တစ်ပွင့်ကို ခူးယူလိုက်သကဲ့သို့ လွယ်ကူနေသည်။

ဤအမျိုးသမီးသည် အဖြူရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားဆဲဖြစ်ပြီး အညစ်အကြေး ကင်းစင်ကာ ဓားပေါ်တွင်ပင် သွေးစက် တစ်စက်မျှ မတင်ကျန်ခဲ့ချေ။

ဤအချိန်တွင် ဟေးပင်းထိုင် စစ်သည် ဆယ်ယောက်ကျော်သည် ယွင်ကျုံးဟဲ့ကို ကာကွယ်၍ ဆယ်မီတာကျော်သာ ထွက်ပြေးရသေးသည်။

.........................

All Chapters