← Chapters

အခန်း (၃၆၃-၃၆၄)

Vol. 31 Ch. 363-364

အခန်း (၃၆၃-၃၆၄)

Vol. 31 Ch. 363-364

အပိုင်း (၃၆၃)

အမျိုးသမီးသည် ခြေဖျားဖြင့် ညင်သာစွာ ထောက်လိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပဲ ယွင်ကျုံးဟဲ့၏ အရှေ့သို့ ရောက်ရှိလာတော့၏။

ဆွဲငင်အား နိယာမများနှင့်ပင် လုံးဝကိုက်ညီမှု မရှိဘဲ ညင်သာစွာ ထောက်လိုက်ရုံဖြင့် တစ်ကိုယ်လုံးသည် စွန်ရဲ တစ်ကောင်ကဲ့သို့ လွင့်ပျံလာခြင်း ဖြစ်သည်။

ယခုအခါ ယွင်ကျုံးဟဲ့သည် ပို၍ပင် ရှင်းလင်းစွာ မြင်တွေ့လိုက်ရပြီ ဖြစ်၏။

မျက်စိရှေ့ရှိ ဤအမျိုးသမီးသည် ကျင်းကျုံးယွဲ့၏ ညီမလေး ဖြစ်မည်မှာ သေချာသည်။ သို့မဟုတ် အစစ်အမှန် ကျင်းကျုံးယွဲ့ ဖြစ်သည်။

သူမသည် ငယ်စဉ်တည်းက ပါရမီရှင် တစ်ဦး၊ ထိပ်တန်း ပါရမီရှင်တစ်ဦး ဖြစ်ခဲ့ပြီး အသက်ဆယ်နှစ် ဝန်းကျင်တည်းက ပိုင်ယင်မြို့သို့ သိုင်းပညာ သင်ကြားရန် သွားရောက်ခဲ့၏။

ထိုနေရာတွင် ကျင်းကျုံးယွဲ့နှင့် အစားထိုးခံခဲ့ရပြီးနောက် သူမ၏ သတင်းအစအနများ လုံးဝ ပျောက်ကွယ် သွားခဲ့သည်။

ဤနေရာတွင် ပြန်လည် ပေါ်ထွက်လာမည်ဟု မထင်မှတ်ခဲ့မိသလို သိုင်းပညာမှာလည်း ဤမျှလောက် အံ့မခန်းဖွယ်ရာ အဆင့်အထိ ရောက်ရှိနေမည်ဟု မထင်မှတ်ခဲ့မိချေ။

မူလက ယွင်ကျုံးဟဲ့သည် ဤအစစ်အမှန် ကျင်းကျုံးယွဲ့မှာ အလွန် သနားဖွယ်ကောင်းပြီး သူ၏ ကယ်တင်မှုကိုပင် လိုအပ်နေလိမ့်မည်ဟု တွေးထင်ခဲ့မိသည်။

မထင်မှတ်ဘဲ သူမသည် ဤမျှလောက် တော်နေခဲ့သည်။ ဤနှစ်များအတွင်း သူမ၌ မည်သို့သော အဖြစ်အပျက်များ ဖြစ်ပျက်ခဲ့သနည်း။

ယွင်ကျုံးဟဲ့ကို ကာကွယ်ပေးနေသော ဟေးပင်းထိုင် စစ်သည် ဆယ်ယောက်ကျော်သည် ယခုအခါ လုံးဝ စိတ်ဓာတ်ကျသွားကြပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤအမျိုးသမီးသည် အလွန် တော်လွန်းသောကြောင့် ဖြစ်သည်။

“သခင်မက ဘယ်သူလဲ။ ဘာဖြစ်လို့ ကျုပ်တို့ ဟေးပင်းထိုင်က လူတွေကို လာပြီး လုပ်ကြံရတာလဲ။”

သူ၏ စကား မဆုံးသေးမီ သူ၏ခေါင်းမှာ အသံမထွက်ဘဲ မြေပြင်ပေါ်သို့ ပြတ်ကျသွားတော့၏။

ထို့နောက် သူ၏ ဘေးနားရှိ လူဆယ်ယောက်ကျော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် သေဆုံးသွားကြ တော့၏။ ယခုအခါ သူတို့သည် ခုခံရန် သတ္တိပင် မရှိတော့ချေ။

ယွင်ကျုံးဟဲ့ကို ကာကွယ်ပေးနေသော ဟေးပင်းထိုင် စစ်သည် တစ်ရာကျော် အားလုံး သေဆုံးသွားခဲ့ပြီဖြစ်ပြီး ယွင်ကျုံးဟဲ့ တစ်ယောက်တည်းသာ ကျန်ရှိတော့သည်။

ထိုအခါမှသာ ဤပြိုင်ဘက်ကင်း အလှတရားပိုင်ရှင် အမျိုးသမီးသည် ခေါင်းကို အနည်းငယ် မော့ကာ ယွင်ကျုံးဟဲ့ကို ကြည့်လိုက်၏။

“ရှင်က ကျွန်မ သတ်ရမယ့် လူလား။” အမျိုးသမီးက မေးလိုက်သည်။

‘ချီးတဲ့မှ... ခင်ဗျားက ကိုယ်သတ်ရမယ့်လူ ဘယ်သူလဲ ဆိုတာတောင် မသိဘူးလား။ ဒီအတိုင်း လာသတ်တာလား။ အရမ်းကို မောက်မာလွန်းနေပြီ မဟုတ်ဘူးလား။’

“ရှင်က သိုင်းမတတ်ဘူးလား။ အဲဒါဆို မျက်လုံးမှိတ်ထားလိုက်။ ကျွန်မ အရမ်း မြန်ပါတယ်။” ပြိုင်ဘက်ကင်း အလှတရားပိုင်ရှင် အမျိုးသမီးက ပြောလိုက်၏။

ယွင်ကျုံးဟဲ့ မျက်လုံးများကို မှိတ်ထားလိုက်သည်။

သူသည် ကျင်းကျုံးယွဲ့၏ နာမည်ကို အသံကျယ်ကျယ်ဖြင့် ခေါ်ချင်ပြီး ကျုပ်က ခင်ဗျားရဲ့ ခဲအို ဆိုတာကို ပြောပြချင်သော်လည်း လုံးဝ စကားမပြောခဲ့ချေ။

အမှတ်(၉) စိတ်ကျန်းမာရေးလူနာ ကွမ်တန်ကလည်း အဆက်မပြတ် သတိပေးနေ၏။ “စကားမပြောနဲ့... လုံးဝ စကားမပြောနဲ့... မျက်လုံးမှိတ်ထားလိုက်။”

ဤလုပ်ကြံမှုနှင့် ပတ်သက်၍ အမှတ်(၉) ကွမ်တန်သည် ကြိုတင် ခန့်မှန်းထားခဲ့ပြီး ယွင်ကျုံးဟဲ့ကို ဤလမ်းကြောင်းမှ သွားရန် အကြံပြုခဲ့ခြင်း ဖြစ်သည်။

ယွင်ကျုံးဟဲ့ မျက်လုံးမှိတ်ထားပြီး ကြက်တစ်ကောင်ကိုပင် မသတ်နိုင်သည်ကို မြင်တွေ့ရသော်လည်း ဤပြိုင်ဘက်ကင်း အလှတရားပိုင်ရှင် အမျိုးသမီးတွင် မည်သည့် သနားညှာတာမှုမှ မရှိဘဲ ဓားဖြင့် တိုက်ရိုက် ထိုးနှက်ကာ သူ၏ အသက်ကို နုတ်ယူရန် ပြင်လိုက်တော့၏။

လောကနိယာမအရ ကောင်းကင်ဘုံသည်သာ သနားညှာတာတတ်သော စိတ်နှလုံးရှိခဲ့ပါမူ ထိုကောင်းကင်ဘုံ သည်လည်း အိုမင်းရင့်ရော် ပျက်စီးခြင်းသို့ ဆိုက်ရောက်ပေလိမ့်မည်။

ထို့အတူပင် သူမကဲ့သို့ ထူးချွန်ထက်မြက်လှသူတစ်ဦးက တွေ့ကြုံသမျှ ဝေနေယျသတ္တဝါတို့အပေါ် ငဲ့ညှာ သနားနေမိပါက၊ သူမ၏ စိတ်နှလုံးသည်လည်း ဒဏ်ရာဒဏ်ချက် အပေါက်အပြဲတို့ဖြင့် ပြည့်နှက် နေပေလိမ့်မည်။ အမှန်စင်စစ် ဤလောကဝယ် ဝေဒနာနှင့် အဖြစ်ဆိုးဟူသည်မှာ နေရာအနှံ့ အစဉ်အမြဲ ရှိနေတတ်သည်သာ ဖြစ်၏။

သို့ပေမည့် ဓားထိပ်ဖျားသည် ယွင်ကျုံးဟဲ့၏ လည်ပင်းနှင့် ထိမိလုနီးပါး အချိန်တွင် ရပ်တန့်သွားတော့သည်။ သူမ နောင်တရသွားသောကြောင့် မဟုတ်သလို ယွင်ကျုံးဟဲ့၏ ကိုယ်ပေါ်တွင် တစ်စုံတစ်ရာကို တွေ့ရှိသွားသောကြောင့်လည်း မဟုတ်ချေ။

အဘယ်ကြောင့်ဆိုသော် သူမ၏ အနောက်တွင် လူတစ်ယောက် ပေါ်လာသောကြောင့် ဖြစ်သည်။ ထပ်တူညီစွာပင် ထိပ်တန်း သိုင်းပညာရှင် တစ်ဦး ဖြစ်သည်။

နောက်တစ်စက္ကန့်တွင် ယွင်ကျုံးဟဲ့သည် လေထဲ၌ အလွန် ထူးဆန်းသော ရနံ့တစ်ခုကို ရှူရှိုက်မိလိုက်ပြီး လုံးဝ သတိလစ် မေ့လဲသွားတော့၏။

ပြိုင်ဘက်ကင်း အလှတရားပိုင်ရှင် အမျိုးသမီးက မေးလိုက်သည်။ “ဘယ်သူလဲ။”

ရောက်လာသူက ဖြေ၏။ “မိတ်ဆွေဟောင်း တစ်ယောက်ပါ။”

“ဘာလုပ်မလို့လဲ။”

“သူ့ကို အသက်ချမ်းသာပေးဖို့ တောင်းဆိုချင်လို့ပါ။”

အမျိုးသမီးက သက်ပြင်းချကာ ပြောလိုက်သည်။ “ဆရာကြီး... သူ့ကို သေချာပေါက် ကယ်တင်ရမှာလား။”

“ဟုတ်တယ်။”

“အဲဒီအတွက် ကျွန်မကိုတောင် စော်ကားရဲတယ်ပေါ့။”

“ဟုတ်တယ်။”

အမျိုးသမီးက ပြောလိုက်၏။ “ကောင်းပြီလေ။ သူက ရှင့်လူ ဖြစ်သွားပြီ။”

ရောက်လာသူက ပြောလိုက်သည်။ “မင်းသမီး ဝူရွှမ်းကို အထူး ကျေးဇူးတင်ပါတယ်။”

အမျိုးသမီးက ပြန်ပြောလိုက်၏။ “ကျွန်မက မင်းသမီး မဟုတ်ပါဘူး။”

ရောက်လာသူက ပြောလိုက်သည်။ “ခင်ဗျားက မင်းသမီး မဟုတ်ရင် ဘယ်သူက မင်းသမီး ဖြစ်မှာလဲ။ ကျုပ် ခင်ဗျားကို ကျေးဇူးတင်ပါတယ်။”

ပြိုင်ဘက်ကင်း အလှတရားပိုင်ရှင် အမျိုးသမီးက ပြောလိုက်၏။ “နှုတ်ဆက်ပါတယ်။”

ထို့နောက် သူမ၏ ခြေဖျားဖြင့် ညင်သာစွာ ထောက်လိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပဲ အရိပ်အယောင် လုံးဝ မကျန်တော့ဘဲ ပျောက်ကွယ်သွားတော့သည်။

ယွင်ကျုံးဟဲ့ကို ကယ်တင်ခဲ့သော လူသည် သူ့အနီးသို့ ဖြည်းညင်းစွာ ရောက်ရှိလာပြီးနောက် ယွင်ကျုံးဟဲ့၏ ခန္ဓာကိုယ်ကို ချိုင်းကြားတွင် ညှပ်ကာ ခြေဖျားဖြင့် ညင်သာစွာ ထောက်လိုက်ရာ မျက်စိတစ်မှိတ် အတွင်းမှာပဲ အရိပ်အယောင် လုံးဝ မကျန်တော့ဘဲ ပျောက်ကွယ်သွားတော့၏။

အကယ်၍ ယွင်ကျုံးဟဲ့သာ ဤလူကို မြင်တွေ့လိုက်ရပါက အလွန်အမင်း တုန်လှုပ်သွားမည်မှာ သေချာသည်။

အဘယ်ကြောင့်ဆိုသော် ဤလူသည် တောင်ပိုင်းတွင် သူ၏ အကြီးမားဆုံးသော ရန်သူဖြစ်သည့် မဟာ ဆရာသခင်ကြီး ယွမ်ထျန်းရှဲ့ပင် ဖြစ်၏။

နတ်ဘုရားကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သော ယွမ်ထျန်းရှဲ့သည် သေဆုံးသွားခြင်း မရှိဘဲ ယွင်ကျုံးဟဲ့၏ နောက်သို့ လျှို့ဝှက်စွာ လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။

ဝူရွှမ်း မင်းသမီး၏ လက်ထဲမှ သူမ သတ်မည့်လူကို ကယ်တင်နိုင်သူမှာ သေချာပေါက် သူမနှင့် သိုင်းပညာ အဆင့်အတန်း တူညီသူ တစ်ဦးသာ ဖြစ်ပေမည်။

ယွမ်ထျန်းရှဲ့၏ သိုင်းပညာ မည်မျှ မြင့်မားကြောင်းမှာ ပြောစရာပင် မလိုတော့ချေ။ သူက ရုတ်တရက် ပေါ်လာပြီး ယွင်ကျုံးဟဲ့ကို ကယ်တင်လိုက်ခြင်းက ဘာလုပ်ချင်၍ ဖြစ်သနည်း။

……………………..

ပထမလ ကိုးရက်နေ့...

ဧကရာဇ်မင်းမြတ် သတ်မှတ်ထားသော နောက်ဆုံးရက် ရောက်ရှိလာပြီ ဖြစ်သော်လည်း ယွင်ကျုံးဟဲ့သည် ပေါ်မလာသေးချေ။

နံနက်ခင်း အချိန်၌ အောက်ရှင်း၊ လျိုကတော်၊ အောက်နင်နင်နှင့် အခြားလူ ရာချီတို့သည် တရား လွှတ်တော်ချုပ် အကျဉ်းထောင်ထဲမှ ထုတ်လာခြင်း ခံရပြီး တွမ်မန်တံခါး အပြင်ဘက်သို့ ရောက်ရှိလာ ကြသည်။

လွန်ခဲ့သော ကာလများအတွင်း အောက်ရှင်းသည် ဖျောက်ချီ စစ်သူကြီးချုပ်ရာထူးမှ အရင်ဆုံး ရုပ်သိမ်း ခံရပြီးနောက် နုလန်ဟောက်ဘွဲ့ကိုပါ ရုပ်သိမ်းခံရကာ တော်ဝင် တရားရုံးမှ တရားလွှတ်တော်ချုပ်သို့ ပြောင်းရွှေ့ခံခဲ့ရ၏။

ထို့နောက် အကြိမ်ကြိမ် ကြီးမားသော စစ်ဆေးမေးမြန်းမှုများကို ပြုလုပ်ခဲ့ပြီး အားလုံးမှာ အမြင့်ဆုံးအဆင့် ဖြစ်သော တရားရုံးသုံးရပ် ပူးပေါင်း စစ်ဆေးမှုများ ဖြစ်ကာ တောင်ပိုင်း ပုန်ကန်မှုနှင့် ပတ်သက်၍ သူ့ကို စစ်ဆေးမေးမြန်းခဲ့ခြင်း ဖြစ်သည်။

အောက်ရှင်းက သေချာပေါက် အပြစ်တင်မခံဘဲ အကြိမ်ကြိမ် ခုခံချေပခဲ့သည်။ သို့ပေမည့် ဤအရာများက တရားရုံးသုံးရပ် ပူးပေါင်း စစ်ဆေးမှု၏ ရလဒ်ကို မပြောင်းလဲစေနိုင်ခဲ့ချေ။

အောက်ကျ နှင့် အောက်ချီတို့ ပုန်ကန်ခြင်း၊ ဒေသခံ ကာကွယ်ရေးတပ် ပုန်ကန်ခြင်းတို့ကြောင့် အောက်ရှင်း သည် အပြစ်မှ လွတ်ကင်းနိုင်မည် မဟုတ်ဘဲ သေဒဏ်ချမှတ်ခံရကာ ပထမလ ကိုးရက်နေ့ နေ့လယ် အချိန်တွင် တရားဝင် ကွပ်မျက်ရန် ဆုံးဖြတ်လိုက်သည်။

ယခင်က ယန်ဖြန်ရှန်ကို ခေါင်းဖြတ်ကွပ်မျက်မည့် အချိန်တွင် အိမ်ရှေ့စံမင်းသားသည် သွေးထွက်သည်အထိ ဦးညွတ်ကာ အသနားခံခဲ့သော်လည်း ယန်ဖြန်ရှန်ကို မကယ်တင်နိုင်ခဲ့ချေ။

ယခု အောက်ရှင်းကို ခေါင်းဖြတ်ကွပ်မျက်မည့် အချိန်တွင် သူ့အတွက် ထွက်ပြီး အသနားခံပေးမည့်သူ ရှိပါသလား။

ရှိပါသေးသည်။ အမတ်တစ်ဦးနှင့် စစ်သူကြီး နှစ်ဦး၊ စုစုပေါင်း အရာရှိ သုံးဦးသည် နန်းတော်တံခါး အပြင်ဘက်တွင် ဒူးထောက်ကာ အောက်ရှင်း အတွက် အသနားခံပေးနေကြသည်။

ထို့အပြင် လုံးဝ မထင်မှတ်ထားသော လူတစ်ဦးလည်း နန်းတော်တံခါး အပြင်ဘက်တွင် ဒူးထောက်နေသည်။ သူသည် အရာရှိ မဟုတ်ဘဲ ကျူရန်ဘွဲ့သာ ရှိသောကြောင့် နန်းတော်နှင့် အလွန် နီးကပ်စွာ နေထိုင်ခွင့် မရှိချေ။

ထိုသူမှာ အောက်မင် ဖြစ်၏။

သူသည် ယခင်က အောက်ရှင်း၏ မွေးစားသား ဖြစ်ခဲ့ပြီး ယွင်ကျုံးဟဲ့သည် ချန်လန်ပြည်နယ် ကျွမ့်ယွမ်ဘွဲ့ကို ရရှိပြီးနောက်တွင် နုလန်ဟောက် အိမ်တော်၏ ဆက်ခံခွင့် အားလုံးကို စွန့်လွှတ်ကြောင်း လူသိရှင်ကြား ကြေညာခဲ့သူ ဖြစ်သည်။

သို့ပေမည့် ယခုအချိန်တွင် သူသည် နန်းတော်တံခါး အပြင်ဘက်၌ ဒူးထောက်ကာ အောက်ရှင်း အတွက် အသနားခံပေးနေဆဲ ဖြစ်သည်။ ထို့အပြင် သူသည် သုံးရက်သုံးညတိတိ ဒူးထောက်နေခဲ့ပြီး အလွန် ပိန်ချုံးနေပြီ ဖြစ်၏။

ထို့မျှမကသေးဘဲ အောက်ရှင်းအား ကာကွယ်ပြောဆိုသည့် ဆောင်းပါးတစ်ပုဒ်ကိုလည်း အထူး ရေးသားခဲ့ သေးသည်။

“အရှင်မင်းမြတ်... ကျုပ်က အောက်ရှင်းရဲ့ မွေးစားသား ဖြစ်ပါတယ်။ အဖေအတွက် ကိုယ်စား အသေခံပါရစေ။ အရှင်မင်းမြတ်... ကျုပ် အဖေအတွက် ကိုယ်စား အသေခံပါရစေ။”

သူ၏ လုပ်ရပ်များကြောင့် ပညာတတ် အသိုင်းအဝိုင်းတွင် ကြီးမားသော တုံ့ပြန်မှုများ ဖြစ်ပေါ်ခဲ့ပြီး မြို့တော် တစ်ခုလုံးရှိ ပြည်သူများကပင် အောက်မင် ကဲ့သို့သော သားကောင်း တစ်ယောက် ပေါ်ထွက်လာကြောင်း သိရှိသွားကြ၏။

အောက်ရှင်းသည် မိမိ၏ သားအရင်းကို မျက်နှာသာပေးရန်အတွက် အောက်မင်၏ ဆက်ခံခွင့်ကို ရုပ်သိမ်းခဲ့ သော်လည်း အရေးကြီးသော အချိန်တွင် အောက်မင်သည် အဖေအတွက် ကိုယ်စား အသေခံရန် ဆန္ဒ ရှိနေခြင်းမှာ မည်မျှ ကြည်နူးစရာ ကောင်းသနည်း။

သို့ပေမည့် ဝေမြို့စားကြီး အိမ်တော်မှ တွမ်ယင်းယင်းသည် ရုပ်ဖျက်ကာ ကွပ်မျက်မည့် နေရာတွင် ရှိနေကြောင်းကိုမူ မည်သူမှ မသိကြချေ။

သူမသည် ယွင်ကျုံးဟဲ့ကို အရိုးထဲထိ မုန်းတီးနေသူဖြစ်ရာ ယခု အောက်ရှင်း ခေါင်းဖြတ်ခံရတော့မည် ဖြစ်သောကြောင့် သူမ သေချာပေါက် လက်လွတ်ခံမည် မဟုတ်ဘဲ အောက်ရှင်း တစ်မိသားစုလုံး မည်သို့ အသေဆိုးနှင့် သေဆုံးသွားသည်ကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှုရန် ရောက်ရှိနေခြင်း ဖြစ်သည်။

ဤတစ်ကြိမ် ကွပ်မျက်မှုကို ကြီးကြပ်ရသူမှာ တရားရေးဝန်ကြီး ဖြစ်သည်။ အချိန်ကျရောက်သည်နှင့် တပြိုင်နက် ချက်ချင်း ခေါင်းဖြတ်ကွပ်မျက်မှာဖြစ်၏။

ဤ တရားရေးဝန်ကြီး၏ စိတ်ထဲတွင်လည်း အလွန် အကူအညီမဲ့နေသည်။ သူသည် အမတ်ချုပ်ကြီးလင်၏ လူ မဟုတ်သလို အောက်ရှင်း နှင့်လည်း မည်သည့် ပတ်သက်မှုမှ မရှိဘဲ ယခင်က အောက်ရှင်း၏ မျက်နှာကို ရိုက်ချခြင်းကိုပင် ခံခဲ့ရဖူးသူ ဖြစ်သည်။

အောက်ရှင်းသည် ထိုစဉ်က မျက်နှာလိုက်ခြင်း မရှိဘဲ လူမည်မျှ၏ မျက်နှာကို ရိုက်ချခဲ့မှန်းပင် မသိနိုင်ချေ။

သို့ပေမည့် ထိုသို့ဖြစ်လင့်ကစား ဤ တရားရေးဝန်ကြီး၏ စိတ်ထဲတွင်မူ ယခုအချိန်တွင် မခံစားရက်မှုများ ပြည့်နှက်နေသည်။

‘ဒါ အောက်ရှင်း လေ။ နိုင်ငံတော်ရဲ့ မဏ္ဍိုင်ကြီးလေ။ အရင်တုန်းက အကျိုးဆောင်မှုတွေ ဘယ်လောက်တောင် ရှိခဲ့လဲ။ အခု သတ်မယ်ဆိုပြီး တကယ် သတ်တော့မှာလား။ ဒါပေမဲ့ ဘာလုပ်လို့ရမှာလဲ။ မနှစ်က တာယင်အင်ပါယာနဲ့ စစ်ပွဲမှာ ရှုံးနိမ့်ခဲ့လို့ အောက်ရှင်းက တာဝန်ယူရမယ်လေ။ ပြီးတော့ အခု တောင်ပိုင်း ပုန်ကန်မှုမှာလည်း အောက်ရှင်းက ဘယ်လိုမှ ကင်းလွတ်ခွင့် မရနိုင်ဘူးလေ။

ပုန်ကန်တဲ့သူတွေက ခင်ဗျားရဲ့ မွေးစားသားတွေ ဖြစ်ပြီး ခင်ဗျားကိုယ်တိုင် ဖွဲ့စည်းခဲ့တဲ့ တပ်တော်က ပုန်ကန်နေတာ ဘယ်သူက ခင်ဗျားကို ကာကွယ်ပေးနိုင်မှာလဲ။ ပြီးတော့ ခင်ဗျား အောက်ရှင်းက နန်းတွင်းမှာ လူဘယ်လောက်တောင်များများ ဒေါသထွက်အောင် လုပ်ခဲ့လဲ။ အရေးကြီးတဲ့ အချိန်ကျတော့ ခင်ဗျားအတွက် စကားပြောပေးမယ့်သူ ဘယ်သူရှိလဲ။

အရေးကြီးတဲ့ အမတ်ကြီး တစ်ယောက်မှ မရှိဘူးလေ။ မှန်ကန်တဲ့ စကားကို ပြောရဲတဲ့ ကုန်ကျစရိတ်က အရမ်း ကြီးမားလွန်းတယ်။ အောက်ရှင်း အတွက် စကားပြောပေးမယ်ဆိုရင် အမတ်ချုပ်ကြီးလင်၊ ဒုတိယမင်းသား နဲ့ ဖူယန်ထူ တို့ကို ဒေါသထွက်စေမှာ သေချာတယ်။

နေ့လယ်အချိန် ရောက်ဖို့ နာရီဝက်တောင် မလိုတော့ဘူး။ အဲဒီအချိန်ရောက်လို့ ဧကရာဇ်ဆီက အမိန့်တော် မလာရင်၊ ဧကရာဇ်ဟောင်းဆီက အမိန့်တော် မလာရင်… အဲဒါဆို အောက်ရှင်း တစ်မိသားစုလုံး သေချာပေါက် သေရတော့မှာပဲ။’

...................................

အပိုင်း (၃၆၄)

နန်းတော်အတွင်း၌...

မင်းသမီး ရှန်ရှန်း၏ မျက်လုံးများ နီရဲနေပြီး တုန်ယင်စွာဖြင့် ပြောလိုက်၏။ “အဘွား... ဒီလို မဖြစ်သင့်ဘူး မဟုတ်လား။ အောက်ရှင်းဟာ တာ့ကျိုးအင်ပါယာ အတွက် အကျိုးဆောင်ခဲ့တဲ့ သစ္စာရှိတဲ့ အမတ် တစ်ယောက် ဖြစ်နေတာကို ဘာလို့ သတ်ရမှာလဲ။”

မယ်တော်မိဖုရားခေါင်ကြီး၏ မျက်လုံးများလည်း နီရဲနေပြီး ပြန်ပြောလိုက်သည်။ “ရှန်ရှန်းရယ်... သူက လူတွေကို အရမ်း ဒေါသထွက်အောင် လုပ်ခဲ့ပြီး သူကိုယ်တိုင် ဖွဲ့စည်းခဲ့တဲ့ တပ်တော်က ပုန်ကန်သွားလို့ပဲပေါ့။”

မင်းသမီး ရှန်ရှန်းက ဆက်ပြောလိုက်၏။ “အောက်ရှင်းက လူတော်တော်များများကို ဒေါသထွက်အောင် လုပ်ခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ သူဟာ ကျွန်မတို့ တာ့ကျိုး တော်ဝင်မိသားစုရဲ့ သစ္စာရှိတဲ့ အမတ် တစ်ယောက် ဖြစ်တယ်။ ကျွန်မတို့က သူ့ကို ကာကွယ်ပေးသင့်တာ မဟုတ်ဘူးလား။ သူက သစ္စာရှိတယ်ဆိုတာ သိရက်နဲ့ ဘာလို့ သတ်ရမှာလဲ။”

မယ်တော်မိဖုရားခေါင်ကြီးက ပြန်ဖြေလိုက်သည်။ “ရှန်ရှန်း... အနောက်ဆောင်က မိန်းမတွေ နိုင်ငံရေးမှာ ဝင်မပါရဘူးလေ။ အနောက်ဆောင်က မိန်းမတွေ နိုင်ငံရေးမှာ ဝင်မပါရဘူး။”

မင်းသမီး ရှန်ရှန်းက ပြောလိုက်၏။ “အဘွား... အဘွားက မယ်တော်မိဖုရားခေါင်ကြီးပါ။ နိုင်ငံတော်ရဲ့ မဏ္ဍိုင်ကြီး တစ်ခု ဒီလိုမျိုး အသတ်ခံရတာကို ဘယ်လိုလုပ် မျက်မြင်ကိုယ်တွေ့ ကြည့်ရက်နိုင်မှာလဲ။ အဲဒီတုန်းက ယန်ဖြန်ရှန် အသတ်ခံရပြီး အခု အောက်ရှင်းပါ ထပ်အသတ်ခံရမယ်ဆိုရင် ကျွန်မတို့ တာ့ကျိုးမှာ အရည်အချင်းရှိတဲ့ လူတွေ ဘယ်လောက်ပဲများများ ဒီလိုမျိုး အသတ်ခံနေရရင် ဘယ်လိုလုပ် ခံနိုင်မှာလဲ။

အဘွားကို တောင်းပန်ပါတယ်။ ခမည်းတော်ဆီ သွားပြီး အသနားခံပေးပါ။ အောက်ရှင်းကို အသက် ချမ်းသာပေးဖို့၊ အောက်ရှင်း တစ်မိသားစုလုံးကို အသက်ချမ်းသာပေးဖို့ တောင်းဆိုပေးပါ။ ဒီလို အကျိုးဆောင်ကြီး တစ်ယောက်ရဲ့ အသက်ကို အဆုံးရှုံးမခံနိုင်ပါဘူး။”

မျက်ရည်များ ရစ်ဝဲနေသော မင်းသမီး ရှန်ရှန်းကို ကြည့်ကာ မယ်တော်မိဖုရားခေါင်ကြီးက ပြောလိုက်သည်။ “ကောင်းပြီ... ကောင်းပြီ။ အဘွား သွားမယ်... အဘွား သွားမယ်...”

ဧကရာဇ်၏ စာကြည့်ဆောင်အတွင်း၌ ဧကရာဇ်သည် ဆရာတော် ဝူရှင်းနှင့် စစ်တုရင်ကစားနေသည်။ မယ်တော် မိဖုရားခေါင်ကြီး ကြွလာကြောင်း ကြားသိရချိန်မှာတော့ ချက်ချင်း ထွက်ကြိုလိုက်၏။

“မယ်တော်... ဘာကိစ္စ ရှိလို့လဲ။ သားတော်ကို ခေါ်လိုက်ရင် ရတာပဲကို ဘာဖြစ်လို့ ကိုယ်တိုင် ကြွလာရတာလဲ။” ဧကရာဇ်က သက်ပြင်းချကာ ပြောလိုက်သည်။

မယ်တော်မိဖုရားခေါင်ကြီးက ဆရာတော် ဝူရှင်းကို ကြည့်ကာ နှုတ်ဆက်လိုက်၏။ “ဆရာတော်... မင်္ဂလာပါ။”

ဆရာတော် ဝူရှင်းက လက်သီးဆုပ်ကာ ပြန်လည် နှုတ်ဆက်လိုက်သည်။ “မယ်တော်မိဖုရားခေါင်ကြီး မင်္ဂလာပါ။”

ထို့နောက် သူသည် ချက်ချင်း ထွက်ခွာသွားပြီး သာမန်ပြည်သူ တစ်ဦးကဲ့သို့ ခွင့်ပန်စကားများပင် မပြောကြားခဲ့ချေ။

ဧကရာဇ်က မေးလိုက်၏။ “မယ်တော်... ဘာများ အမိန့်ရှိချင်လို့လဲ။”

မယ်တော်မိဖုရားခေါင်ကြီးက ပြန်ဖြေလိုက်သည်။ “ဧကရာဇ်... အနောက်ဆောင်က မိန်းမတွေ နိုင်ငံရေးမှာ ဝင်မပါရဘူးဆိုတာကို မယ်တော် ရှင်းရှင်းလင်းလင်း သိပါတယ်။ ဒါပေမဲ့ အောက်ရှင်း ဟာ ငါ့ရဲ့ အဖေ အပေါ် အသက်ကယ်ဖူးတဲ့ ကျေးဇူး ရှိခဲ့တယ်။”

ဧကရာဇ်က ပြောလိုက်၏။ “သားတော်မှတ်မိပါတယ်။ အဲဒီတုန်းက အောက်ရှင်းက အရမ်း ငယ်ပါသေးတယ်။ ရှောင်ကော်ကျန်း ဟာ ယုံကျိုးမြို့ အပြင်ဘက်မှာ တာ့လျန် မြင်းစီးတပ်တွေရဲ့ ဝိုင်းရံပိတ်ဆို့ခံရပြီး အသက် အန္တရာယ် ကြုံတွေ့နေရချိန်မှာ အောက်ရှင်းက တပ်တော်ကို ဦးဆောင်ပြီး သွားကယ်ခဲ့တာပါ။”

မယ်တော်မိဖုရားခေါင်ကြီးက ဆက်ပြောလိုက်သည်။ “အသက်ကယ်ဖူးတဲ့ ကျေးဇူးကို မဆပ်ဘဲ နေလို့မရဘူးလေ။ ဧကရာဇ်က ဒါကို ထောက်ထားပြီး ခွင့်လွှတ်ပေးပါဖို့ တောင်းဆိုချင်ပါတယ်။”

ဧကရာဇ်က အလျင်အမြန် ဒူးထောက်ကာ ပြောလိုက်၏။ “မယ်တော်... သားတော်ကို အရမ်း အားနာစေပါတယ်။ ဒါပေမဲ့ မယ်တော်လည်း သိတဲ့အတိုင်း အခု တောင်ပိုင်း ပုန်ကန်မှုဟာ တောမီးလောင်သလို ဖြစ်နေပြီး ပုန်ကန်သူ သိန်းချီ ရှိကာ ပိုပိုပြီးများပြားလာနိုင်ပါတယ်။

ဒီပုန်ကန်သူတွေဟာ အောက်ရှင်း အဲဒီတုန်းက ဖွဲ့စည်းခဲ့တဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေဖြစ်ပြီး ပုန်ကန်သူ ခေါင်းဆောင်ဟာ သူ့ရဲ့ မွေးစားသား ဖူကျ ဖြစ်ပါတယ်။ အခု ဘုရင် အဖြစ်တောင် ကြေညာထားပြီးပါပြီ။”

မယ်တော်မိဖုရားခေါင်ကြီးက ပြောလိုက်သည်။ “ငါတို့ စိတ်ထဲမှာ ရှင်းလင်းစွာ သိကြပါတယ်။ ဖူကျ ပုန်ကန်တာ၊ ဒေသခံတွေ ပုန်ကန်တာဟာ လူတချို့က အရမ်း ဖိနှိပ်လွန်းလို့ ဖြစ်ရတာပါ။ အောက်ရှင်း နဲ့ လုံးဝ မသက်ဆိုင်ပါဘူး။”

ဧကရာဇ်က ပြန်ပြောလိုက်၏။ “မယ်တော်... ဘုရင် ဆိုတာ စကားတစ်ခွန်းပဲ ရှိရမယ်လေ။ သားတော်က အောက်ယွီကို တောင်ပိုင်းကို ပုန်ကန်မှု နှိမ်နင်းဖို့ သွားခိုင်းပြီး အခွင့်အရေး ပေးခဲ့ပြီးပါပြီ။ ဒီနေ့ဟာ နောက်ဆုံး သတ်မှတ်ရက် ဖြစ်ပေမယ့် တောင်ပိုင်းကနေ ဘာသတင်းကောင်းမှ မရောက်လာသေးသလို သူလည်း ပြန်မရောက်လာသေးပါဘူး။ အကယ်၍ အောက်ရှင်းကို ခွင့်လွှတ်လိုက်မယ်ဆိုရင် သားတော် စကားတည်ရာ မကျတော့ဘူးလေ။”

မယ်တော်မိဖုရားခေါင်ကြီးက ပြောလိုက်၏။ “အောက်ယွီက စာဖတ်တတ်တဲ့ ကျောင်းသား တစ်ယောက်ပါပဲ။ သူက ဘယ်လိုလုပ်ပြီး ပုန်ကန်မှုကို နှိမ်နင်းနိုင်မှာလဲ။ ဒါက အိပ်မက်မက်နေတာ မဟုတ်ဘူးလား။”

......................

နန်းတော်အတွင်းရှိ မိဖုရားဖူ၏ အခန်းတွင်း၌ သူမသည် သဲနာရီကို စိုးရိမ်တကြီး ကြည့်နေသည်။ “အချိန် ကုန်ဆုံးတာ အရမ်း နှေးလွန်းနေပြီ။ ဘာလို့ နေ့လယ်အချိန် မရောက်သေးတာလဲ။ အောက်ရှင်း တစ်မိသားစုလုံး ခေါင်းဖြတ်ခံရမယ့် အချိန်ကို စောင့်နေရလို့ ထမင်းတောင် မစားချင်တော့ဘူး။”

မိဖုရားဖူသည် ဖူယန်ထူ၏ ညီမ ဖြစ်ပြီး ဖူယန်ထူ နှင့် အောက်ရှင်း တို့ကြားရှိ ရန်ငြိုးကို မပြောနှင့်ဦး၊ မိဖုရားဖူကိုယ်တိုင်လည်း အောက်ရှင်းကို အရိုးထဲထိ မုန်းတီးနေသည်။

လွန်ခဲ့သော နှစ်နှစ်ခန့်က အိမ်ရှေ့စံမင်းသား ကျိုးလီသည် အလွန် ဩဇာအာဏာ ကြီးမားနေပြီး အိမ်ရှေ့စံ ဖြစ်လာမည့် အရိပ်အယောင်များ ပြသနေခဲ့၏။

မိဖုရားဖူသည် မိမိ၏ သားတော်ကို နန်းတက်စေရန်အတွက် အောက်ရှင်းကို သွားရောက် ဆွဲဆောင်ခဲ့ ဖူးသော်လည်း တစ်ဖက်လူ၏ တုံ့ပြန်မှုမှာ မိဖုရား ကိုယ့်ကိုယ်ကိုယ် လေးစားပါ ဟူ၍သာ ဖြစ်သည်။

တစ်ခဏအတွင်းမှာပဲ မိဖုရားဖူသည် ဒေါသထွက်လွန်း၍ ပေါက်ကွဲထွက်မတတ် ဖြစ်သွားခဲ့ရ၏။ သူမသည် ဤကဲ့သို့သော အရှက်ခွဲခံရမှုမျိုးကို ယခင်က တစ်ကြိမ်မှ မကြုံဖူးခဲ့ချေ။

ထိုအချိန်မှစ၍ သူမသည် အောက်ရှင်းကို အရိုးထဲထိ မုန်းတီးနေခဲ့သည်။

ဘေးနားရှိ မိန်းမစိုးက ပြောလိုက်၏။ “မိဖုရား... စိတ်မပူပါနဲ့။ အောက်ရှင်း သေချာပေါက် သေရမှာပါ။ သူတို့ တစ်မိသားစုလုံး သေချာပေါက် သေရမှာပါ။ ဧကရာဇ်မင်းမြတ်က အောက်ယွီကို တောင်ပိုင်း ပုန်ကန်မှု နှိမ်နင်းဖို့ လွှတ်လိုက်တယ် မဟုတ်လား။

သူက စာပဲရေးတတ်တဲ့ အသုံးမကျတဲ့ ဝတုတ် တစ်ယောက်ပါ။ ကြက်တစ်ကောင်ကိုတောင် မသတ်နိုင်တဲ့သူက ဘယ်လိုလုပ်ပြီး လူသိန်းချီ ပါဝင်တဲ့ ပုန်ကန်မှုကို နှိမ်နင်းနိုင်မှာလဲ။ အခုဆို အပိုင်းပိုင်း ခုတ်ထစ်ခံလိုက်ရလောက်ပြီ။ သူသာ ပုန်ကန်မှုကို နှိမ်နင်းနိုင်တယ်ဆိုရင် နေ အနောက်ဘက်က ထွက်လာလိမ့်မယ်။

ဒါကြောင့် မိဖုရား စိတ်ချပါ။ နောက်ထပ် နာရီဝက်လောက်နေရင် အောက်ရှင်း တစ်မိသားစုလုံး သေချာပေါက် သေရမှာပါ။ မိဖုရား စိတ်မရှည်ရင် ကျုပ် သီချင်းတစ်ပုဒ်လောက် ဆိုပြရမလား။ အောက်ရှင်း တစ်မိသားစုလုံးကို အဝေးကနေ ပို့ဆောင်ပေးတဲ့ အနေနဲ့ပေါ့။”

...........

ဧကရာဇ်၏ စာကြည့်ဆောင်အတွင်း၌ မယ်တော်မိဖုရားခေါင်ကြီးက ပြောလိုက်သည်။ “ဧကရာဇ်... သားတော်က မယ်တော့်ကို ကျေးဇူးဆပ်ခွင့် မပေးတော့ဘူးလား။”

ဧကရာဇ်က ပြန်ပြောလိုက်၏။ “မယ်တော်... နေ့လယ်အချိန် ရောက်ဖို့ နာရီဝက်လောက် လိုသေးတယ်လေ။ တကယ်လို့... တကယ်လို့များ အံ့ဖွယ်လုပ်ရပ်တစ်ခု ဖြစ်လာခဲ့ရင်ရော။”

မယ်တော်မိဖုရားခေါင်ကြီးက ပြောလိုက်သည်။ “အံ့ဖွယ်လုပ်ရပ် ဟုတ်လား။ အောက်ယွီလို စာရေးတဲ့ ကျောင်းသား တစ်ယောက်က လူသိန်းချီ ပါဝင်တဲ့ ပုန်ကန်မှုကို နှိမ်နင်းနိုင်မယ်လို့ သားတော်က ယုံကြည်နေတာလား။”

ဧကရာဇ်က သက်ပြင်းချကာ ပြောလိုက်၏။ “ဟုတ်တယ်။ လူသိန်းချီ ပါဝင်တဲ့ ပုန်ကန်မှုကြီးကို လူတစ်ယောက်တည်းက နှိမ်နင်းနိုင်မယ်လို့ ဘယ်သူက ယုံမှာလဲ။ လောကကြီးမှာ ဒီလို အံ့ဖွယ်လုပ်ရပ်မျိုး တကယ် ရှိနိုင်ပါ့မလား။ တကယ်လို့ ရှိခဲ့ရင်တော့ ဒါဟာ တာ့ကျိုးအင်ပါယာကို ကောင်းကင်ဘုံက စောင့်ရှောက်ပေးတာပဲ။ သေကြေဒဏ်ရာရမှုတွေ ဘယ်လောက်တောင် လျော့နည်းသွားမလဲ။ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေတွေ ဘယ်လောက်တောင် သက်သာသွားမလဲ။”

သို့ပေမည့် ထိုအချိန်တွင် လူတစ်ယောက် အပြေးအလွှား ဝင်ရောက်လာ၏။ ထိုသူမှာ ဟေးပင်းထိုင် စစ်သူကြီးချုပ် နန်ကုန်းချော့ ပင်ဖြစ်သည်။ “အရှင်မင်းမြတ်... ကြီးမားတဲ့ ဝမ်းမြောက်စရာ သတင်းပါ။ ကြီးမားတဲ့ ဝမ်းမြောက်စရာ သတင်းပါ။ တောင်ပိုင်း ပုန်ကန်မှု ငြိမ်းအေးသွားပါပြီ။ ပုန်ကန်သူ သိန်းချီ အားလုံး သေဆုံးသွားပါပြီ။ ပုန်ကန်သူ စစ်သူကြီး လီဝမ်ဖာကို ခေါင်းဖြတ်ကွပ်မျက်လိုက်ပါပြီ။ ပုန်ကန်သူ ခေါင်းဆောင် ဖူကျလည်း သေဆုံးသွားပါပြီ။ ဒါကမြို့စားကြီး ကျိုးလုံရဲ့ စာချွန်လွှာပါ။ ဒါက ပုန်ကန်သူ စစ်သူကြီး လီဝမ်ဖာရဲ့ ခေါင်းပါ။”

နန်ကုန်းချော့သည် သေတ္တာတစ်လုံးကို လက်နှစ်ဖက်ဖြင့် မြှောက်ကာ ဖွင့်ပြလိုက်ရာ အတွင်း၌ ယခင် သစ္စာရှိမြို့စား လီဝမ်ဖာ၏ ခေါင်း ရှိနေ၏။

ဧကရာဇ်သည် ဤအရာအားလုံးကို မယုံကြည်နိုင်သလို ကြည့်နေပြီးနောက် အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်တော့သည်။ “ဟား ဟား ဟား ဟား... တကယ်ကို ကြီးမားတဲ့ ဝမ်းမြောက်စရာ သတင်းကြီးပဲ။”

မယ်တော်မိဖုရားခေါင်ကြီးက မေးလိုက်၏။ “ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ ဘယ်သူက ဒီပုန်ကန်မှုကို နှိမ်နင်းလိုက်တာလဲ။”

နန်ကုန်းချော့က ပြန်ဖြေလိုက်သည်။ “အများစုကတော့ အောက်ယွီရဲ့ အကျိုးဆောင်မှုပါ။”

မယ်တော်မိဖုရားခေါင်ကြီးလည်း အလွန် ဝမ်းသာသွားပြီး လုံးဝ မယုံကြည်နိုင်အောင် ဖြစ်သွားသည်။ အတန်ကြာမှသာ လက်သီးဆုပ်ကာ အဆက်မပြတ် ရေရွတ်နေတော့၏။ “ဘိုးဘေးတွေ စောင့်ရှောက်တာပဲ... ဘိုးဘေးတွေ စောင့်ရှောက်တာပဲ... ဒီအောက်ယွီက တကယ်ကို ပါရမီရှင် တစ်ယောက်ပဲ။ တကယ်ကို ပါရမီရှင် တစ်ယောက်ပဲ။

သူလို ကျောင်းသား တစ်ယောက်က ဒီလောက် ကြီးမားတဲ့ ပုန်ကန်မှုကို နှိမ်နင်းနိုင်ခဲ့တာ... ဘယ်သူ့ရဲ့ အကူအညီမှ မပါဘဲနဲ့လေ။ တကယ်ကို အံ့ဩစရာ ကောင်းလိုက်တာ။ တကယ်ကို အံ့ဩစရာ ကောင်းလိုက်တာ။

ဧကရာဇ်... သားတော်လည်း ပြောခဲ့တယ် မဟုတ်လား။ တောင်ပိုင်း ပုန်ကန်မှု ဒီလိုမျိုး ငြိမ်းအေးသွားတာ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေတွေ ဘယ်လောက်တောင် သက်သာသွားမလဲ။ စစ်သည်တွေ သေကြေဒဏ်ရာရမှု ဘယ်လောက်တောင် လျော့နည်းသွားမလဲ။ ဒီ အောက်ယွီဟာ ကျုပ်တို့ တာ့ကျိုး အတွက် ကြီးမားတဲ့ အကျိုးဆောင်မှုကြီး ပြုလုပ်ခဲ့တာပဲ။ သူ့ကို သေချာပေါက် ဆုချီးမြှင့်ရမယ်။”

ဧကရာဇ်က တဟားဟား ရယ်မောလျက် ပြန်ပြောလိုက်သည်။ “သေချာပေါက် ဆုချီးမြှင့်ရမှာပေါ့။ သေချာပေါက်ကို ဆုချီးမြှင့်ရမှာပေါ့။”

ထို့နောက် ဧကရာဇ်က အမိန့်ပေးလိုက်၏။ “အမိန့်တော် ပို့လိုက်။ တွမ်မန်တံခါးကို အမိန့်တော် ပို့လိုက်။ ဓားအောက်မှာ လူကို ချန်ထားဖို့၊ ခေါင်းဖြတ်မယ့် အစီအစဉ်ကို ရပ်တန့်ဖို့။”

ချက်ချင်းပဲ မိန်းမစိုးကြီး တစ်ဦးသည် တွမ်မန် တံခါးဆီသို့ အပြေးအလွှား ထွက်ခွာသွားပြီး တစ်ဖက်မှ ပြေးရင်း တစ်ဖက်မှ အသံကျယ်ကျယ်ဖြင့် အော်ဟစ်သွားတော့သည်။ “ဓားအောက်မှာ လူကို ချန်ထား... ဓားအောက်မှာ လူကို ချန်ထား။”

မယ်တော်မိဖုရားခေါင်ကြီး၏ မျက်နှာတွင် အလင်းရောင်များ တောက်ပနေပြီး ပျော်ရွှင်စွာဖြင့် ပြောလိုက်၏။ “ငါ ဒီ သတင်းကောင်းကြီးကို ဘိုးဘေးတွေဆီ သွားပြောပြလိုက်အုံးမယ်။”

အမှန်တကယ်တော့ သူမသည် မင်းသမီး ရှန်ရှန်းကို သွားရောက် ပြောပြမှာဖြစ်သည်။

ဧကရာဇ်က ဦးညွတ်၍ နှုတ်ဆက်လိုက်၏။ “မယ်တော်ကို ပို့ဆောင်ပါတယ်။”

မယ်တော်မိဖုရားခေါင်ကြီး ထွက်ခွာသွားပြီးနောက် ဧကရာဇ်၏ မျက်နှာပေါ်ရှိ အလွန်အမင်း ဝမ်းမြောက်နေသော အမူအရာများ အနည်းငယ် လျော့ကျသွားတော့သည်။

“နောက်ဆုံးတော့ ရောက်လာပြီပဲ။”

ဧကရာဇ်က ပြောလိုက်၏။ “ဒီခေါင်းဟာ နောက်ဆုံး အချိန်လေးမှ ရောက်လာတော့တာပဲ။”

အမှန်တကယ်တော့ တောင်ပိုင်း ပုန်ကန်မှု ငြိမ်းအေးသွားပြီ ဆိုသော သတင်းကို ဧကရာဇ်က လွန်ခဲ့သော ရက်အနည်းငယ်တည်းက သိရှိထားခဲ့ပြီး ဖြစ်သော်လည်း ဤကဲ့သို့ ဟန်ဆောင် ပြုမူနေခြင်းသာ ဖြစ်သည်။

သို့ပေမည့် ဤသည်မှာလည်း ထိုစဉ်က အလွန်အမင်း ဝမ်းမြောက်ပြီး အံ့ဩမှင်သက်ခဲ့ရမှုများကို ပြန်လည် ပုံဖော်နေခြင်းသာ ဖြစ်၏။

လွန်ခဲ့သော ရက်အနည်းငယ်က ဤသတင်းကို ရရှိခဲ့စဉ်က သူ အမှန်တကယ်ပင် မယုံကြည်နိုင်အောင် ဖြစ်ခဲ့ရ၏။ အဘယ်ကြောင့်ဆိုသော် အလွန် အံ့ဩစရာ ကောင်းလွန်းသောကြောင့် ဖြစ်သည်။

ဤသည်မှာ လူသိန်းချီ ပါဝင်သော ပုန်ကန်မှုကြီး ဖြစ်ပြီး ယွမ်ထျန်းရှဲ့မှာလည်း အလွန် ကောင်းနေသည် မဟုတ်ပါလား။

တောင်ပိုင်း၏ ပုန်ကန်မှု မီးတောက်များမှာ ပြင်းထန်စွာ လောင်ကျွမ်းနေပြီး လုံးဝ ငြိမ်းသတ်၍ မရနိုင်တော့သလောက်ပင် ဖြစ်နေ၏။ ဤပုန်ကန်မှုကို နှိမ်နင်းရန်အတွက် ဧကရာဇ်သည် တပ်တော် လေးသိန်းကျော်ကို အသုံးပြုရန်ပင် ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။

ဤပုန်ကန်မှုကို နှိမ်နင်းရန်အတွက် ဧကရာဇ်သည် တာရှအင်ပါယာနှင့်ပင် တာယင်အင်ပါယာကို တိုက်ခိုက်ရန် လျှို့ဝှက် စာချုပ်များ ချုပ်ဆိုခဲ့ပြီး ဖြစ်၏။

ထို့အပြင် ဤပုန်ကန်မှုကို နှိမ်နင်းရန်အတွက် ဧကရာဇ်သည် ပိုင်ယင်မြို့ နှင့်ပင် လျှို့ဝှက် ဆွေးနွေးမှုများ ပြုလုပ်နေပြီး တာ့လျန်နိုင်ငံနှင့်လည်း လျှို့ဝှက် ဆွေးနွေးမှုများ စတင်နေပြီ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် တောင်ပိုင်း၏ သတင်းအချက်အလက်များကို ပိုမို ရရှိလေလေ၊ ဤပုန်ကန်မှု၏ ကြီးမားမှုကို ပိုမို သိရှိလေလေ ဖြစ်သောကြောင့်ပင်။

မထင်မှတ်ဘဲ ဤပုန်ကန်မှုသည် ဤကဲ့သို့ပင် ငြိမ်းအေးသွားခဲ့ပြီး အောက်ယွီ၏ နှိမ်နင်းခြင်းကို ခံလိုက်ရသည်။ အမှန်တကယ်ပင် ယုံကြည်ရန် ခက်ခဲလွန်းလှသည်။

...................

All Chapters