အခန်း (၃၆၅-၃၆၆)
Vol. 31 Ch. 365-366
အပိုင်း (၃၆၅)
သေချာပေါက် အစပိုင်းတွင် ရောက်ရှိလာသော သတင်းများမှာ ဟေးပင်းထိုင်၏ သတင်း အချက်အလက် များသာဖြစ်ပြီး အနည်းငယ် ဝေဝါးနေသေး၏။
ယနေ့မှသာ တောင်ပိုင်း စစ်သေနာပတိချုပ်မြို့စားကြီး ကျိုးလုံ၏ စာချွန်လွှာ၊ တောင်ပိုင်းပြည်နယ် ဝန်ကြီးချုပ်၏ စာချွန်လွှာများ ရောက်ရှိလာခြင်း ဖြစ်သည်။
အရေးအကြီးဆုံးမှာ ပုန်ကန်သူ ခေါင်းဆောင် လီဝမ်ဖာ၏ခေါင်း ရောက်ရှိလာခြင်း ဖြစ်သည်။ ဤသို့ဖြင့် ဧကရာဇ်သည် လောကကြီးကို ကြေညာနိုင်မှာဖြစ်ပြီး ညီလာခံတွင် လူသိရှင်ကြား ပြသကာ သူ၏ ဩဇာတိက္ကမကို ဖော်ပြနိုင်မှာဖြစ်၏။
“တကယ်ကို ကြီးမားတဲ့ အကျိုးဆောင်မှုကြီးပဲ။”
ဧကရာဇ်က သက်ပြင်းချကာ ပြောလိုက်သည်။ “တောင်ပိုင်း ပြည်နယ်ငါးခုကို စစ်မီးလျှံတွေကနေ ကာကွယ်ပေးနိုင်ရုံတင် မကဘူး၊ တာ့ကျိုးအင်ပါယာအတွက် အနည်းဆုံး ငွေသား သန်းဆယ်ချီတဲ့ စစ်စရိတ်တွေကို သက်သာစေခဲ့ပြီး အနည်းဆုံး တပ်တော် သိန်းချီရဲ့ သေကြေဒဏ်ရာရမှုတွေကို ရှောင်ရှားနိုင်ခဲ့တယ်။”
အမှန်တကယ်ပင် ဤသို့ မဟုတ်ပါလား။ အကယ်၍ တောင်ပိုင်း ပုန်ကန်မှုသာ လုံးဝ ပျံ့နှံ့သွားခဲ့ပါက စစ်စရိတ်မှာ ငွေသား သန်းဆယ်ချီမျှနှင့် ပြီးဆုံးမည် မဟုတ်တော့ချေ။ ထို့အပြင် ဆုံးရှုံးရမည့် တာ့ကျိုး စစ်တပ်မှာလည်း လူသိန်းချီမျှသာမက ပို၍ပင်များပြားလာနိုင်၏။
စစ်ပွဲ၏ ဖျက်ဆီးမှုများပါ ထည့်သွင်းစဉ်းစားပါက သွယ်ဝိုက်သော ဆုံးရှုံးမှုများမှာ ငွေသား သန်းဆယ်ချီကျော် ရှိမှာဖြစ်သည်။ ယခုအခါ ဤပုန်ကန်မှုကို နှိမ်နင်းနိုင်ခဲ့သောကြောင့် ဤအရာအားလုံးကို သက်သာစေခဲ့ပြီ ဖြစ်သည်။
........................
တွမ်မန် တံခါး...
နေ့လယ်အချိန် ရောက်ဖို့ တစ်နာရီ၏ လေးပုံတစ်ပုံခန့်သာ လိုတော့၏။
ကြည့်ရှုနေသူ အားလုံး အလွန် တည်ကြည်လေးနက်နေကြပြီး မြို့တော်ရှိ သောင်းချီသော ပြည်သူများသည် သတင်းများ၏ လွှမ်းမိုးမှုကြောင့် အောက်ရှင်းကို အနည်းငယ် မုန်းတီးနေကြသည်။
အဘယ်ကြောင့်ဆိုသော် ပုန်ကန်သူများမှာ သူ၏ မွေးစားသားများဖြစ်ပြီး အောက်ရှင်းကိုယ်တိုင် ဖွဲ့စည်းခဲ့သော တပ်တော်က ပုန်ကန်နေသောကြောင့်ဖြစ်၏။
သို့ပေမည့် အောက်ရှင်း၏ နာမည် ဂုဏ်သတင်းမှာ ပြည်သူလူထုကြားတွင် အလွန် ကြီးမားလှသည်။
ဤဆယ်စုနှစ်များအတွင်း သူ ရယူပေးခဲ့သော အကျိုးဆောင်မှုများမှာ အလွန် ကြီးမားလွန်းလှပြီး စစ်ဖက်ဆိုင်ရာတွင် နံပါတ်တစ် ပုဂ္ဂိုလ်ဖြစ်ကာ မဏ္ဍိုင်ကြီး တစ်ခုကဲ့သို့ ဖြစ်နေ၏။
ထို့အပြင် အောက်ရှင်း၏ လူမှုဆက်ဆံရေးမှာ နန်းတွင်းတွင် အလွန် ဆိုးရွားသော်လည်း ပြည်သူလူထု ကြားတွင်မူ သူ၏ ပုံရိပ်မှာ အတော်လေး ကောင်းမွန်နေဆဲ ဖြစ်သည်။
ပြည်သူအများစုက သူ့ကို အမတ်ကောင်း တစ်ယောက်အဖြစ် သတ်မှတ်ထားကြပြီး ယခုအခါ သူ ခေါင်းဖြတ် ခံရတော့မှာဖြစ်သောကြောင့် ပြည်သူအများစုမှာ သနားစိတ် ဝင်နေကြ၏။
တွမ်ယင်းယင်းနှင့် အခြားသော ရန်သူ အင်အားစု အများအပြားသာလျှင် အချိန်ကုန်ဆုံးမှု နှေးကွေး နေသည်ကို စိတ်မရှည် ဖြစ်နေကြပြီး နေ့လယ်အချိန် ချက်ချင်း ရောက်လာကာ အောက်ရှင်း တစ်မိသားစုလုံးကို ချက်ချင်း သတ်ဖြတ်ပစ်လိုက်ချင်နေကြသည်။
“မြန်မြန်... မြန်မြန်... မြန်မြန်...”
တွမ်ယင်းယင်းက စိတ်ထဲမှ အဆက်မပြတ် ရေရွတ်နေမိ၏။ ‘အောက်ယွီ လူယုတ်မာ... ရှင် တောင်ပိုင်းမှာ သေသွားတာ တကယ် ကံကောင်းတာပဲ။ အဲဒီလိုမှ မဟုတ်ရင် ဒီနေ့ ဒီနေရာမှာ အတူတူ ခေါင်းဖြတ် ခံရတာကမှ အကောင်းဆုံး ရလဒ်ပဲ။ ရှင် သေတာကို မျက်မြင်ကိုယ်တွေ့ မကြည့်လိုက်ရတာ တကယ် နှမြောဖို့ ကောင်းတာပဲ။’
တောင်ပိုင်းတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးမှာ လုံးဝ လျှို့ဝှက်ချက်များ ဖြစ်သောကြောင့် တွမ်ယင်းယင်းသည် မသိရှိသေးချေ။
သူမသည် အောက်ယွီ တစ်ယောက်တည်းဖြင့် ပုန်ကန်မှုကို နှိမ်နင်းနိုင်လိမ့်မည်ဟု လုံးဝ မယုံကြည်ဘဲ ယွမ်ထျန်းရှဲ့ နှင့် ဖူကျတို့၏ လက်ချက်ဖြင့် စောစောစီးစီး အသတ်ခံလိုက်ရပြီဟုသာ ထင်မှတ်နေသည်။
သို့ပေမည့် ထိုအချိန်တွင် နန်းတော်အတွင်းမှ မိန်းမစိုး တစ်ဦး၏ အသံကျယ်ကျယ်ဖြင့် အော်ဟစ်သံများ ထွက်ပေါ်လာတော့၏။ “ဓားအောက်မှာ လူကို ချန်ထား... ဓားအောက်မှာ လူကို ချန်ထား။ ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော်... ဓားအောက်မှာ လူကို ချန်ထား။”
ဤအသံကို ကြားလိုက်ရပြီးနောက် လူအများစုမှာ သက်ပြင်းချနိုင်သွားကြပြီး ကွပ်မျက်မှုကို ကြီးကြပ်ရသူ တရားရေးဝန်ကြီးပင် ပါဝင်သည်။
တွမ်ယင်းယင်း တစ်ယောက်တည်းသာ မျက်နှာ လုံးဝ ပျက်ယွင်းသွားပြီး စိတ်ထဲမှ ရူးသွပ်မတတ် အော်ဟစ် နေမိ၏။ ‘ဘာဖြစ်လို့လဲ။ ဘာဖြစ်လို့လဲ။ ဘာလို့ မသတ်တာလဲ။ ဒါမှမဟုတ် အောက်ယွီလို လူယုတ်မာလေးက ဟိုဘက်မှာ တကယ် အောင်မြင်သွားလို့လား။ မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး။’
နန်းတော်အတွင်း၌ ဧကရာဇ်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ “နန်ကုန်းချော့... ခင်ဗျားအပေါ် ဖိအားပေးတာတွေများ ရှိသေးလား။ သတင်းကို ဖုံးကွယ်ထားဖို့၊ ကိုယ်တော့်ဆီ အစီရင်မခံဖို့ လာပြောတဲ့ သူတွေ ရှိလား။”
ဟေးပင်းထိုင် စစ်သူကြီးချုပ် နန်ကုန်းချော့က ပြန်ဖြေလိုက်၏။ “အဲဒီလိုတော့ မရှိပါဘူး။”
ဆက်လက်၍ နန်ကုန်းချော့က မေးလိုက်သည်။ “ဖူယန်ထူက တောင်ပိုင်းနဲ့ အရမ်း နီးကပ်နေပြီဆိုတော့ သူလည်း သတင်းရလောက်ပါပြီ။ သူ့ရဲ့ စာချွန်လွှာ မရောက်လာသေးဘူးလား။”
ဧကရာဇ်သည် စာအုပ်စင်ပေါ်မှ စာချွန်လွှာ တစ်စောင်ကို ဆွဲထုတ်ကာ ပြောလိုက်၏။ “ရောက်လာပါပြီ။ လွန်ခဲ့တဲ့ လေးနာရီလောက်က ရောက်လာတာပါ။ သူက တောင်ပိုင်း ပုန်ကန်မှု ငြိမ်းအေးသွားပြီလို့ ကြားသိရပေမဲ့ မသေချာသေးတဲ့အတွက်ကိုယ်တော့်ဆီ လျှို့ဝှက် စာချွန်လွှာပဲ တင်ပြလာတာပါ။ ပြီးတော့ ဒါဟာ အမှန်တကယ် ဖြစ်ပါစေလို့လည်း ဆုတောင်းပေးထားပါသေးတယ်။ အဲဒီလိုဆိုရင် သူ အကျိုးဆောင်ခွင့် မရတော့ပေမယ့် နိုင်ငံတော်ရဲ့ ကံကောင်းမှု၊ လောကကြီးရဲ့ ကံကောင်းမှုပဲ ဖြစ်ပါတယ်တဲ့။”
နန်ကုန်းချော့က ပြောလိုက်သည်။ “ဒီလိုဆိုရင် စစ်သူကြီး ဖူယန်ထူက အခြေအနေကို နားလည် သဘောပေါက်တဲ့သူပဲ ဖြစ်ရမယ်။”
အစောပိုင်းတွင် ဖူယန်ထူက ဤသတင်းကို အနည်းဆုံး ပထမလ ဆယ်ရက်နေ့အထိ ဖုံးကွယ်ထားရန် ပြောဆိုခဲ့သည် မဟုတ်ပါလား။
သို့ပေမည့် ယခုအခါ ဧကရာဇ် ထံသို့ စာချွန်လွှာ ပေးပို့ကာ တောင်ပိုင်း ပုန်ကန်မှု ငြိမ်းအေးသွားကြောင်း အသိပေးရုံသာမက ဧကရာဇ်ကိုပါ ဂုဏ်ပြုစကား ဆိုလာသေးသည်။ ဤအရာများကြားတွင် မည်သို့သော အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သနည်း။
ဧကရာဇ်က မေးလိုက်၏။ “ဖူယန်ထူကို တောင်ဘက် ဆက်မဆင်းဖို့ တားသင့်တယ်လို့ ခင်ဗျား ထင်လား။”
အကယ်၍ ဖူယန်ထူ သာ တောင်ဘက်သို့ ဆက်မဆင်းတော့ပါက သူ၏ တောင်ပိုင်း စစ်သေနာပတိချုပ် ရာထူးမှာ အမည်ခံသာ ဖြစ်သွားမည်ဖြစ်ပြီး မကြာမီကမှ ရရှိထားသော စစ်တပ်အာဏာလည်း ပျောက်ဆုံး သွားမည်ဖြစ်ရာ အလွန် ကြီးမားသော အဖြစ်ဆိုးကြီး ဖြစ်သည်။
နန်ကုန်းချော့က လျှောက်တင်လိုက်၏။ “ကျုပ် ထင်တာကတော့ ဖူယန်ထူရဲ့ တပ်တော်ကို တောင်ပိုင်းထဲ ဆက်ဝင်ခိုင်းသင့်ပါတယ်။ ဒါပေမဲ့ ပြဿနာတွေ ထပ်မဖြစ်အောင် သေချာ သတိပေးရပါမယ်။ တောင်ပိုင်း ဒေသခံတွေကို ခြိမ်းခြောက်သင့်ပေမဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်တာမျိုးတော့ မလုပ်ဖို့ သတိပေး ရပါမယ်။ သူ တပ်တော်ကို ဦးဆောင်ပြီး တောင်ဘက် ဆင်းတာဟာ အဓိကအားဖြင့် ကျိန့်ဟိုင်မြို့စား အိမ်တော်၊ စီးမိသားစုကို သတိထားဖို့ပါ။”
ဧကရာဇ်က ခေါင်းညိတ်ပြလိုက်ပြီးနောက် မေးလိုက်ပြန်သည်။ “အောက်ယွီရဲ့ သတင်း မရသေးဘူးလား။”
နန်ကုန်းချော့က ပြန်ဖြေလိုက်၏။ “မရသေးပါဘူး။ ကျုပ် လူထောင်ချီ စေလွှတ်ပြီး လမ်းတလျှောက် ရှာဖွေခိုင်းထားပေမဲ့ အောက်ယွီကို မတွေ့ရပါဘူး။ အလောင်း တစ်ရာကျော်လောက်ပဲတွေ့ရပြီး အောက်ယွီရဲ့ သတင်းအစအနတော့ ပျောက်ကွယ်နေပါတယ်။”
ဧကရာဇ်က အမိန့်ပေးလိုက်သည်။ “ဆက်ရှာပါ။ လူတွေ ပိုပြီး စေလွှတ်ပြီး ရှာခိုင်းပါ။”
နန်ကုန်းချော့က ပြန်ဖြေလိုက်၏။ “အမိန့်တော်အတိုင်းပါ။”
ထိုအချိန်တွင် အပြင်ဘက်မှ မိန်းမစိုး၏ အသံ ထွက်ပေါ်လာပြန်သည်။ “အရှင်မင်းမြတ်... နန်ကုန်းတာက အရှင်မင်းမြတ်ကိုတွေ့ခွင့်တောင်းနေပါတယ်။ အရေးကြီးတဲ့ကိစ္စ လျှောက်တင်စရာ ရှိတယ်လို့ ဆိုပါတယ်။”
ဧကရာဇ်က မိန့်လိုက်၏။ “သူ့ကို ဝင်လာခိုင်းလိုက်။”
ဟေးပင်းထိုင် စစ်သူကြီးချုပ် နန်ကုန်းချော့၏ မွေးစားသား နန်ကုန်းတာသည် စာကြည့်ဆောင် အတွင်းသို့ ဝင်ရောက်လာပြီး ဒူးထောက်ကာ ဦးညွတ်လျက် လျှောက်တင်လိုက်သည်။ “အရှင်မင်းမြတ် သက်တော် ရာကျော် ရှည်ပါစေ... သက်တော်ရာကျော် ရှည်ပါစေ... သက်တော်ရာကျော် ရှည်ပါစေ။”
“ထပါ။” ဧကရာဇ်က မိန့်လိုက်၏။
နန်ကုန်းတာက ထိုအခါမှသာ နန်ကုန်းချော့ကို အရိုအသေပေးကာ ပြောလိုက်သည်။ “အဖေ။”
နန်ကုန်းချော့က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။ “ဧကရာဇ်မင်းမြတ်ရဲ့ အရှေ့မှာ ဧကရာဇ်နဲ့ အမတ် ဆက်ဆံရေးပဲ ရှိတယ်။ အဖေနဲ့ သား ဆက်ဆံရေး မရှိဘူး။ ဘာတွေ လာလုပ်နေတာလဲ။”
ဧကရာဇ်က မိန့်လိုက်သည်။ “သူတို့က သားသမီးဝတ္တရား ကျေပွန်တာပဲ၊ ဘာမှားနေလို့လဲ။”
ထို့နောက် ဧကရာဇ်က နန်ကုန်းတာ ဘက်သို့ လှည့်ကာ မေးလိုက်၏။ “ဘာကိစ္စ ရှိလို့လဲ။ ဒီလောက် အလောတကြီး ဖြစ်နေတာ။”
နန်ကုန်းတာက လျှောက်တင်လိုက်သည်။ “အရှင်မင်းမြတ်... သခင်လေး အောက်ယွီကိုတွေ့ပါပြီ။”
ဧကရာဇ် ဝမ်ယွင်သည် ချက်ချင်း မတ်တတ်ရပ်ကာ အသံကျယ်ကျယ်ဖြင့် မေးလိုက်၏။ “ဘယ်မှာလဲ။ ဘယ်မှာလဲ။”
နန်ကုန်းတာက ပြန်ဖြေလိုက်သည်။ “သခင်လေး အောက်ယွီ နန်းတော် အပြင်ဘက်မှာ ရောက်နေပါပြီ။”
ဧကရာဇ် ဝမ်ယွင်က အမိန့်ပေးလိုက်၏။ “မြန်မြန်... သူ့ကို အမြန် ဝင်လာခိုင်းလိုက်။ ကျုပ်တို့ရဲ့ ကြီးမားတဲ့ အကျိုးဆောင်ကြီးကို အမြန် ဝင်လာခိုင်းလိုက်။”
နန်ကုန်းတာက လျှောက်တင်လိုက်သည်။ “သခင်လေး အောက်ယွီက သူ့ရဲ့ မိဘတွေကို ပြုစုစောင့်ရှောက်ဖို့ သွားပါတယ်။”
ဧကရာဇ်သည် ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ပြုံးကာ ပြောလိုက်၏။ “အဲဒီလို ဖြစ်သင့်တာပေါ့။ မိဘကျေးဇူး ဆပ်တာက အရေးအကြီးဆုံးပဲလေ။ ဒါဆိုလည်း ကိုယ်တော်တို့ ဒီကနေပဲ သူ့ကို စောင့်နေကြတာပေါ့။ စောင့်နေကြတာပေါ့။”
ဧကရာဇ်က မေးလိုက်သည်။ “ဒါနဲ့... ခင်ဗျားတို့ အောက်ယွီကို ဘယ်မှာတွေ့ခဲ့တာလဲ။”
နန်ကုန်းတာက ပြန်ဖြေလိုက်၏။ “သူ့အိမ်မှာပါ။ ကျန်းကျိုးမြို့က အိမ်မှာပါ။”
ဧကရာဇ်က မေးလိုက်သည်။ “ချိတ်ပိတ်ခံထားရတဲ့ နုလန်ဟောက် အိမ်တော်လား။”
နန်ကုန်းတာက ပြန်ဖြေလိုက်၏။ “ဟုတ်ပါတယ်။”
‘ဒါက တကယ်ကို ထူးဆန်းတာပဲ။ သူက ဘယ်လိုလုပ်ပြီး ကျန်းကျိုးမြို့က အိမ်မှာ ရောက်နေရတာလဲ။’
နန်ကုန်းတာက ဆက်ပြောလိုက်သည်။ “ကျုပ်တို့ လူထောင်ချီ စေလွှတ်ပြီး နေရာအနှံ့ ရှာဖွေခဲ့ပါတယ်။ ရုတ်တရက် ဒုတိယမြောက်က သူ့အိမ်မှာများ ရှိနေမလားလို့ ပြောလိုက်တယ်။ အားလုံးက မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ပေမယ့် သွားကြည့်လိုက်တော့ သူက အိမ်မှာ တကယ်ပဲ အိပ်မောကျနေတာကိုတွေ့လိုက်ရပါတယ်။ ဒါကြောင့် ကျုပ်တို့လည်း သူ့ကို အမြန် ခေါ်လာခဲ့တာပါ။”
ယွင်ကျုံးဟဲ့သည် မိဘများရှိရာ တရားလွှတ်တော်ချုပ် အကျဉ်းထောင်သို့ ပြန်လာခဲ့၏။
နောက်ဆုံးအချိန်တွင် ဓားအောက်၌ လူကို ချန်ထားရန် အမိန့်တော် ထွက်ပေါ်လာခဲ့သော်လည်း ဧကရာဇ်က အောက်ရှင်း ဇနီးမောင်နှံကို ခွင့်လွှတ်ကြောင်း တရားဝင် မကြေညာသေးချေ။ ဤကိစ္စကို အောက်ယွီနှင့် တွေ့ဆုံပြီးမှသာ ဆုံးဖြတ်မှာဖြစ်သည်။
သို့ပေမည့် တရားလွှတ်တော်ချုပ် အကျဉ်းထောင်ရှိ သူတို့၏ အကျဉ်းခန်းကိုမူ ပြောင်းလဲပေးလိုက်ပြီဖြစ်ပြီး အောက်ရှင်း ဇနီးမောင်နှံကို အတူတကွ နေထိုင်ခွင့် ပြုလိုက်၏။
ဤအကျဉ်းခန်းအသစ်မှာ သာမန် အခန်းတစ်ခန်းနှင့် ပိုမို တူညီလာပြီး အတွင်း၌ စားပွဲများ၊ ပန်းကန် ခွက်ယောက်များနှင့် ခုတင်များ ပါရှိသောကြောင့် အနည်းဆုံးတော့ သင့်တင့်လျောက်ပတ်စွာ နေထိုင်နိုင်ပြီ ဖြစ်သည်။
ယခင်က အကျဉ်းခန်းမှာမူ အစစ်အမှန် အကျဉ်းခန်း ဖြစ်ပြီး အောက်ရှင်း၏ အဆင့်အတန်းကြောင့် မည်သည့် အခွင့်အရေးမှ မရရှိခဲ့ချေ။
ယွင်ကျုံးဟဲ့ မိဘများကို ပြန်လည်တွေ့ဆုံချိန်တွင် သူတို့နှစ်ဦးစလုံး၏ ဆံပင်များ တစ်ဝက်ခန့် ဖြူနေပြီ ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။
ယခင်က သူ၏အဖေ အောက်ရှင်းသည် မည်မျှလောက် သူရဲကောင်းဆန်ပြီး ရဲရင့်ခန့်ညားခဲ့သနည်း။ အသက် ငါးဆယ်ကျော် ရှိပြီဖြစ်သော်လည်း ဆံပင်များ နက်မှောင်နေပြီး အသက်လေးဆယ်ခန့်သာ ရှိသေးသည်ဟု ထင်ရ၏။
မိခင် လျိုကတော်မှာလည်း ပြောစရာပင် မလိုတော့ချေ။ အသက် လေးဆယ်ကျော် ရှိပြီဖြစ်သော်လည်း အလွန် လှပတင့်တယ်နေဆဲဖြစ်ပြီး အသက်သုံးဆယ်ခန့်သာ ရှိသေးသကဲ့သို့ ဆွဲဆောင်မှု အပြည့် ရှိနေသည်။ သို့ပေမည့် ယခုအခါ သူမ၏ ဆံပင်များလည်း တစ်ဝက်ခန့် ဖြူနေပြီ ဖြစ်သည်။
လအနည်းငယ်လေး အတွင်းမှာပင် သူတို့သည် ဆယ်နှစ်ခန့် ပိုမို အိုမင်းသွားသကဲ့သို့ ဖြစ်နေရာ ဤကာလအတွင်း မည်မျှလောက် စိတ်ဆင်းရဲခဲ့ရကြောင်း ထင်ရှားလို့နေ၏။
ယွင်ကျုံးဟဲ့သည် စိတ်ထဲ၌ အလွန်အမင်း ဝမ်းနည်းကြေကွဲသွားမိသည်။ မိခင်က သူ့ကို ဖက်ကာ အတန်ကြာ ငိုကြွေးပြီးနောက် အောက်ယွီနှင့် အောက်ရှင်းတို့ နှစ်ယောက်တည်းကိုသာ ချန်ထားခဲ့သည်။
“ဂုဏ်သိက္ခာနဲ့ ချမ်းသာကြွယ်ဝမှုတွေဆိုတာ ဖြတ်သန်းသွားတဲ့ တိမ်တိုက်တွေလိုပါပဲ။ တိုင်းပြည်ကို ချစ်ပြီး ဧကရာဇ်ကို သစ္စာခံခဲ့တာတွေက နောက်ဆုံးတော့ ရယ်စရာတစ်ခု ဖြစ်သွားခဲ့တာပဲ။” အောက်ရှင်းက အေးစက်စက် ပြုံးကာ ပြောလိုက်၏။
နံရံများတွင် နားများ ရှိနေနိုင်သော်လည်း အောက်ရှင်းက ဤစကားကို ပြောဆိုရဲခြင်းက သူ မည်မျှလောက် စိတ်ပျက်နေကြောင်းနှင့် ဧကရာဇ် ကြားသွားမည်ကိုပင် လုံးဝ ဂရုမစိုက်တော့ကြောင်း သက်သေပြနေသည်။
“ဒီ နုလန်ဟောက် ရာထူးကိုလည်း အဖေ ပြန်မလိုချင်တော့ဘူး။”
အောက်ရှင်းသည် ယွင်ကျုံးဟဲ့၏ လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်၏။ “ဝက်ကလေး... အဖေက အခုကစပြီး အာဏာမရှိတဲ့ သာမန် အဖေတစ်ယောက်ပဲ ဖြစ်တော့မယ်။ မင်းတို့ သားအမိကို ကာကွယ်ပေးနိုင်တာဆိုလို့ ဒီသိုင်းပညာလေးပဲ ရှိတော့တယ်။ ဒီနေ့ကစပြီး နိုင်ငံတော်အရေးကိစ္စတွေ အဖေနဲ့ မဆိုင်တော့ဘူး။ အဖေက မင်းတို့ သားအမိသုံးယောက် အတွက်ပဲ အသက်ရှင်တော့မယ်။”
ဤစကားလုံးများကို ကြားရချိန်မှာတော့ အောက်ရှင်းသည် ဆုံးဖြတ်ချက် ချမှတ်ပြီးပြီ ဖြစ်ကြောင်း ထင်ရှားနေသည်။
နောက်ပိုင်းတွင် တာ့ကျိုးအင်ပါယာတွင် မည်သည့်ကိစ္စများ ဖြစ်ပေါ်လာစေကာမူ သူ ဝင်ရောက်စွက်ဖက် တော့မည် မဟုတ်သလို လုံးဝ ပြန်လည် တာဝန်ထမ်းဆောင်တော့မည်လည်း မဟုတ်ချေ။ ဧကရာဇ်က မည်ကဲ့သို့သော အမိန့်တော်များ ထုတ်ပြန်စေကာမူ သူ လုံးဝ ဂရုစိုက်တော့မည် မဟုတ်ချေ။
ယွင်ကျုံးဟဲ့သည် သူ့အဖေ၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်ပြီး အရာအားလုံးကို စကားလုံးများဖြင့် ဖော်ပြရန် မလိုအပ်တော့ပေ။
……………….
အပိုင်း (၃၆၆)
တစ်နာရီခန့် အကြာတွင် ယွင်ကျုံးဟဲ့သည် နန်းတော်သို့ ဝင်ရောက်ကာ ဧကရာဇ် ဝမ်ယွင် နှင့်တွေ့ဆုံခဲ့သည်။
“ဟား…. ဟား…. ဟား... ကျုပ်တို့ရဲ့ အကျိုးဆောင်ကြီး ပြန်ရောက်လာပြီ။”
ဧကရာဇ်က အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်၏။ “လူတစ်ယောက်တည်းနဲ့ တောင်ပိုင်း ပုန်ကန်မှုကို နှိမ်နင်းခဲ့တဲ့ လူငယ်လေးက ဘယ်လိုပုံစံလဲ ဆိုတာကို ကိုယ်တော် သေချာ ကြည့်ပါရစေအုံး။”
စာကြည့်ဆောင်အတွင်းသို့ ဝင်ရောက်ပြီးနောက် ယွင်ကျုံးဟဲ့သည် စည်းကမ်းတကျ အရိုအသေ ပေးလိုက်သည်။
ဤသည်မှာ ဧကရာဇ် ဝမ်ယွင်၏ မျက်နှာကို သူ ပထမဆုံးအကြိမ် အမှန်တကယ် မြင်တွေ့ရခြင်း ဖြစ်သည်။ ယခင်က ကန့်လန့်ကာ ခြား၍သာ တွေ့ဆုံခဲ့ရပြီး ဧကရာဇ်၏ မျက်နှာ အစစ်အမှန်ကို မြင်တွေ့ခွင့် မရခဲ့ချေ။
ယခုအခါ ဧကရာဇ် ဝမ်ယွင်၏ မျက်နှာကို မြင်တွေ့လိုက်ရချိန်မှာတော့ အနည်းငယ် အံ့ဩသွားမိသည်။ အဘယ်ကြောင့်ဆိုသော် ဧကရာဇ်၏ ရုပ်ရည်သွင်ပြင်မှာ အမှန်တကယ်ပင် ကောင်းမွန်လွန်းပြီး အလွန် ကံကောင်းမည့် ရုပ်ရည်မျိုး ဖြစ်သောကြောင့်ပင်။
မျက်လုံးများ သေးသွယ်ရှည်လျားပြီး နှာခေါင်းစင်းကာ နှုတ်ခမ်းများ နီရဲနေသည်။ နားရွက်နှစ်ဖက်မှာ အလွန် ရှည်လျားပြီး ပခုံးပေါ်သို့ ကျနေသည်ဟု ဆိုလျှင် ပုံကြီးချဲ့လွန်းရာ ကျသော်လည်း ဤနားရွက်များသည် လျိုပေ (လျိုရွှမ်တယ်)၏ နားရွက်များနှင့် အလွန် ဆင်တူသည်။
(လျှိုပေ - သုံးပြည်ထောင်ခေတ် ရာဇဝင်တွင် အလွန်ထင်ရှားသည့် စူးဟန်နိုင်ငံ၏ တည်ထောင်သူ ဧကရာဇ်တစ်ပါး)
သူ၏ ရုပ်ရည်က လျိုပေ နှင့် ဆင်တူသလား။ ဆင်တူသည်။ သို့ပေမည့် သူ၏ ရုပ်ရည်မှာ ကြင်နာတတ်သော ပုံစံမျိုး ရှိသော်လည်း လျိုပေ ထက်များစွာ ပို၍ ချောမော၏။
သို့ပေမည့် သူ၏ မျက်ခုံးနှစ်ဖက်မှာမူ အလွန် ထက်မြက်ပြီး မျက်နှာပေါ်ရှိ ကြင်နာတတ်သော အငွေ့အသက်များကို အာဏာစက်များဖြင့် အစားထိုးသွားစေကာ လူကို ခုတ်ထစ်နိုင်မည့် ဓားငယ်နှစ်လက် ကဲ့သို့ ဖြစ်နေသည်။
ထို့ကြောင့် ဤလက္ခဏာက ဧကရာဇ် ဝမ်ယွင် ပြုံးနေချိန်တွင် အလွန် ရင်းနှီးဖွယ် ကောင်းသည်ဟု ထင်ရစေ၏။
သို့ပေမည့် မျက်မှောင်ကြုတ်လိုက်ချိန်တွင်မူ အလွန် ကြောက်မက်ဖွယ်ကောင်းပြီး လူတိုင်းကို ကြောက်ရွံ့တုန်လှုပ်သွားစေသည်။
အချုပ်အားဖြင့်ဆိုရလျှင် ဤ ဧကရာဇ်သည် ကျေးဇူးတရားနှင့် အာဏာစက် နှစ်ရပ်လုံးကို ပိုင်ဆိုင်ထားသော ရုပ်ရည်ကောင်း တစ်ခုရှိပြီး ဧကရာဇ် တစ်ပါးဖြစ်ရန် အလွန် သင့်တော်သော မျက်နှာမျိုး ရှိကာ အရပ် အမောင်းမှာလည်း တစ်ဒဿမရှစ်မီတာ ရှိ၏။
“အောက်ယွီ... အဲဒီ လုပ်ကြံသူရဲ့ ပုံစံကို ခင်ဗျား မှတ်မိသေးလား။” နန်ကုန်းချော့က မေးလိုက်သည်။
“မှတ်မိပါတယ်။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “ပြိုင်ဘက်ကင်း အလှတရားပိုင်ရှင် အမျိုးသမီး တစ်ယောက်ပါ။ မာနကြီးပြီး လူတွေကို သတ်ဖြတ်ရာမှာ မျက်တောင်တောင် မခတ်တဲ့သူမျိုးပါ။”
နန်ကုန်းချော့က ပြောလိုက်သည်။ “ပိုပြီး အသေးစိတ်ကျအောင် ပြောပြလို့ ရမလား။ ဒါမှ ကျုပ်တို့ရဲ့ ပန်းချီဆရာတွေက ခင်ဗျားရဲ့ ပြောပြချက်အရ ပန်းချီကား ရေးဆွဲပြီး တစ်နိုင်ငံလုံးကို အလိုရှိသူအဖြစ် ကြေညာနိုင်မှာပါ။”
“မလိုပါဘူး။ ကျုပ် ဆွဲထားပြီးပါပြီ။” ယွင်ကျုံးဟဲ့က ပြောလိုက်ပြီးနောက် ရင်ဘတ်ထဲမှ ပန်းချီကားလိပ် တစ်ခုကို ထုတ်ယူကာ ဖြန့်ပြလိုက်၏။
ဟေးပင်းထိုင် စစ်သူကြီးချုပ် နန်ကုန်းချော့သည် အနီးသို့ ချဉ်းကပ်ကာ ကြည့်ရှုလိုက်ရာ စက္ကူပေါ်တွင် ပြိုင်ဘက်ကင်း အလှတရားပိုင်ရှင် အမျိုးသမီးတစ်ဦး အသက်ဝင်စွာ ပေါ်ထွက်နေသည်ကို တွေ့ရှိ လိုက်ရသည်။
ဤအမျိုးသမီး၏ ခန္ဓာကိုယ် အချိုးအစားမှာ အလွန် ဆွဲဆောင်မှု ရှိပြီး သူမ၏ အငွေ့အသက်မှာလည်း လောကကြီးကို အထင်အမြင်သေးနေသကဲ့သို့ ရှိသော်လည်း မျက်နှာကိုမူ ဖုံးကွယ်ထား၏။
ထိုအမျိုးသမီးသည် ယွင်ကျုံးဟဲ့ကို လုပ်ကြံစဉ်က မျက်နှာကို ဖုံးကွယ်ထားခြင်း မရှိသော်လည်း ယွင်ကျုံးဟဲ့ ကမူ မျက်နှာကို ဖုံးကွယ်ထားသည့် ပုံစံဖြင့် ရေးဆွဲထားခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေ ထိုနေရာတွင် ရှိနေသူ အားလုံး သေဆုံးသွားပြီဖြစ်ရာ သက်သေပြစရာလည်း မရှိတော့ချေ။
ထို့အပြင် သူမကိုယ်တိုင်က အောက်ယွီကို လုပ်ကြံစဉ်က မျက်နှာကို ဖုံးကွယ်ထားခြင်း မရှိခဲ့ကြောင်း ဖွင့်ဟ ဝန်ခံလာလျှင်တောင်မှ အရေးမကြီးပေ။
‘ကျုပ် အောက်ယွီက အလှတရားကို မြတ်နိုးလို့ မျက်နှာကို ဖုံးကွယ်ပြီး ဆွဲပေးလိုက်တာ မရဘူးလား။’
ဧကရာဇ်က အမိန့်ပေးလိုက်၏။ “ဒီပန်းချီကားကို သုံးပြီး ပုံတူတွေ သောင်းချီ ကူးယူကာ တစ်နိုင်ငံလုံးကို အလိုရှိသူအဖြစ် ကြေညာလိုက်ပါ။”
“အမိန့်တော်အတိုင်းပါ။” နန်ကုန်းချော့က ပြန်ဖြေလိုက်သည်။
ဆက်လက်၍ နန်ကုန်းချော့က မေးလိုက်ပြန်၏။ “အောက်ယွီ... အဲဒီနေ့က ဘာတွေ ဖြစ်ခဲ့တာလဲ။”
ယွင်ကျုံးဟဲ့သည် လုပ်ကြံခံရမှု၏ အသေးစိတ် ဖြစ်စဉ်ကို ပြောပြလိုက်သော်လည်း လူတစ်ယောက်က ဝင်ရောက်ကယ်တင်ခဲ့သည့် အပိုင်းကိုမူ ချန်လှပ်ထားခဲ့သည်။
နန်ကုန်းချော့က ပြောလိုက်၏။ “ဆိုလိုတာက... သူက ကိုယ်သတ်ရမယ့်သူက ဘယ်သူလဲဆိုတာကိုတောင် မသိဘူး။ ခင်ဗျားရဲ့ အဆင့်အတန်းကိုလည်း မသိဘူးပေါ့။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “ဟုတ်ပါတယ်။ ဒါပေမဲ့ ကျုပ်က သိုင်းမတတ်တဲ့အတွက် သူက ကျုပ်ကို မျက်လုံးမှိတ်ထားခိုင်းတယ်။ သူက အရမ်း မြန်ပြီး နာကျင်မှာ မဟုတ်ဘူးလို့ ပြောတယ်။ ကျုပ်လည်း မျက်လုံး မှိတ်လိုက်ပြီး သေရတော့မယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ မထင်မှတ်ဘဲ ပြန်နိုးလာတော့ ကျန်းကျိုးမြို့က အိမ်မှာ ရောက်နေပြီး ဘေးနားမှာ နန်ကုန်းတာ ရှိနေခဲ့တာပါ။”
နန်ကုန်းချော့က မေးလိုက်၏။ “သူက ခင်ဗျားကို မသတ်ခဲ့ရတဲ့ အကြောင်းရင်းက ဘာဖြစ်မယ်လို့ ထင်လဲ။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “ဒါကိုတော့ ကျုပ် တကယ် မသိတော့ဘူး။ မူလကတော့ သူက ကျုပ်ရဲ့ စာဖတ်ပရိသတ် တစ်ယောက်ဖြစ်ပြီး ကျုပ် စာအုပ်တွေကို အရမ်း ကြိုက်လို့ မသတ်တာ ဖြစ်မယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ သူက ကျုပ်နာမည်ကို တစ်ခါမှ မမေးခဲ့ဘူးဆိုတော့ ကျုပ်က ကျောက်တုံးမှတ်တမ်းရဲ့ စာရေးဆရာ ဆိုတာကိုလည်း သူ မသိလောက်ဘူး ထင်ပါတယ်။”
နန်ကုန်းချော့က လျှောက်တင်လိုက်၏။ “အရှင်မင်းမြတ်... ကျုပ် မေးလို့ ပြီးပါပြီ။”
ဧကရာဇ်သည် လက်ဝှေ့ယမ်းပြလိုက်ရာ နန်ကုန်းချော့ လည်း ချက်ချင်း ထွက်ခွာသွားတော့သည်။
စာကြည့်ဆောင် အတွင်း၌ ယွင်ကျုံးဟဲ့ နှင့် ဧကရာဇ် နှစ်ဦးတည်းသာ ကျန်ရှိတော့၏။
“အရှင်မင်းမြတ်... ဒါက တောင်ပိုင်းမှာ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံး ပါဝင်တဲ့ စာအုပ်လေးပါ။” ယွင်ကျုံးဟဲ့က စာအုပ်ငယ်လေး တစ်အုပ်ကို ဆက်သလိုက်သည်။
ဧကရာဇ်သည် စာအုပ်ကို ဖွင့်ကာ အသေအချာ ဖတ်ရှုလိုက်၏။ “ဒီ ယွမ်ထျန်းရှဲ့ ဟာ ဒီလောက်တောင် အံ့ဩစရာ ကောင်းတာလား။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “သူ့ရဲ့ မျက်လှည့်တွေက နတ်ဘုရားတွေရဲ့ အံ့ဖွယ်လုပ်ရပ်တွေလိုပါပဲ။ အားနည်းချက် လုံးဝ မရှိသလောက်ပါပဲ။”
ထို့နောက် ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်၏။ “အမှန်တကယ်တော့ ဒီတစ်ကြိမ် ပုန်ကန်မှု ငြိမ်းအေးသွားရတဲ့ အကြောင်းရင်းက ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားတွေကြောင့်ပါ။ ကျုပ်က ကောင်းကင်ဘုံရဲ့ အကျိုးဆောင်မှုကို မလုယူဝံ့ပါဘူး။ မီးတောင် ပေါက်ကွဲမှုကသာ ယွမ်ထျန်းရှဲ့ အပါအဝင် ပုန်ကန်သူ တစ်သိန်းကျော်ကို အမြစ်ပြတ် သတ်ဖြတ်ပစ်နိုင်ခဲ့တာပါ။”
ဧကရာဇ်က ပြောလိုက်သည်။ “အဲဒါကလည်း ခင်ဗျားက အခြေအနေကို အသုံးချပြီး လမ်းပြနိုင်ခဲ့တဲ့ အကျိုးဆောင်မှုပါပဲ။ ခင်ဗျားရဲ့ အကျိုးဆောင်မှုက ကြီးမားပါတယ်။ ဖုံးကွယ်လို့ မရပါဘူး။”
ဆက်လက်၍ ဧကရာဇ်က မေးလိုက်ပြန်၏။ “ဒါနဲ့... မီးတောင် ပေါက်ကွဲမယ်ဆိုတာကို ခင်ဗျား ဘယ်လိုများ ခန့်မှန်းနိုင်ခဲ့တာလဲ။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “ဘာလို့လဲဆိုတော့ ငလျင်တွေ မကြာခဏ လှုပ်ခတ်နေတာရယ်၊ မြေကြီးပေါ်မှာ အက်ကွဲကြောင်းတွေ ပေါ်လာတာရယ်၊ မြေကြီးထဲက အလင်းရောင်တွေ ထွက်လာတာရယ်၊ အရေးအကြီးဆုံးက တာ့ရစ်တောင် မြောက်ဘက်က ရေကန်ရဲ့ အပူချိန် တော်တော်လေး မြင့်တက်လာတာ တွေကြောင့်ပါ။ ဒီအချက်အလက်တွေ အားလုံးကို ဟေးပင်းထိုင်ရဲ့ သတင်းတွေထဲမှာ ဖော်ပြထားပါတယ်။”
ဧကရာဇ်က ထပ်မေးလိုက်သည်။ “ဒီအချက်အလက်တွေကို အခြေခံပြီး မီးတောင် ပေါက်ကွဲမယ်လို့ ခန့်မှန်းနိုင်ခဲ့တာလား။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “ဟုတ်ပါတယ် အရှင်မင်းမြတ်။”
ဧကရာဇ်က မေးလိုက်သည်။ “ဒီအချက်အလက်တွေကို ခင်ဗျား ဘယ်လိုများ သိရှိခဲ့တာလဲ။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “ရှေးဟောင်း ရှားပါးစာအုပ် ဆန်းဟိုင်ကျင်း ထဲမှာ ဖော်ပြထားတာကို ဖတ်ဖူးလို့ပါ။”
(ဆန်းဟိုင်ကျင်း - တရုတ်ရှေးဟောင်းကျမ်းများအနက် အဆန်းကြယ်ဆုံးနှင့် စိတ်ဝင်စားစရာအကောင်းဆုံး ကျမ်းတစ်စောင်ဖြစ်ပြီး ပထဝီဝင်၊ ဒဏ္ဍာရီ၊ နတ်ဘုရားများ၊ ထူးဆန်းသော သတ္တဝါများနှင့် ဆေးဖက်ဝင် အပင်များအကြောင်း စုစည်းဖော်ပြထားသည့် စွယ်စုံကျမ်းသဖွယ် ကျမ်းတစ်စောင်လည်း ဖြစ်သည်။)
ဧကရာဇ်က ပြောလိုက်၏။ “ဒီလို ထူးဆန်းတဲ့ စာအုပ်မျိုး ရှိတယ်ပေါ့လေ။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “ဟုတ်ပါတယ် အရှင်မင်းမြတ်။”
ဧကရာဇ်က မေးလိုက်ပြန်၏။ “ဒါဆိုရင် ခင်ဗျား တောင်ထိပ်ကနေ ပျံသန်းဆင်းလာတဲ့ အဲဒီ ဝတ်စုံကရော။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “ကျုပ် ယူလာပါတယ်။ ဟေးပင်းထိုင်ကိုလည်း စစ်ဆေးခိုင်းထားပြီးပါပြီ။ သူ့ရဲ့ သဘောတရားက အရမ်း ရိုးရှင်းပါတယ်။ လင်းနို့တွေ ပျံသန်းတဲ့ သဘောတရားကို အခြေခံပြီး ဖန်တီးထားတာပါ။”
ထို့နောက် ယွင်ကျုံးဟဲ့သည် စုတ်ပြဲနေသော လေဟုန်စီးဝတ်စုံကို ဧကရာဇ်၏ အရှေ့တွင် ချထားလိုက်၏။
ဧကရာဇ်က ချီးကျူးလိုသည့် အသံဖြင့် မေးလိုက်သည်။ “ဒါဆို ဒီဝတ်စုံကရော...”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “အဲဒါလည်း ဆန်းဟိုင်ကျင်း ရှေးဟောင်းစာအုပ် ထဲကနေ ရလာတာပါ။”
ဧကရာဇ်က မေးလိုက်သည်။ “ဒါဆို ဒီဝတ်စုံကို အများအပြား ထုတ်လုပ်ပြီး စစ်တပ်မှာ အသုံးပြုလို့ ရနိုင်မလား။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “ရနိုင်ပါတယ်။ ဒါပေမဲ့ ထိန်းချုပ်ရ အရမ်း ခက်ခဲပါတယ်။ မြင့်တဲ့နေရာကနေ အောက်ကို ခုန်ချမှပဲ ရမှာပါ။”
ဧကရာဇ်သည် အတန်ကြာ စဉ်းစားပြီးနောက် အမိန့်ပေးလိုက်သည်။ “ဒီဝတ်စုံကို ဖျက်ဆီးပစ်လိုက်ပါ။ ပြီးတော့ ဒီဝတ်စုံကို ဘယ်လို ဖန်တီးရမလဲ ဆိုတာနဲ့ ပတ်သက်တဲ့ ပုံစံကြမ်းတွေ ရှိရင်လည်း အကုန် ဖျက်ဆီးပစ်လိုက်ပါ။”
ယွင်ကျုံးဟဲ့က ဦးညွတ်၍ ပြန်ဖြေလိုက်၏။ “အမိန့်တော်အတိုင်းပါ။”
ဧကရာဇ်သည် ယွင်ကျုံးဟဲ့ကို ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်မိ၏။ ဤ အောက်ယွီသည် အဖေ ဖြစ်သူထက် အများကြီး ပို၍ စကားနားထောင်သူ တစ်ဦး ဖြစ်သည်။
အောက်ရှင်း၏ ခေါင်းမာသော စရိုက်မှာ အလွန် တစ်ကိုယ်ကောင်းဆန်လွန်းလှပြီး သူမှန်သည်ဟု ယူဆထားပါက ဧကရာဇ် ဝမ်ယွင်ကိုယ်တိုင် အပါအဝင် မည်သူကမှ သူ၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲနိုင်မည် မဟုတ်ချေ။
ဧကရာဇ်က အဘယ်ကြောင့် ဤဝတ်စုံကို ဖျက်ဆီးပစ်ခိုင်းပြီး လျှို့ဝှက်ချက် မပေါက်ကြားစေရန် တားမြစ်ရသနည်း။
အဘယ်ကြောင့်ဆိုသော် သူသည် ဤအရာကို ထိန်းချုပ်ရန် ခက်ခဲသည်ဟု ခံစားရသောကြောင့် ဖြစ်သည်။ အကယ်၍ လုပ်ကြံသူများက ဤကဲ့သို့သော လေဟုန်စီးဝတ်စုံကို ဝတ်ဆင်ကာ မြင့်မားသော နေရာမှ ပျံသန်းလာပြီး လုပ်ကြံသတ်ဖြတ်မှုများ ပြုလုပ်မည်ကို စိုးရိမ်သောကြောင့်ပင်။
သေချာပေါက် တာ့ကျိုးမြို့တော်တွင် တောင်မြင့်များ မရှိသောကြောင့် လုပ်ကြံသူများအတွက် ဤကဲ့သို့သော အခွင့်အရေးမျိုး ရရှိရန် ခက်ခဲသော်လည်း ကြိုတင် ကာကွယ်ထားရမည်သာ ဖြစ်သည်။
ထို့ကြောင့် ဤလေဟုန်စီးဝတ်စုံသည် စစ်ရေးအရ အထူး အသုံးဝင်မှု ရှိသော်လည်း ဧကရာဇ်က လုံးဝ ပိတ်ပင်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။
“အဲဒီ အောက်ချီက လူတွေကို ခေါ်ပြီး ထွက်သွားပြီလား။” ဧကရာဇ်က မေးလိုက်သည်။
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “ဟုတ်ပါတယ်။ သူ လူခြောက်သောင်းကို ခေါ်ပြီး ထွက်သွားပါပြီ။ ကျန်တဲ့ လူတွေကတော့ မလိုက်ချင်လို့ မြို့စားကြီး ကျိုးလုံဆီမှာ လက်နက်ချပြီး ကာကွယ်ရေးတပ်အဖြစ် ပြန်လည် တာဝန်ထမ်းဆောင်နေကြပါပြီ။”
ဧကရာဇ်က မေးလိုက်သည်။ “ဒီ အောက်ချီက လူတွေကို ခေါ်ပြီး ဘယ်ကို သွားတာလဲ။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “တောင်ပိုင်းရဲ့ အနောက်ဘက်မှာရှိတဲ့ တောနက်ကြီးထဲကို သွားပြီး လူရိုင်းတွေအဖြစ် ပြန်နေကြဖို့ပါ။”
ဧကရာဇ်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီး ဤကိစ္စနှင့် ပတ်သက်၍ မည်သည့်မှတ်ချက်မှ မပေးခဲ့ချေ။
“အောက်ယွီ... ကိစ္စတစ်ခုကို ကျုပ် ခင်ဗျားကို ရှင်းရှင်းလင်းလင်း ပြောပြရလိမ့်မယ်။”
ဧကရာဇ်က ပြောလိုက်၏။ “မင်း တောင်ပိုင်း ပုန်ကန်မှုကို နှိမ်နင်းနိုင်ခဲ့ပေမယ့် လုပ်ငန်းစဉ်တွေက အရမ်း အံ့ဩစရာ ကောင်းလွန်းနေတယ်။ ပြီးတော့ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားတွေ ပါဝင်ပတ်သက်နေလို့ မသမာသူတွေရဲ့ အသုံးချတာကို ခံရနိုင်တယ်။ ဒါကြောင့် ဒီကိစ္စကို လူသိရှင်ကြား ကြေညာလို့ မရဘူး။ ခင်ဗျားရဲ့ အကျိုးဆောင်မှုကို ကျုပ် သိပါတယ်။ ဧကရာဇ်ဟောင်းလည်း သိပါလိမ့်မယ်။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “မှန်လှပါ အရှင်မင်းမြတ်။”
ဤအကျိုးဆောင်မှုကို လူသိရှင်ကြား ကြေညာ၍ မရနိုင်ကြောင်းကို ယွင်ကျုံးဟဲ့ လည်း ရှင်းလင်းစွာ သိရှိထား၏။
ထိုသို့ ကြေညာလိုက်ပါက တောင်ပိုင်းတွင် အောက်မိသားစု မရှိလျှင် မဖြစ်ဘူး ဟူသော အချက်ကို လောကကြီးအား အသိပေးလိုက်သကဲ့သို့ ဖြစ်သွားမှာ ဖြစ်သည်။
ယခင်က အောက်ရှင်းက တောင်ပိုင်းကို အုပ်ချုပ်ခဲ့စဉ် ဒေသခံ အားလုံး ငြိမ်ဝပ်ပိပြားခဲ့ကြသည်။ ယခု တောင်ပိုင်းတွင် ပုန်ကန်မှု ဖြစ်ပွားချိန်မှာတော့ အောက်ရှင်း၏သားက သွားရောက်ကာ လူတစ်ယောက်တည်း၊ လျှာတစ်ချောင်းတည်းဖြင့် ပုန်ကန်မှုကို နှိမ်နင်းနိုင်ခဲ့၏။ ထိုသို့ဆိုလျှင် အောက်မိသားစုကို တောင်ပိုင်းမှာ ထာဝရ အုပ်ချုပ်ခွင့် ပေးရတော့မည်လား။
ဧကရာဇ်က ပြောလိုက်၏။ “ဒါကြောင့် ကိုယ်တော်က ကျိုးကျီကို တောင်ပိုင်းသို့ စေလွှတ်လိုက်တာပဲ။”
‘ဒုတိယမင်းသား ကျိုးကျီ... သူ တောင်ပိုင်းကို သွားတာလား။ ဖူယန်ထူကို တားဆီးဖို့၊ မြို့စားကြီး ကျိုးလုံရဲ့ နေရာကို အစားထိုးပြီး တောင်ပိုင်း စစ်သေနာပတိချုပ် ဖြစ်လာဖို့လား။’
ယွင်ကျုံးဟဲ့က ဦးညွတ်၍ ပြန်ဖြေလိုက်သည်။ “ကောင်းပါပြီ အရှင်မင်းမြတ်။”
…………………..