← Chapters

အခန်း (၃၈၁)

Vol. 39 Ch. 381

အခန်း (၃၈၁)

Vol. 39 Ch. 381

အသံကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် အဖွဲ့ဝင်များသည် ရွှီရန်၏အနားသို့ ချက်ချင်းပြန်စုလာကြပြီး အရပ်မျက်နှာအနှံ့မှ ထွက်ပေါ်လာသော အသံများကို နိုးနိုးကြားကြားဖြင့် အာရုံစိုက်လိုက်ကြသည်။

“တစ်ခုခု လှုပ်ရှားနေတယ်...”

“ဟုတ်တယ်... တစ်ခုခုတော့ လာနေပြီ။ လာတဲ့သူကလည်း ရန်လိုတဲ့ပုံပဲ...”

ကျားမလေးနှင့် အခြားသူများက တိုးတိုးလေးပြောရင်း တိုက်ပွဲအတွက် ပြင်ဆင်လိုက်ကြသည်။ ရွှီရန်ကတော့ ခပ်ဖွဖွလေးပြုံးရင်း လက်နှစ်ဖက်ကို နောက်ပစ်ကာ အေးအေးဆေးဆေးပင် ရပ်နေခဲ့သည်။

သွေးစွမ်းအင်တန်ဖိုး ရှစ်သန်းထက်မပိုသော လူတစ်ပိုင်း ဝက်တစ်ပိုင်း မိစ္ဆာအချို့မှာ သူ့အတွက်တော့ ဘာမှမဟုတ်ပေ။ သူသာ အလိုရှိလျှင် မျက်တောင်တစ်ခတ်အတွင်း အမှုန့်ချေပစ်နိုင်သည်။

သို့သော် ထိုလူဝက်မိစ္ဆာများကတော့ ထိုသို့မထင်ကြချေ။ သူတို့က ရွှီရန်တို့အဖွဲ့ကို အထင်သေးသော အကြည့်များဖြင့် ကြည့်ကာ “မင်းတို့က ဘယ်သူတွေလဲ ဘယ်ကလာတာလဲ ဘာလို့ ဒီကိုရောက်နေတာလဲ” ဟု ရန်လိုစွာ မေးလိုက်သည်။

ထိုအုပ်စု၏ ခေါင်းဆောင်ဖြစ်ဟန်တူသော တောဝက်မိစ္ဆာက အေးစက်စက်ဖြင့် စစ်ဆေးမေးမြန်းနေခြင်းပင်။

ကျားမလေးက မျက်မှောင်ကြုတ်သွားပြီး ရွှီရန်၏ မျက်လုံးအစုံမှာလည်း သတ်ဖြတ်လိုသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

ရွှီရန် ပြန်မဖြေရသေးခင်မှာပင် တောဝက်ခေါင်းဆောင်က လက်ကာပြလိုက်ပြီး “မင်းတို့ ဘယ်ကလာတာလဲဆိုတာ အရေးမကြီးဘူး။ ငါတို့ပိုင်တဲ့ ဒီလျှို့ဝှက်နယ်မြေထဲကနေ အခုချက်ချင်း ထွက်သွားကြ"

“ဒီနယ်မြေရဲ့ သခင်က ငါတို့ပဲ”

“အခြေအနေကို သိရင် အခုချက်ချင်း ထွက်သွားတာ ပိုကောင်းမယ်။ အကောင်းပြောနေတုန်း မသွားဘူးဆိုရင်တော့ ငါတို့က ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံရလိမ့်မယ်။ မင်းတို့ ကျင့်ကြံသူတွေရဲ့ အလောင်းတွေကို ဒီနတ်ဘုရားသစ်ပင်ကြီးတွေအောက်မှာ မြှုပ်လိုက်ရင် သစ်ပင်တွေအတွက်တော့ အားဆေးဖြစ်သွားမှာပေါ့...”

သူတို့၏ စကားများထဲတွင် ပုပ်စပ်စပ် အနံ့အသက်များနှင့်အတူ သူတို့သာ အင်အားအကြီးဆုံးဟု ယူဆထားသော မောက်မာမှုများ ပြည့်နှက်နေသည်။

ရွှီရန်က အနည်းငယ် အံ့အားသင့်သွားပြီး “ဒီလျှို့ဝှက်နယ်မြေက သူတို့က ဟုတ်လား ဟားဟား...”

ထိုစဉ် အပြာရောင်ဝတ်စုံဝတ် မိန်းကလေး ပေါ်လာပြီး “ဒီလျှို့ဝှက်နယ်မြေက ဟွာရှဘိုးဘေးတွေ ချန်ထားခဲ့တာပါ။ မင်းတို့လို တိရစ္ဆာန်တွေက ဒီနယ်မြေကို စောင့်ရှောက်ရတဲ့ အစောင့်အကြပ်တွေ၊ ဂူသင်္ချိုင်းစောင့်တွေနဲ့ ဘာမှမခြားဘူး။ အခုတော့ အရှင်သခင်လုပ်ဖို့ ကြံစည်နေတာလား”

ကျားမလေးကလည်း လှောင်ပြုံးပြုံးရင်း “ကြားတယ်မလား ဒါ ငါတို့ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ ရတနာတွေကွ"

တောဝက်ခေါင်းဆောင်က “လျှောက်ပြောမနေနဲ့” ဟု ပြန်အော်လိုက်သည်။

သူက အကြီးကျယ်ဆုံး ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ “သူတို့ဘိုးဘေးတွေက မျိုးတုံးသွားတာ ကြာလှပြီ။ ငါတို့က ဒီနယ်မြေထဲမှာ နှစ်ပေါင်းသန်းချီ နေလာတာ။ ငါတို့ကမှ တကယ့် အရှင်သခင်တွေ”

“ဒီနယ်မြေက ငါတို့ပိုင်တာ ဖြစ်သွားပြီ”

ထို့နောက် တောဝက်များ၏ ရှေ့တွင် အစီအရင်အချို့ ပေါ်လာခဲ့သည်။

“ဟင်”

ရွှီရန်မှာ ဇဝေဇဝါ ဖြစ်သွားသည်။ ဤအစီအရင်များကို သူ မြင်ဖူးသည်။ ၎င်းတို့မှာ မြေကမ္ဘာကြောရိုးပန်းပွင့်များ အိပ်မောကျရာနေရာကို နိုးထစေသော အစီအရင်များ ဖြစ်သည်။ တောဝက်များက ဤအစီအရင်များကို ပိုင်ဆိုင်ထားသည်ဆိုလျှင် ဤလျှို့ဝှက်နယ်မြေထဲတွင်လည်း မြေကမ္ဘာကြောရိုးပန်းပွင့် တစ်ပွင့်ရှိနေသည်ဟု ဆိုလိုခြင်းပင်။

တစ်ချိန်တည်းမှာပင် ဤအစီအရင်များကို မြင်လိုက်ရသောအခါ အပြာရောင်ဝတ်စုံဝတ် မိန်းကလေး၏ မျက်နှာမှာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားသည်။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ တိရစ္ဆာန်မျိုးနွယ်တွေက မြေကမ္ဘာကြောရိုးပန်းပွင့်ကို ဘယ်လိုလုပ် ထိန်းချုပ်နိုင်မှာလဲ”

အဖြေကို မစောင့်နိုင်ခင်မှာပင် ပတ်ဝန်းကျင် မြေပြင်မှ အပြာရောင် မြူခိုးတန်းများ ထွက်ပေါ်လာသည်။ ၎င်းမှာ မြေကမ္ဘာကြောရိုးပန်းပွင့်၏ စွမ်းအားပင် ဖြစ်သော်လည်း သန့်စင်မှုမရှိဘဲ မကောင်းဆိုးဝါးဆန်သော အငြိုးအတေးများနှင့် ညစ်ညမ်းမှုများ ရောယှက်နေသည်။

အပြာရောင်ဝတ်စုံဝတ် မိန်းကလေးက လန့်သွားပြီး “သူငယ်ချင်း... မင်း ဘယ်လိုဖြစ်လို့ တိရစ္ဆာန်မျိုးနွယ်တွေရဲ့ ခိုင်းစေမှုကို ခံနေရတာလဲ”

သူမ၏ စကားမှာ ထိုညစ်ညမ်းနေသော စွမ်းအားကို နိုးထစေခြင်း မရှိခဲ့ချေ။ ကြောက်မက်ဖွယ်ကောင်းသော နွယ်ပင်ကြီးများမှာ တစ်ခုပြီးတစ်ခု သူတို့ဆီသို့ ထိုးထွက်လာတော့သည်။

ထိုမြင်ကွင်းကို မြင်သောအခါ ရွှီရန်က လက်ကို ဝှေ့ယမ်းလိုက်ပြီး ဖျက်ဆီးခြင်း ဘေးဒဏ်သင့်အလင်းကို ထုတ်လွှတ်လိုက်သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် တိုက်ခိုက်လာသော နွယ်ပင်များအားလုံးမှာ ပြာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

မြေကမ္ဘာကြောရိုးပန်းပွင့်ကို ထိန်းချုပ်ထားသော တောဝက်များမှာ ထိုမြင်ကွင်းကို မြင်ပြီး ထိတ်လန့်သွားကြသည်။

“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ... မြေကမ္ဘာကြောရိုးရဲ့ စွမ်းအားကို ခုခံနိုင်တဲ့သူ ရှိနေတာလား”

“မင်းတို့လို ယုတ်မာတဲ့ လူသားတွေ... မြေကမ္ဘာကြောရိုးပန်းပွင့်ရဲ့ တိုက်ခိုက်မှုကို ခုခံရဲတယ်ပေါ့ ငါတို့ တိရစ္ဆာန်မျိုးနွယ်တွေက မင်းတို့ကို အဆုံးထိ လိုက်လံသတ်ဖြတ်မှာ”

“လူသားတွေ... မင်းတို့ ဒီနယ်မြေထဲက ထွက်သွားရင်တောင် ငါတို့က အဆုံးထိ လိုက်သတ်မှာကွ"

တောဝက်များက ကြုံးဝါးနေကြသည်။

ရွှီရန်က ခပ်နွေးနွေးလေး ပြုံးလိုက်ပြီး “ဟာသပဲ... မင်းတို့အားလုံး ဒီနေ့ သေရမယ်”

ရွှီရန် စကားပြောလိုက်သည်နှင့်အတူ သူ့လက်မောင်းကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ စက္ကူရုပနတ်စစ်သူကြီးငါးဆယ်မှာ လေဟာနယ်ထဲမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“စက္ကူရုပ်အနည်းငယ်နဲ့ ငါတို့ တိရစ္ဆာန်မျိုးနွယ်ရဲ့ လိုက်လံသတ်ဖြတ်မှုကို တားဆီးနိုင်မယ်လို့ ထင်နေတာလား အိပ်မက်ယောင်နေတာပဲ”

တောဝက်ခေါင်းဆောင်မှာ အမြင်ကျဉ်းသူဖြစ်ရာ သူ၏ယုံကြည်မှုများမှာ ဒီရေအလား တိုးတက်လာခဲ့သည်။ သွေးစွမ်းအင်တန်ဖိုး ရှစ်သန်းရှိသော ဖိအားကို ထုတ်လွှတ်လိုက်ပြီး ကိုယ်ပေါ်မှ စူးရှသောဆူးများကို ထောင်လျက် စက္ကူရုပ်များဆီသို့ တည့်တည့်မတ်မတ် ပြေးဝင်၍ တိုက်ခိုက်တော့သည်။

တောဝက်နောက်လိုက်လေးများမှာလည်း သူတို့ခေါင်းဆောင်၏ ရဲရဲတောက် တိုက်ခိုက်မှုကိုကြည့်ပြီး မျက်နှာများမှာ ပျော်ရွှင်မှုဖြင့် ပြည့်နှက်နေကြသည်။

“ခေါင်းဆောင်ကြီးရဲ့ ဆူးတွေက ဒီလျှို့ဝှက်နယ်မြေထဲမှာ အမာဆုံးပစ္စည်းတွေပဲ။ ပြီးတော့ အဲဒီမှာ အဆိပ်တွေလည်း ရှိတယ်။ ထိမိတာနဲ့ သေရုံပဲ"

“ခေါင်းဆောင်ကြီးသာ လုပ်လိုက်ရင် ဒီလူသားတွေကို အပြင်ကို မောင်းထုတ်နိုင်ပြီး လျှို့ဝှက်နယ်မြေကိုလည်း အေးချမ်းသွားစေမှာပါ"

“လူသားတွေက အကောင်းဆုံး သွေးအသားစာလို့ ငါကြားဖူးတယ်။ ငါလည်း မြည်းကြည့်ရမယ်"

နောက်လိုက်လေးများ ဆွေးနွေးနေကြစဉ်မှာပင် တောဝက်ကြီးမှာ စက္ကူရုပ်များဆီသို့ ရောက်ရှိသွားပြီဖြစ်သည်။

“ရွှမ်း”

စူးရှသော အသံတစ်သံ ပဲ့တင်ထပ်သွားပြီးနောက် ပြေးဝင်လာသော တောဝက်မိစ္ဆာကြီးမှာ မိုဓား၏ ဓားချက်အောက်တွင် နှစ်ပိုင်းပြတ်သွားတော့သည်။

သူတို့၏ခေါင်းဆောင် နှစ်ပိုင်းကွဲသွားသည်ကို မြင်လိုက်ရသောအခါ နောက်လိုက်လေးများမှာ မှင်သက်သွားကြသည်။

လျှို့ဝှက်နယ်မြေထဲတွင် တစ်ပွင့်တည်းသောပန်းအလား ဗိုလ်ကျစိုးမိုးနေသော သူတို့ခေါင်းဆောင်မှာ သာမန်စက္ကူရုပ်တစ်ခု၏ တစ်ချက်တည်းသော တိုက်ခိုက်မှုအောက်တွင် အသက်ပျောက်သွားရခြင်းပင်။

ယုံကြည်ရခက်သော်လည်း တောဝက်များမှာ လက်တွေ့ကို လက်ခံလိုက်ကြရသည်။

“အခြေအနေမဟန်တော့ဘူး ပြေးကြဟေ့”

“ပြေးကြ”

မျက်တောင်တစ်ခတ်အတွင်းမှာပင် တောဝက်များမှာ အရပ်မျက်နှာအသီးသီးသို့ ဦးတည်ကာ ထွက်ပြေးကြတော့သည်။

စက္ကူရုပ်များ၏ အင်အားနှင့်ဆိုလျှင် သူတို့ကို ဖမ်းဆီးရန်မှာ ခဏချင်းပင်ဖြစ်သော်လည်း ရွှီရန်က စက္ကူရုပ်များကို မလှုပ်ရှားရန် အမိန့်ပေးထားခဲ့သည်။

ကျားမလေးက ထိုမြင်ကွင်းကိုကြည့်ကာ မေးလိုက်သည်။

“အစ်ကို... စက္ကူရုပ်တွေကို ဘာလို့ လိုက်မဖမ်းခိုင်းတာလဲ”

ရွှီရန်က ရယ်မောရင်း “သူတို့ရဲ့ တိရစ္ဆာန်မျိုးနွယ်တွေ စုဝေးတဲ့နေရာအထိ ထွက်ပြေးခွင့်ပေးလိုက်တာပါ။ ဒါမှ နောက်နောင် အန္တရာယ်မဖြစ်အောင် အကုန်လုံးကို တစ်ပြိုင်တည်း အမြစ်ပြတ်ရှင်းပစ်လို့ရမှာ"

“မကြာခင်မှာ ကျင့်ကြံသူတွေ ဒီကို လာလေ့ကျင့်ကြတော့မယ်။ ဒီတိရစ္ဆာန်တွေက မြေကမ္ဘာကြောရိုးပန်းပွင့်ကို ထိန်းချုပ်နိုင်စွမ်းရှိတော့ အဆင့်တူကျင့်ကြံသူတွေကို အလွယ်တကူ သတ်နိုင်လိမ့်မယ်။ သူတို့ကို အကုန်ရှင်းပစ်လိုက်ရင် မြေကမ္ဘာကြောရိုးမှာ ပြဿနာရှိနေရင်တောင် အသုံးချမယ့်သူ မရှိတော့ဘူးပေါ့"

မကြာမီမှာပင် တောဝက်များမှာ သူတို့မျိုးနွယ်စု စုဝေးရာနေရာသို့ ကမူးရှူးထိုး ပြန်ရောက်သွားကြသည်။

သူတို့၏ ပြာပြာသလဲ အခြေအနေမှာ အခြားသော တိရစ္ဆာန်များ၏ အာရုံကို ချက်ချင်းပင် ဆွဲဆောင်သွားခဲ့သည်။

“ဘာဖြစ်လာတာလဲ”

“လူသားအချို့ ရောက်လာတယ်။ ငါတို့ခေါင်းဆောင်ကြီးလည်း အသတ်ခံလိုက်ရပြီ"

“လူသားတွေ ဟုတ်လား”

“လူသားတွေက မျိုးတုံးသွားတာ ကြာပြီမဟုတ်ဘူးလား ဘယ်လိုလုပ်ပြီး ရှိနေဦးမှာလဲ”

“လျှို့ဝှက်နယ်မြေရဲ့ အပြင်ဘက်ကနေ ရောက်လာတဲ့ လူသားတွေများလား”

ထွက်ပြေးလာသော တောဝက်များက သူတို့၏ သံသယများကို ဖြတ်ပြောလိုက်သည်။

“ရောက်လာတဲ့ လူသားတွေက အရမ်းစွမ်းတာပဲ။ သူတို့ဆင့်ခေါ်လိုက်တဲ့ အကောင်က ငါတို့ခေါင်းဆောင်ကို တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တာဗျ”

All Chapters