အခန်း (၃၈၂)
Vol. 39 Ch. 382
ဤစကားကြောင့် တိရစ္ဆာန်မျိုးနွယ်များအကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားရသည်။ ခေါင်းဆောင်ဖြစ်သူကို တစ်ချက်တည်းနှင့် သတ်နိုင်လျှင် သူတို့အား သတ်ရန်မှာ လက်
တစ်ဖျောက်စာမျှပင် မခက်ခဲတော့ဘူးဟု တွေးမိကာ ကြောက်ရွံ့တုန်လှုပ်သွားကြသည်။
ထိုသတင်းကို ကြားသည်နှင့် တိရစ္ဆာန်မျိုးနွယ်များသည် ထိုနေရာမှ တတ်နိုင်သမျှ အမြန်ဆုံး လွတ်မြောက်ရန် အရပ်ရပ်သို့ ထွက်ပြေးကြတော့သည်။
သို့သော် သူတို့ စတင်လှုပ်ရှားလိုက်သည်နှင့် အရှိန်အဝါကြီးမားသော စွမ်းအားများက သူတို့ကို ဝန်းရံပိတ်ဆို့လိုက်သည်။
ပြန်ရောက်လာခါစ တောဝက်ကြီးက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"သူတို့ လာနေပြီ သူတို့ ရောက်လာပြီ ငါတို့..."
သူ စကားမဆုံးခင်မှာပင် မိုဓားစစ်သည်တစ်ဦး၏ ခုတ်ချက်အောက်တွင် ခန္ဓာကိုယ်မှာ နှစ်ပိုင်းပြတ်သွားခဲ့ရသည်။ ချက်ချင်းဆိုသလိုပင် တိရစ္ဆာန်မျိုးနွယ်စုများ စုဝေးရာနေရာတစ်ခုလုံး၌ အော်ဟစ်ငိုယိုသံများ ပဲ့တင်ထပ်သွားတော့သည်။
နာရီဝက်အတွင်းမှာပင် တိရစ္ဆာန်မျိုးနွယ်စု၏ စုဝေးရာနေရာတစ်ခုလုံးကို စက္ကူရုပ်များက အစအနမကျန်အောင် ရှင်းလင်းလိုက်ပြီဖြစ်သည်။ ရွှီရန်သည် ထိုတိရစ္ဆာန်များအပေါ်၌ အနည်းငယ်မျှပင် ကရုဏာမထားပေ။
အပြာရောင်ဝတ်စုံဝတ် မိန်းကလေး၏ ပြောပြချက်အရ တိရစ္ဆာန်မျိုးနွယ်များ ဤလျှို့ဝှက်နယ်မြေထဲသို့ ဝင်ခွင့်ရခြင်းမှာ ယခင်ယဉ်ကျေးမှုခေတ်၏ ဘိုးဘေးများက သူတို့ကို မျိုးတုံးမည့်ဘေးမှ ကယ်တင်ခဲ့သော ကျေးဇူးကြောင့်ပင်။
သူတို့ကို နယ်မြေစောင့်များအဖြစ် ထားရှိခဲ့ခြင်းဖြစ်သော်လည်း ဤတိရစ္ဆာန်များမှာ ကျေးဇူးကန်းစွာဖြင့် နယ်မြေကို ကိုယ်ပိုင်အဖြစ် သိမ်းပိုက်ရုံတင်မက ရွှီရန်နှင့် သူ၏အပေါင်းအပါများကိုပါ သတ်ရန် ကြံစည်ခဲ့ကြသည်။
အကယ်၍ ရွှီရန်သာ အစွမ်းမထက်ခဲ့ပါက သွေးအိုင်ထဲတွင် လဲနေရမည့်သူမှာ သူတို့ပင် ဖြစ်ပေလိမ့်မည်။
မိုဓားစစ်သည်များက တိရစ္ဆာန်များကို ရှင်းလင်းနေစဉ် ရွှီရန်နှင့် သူ၏အဖော်များသည် မြေကမ္ဘာကြောရိုးပန်းပွင့်များ ရှိရာနေရာကို ရှာဖွေခဲ့ကြသည်။
အပြာရောင်ဝတ်စုံဝတ် မိန်းကလေးသည်လည်း မြေကမ္ဘာကြောရိုးပန်းပွင့်များကို တိရစ္ဆာန်များက မည်သို့ထိန်းချုပ်နိုင်ခဲ့သည်ကို နားမလည်နိုင်သော်လည်း ဇာစ်မြစ်တူသူများဖြစ်သဖြင့် ပန်းပွင့်များရှိရာသို့ အမြန်ပင် ရှာတွေ့ခဲ့ကြသည်။
အထဲသို့ ဝင်လိုက်သည်နှင့် ဝိညာဉ်စွမ်းအင်များ အဆက်မပြတ် ထုတ်လွှတ်နေသော မြေကမ္ဘာကြောရိုးပန်းပွင့်များကို မြင်တွေ့လိုက်ရသည်။
ကျားမလေးမှာ အံ့အားသင့်သွားပြီး "အစ်ကို... ဒီပန်းပွင့်တွေက ဘာလို့ ငါတို့ကို တိုက်ခိုက်မလာတာလဲ" ဟု မေးလိုက်သည်။
ရွှီရန်က "အရင်က ငါတို့ကို တိုက်ခိုက်တာက တိရစ္ဆာန်တွေက သူတို့ကို ထိန်းချုပ်ထားလို့ပါ။ အခုတော့ ထိန်းချုပ်တဲ့သူ မရှိတော့လို့ သူတို့မှာ တိုက်ခိုက်လိုစိတ် မရှိတော့တာပေါ့" ဟု ခန့်မှန်း
၍ ပြောလိုက်သည်။
"ဟင်"
ရွှီရန်က ငြိမ်သက်နေသော မြေကမ္ဘာကြောရိုးပန်းပွင့်များကို ကြည့်ကာ ဇဝေဇဝါ ဖြစ်သွားသည်။
"ဒါ ဘာကြီးလဲ"
အပြာရောင်ဝတ်စုံဝတ် မိန်းကလေးက "ရွှီရန်... တစ်ခုခု တွေ့လိုက်တာလား" ဟု မေးလိုက်သည်။
"ဟုတ်တယ်"
ရွှီရန်က ရှင်းပြသည်။
"ဒီပန်းပွင့်တွေက ညစ်ညမ်းနေသလိုပဲ။ ဒါပေမဲ့ ဒီညစ်ညမ်းမှုက ဂြိုဟ်ပြင်ပက ဖျက်ဆီးတဲ့ အမျိုးအစား မဟုတ်ဘဲ တစ်ခုခုနဲ့ ထိန်းချုပ်ထားသလိုမျိုး ဖြစ်နေတယ်"
အပြာရောင်ဝတ်စုံဝတ် မိန်းကလေးက မြေကမ္ဘာကြောရိုးပန်းပွင့်ကို လက်ဖြင့် ထိတွေ့ကြည့်ပြီးနောက် ခေါင်းညိမ့်ထောက်ခံလိုက်သည်။
"မှန်တယ် ဒီပန်းပွင့်တွေက တိရစ္ဆာန်မျိုးနွယ်တွေရဲ့ ညစ်ညမ်းစေမှုနဲ့ ထိန်းချုပ်မှုကို ခံထားရတာပဲ"
"အခုမှ ငါ သတိထားမိတာက ဒါတွေကလည်း မြေကမ္ဘာကြောရိုးပန်းပွင့်တွေပဲ ဆိုပေမဲ့ အသစ်ပေါက်လာတဲ့ ပန်းပွင့်လေးတွေပဲ။ အတိအကျ ပြောရရင် လျှို့ဝှက်နယ်မြေထဲက လူသားတွေ မျိုးတုံးသွားပြီးနောက်မှာမှ ပေါက်လာတဲ့ ပန်းပွင့်အသစ်တွေပေါ့"
"ဒီနယ်မြေကို စောင့်ရှောက်ရင်းနဲ့ တိရစ္ဆာန်တွေက ဒီအသစ်ပေါက်လာတဲ့ ကြောရိုးကို တွေ့သွားခဲ့တာ။ တိရစ္ဆာန်ဘိုးဘေးတွေက သူတို့ရဲ့ အလောင်းတွေကို ဒီကြောရိုးပေါ်မှာ မြှုပ်နှံခဲ့ကြတယ်။ နှစ်ပေါင်း သိန်းနဲ့ချီ ကြာလာတဲ့အခါမှာတော့ ဒီကြောရိုးက တိရစ္ဆာန်တွေရဲ့ အငွေ့အသက်တွေကို စုပ်ယူမိပြီး သူတို့နဲ့ ရင်းနှီးသွားခဲ့တာပေါ့။ နောက်ဆုံးမှာတော့ သူတို့က ဒါကို လက်နက်တစ်ခုလို ထိန်းချုပ်နိုင်လာတဲ့အထိပဲ"
ရွှီရန်က အနည်းငယ် အံ့အားသင့်သွားပြီး "သူတို့က မြေကမ္ဘာကြောရိုးကို ဒီလိုမျိုး ထိန်းချုပ်နိုင်တာလား" ဟု မေးလိုက်သည်။
မိန်းကလေးက ခေါင်းညိမ့်ပြသည်။
"ဟုတ်ပါတယ် ဒါပေမဲ့ ဖြစ်ပေါ်လာဖို့ အခြေအနေတွေကတော့ အတော်လေး ခက်ခဲတယ်။ ပထမဆုံးအနေနဲ့ လူသားတွေ မမျိုးတုံးခင်မှာ မြေကမ္ဘာကြောရိုး ဖြစ်ပေါ်နိုင်တဲ့ အခြေအနေတွေ ရှိနေရမယ်။ ပြီးတော့မှ ကြောရိုးက သေသွားပြီး လူသားတွေ မျိုးတုံးသွားရမယ်။ နောက်ဆုံးမှာတော့ အသစ်ပြန်ပေါက်လာတဲ့ ကြောရိုးကို နှစ်ပေါင်း သိန်းနဲ့ချီပြီး အချိန်ယူရတာပါ"
"ဒါ့အပြင် ဒီနည်းလမ်းကို သုံးပြီး တိရစ္ဆာန်မျိုးနွယ်သီးသန့် ကြောရိုးကို ရနိုင်တယ်ဆိုပေမဲ့ အန္တရာယ်ကတော့ ကြီးမားတယ်။ လျှို့ဝှက်နယ်မြေထဲကို လူသားတွေ ပြန်ရောက်လာတာနဲ့ ကြောရိုးမှာ ကပ်ငြိနေတဲ့ တိရစ္ဆာန်အငွေ့အသက်တွေက သဘာဝအတိုင်း သန့်စင်သွားမှာဖြစ်သလို တိရစ္ဆာန်တွေလည်း ကြောရိုးရဲ့ ပြန်လည်တိုက်ခိုက်မှုကို ခံရပါလိမ့်မယ်"
သန့်စင်ခြင်း……
ရွှီရန်သည် ထိုစကားလုံးကို ဖမ်းဆုပ်လိုက်သည်။
"အကယ်လို့... မြေကမ္ဘာကြောရိုးကို ပုံမှန်အတိုင်း ပြန်ဖြစ်သွားအောင် သန့်စင်ပေးဖို့ လိုအပ်
တယ်ဆိုရင် ငါ့ရဲ့ ကရုဏာတော် အစီအရင်ကရော အဲဒီလိုမျိုး အကျိုးသက်ရောက်မှု ရှိနိုင်ပါ့မလား..."
ရွှီရန်က မေးလိုက်သည်။
"ဒီကြောရိုးက သဘာဝအတိုင်း သန့်စင်သွားမှာဆိုရင် ငါ့ရဲ့ ကရုဏာတော် အစီအရင်ကကောအချိန်တိုအတွင်းမှာ သန့်စင်ပေးပြီး ပုံမှန်အတိုင်း ပြန်ဖြစ်အောင် ကူညီပေးနိုင်မလား"
အပြာရောင်ဝတ်စုံဝတ် မိန်းကလေး၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ဝိုင်းစက်သွားပြီး "သေချာပေါက် ဖြစ်နိုင်တာပေါ့"
"မင်းရဲ့ ကရုဏာတော် အစီအရင်က ဂြိုဟ်ပြင်ပက ညစ်ညမ်းမှုတွေကိုတောင် သန့်စင်ပေးနိုင်တာပဲ။ တိရစ္ဆာန်တွေရဲ့ အငွေ့အသက်လောက်ကတော့ သေချာပေါက် အလုပ်ဖြစ်မှာပါ"
"အလုပ်ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ တစ်ချက်လောက်တော့ စမ်းကြည့်တာပေါ့"
ရွှီရန်က ပြောလိုက်တော့သည်။
စကားအဆုံးတွင် လက်တွေ့လုပ်ရပ်က ချက်ချင်းပင် နောက်ကွယ်မှ လိုက်လာခဲ့သည်။
ရွှီရန်သည် ကျွမ်းကျင်ပိုင်နိုင်သော လက်အချက်အပြတ်များဖြင့် အစီအရင်သင်္ကေတကို ရေးထွဲလိုက်ရာ ခဏချင်းမှာပင် ကရုဏာတော် အစီအရင်ကြီးသည် အောင်မြင်စွာ ထွက်ပေါ်လာခဲ့သည်။
ထိုခဏ၌ပင် မြေကမ္ဘာကြောရိုးများပေါ်တွင် ကပ်ငြိနေသော တိရစ္ဆာန်မျိုးနွယ်တို့၏ ညစ်ညမ်းမှုအငွေ့အသက်များက အစအနပင် မကျန်တော့ဘဲ လုံးဝဥဿုံ သန့်စင်သွားတော့သည်။
"အောင်မြင်သွားပြီ"
အပြာရောင်ဝတ်စုံဝတ် မိန်းကလေးမှာ အလွန်အမင်း ဝမ်းသာသွားသည်။
နောက်တစ်စက္ကန့်တွင်တော့ သူတို့ရှေ့မှောက်၌ အပြာရောင်အရိပ်တစ်ခု ပေါ်ထွက်လာပြီး ရွှီရန်အား ကျေးဇူးတင်သောအားဖြင့် အရိုအသေပြုကာ ဂါရဝပြုလိုက်သည်။
"မြေကမ္ဘာကြောရိုးရဲ့ ညစ်ညမ်းမှုတွေကို သန့်စင်ပေးခဲ့တဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ ကျွန်မတို့ မြေကမ္ဘာကြောရိုး မျိုးနွယ်စုအနေနဲ့ ရှင်ပေးခဲ့တဲ့ ကျေးဇူးကို ပြန်ဆပ်ဖို့ရာ ဘာမှမရှိပါဘူး..."
ဤအပြာရောင်အရိပ်မှာ မြေကမ္ဘာကြောရိုး၏ ဝိညာဉ်ကိုယ်ထည်ပင်။
အပြာရောင်ဝတ်စုံဝတ် မိန်းကလေးက မိတ်ဆက်ပေးသည်။
"သူမက ဒီလျှို့ဝှက်နယ်မြေရဲ့ မြေကမ္ဘာကြောရိုး ဝိညာဉ်ကိုယ်ထည်ပဲ။ ငါတို့ မြေကမ္ဘာကြောရိုးပန်းပွင့်တွေနဲ့ မျိုးနွယ်တူပေါ့"
ထို့နောက်တွင်တော့ ထိုဝိညာဉ်ထံမှတစ်ဆင့် သူမသည် အမှန်စင်စစ်အားဖြင့် ယခင်ယဉ်ကျေးမှုခေတ်က ဘိုးဘေးများ ချန်ထားရစ်ခဲ့သည့် နဂါးကြောရိုးဖြစ်ကြောင်း သိရှိလိုက်ရသည်။ သို့သော် လျှို့ဝှက်နယ်မြေအတွင်း၌ လူသားများ မျိုးတုံးသွားပြီးနောက် ပြင်ပမှ လူသားများ ဝင်ရောက်လာရန် ကြန့်ကြာနေခဲ့သည့် နှစ်ကာလများစွာအတွင်း သူမသည် ဝေဝေဝါးဝါးဖြစ်လာကာ နောက်ဆုံးတွင် ကိုယ့်ကိုကိုယ် အိပ်မောကျစေရန် ဖန်တီးခဲ့ရခြင်းပင်။
သို့သော်လည်း လျှို့ဝှက်နယ်မြေကို စောင့်ရှောက်ရန် တိရစ္ဆာန်မျိုးနွယ်များ ရှိနေသေးသောကြောင့် သူမသာ အိပ်ပျော်သွားပါက လျှို့ဝှက်နယ်မြေအတွင်းရှိ အသက်ဓာတ်များ ခမ်းခြောက်သွားပြီး နယ်မြေစောင့် တိရစ္ဆာန်များပါ သေကျေပျက်စီးသွားပေလိမ့်မည်။ ထို့ကြောင့် သူမ၏ မသိစိတ်က ကြောရိုးခက်မတစ်ခုကို ခွဲထုတ်ပေးခဲ့သည်။ တိုက်ဆိုင်မှုတစ်ခုကြောင့် ထိုခက်မကို တိရစ္ဆာန်မျိုးနွယ်တို့က တွေ့ရှိသွားပြီး ယခုအချိန်အထိ သူတို့၏ ထိန်းချုပ်မှုအောက်တွင် ရောက်ရှိနေခဲ့ခြင်းပင်။
"ရှင်တို့သာ လျှို့ဝှက်နယ်မြေထဲကို ဝင်မလာခဲ့ရင် လူသားတွေရဲ့ အရှိန်အဝါက ကျွန်မကို အိပ်စက်ရာကနေ နိုးမလာစေခဲ့ရင် ပြီးတော့ ညစ်ညမ်းမှုတွေကိုသာ သန့်စင်မပေးခဲ့ရင် ကျွန်မ နိုးထလာဖို့ နောက်ထပ် ဆယ်စုနှစ်ပေါင်းများစွာ ကြာဦးမှာပါ"
မြေကမ္ဘာကြောရိုးဆိုသည်မှာ သန့်စင်ခြင်း၏ ပြယုဂ်ဖြစ်ရာ ညစ်ညမ်းမှုများက သူတို့၏ စွမ်းဆောင်ရည်ကို ကျဆင်းစေသည်။
အခက်လေးတစ်ခု၌သာ ညစ်ညမ်းမှုဖြစ်ခဲ့သော်လည်း ပြန်လည်ကောင်းမွန်လာရန်မှာ အချိန်များစွာ လိုအပ်လှသည်။
အကြောင်းမှာ ဤလျှို့ဝှက်နယ်မြေရှိ မြေကမ္ဘာကြောရိုးများတွင် ရွှီရန် ရေးထွဲပေးခဲ့သည့် အစီအရင်များကဲ့သို့ စွမ်းအားမျိုး မရှိသောကြောင့်ပင်။
လူတိုင်းက ထိုစကားများကို စဉ်းစားနေစဉ်မှာပင် ကျူးယွီဟန်၏ အချိန်ကာလ အရိုးအဆစ်သည် တစ်စုံတစ်ခုသော အရှိန်အဝါ၏ ဆွဲဆောင်မှုကို ရုတ်တရက် ခံလိုက်ရပြီး သူမသည် မသိစိတ်ဖြင့် အပြင်ဘက်သို့ စတင်လမ်းလျှောက်သွားတော့သည်။
ရွှီရန်က သူမ၏ ထူးဆန်းသော အမူအရာကို သတိပြုမိပြီး မေးလိုက်သည်။
"ယွီဟန်... ဘာဖြစ်လို့လဲ"
ကျူးယွီဟန်က ခေတ္တမျှ စဉ်းစားပြီးမှ ရှင်းပြသည်။ ရ"ကျွန်မလည်း မသိဘူး။ ဒါပေမဲ့ ဟိုဘက်မှာ တစ်ခုခုက ကျွန်မကို အရမ်းဆွဲဆောင်နေသလိုပဲ။ မသိစိတ်ကနေ အဲဒီကို သွားချင်နေမိတယ်..."
ကျူးယွီဟန်ကို ဆွဲဆောင်နေတဲ့ အရာတစ်ခု ရှိနေတာလား။
ထူးဆန်းသည်မှာ ရွှီရန်က သူမအား ပေးထားခဲ့သည့် ရတနာမှာလည်း အရည်အသွေးမြင့်ပြီး အလွန်ရှားပါးသော အရာဖြစ်ရာ ယခုကဲ့သို့ ထပ်မံဖြစ်ပွားလာခြင်းမှာ ထူးခြားလှသည်။
"အဲဒီဘက်မှာ တစ်ခုခု ရှိနေလို့လား"
ရွှီရန်က မြေကမ္ဘာကြောရိုး ဝိညာဉ်ကို မေးလိုက်သည်။
ဝိညာဉ်က ခေတ္တမျှ စဉ်းစားပြီးနောက် တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်ဖြင့် ကျူးယွီဟန်အနားသို့ ချဉ်းကပ်သွားကာ "မင်းက အချိန်ကာလကို ထိန်းချုပ်နိုင်တာလား" ဟု မေးလိုက်သည်။
ကျူးယွီဟန်က ခေါင်းညိမ့်ပြရင်း "ကျွန်မရဲ့ အရိုးအဆစ်က အချိန်ကာလ အရိုးအဆစ်ပါ။ အခုလောလောဆယ် ကျွန်မရဲ့ စွမ်းအားက နိမ့်ပါးနေပြီး ထိန်းချုပ်နိုင်စွမ်းက အနည်းငယ်ပဲ ရှိသေးပေမဲ့ အချိန်ကာလ စွမ်းအားတော့ ရှိပါတယ်" ဟု ပြောလိုက်သည်။
ဝိညာဉ်က ခေါင်းညိမ့်လိုက်ပြီး "ဒါဆိုရင်တော့ ဟုတ်ပြီ..."
ကျားမလေးက စူးစမ်းလိုစိတ်ဖြင့် "ဟိုမှာ ဘာရှိလို့လဲ" ဟု မေးလိုက်သည်။
ဝိညာဉ်က ချက်ချင်း ရှင်းမပြဘဲ "ကျွန်မနောက်ကို လိုက်ခဲ့ကြပါ" ဟုသာ ပြောလိုက်သည်။
ရွှီရန်က အပြာရောင်ဝတ်စုံဝတ် မိန်းကလေးကို ကြည့်ကာ သဘောထားတောင်းခံလိုက်သည်။
"သွားကြတာပေါ့ အဆင်ပြေပါတယ်"
သူမကိုယ်တိုင်လည်း မြေကမ္ဘာကြောရိုးပန်းပွင့် ဖြစ်သည်နှင့်အညီ ဤဝိညာဉ်၌ ရန်လိုမှု မရှိသည်ကို သူမ သိသည်။
အာမခံချက် ရသည်နှင့် အဖွဲ့သားများမှာ ဝိညာဉ်နောက်သို့ လိုက်ပါသွားကြသည်။ မကြာမီမှာပင် ကျောက်တံခါးတစ်ချပ်ဖြင့် ပိတ်ဆို့ထားသော ဂူဝတစ်ခုသို့ ရောက်ရှိလာကြသည်။ သူတို့ ရပ်လိုက်သည်နှင့် ကျူးယွီဟန်မှာ ထိုကျောက်တံခါးဆီသို့ စိတ်အားထက်သန်စွာ တိုးကပ်သွားတော့သည်။
"ဒီမှာပဲ... အထဲမှာ ရှိနေတဲ့ တစ်ခုခုက ကျွန်မအတွက် အရမ်းအရေးကြီးတယ်လို့ ခံစားနေရတယ်"
ထို့နောက်တွင်တော့ မြေကမ္ဘာကြောရိုး ဝိညာဉ်က ကျောက်တံခါးကို ဖွင့်ပေးလိုက်သည်။ အထဲသို့ ဝင်လိုက်သည်နှင့် အခန်းတစ်ခန်းစာမျှ ကြီးမားသော ကျောက်မျက်ရတနာကြီးတစ်ခု ဂူအတွင်း၌ တည်ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။
"ဒါ... ဒါက အချိန်ကာလ ကျောက်မျက်ပဲ"
ကျူးယွီဟန်မှာ အံ့ဩလွန်း၍ မှင်သက်သွားရသည်။
"အချိန်ကာလ ကျောက်မျက်ဟုတ်လား"
"ဒါက အချိန်ကာလ ကျောက်မျက်လား ကြီးလိုက်တာ... အစ်ကို အရင်တစ်ခါ ယူလာပေးတဲ့ တစ်ခုထက် ဆယ်ဆလောက်တောင် ပိုကြီးနေတာပဲ"
အပြာရောင်ဝတ်စုံဝတ် မိန်းကလေးက ခေါင်းညိမ့်၍ ထောက်ခံသည်။
"ဟုတ်တယ် ဒါ အချိန်ကာလ ကျောက်မျက်ပဲ"
ထို့နောက် သူမက ကျူးယွီဟန်ကို ကြည့်ရင်း လူတိုင်းကို ရှင်းပြသည်။
"အချိန်ကာလကို ထိန်းချုပ်နိုင်စွမ်းရှိတဲ့ ကျင့်ကြံသူတွေဆိုတာ အရမ်း ရှားပါးတယ်။ ဒါပေမဲ့ ပေါ်ထွက်လာတဲ့ အခါတိုင်းမှာလည်း အံ့အားသင့်ဖွယ် ကောင်းလောက်အောင် အခြေအနေတွေကို ပြောင်းပြန်လှန်ပစ်နိုင်စွမ်း ရှိကြတယ်။ ဒါကြောင့်လည်း ရှင်တို့ရဲ့ အရင်ယဉ်ကျေးမှုခေတ်က ဘိုးဘေးတွေက နောင်လာနောက်သားတွေအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ဒီလို အချိန်ကာလ ကျောက်မျက်မျိုးကို ရည်ရွယ်ချက်ရှိရှိ ချန်ထားရစ်ခဲ့တာ ဖြစ်မှာပေါ့"
ရွှီရန်မှာ လေးစားကြည်ညိုစိတ်များဖြင့် ပြည့်နှက်သွားကာ "ဒါဆို ဒီလျှို့ဝှက်နယ်မြေကို ချန်ထားခဲ့တာ ငါတို့ရဲ့ ဘိုးဘေးတွေပေါ့လေ။ ဘယ်ခေတ်က ဘိုးဘေးတွေလဲမသိဘူး"
မိန်းကလေးက ခေါင်းခါပြသည်။
"ငါလည်း မသိဘူး ဘာသတင်းအချက်အလက်မှ ချန်မထားခဲ့ဘူးလေ..."
"ဖြစ်နိုင်တာကတော့ ညစ်ညမ်းမှုတွေက ဒီနေရာကို ရှာမတွေ့နိုင်အောင်လို့ သတင်းအစအနလေးတောင် မကျန်ရစ်အောင် လုပ်ခဲ့တာ ဖြစ်မှာပါ..."
လူတိုင်းမှာလည်း ဘိုးဘေးများအပေါ် လေးစားအားကျစိတ်များ မဖြစ်ဘဲ မနေနိုင်ကြတော့ချေ။
"ငါတို့ ဘိုးဘေးတွေက... တကယ်ကို..."
မိန်းကလေးက "အရမ်းကို စဉ်းစားပေးလွန်းတယ် ဟုတ်တယ်မလား"
"ဟုတ်ပါတယ်"
ရွှီရန်၏ မျက်လုံးများမှာ တောက်ပလာပြီး "ဘိုးဘေးတွေရဲ့ လက်ဆောင်ကို အလဟဿ အဖြစ်မခံနိုင်ဘူး။ ယွီဟန်လေး... သွားတော့ အဲဒါကို စုပ်ယူလိုက်တော့။ ဒါကို စုပ်ယူနိုင်ရင် မင်းအတွက် အကျိုးကျေးဇူးတွေက အတိုင်းအဆ မရှိနိုင်ဘူး"
ကျူးယွီဟန်၏ မျက်လုံးများမှာလည်း မျှော်လင့်ချက်များဖြင့် တောက်ပလျက် "ကောင်းပါပြီ" ဟု ပြန်ထူးလိုက်တော့သည်။