← Chapters

အခန်း (၃၈၉)

Vol. 39 Ch. 389

အခန်း (၃၈၉)

Vol. 39 Ch. 389

ကျောင်းအုပ်ကြီးသည် ထိုစကားကို ကြားပြီးနောက် ခေါင်းငုံ့ကာ စဉ်းစားခန်း ဝင်သွားတော့သည်။

ရွှီရန် ပြောပုံအရဆိုလျှင် ဤလျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်နိုင်မည့် နတ်ဘုရားသတ်အဖွဲ့ဟူ၍ အနည်းငယ်သာ ရှိပြီး ထိုအဖွဲ့များမှာလည်း လက်ရှိတွင် နတ်ဘုရားတစ်ပိုင်း မူကြို၌ လေ့ကျင့်နေကြဆဲပင်။

"ဒီဆယ်ရက်အတွင်း မင်းတို့အားလုံး တကယ်ကို ပင်ပန်းသွားကြပြီ။ အခုတော့ နတ်ဘုရားတစ်ပိုင်း မူကြိုဆီ အရင်ပြန်ကြပါဦး။ မင်းတို့ရဲ့ မိဘတွေလည်း မျှော်နေကြလောက်ပြီ"

"ဟုတ်ကဲ့"

မကြာမီမှာပင် အားလုံးသည် နတ်ဘုရားတစ်ပိုင်း မူကြိုသို့ ပြန်ရောက်လာကြသည်။ ကျောင်းထဲသို့ ဝင်ဝင်ချင်းမှာပင် ရွှီရန်၏ အသိဟောင်းများဖြစ်သော မီးငရဲ နတ်ဘုရားသတ်

အဖွဲ့နှင့် ဆုံတော့သည်။

လျိုရန်သည် ရွှီရန် ပြန်လာသည်ကို မြင်သောအခါ "ရွှီရန်... မတွေ့တာ ကြာပြီနော်" ဟု လှမ်းနှုတ်ဆက်လိုက်သည်။

"နေကောင်းလား... ခေါင်းဆောင်လျို"

လျိုရန်သည် ရွှီရန်၏ နောက်ကွယ်မှ အဖွဲ့သားများကို ကြည့်လိုက်ပြီး "ဒါ မင်းရဲ့ နတ်ဘုရားသတ်အဖွဲ့ပေါ့လေ မင်းမပါဘဲနဲ့တောင် လက်တွေ့တိုက်ပွဲ လေ့ကျင့်ခန်းမှာ ရမှတ် ၁.၅ သန်း ရခဲ့တယ်ဆိုတော့ တကယ့်ကို ထူးချွန်တဲ့သူတွေပဲ။ မင်းနဲ့ အဖွဲ့ဖွဲ့နိုင်တဲ့သူတွေဆိုတာ ပါရမီရှင်ထဲက ပါရမီရှင်တွေပဲ ဖြစ်ရမယ်" ဟု ချီးကျူးလိုက်သည်။

လျိုရန်သည် အံ့ဖွယ်အဖွဲ့၏ ကျင့်ကြံမှုအဆင့်ကို စူးစမ်းကြည့်ရန် ပြင်လိုက်သည်။ သို့သော် သူမြင်လိုက်ရသည့် အရာကြောင့် လျိုရန်မှာ ဆွံ့အသွားတော့သည်။

သူ့ရှေ့တွင် ရှိနေသော အံ့ဖွယ်အဖွဲ့ဝင် အားလုံးမှာ ယွဲ့အဆင့်ပညာရှင်များ ဖြစ်နေကြပြီး ရွှီရန်မှာမူ သူတို့နှင့်ပင် နှိုင်းယှဉ်၍ မရနိုင်လောက်အောင် အစွမ်းထက်နေသည်။

"ရွှီ... ရွှီရန်... ဒါ တကယ်ပဲ မင်းရဲ့ အဖွဲ့ဝင်တွေလား"

လျိုရန်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ရွှီရန်က အသာအယာ ပြုံးပြလိုက်ကာ "ဘယ်လိုလဲ မဆိုးဘူးမလား" ဟု မေးလိုက်သည်။

မီးငရဲအဖွဲ့မှ အေးတိအေးစက်နိုင်သော အစ်မကြီး ရှောင်ရွှီက ရှေ့သို့ တိုးလာပြီး "ရွှီရန်နဲ့ အဖွဲ့ဖွဲ့ထားတယ်ဆိုမှတော့ သူတို့ရဲ့ ကျင့်ကြံမှုကလည်း နိမ့်မှာ မဟုတ်ဘူးပေါ့" ဟု ပြောကာ အံ့ဖွယ်အဖွဲ့ကို အာရုံခံကြည့်လိုက်သည်။

သူမသည် ရွှီရန်နှင့် အဖွဲ့သားများကို ကြည့်ကာ မျက်လုံးအဝိုင်းသား ဖြစ်သွားတော့သည်။

"မင်းတို့က ဘယ်လို မိစ္ဆာတွေလဲ အသက်က ဘယ်လောက်ပဲ ရှိသေးတာလဲ။ မူကြိုတောင် မဆင်းရသေးဘူး... အားလုံးက ယွဲ့အဆင့်ကို ရောက်နေကြပြီလား"

"ဘာ ယွဲ့အဆင့် ဟုတ်လား"

"မဖြစ်နိုင်တာ... အခုကတည်းက ယွဲ့အဆင့် ရောက်နေပြီလား"

"ရွှီရန်က ယွဲ့အဆင့်ဆိုတာကတော့ လက်ခံလို့ရပါသေးတယ်။ ဒါပေမဲ့ သူ့အဖွဲ့သားတွေ အားလုံးပါ ယွဲ့အဆင့် ဖြစ်နေတာလား"

ပတ်ဝန်းကျင် တစ်ခုလုံးမှ အံ့ဩတုန်လှုပ်သံများ ထွက်ပေါ်လာသည်။ နတ်ဘုရားတစ်ပိုင်း မူကြိုသို့ အသစ်ရောက်လာသော ကျောင်းသားများသည်လည်း မီးငရဲအဖွဲ့၏ အော်ဟစ်သံများကို ကြားရသဖြင့် ရွှီရန်တို့အုပ်စုထံသို့ လှမ်းကြည့်ကြကုန်သည်။

ကျောင်းအုပ်ကြီး ခေါ်ထားသော နတ်ဘုရားအဆင့်အဖွဲ့များသည်လည်း ရောက်ရှိလာကြသည်။ မီးငရဲအဖွဲ့၏ အာမေဍိတ်သံများကို ကြားလိုက်ရချိန်တွင် သူတို့အားလုံး ဆွံ့အသွားကြသည်။ အံ့ဖွယ်အဖွဲ့ တစ်ဖွဲ့လုံး ယွဲ့အဆင့် ဖြစ်သွားပြီလား။

ရွှီရန်မှာ ယွဲ့အဆင့်ဖြစ်ပြီး နတ်ဘုရားအဆင့် သတ္တဝါများကိုပင် သတ်နိုင်သည်ကို အားလုံး သိကြသည်။ သို့သော် ကျန်းလျိုလီ၊ ကျူးယွီဟန်၊ နင်ရွှမ်၊ ကွမ်းရှင်းနှင့် ထန်ချီချီတို့၏ ကျင့်ကြံမှုမှာ ယခင်က သူတို့နှင့် အတူတူပင်ဖြစ်ပြီး သွေးစွမ်းအင် နှစ်သိန်း၊ သုံးသိန်းဝန်းကျင်သာ ရှိခဲ့ခြင်းပင်။

သူတို့၏ တိုက်ခိုက်ရေးအာရုံနှင့် နတ်ဘုရားစွမ်းရည်များကသာ အနိုင်ရရန် ခက်ခဲစေခဲ့ခြင်းပင်။ အနည်းဆုံးတော့ ကျင့်ကြံမှုအရှိန်မှာ တူညီနေခဲ့သည်။

ယခုမူ သူတို့ ဆယ်ရက်မျှ ပျောက်ကွယ်သွားပြီးမှ ပြန်ပေါ်လာချိန်တွင် သွေးစွမ်းအင်မှာ တစ်သန်းသို့ တိုက်ရိုက် ရောက်ရှိသွားကြသည်။ ဤကွာဟချက်ကြီးက လူတိုင်း၏ စဉ်းစားဉာဏ်ကို ခဏချင်းမှာပင် ရပ်တန့်သွားစေခဲ့သည်။

ရွှီရန်က လက်ကာပြလိုက်ပြီး "ကျွန်တော်တို့ ကံကောင်းလို့ အခွင့်အလမ်းလေး တစ်ခုနဲ့ ကြုံခဲ့ရရုံပါ" ဟု နှိမ့်ချစွာ ပြောလိုက်သည်။

သို့သော် ယခုအချိန်တွင်မူ လူတိုင်းက ရွှီရန်ကို နှိမ့်ချလွန်းသည်ဟုသာ ထင်နေကြတော့သည်။

"ဘယ်လို အခွင့်အလမ်းလဲ ငါတို့ကိုလည်း အဲဒီလို အခွင့်အလမ်းမျိုးနဲ့ ကြုံအောင် လုပ်ပေးပါဦး"

လျိုရန်က ပြောလိုက်သည်။

"မင်းတို့က နတ်ဘုရားအဆင့်အဖွဲ့လား"

ကျောင်းအုပ်ကြီးက မေးလိုက်သည်။

"မဟုတ်ပါဘူး"

"ဒါဆိုရင်တော့ ဒီအခွင့်အလမ်းက မင်းတို့နဲ့ မဆိုင်ဘူး"

ကျောင်းအုပ်ကြီး၏ စကားကြောင့် ရောက်ရှိနေသော နတ်ဘုရားအဆင့်အဖွဲ့များ၏ မျက်လုံးများမှာ ချက်ချင်းပင် တောက်ပလာတော့သည်။

ကျောင်းအုပ်ကြီးက သူတို့ကို အရေးတကြီး ခေါ်လိုက်ခြင်းမှာ ဤကဲ့သို့ ကြီးမားသော အခွင့်အလမ်းအတွက် ဖြစ်နေခြင်းပင်။

လျိုရန်က ပတ်ဝန်းကျင်ရှိ နတ်ဘုရားအဆင့်အဖွဲ့များကို လှမ်းကြည့်လိုက်ပြီး "ငါတော့ လူရွေးချယ်ထားတဲ့ အထူးအဖွဲ့တွေကြားထဲ ရောက်နေသလိုပဲ။ ထားလိုက်ပါတော့... ရမှာမဟုတ်တဲ့ အခွင့်အလမ်းအကြောင်း ကြားနေရတာထက်စာရင် သွားတာပဲ အေးပါတယ်" ဟု ဆပြောကာ သူ၏ အဖွဲ့သားများကို ခေါ်ဆောင်၍ ထွက်ခွာသွားတော့သည်။

ထို့နောက် ကျောင်းအုပ်ကြီးက ရောက်ရှိနေသော နတ်ဘုရားအဆင့်အဖွဲ့ အားလုံးကို ကြည့်လိုက်ပြီး "နတ်ဘုရားအဆင့်အဖွဲ့ အားလုံး နားထောင်ကြ... အခု ရွှီရန်က မင်းတို့အတွက် ကြီးမားတဲ့ အခွင့်အလမ်းတစ်ခုကို ပေးအပ်တော့မှာပါ" ဟု ကြေညာလိုက်လေတော့သည်။

"ဒီလျှို့ဝှက်နယ်မြေက အရင်ကမ္ဘာဦးယဉ်ကျေးမှုခေတ်က ကျန်ရစ်ခဲ့တဲ့ လေ့ကျင့်ရေးကွင်းတစ်ခုပဲ။ အထဲမှာ အခွင့်အလမ်းမျိုးစုံ ရှိနေတယ်"

"အံ့ဖွယ်အဖွဲ့က အခုတင် လျှို့ဝှက်နယ်မြေထဲက ပြန်ထွက်လာတာ။ အဖွဲ့သားအားလုံး ယွဲအဆင့်ကို ရောက်သွားကြပြီ"

ထိုစကားကို ကြားလိုက်ရချိန်တွင် နတ်ဘုရားအဆင့်အဖွဲ့အားလုံးမှာ အံ့ဖွယ်အဖွဲ့ကို မနာလိုဝန်တိုမှု၊ တောင့်တမှုတို့ဖြင့် ငေးကြည့်နေကြတော့သည်။

ရွှီရန်မှလွဲ၍ ကျန်အဖွဲ့သားများသည် လူအုပ်ကြီး၏အကြည့်ကို ခံစားရင်း ရင်ကိုပင့်ကာ ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေကြသည်။

“အံ့ဖွယ်အဖွဲ့ရဲ့ စူးစမ်းချက်အရ လျှို့ဝှက်နယ်မြေထဲဝင်ဖို့ အခြေအနေအချို့ လိုအပ်တယ်။ အဲဒီထဲမှာ အခြေခံအကျဆုံးကတော့ နတ်ဘုရားအဆင့်အဖွဲ့ အရည်အချင်းရှိဖို့ပဲ"

“ဒါက အခြေခံအကျဆုံး အခြေအနေပဲ ရှိသေးတာ စမ်းသပ်ခွင့်ရှိရုံနဲ့ ဝင်ခွင့်ရမယ်လို့ မဆိုလိုဘူး"

“ကဲ... အားလုံး ပြင်ဆင်ကြတော့ ငါ မင်းတို့ကို လျှို့ဝှက်နယ်မြေအဝင်ဝဆီ ခေါ်သွားပေးမယ်"

ကျောင်းအုပ်ကြီးက စကားအဆုံးတွင် ရွှီရန်နှင့် သူ၏အဖွဲ့ကို စိုးရိမ်တကြီး ကြည့်လိုက်ပြီး “ကောင်းကင်ဘုံတောင်ထိပ်ဆောင်က အကြီးအကဲငါးဦးက မင်းတို့ပြန်ရောက်ရင် အဲဒီကိုလာဖို့ မှာထားတယ်” ဟု ပြောလိုက်သည်။

“ဒီလျှို့ဝှက်နယ်မြေကိစ္စတွေ ရှင်းပြီးရင် ကျွန်တော် သွားလိုက်ပါမယ်"

ရွှီရန်က ကျောင်းအုပ်ကြီး၏ မျက်နှာရိပ်မျက်နှာကဲကို သတိပြုမိသွားပြီး “ကျောင်းအုပ်ကြီး... တစ်ခုခု ဖြစ်လို့လား” ဟု မေးလိုက်သည်။

ကျောင်းအုပ်ကြီးက ခေါင်းခါပြကာ “ငါလည်း သေချာတော့ မသိဘူး။ မီးပြတိုက် အဖွဲ့အစည်းနဲ့ ဘုရားကျောင်း အဖွဲ့အစည်းတို့ဘက်မှာ ကြီးကြီးမားမား တစ်ခုခု ဖြစ်နေပုံပဲ” ဟု ပြောလိုက်သည်။

ရွှီရန်က ဇဝေဇဝါဖြင့် “အဲဒီမှာ ဘာဖြစ်နိုင်လို့လဲ။ ပုန်ကန်မှုလား” ဟု မေးသည်။

ဟွာရှ၏ နေရာအနှံ့အပြားတွင် မဟာကရုဏာအစီအရင်၊ နဂါးကြောရိုး ပြန်လည်နိုးထခြင်းနှင့် ဝိညာဉ်စွမ်းအင်များ ပြန်လည်ရရှိလာခြင်းတို့ ဖြစ်ပေါ်ခဲ့ပြီးနောက် ထိုအဖွဲ့အစည်းနှစ်ခုမှ လူများကလည်း သူတို့ဆီတွင် အစီရင်စုများ လာရောက်ထွင်းထုပေးရန် ရွှီရန်ကို တောင်းဆိုနေကြပေမဲ့ အဆင့်မြင့်အရာရှိကြီးများကမူ နှုတ်ဆိတ်နေခဲ့ကြသည်။

“ပုန်ကန်မှုဆိုရုံလောက်နဲ့တော့ ကောင်းကင်ဘုံတောင်ထိပ်ဆောင်က မင်းတို့ကို ဒီလောက်အရေးတကြီး ခေါ်မှာမဟုတ်ဘူး။ ပိုပြီး ပြင်းထန်တဲ့ တစ်ခုခု ဖြစ်နေလို့နေမှာပါ"

ရွှီရန်က မျက်မှောင်ကြုတ်လိုက်ပြီး “ကောင်းပါပြီ ဒါဆိုရင် ကျွန်တော်တို့ အခုပဲ ကောင်းကင်ဘုံတောင်ထိပ်ဆောင်ကို သွားလိုက်ပါမယ်” ဟု ပြောကာ သူ၏အဖွဲ့ကို ဦးဆောင်၍ ထွက်ခွာသွားတော့သည်။

တစ်ချိန်တည်းမှာပင် ကျောင်းအုပ်ကြီးသည် နတ်ဘုရားအဆင့်အဖွဲ့များကို လယ်ယာနတ်

ဘုရား နယ်မြေဆီ ခေါ်ဆောင်သွားခဲ့သည်။ မကြာမီမှာပင် သူတို့သည် အလင်းကုလားကာကြီးတစ်ခု၏ ရှေ့သို့ ရောက်ရှိလာကြသည်။

“ဒါက လျှို့ဝှက်နယ်မြေရဲ့ အဝင်ဝပဲ”

ကျောင်းအုပ်ကြီးက မိတ်ဆက်ပေးသည်။

မြင်လိုက်ရသည့် မြင်ကွင်းကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။ လယ်ယာနတ်ဘုရား နယ်မြေတွင် နဂါးကြောရိုး ဆင်းသက်လာမှုအကြောင်းကို သတင်းဌာနအသီးသီးက ထုတ်လွှင့်ခဲ့သဖြင့် အားလုံး သိကြပေမဲ့ အတွင်းပိုင်းတွင် ဤသို့ပြောင်းလဲမှုများ ရှိနေမည်ကိုမူ မသိခဲ့ကြပေ။

လျှို့ဝှက်နယ်မြေတစ်ခု ပေါ်လာသောကြောင့် သတင်းများကို ပိတ်ပင်ထားခဲ့ခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။

“ငါ အရင်က သတိပေးထားတဲ့အတိုင်း လျှို့ဝှက်နယ်မြေထဲက မိစ္ဆာတွေကို သတိထားကြ။ ထူးဆန်းတဲ့ သစ်သားတောအုပ်ကို တွေ့ရင် သစ်ပင်ခုတ်ဖို့ မမေ့နဲ့။ တစ်ယောက်ကို သစ်ပငတစ်ရာထက် ပိုမခုတ်ရဘူး မှတ်မိကြလား”

“မှတ်မိပါတယ်”

အားလုံးက တစ်ပြိုင်နက် ဖြေကြားကြသည်။

“ကဲ... တစ်ဖွဲ့ချင်းစီ အလှည့်ကျ စမ်းသပ်ကြည့်ကြ"

ထို့နောက် နတ်ဘုရားအဆင့်အဖွဲ့များ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဝင်ရောက်ရန် ကြိုးစားကြသော်လည်း အဖွဲ့လေးဖွဲ့စလုံး ကျရှုံးသွားခဲ့သည်။

ကျရှုံးသွားသူတိုင်း၏ မျက်နှာတွင် နောင်တရိပ်များ အထင်အသား ရှိနေသည်။ အကယ်၍သာ ဝင်ခွင့်ရခဲ့လျှင် ယွဲ့အဆင့်သို့ ရောက်ရှိရန်မှာ သေချာသလောက် ရှိနေခြင်းပင်။

ယခုမူ နောက်ဆုံးအဖွဲ့ဖြစ်သည့် ချင်ရိဟော့၏ အဖွဲ့သာ ကျန်တော့သည်။ အကယ်၍ ဤအဖွဲ့သာ ဝင်ခွင့်မရခဲ့လျှင် အခြားဘယ်အဖွဲ့မှ ဝင်နိုင်တော့မည် မဟုတ်ပေ။

“သွားစမ်းကြည့်လိုက်ဦး”

ကျောင်းအုပ်ကြီးက ပြောလိုက်သည်။

သူတို့ ခေါင်းညိတ်ပြလိုက်ကြသည်။ မှော်မှန်အဖွဲ့သည် အဝင်ဝသို့ ချဉ်းကပ်သွားပြီး လူတိုင်း၏ အကြည့်အောက်မှာပင် ရွှေရောင်အလင်းတန်းများအတွင်း ပျောက်ကွယ်သွားတော့သည်။

ထိုအရာကို မြင်လိုက်ရမှ ကျောင်းအုပ်ကြီးသည် သက်ပြင်းအရှည်ကြီး ချနိုင်တော့သည်။

“နောက်ဆုံးတော့ တစ်ဖွဲ့ ဝင်သွားနိုင်ပြီ"

ကျန်ရှိနေသူများသည် ပျောက်ကွယ်သွားသည့် မှော်မှန်အဖွဲ့ကို မနာလိုခြင်း၊ တောင့်တခြင်းတို့ဖြင့် ငေးကြည့်နေကြတော့သည်။

ကောင်းကင်ဘုံတောင်ထိပ်၌ ရွှီရန်သည် သူ၏အဖွဲ့သားများနှင့်အတူ ကောင်းကင်ဘုံတောင်ထိပ်ဆောင်အတွင်းမှ အစည်းအဝေးခန်းမထဲသို့ ဝင်ရောက်လာခဲ့သည်။ အထဲတွင် အကြီးအကဲငါးဦးမှာ မျက်မှောင်ကြုတ်လျက် ရှိနေကြသည်။

ကောင်းကင်ဘုံ လက်မှုပညာရှင်:“လျှို့ဝှက်နယ်မြေက တကယ်ကို ထိရောက်ပုံပဲ"

ဇိမ်ခံပစ္စည်း ဝေဖန်ရေးဆရာ:“ဒါက တကယ်ကို အရင်ကမ္ဘာဦးယဉ်ကျေးမှုက ချန်ခဲ့တဲ့ ထူးခြားတဲ့ နေရာပဲ"

ဗေဒင်ဆရာကြီး:“နတ်ဘုရားတစ်ပိုင်း မူကြို ကျောင်းအုပ်ဆီက သတင်းရတယ်။ မှော်မှန်အဖွဲ့လည်း ဝင်သွားနိုင်ပြီတဲ့"

ဗေဒင်ဆရာကြီး၏ စကားကို နားထောင်နေရင်း လူတိုင်း၏မျက်နှာပေါ်မှ ပျော်ရွှင်ရိပ်လေးများက ချက်ချင်းပင် ပြန်လည် ကွယ်ပျောက်သွားသည်။

ဘဏ်လုပ်ငန်းရှင်:သူ၏ ရွှေကိုင်းမျက်မှန်ကို ပင့်တင်လိုက်ပြီး “အခြေအနေက မကောင်းသေးဘူး။ အဲဒီဘက်မှာ ညစ်ညမ်းမှုတွေ ပိုများလာတာနဲ့အမျှ ဝိညာဉ်စွမ်းအင်တံတိုင်းက သူတို့ကို ပိတ်ဆို့သွားလိမ့်မယ်။ ဒီပြဿနာကို မဖြေရှင်းနိုင်သရွေ့ ငါတို့အားလုံး ညစ်ညမ်းမှုတွေကြားမှာ ပိတ်မိနေလိမ့်မယ်"

ဗေဒင်ဆရာကြီး:ခေါင်းညိတ်လိုက်ပြီး “ပြီးတော့ ဒီတစ်ခါ ညစ်ညမ်းမှုအဆင့်က ပြီးခဲ့တဲ့ အပြင်းထန်ဆုံး မိစ္ဆာဒီရေလှိုင်းထက်တောင် ပိုပြီး ပြင်းထန်နေတယ်။ ဘာတွေဖြစ်နေတာလဲဆိုတာ ငါတို့ သေချာပေါက် သိအောင်လုပ်ရမယ်” ဟု ပြောလိုက်တော့သည်။

All Chapters