← Chapters

အခန်း (၃၉၀)

Vol. 39 Ch. 390

အခန်း (၃၉၀)

Vol. 39 Ch. 390

ကောင်းကင်ဘုံတောင်ထိပ်ဆောင်မှ အကြီးအကဲငါးဦး ဆွေးနွေးနေကြစဉ်မှာပင်...

ဝေးကွာလှသော တစ်ပါးကမ္ဘာ၏ ကြယ်စင်စုထက်၌ မြင့်မြတ်သောမျက်လုံး အရှင်သခင်သည် ထူးဆန်းသော ဟင်းလင်းပြင်တစ်ခုအတွင်း ပုန်းကွယ်နေပြီး ၎င်း၏ပတ်ဝန်းကျင်တွင် အဆုံးမဲ့သော အနက်ရောင်ညစ်ညမ်းမှုများက အဆိပ်ပြင်းမြွေများအလား ရစ်ပတ်နှောင်ဖွဲ့ထားသည်။ ထိုအနက်ရောင်မြွေနဂါးများသည် ဟင်းလင်းပြင်ကို ဖောက်ထွင်း၍ စွမ်းအင်များကို စုပ်ယူနေကြသကဲ့သို့ပင်။

ထိုညစ်ညမ်းသော အနက်ရောင်အငွေ့အသက်များကြားတွင် ရွှေရောင်အလင်းတန်းဖျော့ဖျော့လေးများက မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။ ၎င်း၏ ထောင်ပေါင်းများစွာသော သွေးအလားနီမြန်းသည့် မျက်လုံးများမှာ ရုတ်တရက် ကျယ်လောင်စွာ ပွင့်လာတော့သည်။

၎င်းသည် ရင်ဘတ်ပေါ်တွင် ပေါ်လာသော နတ်ဘုရားရုပ်ထုကို စိုက်ကြည့်ရင်း

"လူသားတွေ... ဟင်း... ဟင်း... ဟင်း..."

"လူသားတွေရဲ့ မကောင်းတဲ့စိတ်ထားဆိုတာ တကယ်တော့ အသုံးချလို့ အကောင်းဆုံး ရတနာပဲ"

"နှစ်ပေါင်းမရေမတွက်နိုင်အောင် လူသားတွေရဲ့ ကိုးကွယ်ယုံကြည်မှုစွမ်းအားတွေကလည်း လုံလောက်အောင် စုဆောင်းမိနေပြီ"

"အခုဆိုရင် သူတို့ နှစ်ပေါင်းထောင်ချီ ကိုးကွယ်လာခဲ့တဲ့ နတ်ဘုရားကို ဖြိုချပြီး သူတို့ဆီကို ကမ္ဘာပျက်ကပ်ဘေးကြီး ဆောင်ကြဉ်းပေးရမယ့် အချိန်ရောက်ပြီ"

ထိုစကားအဆုံးတွင် မြင့်မြတ်သောမျက်လုံး အရှင်သခင်၏ မျက်လုံးပေါင်း တစ်ထောင်မှ သွေးမျက်ရည်များ စီးကျလာတော့သည်။ ၎င်း၏ရင်ဘတ်ပေါ်ရှိ နတ်ဘုရားရုပ်ထုမှာလည်း တစ်စစီ ကြေမွသွားခဲ့သည်။

ခဏချင်းမှာပင် ရုပ်ထု၏ မျက်နှာပြင်မှာ ကြောက်မက်ဖွယ်ကောင်းအောင် ရှုံ့မဲ့သွားပြီး ထူးဆန်းသောအလင်းများ ထွက်ပေါ်လာကာ ကြက်သီးမွေးညင်းထစရာ အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။

ထိုအသံမှာ သန်းခေါင်ယံအချိန်တွင် မိန်းမတစ်ယောက် ငိုကြွေးနေသံနှင့် တူလှသည်။ ခြောက်ခြားဖွယ်ကောင်းပြီး နာကျည်းမှုများ ပြည့်နှက်နေသော ထိုအသံမှာ လူသံလည်းမဟုတ်သလို သားရဲသံလည်း မဟုတ်ချေ။

ထိုငိုကြွေးသံမှာ ဘေးကင်းဇုန်ကို ကျော်ဖြတ်ကာ ကမ္ဘာမြေဆီသို့ ပျံ့လွင့်လာခဲ့သည်။ ကမ္ဘာမြေ၏ ကောင်းကင်ယံတစ်ခုလုံးတွင် တစ္ဆေသရဲများ အူသံများဖြင့် ဟိန်းထွက်နေပြီး ကမ္ဘာပျက်ကပ်ဘေးကြီး ဆိုက်ရောက်တော့မည့်အလား တစ္ဆေပေါင်းများစွာက ငိုကြွေးကာ မြည်တမ်းနေကြတော့သည်။

မီးပြတိုက် အဖွဲ့အစည်း၌ ကမ္ဘာပျက်တော့မည့် မြင်ကွင်းကို မျက်ဝါးထင်ထင် တွေ့လိုက်ရသော လူများမှာ အတိုင်းအထက်အလွန် ထိတ်လန့်ကုန်ကြသည်။

ကောင်းကင်သို့ ထိုးထွက်နေသော နတ်ဘုရားရုပ်ထုကြီးများရှိရာ ရင်ပြင်များတွင် လူပေါင်းသောင်းနှင့်ချီ၍ ဒူးထောက်နေကြပြီး ဖန်ဆင်းရှင်ထံမှ ကယ်တင်ခြင်းကို တတွတ်တွတ် ဆုတောင်းနေကြသည်။

သူတို့ ဦးညွှတ်ကိုးကွယ်နေကြစဉ် သူတို့၏ ခန္ဓာကိုယ်များမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ကျောက်ရုပ်ထုကြီးများဆီသို့ စုစည်းသွားကြသည်။

"ငါ မြင်တာ မှားနေတာလား... ရုပ်ထုကြီးက အသက်ဝင်လာတာလား"

ရင်ပြင်ထဲတွင် ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာသည်။ ဆုတောင်းနေကြသူများမှာ ထိုအသံကြောင့် ခေါင်းမော့ကြည့်လိုက်ရာ သူတို့ ကိုးကွယ်နေသော ရုပ်ထုကြီးများထံမှ ရွှေရောင်အလင်းများ ဖြာထွက်နေသည်ကို တွေ့လိုက်ရသည်။ ၎င်းမှာ ဖန်ဆင်းရှင်က ပေးသနားလိုက်သော နတ်ဘုရားတန်ခိုးကဲ့သို့ပင်။

"ဟုတ်တယ်... ဒါ ဖန်ဆင်းရှင်ရဲ့ ကောင်းချီးမင်္ဂလာပဲ"

"ငါတို့လို နှိမ့်ချတဲ့ နောက်လိုက်တွေကို နောက်ဆုံးတော့ ကယ်တင်ပေးတဲ့အတွက် ဖန်ဆင်းရှင်ကို ကျေးဇူးတင်ပါတယ်"

"ဖန်ဆင်းရှင်... ကိုယ်တော့်ရဲ့ သစ္စာရှိတဲ့ ယုံကြည်သူတွေကို ကယ်တင်ဖို့အတွက် ကျွန်တော့်မှာရှိသမျှ အရာအားလုံးကို ပေးလှူဖို့ အသင့်ပါပဲ"

"ငါတို့ရဲ့ ဖန်ဆင်းရှင် ဆင်းသက်လာပြီ ငါတို့ တစ်ကျော့ပြန် အောင်မြင်တော့မယ် ငါတို့ကို ဦးဆောင်ပြီး သယံဇာတတွေကို သွားရောက်လုယက်ပေးပါဦး"

လူအုပ်ကြီးထံမှ ရူးသွပ်သော အော်ဟစ်သံများမှာ ရင်ပြင်တစ်ခုလုံးတွင် ဖုံးလွှမ်းသွားတော့သည်။

ဆုတောင်းသံများ ဟိန်းထွက်လာသည်နှင့်အမျှ ယခင်က အနက်ရောင်အငွေ့အသက်များ ထွက်ပေါ်နေသော ရုပ်ထုကြီးများသည် ထိုအသံများကို ကြားသိသွားပုံပင်။

လေထုထဲတွင် လွင့်မျောနေသော ရွှေရောင်အလင်းတန်းများသည် တဖြည်းဖြည်းနှင့် ရွှေရောင်ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားပြီး အပြင်ဘက်သို့ လွင့်စင်လာခဲ့သည်။

လေနှင့်အတူ လွင့်ပါလာသော ထိုရွှေရောင်ဖုန်မှုန့်များသည် ဒူးထောက်နေကြသော လူတိုင်း၏ကိုယ်ပေါ်သို့ တိကျစွာ ကျရောက်သွားတော့သည်။

ထိုဖုန်မှုန့်များနှင့် ထိတွေ့မိသည်နှင့် တစ်ပြိုင်နက် လူတိုင်း၏မျက်နှာမှာ ပြာနှမ်းသွားပြီး အသက်ရှူတစ်ချက်စာအတွင်းမှာပင် သူတို့ကိုးကွယ်နေသော နတ်ဘုရားကဲ့သို့ ကျောက်ရုပ်ထုများအဖြစ် ပြောင်းလဲသွားကြသည်။

"ဂျောက်"

ကြည်လင်ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာသည်။

ရင်ပြင်အတွင်း ပြန့်ကျဲနေသော ကျောက်ရုပ်ထုများစွာထဲမှ တစ်ခုသည် အနက်ရောင်ကျောက်သားအပြင်လွှာများ ကွာကျလာပြီး မူလပုံစံ ပေါ်ထွက်လာသည်။

"ဒီလောက်ကြာမှ... နောက်ဆုံးတော့ ငါဆင်းသက်နိုင်ခဲ့ပြီ"

ဆွဲဆောင်မှုအပြည့်ရှိသော အသံတစ်ခု ရင်ပြင်တစ်ခုလုံးတွင် ဟိန်းထွက်သွားသည်။

ကျောက်ရုပ်အဖြစ် မပြောင်းလဲသေးသူများသည် ထိုညှို့ယူဖမ်းစားနိုင်သော အသံကြောင့် မိန်းမောသွားကြပြီး သူတို့ပတ်ဝန်းကျင်ရှိ လူများ ကျောက်ရုပ်ဖြစ်သွားသည်ကိုပင် လုံးဝမေ့လျော့သွားကြသည်။

ထူးဆန်းသော မြွေဆံပင်များ၊ ဆွဲဆောင်မှုရှိသော မျက်နှာပေါက်နှင့် ဖြူဖွေးနုနယ်သော ခါးသိမ်လေးရှိသည့် အမျိုးသမီးတစ်ဦးသည် တဖြည်းဖြည်း ထရပ်လိုက်သည်။

သူမကို မြင်လိုက်ရုံနှင့် လူတိုင်း၏အာရုံမှာ သူမ၏ လှပလွန်းသော ရုပ်ရည်ထံတွင် ကျရှုံးသွားကြတော့သည်။

"သိပ်လှတာပဲ"

"ဒါ ငါတို့ကို ကယ်တင်ဖို့ ဖန်ဆင်းရှင် စေလွှတ်လိုက်တဲ့ တမန်တော်လား"

"ဒါ ဒဏ္ဍာရီထဲက နတ်သမီးလား လှလိုက်တာ"

သို့သော် နောက်ဆက်တွဲပါလာသော အလွန်အမင်း နံစော်သည့် အနံ့ဆိုးကြောင့် သူတို့၏အသိစိတ်များ ချက်ချင်း ပြန်ဝင်လာကြသည်။

အသိစိတ်ကြည်လင်သွားသည့်အခါမှ သူတို့ပတ်ဝန်းကျင်ရှိ လူများမှာ ရွှေရောင်ဖုန်မှုန့်များကြောင့် ကျောက်ရုပ်အဖြစ် ပြောင်းလဲသွားသည်ကို သတိပြုမိတော့သည်။

ကျောက်ဖြစ်သွားသောသူများထံမှ မှေးမှိန်သော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ကောင်းကင်သို့ ပျံတက်သွားကာ မြွေဆံပင်နှင့် ဆွဲဆောင်မှုရှိသော ထိုအမျိုးသမီးထံသို့ စီးဝင်သွားသည်။

"အာ့"

မယ်ဒူဆာသည် ကိုးကွယ်ယုံကြည်မှုစွမ်းအားများကို စုပ်ယူရင်း သာယာသောအသံဖြင့် ညည်းတွားလိုက်သည်။

"ယုံကြည်မှုစွမ်းအားက နည်းသေးတယ်"

သူမက တိုးတိုးလေး ရေရွတ်လိုက်သည်။

ထို့နောက် အောက်ရှိလူများကို ကြည့်ကာ "ဟင်း... မင်းတို့လို သနားစရာကောင်းတဲ့ ပုရွက်ဆိတ်တွေက ငါတို့ကို ဆင်းသက်လာပြီး မင်းတို့ရဲ့ အောက်တန်းကျတဲ့ ကမ္ဘာကြီးကို ကယ်တင်ပေးဖို့ နေ့တိုင်း အော်ဟစ်တောင်းဆိုနေကြတာ မဟုတ်ဘူးလား"

"အခု မင်းတို့ကို ကယ်တင်ဖို့ အခွင့်အရေး ရောက်လာပြီ"

ညှို့ယူဖမ်းစားနိုင်သော ထိုအသံမှာ လူတိုင်း၏နားထဲသို့ ပဲ့တင်ထပ်သွားသည်။ စွဲလမ်းသွားသူများမှာ မခုခံနိုင်တော့ဘဲ မယ်ဒူဆာထံသို့ မျက်လုံးများ လွှဲကြည့်လိုက်ကြသည်။

မယ်ဒူဆာ၏ မျက်လုံးများမှာ အေးစက်ပြီး ခန့်ညားသော အလင်းများ ဖြာထွက်နေကာ ရွှေရောင်မှုန်များ ပြန့်ကျဲနေသည်ကို သူတို့ မြင်လိုက်ရသည်။ သူမနှင့် မျက်လုံးချင်းဆုံမိသူတိုင်းမှာ ချက်ချင်းပင် ကျောက်ရုပ်ဖြစ်သွားကြတော့သည်။

တစ်ချိန်တည်းမှာပင် ကျောက်ဖြစ်သွားသူများထံမှ ယုံကြည်မှုစွမ်းအားများက သူမထံသို့ လွင့်မျောလာသည်။ ကျောက်ဖြစ်သွားသူ ပိုများလာပြီး ယုံကြည်မှုစွမ်းအား ပိုမိုစုပ်ယူနိုင်သည်နှင့်အမျှ သူမ၏ အနက်ရောင်ကျောက်သား ခန္ဓာကိုယ်မှာ တဖြည်းဖြည်းနှင့် သွေးသားအစစ်အမှန်အဖြစ် ပြောင်းလဲလာခဲ့သည်။

မိနစ်ပိုင်းအတွင်းမှာပင် ရင်ပြင်ရှိ လူပေါင်းသောင်းနှင့်ချီ၍ သက်မဲ့ကျောက်ရုပ်များအဖြစ် ပြောင်းလဲသွားကြတော့သည်။

"ဒီလူထောင်ပေါင်းများစွာရဲ့ ယုံကြည်မှုနဲ့ အသက်စွမ်းအားလောက်နဲ့တော့ မလုံလောက်သေးဘူး။ ပိုပြီးများတဲ့ ယုံကြည်မှုနဲ့ အသက်ဓာတ်တွေ လိုအပ်သေးတယ်"

တစ်ချိန်တည်းမှာပင် မီးပြတိုက် အဖွဲ့အစည်း၏ ဝေးလံသောဒေသတစ်ခု၌ ဘုရားကျောင်းအတွင်း ချိတ်ဆွဲထားသော မိုက်ကယ်၏ ပုံတူပန်းချီကားမှ ရွှေရောင်အလင်းများ ထွက်ပေါ်လာသည်။

ဘာသာရေးဝတ်ပြုမှုများ ပြုလုပ်နေသော ဘုန်းတော်ကြီးများသည် ၎င်းကို တန်ခိုးစွမ်းအင်ဟု မှားယွင်းထင်မှတ်ကာ မိုက်ကယ်၏ပုံရှေ့တွင် ဒူးထောက်၍ ဦးချလိုက်ကြသည်။

"မဟာနတ်မင်း မိုက်ကယ်ရဲ့ တန်ခိုး ပေါ်ထွန်းလာပြီ။ ငါတို့ ကယ်တင်ခြင်း ခံရပြီ"

ထိုသို့ အော်ဟစ်လိုက်သည့် ခဏမှာပင် ဘုရားကျောင်းများရှိ မိုက်ကယ်၏ ပုံတူများအားလုံးသည် မျက်လုံးအိမ်များအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ယံသို့ စုရုံးသွားကြသည်။

မကြာမီမှာပင် ကောင်းကင်ယံ၌ တိမ်မည်းများ ဖုံးလွှမ်းသွားပြီး ကြီးမားသော စက်လုံးကြီးတစ်ခု ပေါ်လာသည်။

မျက်လုံးအိမ်များ ပိုမိုစုစည်းလာသည်နှင့်အမျှ ထိုစက်လုံးကြီးမှာ တဖြည်းဖြည်းနှင့် ဧရာမမျက်လုံးအိမ်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

ထိုမျက်လုံးအိမ်ကြီး၏ ပတ်ပတ်လည်တွင် သွေးကြောများဖြင့် ပြည့်နှက်နေသော မျက်လုံးလုံးငယ်လေးများက ဂြိုဟ်ပတ်လမ်းကြောင်းကဲ့သို့ လှည့်ပတ်နေကြပြီး တစ်ခုချင်းစီမှ ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းများ ဖြာထွက်နေတော့သည်။

All Chapters