အခန်း (၃၆၁-၃၆၂)
Vol. 37 Ch. 361-362
အခန်း(၃၆၁) ချန်ကျင်းကျင်း ပထမဆုံး တိုက်ကွက်
ပွဲကြည့်ပရိတ်သတ်များသည် အလိုလိုက်ခံထားရသော သခင်လေးကျင်း ဘေးတွင် ကျင့်ကြံသူများ ဝိုင်းနေသည်ကို ကြည့်ရင်း လေအေးများ ရှိူက်သွင်းမိကြ၏။
လူအုပ်ကြီးထဲမှ ထိတ်လန့်အံ့ဩသံများ ထွက်လာသည်။
“အပြင်လူတွေကတော့ သခင်လေးကျင်းကို စော်ကားလိုက်မိကြပြီ။ ပေါင်ရှန့်တိုင်ပြည်ရဲ့ အနာဂတ်အိမ်ရှေ့စံကိုလေ”
“သူတို့တော့ ပြဿနာတက်ပြီ”
တီးတိုပြောသံများကို နားထောင်ရင်း သခင်လေးကျင်း နှုတ်ခမ်းများ ကွေးညွှတ်သွား၏။ သူ့မျက်လုံးများက အလှလေးသုံးယောက်ကို လှောင်ပြောင်မှုများဖြင့် ကြည့်လိုက်၏။ “ငါက မင်းလို စပ်စပ်ထိမခံလေးကို ကြိုက်တယ်။ မင်းက ကျန်တဲ့နှစ်ယောက်ထက် ပိုကစားလို့ ကောင်းမှာပဲ”
ချန်ကျင်းကျင်း မျက်လုံးများ သတ်ဖြတ်လိုစိတ်များဖြင့် တောက်သွား၏။ သူမ လွီယွဲ့အားအနားသို့ ကပ်လိုက်သည်။ “ယောင်းမ ကျွန်မ ဒီယင်ကောင်လေးကို ရှင်းလိုက်မယ်”
လွီယွဲ့အာ ခေါင်းညိတ်သည်။ “ဂျူနီယာညီမလေးက ရှင်းချင်တယ်ဆိုတော့လည်း ရှင်းလိုက်လေ။ အစ်မဒီမှာရှိတယ်။ ဘယ်သူမှ ညီမလေးတို့ကို ထိခိုက်အောင် မလုပ်နိုင်စေရဘူး”
ပတ်ဝန်းကျင်မှ ကျင့်ကြံသူများသည် ကြောင်အကုန်ကြသည်။ သူတို့က ကောင်မလေးသုံးယောက် ကျင်းကွမ်ကို ဦးညွှတ်လာလိမ့်မည်ဟု ထင်ထားလေသည်။ သို့သော် သူ့နောက်ခံကို သိလျက်နှင့်ပင် သူတို့ ပြန်တိုက်ခိုက်မည်ဟု မထင်ထားချေ။
ပြဿနာရှာသူအချို့က အခြေအနေကို ပို၍ဆိုးသွားအောင် မီးလောင်ရာ လေပင့်လာကြ၏။
“မောက်မာလိုက်ကြတာ။ သူတို့နောက်မှာ ဘယ်အိမ်တော် ရှိလို့လဲ”
“သူ ဘယ်သူလဲဆိုတာ အရေးမကြီးဘူး။ ပေါင်ရှန့်တိုင်းပြည်မှာ နဂါးဆိုရင်တောင် ဝပ်နေရမယ်။ သူတို့ ဘယ်လောက်ခံနိုင်မလဲ ကြည့်ကြတာပေါ့”
ထိုစကားလုံးများက တိုးငြင်းသော်ငြား ကျင်းကွမ်နားထဲသို့ ရှင်းလင်းစွာ ဝင်ရောက်လာသည်။ သို့သော် ဒေါသအစား သူရယ်မောလိုက်သည်။ “ငါ့ကောင်တို့ သူတို့ပြောတာ ကြားလား”
“အဲဒီရဲတင်းတဲ့ အမျိုးသမီးနှစ်ယောက်ကို ဖမ်း။ ငါ သူတို့ကို မြည်းစမ်းပြီးရင်တော့ မင်းတို့တွေလည်း အလှလေးတွေရဲ့ အရသာကို မြည်းရမယ်။ ငါက ဘယ်တော့မှ အလဟသအဖြစ်မခံဘူး”
“သခင်လေးက ရက်ရောလှပါတယ်”
“အိမ်ရှေ့စံက အစွမ်းထက်ပါတယ်”
နောက်လိုက်များက သူတို့လက်နက်များကို ကိုင်ကာ အနားသို့ ကပ်လာကြ၏။
လူအုပ်ကြီး နောက်သို့ဆုတ်ပေးရင်း နေရာပေးလိုက်ကြသည်။ သိပ်မကြာခင် သူတို့ အလှလေးသုံးဦးနောက်၌ အမျိုးသားတစ်ဦး တိတ်ဆိတ်စွာ ရပ်နေသည်ကို သတိပြုမိသွား၏။
“နောက်ထပ် သူရဲကောင်းလုပ်တမ်းကစားချင်နေတဲ့ အရူးတစ်ယောက်လား။ သူ ခေါင်းမကောင်းဘူးလား”
“သူ ဘယ်သူပဲဖြစ်ဖြစ် ဒီကနေ ထွက်သွားလို့ မရတော့ဘူး”
ရှောင်ချန်း သူတို့စကားကို မကြားသလိုပင် တိတ်တဆိတ်ရပ်နေ၏။ နောက်လိုက်များက သူ့ကို လျစ်လျူရှူထားပြီး ချန်ကျင်းကျင်းကိုသာ ကြည့်နေလေသည်။ ခြေလှမ်းအနည်းငယ် အကွာသို့ရောက်သောအခါ သူတို့ ပြိုင်တူ တိုက်ခိုက်ကြသည်။
ကလန်။
ဓားသွားများ ကျဆင်းလာသည်။ ချန်ကျင်းကျင်းမျက်နှာတွင် ကြောက်ရွံ့မှု မရှိပေ။ သူမ လက်ချောင်းကြားတွင် အဖြူရောင်စစ်တုရင်အပိုင်းအစတစ်ခုကို ကိုင်ထားရင်း အသာအယာချလိုက်သည်။
တောက်
ထိုအသံအနှင့်အတူ ကမ္ဘာကြီး ပြောင်းလဲသွား၏။ စစ်တုရင်ခုံကြီးတစ်ခု ပေါ်လာပြီး တိုက်ခိုက်သူများကို ဝါးမျိုသွားသည်။ သူတို့ဓားသွားများကလည်း အစအနမကျန်အောင် ပျောက်ကွယ်သွား၏။
ပွဲကြည့်ပရိတ်သတ်များ ကြောင်အသွားသည်။
“ဘာ...ဘာနည်းစနစ်ကြီးလဲ”
“သူတို့တွေ စစ်တုရင်အပိုင်းအစတွေဖြစ်သွားပြီ”
ကျင်းကွမ်၏ အပြုံးများပင် တောင့်ခဲသွားသည်။ သူသည် မိသားစု၏ စွမ်းအားကို အားကိုး၍ ပျက်စီးနေသည့် အမွေခံသခင်လေးဖြစ်သော်လည်း ငကန်းမဟုတ်ချေ။
မည်သူ့ကို စော်ကား၍ ရသည် မည်သူ့ကိုတော့ စော်ကား၍ မရသည်ကိုတော့ သူ သိပါ၏။ ထို့ကြောင့်လည်း ပေါင်ရှန့်တိုင်းပြည်တွင် အစစ်အဆေးမရှိ မင်းမူနေနိုင်ခြင်းပေ။
ချန်ကျင်းကျင်း နှုတ်ခမ်းများ အသာတွန့်ကွေးသွားပြီး ရှေ့က စစ်တုရင်ခုံကို ကြည့်လိုက်သည်။ ထို့နောက် သူမလက်ထဲတွင် နောက်ထပ်အဖြူရောင်အပိုင်းစတစ်ခုကို ကြည့်လိုက်၏။
သူမ ကျင်းကွမ်ကို ကြည့်ပြီး မေးသည်။
“ငါ့ကိုပြော ငါ နင့်ရဲ့ နယ်ရုပ်လေးတွေကို ဘယ်လိုမျိုး သတ်သင့်လဲ”
ကျင်းကွမ်မျက်နှာ မည်းမှောင်သွားပြီး ပိတ်ဟောက်လိုက်၏။
“မင်း လုပ်ရဲလား”
“ဘာလို့ မလုပ်ရဲရမှာလဲ”
ချန်ကျင်းကျင်း အဖြူရောင်အပိုင်းစလေးကို ချလိုက်သည်။
စစ်တုရင်ခုံက ရုတ်တရက် တွန့်လိန်သွားသည်။ အထဲသို့ ရောက်သွားသော နောက်လိုက်များသည် ရူးသွပ်ကုန်ပြီး အချင်းချင်း ပြန်လည်သတ်ဖြတ်ကြတော့၏။ နောက်တစ်ခဏ၌ မြေပြင်ပေါ်တွင် အသက်မဲ့နေသည့် ရုပ်ခန္ဓာများသာ ကျန်တော့သည်။
“ကြောက်ဖို့ကောင်းလိုက်တဲ့ မိန်းမ”
“ဒီတစ်ကြိမ်တော့ သခင်လေးကျင်းတော့ ဒုက္ခရောက်ပြီ”
လူအုပ်ကြီးသည် မယုံကြည်နိုင်စွာ ရေရွတ်နေကြသည်။
ကျင်းကွမ်သည် သူမ အတော်လေး ရက်စက်မည်ဟု မထင်ထားပေ။ သူ့ကို မကြောက်ဟု ပြောသည်မှာလည်း အလိမ်အညာစကား မဟုတ်တန်ရာ။ သို့သော် သူ့ခေါင်းကို အပြင်လူများရှေ့တွင် ငုံ့ရမည်လော။ မဖြစ်နိုင်ပေ။
“မင်း ငါ့ကို သတ်ရဲမယ်တော့ မထင်ဘူး”
“ဘာလို့ မသတ်ရဲရမှာလဲ”
ချန်ကျင်းကျင်း မျက်နှာပေါ်တွင် လှောင်ပြောင်လိုသည့် အပြုံးတစ်ခု ပေါ်လာ၏။ သူမလက်ထဲတွင် နောက်ထပ် အဖြူရောင် စစ်တုရင်အပိုင်းအစတစ်ခု ပေါ်လာသည်။
သူမနောက်မှ လွီယွဲ့အာ ပြောလိုက်သည်။ “ဂျူနီယာညီမလေး လုံလောက်ပြီ။ ငါတို့မှာ အရေးကြီးတဲ့ကိစ္စတွေ ရှိသေးတယ်”
ချန်ကျင်းကျင်း သူမတို့ ဤနေရာသို့ လာရသည့် အကြောင်းအရင်းကို သတိရသွား၏။ သူမသာ စီနီယာအစ်ကိုနျဲ့၏ အစီအစဉ်ကို ယခုလို ကိစ္စသေးသေးလေးကြောင့် ချွတ်ချော်သွားစေလျှင် ရူးမိုက်ရာ ကျပေလိမ့်မည်။
ထိုသခင်လေးကိုတော့ အချိန်မရွေး ဖြေရှင်းနိုင်ပေသည်။
“စီနီယာအစ်မက ပြောနေတော့ ငါနင့်ကို တစ်ကြိမ် ခွင့်လွှတ်ပေးလိုက်မယ်။ နောက်တစ်ခါ ငါ့ရှေ့ ထပ်မပေါ်လာစေနဲ့”
ကျင်းကွမ် မျက်နှာ အရုပ်ဆိုးသွားသည်။ ပေါင်ရှန့်မြို့တော်တွင် သူသည် အရှက်ခွဲ မခံရဖူးချေ။ သူ ထတိုက်တော့မည့်အချိန် နားထဲတွင် အသက်အရွယ်ကြီးရင့်နေသော အသံတစ်သံ ထွက်ပေါ်လာသည်။
“သခင်လေး ရပ်လိုက်ပါတော့။ အဲဒီလွီမျိုးရိုးမိန်းမက သာမန် မဟုတ်ဘူး”
ထိုစကားများ ထွက်လာသည်နှင့် ကျင်းကွမ် ကြောင်အသွားသည်။ သူ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
“မင်းသာ ငါ့ရှေ့ထပ်ပေါ်မလာနဲ့”
ချန်ကျင်းကျင်း ပြန်မဖြေပေ။ သူမ လက်ကိုသာ ဝှေ့ယမ်းပြီး စစ်တုရင်ခုံကို ပြန်သိမ်းလိုက်၏။
ကျင်းကွမ် သူ့အင်္ကျီလက်ကို ဝှေ့ယမ်းပြီး မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။
လူအုပ်ကြီးသည် ကျင်းကွမ်ထွက်သွားသည်ကို မြင်သော် ပျံ့ကျဲသွားသော ငှက်အုပ်ပမာ လူစုကွဲသွားကြ၏။ လမ်းမကြီးတွင် တီးတိုးပြောသံများ ထွက်လာသည်။
“အဲဒီမိန်းမသုံးယောက်က ဘယ်သူတွေလဲ။ ဘုရင်ကျင်းလွန်သားကိုတောင် အခက်တွေ့သွားအောင် လုပ်နိုင်တယ်”
ဘုရင်ကျင်းလွန်သားဟူသော စကားကို ကြားသောအခါ ချန်ကျင်းကျင်းမျက်လုံးများတွင် နောင်တအရိပ်အငွေ့များ ဖြတ်ပြေးသွားသည်။ သူမ ရေရွတ်လိုက်၏။ “နှမြောစရာ”
လွီယွဲ့အာ ပြုံးသည်။ “မနှမြောနေနဲ့။ အချိန်တန်မှ တို့တွေ ကြွေးဟောင်းရော ကြွေးသစ်ကိုပါ ရှင်းကြတာပေါ့။ အဲဒါဆို ပိုပြီး စိတ်ကျေနပ်စရာ ကောင်းလိမ့်မယ်”
“ဟုတ်”
ချန်ကျင်းကျင်း ခေါင်းညိတ်သည်။လွီယွဲ့အာ၊ ပိုင်ကျင်းတို့နှင့်အတူ သူမတို့ ပေါင်ရှန့်မြို့၌ လည်ပတ်နေလိုက်သည်။ သူတို့နောက်သို့ လိုက်၍ နောက်ယောင်ခံလိုက်နေသူများကို လျစ်လျူရှူလျက်ပင်။
လမ်းမများကို တစ်ပတ်၊ ပတ်ပြီးနောက် သူတို့ခြံဝင်းသို့ ပြန်ကာ နျဲ့ရှို့ယွမ်ကို ပြဿနာအကြောင်း ပြောပြလိုက်သည်။
“မင်းတို့ လုပ်တာကောင်းတယ်။ အဲ့ကောင်စုတ်လေးကို အခုသတ်လိုက်ရင် သစ္စာဖောက်စုံတွဲကို အသိပေးသလို ဖြစ်သွားလိမ့်မယ်။ ငါ့အစီအစဉ်လည်း ကျရှုံးသွားနိုင်တယ်”
နျဲ့ရှို့ယွမ် ပြုံးသည်။
“စီနီယာအစ်ကို ကျွန်တော်တို့ကို ဘာကြံထားလဲဆိုတာ ပြောပြလို့ရလား”
ရှောင်ချန်း တိုက်ရိုက်မေးသည်။
“ငါ လွန်ခဲ့တဲ့နှစ်တွေက အမှန်တရားကို ဖော်ထုတ်ဖို့ ရည်ရွယ်ထားတယ်” နျဲ့ရှို့ယွမ် ပြန်ဖြေလိုက်သည်။
“ကျွန်တော်တို့ စီနီယာကို ထောက်ခံပေးမယ်”
ရှောင်းချန် လေးနက်စွာ ပြောသည်။ သူ စီနီယာပြောသည့် အမှန်တရားကို မသိသော်လည်း ဂရုမစိုက်ပေ။ သူ့တာဝန်မှာ စီနီယာကို ထောက်ပံ့ပေးရန်ပင်။
“ကျေးဇူးတင်ပါတယ် ဂျူနီယာညီလေး”
နျဲ့ရှို့ယွမ် ကောင်းကင်ပေါ် ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် မြူလွှာများ ဖုံးအုပ်နေသည်။
“ကျင်းမြောင်၊ ယင်ရှီးယွမ် နောက်ခုနစ်ရက်နေရင် မင်းတို့ သေနေ့ပဲ”
အခန်း(၃၆၂) ရေမြေဓမ္မပူဇော်ပွဲ
ပေါင်ရှန့် တော်ဝင်မြို့တော်တွင် ညအမှောင်ထု ကြီးစိုးလာ၏။
ကျင်းလွန်အိမ်တော်တွင်
တစ်နေ့တွင် ဤနေရာသည် ပေါင်ရှန့်တော်ဝင်နန်းတော် ဖြစ်လာပေလိမ့်မည်။ မြေပြင်ပေါ်တွင် အစောင့်များဖြင့် ပြည့်နှက်နေပြီး နေရာတိုင်းတွင် ကျွမ်းကျင်သူများ ရပ်နေကြသည်။
ခမ်းနားသည့် ခြံဝင်းထဲတွင်
ကျင်းကွမ် မျက်နှာသည် မှောင်မိုက်နေပြီး သူ့ဘေးက ဘုန်းကြီးအိုကြီးကို မေးသည်။ “ဆရာတောင်ခုန်းဝမ် ခင်ဗျားလူတွေ အဲဒီမိန်းမသုံးယောက်ရဲ့ ဇာစ်မြစ်ကို စုံစမ်းပြီးပြီလား”
“အော်မီထောဖော”
ဆရာတော်ခုန်းဝမ် ဖြေကြားသည်။ “ငါ့တပည့်လေးတွေ စုံစမ်းပြီးပြီ။ သူတို့တွေနဲ့ ကျင့်ကြံသူတော်တော်များများ ပေါင်ရှန့်မြို့တော်ဆီ ရောက်လာကြတယ်။ ဇာစ်မြစ်၊ နောက်ခံ၊ ခွန်အား ဘာတစ်ခုမှ မသိရဘူး။ အကုန်ဖုံးကွယ်ထားကြတယ်။ ဒါပေမဲ့”
ဘုန်ကြီး ရပ်သွားသည်ကို ကြည့်ရင်း ကျင်းကွမ် မျက်မှောင်ကြုတ်သွား၏။ “ဆရာ စကားကို သေချာပြောလေ။ ခင်ဗျားက ကျွန်တော်အဖေ ခန့်ထားတဲ့ ကာကွယ်သူလေ။ ကျွန်တော့်အတွက်ဆို ဦးလေးလိုပါပဲ”
ခုန်းဝမ် ဆက်ပြောသည်။ “ငါ ဒီနေ့ စုံစမ်းထားသလောက်ဆို ပြဿနာအရှိဆုံးက အကြီးဆုံးအမျိုးသမီး မဟုတ်ဘူး။ သူတို့နောက်က တိတ်တဆိတ်ရပ်နေတဲ့ အမျိုးသားပဲ။ သူက သူ့အရှိန်အဝါကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားတာ။ ငါ့အမြင်မှာတော့ ရပ်တန့်လို့ မရနိုင်တဲ့ ထက်ရှတဲ့ ဓားတစ်လက်လိုပဲ။ ငါ အဲ့လို ဓားသမားမျိုးကို တစ်ခါမှ မမြင်ဖူးဘူး။ ငါ သူ့ဦးထုပ်အောက်က မျက်နှာအစစ်မှန်ကို ဆက်မကြည့်ရဲဘူး”
“ခင်ဗျားက နီဗားနားရှင်သန်ခြင်းတစ်ဝက်အဆင့် ကျွမ်းကျင်သူပဲ”
ကျင်းကွမ် ထိတ်လန့်စွာ ပြောသည်။
“သူက ခင်ဗျားကိုတောင် ဖုံးကွယ်နိုင်ရင် ဘုရင့်အဆင့် ကျင့်ကြံသူများလား”
ခုန်းဝမ် ခေါင်းခါသည်။ “ငါလည်း မသိဘူး။ ဒါပေမဲ့ သူ့ဆီကနေ ရတဲ့ အရှိန်အဝါက မင်းအဖေထက်တောင် မနည်းဘူး။ သူက ပိုပြီးတောင် များနိုင်တယ်”
ကျင်းကွမ် အပြုအမူများ ထက်ရှသွားသည်။ “မဖြစ်နိုင်တာ။ ပေါင်ရှန့်တစ်ပြည်လုံးမှာ ကျွန်တော့်ဦးလေးဗုဒ္ဓက လွဲရင် ဘယ်သူမှ နီဗားနားရှင်သန်ခြင်းအဆင့်က ကျွန်တော့်အဖေကို မဖိနှိပ်နိုင်ဘူး။ မဟုတ်ရင် ကျွန်တော့်အဖေလို သွေးဝေးမျိုးနွယ်က လူတစ်ယောက်က ဘယ်တော့မှ ပုလ္လင်ကို ရမှာ မဟုတ်ဘူး”
ခုန်းဝမ် တည်ငြိမ်စွာ ပြောသည်။ “ကျင်းကွမ် အမြဲတမ်း ပိုသန်မာတဲ့သူဆိုတာ ရှိတယ်။ ကောင်းကင်ကြီးက ကျယ်ပြောတယ်လေ။ မင်းက အမှိုက်ကောင်မျက်နှာဖုံးနောက်မှာ ပါရမီကို ဖုံးကွယ်ထားတယ်ဆိုပေမဲ့ မင်းနယ်ပယ်မှာပြိုင်ဘက်ကင်းပြီလို့ ပြောလို့ မရဘူးလေ”
ကျင်းကွမ် ခေါင်းအသာ ငုံ့လိုက်သည်။ “ကျွန်တော် သင်ယူလိုက်ရပါတယ်။ ဒါပေမဲ့ ဒီနေ့ အရှက်ခွဲခံရတဲ့ ကိစ္စကို ဒီတိုင်းလွှတ်ထားမှာ မဟုတ်ဘူး။ ရေမြေဓမ္မပူဇော်ပွဲပြီးရင် ကျွန်တော့်အဖေက ပေါင်ရှန့်ဘုရင် ဖြစ်လာမှာ။ အဲဒီအချိန်ကျမှ ကျွန်တော် အဲဒီကောင်မလေးတွေကို ကိုင်တွယ်မယ်။ အပြင်ကလာတဲ့ ကျင့်ကြံသူနည်းနည်းက ပေါင်းရှန့်တိုင်းပြည်ရဲ့ အလေးချိန်ကို ခံနိုင်မယ်လို့ မထင်ပါဘူး”
သူ့မျက်လုံးများထဲတွင် အဆိပ်အတောက်များ ဖုံးလွှမ်းနေသည်။
ဆရာတော်ခုန်းဝမ် ပြုံးသည်။ “မင်း ပိုပြီးတွေးခေါ်တတ်လာတာ သိရင် ဘုရင်ကျင်းလွန် ကျေနပ်လိမ့်မယ်”
“ခင်ဗျားလူတွေကို သူတို့ကို သေချာစောင့်ကြည့်ခိုင်းထား”
ကျင်းကွမ် အေးစက်စွာ အမိန့်ပေးသည်။
“ကျွန်တော် သူတို့ကို ရက်နည်းနည်းလောက် အသက်ရှင်ခွင့်ပေးဦးမယ်”
ခုန်းဝမ် ဦးညွှတ်လိုက်သည်။ “ဟုတ်ကဲ့ပါ”
ခုနစ်ရက်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ပေါင်ရှန့်တော်ဝင်မြို့တော်သည် စည်းကားသိုက်မြိုက်လာသည်။ လမ်းမတိုင်းတွင် အမွှေးတိုင်နံ့များ ပျံ့နှံ့နေပြီး လူတိုင်း၏ မျက်နှာပေါ်တွင် အပြုံးပန်းများ ဝေဆာနေ၏။
သတ်မှတ်ထားသည့် မနက်ခင်းတွင် ပေါင်ရှန့်ဘုရားကျောင်း အပြင်ဘက်တွင် လူများ တရုံးရုံး ရောက်လာသည်။ ပဋိပက္ခများကို ရှောင်ရှားရန် တိုင်းပြည်သည် ကျင့်ကြံသူများကို လွတ်လပ်စွာ ပျံသန်းခွင့် ပြုထားသည်။
ရှောင်ချန်းတို့ အုပ်စုရောက်လာချိန်တွင် ကျောင်းတော်ရင်ပြင်၌ လူများဖြင့် ပြည့်ကျပ်နေသည်။ မတ်တပ်ရပ်ရန် နေရာပင် မကျန်တော့ချေ။
နျဲ့ရှို့ယွမ် ဝင်ပေါက်ကို နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်သည်။ ဘုန်းကြီးများသည် တံခါးဝတိုင်းတွင် စောင့်ကြပ်နေပြီး ဖိတ်စာပါသူများသာ ဝင်ရောက်နိုင်သည်။ သူ့မျက်ခုံးများ တင်းကြပ်သွားသည်။
နီဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံသူဖြစ်သည့် သူ့အတွက်တော့ တိတ်တဆိတ်ဖြတ်သန်းသွားရန်ကား လွယ်ကူပေသည်။ သို့သော် သူ၏ ဂျူနီယာညီလေးနှင့် ညီမလေးများ ဝင်လိုက်လျှင် ရန်သူ့ကို သတိပေးသလို ဖြစ်သွားနိုင်၏။
ထိုအခိုက် ချောင်ရို့ချန် ပြောသည်။ “လူတိုင်း ကျွန်တော့်နောက် လိုက်ခဲ့”
နျဲ့ရှို့ယွမ် သူ့ကို အံ့ဩစွာ ကြည့်သည်။ “ဂျူနီယာညီလေး မင်းမှာ ဖိတ်စာ ရှိတယ်မလား”
ချောင်ရို့ချန် ပြုံးဖြီးဖြီး လုပ်သည်။ “သေချာတာပေါ့။ ကျွန်တော် ဒီရက်မှာ အပျင်းမကြီးထားဘူးလေ။ ငွေနည်းနည်းသုံးပြီး လက်မှတ်နည်းနည်း ဝယ်ထားတယ်”
သူ ဖိတ်စာအတွဲလိုက် ထုတ်လိုက်၏။
ချန်ကျင်းကျင်း မျက်ဝန်းများ လေးစားမှုများဖြင့် ပြူးကျယ်သွားသည်။
“ဒုတိယစီနီယာအစ်ကိုက လေးစားစရာပဲ။ ကျွန်မတို့လို ကစားဖို့ပဲ သိတဲ့သူ မဟုတ်ဘူး”
စုန့်ကျောက်ယီ ရယ်မောသည်။ “သူ့ကို အရမ်းမမြှောက်နဲ့။ သူက သူ့နည်းလမ်းဟောင်းတွေကို သုံးနေတာ”
ချောင်ရို့ချန်ကို လက်ထပ်ပြီးနောက် သူမသည် သူ့အတိတ်က စွန့်စားခန်းများကို သိရှိလာသည်။ ထိုဇာတ်လမ်းတစ်ပုဒ်ချင်းစီကြောင့် ခင်ပွန်းဖြစ်သူသည် ကံကြမ္မာ၏ မျက်နှာသာပေးခြင်းကို ခံရသူဖြစ်ကြောင်း ပို၍ ယုံကြည်လာသည်။
“ဘယ်လိုနည်းလမ်းဟောင်းတွေလဲ”
ချန်ကျင်းကျင်း စပ်စုစွာ မေးသည်။
ချောင်ရို့ချန် ပခုံးတွန့်လိုက်သည်။ “ငါတို့ သွားရင်း ပြောကြတာပေါ့”
“ကောင်းပြီ”
လက်ထဲတွင် ဖိတ်စာရှိသည့်အတွက် စောင့်ကြည့်စစ်ဆေးမှုများအောက်တွင် သူတို့ ချောမွေ့စွာ သွားနိုင်ခဲ့သည်။
သူတို့ သွားရင်း ချောင်ရို့ချန်သည် သူ့အတိတ်က ဇာတ်လမ်းများကို ဂျူနီယာညီလေး၊ ညီမလေးများကို ပြောပြနေသည်။
သူ့ဇာတ်လမ်းအဆုံးတွင် တောင်ထိပ်သို့ ရောက်လာ၏။
ချောင်ရို့ချန်၏ ဖိတ်စာများသည် ရေမြေဓမ္မပူဇော်ပွဲနှင့် အဝေးဆုံးနေရာ၌သာ ထိုင်ခွင့်ရသည်။ ကျင့်ကြံခြင်းဖျာအနည်းငယ်မှ လွဲ၍ အခြားမည်သည့် အရာမျှ မရှိချေ။
ရှားပါး သစ်သီးဝလံများ၊ ရတနာများတည်ခင်းထားသည့် စင်မြင့်နှင့် ယှဉ်လျှင် သူတို့နေရာတွင် သောက်စရာ ရေနွေးအိုးသာ ရှိသည်။
သို့သော် မည်သူမှ ဂရုမစိုက်ချေ။ သူတို့က ပွဲဖျက်ရန် လာခြင်းပေ။ အပျော်ဆင်နွှဲနေခြင်း မဟုတ်ချေ။
သူတို့ တိတ်တဆိတ်သာ ထိုင်နေပြီး ရေမြေဓမ္မပူဇော်ပွဲစမည်ကို စောင့်နေသည်။
အချိန်များ ကုန်လွန်လာပြီး လူများ ပြည့်နှက်လာသည်။ နျဲ့ရှို့ယွမ်တို့လို အဝေးကလာသော ကျင့်ကြံသူများအပြင် ဗုဒ္ဓဘာသာ လူဝတ်ကြောင် တပည့်များနှင့် ဘုန်ကြီးများပင်။
သတ်မှတ်ထားသည့် အချိန်မရောက်ခင် ကောင်းကင်မှ ပုံရိပ်အချို့ ဆင်းသက်လာသည်။ သူတို့မဆင်းသက်ခင် လူအုပ်ထဲမှ ထိတ်လန့်တကြား အသံများ ထွက်လာ၏။
“ပေါင်ရှန့်အရှင်သုံးပါး ရောက်လာပြီ”
သိပ်မကြာခင် ကတုံးပြောင် ဘုန်းကြီးသုံးပါး ပေါ်လာသည်။
“ဖော့ယင်ကျောင်းတော်က အရှင်ပါ ရောက်လာတာပဲ။ ကျောင်းတော်က ဒီအခမ်းအနားကို အလေးထားတာ သိသာတယ်။ မဟာပဏ္ဍိတတစ်ပါး ပေါ်လာမလားမသိဘူး”
“လာလောက်မယ်။ သူတို့ပြောတာ ဖော့ယင်ကျောင်းတော်က ဗုဒ္ဓသားတော်လာလိမ့်မယ်။ သူလာရင် မဟာပဏ္ဍိတတစ်ပါးပါ၊ ပါလိမ့်မယ်”
လူအုပ်ကြီး ရေရွတ်နေစဉ် ကောင်းကင်ပေါ်မှ ရွှေရောင်အလင်းတန်းများ ထွက်လာပြီး လူအုပ်ကြီး၏ အကြည့်ကို ဆွဲဆောင်သွားသည်။
“ကြည့် ဘုရင်ကျင်းလွန်ပဲ”
“ဘုရင်ဝူရှလည်း ဒီမှာ”
ထိုနာမည်များကို ကြားသော် နျဲ့ရှို့ယွမ်တို့ လှမ်းကြည့်လာကြ၏။
ထူးခြားသည့် အရှိန်အဝါဖြင့် အမျိုးသားတစ်ဦး ရှေ့သို့ တစ်လှမ်းတက်လာသည်။ ထိုသူက ရွှေရောင်ဘီးကို စီးနင်းလျက် ရိုးရှင်းသော အဝတ်အစားကို ဝတ်ဆင်ထား၏။
သူ့ဘေးတွင် အမူအရာတိုင်း၌ သန့်စင်မွန်မြတ်သည့် အငွေ့အသက်များ ဖြာထွက်နေသော အလွန်လှပသည့် အမျိုးသမီး တစ်ဦး ရပ်နေသည်။ သူမ ခြေလှမ်းများကိုတော့ ရောင်စုံတိမ်တိုက်များက ပင့်မ ပေးထားသည်။
သူတို့ နှစ်ယောက် အတူတူဆင်းသက်လိုက်ပြီး လူအုပ်ကြီးကို ကျက်သရေရှိစွာ ပြုံးပြလိုက်သည်။
သူတို့ စင်မြင့်ပေါ် ဆင်းသက်လိုက်သည့်အခါ မည်သူမှ သူတို့အနောက်က လူများကို ဂရုမစိုက်တော့ပေ။
“သူတို့ နောက်ဆုံးတော့ ရောက်လာပြီ”
နျဲ့ရှို့ယွမ် မျက်လုံးထဲတွင် သတ်ဖြတ်ခြင်းဆန္ဒများ တောက်ပသွားသော်လည်း လျင်မြန်စွာ ပြန်ပျောက်သွား၏။ ကောင်းကင်ယံမှ ခေါင်းလောင်းသံများ ထွက်လာပြီးနောက် ဆူညံသံများ တိတ်ဆိတ်သွားသည်။
“ဗုဒ္ဓသားတော် ရောက်လာပြီ”
လူတိုင်း မတ်တပ်ထလိုက်ပြီး တစ်ပြိုင်နက် အော်လိုက်သည်။
“ကျွန်တော်တို့ ဗုဒ္ဓသားတော်ကို ဂါဝရပြုပါတယ်”
နျဲ့ရှို့ယွမ်တို့အုပ်စုသာ ထိုင်နေသည်။
“လူတိုင်း ထိုင်လို့ရပြီ”
လေးစားဖွယ် အသံတစ်သံ ထွက်ပေါ်လာပြီး ကောင်းကင်ယံတွင် ဗုဒ္ဓအလင်းတန်းများ တောက်ပလာကာ သက်လတ်ပိုင်းအရွယ် ဘုန်တော်ကြီးတစ်ပါး ပုတီးစိမ့်လျက် ရပ်နေသည်။ ခြေထောက်အောက်တွင်တော့ သုံးရောင်ခြယ်ကြာပန်းတစ်ပွင့် ပင့်မထား၏။