အခန်း (၃၆၇-၃၆၈)
Vol. 37 Ch. 367-368
အခန်း(၃၆၇) တဖြည်းဖြည်းပေါ်ထွက်လာလေသော အမှန်တရား
“ဓမ္မရုပ်သွင်ဗုဒ္ဓသားတော် ခင်ဗျား ဘာပြောချင်လို့လဲ”
နျဲ့ရှို့ယွမ်သည် သူ့ကို တည်ငြိမ်စွာ ကြည့်နေ၏။ သူ့ဓားကတော့ ဘုရင်ကျင်းလွန်နှင့် ဘုရင်ဝူရှတို့ပေါ်မှ မဖယ်ခွာပေ။
ထိုသည်ကိုကြားသော် လူတိုင်း ကျယ်လောင်စွာ ရယ်မောတော့သည်။
ချောင်ရိုချန် လက်ခုပ်တီးလိုက်သည်။ “အစ်ကိုနျဲ့ ကြည့်ရတာ ဒီဘုန်းကြီးက အမှန်တရားကို မရင်ဆိုင်ရဲဘူးထင်တယ်။ ဘာလို့ သူ့ကို နိုးထသွားအောင် မလုပ်ပေးရမှာလဲ”
နျဲ့ရှို့ယွမ် ပြုံးသည်။ “သူက အမှန်တရားကို မမြင်ချင်တာနေမယ်။ အရံအစီအစဉ်တွေဘာတွေများ စီစဉ်ထားသေးလား မသိဘူး”
“အို”
ချောင်ရို့ချန် အမူအရာသည် ထူးဆန်းသွားသည်။
“စီနီယာအစ်ကိုကြီးပြောမှ ကျွန်တော် သတိထားမိတယ်။ ဗုဒ္ဓသားတော် ကျုပ် ခင်ဗျားကို အရံအစီအစဉ် စဖို့ အခွင့်အရေးတစ်ခုပေးမယ်။ မဟုတ်ရင် ကျုပ်တို့သောင်းပြောင်းပညာရပ်ဌာနက လူအင်အားနဲ့ အနိုင်ကျင့်တယ်လို့ ပြောနေဦးမယ်”
“…”
ပတ်ဝန်းကျင်မှ ကြည့်ရှူနေသူများသည် ထိုစကားလုံးများကြောင့် ချက်ချင်းဆိုသလို မျက်နှာပျက်သွားကြသည်။
‘ဒါငါတို့ကို တမင်ပြောတာမလား’
ဓမ္မရုပ်သွင်ဗုဒ္ဓသားတော်သည် သူ့ရည်ရွယ်ချက် အလွယ်တကူ ဖော်ထုတ်ခံရမည်ဟု မထင်ထားပေ။ သူ ကျောင်းတော်ထံ အကြောင်းပြချက်တစ်ခုပေး၍ အကူအညီတောင်းရန် စီစဉ်ထားခြင်းပေ။
သူ့မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အံကြိတ်ကာ တစ်လုံးချင်းပြောသည်။
“မင်းတို့အားလုံးက ကောင်းကောင်းပြောနေတာကို မကြိုက်ဘူးလား။ အဲ့တော့ ငါ့ကို အပြစ်မတင်နဲ့တော့။ မဟာပဏ္ဍိတဟုန်ယွမ် ကျွန်တော့်ကို ကူပါဦး”
ထိုစကားလုံးများ ထွက်လာသည်နှင့် လူတိုင်း ကောင်းကင်ကို ကြည့်လိုက်သည်။
သို့သော် ဓမ္မရုပ်သွင်ဗုဒ္ဓသားတော် ခေါ်လိုက်သည့် မဟာပဏ္ဍိတဟုန်ယွမ် ပေါ်မလာပေ။
ဓမ္မရုပ်သွင်ဗုဒ္ဓသားတော် မျက်နှာ ပြောင်းလဲသွား၏။ မဟာပဏ္ဍိတဟုန်ယွမ်သည် သူ့ကာကွယ်သူဖြစ်ပြီး ရင်းနှီးကြသူများဖြစ်ပေသည်။ ထို့ကြောင့် သူအကူညီတောင်းလျှင် မငြင်းဆန်သင့်ပေ။
သူ ထပ်အော်လိုက်သည်။
“မဟာပဏ္ဍိတဟုန်ယွမ် ကျွန်တော့်ကို ကူညီဦး”
တိတ်ဆိတ်နေမှုသာ သူ့ကို အဖြေပြန်ပေးသည်။
ချောင်ရို့ချန် သူ့ကို လှောင်ပြောင်တော့မှုအချိန်တွင် ကောင်းကင်ယံ၌ ထေ့ငေ့ါသံကြီး ထွက်လာတော့သည်။
“မင်းက ဒီဘုန်းကြီးအိုကြီးကို ခေါ်နေတာလား”
လူတိုင်း မသိစိတ်ဖြင့် မောကြည့်လိုက်ကြသည်။ ထိုအခါ တိမ်တိုက်ပေါ်မှ မီးတောက်အရှိန်အဝါများ ဖြာထွက်နေသည့် အမျိုးသမီးတစ်ဦးသည် တုန်ယင်နေသော ဘုန်းကြီးအိုကြီးတစ်ပါးကို ကော်လံမှ ဆွဲကိုင်ထားသည်အား တွေ့ရသည်။
ဓမ္မရုပ်သွင်ဗုဒ္ဓသားတော် မျက်နှာ ပြောင်းလဲသွားပြီး အလောတကြီး မေးသည်။
“ခင်ဗျား မဟာပဏ္ဍိတဟုန်ယွမ်ကို ဘာလုပ်လိုက်တာလဲ”
အမျိုးသမီး၏ နှုတ်ခမ်းများက အနည်းငယ် တွန့်ကွေးသွားသည်။ “ငါက သူ့ကို ဂျူနီယာတွေရဲ့ ကိစ္စထဲ ဝင်မပါဖို့ သတိပေးတာလေ။ ဒါပေမဲ့ သူက နားမထောင်တော့ နည်းနည်းကူညီပေးလိုက်တာ”
ထိုအခြေအနေက လူတိုင်းကို အေးစက်သွားစေသည်။
သက်ကြီးပိုင်းကျင့်ကြံသူတချို့ ထိတ်လန့်တကြား အော်လိုက်သည်။
“မဟာပဏ္ဍိတဟုန်ယွမ်လို အနောက်ပိုင်းဒေသကို တုန်လှုပ်စေခဲ့တဲ့ ကျင့်ကြံသူကို ဆိုးဆိုးရွားရွား ရိုက်နှက်နိုင်တဲ့သူ ပေါ်လာမယ်လို့ ဘယ်သူထင်ထားမှာလဲ”
“မဟာပဏ္ဍိတတွေကြားမှာလည်း ကွာခြားချက်တွေ ရှိတာပဲ”
“…”
ဓမ္မရုပ်သွင်ဗုဒ္ဓသားတော် နောက်သို့ ဆုတ်လိုက်မိသည်။ မဟာပဏ္ဍိတဟုန်ယွမ်သည် သူ၏ နောက်ဆုံး ဝှက်ဖဲဖြစ်သည်။ သူသာ မရှိတော့လျှင် ကိစ္စက အဆုံးသတ်သွားတော့ပေမည်။
ထိုအပြုအမူက လူတိုင်း၏အမြင်မှ မလွတ်မြောက်ပေ။ နျဲ့ရှို့ယွမ် မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ဓမ္မရုပ်သွင်ဗုဒ္ဓသားတော်ကို အေးစက်စွာ ပြောသည်။
“ဓမ္မရုပ်သွင် မင်းက ငါလက်စားချေတာကို ထပ်ခါထပ်ခါ တားဆီးနေတာ။ ပြန်စဉ်းစားကြည့်ရင် မင်းက ဒီကိစ္စရဲ့ အကြီးမားဆုံး အကျိုးအမြတ်ရတဲ့သူပဲ။ ငါ မင်းခေါင်းကို ဖြတ်လိုက်ရင် နောက်ကွယ်က ကြိုးကိုင်သူတွေ ပေါ်လာလောက်လား”
သူက ငတုံးမဟုတ်ပေ။ ဗုဒ္ဓသားတော် ရရှိနိုင်မည့် အကျိုးအမြတ်များကို သူနားလည်သည်။ ထို့အပြင် ဓမ္မရုပ်သွင်သည် ထိုအချိန်က ဤကဲ့သို့ ကိစ္စရပ်များကို ညွှန်ကြားရန် အရည်အချင်း မပြည့်မီသေးပေ။
“မင်း ဘာအဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာလဲ။ ငါက ဒီကိစ္စနဲ့ ဘာမှ မသက်ဆိုင်ဘူး”
ဗုဒ္ဓသားတော် အပြင်းအထန် ငြင်းဆန်နေသော်လည်း သူ့အပြုအမှုနှင့် အပြောအဆိုက သူ့စိတ်ကို ပေါ်လွင်စေသည်။
ကောင်းကင်ထက်တွင် ဖရိုဖရဲဖြစ်နေသော မဟာပဏ္ဍိတဟုန်ယွမ်သည် ရုတ်တရက် ပြောလာသည်။
“ဓမ္မရုပ်သွင် မင်းအခုမှတော့ ငြင်းမနေနဲ့တော့။ မင်းနောက်မှာ တစ်ယောက်တည်းမှ မဟုတ်တာ။ ဒီကလေးတွေကို ဘာတွေ ကြောက်နေတာလဲ”
ဖြန်း
မဟာပဏ္ဍိတကျန်းယန် ဘုန်းကြီးအိုကြီးကို ပါးရိုက်လိုက်သည်။
“ငါနင့်ကို စကားပြောခွင့်ပေးထားလို့လား”
မဟာပဏ္ဍိတဟုန်ယွမ် မျက်နှာပေါ်တွင် အရှုံးပေးမည့်အစား အသေသာခံမည်ဟူသော အမူအရာပေါ်လာသည်။ သူ မဟာပဏ္ဍိတကျန်းယန်ကို အဆိပ်ပြင်းစွာ ကြည့်သည်။
၎င်းကို မြင်သောအခါ ချောင်ရို့ချန် တိတ်တဆိတ်တွေးလိုက်မိသည်။
‘ငါ့အဘေးကို ဘယ်သူယူမလဲမသိဘူး။ ယူလိုက်တဲ့သူကတော့ ဖရိုဖရဲဖြစ်တော့မှာပဲ။ ဒီကမ္ဘာပေါ်မှာ ငါ့ဆရာပဲ သူ့ကို ထိန်းနိုင်လောက်တယ်’
ထိုစကားများကိုကြားသော် ဓမ္မရုပ်သွင်ဗုဒ္ဓသားတော် အေးခဲသွားသည်။ သို့သော် သိပ်မကြာခင် သူ့မျက်နှာပေါ်တွင် သဘောပေါက်သွားသည့် အမူအရာ ပေါ်လာ၏။
သူသည် ယခုအခါ လျှို့ဝှက်ဗုဒ္ဓကျောင်းတော်၏ ဗုဒ္ဓသားတော်တစ်ပါးပင်။
ကျောင်းတော်၏ ဘိုးဘေးများသည် သူအပြင်လူများထံ၌ အသတ်ခံရမည်ကို ထိုင်ကြည့်နေမည်မဟုတ်ချေ။
ထိုအတွေးကြောင့် ဓမ္မရုပ်သွင် ဗုဒ္ဓသားတော်၏ မျက်နှာပေါ်၌ ယုတ်မာသည့် အပြုံးတစ်ခု ပေါ်လာသည်။
“ဟားဟားဟား...ဒီဗုဒ္ဓသားတော်က တစ်ဘဝလုံး ဉာဏ်ကောင်းလာခဲ့တာ။ အခု ခဏပဲ တုံးအဖူးတယ်”
သူ ခဏရပ်ပြီးမှ ဆက်ပြောသည်။
“ဒီနှစ်တွေမှာ ဖြစ်ခဲ့တဲ့ အရာတွေက ဘိုးဘေးတွေ စီစဉ်ထားခဲ့တာ။ နျဲ့ရှို့ယွမ် မင်းအမှန်တရားကို သိသွားတော့ရော ဘာဖြစ်လဲ။ မင်း ဘာလုပ်နိုင်မှာမလို့လဲ။ ရေမြေဓမ္မပူဇော်ပွဲကို နှောင့်ယှက်တဲ့အတွက် လျှို့ဝှက်ဗုဒ္ဓကျောင်းတော်က မင်းကို ဖိနှိပ်လိမ့်မယ်”
“ကောင်းတယ်။ အရမ်းကောင်းတယ်”
နျဲ့ရှို့ယွမ် လေသံသည် တည်ငြိမ်လှ၏။ သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များသည် အရိပ်အယောင်ပင် မကျန်တော့ဘဲ ပျောက်ကွယ်သွား၏။
“မင်းက ဝင်ခံလိုက်ပြီဆိုတော့ အရင်ဆုံး အတိုးနည်းနည်း ပြန်ယူမယ်။ ကျန်တာကိုတော့ မင်းတို့ လျှို့ဝှက်ဗုဒ္ဓကျောင်းတော်က လူအိုကြီးတွေနဲ့ ရှင်းမယ်”
ထိုစကားအဆုံးတွင် သူ့လက်ထဲမှဓားသည် ဓမ္မရုပ်သွင်ဗုဒ္ဓသားတော်ကို ခုတ်ပိုင်းသွားတော့၏။
ကလန်
ဓားက လျှပ်စီးအလား မြန်ဆန်လှပြီး ခုခံရန် မစွမ်းသာပေ။
သို့သော် ဓားချက်ကျရောက်သွားသော်လည်း ဓမ္မရုပ်သွင်ဗုဒ္ဓသားတော်သည် အထိအခိုက်မရှိ ရပ်တည်နေသည်။
ထိုသည်ကို မြင်သော် နျဲ့ရှို့ယွမ် မျက်လုံးထဲ၌ အံ့ဩမှုလေး ပေါ်လာသော်လည်း အကြောင်းအရင်းကို လျင်စွာ နားလည်သွားသည်။
“မင်းက လျှို့ဝှက်ဗုဒ္ဓကျောင်းတော်က အထွတ်အထိပ်ရတနာကို ပိုင်ဆိုင်ထားပုံပဲ။ ဒါပေမဲ့ မင်းရတနာက ငါ့ဓားဘယ်နှချက်ကို ခံနိုင်မယ်ထင်လဲ”
ဓမ္မရုပ်သွင်ဗုဒ္ဓသားတော်သည် ပြင်ပဒဏ်ရာ မရသွားသော်လည်း သူ့စိတ်ထဲတွင် အတော်လေး ကြောက်နေမိသည်။ သူ ထိုဓားချက်တွင် ဓားတာအိုအနှစ်သာရများကို ခံစားနိုင်သည်။
“မင်း..မင်း ဓားတာအိုအနှစ်သာရကို နားလည်ထားတာလား”
“ဟုတ်တယ်။ မင်းက အမြင်တော့ရှိသား”
နျဲ့ရှို့ယွမ် ပြောပြီးသည်နှင့် သူ့လက်ထဲက ဓားကို ထပ်မံလွှဲယမ်းသည်။
ဘုန်း
ဓမ္မရုပ်သွင်ဗုဒ္ဓသားတော်ထံမှ အသံကျယ်ကြီး ထွက်လာသည်။ သူ့ တည်ငြိမ်စွာ မရပ်နိုင်တော့ဘဲ နောက်သို့ အတင်းအဓမ္မ ဆုတ်ပေးလိုက်ရ၏။
သူ့ကိုယ်ပေါ်မှ ဗုဒ္ဓကျောက်စိမ်းပြားသည် အမှုန့်ဖြစ်သွားပြီး မြေပြင်ပေါ်သို့ ကျဆင်းသွားသည်။
“ကြည့်ရတာ မင်းတို့ လျှို့ဝှက်ဗုဒ္ဓကျောင်းတော်က ပေးထားတဲ့ ကာကွယ်ရေးအဆောင်က ထင်သလောက်လည်း မဟုတ်ပါလား။ ဒီတစ်ကြိမ်တော့ မင်း ငါ့ကို ဘယ်လိုတားဦးမလဲဆိုတာ ကြည့်ဦးမယ်”
ထိုစကားများနှင့်အတူ နျဲ့ရှို့ယွမ် သူ့ဓားကို နောက်တစ်ကြိမ် မြှောက်လိုက်သည်။
ထိုသို့ အရေးကြီးသည့်အခိုက် အသက်အရွယ်ကြီးရင့်သော စွမ်းအားကြီးသည့် အသံတစ်သံ ကောင်းကင်၌ ထွက်ပေါ်လာ၏။
“ရပ်လိုက်”
ဟိန်းဟောက်သံနှင့်အတူ လူတိုင်း တုန်ယင်သွားရသည်။ မဟာပဏ္ဍိတကျန်းယန်ပင် မျက်မှောင်ကြုတ်သွားသည်။
အသံပိုင်ရှင်သည် သူမထက်ပင် သန်မာပါ၏။ ထိုအသံကို ကြားသော် ဓမ္မရုပ်သွင်ဗုဒ္ဓသားတော်၏ မျက်နှာတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားသည်။
“ဟားဟားဟား..နျဲ့ရှို့ယွမ် မင်း ငါ့ကို သတ်လို့မရဘူး”
နျဲ့ရှို့ယွမ် တည်ငြိမ်စွာ ပြောသည်။
“နောက်ဆုံးတော့ ရောက်လာပြီပဲ”
ဓမ္မရုပ်သွင်ဗုဒ္ဓသားတော်သည် နျဲ့ရှို့ယွမ် မကြောက်ရွံ့သည်ကိုသိသော် အံ့ဩသွားရသည်။
‘ဒီကောင်က သူတစ်ယောက်တည်း လျှို့ဝှက်ဗုဒ္ဓကျောင်းတော်ကို စိန်ခေါ်ချင်တာလား’
သို့သော် သူအကြောင်းအရာကို နားမလည်ခင် ကောင်းကင်ယံ၌ နှလုံးကို မွှေနှောက်စေမည့်ဗုဒ္ဓကျမ်းစာ ရွတ်ဖတ်သံများ ထွက်ပေါ်လာသည်။
အခန်း (၃၆၈)မဟာပဏ္ဍိတရှန့်ရှင်း
ပေါင်ရှန့်ကျောင်းတော်၏ အတွင်းအပြင်ရှိ ကျင့်ကြံသူအားလုံးသည် ဗုဒ္ဓဂါထာတော် ရွတ်ဖတ်သံ ထွက်ပေါ်လာရာ အရပ်မျက်နှာသို့ ခေါင်းမော့ကြည့်လိုက်ကြသည်။
မိုးကုပ်စက်ဝိုင်းမှနေ၍ ကောင်းကင်ယံထက် လမ်းလျှောက်လာနေသော ဘုန်းကြီးအိုအုပ်စုကို သူတို့ မြင်တွေ့လိုက်ရ၏။
စီတန်းလှည့်လည်လာသော ထိုအဖွဲ့၏ နောက်ဆုံးတွင် မင်းသားငါးပါးက ရွှေရောင်ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို ထမ်းပိုးလာကြသည်။
ရုပ်ပွားတော်၏အောက်တွင် ရောင်ခြည်ငါးသွယ်ကွန့်မြူးသော ပဒုမ္မာကြာပွင့်တစ်ခု ရှိနေသည်။
ထိုအဖွဲ့သည် အေးအေးလူလူပင် ရွေ့လျားလာသော်လည်း သူတို့ဖြတ်သန်းသွားရာ နေရာတိုင်း၌ ငါးရောင်ချယ် ဗုဒ္ဓတိမ်တိုက်များ ပေါ်ပေါက်လာလေ၏။
ခဏချင်းမှာပင် ပေါင်ရှန့်တိုင်းပြည်၏ ကောင်းကင်ယံတစ်ခုလုံး ဗုဒ္ဓတိမ်တိုက်များဖြင့် ပြည့်နှက်သွားတော့သည်။
မြို့တော်အတွင်းရှိ မူလက စိုးရိမ်ထိတ်လန့်နေကြသော ဗုဒ္ဓဘာသာဝင်များသည် ယခုအခါ မြေပြင်ပေါ်တွင် ဝပ်တွားကာ ကောင်းကင်မှ ရွှေရောင်ဗုဒ္ဓရုပ်ပွားတော်ဆီသို့ အကြိမ်ကြိမ် ဦးချနေကြတော့လေ၏။
မဟာပဏ္ဍိတကျန်းယန်သည် ဤမြင်ကွင်းကို မြင်သောအခါ မသိမသာ မျက်မှောင်ကြုတ်လိုက်ပြီး မဟာပဏ္ဍိတဟုန်ယွမ်ကို ဘေးသို့ ပစ်ချထားလိုက်သည်။
“ငါးရောင်ချယ် ပဒုမ္မာကြာပွင့်ပါလား။ လျှို့ဝှက်ဗုဒ္ဓကျောင်းတော်မှာ တကယ်ပဲ သူတော်စင်အဆင့် ဘုန်းကြီးအိုတစ်ပါး ရှိနေတာလား”
သူ့ဘေးရှိ မဟာပဏ္ဍိတရီရှန်းက ခေါင်းခါပြလိုက်သည်။
“မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ကောလာဟလတစ်ခုတော့ ကျွန်တော်ကြားဖူးတယ်။ လျှို့ဝှက်ဗုဒ္ဓကျောင်းတော်မှာ ရှန့်ရှင်းလို့ အမည်ရတဲ့ မဟာပဏ္ဍိတတစ်ပါး ရှိတယ်ဆိုပဲ”
“လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီကတည်းက သူဟာ မဟာမိုးကြိုးကျောင်းတော်မှာ လမ်းညွှန်မှု ခံယူပြီး သူတော်စင်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပေမဲ့ မဟာပဏ္ဍိတရှန့်ရှင်းက ပေါင်ရှန့်တိုင်းပြည်ရဲ့ လူအားလုံး ဗုဒ္ဓဘာသာကို မသက်ဝင်သေးသရွေ့ သူ သူတော်စင်အဆင့်ကိုလည်း တက်လှမ်းမှာ မဟုတ်ဘူးလို့ ကြေညာခဲ့တယ်။ အဲဒီ ရွှေရောင်ဗုဒ္ဓရုပ်ပွားတော်ထဲမှာ မဟာသူတော်စင်ရှန့်ရှင်း ရှိနေမယ်လို့ ကျွန်တော်ထင်တယ်”
သူ တိုးတိုးလေး ပြောလိုက်ခြင်း ဖြစ်သော်လည်း ပေါင်ရှန့်ကျောင်းတော်ရှိ လူအားလုံးကတော့ အတိုင်းသား ကြားလိုက်ရသည်။
ဓမ္မရုပ်သွင်နှင့် အခြားသူများ၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပေါ်လာပြီး အစောပိုင်းက စိတ်ပျက်အားငယ်မှုနှင့် စိုးရိမ်မှုများမှာ အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားလေ၏။
နျဲ့ရှို့ယွမ်တို့ အဖွဲ့ကတော့ အမူအရာ ပြောင်းလဲခြင်း မရှိပေ။ သူတို့သည် မဟာပဏ္ဍိတများကို မြင်ဖူးပြီးသား ဖြစ်သည်။ တစ်ဖက်လူသည် အချိန်မရွေး ဗုဒ္ဓအဖြစ်ကို ခံယူနိုင်သော်လည်း သူတို့ဆရာသည်သာ ဤလောကတွင် အင်အားအကောင်းဆုံး မဟာပဏ္ဍိတ ဖြစ်သည်ဟု သူတို့ အခိုင်အမာ ယုံကြည်ထားကြသည်။
ဘေးပတ်ဝန်းကျင်ရှိ ကြည့်ရှုသူများမှာ ဆူပွက်နေသော ရေကဲ့သို့ ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး အားတက်သရော ဆွေးနွေးနေကြလေတော့၏
“နျဲ့ရှို့ယွမ်က မဟာပဏ္ဍိတရှန့်ရှင်းကိုတောင် ထွက်လာအောင် လုပ်နိုင်ခဲ့တာပဲ။ သူ့ခရီးစဉ်ကတော့ ဒီမှာတင် အဆုံးသတ်သွားပုံရတယ်”
“ဟုတ်တာပေါ့။ ပါရမီရှင်တစ်ယောက် ဒီနေရာမှာ ကျဆုံးရမှာက ရွှမ်ထျန်းတိုက်ကြီး အတွက် တကယ့်ကို ကြီးမားတဲ့ ဆုံးရှုံးမှုပဲ”
“…”
ထိုအတောအတွင်း ဘုန်းကြီးများသည် ပေါင်ရှန့်ကျောင်းတော်၏ အထက်သို့ ဖြည်းဖြည်းချင်း ရောက်ရှိလာကြသည်။ ဦးဆောင်လာသော ဘုန်းကြီးအိုတစ်ပါးက ကြေညာလိုက်၏။
“မဟာပဏ္ဍိတရှန့်ရှင်း ကြွမြန်းလာပြီ။ သတ္တဝါအပေါင်းတို့၊ ကြိုဆိုကြလော့”
ဝမ်တောက်ကျောင်းတော်မှ လူများမှလွဲ၍ ကျန်ရှိနေသော ကျင့်ကြံသူအားလုံး ဒူးထောက် ဦးချလိုက်ကြသည်။
“မဟာပဏ္ဍိတရှန့်ရှင်းကို ဂါရဝပြုပါတယ်”
“ထကြလော့”
အိုမင်းမစွမ်းဖြစ်နေသော အသံပျော့ပျော့တစ်ခုမှာ ရွှေရောင်ဗုဒ္ဓရုပ်ပွားတော်အတွင်းမှ ထွက်ပေါ်လာခဲ့၏။
ထိုအသံမှာ နောက်ထပ် စကားတစ်လုံး ပြောပြီးလျှင်ပင် အသက်ထွက်သွားတော့မည့်အလား ထင်ရသော်လည်း မည်သူမျှ မဟာပဏ္ဍိတရှန့်ရှင်းကို အထင်မသေးရဲကြပေ။ သူသည် မည်သည့်အချိန်တွင် ဗုဒ္ဓအဖြစ်သို့ ရောက်ရှိပြီး သူတော်စင်အဆင့်သို့ တက်လှမ်းသွားမည်ကို မည်သူသိနိုင်မည်နည်း။
“ကျေးဇူးတင်ပါတယ်၊ မဟာပဏ္ဍိတရှန့်ရှင်း”
မဟာပဏ္ဍိတကျန်းယန်သည် စမ်းသပ်ရန် မကြိုးစားတော့ဘဲ ဘေးသို့လှည့်ကာ မေးလိုက်သည်.
“တာအိုမိတ်ဆွေရီရှန်း၊ ဒီနေ့တော့ ငါတို့ အင်အားချင်း ပူးပေါင်းရတော့မယ် ထင်တယ်”
မဟာပဏ္ဍိတရီရှန်း ခေါင်းခါလိုက်သည်။
“စီနီယာအစ်မ၊ ကျွန်တော်က မထိုက်တန်ပါဘူး။ ဒါပေမဲ့ လျှို့ဝှက်ဗုဒ္ဓကျောင်းတော်က စစ်ကူခေါ်နိုင်တယ်ဆိုရင် ကျွန်တော်တို့လည်း မခေါ်နိုင်စရာ အကြောင်းမရှိပါဘူး”
၎င်းကို ကြားတော့ မဟာပဏ္ဍိတကျန်းယန် မှင်တက်သွားပြီး ထိုလူပုလေးကို အံ့ဩတကြီး စိုက်ကြည့်လိုက်သည်။
“နင့်လို မျက်ခုံးထူထူ မျက်လုံးအိမ်ကြီးကြီးနဲ့ လူကလည်း သူရဲဘောကြောင်တတ်လိမ့်မယ်လို့ မထင်ထားဘူး။ ဦးလေးယွမ်က ဘာလို့ နင့်ကို ရှောင်ချန်းရဲ့ အစောင့်အရှောက်အဖြစ် ရွေးခဲ့တာလဲဆိုတာ ငါတကယ် မသိတော့ဘူး”
မဟာပဏ္ဍိတရီရှန်း ပြုံးလိုက်သည်။
“ဒီဂျူနီယာက အခြေအနေကို ဘယ်လိုသုံးသပ်ရမလဲဆိုတာ နားလည်လို့ပဲ ကျောင်းအုပ်ကြီးက ဒီကိစ္စကို ကျွန်တော့်ဆီ အပ်နှံခဲ့တာပေါ့”
“ဟွန့်”
မဟာပဏ္ဍိတကျန်းယန် နှာခေါင်းရှုံ့လိုက်ပြီး မဟာပဏ္ဍိတရီရှန်းကို ဂရုမစိုက်တော့ပေ။
နောက်တစ်ယောက်ကမူ သူ့နတ်ဘုရားအာရုံ ဖြင့် ကျောက်စိမ်းလက်ဖွဲ့တစ်ခုကို တိတ်တဆိတ် ချေဖျက်လိုက်သည်။
ပေါင်ရှန့်ကျောင်းတော်အတွင်းတွင် နျဲ့ရှို့ယွမ်သည် ကောင်းကင်ရှိ ဗုဒ္ဓရုပ်ပွားတော်ကို မော့ကြည့်ကာ ပြောလိုက်၏။
“ခင်ဗျားက ကျုပ်ရဲ့ နျဲ့မိသားစုကို ဖျက်ဆီးခဲ့တဲ့ တရားခံ အဓိကလက်သည်လား”
“မိုက်မဲလိုက်လေခြင်း”
ဘုန်းကြီးအိုတစ်ပါး ၎င်းကို ကြားသောအခါ ချက်ချင်းပင် ဒေါသတကြီး အော်ဟစ်လိုက်သည်။
“မဟာပဏ္ဍိတရှန့်ရှင်းရဲ့ ရှေ့မှောက်မှာ မင်းလို ကလေးတစ်ယောက်က ဘယ်လိုတောင် အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေရတာလဲ။ အကယ်၍ မဟာပဏ္ဍိတက မင်းရဲ့ နျဲ့မိသားစုကို ဖျက်ဆီးချင်ရင် ဒီနေ့အထိ အသက်ရှင်နေပါဦးမလား”
“အော်မိထောဖော”
ရွှေရောင်ဗုဒ္ဓရုပ်ပွားတော်ဆီမှ ရှည်လျားသော ဂါထာသံ ထွက်ပေါ်လာပြီးနောက် မဟာပဏ္ဍိတရှန့်ရှင်း၏ အသံ ထပ်မံ ထွက်ပေါ်လာ၏။
“ရှို့ယွမ်... ဒီဘုန်းကြီး ကိစ္စကို သိထားပြီးသားပါ။ မင်းရဲ့ စိတ်ထဲမှာ ရှိနေတဲ့ ခါးသီးမှုနဲ့ အမုန်းတရားတွေကိုလည်း နားလည်ပါတယ်။ စကားပုံရှိသလိုပဲ၊ ရန်ငြိုးဖွဲ့တာထက် ရန်ငြိုးဖြေတာက ပိုကောင်းပါတယ်။ အကယ်၍ မင်းသာ စွဲလမ်းမှု တွေကို စွန့်လွှတ်ပြီး ဗုဒ္ဓဘာသာထဲ ဝင်မယ်ဆိုရင် ဒီဘုန်းကြီးက မင်းကို တပည့်အဖြစ် လက်ခံပြီး ဓမ္မရုပ်သွင်နဲ့ ဘုရင်ကျင်းလွန်တို့ကို ဆုံးမပေးဖို့ ဆန္ဒရှိပါတယ်”
ဤစကားများကို ပြောလိုက်သောအခါ ဓမ္မရုပ်သွင်၏ မျက်နှာများ ရုတ်ချည်း ပျက်သွားသည်။
မဟာပဏ္ဍိတရှန့်ရှင်းသည် သူတို့ နောက်ခံဖြစ်လာလိမ့်မည်ဟု ထင်ထားခဲ့ခြင်း ဖြစ်၏။
မဟာပဏ္ဍိတရှန့်ရှင်းက နျဲ့ရှို့ယွမ်ကို တပည့်အဖြစ် လက်ခံမည်ဟု သူတို့ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
အကယ်၍ နျဲ့ရှို့ယွမ်သာ သဘောတူလိုက်လျှင် သူတို့အားလုံး မြေမြှုပ်ရန် နေရာတောင် မရှိနိုင်တော့ချေ။
“ဟမ့်”
နျဲ့ရှို့ယွမ် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
“ခင်ဗျားရဲ့ စကားတွေက သီချင်းဆိုနေတာထက်တောင် နားထောင်လို့ ကောင်းနေသေးတယ်။ အကယ်၍ ကျုပ် နျဲ့မိသားစု တစ်မျိုးလုံး အသတ်ခံရတာကို ဒီလောက်လွယ်လွယ်နဲ့ ခွင့်လွှတ်လိုက်မယ်ဆိုရင် ကျုပ် နျဲ့ရှို့ယွမ်ဟာ သားကောင်းတစ်ယောက် ဖြစ်ထိုက်ပါဦးမလား။ စိတ်အာရုံထဲက နတ်ဆိုးတွေကို ချေဖျက်ပြီး လွတ်မြောက်မှုကို ရဖို့ဆိုတာ ဝေလာဝေးပေါ့”
“ဒီနေ့ ကျုပ် နျဲ့ရှို့ယွမ် ဒီကိုလာတာ အချက်သုံးချက်အတွက်ပဲ။ ပထမက လက်စားချေဖို့၊ ဒုတိယကလည်း လက်စားချေဖို့၊ တတိယကလည်း လက်စားချေဖို့ပဲ”
၎င်းကို ကြားလိုက်ရသောအခါ ဖာရှန့်တို့အဖွဲ့၏ ကြောက်ရွံ့မှုများ ချက်ချင်း ပျောက်ကွယ်သွားပြီး နျဲ့ရှို့ယွမ်ကို ကြည့်နေသော သူတို့မျက်လုံးထဲတွင် လှောင်ပြုံးများဖြင့် အစားထိုးဝင်ရောက်လာသည်။
ဘေးပတ်ဝန်းကျင်ရှိ ကြည့်ရှုသူများမှာ အသက်ရှူမှားသွားကြ၏။
နျဲ့ရှို့ယွမ်၏ လက်စားချေလိုစိတ်က ဤမျှအထိ ပြတ်သားလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ကြပေ။ အချိန်မရွေး ဗုဒ္ဓအဖြစ်သို့ ရောက်ရှိနိုင်သော မဟာပဏ္ဍိတတစ်ပါး၏ ရှေ့မှောက်မှာပင် သူသည် တုန်လှုပ်ခြင်း မရှိခဲ့ပေ။
တစ်ချိန်တည်းမှာပင် ပေါင်ရှန့်တိုင်းပြည်၏ ကျွမ်းကျင်သူများ စိတ်ထဲမှ တွေးလိုက်ကြသည်။
‘ဒီလူငယ်ကို အသက်ရှင်ခွင့် ပေးလို့မဖြစ်ဘူး’
မဟာပဏ္ဍိတ ရန့်ရှင်းသာ ရှိမနေလျှင် သူတို့ကိုယ်တိုင်ပင် ထိုလူကို သတ်ပစ်လိုက်ကြမည် ဖြစ်၏။
“အော်မီထောဖော”
မဟာပဏ္ဍိတရှန့်ရှင်း အမျက်ဒေါသ မထွက်ဘဲ အေးအေးလူလူပင် ပြောလိုက်သည်။
“ရှို့ယွမ်... မင်းရဲ့ သတ်ဖြတ်လိုစိတ်က ပြင်းထန်လွန်းနေပြီ။ ဒီဘုန်းကြီးကို မင်းရဲ့ စိတ်ထဲမှာ ရှိတဲ့ သတ်ဖြတ်လိုတဲ့ အငွေ့အသက်တွေကို ဖယ်ရှားပေးခွင့်ပြုပါ၊ ပြီးမှ ဗုဒ္ဓဘာသာထဲ ဝင်ပါတော့”
သူသည် ပါရမီရှင်ကို အမှန်တကယ် နှမြောနေခြင်း မဟုတ်ဘဲ လောကကြီးကို ရှင်းပြရန် အကြောင်းပြချက်တစ်ခု ပေးချင်နေခြင်းသာ။
မည်သို့ပင်ဆိုစေ ဗုဒ္ဓဘာသာ သန့်ရှင်းစင်ကြယ်ရန်အတွက် ဂုဏ်သိက္ခာသည် အရေးကြီးဆုံးပေ။
ထို့နောက် မဟာပဏ္ဍိတရှန့်ရှင်းသည် မဟာပဏ္ဍိတကျန်းယန်နှင့် မဟာပဏ္ဍိတရီရှန်းတို့ဆီသို့ အကြည့်လွှဲလိုက်ပြီး ပြောလိုက်၏။
“ဒီဘုန်းကြီးက ရှို့ယွမ်ကို ခေါ်သွားတာကို ဒကာကြီးတို့နှစ်ယောက် ကန့်ကွက်မယ် မထင်ပါဘူးနော်”
မဟာပဏ္ဍိတကျန်းယန် စကားပြောတော့မည့် ဆဲဆဲမှာပင် မဟာပဏ္ဍိတရီရှန်း ကြားဖြတ်ပြောလိုက်သည်။
“အကယ်၍ မဟာပဏ္ဍိတရှန့်ရှင်း လုပ်နိုင်မယ်ဆိုရင် စမ်းကြည့်ပါ။ ဒါပေမဲ့ ဒီဂျူနီယာက သတိပေးပါရစေ။ တူလေးရှို့ယွမ်က ဘယ်သူမဆို လွယ်လွယ်နဲ့ ခေါ်သွားလို့ရတဲ့သူ မဟုတ်ဘူးဆိုတာကိုပါ”
မဟာပဏ္ဍိတရှန့်ရှင်း ပြုံးလိုက်သည်။
“သူတော်စင်အဆင့်အောက်မှာ ရှိတဲ့ သတ္တဝါအားလုံးထဲကနေ ဒီဘုန်းကြီးက ဘယ်သူ့ကိုမဆို ခေါ်သွားနိုင်ပါတယ်။ ဒကာကြီးတို့နှစ်ယောက် ဝင်မစွက်ဖက်ဘူးဆိုရင်တော့ အခြေအနေတွေ ဘယ်လိုဖြစ်လာမလဲဆိုတာ စောင့်ကြည့်ကြရအောင်”
စကားသံ မဆုံးသေးခင်မှာပင် ကောင်းကင်ယံမှ အေးအေးလူလူ အသံတစ်သံ ရုတ်တရက် က်လာလေ၏။
“ဆရာတော်ရဲ့ စကားတွေက တော်တော်လေးကို မောက်မာတာပဲ။ ဒီနေ့တော့ ကျွန်တော့ရဲ့ တပည့်ကို ခေါ်သွားဖို့ ဆရာတော်မှာ ဘယ်လို စွမ်းရည်တွေ ရှိသလဲဆိုတာ ကိုယ်တိုင် ကြည့်ရသေးတာပေါ့”
ဤစကားကြောင့် ကွင်းပြင်တစ်ခုလုံး အံ့အားသင့်သွားကြရသည်။
‘နောက်ထပ် ပညာရှင် တစ်ယောက်လား။ ဒီပညာရှင် ရောက်နေတာကို ငါတို့ ဘာလို့ အစောကတည်းက အာရုံမခံမိတာလဲ’
မဟာပဏ္ဍိတရှန့်ရှင်း အပါအဝင် လူတိုင်းသည် ဇဝေဇဝါဖြစ်လျက် အသံလာရာ အရပ်သို့ လှည့်ကြည့်လိုက်ကြ၏။
နှင်းပွင့်ထက်ပင် ဖြူစင်သော ဝတ်ရုံဖြူကို ဝတ်ဆင်ထားပြီး ခေါက်ယပ်တောင်ကို ဝေ့ယမ်းကာ ထူးကဲသော အရှိန်အဝါဖြင့် ကောင်းကင်ယံထက် လမ်းလျှောက်လာသော အမျိုးသားတစ်ဦးကို သူတို့ မြင်တွေ့လိုက်ရသည်။
နျဲ့ရှို့ယွမ်နှင့် အခြားသူများသည် ရောက်ရှိလာသူကို မှတ်မိသွားသောအခါ အားလုံး ဒူးထောက်လိုက်ကြပြီး တပြိုင်နက်တည်း ပြောလိုက်ကြ၏။
“ဆရာ့ကို ဂါရဝပြုပါတယ်”
ရောက်ရှိလာသူမှာ ချူဖုန်းပင်။ သူသည် ယပ်တောင်ကို တစ်ချက် လှည့်လိုက်ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်၏။
“ထကြပါ”
ရွှေရောင်ဗုဒ္ဓရုပ်ပွားတော်အတွင်းမှ မဟာပဏ္ဍိတရှန့်ရှင်းသည် သူ့ရှေ့မှ အမျိုးသားကို ကြည့်ကာ မသိစိတ်ဖြင့် မေးလိုက်မိ၏။
“ဒကာကြီးရဲ့ အမည်ကို သိခွင့်ရှိမလား”