ဣန္ဒြေလေးတော့ဆည်ပါဦး မိစ္ဆာမင်းသား
Vol. 12 Ch. 1170
မိစ္ဆာမင်းသားမှာ မိစ္ဆာဧကရာဇ်မင်းဆက်ထဲတွင် ရာထူးအမြင့်ဆုံးမင်းသား ဖြစ်သောကြောင့် သူ၏စံအိမ်မှာ သူ့ထက်အဆင့်နိမ့်သော အခြားမင်းသားများ၏ စံအိမ်များထက် ပို၍ကြီးကျယ်ခန်းနားနေသည်မှာ သဘာဝကျပေသည်။ ထိုစံအိမ်အတွင်းသို့ ဝင်လိုက်သည်နှင့် မရေမတွက်နိုင်လောက်အောင် များပြားလှသည့် ရင်သပ်ရှုမောဖွယ် အလှဆင်ကျောက်တုံး ဝင်္ကပါများကိုသာမက စမ်းချောင်းနှင့် ရေအိုင်များစွာကိုပါ မြင်တွေ့လိုက်ရသည်။
တန်ခိုးရှင်များ စံမြန်းရာနေရာနှင့်ပင် တူနေပြီး အသက်တစ်ချက်မျှ ရှူသွင်းလိုက်ရုံဖြင့် မိမိ၏ ကျင့်ကြံခြင်းအခြေခံကို အံ့သြဖွယ်ကောင်းလောက်အောင် လှုံ့ဆော်ပေးနိုင်စွမ်း ရှိနေသည်။ ပိုင်ရှောင်ချန်းမှာ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်နေသည့်တိုင်အောင် အထင်ကြီးသွားရသည်သာ ဖြစ်သည်။
" မင်းသားရဲ့ နေရာက ကောင်းလှပါပေတယ် "
သူက ရိုးရိုးသားသား ချီးမွမ်းပြောဆိုလိုက်သည်။
" သံအမတ်ပိုင်က ကျုပ်ကို မြှောက်နေပြန်ပါပြီဗျာ "
မိစ္ဆာမင်းသားက ပြန်ဖြေလိုက်သည်။ သူသည် သူ့ကိုယ်သူ အလွန်ကျေနပ်အားရနေသည်မှာ အသိအသာပင်။ ထို့နောက် သူသည် ပိုင်ရှောင်ချန်းအား လှမ်းကြည့်လိုက်ပြီး ဆက်ပြောလိုက်သည်။
" မင်းရဲ့ ကောင်းကင်တံတားနယ်မြေကို ကျုပ် ကျေးဇူးအများကြီးတင်ရမှာ သံအမတ်ပိုင်ရေ။ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းနဲ့ ပတ်သတ်တဲ့ လျှို့ဝှက်ချက်တွေကြောင့်သာ ကျုပ်ရဲ့စံအိမ်က ဒီအဆင့်ထိရောက်လာရတာလေ "
သူသည် အဝေးတစ်နေရာရှိ အလှဆင်ကျောက်တုံးဝင်္ကပါတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။
" အဲဒီ အလှဆင်ထားတဲ့ တောင်ကုန်းကိုမြင်လား။ အဲဒီတောင်ကုန်းဆောက်ဖို့ သာမန်အင်မော်တယ်ကျောက်တုံးတွေကို မန္တန်အစီအရင်တစ်ခုထဲကို ကျုပ် ထည့်ခဲ့တာ။ ပြီးတော့ မိစ္ဆာဧကရာဇ်မင်းဆက်တစ်ခုလုံးကို ပိုက်စိပ်တိုက်ရှာဖွေပြီး အဆင့်မြင့် စိတ်စွမ်းအင် အဆင့်မြှင့်တင်သူတွေကို ဒီအစီအရင်ပေါ်မှာ မှော်အတတ်တွေ သူတို့ရဲ့မှော်ပညာတွေအသုံးပြုစေခဲ့တာ "
" အများစုက မအောင်မြင်ကြပေမဲ့ နောက်ဆုံးရလဒ်ကတော့ ကြိုးစားရတာနဲ့တန်ပါတယ်။ ဒီမှာရှိသမျှ အလှဆင်ကျောက်တွေအကုန်လုံးက အဆင့်သုံးအထိ စိတ်စွမ်းအင်အဆင့်မြှင့်တင်ထားပြီးသားတွေချည်းပဲ " မိစ္ဆာမင်းသားမှာ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းနှင့်ပတ်သတ်၍ အလွန်စိတ်ဝင်စားမှုရှိနေသည့်ပုံစံ ပေါ်နေသည်။ သူသည် ပိုင်ရှောင်ချန်းအား သူ၏ စံအိမ်၏ ပင်မခန်းမသို့ ခေါ်ဆောင်သွားရာလမ်းတစ်လျှောက်တွင် စိတ်စွမ်းအင်အဆင့်မြှင့်တင်ထားသမျှ အရာအားလုံးကို လက်ညှိုးထိုး၍ ပြနေတော့သည်။
သူသည် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းနှင့် ပတ်သတ်လျှင် အတော်အတန် ဗဟုသုနှံ့စပ်မှုရှိသည့်ပုံပေါ်နေသဖြင့် ပိုင်ရှောင်ချန်းမှာ သူပြောသမျှ စကားများကို အနည်းငယ် ဂရုစိုက်၍ နားထောင်နေတော့သည်။ ဤပညာရပ်နှင့်ပတ်သတ်၍ မိစ္ဆာမင်းသားလောက်နားလည်သူကို အင်မော်တယ်နယ်မြေများထဲတွင် ယခုအချိန်အထိ သူ လုံးဝမတွေ့ဖူးသေးပေ။
" ကျုပ် နားလည်သလောက်ဆိုရင် မင်းတို့ ကောင်းကင်တံတားနယ်မြေသားတွေ စိတ်စွမ်းအင်အမြှင့်တင်တဲ့နေရာမှာ အဓိကသုံးတဲ့နည်း သုံးနည်းရှိတယ်။ ပထမတစ်နည်းက စိတ်ဆန္ဒနဲ့ဆက်စပ်နေတဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကို အသုံးချတာ။ ဒုတိယက မှော်ဥပဒေသအတိုင်း လိုက်နာပြီး ကောင်းကင်နဲ့ ကမ္ဘာမြေကြီးတို့ရဲ့ စွမ်းအင်တွေကို ထိန်းချုပ်အသုံးချနိုင်တဲ့ ပစ္စည်းတွေကို ရှာတာ။ လူအများဆုံးသုံးတဲ့ တတိယအချက်က ရောင်စုံခြယ်မီးတောက်တွေကို အသုံးပြုတာပဲ "
" ရောင်စုံခြယ်မီးတောက်တွေ အသုံးပြုတဲ့လူကို အောက်လမ်းဆရာလို့ခေါ်တယ်။ သံအမတ်ပိုင်ရေ... ကျုပ် ကြားဖူးသလောက်ဆိုရင် ကောင်းကင်တံတားနယ်မြေထဲမှာ ဟိုးရှေးပဝေသဏီထဲကနေ အခုအထိ အာကာသအောက်လမ်းဆရာ တစ်ယောက်ပဲ ရှိခဲ့ဖူးတာတဲ့ "
မိစ္ဆာမင်းသားက ပိုင်ရှောင်ချန်း၏ အမူအရာကို အကဲခတ်နေသည်ဖြစ်ပြီး သူ၏မျက်နှာပေါ်ရှိ အံ့သြမှုကို မြင်လိုက်ရသောအခါ သူသည် ရယ်မောလိုက်တော့သည်။ ထိုအချိန်တွင် သူသည်ရုတ်တရက်ဆိုသလို အနည်းငယ်မျှ ကြေကွဲနေသည့်ပုံ ပေါက်သွားသည်။
" ဒါပေမဲ့လည်း ကျုပ် ဘယ်လောက်ပဲ သုတေသနတွေလုပ်လုပ် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းကို ကောင်းကင်တံတားနယ်မြေရဲ့ သွေးတွေစီးဆင်းနေတဲ့လူတွေကပဲ လုပ်နိုင်တာဆိုတဲ့ အဖြေတစ်ခုပဲထွက်တယ်။ အဲဒီသွေးရဲ့ စွမ်းအားမရှိဘူးဆိုရင် ဒီပညာရပ်နဲ့ သက်ဆိုင်တဲ့ အတတ်တွေအားလုံးကို တတ်မြောက်ထားတဲ့လူတောင် ကျရှုံးမှာပဲ အဲ့သွေးကို တစ်ခြားခန္ဓာကိုယ်တစ်ခုထဲ ပြောင်းထည့်မယ်ဆိုရင်တောင် အများကြီးကန့်သတ်ခံရထားရတဲ့ စွမ်းဆောင်ရည်တစ်ခုကိုပဲရမှာ "
" ထာဝရမယ်တော်က ဗဟိုမိုးမြေဧကရာဇ်ရဲ့ မျိုးဆက်တွေကို ဆုလာဘ်အကြီးကြီးတစ်ခု ချီးမြှင့်ထားတာ ... "
သူက သက်ပြင်းချလိုက်တော့သည်။ သူစကားပြောနေစဥ်အတွင်း ပိုင်ရှောင်ချန်းမှာ သူ့ထံမှ သွေးညှီနံ့များ ထွက်ပေါ်လာနေကြောင်း သိလိုက်ရသည်။
သူသည် မျက်မှောင်ကြုတ်လိုက်ပြီး တစ်စုံတစ်ရာပြောဆိုရန် ပြင်လိုက်စဥ် မိစ္ဆာမင်းသားမှာ အရောင်လက်နေသည့် မျက်ဝန်းများဖြင့် ရုတ်တရက် သူ့ဘက်သို့ လှည့်လာတော့သည်။
" သံအမတ်ပိုင်ရေ။ ကျုပ် ခင်ဗျားကို ဒီနေ့ဒီနေရာကို ခေါ်ရတဲ့ အကြောင်းအရင်းအမှန်က ခင်ဗျားစိတ်ဝင်စားလောက်မဲ့ လဲလှယ်မှုတစ်ခုကို လုပ်ဖို့ တောင်းဆိုချင်လို့ပဲ။ ခင်ဗျားဆီမှာ ကျုပ်လိုချင်တဲ့ အရာတစ်ခုရှိနေတယ်.... "
" ဘယ်ဟာရှိတာတုံး... "
ပိုင်ရှောင်ချန်းမှာ မနှစ်မျို့မှုကို အတတ်နိုင်ဆုံး ချုပ်တည်းကာ မိစ္ဆာမင်းသားကိုပြန်ကြည့်၍ မေးလိုက်သည်။
မိစ္ဆာမင်းသားမှာ နှုတ်ခမ်းကိုလျှာဖြင့်သပ်၍ တဏှာရဂမီးများ လောင်မြိုက်နေသည့် ယောက်ျားတစ်ဦးက ချောမောလှပသော အမျိုးသမီးတစ်ယောက်ကို ကြည့်နေသကဲ့သို့ ပိုင်ရှောင်ချန်းအား ခေါင်းအစခြေအဆုံးကြည့်လိုက်တော့သည်။ ထိုအကြည့်ကြောင့် ပိုင်ရှောင်ချန်း၏ မျက်ခုံးမွှေးများပင် အနည်းငယ် တွန့်လိမ်သွားရသည်။
" သံအမတ်ပိုင်ရေ။ ကျုပ် … မင်းရဲ့ ခန္ဓာကိုယ်ကို လိုချင်တယ်ဗျာ "
ပိုင်ရှောင်ချန်း၏ မျက်နှာမှာ ချက်ချင်းပင် တင်းမာသွားပြီး ထောင်းခနဲ ဒေါသထွက်သွားတော့သည်။ သူသည် အင်္ကျီလက်ကိုဝှေ့ယမ်းလိုက်ပြီး အေးစက်စက်နှာမှုတ်၍ ဆိုလိုက်တော့သည်။
" ကျေးဇူးပြုပြီး ဣန္ဒြေလေးတော့ဆည်ပါဦး မိစ္ဆာမင်းသား "
ထို့နောက် သူသည် မကျေမချမ်းဖြစ်နေသည့် အမူအရာဖြင့် ထွက်သွားရန်နောက်သို့ လှည့်လိုက်တော့သည်။
" ခဏနေပါဦး သံအမတ်ပိုင်။ ကျုပ်ကို မင်း အထင်လွဲသွားတာပါ။ ကျုပ်မှာ ကျင့်ကြံသူတွေရဲ့ ခန္ဓာကိုယ်တွေကိုစုဆောင်းရတဲ့ ဝါသနာတစ်ခုရှိတယ်။ စိတ်အေးအေးထားပါ။ ကျုပ်ပြောတာနားထောင်ပါဦး။ တကယ်လို့ မင်းသာ လက်ခံမယ်ဆိုရင် မင်းရဲ့လက်ရှိခန္ဓာကိုယ်ကို အစားထိုးဖို့အတွက် အခြားအပြင်ခန္ဓာကိုယ်တစ်ခုကို ကျုပ်စီစဥ်ပေးလို့ရတယ်။ ရလဒ်ကိုလည်း မင်းနှစ်သက်စေရမယ်လို့ ကျုပ်အာမခံတယ် "
" မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကြောင့် တခြားခန္ဓာကိုယ်တစ်ခုကို သိမ်းပိုက်ရတာ ခက်ခဲမှာမဟုတ်ပါဘူး။ ပြီးတော့ ကျုပ်ဆီမှာလည်း စုထားတဲ့ခန္ဓာကိုယ်တွေ အများကြီးပဲ။ အဲဒီခန္ဓာကိုယ် တစ်ခုချင်းစီတိုင်းက သူ့နည်းသူ့ဟန်နဲ့ တမူထူးခြားပြီး ပြီးပြည့်စုံနေတာနော် "
ပိုင်ရှောင်ချန်းက အထင်လွဲမှုတစ်ခုကြောင့် ငြင်းဆိုလိုက်မည်ကို စိုးရိမ်သဖြင့် မိစ္ဆာမင်းသားသည် သူ၏လက်ကိုဝှေ့ယမ်းလိုက်သောအခါ စံအိမ်ထဲရှိ အလှဆင်ကျောက်တုံးများအားလုံး တောက်ပစွာ လင်းလက်လာတော့သည်။
ထိုအလင်းရောင်များ တောက်ပလာသည်နှင့်အမျှ ကျောက်တုံးများမှာ ကြည်လင်သွားကြပြီး ရေခဲများကဲ့သို့ ဖြစ်သွားကြသည်။ ထိုအခါ ထိုကျောက်တုံးများထဲတွင် ချုပ်နှောင်ထားသည့် ရုပ်အလောင်းများကို မြင်လိုက်ရတော့သည်။
ထိုအလောင်းများထဲတွင် အမျိုးသား၊ အမျိုးသမီး၊ လူအို၊ လူပျို၊ အယုတ်အလတ် အမြတ်မရွေး ပါဝင်ကြသည်။ သို့သော် သူတို့အားလုံးမှာ တစ်ယောက်မကျန် ပြတိုက်ထဲမှ ရတနာများပမာ တောက်ပြောင်နေကြသည်သာဖြစ်သည်။
ပိုင်ရှောင်ချန်းမှာ အစောပိုင်းက ထွက်ခွာရန်ပြင်နေပါသော်လည်း ယခုတွင်မူ သူသည် မလှုပ်မယှက်ဖြစ်နေပြီး မျက်လုံးပြူးကြီးများဖြင့် ရုပ်အလောင်းများအားလုံးကို ဝေ့ဝိုက်၍ ကြည့်နေတော့သည်။ ဤဖြစ်ရပ်အသစ်အဆန်းများကို သူ၏အသိစိတ်မှာ လိုက်ဖမ်း၍ မမီလောက်အောင် ဖြစ်နေတော့သည်။ မိစ္ဆာမင်းသားမှာ ဤကဲ့သို့ ဝါသနာမျိုး ရှိနေလိမ့်မည်ဟု သူ လုံးဝမထင်ထားမိခဲ့ပေ။ တစ်ဖက်တွင် ဤအချင်းအရာကြီးမှာ ရက်စက်ရာကျနေပါသော်လည်း တချိန်ထဲတွင် ပိုင်ရှောင်ချန်းမှာ ဤကမ္ဘာကြီး၏အဓိပ္ပါယ်ကို ပို၍ပင်နက်ရှိုင်းစွာ သိရှိနားလည်သွားသကဲ့သို့ ဖြစ်သွားတော့သည်။
" ရုပ်အလောင်းတွေ စုဆောင်းပြီး ... ခြံဝန်းထဲမှာ ထားရတာကို သူ တကယ်နှစ်သက်တာ ငါ့ဖြင့် ယုံတောင်မယုံနိုင်ဘူး... "
ပိုင်ရှောင်ချန်း ဆွံ့အနေပုံကိုကြည့်၍ မိစ္ဆာမင်းသားမှာ အလွန်ကျေနပ်နေ၏။ သူက စုဆောင်းသည်များကို ဂုဏ်ယူဝင့်ကြွားစွာ ဝေ့ဝိုက်ကြည့်လိုက်ပြီး ၎င်းတို့ကို တန်ဖိုးမဖြတ်နိုင်ဆုံးသော ရတနာများကဲ့သို့ သဘောထား၍ မိတ်ဆက်ကာ ရှင်းပြနေတော့သည်။
" အဲ့တစ်ခုကိုတွေ့လား။ အဲဒါ တခြားဘာနဲ့မှမတူတဲ့ ယန်ဆယ်ပါး ခန္ဓာကိုယ်ပဲ။ အဲဒီခန္ဓာကိုယ်က နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ကို နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ တိုက်ခိုက်နိုင်စွမ်းရှိအောင် လုပ်ပေးနိုင်တဲ့ တိုက်ပွဲသုံးခန္ဓာတစ်ခုပဲ။ သန်မာလွန်းလို့ စကားလုံးနဲ့ ဖော်ပြလို့တောင် မရဘူး "
" သြော်။ ပြီးတော့ ဟိုဖက်ကတစ်ခုက ပိုတောင် အံ့သြဖို့ကောင်းသေးတယ်။ အဲဒီခန္ဓာကိုယ်မှာ ရင်သပ်ရှုမောစရာအကောင်းဆုံး ညှို့အားတွေပါဝင်နေတာ။ အဲဒီခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ အမျိုးသားက အဆုံးမသတ်နိုင်လောက်အောင်များပြားတဲ့ အမျိုးသမီး ကျင့်ကြံသူတွေရဲ့ နှလုံးသားတွေကို ဖမ်းစားနိုင်တယ်။ ကျုပ် နည်းနည်းလေ့လာစမ်းသပ်ခဲ့ပြီး သိခဲ့ရတဲ့တစ်ချက်က အဲဒီလိုမျိုးခန္ဓာကိုယ်တွေက ဆန့်ကျင်ဘက်လိင်ရဲ့ စိတ်ကိုဆွဲငင်နိုင်တဲ့ တုန်လှုပ်ခြောက်ခြားဖွယ် အငွေ့အသက်တွေကို ထုတ်လွှတ်ပေးနိုင်တယ်ဆိုတာပဲ "
" အဲဒီအဘိုးကြီးကို ကြည့်လိုက်။ သူအသက်ကြီးနေတာကို ခဏမေ့ထားလိုက်ဦး။ တကယ်တမ်းဆိုရမယ်ဆိုရင် ထာဝရအင်မော်တယ်နယ်မြေထဲမှာ သူ့ထက်ပိုပြီး အသက်ရှည်အောင် နေဖူးခဲ့တဲ့လူ တစ်ယောက်မှမရှိဘူး။ သူက နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံခြင်းအခြေခံကို ပိုင်ဆိုင်ထားတာဆိုပေမဲ့ သူ့သက်တမ်းက ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူတွေကို ဟာသလုပ်လို့ရအောင်လောက်ကို အဲဒီထက် အများကြီးသာလွန်နေတာ။ ကျုပ် အများကြီး လေ့လာစမ်းသပ်ခဲ့ပြီးတာတောင်မှ အဲဒီအကြောင်းအရင်းကို ရှာမတွေ့နိုင်ခဲ့ဘူး "
မိစ္ဆာမင်းသားမှာ ဆက်လက်ရှင်းပြနေစဥ် ပိုင်ရှောင်ချန်းမှာ ဘေးပတ်ပတ်လည်တွင်ရှိနေသော အခြားကျင့်ကြံသူများ၏ အမူအရာများကို အကဲခတ်လိုက်သည်။ မည်သူမှ အံ့အားသင့်နေကြသည့်ပုံ ပေါ်မနေသဖြင့် မိစ္ဆာမင်းသား၏ ဤဝါသနာမှာ မိစ္ဆာဧကရာဇ်မင်းဆက်ထဲတွင် လျှို့ဝှက်ချက် မဟုတ်ကြောင်း သိနိုင်သည်။
ပိုင်ရှောင်ချန်းမှာ ရုပ်အလောင်းများကို ပြန်ကြည့်လိုက်ပြီး သူ၏အသိစိတ်များမှာ ထိန်းချုပ်၍မရနိုင်လောက်အောင် ချာချာလည်နေသကဲ့သို့ ခံစားနေရတော့သည်။ သူသည် ကြက်သီးမွေးညင်းများထလာသဖြင့် တစ်ဦးတည်း စိတ်အားထက်သန်စွာရှင်းပြနေသော မိစ္ဆာမင်းသားကို ကြားဖြတ်၍ ဝင်ပြောလိုက်တော့သည်။
" အမ် ... ကျွန်တော်က ဒီခန္ဓာကိုယ်ကို ကျွန်တော့်မိဘတွေဆီက ရခဲ့တာ မိစ္ဆာမင်းသားရေ။ ကျွန်တော် လဲလှယ်မှု မလုပ်နိုင်တာ စိတ်တော့မကောင်းပါဘူး။ ကျွန်တော် အရေးကြီးကိစ္စတစ်ခု လုပ်စရာရှိသေးလို့ အခုပြန်ပါတော့မယ် "
ထိုသို့ဆိုကာ သူသည် နောက်သို့ဆုတ်သွားတော့သည်။
မိစ္ဆာမင်းသားမှာ အလွန်မကျေမနပ်ဖြစ်သွားသည့် အမူအရာဖြင့် ချက်ချင်းပင် မျက်မှောင်ကြုတ်သွားတော့သည်။
သူသည် အေးစက်စက်နှာမှုတ်ကာ ဆိုလိုက်တော့သည်။
" သံအမတ်ပိုင်ရာ၊ လဲလှယ်မှုမလုပ်ချင်လည်း ကိစ္စမရှိပါဘူး။ ဒါပေမဲ့ ဒီလောက်ကြီး မောက်မာစရာတော့ မလိုပါဘူး "
" ကျုပ်တို့ ကျင့်ကြံသူတွေက ကောင်းကင်ကို ဖီဆန်ရမှာ မဟုတ်ဘူးလား။ ကျုပ်တို့ဘဝရဲ့ပန်းတိုင်က ကြီးမြတ်လှတဲ့ ထာဝရတာအိုကို ရယူဖို့ပဲ ဖြစ်သင့်တာလေ "
" အပြင်ခန္ဓာကိုယ်ဆိုတာ ကျင့်ကြံသူတွေရဲ့ နတ်ဘုရားဝိညာဥ်တွေကို အချိန်ဆိုတဲ့မြစ်ကိုဖြတ်ပြီး သယ်ဆောင်သွားပေးမဲ့ လှေတစ်စင်းသာသာပါပဲ။ အဲဒီမြစ်တစ်လျှောက် ဖြတ်သန်းရမဲ့ခရီးက ရှည်လျားထွေပြား၊ ကြောက်စရာကောင်းပြီးတော့ ဘေးအန္တရာယ်တွေနဲ့ ပြည့်နှက်နေတာ။ ပိုပြီးကောင်းတဲ့ လှေတစ်စင်းကိုတွေ့ရင် ယူသင့်တယ်လေ။ အဲဒီနည်းလမ်းက မြင့်မြတ်လှတဲ့တာအိုကို ပိုင်ဆိုင်နိုင်ဖို့အတွက် အခွင့်အရေးတွေပိုပြီးပေးစွမ်းနိုင်မဲ့ အကောင်းဆုံးနည်းလမ်းပဲ "
မိစ္ဆာမင်းသား၏ အသံထဲရှိ မလျှော့သောဇွဲနှင့် အာရုံစူးစိုက်မှုတို့ကြောင့် ပိုင်ရှောင်ချန်းမှာ အနည်းငယ်မျှ ဆွံ့အနေရတော့သည်။ သူပြောခဲ့သည့် စကားထဲမှ အချို့မှာလည်း အဓိပ္ပါယ်ရှိနေသည် မဟုတ်ပါလော။
" သံအမတ်ပိုင်။ မင်းက ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်တဲ့အတွက် ကိစ္စရပ်ပေါင်းများစွာကို ကြုံကြိုက်ဖူးမှာပါ။ ဘဝဆိုတဲ့မြစ်ထဲမှာ လှေတစ်စင်းအဖြစ် အသုံးပြုဖို့လိုအပ်တဲ့ ကျုပ်တို့ရဲ့ခန္ဓာကိုယ်တွေကို တစ်ခါတရံမှာ အစားထိုးဖို့လိုတယ်ဆိုတာကို မင်းနားမလည်ဘူးဆိုတာ ကျုပ်မယုံဘူး။ အဲဒီလိုအစားထိုးမှပဲ ကျုပ်တို့ရဲ့ အချိန်ကုန်သက်သာပြီး ကျုပ်တို့ရည်မှန်းထားတဲ့ပန်းတိုင်ဖြစ်တဲ့ မြင့်မြတ်လှသောတာအိုဆီကို ရောက်ရှိနိုင်မှာမဟုတ်ဘူးလား "
မိစ္ဆာမင်းသားမှာ ပိုင်ရှောင်ချန်းက သူ့စကားအား ဂရုတစိုက်နားထောင်နေသည်ကို ကျေနပ်၏။ သူသည် ထာဝရဖြစ်တည်နေမည့် အနေအထားသို့ ခေါ်ဆောင်သွားနိုင်မည်ဟု သူ လုံးဝယုံကြည်ထားသော သူ၏တာအိုအကြောင်းကို ပြောပြနေသည် မဟုတ်ပါလော။
" မင်းရဲ့ အပြင်ခန္ဓာကိုယ်က မင်းရဲ့ အဖေနဲ့အမေဆီက ရတယ်ဆိုတာမှန်ပါတယ်။ ဒါပေမဲ့ အဲဒီခန္ဓာကိုယ်ကို နောက်ထပ်ကြုံရမဲ့ ခန္ဓာတွေအများကြီးထဲက တစ်ခုလို့ပဲ သဘောထားသင့်တယ်။ ခန္ဓာကိုယ်တွေဆိုတာ မှော်ပစ္စည်းတွေလိုမျိုးပဲ သံအမတ်ပိုင်။ မင်း ကျင့်ကြံခြင်းလောကထဲကိုစ ပြီးခြေချခဲ့တဲ့အချိန်တုံးက အသုံးပြုခဲ့တဲ့ မှော်ပစ္စည်းတွေကို အခုထိအသုံးပြုနေသေးလို့လား "
ပိုင်ရှောင်ချန်းမှာ အနည်းငယ်မျှပင် ပင့်သက်ရှိုက်သွားတော့သည်။ သူ၏နှလုံးသားထဲတွင် မိစ္ဆာမင်းသားမှာ မမှန်ကန်ကြောင်း ခံစားနေရပါသော်လည်း သူ၏စကားများမှာ တိကျပြတ်သားလွန်းလှသဖြင့် သူ့အား မေးခွန်းပြန်ထုတ်ရန် ခဲယဥ်းနေတော့သည်။
မိစ္ဆာမင်းသားမှာ ရုတ်တရက် သူ၏အင်္ကျီများကို ဆွဲဖြဲလိုက်ပြီး အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းများဖြင့် ချုပ်ထားသည့် ခန္ဓာကိုယ်တစ်ခုကို ထုတ်ပြလိုက်တော့သည်။
" သံအမတ်ပိုင်။ ဒါကိုကြည့်။ ကျုပ်ရဲ့ဘက်လက်ကိုမြင်လား။ အဲဒါ မိစ္ဆာဂုဏ်ကျက်သရေ မျိုးနွယ်စုကနေ ယူထားတာ။ ရက်စက်ကြမ်းကြုတ်တဲ့ အေးစက်မှုစွမ်းအားတွေ ကိန်းအောင်းနေတဲ့လက်ပဲ။ ညာလက်က ကောင်းကင်တိုက်ပွဲ လူမျိုးစုကနေ ယူထားတာ။ အဲဒီလက်က တုန်လှုပ်ခြောက်ခြားဖွယ် နတ်ဘုရားစွမ်းရည်တွေကို ထုတ်လွှတ်နိုင်တယ် "
" ဘယ်ခြေထောက်ကို မိစ္ဆာသတ်သမားမျိုးနွယ်စုဆီက ယူထားပြီး ညာခြေထောက်ကို နဂါးအုပ်မျိုးနွယ်စုဆီက ယူထားတာ "
သူ၏ ခန္ဓာကိုယ်မှာ အမာရွတ်များဖြင့် ဗရပွဖြစ်နေပြီး တုန်လှုပ်ခြောက်ခြားဖွယ် မြင်ကွင်းကြီးတစ်ခုဖြစ်နေသည်။
ပိုင်ရှောင်ချန်းမှာ သူကြားနေရသည့် စကားများကြောင့် အံ့အားသင့်နေရတော့သည်။ ကမ္ဘာပေါ်တွင် ဤကဲ့သို့ လူထူးဆန်းတစ်ယောက် ရှိနေလိမ့်မည်ဟု သူလုံးဝ မထင်ထားမိပေ။
" သူ့အဖေက ဒါတွေကို ခွင့်ပြုထားတယ်တဲ့လား "
သူကတွေးနေတော့သည်။ မိစ္ဆာမင်းသားမှာ လူများ ဤကဲ့သို့ အမူအရာများဖြင့်တုံ့ပြန်တတ်သည်ကို ကျင့်ကြံသားရနေသည့်ပုံပေါ်ပြီး ပိုင်ရှောင်ချန်း တွေးတောနေသည့်အရာများကိုလည်း အတိအကျသိနေတော့သည်။
သူသည် ပြုံးကာ ဆက်ပြောလိုက်သည်။
" ခမည်းတော် မိစ္ဆာဧကရာဇ်က စစချင်းတုံးက ကျုပ်ရဲ့ တာအိုကို လက်မခံပဲဆန့်ကျင့်ခဲ့တယ်။ ဒါပေမဲ့ အချိန်အတော်အတန်လည်း ကြာပြီးရော သူ့စိတ်လည်း ပြောင်းသွားတာပါပဲ။ အခုဆို သူက ကျုပ်ကိုတောင် ထောက်ခံနေပြီ "