အခန်း (၁၇၉-၁၈၀)
Vol. 18 Ch. 179-180
အခန်း (၁၇၉) ဝမ်ဟိုင် မျိုးနွယ်
ဖာတောင်သခင်သည် သူမ၏ ငယ်ဘဝ ပုံစံနှင့် အတိအကျ တူညီသော ကောင်မလေးကို ကြည့်ရင်း နက်နဲသော တွေးတောမှုများထဲတွင် နစ်မြုပ်သွားခဲ့လေသည်။ ထို ကောင်မလေးမှာ အပြစ်ကင်းစင်သော်လည်း ကြောက်မက်ဖွယ်ကောင်းလှပေသည်။ သူမသည် ခါးသီးခြင်းပင်လယ် အတွင်း၌ ဓားတစ်လက်ကို ကိုင်ဆောင်ကာ တစ်ယောက်တည်း ပျော်ရွှင်စွာ လမ်းလျှောက်နေလေသည်။
သို့သော် မကြာမီမှာပင် ထို ကောင်မလေးမှာ စိတ်ဝင်စားမှု လျော့နည်းသွားခဲ့လေသည်။ အဆုံးမရှိသော ခါးသီးခြင်းပင်လယ် ကြီးထဲတွင် သူမ တစ်ယောက်တည်းသာ သက်ရှိအဖြစ် ရှိနေခြင်းမှာ မည်မျှ အထီးကျန်စရာ ကောင်းလိုက်သနည်း။
အချိန်မည်မျှ ကြာသွားသည်ကို မသိရသော်လည်း ခါးသီးခြင်းပင်လယ် အပေါ် စိတ်ဝင်စားမှု ကင်းမဲ့သွားသော ကောင်မလေးသည် ဦးတည်ချက် တစ်ခုတည်းသို့သာ လျှောက်လှမ်းသွားခဲ့လေသည်။ မသိမသာဖြင့် ကောင်မလေးသည် ခါးသီးခြင်းပင်လယ် ၏ ကမ်းခြေသို့ ရောက်ရှိသွားခဲ့လေသည်။ ထိုနေရာသို့ ရောက်သောအခါ ကောင်မလေးသည် တုံ့ဆိုင်းနေဟန် ပြသခဲ့လေသည်။
မြင်ကွင်းထဲတွင် ကြယ်များ ပြောင်းလဲသွားသော်လည်း ထိုပြောင်းလဲမှုမှာ တစ်ခဏမျှသာ ဖြစ်လေသည်။ အချိန်အတော်ကြာပြီးနောက်တွင်ပင် ကောင်မလေးသည် ခါးသီးခြင်းပင်လယ် အပြင်ဘက်သို့ ခြေတစ်လှမ်းမျှ မလှမ်းရဲသေးချေ။ ခါးသီးခြင်းပင်လယ် ၏ အပြင်ဘက်တွင် သူမကို ကြောက်လန့်စေမည့် အရာတစ်ခုခု ရှိနေသကဲ့သို့ပင်။
ကမ်းခြေတွင် ကလေးတစ်စု ပေါ်လာသည့်တိုင်အောင် ပင် ဖြစ်လေသည်။ ထိုကလေးများသည် ကောင်မလေးနှင့် အရွယ်တူပုံရပြီး ကမ်းခြေတွင် ဆော့ကစားနေကြလေသည်။ သူတို့၏ ပျော်ရွှင်သော ရယ်မောသံများက ကောင်မလေး၏ နားထဲသို့ ဝင်ရောက်လာပြီး သူမ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက် တစ်ချက် လျှပ်တစ်ပြက် ဖြတ်သန်းသွားစေခဲ့လေသည်။
သူမလည်း အပြင်ထွက်ပြီး ဆော့ကစားချင်နေမိလေသည်။ သို့သော် သူမ မဝံ့ရဲချေ။
ကောင်မလေးသည် အကြိမ်ကြိမ် တွန့်ဆုတ်နေခဲ့ပြီး ထိုကလေးများ ကြီးပြင်းလာကာ ကမ်းခြေတွင် ထပ်မံ မပေါ်လာတော့သည့်တိုင်အောင် ပင် ဖြစ်လေသည်။ နောက်ပိုင်းတွင် ကောင်မလေးသည် ဘယ်ကမှန်းမသိသော ကျွန်းတစ်ကျွန်းကို ရွှေ့ပြောင်းလာပြီး ထိုကျွန်းပေါ်တွင် ထိုင်ကာ ကမ်းခြေကို အဝေးမှ ငေးကြည့်နေခဲ့လေသည်။
အချိန်တွေ ကုန်ဆုံးလာသည်နှင့်အမျှ ကမ်းခြေတွင် ရွာတစ်ရွာ တည်ဆောက်လာကြပြီး မီးခိုးခေါင်းတိုင်များမှ မီးခိုးများ ထွက်ပေါ်လာကာ ကလေးနှစ်ယောက် သုံးယောက်ခန့်က ပင်လယ်ကမ်းစပ်တွင် နောက်တစ်ကြိမ် ဆော့ကစားနေကြပြန်လေသည်။
တစ်နေ့တွင် ကလေးအချို့သည် ပင်လယ်ရေ မျိုချခြင်းကို မတော်တဆ ခံလိုက်ရလေသည်။ ကောင်မလေးသည် မသိစိတ်အရ လှုပ်ရှားလိုက်ပြီး ကလေးများကို သူမရှိရာ ကျွန်းငယ်လေးဆီသို့ ကယ်တင်ပေးလိုက်လေသည်။ အသက်အရွယ် တူညီသော ကလေးတစ်စု စုဝေးမိသွားကြပြီး သူတို့သည် အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းကို ယခုလေးတင် ကြုံတွေ့ခဲ့ရသော်လည်း အလျင်အမြန်ပင် အတူတကွ စတင် ဆော့ကစားလာကြလေသည်။ ထိုနေ့တွင် ကောင်မလေးမှာ အလွန် ပျော်ရွှင်နေခဲ့လေသည်။
ပျော်ရွှင်သော ရယ်မောသံများက အဆက်မပြတ် ထွက်ပေါ်နေခဲ့လေသည်။
ကောင်မလေးအတွက် ပထမဆုံးအကြိမ် ကစားဖော်များ ရရှိခဲ့ခြင်းဖြစ်ပြီး ထိုကလေးများ၏ ပါးစပ်မှတစ်ဆင့် အပြင်ကမ္ဘာ အကြောင်းကို အများအပြား ကြားသိခဲ့ရလေသည်။ ဥပမာအားဖြင့် ရွာအပြင်ဘက်တွင် တောင်ကြီးတစ်တောင် ရှိပြီး ထိုတောင်ထဲတွင် ယုန်များစွာ နေထိုင်ကြလေသည်။ တောင်ထဲတွင် ရေကန်တစ်ခုလည်း ရှိပြီး ရေကန်၏ ဘေးတွင် ပန်းများ ပွင့်နေတတ်လေသည်။ ကောင်မလေးသည် အပြင်ကမ္ဘာကြီးမှာ အလွန် အံ့သြဖွယ်ကောင်းပြီး ခါးသီးခြင်းပင်လယ်ကဲ့သို့ အထီးကျန်စရာ မကောင်းကြောင်း ပထမဆုံးအကြိမ်အဖြစ် ရှာဖွေတွေ့ရှိသွားခဲ့လေသည်။
နေဝင်ချိန်ရောက်မှသာ ကောင်မလေးသည် သူမ ကယ်တင်ထားသော ကလေးများကို ကမ်းခြေသို့ မလိုလားစွာဖြင့် ပြန်ပို့ပေးလိုက်လေသည်။
နောက်တစ်နေ့...
ကမ်းခြေသို့ လူများ ပိုမို ရောက်ရှိလာကြလေသည်။ ရွာမှ လူတိုင်း ရောက်လာကြပြီး ကမ်းခြေတွင် ယဇ်ပူဇော်သည့် ပစ္စည်းအမျိုးမျိုးကို ချထားကြလေသည်။ ကိုးကွယ်ယုံကြည်မှုနှင့် ယဇ်ပူဇော်မှုများ... လူအုပ်ကြီးမှာ စည်ကားပြီး သက်ဝင်လှုပ်ရှားနေလေသည်။
ကျောက်တုံးအင်မော်တယ်က တွေးတောရင်း ပြောဆိုလိုက်သည်။
"အဲ့ဒါက ဝမ်ဟိုင် မျိုးနွယ် ပဲ"
လင်းရီနှင့် ဖာတောင်သခင်တို့က ကျောက်တုံးအင်မော်တယ် ကို စပ်စုလိုစိတ်ဖြင့် ကြည့်ကာ မေးမြန်းလိုက်ကြသည်။
"ဝမ်ဟိုင် မျိုးနွယ် ဟုတ်လား"
ဝမ်ဟိုင် မျိုးနွယ်... ထိုနာမည်မှာ အနည်းငယ် ရင်းနှီးနေသကဲ့သို့ပင်။
ကျောက်တုံးအင်မော်တယ်က ရှင်းပြလေသည်။
"သူတို့က အလွန် ရှေးကျတဲ့ လူသား ကျင့်ကြံသူတွေပဲ... သူတို့က သူတို့ရဲ့ မျိုးနွယ်ကို ခါးသီးခြင်းပင်လယ် ကမ်းခြေမှာ တည်ထောင်ခဲ့ကြပြီး နှစ်စဉ်နှစ်တိုင်း ပင်လယ် ပူဇော်ပွဲ ကို ကျင်းပကြတယ် လို့ ပြောကြတယ်... ဒီ မျိုးနွယ်က ခါးသီးခြင်းပင်လယ် ထဲမှာ သူတို့ မျိုးနွယ်ကို ကာကွယ်ပေးနိုင်တဲ့ အင်မော်တယ် တစ်ပါး ရှိတယ်လို့ အခိုင်အမာ ယုံကြည်ထားကြတာ"
ကျောက်တုံးအင်မော်တယ်က ဆက်ပြောသည်။
"ဒီ မျိုးနွယ်က ပင်လယ် ပူဇော်ပွဲ ကနေတစ်ဆင့် ထူးခြားတဲ့ စွမ်းအားတွေကို တကယ်ပဲ ရရှိခဲ့တယ်လို့ ပြောကြတယ်... သူတို့ဟာ ဝိညာဉ်ကုန်းမြေ မှာ ကျင့်ကြံခြင်း တာအို မစတင်ခင်က ထူးခြားတဲ့ စွမ်းအားတွေ ပိုင်ဆိုင်ထားတဲ့ မျိုးနွယ် အနည်းငယ်ထဲက တစ်ခုပဲ... နှမြောစရာကောင်းတာက ဝိညာဉ်ကုန်းမြေ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ဝမ်ဟိုင် မျိုးနွယ် က တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သမိုင်းစင်မြင့်ပေါ်ကနေ ဆင်းသွားခဲ့တာ"
ကျောက်တုံးအင်မော်တယ်က မေးခွန်းထုတ်လိုက်သည်။
"ချန်ရှန်း ရဲ့ နောက်ခံက တကယ်တော့ ဘာလဲ... သူ့ရဲ့ ထင်ယောင်ထင်မှား ထဲမှာ ဝမ်ဟိုင် မျိုးနွယ် တောင် ပါနေတာ"
ကျောက်တုံးအင်မော်တယ် သည် သေခြင်းရှင်ခြင်းတံခါး ၏ တတိယမြောက် မျိုးဆက် ဘိုးဘေးဖြစ်ပြီး သူ၏ ခေတ်တွင် ဝမ်ဟိုင် မျိုးနွယ် မှာ ပျောက်ကွယ်သွားပြီ ဖြစ်သော်လည်း ဒဏ္ဍာရီ အချို့မှာမူ ကျန်ရှိနေသေးလေသည်။
လင်းရီက ထိုစကားကို ကြားသောအခါ ဖာတောင်သခင်ကို ကြည့်ရင်း နက်နဲသော တွေးတောမှုများထဲတွင် နစ်မြုပ်သွားခဲ့လေသည်။
ချန်ရှန်း... သူက ဖာတောင်သခင်အတွက် ကြီးမားတဲ့ အစီအစဉ်တစ်ခုကို ဆွဲထားခဲ့တာပဲ။ ဒီ ထင်ယောင်ထင်မှား ရဲ့ အဓိက ဇာတ်ဆောင်က ကောင်မလေး တစ်ယောက်ဆိုတာ ထင်ရှားနေတယ်။ ဒီ ကောင်မလေးနဲ့ ဆရာဘိုးဘေး ကြားက ဆက်စပ်မှုက ဘာလဲ။
မြင်ကွင်းထဲတွင် ကောင်မလေးသည် ကျွန်းပေါ်တွင် နေထိုင်ကာ ဝမ်ဟိုင်မျိုးနွယ်စုဝင် များ၏ ကိုးကွယ်ယုံကြည်မှုကို ကြည့်ရင်း သူမ၏ နှလုံးသားမှာ များစွာ လှုပ်ရှားသွားခဲ့လေသည်။ သို့သော် သူမသည် ပင်လယ်ပြင်သို့ မထွက်ရဲသေးချေ။ ယင်းအစား သူမသည် ပင်လယ်ရေပြင်ပေါ်တွင် ဧရာမ လှိုင်းတံပိုးကြီးများကို ဖန်တီးလိုက်လေသည်။ လှိုင်းလုံးကြီးများ ကမ်းခြေသို့ ရိုက်ခတ်သွားပြီးနောက် ကမ်းခြေပေါ်တွင် ဝိညာဉ် ကျောက်တုံး များ တစ်ခုပြီးတစ်ခု ပေါ်လာခဲ့လေသည်။
လင်းရီက တွေးတောရင်း ပြောဆိုလိုက်သည်။
"ဝမ်ဟိုင် မျိုးနွယ် က ပင်လယ် ပူဇော်ပွဲ ကနေ ထူးခြားတဲ့ စွမ်းအားတွေကို ရရှိခဲ့တာ မဟုတ်ဘဲ ဒီ ကောင်မလေးက သူတို့ကို ဝိညာဉ် ကျောက်တုံး တွေ ပေးခဲ့တာ ဖြစ်ရမယ်"
လင်းရီက ဆက်လက် ရှင်းပြသည်။
"ဝိညာဉ် ကျောက်တုံး တွေက ကျင့်ကြံဖို့အတွက် အသုံးပြုရတဲ့ ပစ္စည်းတွေပဲ... အဲဒါတွေကို အနားမှာ ထားတာက လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို အားဖြည့်ပေးနိုင်တယ်... အဲဒီကျောက်တုံးတွေက ကျင့်ကြံခြင်း နယ်ပယ်ကို တိုက်ရိုက် မပို့ဆောင်ပေးနိုင်ပေမဲ့ ခန္ဓာကိုယ်ကို သန်စွမ်းစေနိုင်တယ်၊ အသက်ရှည်စေနိုင်တယ်၊ ပြီးတော့ သာမန်ထက် သာလွန်တဲ့ ခွန်အားတချို့ ရဖို့ဆိုတာ တကယ်တော့ မခက်ခဲပါဘူး"
ညအချိန် ရောက်ရှိလာခဲ့လေသည်။
ကောင်မလေးသည် အပြင်ကမ္ဘာ၏ ဆွဲဆောင်မှုကို ဆက်လက် မခံနိုင်တော့ဘဲ ကမ်းခြေဆီသို့ သတိကြီးစွာဖြင့် သွားရောက်ခဲ့လေသည်။ ကမ်းခြေတွင် လူအုပ်ကြီးမှာ ပြန့်ကျဲသွားခဲ့ပြီ ဖြစ်လေသည်။ ယဇ်ပူဇော်သည့် စားပွဲပေါ်တွင် ဝိညာဉ် အသီးအနှံများ၊ သစ်သီးဝိုင်များနှင့် ကင်ထားသော အသားများ ပြည့်နှက်နေလေသည်။
ကောင်မလေးက ဤအစားအစာများကို မြည်းစမ်းကြည့်ချင်နေလေသည်။
ဝုန်း... ကောင်မလေး၏ ခြေတစ်ဖက် ကမ်းခြေပေါ်သို့ နင်းလိုက်သည်နှင့် ကမ္ဘာမြေကြီး၏ အရောင်မှာ ချက်ချင်း ပြောင်းလဲသွားခဲ့လေသည်။
မူလက ငြိမ်သက်နေသော ခါးသီးခြင်းပင်လယ် တွင် ဧရာမ လှိုင်းတံပိုးကြီးများ ထလာပြီး ကောင်းကင်ယံတွင် သွေးကဲ့သို့ နီရဲနေသော မိုးကြိုးများ ဖြတ်သန်းသွားကာ လောကကို ဖျက်ဆီးပစ်မည့်အလား မိုးသည်းထန်စွာ ရွာသွန်းလာလေသည်။ သဲပေါ်သို့ နင်းလိုက်သော ကောင်မလေး၏ ခြေထောက်လေးမှာ ဤအခိုက်အတန့်တွင် လိမ်ကောက်သွားပြီး ဝေဝါးသွားခဲ့လေသည်။ လောကပျက်သုဉ်းစေမည့် မြင်ကွင်းက ရွာသားများကိုလည်း နိုးထစေခဲ့လေသည်။
ရွာသားများမှာ အိမ်ထဲမှ ထွက်ပြေးလာကြပြီး မြေပြင်ပေါ်တွင် ဒူးထောက်ကာ အကြိမ်ကြိမ် ဦးညွှတ်ရင်း ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေကြလေသည်။ ဤအခိုက်အတန့်တွင် ကောင်မလေး သည်လည်း အံ့အားသင့်သွားပြီး ဒေါသထွက်နေသော ခါးသီးခြင်းပင်လယ် ကို ကြည့်ကာ ဘာလုပ်ရမှန်း မသိဘဲ ရပ်နေမိလေသည်။
အဝေးမှ စိုးရိမ်တကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
"သတိထား"
ချလွင်...
အသံထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် သွေးရောင် ဓားအလင်းတန်းတစ်ခုက ခါးသီးခြင်းပင်လယ် အတွင်းရှိ ကမ္ဘာမြေကို တုန်လှုပ်စေသော လှိုင်းတံပိုးများကို ချက်ချင်း ဖြတ်တောက်သွားလေသည်။
လူငယ်တစ်ဦးက ဓားအလင်းတန်းကို စီးနင်းလာပြီး သွေးရောင် မိုးကြိုး အလွှာပေါင်းများစွာကို ဖြတ်သန်းကာ ကောင်မလေး၏ အနောက်တွင် ပေါ်လာပြီး သူမကို ခါးသီးခြင်းပင်လယ် အတွင်းသို့ ပြန်ဆွဲခေါ်သွားလေသည်။ တစ်ခဏချင်းအတွင်းမှာပင် ခါးသီးခြင်းပင်လယ် မှာ ငြိမ်သက်သွားခဲ့လေသည်။ မိုးကြိုးတိမ်တိုက်များမှာလည်း ပြန့်ကျဲသွားခဲ့လေသည်။ အရာအားလုံးက အေးချမ်းမှုဆီသို့ ပြန်လည် ရောက်ရှိသွားခဲ့လေသည်။
ရှင်းလင်းသော အသံတစ်ခုက ကောင်မလေး၏ နားထဲသို့ ဝင်ရောက်လာသည်။
"ငါတို့ အားလုံးက မွေးရာပါ ဝိညာဉ် သက်ရှိတွေပဲ... ငါတို့ မွေးဖွားကြီးပြင်းလာတဲ့ နေရာကနေ ခွင့်ပြုချက်မရှိဘဲ ထွက်သွားလို့ မရဘူး"
လူငယ်က ဆက်လက် သတိပေးလေသည်။
"အကယ်၍ ငါတို့ အပြင်ထွက်သွားရင် အပြင်က လူတွေ ဘေးအန္တရာယ် ကြုံရုံသာမက ငါတို့ ကိုယ်တိုင်လည်း ကောင်းကင်နဲ့ မြေကြီးဆီ ပြန်သွားရလိမ့်မယ်"
ကောင်မလေး အံ့အားသင့်နေဆဲ အချိန်တွင် လူငယ်က ခေါင်းငုံ့ကာ သူ၏ လက်ချောင်းဖြင့် ကောင်မလေး၏ ခြေထောက်လေးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်လေသည်။ သူ၏ လက်ချောင်း ဖြတ်သန်းသွားသော နေရာတိုင်းတွင် လိမ်ကောက်ပြီး ဝေဝါးနေသော ကောင်မလေး၏ ခြေထောက်လေးမှာ ပုံမှန်အခြေအနေသို့ ပြန်လည် ရောက်ရှိသွားလေသည်။ သူမ၏ ခြေဖမိုးပေါ်တွင် သွေးရောင် မိုးကြိုး အမှတ်အသား အနည်းငယ်သာ ကျန်ရစ်ခဲ့လေသည်။
လူငယ်က သက်ပြင်းချရင်း ပြောဆိုလိုက်သည်။
"ကံကောင်းလို့ မင်းက ခြေတစ်လှမ်းပဲ လှမ်းလိုက်တာ... မင်းရဲ့ တာအို အမှတ်အသား ထဲက ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှု စွမ်းအားကို ငါ ဖိနှိပ်ထားလိုက်တယ်... မင်း ကြီးလာတဲ့အခါ ဒီ တာအို အမှတ်အသား ကလည်း ပျောက်ကွယ်သွားလိမ့်မယ်"
လူငယ်က ခေါင်းမော့ကာ ကောင်မလေးကို ကြည့်လိုက်ရာ ချောမောပြီး နုနယ်သော မျက်နှာတစ်ခု ပေါ်လာလေသည်။
ချန်ရှန်း... သူသည် လူငယ်တစ်ဦး၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော်လည်း ချန်ရှန်း နှင့် အတိအကျ တူညီနေကြောင်း မြင်တွေ့နိုင်လေသည်။
လင်းရီက ထင်ယောင်ထင်မှား ကို ကြည့်ပြီးနောက် အလားတူ အံ့အားသင့်နေသော ဖာတောင်သခင်ကို ထူးဆန်းသော အမူအရာဖြင့် ကြည့်ကာ ပြောဆိုလိုက်သည်။
"ဒီလိုကိုး... ပြိုင်ဘက်ကင်း သတ်ဖြတ်ခြင်း လက်နက် က တစ်ခုတည်း မဟုတ်ဘဲ နှစ်ခု ဖြစ်နေတာကိုး... ဓားတစ်လက်နဲ့ ဓားမြှောင်တစ်လက်... ထင်ယောင်ထင်မှား ထဲက လူငယ်က ချန်ရှန်းဆိုရင် အဲဒီ ကောင်မလေးက... ဆရာဘိုးဘေးလား"
အခန်း (၁၈၀)အသားနဲ့ သွေးတွေက သက်ရှိအားလုံးကို ဖန်တီးတယ်... သက်ရှိအားလုံးက ငါ့ကို အကြွေးတင်နေတယ်
ဖာတောင်သခင်က လင်းရီ၏ အကြည့်ကို သတိပြုမိပြီး အနည်းငယ် ခေါင်းညိတ်ပြလိုက်လေသည်။
ဤအခိုက်အတန့်တွင် ဖာတောင်သခင်သည် ထို ကောင်မလေးမှာ သူမကိုယ်တိုင် ဖြစ်ကြောင်း အခြေခံအားဖြင့် သေချာသွားခဲ့ပြီ ဖြစ်လေသည်။ သူမ၏ အသွင်အပြင်မှာ သူမ ငယ်ငယ်က အသွင်အပြင်နှင့် အတိအကျ တူညီနေလေသည်။ ထို့အပြင် သူမ၏ ခြေဖမိုးပေါ်တွင်လည်း ကောင်မလေးကဲ့သို့ပင် သွေးရောင် မိုးကြိုး အမှတ်အသား တစ်ခု အမှန်တကယ် ရှိနေလေသည်။
...
ကောင်မလေးက သူမရှေ့ရှိ လူငယ်၏ ချောမောသော မျက်နှာကို ကြည့်ကာ သူမ၏ ဝမ်းနည်းမှုများမှာ ပျော်ရွှင်မှုအဖြစ် ပြောင်းလဲသွားပြီး လူငယ်၏ ပါးကို ဆွဲညှစ်ရန် လက်လှမ်းလိုက်လေသည်။
ကောင်မလေးက ပြုံး၍ မေးမြန်းလိုက်သည်။
"ကျွန်မ နာမည်က ချင်းယွီ... အစ်ကို့ နာမည်ကရော ဘယ်လိုခေါ်လဲ"
လူငယ်က ကောင်မလေး၏ နှာခေါင်းလေးကို ဆွဲညှစ်ရင်း ဖြေကြားလိုက်သည်။
"ငါ့နာမည်က ချန်ရှန်း ပါ"
ထိုအချိန်မှစ၍ ကောင်မလေးတွင် အဖော်တစ်ယောက် ရရှိသွားခဲ့လေသည်။ သူတို့ နှစ်ဦးသည် ခါးသီးခြင်းပင်လယ် တွင်း၌ အင်မော်တယ် လှိုဏ်ဂူ တစ်ခုကို တည်ဆောက်ခဲ့ကြလေသည်။ ချန်ရှန်း သည် ချင်းယွီ အပေါ် အမှန်တကယ်ပင် အလွန် ကောင်းမွန်ခဲ့လေသည်။
ချင်းယွီ က ဗလာဖြစ်နေသော ကျွန်းပေါ်တွင် နေရသည်ကို မနှစ်သက်ကြောင်း ပြောသောအခါ ချန်ရှန်း သည် သစ်ပင်များ ဖြစ်ပေါ်လာစေရန် သူ၏ သွေးများကို ဖြန်းပက်ကာ ကျွန်းပေါ်တွင် ရွမ်ရှင်း လက်ဖက်ရည် ခင်းတစ်ခုကို စိုက်ပျိုးပေးခဲ့လေသည်။
...
ယွီလင်း ဘုရင် က အံ့အားသင့်စွာ မေးမြန်းလိုက်သည်။
"ဒါဆို ရွမ်ရှင်း လက်ဖက်ရည် က ချန်ရှန်း ရဲ့ သွေးကနေ ဖြစ်ပေါ်လာတာပေါ့"
ယက္ခ တိုင်းပြည်၏ သစ်ပင်မှာ ချန်ရှန်း ကိုယ်တိုင် ဖန်တီးခဲ့ခြင်း ဖြစ်ကြောင်း သိလိုက်ရလေသည်။
ကျောက်တုံးအင်မော်တယ်က ရေရွတ်လိုက်သည်။
"ဒါက မွေးရာပါ ဝိညာဉ် သက်ရှိ တစ်ယောက်ရဲ့ စွမ်းအားလား... သွေးတစ်စက်ကနေ အသက်ကို ဖန်တီးနိုင်တာလား"
...
ရွမ်ရှင်း လက်ဖက်ရည် များ ပြည့်နှက်နေသော ကျွန်းတစ်ကျွန်းလုံးက ချင်းယွီ ကို သဘာဝကျကျပင် ပျော်ရွှင်မှုများ ပြည့်နှက်သွားစေခဲ့လေသည်။ သူမသည် လက်ဖက်ပင်များကြားတွင် လွတ်လပ်စွာ ဆော့ကစားနေခဲ့လေသည်။ ချန်ရှန်း သည် ချင်းယွီ ၏ နောက်မှ လိုက်ပါသွားကာ သူ၏ အပြုံးမှာ ရှင်းလင်းပြီး ချောမောနေလေသည်။
ထို့နောက် ချင်းယွီ က ဤမျှ ကျယ်ပြောလှသော ခါးသီးခြင်းပင်လယ် ကြီးထဲတွင် သူတို့ နှစ်ယောက်တည်းသာ ရှိနေခြင်းမှာ အလွန် အထီးကျန်စရာ ကောင်းကြောင်း ပြောဆိုလိုက်လေသည်။
ချန်ရှန်း သည် တစ်ခဏမျှသာ တွန့်ဆုတ်သွားပြီးနောက် ချင်းယွီ မမြင်နိုင်သော နေရာတစ်ခုတွင် သူ၏ ကိုယ်ပိုင် အသားနှင့် သွေးများကို ဖြတ်ထုတ်လိုက်လေသည်။ အသားနှင့် သွေးများ ပြန့်ကျဲသွားပြီး လူသား မျိုးနွယ် တစ်ဦးနှင့် သားရဲ တစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့လေသည်။
ထိုသားရဲ၏ ဦးချိုများမှာ သမင်နှင့် တူပြီး၊ ခေါင်းမှာ ကုလားအုတ်နှင့် တူကာ၊ နားရွက်များမှာ ကြောင်နှင့် တူပြီး၊ မျက်လုံးများမှာ ပုစွန်နှင့် တူကာ၊ ပါးစပ်မှာ မြည်းနှင့် တူပြီး၊ လည်ဆံမွေးမှာ ခြင်္သေ့နှင့် တူကာ၊ လည်ပင်းမှာ မြွေနှင့် တူပြီး၊ ဝမ်းဗိုက်မှာ ယောက်သွားနှင့် တူကာ၊ အကြေးခွံများမှာ ငါးကြင်းနှင့် တူပြီး၊ ရှေ့လက်သည်းများမှာ လင်းယုန်နှင့် တူကာ၊ နောက်လက်သည်းများမှာ ကျားနှင့် တူလေသည်။ ထိုသားရဲမှာ ရွှေရောင်သားမွှေး ဟိုသားရဲ ၏ ဘိုးဘေး ပင် ဖြစ်လေသည်။ ထိုသားရဲမှာ ကြီးကျယ်ခမ်းနားပြီး ၎င်း၏ ဟိန်းဟောက်သံက ကောင်းကင်ကိုပင် တုန်လှုပ်စေလေသည်။
ထိုသားရဲက ချင်းယွီ ကို သဘာဝကျကျပင် ဆွဲဆောင်နိုင်ခဲ့လေသည်။ ချင်းယွီ ရောက်ရှိလာခြင်းက ချန်ရှန်း ကို ထိတ်လန့်သွားစေခဲ့ပြီး မူလက အလွန် လှပသော လူသား မျိုးနွယ် မှာ သူ၏ တုန်လှုပ်မှုကြောင့် နားရွက်များ ပြောင်းပြန်ပေါက်နေပြီး၊ နှာခေါင်းပေါက် သုံးပေါက် ပါရှိကာ မျက်တောင်များက မျက်လုံးများကို ဖုံးကွယ်ထားသော အကျည်းတန်သည့် ယက္ခ လူမျိုး တစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့လေသည်။
ချင်းယွီ ရောက်လာတော့မည်ကို မြင်သောအခါ ချန်ရှန်း မှာ အဆိုပါအသွင်အပြင်ကို ပြောင်းလဲရန် အချိန်မရှိတော့ဘဲ သူ၏ သွေးထွက်နေသော လက်မောင်းကို သူ၏ အင်္ကျီလက်ဖြင့်သာ ဖုံးကွယ်ထားလိုက်ရလေသည်။ ဤအရာက လင်းရီနှင့် အခြားသူများကို ပို၍ပင် အံ့အားသင့်သွားစေခဲ့လေသည်။
ရွမ်ရှင်း လက်ဖက်ရည် တစ်ခုတည်းသာ မဟုတ်ချေ။
ထူးဆန်းသော ဟိုသားရဲ …
ယက္ခ လူမျိုး...
ထိုအရာများ အားလုံးကို ချန်ရှန်း က သူ၏ ကိုယ်ပိုင် အသားနှင့် သွေးများကို အသုံးပြု၍ ဖန်တီးခဲ့ခြင်းလော။ ပြီးတော့ ယက္ခ လူမျိုးများ အကျည်းတန်နေရခြင်း အကြောင်းရင်းမှာ ချင်းယွီ ကြောင့်လော။
ယွီလင်း ဘုရင် နှင့် ရွှေရောင်သားမွှေး ဟိုသားရဲ ဝမ်ကျွင်း တို့မှာ ချန်ရှန်း ကို အံ့အားသင့်စွာ ကြည့်နေကြလေသည်။ သူတို့၏ ဘိုးဘေးများမှာ ချန်ရှန်း ၏ အသားနှင့် သွေးများမှ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း သိလိုက်ရလေသည်။
ချင်းယွီက ထူးဆန်းသော ဟိုသားရဲ နှင့် ယက္ခ ကို မြင်သောအခါ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ ပြည့်နှက်နေလျက် မေးမြန်းလိုက်သည်။
"အစ်ကို ချန်ရှန်း... ဘယ်လို လုပ်လိုက်တာလဲ"
ချန်ရှန်းက အကျည်းတန်သော ယက္ခ ကို အနည်းငယ် အနေခက်စွာ ကြည့်ရင်း ဖြေကြားလိုက်သည်။
“ဒါက... အရမ်း ရုပ်ဆိုးတယ်... နောက်ရက်အနည်းငယ်နေရင် ငါ မင်းအတွက် ပိုလှတာလေး တစ်ခု လုပ်ပေးမယ်"
ချင်းယွီက ဂရုမစိုက်ဘဲ ဖြေကြားလိုက်သည်။
"မလိုပါဘူး... ဒါက တော်တော်လေး ကောင်းပါတယ်... ချောမောတဲ့ အစ်ကို ချန်ရှန်း တစ်ယောက် ရှိနေတာနဲ့တင် လုံလောက်နေပါပြီ"
နောက်ထပ် ကစားဖော် နှစ်ယောက် ရရှိလာသည့်အတွက်သာ သူမ ဝမ်းသာနေလေသည်။
ချင်းယွီ ၏ ပျော်ရွှင်မှုကို မြင်သောအခါ ချန်ရှန်း သည် သဘာဝကျကျပင် သဘောတူလိုက်လေသည်။ ထိုအချိန်မှစ၍ ချန်ရှန်း ၏ ဒဏ်ရာဟောင်းများ ကျက်သွားတိုင်း ဒဏ်ရာအသစ်များ အမြဲတမ်း ပေါ်လာတတ်လေသည်။
တစ်ချိန်တည်းမှာပင် ခါးသီးခြင်းပင်လယ် အတွင်း၌ သက်ရှိများစွာ တိုးပွားလာခဲ့လေသည်။ ခါးသီးခြင်းပင်လယ် ၏ ထူးဆန်းသော သားရဲ အမျိုးမျိုးမှာ ချန်ရှန်း ၏ အသားနှင့် သွေးများမှ ဖြစ်ပေါ်လာခြင်း ဖြစ်လေသည်။ ဤအရာက မူလက တိတ်ဆိတ်နေသော ခါးသီးခြင်းပင်လယ် ကို အသက်ဓာတ်များဖြင့် ပြည့်နှက်သွားစေခဲ့လေသည်။
ချင်းယွီ မှာ သဘာဝကျကျပင် ခါးသီးခြင်းပင်လယ် ၏ အရှင်သခင်လေး ဖြစ်လာပြီး ရွှေရောင်သားမွှေး ဟိုသားရဲ ပေါ်တွင် နင်းကာ၊ ပခုံးပေါ်တွင် မိုးပြာငှက် တစ်ကောင်ကို တင်ထားလျက် လေနှင့် မိုးကို ခေါ်ယူကာ လုံးဝ လွတ်လပ်ပေါ့ပါးစွာ နေထိုင်နေလေသည်။ ချန်ရှန်း ၏ မျက်နှာပေါ်တွင်လည်း ကြင်နာသော အပြုံးတစ်ခု အမြဲတမ်း ရှိနေလေသည်။
သို့သော် ချင်းယွီ ၏ အကြည့်များ ခါးသီးခြင်းပင်လယ် ၏ ကမ်းခြေဆီသို့ ရောက်သွားတိုင်း သူမ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်များ ရှိနေဆဲ ပင် ဖြစ်လေသည်။ ထိုအချက်က ချန်ရှန်း ကို အလွန် စိုးရိမ်စေခဲ့လေသည်။ သူသည် သက်ဝင်လှုပ်ရှားနေသော ခါးသီးခြင်းပင်လယ် တစ်ခုကို ဖန်တီးပေးခဲ့သော်လည်း ထိုဖန်တီးမှုက ချင်းယွီ ၏ အပြင်ကမ္ဘာကို တောင့်တနေမှုကို မဖယ်ရှားပေးနိုင်သေးချေ။
တစ်နေ့တွင် ချင်းယွီ သည် ကမ်းခြေတွင် ပင်လယ် ပူဇော်ပွဲ ကို နောက်တစ်ကြိမ် ကျင်းပနေသည်ကို ကြည့်နေခဲ့လေသည်။ ယခုအချိန်တွင် ဆယ်စုနှစ်များစွာ ကုန်ဆုံးသွားပြီဖြစ်ပြီး အရင်က ချင်းယွီ ကယ်တင်ခဲ့သော ကလေးများမှာ ယခုအခါ အိုမင်းရင့်ရော်နေပြီ ဖြစ်လေသည်။ သူသည် ခါးသီးခြင်းပင်လယ် ရှိရာသို့ ဦးညွှတ်ကာ သူ၏ ကျေးဇူးတင်မှုကို ဖော်ပြနေလေသည်။
ချန်ရှန်း က ချင်းယွီ ၏ ရှေ့တွင် ပေါ်လာပြီး အလိုလိုက်ဟန်ဖြင့် ပြောဆိုလိုက်သည်။
"အကယ်၍ မင်း သူတို့ကို လွမ်းတယ်ဆိုရင် ငါတို့ သူတို့ကို အထဲ ခေါ်လာလို့ ရပါတယ်... ငါတို့ရဲ့ ချန်ရှန်း မြို့က ကောင်းကင်နှင့်လူသား ဆုတ်ယုတ်ခြင်းငါးပါး ရဲ့ စွမ်းအားကို ပိတ်ဆို့ပေးနိုင်တယ်လေ"
ချင်းယွီက မေးလိုက်သည်။
"ဒါပေမဲ့ သူတို့ သေသွားဦးမှာပဲ မဟုတ်လား"
ဆယ်စုနှစ်များစွာ ကုန်ဆုံးသွားပြီဖြစ်ပြီး ချန်ရှန်း နှင့် တွေ့ဆုံခဲ့သောကြောင့် ဖြစ်ကောင်းဖြစ်မည်၊ မူလက ကလေးဆန်သော ချင်းယွီ မှာ ယခုအခါ ကျက်သရေရှိသော မိန်းမပျိုလေး တစ်ဦးအဖြစ် ကြီးပြင်းလာခဲ့ပြီ ဖြစ်လေသည်။
ချန်ရှန်း က ချင်းယွီ ကို ကြည့်ကာ တိတ်ဆိတ်သွားလေသည်။ သူ မသိလိုက်ဘဲ ချင်းယွီ မှာ ဘဝ၏ အဓိပ္ပာယ်ကို စတင် တွေးတောနေပြီ ဖြစ်လေသည်။
ချင်းယွီက ချန်ရှန်း ၏ အင်္ကျီလက်ကို ကြည့်ရင်း ပြောဆိုလိုက်သည်။
"အစ်ကို ချန်ရှန်း... တကယ်တော့ ငါ သိတယ်"
သူမသည် ကလေး မဟုတ်တော့ချေ။ ဤအရာကို သူမ သိပြီးကတည်းက သူမသည် အထီးကျန်ခြင်း အကြောင်းကို နောက်တစ်ခါ ထပ်မညည်းညူတော့ချေ။
ချန်ရှန်း မှာ တုန်ယင်သွားပြီးနောက် ပြုံးကာ ခေါင်းခါယမ်းရင်း ပြောဆိုလိုက်သည်။
"ကိစ္စမရှိပါဘူး... ငါတို့က မသေနိုင်ပါဘူး"
ချင်းယွီက ကမ်းခြေရှိ လူသား မျိုးနွယ် များကို ညွှန်ပြရင်း ရေရွတ်လိုက်သည်။
"ဟုတ်တယ်... ငါတို့က မသေနိုင်ဘူး... ဘဝမှာ အဆုံးသတ် မရှိဘူး... ဒါပေမဲ့ သူတို့ကရော... သူတို့က မနက်မွေးပြီး ညသေတယ်၊ ငါတို့ ခဏလောက် အိပ်လိုက်ရင် သူတို့ မျိုးဆက်ပေါင်းများစွာ ကုန်ဆုံးသွားတယ်"
ချန်ရှန်း က ခေါင်းခါယမ်းရင်း ပြောဆိုလိုက်သည်။
"သူတို့က မတူဘူးလေ... မွေးဖွားခြင်း၊ အိုမင်းခြင်း၊ ဖျားနာခြင်း၊ နဲ့ သေဆုံးခြင်း ဆိုတာ လောကလည်ပတ်မှုရဲ့ စည်းမျဉ်းတွေပဲ... ငါတို့ ခါးသီးခြင်းပင်လယ် ကနေ ထွက်သွားလို့ မရတဲ့ အကြောင်းရင်းက ငါတို့က တာအို ရဲ့ လူဝင်စားတွေ ဖြစ်ပြီး မွေးရာပါ အထွတ်အမြတ် ဖြစ်နေလို့ပဲ... အကယ်၍ ငါတို့ အပြင်ထွက်သွားရင် မဟာတာအို ရဲ့ လည်ပတ်မှုကို ထိခိုက်စေလိမ့်မယ်"
ချန်ရှန်း က စိတ်ရှည်လက်ရှည် ရှင်းပြလေသည်။
ချင်းယွီ ၏ မျက်နှာပေါ်တွင် ဒေါသ အရိပ်အယောင်တစ်ခု ပေါ်လာပြီး မေးမြန်းလိုက်သည်။
"ဒါဆို ငါတို့က ဒီ ခါးသီးခြင်းပင်လယ် ထဲမှာ ထာဝရ အကျဉ်းချခံထားရမှာပေါ့"
ချန်ရှန်း က ခေါင်းမာစွာ အခိုင်အမာ ပြောဆိုလိုက်သည်။
"ဒါပေမဲ့ စည်းမျဉ်း ဆိုတာ စည်းမျဉ်းပဲလေ"
ချင်းယွီက မကြုံစဖူး ထက်မြက်မှုကို ပြသကာ ပြတ်သားစွာ တုံ့ပြန်လိုက်သည်။
"အကယ်၍ စည်းမျဉ်းတွေ ရှိနေရင် အဲဒါတွေကို ချိုးဖျက်ပစ်လိုက်"
ချင်းယွီက ဆက်ပြောသည်။
"မဟာတာအို လည်ပတ်မှုရဲ့ စည်းမျဉ်းတွေ... သူတို့က မနက်မွေးပြီး ညသေတဲ့ ပိုးကောင်လေးတွေလိုပဲ... ငါတို့ကတော့ ဒီမှာ ထာဝရ ချုပ်နှောင်ခံထားရတဲ့ အကျဉ်းသားတွေလိုပဲ... ငါ အဲဒါကို ချိုးဖျက်ပစ်ချင်တယ်... ငါ လောကကြီးမှာ လွတ်လပ်စွာ လှည့်လည်သွားလာချင်တယ်၊ ငါ သူတို့ကို ကျင့်ကြံခြင်း နည်းလမ်းတွေ သင်ပေးချင်တယ်၊ လောကကြီးမှာ ထာဝရ အသက်ရှင်နိုင်ဖို့အတွက်လေ... မဟာတာအို ဆိုတာ ပြောင်းလဲလို့မရတဲ့ စည်းမျဉ်း တစ်ခု မဖြစ်သင့်ဘူး"
ချင်းယွီ ၏ ကြည်လင်သော မျက်လုံးများက ချန်ရှန်း ကို စိုက်ကြည့်နေလေသည်။
ချန်ရှန်း ၏ မျက်လုံးများထဲတွင် မကောင်းဆိုးဝါး အရိပ်အယောင် တစ်ချက် လျှပ်တစ်ပြက် ဖြတ်သန်းသွားကာ ပြောဆိုလိုက်သည်။
"သူတို့က ပုရွက်ဆိတ် တစ်စုပါ... အင်မော်တယ် အဖြစ် ကျင့်ကြံဖို့ သူတို့မှာ ဘာအခွင့်အရေး ရှိလို့လဲ... ငါသာ ဆန္ဒရှိရင် ဓားတစ်ချက်တည်းနဲ့ အဲဒီလို ပုရွက်ဆိတ် ဘီလီယံပေါင်းများစွာကို သုတ်သင်ပစ်လို့ ရတယ်"
ချန်ရှန်း၏ ကြင်နာမှုမှာ ချင်းယွီ တစ်ယောက်တည်းအတွက်သာ ဖြစ်လေသည်။ ချင်းယွီ မှလွဲ၍ ချန်ရှန်း ၏ အမြင်တွင် သက်ရှိအားလုံးမှာ ပုရွက်ဆိတ်များသာ ဖြစ်လေသည်။
ချင်းယွီက ချန်ရှန်းကို ကြည့်ကာ အနည်းငယ် စိမ်းသက်သွားသလို၊ အနည်းငယ် စိတ်ပျက်သွားသလို ခံစားလိုက်ရလေသည်။ ထိုနေ့က သူတို့ နှစ်ဦး သဘောထားကွဲလွဲစွာ လမ်းခွဲခဲ့ကြလေသည်။ ထိုကိစ္စမှာ သူတို့ တွေ့ဆုံပြီးနောက် ပထမဆုံးအကြိမ် စကားများရန်ဖြစ်ခြင်းလည်း ဖြစ်လေသည်။ ထိုကဲ့သို့သော စကားများရန်ဖြစ်ခြင်းများမှာ သူတို့ မသိလိုက်ဘဲ ပုံမှန်အခြေအနေတစ်ခု ဖြစ်လာခဲ့လေတော့သည်။