အခန်း (၆၅-၆၆)
Vol. 7 Ch. 65-66
အခန်း (၆၅)
Financial Times ဆိုတာ နှစ်ပေါင်း ၁၀၀ ကျော် သမိုင်းကြောင်းရှိတဲ့ ဗြိတိန်စီးပွားရေး သတင်းစာတစ်စောင်ပေါ့။
ပေါ်တာ မက်ကယ်လန်ကတော့ အဲဒီသတင်းစာက စတော့ဈေးကွက် အထူးသတင်းထောက် တစ်ယောက်ပါ။
အခုတော့ သူ အယ်ဒီတာချုပ်ရုံးခန်းကို ခေါ်ခိုင်းခံနေရပါပြီ။ အကြောင်းရင်းကတော့ Brexit မဲမပေးခင် တစ်ရက်အလိုမှာ သူရေးခဲ့တဲ့ ဆောင်းပါးကြောင့်ပါပဲ။
အယ်ဒီတာက မြင်မြင်ချင်းပဲ အော်တော့တာပဲ။
"ဘာ။ ယူကေက EU ထဲမှာပဲ ဆက်နေဖို့ သေချာတယ် ဟုတ်လား။ ဥရောပဈေးကွက်တွေ တက်လာတော့မယ် ဟုတ်လား။ မသေချာရင် ငြိမ်ငြိမ်နေပါလား။ မင်းက သေချာပါတယ်ဆိုလို့ အခုတော့ ဘာဖြစ်ကုန်ပြီလဲ"
သတင်းစာတိုက်ကို ဖုန်းတွေဆက်ပြီး တိုင်တောနေကြတာ ရက်ပေါင်းမနည်းတော့ဘူး။ တချို့ဆိုရင် အဲဒီဆောင်းပါးကို ယုံပြီး ရင်းနှီးမြှုပ်နှံလိုက်လို့ အရှုံးကြီးရှုံးသွားတယ်၊ လျော်ကြေးပေးပါဆိုပြီးတောင် တောင်းဆိုနေကြတာပါ။
ပေါ်တာက ခေါင်းငိုက်စိုက်ချပြီး "တောင်းပန်ပါတယ်" လို့ပဲ ပြောလိုက်တယ်။
ဒါပေမဲ့ စိတ်ထဲမှာတော့ မကျေနပ်ဘူး။
'အရာရာသာ အဲဒီလောက် သေချာနေရင် ငါ ဘာလို့ သတင်းထောက် လုပ်နေမှာလဲ။ ရင်းနှီးမြှုပ်နှံပြီး ပိုက်ဆံရှာမှာပေါ့'
ပြန်စဉ်းစားကြည့်ရင် အဲဒီဆောင်းပါးက ယူကေက ငွေကြေးကျွမ်းကျင်သူတွေနဲ့ အင်တာဗျူးပြီး ရေးထားတာလေ။ သူ့ရဲ့ ကိုယ်ပိုင်အမြင်လည်း မဟုတ်ဘူး။
'တကယ်တော့ အဲဒီ ငွေကြေးကျွမ်းကျင်သူဆိုတဲ့ လူတွေကို ငါလည်း ဘယ်တုန်းကမှ ယုံခဲ့တာမဟုတ်ဘူး'
၂၀၀၈ စီးပွားရေးပျက်ကပ်တုန်းကလည်း CDO တွေက စိတ်ချရပါတယ်ဆိုပြီး ရေးခဲ့ကြတာပဲ။ ဆောင်းပါးထွက်ပြီး တစ်ပတ်အကြာမှာပဲ Lehman Brothers ဒေဝါလီခံသွားတော့ အခုလိုပဲ ဖုန်းတွေ တအားဆက်ပြီး ဆဲခဲ့ကြတာ သူ မှတ်မိနေတာပေါ့။
ဘယ်လိုပဲဖြစ်ဖြစ် သူကိုယ်တိုင်လည်း အဲဒီပညာရှင်တွေကို ယုံပြီး ယူကေက EU ထဲမှာပဲ ဆက်နေမှာ သေချာတယ်ဆိုတဲ့ဘက်က ရေးခဲ့မိတာဆိုတော့ အပြစ်တင်တာကို ခံရုံပဲ ရှိတော့တာပါ။
"သွား။ သတင်းအသစ်တွေ သွားစုံစမ်းချေ"
"ဟုတ်ကဲ့"
ပေါ်တာက အယ်ဒီတာရုံးခန်းထဲကနေ ထွက်လာရင်း အံကြိတ်လိုက်တယ်။
'ဒီတစ်ခါတော့ တကယ့် သတင်းထူး သတင်းဦးကို ရှာပြမယ်'
သူက ငွေကြေးနယ်ပယ်နဲ့ နိုင်ငံရေးလောကက သူသိတဲ့လူတွေကို ဖုန်းဆက်ပြီး သတင်းရှာတော့တာပဲ။ ဒါပေမဲ့ လူတိုင်းက ပုံစံတူ သတင်းတွေကိုပဲ ပြောနေကြတယ်။ ရှေ့ဆက် ဘာဖြစ်လာမလဲဆိုတဲ့ ခန့်မှန်းချက်တွေကလည်း နေရာအနှံ့မှာ ပျံ့နေတော့ ထူးခြားတဲ့ အမြင်တစ်ခုကို ရှာဖို့ ခက်နေတာပေါ့။
ရှိပြီးသား သတင်းတွေကိုပဲ ပြန်ပြင်ရေးလို့ ရပေမဲ့ အဲဒါက သူ့စတိုင် မဟုတ်ဘူး။ အယ်ဒီတာကို ပြတ်ပြတ်သားသား ပြနိုင်မယ့် အချက်အလက်မျိုး သူ လိုချင်တာပါ။
သတင်းရှာနေတုန်းမှာ လန်ဒန်စတော့အိတ်ချိန်းမှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်းဆီကနေ သတင်းတစ်ခု ကြားလိုက်ရတယ်။
"OTK Company အကြောင်း ကြားပြီးပြီလား။ Brexit မတိုင်ခင်လေးမှာ ပေါင်ငွေတွေကို အများကြီး ထုတ်ရောင်းပြီး အမြတ်အများကြီး ရသွားတာတဲ့လေ"
Brexit ဖြစ်တဲ့နေ့က ငွေလဲနှုန်းက အကြီးအကျယ် ကစားခဲ့တာပါ။ အဲဒီအချိန်မှာ အမြတ်ရတာက မဆန်းပေမဲ့ တစ်ခုခုတော့ ထူးခြားနေပါတယ်။
"သေချာလေး ပြောပြပါဦး" လို့ ပေါ်တာက မေးလိုက်တယ်။
OTK Company အကြောင်း သူ ကြားဖူးပါတယ်။ Startup နယ်ပယ်မှာတော့ တော်တော်လေး နာမည်ကြီးတဲ့ ကုမ္ပဏီပါ။ ယူကေက နာမည်ကြီး Startup အတော်များများမှာ သူတို့ ရင်းနှီးမြှုပ်နှံထားတာ သူ သိတာပေါ့။
စုံစမ်းကြည့်လိုက်တော့ အံ့သြစရာ အချက်တစ်ခုကို တွေ့လိုက်ရတယ်။ Brexit မဲမပေးခင် နှစ်လလောက်အလိုမှာ OTK Company က သူတို့ပိုင်ထားတဲ့ ကုမ္ပဏီရှယ်ယာတွေကို အပေါင်ထားပြီး ဘဏ်တွေဆီကနေ ချေးငွေတွေ ယူခဲ့တာပါပဲ။ ပမာဏက ဒေါ်လာ သန်း ၁သောင်းတောင် ကျော်ပါတယ်။
တစ်လလောက်အတွင်းမှာ ပိုက်ဆံတွေ စုစည်းပြီးတော့ FX margin trading မှာ ပေါင်ငွေတွေကို ရောင်း၊ ယန်းငွေတွေကို ဝယ်တာတွေ လုပ်ခဲ့တယ်။
Brexit ဖြစ်မယ်လို့ ကြိုမြင်ပြီး လုပ်တာဆိုရင်တော့ ဒီအထိက အကြောင်းပြချက် ရှိပါသေးတယ်။
ဒါပေမဲ့...
တကယ့် ထိတ်လန့်စရာက မဲရေတွက်တဲ့နေ့မှာ ဖြစ်ခဲ့တာပါ။
မဲရေတွက်နေတုန်း ယူကေက EU မှာ ဆက်နေမယ့်ဘက်က အသာစီးရနေတဲ့အချိန်မှာ ပေါင်ငွေက တက်ပြီး ယန်းငွေက ကျသွားခဲ့တယ်။ အဲဒီအခြေအနေမှာ OTK Company က ပေါင် သန်းပေါင်း ၂သိန်းကျော်လောက်ကို ထပ်ပြီး ထုတ်ရောင်းခဲ့တယ်လို့ ခန့်မှန်းရတယ်။
ကျန်တဲ့ ပိုက်ဆံတွေအကုန်လုံးကို အဆ ၄၀ ကနေ ၅၀ အထိ leverage သုံးပြီး ပုံအောလိုက်တာလို့ တွက်ချက်လို့ ရပါတယ်။ အမြတ်အများစုကလည်း အဲဒီအကွက်ကနေ ရခဲ့တာပေါ့။
ငွေကြေးဈေးကွက် သတင်းတွေကို အများကြီး ရေးခဲ့ဖူးပေမဲ့ ပေါ်တာအတွက်တော့ ဒါက ထူးခြားတဲ့ ဖြစ်ရပ်ပါပဲ။
'ရလဒ်က ပြောင်းပြန်ဖြစ်သွားမယ်ဆိုတာကို မသိဘဲနဲ့တော့...'
ဒါက နိုင်ငံရေးသမားတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ဆိုရင်တော့ အတွင်းသတင်း ရထားတယ်လို့ ထင်စရာ ရှိတာပေါ့။ ဒါပေမဲ့ ဒါက လူထုဆန္ဒခံယူပွဲလေ။
မဲရေတွက်တဲ့ ဖြစ်စဉ်က ဘယ်လိုဖြစ်လာမလဲဆိုတာ ဘယ်သူမှ ကြိုမသိနိုင်ဘူး။
ဒီအခြေအနေကို ရှင်းပြနိုင်မယ့် အဖြေက တစ်ခုပဲ ရှိတယ်။
'စီအီးအိုက အံ့သြစရာကောင်းတဲ့ အမြော်အမြင်နဲ့ ရင်းနှီးမြှုပ်နှံမှု ပင်ကိုသိစိတ် ရှိနေတာလား'
Brexit ကို ခန့်မှန်းတာက သိပ်ပြီး မထူးဆန်းဘူး။ ပညာရှင်တချို့ကလည်း Brexit ဖြစ်လာနိုင်တယ်လို့ သတိပေးခဲ့ကြတာပဲ။
ခန့်မှန်းတာက ဘယ်သူမဆို လုပ်နိုင်ပေမဲ့ အဲဒီအတိုင်း လက်တွေ့လုပ်နိုင်ဖို့က လူနည်းစုပဲ ရှိတာပါ။
Brexit ဖြစ်မယ်လို့ ခန့်မှန်းတဲ့ ပညာရှင်တစ်ယောက်ရဲ့ စကားကို ယုံပြီး ကိုယ့်ပိုင်ဆိုင်မှု အကုန်လုံးကို ပုံအောရဲမလားလို့ တစ်ယောက်ယောက်ကို မေးကြည့်ရင် ဘယ်သူမှ ရဲရဲဝံ့ဝံ့ ဖြေမှာ မဟုတ်လောက်ဘူး။
ပေါ်တာက ပြုံးလိုက်တယ်။
"ဒါမျိုးက ဘယ်လိုတောင် ဖြစ်နိုင်တာလဲ"
စုံစမ်းမှုတွေ ဆက်လုပ်ကြည့်တော့ ဒါက ပထမဆုံးအကြိမ် မဟုတ်တာကို တွေ့လိုက်ရတယ်။
ငွေကြေးဈေးကွက်မှာ OTK Company စပေါ်လာတာက ကိုရီးယားမှာပဲ။ ဆိုဆောင်း အီလက်ထရောနစ် ရဲ့ ပရီမီယံဖုန်းတွေ ပေါက်ကွဲလို့ ရပ်ဆိုင်းလိုက်ရတဲ့ L6 ဖြစ်ရပ်တုန်းကလည်း သူတို့က အခုလိုပဲ leverage တွေ၊ short positions တွေ သုံးပြီး အမြတ်အများကြီး ရခဲ့တာပါ။ အဲဒီကရတဲ့ အမြတ်တွေနဲ့မှ တစ်ကမ္ဘာလုံးက Startup တွေမှာ လိုက်ပြီး ရင်းနှီးမြှုပ်နှံတာပေါ့။
"Short positions တွေနဲ့ ပိုက်ဆံရှာတယ်။ အဲဒီပိုက်ဆံနဲ့မှ long positions တွေ ပြန်တည်တယ်၊ ပြီးတော့ အစွန်းရောက်တဲ့ short positions တွေကို ထပ်ယူပြန်တယ်ပေါ့"
ရင်းနှီးမြှုပ်နှံသူ တစ်ယောက်နဲ့တစ်ယောက် ပုံစံချင်း မတူကြပေမဲ့ ဒီလိုမျိုး ရင်းနှီးမြှုပ်နှံတဲ့သူမျိုး တစ်ခါမှ မရှိဖူးပါဘူး။
"ဒါက တကယ့်ကို ဟိုးလေးတကျော် ဖြစ်တော့မယ့် သတင်းပဲ"
ပေါ်တာက နှစ်ညမအိပ်ဘဲ ဆောင်းပါးကို ရေးပြီး အယ်ဒီတာကို ပြလိုက်တယ်။
"ဒါ တကယ်လား"
"ပမာဏကတော့ နည်းနည်း ကွာနိုင်ပေမဲ့ ကျန်တာကတော့ သေချာတယ်"
"ဒါဆို ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ တစ်ခုထဲက ယန်းငွေတက်ပြီး ပေါင်ငွေကျမှာကို လောင်းကြေးထပ်ပြီး ဒေါ်လာ သန်းပေါင်း ၃သောင်းလောက် ရသွားတယ်ပေါ့လေ"
အယ်ဒီတာ့ မျက်လုံးတွေက အရောင်တောက်သွားတယ်။ အတွေ့အကြုံအရ ဒါက သတင်းထူးဆိုတာ သူ သိလိုက်ပြီ။
ပေါ်တာက ချက်ချင်းပဲ ပြောလိုက်တယ်။
"အယ်ဒီတာ။ ဒါကို မနက်ဖြန် သတင်းစာ မျက်နှာဖုံးမှာ ချက်ချင်း ထည့်ရမယ်"
အယ်ဒီတာကတော့ သတိထားတဲ့ ပုံစံနဲ့ "မထည့်ခင် နောက်ထပ် စုံစမ်းတာတွေ ထပ်လုပ်ဦးမှ..."
ပေါ်တာက စိတ်ပျက်သွားတဲ့ ပုံစံနဲ့ ခေါင်းငိုက်စိုက်ချပြီး ပြောတယ်။
"ကျွန်တော်တို့ တစ်ယောက်ထဲ စုံစမ်းနေတာ မဟုတ်ဘူးနော်။ Wall Street Journal တို့ Washington Post တို့လည်း ရိပ်မိနေကြပြီ။ အခုက ဘယ်သူ အရင်ဆုံး တင်မလဲဆိုတာပဲ။ တစ်မိနစ် နောက်ကျရင်တောင် သူများနောက်လိုက် ဖြစ်သွားမှာ"
"အင်း..."
အဲဒါတော့ ဟုတ်တယ်။ ဒီလို သတင်းမျိုးက အချိန်က အသက်ပဲ။
တစ်မိနစ် မပြောနဲ့။ တစ်စက္ကန့် နောက်ကျရင်တောင် သတင်းဦးကို ဆုံးရှုံးသွားနိုင်တာပါ။
အယ်ဒီတာက ဖုန်းကို ကိုင်ပြီး အမိန့်ပေးလိုက်တယ်။
"မနက်ဖြန် သတင်းစာ မျက်နှာဖုံးကို အလွတ်ထားလိုက်"
နောက်တစ်နေ့မှာတော့။
Financial Times ရဲ့ မျက်နှာဖုံးမှာ လူတိုင်းကို ဆွဲဆောင်နိုင်မယ့် ခေါင်းစဉ်ကြီးနဲ့ သတင်းတစ်ပုဒ် ပါလာတော့တယ်။
["ယူကေရဲ့ နိုင်ငံခြားငွေ ဈေးကွက်ကို ဘယ်သူ တိုက်ခိုက်ခဲ့တာလဲ"]
သတင်းတွေကြောင့် ယူကေတစ်နိုင်ငံလုံး အုတ်အော်သောင်းနင်း ဖြစ်သွားတယ်။
Financial Times က ပထမဆုံး သတင်းတင်ပြီးနောက်မှာ တခြားသတင်းတွေလည်း ဆက်တိုက် ထွက်လာတော့တာပဲ။
[OTK Company က နိုင်ငံခြားငွေ ဈေးကွက်ကနေ ဒေါ်လာ သန်းပေါင်း ၃ထောင် အမြတ်ရရှိ]
[OTK Company ဆိုတာ ဘယ်သူလဲ]
[Quantum Fund ဖြစ်ရပ်နောက်ပိုင်း အဆိုးရွားဆုံး ဖြစ်ရပ်]
[နိုင်ငံခြားငွေ ကစားတဲ့သူတွေအပေါ် ယူကေအစိုးရရဲ့ တုံ့ပြန်မှုက သင့်တော်ရဲ့လား]
["ယူကေကို တိုက်ခိုက်လိုက်တဲ့ အိုတာကူတွေ"]
[OTK Company က ဂျပန်အခြေစိုက် ကုမ္ပဏီလို့ သံသယရှိ]
ဗြိတိန်လူမျိုးတွေကတော့ တအား စိတ်ဆိုးနေကြပါပြီ။
Brexit ကြောင့်လည်း ကြောင်နေရတဲ့ ကြားထဲမှာမှ သူတို့ရဲ့ နိုင်ငံခြားငွေ ဈေးကွက်ကနေ ဘယ်သူမှန်းမသိတဲ့လူတွေက အမြတ်အများကြီး ယူသွားတယ်ဆိုတော့ ဒေါသထွက်ကုန်တာပေါ့။
နောက်ဆက်တွဲ ဂယက်က နိုင်ငံရေးလောကအထိပါ ရောက်သွားပါတယ်။
နောက်ဆုံးတော့ ယူကေ ဘဏ္ဍာရေးဝန်ကြီး ကိုယ်တိုင် ထွက်ရှင်းရတော့တာပဲ။
"ယူကေရဲ့ ငွေကြေးတည်ငြိမ်မှုမှာ ဘာပြဿနာမှ မရှိပါဘူး။ ဒီဖြစ်ရပ်ကြောင့် အစိုးရရဲ့ နိုင်ငံခြားအရန်ငွေတွေလည်း ဆုံးရှုံးတာမျိုး သိပ်မရှိပါဘူး။ ငွေကြေးဈေးကွက်ကို ကမောက်ကမဖြစ်အောင် လုပ်တဲ့ ကစားသမားတွေကို အစိုးရက ပြတ်ပြတ်သားသား အရေးယူသွားမှာပါ"
ဂျပန်မှာလည်း ဒီလိုမျိုးတွေ ဖြစ်နေပါတယ်။
ယူကေနဲ့ EU မှာ ဖြစ်ပျက်နေတာ ဆိုပေမဲ့ ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုတွေက ဘေးကင်းတဲ့ ပိုင်ဆိုင်မှုတွေဆီ စီးဝင်လာတော့ ယန်းငွေက တအားတက်သွားပြီး ထိခိုက်မှုတွေ ရှိလာတာပေါ့။
ဂျပန်အစိုးရက ငွေလဲနှုန်းကို ပြန်ထိန်းဖို့ နည်းလမ်းအမျိုးမျိုး သုံးနေရသလို ဘဏ္ဍာရေးဝန်ကြီးကလည်း သတိပေးချက် ထုတ်ပြန်လိုက်တယ်။
"နိုင်ငံခြားငွေ ကစားတဲ့သူတွေကို ကျွန်တော်တို့ သေချာ စောင့်ကြည့်သွားမှာပါ။ ဈေးကွက် တည်ငြိမ်ဖို့အတွက် လိုအပ်တဲ့ အရေးယူမှုမှန်သမျှကို ဘဏ္ဍာရေးဌာနက လုပ်ဆောင်ဖို့ အဆင်သင့်ပါပဲ"
တီဗွီကြည့်နေရင်း တက်ဂယူက ပြောတယ်။
"သူတို့က ငွေကစားတဲ့သူတွေကို အလွတ်မပေးဘူးတဲ့"
"တခြားလူတွေကတော့ထားဦး။ သူတို့ကတော့ ဒါမျိုး မပြောသင့်ဘူး" လို့ ကျွန်တော်ပြန်ပြောလိုက်တယ်။
သူတို့တွေလည်း အခုအချိန်အထိ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ဒီလိုပဲ လိုက်ပြီး ဂုတ်သွေးစုပ်နေခဲ့တာ မဟုတ်ဘူးလား။
ကိုရီးယားလည်း ကမ္ဘာ့အရင်းအနှီးကြီးတွေရဲ့ ဂုတ်သွေးစုပ်တာကို အကြာကြီး ခံခဲ့ရတာပဲ။ ကိုရီးယားက ပို့ကုန်ကို အားကိုးရတဲ့ စီးပွားရေးဆိုတော့ ဈေးကွက်ပမာဏနဲ့ ယှဉ်ရင် ပွင့်လင်းမြင်သာမှုက များနေတာမလို့ လိုအပ်တဲ့အချိန်တိုင်း ပိုက်ဆံတွေ ထုတ်ယူဖို့ လွယ်နေတာလေ။
အာရှရဲ့ ATM လို့တောင် ခေါ်လို့ ရမလားပဲ။
IMF စီးပွားပျက်ကပ်တုန်းက နိုင်ငံခြားသားတွေက နာမည်ကြီး ကုမ္ပဏီတွေရဲ့ ရှယ်ယာတွေကို ဈေးပေါပေါနဲ့ သိမ်းကြုံးဝယ်ခဲ့ကြတယ်။ အဲဒီထဲမှာ ယူကေနဲ့ ဂျပန်က ရင်းနှီးမြှုပ်နှံမှုတွေလည်း အများကြီး ပါတာပေါ့။ အထူးသဖြင့် ကိုရီးယားအစိုးရက အကြွေးဆပ်ရမယ့် သက်တမ်းတိုးပေးဖို့ တောင်းဆိုနေတာကို ဂျပန်က မမျှော်လင့်ဘဲ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဒေါ်လာနဲ့ပြောင်းပြီး ချက်ချင်း ပြန်ထုတ်သွားခဲ့တာမလို့ ငွေကြေးအကြပ်အတည်းက ပိုပြီး မြန်ဆန်သွားခဲ့တာလေ။
၂၀၀၈ စီးပွားရေးပျက်ကပ်တုန်းကလည်း ဒီလိုပဲ ပြန်ဖြစ်ခဲ့တာ။ ရေက အမြင့်ကနေ အနိမ့်ကို စီးသလိုပဲ ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုတွေကလည်း အမြတ်များတဲ့နေရာကို ရွှေ့ကြတာက သဘာဝပဲလေ။
ကျွန်တော်တို့လည်း အမြတ်ရမယ့်နေရာမှာ ပိုက်ဆံထည့်ပြီး ပိုက်ဆံရှာခဲ့ရုံပါ။
"...အမြတ်ကတော့ နည်းနည်း များသွားတာပေါ့လေ"
ယူကေက BBC၊ ဂျပန်က NHN တင်မကဘဲ အမေရိကန်က CNN၊ တရုတ်က CCTV စတဲ့ နေရာအနှံ့က သတင်းတွေမှာ OTK Company အကြောင်းတွေချည်း ပြောနေကြတယ်။ Short positions နဲ့ ပိုက်ဆံရှာရင် ဝေဖန်ခံရမယ်ဆိုတာ သိထားပေမဲ့ တစ်ကမ္ဘာလုံးက ဒီလိုမျိုး ဝိုင်းဆဲကြလိမ့်မယ်လို့တော့ မထင်ထားဘူး။
"မင်း ယူကေသွားရင်တော့ ဒုက္ခရောက်တော့မှာပဲ"
"အင်းကွာ"
လန်ဒန်က Trafalgar ရင်ပြင်မှာ သူက OTK Company ရဲ့ စီအီးအိုပါလို့ သွားပြောရင် လူတွေ ဝိုင်းလုပ်တာကို ခံရတော့မှာ အသေအချာပဲ။ ဂျော့ရှ် ဆိုရော့စ် ပြီးရင်တော့ သူက ယူကေမှာ အဆဲခံရဆုံး ရင်းနှီးမြှုပ်နှံသူ ဖြစ်လာပါပြီ။
ဒါက ဝမ်းသာရမယ့် ကိစ္စလားတော့ မသိဘူး။
ကံကောင်းတာ တစ်ခုက လူတိုင်းက OTK Company ကို ဂျပန်ကုမ္ပဏီလို့ ထင်နေကြတာပါပဲ။ အဲဒီတော့ ယူကေက လူတချို့က ဂျပန်ကို မကျေနပ်တာမျိုးတွေ ဖြစ်လာပါတယ်။ ပြောင်းပြန်အနေနဲ့ ဂျပန်က လူတွေကတော့ အားပေးနေကြတာပေါ့။
OTK Company က ဂျပန်ကုမ္ပဏီလား။
ဟုတ်တယ်။ OTK Games မှာလည်း သူတို့ ရင်းနှီးမြှုပ်နှံထားတယ်လေ။ မသိဘူးလား။
အိုတာကူတွေ ကမ္ဘာကို သိမ်းပိုက်နေပြီ။
Otaku Company အောင်မြင်ပါစေ။
အိုတာကူတွေက အင်္ဂလန်ကို အောင်နိုင်လိုက်ပြီ။ အခုတော့ ကမ္ဘာကြီးကို ဆက်ပြီး အောင်နိုင်ကြစို့။
တက်ဂယူက ကြောင်တောင်တောင်နဲ့ ပြောလိုက်တယ်။
"ဒါတွေက ဘာတွေလဲ။ ဘာလို့ အားပေးနေကြတာလဲ"
"ငါလည်း မသိဘူး" လို့ပဲ ကျွန်တော်ဖြေလိုက်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ဘက်က ကြည့်ရင်တော့ အခြေအနေက ကောင်းပါတယ်။ ဒီလို အထင်မှားသွားရတာကလည်း တက်ဂယူက ဂျပန်ဂိမ်းကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံခဲ့လို့လေ။
အဲဒီ ရင်းနှီးမြှုပ်နှံမှုက တကယ့်ကို အကွက်မြင်ခဲ့တာပဲလား။
အဲဒီလို တွေးနေတုန်း ဖုန်းမြည်လာတယ်။
ကလင်... ကလင်...
စီနီယာ ဆန်းယော့ ဆီက ဖုန်းလာတာပါ။
"ဟေ့…ကန်ဂျင်ဟူ။ ဘာလုပ်နေတာလဲ"
"သတင်းကြည့်နေတာလေ။ စီနီယာကော အလုပ်မှာလား"
"မဟုတ်ဘူး။ ကုမ္ပဏီကို သွားလို့ မရလို့"
"ဘာလို့လဲ"
"အလုပ်သွားမလို့ လုပ်တော့ သတင်းထောက်တွေက ရုံးခန်းရှေ့မှာ ဝိုင်းနေကြပြီကွ"
ကမ္ဘာ့ငွေကြေးဈေးကွက်မှာ OTK Company အကြောင်း ဟိုးလေးတကျော် ဖြစ်နေချိန်မှာ ကိုရီးယားမှာတော့ K ကုမ္ပဏီက နာမည်ကြီးနေတာပါ။
K ကုမ္ပဏီက Brexit မဲမပေးခင်လေးမှာ ကမ္ဘာ့ဈေးကွက်မှာ put options တွေ ဝယ်ခဲ့တာမလို့ ရင်းနှီးမြှုပ်နှံမှုထက် ၄ ဆကျော်လောက် အမြတ်ရခဲ့တာပါ။ ဒါက တစ်ကမ္ဘာလုံးက ငွေကြေးဈေးကွက်တွေကို အသုံးချပြီး ရလိုက်တဲ့ ရလဒ်ပါပဲ။
ကိုရီးယား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုက ကမ္ဘာ့ဈေးကွက်မှာ ဒီလိုမျိုး ရလဒ် ထွက်ပြနိုင်တာက တစ်ခါမှ မရှိဖူးပါဘူး။
သတင်းတွေ ထွက်လာတော့ ကိုရီးယားက လူတွေက အားပေးကြတာပေါ့။
"နိုင်ငံခြားသားတွေဆီမှာ အမြဲ အလိမ်ခံနေရတာ။ အခုမှပဲ ပြန်လုပ်နိုင်တော့တယ်"
"Korea Company ဆိုတော့ K ကုမ္ပဏီလို့ ပေးထားတာလား"
"ဒါနဲ့ အဲဒါက ဘယ်လိုကုမ္ပဏီမျိုးလဲ"
"Startup တွေကို အဓိက ရင်းနှီးမြှုပ်နှံတာလေ။ Edm Entertainment နဲ့ Bansom ရဲ့ အကြီးဆုံး ရှယ်ယာရှင်၊ ပြီးတော့ TMEP ရဲ့ အဓိက ရင်းနှီးမြှုပ်နှံသူလည်း ဟုတ်တယ်"
“ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလေးကတောင် ဒီလိုလုပ်နိုင်တာ၊ ကိုရီးယားက နာမည်ကြီး Securities ကုမ္ပဏီကြီးတွေက ဘာတွေ လုပ်နေကြတာလဲ”
“ဟုတ်တယ်။ သူတို့ကလည်း Brexit ဖြစ်မှာ မဟုတ်ဘူးလို့ ခန့်မှန်းပြီးတော့ အရှုံးတွေနဲ့ပဲ ရင်ဆိုင်နေရတာလေ။ သူတို့စကားကို ယုံပြီး ရင်းနှီးမြှုပ်နှံမိတာ ငါပဲ အားယားတာ။ အန်စာတုံး ခေါက်တာကမှ ပိုပြီး ကံကောင်းဦးမယ်”
“စီအီးအိုက ဘယ်သူလဲ”
“ကိုရီးယားတက္ကသိုလ် ဆင်းတဲ့ ပတ်ဆန်းယော့ ဆိုတဲ့ လူတဲ့”
“အိုး… ကိုရီးယားတက္ကသိုလ်က လူတွေကတော့ တော်သားပဲ”
“ဒေါ်လာ သန်း ၄ထောင်လောက် ရတာ တကယ်လား”
“ဝမ် သိန်းပေါင်း ၅ကုဋေကျော်တောင် ရတာလို့ ကြားတယ်နော်”
မီဒီယာတွေနဲ့ ဘဏ္ဍာရေးလောကက K ကုမ္ပဏီကို အာရုံစိုက်လာကြတယ်။ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတော့ ဘယ်သူမှ မသိတဲ့ ကုမ္ပဏီကနေ အခုတော့ ကိုရီးယားမှာ အကျော်ကြားဆုံး ကုမ္ပဏီ ဖြစ်လာပြီ။ စီနီယာ ဆန်းယော့ကလည်း မီဒီယာတွေမှာ ပါရမီရှင် ရင်းနှီးမြှုပ်နှံသူအဖြစ် နာမည်ကြီးလာတာပေါ့။
ဖြစ်ရပ်တွေ အများကြီး ကြားထဲမှာပဲ ကိုရီးယား ဘဏ္ဍာရေးလောကအတွက် နောက်ထပ် သတင်းထူးတစ်ခု ပါလာပြန်တယ်။ အပြင်လူတွေနဲ့ သိပ်မတွေ့တတ်တဲ့ Golden Gate ရဲ့ စီအီးအို ဂျိန်း စီ ဂိုးမန်း က Wall Street Journal နဲ့ အင်တာဗျူးမှာ ပြောလိုက်တာက "နောက် လအနည်းငယ်အတွင်းမှာ ကိုရီးယားမှာ ရုံးခွဲတစ်ခု ဖွင့်ဖို့ အစီအစဉ် ရှိပါတယ်။ အခုဆို အကုန်လုံး ပြင်ဆင်ပြီးပါပြီ"ဆိုတာပါပဲ။
Golden Gate က တီဟီရန်ရို လမ်းပေါ်မှာ အဆောက်အဦးကြီး ၃ လုံး ပိုင်ထားတာလေ။ အဲဒီထဲက ငှားထားတဲ့ သက်တမ်းကုန်သွားတဲ့ အဆောက်အဦး တစ်လုံးကို ပြန်ယူပြီး အဲဒီမှာပဲ ရုံးခွဲ ဖွင့်မှာပါ။ တရုတ်နဲ့ ဂျပန်မှာ ရုံးခွဲတွေ ရှိပေမဲ့ ကိုရီးယားမှာတော့ ဘဏ်လုပ်ငန်းလေးတွေ လုပ်တဲ့ ရုံးခန်း သေးသေးလေးပဲ ရှိတာပါ။ ကမ္ဘာ့အကြီးဆုံး ရင်းနှီးမြှုပ်နှံမှုဘဏ်က ကိုရီးယားမှာ ရုံးခွဲ လာဖွင့်တယ်ဆိုတာ ကိုရီးယား ဘဏ္ဍာရေးလောကရဲ့ အဆင့်အတန်း မြင့်တက်လာတာကို ပြတာပါပဲ။ နိုင်ငံရေးသမားတွေက ဝမ်းသာနေကြပေမဲ့ ပြည်တွင်း ဘဏ္ဍာရေး အဖွဲ့အစည်းတွေကတော့ စိုးရိမ်နေကြပါပြီ။
Golden Gate ရဲ့ ပမာဏက ကိုရီးယားက ရင်းနှီးမြုတ်နှံမှုဘဏ်တွေ အကုန်ပေါင်းတာထက်တောင် ပိုကြီးတာလေ။ သူတို့က ဘယ်လောက်အထိ ပြင်းပြင်းထန်ထန် လုပ်လာမလဲဆိုတာ မသိရပေမဲ့ ပြိုင်ဆိုင်မှုတွေကတော့ ပိုပြီး ပြင်းထန်လာမှာ အသေအချာပါပဲ။
Securities အသင်းကလည်း နိုင်ငံခြားကုမ္ပဏီတွေကို အခွင့်ထူးမပေးသင့်ဘူး။ ပြည်တွင်းကုမ္ပဏီတွေလိုပဲ ကိုရီးယား စည်းမျဉ်းဥပဒေတွေကို လိုက်နာရမယ်ဆိုပြီး ပြောနေကြတာပေါ့။
အရင်က ချေ့ ဆောက်ဝဲ ပြောခဲ့တဲ့ စကားကို ကျွန်တော် သတိရသွားတယ်။
"ဒီနှစ် မကုန်ခင် သတင်းကောင်းတွေ ရှိလာမှာပါ"
သူ ဒါမျိုး ပြောခဲ့တာပဲ။
တက်ဂယူက မေးတယ်။
"ကိုရီးယားက အလုပ်တွေကို အရင်က အာရှရုံးခန်းကနေ ကိုင်တွယ်တာလေ။ အဲဒီက ဝန်ထမ်းတွေ ဘာဖြစ်ကုန်မလဲ"
"တချို့ကတော့ ကိုရီးယားကို ပြောင်းလာကြမှာပေါ့" လို့ ကျွန်တော်ဖြေလိုက်တယ်။
တက်ဂယူက ပြုံးစိစိနဲ့ ပြောတယ်။
"ဒါဆို ငါတို့ အစ်မကော"
Golden Gate ရဲ့ ကိုရီးယားရုံးခွဲ သတင်း ထွက်လာတော့ ဟောင်ကောင်က အာရှရုံးခန်းမှာလည်း လှုပ်လှုပ်ရှားရှား ဖြစ်ကုန်တယ်။ သူတို့က ကိုရီးယားနဲ့ ပတ်သက်တဲ့ အလုပ်တွေကို လုပ်နေရတာဆိုတော့ အပြောင်းအလဲတွေ အများကြီး ရှိလာမှာလေ။
အိုဟျွန်းဂျူးက ခေါ်သံကြားတာနဲ့ ရုံးခွဲမန်နေဂျာ ရုံးခန်းဆီကို သွားလိုက်တယ်။
တံခါးဖွင့်ပြီး ဝင်သွားတော့ ချေ့ ဆောက်ဝဲက နေရာကနေ ထပြီး နှုတ်ဆက်တယ်။
"ငါ ဘာလို့ ခေါ်လဲဆိုတာ နင် သိမှာပါ"
အိုဟျွန်းဂျူးက ခေါင်းညိတ်ပြီး "ဟုတ်ကဲ့" လို့ ဖြေလိုက်တယ်။
'ကိုရီးယားရုံးခွဲကို ပြောင်းခိုင်းဖို့ ဖြစ်မှာပါ'
သူ့စိတ်ထဲမှာတော့ ဒီမှာပဲ အတွေ့အကြုံတွေ ပိုယူချင်သေးတာပါ။ ဒါပေမဲ့ အဲဒါက သူ ဆုံးဖြတ်လို့ ရတာမှ မဟုတ်တာ။
ချေ့ ဆောက်ဝဲက အိုဟျွန်းဂျူးကို ကြည့်ပြီး ပြောလိုက်တယ်။
"နင် ကိုရီးယားကို သွားရမယ်"
ဒါကိုတော့ သူ တွေးထားပြီးသားပါ။
သူက ခေါင်းညိတ်လိုက်ပေမဲ့ နောက်ထပ် စကားတစ်ခွန်း ဆက်လာတယ်။
"ကိုရီးယားရုံးခွဲရဲ့ မန်နေဂျာ တာဝန်ကို နင် ယူပေးနိုင်မလား"
အိုဟျွန်းဂျူးက ကြောင်သွားပြီး "ရှင်... တကယ်လား" လို့ပဲ ပြန်ပြောနိုင်တော့တယ်။
အခန်း (၆၆)
အိုဟျွန်းဂျူး က ငယ်ငယ်ကတည်းက ဉာဏ်ကြီးရှင်တစ်ယောက်ပါ။ ကိုရီးယားတက္ကသိုလ်ရဲ့ စီးပွားရေးစီမံခန့်ခွဲမှုဌာန ကို အမှတ်အများဆုံးနဲ့ ဝင်ခွင့်ရခဲ့သလို ကျောင်းဆင်းတော့လည်း ဂုဏ်ထူးဆောင်ဘွဲ့နဲ့ ဆင်းခဲ့တာလေ။ အဲဒီနောက်မှာတော့ အပ်ပေါက်ထဲကို ကုလားအုတ်ဝင်ဖို့ထက်တောင် ခက်ခဲတယ်လို့ ပြောကြတဲ့ Golden Gate မှာ အလုပ်ရခဲ့ပါတယ်။
အလုပ်ရတာက အစပဲ ရှိပါသေးတယ်။ အလုပ်တွေက အရမ်းများလွန်းလို့ နေ့တိုင်း ညမိုးချုပ်တဲ့အထိ လုပ်ရသလို အလုပ်ရှုပ်တဲ့ အချိန်မျိုးဆိုရင် တစ်ပတ်လုံးလုံး အိမ်မပြန်ရတဲ့ အခါတွေတောင် ရှိပါတယ်။
သန်မာတဲ့ အမျိုးသားတွေတောင် မခံနိုင်တဲ့ ဒီလိုနေရာမျိုးမှာ သူက ထူးထူးခြားခြား ခြေကုပ်ယူနိုင်ခဲ့ပြီး ရာထူးတွေလည်း တောက်လျှောက် တက်လာခဲ့တာပါ။ တစ်နေ့မှာတော့ ဒီထက်ပိုမြင့်တဲ့ နေရာကို ရောက်လိမ့်မယ်လို့ သူ ယုံကြည်ထားပါတယ်။
ဒါပေမဲ့ အခုလိုအချိန်မှာ ရုံးခွဲမန်နေဂျာ ရာထူးကို ကမ်းလှမ်းခံရလိမ့်မယ်လို့တော့ သူ အိပ်မက်တောင် မမက်ဖူးပါဘူး။
အံ့သြနေတဲ့ အိုဟျွန်းဂျူး ကို ချေ့ ဆောက်ဝဲ က ပြောလိုက်တယ်။
"အကြောင်းရင်း နှစ်ခု ရှိတယ်။ ပထမတစ်ခုကတော့ နင့်ရဲ့ အရည်အချင်းက ဒီရာထူးနဲ့ ထိုက်တန်တယ်လို့ ငါတို့ ယုံကြည်လို့ပဲ"
Golden Gate ဆိုတာ တစ်ကမ္ဘာလုံးက ဘဏ္ဍာရေး ပါရမီရှင်တွေ စုဝေးနေတဲ့နေရာပါ။ သူ ဘယ်လောက်ပဲ တော်နေပါစေ သူ့ထက်တော်တဲ့သူတွေ ဒီမှာ အများကြီး ရှိပါတယ်။ ဒါ့အပြင် Golden Gate ရဲ့ အာရှရုံးခွဲ မန်နေဂျာတွေထဲမှာ အာရှသားဆိုလို့ နှစ်ယောက်ပဲ ရှိပြီး အမျိုးသမီးဆိုလို့ တစ်ယောက်မှ မရှိပါဘူး။ အငယ်ဆုံး မန်နေဂျာတောင် အသက် ၄၀ ကျော်နေပြီလေ။
ဘဏ္ဍာရေး လောကက ထင်ထားတာထက် ပိုပြီး ရှေးရိုးစွဲဆန်သလို အာဏာရှင်ဆန်တဲ့အတွက် ဒီလိုမျိုး ရဲရဲဝံ့ဝံ့ ခန့်အပ်တာက တကယ့်ကို ရှားပါးတဲ့ ကိစ္စပါ။
"နောက်ထပ် အကြောင်းရင်းတစ်ခုက... OTK Company ကြောင့်လား"
ချေ့ ဆောက်ဝဲ က ခေါင်းညိတ်ပြတယ်။
"မှန်တယ်။ အခုအချိန်မှာ OTK Company က ငါတို့ အာရှရုံးခွဲရဲ့ အကြီးဆုံး Client ဖြစ်နေပြီ။ ပြီးတော့ Golden Gate တစ်ခုလုံးမှာလည်း အရေးကြီးဆုံး Client တွေထဲက တစ်ခုပဲ"
Golden Gate ရဲ့ Client တွေထဲမှာ ဈေးကွက်တန်ဖိုး ဒေါ်လာ သန်းပေါင်း ၁သိန်းကျော်တဲ့ ကုမ္ပဏီတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ဈေးကွက်တန်ဖိုး သန်းပေါင်း ၁သိန်း ရှိတာက လက်ထဲမှာ ငွေသား သန်းပေါင်း ၁သိန်း ရှိတာ မဟုတ်ဘူးလေ။ ငွေသားပိုင်ဆိုင်မှု အနေနဲ့ပဲ ကြည့်မယ်ဆိုရင် OTK Company နဲ့ ယှဉ်နိုင်တဲ့ Client က တော်တော်ကို ရှားပါတယ်။
အကြာကြီး စီမံထားရတဲ့ ကိုရီးယားရုံးခွဲကို အခုလို အမြန်ဆုံး ဖွင့်ဖြစ်သွားတာကလည်း OTK Company ကြောင့်လို့ ပြောလို့ ရပါတယ်။ ပြီးတော့ OTK Company နဲ့ Golden Gate ကြားမှာ အိုဟျွန်းဂျူး က အဓိက အဆက်အသွယ် ဖြစ်နေတာလေ။
ဒါက သူ့မှာ ခိုင်မာတဲ့ နောက်ခံရှိနေတယ်ဆိုတာထက် ပိုပါတယ်။
"OTK Company လို Client မျိုးကို Golden Gate ဆီ ရောက်လာအောင် လုပ်နိုင်ခဲ့တာ၊ သူတို့ကို ဒီလောက်ကြီးထွားအောင် ကူညီပေးနိုင်ခဲ့တာက Team Leader ဂျက်စီကာ ပဲလေ။ အဲဒီလောက် အရည်အချင်းရှိရင် ကိုရီးယားရုံးခွဲကို ဦးဆောင်ဖို့ လုံလောက်ပါတယ်" လို့ ချေ့ ဆောက်ဝဲ က အတည်ပြု ပြောလိုက်တယ်။
"နင်လည်း အတွေ့အကြုံအရ သိမှာပါ။ အရည်အချင်းမရှိတဲ့သူကို Golden Gate က ရုံးခွဲမန်နေဂျာ ရာထူးကို ဘယ်တော့မှ မပေးဘူးဆိုတာကိုပေါ့"
ဒါက သူ့အတွက် ပထမဆုံး အကြိမ်ဆိုတော့ အမှားအယွင်းတချို့ ရှိနိုင်ပေမဲ့ အိုဟျွန်းဂျူး ကောင်းကောင်း ကိုင်တွယ်နိုင်လိမ့်မယ်လို့ ချေ့ ဆောက်ဝဲက ယုံကြည်နေပါတယ်။
ဒါပေမဲ့ ဒါတွေအားလုံးက သူ ဒီကမ်းလှမ်းချက်ကို လက်ခံဖို့တော့ လိုတာပေါ့။
"နင် ဘယ်လို ဆုံးဖြတ်မလဲ"
"ကျွန်မကတော့..." အိုဟျွန်းဂျူး တုံ့ဆိုင်းနေမိတယ်။
ရုံးခွဲမန်နေဂျာ ဖြစ်လာရင် လစာကတင် ဒေါ်လာ သန်းချီ ရမှာဖြစ်သလို အကျိုးအမြတ်အလိုက် ထပ်ဆောင်း ဆုကြေးတွေလည်း ရဦးမှာပါ။ ဒါပေမဲ့ ပိုက်ဆံက သူ့အတွက် အဓိက မဟုတ်ပါဘူး။ သူ့မောင်လေး ကုမ္ပဏီမှာ ရှယ်ယာ ၃ ရာခိုင်နှုန်း ပိုင်ထားတာကြောင့် သူ့ရဲ့ ပိုင်ဆိုင်မှုက ဝမ် သိန်းပေါင်း ၁ကုဋေကျော်နေပါပြီ။
အဲဒီပိုက်ဆံတွေကို ချက်ချင်း သုံးလို့ မရသေးရင်တောင် သူ့ရဲ့ နှစ်ရှည်လစာတွေက ဘဏ်ထဲမှာ အများကြီး စုမိနေပါပြီ။ (ဒီမှာ အလုပ်လုပ်တုန်းက ကုမ္ပဏီက အိမ်ရော ကားရော ပေးထားတာဆိုတော့ သူ ပိုက်ဆံ သုံးစရာ သိပ်မလိုဘူးလေ။)
သူ စဉ်းစားရမှာက တာဝန်ယူမှုနဲ့ တာဝန်ခံမှုတွေအကြောင်းပဲ။
'ငါ တကယ် လုပ်နိုင်ပါ့မလား'
သူက ပထမဆုံး အမျိုးသမီး ရုံးခွဲမန်နေဂျာ ဖြစ်လာမှာပါ။ ဒီလောကမှာ အမျိုးသမီးတွေအတွက် အတားအဆီးတွေ ဘယ်လောက်ကြီးလဲဆိုတာ သူ ကောင်းကောင်း သိတာပေါ့။ အောင်မြင်ရင်တော့ ထားပါတော့။ တကယ်လို့ ကျရှုံးသွားရင်တော့ 'အဲဒါကြောင့် မိန်းမတွေကို ဒီလိုနေရာမျိုး မပေးသင့်တာ' ဆိုတဲ့ စကားမျိုးတွေ ထွက်လာမှာ အသေအချာပါပဲ။
' ကန်ဂျင်ဟူ သာ ဆိုရင် ဘယ်လို လုပ်မလဲ'
အခွင့်အရေးဆိုတာ လူတိုင်းဆီ ရောက်လာတတ်ပေမဲ့ အဲဒါကို အရယူဖို့ကတော့ သတ္တိလိုပါတယ်။ ကန်ဂျင်ဟူ က အဲဒီလို သတ္တိမျိုးကို အကြိမ်ကြိမ် ပြခဲ့ပြီးသားပဲ။ အိုဟျွန်းဂျူး ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချလိုက်ပြီး ခေါင်းညိတ်လိုက်တယ်။
"ကျွန်မ လက်ခံပါတယ်"
ချေ့ ဆောက်ဝဲ က ကျေနပ်တဲ့ ပုံစံနဲ့ ပြုံးလိုက်တယ်။
"ကိုရီးယားရုံးခွဲကို နင့်လက်ထဲ အပ်လိုက်ပြီနော်"
ကမ္ဘာပေါ်မှာ ဘယ်လောက်ပဲ ကြီးကျယ်တဲ့ ကိစ္စတွေ ဖြစ်နေပါစေ နေ့စဉ်ဘဝကတော့ ဆက်သွားနေတာပါပဲ။
တစ်လမပြည့်ခင်မှာပဲ ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှုတွေက ဝမ် သန်းပေါင်း ကုဋေချီအောင် တိုးလာပေမဲ့ ထူးထူးခြားခြား ပြောင်းလဲသွားတာတော့ မရှိပါဘူး။ အိမ်လည်း မပြောင်းသလို ကားလည်း မလဲဘူး၊ ဝတ်နေကျ အင်္ကျီတွေကိုပဲ ဝတ်ဖြစ်တယ်။ ဘဏ်ထဲက ဂဏန်းတွေပဲ တိုးလာတာပါ။
စဉ်းစားကြည့်ရင် လူတိုင်းက အဲဒီဂဏန်းတွေ တိုးဖို့အတွက်ပဲ ကြိုးစားနေကြတာ မဟုတ်လား။
ကျွန်တော် ကျောင်းကို ကားမောင်းလာခဲ့တယ်။ လမ်းရှင်းနေတာမလို့ ထင်ထားတာထက် စောရောက်သွားတာပေါ့။
ကျောင်းဂိတ်ပေါက်ကို ဖြတ်လာတော့ အလွတ်တန်းသတင်း ထုတ်လွှင့်ရေး ကားတချို့ ဂိတ်ဝမှာ ရပ်ထားတာ တွေ့လိုက်ရတယ်။
"ဘာဖြစ်တာလဲ"
ကားပါကင်ထိုးပြီး လမ်းလျှောက်လာတော့ စီးပွားရေးစီမံခန့်ခွဲမှုဌာန အဆောက်အဦးနားမှာ ကင်မရာသမားတွေနဲ့ မိုက်ခရိုဖုန်း ကိုင်ထားတဲ့ သတင်းထောက်တွေ တစ်ခုခုကို ဝိုင်းအုံနေကြတယ်။
ကျောင်းမှာ တစ်ခုခု ဖြစ်လို့လား။
အဲဒီလို တွေးနေတုန်း မင်ယောင်း နဲ့ ကျောင်ဂီ က သတင်းထောက်တွေနဲ့ စကားပြောနေတာ တွေ့လိုက်ရတယ်။
"ဘာဖြစ်နေတာလဲ"
ကျွန်တော် အနားရောက်သွားပြီး မေးလိုက်တော့ ကျောင်ဂီ က လှမ်းအော်ပြောတယ်။
"ဟော… ဒီမှာ ရောက်လာပြီ။ သူက ကန်ဂျင်ဟူ ပဲ"
"ဗျာ"
ကျွန်တော် စကားတောင် မဆုံးသေးဘူး။ သတင်းထောက်တွေက သူတို့ရဲ့ ရုပ်သံဌာန တံဆိပ်တွေပါတဲ့ မိုက်ခရိုဖုန်းတွေကို ထိုးပေးပြီး အနားကို အမြန် ရောက်လာကြတယ်။
"မောင်ရင်က ကန်ဂျင်ဟူ လား"
"စကားလေး နည်းနည်းလောက် ပြောပေးပါဦး"
"ဒီဖြစ်ရပ်အပေါ် ဘယ်လို ထင်သလဲ"
"Brexit နဲ့ ပတ်သက်ပြီး ဘာတွေ ကြားထားလဲ"
ကျွန်တော့် နဖူးမှာ ချွေးတွေ စို့လာတယ်။ အဲဒီအချိန်မှာ စိတ်ထဲကို အချက်တစ်ခုပဲ ဝင်လာတယ်။
'ငါ့ကို ရိပ်မိသွားတာလား'
ငါက OTK Company ရဲ့ စီအီးအို ဆိုတာကို သိသွားကြတာလား။
ဘယ်လိုလုပ်ပြီးတော့ သိသွားတာလဲ။
ဘယ်သူက သတင်းပေးလိုက်တာလဲ။
ကျွန်တော့် အကြောင်းကို လူအနည်းစုပဲ သိတာလေ။ တက်ဂယူ၊ အိုဟျွန်းဂျူး၊ အယ်လီ၊ စီနီယာ ဆန်းယော့၊ ချေ့ ဆောက်ဝဲ နဲ့ ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီက စီအီးအို အနည်းငယ်ပဲ သိတာပါ။
သူတို့ထဲက တစ်ယောက်ယောက်က သတင်းဌာနတွေကို ပြောလိုက်တာလား။
ကင်မရာတွေက ကျွန်တော့် မျက်နှာကို ဝိုင်းပြီး ထိုးထားကြတယ်။
ဒီလိုနေ့မျိုး တစ်နေ့နေ့တော့ ရောက်လာမယ်ဆိုတာ သိပေမဲ့ ဒီနေ့ ဖြစ်လိမ့်မယ်လို့တော့ မထင်ထားဘူး။
ကမ္ဘာ့ငွေကြေးဈေးကွက်ကို လှုပ်ခတ်အောင် လုပ်ခဲ့တဲ့ OTK Company ရဲ့ စီအီးအို က တက္ကသိုလ်ကျောင်းသား တစ်ယောက်ပဲ ဆိုတာသာ လူသိသွားရင် ဘာဖြစ်ကုန်မလဲ။
ကျွန်တော် မသိရင်တောင် တစ်ကမ္ဘာလုံးမှာ သတင်းထူး အနေနဲ့ ပါလာမှာ အသေအချာပဲ။
ပြီးတော့ မနက်ဖြန်ကစပြီး အရာအားလုံး ပြောင်းလဲသွားလိမ့်မယ်။
ကျောင်းကို အခုလို အေးအေးဆေးဆေး တက်ဖို့ ခက်သွားနိုင်သလို အပြင်ထွက်ရင်လည်း သက်တော်စောင့်တွေ မပါဘဲ သွားလို့ ရတော့မှာ မဟုတ်ဘူး။
"ကျွန်တော်ကတော့..."
စကားတွေက အလွယ်တကူ ထွက်မလာဘူး။
ဘာပြောရမလဲ။ ကိုယ့်ကိုယ်ကိုယ် OTK Company ရဲ့ စီအီးအို ပါလို့ပဲ တန်းပြီး မိတ်ဆက်လိုက်ရမလား။
ဘေးကနေ ကြည့်နေတဲ့ ကျောင်ဂီ က ဝင်ပြောလိုက်တယ်။
"အေးအေးဆေးဆေးပဲ ပြောလိုက်ပါ။ မင်းက စီနီယာ ဆန်းယော့ နဲ့ ရင်းနှီးတယ် မဟုတ်လား"
"ဟင်"
သတင်းထောက်တွေက ကျွန်တော့်ကို မေးခွန်းတွေ ထပ်မေးလာတယ်။
"ဥက္ကဋ္ဌ ပတ်ဆန်းယော့ က ဘယ်လို စီနီယာမျိုးလဲ"
"မင်းတို့ ကလပ် အတူတူ လုပ်ခဲ့ကြတယ်လို့ ကြားတယ်။ မှတ်မှတ်ရရ ဖြစ်ရပ်လေးတွေ ရှိလား"
"K ကုမ္ပဏီ ထောင်တာနဲ့ မင်းနဲ့ ဘယ်လို ပတ်သက်မှု ရှိလဲဆိုတာ သိချင်ပါတယ်"
အခြေအနေကို ကျွန်တော် သဘောပေါက်သွားပြီ။
K ကုမ္ပဏီ နာမည်ကြီးလာတော့ ရုပ်သံလိုင်းတချို့က စီနီယာ ဆန်းယော့ နဲ့ ပတ်သက်တဲ့လူတွေကို လိုက်ပြီး အင်တာဗျူးနေကြတာပဲ။
ကျွန်တော် စိတ်ထဲကနေ သက်ပြင်းချလိုက်မိတယ်။
ငါ့ကြောင့်လားလို့ ထင်နေတာ စီနီယာ ဆန်းယော့ ကြောင့် ဖြစ်နေတာကိုး။
ကိုယ့်ကိုယ်ကိုယ် OTK Company စီအီးအို ပါဆိုပြီး မသိဘဲနဲ့ ဖွင့်ပြောမိတော့မလို့။ အဖြစ်မှန်ကို ရိပ်မိသွားတာတောင် တော်တော် လန့်သွားရပါတယ်။
"ဥက္ကဋ္ဌ ပတ်ဆန်းယော့ အပေါ် မင်းရဲ့ အမြင်လေး ပြောပေးပါဦး"
"အဲဒီ စီနီယာကို ဖုန်းဆက်ပေးလို့ ရမလား"
ကျွန်တော်က ဗြိတိန် မီဒီယာတွေမှာတောင် နာမည်ဆိုး ထွက်နေတာဆိုတော့ (သူတို့က ကျွန်တော့်အကြောင်း ပြောနေတာလားတော့ မသိဘူးပေါ့) သတင်းဌာနတွေနဲ့ မပတ်သက်ချင်ပါဘူး။
ကျွန်တော် ကင်မရာကို ကြည့်ပြီး ပြောလိုက်တယ်။
"ကျွန်တော် အဲဒီ စီနီယာနဲ့ သိပ်မရင်းနှီးပါဘူး။ သူ့ဖုန်းနံပါတ်တောင် ကျွန်တော် မသိဘူး"
သတင်းထောက်တွေ ကြောင်သွားကြတယ်။
"ဟမ်။ ဒါပေမဲ့..."
"ကျွန်တော် အတန်းချိန် ရှိလို့ သွားခွင့်ပြုပါဦး"
စကားကို အမြန်အဆုံးသတ်ပြီး စီးပွားရေးစီမံခန့်ခွဲမှုဌာန အဆောက်အဦးထဲကို ဝင်လာခဲ့လိုက်တယ်။
နောက်ကို ပြန်ကြည့်လိုက်တော့ တီဗွီမှာ ပါချင်နေတဲ့ တချို့လူတွေက တစ်ယောက်နဲ့တစ်ယောက် လုပြီး အင်တာဗျူး ဖြေနေကြတာ တွေ့ရတယ်။
ဒီကမ္ဘာကြီးမှာ လူတွေကလည်း အများကြီး၊ လူသိချင်တဲ့သူတွေကလည်း အများကြီးပဲ။
ညဉ့်နက်တဲ့ အချိန်မှာ စီနီယာ ဆန်းယော့ က ကျွန်တော်တို့ အိမ်ကို ရောက်လာတယ်။ အခုတလော သူက အရမ်း နာမည်ကြီးနေတာဆိုတော့ အပြင်မှာ တွေ့ဖို့ထက် အိမ်မှာပဲ တွေ့တာက ပိုအဆင်ပြေလို့ပါ။
သူက အစိမ်းရောင် Mini Cooper ကားလေးနဲ့ ရောက်လာတယ်။
ကားပါကင် ထိုးပြီးတော့ စီနီယာ ဆန်းယော့ က ကားထဲကနေ အနိုင်နိုင် ထွက်လာရတယ်။ ကားကိုယ်ထည်က ကျဉ်းကျဉ်းလေးဆိုတော့ သူ့အရွယ်အစားနဲ့ မလိုက်ဖက်သလိုပဲ။ ကားက သူ့ထက်စာရင် တော်တော်လေး ချစ်စရာ ကောင်းနေတာပေါ့။
"ဒါ ဘာကားလဲ"
"ကီဟုမ် ရဲ့ ကားလေ။ သတင်းထောက်တွေက အလုပ်သွား အလုပ်ပြန် လိုက်နှောင့်ယှက်နေလို့ ကင်မရာတွေကို ရှောင်ဖို့အတွက် ခဏ ငှားစီးလာတာ"
"ဒါဆို ကီဟုမ် က ဘာစီးလဲ"
"မင်းရဲ့ S-Class ကို ပေးလိုက်တယ်လေ"
"... S-Class နဲ့ Mini Cooper ကို လဲစီးတာလား။ ဒါက ဝေမျှသုံးစွဲတဲ့ စီးပွားရေး စနစ်လား"
ကျွန်တော်တို့ ဧည့်ခန်းမှာ ထိုင်လိုက်ကြတယ်။
"ဘယ်လိုလဲ။ အခုတလော နေလို့ ကောင်းရဲ့လား"
"သေတော့မလိုပဲ။ သတင်းထောက်တွေက ကုမ္ပဏီ ရှေ့မှာတင် မဟုတ်ဘူး။ ဖုန်းတွေလည်း မနားတမ်း ဆက်နေကြတာကွ။ ငါ့ဖုန်းနံပါတ်ကို ဘယ်လို သိသွားကြလဲ မသိဘူး။ အခုတော့ ထပ်လဲရဦးမယ်"
"နာမည်ကြီးနေတာပဲ မဟုတ်လား"
စီနီယာ ဆန်းယော့ က စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းချပါတယ်။
"ဒါက ရယ်စရာ မဟုတ်ဘူးနော်။ သတင်းထောက်တွေက ငါ့အိမ်နားမှာလည်း ဝိုင်းနေကြတာဆိုတော့ အိမ်တောင် မပြန်ရဲဘဲ အပြင်မှာပဲ လျှောက်အိပ်နေရတာ"
"ဟားဟားဟား"
တက်ဂယူ က မအောင့်နိုင်ဘဲ ပေါက်ကွဲပြီး ရယ်တော့တာပဲ။ ကျွန်တော်လည်း နည်းနည်းတော့ ရယ်ချင်ပေမဲ့ စိတ်ထဲမှာတော့ သိပ်မအေးလှဘူး။
နောက်ကျရင် ကျွန်တော်လည်း ဒီလိုမျိုး ဖြစ်လာမလားဆိုပြီး ကြောက်နေမိတာလေ။ တတ်နိုင်သမျှတော့ ဖုံးကွယ်ထားဖို့ စီစဉ်ထားပေမဲ့ ဘယ်လောက်အထိ တောင့်ခံနိုင်မလဲဆိုတာ မသိပါဘူး။
"ထမင်း မစားရသေးဘူး မဟုတ်လား"
"အင်း။ မစားရသေးဘူး။ ညလည်း နက်နေပြီဆိုတော့ တစ်ခုခုပဲ မှာစားလိုက်ရအောင်"
တက်ဂယူ က ဖုန်းကို ကိုင်ပြီး ပြောလိုက်တယ်။
"ဒါဆိုရင်တော့ တရုတ်စာပဲ မှာကြတာပေါ့"
"... တရုတ်စားသောက်ဆိုင် တစ်ဆိုင်လောက်ပဲ ဝယ်လိုက်ပါတော့လား"
ခဏနေတော့ စားစရာတွေ ရောက်လာတယ်။ ကျွန်တော်တို့ ဝိုင်းထိုင်ပြီး ဇာတ်လမ်းတွေ ပြောရင်း ကျန်ပုန်းခေါက်ဆွဲပြုတ် နဲ့ ဝက်သားချိုချဉ်ကြော် ကို စားလိုက်ကြတယ်။
"အဲဒီနေ့က မဲရေတွက်တာကို ကြည့်ရင်း ငါတော့ သေမလို ဖြစ်သွားတာကွ။ ကန်ဂျင်ဟူ… မင်းက အဲဒီလို အခြေအနေမျိုးမှာတောင် ဘယ်လိုလုပ် လောင်းကြေး ထပ်ရဲတာလဲ"
ကျွန်တော်က ရယ်ပြီး ပြန်ဖြေလိုက်တယ်။
"ကျွန်တော်လည်း ဘယ်လိုလုပ်မိလဲ မသိဘူး"
စီနီယာ ဆန်းယော့ က ခေါင်းညိတ်တယ်။
"ငါသာဆိုရင်တော့ လုပ်ခိုင်းရင်တောင် လုပ်နိုင်မှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် မင်းကျေးဇူးကြောင့် အခုတော့ နာမည်မရှိတဲ့ငါက ဆယ်လီဖြစ်သွားပြီ။ ဪ... Golden Gate က ကိုရီးယားမှာ ရုံးခွဲဖွင့်မယ်ဆိုတာ မင်း ဘယ်တုန်းက သိတာလဲ"
"ကျွန်တော်တို့လည်း သတင်းထဲကနေပဲ သိတာလေ"
"ဒါဆို စီနီယာကော ကိုရီးယားကို ပြန်လာမှာလား"
တက်ဂယူ က ပြန်ဖြေတယ်။
"ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အစ်မနဲ့ စကားပြောဖြစ်တော့ အဲဒီလို ဖြစ်လာနိုင်တယ်လို့တော့ ပြောတယ်"
စဉ်းစားကြည့်ရင် အယ်လီ လည်း ကိုရီးယားကို ပြန်လာမလားပဲ။
ထမင်းစားပြီးတော့ စီနီယာ ဆန်းယော့ က ပြောတယ်။
"ဒါနဲ့ ဒီပိုက်ဆံတွေ အများကြီးကို ဘာလုပ်ရမလဲတောင် မသိတော့ဘူး။ ဝမ် သိန်းပေါင်း ၄၈ကုဋေတောင်လေ။ ဒီလောက် ငွေသား ပမာဏမျိုး ရှိတဲ့ ကော်ပိုရေးရှင်းကြီးတွေ ဘယ်နှစ်ခု ရှိလို့လဲ"
ဗဟိုဘဏ်ကရော၊ ရင်းနှီးမြုတ်နှံမှုဘဏ်ကပါ အားလုံးက ဒီပိုက်ဆံကို မျက်စိကျနေကြတာပါ။ ဘဏ်တွေကလည်း အပ်နှံဖို့အတွက် တန်းစီနေကြပါပြီ။ ကျွန်တော်တို့ကတော့ Golden Gate ကလွဲလို့ တခြားဘယ်သူနဲ့မှ အလုပ်တွဲလုပ်ဖို့ အစီအစဉ် မရှိပါဘူး။
"ရင်းနှီးမြှုပ်နှံချင်တာမျိုး မရှိဘူးလား" လို့ ကျွန်တော် မေးလိုက်တယ်။
စီနီယာ ဆန်းယော့ ရဲ့ မျက်လုံးတွေက ကျွန်တော့် စကားကြောင့် တောက်ပသွားတယ်။
"တကယ်တော့ ငါ စဉ်းစားထားတာ တစ်ခု ရှိတယ်"
Brexit ပြီးတာနဲ့ သူက နောက်ထပ် ရင်းနှီးမြှုပ်နှံမှု အခွင့်အရေးကို ရှာနေပြီပေါ့။
"ဘာများလဲ"
"အခုတလော Cryptocurrency ဈေးကွက်က စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ငါ ထင်တယ်"
တက်ဂယူ က စိတ်ဝင်စားသွားပြီး "ဘစ်ကွိုင် လား" လို့ မေးတယ်။
အကြီးဆုံး အိတ်ချိန်းဖြစ်တဲ့ Mountain Hill က Hackခံရပြီး ဒေဝါလီခံသွားတော့ ဒေါ်လာ ၁၀၀၀ ကျော်နေတဲ့ ဘစ်ကွိုင် က ဒေါ်လာ ၅၀၀ အောက်ကို ထိုးကျသွားခဲ့တာပါ။
အဲဒီတုန်းက လူတွေက Cryptocurrency တွေ ပြီးသွားပြီလို့ ပြောခဲ့ကြတာ။ ဒါပေမဲ့ အခုတလောမှာတော့ Brexit ကြောင့် ပြန်ပြီး အာရုံစိုက် ခံလာရပြန်ပါပြီ။ ယူကေ က EU ထဲက ထွက်လိုက်လို့ ကမ္ဘာ့စတော့ဈေးကွက်တွေ လှုပ်ခတ်ပြီး ငွေလဲနှုန်းတွေ မငြိမ်မသက် ဖြစ်နေတဲ့အချိန်မှာ ဘစ်ကွိုင် က အစားထိုး ရင်းနှီးမြှုပ်နှံမှု တစ်ခုအနေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နေတာပေါ့။
Brexit ရလဒ် ထွက်တဲ့နေ့မှာတင် ဈေးက ၃၀ ရာခိုင်နှုန်းကျော် တက်သွားပြီး ဒေါ်လာ ၇၀၀ တန်းကို ပြန်ရောက်လာခဲ့တယ်။
"မင်း သိတဲ့အတိုင်း Cryptocurrency ဆိုတာ ကိုယ်ပိုင်တန်ဖိုး မရှိဘူးလေ။ ထုတ်ပေးတဲ့ အာဏာပိုင်လည်း မရှိဘူး၊ ငွေပေးချေမှု အာမခံချက်လည်း မရှိဘူး။ ဒါပေမဲ့ တချို့လူတွေက ဒါကို တန်ဖိုးရှိတယ်လို့ ယုံကြည်နေကြတာ"
ကျွန်တော် ခေါင်းညိတ်လိုက်တယ်။
"တန်ဖိုးဆိုတာက နှိုင်းရ သဘောတရားပဲလေ"
ဥပမာအားဖြင့် ရှားပါးတဲ့ ခရုခွံ တစ်မျိုးကို ဒေသ (က) မှာ ငွေကြေးအဖြစ် သုံးပြီး ဒေသ (ခ) မှာတော့ မသုံးဘူးလို့ ထားပါတော့။
ဒေသ (ခ) မှာ နေတဲ့ ကုန်သည်တစ်ယောက်က ဒီမှာ တွေ့ရတဲ့ ခရုခွံတွေကို ဒေသ (က) ဆီ ယူသွားရင် အဖိုးတန်တဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ ဒါမှမဟုတ် အဆောင်အယောင်တွေနဲ့ လဲလို့ ရတယ်ဆိုတာ သိသွားတယ်။ အဲဒီတော့ ကုန်သည်က ဒေသ (ခ) မှာရှိတဲ့ ခရုခွံတွေကို စုဆောင်းပြီး ဒေသ (က) မှာ သွားရောင်းပြီး အမြတ်ရှာတာပေါ့။
မကြာခင်မှာ ဒီသတင်းက ဒေသ (ခ) တစ်ခုလုံးကို ပျံ့သွားမယ်။ အခုဆိုရင် ဒေသ (ခ) က လူတိုင်းက အရင်က အဖိုးမတန်ဘူးလို့ ထင်ထားတဲ့ အဲဒီ ခရုခွံတွေဟာ ဒေသ (က) မှာ တန်ဖိုးအများကြီး ရှိတယ်ဆိုတာ သိသွားကြပါပြီ။
ဒေသ (ခ) က လူတွေက ခရုခွံတွေကို စုဆောင်းပြီး ဒေသ (က) ဆီ ယူသွားဖို့ ကြိုးစားကြလိမ့်မယ်။ အဲဒီနောက်မှာတော့ အမှိုက်လို့ပဲ သတ်မှတ်ထားတဲ့ ခရုခွံတွေက ဒေသ (ခ) မှာပါ တန်ဖိုးတွေ အများကြီး တက်လာတော့တာပဲ။
အနှစ်ချုပ်ကတော့ ဒေသ (က) မှာ တန်ဖိုးရှိနေတဲ့အတွက် ဒေသ (ခ) မှာလည်း အဲဒီအတိုင်း တန်ဖိုး ရှိလာတာပါပဲ။
Cryptocurrency လည်း အဲဒီလိုပါပဲ။ ဒီ Cryptocurrency က တန်ဖိုးမရှိဘူးလို့ ကျွန်တော် ကိုယ်တိုင် ယုံကြည်နေရင်တောင် တစ်ယောက်ယောက်က ဒေါ်လာ ၆၀၀ နဲ့ ရောင်းနေတယ်ဆိုရင် ကျွန်တော် ချက်ချင်း ဝယ်မှာပဲ။ ဘာလို့လဲဆိုတော့ အိတ်ချိန်းမှာ ဒေါ်လာ ၇၀၀ ကျော်နဲ့ ပြန်ရောင်းလို့ ရမှန်း သိနေတာကိုး။
"Cryptocurrency..."
စဉ်းစားကြည့်ရင် ဒါတွေအားလုံးက အဲဒီ Cryptocurrency တစ်ခုကြောင့် စခဲ့တာပဲ။
အဲဒီအချိန်မှာ ကျွန်တော့် မျက်လုံးထဲမှာ ဟိုလိုဂရမ် တစ်ခု ပေါ်လာပါတော့တယ်။
Ethereum Mining -