← Chapters

အခန်း (၆၉-၇၀)

Vol. 7 Ch. 69-70

အခန်း (၆၉-၇၀)

Vol. 7 Ch. 69-70

အခန်း (၆၉)

ဘဏ္ဍာရေးနဲ့ စက်မှုလုပ်ငန်းဆိုတာ စီးပွားရေးရဲ့ တောင်ပံနှစ်ဖက်လိုပါပဲ။

အစဉ်အလာအရ တောင်ကိုရီးယားဟာ စက်မှုအရင်းအနှီး အားကောင်းခဲ့ပါတယ်။ ချေဘော (မိသားစုကြီး) တွေဟာလည်း စက်မှုလုပ်ငန်းကို အခြေခံပြီး အဓိက ကြီးထွားလာခဲ့ကြတာပါ။

ကျွန်တော်တို့ကတော့ အခုထက်ထိ ဘဏ္ဍာရေးကနေပဲ အဓိက ပိုက်ဆံရှာခဲ့တာဖြစ်လို့ စက်မှုလုပ်ငန်းတွေနဲ့ ဆက်စပ်မှု သိပ်မရှိခဲ့ပါဘူး။

ဒါပေမဲ့ ကျွန်တော်တို့က ပြည်တွင်းပြည်ပ ကုမ္ပဏီပေါင်းများစွာရဲ့ ရှယ်ယာတွေကို ပိုင်ဆိုင်ထားပါတယ်။ တစ်ချိန်ချိန်မှာတော့ သူတို့နဲ့ တစ်နည်းနည်းနဲ့ ထိပ်တိုက်တွေ့ဖို့က ရှောင်လွှဲလို့ မရနိုင်ပါဘူး။

အဓိက ပြဿနာက အချိန်ပါပဲ။

သူတို့နဲ့ လက်တွဲဖို့ အစီအစဉ် မရှိဘူးဆိုရင်တောင်မှ အဲဒီအချိန်မတိုင်ခင် ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။

"မမ... အဆင်ပြေရဲ့လား"

တက်ဂယူ ရဲ့ စကားကြောင့် ခဏတာ မှိတ်ထားတဲ့ အစ်မအိုဟျွန်းဂျူးရဲ့ မျက်လုံးတွေ ပွင့်လာတယ်။ သူက ပုံမှန်ဆိုရင်လည်း ပင်ပန်းနေပုံပေါက်ပေမဲ့ ဒီနေ့တော့ ပိုပြီး နုံးချိနေပုံရပါတယ်။

"အဆင်ပြေရဲ့လား"

အစ်မအိုဟျွန်းဂျူး က မျက်မှန်ကို ချွတ်ပြီး မျက်လုံးတွေကို ပွတ်လိုက်တယ်။

"အလုပ်တွေ လွှဲပြောင်းယူရတာနဲ့ အသစ်တွေ သင်ယူနေရတာကြောင့် ရက်တော်တော်ကြာ အိပ်ရေးပျက်ထားလို့ပါ"

"လေယာဉ်ပေါ်မှာတောင် ခဏလောက် မအိပ်လိုက်ဘူးလား"

"ဖတ်စရာ စာရွက်စာတမ်းတွေ ရှိနေလို့လေ"

သူကတော့ တကယ့်ကို အလုပ်ကြိုးစားလွန်းတဲ့သူပါပဲ။ ကျွန်တော့်ကိုသာ အဲဒီလို လုပ်ခိုင်းရင်တော့ လုပ်နိုင်မယ် မထင်ဘူး။

တက်ဂယူ က မေးတယ်။

"အစ်မမှာ ပိုက်ဆံတွေ အများကြီး ရှိနေတာပဲ၊ ဘာလို့ ဒီလောက်အထိ အပင်ပန်းခံနေရတာလဲ"

OTK Company ရဲ့ ပိုင်ဆိုင်မှုတွေက ဆက်တိုက် တိုးပွားနေတာကြောင့် အစ်မအိုဟျွန်းဂျူး ရဲ့ ပိုင်ဆိုင်မှုကလည်း ဝမ် သိန်းပေါင်း ၁ကုဋေကျော်သွားပါပြီ။ ရုံးခွဲမန်နေဂျာရဲ့ လစာက ဘယ်လောက်ပဲ များများ၊ သူပိုင်ဆိုင်တဲ့ ပမာဏနဲ့ ယှဉ်ရင်တော့ အရွက်နဲ့ အသားလောက် ကွာခြားမှာပါ။

ဒါကို အစ်မအိုဟျွန်းဂျူး ကတော့ ထုံးစံအတိုင်းပဲ ပြန်ဖြေတယ်။

"ကိုယ်လုပ်နေတဲ့ အလုပ်ကို ကိုယ်သဘောကျလို့ပေါ့ဟာ"

ကျွန်တော်တို့ အလုပ်တွေကို ကူညီပေးနေပေမဲ့ အစ်မအိုဟျွန်းဂျူး ရဲ့ တကယ့် အရည်အချင်းက ဘဏ္ဍာရေး ပညာရှင်တစ်ယောက်ပါ။ ကမ္ဘာ့အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုဘဏ်မှာ သူ့နည်းသူ့ဟန်နဲ့ ထိပ်ဆုံးကို တက်လှမ်းချင်တာလည်း ဖြစ်နိုင်ပါတယ်။

"ဪ... ဌာနချုပ်လုပ်ဖို့ အဆောက်အဦးရော ရှာတွေ့ပြီလား"

"မတွေ့သေးဘူး"

ပိုက်ဆံက ရှိပေမဲ့ အဆောက်အဦးအလွတ် မရှိတာက ပြဿနာပါ။

ဝမ် သိန်းပေါင်း ၁ကုဋေကျော်တန်တဲ့ အဆောက်အဦးတွေကို တစ်ဦးချင်း ပိုင်ဆိုင်တာ ရှားပါတယ်။ အများစုကတော့ ကော်ပိုရေးရှင်းတွေ၊ PEF တွေ၊ SWF တွေကပဲ ပိုင်ဆိုင်ကြတာပါ။

စီးပွားရေး အကြပ်အတည်းနောက်ပိုင်း စီးပွားရေး ပြန်ဦးမော့လာတာနဲ့အမျှ ဆိုးလ်မှာတင်မကဘဲ ကမ္ဘာ့အဓိက မြို့ကြီးတွေမှာပါ စီးပွားရေး အဆောက်အဦး ဈေးနှုန်းတွေက တောက်လျှောက် တက်နေတာပါ။ ဒါကြောင့် ငွေသား အရေးတကြီး လိုအပ်နေတာမျိုး မဟုတ်ရင် ဘယ်သူမှ မရောင်းချင်ကြပါဘူး။

အစ်မအိုဟျွန်းဂျူး က ဘေးက အဆောက်အဦးကို လက်ညှိုးထိုးပြတယ်။

"ဘေးက အဆောက်အဦးကို ပြောင်းဖို့ကော ဘယ်လိုလဲ"

"ဘေးက အဆောက်အဦးဟုတ်လား"

ဒီအဆောက်အဦးရဲ့ ဘေးမှာ ပုံစံတူ အဆောက်အဦး တစ်လုံး ရှိပါသေးတယ်။ အဲဒါကလည်း Golden Gateက ပိုင်တာပါပဲ။

"စိတ်ဝင်စားရင် အဲဒါကို ရောင်းပေးလို့ ရတယ်"

ကျွန်တော် အံ့ဩသွားပြီး မေးလိုက်တယ်။

"အစ်မက ဆုံးဖြတ်လို့ ရလို့လား"

"အာရှရုံးခွဲမန်နေဂျာက ဆုံးဖြတ်တာပါ။ အဲဒီအဆောက်အဦးက သူတို့ ပိုင်ဆိုင်မှုအောက်မှာ ရှိနေတုန်းပဲလေ။ ဒီကို မလာခင်လေးတင် ကြားခဲ့တာ"

Golden Gate က ရုံးခွဲတစ်ခုချင်းစီကို လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့် ပေးထားတာပါ။ ဌာနချုပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိပေမဲ့ ရုံးခွဲမန်နေဂျာကို လုပ်ပိုင်ခွင့် အပြည့်အဝ ပေးထားတာက သူတို့ရဲ့ ထူးခြားချက်ပါပဲ။

"ဈေးက ဘယ်လောက်လဲ"

"ဝမ် သန်းပေါင်း ၅သိန်း။ စာချုပ်အသေးစိတ်ကိုတော့ ထပ်ပြီး ဆွေးနွေးရမှာပေါ့"

တက်ဂယူ က လန့်သွားတယ်။

"ဘာလို့ အဲလောက်ကြီး ဈေးကြီးရတာလဲ"

အစ်မအိုဟျွန်းဂျူး က စီးကရက်တစ်လိပ် မီးညှိလိုက်တယ်။

"ဒီနားက ပေါက်ဈေးနဲ့ ယှဉ်ရင် သိပ်မကြီးပါဘူး။ နင်က သိတဲ့သူတွေ အားလုံးကို လိမ်ဖို့ စဉ်းစားနေတာလား"

"သိတဲ့သူတွေကြားထဲက အရောင်းအဝယ်က ပိုပြီး အန္တရာယ်များတာ မဟုတ်လား"

အဲဒါလည်း မမှားပါဘူး။ ဒါကြောင့် သိတဲ့သူတွေနဲ့ ဆက်ဆံတဲ့အခါ ပိုပြီး သတိထားရတာပေါ့။

"ရောင်းရတဲ့ အကြောင်းရင်း ထူးထူးခြားခြား ရှိလို့လား"

"ကိုရီးယားရုံးခွဲ ထောင်ဖို့အတွက် ငွေသား အရေးတကြီး လိုအပ်နေလို့လေ။ ပြီးတော့ ငါတို့ရဲ့ လုပ်ဖော်ကိုင်ဖက်အပေါ် ငဲ့ညှာတဲ့ အနေနဲ့လို့ပဲ သတ်မှတ်လိုက်ပါ"

ပုံမှန် တိုက်ခန်းတွေနဲ့ မတူဘဲ အဆောက်အဦးတွေက တည်နေရာ၊ မြေကွက်အကျယ်အဝန်း၊ အထပ်အရေအတွက်၊ တည်ဆောက်ပုံနဲ့ သက်တမ်းအပေါ် မူတည်ပြီး ဈေးနှုန်းက အများကြီး ကွာခြားပါတယ်။

ဒီတည်နေရာနဲ့ အကျယ်အဝန်းဆိုရင်တော့ တကယ်ကို မဆိုးပါဘူး။

အဲဒီလို တွေးလိုက်တော့ ဝမ် သန်းပေါင်း ၅သိန်း ဆိုတာက ရုတ်တရက် ဈေးသက်သာသွားသလို ခံစားလိုက်ရတယ်။

ပိုက်ဆံသာ မရှိရင်တော့ နည်းနည်း ဝေခွဲမရ ဖြစ်နေမှာပါ။ ဒါပေမဲ့ ယူကေကိစ္စကြောင့် ကျွန်တော့်အိတ်ကပ်က တော်တော်လေး ဖောင်းနေပြီလေ။ ဒီလောက် ပိုက်ဆံနဲ့ အဆောက်အဦး ဝယ်ရတာကတော့ လွယ်ပါတယ်။

အဓိကကတော့ ဂန်နမ် မှာ ဒီလို အဆောက်အဦးမျိုး ရှာဖို့ ခက်တာပါပဲ။

လောလောဆယ် K Company မှာ ဝန်ထမ်း ၁၅ ယောက်ပဲ ရှိတာပါ။ ဝန်ထမ်းတွေ ထပ်တိုးမယ်ဆိုရင်တောင် တစ်ထပ် ဒါမှမဟုတ် နှစ်ထပ်ဆိုရင် လုံလောက်နေပါပြီ။ Golden Gate လို လူထောင်ချီ အလုပ်လုပ်မှာ မဟုတ်တဲ့အတွက် အဆောက်အဦး တစ်ခုလုံးကို သုံးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ဒါပေမဲ့ အနာဂတ်မှာ ကျွန်တော်တို့ ရှယ်ယာ ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီတွေကို ငှားစားလို့ ရသလို၊ အခု ငှားထားတဲ့သူတွေကိုပဲ ဆက်ပြီး ငှားထားလို့လည်း ရတာပဲလေ။

ကျွန်တော် သိပ်စဉ်းစားမနေဘဲ ခေါင်းညိတ်လိုက်တယ်။

"K Company နာမည်နဲ့ပဲ ဝယ်လိုက်ပါမယ်။ အစ်မပဲ အသေးစိတ်ကို ညှိနှိုင်းပေးပါ"

အစ်မအိုဟျွန်းဂျူး က ဒါကို ကြိုသိနေသလိုမျိုးပဲ ခေါင်းညိတ်ပြတယ်။

"အိုကေ။ အရင်ဆုံး အားနေတဲ့ အထပ်ကို အရင် ပြောင်းလို့ ရတယ်။ အခု ငှားထားတဲ့သူတွေကလည်း တစ်နှစ်အတွင်း စာချုပ်ကုန်မှာဆိုတော့ သူတို့ကို တဖြည်းဖြည်းချင်း ဖယ်ပေးဖို့ ပြောလိုက်လို့ ရပါတယ်"

တက်ဂယူ က အံ့ဩတကြီးနဲ့ မှတ်ချက်ပေးတယ်။

"ဒါဆို ငါတို့က အိမ်ရှင် ဖြစ်တော့မှာပေါ့။ အိမ်ရှင်ထက်တောင် အဆင့်မြင့်တဲ့သူတွေပေါ့"

"ဒါပေါ့"

ဒါက ကျွန်တော်တို့ ကုမ္ပဏီ နာမည်နဲ့ ပထမဆုံး ဝယ်လိုက်တဲ့ အဆောက်အဦး ဖြစ်သလို၊ ရုပ်ပိုင်းဆိုင်ရာ ပိုင်ဆိုင်မှုထဲမှာ ပထမဆုံး ရင်းနှီးမြှုပ်နှံမှုလည်း ဖြစ်တယ်ဆိုတာကို သတိထားမိသွားတယ်။

စဉ်းစားကြည့်ရင် ကျွန်တော်တို့က အိမ်ခြံမြေဘက်ကို သိပ်စိတ်မဝင်စားခဲ့မိဘူး။ ရှယ်ယာတွေနဲ့ ဒေါ်လာတွေက ကောင်းပေမဲ့ အိမ်ခြံမြေမှာလည်း သူ့ဆွဲဆောင်မှုနဲ့သူ ရှိတာပဲလေ။

Golden Gate အဆောက်အဦး ဘေးမှာ OTK Company အဆောက်အဦး...

ကြည့်လို့ တော်တော် ကောင်းမှာ မဟုတ်လား။

အယ်လီ က လက်ခုပ်တီးလိုက်ပြီး ပြောတယ်။

"ကောင်းလိုက်တာ။ အိမ်နီးနားချင်းတွေ ဖြစ်သွားရင် တစ်ယောက်နဲ့တစ်ယောက် ခဏခဏ တွေ့ရမှာပေါ့နော်"

အစ်မအိုဟျွန်းဂျူး က ပြတ်ပြတ်သားသားပဲ ဖြတ်ပြောလိုက်တယ်။

"ဘာတွေ ပြောနေတာလဲ။ ကိုရီးယားရုံးခွဲ မတည်ငြိမ်မချင်း တော်တော်လေး ရှုပ်နေဦးမှာနော်။ အယ်လီ... အလုပ်ကနေ စောစောပြန်ဖို့ မစဉ်းစားနဲ့၊ ငါနဲ့အတူ အလုပ်လုပ်ရမယ်"

"အီးးး"

အယ်လီ က မျက်နှာဆူသွားတော့ ကျွန်တော်တို့ အားလုံး ရယ်လိုက်ကြတယ်။

ဖိုင်နယ်စာမေးပွဲတွေ ပြီးသွားပါပြီ။

ကျွန်တော် စာသိပ်မလုပ်ဖြစ်ပေမဲ့ ရထားတဲ့ ဗဟုသုတတွေနဲ့တင် စာမေးပွဲကို ဖြေနိုင်ခဲ့ပါတယ်။ စာမေးပွဲဖြေပြီး ထွက်လာတော့ ကျောင်ဂီ နဲ့ မင်ယောင်း တို့ကို ဂျူနီယာတွေနဲ့အတူ တွေ့လိုက်ရတယ်။

ကျောင်ဂီ က ကျွန်တော့်ကို ကြည့်ပြီး မေးတယ်။

"စာမေးပွဲ ကောင်းကောင်း ဖြေနိုင်ရဲ့လား။ စီနီယာ ကီဟုမ် လာမှာကို သိလား"

"ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောထားတယ်လေ"

"၆ နာရီမှာ ကျောင်းရှေ့က ဘားမှာ တွေ့ဖို့ ချိန်းထားတယ်။ စီးပွားရေးဘာသာရပ်က ကျောင်းသားတွေလည်း လာချင်လို့ဆိုပြီး ဝိုင်းပြောနေကြတယ်"

"ဘာလို့လဲ"

"ဘာလို့ရမှာလဲ။ Brexit အကြောင်း ကြားချင်လို့ပေါ့ကွ"

"ဪ"

K Company က အရင်ကတည်းက အခြေအနေ ကောင်းနေတာပါ။ ဒါပေမဲ့ Brexit ပြီးတဲ့နောက်မှာတော့ ထိပ်တန်း ဘဏ္ဍာရေး ကုမ္ပဏီကြီးတွေနဲ့ ရင်ပေါင်တန်းနိုင်တဲ့အထိ ဖြစ်လာခဲ့တာလေ။

ကိုရီးယားမှာ ဝမ် သိန်းပေါင်း ၅ကုဋေထက်ပိုတဲ့ အရင်းအနှီး ရှိတဲ့ ဘဏ္ဍာရေး ကုမ္ပဏီ ဘယ်နှစ်ခု ရှိလို့လဲ။

ဒါတွေကြောင့်ပဲ စီနီယာတွေကြားထဲမှာ K Company ရဲ့ နာမည်က တစ်နေ့တည်းနဲ့ တက်လာခဲ့တာပါ။ လောလောဆယ်မှာတော့ နိုင်ငံခြားမှာ အလုပ်လုပ်ချင်သူတွေအတွက် Golden Gate က နံပါတ်တစ် ဖြစ်ပြီး ကိုရီးယားမှာတော့ K Company က နံပါတ်တစ် ဖြစ်နေတာပေါ့။

မင်ယောင်း က ပြောတယ်။

"ဒီနေ့ စီနီယာ ကီဟုမ်က ပိုက်ဆံတွေ အကုန်သုံးတော့မှာ။ Brexit အကြောင်း မကြားချင်ဘူးလား"

အဲဒီနေ့က ဘာတွေ ဖြစ်ခဲ့လဲဆိုတာ ကျွန်တော့်လောက် သိတဲ့သူ ရှားပါလိမ့်မယ်။ K Company ထဲက အဖြစ်အပျက်တွေကို စီနီယာ ဆန်းယော့ ဆီကနေ အကြိမ်ကြိမ် ကြားထားပြီးသားလေ။

ဒါပေမဲ့ စီနီယာ ကီဟုမ် ဆီကနေ တိုက်ရိုက် ကြားရတာကလည်း စိတ်ဝင်စားစရာ ကောင်းမှာပါ။

ကလေးတွေနဲ့ စကားပြောနေတုန်းမှာပဲ အနောက်တိုင်းဝတ်စုံအပြည့်နဲ့ အသက် ၂၀ ကျော် အရွယ် အမျိုးသားတစ်ယောက် လမ်းလျှောက်လာပါတယ်။ အဲဒါ စီနီယာ ကီဟုမ် ပါပဲ။

"ရောက်လာပြီလား။ စီနီယာ"

စီနီယာ ကီဟုမ် က ကျွန်တော့်ကို နွေးနွေးထွေးထွေး နှုတ်ဆက်တယ်။

"ကန်ဂျင်ဟူ။ မတွေ့ရတာ ကြာပြီနော်"

ကျွန်တော်လည်း ပြန်ပြီး နှုတ်ဆက်လိုက်တယ်။

"ဟုတ်ကဲ့။ စီနီယာ။ နေကောင်းရဲ့လား"

"ကောင်းတာပေါ့"

စီနီယာ ဆန်းယော့ နဲ့တော့ ကုမ္ပဏီအပြင်ဘက်မှာ သီးသန့် တွေ့ဖြစ်ပေမဲ့ စီနီယာ ကီဟုမ် ရဲ့ မျက်နှာကို မမြင်ရတာ တော်တော် ကြာနေပြီလေ။

တွေ့တာနဲ့ စီနီယာ ကီဟုမ် က ကုမ္ပဏီအကြောင်း စပြီး ကြွားတော့တာပဲ။

"ဒီတစ်ခါ ဂန်နမ် မှာ အဆောက်အဦး ဝယ်လိုက်တာ သိလား"

"တီဟီရန်ရို ပေါ်က အမွှာအဆောက်အဦး မဟုတ်လား"

ကျွန်တော်ကိုယ်တိုင် ဝယ်ထားတာဆိုတော့ မသိဘဲ နေပါ့မလား။

"အေး။ ဟုတ်တယ်။ အဲဒါက K Company ရဲ့ ဌာနချုပ် ဖြစ်လာမှာ။ စီအီးအို က ငါ့ကို အတူတူ အလုပ်လုပ်ဖို့ ခေါ်ခဲ့တာလေ။ သူက ပြောတယ်... နှစ်အနည်းငယ်အတွင်း တီဟီရန်ရို ပေါ်မှာ အဆောက်အဦး ဝယ်ပြီး ပြောင်းမယ်တဲ့။ အဲဒီ အိပ်မက်က တစ်နှစ်ခွဲအတွင်းမှာတင် တကယ် ဖြစ်လာတာပဲ"

မင်ယောင်း နဲ့ ကျောင်ဂီ က ပြောတယ်။

"သတင်းထဲမှာ တွေ့လိုက်တယ်။ Golden Gate ဆီကနေ ဝယ်လိုက်တာ မဟုတ်လား"

"ဈေးမကြီးဘူးလား"

"ငါတို့ ရှာထားတဲ့ ပိုက်ဆံတွေနဲ့ ယှဉ်ရင်တော့ အဲဒါက ဘာမှ မဟုတ်ပါဘူးကွာ။ ဒါကြောင့် ချေးငွေလည်း မယူဘဲ ငွေသားနဲ့တင် အပိုင် ဝယ်လိုက်တာ"

"ကြားတဲ့သူတွေဆိုရင် စီနီယာကိုယ်တိုင် ဝယ်လိုက်တယ်လို့ ထင်ကုန်တော့မှာပဲ"

စီနီယာ ကီဟုမ် က ကျွန်တော့်ပုခုံးကို ဖက်ပြီး ပြောတယ်။

"ဂျင်ဟူ... မင်းလည်း မြန်မြန် ဘွဲ့ယူပြီး ငါ့လက်အောက်ကို လာခဲ့ပါဦး"

"ကျွန်တော်လား"

"အလုပ်သင်မှာ ဘာမှ ပူမနေနဲ့။ စီနီယာ ရှိနေတာပဲလေ။ အစကနေ အဆုံးထိ အကုန် သင်ပေးမယ်။ ငါ့ဆီမှာ သင်ယူရင် အလုပ်မှာ ချက်ချင်း အသားကျသွားမှာပါ"

ကျွန်တော် ပြုံးပြီး ပြောလိုက်တယ်။

"စီနီယာလို လူမျိုး ရှိနေတော့ ကျွန်တော် တော်တော် စိတ်ချရပါပြီ"

ဒါက ကျွန်တော့်ရဲ့ စိတ်ရင်းပါ။

ဒီလို သစ္စာရှိတဲ့ ဝန်ထမ်းမျိုးကို တွေ့ရတာ အထက်လူကြီး တစ်ယောက်အနေနဲ့ တကယ်ကို ဂုဏ်ယူမိပါတယ်။ သူ့ကို လစာတိုးပေးချင်စိတ်တောင် ပေါက်လာတယ်လေ။

စီနီယာ ကီဟုမ် က ကုမ္ပဏီအကြောင်း ကြွားနေတုန်းမှာပဲ ကျောင်းသား တစ်အုပ်စု ကျွန်တော်တို့နားကို ရောက်လာကြတယ်။

"စီနီယာ ဂျုံကီဟုမ် လားခင်ဗျာ"

"ဟုတ်ပါတယ်၊ မင်းတို့က ဘယ်သူတွေလဲ..."

အဲဒီအချိန်မှာ ကျောင်းသားတစ်ယောက်က ဦးညွှတ်ပြီး ပြောတယ်။

"နေကောင်းလား။ စီနီယာ။ ကျွန်တော်တို့က သင်္ချာဌာနက ဂျူနီယာတွေပါ။ စီနီယာနောက်ကို လိုက်ခဲ့လို့ ရမလား။ ကျွန်တော်တို့ သင်္ချာဌာနက စီနီယာ ပတ်ဆန်းယော့ ရဲ့ အောင်မြင်မှုတွေအကြောင်း ကြားချင်လို့ပါ"

"ရတာပေါ့။ မင်းတို့က ဂျူနီယာတွေပဲလေ။ စီးပွားရေးဌာနနဲ့ သင်္ချာဌာနဆိုတာ မိသားစု တစ်ခုထဲလိုပဲ မဟုတ်လား"

ဘယ်တုန်းကတည်းက မိသားစုတစ်ခုထဲလိုဖြစ်သွားရတာလဲ။

စီးပွားရေးက ဝိဇ္ဇာဘာသာရပ်ဖြစ်ပြီး သင်္ချာက သိပ္ပံဘာသာရပ် မဟုတ်ဘူးလားဟ။

စီနီယာ ကီဟုမ် က သဘောကောင်းစွာနဲ့ပဲ အော်ပြောလိုက်တယ်။

"ဒီနေ့ အကုန်လုံးအတွက် ငါပဲ ရှင်းမှာဆိုတော့ သင်္ချာဌာနက ကျောင်းသားတွေကိုလည်း ခေါ်လိုက်ကြ"

ဒါကို ကြားတော့ သင်္ချာဌာနက ကျောင်းသားတွေက အံ့ဩသွားကြတယ်။

"ကျေးဇူးတင်ပါတယ်။ စီနီယာ"

ဒီမှာတင် ကျောင်းသားတွေက ဒါဇင်နဲ့ချီ ရှိနေတာပါ။ နောက်မှ ဘားကို လိုက်လာမယ့်သူတွေပါဆိုရင် လူတစ်ရာကျော်မှာ မဟုတ်လား။

ဒီစီနီယာက အမြဲတမ်း ဒီလောက် သဘောကောင်းနေတာလား။

"အရက်ဖိုးက နည်းမှာ မဟုတ်ဘူးနော်"

ကျွန်တော့်စကားကို စီနီယာ ကီဟုမ် က ယုံကြည်မှုအပြည့်နဲ့ အိတ်ကပ်ထဲက ကတ်တစ်ခု ထုတ်ပြတယ်။

"စိတ်မပူပါနဲ့။ ဂျူနီယာတွေနဲ့ တွေ့တဲ့အခါ သုံးဖို့ဆိုပြီး ကိုယ်စားလှယ်က ဒီကတ်ကို ပေးထားတာကွ။ ဒါက K Company ရဲ့ ကုမ္ပဏီသုံး ကတ် (Corporate Card) လေ"

"ဝိုးးး"

ဝမ်းသာအားရ အော်ဟစ်နေကြတဲ့ လူအုပ်ကြီးနဲ့ မတူဘဲ ကျွန်တော်ကတော့ အတွင်းစိတ်မှာ လန့်သွားမိတယ်။

ကုမ္ပဏီသုံး ကတ်ဆိုတာက ကျွန်တော့်ပိုက်ဆံကို သုံးနေတာနဲ့ အတူတူပဲ မဟုတ်လား။

အဲဒါကြောင့် သူက ဒီလောက်အထိ အော်ပါပြောနေခဲ့တာကိုး။ ရုတ်တရက် လစာတိုးပေးချင်တဲ့ စိတ်တွေပါ ပျောက်သွားတော့တာပဲ။

"ကဲ…. သွားကြစို့ ကောင်လေးတို့"

စီနီယာ ကီဟုမ် က ရှေ့ကနေ ဦးဆောင်သွားပြီး တခြားသူတွေကလည်း စိတ်အားထက်သန်စွာနဲ့ နောက်ကနေ လိုက်သွားကြတယ်။

"နင် မလာဘူးလား"

လှည့်ကြည့်လိုက်တော့ ယွန်ဆွန်းအာ က အဲဒီမှာ ရပ်နေပါတယ်။

ယွန်ဆွန်းအာက သူ့ရဲ့ ကိုယ်လုံးအလှကို ပေါ်လွင်စေတဲ့ ဂျင်းဘောင်းဘီအကျပ်၊ ဖိနပ်အမြင့်၊ တီရှပ်အဖြူရိုးရိုးလေးကို ဝတ်ထားပြီး ဆံပင်အရှည်ကိုလည်း စည်းထားပါတယ်။ သူ့ရဲ့ လည်ပင်းနဲ့ ညှပ်ရိုးအလှကလည်း ပေါ်လွင်နေတာပါ။

စာမေးပွဲအတွက် ပြင်ဆင်မထားဘူးဆိုရင်တောင်မှ သူက လမ်းသွားလမ်းလာ အမျိုးသားတွေ လှည့်ကြည့်ရလောက်တဲ့အထိ ဆွဲဆောင်မှု ရှိနေတုန်းပါပဲ။

သူ့ကို မြင်တိုင်း ကျွန်တော် တွေးမိတာကတော့ 'သူ တကယ် လှတာပဲ' ဆိုတာပါပဲ။

ကျွန်တော်တို့ အရင်က တွဲခဲ့ကြဖူးတယ်ဆိုတာက တကယ်ကို အံ့ဩစရာပါ။

"စာမေးပွဲ ပြီးပြီလား"

"အင်း။ စောနကတင် ပြီးတာ"

"နောက်ဆုံးတော့ အားလပ်ရက် ရပြီပေါ့လေ"

"အင်း"

စကားဝိုင်းက အဓိပ္ပာယ်မရှိဘဲ ဆက်သွားနေတယ်။

ယွန်ဆွန်းအာ က စီနီယာ ကီဟုမ် ကို တစ်ချက်ကြည့်ပြီး ကျွန်တော့်ဘက်ကို လှည့်လာတယ်။

"စီနီယာ ကီဟုမ် ရှိတဲ့ အဲဒီပွဲမှာ ငါတို့ တွေ့ခဲ့ကြတာ မှတ်မိလား"

"ဘာလို့မေးတာလဲ"

မှတ်မိတာပေါ့။ ကျွန်တော်တို့ လမ်းခွဲပြီးနောက်ပိုင်း ပထမဆုံး ပြန်တွေ့တဲ့ပွဲလေ။

တည်ငြိမ်တဲ့ အသံနဲ့ ယွန်ဆွန်းအာ က မေးတယ်။

"အဲဒီနောက်ပိုင်း ဘာတွေ ဖြစ်ခဲ့တာလဲ"

"ဟမ်"

တွဲတုန်းကတော့ ကျွန်တော် ဘာမှ မပြောပြခဲ့ပေမဲ့ ယွန်ဆွန်းအာ က လူကဲခတ် တော်ပါတယ်။ တခြားသူတွေ သတိမထားမိတဲ့ အသေးအမွှားလေးတွေကိုတောင် သူက အလွယ်တကူ သိနိုင်တယ်။ အဲဒါက ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်တာထက် ပင်ကိုသိစိတ်ကြောင့်လို့ ပြောလို့ ရပါတယ်။

ယွန်ဆွန်းအာ က ထပ်မေးတယ်။

"နင် ဘာတွေ ဖုံးကွယ်ထားတာလဲ"

ကျွန်တော်က အဖြေပေးမယ့်အစား ပြန်မေးလိုက်တယ်။

"ဘာလို့ စိတ်ဝင်စားနေတာလဲ။ ငါ့မှာ ဘာပဲ ဖြစ်နေဖြစ်နေ၊ ဘာတွေပဲ ဖုံးကွယ်ထားထား အဲဒါက နင်နဲ့ မဆိုင်တော့ဘူး မဟုတ်လား"

ကျွန်တော့်စကားကြောင့် သူ့ရဲ့ မျက်နှာက ပျက်သွားပါတယ်။

"နင်..."

ယွန်ဆွန်းအာ တစ်ခုခု ပြောဖို့ ပြင်နေတုန်းမှာပဲ တခြားသူရဲ့ အသံက ကြားဖြတ်ဝင်လာတယ်။

"စီနီယာ ဂျင်ဟူ"

လှည့်ကြည့်လိုက်တော့ ရှင်ယူရီ က လက်လှမ်းပြနေပါတယ်။

ရှင်ယူရီ က ကျွန်တော်တို့နားကို ချက်ချင်း ရောက်လာပြီး ပြုံးပြီး ပြောတယ်။

"စာမေးပွဲ ကောင်းကောင်း ဖြေနိုင်ရဲ့လား။ ပြီးသွားတော့ တကယ်ကို စိတ်ပေါ့သွားတာပဲ။ အရေးကြီးတဲ့ ကိစ္စ မရှိဘူးဆိုရင် စီနီယာဂျင်ဟူကို... ကျွန်မ ခဏလောက် ငှားလို့ ရမလား"

စကားဝိုင်းက ပျက်သွားပါပြီ။

ယွန်ဆွန်းအာ က ခေါင်းညိတ်ပြတယ်။

"နောက်မှပဲ စကားပြောကြတာပေါ့"

ကျွန်တော်လည်း မတတ်သာသလို ဟန်ဆောင်ပြီး ရှင်ယူရီ ရဲ့ လက်ကို ကိုင်ကာ လိုက်သွားလိုက်တယ်။ ကျွန်တော် အခက်တွေ့နေတာကို သိလို့ သူ တမင် ရောက်လာတာလား။

အဲဒီလို တွေးနေတုန်းမှာပဲ ရှင်ယူရီ က ချက်ချင်း မေးလိုက်တယ်။

"ဒီနေ့ကစပြီး အားလပ်ရက်ရပြီဆိုတော့ စီနီယာ ဘာလုပ်ဖို့ ရှိလဲ။ အစီအစဉ် တစ်ခုခု ရှိလား"

ကျွန်တော် ခေါင်းညိတ်လိုက်တယ်။

"အင်း။ သူငယ်ချင်းတစ်ယောက်နဲ့ အပျော်ခရီး သွားဖို့ ရှိတယ်"

ရှင်ယူရီ က လက်ပိုက်ပြီး မျက်မှောင်ကြုတ်ကြည့်တယ်။

"ဘာ။ အဲဒါ တကယ်လား"

"အင်း"

အမေရိကားကို သွားမှာကတော့ အမှန်ပါပဲ။

ဒါပေမဲ့ အပျော်သွားတာတော့ မဟုတ်ဘူးပေါ့။

ဂိုဂျွန်ဟျွန်း က စာသင်ခန်း ပြတင်းပေါက်ကနေ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် စကားပြောနေတာကို စောင့်ကြည့်နေပါတယ်။ ရုတ်တရက် သူတို့တွေ ကျောင်းမှာ မမျှော်လင့်ဘဲ ဆုံခဲ့ကြတာကို သတိရသွားမိတယ်။

အဲဒီအချိန်ကစပြီး တစ်ခုခု ထူးဆန်းနေတယ်လို့ ခံစားခဲ့ရပေမဲ့ သိပ်ပြီး အာရုံမစိုက်မိခဲ့ပါဘူး။ ဒါပေမဲ့ သတိထားစရာ ကိစ္စတွေက ဆက်တိုက် ဖြစ်လာခဲ့တာလေ။

စစ်မှုမထမ်းခင်က မိသားစု စီးပွားရေး ပျက်ခဲ့တဲ့ အဲဒီကောင်က အခုတော့ ဂန်နမ် က အိမ်တစ်လုံးမှာ သူငယ်ချင်းတွေနဲ့အတူ နေနေပြီး Porsche Panamera တစ်စီးကို စီးနေတယ်။ ကျောင်းပြန်တက်တဲ့ ပါတီပွဲတုန်းကလည်း Master Chicken စီအီးအို ရဲ့ သားနဲ့ ပြိုင်ပြီး ဒေါ်လာ ၅ သန်းကို ဝိုင်းပေါ်မှာ သဘောကောင်းစွာနဲ့ တင်နိုင်ခဲ့တယ်။ နောက်ပိုင်းမှာတော့ သူက အခု K Company ရဲ့ စီအီးအို ဖြစ်နေတဲ့ စီနီယာ တစ်ယောက်ရဲ့ အကူအညီကို ရခဲ့တယ်လို့ ဂိုဂျွန်ဟျွန်း ကြားခဲ့ရတယ်။

"ဂျူနီယာနဲ့ ခင်လို့ ကူညီပေးတယ်ဆိုတာကို လမ်းဘေးက ခွေးတောင် ရယ်လိမ့်မယ်"

ဘဏ်ကနေ ဒေါ်လာ ၅ သန်း ထုတ်ဖို့ဆိုတာ ချေဘော (မိသားစုကြီး)တွေအတွက်တောင် မလွယ်တဲ့ ကိစ္စပါ။ သူတို့ကြားမှာ တစ်ခုခု ရှိနေတာကတော့ သေချာပါတယ်။

အစပိုင်းမှာ K Company က Startup တွေကို ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီအဖြစ် စတင်ခဲ့တာပါ။ ပတ်ဆန်းယော့ က ထူးခြားတဲ့ ရင်းနှီးမြှုပ်နှံမှု ပင်ကိုသိစိတ် ရှိပြီး Derivative products ဈေးကွက်မှာ ပိုက်ဆံအများကြီး ရှာနိုင်ခဲ့သလို Brexit တုန်းကလည်း ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှု အားလုံးကို ပုံအောပြီး အောင်မြင်ခဲ့တာလေ။

ဒါပေမဲ့ သူ နားမလည်နိုင်တဲ့ အချက် တစ်ခု ရှိနေတုန်းပါပဲ။

"ကုမ္ပဏီကြီးတွေကို အကြွေးတင်ပြီး ကျောင်းက ထွက်သွားတဲ့သူက ဘယ်လိုလုပ်ပြီး ရင်းနှီးမြှုပ်နှံဖို့ ပိုက်ဆံတွေ ရလာတာလဲ"

ပြည်တွင်း ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီတွေကနေတစ်ဆင့် အရောင်းအဝယ် လုပ်ခဲ့ရင်တော့ အဆက်အသွယ်တွေကနေတစ်ဆင့် သတင်းအချက်အလက် ရနိုင်ပါတယ်။ ဒါပေမဲ့ K Company က ဖောက်သည် သတင်းအချက်အလက်ကို အရမ်း လျှို့ဝှက်ထားတဲ့ Golden Gate ကနေတစ်ဆင့်ပဲ အရောင်းအဝယ် လုပ်ခဲ့တာပါ။

သူငယ်ချင်းတစ်ယောက်ရဲ့ အစ်မက Golden Gate အာရှရုံးခွဲရဲ့ အကြီးအကဲ ဖြစ်လာပြီး နောက်ပိုင်းမှာ ကိုရီးယားရုံးခွဲမန်နေဂျာ ဖြစ်လာတယ်။ အဲဒီအချိန်မှာပဲ အသင်းက စီနီယာက K Company ကို ကုမ္ပဏီကြီးတစ်ခု ဖြစ်အောင် လုပ်နိုင်ခဲ့တယ်။ K Company က Golden Gate ကနေတစ်ဆင့် အရောင်းအဝယ် လုပ်ခဲ့ပြီး မကြာခင်ကတင် Golden Gate ပိုင်တဲ့ အဆောက်အဦးကို ဝယ်လိုက်သေးတယ်။

'ကန်ဂျင်ဟူ၊ ပတ်ဆန်းယော့၊ အိုတက်ဂယူ၊ အိုဟျွန်းဂျူး၊ K Company၊ Golden Gate...'

ဒီလောက်ပဲ ကြည့်ရင်တောင်မှ ထူးဆန်းတာတွေ အများကြီး ရှိနေပါတယ်။ အဆိုးဆုံးကတော့ ယွန်ဆွန်းအာ က အဲဒီကောင်ကို ထပ်ပြီး စိတ်ဝင်စားနေတာပါပဲ။

ဂိုဂျွန်ဟျွန်း တစ်နေရာရာကို ဖုန်းဆက်လိုက်တယ်။

"ကျွန်တော် ပြောထားတဲ့ လူအကြောင်းကို ထပ်ပြီး စုံစမ်းပေးလို့ ရမလား"

အခန်း (၇၀)

ကျွန်တော်တို့ အမေရိကန်ပြည်ထောင်စုကို သွားမယ့် လေယာဉ်ပေါ် တက်ခဲ့ကြတယ်။ ကျွန်တော်တို့ သွားမယ့်နေရာကတော့ Silicon Valley ပါပဲ။

ပိုက်ဆံသာ မရှိရင်တော့ လေယာဉ်တွေဆင့်စီးရမယ့် ကျဉ်းကျပ်လှတဲ့ Economy ထိုင်ခုံတွေကိုပဲ ရွေးချယ်ခဲ့ကြမှာပါ။ ဒါပေမဲ့ အခုတော့ အခြေအနေပေးနေပြီဖြစ်လို့ တိုက်ရိုက်ပျံသန်းမယ့် First-class လက်မှတ်တွေကိုပဲ ဖြတ်ခဲ့ကြတယ်။

ထိုင်ခုံမှာ နေရာယူပြီး အထုတ်အပိုးတွေကို နေရာချလိုက်တယ်။

"ရောက်ဖို့ ဘယ်လောက်ကြာဦးမလဲ"

"၁၀ နာရီခွဲလောက် ကြာမယ်"

"ဒါဆို ငါတော့ အိပ်လိုက်တော့မယ်"

တက်ဂယူ က ညအိပ်ဝတ်စုံလဲပြီး ထိုင်ခုံကို အိပ်စင်ဖြစ်အောင် အဆုံးထိ လှဲချလိုက်ကာ မျက်လုံးမှိတ်လိုက်တယ်။

ကျွန်တော်ကတော့ လေယာဉ်မယ် လာချပေးတဲ့ ဝိုင်ကို တစ်ငုံချင်းသောက်ရင်း အနာဂတ် အစီအစဉ်တွေကို စဉ်းစားနေမိတယ်။ ကျွန်တော် ရင်းနှီးမြှုပ်နှံမှုတွေ စလုပ်တုန်းက ဒီလောက်အထိ ရောက်လာလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။

အရင်းရှင် လူ့အဖွဲ့အစည်းမှာ ပိုက်ဆံဆိုတာ အာဏာပါပဲ။ ချမ်းသာကြွယ်ဝမှု တိုးလာလေလေ၊ ဩဇာအာဏာကလည်း ကြီးမားလာလေလေပါပဲ။

ကြောင်တစ်ကောင်က လွတ်လွတ်လပ်လပ် ဆော့ကစားနေရင် ဘယ်သူမှ ဂရုစိုက်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီကြောင်က ကျားတစ်ကောင်လောက်အထိ ကြီးမားလာရင်ကော ဘာဖြစ်မလဲ။

ဒါက အခု ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ အခြေအနေပါ။

ကျွန်တော်တို့ရဲ့ အစောပိုင်း ပိုင်ဆိုင်မှု ဒေါ်လာ ၁၀ သန်းကနေ အခုဆိုရင် သန်းထောင်ပေါင်းများစွာအထိ တိုးပွားလာခဲ့ပြီး ကမ္ဘာကျော် (ဒါမှမဟုတ် နာမည်ဆိုးနဲ့ကျော်ကြားတဲ့) သူတွေ ဖြစ်လာခဲ့ပါပြီ။

တစ်ပါးသူအပေါ် လွှမ်းမိုးဖို့ ရည်ရွယ်ချက် မရှိရင်တောင်မှ အင်အားကြီးမားလာတဲ့သူတွေကို ကြိုးဆွဲထိန်းချုပ်ချင်ကြတာက လူတွေရဲ့ သဘာဝပဲလေ။

နိုင်ငံရေးမှာပဲဖြစ်ဖြစ်၊ စီးပွားရေးမှာပဲဖြစ်ဖြစ် သူတို့က ကျွန်တော်တို့ကို တစ်နည်းနည်းနဲ့ ထိန်းချုပ်ဖို့ ကြိုးစားကြပါလိမ့်မယ်။

ဒါဆို ကျွန်တော်တို့က သူတို့ ပေးတဲ့ ကြိုးကို လည်ပင်းမှာ အသာတကြည် စွပ်ခံပြီး သူတို့ ဝိုင်းထဲကို ဝင်သွားသင့်သလား။

L6 ကိစ္စပြီးတုန်းက ကျွန်တော် တက်ဂယူ ကို 'အဆုံးထိ အတူတူ သွားကြမယ်' လို့ ပြောခဲ့တာက အလကား ပြောခဲ့တာ မဟုတ်ပါဘူး။ အခုမှ ရပ်တန့်တော့မယ်ဆိုရင် အစကတည်းက စတင်ခဲ့မှာ မဟုတ်ဘူးလေ။

လည်ပင်းမှာ ကြိုးစွပ်ပြီး အဆွဲခံနေရတာမျိုး မဖြစ်အောင် အခုကစပြီး ကျွန်တော်တို့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချဖို့ လိုပါတယ်။

ကျွန်တော်တို့ရဲ့ လက်နက်တွေကတော့ အကောင့်ထဲက ငွေသားတွေနဲ့ ကျွန်တော်တို့ ရှယ်ယာ ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီတွေပါပဲ။ ကျွန်တော့်ရဲ့ အမြင်သာ မှန်ကန်ခဲ့ရင် အဲဒီကုမ္ပဏီတွေက ဒေါ်လာ သန်းထောင်ချီတန်တဲ့ လုပ်ငန်းကြီးတွေ ဖြစ်လာမှာပါ။

ပြီးတော့ ကျွန်တော်တို့ကို ကူညီပေးနိုင်မယ့် မဟာမိတ်အဖြစ် Golden Gate ရှိနေပါတယ်။

ကမ္ဘာ့အကြီးဆုံး ရင်းနှီးမြှုပ်နှံမှုဘဏ် ဖြစ်တဲ့အတိုင်း Golden Gateဟာ အမေရိကန် နိုင်ငံရေးနဲ့ စီးပွားရေးလောကမှာ အမြစ်တွယ်နေပြီး အမျိုးမျိုးသော ပူးပေါင်းကြံစည်မှုတွေကြားထဲကနေ အထိအခိုက်မရှိ လွတ်မြောက်လာခဲ့တာပါ။ သူတို့က ကိုရီးယားမှာတောင်မှ လျှော့တွက်လို့မရတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

ဒါပေမဲ့ သူတို့က လိုအပ်ချက်အရ ပေါင်းရတဲ့ မဟာမိတ်တွေသာ ဖြစ်ပါတယ်။ အစ်မ ဟျွန်းဂျူး လိုမျိုး ဆက်သွယ်မှု ရှိနေပေမဲ့ တစ်ခုခု ဖြစ်လာရင် သူတို့ဘက်က အရှုံးခံပြီး ကျွန်တော်တို့ကို ကူညီမလားဆိုတာကတော့ မသေချာသေးပါဘူး။

စီးပွားရေးအရ မဟာမိတ်ဖွဲ့တာက အမြဲတမ်းတော့ မဆိုးဘူးလေ။ တစ်ခါတလေမှာ အကျိုးအမြတ်အပေါ် အခြေခံပြီး တည်ဆောက်ထားတဲ့ ဆက်ဆံရေးက ခိုင်မာမှု မရှိတဲ့ သစ္စာတရားထက် ပိုပြီး ယုံကြည်ရတတ်ပါတယ်။

နှစ်ဦးနှစ်ဖက် အကျိုးရှိနေသရွေ့တော့ တစ်ယောက်ကို တစ်ယောက် သစ္စာဖောက်မှာ မဟုတ်ပါဘူး။

ခေါင်းထဲက ရှုပ်ထွေးနေတဲ့ အတွေးတွေကို ရှင်းထုတ်နေတုန်းမှာပဲ ကြီးမားလှတဲ့ ကုန်းမြေကြီးက ပေါ်လာပါတယ်။

လေယာဉ်က ဆန်ဖရန်စစ္စကို လေဆိပ်ရဲ့ ပြေးလမ်းပေါ်ကို ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့တယ်။ အိပ်နေတဲ့ တက်ဂယူ ကို ကျွန်တော် နှိုးလိုက်တယ်။

"ထတော့"

"ရောက်ပြီလား"

"အေး"

ပြတင်းပေါက်အပြင်ဘက်က ရာသီဥတုက သာယာနေပါတယ်။ ကျွန်တော်တို့ ထွက်ခွာလာတုန်းက မွန်းလွဲပိုင်း ဖြစ်ပေမဲ့ ရောက်တဲ့အချိန်မှာတော့ မနက်ခင်း ဖြစ်နေပြီလေ။

အဝတ်အစားလဲပြီး လေယာဉ်ပေါ်က ဆင်းခဲ့ကြတယ်။ ဥရောပမှာ မကြာသေးခင်က အကြမ်းဖက်မှုတွေနဲ့ တရားမဝင် လူဝင်မှုကြီးကြပ်ရေး ပြဿနာတွေ ကြုံနေရတာကြောင့်လားမသိဘူး၊ အမေရိကန်ရဲ့ လူဝင်မှုကြီးကြပ်ရေး စစ်ဆေးမှုတွေကလည်း တင်းကျပ်နေပါတယ်။

စစ်ဆေးမှုတွေပြီးလို့ အထုတ်အပိုးတွေ ယူပြီး ထွက်လာတော့ အနက်ရောင် အနောက်တိုင်း ဝတ်စုံဝတ်ထားတဲ့ အမျိုးသားတစ်ယောက်က ကျွန်တော်တို့ နာမည်ရေးထားတဲ့ ဆိုင်းဘုတ်ကို ကိုင်ပြီး စောင့်နေပါတယ်။

သူက ကျွန်တော့်အရွယ်လောက်ပဲ ရှိဦးမယ့် လူငယ်တစ်ယောက်ဖြစ်ပြီး အရပ်ရှည်ရှည်နဲ့ ရုပ်ဖြောင့်တဲ့သူပါ။

မထွက်ခွာခင် ရက်ပိုင်းအလိုက ချေ့ ဆောက်ဝဲ နဲ့ ပြောခဲ့တဲ့ စကားကို သတိရသွားမိတယ်။

"မင်း အမေရိကန်ကို သွားမယ်လို့ ကြားတယ်။ အဆင်ပြေမယ်ဆိုရင် ငါတို့ဘက်က လုံခြုံရေးနဲ့ လမ်းပြပေးချင်ပါတယ်"

ငြင်းစရာ အကြောင်းမရှိတာနဲ့ ကျွန်တော် လက်ခံခဲ့တာပါ။

အဲဒီလူငယ်က လက်ကမ်းနှုတ်ဆက်တယ်။

"လာရောက်တာ ကျေးဇူးတင်ပါတယ်။ ကျွန်တော်က ဟင်နရီ ပါ။ စောင့်ရှောက်ပေးရတာ ဂုဏ်ယူပါတယ်"

"တွေ့ရတာ ဝမ်းသာပါတယ်။ ကန်ဂျင်ဟူ ပါ"

"ကျွန်တော်က တက်ဂယူ ပါ။ ကူညီပေးပါဦး"

သူ့နောက်ကနေ လေဆိပ်အပြင်ဘက်ကို ထွက်လာတော့ ကယ်လီဖိုးနီးယားရဲ့ နူးညံ့တဲ့ နေရောင်ခြည်က ဖြာကျနေပါတယ်။ ရာသီဥတုကို ကြည့်လိုက်ရုံနဲ့တင် လူတိုင်းက ဘာလို့ ဒီမှာ နေချင်ကြတာလဲဆိုတာ နားလည်သွားပါတယ်။

ရှေ့မှာ လင်မိုဇင်း ကားတစ်စီးက စောင့်နေပြီး အစောင့်လို့ ထင်ရတဲ့ အမျိုးသား နှစ်ယောက်က ကားရှေ့မှာ ရပ်နေကြတယ်။ သူတို့ထဲက တစ်ယောက်က နားကြပ် တပ်ထားတယ်။ သေချာကြည့်လိုက်တော့ ဝတ်စုံအိတ်ကပ်ထဲက ဖောင်းနေတာက သေနတ်နဲ့ တူနေပါတယ်။

သေနတ်လား။

အမေရိကန်မှာက လက်နက်ကိုင်ဆောင်တာက တရားဝင်တာကြောင့် လုံခြုံရေးတွေ သေနတ်ကိုင်တာက ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။

ကျွန်တော်တို့ နောက်ခန်းမှာ နေရာယူလိုက်ကြတယ်။

"Palo Alto ကို မောင်းပေးပါ"

Silicon Valley ဆိုတာ တကယ်ကို ကြီးမားတဲ့ မြို့ကြီးတစ်မြို့ပါ။

ကျွန်တော်တို့ Palo Alto မှာ ရှိတဲ့ အဆောက်အဦးတစ်ခုကို ရောက်လာခဲ့တယ်။ ဒီနေရာက CarOS ရဲ့ ဌာနချုပ်နဲ့ သုတေသန စင်တာ ရှိတဲ့ နေရာပေါ့။

တက်ဂယူ က ကုမ္ပဏီကို ကြည့်ပြီး အထင်ကြီးနေပါတယ်။

"ဝိုး"

အကောင့်ထဲမှာ ငွေသားတွေ ရှိနေရုံတင်မကဘဲ ဒီလို ကုမ္ပဏီမျိုးတွေကိုပါ ပိုင်ဆိုင်ထားတာလေ။

ကျွန်တော်တို့ ရောက်လာတော့ စီအီးအို ဒါရီလ် ဆီဂန် က အဆောက်အဦး အဝင်ဝအထိ ထွက်ကြိုတယ်။ ပထမဆုံး တွေ့တုန်းကလိုပဲ သူက ဂျင်းဘောင်းဘီ၊ တီရှပ်နဲ့ အားကစားဖိနပ် ကိုပဲ ပေါ့ပေါ့ပါးပါး ဝတ်ထားတုန်းပါပဲ။

ဒါရီလ် က နွေးနွေးထွေးထွေး ကြိုဆိုတယ်။

"ကြိုဆိုပါတယ်"

"မတွေ့တာ ကြာပြီနော်"

သူက ကျွန်တော်က OTK Company ရဲ့ စီအီးအို ဆိုတာကို သိတဲ့ လူအနည်းစုထဲက တစ်ယောက်ပါ။

"နောက်ဆုံးတွေ့ပြီးကတည်းက ခင်ဗျားတို့ ကိစ္စကြီးတွေ လုပ်နေတာပဲ။ သတင်းဖတ်ပြီး ကျွန်တော် အံ့ဩသွားတယ်"

ဒါက Brexit အကြောင်း ပြောနေတာ သေချာပါတယ်။

ကျွန်တော် ရယ်လိုက်တယ်။

"ကျွန်တော် ကံကောင်းသွားတာပါ"

"ကုမ္ပဏီ ပိုင်ရှင် မပြောင်းသွားတာ တကယ်ကို ဝမ်းသာပါတယ်"

"ကျွန်တော်တို့က ပိုက်ဆံပဲ ရင်းနှီးမြှုပ်နှံထားတာပါ။ ဘာမှ မလုပ်ပါဘူး"

ကျွန်တော့်စကားကြောင့် ဒါရီလ် က ခပ်တိုးတိုး ရယ်တယ်။

"ဘာမှ မလုပ်ပေးတဲ့အတွက်ကြောင့်ပဲ ကုမ္ပဏီက ကြီးထွားလာနိုင်တာပါ။ မလိုအပ်ဘဲ ဝင်ရောက်စွက်ဖက်မှုတွေကြောင့် ရုန်းကန်နေရတဲ့ အချိန်တွေနဲ့ ယှဉ်ရင် အခုက အကောင်းဆုံး ပတ်ဝန်းကျင်ကို ရောက်နေတာလေ"

တကယ်တော့ ပိုက်ဆံ ရင်းနှီးမြှုပ်နှံထားပြီး စီမံခန့်ခွဲမှုမှာ ဝင်မပါဖို့ဆိုတာ မလွယ်ပါဘူး။

ဒါပေမဲ့ ကျွန်တော်တို့က စီမံခန့်ခွဲမှုနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ဘာမှ မတို့ထိခဲ့ပါဘူး။ ကောင်းကောင်း လုပ်နေတဲ့ ကုမ္ပဏီတွေက ဆက်ပြီး ကောင်းနေမှာ ဖြစ်သလို ကျရှုံးမယ့် ကုမ္ပဏီတွေကတော့ ဘာပဲလုပ်လုပ် ကျရှုံးမှာပဲလို့ ကျွန်တော်တို့ ယုံကြည်ထားလို့ပါ။

ဒါရီလ် ရဲ့ လမ်းညွှန်မှုနဲ့ ကုမ္ပဏီကို လှည့်ပတ်ကြည့်ရှုခဲ့ကြတယ်။ Startup အနေနဲ့ စတင်ခဲ့တာကြောင့်လားမသိဘူး။ ကုမ္ပဏီရဲ့ ယဉ်ကျေးမှုက ပေါ့ပေါ့ပါးပါး ရှိလှပါတယ်။ စီအီးအို လမ်းလျှောက်လာတာတောင် ဝန်ထမ်းတွေက သိပ်ဂရုမစိုက်ဘဲ သူတို့ အလုပ် သူတို့ ဆက်လုပ်နေကြတယ်။

သုတေသနခန်းထဲမှာ ကွန်ပျူတာတွေက အဆက်မပြတ် အလုပ်လုပ်နေတယ်။ မျက်နှာပြင် ဒါဇင်ပေါင်းများစွာမှာ လမ်းပေါ်က အခြေအနေ အမျိုးမျိုးကို ပြသနေပါတယ်။

"အဲဒါ ဘာလဲ"

"အလိုအလျောက် မောင်းနှင်စနစ် ပါ။ သင်ယူနိုင်စွမ်း မြင့်မားလာအောင် Simulation တွေကို သုံးနေတာလေ"

ဒါရီလ် ရဲ့ အဆိုအရ သူတို့ဟာ မိုင်ပေါင်း သန်း ၃ထောင်ကျော်စာ virtual မောင်းနှင်မှုတွေကို ပြုလုပ်ခဲ့ပြီးပြီဖြစ်သလို မတော်တဆ ဖြစ်နိုင်ခြေ အမျိုးမျိုးကို စမ်းသပ်ပြီး အချက်အလက်တွေ စုဆောင်းထားပြီးပြီလို့ သိရပါတယ်။

ဒါပေမဲ့ တကယ့် လမ်းပေါ်မှာက အပြောင်းအလဲတွေ အများကြီး ရှိနိုင်တာကြောင့် လက်တွေ့ လမ်းပေါ်မှာ မောင်းနှင်စမ်းသပ်တာတွေကိုလည်း တစ်ပြိုင်ထဲ လုပ်ဆောင်နေပါတယ်။

အတွင်းပိုင်းကို လှည့်ပတ်ကြည့်ပြီးနောက် အစည်းအဝေးခန်းကို သွားခဲ့ကြတယ်။

အဲဒီမှာ ဝန်ထမ်း ၁၀ ယောက်လောက်က စောင့်နေကြပါတယ်။ သူတို့ကို CarOS ရဲ့ စီမံခန့်ခွဲမှုနဲ့ ဖွံ့ဖြိုးရေးပိုင်းက အဓိက ဝန်ထမ်းတွေလို့ သတ်မှတ်နိုင်ပါတယ်။

သူတို့ထဲမှာ ရင်းနှီးပြီးသား မျက်နှာအချို့ကိုလည်း တွေ့ရတယ်။ ကိုရီးယားမှာတုန်းက ဆုံခဲ့ဖူးတဲ့ ရိုင်ယန် ဂိတ်စ် နဲ့ ဆာဂျေ ယိုဗန်နိုဗစ် တို့ပါပဲ။

သူတို့ကို ပြန်တွေ့ရတာ ဝမ်းသာစရာပါ။

ဒါရီလ် က ဝန်ထမ်းတွေကို ကျွန်တော်တို့နဲ့ မိတ်ဆက်ပေးတယ်။

"ဒါက OTK Company က လူတွေပါ"

ဝန်ထမ်းတွေက ကျွန်တော်တို့ကို အံ့ဩတကြီး ကြည့်နေကြတယ်။ သူတို့ရဲ့ လက်အောက်ခံ ကုမ္ပဏီရဲ့ ဘဏ္ဍာရေး အစီရင်ခံစာကို လာယူမယ့်သူတွေက ဒီလောက်အထိ ငယ်ရွယ်တဲ့ အာရှသားတွေ ဖြစ်နေလိမ့်မယ်လို့ မထင်ထားကြပုံပါပဲ။

နေရာယူပြီးတာနဲ့ CFO ဆာဂျေ က လက်ရှိ စီမံခန့်ခွဲမှုနဲ့ ဘဏ္ဍာရေး အခြေအနေကို အရင် တင်ပြတယ်။ တင်ပြချက်က တော်တော်လေး ရှည်ပေမဲ့ နိဂုံးချုပ်ကတော့ ရိုးရှင်းပါတယ်။

တက်ဂယူ က ကျွန်တော့်ကို ကိုရီးယားလို လှမ်းပြောတယ်။

"တစ်ပြားမှ မရဘဲ ပိုက်ဆံတွေ ကုန်နေပါတယ်ဆိုတာကို ဘာလို့ ဒီလောက်အထိ အကြာကြီး ပြောနေတာလဲ"

ကုမ္ပဏီဆိုတာ နှစ်မျိုးပဲ ရှိပါတယ်။

ပိုက်ဆံရှာတဲ့ ကုမ္ပဏီ ဒါမှမဟုတ် ပိုက်ဆံစားတဲ့ ကုမ္ပဏီပေါ့။ လောလောဆယ် CarOS ကတော့ ဒုတိယအမျိုးအစားထဲမှာ ပါနေပါတယ်။

ကုမ္ပဏီတွေ ရှင်သန်ဖို့အတွက် ရန်ပုံငွေတွေ အကန့်အသတ်မရှိ လိုအပ်ပါတယ်။ ဒါကြောင့် သူတို့က ပစ္စည်းတွေ ရောင်းပြီး ပိုက်ဆံရှာရတယ်။ ဒါမှမဟုတ် အပြင်ကနေ ရင်းနှီးမြှုပ်နှံမှုတွေ ဆွဲဆောင်ရပါတယ်။ ရန်ပုံငွေ ပြတ်တောက်သွားရင်တော့ ကုမ္ပဏီက ရပ်တန့်သွားမှာပါပဲ။

ကျွန်တော်တို့ CarOS ရဲ့ ရှယ်ယာ ၈၆ ရာခိုင်နှုန်းကို အွန်ဆောင်း ကားကုမ္ပဏီ ဆီကနေ ဒေါ်လာ ၈၈ သန်းနဲ့ ဝယ်ခဲ့တာပါ။ ကျွန်တော်တို့ ညှိနှိုင်းပြီး လျှော့ဈေးရခဲ့တဲ့ ဒေါ်လာ ၁၂ သန်းကိုလည်း ဖွံ့ဖြိုးရေး ကုန်ကျစရိတ်ထဲ ပြန်ထည့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ တစ်နှစ်မပြည့်ခင်မှာတင် ဖွံ့ဖြိုးရေး ရန်ပုံငွေတွေ ကုန်သွားခဲ့တယ်။ အဆောက်အဦးနဲ့ မူပိုင်ခွင့်တွေကို ပေါင်ပြီး ချေးငွေတွေ ယူခဲ့ရတယ်။ အခုတော့ အဲဒီပိုက်ဆံတွေပါ ကုန်သွားပြန်ပါပြီ။

ဒီအချက်ကို ကြည့်ရင် အွန်ဆောင်း ကားကုမ္ပဏီက ဘာလို့ လက်လွှတ်ပြီး ရောင်းခဲ့တာလဲဆိုတာ နားလည်နိုင်ပါတယ်။ ချက်ချင်း လက်ငင်း ရလဒ် ထွက်မလာဘဲ ရင်းနှီးမြှုပ်နှံမှုတွေက ဆက်တိုက် လိုအပ်နေတာလေ။ အနာဂတ်မှာ အောင်မြင်မယ်ဆိုတဲ့ အာမခံချက်လည်း မရှိဘူး။ အောက်ခြေမရှိတဲ့ တွင်းထဲကို ရေလောင်းနေသလို ခံစားခဲ့ရမှာ သေချာပါတယ်။

ဒါပေမဲ့ အဲဒီတွင်းထဲက ရေက တဖြည်းဖြည်းချင်း တက်လာနေပါပြီ။

ဆာဂျေ ရဲ့ တင်ပြချက်အပြီးမှာ COO ရိုင်ယန် က ဆက်လက် တင်ပြတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ခွဲအတွင်းမှာ CarOS ဟာ ဉာဏ်ရည်တုAI အပါအဝင် အလိုအလျောက် မောင်းနှင်စနစ်အတွက် Operating System တစ်ခုကို ဖော်ဆောင်ဖို့ အားသွန်ခွန်စိုက် ကြိုးစားခဲ့ပါတယ်။ အခုဆိုရင် အဲဒါက ပြီးစီးလုနီးပါး ဖြစ်နေပါပြီ။

ရိုင်ယန် က ယုံကြည်မှုအပြည့်နဲ့ ပြောတယ်။

"ပြီးစီးမှု ၁၀၀ ရာခိုင်နှုန်းလို့ သတ်မှတ်ရင် အခု နည်းပညာက ၉၅ ရာခိုင်နှုန်းအထိ ရောက်နေပါပြီ"

တက်ဂယူ က ပြောတယ်။

"ဒါဆိုရင် ပြီးသွားပြီလို့ ပြောလို့ ရတာပေါ့"

ဒါရီလ် က ခေါင်းခါရင်း "အသေးစိတ်အချက်အလက်တွေက ပိုအရေးကြီးတယ်" လို့ ပြောတယ်။

ဒါက သာမန် software တစ်ခုဆိုရင်တော့ အမှားအယွင်း အနည်းငယ်က သည်းခံလို့ ရကောင်းရပါလိမ့်မယ်။ ဒါပေမဲ့ အလိုအလျောက် မောင်းနှင်တဲ့ နည်းပညာမှာ အမှားအယွင်းရှိရင် အသက်အန္တရာယ်နဲ့ တိုက်ရိုက် ဆက်စပ်နေတာလေ။

အလိုအလျောက် မောင်းနှင်စနစ်ကို ကားတွေထဲမှာ အားအကောင်းဆုံး ထည့်သွင်းနေတဲ့ ကုမ္ပဏီကတော့ အသစ်ထောင်ထားတဲ့ လျှပ်စစ်ကားကုမ္ပဏီ Nikola ပါပဲ။ ဒါပေမဲ့ လွန်ခဲ့တဲ့ လအနည်းငယ်က Nikola ရဲ့ S model ဟာ အလိုအလျောက် မောင်းနှင်နေတုန်းမှာပဲ ကြီးမားတဲ့ မတော်တဆမှု ဖြစ်ခဲ့ပါတယ်။

လမ်းတစ်ဖက်ခြမ်းက အဖြူရောင် ကုန်တင်ကားတစ်စီးနဲ့ တိုက်မိခဲ့တာပါ။ အတားအဆီးရှိနေတာကို သိသိကြီးနဲ့ ကားက ဘာလို့ မရပ်ခဲ့တာလဲဆိုတဲ့ အကြောင်းရင်းကတော့ တော်တော်လေး ထူးဆန်းပါတယ်။ အဲဒီနေ့က ရာသီဥတုက အရမ်း သာယာနေတာကြောင့် အတားအဆီးကို မှတ်မိဖို့ တာဝန်ယူထားတဲ့ ကင်မရာက အဖြူရောင် ကုန်တင်ကားကို ကောင်းကင်ယံနဲ့ ခွဲခြားမသိမြင်နိုင်ခဲ့လို့ပါ။

ရလဒ်အနေနဲ့ ကားက အရှိန်မလျှော့ဘဲ ကုန်တင်ကားကို ဝင်တိုက်ခဲ့ပြီး ယာဉ်မောင်းကတော့ နေရာမှာတင် သေဆုံးသွားခဲ့ပါတယ်။ ဒီဖြစ်ရပ်က အလိုအလျောက် မောင်းနှင်စနစ်မှာ အမှားအယွင်း အနည်းငယ်လေးက ဘယ်လောက်အထိ အသက်အန္တရာယ် ရှိစေနိုင်လဲဆိုတာကို သက်သေပြလိုက်တာပါပဲ။

ဝေဖန်မှုတွေ ကြုံလာရတဲ့အခါ Nikola က 'Autopilot' စနစ်ဆိုတာ အလိုအလျောက် မောင်းနှင်တာ မဟုတ်ဘဲ ယာဉ်မောင်းတွေအနေနဲ့ လမ်းကို အမြဲ အာရုံစိုက်နေရမှာဖြစ်သလို စတီယာရင်နဲ့ ဘရိတ်ကို အချိန်မရွေး ထိန်းချုပ်နိုင်ရမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါဆိုရင် ဘာလို့ 'Autopilot' ကို သုံးနေဦးမှာလဲ။ အလိုအလျောက် မောင်းနှင်စနစ်မှာ အမှားအယွင်း အသေးအမွှားလေးတောင် ခွင့်လွှတ်လို့ မရပါဘူး၊ CarOS ကတော့ အဲဒီလမ်းစဉ်အတိုင်း သွားနေတာပါ။

မပြီးသေးဘူးဆိုပေမဲ့ သူတို့က အပြီးသတ် အဆင့်ကို ရောက်ဖို့ ရှေ့ဆက်နေတာကတော့ ထင်ရှားပါတယ်။ အခု ရှိနေတဲ့ နည်းပညာနဲ့တင် Level 4 ကို ကျော်လွန်နေပြီဖြစ်ပြီး Level 5 ကို ချဉ်းကပ်နေပါပြီ။

ဒီအောင်မြင်မှုရဲ့ အရေးပါပုံကို ရှင်းပြရရင်တော့ သယ်ယူပို့ဆောင်ရေး စတင်ခဲ့ကတည်းက ယာဉ်မောင်းရှိရမယ်ဆိုတာက အခြေခံ ဗဟုသုတပါ။ မြင်းလှည်းကနေ မော်တော်ကားကို ပြောင်းလဲခဲ့တုန်းကလည်း ဒီအတိုင်းပါပဲ။ ဒါပေမဲ့ အခုတော့ ယာဉ်မောင်း မလိုတော့တဲ့ ခေတ်ကို ရောက်လာတော့မှာပါ။

ကားပါကင်မှာ ရပ်ထားတဲ့ ကားတွေက ခေါ်လိုက်ရင် ထွက်လာမယ်။ ဘတ္ထရီ အားနည်းလာရင် အားသွင်းစင်တာတွေကို သူတို့ဘာသာ သွားပြီး အားသွင်းကြမယ်။ ကားမောင်းတာက နေ့စဉ် လိုအပ်ချက် မဟုတ်တော့ဘဲ ဝါသနာတစ်ခုလို ဖြစ်လာတော့မှာပါ။

သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်ထဲက ကိစ္စလို ထင်ရပေမဲ့ ဒါက တကယ် ဖြစ်လာမှာဖြစ်သလို အဲဒီအချိန်ကလည်း သိပ်မဝေးတော့ပါဘူး။ ကျွမ်းကျင်သူတွေကတော့ နောက်ထပ် ၁၀ နှစ်အတွင်းမှာ အလိုအလျောက် မောင်းနှင်စနစ်က အပြီးသတ်အဆင့်ကို ရောက်သွားမှာဖြစ်ပြီး ယာဉ်မောင်းမဲ့ကားတွေ လမ်းပေါ် ရောက်လာလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

အလိုအလျောက် မောင်းနှင်စနစ်က အနာဂတ် ကားလောကရဲ့ အဓိက နည်းပညာ ဖြစ်လာမယ်ဆိုတာကို လူတိုင်း သိထားကြပါတယ်။ ဒါကြောင့် ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေနဲ့ IT ကုမ္ပဏီတွေက သူတို့ရဲ့ နည်းပညာတွေကို အပြိုင်အဆိုင် မြှင့်တင်နေကြတာပါ။

လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်ကတော့ CarOS က အဲဒီအုပ်စုထဲမှာတောင် မပါခဲ့သလို ဘယ်သူမှလည်း စိတ်မဝင်စားခဲ့ကြပါဘူး။

ဒါပေမဲ့ အခုတော့ အခြေအနေတွေ ပြောင်းလဲသွားပါပြီ။

အနာဂတ် ကားတွေအတွက် အဓိက နည်းပညာ နှစ်ခု ရှိပါတယ်။

တစ်ခုက အလိုအလျောက် မောင်းနှင်စနစ် ဖြစ်ပြီး နောက်တစ်ခုက လျှပ်စစ်ကားတွေပါပဲ။ ရှေ့ကဟာက software ဆိုရင် နောက်ကဟာကို hardware လို့ ခေါ်လို့ ရပါတယ်။

ကျွန်တော်တို့က ဒီနှစ်ခုထဲက software နည်းပညာကို ပိုင်ဆိုင်ထားတာပါ။

ဒါဆို software နဲ့ hardware ထဲမှာ ဘယ်ဟာက ပိုအရေးကြီးသလဲ။

သေချာတာကတော့ နှစ်ခုလုံး အရေးကြီးပါတယ်။ ဒါပေမဲ့ တစ်ခုကို ရွေးရမယ်ဆိုရင်တော့ ကျွန်တော်က software ကိုပဲ ရွေးပါလိမ့်မယ်။ အထူးသဖြင့် Operating System (OS) ဖြစ်နေရင်ပေါ့။

Hardware နည်းပညာကိုတော့ အတုယူလို့ ရပါတယ်။ ကိုရီးယားက ဂျပန်ကို အဲဒီနည်းနဲ့ လိုက်မှီခဲ့သလို တရုတ်ကလည်း ကိုရီးယားကို အဲဒီနည်းနဲ့ပဲ လိုက်မှီနေတာပါ။

Software ကိုကော အတုယူလို့ မရဘူးလား။

ရတာပေါ့။ တစ်ခါတလေမှာ hardware ထက်တောင် ပိုပြီး လွယ်လွယ်နဲ့ မြန်မြန် အတုခိုးလို့ ရပါသေးတယ်။ ဒါပေမဲ့ ဒီနှစ်ခုကြားမှာ ကြီးမားတဲ့ ကွာခြားချက် တစ်ခု ရှိပါတယ်။

IBM ကုမ္ပဏီကြီး အင်အားကြီးတုန်းက Microsoft ဆိုတာ software ထုတ်ပေးတဲ့ အောက်ခြေ ကုမ္ပဏီလေးတစ်ခုသာ ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ IBM ရဲ့ PC OS နေရာမှာ Microsoft ရဲ့ OS ကို ရွေးချယ်လိုက်တဲ့အခါ အခြေအနေတွေက ပြောင်းပြန် ဖြစ်သွားခဲ့ပါတယ်။

နောက်ပိုင်းမှာ Windows ဟာ ရုံးသုံးကွန်ပျူတာတွေတင်မကဘဲ အိမ်သုံးကွန်ပျူတာ ဈေးကွက်ကိုပါ လွှမ်းမိုးသွားခဲ့ပါတယ်။

အလားတူ အခြေအနေမျိုးက စမတ်ဖုန်းလောကမှာလည်း ဖြစ်ခဲ့ပါတယ်။

Andromeda စမတ်ဖုန်း OS ကို တီထွင်သူတွေက ဝယ်ယူဖို့အတွက် ဆိုဆောင်း အီလက်ထရောနစ် ဆီကို လာခဲ့ကြပါသေးတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ကိုယ်ပိုင် OS ကို တီထွင်နေတဲ့ ဆိုဆောင်း အီလက်ထရောနစ် က ငြင်းပယ်ခဲ့တာကြောင့် Andromeda ဟာ Google ရဲ့ လက်အောက်ကို ရောက်သွားခဲ့ပါတယ်။

နောက်ပိုင်း ဘာဖြစ်ခဲ့လဲဆိုတာကတော့ ရှင်းနေတာပဲလေ။ Google ရဲ့ ထောက်ပံ့မှုနဲ့ Andromeda ဟာ ကမ္ဘာ့စမတ်ဖုန်း OS ဈေးကွက်ရဲ့ ထက်ဝက်ကျော်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

စမတ်ဖုန်း ဈေးကွက်မှာ ခဏတာ ရုန်းကန်ခဲ့ရတဲ့ ဆိုဆောင်း အီလက်ထရောနစ် ဟာ နောက်ဆုံးမှာ ကိုယ်ပိုင် OS ကို လက်လွှတ်ခဲ့ရပြီး Google ရဲ့ Andromeda ထည့်ထားတဲ့ L series တွေကို ထုတ်ခဲ့ရပါတယ်။

ကံကောင်းတာက သူတို့က မြန်မြန်ဆန်ဆန် ပြုပြင်ပြောင်းလဲနိုင်ခဲ့လို့ ဈေးကွက်မှာ နေရာရခဲ့သလို NPL ရဲ့ ပြိုင်ဘက်အဖြစ်တောင် သတ်မှတ်ခံခဲ့ရပါတယ်။

ဒါပေမဲ့ ကိုယ်ပိုင် OS မရှိတဲ့အတွက် စမတ်ဖုန်း ဈေးကွက်မှာ Googleရဲ့ နောက်ကိုပဲ တောက်လျှောက် လိုက်နေခဲ့ရတာပါ။ ဆိုဆောင်း အီလက်ထရောနစ် က နောက်ပိုင်းမှာ Typhoon ဆိုတဲ့ OS အသစ်နဲ့ စမတ်ဖုန်း ထုတ်ခဲ့ပေမဲ့ အဲဒီအချိန်မှာတော့ ဈေးကွက်တစ်ခုလုံးကို Andromeda နဲ့ NOS တို့က လွှမ်းမိုးထားပြီးသား ဖြစ်နေပါပြီ။

Software ရဲ့ အရေးကြီးဆုံး အချက်က ဘယ်လောက် ကောင်းသလဲဆိုတာထက် လူဘယ်နှစ်ယောက် သုံးသလဲဆိုတာပါပဲ။

Windows က အကောင်းဆုံး Operating System ဖြစ်လို့ ဈေးကွက်ကို လွှမ်းမိုးသွားတာ မဟုတ်ဘဲ ဈေးကွက်ကို အရင် သိမ်းပိုက်နိုင်ခဲ့လို့ပါ။

CarOS တီထွင်နေတာက သာမန် ဉာဏ်ရည်တုတင်မကဘဲ ကားတစ်စီးလုံးကို ထိန်းချုပ်နိုင်မယ့် Operating System ပါ။

နည်းပညာက အပြီးသတ်အဆင့်ကို ရောက်လာတာနဲ့အမျှ ဒါက ဘယ်လောက်အထိ အစွမ်းထက်လဲဆိုတာကို သိသွားတဲ့ ကားကုမ္ပဏီတွေက သူတို့ရဲ့ သဘောထားတွေကို ပြောင်းလဲလာကြပါပြီ။

"လောလောဆယ် Toyota Group၊ Daimler Group နဲ့ အွန်ဆောင်း Group တို့က မဟာမိတ်ဖွဲ့ဖို့ ကျွန်တော်တို့ဆီကို ချဉ်းကပ်လာကြပါတယ်"

"သူတို့က ဘာတောင်းဆိုကြလဲ"

အရင် သာဓကတွေ အများကြီး ရှိခဲ့တာကြောင့် သူတို့က တစ်ပါးသူ အကျိုးရှိမယ့် ကိစ္စမျိုးကိုတော့ တောင်းဆိုမှာ မဟုတ်ပါဘူး။

ကျွန်တော့်မေးခွန်းကို ပြောရေးဆိုခွင့်ရှိသူက ပြန်ဖြေတယ်။

"သူတို့က CarOS ရဲ့ ရှယ်ယာတွေကို တောင်းဆိုနေကြတာပါ"

ဒါက ကျွန်တော်တို့ ဒီလောက်အဝေးကြီးအထိ လာခဲ့ရတဲ့ အကြောင်းရင်းပါပဲ။

All Chapters