← Chapters

အခန်း (၂၉၉-၃၀၀)

Vol. 30 Ch. 299-300

အခန်း (၂၉၉-၃၀၀)

Vol. 30 Ch. 299-300

အခန်း (၂၉၉) - ရေခဲချောက်နက်ကြီး၏ ပဲ့တင်သံများ (၁)

အဆုံးအစမရှိသော အေးခဲနေသည့် မြေရိုင်းတစ်ခု…ပျက်စီးနေသော ကောင်းကင်ကြီးတစ်ခု…

ပွင့်လင်းမြင်သာသည့် အကာအကွယ်တစ်ခုကို တည်ဆောက်ရန် သူတို့၏ ဝိညာဉ်များကို စတေးနေကြသည့် မရေမတွက်နိုင်သော ဘိုးဘေးများ…

ထိုအကာအကွယ်နောက်ကွယ်ရှိ ကြောက်မက်ဖွယ်ကောင်းလွန်းသဖြင့် အနည်းငယ်မျှ ခံစားသိရှိရုံဖြင့် အတွေးများကို အေးခဲသွားစေနိုင်သည့် ကျယ်ပြောလှသော အေးစက်သည့် အသိစိတ်တစ်ခု...

“မင်းလည်း ခံစားမိလား”

ထိုအချိန်တွင် လင်းထျန်းလုံ၏ တည်ငြိမ်အေးချမ်းသော အသံသည် အဆင့်မြင့် စိတ်အာရုံဆက်သွယ်ခြင်း မှတစ်ဆင့် သူမ၏ စိတ်ထဲတွင် တိုက်ရိုက် ထွက်ပေါ်လာပြီး ထို ကြောက်မက်ဖွယ်ကောင်းသော မှတ်ဉာဏ် အပိုင်းအစများထဲမှ သူမကို ဆွဲထုတ်လိုက်သည်။

ယွဲ့ရီ လက်တွေ့ဘဝသို့ ပြန်ရောက်လာပြီး သူမ၏ ရင်ဘတ် အနည်းငယ် နိမ့်မြင့်သွားသည်။

သူမ လှည့်ကြည့်လိုက်ရာ တဲများနှင့်အကွာအဝေးကို ထိုးဖောက်ကာ ထိုငွေရောင်ပုံရိပ်ကို မြင်လိုက်ရသကဲ့သို့ ဝံပုလွေအသိုက်၏ အဓိကဧရိယာဆီသို့ လှမ်းကြည့်လိုက်သည်။

မမြင်နိုင်သော်လည်း ခိုင်မာစွာ ခေါင်းညိတ်လိုက်ပြီး သူမ၏ စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုတွင် ဖုံးကွယ်မထားနိုင်သော လေးနက်မှု ပါဝင်နေသည်၊။

“အရမ်းဆိုးတယ်... အရမ်းဆိုးတဲ့ ခံစားချက်ပဲ၊ ငါ့မျိုးနွယ်စုရဲ့ ရှေးဟောင်း မှတ်တမ်းတွေထဲက ဖော်ပြချက်တွေထက်... ပိုပြီး အသက်ရှူကျပ်စေတယ်”

“ဝံပုလွေဘုရင်… အဲဒါက ဘာလဲ… တကယ်ပဲ...”

သူမ၏ အသံတွင် သူမကိုယ်တိုင်ပင် သတိမထားမိသော တုန်လှုပ်မှု အနည်းငယ် ပါဝင်နေသည်။

“ငါတို့ နှစ်ယောက်စလုံး သံသယရှိနေတာ အတိအကျပဲ ထင်တယ်”

လင်းထျန်းလုံ ဖုံးကွယ်မထားဘဲ အဆိုးရွားဆုံး အခြေအနေကို တိုက်ရိုက် အတည်ပြုလိုက်သည်။

“ချိတ်ပိတ်ထားတာက ပိုပြီး လျော့ရဲလာနေတယ်၊ အခြေအနေက မျှော်လင့်ထားတာထက် ပိုဆိုးတယ်”

ယွဲ့ရီ၏ နှလုံးသားသည် အနက်ရှိုင်းဆုံးသို့ ကျဆင်းသွားသည်။ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော်လည်း ဤအတည်ပြုချက်ကို ကိုယ်တိုင် ကြားရခြင်းက အရိုးခိုက်လောက်အောင် အေးစက်မှုကို ခံစားရစေသည်။

“ငါတို့ တစ်ခုခု လုပ်ရမယ်...”

သူမ၏ အသံတွင် အရေးတကြီးဖြစ်မှု ပါဝင်နေသည်။

“အဲတာကို လုံးဝ လွတ်မြောက်ခွင့် ပေးလို့မဖြစ်ဘူး”

“လုပ်နေပြီ”

လင်းထျန်းလုံ၏ တုံ့ပြန်မှုသည် အနည်းငယ် ထိတ်လန့်နေသော သူမနှလုံးသားကို တည်ငြိမ်စေသည့် ကျောက်ဆူးတစ်ခုအလား တည်ငြိမ်စေသည်။

“ယင်းဖုန်းက ထောက်လှမ်းဖို့ အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်သွားပြီ၊ ချက်ချင်း ဦးစားပေးရမှာက ငါတို့ကိုယ်ပိုင် ခွန်အားကို အမြန်ဆုံး တိုးမြှင့်ဖို့ပဲ”

“အဲဒီလို အဆင့်ရှိတဲ့ တည်ရှိမှုတစ်ခုကို ရင်ဆိုင်တဲ့အခါ အကြွင်းမဲ့ခွန်အားကသာ ထိပ်တိုက်ရင်ဆိုင်ဖို့ အရည်အချင်းကို ပေးစွမ်းနိုင်တယ်၊ ဒါမှမဟုတ်... အဲဒါကို တားဆီးဖို့ ကြိုးစားနိုင်တယ်”

သူ၏ တည်ငြိမ်မှုနှင့် ပြတ်သားမှုက ယွဲ့ရီ၏ နှလုံးသားထဲရှိ မငြိမ်မသက်ဖြစ်မှုကို အနည်းငယ် သက်သာစေခဲ့သည်။ သူမသည် ထိုထာဝရတည်ငြိမ်နေသော ငွေပြာဧကရာဇ်မျက်ဝန်းများကို မြင်နိုင်သကဲ့သို့ ဝံပုလွေအသိုက်ဆီသို့ လှမ်းကြည့်လိုက်သည်။

စိတ်ပျက်အားငယ်စရာ အချိန်များတွင် ဖြစ်ပေါ်လာသော ဤအားကိုးမှု ခံစားချက်သည် မသိမသာ နက်ရှိုင်းလာပြီး တိတ်ဆိတ်စွာ အမြစ်တွယ်သွားသည်။

“ငါ နားလည်ပါပြီ”

သူမ၏ အသံသည် ပြတ်သားမှုကို ပြန်လည်ရရှိသွားသည်။

“မြေခွေးမျိုးနွယ်စုက အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပါ့မယ်၊ အမွေအနှစ် စာသားတွေအားလုံး၊ အရင်းအမြစ်အားလုံးကို ဝံပုလွေဘုရင်စိတ်ကြိုက် အသုံးပြုနိုင်ပါတယ်”

သူမ ခဏရပ်လိုက်ပြီး သူမ၏ အကြည့်များက ဂရုတစိုက် ဖြည့်တင်းထားသော နှင်းသစ်သီး ပန်းကန်ပေါ်သို့ အမှတ်တမဲ့ ရောက်သွားရာ သူမ၏ နှလုံးသားထဲရှိ နူးညံ့သော နေရာတစ်ခု ညင်သာစွာ ထိတွေ့ခံလိုက်ရသည်။

ထို့ပြင် အဝေးရှိ မြောက်ဘက်၊ လူသူကင်းမဲ့သော ထာဝရ အေးခဲနေသည့် ရေခဲမြစ်များအတွင်း နက်ရှိုင်းသော ပေတစ်သောင်း ရေခဲချောက်နက်ကြီး အောက်တွင်။

မရေမတွက်နိုင်သော ဧရာမရှေးဟောင်း ဂါထာအက္ခရာများဖြင့် ဖွဲ့စည်းထားသည့် ဟင်းလင်းပြင်ကို ဖြတ်သန်းသွားသော အကာအကွယ်တစ်ခုသည် အားနည်းသော်လည်း ရင်ခုန်စရာကောင်းသော ‘ဂျွတ်’ အသံများကို ထုတ်လွှတ်နေသည်။ တစ်ချိန်က အကာအကွယ်ပေါ်တွင် အဆုံးအစမရှိ စီးဆင်းနေခဲ့သော နတ်ဘုရား အလင်းရောင်သည် မှေးမှိန်သွားခဲ့ပြီဖြစ်သည်။

အက်ကွဲကြောင်းငယ်များသည် နှေးကွေးသော်လည်း ပြတ်သားသော အရှိန်အဟုန်ဖြင့် ပျံ့နှံ့နေသည်။

အကာအကွယ်၏ အခြားတစ်ဖက်တွင် အဆုံးအစမရှိ၊ ထူထပ်ပြီး ထိုးဖောက်မရနိုင်သော ခရမ်းရင့်ရောင်မြူခိုးများ လှိုင်းထနေသည်။

၎င်းအတွင်းတွင် ကြီးကျယ်ခမ်းနားသော အသိစိတ်တစ်ခုသည် ပိုမိုပျက်စီးလွယ်လာသော အကာအကွယ်မှတစ်ဆင့် ဤကမ္ဘာကြီးကို ဖျက်ဆီးလိုသော၊ ဗလာနယ်သို့ ပြန်သွားလိုသော ဆန္ဒများ ပြည့်နှက်စွာဖြင့် အေးစက်စွာ ‘စောင့်ကြည့်’ နေပုံရသည်။

ဝံပုလွေအသိုက်၏ အရှေ့တောင်ဘက်ရှိ မြေခွေးမျိုးနွယ်စု၏ ယာယီစခန်းသည် ယခုအခါ ပုံစံပေါ်နေပြီဖြစ်သည်။ သံမဏိနွယ်ပင်များ ရစ်ပတ်ထားသည့် သစ်သားတံတိုင်းများပေါ်တွင် ခရမ်းရောင် ပန်းပွင့်ငယ်များသည် နံနက်ခင်းနေရောင်အောက်၌ လှပစွာဖူးပွင့်နေကြသည်။

စခန်း၏ အလယ်ဗဟိုတွင် ဝံပုလွေအုပ်စုနှင့် မြေခွေးမျိုးနွယ်စုတို့၏ ပူးပေါင်းလေ့ကျင့်ရေးသည် အရှိန်အဟုန်ပြင်းစွာ လည်ပတ်နေသည်။

“ငါ့ရဲ့ စွမ်းအားကို သေချာကြည့်ထား”

ရှောင်လန်၏ ကြည်လင်သော ကလေးအသံလေး ထွက်ပေါ်လာပြီး သူမ၏ အ ရွှေရောင်နှင့်ငွေဖြူရောင်ရောစပ်ထားသော ဖျောတော့တော့ ဆံပင်များသည် နေရောင်အောက်တွင် တောက်ပနေသည်။ သူမ၏ လက်‌သေးသေးလေးကို ရှေ့သို့ ညွှန်ပြလိုက်ရာ မီတာတစ်ရာခန့်အကွာရှိ ‌ နေရာတစ်ခုတွင် သူမနှင့် ထပ်တူကျသော ပုံရိပ်သုံးခုသည် တြိဂံပုံစံဖြင့် ချက်ချင်း ပေါ်လာသည်။

တစ်ချိန်တည်းနီးပါးတွင် ရှောင်ယင်း၏ ခရမ်းရောင်မျက်ဝန်းသည် အနည်းငယ် တောက်ပသွားပြီး သူမပတ်လည်ရှိ လေထုတွင် သိမ်မွေ့သော လှိုင်းလုံးများ ပေါ်လာသည်။

သူမ၏ သေးငယ်သော ပုံရိပ်သည် ရုတ်တရက် မှုန်ဝါးသွားပြီး ပုံမှန်အခြေအနေထက် ပို၍မြန်သော အမြန်နှုန်းဖြင့် ပုံရိပ်သုံးခုကြားတွင် ဖြတ်သန်းသွားလာကာ အားနည်းသော အချိန်ပိုင်းဆိုင်ရာ အရိပ်များကို ချန်ထားခဲ့သည်။

“ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုပဲ”

လင်းထျန်းလုံသည် သူ၏ ငွေပြာဧကရာဇ်မျက်ဝန်းများဖြင့် အောက်ဘက်ရှိ မြင်ကွင်းကို တည်ငြိမ်စွာ ကြည့်ရှုနေသည်။

သူ၏ ခံစားသိမြင်မှုတွင် ကြေးမုံပန်းရေလမျက်လှည့်ကို အသုံးပြု၍ ပုံရိပ်များ ဖန်တီးထားသည်။

သူမ၏ မူလခန္ဓာကိုယ်နှင့် ခေတ္တ နေရာချင်းလဲလှယ်နိုင်သည့် ရှောင်လန်၏ စွမ်းရည် [အချိန်-ဟင်းလင်းပြင် အက်ကွဲကြောင်း] ကို အသုံးပြု၍ သူမကိုယ်သူမ ခေတ္တ အရှိန်မြှင့်နိုင်ခဲ့သည်။ ရှောင်ယင်း၏ စွမ်းရည်တို့သည် လေ့ကျင့်မှုအတွင်း အလွန်ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုတစ်ခုကို ရရှိခဲ့သည်။

လက်တွေ့တိုက်ပွဲတွင် ဤအရာက ရန်သူကို ချက်ချင်း ပစ်မှတ်ပျောက်သွားစေပြီး မတူညီသော အချိန်မှတ်များမှ အလစ်အငိုက် တိုက်ခိုက်မှုများကို ရင်ဆိုင်ရစေရန် လုံလောက်သည်။

“မနေ့ညက အချိန်ပိုလေ့ကျင့်ရတာ အလကားမဖြစ်ဘူးပဲ၊ ဒီကောင်မလေး နောက်ဆုံးတော့ ငါ့ရဲ့ စည်းချက်ကို လိုက်နိုင်သွားပြီ”

ရှောင်လန်က စိတ်ထဲတွင် ရေရွတ်လိုက်သည်။ သို့သော် အပြင်ပန်းတွင်မူ လင်းထျန်းလုံကို ချိုမြိန်စွာ ပြုံးပြလိုက်သည်။

“ဖေဖေ…ရှောင်ယင်းနဲ့ သမီး အရမ်းမတော်ဘူးလား”

“နင့်ရဲ့ ဟင်းလင်းပြင် ကိုသြဒိနိတ်တိကျမှုကို ငါက လိုက်လျောညီထွေ လုပ်ပေးရလို့ ရှင်းနေတာပဲကို၊ နင်က ပြောရဲသေးတယ်နော်”

ရှောင်ယင်းက စိတ်ထဲမှ နှာမှုတ်လိုက်သည်။ အပြင်ပန်းတွင်မူ တိတ်ဆိတ်စွာ ခေါင်းညိတ်ပြလိုက်ပြီး သူမ၏ ခရမ်းရောင် ဆံပင်များသည် လေပြည်ထဲတွင် ညင်သာစွာ လွင့်မျောနေသည်။

လင်းထျန်းလုံ အနည်းငယ် ခေါင်းညိတ်လိုက်သည်။

“အရမ်းကောင်းတယ်၊ ဒီအချိတ်အဆက်မိမှုကို ထိန်းသိမ်းထား၊ ရန်သူတွေကို ရင်ဆိုင်တဲ့အခါ ဖျက်လတ်တဲ့ နည်းဗျူဟာတွေက ခွန်အားသုံးတာထက် ပိုအသုံးဝင်တယ်”

သူ၏ အကြည့်များသည် အခြားတစ်နေရာသို့ ရောက်သွားရာ ထိုနေရာတွင် ရန့်မြဲ့က မဟာနှင်းအစောင့်အရှောက်များနဲ့ မြေခွေးစစ်သည်များကို ပူးပေါင်းကာကွယ်ရေးဖွဲ့စည်းပုံ လေ့ကျင့်ရန် ညွှန်ကြားနေသည်။

ဧရာမရေခဲနံရံများသည် မြေခွေးမျိုးနွယ်စု၏ စိတ်ပိုင်းဆိုင်ရာအကာအကွယ်များနှင့် ပေါင်းစပ်ရန် ကြိုးစားနေပြီး တည်ငြိမ်သော ရောင်ဝါတစ်ခုကို ထုတ်လွှတ်နေသည်။

ထိုအချိန်တွင် အားနည်းသော်လည်း အလွန်စူးရှပြီး အေးစက်သည့် ခံစားချက်တစ်ခုသည် လင်းထျန်းလုံ၏ အသိစိတ်နက်ရှိုင်းရာသို့ အပ်တစ်ချောင်းအလား ထိုးဖောက်ဝင်ရောက်လာသည်။ ၎င်းမှာ ယင်းဖုန်းထံမှ အရေးပေါ် စိတ်အာရုံဆက်သွယ်ခြင်း ဖြစ်သည်။

“ဘုရင်မင်းမြတ်... ကိုသြဒိနိတ်အစွန်အဖျားကို ရောက်ပြီ... ပတ်ဝန်းကျင်က ပုံမှန်မဟုတ်ဘူး... ရေခဲချောက်နက်ကြီးအောက်မှာ... ကြီးမားတဲ့ အက်ကွဲကြောင်းတွေ့တယ်... တီးတိုးသံတွေ... တိုက်ရိုက်... ဝိညာဉ်...”

အချက်ပြမှုသည် ပြတ်တောင်းပြတ်တောင်းဖြစ်နေပြီး ထူထဲသော အတားအဆီးတစ်ခုခုဖြင့် ခြားထားသကဲ့သို့ ပြင်းထန်သော အနှောင့်အယှက်များ ပါဝင်နေသည်။ နောက်ဆုံး ပို့လွှတ်လိုက်သောအရာမှာ ယင်းဖုန်း၏ ကြိတ်မှိတ်ခံနေရသော နာကျင်မှုညည်းတွားသံနှင့် စူးရှပြီး လူမဟုတ်သော အော်ဟစ်သံတစ်ခုဖြစ်သည်။

လင်းထျန်းလုံ၏ ငွေပြာဧကရာဇ်မျက်ဝန်းများ ရုတ်တရက် ကျုံ့သွားပြီး သူ့ပတ်လည်ရှိ ရောင်ဝါများ အေးခဲသွားသည်။

မှုန်ဝါးနေသော အချက်ပြမှုဖြစ်သော်လည်း အဓိက အချက်အလက်များကို သူ ချက်ချင်း ဖမ်းယူလိုက်သည်။

ယင်းဖုန်း နေရာကိုရှာတွေ့သွားပြီ။

အခြေအနေက အလွန်အန္တရာယ်များတယ်။

ပြီးတော့ သူတို့ တိုက်ခိုက်ခံရပြီ။

“လေ့ကျင့်မှုတွေ ရပ်၊ အမြင့်ဆုံး တိုက်ပွဲဝင်ဖို့ အနေအထားအသင့်ပြင်ထားကြ”

လင်းထျန်းလုံ၏ အသံသည် အေးခဲနေသော မိုးခြိမ်းသံတစ်ခုအလား ထွက်ပေါ်လာပြီး စခန်းတစ်ခုလုံးသို့ ချက်ချင်း ပျံ့နှံ့သွားသည်။ မည်သည့် တုံ့ဆိုင်းမှုမျှမရှိဘဲ ယွဲ့ရီနှင့် စစ်သူကြီးအချို့ထံ စိတ်အာရုံဆက်သွယ်ခြင်းမှတစ်ဆင့် ချက်ချင်း ဆက်သွယ်လိုက်သည်။

ခဏအကြာတွင် ဝံပုလွေအသိုက်၏ အဓိကကွပ်ကဲမှုခန်းမ (ဝံပုလွေဘုရင်၏ ခန်းမဆောင်မှ ယာယီ ပြောင်းလဲထားသည်) တွင် လင်းထျန်းလုံ၊ ယွဲ့ရီ၊ ရန့်မြဲ့၊ ထျန်းပင်း နှင့် သွေးမိစ္ဆာတို့ စုဝေးရောက်ရှိလာကြသည်။

ရှောင်လန်နှင့် ရှောင်ယင်းတို့ပင်လျှင် ဘေးရှိ အထူးကျောက်တုံးကုလားထိုင်များပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေကြပြီး သူတို့၏ မျက်နှာလေးများတွင် သူတို့ အသက်အရွယ်ထက်ရင့်သော လေးနက်မှုတစ်ခု ရှိနေသည်။

အခန်း (၃၀၀) - ရေခဲချောက်နက်ကြီး၏ ပဲ့တင်သံများ (၂)

လင်းထျန်းလုံက ယင်းဖုန်း ပေးပို့လိုက်သော အကွဲကွဲအပြားပြား အချက်အလက်များကို တိုတောင်းသော စကားလုံးများဖြင့် မျှဝေလိုက်သည်။

“ယင်းဖုန်းနဲ့ အဆက်အသွယ်မပြတ်ခင် ဝိညာဉ်ကို တိုက်ရိုက်တိုက်ခိုက်တဲ့ အက်ကွဲကြောင်းနဲ့ တီးတိုးသံတွေအကြောင်း ပြောခဲ့တယ်”

သူက ယွဲ့ရီကို ကြည့်လိုက်သည်။

“ဒါက မင်းရဲ့အမွေအနှစ်ထဲမှာ မှတ်တမ်းတင်ထားတဲ့ ‘မျိုးသုဉ်းသတ္တဝါ’ ရဲ့ လက္ခဏာတွေနဲ့ ကိုက်ညီလား”

ယွဲ့ရီ၏ မျက်နှာလှလှလေးမှာ ညှိုးငယ်သွားပြီး သူမ၏ ခရမ်းရောင်မျက်ဝန်းများတွင် တွေဝေမှုများ ပေါ်လာသည်။

အလွန်အမင်း အေးစက်မှုနှင့် စိတ်ပျက်အားငယ်မှုတို့ ပါဝင်သော ပုံရိပ်အပိုင်းအစများသည် သူမ၏ စိတ်ထဲသို့ ထိန်းချုပ်မရဘဲ ဝင်ရောက်လာချိန်တွင် နားထင်ကို တင်းကြပ်စွာ ဖိထားလိုက်သည်။

အဆုံးအစမရှိသော အမည်းရောင် ရေခဲပြင်ကြီး… ပျက်စီးနေသော ကောင်းကင်ကြီး…အကာအကွယ်များ တည်ဆောက်ရန် သူတို့၏ ဝိညာဉ်များကို လောင်ကျွမ်းစေစဉ် အချိန်ထဲတွင် အေးခဲသွားသော မရေမတွက်နိုင်သည့် မြေခွေးဘိုးဘေးများ၏ ငိုကြွေးသံများ...

“အဲ့တာ... အဲဒီ ခံစားချက်ပဲ”

သူမ၏ အသံတွင် သတိမထားမိနိုင်သော တုန်လှုပ်မှုတစ်ခု ပါဝင်နေသည်။

“အမွေအနှစ်မှတ်ဉာဏ်တွေက ဝေဝါးနေတယ်... ဒါပေမဲ့ ဝိညာဉ်ကို တိုက်ရိုက်တိုက်စားတဲ့ အဲဒီ တီးတိုးသံတွေနဲ့ အရာအားလုံးကို လိမ်ဖယ်စေတဲ့ အအေးဒဏ်က မှတ်တမ်းတင်ထားတဲ့ ‘မျိုးသုဉ်းသတ္တဝါ’ရဲ့ စွမ်းအားလက္ခဏာတွေဆိုတာ ငါ သေချာပြောနိုင်တယ်၊ အဲ့တာ... အဲ့တာက အလင်းရောင်နဲ့ အသံကိုတောင် ညစ်ညမ်းစေနိုင်တယ်”

ဤလှုံ့ဆော်ခံရသော မှတ်ဉာဏ်က သူမ၏ ခန္ဓာကိုယ်ကို အနည်းငယ် အေးစက်သွားစေပြီး အလင်းရောင်ကို ရှာဖွေနေသကဲ့သို့ လင်းထျန်းလုံရှိရာသို့ အလိုအလျောက် ကြည့်မိသွားသည်။

လင်းထျန်းလုံသည် သူမ၏ လှုပ်ရှားမှုကို သတိပြုမိသော်လည်း ၎င်းကို အာရုံစိုက်ရန် အချိန်မရှိပေ။

“ခံစားသိမြင်နိုင်စွမ်းကို ညစ်ညမ်းစေနိုင်တယ်ဆိုရင်... ဒါက ယင်းဖုန်းရဲ့ အချက်ပြမှုက ဘာလို့ ဒီလိုမျိုး ပြတ်တောင်းပြတ်တောင်း ဖြစ်နေတာလဲဆိုတာကို ရှင်းပြနိုင်တယ်” ဟု သူ စဉ်းစားလိုက်ပြီး ရန့်မြဲ့နှင့် ထျန်းပင်းတို့ဆီ လှည့်ကြည့်လိုက်သည်။

“ငါတို့ရဲ့ ကာကွယ်ရေး အစီအစဉ်တွေကို ချိန်ညှိဖို့ လိုတယ်၊ ခံစားသိမြင်နိုင်စွမ်း လိမ်ဖယ်ခံရတဲ့ ဒါမှမဟုတ် စစ်သည်တွေ အချင်းချင်း မမှတ်မိနိုင်တော့တဲ့ အစွန်းရောက် အခြေအနေတွေကို ငါတို့ ထည့်သွင်းစဉ်းစားရမယ်”

“အလင်းနဲ့ အသံကိုတောင် ညစ်ညမ်းစေနိုင်တယ်၊ ဒါဆို ငါတို့ မျက်ကန်းဖြစ်သွားသလို မဟုတ်ဘူးလား”

ရှောင်ယင်း စိတ်ထဲမှ အံ့အားသင့်သွားပြီး သူမ၏ လက်လေးများသည် အဝတ်စွန်းကို မသိမသာ ဆုပ်ကိုင်ထားမိသည်။

“မျက်ကန်းဖြစ်ရုံတင် မကဘူး၊ အာရုံငါးပါးနဲ့ ဝိညာဉ်စွမ်းအင်အလိုအလျောက်သိစိတ်တောင် ကမောက်ကမ ဖြစ်သွားနိုင်တယ်၊ ဒါက ပြဿနာကြီးပဲ”

ရှောင်လန်က စိတ်ထဲမှ တုံ့ပြန်လိုက်ပြီး သူမ၏ မျက်ခုံးများ အနည်းငယ် ကြုတ်သွားသည်။

“ဘုရင်မင်းမြတ်၊ ယင်းဖုန်းကို အားဖြည့်ကူညီဖို့ ကျွန်တော် အဖွဲ့တစ်ဖွဲ့ကို ချက်ချင်း ဦးဆောင်သွားဖို့ လိုမလား”

ထျန်းပင်းက သူ၏ တိုက်ပွဲဝင်လိုစိတ်များ ဆူပွက်နေကာ တောင်းဆိုလိုက်သည်။

“မလိုဘူး”

လင်းထျန်းလုံ ငြင်းဆန်လိုက်သည်။

“အခြေအနေက မရှင်းလင်းသေးဘူး၊ မစဉ်းစားဘဲ အားဖြည့်ပေးတာက ပိုကြီးမားတဲ့ ဆုံးရှုံးမှုတွေကို ဖြစ်စေနိုင်တယ်”

“ ယင်းဖုန်းရဲ့ စွမ်းရည်တွေက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ လုံလောက်ပါတယ်”

“ပိုသေချာတဲ့ ထောက်လှမ်းရေးသတင်းတွေ သူပြန်မပို့ခင် အခု ငါတို့လုပ်ရမယ့်အရာက ဒီ‘ညစ်ညမ်းမှု’ ကို အကောင်းဆုံးကိုင်တွယ်ဖြေရှင်းနိုင်ဖို့ပဲ ”

သူ၏ အကြည့်များက ထိုနေရာရှိ လူအားလုံးအပေါ် ဖြတ်သန်းသွားသည်။

“ဒီနေ့ကစပြီး တိုက်ခိုက်ရေးတပ်ဖွဲ့အားလုံးဟာ စိတ်ပိုင်းဆိုင်ရာပုံရိပ်ယောင်တွေနဲ့ ခံစားသိမြင်မှု အနှောင့်အယှက်တွေကို ကာကွယ်ရေး လေ့ကျင့်မှု ပြင်းအားကို မြှင့်တင်ရမယ်”

“မျိုးနွယ်စုခေါင်းဆောင် ယွဲ့ရီ၊ လေ့ကျင့်ရေး အကြောင်းအရာတွေ ရေးဆွဲရာမှာ ကူညီဖို့ မြေခွေးမျိုးနွယ်စုထဲက အကောင်းဆုံး ပုံရိပ်ယောင်ပညာရှင်တွေကို ရွေးချယ်ပေးဖို့ ငါ တောင်းဆိုပါတယ်”

“ဒါ ငါ့တာဝန်ပါပဲ”

ယွဲ့ရီက သူမ၏ နှလုံးသားထဲရှိ မငြိမ်မသက်မှုကို ဖိနှိပ်ကာ ချက်ချင်း ခေါင်းညိတ်လိုက်သည်။

အကျပ်အတည်းနှင့် ရင်ဆိုင်ရချိန်တွင် လင်းထျန်းလုံ၏ တောင်ကြီးတစ်လုံးအလား တည်ငြိမ်သောအမူအရာနှင့် ပြတ်သားသောကွပ်ကဲမှုကို မြင်ရသောအခါ သူမ၏ ယုံကြည်မှု ပိုမိုနက်ရှိုင်းသွားသည်။

ဝိညာဉ်စင်မြင့်ကို မည်သို့ ကြည်လင်နေအောင် ထားရှိရမည်နှင့် ပတ်သက်၍ မှတ်ဉာဏ်များအပိုင်းအစများအကြောင်း သူမ တစ်ခုခု ပြောချင်ပုံရသော်လည်း ထိုမှတ်ဉာဏ်များသည် ထိရောက်သော အသိပညာအဖြစ် ပုံဖော်ရန် ပြန့်ကျဲလွန်းနေသည်။

၎င်းတို့သည် စကားတစ်ခွန်းအဖြစ်သာ ပြောင်းလဲနိုင်သည်။

“ဝံပုလွေဘုရင်၊ ကျေးဇူးပြုပြီး သတိထားပါ၊ အဲဒီ စွမ်းအားက... အရမ်း ဆိုးယုတ်တယ်”

အစည်းအဝေး ပြီးဆုံးပြီးနောက် လင်းထျန်းလုံသည် ကွပ်ကဲမှုခန်းမတွင် တစ်ယောက်တည်း ကျန်ရစ်ခဲ့ပြီး သူ၏ အသိစိတ်သည် စနစ်နေရာလွတ်ထဲသို့ နစ်မြုပ်သွားသည်။

သူသည် လက္ခဏာရပ် ပေါင်းစပ်ရေးမျက်နှာပြင်ကို ခေါ်ယူလိုက်ပြီး သူ၏အကြည့်များသည် ကောင်းကင်ဘုံကိုးထပ် မိုးကြိုးအကျဉ်းထောင်နှင့် ရေခဲအကျဉ်းထောင်ပလ္လင်တို့အပေါ် ကျရောက်သွားသည်။

မိုးကြိုးသည် အမြင့်ဆုံးယန်စွမ်းအင်နှင့် ခွန်အားဖြစ်ပြီး သန့်စင်သည့် ဂုဏ်သတ္တိများ ပိုင်ဆိုင်ကာ အစွန်းရောက်အအေးဒဏ်ပလ္လင်သည် အကြွင်းမဲ့ထိန်းချုပ်မှုနှင့် ချိတ်ပိတ်ခြင်းကို ကိုယ်စားပြုသည်။

မကောင်းဆိုးဝါးများကို သန့်စင်ပေးနိုင်ပြီး စိတ်ကိုညစ်ညမ်းမှုမှ ကာကွယ်ပေးနိုင်သည်။ တည်ငြိမ်စေနိုင်သော နယ်ပယ်တစ်ခု ဖန်တီးရန် သူတို့၏ စွမ်းအားများကို ပေါင်းစပ်နိုင်မည်လား။

သူသည် လက္ခဏာရပ် နှစ်ခုကို ပေါင်းစပ်ရေး အကွက်ထဲသို့ စမ်းသပ်သည့်အနေဖြင့် ဆွဲထည့်လိုက်သည်။ စနစ်က ချက်ချင်း တုံ့ပြန်မှု ပေးသည်၊

[စနစ်အသိပေးချက်]။ ။[ပေါင်းစပ်ရေး ဖော်မြူလာကို သော့မဖွင့်ရသေးပါ၊ တိကျသော အခြေအနေများနှင့် ကိုက်ညီရမည် သို့မဟုတ် တွက်ချက်မှု မစတင်မီ ဓာတ်ကူပစ္စည်းအဖြစ် သက်ဆိုင်ရာ ဂုဏ်သတ္တိရှိသည့် အဆင့်မြင့် သလင်းကျောက်အမြုတေများ/ဝိညာဉ်ပစ္စည်းများကို ထည့်သွင်းရမည်]

“မျှော်လင့်ထားတဲ့အတိုင်းပဲ၊ အလုပ်မဖြစ်ဘူး”

လင်းထျန်းလုံ စိတ်ပျက်မသွားဘဲ လက်ရှိ အရင်းအမြစ်များဆီသို့ အာရုံပြောင်းလိုက်သည်။

ယွဲ့ရီ ပြောခဲ့သော စွမ်းအင်ဂနာမငြိမ်ဖြစ်မှုကို ငြိမ်သက်စေပြီး ဝိညာဉ်အရင်းအမြစ်ကို အာဟာရဖြည့်တင်းပေးနိုင်သည့် “လမျက်ရည်စပျစ်” နှင့် သိုလှောင်ရုံထဲရှိ မိုးကြိုးချောက်ကမ်းပါးမှ ရရှိထားသော သန့်စင်ပြီးသား မိုးကြိုးသလင်းကျောက် အပိုင်းအစများကို သူ သတိရလိုက်သည်။ ကိုယ်ပိုင် ခုခံနိုင်စွမ်းကို ဦးစွာ အားဖြည့်ရန် ဤရှုထောင့်များမှ သူ စတင်နိုင်ပေလိမ့်မည်။

ညဥ့်နက်ပိုင်းသို့‌ရောက်လာလေ လေထုသည်အေးစက်လာလေဖြစ်သည်။ သစ်ပင်အိမ်ထဲတွင် နွေးထွေးသော လင်းလက်ရေညှိများက နူးညံ့သော အလင်းရောင်တစ်ခု ထုတ်လွှတ်နေသည်။

အသိုက်ထဲရှိ အခြားဝံပုလွေငယ်လေးများက ပိုင်လင်း၏ ညင်သာသော ချော့သိပ်သံအောက်တွင် အိပ်မောကျသွားခဲ့သည်မှာ ကြာပြီဖြစ်သည်။

ရှောင်လန်နှင့် ရှောင်ယင်းတို့သည် နူးညံ့သော တိရစ္ဆာန်အရေခွံများ ခင်းထားသည့် ကုတင်များပေါ်တွင် ယှဉ်လျက် လဲလျောင်းနေကြပြီး သူတို့၏ မျက်လုံးများ ပွင့်နေကာ သစ်ကိုင်းများနှင့် အရွက်ကြီးများဖြင့် ပြုလုပ်ထားသော ခေါင်မိုးကို စိုက်ကြည့်နေကြသည်။

“ရှောင်ယင်း၊ နင် အိပ်ပျော်သွားပြီလား”

ရှောင်လန်က တိုးတိုးလေး မေးလိုက်ပြီး သူမ၏ ရေခဲမျက်ဝန်းပြာများသည် အမှောင်ထဲတွင် တောက်ပနေသည်။

“အိပ်ပျော်ခါနီး‌နေပြီ”

ရှောင်ယင်းက မျက်လုံးမှိတ်ထားလျက် တုံ့ပြန်လိုက်ပြီး သူမ၏ အရောင်ဖျော့ဖျော့ ခရမ်းရောင်ဆံပင်များသည် ခေါင်းအုံးပေါ်တွင် ပြန့်ကျဲနေသည်။

“နင်က အမြဲတမ်း အိပ်ပျော်ခါနီး‌နေတယ်ဆိုတာချည်းပဲ”

“ ငါ့ကိုဆို လျစ်လျူရှုထားတယ်၊ ဒါပေမဲ့ နင့်စိတ်ထဲမှာလည်း မြောက်ဘက်အကြောင်း တွေးနေတာ သေချာတယ်”

ရှောင်လန်က စိတ်ထဲမှ နှုတ်ခမ်းမဲ့လိုက်သည်။

“သတင်းနှိုက်ဖို့အတွက် သိသိသာသာ စိုးရိမ်နေရက်နဲ့ အိပ်မငိုက်ချင်ယောင် ဆောင်နေတဲ့ သူထက်တော့ ပိုကောင်းပါတယ်”

ရှောင်ယင်းက မျက်လုံးမဖွင့်ဘဲ စိတ်ထဲမှ တုံ့ပြန်လိုက်သည်။

ခဏတာ တိတ်ဆိတ်သွားပြီးနောက် ရှောင်လန်က ရှောင်ယင်းဘက်သို့ လှည့်လိုက်သည်။

“အဲဒီ ‘မကောင်းတဲ့ ခံစားချက်’ က ပိုပိုပြီး နီးကပ်လာသလိုပဲ”

နောက်ဆုံးတွင် ရှောင်ယင်း မျက်လုံးဖွင့်လိုက်ရာ သူမ၏ ခရမ်းရောင်မျက်ဝန်းများသည် အမှောင်ထဲရှိ ကြယ်လေးများအလား လင်းလက်နေသည်။

“အင်း၊ အရမ်းအေးစက်ပြီး ခြောက်သွေ့နေတယ်၊ အရာအားလုံးကို စုပ်ယူချင်နေသလိုပဲ”

“ငါတို့ အရင်တစ်ခေါက် ကြုံခဲ့ရတဲ့ ခံစားချက်မျိုးလိုပဲ... ‘ထာဝရတိတ်ဆိတ်ခြင်း မဟာဖွဲ့စည်းပုံ’ ကို ရင်ဆိုင်ရတုန်းကလို”

ရှောင်လန်၏ စိတ်ထဲတွင် ထိတ်လန့်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

“မတူဘူး… အဲဒီ ဖွဲ့စည်းပုံက သေမင်းတမန် တိတ်ဆိတ်မှုပဲ… ဒါက... အသက်ဝင်နေတဲ့ ဝါးမြိုမှု တစ်ခုပဲ”

ရှောင်ယင်းက စိတ်ထဲမှ လေးနက်စွာ အမှားပြင်ပေးလိုက်သည်။

“ဖေဖေက ငါတို့ကို ကာကွယ်ပေးမှာပါ”

ရှောင်လန်က တိုးတိုးလေးပြောလိုက်ပြီး သူမ၏ လေသံတွင် အကြွင်းမဲ့ပြတ်သားမှု ပါဝင်နေသည်။

“အင်း”

ရှောင်ယင်းက တိုးညင်းစွာ တုံ့ပြန်လိုက်ပြီး သူမလည်း လှည့်လိုက်ရာ သူတို့၏ ခေါင်းလေးနှစ်လုံးမှာ ထိလုနီးပါး ဖြစ်သွားသည်။

“ငါတို့လည်း ဖေဖေနဲ့... အားလုံးကို ကာကွယ်ပေးရမယ်”

“အင်းလေ၊ မဟုတ်ရင် ငါတို့က ဒီစွမ်းအားတွေကို အလှပြဖို့ သိမ်းထားတာလား”

“နင် အဓိပ္ပာယ်မရှိတာတွေ မပြောနိုင်တော့တဲ့အထိ နင့်ရဲ့ဟင်းလင်းပြင် ကိုသြဒိနိတ်တွေကို အရင်လေ့ကျင့်သင့်တယ်”

သူတို့နှစ်ဦး စကားဆက်မပြောတော့ဘဲ သူတို့၏ သိမ်မွေ့သော အသက်ရှူသံများ တဖြည်းဖြည်း ထွက်ပေါ်လာသည်။

အပြင်ဘက်တွင် ဝံပုလွေအသိုက်သည် လရောင်အောက်၌ တိတ်ဆိတ်ပြီး စနစ်ကျနေသော်လည်း လေထုထဲတွင် မမြင်နိုင်သော ကြိုးများ ဖြည်းညင်းစွာ တင်းကျပ်လာပုံရသည်။

ထိုအချိန်တွင် မိုင်ထောင်ချီ ကွာဝေးသော ရေခဲချောက်နက်ကြီး အောက်၌။

ယင်းဖုန်း၏ ငွေဖြူရောင်ခန္ဓာကိုယ်သည် နက်ရှိုင်းသော ရေခဲအက်ကွဲကြောင်းတစ်ခုနှင့် တင်းကျပ်စွာ ကပ်ထားပြီး ဝံပုလွေမျက်လုံးနှစ်ဖက်လုံးကို တင်းကျပ်စွာ မှိတ်ထားကာ သူ၏ အသက်ရှူသံနှင့်နှလုံးခုန်သံတို့မှာ ရပ်တန့်လုနီးပါး ဖြစ်နေသည်။

သူသည် တစ္ဆေရေခဲအရိပ်ထွက်ပြေးခြင်းနှင့် အရိပ်ဝိညာဉ်၏ စွမ်းအားများကို ၎င်းတို့၏ အကန့်အသတ်အထိ တွန်းတင်ထားပြီး သူ့ကိုနှစ်သောင်းချီနက်နဲရေခဲနှင့် တစ်သားတည်းနီးပါး ဖြစ်စေသည်။

သူ့ရှေ့မလှမ်းမကမ်းရှိ အမှောင်ထုထဲတွင် ရုပ်ဆိုးသော အမာရွတ်တစ်ခုအလား မိုင်ပေါင်းများစွာ ကျယ်ဝန်းပြီး အောက်ခြေမရှိသော ဧရာမဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခုသည် ရေခဲပြင်ကို ဆုတ်ဖြဲထားသည်။

အက်ကွဲကြောင်းအတွင်းတွင် စေးကပ်သော ခရမ်းရင့်ရောင်မြူခိုးများ လိမ့်တက်နေပြီး အရာအားလုံးကို တိုက်စားနေသည့် ထိုအေးစက်ပြီး ရက်စက်ယုတ်မာသော တီးတိုးသံများသည် ၎င်းထဲမှ အဆက်မပြတ် ထွက်ပေါ်နေသည်။

ယခုလေးတင် သူ၏ နှင်းခဲအရိပ်လျှို့ဝှက်အစောင့်အရှောက်များထဲမှတစ်ဦးသည် ထိုတီးတိုးသံများကို အခိုက်အတန့်လေးတစ်ခုမျှသာ ‘နားထောင်’ လိုက်ရုံဖြင့် သူ၏ မျက်လုံးများသည် ထိုခရမ်းရင့်ရောင်ဖြင့် ချက်ချင်း ပြည့်နှက်သွားပြီး ရူးသွပ်သူတစ်ဦးအလား သူ၏ အသင်းဖော်များကို တိုက်ခိုက်ခဲ့သည်။

ယင်းဖုန်းက သူ့ကို အချိန်မီ ဖမ်းချုပ်နိုင်ခဲ့သော်လည်း လျှို့ဝှက်အစောင့်အရှောက်၏ ဝိညာဉ်စွမ်းအင်သည် မယုံနိုင်လောက်အောင် အားနည်းနေပြီဖြစ်ကာ အစိတ်အပိုင်း အတော်များများကို တစ်စုံတစ်ခုက ကိုက်ဖြတ်စားသောက်ခံလိုက်ရသကဲ့သို့ ဖြစ်နေသည်။

ယင်းဖုန်းသည် အဆင့်မြင့် စိတ်အာရုံဆက်သွယ်ခြင်းမှတစ်ဆင့် ဝံပုလွေအသိုက်ဆီသို့ အချက်အလက်တစ်ခုကို ထပ်မံပို့လွှတ်ရန် ကြိုးစားလိုက်ပြီး သူ ယခုလေးတင် မှတ်တမ်းတင်ထားသော ထိုထူးဆန်းသည့် တီးတိုးသံများ၏ လှိုင်းကြိမ်နှုန်း အနည်းငယ်ကိုပါ ထည့်သွင်းပေးလိုက်သည်။

အက်ကွဲကြောင်း၏ အခြားတစ်ဖက်ရှိ ‘အသိစိတ်’ သည်... ပိုမိုတက်ကြွလာနေပုံရကြောင်းကို သူ ခံစားနိုင်သည်။

ထို့ပြင် ရေခဲချောက်နက်ကြီး ပတ်လည်တွင် ခရမ်းရင့်ရောင်မြူခိုးများ ညစ်ညမ်းနေသော ရေခဲသလင်းကျောက်အချို့သည် ထူးဆန်းစွာ တွန့်လိမ်လှုပ်ရှားလာကြပြီး ရက်စက်ယုတ်မာသော ပုံသဏ္ဌာန်တစ်ခုခုအဖြစ် စုစည်းလာတော့မည့်အလား ဖြစ်နေသည်။

All Chapters