လွတ်လပ်တဲ့ခွေး
Vol. 12 Ch. 1171
" မိစ္ဆာဧကရာဇ်က ထောက်ခံတယ်လား ... "
ပိုင်ရှောင်ချန်းက ရင်ဘတ်ထဲမှ နှလုံးသားပေါက်ထွက်မတတ် တဒိန်းဒိန်းခုန်နေလျကိ မျက်တောင်တဖျပ်ဖျပ်ခတ်ကာ တွေးလိုက်သည်။
" သနားစရာကောင်းတဲ့ကလေး။ သူ့အဖေလို့ ထင်နေတဲ့ တစ်ယောက်က တကယ်တမ်း လူလိမ်တစ်ယောက်ဆိုတာတောင် မသိဘူးပဲ။ အဖေအစစ်က အသိအမှတ်မပြုပေမယ့် လူလိမ်သိမ်းပိုက်လိုက်တာနဲ့ ဒီလို အန္တရာယ်များတဲ့ ဝါသနာတစ်ခုကို ထောက်ခံမှာက သူ့အတွက် ပုံမှန်ပဲလေ ... "
သူသည် မိစ္ဆာမင်းသားအတွက် စိတ်မကောင်းဖြစ်သော်လည်း ယခုတွင် ထိုကဲ့သို့ပွဲမျိုးကို ပါဝင်ရန် လုံးဝစိတ်မပါပေ။
ထိုမျှသာမက ယခု သူသည် မိစ္ဆာဧကရာဇ်နိုင်ငံမှ လူတိုင်းနီးပါး ရူးနေကြောင်း ယုံကြည်သွားတော့သည်။ တစ်ယောက်တလေမှ သာမန်လူတစ်ယောက်ပုံ မပေါက်ပေ။ တချိန်တည်းမှာပင် အစောပိုင်းက မိစ္ဆာမင်းသား၏စကားနှင့်ပတ်သက်သည့် မည်သည့်အရာတစ်ခုကမှ ယုတ္တိမရှိဟု ဆုံးဖြတ်လိုက်၏။ သူက သူ၏ခန္ဓာကိုယ်ထဲတွင် အခြေချပြီး သူ၏ဝိညာဥ်တွင် မလိုလားသည့် ပြောင်းလဲမှုများ ဖြစ်ပွားစေမည့် ဤကဲ့သို့အကြံအစည်များကို မလိုချင်ပေ။
" ဒီလူတွေက အရူးတွေပဲ "
ပိုင်ရှောင်ချန်းက မိစ္ဆာမင်းသား၏ ကမ်းလှမ်းချက်ကို ပြတ်ပြတ်သားသား ငြင်းပြီးနောက် ၄င်းက သူ့ကို စိတ်ကွက်စေမည်ဖြစ်ကြောင်း သိသည့်တိုင် သူ၏နတ်ဘုရားတစ်ပိုင်းအဆင့်လက်အောင်ငယ်သား နှစ်ယောက်နှင့်အတူ လေပေါ်ပျံတက်လိုက်တော့သည်။
သူ ထွက်ခွာရန် ပြင်လိုက်ချိန်မှာပင် ရပ်ပြီး ပင်မဂိတ်ကို ပြန်ကြည့်လိုက်သည်။
သူ ထိုသို့ကြည့်လိုက်စဥ် အလယ်ပိုင်းကောင်းကင်ဧကရာဇ်အဆင့်၏ အရှိန်အဝါတစ်ခု သူ၏ထွက်ခွာမှုကို ဆန့်ကျင်ရန်အလား တဟုန်ထိုးထွက်ပေါ်လာသည်။
ဂိတ်၏အမှောင်ထုမှ လမ်းလျှောက်ထွက်လာသည့် ပုံရိပ်တစ်ခုကို ကြည့်လိုက်သည်တွင် သူ၏မျက်နှာပေါ်၌ အရုပ်ဆိုးသော အမူအရာတစ်ခုပေါ်လာပြီး သူ၏နှလုံးသား အေးစက်တင်းမာသွား၏။ ထိုနေရာတွင်ကား အနက်ရောင်ဝတ်ရုံတစ်စုံကို ဝတ်ဆင်ထားသည့် ကောင်းကင်တံတားတာအိုပင်။
သူက ပိုင်ရှောင်ချန်းကို အေးစက်တင်းမာသောမျက်နှာထားဖြင့် စိုက်ကြည့်လိုက်ရာ သူတို့အကြည့်ချင်းဆုံသွားသောအခါ ဂျိန်းခနဲ မိုးခြိမ်းသံ ကြားနိုင်လုနီးပါးပင်။
" ကောင်းကင်တံတားတာအိုနဲ့ ပတ်သက်ပြီး တစ်ခုခုထူးဆန်းနေတယ်။ ငါတို့ ဒုတိယအင်မော်တယ်နယ်မြေမှာ နောက်ဆုံးတစ်ခေါက် တွေ့ခဲ့တုန်းကထက်တောင် ပိုပြီး အစွမ်းထက်နေပါလား"
ပိုင်ရှောင်ချန်းသည် သူ အမှတ်မထင် ကြုံတွေ့ခဲ့သည့် အလွန်ကြီးမားသောကံကြမ္မာကောင်းကြောင့် အလျင်အမြန်တိုးတက်ခဲ့ခြင်း ဖြစ်၏။ သို့သော် ကောင်းကင်တံတားတာအိုသည်လည်း သူ့နည်းသူ့ဟန်ဖြင့် စိတ်ကူး၍ပင် မရနိုင်သော ကံကြမ္မာကောင်းတချို့ကို ကြုံတွေ့ခဲ့ကြောင်း ထင်ရှားလေသည်။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ ယခုတွင် ပိုင်ရှောင်ချန်းကို မီနေသည်အထိ လျင်မြန်စွာ တိုးတက်လာခဲ့သည်။
မိစ္ဆာဧကရာဇ်မြို့တွင်သာ မဟုတ်လျှင် ပိုင်ရှောင်ချန်းမှာ စဥ်းစားမနေဘဲ ကောင်းကင်တံတားတာအိုကို တိုက်ခိုက်မည်ဖြစ်သည်။ သို့သော် ယခုတွင် သူက ထိုကဲ့သို့အရာတစ်ခုကို သေချာပေါက်လိုအပ်မှသာ လုပ်နိုင်လေသည်။
ယခု ကောင်းကင်တံတားတာအို ရောက်ရှိလာခဲ့၍ မိစ္ဆာမင်းသားက တဟားဟားရယ်မော၍ လေပေါ်ပျံတက်လိုက်သည်။
" သံအမတ်ကြီးပိုင် ဒီလိုအလျင်လိုနေစရာ မလိုပါဘူးဗျာ အပေးအယူမလုပ်ချင်ရင် ရတယ် ကျုပ်တို့ မလုပ်ဘူး။ ဒါပေမဲ့ အခု ဒီအထိတောင်ရောက်လာမှတော့ သေချာပေါက် ထိပ်တန်းအရက်နည်းနည်းပါးပါးတော့ သောက်ရမယ်။ ကျုပ်က တမင် မင်းနဲ့ ကောင်းကင်တံတားတာအိုကို သေသေချာချာ ဖိတ်ခဲ့တာ။ ဒါမှ ကျုပ် မင်းတို့နှစ်ယောက်ကြားထဲ ဖျန်ဖြေသူအဖြစ် လုပ်ပေးနိုင်မှာလေ “
" မင်းတို့ နှစ်ယောက်လုံး ကောင်းကင်တံတားဒေသကဆိုလဲ အရေးမကြီးဘူး။ ကျုပ်တို့ ကြိုးစားရင် မဖြေရှင်းနိုင်တဲ့ ရန်ငြှိုးဆိုတာ မရှိပါဘူး။ လာ လာ … အတူသောက်ပြီး အတိတ်ကို နောက်မှာ ထားခဲ့ကြတာပေါ့။ ကျုပ်တို့ ကျင့်ကြံသူတွေက စစ်မှန်တဲ့ မဟာတာအိုဖြစ်တဲ့ ထာဝရလမ်းစဥ်ကို လက်ကိုင်ပြုရမှာလေ"
အကြံပြုစကားကြောင့် ကောင်းကင်တံတားတာအိုက လက်ယှက်ပြီး ခါးကိုင်း၍ လေးလေးနက်နက် ဦးညွှတ်လိုက်သည်။
" အရှင့်ရဲ့ စကားလုံးတိုင်း ၊ အမိန့်တိုင်းကို ကျွန်တော်မျိုး လိုက်နာပါမယ့် မိစ္ဆာမင်သားခင်ဗျား "
ကောင်းကင်တံတားတာအိုက ဤနည်းဖြင့် ပြုမူပုံ၊ ပြောဆိုပုံကို မြင်ရသည်က ပိုင်ရှောင်ချန်းကို မျက်မှောင်ကြုတ်သွားစေသည်။ ကောင်းကင်တံတားတာအိုသည် ကောင်းကင်ဧကရာဇ်တစ်ပါးဖြစ်သောကြောင့် သူ့အတွက် ဤကဲ့သို့ ကပ်ဖားရပ်ဖားလုပ်ရန် အကြောင်းရင်းတစ်စုံတရာရှိသည့်ပုံ မပေါ်ပေ။
ကောင်းကင်တံတားတာအိုက အပြင်လူတစ်ယောက် ဖြစ်လျှင်တောင်မှ ၄င်းမှာ ယုတ္တိမရှိသေးပေ။
ထိုမျှသာမက ဤသည်မှာ ကောင်းကင်တံတားတာအို ပြုမူလေ့ရှိသည့်ပုံစံ မဟုတ်ပေ။ သူသည် တစ်ခါက မြင့်မြတ်ပြီး အရှိန်အဝါကြီးမားသော ကောင်းကင်ဧကရာဇ်တစ်ပါးဖြစ်ခဲ့သော်လည်း ယခုတွင် လုံးဝခြားနားစွာ ပြုမူနေသည်။ သူက လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့သည်အလားပင်။
ပိုင်ရှောင်ချန်းက သူ့ကိုကြည့်၍ တစ်ခွန်းချင်း ပြောသည်။
" ခင်ဗျားက ခင်ဗျားနေထိုင်ခဲ့တဲ့ ကမ္ဘာကြီးကနေ ထွက်သွားဖို့လေးအတွက်နဲ့ ခင်ဗျားရဲ့လူတွေကို စွန့်ပစ်ရင်း အကုန်လုံး လက်လျှော့ပြီး ခင်ဗျားရဲ့ သွေးသားအရင်းခေါက်ခေါက်ကိုတောင် ရက်ရက်စက်စက် ဆက်ဆံခဲ့တယ်။ အခုတော့ ကောင်းကင်တံတားတာအို … ခင်ဗျားက ခွေးတစ်ကောင်လိုမျိုး အစေခံတစ်ယောက်ထက် မပိုပါလား။ ပျော်ရဲ့လား "
ကောင်းကင်တံတားတာအိုက အမူအရာမပြောင်းဘဲ အေးစက်သော မျက်လုံးများဖြင့် မော့ကြည့်လိုက်သည်။
" ငါက ကမ္ဘာတစ်ခုရဲ့အဲဒီသင်္ချိုင်းမှာ သေဆုံးရင်း အလေအလွင့်ဖြစ်သွားရတာထက် စာရင် "
သူက ပြောသည်။
" လွတ်လပ်တဲ့ခွေးတစ်ကောင်ပဲ ဖြစ်ချင်တယ် "
သူက ဤအတိုင်းအတာကို စဥ်းစားခဲ့ပြီးသည့်အလား တည်ငြိမ်အေးဆေးစွာဖြင့် စကားလုံးများကို ပြောလိုက်လေသည်။
ကောင်းကင်တံတားတာအို၏ တုံ့ပြန်မှုက ပိုင်ရှောင်ချန်းကို ပို၍သာ ဒေါသထွက်သွားစေ၏။
" ခင်ဗျားက လွတ်လပ်တဲ့ ခွေးတစ်ကောင် ဖြစ်ရင်ဖြစ်ပေမယ့် " သူက ပြန်ပြော၏။
" ခင်ဗျားလူတွေ ညှင်းပန်းနှိပ်စက်ခံခဲ့ရတာကို ခင်ဗျားမျက်လုံးတွေနဲ့ စောင့်ကြည့်ခဲ့တယ်လေ"
" အဲဒါက ခံနိုင်ရည်စမ်းသပ်မှုပဲ " ကောင်းကင်တံတားတာအိုက မည်သည့်အရာကမှ သူ့အတွင်းထဲရှိ စိတ်ခံစားချက်မြူမှုန်ပင် မလှုံ့ဆော်နိုင်ခဲ့သည့်အလား တည်ငြိမ်စွာ ပြန်ဖြေသည်။
" သူတို့အတွက် အဲဒါက ပထမဆုံးအဆင့်ပဲ ဖြစ်ရင် ဖြစ်မယ်။ အသက်ရှင်ရက် လွတ်မြောက်သွားတဲ့သူက ဆက်လက်အသက်ရှင်နိုင်တယ်။ သေသွားတဲ့သူတွေကတော့ ကျင့်ကြံခြင်းစမ်းသပ်မှုတစ်ခုကိုပဲ ရင်ဆိုင်လိုက်ရတာပေါ့။ အဲဒီကိစ္စထဲ ပျောက်ကွယ်သွားတဲ့ သူတွေကတော့ အဲဒါက သူ့ပတ်လည်က ကမ္ဘာကြီးနဲ့အတူ သေဖို့ သူတို့အတွက် ကံကြမ္မာကောင်း ဖြစ်လောက်တယ် "
" သိပ်ကောင်းတဲ့စကားပဲ "
မိစ္ဆာမင်းသားက မျက်နှာပေါ်တွင် ချီးကျူးသောအသွင်တစ်ခုဖြင့် အေးစက်စက်ရယ်မောကာ ဝန်ခံလိုက်သည်။
" ခင်ဗျားထက်ပိုပြီးကောင်းအောင် မပြောနိုင်တော့ဘူး ကောင်းကင်ဧကရာဇ် ကောင်းကင်တံတား။ ကျင့်ကြံခြင်းကမ္ဘာမှာ ခံနိုင်ရည်စမ်းသပ်မှုက အရေးကြိီးဆုံးပဲ။ သံအမတ်ကြီးပိုင်ရယ် အားနည်းတဲ့သူတွေ အတွက် ဘာလို့ငိုနေဦးမှာတုန်း။ လူတွေ မွေးတယ် သေတယ်။ ရိုးရိုးလေးပဲကို "
မိစ္ဆာမင်းသား ရယ်လိုက်စဥ် ကောင်းကင်တံတားတာအိုက ခေါင်းညိတ်ထောက်ခံ၏။ သူက ပိုင်ရှောင်ချန်းကို ကြည့်၍ ပြုံးလိုက်လေသည်။
" ပိုင်ရှောင်ချန်း … မင်းက ကြွက်တစ်ကောင်လို တွန့်ဆုတ်တွန့်ဆုတ်နဲ့ လိပ်ပြာလွင့်မတတ် ကြောက်တတ်တာပါ။ ဘယ်လိုလုပ် ရုတ်တရက်ကြီး အရမ်းသံယောဇဥ်တွယ်ပြီး စိတ်ကူးယဥ်ဆန်နေရတာတုန်း "
ပိုင်ရှောင်ချန်းက သူ့ကိုယ်သူ အတင်းအဓမ္မ ထိန်းချုပ်နေရပုံဖြင့် ကောင်းကင်တံတားတာအိုကို အချိန်အတော်ကြာသည်အထိ စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။ ထို့နောက် သူက ရုတ်တရက် ထရယ်၏။ သူက ပြတ်သားခြင်းများဖြင့် မျက်လုံးများ တောက်ပနေရင်း ပြောသည်။
" ခင်ဗျား တိုက်ချင်တာမလား။ ကဲ တိုက်ကြတာပေါ့ "
သူက ရှေ့တစ်လှမ်းတိုး၍ ပုံရိပ်များစွာအသွင်ပြောင်းလဲကာ ကောင်းကင်တံတားတာအိုထံ ပြေးဝင်လိုက်သည်။
သူ နီးကပ်လာသဖြင့် ကောင်းကင်တံတားတာအို၏ မျက်လုံးများ ကျဥ်းမြောင်းသွားပြီး သူက လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွယ်တစ်ကွက်ဖော်လိုက်သည်။ ချက်ချင်းပင် သူ၏နောက်၌ တာအိုဂိတ်တံခါးဆယ်ခုပေါ်လာကာ လေမုန်တိုင်းကြီးအသွင်ဖြင့် ပိုင်ရှောင်ချန်းကို ရင်ဆိုင်ရန် ရှေ့တက်သွားလေသည်။
သူတို့က မျက်စိကျိန်းမတတ် အမြန်နှုန်းဖြင့် ရွေ့လျားသွားကာ ဧရာမပေါက်ကွဲမှုကြီးအဖြစ် ထိပ်တိုက်တွေ့ဆုံသွားပြီး အရပ်မျက်နှာတစ်ခွင် တုန်ခါလှိုင်းများ ပို့လွှတ်လိုက်တော့သည်။
အနီးနားရှိ နတ်အဆင့်ကျင့်ကြံသူများနှင့် နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများမှာ သိသိသာသာ တုန်လှုပ်သွားကြပြီး နောက်ဆုတ်လိုက်ကြသည်။ မိစ္ဆာမင်းသားပင် ချက်ချင်းနောက်ဆုတ်လိုက်၏။ ကောင်းကင်ဧကရာဇ်နှစ်ပါးကြားက တိုက်ပွဲတစ်ပွဲသည် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ပြားပြားဝပ်သွားစေနိုင်သည် မဟုတ်ပါလော။ ၄င်းမှာ အမှန်တကယ် အံ့သြတုန်လှုပ်ဖွယ်ကောင်းသော အရာတစ်ခုဖြစ်လေသည်။
" ခင်ဗျား ဘာလုပ်နေတာလဲ ပိုင်ရှောင်ချန်း"
မိစ္ဆာမင်းသားက သိသာစွာ ပိုင်ရှောင်ချန်းအပေါ် တာဝန်အားလုံးပုံချလျက် အော်လိုက်သည်။ သို့သော် ပိုင်ရှောင်ချန်းကား တိုက်ခိုက်ရန် စိတ်ပိုင်းဖြတ်ပြီးသည်နှင့် မည်သူဘာလုပ်လုပ်၊ ဘာပြောပြော ဂရုမစိုက်ပေ။ သူက လျှပ်စီးလက်သည့်ပမာ ဆက်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူနှင့် ကောင်းကင်တံတားတာအိုသည် တိုက်ကွက်ဒါဇင်များစွာ ဖလှယ်ခဲ့ကြပြီးဖြစ်၏။
ကောင်းကင်တံတားတာအို၏ ပါးစပ်မှ သွေးများပန်းထွက်သွားပြီး သူ နောက်သို့လွင့်ထွက်သွားသည်။ သူ၏မျက်နှာသည် စက္ကူရွက်ကဲ့သို့ ဖြူဖပ်ဖြူလျော်ဖြစ်နေသည့်တိုင် သူ၏မျက်လုံးများက ခက်ထန်နေသေး၏။ သူက ပိုင်ရှောင်ချန်း အမှန်တကယ် မည်သည်အစွမ်းထက်ကြောင်း အတိအကျသိရရန် တိုက်ခိုက်အောင် ဆွပေးခဲ့ခြင်းဖြစ်သည်။
သူရရှိခဲ့သည့် အဖြေကား စိတ်ကျေနပ်ဖွယ်မကောင်းပေ။
သူနောက်လွင့်သွားချိန်မှာပင် ပိုင်ရှောင်ချန်းက အရှိန်တင်ပြီး သူ့ကို ထပ်မံ ထိုးနှက်လိုက်သည်။ ကောင်းကင်တံတားတာအိုမှာ နောက်တစ်ဖန် ပါးစပ်မှ သွေးများပန်းထွက်သွားကာ နောက်ထပ် မီတာ သုံးရာ လွင့်ထွက်သွားပြန်သည်။
ပိုင်ရှောင်ချန်းမှာ သတ်ဖြတ်လိုစိတ်များ တောက်လောင်လာချိန်မှာပင် နတ်ဘုရားအာရုံစီးကြောင်းများက ထိုနေရာအပေါ် စုဆုံလာ၏။ မိစ္ဆာဧကရာဇ်မြို့၏ ကောင်းကင်ဧကရာဇ်များက ဝင်ပါရန် ပြင်လိုက်ကြသည်။
သူတို့သာဆိုလျှင် စိုးရိမ်စရာရှိမည်မဟုတ်ပေ။ သို့သော် ရက်စက်ပြီး သြဇာကြီးမားသော၊ ကောင်းကင်ကို ထက်ခြမ်းခွဲပစ်နိုင်သည့် မည်သည့်ကောင်းကင်ဧကရာဇ်မဆိုထက် သာလွန်သော နတ်ဘုရားအာရုံစီးကြောင်းတစ်ကြောင်း ပေါ်ပေါက်လာ၏။ ချက်ချင်းပင် နတ်ဘုရားစိတ်ဆန္ဒက ပိုင်ရှောင်ချန်းကို ဖမ်းဆွဲပြီး မပြောမဆို နောက်သို့ တွန်းထုတ်လိုက်သည်။
ပိုင်ရှောင်ချန်းမှာ တဆတ်ဆတ်တုန်ယင်သွားပြီး နောက်သို့ မီတာ ဒါဇင်များစွာ ယိမ်းယိုင်သွား၏။ တချိန်တည်းမှာပင် မိစ္ဆာဧကရာဇ်၏ အသံက သူ့နားထဲတွင် အေးစက်စွာ ပဲ့တင်ထပ်သွားသည်။
" တော်သင့်ပြီ "
ကောင်းကင်တံတားတာအိုက ချက်ချင်း ဦးညွှတ်ပြီး ပြောသည်။
" ဟုတ်ကဲ့ပါ အရှင် "
ပိုင်ရှောင်ချန်းမှာမူ အံတင်းတင်းကြိတ်လျက် တခဏကြာ ရပ်နေပြီးနောက်မှ ခေါင်းညိတ်လိုက်သည်။သူက အင်္ကျီလက်စကို ခါရမ်းရင်း လှည့်၍ လမ်းလျှောက်ထွက်သွားလေသည်။
သို့သော် ခြေလှမ်းအနည်းငယ်သာလျှောက်ပြီးနောက် သူက တုံ့ခနဲရပ်ပြီး ခေါင်းလှည့်ကြည့်ကာ ပြောသည်။
" တုလင်ဖေး ဘယ်လိုနေလဲ "
ပိုင်ရှောင်ချန်းသည် သူ၏နှလုံးသားထဲတွင် ထိုစကားများကို ယခုအချိန်အထိ အချိန်အတော်ကြာ ချုပ်တည်းထားခဲ့ရသည်။ အတိတ်တုန်းက အဖြေကို တွေး၍ ကြောက်နေရသဖြင့် မမေးရဲခဲ့ပေ။ သို့သော် ယခုတွင် သူက တုံ့ဆိုင်းနေခြင်း အလျဥ်းမရှိပေ။