← Chapters

ငွေထုပ်ကြီး

Vol. 12 Ch. 1172

ငွေထုပ်ကြီး

Vol. 12 Ch. 1172

ဤအခိုက်အတန့်အထိ ကောင်းကင်တံတားတာအို၏ အမူအရာသည် သွေးများအန်သည့်အချိန်မှာပင် ရေခဲတမျှအေးစက်နေဆဲ ဖြစ်ခဲ့၏။ သို့သော် ပိုင်ရှောင်ချန်း၏ စကားလုံးများကြောင့် သူ ရုတ်တရက် တဆတ်ဆတ်တုန်ရီသွားလေသည်။

သူက ခါးသီးနာကျည်းမှုများနှင့် သူခံစားနေရသည့် ရောထွေးသော အခြားခံစားချက်များအား ဖော်ပြမိမည်ကို ရှောင်တိမ်းရန် အကြည့်ပင်လွှဲလိုက်သည်။ သူ၏အမူအရာက လျင်မြန်စွာ ပုံမှန်ပြန်ဖြစ်သွားသော်လည်း သူ၏အသံမှာ အနည်းငယ်မျှ ပျော့ပျောင်းသွားလေသည်။

" သူ ... အသက်ရှင်သေးတယ် "

" ဘယ်မှာလဲ "

ပိုင်ရှောင်ချန်းက ထိုနည်းတူ အတန်ငယ် တုန်ရီနေလျက် ပြန်မေးသည်။

အချိန်အနည်းငယ် ကုန်ဆုံးသွား၏။ နောက်ဆုံး၌ ကောင်းကင်တံတားတာအိုက ပြောသည်။

" ငါ သူ့ကို မရှာနိုင်ခဲ့ဘူး ... "

ပိုင်ရှောင်ချန်းက ထိုစကားကို ကြားသောအခါ မည်သည့်အကြောင်းတွေးနေမိသည်၊ မည်သို့ခံစားရသည်ကို မသေချာတော့ပေ။ နောက်ထပ်အချိန်အနည်းငယ်ကုန်ဆုံးသွားပြီးနောက် သူက မေးခွန်းတစုံတရာ မမေးတော့ဘဲ ထွက်ခွာသွား၏။

သံရုံးတွင် သူသည် သူ၏သီးသန့်အခန်း၌ နောက်တစ်ဖန်ထပ်၍ တံခါးပိတ်ကျင့်ကြံရန် ဝင်ရောက်လိုက်သည်။ တင်ပျဥ်ခွေထိုင်ပြီးနောက် သူက ကောင်းကင်တံတားတာအို သူ့ကို စုပ်ယူနေစဥ် တုလင်ဖေးက သူ့အတွက် ရပ်ရန် အသည်းအသန်တောင်းပန်နေတုန်းက မည်သည်နှင့်တူခဲ့သည်ကို ပြန်သတိရလိုက်သဖြင့် တဆတ်ဆတ်တုန်ရီသွားပြီး သူ၏မျက်လုံးများထဲ၌ ခါးသီးနာကျည်းသောအလင်းတစ်စ ပေါ်ပေါက်လာ၏။

" မင်း အသက်ရှင်နေသရွေ့ အဲဒါက အရေးအကြီးဆုံးပါပဲ... "

သူက ရေရွတ်လိုက်သည်။ အကြောင်းပြချက်တချို့ကြောင့် ကောင်းကင်တံတားတာအိုပင် သူမကို ခြေရာမခံနိုင်ခဲ့သော်လည်း ပိုင်ရှောင်ချန်းသည် သူမအသက်ရှင်နေသရွေ့ နောက်ဆုံး၌ သူမကို သူ ရှာနိုင်မည်ဖြစ်ကြောင်း သိလေသည်။

ပိုင်ဟောက်လည်း ထိုနည်းတူပင် ... မျှော်လင့်ချက်သေးသေးလေး ရှိနေသေးသရွေ့ ၄င်းကို သူ ဖက်တွယ်နေဦးမည် ဖြစ်သည်။ ထို့ပြင် ထိုလှပသောမျှော်လင့်ချက်လေးက သူ့ကို ထိုကိစ္စနှင့်ပတ်သက်၍ သက်ပြင်းချခြင်းမှ ရှောင်ကြည်စေလိုက်၏။

" အဲဒါ သေချာပေါက်ဖြစ်မှာ … "

သူက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်း၍ သူ၏အတွေးများကို ဖိနှိပ်ပြီး မျက်လုံးများကို ပိတ်ကာ တချိန်က သူ လုပ်ရန် သဘောမကျခဲ့သောအရာဖြစ်သည့် ငြိမ်းချမ်းမှုကို ရှာဖွေရန် ကျင့်ကြံအားထုတ်လိုက်လေသည်။

တစ်လကား လျှပ်တပြက်အတွင်း ကုန်ဆုံးသွားပြီး ပိုင်ရှောင်ချန်းသည် ကျင့်ကြံခြင်းအပေါ် တချိန်လုံး အာရုံစိုက်ထား၏။ ကျင့်ကြံခြင်းတွင် သူ့ကိုယ်သူ နှစ်မြုပ်ထားခြင်းဖြင့် အတိတ်က ခါးသီးသောနာကျင်မှုများကို မေ့ဖျောက်ခြင်းက သူအသားကျလာခဲ့သည့် အရာ ဖြစ်သည်။

နောက်ထပ်တစ်လ ကုန်ဆုံးသွား၏။ အစောင့်အရှောက်ဝိညာဥ် ထပ်မံအိပ်ပျော်နေကြောင်း တွက်ချက်ပြီးနောက် သူက ယပ်တောင်အစုတ်ကြီးအပေါ် ပြန်သွားလိုက်သည်။

ယပ်တောင်ကြီးက ဟင်းလင်းပြင်၏ မည်းမှောင်နေသော အမှောင်ထုကို ဖြတ်လျက် လွင့်မျောနေသော နေရာသည် ထာဝရအင်မော်တယ်နယ်မြေများမှ အလွန့်အလွန်ဝေးကွာကြောင်း သိသည်။ ယပ်တောင်ကြီး မည်သည့်နေရာတွင်ဖြစ်ကြောင်း အတိအကျမသိသော်လည်း သူ ၄င်းအပေါ်တွင် ရပ်ပြီး နတ်ဘုရားအာရုံများ ပို့လွှတ်၍ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်သောအခါ ထာဝရအင်မော်တယ်နယ်မြေများနှင့် အလွန်ခြားနားကြောင်း သိလိုက်သည်။

" ဟင်းလင်းပြင်ကြီးက ဒီလောက်ကြီးလား ... "

သူက ခပ်တိုးတိုးရေရွတ်လိုက်သည်။ သူသည် သူ၏ကျင့်ကြံခြင်းအခြေခံတိုးတက်အောင် ယပ်တောင်ကြီးအား အသုံးပြုရသည်ကို ပျော်မွေ့သည်သာမက ကြီးမားသောတံခါးကြီးတစ်ချပ်ကို ဖြတ်သွားရသည်ကို နှစ်ခြိုက်သည်။

သူ အရှေ့က တစ်စုံတစ်ယောက် ဤပုံစံဖြင့် ထာဝရအင်မော်တယ်နယ်မြေများမှ ထွက်ခွာခဲ့ဖူးသည်လား မသေချာသော်လည်း အကယ်၍ ထွက်ခွာခဲ့ဖူးလျှင် အလွန်ရှားပါးမည်ဆိုသော ခံစားချက် သူ ရနေလေသည်။ မိစ္ဆာဧကရာဇ် သို့မဟုတ် သူတော်စင်ဧကရာဇ်ပင် အမှောင်ထုအထဲ ဝေးဝေး မဟုတ်ပေ။

" ငါက တကယ်ပဲ ... ထာဝရအင်မော်တယ်နယ်မြေကနေ ဒီနေရာကို ထွက်လာဖူးတဲ့ တစ်ယောက်တည်းသောလူ များလား "

နောက်ဆုံး၌ သူသည် ဟင်းလင်းပြင်ကြီးမှ ယပ်တောင်အစုတ်ကြီးထံသို့ အကြည့်လွှဲလိုက်သည်။

" အဆင့်ခုနစ်ဆယ့်ရှစ်နောက်ပိုင်း ပိုပြီးတောင် ခက်ခဲလောက်တယ် ... "

သူက မျက်လုံးများ တဖျပ်ဖျပ်လက်နေလျက် အဆင့်ခုနစ်ဆယ့်ကိုးထံ ဦးတည်နေသည့် ယပ်တောင်အရိုးထံ ဦးတည်လိုက်သည်။

မကြာခင် ပိုင်ရှောင်ချန်းသည် အဆင့်ခုနစ်ဆယ့်ကိုးက သူထင်ထားသည်ထက် ပို၍ပင် အံ့သြစရာကောင်းလောက်အောင် ခက်ခဲကြောင်း တွေ့လိုက်ရ၏။ အမှန်တကယ်ပင် သူ့အတွက် ၄င်းကို ကျော်ဖြတ်ရန် လဝက်နီးပါးကြာလိုက်လေသည်။

သူ၏ အားကောင်းသော ပြန်လည်ကုစားခြင်းစွမ်းအားများနှင့် မိုးမြေဧကရာဇ်တစ်ပါး၏ အသွေးအသားတချို့ကို စုပ်ယူခဲ့သည့်အချက်ကြောင့်သာ မဟုတ်လျှင် သူကျရှုံးလောက်မည် ဖြစ်သည်။ ထို့နောက်တွင်ကား အဆင့် ရှစ်ဆယ် ....

အချိန်များကုန်လွန်သွား၏။ ယခင်က အစောင့်အရှောက်ဝိညာဥ်အိပ်ပျော်နေချိန် ပိုင်ရှောင်ချန်းသည် ထိုအချိန်အတောအတွင်း အဆင့်ဆယ်ဆင့် ကျော်ဖြတ်နိုင်ခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင် သူက အဆင့်ရှစ်ဆယ့်သုံးထိသာ ရောက်နိုင်လိုက်သည်။

သူက ထွက်လာသည်နှင့် သိသိသာသာ ခြေကုန်လက်ပန်းကျနေတော့သည်။ သူ၏ ဒဏ်ရာများမှ သွေးများထွက်နေပြီး သူ၏အပြင်အားကိုယ်နှင့် ကျင့်ကြံခြင်းအခြေခံမှာ ပျက်စီးတော့မတတ် မတည်မငြိမ်ဖြစ်နေကာ သူ ကျောချလှဲလိုက်သည်။

" ဒါက အရမ်းခက်လွန်းတယ်... "

သူက တွေးလိုက်သည်။ သူသည် ထိုနေရာတွင် သုံးရက်လှဲနေပြီးနောက်ဆုံး အစောင့်အရှောက်ဝိညာဥ်နှင့်ပတ်သက်၍ အနည်းငယ်တွက်ချက်ရန် လုံလောက်သည်အထိ သက်သာပြီဟု ခံစားလိုက်ရ၏။

" ငါ့မှာ အဆင့်ရှစ်ဆယ့်လေးကို ကျော်ဖြတ်ဖို့ အချိန်မလုံလောက်ရင် မလုံလောက်လောက်ဘူး " သူက တွေး၏။

" အဲဒီ အစောင့်အရှောက်ဝိညာဥ်လေး နှစ်ရက် သုံးရက်အတွင်း နိုးလာလောက်တယ်။ ဒါပေမဲ့ အနည်းဆုံးတော့ အဲဒါ ဘာနဲ့တူလဲဆိုတာ သွားစစ်ဆေးပြီး အဲဒါကို ကျော်ဖြတ်ဖို့ နည်းလမ်းတွေးလို့ရလိမ့်မယ် "

သူက အံတင်းတင်းကြိတ်၍ အဆင့်ရှစ်ဆယ့်လေးထံ ဦးတည်လိုက်သည်။

သူ ဝင်ရောက်ပြီး လှည့်ပတ်ကြည့်လိုက်သည်နှင့်တစ်ပြိုင်နက် လုံးဝစိတ်ကူးယဥ်၍မရနိုင်သည့် အရာကို မြင်လိုက်ရလေသည်။ သူ၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွား၏။

" ဒါ ... ဒါက ... ဒါ ဘယ်နည်းနဲ့မှ တကယ်ကြီးဖြစ်နေတာ မဖြစ်နိုင်ဘူး ... ဘုရားရေ "

အဆင့်ရှစ်ဆယ့်လေး ကမ္ဘာမှာ ညှို့မှိုင်းနေသော မြေရိုင်းနယ်မြေဖြစ်သည်။ ကောင်းကင်သည် မည်းမှောင်နေပြီး ကျိုးတဲကျဲတဲ အပင်များမှာ ညှိုးနွမ်းခြောက်ကပ်နေလေသည်။ တစ်နေရာလုံး ပြည့်နှက်လျက်ရှိသော သေခြင်းအရှိန်အဝါတစ်ခုလည်း ရှိ၏။

လေထုထဲတွင် သူ့ကိုဝန်းရံနေသည်ကား ဝိညာဥ်မြောက်မြားစွာပင်။

၄င်းတို့သည် အသိစိတ်ကင်းမဲ့စွာ လွင့်မျောနေပြီး ကြည့်ရသရွေ့ ၄င်းတို့ကို မည်သူမှ အနှောင့်အယှက်မပေးသရွေ့ ထိုကဲ့သို့ ထာဝရတစ်လျှောက်လုံး ဆက်လုပ်နေမည့် ပုံပေါ်လေသည်။ သို့သော် ၄င်းတို့က အနှောင့်အယှက်ခံရလျှင် ရက်စက်ကြမ်းကြုတ်လာပြီး အသက်ရှိသော မည်သည့်အရာကိုမဆို လုံးဝဝါးမျိုပစ်မည် ဖြစ်သည်။ မြောက်မြားစွာသော အရေအတွက်ကို ထည့်တွက်လျှင် ထိုသို့ဖြစ်ပွားပါက ဖြစ်ပေါ်လာမည့် အံ့အားသင့်ဖွယ် မြင်ကွင်းကြီးအား စိတ်ကူးသာ ကြည့်နိုင်လေသည်။

ထာဝရအင်မော်တယ်နယ်မြေမှ ကျင့်ကြံသူများအတွက် ဝိညာဥ်များမှာ မြင်လေ့မြင်ထရှိသော အရာများမဟုတ်ပေ။ ၄င်းတို့ကို ကြုံတွေ့ရန် လုံးဝမဖြစ်နိုင်သည် မဟုတ်သော်လည်း အဆင့်နိမ့်ကျင့်ကြံခြင်းအခြေခံများဖြင့် လူများအတွက် သေချာပေါက် ရှားမှရှားသောအရာများ ဖြစ်သည်။

ပိုင်ရှောင်ချန်းသည် အချိန်အတော်ကြာကတည်းက ထိုအချက်ကို သဘောပေါက်လာခဲ့၏။ ၄င်းက မည်သည့်အတွက်ကြောင့် သူ လက်ကျန်ရောင်စုံမီးတောက်များကို ပြန်လည်ဖြည့်တင်းပြီး တစ်ဆင့်တက်၍ ပိုင်ဟောက်ကို အသက်ပြန်မသွင်းနိုင်သည့် အကြောင်းရင်းများအနက် တစ်ခုလည်း ဖြစ်ပေသည်။

ထို့ကြောင့် ဤမျှများပြားသော ဝိညာဥ်ပေါင်းများစွာ တစ်နေရာတည်း စုစည်းနေသည်ကို မြင်ရခြင်းက သူ၏အမြင်အာရုံကို ဝေဝါးစေလုနီးပါးပင်။ သူသည် ရွှေတောင်ကြီးတစ်တောင်ကို ဖြတ်ခလုတ်တိုက်မိသော သူဆင်းရဲတစ်ယောက်အလား ၊ မြင်နေသည့်အရာများကို ယုံတစ်ဝက် မယုံတစ်ဝက်ဖြစ်နေတော့သည်။

ကြည့်ရသရွေ့ သူ၏တည်ရှိမှုလေးကပင် အနီးနားရှိ ဝိညာဥ်များအား လှုံ့ဆော်နေသည့်ပုံရရာ ၄င်းတို့က ၄င်းတို့၏အသိစိတ်ကင်းမဲ့နေသော အခြေအနေမှ နိုးထလာပြီး သူရှိရာဘက် လှည့်လိုက်ကြသည်။

မရေမတွက်နိုင်သော ဝိညာဥ်များက လှမ်းကြည့်လိုက်ကြပြီး အသံမထွက်ဘဲ အော်လိုက်ကြရာ အခိုးအငွေ့များ နေရာအနှံ့ တလိပ်လိပ်ထွက်လာကြပြီး အဆင့်ရှစ်ဆယ့်လေးတစ်ခုလုံး ပြည့်နှက်သွားသည့် အလွန်ကြီးမားသောလေမုန်တိုင်းကြီးတစ်ခုကို ဖန်တီးလိုက်သည်။ တစ်ကမ္ဘာလုံး ပေါက်ကွဲတော့မည့်အလားပင်။

ထို့နောက် မရေမတွက်နိုင်သော ဝိညာဥ်များက ပိုင်ရှောင်ချန်းထံ သွေးရူးသွေးတန်း ပြေးဝင်လာကြ၏။

" ဘုရားရေ ဒါ တကယ် အမှန်ဖြစ်နိုင်လား… "

သူက သဲသဲကွဲကွဲမြင်နေရကြောင်း သေချာစေရန် သူ၏မျက်လုံးများကို ပွတ်လိုက်သည်။ ထို့နောက် ၄င်းတို့တစ်ကောင်မှ သူ့အနားပင် မကပ်နိုင်ခင် သူက အနီးနားရှိ အမုန်းဝိညာဥ်တစ်ကောင်ထံ လှစ်ခနဲ လှုပ်ရှားလိုက်ပြီး ၄င်းကို ဆွဲယူလိုက်သည်။ သူက ဖိခြေ၍ တစ်ရောင်ခြယ်မီးတောက်တစ်ခု ဖန်တီးလိုက်လေသည်။

တစ်ရောင်ခြယ်မီးတောက် မြင်ကွင်းက သူ့ကို တစ်ခါမှ မကြုံဖူးလောက်အောင် စိတ်လှုပ်ရှားသွားစေ၏။

" ပုံရိပ်ယောင်တွေ မဟုတ်ဘူးဟ။ ဘုရားရေ … ငါ.....ငါ ဒီနေရာကို ချစ်လိုက်တာ "

သူက ခေါင်းနောက်လှန်ပြီး အားပါးတရအော်ရယ်လိုက်သည်။ ဤအခိုက်အတန့်တွင် သူသည် ဤယပ်တောင်အစုတ်ကြီးက အံ့ဖွယ်နေရာကြီးတစ်နေရာဖြစ်ကြောင်း သဘောပေါက်လိုက်လေသည်။ တချို့အဆင့်များက ခက်ခဲခဲ့သော်လည်း ယခု ၄င်းက သူ့ကို ငွေထုတ်ကြီးတစ်ထုပ် အလကားပေးနေလေသည်။

သူသည် အစောင့်အရှောက်ဝိညာဥ် နိုးလာစေကာမူ ဂရုမစိုက်တော့ပေ။ ယခု သူ တွေးနိုင်သမျှက ဝိညာဥ်များသာဖြစ်တော့သည်။ ထာဝရအင်မော်တယ်နယ်မြေများတွင် နေစဥ်က သူက သူ၏ရောင်စုံမီးတောက်များ တစ်ခုမှ မကျန်လုနီးပါး နည်းနည်းလာသည်ကို စောင့်ကြည့်နေခဲ့ရသည်။

အကျိုးဆက်အနေဖြင့် သူက အတိတ်တုန်းကကဲ့သို့ အံ့ဖွယ်ကောင်းသော စိတ်စွမ်းအင်အဆင့်မြှင့်တင်မှုများကို မဆောင်ရွက်နိုင်သည့်အပြင် တကယ်တမ်းတွင် ၄င်းတို့ကို အလွန်ချင့်ချင့်ချိန်ချိန် အသုံးပြုရလေသည်။

" ငါ့ဟာ ၊ အကုန်ငါ့ဟာ။ မပြေးစမ်းနဲ။ လိမ္မာတဲ့ဝိညာဥ်လေးရေ လာ ကိုယ်တော်ပိုင်ဆီလာ။ ပွပြီဟေ့။ တကယ်ပွပေါက်ပဲ "

ပိုင်ရှောင်ချန်း၏ စိတ်လှုပ်တရှားအော်သံများက ကမ္ဘာထဲတွင် ပဲ့တင်ထပ်နေတော့သည်။ ယခင်က ရက်စက်ကြမ်းကြုတ်သောဝိညာဥ်များမှာမူ ၄င်းတို့သည် အမှန်တကယ် မည်သည့်အသိဉာဏ်မှ မရှိသော်လည်း မကြာခင် လုံးလုံးလျားလျား အံ့သြလျက် ဘေးဘီဝဲယာကို ကြည့်နေကြတော့သည်။

ယခင်က ဘယ်သူမှ ယခုကဲ့သို့ ဤအဆင့်ကို စိန်မခေါ်ခဲ့ဖူးပေ။ ၄င်းတို့ အလိုအလျောက် နားလည်ထားသည်အရ သက်ရှိလူများ ၄င်းတို့ကို ကြောက်ကြသင့်သည်။ သို့သော် ယခုတွင် ပိုင်ရှောင်ချန်းက ဝိညာဥ်အမြောက်အမြားစုပ်ယူသည့် ပေါက်ကွဲခြင်းများ ဖြစ်ပေါ်လာစေသော ဝိညာဥ်စုစည်းဆေးလုံးများကို ဟိုဟိုသည်သည် ပစ်ပေါက်ရင်း ပြေးလွှားနေလေသည်။

ဤရွေ့ဤမျှသာဆိုလျှင် လက်ခံနိုင်လောက်မည် ဖြစ်သည်။ သို့သော် သူက တချိန်တည်းမှာပင် မီးတောက်များကိုလည်း ဖန်တီးနေ၏။ ရုတ်တရက် ကပြောင်းကပြန်ဖြစ်သွားပြီး အမုန်းဝိညာဥ်များမှာ ကြောက်ရွံ့နေရသူများ ဖြစ်သွားလေသည်။ ၄င်းတို့က စူးစူးဝါးဝါးအော်ဟစ်ရင်း ပိုင်ရှောင်ချန်း၏ လက်ထဲမှ လွတ်အောင် ထွက်ပြေးနေကြတော့သည်။

" ဝိညာဥ်လေး လိမ္မာပါတယ် မပြေးနဲ့ "

ပိုင်ရှောင်ချန်းက မျက်လုံးများဝင်းလက်နေလျက် ရှေ့သို့ ဆတ်ခနဲ ပြေးလိုက်၏။

All Chapters