သိုဝှက်ထားသော သတ်ဖြတ်လိုစိတ်
Vol. 12 Ch. 1174
ပိုင်ရှောင်ချန်းက သံရုံးမှ ပျံထွက်လာပြီးနောက် ဘေးဘီဝဲယာကို ကြည့်ပြီး တော်ဝင်အမိန့်ပြန်တမ်း ထုတ်ပြန်ခံရသည့်သူမှာ သူတစ်ယောက်တည်း မဟုတ်ကြောင်း သဘောပေါက်လိုက်သဖြင့် ချက်ချင်း စိတ်အနည်းငယ်အေးသွားလေသည်။
ကောင်းကင်ဧကရာဇ်ဝိရူပက္ခနှင့် အခြားကောင်းကင်ဧကရာဇ်များလည်း ပါဝင်၏။ မိစ္ဆာဧကရာဇ်နိုင်ငံမှ အစွမ်းထက်ပညာရှင်များ၊ သူတော်စင်ဧကရာဇ်နိုင်ငံမှ လူများနှင့် တိုက်ခိုက်ခဲ့တုန်းက သူတို့သည် အတူတကွဆောင်ရွက်ခဲ့ကြသည်။ သို့သော် အမှန်မှာ ပုံမှန်ဆိုလျှင် သူတို့က အမြဲမတည့်ကြပေ။
လူအများ ပိုင်ရှောင်ချန်းကို သတိထားမိသော်လည်း ကြည့်ရုံသာကြည့်ပြီး ဆက်သွားလေသည်။ ထိုသည်ကလည်း သူ့ကို ပို၍စိတ်အေးသွားစေတော့သည်။
" ဒီကိစ္စက ငါ့အတွက် သပ်သပ်တင်မဟုတ်လောက်ဘူး ... "
သူက တွေးလိုက်သည်။
" ဘာပဲပြောပြော ငါက သူတော်စင်ဧကရာဇ်နိုင်ငံက သံအမတ် မဟုတ်လား။ မိစ္ဆာဧကရာဇ် ငါ့ကို ကျင့်ဝတ်အရ တက်ရောက်ဖို့လေးအတွက် ဖိတ်ခေါ်တာပဲ ဖြစ်လောက်မှာပါ "
သူက ခါတိုင်းထက်ပို၍ စိတ်တည်ငြိမ်လာပြီး အင်ပါယာနန်းတော်ထံ ပျံသွားလိုက်သည်။ သူက ရောက်သည်နှင့်တစ်ပြိုင်နက် အထဲတွင် အမျိုးသမီးတစ်ခုဖြစ်သည့် ချဥ်းကပ်လာနေသော အလင်းတန်းတစ်တန်းကို မြင်လိုက်ရလေသည်။
သူမက လှပသော်လည်း တိုင်းတာ၍မရလောက်အောင် အေးစက်နေ၏။ လူအများစုမှာ သူမကို ဝန်းရံနေသည့် သရဲချီများဖြင့် ထိပင်မထိလိုဘဲ သူမထံမှ ရှဲသွားကြလေသည်။
သူမသည်ကား ... ကုန်းစွန်းဝမ်အာက လွဲ၍ တခြားမဟုတ်ပေ။
ဒုတိယအင်မော်တယ်နယ်မြေမှာတုန်းက ပိုင်ရှောင်ချန်းက သူမကို မိုးမြေဧကရာဇ်၏ အသားတုံးတစ်တုံးပေးခဲ့သောကြောင့် သူမသည် အခြားကောင်းကင်ဧကရာဇ်တစ်ပါးမှ မရခဲ့သည့် ဆုလာဘ်တစ်ခုကို ရရှိခဲ့သည်။ သို့ထိတိုင် သူမက ပိုင်ရှောင်ချန်းကို သတိပင်မထားမိသည့်အလား ခါတိုင်းကဲ့သို့ အေးတိအေးစက် ဆက်ဆံနေလေသည်။
ပိုင်ရှောင်ချန်းမှာ အစက သူမကို နှုတ်ဆက်ရန် ရည်ရွယ်ခဲ့သော်လည်း သူမ ပြုမူနေသည်ကို မြင်သည်နှင့် စိတ်ထဲတွင် နှာမှုတ်လိုက်လေသည်။ သူက ကုန်းစွန်းဝမ်အာတွင် စိတ်ပိုင်းဆိုင်ရာချို့ယွင်းချက်များရှိကြောင်း အမှန်တကယ် ယုံကြည်နေပြီ ဖြစ်သည်။ ထိုသည်ကို စဥ်းစားမိ၍ သူက သူမကို အာရုံထားလိုစိတ်မရှိတော့ဘဲ အင်ပါယာနန်းတော်ထဲ ဝင်ရောက်ရန် လှည့်လိုက်သည်။
သို့သော် ကုန်းစွန်းဝမ်အာက သူ့နားဖြတ်၍ လမ်းလျှောက်သွားချိန်မှာပင် သူ၏နားတွင် သတိမထားမိလောက်အောင် တိုးညင်းသော အသံတစ်သံ ကြားလိုက်ရ၏။
" သတိထားနော် "
အခြားမည်သည့်အရာမှ မပါဘဲ ထိုစကားလုံးလေးလုံးသာ ဖြစ်သည်။ သို့သော် လူအများ သတိထားမိခဲ့ကြသည့်အလား ၄င်းတို့ကြောင့် အင်ပါယာနန်းတော်အတွင်းရှိ နတ်ဘုရားအာရုံများ၏ လှိုင်းဂယက်များအား စစ်ဆေးသိရှိနိုင်သည်။ ထိုအချိန်တွင် ကုန်းစွန်းဝမ်အာက ပိုင်ရှောင်ချန်းကို ကျော်ပြီး အင်ပါယာနန်းတော်ထဲ ဝင်သွား၏။
သူက ထိုနေရာတွင် အချိန်အတော်ကြာသည်အထိ ရပ်နေမိတော့သည်။ အစောပိုင်းက သူသည် သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် လုပ်ခဲ့ရသော်လည်း ကုန်းစွန်းဝမ်အာ၏စကားလုံးများကြောင့် အစိတ်စိတ်အမြွှာမြွာကွဲကြေကုန်လေပြီ။ သို့စေကာမူ ယခုမှတော့ ပြန်လမ်းမရှိတော့ပေ။ သူက သူ့စိတ်သူ အားတင်းရင်း အင်ပါယာနန်းတော်ထဲ ဝင်ရောက်လိုက်လေသည်။
သူက ကြီးကျယ်ခမ်းနားသော အင်ပါယာနန်းတော်ကို အရသာခံရန် စိတ်မပါပေ။ ဖိအားများ မြင့်တက်လာသည်ကို သူ ခံစားနေရလျက် ပင်မခန်းမထဲ ဝင်ရောက်လိုက်ရာ အင်မော်တယ် သေရည်သေရက်များနှင့် ဝိညာဥ်အသီးများ တည်ခင်းထားသည့် မရေမတွက်နိုင်သော စားသောက်ပွဲများကို တွေ့လိုက်ရလေသည်။ ဧည့်သည်များကို တည်ခင်းဧည့်ခံနေသည့် အခြွေရံတစ်ဖွဲ့လည်း ရှိ၏။
ပိုင်ရှောင်ချန်းက စားပွဲများအားလုံးကို ချီတုံချတုံဖြင့် ဝေ့ဝိုက်ကြည့်လိုက်သည်။ ထိုနေရာတွင် လူများစွာအား သူ သတိထားမိလိုက်၏။ ဝိရူပက္ခ၊ ကုန်းစွန်းဝမ်အာ၊ မူလနတ်ဆိုးမင်းသား၊ ဝိညာဥ်ဝါးမျိုသခင်၊ ကောင်းကင်ဧကရာဇ်ကျဲ့တိ၊ ကောင်းကင်တံတားတာအိုနှင့် သူယခင်က မြင်ခဲ့ဖူးသော နတ်ဘုရားတစ်ပိုင်းအဆင့်ပညာရှင်အတော်များများလည်း ရှိသည်။
နဂါးပလ္လင်အနား ခန်းမ၏ အစွန်ဆုံးတွင်ကား လောလောဆယ်တွင် အနားထိုင်နေသည့် ကျင့်ကြံသူများဖြင့် စကားစမြည်ပြောဆိုနေသော မိစ္ဆာမင်းသား ဖြစ်သည်။ သူက ပိုင်ရှောင်ချန်းကို သတိထားမိသောအခါ လှမ်းကြည့်ပြီး အားပါးတရရယ်လိုက်သည်။
" သံအမတ်ပိုင်၊ လာလာ ဒီမှာ ကျုပ်နဲ့ လာထိုင် "
သူက ထရပ်ပြီး လမ်းပင်လျှောက်လာကာ သူ့လက်ကို ပိုင်ရှောင်ချန်းပခုံးအပေါ် ဖော်ဖော်ရွေရွေတင်ပြီး စားပွဲဆီ ခေါ်သွားလေသည်။
ပိုင်ရှောင်ချန်းက သတိရှိရှိ လိုက်ပါသွား၏။ သူက ထိုင်ခိုင်းခံရပြီးနောက် မိစ္ဆာမင်းသားကို လှမ်းကြည့်ကာ မေးသည်။
" ဘာအခမ်းအနားပါလဲ မိစ္ဆာမင်းသား "
" ကျုပ် အဖေ ဧကရာဇ်က မကြာသေးခင်ကပဲ ကျင့်ကြံခြင်းအဆင့်တက်ခဲ့လို့ ကျုပ်ကို စားသောက်ပွဲအကျဥ်းချုံးကျင်းပဖို့ ညွှန်ကြားခဲ့တယ်လေ။ ကျုပ် မိစ္ဆာဧကရာဇ်နိုင်ငံရဲ့ အရာရှိအရာခံတွေအားလုံးဖိတ်ခေါ်လိုက်တာ၊ ပထမက ဂုဏ်ပြုဖို့ ဒုတိယက အာ .... ကဲ သံအမတ်ပိုင်၊ မိစ္ဆာဧကရာဇ်မြို့မှာ မင်းက တံခါးပိတ်ကျင့်ကြံရင်း အချိန်အများစု ဖြုန်းနေတာကိုး။ တကယ်တမ်း မိစ္ဆာဧကရာဇ်နိူင်ငံရဲ့ ကျင့်ကြံသူတွေကို မင်း သိလာအောင် အချိန်ကုန်ဆုံးသင့်တာ "
သူက ရယ်လိုက်သည့်အချိန် ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများစွာ ပိုင်ရှောင်ချန်းကို လှည့်ကြည့်လိုက်ကြ၏။
ကောင်းကင်ဧကရာဇ်များ၏ မျက်လုံးများကား အေးစက်နေပြီး လှောင်ပြုံးတစ်စထက်ပို၍ မြင်နိုင်လေသည်။ သိသာစွာပင် သူတို့ထဲရှိ မည်သူကမျှ ပိုင်ရှောင်ချန်းအပေါ် ခံစားရသည့် စက်ဆုပ်ရွံရှာမှုများအား ဖုံးကွယ်လိုစိတ်မရှိကြပေ။
ဤအခိုက်အတန့်တွင် ဤစားသောက်ပွဲက သူ့ကို ပစ်မှတ်ထားရန် စီမံထားကြောင်း ပိုင်ရှောင်ချန်း သဘောပေါက်လိုက်သည်။
ထို့ပြင် တရားခံဖြစ်နိုင်သူက မိစ္ဆာဧကရာဇ် မဟုတ်ဘဲ မိစ္ဆာမင်းသားပင်။
ပိုင်ရှောင်ချန်း၏ မျက်ခုံး မဆိုစလောက် တွ့န့်ကွေ့သွားသော်လည်း သူက စိတ်လျှော့လိုက်သည်။ သူက အားပါတရရယ်ရင်း ဘာမှမဖြစ်သလို အင်မော်တယ်အရက်တစ်ကျိုက်မော့ပြီးနောက် မိစ္ဆာမင်းသားကို နားလည်ရခက်သော အပြုံးတစ်စ ပြုံးပြလိုက်သည်။
တုံ့ပြန်သည့်အနေဖြင့် မိစ္ဆာမင်းသား၏ မျက်လုံးများက အေးစက်သောအလင်းများဖြင့် လက်ခနဲဖြစ်သွားပြီး သူက ထပ်ရယ်လိုက်သည်။ ကြည့်ရသရွေ့ ဖိတ်ခေါ်ခံခဲ့ရသည့် လူတိုင်း ယခု စုဝေးသွားကြပုံရလေသည်။ ထိုအချိန်၌ ကောင်းကင်ဧကရာဇ်တစ်ပါးထံမှ မည်သည့်အရာမဆိုထက် သိသိသာသာ သာလွန်သော နတ်ဘုရားအာရုံအခိုးအငွေ့များ ပျံ့နှံ့လာ၏။ တုန်လှုပ်သွားသော ဧည့်သည်တစ်ယောက်မှ မတုံ့ပြန်နိုင်ခင် နဂါးပေါ်၌ တစ်စုံတစ်ယောက် ပေါ်လာလေသည်။
သူက နဂါးဝတ်ရုံတစ်စုံကို ဝတ်ဆင်ထားပြီး အင်ပါယာသရဖူကို ဆောင်းထားကာ မျက်နှာအမူအရာ ကင်းမဲ့နေပါသော်လည်း နတ်ဘုရားတစ်ပါးအလားပင်။ သူသည်ကား မိစ္ဆာဧကရာဇ်က လွှဲ၍ တခြားသူ မဟုတ်ပေ။
ပိုင်ရှောင်ချန်းအပါအဝင် လူတိုင်း ထရပ်ပြီး လက်ယှက်ကာ ဦးညွှတ်၍ အရိုအသေပေးလိုက်ကြသည်။
" မိစ္ဆာဧကရာဇ်အား ဂါဝရပြုပါတယ် "
သူတို့က တညီတညာတည်း ပြောလိုက်ကြသည်။
မိစ္ဆာဧကရာဇ်က ဘာမှမပြောဘဲ သူ၏လက်ကို အရေးပါသည့်ဟန်ဖြင့် ဝှေ့ယမ်းရင်း သူက ရှိသမျှ မည်သည့်အရာကမှ သူ၏စိတ်ဝင်စားမှုကို ဆွဲဆောင်ရန် မထိုက်တန်သည့်အလား သူ၏ မျက်လုံးများကို ပိတ်လိုက်သည်။
ကြည့်ရသရွေ့ မိစ္ဆာဧကရာဇ်နှင့် အသားကျနေပြီဖြစ်သည့် လူများစွာရှိပြီး သူ့အပြုအမူ၏ အရေးပါမှုကို နားလည်ကြလေသည်။ ထို့ပြင် အတော်များများက ရံဖန်ရံခါ ပိုင်ရှောင်ချန်းနှင့် မိစ္ဆာမင်းသားဘက် လှမ်းကြည့်လာကြ၏။
ပိုင်ရှောင်ချန်းမှာမူ ယခုတွင် ဤသည်က စားသောက်ပွဲမဟုတ်ကြောင်း ခါတိုင်းထက်ပို၍ ယုံကြည်သွားလေသည်။
" သူ ဘာကိုပဲ ကြံစည်နေနေ ငါ ဒီတိုင်း လိုက်ကစားပေးဖို့ပဲလိုတယ်။ ငါ အရက်လေးသောက်နေရင်း သေဒဏ်တစ်ခုခု ကျုးလွန်နိုင်တယ်ဆိုတာ မယုံဘူး "
သူက ရင်ထဲတွင် အေးစက်စက် နှာမှုတ်၍ မျက်နှာပေါ်တွင် တည်ငြိမ်အေးဆေးသောအမူအရာတစ်ခု ဆင်မြန်းထားလေသည်။
ဤအချိန်တွင် မိစ္ဆာမင်းသားက မျက်လုံးများ ကျဥ်းမြောင်းလျက် ထရပ်လိုက်သည်။
" ဂုဏ်သရေရှိလူကြီးမင်းများနဲ့ အမျိုးသမီးအပေါင်းတို့ … "
သူက အပြုံးတစ်စဖြင့်ပြောသည်။
" ခင်ဗျားတို့ထဲက အများစုကတော့ သူတော်စင်ဧကရာဇ်နိုင်ငံက သံအမတ်အသစ်ဖြစ်တဲ့ ကောင်းကင်တံတားဘုရင် ပိုင်ရှောင်ချန်းအကြောင်း အနည်းဆုံးတော့ ကြားဖူးကြမယ်လို့ ကျုပ် ရဲရဲကြီးယူဆနိုင်မယ်ထင်တယ် "
ပိုင်ရှောင်ချန်းက လိုက်နာစောင့်ထိန်းရမည့်ကျင့်ဝတ်ရှိ၍ မျက်နှာပေါ်တွင် ခပ်ယဲ့ယဲ့ အပြုံးတစ်စဖြင့် သူ၏အရက်ခွက်ကို မြှောက်လိုက်သည်။
" ကျုပ်အဖေ ဧကရာဇ်အတွက် ကျုပ်ရဲ့ နက်နက်နဲနဲ ချစ်မြတ်နိုးမှုတွေ ကျေးဇူးကြောင့် ဒီကနေ့ ပွဲတော်တွေနဲ့ တာဝန်ပေးအပ်ခံထားရတယ်။ ဒါကြောင့် ကျုပ် ပထမဆုံးလုပ်ချင်တာက သံအမတ်ပိုင်ကို သူ့ရဲ့ပထမဆုံး မိစ္ဆာဧကရာဇ်နိုင်ငံစားသောက်ပွဲမှာ အကြိုက်တွေ့စေဖို့ပဲ "
မိစ္ဆာမင်းသားက သူ၏ သေးနုပ်သော မိန့်ခွန်းအား ပြောကြားနေသည်ကို ကြည့်ကာ လူတိုင်း အလွန်ကျေနပ်နေကြသည်ပုံပေါ်လေသည်။
" သံအမတ်ပိုင် … အရက်ကို နောက်ထားစမ်းပါ။ ကျေးဇူးပြုပြီး မကြာသေးတဲ့နှစ်တွေအတွင်း ဓလေ့ထုံးတမ်းတစ်ခုဖြစ်လာခဲ့တဲ့ အထူးအကတစ်ခုကို တခဏ ရှူစားလိုက် "
သူက မျက်လုံးထောင့်စွန်းမှ ပိုင်ရှောင်ချန်းကို စွေစောင့်ကြည့်ရင်း အလွန်နူးညံ့သောအသွင်ဖြင့် လက်ခုပ်တီးလိုက်သည်။
တခဏအတွင်း ခန်းမ၏ တစ်ဖက်တစ်ချက်မှ အမျိုးသမီးနှစ်ဖွဲ့ ဝင်ရောက်လာသဖြင့် ခြေသံတိုးတိုးများ ကြားလိုက်ရသည်။ သူတို့အားလုံးက လှပပြီး သေးသွယ်နွဲ့နှောင်းလေသည်။ သို့သော် သူတို့လှုပ်ရှားသည့်ပုံနှင့်ပတ်သက်၍ တစ်စုံတခုက ကို့ရိုးကားရားဖြစ်နေ၏။ သူတို့သည်ကား ရုပ်သေးရုပ်များအလားပင်။
သူတို့၏ မျက်နှာများအပေါ်တွင်ထူးဆန်းသော အပြုံးများကို မြင်နိုင်၏။ ထူးဆန်းစွာပင် အပြံးတစ်ခုစီတိုင်းက နှုတ်ခမ်းကွေးတက်နေသည်အထိ တစ်ထပ်တည်းကျနေပုံပေါ်လေသည်။
ထိုကဲ့သို့ အပြုံးများကို မြင်သည့်မည်သူမဆို ၄င်းတို့မှာ ကိုးရို့ကားရား ဖြစ်နေကြောင်းတွေ့ရမည် ဖြစ်သည်။ သို့သော် ပို၍အံ့သြတုန်လှုပ်ဖွယ်ကောင်းသည်က သူတို့၏ အမူအရာများပင်။ သူတို့၏မျက်လုံးများအတွင်း၌ လေးလေးနက်နက် တောင်းပန်တိုလျှိုးမှုနှင့် စိတ်ပျက်အားငယ်မှုကိုပင် မြင်နိုင်လေသည်။
ဤသည်က အမျိုးသမီးကျင့်ကြံသူများမဟုတ်။ ရှင်းလင်းစွာပင် အလောင်းရုပ်သေးရုပ်များအဖြစ် အသွင်ပြောင်းခံခဲ့ရသော အမျိုးသမီးကျင့်ကြံသူများ ဖြစ်လေသည်။
သို့သော် သူတို့၏ ဝိညာဥ်မှာ သူတို့၏ မျက်ဝန်းများထဲတွင် အမူအရာများဖော်ပြနေလျက် အတွင်းထဲ ပိတ်မိနေ၏။ သူတို့က လူသေလမ်းလျှောက်နေသကဲ့သို့ မဟုတ်ဘဲ အပြင်အားများဖြင့် ထိန်းချုပ်ခံနေရခြင်း ဖြစ်သည်။ သူတို့က ခန်းမ၏ အာရုံစိုက်ရာဖြစ်သည်နှင့်တစ်ပြိုင်နက် တင့်တယ်ကြော့ရှင်းသော အကတစ်ခုဖြင့် ဖျော်ဖြေတော့သည်။
လူတချို့အတွက် အခြေအနေက အံ့သြဖွယ်ကောင်းလွန်းကြောင်း တွေ့လောက်မည် မဟုတ်ပေ။ သို့သော် ပိုင်ရှောင်ချန်းမှာ ကပွဲကို မြင်သည်နှင့်တစ်ပြိုင်နက် သူ၏ခေါင်းတစ်ခုလုံး ချာချာလည်သွားပြီး သိသိသာသာပင် တဆတ်ဆတ်တုန်ယင်လာ၏။ အချိန်တခဏလေးအတွင်း သူ၏မျက်လုံးများ နီမြန်းသွားလေသည်။
အဘယ်ကြောင့်ဆိုရသော် ဤအမျိုးသမီးအားလုံးကား ကောင်းကင်တံတားဒေသမှ ကျင့်ကြံသူများ ဖြစ်၍ပင်။
အမှန်တကယ်ဆိုရလျှင် သူတို့ထဲကနှစ်ယောက်မှာ ပိုင်ရှောင်ချန်းထံ ရည်းစားစာ ရေးခဲ့ဖူးသည့် အဏ္ဏဝါခေါ်သံဂိုဏ်းမှ ဂိုဏ်းသူများဖြစ်ခဲ့လေသည်။
မိစ္ဆာမင်းသားက ပြုံး၍ ပိုင်ရှောင်ချန်းကို လှမ်းကြည့်ကာ ပြောသည်။
" သံအမတ်ပိုင်၊ ကျုပ်တို့ မိစ္ဆာဧကရာဇ်နိုင်ငံက ဂုဏ်ပြုစားပွဲ မတိုင်ခင် ကျုပ်တို့ သဘောကျတဲ့ ဒီအဖွင့်အကကို မင်း မနှစ်သက်ဘူးလား "
အခန်းထဲရှိ ကောင်းကင်ဧကရာဇ်များနှင့် နတ်ဘုရားတစ်ပိုင်းကျင့်ကြံသူများစွာ၏ မျက်လုံးများ အားလုံး ပိုင်ရှောင်ချန်းအပေါ် စူးစိုက်လာ၏။
ပိုင်ရှောင်ချန်းမှာ စိတ်တည်ငြိမ်အောင် မနည်းရုန်းကန်နေရ၏။ သိသာစွာပင် မိစ္ဆာမင်းသားက သူ့ကိုရန်စရန်အတွက် ဤအရာအားလုံးကို တမင်စီစဥ်ခဲ့ခြင်းပင် ဖြစ်သည်။ ကောင်းကင်ဧကရာဇ်များက သူ့ကို သွေးအေးစွာ တဖျပ်ဖျပ်လက်နေသည့် မျက်လုံးများဖြင့် စောင့်ကြည့်နေကြပြီး မိစ္ဆာဧကရာဇ်ပင် ဘာတစ်ခွန်းမှ မပြောဘဲ မလှုပ်မယှက် ထိုင်နေ၏။
အကယ်၍ ဤနေရာတွင် သူ စိတ်လိုက်မာန်ပါ လုပ်လိုက်ပါက သူသည် ဧကရာဇ်ကို လုပ်ကြံရန် ကြိုးစားနေသည်ဟု အခိုင်အမာပြောရန် ပြီးပြည့်စုံသော ဆင်ခြေတစ်ခု ပေးလိုက်ရပြီးနောက် အကျိုးဆက်အဖြစ် သူ ကွပ်မျက်ခံရလောက်မည် ဖြစ်သည်။