သူ ပြုံးလိုက်သည်
Vol. 12 Ch. 1175
ပိုင်ရှောင်ချန်းမှာ စကားတစ်ခွန်းမှ မပြောပေ။ သူက အရက်ခွက်ကို အနည်းငယ်တုန်ရီနေသောလက်ဖြင့်သာ ကိုင်ထားသည်။ သူသည် ကောင်းကင်တံတားတာအို၏ မထီမဲ့မြင်ပြုနေသော အမူအရာများ၊ ကုန်းစွန်းဝမ်အာ၏ ရောထွေးနေသော ခံစားချက်များနှင့် အခြားလူတိုင်း၏ မျက်နှာများပေါ်ရှိ အေးစက်သော အမူအရာများကို အတိုင်းသား မြင်နေရသည်။ ထို့နောက် သူသည် မျက်လုံးများကို ဖြေးညင်းစွာ မှိတ်လိုက်တော့သည်။
" တန်ခိုးအာဏာ ... "
သူက တွေးနေတော့သည်။
" တကယ်လို့ငါသာ လောကနတ်ဘုရားတစ်ပါးနဲ့ တိုက်ခိုက်နိုင်လောက်တဲ့အထိသာ အစွမ်းရှိနေမယ်ဆိုရင် ဘယ်သူမှ ငါ့ကို ဒီလို အရှက်ခွဲ၊ အနိုင်ကျင့်ရဲမှာမဟုတ်ဘူး။ ဘယ်သူကမှ ကောင်းကင်တံတားနယ်မြေက ကျင့်ကြံသူတွေကို ဒီလိုနည်းနဲ့ နိုင်လိုမင်းထက် ပြုမူရဲမှာ မဟုတ်ဘူး "
သူ၏မျက်လုံးများမှာ မှိတ်နေသည့်အတွက် သူ ထိုသို့ကြိုးစားရုန်းကန်နေရသည်ကို အခြားမည်သူမှ မမြင်နိုင်ကြပေ။
သို့သော်လည်း ထိုမျှလောက်နှင့် ပြီးမသွားသေးချေ။ ပိုင်ရှောင်ချန်းက ထိုကဲ့သို့ ချုပ်တည်းနေသည်ကို မြင်လိုက်ရသောအခါ မိစ္ဆာမင်းသားမှာ အထင်သေးသည့်အရိပ်အယောင်များထင်ဟပ်နေသည့် မျက်ဝန်းများဖြင့် ထပ်၍ ပြုံးလိုက်ပြန်သည်။
" မပူပါနဲ့ သံအမတ်ပိုင်။ မင်းအတွက် ရိုးရာဖျော်ဖြေရေးတွေကို အခုထက် ပိုပြီး ကျုပ်တို့က စီစဥ်ပေးထားတာပါ "
သူသည် လက်ကိုဝှေ့ယမ်းလိုက်ပြီး သူ၏နောက်လိုက်များအား သူ့အစီအစဥ်၏ နောက်တစ်ဆင့်ကို စတင်ရန် အချက်ပြလိုက်သည်။
" ကျုပ်တို့က စတွေ့ကထဲက မိတ်ဆွေတွေ ဖြစ်သွားကြတာလေ။ ပြီးတော့ မင်းက သူတော်စင်ဧကရာဇ်မင်းဆက်ကို ကိုယ်စားပြုနေတာဆိုတော့ ကျုပ်က မင်းကိုလက်ဆောင်တစ်ခုပေးချင်လို့။ အဲဒီလက်ဆောင်က ဘာလဲဆိုတော့...အာ.... "
သူသည် ကခုန်နေသည့် အလောင်းရုပ်သေးရုပ်အား လှမ်းကြည့်လိုက်ပြီး လက်ချောင်းတစ်ချောင်းကို ဝှေ့မ်းလိုက်သည်။
" ဘယ်လိုပြောရမလဲ... ဒီလိုမျိုး အလောင်းရုပ်သေးရုပ်တွေကို ဖန်တီးနိုင်တဲ့ အတတ်ဗျာ။ အဲဒါဆိုရင် သံအမတ်ပိုင် စိတ်ကြိုက် ကိုယ်ပိုင်ရုပ်သေးရုပ်တွေကို ဖန်တီးလို့ရပြီလေ။ ပြီးတော့ ဒီအလောင်းရုပ်သေးရုပ်တွေအားလုံးကို ကျုပ်ကိုယ်တိုင်လုပ်ထားတာနော် "
ပိုင်ရှောင်ချန်းမှာ သူ၏မျက်လုံးများကိုပင် မဖွင့်ရသေးခင် ကျင့်ကြံသူနှစ်ယောက် ခန်းမထဲသို့ဝင်လာကြပြီး မိစ္ဆာမင်းသားထံသို့ ချဥ်းကပ်သွားကြသည်။ သူတို့သည် လက်များယှက်၍ နှုတ်ဆက်လိုက်ကြပြီးနောက် အင်္ကျီလက်များကို ဝှေ့ယမ်းလိုက်ကြသောအခါ သူတို့၏အိတ်များထဲမှ ကျင့်ကြံသူသုံးယောက် လူးလွန့်၍ ထွက်လာကြသည်။
သူတို့အားလုံးမှာ ယင်ယန်ဝိညာဥ်အဆင့်တွင်ရှိနေကြသည်ဖြစ်ပြီး တစ်ယောက်မကျန် သတိမေ့မျောနေကြသည်။
" သေချာကြည့်နော် သံအမတ်ပိုင်။ မင်းအတွက် ကျုပ်ကိုယ်တိုင် အခုချက်ချင်းပဲ ရုပ်သေးရုပ်တွေ လုပ်ပြမယ် "
မိစ္ဆာမင်းသားမှာ ပျော်ရွှင်စွာပြုံးနေပါသော်လည်း သူ၏မျက်ဝန်းများမှာ ရေခဲတမျှအေးစက်နေသည်။ သူသည် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလောက်အောင် ခေါင်းမာလွန်းလှသည့် ပိုင်ရှောင်ချန်းအတွက် ဤထောင်ချောက်ကို စီစဥ်ထားခဲ့သည်။ အကယ်၍ ပိုင်ရှောင်ချန်းသာ ခန္ဓာကိုယ်များလဲလှယ်ရန် သဘောတူခဲ့ပါက သူသည် သူ၏ခမည်းတော်ဧကရာဇ် ထံသို့သွား၍ ပိုင်ရှောင်ချန်း မိစ္ဆာဧကရာဇ်မင်းဆက်ထဲတွင် အေးအေးလူလူနှင့် ဘေးကင်းစွာနေထိုင်နိုင်စေရန် သွား၍တောင်းဆိုပေးခဲ့မည်သာ ဖြစ်သည်။
သို့သော် ပိုင်ရှောင်ချန်းမှာ သူ၏တောင်းဆိုချက်ကို ငြင်းဆိုခဲ့သည်။ ထို့ကြောင့် မိစ္ဆာမင်းသားမှာ လဲလှယ်၍မရလျှင် အကြမ်းနည်းကိုသုံး၍ ရယူရန် စိတ်ပိုင်းဖြတ်လိုက်ခြင်း ဖြစ်သည်။
ပိုင်ရှောင်ချန်း ခန့်မှန်းထားခဲ့သည့်အတိုင်းပင် အကယ်၍ သူသာ မိစ္ဆာဧကရာဇ်၏ရှေ့မှောက်တွင် အနည်းငယ်မျှပင် စိတ်လိုက်မာန်ပါ လုပ်လိုက်မည်ဆိုပါက ချက်ချင်းပင် ပြဿနာကြီးတစ်ရပ်အဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။
ထို့ကြောင့် မိစ္ဆာမင်းသား၏ ရည်ရွယ်ချက်မှာ ပိုင်ရှောင်ချန်းအား သူ့ကိုယ်သူ မထိန်းသိမ်းနိုင်ပဲ ထ၍ပေါက်ကွဲမည့် အခြေအနေတစ်ရပ်ထဲသို့ တွန်းပို့ရန်ဖြစ်သည်။
မိစ္ဆာမင်းသားမှာ အေးစက်စက်ရယ်မောလိုက်ပြီး လူတိုင်း၏ရှေ့တွင် ရုပ်အလောင်းရုပ်သေးရုပ်များကို ဖန်တီးပြလိုက်တော့သည်။ တခဏအတွင်း ထိုကျင့်ကြံသူများ၏နှုတ်မှ မချိတင်ကဲဝေဒနါများကို ခံစားနေရသည့် အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။ ထိုအခါ ပိုင်ရှောင်ချန်းမှာ အသားများတုန်ရီသွားပြီး မျက်လုံးများ ပွင့်လာတော့သည်။ အမှန်မှာ သူသည် လက်ရှိဖြစ်ပျက်နေသည့်အရာများကို တွေ့မြင်ရန် လိုအပ်ကြောင်း သူက သိသည်။
" ဒီအတတ်မှာ မင်းသေသေချာချာ ဂရုစိုက်ရမဲ့အချက်တွေရှိတယ် သံအမတ်ပိုင်ရဲ့။ အဲဒါက ဘာလဲဆိုတော့ ဒီလိုလုပ်နေတုန်းမှာ သူတို့ကို ပေးသေလိုက်လို့မရဘူး ဆိုတာပဲ။ သူတို့ကို နာကျင်မှုအပြည့်၊ ဝေဒနာအပြည့်နဲ့ အော်ဟစ်လာအောင် နှိပ်စက်ညှဥ်းပန်းရမှာ မှန်ပေမဲ့ သတ်လို့တော့ မရဘူး။ အဲဒါမှ နောက်ဆုံးရလာတဲ့ ပစ္စည်းက သက်ဝင်လှုပ်ရှားမှုရှိနေမှာ "
မိစ္ဆာမင်းသားမှာ ပြုံးလျက် သူ၏လုပ်ရပ်များကို ရှင်းပြနေသည်။ လူတိုင်းမှာမူ သူတို့၏ရှေ့တွင် ဖြစ်ပျက်နေသည့် ရက်စက်ကြမ်းကြုတ်ဖွယ် မြင်ကွင်းကြီးကြောင့် အံ့အားသင့်နေကြရတော့သည်။
ပိုင်ရှောင်ချန်းမှာ တဖြည်းဖြည်းနှင့် အသိစိတ်ပျောက်လုမတတ် ဖြစ်လာသဖြင့် သူ၏ကုလားထိုင်မှ လက်ရန်းများကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး သူ၏မျက်လုံးများမှာလည်း နီမြန်းလာတော့သည်။
ယခုမြင်နေရသည့် ရက်စက်ကြမ်းကြုတ်မှုကြီးမှာ လူတစ်ယောက် အရှင်လတ်လတ် အရေခွဲဆုတ်ခံရသည့်ဖြစ်ရပ်ထက်ပင် ပို၍ဆိုးရွားလှသည်။ အသက်ရှင်နေသေးသောလူများမှာ တဖြည်းဖြည်းနှင့် ရုပ်အလောင်းရုပ်သေးရုပ်များအသွင် ပြောင်းလဲခံနေရသည်ဖြစ်ပြီး မိစ္ဆာမင်းသားမှာ လုပ်ဆောင်ချက်အဆင့်ဆင့်ကို အသေးစိတ်ရှင်းပြနေခြင်း ဖြစ်သည်။ ထိုမျှသာ မဟုတ်ပေ။ ပိုင်ရှောင်ချန်း၏ဒေါသကို ပို၍နှိုးဆွပေးနိုင်ရန်အတွက် သူသည် ထိုကျင့်ကြံသူသုံးယောက်ပေါ်ရှိ မှော်အချုပ်အနှောင်များကို ဖယ်ရှားပေးလိုက်သောကြောင့် သူတို့မှာ ပုံမှန်အတိုင်း တွေးတောကာ စကားပြောနိုင်စွမ်း ရှိသွားတော့သည်။
ထိုသုံးယောက်ထဲမှ သက်လတ်ပိုင်းလူတစ်ယောက်မှာ ပိုင်ရှောင်ချန်းကို သိပုံရသည်။ ပိုင်ရှောင်ချန်း၏အကြည့်များက သူ့မပေါ်သို့ရောက်ရှိသွားသောအခါ ထိုလူကြီးမှာ ငိုကြွေးမြည်တမ်းလိုက်တော့သည်။
" ကျွန်တော့်ကိုကယ်ပါဦး ဗဟိုဘိုးဘေးကြီး …. ကယ်ပါဦးဗျာ... "
ကုန်းစွန်းဝမ်အာမှာ မျက်နှာလေးရှုံ့မဲ့သွားပြီး သတိပေးသည့်အမူအရာဖြင့် ပိုင်ရှောင်ချန်းအား ခေါင်းယမ်းပြလိုက်သည်။ ပိုင်ရှောင်ချန်းမှာမူ သူ၏ကုလားထိုင်လက်ရန်းများကို တင်းကြပ်စွာဆုပ်ကိုင်ထားသောကြောင့် ၎င်းတို့မှာရုတ်တရက် ကြေမွသွားပြီး သစ်သားစများ အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားတော့သည်။ ထိုအခါ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူအားလုံးမှာ စွမ်းအင်များ တရိပ်ရိပ်မြင့်တက်လာကြပြီး သူ့အား လှမ်းကြည့်လိုက်တော့သည်။
ပိုင်ရှောင်ချန်းမှာ ဒေါသထွက်လွန်းလှသည့်အတွက် သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်းများ ကုန်ခမ်းနေပြီဖြစ်သည်။ သူသည် ရင်ထဲတွင် တဆစ်ဆစ်နာကျင်နေသည့် ခံစားချက်ကြောင့် အသားများတုန်ရီနေပြီး သူ၏အပြင်ခန္ဓာကိုယ်မှာ ဤမျှလောက်စွမ်းအားကြီးမနေလျှင် ကောင်းမည်ဟု တွေးနေတော့သည်။ ထိုသို့စွမ်းအားကြီးမနေပါက သစ်သားစများမှာ သူ၏လက်ဝါးထဲသို့စိုက်သွားမည်ဖြစ်ပြီး သူ၏ရင်တွင်း၌ခံစားနေရသော မချိတင်ကဲဝေဒနာများကို မေ့ပျောက်သွားစေနိုင်ရန် ကူညီပေးနိုင်မည် မဟုတ်ပါလော။ အဆုံးသတ်တွင် သူသည် အလွန်တင်းမာသော မျက်နှာထားဖြင့် မတ်တတ်ထရပ်လိုက်တော့သည်။
ထိုအခါ နဂါးပလ္လင်ပေါ်မှ မိစ္ဆာဧကရာဇ်မှာ လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး ဝိရူပက္ခနတ်မင်း၏ မျက်ဝန်းထဲတွင် ဝမ်းမြောက်သွားသည့် အရိပ်အယောင်များပေါ်ထွက်လာကာ အခြားကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူများမှာလည်း တိုက်ခိုက်ရန် ပြင်လိုက်ကြတော့သည်။
ထိုအချိန်တွင် ကုန်းစွန်းဝမ်အာက သူမ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး အနက်ရောင်မီးခိုးတန်း သုံးတန်းကို ထုတ်လွှတ်လိုက်သည်။ မိစ္တာမင်းသားမှာ နတ်ဘုရားတစ်ပိုင်းအဆင့်သာ ရှိသဖြင့် ပြန်လည် မခုခံနိုင်ခဲ့ပေ။ ထို့အပြင် သူသည် ပိုင်ရှောင်ချန်းကိုသာ အာရုံစိုက်နေခဲ့သည်။ ထို့ကြောင့် သူဘာမှမလုပ်နိုင်ခင် ထိုမီးခိုးများမှာ အော်ဟစ်မြည်တမ်းကာ အသနားခံနေကြသည့် ကောင်းကင်တံတားနယ်မြေမှ ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ထဲသို့ စိုက်ဝင်သွားကြတော့သည်။
ထိုကျင့်ကြံသူသုံးယောက်မှာ တုန်ရီကာ သေဆုံးသွားကြပြီး သူတို့၏မျက်ဝန်းများထဲတွင် ဝဋ်ကျွတ်သွားသည့် ခံစားချက်များကို မြင်လိုက်ရသည်။
" တော်လောက်ပြီ " သူမ၏ အေးစက်ကာ ရက်စက်ကြမ်းကြုတ်မှုအပြည့်ပါသောစကားသံက တော်ဝင်နန်းတော်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
" ဒီနေရာက တော်ဝင်နန်းတော်ပါ မိစ္ဆာမင်းသား။ မင်းသားရဲ့ လေ့လာစမ်းစစ်မှုတွေကို အခြားနေရာမှာလုပ်ပါ။ ကျွန်တော်မျိုးမ အော့နှလုံးနာလို့ပါ "
သူမ လုပ်ခဲ့သည့်အတိုင်း ပိုင်ရှောင်ချန်းက လုပ်၍မရပေ။ သူမသည် မိစ္ဆာဧကရာဇ်မင်းဆက်မှ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်၍ သူမ ခံစားရမည့် နောက်ဆက်တွဲအကျိုးဆက်များမှာ အသေးအဖွဲမျှသာ ရှိမည်ဖြစ်သည်။
" နင် … "
မိစ္ဆာမင်းသားက လွှတ်ခနဲ အော်ဟစ်လိုက်ပြီး သူမကို လှည့်ကြည့်လိုက်သည်။ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူများမှာ မျက်မှောင်များကြုတ်၍ တအံ့တသြလှမ်းကြည့်လိုက်ကြပြီး အခြားလူအားလုံးမှာလည်း ထိုနည်းတူပင်။ သို့သော်လည်း အဆုံးသတ်တွင် သူတို့မှာ ပြန်ပြောစရာစကား မရှိကြပေ။
မိစ္ဆာဧကရာဇ်မှာ မျက်လုံးများပွင့်လာပြီး အကဲခတ်၍မရနိုင်သော အမူအရာဖြင့် လှမ်းကြည့်လိုက်သည်။
ပိုင်ရှောင်ချန်းမှာ ဝဋ်ဒုက္ခကြီးမှ ကျွတ်လွတ်သက်သာသွားသည့် မျက်နှာအမူအရာများနှင့် သေဆုံးသွားပြီဖြစ်သော ကျင့်ကြံသူများကို ကြည့်လိုက်သည်။ ထို့နောက် သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး မိစ္တာဧကရာဇ်ဘက်သို့လှည့်၍ အသက်မဲ့နေသော အမူအရာဖြင့် လက်ယှက်ကာ အရိုအသေပေးလိုက်သည်။
" အရှင်မိစ္ဆာဧကရာဇ် … ကျွန်တော်မျိုး ဒီလောက်နဲ့ပဲ ပြန်ဖို့တောင်းဆိုရတဲ့အတွက် စိတ်မကောင်းပါဘူး "
ထိုသို့ဆိုကာ သူသည် နောက်သို့လှည့်၍ ထွက်ခွာသွားတော့သည်။
မိစ္ဆာမင်းသား၏ မျက်နှာပေါ်တွင် အလွန်တင်းမာသော အမူအရာတစ်ခုပေါ်လာပြီး သူသည် အမုန်းတရားများ ပုန်းလျှိုးနေသည့် မျက်ဝန်းများဖြင့် ကုန်းစွန်းဝမ်အာကို ကြည့်လိုက်သည်။ ယခုလောလောဆယ်တွင် သူသည် တစ်နေ့ရောက်လျှင် သူမအား ကောင်းကင်ဧကရာဇ်အဆင့်ရှိသော ရုပ်သေးရုပ်တစ်ရုပ်အသွင် ပြောင်းလဲပစ်မည်ဟု စိတ်ထဲတွင် သစ္စာဆိုနေတော့သည်။
သို့သော်လည်း သူသည် ပိုင်ရှောင်ချန်းအား ထွက်ခွာသွားမည်ကို လက်မခံနိုင်သေးပေ။ ထို့ကြောင့် ရှေ့သို့ ပြေးထွက်သွားပြီး သူ၏လမ်းကို ပိတ်လိုက်တော့သည်။
" သံအမတ်ပိုင် … အရှင်မင်းမြတ် မိစ္ဆာဧကရာဇ်က မင်းကို ပြန်ခွင့် မပေးသေးဘူးလေ။ စားပွဲက ပြီးမှမပြီးသေးတာကို။ မင်းက အခုလို ထွက်သွားလို့ ဘယ်ဖြစ်ပါ့မလဲ။ နောက်ထပ်လာဦးမဲ့ အရေးကြီးကိစ္စတစ်ရပ် ရှိသေးတယ် "
ပိုင်ရှောင်ချန်းမှာ သူ၏နှလုံးသားထဲရှိ အချိန်နှင့်အမျှ တရိပ်ရိပ်မြင့်တက်လာနေသော သတ်ဖြတ်လိုစိတ်ဖြင့် မိစ္ဆာမင်းသားအား အေးစက်စွာကြည့်လိုက်သည်။ တချိန်ထဲမှာပင် မိစ္ဆာမင်းသား၏ နှလုံးသားမှာလည်း ရေခဲတမျှအေးစက်လှသော ဒေါသစိတ်များကြောင့် တဆတ်ဆတ် တုန်ရီနေသည်။
လက်ရှိအနေအထားကြောင့် အခွင့်မသာသည့် အခြေအနေသို့ ရောက်ရှိနေရသည့် အချက်ကြောင့်သာ မဟုတ်ပါက ပိုင်ရှောင်ချန်းမှာ မိစ္ဆာမင်းသားအား ဤနေရာမှာပင် ဇီဝိန်ခြွေပစ်လိုက်မည်သာ ဖြစ်သည်။ သို့သော်လည်း လက်တွေ့တွင်မူ သူသည် သူ၏ဘေးမှ ဖြတ်လျှောက်သွားပြီး ရှေ့ဆက်သွားလိုက်တော့သည်။ ဝိရူပက္ခနတ်မင်းနှင့် အခြားကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူများမှာ တွေဝေသည့်အရိပ်အယောင်များ ထင်ဟပ်နေသည့်မျက်ဝန်းများဖြင့် သူ့အားကြည့်လိုက်ကြပြီးနောက် ယခုအချိန်အထိ စကားတစ်ခွန်းမှမပြောသေးသလို မည်သည့်လုပ်ရပ်ကိုမှ မလုပ်သေးသည့် မိစ္ဆာဧကရာဇ်အား လှမ်းကြည့်လိုက်ကြတော့သည်။
မိစ္ဆာမင်းသားမှာမူ အရှက်ခွဲခံလိုက်ရသည့် ခံစားချက်နှင့် ဒေါသစိတ်များကြောင့် ဇောချွေးများ ပြန်လာတော့သည်။ ထို့နောက် သူသည် ရုတ်တရက် လက်ခုပ်တီးလိုက်တော့သည်။
ထိုအခါ အဝေးတစ်နေရာမှ နတ်ဘုရားတစ်ပိုင်းအဆင့်ရှိသောအဘိုးကြီးတစ်ယောက်ပါသည့် အလင်းတန်းတစ်တန်း အနားသို့ ချဥ်းကပ်လာတော့သည်။ ထို့အပြင် သူတစ်ယောက်ထဲမဟုတ်ပေ။ အခြားလူတစ်ယောက်ကိုပါ သူနှင့်အတူ ဆွဲခေါ်လာနေခြင်း ဖြစ်သည်။
အံ့အားသင့်ဖွယ်ကောင်းသည့်အချက်မှာ ထိုဆွဲခေါ်ခံလာရသည့် ပုဂ္ဂိုလ်သည် တော်ဝင်ဝတ်ရုံများကို ဆင်မြန်းထားခြင်းပင်။ သို့သော်လည်း သူသည် ခေါင်းကိုငုံ့ထားသဖြင့် သူ၏မျက်နှာသွင်ပြင်ကို မမြင်ရပေ။ သူသည် သရဖူတစ်ခုကို မဆင်မြန်းထားပါသော်လည်း သူ၏ဝတ်ရုံများနှင့်ပင် သူ၏အသွင်အပြင်မှာ ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် အာရုံဖမ်းစားနိုင်စွမ်းရှိနေသည်။
" ဗဟိုဧကရာဇ် "
ပိုင်ရှောင်ချန်းမှာ ဆတ်ခနဲ ရပ်တန့်သွားပြီး ကွဲအက်နေသောအသံဖြင့် ဆိုလိုက်တော့သည်။
နှစ်ပေါင်းများစွာတိုင်အောင် ထာဝရနယ်မြေများထဲတွင် တော်ဝင်ဝတ်ရုံဆင်မြန်းခွင့်ရှိသူမှာ နှစ်ယောက်ထဲသာ ရှိခဲ့သည်။ တစ်ယောက်မှာ မိစ္ဆာဧကရာဇ်ဖြစ်ပြီး ကျန်တစ်ယောက်မှာ သူတော်စင်ဧကရာဇ်ဖြစ်သည်။ သို့သော် ယခုတွင်မူ ထိုသို့ဆင်မြန်းခွင့်ရှိသည့် အခြားလူတစ်ယောက် ရှိနေပြီဖြစ်သည်။
သူသည် ဗဟိုမိုးမြေဧကရာဇ်၏ မျိုးရိုးမှ တိုက်ရိုက်ဆင်းသက်လာသူတစ်ယောက်ဖြစ်ပြီး ကောင်းကင်တံတားနယ်မြေမှ တော်ဝင်မင်းဆက်၏ စစ်မှန်သောအုပ်ချုပ်သူဖြစ်သည့် ဗဟိုဧကရာဇ်ပင်ဖြစ်သည်။
ပိုင်ရှောင်ချန်းမှာ ကောင်းကင်တံတားတာအိုနှင့် တိုက်ခိုက်ခဲ့စဥ်က သင်္ချိုင်းစောင့်ကြီးက သူ့ကိုပေးအပ်ခဲ့သော အခွင့်အလမ်းကောင်းများကြောင့် သူသည် ဗဟိုမိုးမြေဧကရာဇ်၏ သွေးမျိုးဆက်ကိုရရှိခဲ့ပြီး ဗဟိုဘိုးဘေးအသစ်တစ်ယောက်အသွင် ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သူ့ထံတွင် ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံခြင်းအခြေခံ ရှိနေသည့်အချက်ကြောင့် သူသည် လက်ရှိ ကောင်းကင်တံတားနယ်မြေ ကျင့်ကြံသူများအတွက် ဧကရာဇ်တစ်ပါးကဲ့သို့ ဖြစ်နေခြင်း ဖြစ်သည်။ သို့သော် ဗဟိုဧကရာဇ်သာ ကောင်းကင်တံတားနယ်မြေ၏ စစ်မှန်သော ခေါင်းဆောင်တစ်ယောက်ဖြစ်သည်။
ကောင်းကင်တံတားနယ်မြေမှာ ဖျက်စီးခံလိုက်ရပြီ ဖြစ်ပါသော်လည်း ဗဟိုဧကရာဇ်မှာ နတ်ရွာမစံသေးပေ။ သူသည် မိစ္ဆာဧကရာဇ်မင်းဆက်၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး သတင်းအချက်အလက်များ စစ်မေးရန်အတွက် အနှိပ်စက်ခံခဲ့ရပြီး တော်ဝင်နန်းတော်ထဲတွင် တိရစ္ဆာန်တစ်ကောင်လို ချုပ်နှောင်ခံခဲ့ရသည်။ ယခုတွင်မူ ပိုင်ရှောင်ချန်း တွေ့မြင်စေရန်အတွက် သူ့အား ခေါ်ထုတ်လာခြင်း ဖြစ်သည်။
သူ၏ဘွဲ့နာမည်အား ကျယ်လောင်စွာ အော်ခေါ်နေသည့်အသံကို ကြားလိုက်ရသောအခါ ဗဟိုဧကရာဇ်မှာ ဖြေးညင်းစွာခေါင်းမော့လာပြီး သူ၏အကြည့်က ပိုင်ရှောင်ချန်းအပေါ်သို့ ကျရောက်သွားတော့သည်။ ထို့နောက် ....
သူ ပြုံးလိုက်လေသည်။