← Chapters

အောင်မြင်စွာ ကျော်ဖြတ်၍

Vol. 12 Ch. 1176

အောင်မြင်စွာ ကျော်ဖြတ်၍

Vol. 12 Ch. 1176

ဗဟိုဧကရာဇ်ပြုံးလိုက်ပုံကြောင့် သူ၏အသွင်အပြင်မှာ ယခင်နှင့်လုံးဝမတူတော့ပဲ ပြောင်းလဲသွားသည်။ သူ၏ဘယ်ဖက်မျက်လုံးကို သူ့ကိုယ်သူ ဖောက်ထုတ်ထားခဲ့ဟန် ရှိသည်။ သာမန်ဆိုလျှင် သူသည် ယခုကဲ့သို့ အလွန်အမင်း အိုမင်းရင့်ရော်သွားစရာအကြောင်းမရှိပါသော်လည်း နှစ်ပေါင်းများစွာ ထောင်ထဲတွင်ဖြန်သန်းခဲ့ရသည့်ကာလများနှင့် မိစ္ဆာမင်းသားက လေ့လာစမ်းသပ်မှုများအတွက် သူ့အပေါ်တွင်အသုံးပြုခဲ့သည့် ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများကြောင့် ယခုလိုအိုစာသွားရပြီ ဖြစ်သည်။

သူသည် ယခင်က ဘုန်းတန်းခိုးကြီးမားသော ဗဟိုဧကရာဇ်ဖြစ်ခဲ့သည်။ မြေရိုင်းဒေသတွင် ရှိခဲ့စဥ်က မဟာကောင်းကင်သခင်မှာ သူ့အား ကြိုးဆွဲဘုရင်တစ်ပါးအဖြစ် ပြောင်းလဲခဲ့ပါသော်လည်း ထိုကမ္ဘာထဲတွင် သူသည် အလေးစားထိုက်ဆုံးသော၊ မရေမတွက်နိုင်သော ပြည်သူမြောက်မြားစွာ လေးစားကြည်ညိုကာ ကိုးကွယ်ခဲ့ကြသော ခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့ဆဲပင်။

သို့သော် ယခုတွင်မူ သူ၏ ညှိုးနွမ်းကာ ချုံးချုံးကျနေသော ပုံစံကြောင့် ပိုင်ရှောင်ချန်းမှာ တုန်ရီသွားရတော့သည်။ သူသည် စကားပြောရန် ပါးစပ်ဟလိုက်ပါသော်လည်း ဗဟိုဧကရာဇ် မြေရိုင်းဒေသထဲတွင် ရှိခဲ့စဥ်က ပုံစံကို ပြန်လည် အမှတ်ရသွားသောအခါ သူပြောလိုသောစကားများ ထွက်မလာတော့ပေ။ ယခုတွင် သူသည် အခြားလူတစ်ယောက်ကဲ့သို့ပင် ဖြစ်နေပြီ ဖြစ်သည်။

ဤအချိန် ဤနေရာတွင် ဗဟိုဧကရာဇ်ကို တွေ့လိုက်ရမည်ဟု ပိုင်ရှောင်ချန်းမှာ လုံးဝ မထင်ထားခဲ့ပေ။

မိစ္ဆာမင်းသားမှာ ပိုင်ရှောင်ချန်း၏ နတ်ဘုရားအာရုံအငွေ့အသက်များကို အာရုံခံမိလိုက်သောအခါ သူ၏မျက်ဝန်းများ အရောင်လက်သွားပြီး သူ၏နှလုံးသားထဲတွင် ဂုဏ်ယူဝင့်ကြွားနေသည့်စိတ်များ မြင့်တက်လာတော့သည်။ သူသည် ပိုင်ရှောင်ချန်းက အမှားတစ်ခုခု၊ ပြစ်မှုတစ်ခုခု ကျူးလွန်မိအောင် ဖိအားပေးနိုင်ရန်အတွက် ဦးနှောက်ကို အိတ်သွန်ဖာမှောက်၍ စဥ်းစား တွေးတောခဲ့သည်။ ပိုင်ရှောင်ချန်းမှာ အလွန်ထိလွယ်ရှလွယ်သော သံအမတ်ဆိုသည့် ရာထူးကို ပိုင်ဆိုင်ထားသည်မဟုတ်ပါလော။ သို့သော် မိစ္ဆာမင်းသားသာ သူ မကောင်းမှုတစ်ခုခု လုပ်မိသွားအောင် ဖိအားပေးနိုင်မည်ဆိုပါက အခြေအနေများမှာ လွယ်ကူသွားမည်ဖြစ်သည်။

အမှန်မှာ မိစ္ဆာမင်းသားသည် ပိုင်ရှောင်ချန်း၏ အပြင်ခန္ဓာကိုယ်ကို အမှန်တကယ်လိုချင်တပ်မက်နေသည်ဖြစ်ပြီး အထူးသဖြင့် သူ၏သွေးများအားလုံးကို သိမ်းပိုက်ချင်နေသည်။ ပိုင်ရှောင်ချန်း၏ သွေးများကိုသာ သူရရှိလိုက်မည်ဆိုပါက သူ၏ပန်းတိုင်ဖြစ်သော စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းနှင့် မျိုးရိုးပညာရပ်များကိုလေ့လာရာတွင် အထောက်အကူပြုမည့် ဗဟိုမိုးမြေသွေးဆက်၏ လျှို့ဝှက်ချက်အားလုံးကိုဖော်ထုတ်နိုင်မည်ဟု သူက ယုံကြည်ထားသည်။

ယခုတွင် ပိုင်ရှောင်ချန်းက ထာဝရအသက်ရှည်နည်းအတတ်ကို ကျင့်ကြံထားသည်ဆိုသော အချက်မှာ ထာဝရအင်မော်တယ်နယ်မြေထဲတွင် လျှို့ဝှက်ချက် မဟုတ်ပေ။ သူ၏ကောင်းကင်မှပေးစွမ်းသော ပြန်လည်ကုစားနိုင်စွမ်းများကြောင့် ပြိုင်ဘက်ပေါင်းမြောက်မြားစွာ တုန်လှုပ်သွားခဲ့ရပြီးဖြစ်သည်။ မိစ္ဆာမင်းသားမှာ ထိုအတတ်ကို ရေးသားဖော်ပြထားသည့် ကျမ်းများကို လိုက်လံစုဆောင်းခဲ့ပြီး ဖြစ်သည်။

သို့သော် ထိုကျမ်းများကို သူ ကျင့်ကြံ၍မရခဲ့ပေ။ ကောင်းကင်တံတားဒေသမှ သွေးများစီးဆင်းနေသည့်လူများသာ ထိုသို့ကျင့်ကြံနိုင်မည်ဖြစ်သည်။ ဤအတတ်၏ အခြေခံအကျဆုံး လိုအပ်ချက်မှာ ထိုအချင်းအရာပင်ဖြစ်သည်။

ထို့ကြောင့် မိစ္ဆာမင်းသားမှာ ပိုင်ရှောင်ချန်း၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ရန် တန်းတန်းစွဲဖြစ်နေခြင်းဖြစ်သည်။

ယခုတွင်မူ ပိုင်ရှောင်ချန်းကို ကျွဲမြီးတိုစေနိုင်မည့် နည်းလမ်းတစ်ခုကို သူရှာတွေ့သွားပြီဖြစ်၍ ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။

" သံအမတ်ပိုင်။ ကျုပ်က စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းပညာရပ်ကို အရမ်းစိတ်ဝင်စားတာ။ ပြီးတော့ မင်းသိတဲ့အတိုင်း ကျုပ်က အရာရာတိုင်းကို ပြီးပြည့်စုံနေမှ သဘောကျတာ။ ကျုပ်ရဲ့ခန္ဓာကိုယ်ကိုတောင် အတွင်းရော အပြင်ပါ တစ်ခုပြီးတစ်ခု လဲလှယ်အစားထိုးထားတာကိုပဲကြည့် "

" ဒီမှာ ကျုပ်ပြောတာနားထောင်။ မင်းကို ကျုပ် မညာတော့ဘူး။ ကျုပ်ရဲ့ခန္ဓာကိုယ်ထဲမှာ ကောင်းကင်တံတားနယ်မြေက သွေးအနည်းငယ် ရှိနေပြီ။ ပြီးတော့ ကျုပ်က စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းပညာရပ်ရဲ့အခြေခံကို နားလည်စပြုလာပြီ။ ဒါပေမဲ့ ကျုပ်မှာရှိတဲ့ သွေးကမလောက်ဘူး ဖြစ်နေတာ... "

" ကျုပ်ရဲ့ ဖခမည်းတော် ဧကရာဇ်ကြီးကို ကျုပ်က ဗဟိုဧကရာဇ်ကို ပြန်လည်သန့်စင်ပြီး သူ့အသွေးအသားကို ကျုပ်အတွက် လက်တစ်ဖက်ဖန်တီးတဲ့နေရာမှာသုံးဖို့ တောင်းဆိုခဲ့တယ်။ သူက အဲဒီတောင်းဆိုချက်ကို လိုက်လျောပြီးပြီ... "

" အဲဒီလက်မှာ ကောင်းကင်တံတားနယ်မြေရဲ့ သွေးတွေအပြည့်အဝပါဝင်နေမှာ အသေအချာပဲ။ အဲဒီလက်နဲ့ဆိုရင် ကျုပ် ဗဟိုမိုးမြေဧကရာဇ် သွေးမျိုးဆက်ရဲ့ လျှို့ဝှက်ချက်အားလုံးကို ဖော်ထုတ်နိုင်လိမ့်မယ်လို့ ကျုပ်ယုံကြည်တယ် "

ယခုတွင် မိစ္ဆာမင်းသားမှာ အမှန်တကယ်ပင် သွက်သွက်ခါအောင် ရူးသွပ်သွားသည့်အလား ထိန်းချုပ်၍မရတော့ပေ။

သို့သော်လည်း နတ်ဘုရားကျင့်ကြံသူများအပါအဝင် ဤမြင်ကွင်းကိုကြည့်နေကြသည့် လူအများစုမှာ သူ့ကို အားကျနေသည့်ပုံစံများ ပေါ်နေကြသည်။

ထိုအချိန်တွင် မိစ္ဆာမင်းသားမှာ သူ၏ဘယ်ဖက်လက်ကို မြှောက်လိုက်ပြီး ခုတ်ချလိုက်သောအခါ ချက်ချင်းပင် သူ၏ညာလက်မှာ ပြတ်ထွက်သွားတော့သည်။ သွေးများ နေရာအနှံ့သို့ပန်းထွက်နေစဥ် သူသည် လက်ကိုဆန့်ထုတ်လိုက်ပြီး ဗဟိုဧကရာဇ်ကိုဆုပ်ကိုင်လိုက်ကာ သူ့အား ထိုဒဏ်ရာကြီးဆီသို့ ဆွဲယူလိုက်တော့သည်။

ကြွက်သားနှင့် အသားစိုင်တို့၏ အမျှင်အတန်းများမှာ စက်ဆုပ်ရွံရှာဖွယ်ကောင်းလောက်အောင် ဖွာထွက်လာပြီး ဗဟိုဧကရာဇ်၏ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်သွားတော့သည်။ သူသည် အသားများတုန်ရီကာ ခန္ဓာကိုယ်တစ်ခုလုံး အကြောဆွဲနေပါသော်လည်း ပိုင်ရှောင်ချန်းကိုကြည့်၍ ဆက်လက်ပြုံးနေဆဲပင်။ ထို့နောက် သူသည် ကြိုးစား၍ စကားပြောလိုက်တော့သည်။

" ငါ့ဘယ်ဘက်မျက်လုံးထဲမှာ ဗဟိုမိုးမြေဧကရာဇ် သွေးမျိုးဆက်ရဲ့ လျှို့ဝှက်ချက်တွေအားလုံး ရှိနေတာကွ။ ဘယ်သူမှ အဲဒီလျှို့ဝှက်ချက်တွေကို ရမှာမဟုတ်ဘူး "

" ငါ ဒီလို အရှက်တကွဲအနိုင်ကျင့်ခံခဲ့ရတဲ့ ပထမဆုံးနေ့ကစပြီး သူတို့ဒီလျှို့ဝှက်ချက်တွေကို လိုချင်တပ်မက်နေမှန်းသိလို့ အဲဒီမျက်လုံးကို ငါကိုယ်တိုင်ဖောက်ထုတ်ပြီး ဖျက်ဆီးပစ်ခဲ့တာ။ ဗဟိုမိုးမြေဧကရာဇ် သွေးမျိုးဆက်ရဲ့ လျှို့ဝှက်ချက်တွေဆိုတာ ကောင်းကင်တံတားနယ်မြေရဲ့ အခြေခံအုတ်မြစ်ပဲ။ အဲဒီလျှို့ဝှက်ချက်တွေက ငါ့အတွက်တော့ ကမ္ဘာကြီးတစ်ခုလိုပဲ။ အဲဒါကြောင့် အခြားဘယ်သူမှ မရစေရဘူး... "

ဗဟိုဧကရာဇ်မှာ သူ့ထံတွင်ကျန်ရှိနေသည့် နောက်ဆုံးလက်ကျန် စွမ်းအင်အနည်းငယ်ကိုသုံး၍ မိစ္ဆာဧကရာဇ်မင်းဆက်၏ မှူးမတ်များအားလုံး၏ရှေ့တွင်သာမက မိစ္ဆာဧကရာဇ်၏ ရှေ့မှာပင် ထိုစကားလုံးများကို ဆိုလိုက်တော့သည်။

ထို့အပြင် သူ၏စကားလုံးများအားလုံးမှာ ပိုင်ရှောင်ချန်းတစ်ယောက်တည်းအတွက် ရည်ရွယ်ကြောင်း အထင်အရှားသိနိုင်ပေသည်။

ပိုင်ရှောင်ချန်း၏သွေးမှာ အစစ်မှန်ဆုံးနှင့် ရှေးအကျဆုံး မဟုတ်ပါသော်လည်း အချို့သောကဏ္ဍများတွင် သူ၏သွေးထက် သာလွန်နေကြောင်း သူက သိသည်။

သူက ကောင်းကင်တံတားနယ်မြေ၏ ဧကရာဇ်ဖြစ်ကြောင်းကိုလည်း သူက သိသည်။ သူသည် နောက်ဆုံးဧကရာဇ်ဖြစ်သွားနိုင်သည် ဖြစ်သော်လည်း ၎င်းမှာသူ၏အပြစ်ကြောင့်သာဖြစ်၍ နောက်ဆက်တွဲ အကျိုးဆက်များကို လက်ခံရန် သူ့တွင်တာဝန်ရှိသည်။ သူ ဧကရာဇ်အဖြစ် ဆက်၍မရှိနိုင်တော့လျှင်တောင် သူ၏သွေးမျိုးဆက်မှ လျှို့ဝှက်ချက်များကို ရန်သူ၏လက်ထဲသို့ ကျရောက်သွားခွင့် ပေးနိုင်မည်မဟုတ်ပေ။

ထိုသို့ ကျရောက်ခွင့်မပေးဘဲ သူက ပိုင်ရှောင်ချန်းကို ယုံကြည်လိုက်လေသည်။

" ငါ့ဘယ်ဘက်မျက်လုံးကို ငါဖောက်ထုတ်ခဲ့တဲ့အချိန်ကစပြီး ငါက ဗဟိုဧကရာဇ်မဟုတ်တော့ဘူး။ ဒီနေ့ငါသေဆုံးတာက ဧကရာဇ်တစ်ပါးအနေနဲ့ မဟုတ်ဘူး။ ငါက ကောင်းကင်တံတားနယ်မြေက သာမန်နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ပဲ "

သူသည် ခေါင်းကိုနောက်ပစ်၍ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး တချိန်ထဲမှာပင် မိစ္ဆာမင်းသား၏ အသားစိုင်နှင့် ကြွက်သားများမှ အမျှင်အတန်းများက သူ၏ခန္ဓာကိုယ်ထဲသို့ဖောက်ဝင်နေသဖြင့် တုန်ရီနေတော့သည်။ သူ၏ခန္ဓာကိုယ်မှာ အရည်ပျော်ကျနေသည့် ဖယောင်းသားကဲ့သို့ ခမ်းခြောက်စပြုလာပြီ ဖြစ်သည်။

သို့သော် သူ၏စကားသံထဲတွင် စိတ်လှုပ်ရှားမှုအပြည့်ပါဝင်နေပြီး သူသည် အားအင်ချည့်နဲနေသော်ငြားလည်း ထိုစကားသံမှာ အရပ်မျက်နှာအနှံ့သို့ ပဲ့တင်ထပ်နေဆဲပင်။

" ငါက ဗဟိုဧကရာဇ်မဟုတ်တော့ဘူး။ ဗဟိုဧကရာဇ်အစစ်က ကောင်းကင်တံတားနယ်မြေ အဖျက်ဆီးခံလိုက်ရတဲ့အချိန်မှာ ပေါ်ထွက်လာခဲ့တာ "

သူ၏ရယ်မောသံ ပဲ့တင်ထပ်နေစဥ် သူ၏ဘယ်ဘက်မျက်လုံးအိမ်မှာ တောက်ပစွာ လင်းလက်လာသည်။

ထိုအလင်းရောင်များမှာ ပိုင်ရှောင်ချန်းတစ်ယောက်တည်းအပေါ်သို့ ကျဆင်းသွားသည်။

သူသည် စကားမဆုံးသေးပါသော်လည်း ဗဟိုဧကရာဇ်အသစ်တစ်ယောက် ပေါ်ထွက်ခဲ့ပြီးဖြစ်သည်ဟူသော သူ့စကား၏ အဓိပ္ပါယ်ကို တော်ဝင်နန်းတော်ထဲရှိ လူတိုင်းက သိလိုက်ပေသည်။ ထိုလူကား ပိုင်ရှောင်ချန်းပင်။

မိစ္ဆာမင်းသားမှာ ဗဟိုဧကရာဇ်ကို စုပ်ယူနေခြင်း မဟုတ်ပေ။ သူသည် မိစ္ဆာဧကရာဇ်မင်းဆက်မှ မှူးမတ်အားလုံး၏ မျက်မှောက်တွင် ဗဟိုဧကရာဇ်အဟောင်းအား အမွေဆက်ခံသူအသစ်တစ်ယောက် ရွေးချယ်ခွင့် ပေးလိုက်ခြင်းသာ ဖြစ်သည်။

ဗဟိုဧကရာဇ်၏ အမွေဆက်ခံသူပင် ဖြစ်သည်။

ဗဟိုဧကရာဇ်အဟောင်းမှာ သူ၏စကားသံများ တော်ဝင်နန်းတော်ထဲတွင် ဆက်၍ ပဲ့တင်ထပ်နေဆဲမှာပင် အသားအရည်များ ခန်းခြောက်သွားပြီး တဖြည်းဖြည်းနှင့် လူရုပ်ပင်ပျောက်လာတော့သည်။ သူ၏ဘယ်ဘက်မျက်လုံးမှာမူ ဖြေးညင်းစွာ မှေးမှိန်သွားသည်။ သို့သော် သူ၏အခြေအနေမှာ မည်မျှပင် နာကျည်းစရာကောင်းနေစေကာမူ သူ၏အပြုံးမှာ ကျန်ရှိနေဆဲပင်။ သူသည် နောက်ဆုံးတွင် သူ၏တာဝန်များအားလုံးကို စွန့်ပစ်နိုင်လိုက်ပြီဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ တုန်ရီသွားပြီး မျက်ရည်များဝဲနေသည့် မျက်ဝန်းအစုံဖြင့် လက်ယှက်၍ တရိုတသေ ဦးညွှတ်လိုက်တော့သည်။

ထိုဦးညွှတ်ခြင်းမှာ ဗဟိုဧကရာဇ်အဟောင်းအပေါ်ထားရှိသည့် ရိုသေလေးစားမှု၊ ကြီးမားသော သူရဲကောင်းတစ်ယောက်အပေါ် ထားရှိသည့် ရိုသေလေးစားမှုပင် ဖြစ်သည်။

သူသည် အတိတ်က သူရဲကောင်းတစ်ယောက် မဖြစ်ခဲ့ပါသော်လည်း ယခုတွင်မူ ဖြစ်သွားပြီ ဖြစ်သည်။ သူ၏နောက်ဆုံးလက်ကျန်အချိန်လေးတွင်သာ ထိုသို့ဖြစ်သွားခဲ့ပါသော်လည်း ထိုအချင်းအရာ၏ အရေးပါမှုမှာ လျော့နည်းသွားမည်မဟုတ်။

မိစ္ဆာမင်းသားပင် ဤကဲ့သို့သောဖြစ်ရပ်မျိုး ဖြစ်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူသည် ချက်ချင်းပင် စော်ကားခံလိုက်ရသည့် ခံစားချက်များဖြင့် ဖုံးလွှမ်းသွားတော့သည်။ သူသည် အော်ဟစ်မြည်တမ်း၍ ဗဟိုဧကရာဇ်အဟောင်း၏ အသွေးအသားများကို ကောက်ယူလိုက်ပြီး သူ လက်တစ်ဖက်အသွင်သို့ ပြောင်းလဲသွားသည့်အထိ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးပေါ်သို့ တွန့်လိမ်နေသည့် အသွေးအသားအမျှင်အတန်းများ စေလွှတ်လိုက်တော့သည်။

ထို့နောက် ထိုလက်ကို သူ၏ပုခုံးပေါ်ရှိ ဒဏ်ရာကြီးဆီသို့ ဆွဲယူလိုက်ပြီး တစ်သားထဲဖြစ်အောင် ချုပ်လိုက်သည်။

ထိုလက်ထဲမှ ကောင်းကင်တံတားနယ်မြေမှ သွေးစွမ်းအားများ ချက်ချင်းပင် ပေါ်ထွက်လာပြီး မိစ္ဆာမင်းသားမှာ ထိုစွမ်းအားကို အာရုံခံမိလိုက်သောအခါ သူ၏လက်သီးကို ဆုပ်လိုက်ပြီး ရယ်မောလိုက်တော့သည်။

" ကျုပ်ရဲ့ လက်အသစ်ကို ဘယ်လိုမြင်လဲ သံအမတ်ပိုင် "

သူသည် ပိုင်ရှောင်ချန်းအား မျက်လုံးမှေးကြီးများဖြင့် လှမ်းကြည့်ကာ မေးလိုက်သည်။

" စိတ်စွမ်းအင်းအဆင့်မြှင့်တင်ခြင်းရဲ့ အငွေ့အသက်တွေကို ခံစားမိရဲ့လား "

ပိုင်ရှောင်ချန်းမှာ ဦးညွှတ်နေဆဲပင်။ သို့သော် သူ၏မျက်လုံးများမှာ သွေးများထွက်ကျလာတော့မည့်အလား နီမြန်းနေပြီး သူ၏စိတ်နှလုံးထဲတွင်လည်း စိတ်လိုက်မာန်ပါ လုပ်ပစ်ချင်စိတ်များ တရိပ်ရိပ်မြင့်တက်လာနေပြီ ဖြစ်သည်။

လက်ရှိတွင် သူသည် မိစ္ဆာမင်းသားကို တုံ့ပြန်နိုင်မည့် နည်းလမ်းလုံးဝမရှိပေ။ သူ၏နှလုံးသားထဲမှ သတ်ဖြတ်လိုစိတ်မှာ ပြင်းထန်လွန်းလှသဖြင့် အကယ်၍ သူသာ ထုတ်လွှတ်လိုက်မည်ဆိုပါက ကမ္ဘာပျက်လုမတတ် ဖြစ်သွားမည်မှာ အမှန်ပင်။

သူသည် ရဲရဲတောက်နေသည့်မျက်လုံးများဖြင့် မိစ္ဆာမင်းသားကို စိုက်ကြည့်လိုက်ပြီးနောက် မိစ္ဆာဧကရာဇ်ဆီသို့ အကြည့်လွှဲလိုက်တော့သည်။

" အရှင်မင်းမြတ် မိစ္ဆာဧကရာဇ်မင်း။ ကျုပ်က ကောင်းကင်တံတားနယ်မြေကဆိုပေမဲ့ သူတော်စင်ဧကရာဇ်မင်းဆက်ရဲ့ သံအမတ်ဆိုလည်း ဟုတ်တယ်။ ပြီးတော့ ကျုပ်က ထာဝရအင်မော်တယ်နယ်မြေအားလုံးထဲမှာရှိတဲ့ ဆယ့်နှစ်ယောက်ထဲသော ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူတွေထဲက တစ်ယောက်ပါ။ ဒီစားပွဲတစ်ခုလို့ အမည်တပ်ထားတဲ့ ပွဲမှာ အရှင့်မင်းဆက်က နတ်ဘုရားတစ်ပိုင်းအဆင့် မင်းသားတစ်ပါးက ကျုပ်ကို မဆီမဆိုင် သက်သက်မဲ့အရှက်ခွဲနေတာပါ။ တကယ်လို့ ဒီလိုသာ နောက်တစ်ခေါက် ထပ်ဖြစ်မယ်ဆိုရင်တော့ ကျုပ် လူသတ်မိတာကို အရှင်အပြစ်တင်လို့ရမယ် မထင်ပါဘူး... "

ထိုသို့ဆိုကာ သူသည်နောက်သို့လှည့်၍ ထွက်ခွာသွားတော့သည်။

မိစ္ဆာမင်းသားမှာ ရူးသွပ်လုမတတ်ဖြစ်နေပြီဖြစ်သည်။ ယခုလေးတင် သူမြင်လိုက်ရသည့် ပိုင်ရှောင်ချန်း၏မျက်ဝန်းထဲမှ အကြည့်မှာ ယခင်အကြည့်များထက် များစွာပြင်းထန်စူးရှနေသည်ဖြစ်ပြီး သူ၏ နှလုံးသားထဲသို့ ရဲရဲနီနေသော သံပူတစ်ချောင်းနှင့် တံဆိပ်ရိုက်နှိက်လိုက်သကဲ့သို့ပင် ဖြစ်သွားသည်။

သူမည်သည့်စကားမှ ထပ်မပြောနိုင်ခင် ပိုင်ရှောင်ချန်းမှာ ထွက်ခွာသွားတော့သည်။

ထိုအချိန်တွင် မိစ္ဆာမင်းသားမှာ သူ၏ရင်ထဲတွင် ဒေါသမီးများလောင်ကျွမ်းနေဆဲ ဖြစ်သော်လည်း အနည်းငယ်မျှ ငြိမ်ကျသွားသည်။ သူသည် မည်သို့ဆက်လုပ်ရမည်ကို စဥ်းစားနေစဥ် မိစ္ဆာဧကရာဇ်မှာ အခြားမည်သူမှ မမြင်နိုင်မည့် လှောင်ပြောင်သရော်မှု အရိပ်အယောင်များ ထင်ဟပ်နေသည့် မျက်ဝန်းတစ်စုံဖြင့် သူ့အား ကြည့်လိုက်လေသည်။ ထိုသရော်မှုအချို့မှာ ပိုင်ရှောင်ချန်းအတွက်ဖြစ်သော်လည်း အများစုမှာ မိစ္ဆာမင်းသားအတွက်သာ ဖြစ်သည်။

သူသည် မည်သည့်စကားတစ်ခွန်းမှ ထပ်မပြောပဲ မတ်တတ်ရပ်၍ ထွက်ခွာသွားတော့သည်။ ဝိရူပက္ခနတ်မင်းနှင့် အခြားသူများမှာ သူ၏နောက်မှ လိုက်သွားကြသည်။ ဤတစ်ကြိမ်တွင် ပိုင်ရှောင်ချန်းက ပြဿနာကြီးတစ်ရပ်ကို ရှောင်တိမ်းနိုင်လိုက်ကြောင်း သူတို့အားလုံး သိလိုက်ကြသည်။

အဆုံးသတ်တွင် မိစ္ဆာမင်းသားမှာ တစ်ယောက်ထဲ ကျန်ရစ်ခဲ့သည်။ သူ၏မျက်နှာမှာ ဒေါသစိတ်များကြောင့် တွန့်လိမ်နေပြီး သူ၏မျက်ဝန်းများထဲတွင်လည်း ရူးသွပ်မှု အရိပ်အယောင်များ ထင်ဟပ်နေတော့သည်။

" မင်းက ငါ့အတွက်ပဲ ပိုင်ရှောင်ချန်း။ မင်းရဲ့ခန္ဓာကိုယ်ကို ငါရအောင်သိမ်းပိုက်ပြမယ်ကွ "

သူသည် အင်္ကျီလက်ကို ဒေါသတကြီး ခါယမ်းလိုက်ပြီး နောက်သို့လှည့်၍ စိတ်ဆိုးမာန်ဆိုးဖြင့် ထွက်ခွာသွားတော့သည်။

All Chapters