ဟင်းလင်းပြင်ထဲက လက်ပြတ်ကြီး
Vol. 12 Ch. 1177
ပိုင်ရှောင်ချန်းမှာ သံရုံးကို မည်ကဲ့သို့ ပြန်ရောက်လာသည်ကိုပင် မမှတ်မိပေ။ သူသည် လူသေကောင်လမ်းလျှောက်နေသည့်အလား အသိစိတ် ကင်းမဲ့နေတော့သည်။ သူတွေးနိုင်သမျှမှာ အားနည်းခြင်းအား မည်မျှ မုန်းတီးကြောင်း၊ အလွန်အသုံးမကျခြင်းအား မည်မျှရွံရှာစက်ဆုပ်ကြောင်းတို့ပင်။
သူ့နှလုံးသားမှာ နှစ်ခြမ်း စုတ်ဖြဲခံလိုက်ရသည့်အလား ခံစားနေရတော့သည်။ တစ်ခြမ်းက အခြေအနေကို ပြောင်းလဲရန် သူ ဘာမှမတတ်နိုင်ခဲ့ကြောင်း ပြောနေသည်။ သို့သော် ကျန်တစ်ခြမ်းက ဗဟိုဧကရာဇ်ကို သူ၏ နာကျင်မှုဆင်းရဲဒုက္ခတို့မှ ကယ်တင်ရန် တစ်ခုခုလုပ်ခဲ့သင့်ကြောင်း တတွတ်တွတ်ပြောကာ ဒေါသတကြီး အော်ဟစ်နေသည်။
စိတ်ဝေဒနာနှင့် ညှင်းပန်းမှုဒဏ်တို့ကြောင့် ပိုင်ရှောင်ချန်း၏မျက်လုံးများ၌ မျက်ရည်များဝဲတက်လာပြီး နောက်ဆုံးတွင် အချိန်မရွေး ပြိုလဲတော့မည့်အလား သူ ခံစားနေရတော့သည်။ သူသည် သူ့ပခုံးပေါ် လွှဲပြောင်းပေးအပ်ခဲ့သော တာဝန်ဝတ္တရားများအား ကိုယ်တွယ်နိုင်သည်ဟု မခံစားရပေ။ သူက အများအားဖြင့် အခြေအနေများ ပေါ်ပေါက်လာပါက လက်တွေ့ကျကျကိုင်တွယ်ကာ အေးအေးလူလူ အသက်ရှင်နေထိုင်တတ်သူ မဟုတ်ပါလော။ သို့သော် တစ်နည်းအားဖြင့် သူက ကောင်းကင်တံတားဒေသမှ လူတိုင်း၏ မျှော်လင့်ချက် ဖြစ်လာခဲ့လေသည်။
အကယ်၍ သူက ဗဟိုဧကရာဇ်အစား လီချင်းဟောက်၊ စုန့်ကျင်းဝမ်၊ သခင်မလေးဟုန်ချိန် သို့မဟုတ် ဖက်တီးကျန်းကြီးသာ ဖြစ်ခဲ့လျှင် မည်သို့ဖြစ်ပျက်လိမ့်မည်ကို တွေးပင် မတွေးရဲပေ။
ထိုသို့ဆိုပါက မည်သည်တို့ ဖြစ်ပျက်မည်နည်း။
" ငါ့ကျင့်ကြံခြင်းအဆင့်။ အဲဒါတွေအားလုံးက ငါ့ကျင့်ကြံခြင်းအခြေခံနဲ့ ပတ်သက်နေတာ။ ငါသာ လောကနတ်ဘုရားတစ်ပါးသာဆိုလို့ကတော့... "
သူက မျက်လုံးရဲရဲနီလာလျက် သူ၏ ပို၍အစွမ်းထက်လာရန် ဆိုသော ဆုံးဖြတ်ချက်ကား ရူးသွပ်သည့်အဆင့်အထိ လျင်မြန်စွာ အသွင်ကူးပြောင်းသွားကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
သူက မြောက်ပိုင်း၏ မဟာဓားကို ထုတ်ပြီး မြောက်ပိုင်းကောင်းကင်တံတားဒေသက မည်သည်နှင့် တူခဲ့သည်ကို စဥ်းစားကာ ၄င်းကို လေ့လာလိုက်သည်။ တခဏကြာသော် သူက လိပ်ဒယ်အိုးကို ထုတ်ပြီး သူ၏ အသစ်စုဆောင်းမိသော ရောင်စုံမီးတောက်ကို သုံး၍ ၄င်းကို အဆင့်မြှင့်တင်ရန် စတင်တော့သည်။
စိတ်စွမ်းအင်အမှတ်အသားများ ပို၍ ပေါ်လာစဥ် ဓား၏ အရှိန်အဝါကား စတင်ပြောင်းလဲလာလေသည်။ နောက်ဆုံး၌ ဓားကြီးက စူးရှထက်မြက်ခြင်းနှင့် အလွန်နက်ရှိုင်းစွာ အံ့သြတုန်လှုပ်ဖွယ်ကောင်းသော စွမ်းအားအငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေပြီ ဖြစ်သည်။
" ဒီဓားက ... လောကနတ်ဘုရားတစ်ပါးကို တိုက်ခိုက်ဖို့အထိ မလုံလောက်ဘူး "
သူက မြောက်ပိုင်း၏မဟာဓားကို သိမ်းပြီးနောက် သူ၏သီးသန့်အခန်းထဲမှ ပျောက်ကွယ်သွား၏။
သူပြန်ပေါ်လာသောအခါ ယပ်တောင်အစုတ်ကြီးအပေါ် ရောက်နေသည်။ ဤအခိုက်အတန့်တွင် သူ၏သတ်ဖြတ်လိုစိတ်နှင့် အမျက်ဒေါသများကား သူစိတ်ဖောက်သွားမည်စိုး၍ ထွက်ပေါက်ရှာရန် လိုအပ်သည့်အဆင့်ထိ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ထို့ပြင် ထွက်ပေါက်ရှာရန် အကောင်းဆုံးနည်းလမ်းက ယပ်တောင်၏အဆင့်များအား စိန်ခေါ်ရန် ဖြစ်ပေမည်။
သူက အစောင့်အရှောက်ဝိညာဥ် အိပ်နေသည်လား၊ နိုးနေသည်လားကိုပင် စိတ်ရှုပ်ခံမနေပေ။ တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ သူက နောက်တစ်ဆင့်ထံ တန်းတန်းမတ်မတ် ပျံသန်းသွား၏။
သူက မြောက်ပိုင်း၏ မဟာဓားကို ဆင့်ခေါ်ပြီး စွမ်းအားကြီးတိုက်ကွက်တစ်ကွက် ထုတ်လိုက်သဖြင့် သူ့ပတ်လည်ရှိ ကမ္ဘာကြီးအတွင်း၌ ထစ်ခြုန်းမြည်သံများ ပဲ့တင်ထပ်သွားလေသည်။ သူက သူ၏ကျင့်ကြံခြင်းအခြေခံနှင့်အတူ အပြင်အားများဖြင့် ထောက်ပံ့ထားလျက် တစ်ဆင့်လုံးကို ဖျက်စီး၍ သူ၏ရူးသွပ်မှု၊ အမျက်ဒေါသများအား ထွက်ပေါက်ရှာရန် ၄င်းကို အသုံးပြုလိုက်သည်။
အဆင့်ရှစ်ဆယ့်ငါး၊ ရှစ်ဆယ့်ခြောက်၊ ရှစ်ဆယ့်ခုနစ်။
အဆင့်များကား ခက်သထက် ခက်လာသော်လည်း သူက ရူးသွပ်နေသည့်အခြေအနေတွင် ဖြစ်သည်။ အဆင့်များ အတွင်း မည်သည့်အရာပေါ်လာစေကာမူ အရေးမကြီး၊ သူက ကြောက်ခမန်းလိလိသတ်ဖြတ်နေပြီး သွေးရောင်အလင်းများကလွဲ၍ တခြားဘာမှ မမြင်ရပေ။
သတ်၊ သတ် ၊သတ်။
သူ၏သတ်ဖြတ်လိုစိတ်မှာ သူ၏ကျင့်ကြံခြင်းအခြေခံ အနက်ရှိုင်းဆုံးတိုင်အောင် နစ်မြုပ်သွားပြီး ၄င်းနှင့်အတူ ပေါင်းစည်းကာ သူစိတ်ကူးရုံသာတတ်နိုင်သည့် ပို၍မြင့်မားသော အဆင့်တစ်ခုကို တွန်းပို့ပေးနေသည့်ပုံရလေသည်။ အတိတ်တုန်းက ၄င်းမှာ ဖြစ်နိုင်မည် မဟုတ်ပေ။ သို့သော် သူထုတ်ဖော်နေသည့် သတ်ဖြတ်မှုများကြောင့် သူ၏အတိုက်အခိုက်စွမ်းရည်ကို ပို၍ပင်မြင့်မားသော အဆင့်တစ်ဆင့်ဆီ တွန်းပို့ရင်း သူ့ကို စိတ်နစ်နေစေသည်။
အဆင့် ရှစ်ဆယ့်ရှစ်။ အဆင့်ရှစ်ဆယ့်ကိုး ....
သူ အဆင့်ကိုးဆယ်ရောက်သည့်အချိန် သူ၏ဒဏ်ရာများကား အတိတ်က ယပ်တောင်အစုတ်ကြီးကို စိန်ခေါ်နေသော မည်သည့်အကြိမ်မဆိုထက် များစွာပို၍ ဆိုးရွားလေသည်။
သူ၏ထာဝရအတွဲသည် အံ့သြတုန်လှုပ်ဖွယ် လုပ်ဆောင်နေပြီး သူ၏တိုက်ကွက်များမှာ ယခင်ကောင်းကင်တံတားဒေသတွင်သာ မြင်ခဲ့ဖူးသည့်၊ သေစေနိုင်သောထိုးနှက်ချက်များ ထုတ်လွှတ်ရန် ဒဏ်ရာအပြင်းအထန်ခံစားရသည့် အမျိုးအစား ဖြစ်သည်။
၄င်းမှာ လောချိန်တောင်တန်းများမှ အစပြု၍ သူ တည်ဆောက်ပြုပြင်ခဲ့သော ပြိုင်ဘက်ကင်းတိုက်ခိုက်မှုပုံစံတစ်ခုဖြစ်သည်။ ယခုတွင် ၄င်းသည် ပြီးပြည့်စုံသော အဆင့်တစ်ခုကို ရောက်ပြီဟု မပြောနိုင်သော်လည်း ထိုအဆင့်နှင့် သေချာပေါက် နီးကပ်လာနေသည်။
သူ ထွက်ပေါက်ရှာနေစဥ် သူ၏သွေးများ တပွက်ပွက်ဆူလာပြီး သူ၏မျက်လုံးများထဲရှိ ရူးသွပ်မှုများ တောင်လောင်လာတော့သည်။ ၄င်းတို့အားလုံးက အဆင့်ကိုးဆယ်တွင် ထိပ်ဆုံးထိ ရောက်ရှိသွားလေသည်။
အဆင့်ကိုးဆယ်သည် အပူမီးကမ္ဘာဖြစ်သည်။ ၄င်း၏ကောင်းကင်သည် ပြာမွဲမွဲတိမ်တိုက်များနှင့် မီးတောက်မီးလျှံများ၏ အလင်းဖြင့် ပြည့်နှက်နေ၏။ ချော်ရည်များ၊ မီးတောက်များသည် အရပ်မျက်နှာတစ်ခွင် သွယ်တန်းနေသော အဆုံးမရှိသည့်ပုံပေါ်သော မီးတောင်များ၏ ထိပ်များမှ တဖွားဖွားပန်းထွက်နေလေသည်။
ထိုခရမ်းရောင်ကမ္ဘာအတွင်း၌ အဆုံးတစ်ဖက်မှ အခြားတစ်ဖက်သို့ မီတာ သုံးသောင်းတိတိရှိသော ဧရာမကျောက်နွားချေးပိုး သုံးကောင် လျှောက်သွားနေ၏။ သူတို့က ရွေ့လျားနေကြလျက် ကြုံရာမီးတောင်ကို ဝင်တိုက်နေရာ အရပ်မျက်နှာအားလုံးသို့ ချော်ရည်၊ မီးတောက်များ တလိပ်လိပ်ပျံ့နှံ့နေတော့သည်။
အားလုံးအထဲ အဆိုးဆုံးမှာ ချော်ရည်မီးလျှံများက ကျောက်နွားချေးပိုးများကို မထိခိုက်သော်လည်း ၄င်းက ရှိသမျှမည်သည့် ကျောက်တုံးကိုမဆို အရည်ပျော်သွားစေသည်။ အဆုံးသတ်တွင် ကမ္ဘာကြီးမှာ လှိုင်းလုံးကြီးများ ကြောက်စရာကောင်းလောက်အောင် တလိပ်လိပ်ထလျက် မီးချော်ရည်ပင်လယ်တစ်စင်းအလား ဖြစ်နေတော့သည်။
ကျောက်နွားချေးပိုးတစ်ကောင်က ကမ္ဘာထဲတွင် ပိုင်ရှောင်ချန်း ပေါ်လာသည်နှင့်တစ်ပြိုင်နက် သတိထားမိလိုက်၏။ ၄င်းက ဟိန်းဟောက်၍ ပုံရိပ်များ ချန်ရစ်ထားခဲ့လျက် သူ့ထံသို့ အငမ်းမရ ပြေးတက်လာတော့သည်။
အခြားအခြေအနေတွင် ပိုင်ရှောင်ချန်းက ရှောင်တိမ်းမည်ဖြစ်သည်။ သို့သော် ဤတစ်ကြိမ်တွင် သူက လက်ကိုသာ ဝှေ့ယမ်းပြီး တောင်ဖြိုသိုင်းကို အသုံးပြုလိုက်သည်။ ဧရာမကျောက်တုံးကျောက်ခဲကြီးများက သူ့ထံ ပျံတက်လာကာ သူ့ကို ကျောက်ဘီလူးကြီးအဖြစ် အလျင်အမြန်ပြောင်းလဲပေးေနသဖြင့် သူ့ပတ်ပတ်လည်ရှိ လေထုမှာ တွန့်လိမ်ရှုံ့တွလာတော့သည်။
ထိပ်တိုက်တွေ့ဆုံမှုအတွက် နောက်ဆုတ်အားယူမည့်အစား သူက အဆိုပါကျောက်နွားချေးပိုးကြီးထက် သာလွန်သော နားကွဲလုမတတ် ဟိန်းဟောက်သံကြီးဖြင့် အော်ဟစ်ကာ ရှေ့သို့ ပြေးတက်လိုက်သည်။ ထို့နောက် အခြားကျောက်နွားချေးပိုးကြီးနှစ်ကောင်သည်လည်း ပိုင်ရှောင်ချန်းထံ ပြေးဝင်လာကြသဖြင့် တစ်ကမ္ဘာလုံး လှုပ်ရမ်း တုန်ခါလာလေသည်။
ရက်အနည်းငယ်ကြာသော် သူက သွေးများစိုရွှဲလျက် ညာလက်မောင်းပြတ်ထွက်သွားပြီး သူ့မျက်နှာ ဘယ်ဖယ်အခြမ်းတွင် ဦးခေါင်းခွံကား ထင်းနေလျက် အဆင့်ကိုးဆယ်မှ ထွက်လာ၏။
သို့သော် ယခင်က သူ၏မျက်လုံးများထဲ တောက်လောင်နေခဲ့သော ရူးသွပ်ခြင်းများနေရာတွင် တည်ငြိမ်မှုက အစားထိုးနေရာယူထားပါသော်လည်း ထိုတည်ငြိမ်မှု၏ အနက်ရှိုင်းဆုံးတစ်နေရာ၌ ပေါက်ကွဲမှု၊ အမျက်ဒေါသများ တပွက်ပွက်ဆူနေချသည်။
အဆင့်ကိုးဆယ်ကို ကျော်ဖြတ်ပြီးနောက် သူက ယပ်တောင်၏ ပင်မရင်ပြင်ကို ပြန်သွားလိုက်သည်။ ထိုအချိန်တွင် သူက သွေးတစ်ပွက် အန်ပြီးနောက် ပုံလျက်သားလဲကျသွားတော့သည်။ အချိန်အတော်ကြာပြီးနောက် သူက အားတင်းကာ ကုန်းရုန်းထ၍ တင်ပျဥ်ခွေသောပုံစံဖြစ်အောင်ထိုင်ကာ အသက်ရှူလေ့ကျင့်ခန်းများ လုပ်လိုက်သည်။
သူ၏ကျင့်ကြံခြင်းအခြေခံ လည်ပတ်ပြီး သူ၏အပြင်အား ပြန်လည်ကုစားခြင်းစွမ်းအားများ အလုပ်လုပ်နေစဥ် သုံးရက်ကုန်ဆုံးသွား၏။ နောက်ဆုံး၌ သူ၏လက်မောင်း ပြန်ထွက်လာပြီး သူ၏မျက်နှာမှာ ကုသပြီးသွားလေပြီ။ ထိုအချိန် သူက မျက်လုံးများ ဖွင့်လိုက်သည်။
သို့သော် သူ၏ကျင့်ကြံခြင်းကဏ္ဍကား ယခုထက်ထိ မပြီးဆုံးသေးပေ။ သူတိုက်ခိုက်ခဲ့သည့် ကျောက်နွားချေးပိုးများ၏ သွေးများမှာ အံသြတုန်လှုပ်စရာကောင်းလောက်အောင် တိုက်စားတတ်လေသည်။ ထို့ကြောင့် သူ၏ ပြန်လည်ကုစားခြင်းစွမ်းအားများအတွက် သူ့ကို လုံးဝ အကောင်းပကတိပြန်ဖြစ်စေရန် အချိန်များစွာပို၍ ကြာမြင့်နေတော့သည်။
ထိုအချိန်တဝိုက်တွင် ပြင်းထန်သော တုန်ခါမှုကြီးတစ်ခုက ယပ်တောင်အစုတ်ကြီးတစ်ခုလုံးကို ရုတ်တရက် လှုပ်ရမ်းသွားစေလေသည်။
တချိန်တည်းမှာပင် ပိုင်ရှောင်ချန်းကို အမြုတေအထိ တုန်လှုပ်သွားစေသော အရှိန်အဝါတစ်ခုက နောက်ကွယ်ရှိဟင်းလင်းပြင်မှ ယပ်တောင်အစုတ်ကြီးအတွင်းသို့ လှဲကျင်းတိုက်ခတ်သွား၏။
သူက အံ့သြတုန်လှုပ်လျက် ထရပ်ပြီး ယပ်တောင်၏အစွန်းကို လမ်းလျှောက်သွားကာ အမှောင်ထုထဲ စူးစိုက်ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူ၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး သူ၏နှလုံးသားမှာ အံ့သြတုန်လှုပ်ခြင်းများဖြင့် တဆတ်ဆတ် တုန်ရီသွားလေသည်။
" အဲဒါက ... "
အပြင်ဘက်ဟင်းလင်းပြင်အမှောင်ထုထဲတွင် မှိန်ဖျော့ဖျော့အလင်းတစ်ခုကို မြင်လိုက်ရသဖြင့် သူ ပင့်သက်ရှိုက်မိသွားလေသည်။ ၄င်းက နီးကပ်လာသည်နှင့် အဆုံးတစ်ဖက်မှ အခြားတစ်ဖက်အထိ မီတာ သုံးသောင်းတိတိ ကြီးမားကြောင်း သူ မြင်လိုက်ရ၏။ ဟင်းလင်းပြင်ထဲတွင် တလက်လက်တောက်ပနေလျက် လွင့်မျောနေသည်ကား ဧရာမလက်ကြီးတစ်ဖက် ဖြစ်ပေသည်။
၄င်းက ကျင့်ကြံသူတစ်ယောက်၏ လက်နှင့်မတူဘဲ လက်သည်းများဖြင့် ပြည့်နှက်လျက် မြေခွေးလက်ကြီးသဖွယ် ဖြစ်သည်။
လက်ကြီးနီးကပ်လာသဖြင့် ယပ်တောင်အစုတ်ကြီးတစ်ခုလုံး တသိမ့်သိမ့်တုန်ခါလာတော့သည်။ တချိန်တည်းမှာပင် ပိုင်ရှောင်ချန်းက ထိုလက်ကြီး၏ အရှိန်အဝါကို သိကြောင်း သဘောပေါက်လိုက်သည်။
" ဘုရားရေ။ အဲဒါ မိုးမြေဧကရာဇ်အရှိန်အဝါတစ်ခုပဲ "
ဤသည်ကို သူ သဘောပေါက်လိုက်ချိန်မှာပင် သူ့နောက်မှ စူးစူးဝါးဝါးအော်သံတစ်သံ ကြားလိုက်ရသည်။ ၄င်း၏ရင်းမြစ်ကား အစောင့်အရှောက်ဝိညာဥ်က လွဲ၍ တခြားမဟုတ်ပေ။
" ဘယ်မိုးမြေဧကရာဇ်လဲ။ အနီးကပ်ကြည့်ရအောင် ... သိပြီ။ အဲဒီလက်က ဝံပုလွေမိစ္ဆာဒေသက ဂေါ်တျန်ရှင်းဟာလိုလိုပါလား၊ ဟုတ်တယ် သူပဲဖြစ်ရမယ်။ အရင်တုန်းက သူက အားအနည်းဆုံး မိုးမြေဧကရာဇ်တွေထဲက တစ်ယောက်ပဲ။ သူ့ရဲ့ အရှိန်အဝါကို တခြားတစ်ယောက်နဲ့ ငါ ဘယ်တော့မှ မမှားနိုင်ဘူး “
" ဂေါ်တျန်ရှင်းရဲ့ဘယ်လက် ... ပိုင်ရှောင်ချန်း ငါ့ကို မင်းရဲ့ယပ်တောင်အပေါ်ထိန်းချုပ်နိုင်စွမ်း ငှားစမ်းပါ။ အဲဒီလက်က စွမ်းအားနဲ့ဆို ယပ်တောင်ရဲ့အရှိန်ကို ငါ တိုးအောင်လုပ်ပြီးတော့ အခြားတစ်ခြမ်းနဲ့ ပိုပြီး စောစော ပေါင်းေအာင်လုပ်နိုင်တယ်။ ပြီးတော့ ငါ မင်းကို ကျန်တဲ့အဆင့်တွေမှာ တစ်ဆင့်ပဲ နှောင့်ယှက်မယ်လို့ ကတိပေးတယ်ကွာ "
အစောင့်အရှောက်ဝိညာဥ်မှာ အလွန်စိတ်လှုပ်ရှားနေသဖြင့် ပိုင်ရှောင်ချန်းကို လျှို့ဝှက်ချက်အဖြစ် ထားသင့်သည့် အချက်အလက်အနည်းငယ်ကို လွှတ်ခနဲ ပြောလိုက်လေသည်။
ပိုင်ရှောင်ချန်း၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားသော်လည်း သူက ဘာမှမပြောပေ။ ဤမိုးမြေဧကရာဇ်၏လက်က ဆွဲဆောင်မှုအားကောင်းသော်လည်း သူက အစောင့်အရှောက်ဝိညာဥ်ကို နည်းနည်းလေးပင် မယုံကြည်ပေ။ ယပ်တောင်အစုတ်ကြီးက လက်ကြီးထံ တဟုန်ထိုးသွားနေချိန်မှာပင် လက်ကြီးက ရုတ်တရက် လှုပ်သွား၏။
မထင်မှတ်ထားဖွယ်ကောင်းစွာ မရေမတွက်နိုင်သော အမုန်းဝိညာဥ်များ ၄င်းထံမှ တသီတတန်းကြီးထွက်လာပြီး မျက်လုံးများတွင် လောဘဒေါသများပြည့်နှက်လျက် အသံမထွက်ဘဲ အော်မြည်ကာ ယပ်တောင်အစုတ်ကြီးထံ ပြေးဝင်လာကြသည်။
" ဝိညာဥ်တွေ … "
ပိုင်ရှောင်ချန်းမှာ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်လျက် ပြောလိုက်သည်။