← Chapters

နှစ်ဆယ့်နှစ်ရောင်ခြယ်မီးတောက်

Vol. 12 Ch. 1178

နှစ်ဆယ့်နှစ်ရောင်ခြယ်မီးတောက်

Vol. 12 Ch. 1178

ဤသည်မှာ ဟင်းလင်းပြင်ထဲတွင် အမုန်းဝိညာဥ်များအား ပထမဆုံးအကြိမ်အဖြစ် ပိုင်ရှောင်ချန်း မြင်ဖူးခြင်း မဟုတ်ပေ။ သူက သူ မြင်ခဲ့သည့် ထိုလွင့်မျောနေသော ဧရာမနန်းတော်ကြီးမှ လောကနတ်ဘုရားဝိညာဥ်တစ်ကောင် ရရှိခဲ့ပြီးသည် မဟုတ်ပါလော။

သို့သော် မိုးမြေဧကရာဇ်၏လက်မှ တသီတတန်းထွက်လာသည့် အနှီအမုန်းဝိညာဥ်အုပ်ကြီးအား မြင်သောအခါ သူ စိတ်မလှုပ်ရှားဘဲ မနေနိုင်တော့ပေ။

သူ ထာဝရအင်မော်တယ်နယ်မြေများထဲ ရောက်ခဲ့စဥ်ကတည်းက သူ့လက်ဝယ် အမုန်းဝိညာဥ်များ ကင်းမဲ့နေခဲ့ရသည်။ မကြာသေးခင်က သူကျော်ဖြတ်ခဲ့သည့် ဝိညာဥ်များဖြင့် ပြည့်နှက်နေသော စမ်းသပ်ပွဲအဆင့်ကို ကျော်ဖြတ်ခဲ့ပြီးမှသာ သူ၏သိုလှောင်ပစ္စည်းများကို အတိုင်းအတာတစ်ခုအထိ ဖြည့်တင်းနိုင်ခဲ့သော်လည်း ထိုသည်ကပင် မလုံလောက်ခဲ့ပေ။

ကံဆိုးစွာပင် သူက ဝိညာဥ်များထပ်မံရရှိရန် ထိုအဆင့်သို့ ပြန်မသွားနိုင်ဘဲ အကယ်၍ သွားနိုင်လျှင်တောင်မှ အထဲတွင် များစွာရှိပါသော်လည်း သူအကုန်လုံးရလျှင်ပင် နောက်ထပ်ရှိတော့မည် မဟုတ်ပေ။

" ဒီတော့ ဒီဟင်းလင်းပြင်ထဲမှာ တကယ် အမုန်းဝိညာဥ်တွေ ရှိတာပဲ "

သူက ၎င်းတို့ကို စူးစိုက်ကြည့်၍ တွန့်ဆုတ်မနေဘဲ ကြေညာလိုက်သည်။

" ကောင်းပြီ၊ အစောင့်အရှောက်ဝိညာဥ်လေး။ ငါ မင်းကို ဒီတစ်ခါတော့ ယုံပေးလိုက်မယ် "

သူက အစောင့်အရှောက်ဝိညာဥ် လောဘတက်လာလျှင်တောင်မှ လိုအပ်လျှင် ပြန်ယူနိုင်သည့် တစ်ခုတည်းသော အကြောင်းပြချက်ဖြင့် သူ၏ ယပ်တောင်အပေါ် လုပ်ပိုင်ခွင့်အာဏာကို လွှတ်ပေးလိုက်သည်။

ယခုတွင် သူ၏ ယပ်တောင်အပေါ် လုပ်ပိုင်ခွင့်အဆင့်သည် အစောင့်အရှောက်ဝိညာဥ်ကို ကျော်လွန်သွားသည် မဟုတ်ပါလော။ အမှန်ပင် အဆင့်တစ်ရာကို ယခုထက်ထိ မကျော်ဖြတ်ရသေးသည့်အကြောင်းရင်းကြောင့် သူက ယပ်တောင်၏ နတ်ဘုရားစွမ်းရည်များအား အသုံးပြုနိုင်စွမ်းသော်လည်းကောင်း၊ ၄င်းကို အပြည့်အဝထိန်းချုပ်နိုင်စွမ်းသော်လည်းကောင်း မရှိပေ။

အစောင့်အရှောက်ဝိညာဥ်မှာ ပိုင်ရှောင်ချန်းက သူ၏လုပ်ပိုင်ခွင့်အာဏာကို လက်လွှဲပေးနေကြောင်းတွေ့သောအခါ စိတ်လှုပ်ရှားသွားလေသည်။ သူ၏နတ်ဘုရားအာရုံကို အလျင်အမြန်ထုတ်လွှတ်ရင်း သူက သူအလိုရှိသလို အသုံးပြုနိုင်သော စွမ်းအားများကို ဆင့်ခေါ်လိုက်ရာ ယပ်တောင်ကြီးအား အလွန်စူးရှသောအလင်းများဖြင့် တောက်ပသွားစေတော့သည်။

တချိန်တည်းမှာပင် သူက ချဥ်းကပ်လာနေသော ဝိညာဥ်များကို လက်ညှိုးထိုးလိုက်သည်။

" ငြိမ်သက်စေ "

သူက စကားပြောလိုက်သည်တွင် သူ၏အသံမှာ ကောင်းကင်ဘုံမှလာသော မိုးခြိမ်းသံသဖွယ် ပဲ့တင်ထပ်သွားပြီး ဟင်းလင်းပြင်အတွင်းသို့ လှိုင်းဂယက်များ ပို့လွှတ်လိုက်တော့သည်။ တချိန်တည်းမှာပင် ယပ်တောင်ကြီးမျက်နှာပြင်အပေါ်က ရုပ်ပုံမှာ အသက်ဝင်လာသည့်အလား စတင်လှုပ်ရှားလာ၏။

ထိုရုပ်ပုံက အပေါ်တွင် ပြာဿဒ်တစ်ဆောင်နှင့် အောက်တွင် မြစ်တစ်စင်းရှိသော တောင်တစ်လုံးကို ရေးဆွဲသရုပ်ဖော်ထားခြင်းဖြစ်သည်။ မြစ်၏အပေါ်တွင် လှေတစ်စီးရှိပြီး ၄င်းအတွင်း၌ ကျားကစားနေသော အမျိုးသားနှစ်ယောက်ကို မြင်နိုင်၏။ မြစ်ရေထဲတွင် နန်းတော်တစ်ခုလည်း ရှိသည်။

ယပ်တောင်အပေါ်က ပုံရိပ်တသိမ့်သိမ့်လှုပ်ရှားလာစဥ် လှေပေါ်က အမျိုးသားတစ်ယောက်က ညာလက်ကိုဝှေ့ယမ်းလိုက်ရာ ဟင်းလင်းပြင်ထဲတွင် ဧရာမဆွဲအားကြီးတစ်ခု ပေါ်ပေါက်လာ၏။

အမုန်းဝိညာဥ်များမှာ စူးစူးဝါးဝါးအော်ဟစ်၍ အလင်းတန်းများအသွင်ပြောင်းကာ ယပ်တောင်အပေါ်က မြစ်ရုပ်ပုံကားချပ်အတွင်းသို့ တဟုန်ထိုးဝင်သွားကြသဖြင့် ထစ်ခြုန်းမြည်သံများ ပဲ့တင်ထပ်နေတော့သည်။

လက်ပြတ်ကြီးမှာမူ သိသိသာသာ တုန်ရီသွား၏။ အကယ်၍ လက်ကြီးသာ တချိန်က သက်ဆိုင်ခဲ့ဖူးသော မိုးမြေဧကရာဇ်နှင့် တွယ်ဆက်နေပါက အစောင့်အရှောက်ဝိညာဥ်မှာ ၄င်းနှင့်ပတ်သက်၍ တစ်ခုခုလုပ်ရန် အားကိုးရာမဲ့ဖြစ်မည် ဖြစ်သည်။ သို့သော် ယခုတွင် ၄င်းက တွယ်ဆက်မနေတော့သည့်အတွက် အကြောင်းကိစ္စများကား ပို၍ ရိုးရှင်း၏။

တဖြေးဖြေးနှင့် လက်ကြီး အရှိန်လျော့လာပြီး ယပ်တောင်ကြီးကို ထိလိုက်ချိန် ၄င်းသည်လည်း ပန်းချီကားထဲသို့ ဆွဲသွင်းခံလိုက်ရသည်။ သို့သော် ထိုဖြစ်စဥ်အတောအတွင်း ယပ်တောင်ကြီးမှာ ပြင်းထန်သောဖိအားတချို့ ၄င်းအပေါ် စတင်သက်ရောက်လာသည့်အလား တဆတ်ဆတ်တုန်သွား၏။

လက်ကြီးမှာ မိုးမြေဧကရာဇ်ကိုယ်ပွား၏ အသွေးအသားမဟုတ်ဘဲ မိုးမြေဧကရာဇ်အစစ်၏ တကယ့်လက်ကြီးတစ်ဖက် ဖြစ်သည် မဟုတ်ပါလော။

အစောင့်အရှောက်ဝိညာဥ်မှာ ဖြစ်စဥ် ချောချောမွေ့မွေ့ ပြီးဆုံးသွားကြောင်း သေချာစေရန် အားကုန်ထုတ်လိုက်သဖြင့် မျက်လုံးများ နီရဲလျက် သိသိသာသာ အားနည်းလာလေသည်။ ပိုင်ရှောင်ချန်းမှာ ဖြစ်ပျက်နေသောအခြင်းအရာနှင့် ပတ်သက်၍ အံ့သြသလို စိတ်လည်းလှုပ်ရှားနေလျက် ဘေးတွင်ရပ်နေ၏။ သူ လောကနတ်ဘုရားဝိညာဥ်ရရှိခဲ့တုန်းက ယပ်တောင်မှာ အစောင့်အရှောက်ဝိညာဥ်၏ ထိန်းချုပ်မှုအောက်တွင် မဖြစ်ခဲ့သည့်တိုင် အလွန်အထင်ကြီးစဖွယ် ဖြစ်ခဲ့သေးသည်။

သို့သော် ယခုတွင် ယပ်တောင်ကို ထိန်းချုပ်နေသော အစောင့်အရှောက်ဝိညာဥ်ဖြင့် ၄င်း၏မျက်နှာပြင်ပေါ်ရှိ ရုပ်ပုံက ကြောက်ခမန်းလိလိ အရှိန်အဝါတစ်ခု ထုတ်လွှတ်လိုက်၏။ အထူးသဖြင့် လှေပေါ်က လူဆိုလျှင် ပိုမှန်ပေမည်။

သူက မိုးမြေဧကရာဇ်၏လက်ကြီးကို အလွန်အံ့အားသင့်ဖွယ် အသွင်ဖြင့် ဆွဲယူနေလေသည်။

" ဒီမှော်ပစ္စည်းက .... လုံးဝ မယုံနိုင်စရာပဲ"

ယပ်တောင်အတွင်းထဲ လက်ကြီး ဆွဲသွင်းခံရပြီးနောက် ပိုင်ရှောင်ချန်းက စိတ်လှုပ်တရှား ကြည့်နေစဥ် ယပ်တောင်ကြီးအပေါ်ရှိ ပန်းချီကားချပ်တွင် နောက်ထပ်စုတ်ချက်အသစ်ဖြစ်သော ဧရာမလက်ကြီးတစ်ဖက် ပေါ်ပေါက်လာလေသည်။

" ငါ ဒီယပ်တောင်ကို တစ်နေ့ အမှန်တကယ် ထိန်းချုပ်နိုင်ရင် မိစ္ဆာဧကရာဇ်ကို ငါ ရင်ဆိုင်ရလဲ ဘာဂရုစိုက်ရမှာတုန်း။ ငါ သူ့ကို လက်ချောင်းလေးတစ်ချက် ဝှေ့ယမ်းလိုက်ရုံနဲ့ ချေမှုန်းနိုင်တယ် "

သူက ရင်တဒိန်းဒိန်းခုန်နေလျက် လောကနတ်ဘုရားတစ်ပါးအား ထိုသို့ အပြီးအပိုင်ချေမှုန်းရသည်က မည်သည်နှင့်တူမည်ကို စဥ်းစားလိုက်သည်။

မိုးမြေဧကရာဇ်၏ လက်ကြီး အပြည့်အဝစုပ်ယူခံရပြီးနောက် ယပ်တောင်အစုတ်ကြီးက ယခင်ကထက် ပို၍ စူးရှတောက်ပသောအလင်းများကို ထုတ်လွှတ်လာတော့သည်။ ထို့နောက် အစောင့်အရှောက်ဝိညာဥ် ပြောခဲ့သည့်အတိုင်း ယပ်တောင်က တဟုန်ထိုး စွမ်းအားတိုးတက်လာသည်ကို အသုံးပြုကာ ပို၍ပင် လျင်မြန်စွာ ရွေ့လျားလာလေသည်။

အစောင့်အရှောက်ဝိညာဥ်မှာ အပြင်းအထန် အားအင်ကုန်ခမ်းသွားပုံရသည်။ သူက အလင်းတန်းအသွင်ပြောင်း၍ အသက်မနည်းရှူကာ ပြန်အိပ်ရန် ယပ်တောင်ထံ တဟုန်ထိုး ပြန်ဝင်သွားလေသည်။ တချိန်တည်းမှာပင် ပိုင်ရှောင်ချန်းထံမှ ငှားယူခဲ့သည့် လုပ်ပိုင်ခွင့်အာဏာကိုလည်း ပြန်လက်လွှတ်ပေးလိုက်သည်။

သို့သော် ပိုင်ရှောင်ချန်းက သူ့ကို အလျင်အမြန်သွားခွင့်မပေးလိုပေ။ သူ ပျောက်ကွယ်မသွားခင် သူက အော်လိုက်သည်။

" ဟေး ငါ မင်းကို သဘောကောင်းလို့ ငါ့လုပ်ပိုင်ခွင့်အာဏာပေးတာမဟုတ်ဘူးနော်။ ငါ လက်ကြီးမလိုချင်ပေမယ့် ငါ့ကို ဝိညာဥ်တွေပေး "

အစောင့်အရှောက်ဝိညာဥ်မှာ သက်ပြင်းချပြီး မကြားရလောက်အောင် တစ်ယောက်တည်း ပွစိပွစိရေရွတ်လိုက်သည်။ ထို့နောက် မည်သည့်အတွက်ကြောင့်မသိ ၄င်းက ပိုင်ရှောင်ချန်း၏ တောင်းဆိုချက်ကို အမှန်တကယ် လိုက်လျောပေးလေသည်။ ယပ်တောင်အတွင်းသို့ နတ်ဘုရားအာရုံတချို့ ပို့လွှတ်ရင်း သူက အမုန်းဝိညာဥ်အမြောက်အမြားအား လက်ကြီးထံမှ ပိုင်ရှောင်ချန်းဆီသို့ ပျံထွက်စေလိုက်သည်။

ပိုင်ရှောင်ချန်းက စိတ်လှုပ်ရှားစွာ ဝိညာဥ်များကို စုဆောင်းလိုက်၏။ ၄င်းတို့အထဲ အားနည်းဆုံးက ယင်ယန်ဝိညာဥ်အဆင့်ဖြစ်ပြီး အများစုက နတ်အဆင့်များဖြစ်ကာ နတ်ဘုရားတစ်ပိုင်းအဆင့်ဝိညာဥ်များပင် ကောင်းကောင်း ပါရှိလေသည်။ အံ့သြတုန်လှုပ်ဖွယ်အကောင်းဆုံးက လောကနတ်ဘုရားဝိညာဥ်သုံးကောင်ပင် ရှိ၏။

ပိုင်ရှောင်ချန်းမှာ ခုန်ပေါက်မိလုနီးပါးပင်။ သူက ဝိညာဥ်များအားလုံးကို သိမ်းလိုက်စဥ် အစောင့်အရှောက်ဝိညာဥ်က ယပ်တောင်ထဲ ဝင်ရောက်ပြီး အိပ်သွားလေပြီ။

တချိန်တည်းမှာပင် ပိုင်ရှောင်ချန်းက တင်ပျဥ်ခွေထိုင်ပြီး အစောင့်အရှောက်ဝိညာဥ် အိပ်မောကျသွားသည်အထိ စောင့်လိုက်သည်။ ထို့နောက် ယပ်တောင်အစုတ်ကြီးက ဟင်းလင်းပြင်ကိုဖြတ်၍ လွင့်မျောနေစဥ် သူက မီးတောက် စတင်ဖန်တီးတော့သည်။

ဤလောလောလတ်လတ် ဝိညာဥ်တစ်ပုံတခေါင်းကြောင့် ယခု သူသည် များစွာကုန်ခမ်းမည်ကို မစိုးရိမ်ဘဲ ဆယ့်ငါးရောင်ခြယ်အဆင့်ကို ကျော်၍ ဖန်တီးနိုင်ပြီ ဖြစ်သည်။

" ငါ နှစ်ဆယ့်နှစ်ရောင်ခြယ်မီးတောက်ကို ဖန်တီးတော့မယ် "

သူက မျက်လုံးများ နီရဲလျက် ပြောသည်။ သူသည် ကောင်းကင်တံတားဒေသမှာကတည်းက ဤအခိုက်အတန့်ကို အိပ်မက်မက်ခဲ့သော်လည်း တစ်ခါမှ မအောင်မြင်နိုင်ခဲ့ပေ။ ထို့နောက် ထာဝရအင်မော်တယ်နယ်မြေများကို ရောက်လာပြီးနောက် သူသည် ယုံကြည်ချက်ရှိသော်လည်း ပါဝင်ပစ္စည်းကင်းမဲ့နေခဲ့လေသည်။

သူက သူ၏လက်နှစ်ဖက်ကို ဘေးဘက်သို့ ဖြန့်ကား၍ ဝိညာဥ်အမြောက်အမြားအား ဆင့်ခေါ်ပြီး စတင်ဖန်တီးတော့သည်။

ထိုအချိန် ထာဝရအင်မော်တယ်နယ်မြေများရှိ ၊ မိစ္ဆာဧကရာဇ်နိုင်ငံအနီးနားတွင် ဖက်တီးကျန်းကြီး တိတ်တဆိတ်ကူညီနေခဲ့သော ကျင့်ကြံသူအဖွဲ့တစ်ဖွဲ့ ရှိ၏။။ သူတို့အထဲတွင်ကား လီချင်းဟောက်နှင့် စိတ်စွမ်းအင်ခေါင်းဆောင်ကြီး ရှိသည်။ ထိုမျှသာမက မကြာသေးသော ရက်များအတွင်း အသစ်နှစ်ယောက် ထပ်တိုးလာလေသည်။

ပထမဆုံးက စုန့်ကျင်းဝမ်ဖြစ်ပြီး နောက်တစ်ယောက်က သခင်မလေးဟုန်ချိန်ပင်။

သူတို့သည် ပိုင်ရှောင်ချန်းက မိစ္ဆာဧကရာဇ်မြို့၌ သံအမတ်အဖြစ် ခန့်အပ်ခဲ့ရသည်ကို ကြားပြီးနောက် လာခဲ့ကြခြင်းဖြစ်သည်။ သူတို့နှစ်ယောက်စလုံးက အနည်းဆုံး ကြည့်ရှုပေးမည့်ဖခင်မရှိဘဲ သူတို့၏ကလေးများကို မမွေးချင်ပေ။

စုန့်ကျင်းဝမ်ကို ဘရူဆာက တချိန်လုံးကာကွယ်ပေးခဲ့သော်လည်း သခင်မလေးဟုန်ချိန်ကတော့ မည်သည့်အကူအညီမှ မလိုအပ်ပေ။

သူတို့နှစ်ယောက်လုံးတွင် သိသိသာသာ ဆူထွက်နေသော ဗိုက်များရှိ၏။ လီချင်းဟောက်၊ စိတ်စွမ်းအင်ခေါင်းဆောင်ကြီးနှင့် အခြားလူများက ထိုအခြင်းအရာကို မြင်သောအခါ သူတို့၏ မျက်လုံးများ ပြူးထွက်ကုန်တော့သည်။ စုန့်ကျင်းဝမ်က က္ကန္ဒြေမပျက်ဘဲ အကြည့်ခံ၏။ သခင်မလေးဟုန်ချိန်မှာမူ ကလေး၏ အဖေဖြစ်သူ နာမည်ကိုသာ ဖွင့်ပြောလိုက်ရာ ပါးစပ်များအဟောင်းသား ဖြစ်သွားကြတော့သည်။

ထို့နောက် စုန့်ကျင်းဝမ်၏ မျက်လုံးများထဲ၌ သတ်ဖြတ်လိုသောအကြည့်တစ်စ ပေါ်လာ၏။ သူမက အေးစက်စက်နှာမှုတ်၍ သူမကလေး၏အဖေနာမည်ကို ကြေညာလိုက်သည်။

ထိုအခါ စိတ်စွမ်းအင်ခေါင်းဆောင်ကြီးမှာ ချောင်းဟန့်ပြီး ခပ်သုတ်သုတ် ထွက်သွား၏။ လီချင်းဟောက်မှာမူ ခပ်ယဲ့ယဲ့ပြုံးပြီးနောက် တစ်ယောက်ကို ချော့မော့ပြီး နောက်တစ်ယောက်ကို နှစ်သိမ့်လိုက်ရလေသည်။

နောက်ဆုံး၌ သူက သူတို့နှစ်ယောက်ကို စိတ်တည်ငြိမ်အောင် လုပ်နိုင်သွား၏။ ထို့နောက် သူက သူ၏နေအိမ်ကို ပြန်လာပြီး တစ်ယောက်တည်း ဒေါသတကြီး ငြီးတွားလိုက်သည်။

" ကောင်စုတ်ကလေး ခဲတစ်ခုလုံးနဲ့ ငှက်နှစ်ကောင်ပစ်ခဲ့တာ ယုံတောင်မယုံနိုင်ဘူး "

အမှန်တွင် သူက အပြင်ပန်းမှာ ဒေါသထွက်နေပုံပေါ်သည့်တိုင် သူ၏မျက်နှာပေါ်တွင် ဖြစ်ထွန်းလာသည့် ပီတိအပြုံးကို မဖုံးကွယ်နိုင်ချေ။

ယခုလေးတင် ဖြစ်ပွားခဲ့သော ပျော်ပျော်ရွင်ရွင် ပြန်ပေါင်းထုပ်ခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်၊ ယပ်တောင်အစုတ်ကြီးအပေါ်ရှိ ပိုင်ရှောင်ချန်းက ရုတ်တရက် ခေါင်းမော့လိုက်သည်။ သူ၏မျက်လုံးများက နီရဲနေပြီး သူ၏အမူအရာက ပင်ပန်းနွမ်းနယ်နေသည့်တိုင် သိသာစွာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေ၏။

" အလုပ်ဖြစ်တယ် "

သူက ခေါင်းနောက်ပစ်၍ အားပါးတရရယ်မောကာ လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ရာ နှစ်ဆယ့်နှစ်ရောင်ခြယ်မီးတောက်၏ တစ်ခါမှမကြုံဖူးလောက်အောင် စူးရှတောက်ပသော အလင်းများ ယပ်တောင်တစ်ခုလုံး ဖြန့်ကျက်လင်းထိန်လာတော့သည်။

၄င်းကြောင့် ယပ်တောင်အစုတ်ကြီးသည် အဆုံးမရှိသော ဟင်းလင်းပြင်ကြီး၏ အမှောင်ထုထဲက တောင်လောင်နေသော မီးတုတ်တစ်ချောင်းသဖွယ် ဖြစ်လာတော့သည်။

All Chapters