မုန်တိုင်းမလာခင် ပြန်လည်ဆုံစည်းခြင်း
Vol. 12 Ch. 1179
နှစ်ဆယ့်နှစ်ရောင်ခြယ်မီးတောက် မြင်ကွင်းက ပိုင်ရှောင်ချန်းအတွက် အလွန်ဆွဲဆောင်မှုအားကောင်းသော်လည်း ထိုကဲ့သို့ မီးတောက်မျိုးကို မြင်ခဲ့ရသည့် နောက်ဆုံးအကြိမ်ဖြစ်သော ကောင်းကင်တံတားကျွန်းမှာ ပိုင်ဟောက်က သူ့အသက်အား ကယ်တင်ခဲ့သည့်အချိန်ကို ပြန်တွေးမိလိုက်သဖြင့် သူ ငူငူငိုင်ငိုင် ဖြစ်သွားလေသည်။
ပိုင်ဟောက်က သူ့ကိုယ်သူ မီးရှို့ခြင်းဖြင့် သူ့ပတ်လည်ရှိ ကမ္ဘာကြီး၏ နယ်နိမိတ်များကို ကျော်လွန်သော မီးတောက်တစ်ခုကို ဖန်တီးခဲ့လေသည်။
ပိုင်ရှောင်ချန်းသည် သူ့ကိုယ်သူ မီးတောက်ဖန်တီးရာ၌ မွေးရာပါကျွမ်းကျင်ကြောင်း သိသော်လည်း သူ့တပည့်၏ ခြေဖျားပင် မမီပေ။ ပိုင်ဟောက်မရှိဘဲ ပိုင်ရှောင်ချန်းမှာ သူ၏လက်ရှိအဆင့်ကို သူ့ဘာသာ ရောက်နိုင်လောက်သော်လည်း အချိန်များစွာ ပိုကြာမြင့်ပြီး ပို၍အကုန်အကျများမည် ဖြစ်သည်။
ပိုင်ဟောက်၏ ဉာဏ်ပညာထက်မြက်မှုကြောင့် ပိုင်ရှောင်ချန်း၏ မီးတောက်ဖန်တီးခြင်းပညာရပ်တွင် တိုးတက်မှုကား မယုံနိုင်စရာကောင်းလောက်အောင် အဆင်ပြေချောမွေခဲ့သည်။ ထိုမျှသာမက ပိုင်ဟောက်၏ ကျွမ်းကျင်မှုက ပိုင်ရှောင်ချန်းကို သေမင်းနှုတ်ခမ်းဝမှ ဆတ်ခနဲ ဖမ်းဆွဲလိုက်သည့် သော့ချက်ဖြစ်ခဲ့လေသည်။
သူ၏တပည့်နှင့်ပတ်သက်လာလျှင် ပိုင်ရှောင်ချန်းမှာ နက်ရှိုင်းသောနာကျင်မှုများနှင့်အတူ အပြစ်ရှိစိတ်များစွာ ခံစားရ၏။ သူက သူ့တပည့်အကြောင်းတွေးမိတိုင်း မြေရိုင်းဒေသတွင် ဖြစ်ပျက်ခဲ့သည့်အရာများအားလုံးနှင့် သူတို့ အသက်ဆက်ရှင်ရန် တစ်ယောက်ကိုတစ်ယောက် မည်သို့မှီခိုအားထားခဲ့ကြသည်ကို မတွေးမိဘဲ မနေနိုင်တော့ပေ။
" ဟောက်အာ … "
သူက သူတစ်ယောက်တည်းသာ ကြားနိုင်သည့်လေသံဖြင့် တီးတိုးရေရွတ်လိုက်သည်။
" သိပ်မကြာတော့ဘူးနော်။ ဆရာ မင်းကို မီးတောက်တွေနဲ့ သေချာပေါက် အသက်ပြန်သွင်းပေးမယ် "
သူက လက်ဖမိုးပေါ်ရှိ အမှတ်အသားကို ငုံ့ကြည့်ပြီး အချိန်အတန်ကြာသော် သူ၏အမှတ်တရများတွင် လုံးလုံးလျားလျား နစ်မျောလျက် ယပ်တောင်အစုတ်ကြီးမှ ထွက်ခွာသွား၏။
သူသည် အတိတ်တုန်းက ပူပင်ကြောင့်ကြမှုကင်းပြီး ပျော်ပျော်နေတတ်သော ပိုင်ရှောင်ချန်းမဟုတ်တော့ပေ။ ယခု သူ၏ပခုံးပေါ်တွင် ကြီးလေးသောတာဝန်ကြီးကို ထမ်းပိုးထားရလေသည်။ ထို့ပြင် အင်ပါယာနန်းတော်တွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်များ။ မိစ္ဆာမင်းသားက သူ၏ မျက်စိရှေ့မှောက်တွင် ကောင်းကင်တံတားဒေသ၏လူများနှင့် ဗဟိုဧကရာဇ်ကို ရက်ရက်စက်စက် အရှက်ခွဲခဲ့လေသည်။ ပိုင်ရှောင်ချန်းမှာ ဗဟိုဧကရာဇ်က သူ့ကို ဆက်ခံသူအဖြစ် ရွေးချယ်ခန့်အပ်လိုက်သည့်အချိန် သူ၏ ရှုံးနိမ့်သွားသည့်တိုင် အောင်ပွဲခံနေသော အကြည့်ကို လျစ်လျူရှုမထားနိုင်ပေ။
" တန်ခိုးအစွမ်း နဲ့ ကျင့်ကြံခြင်းအဆင့်"
မိစ္ဆာဧကရာဇ်မြို့ထဲက သံရုံးရှိ သူ၏သီးသန့်အခန်းကို ပြန်ရောက်လာပြီးနောက် သူက ချက်ချင်း တင်ပျဥ်ခွေထိုင်၍ ဤယပ်တောင်ထံ ခရီးမှ အကျိုးအမြတ်ပစ္စည်းများကို စီစဥ်ပြီး စတင်ကျင့်ကြံတော့သည်။
အစောင့်အရှောက်ဝိညာဥ်က ကျန်ရှိသောအဆင့်များအနက် တစ်ဆင့်ကိုသာ နှောင့်ယှက်မည်ဟု အခိုင်အမာပြောခဲ့သော်လည်း ပိုင်ရှောင်ချန်းက သူ့ကို လုံးဝ မယုံကြည်ပေ။ ထို့အပြင် နှောင့်ယှက်မှုမရှိဘဲနှင့်ပင် အဆင့်များမှာ ပို၍သာ ခက်သထက် ခက်လာမည် ဖြစ်သည်။ သူသည် အဆင့်ကိုးဆယ်သို့ ရောက်နေပြီဖြစ်ရာ အောင်မြင်မှုအစစ်အမှန်ရရှိရန် နောက်ထပ် အဆင့်ဆယ်ဆင့်သာ ထပ်သွားရတော့မည် ဖြစ်ပေသည်။
ရှုံးနိမ့်မှုကား ရွေးချယ်စရာလုပ်ရပ်တစ်ခု မဟုတ်ပေ။
ယခု သူ လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ အဆင့်များ၏ အဆုံးသတ်၌ ရရှိခဲ့သည့် ဆုလာဘ်များ၊ အမျိုးမျိုးသော ဆေးလုံးများနှင့် အခြားပစ္စည်းများကို ယူပြီး ၄င်းတို့ကို သူ၏ကျင့်ကြံခြင်းအခြေခံ တိုးတက်အောင် အသုံးပြုရန်သာ ဖြစ်သည်။
ထိုသည်က အဆုံးသတ်တွင် သူ အနိုင်ရနိုင်သည့် တစ်ခုတည်းသော နည်းလမ်းပင်။
အကယ်၍ သူအောင်မြင်လျှင် နောက်ဆုံးဆုလာဘ်သည်ကား စိတ်ကူး၍ပင် မရလောက်အောင် မက်မောဖွယ်ကောင်းမည် ဖြစ်သည်။ ထိုသည်က အလွန်စိတ်အားတက်ကြွစေသော အကြောင်းရင်းတစ်ခု ဖြစ်၏။
သူက ကျင့်ကြံအားထုတ်ရာတွင် တချိန်လုံးအာရုံစိုက်နေသည့်အတောအတွင်း လဝက်ခန့် ကုန်ဆုံးသွားလေသည်။ ယပ်တောင်အစုတ်ကြီးမှ ရရှိခဲ့သော ဆုလာဘ်များ၏ ကျေးဇူးကြောင့် သူ၏ကျင့်ကြံခြင်းအဆင့်သည် အလယ်ပိုင်းကောင်းကင်ဧကရာဇ်အဆင့်၏ အထွတ်အထိပ်နှင့် ပို၍နီးကပ်လာကာ ဆက်လက်တိုးတက်နေ၏။
နောက်ဆုံး၌ သံရုံးကို လူနှစ်ယောက် ရောက်လာသည်။ နှစ်ယောက်လုံးက အမျိုးသမီးများဖြစ်ကြ၏။ တစ်ယောက်က ကောင်းကင်ဧကရာဇ်ကျင့်ကြံခြင်းအဆင့်ရှိကာ ပိန်ပိန်သွယ်သွယ်နှင့် အတော်လေး လှပသည်။ ပိုင်ရှောင်ချန်းက သူမ၏တည်ရှိမှုကို ချက်ချင်း သတိထားမိလိုက်လေသည်။
" ကုန်းစွန်းဝမ်အာ"
ပိုင်ရှောင်ချန်းက မျက်လုံးများ ဖွင့်ပြီး အခြေအနေကို စစ်ဆေးရန် နတ်ဘုရားအာရုံတချို့ ပို့လွှတ်လိုက်သည်။ ချက်ချင်းပင် ကုန်းစွန်းဝမ်အာဘေး၌ ရပ်နေသော မိန်းမပျိုလေးကို မြင်လိုက်သည်နှင့် သူ၏တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီသွားလေသည်။
" ရှောင်မေ့ "
သူက လွှတ်ခနဲ ပြောလိုက်သည်။ သူက ပျောက်ကွယ်သွားပြီး ကုန်းစွန်းဝမ်အာနှင့် ယခုတွင် နတ်အဆင့်ကျင့်ကြံခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော ဟိုရှောင်မေ့၏ အရှေ့တည့်တည့်တွင် ပြန်ပေါ်လာသည်။
ဟိုရှောင်မေ့မှာ ကုန်းစွမ်းဝမ်အာ၏ တပည့်ဖြစ်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်ပြီး ထာဝရအင်မော်တယ်နယ်မြေများသို့ ပိုင်ရှောင်ချန်း ရောက်သည့်အချိန်ကတည်းက တံခါးပိတ်ကျင့်ကြံနေခဲ့လေသည်။
သူတို့မှာ တစ်ယောက်နှင့်တစ်ယောက် နှစ်ပေါင်းများစွာ မမြင်ခဲ့ရဘဲ ဟိုရှောင်မေ့မှာ အတော်လေးပြောင်းလဲသွားပုံပေါ်လေသည်။ သူမကျင့်ကြံသည့် ကျင့်စဥ်ကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်၊ ယခုတွင် သူမက ယခင်ထက်ပို၍ မျက်စိကျဖွယ်ကောင်းနေတော့သည်။ သူမတွင် ကုန်းစွန်းဝမ်အာနှင့်ဆင်တူသော အေးစိမ့်စိမ့်အရှိန်အဝါတစ်ခုလည်း ရှိ၏။ သို့စေကာမူ သူမက ပိုင်ရှောင်ချန်းကို မြင်သည်နှင့်တစ်ပြိုင်နက် သူမ၏မျက်ဝန်းကလေးများမှာ စိတ်လှုပ်ရှားပျော်ရွှင်သည့်အပြုံးလေးဖြင့် ရွှန်းလဲ့သွားလေသည်။
သူမ၏အကြည့်ထဲတွင် အမြဲတစေရှိခဲ့သည့် နွေးထွေးမှုအငွေ့အသက်လေးရှိနေပြီး ယခု ထိုအရိပ်အငွေ့လေးက ကောင်းကင်တံတားဒေသမှာတုန်းကထက် ပို၍ပင် အားကောင်းနေတော့သည်။
" အစ်ကိုကြီးရှောင်ချန်း "
သူမ၏မျက်ဝန်းလေးများမှာ မျက်ရည်စလေးများဖြင့် သူ့ကို ကြည့်နေသည့်အလား နီစွေးနေလေသည်။ သူသည် သူမအတွက် ယခင်ကနှင့် အလွန်ကွဲပြားနေ၏။ ပို၍အသက်ကြီးပြီး ပို၍ရင့်ကျက်လာသည်။ အခြားသူများဆိုပါက ပြောနိုင်လောက်မည်မဟုတ်သော်လည်း သူမအတွက် သူသည် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက စားဖိုဆောင်မှ သူမ မှတ်မိသည့် ပိုင်ရှောင်ချန်းနှင့် လုံးဝမတူသော အခြားလူတစ်ယောက်အလားပင်။
ထိုအရာအားလုံး၏ အကြောင်းရင်းကို သူမ သိသည်။ သူမ တံခါးပိတ်ကျင့်ရာမှ ထွက်လာပြီးနောက် သူမ၏ဆရာက အကြောင်းစုံရှင်းပြခဲ့လေသည်။ ၄င်းမှာ ဟိုရှောင်မေ့အတွက် လက်ခံရန် ခက်ခဲခဲ့၏။သူမသည် အပြင်ပန်းတွင် သန်မာပုံပေါ်သော်လည်း အမှန်တွင် အလွန်တရာ စိတ်ထိခိုက်လွယ်သည်။ သို့သော် အဆုံးသတ်တွင် သူမမှာ ရွေးချယ်စရာ မရှိပေ။
ပိုင်ရှောင်ချန်းက မိစ္ဆာဧကရာဇ်မြို့တွင်ရှိကြောင်း ကြားလျှင်ကြားချင်း သူမ၏နှလုံးသားက ထူးဆန်းသောခံစားချက်များဖြင့် တဒိန်းဒိန်းခုန်လာတော့သည်။ ထို့နောက် သူမပင် မတောင်းဆိုနိုင်ခင် ကုန်းစွန်းဝမ်အာက သူမကို ဤနေရာ ခေါ်လာပေးလေသည်။
သူမက သူ့ကို မြင်သည်နှင့်တစ်ပြိုင်နက် ကမ္ဘာကြီး၏ ကျန်ရှိသော အရာများအားလုံး ပျောက်ကွယ်သွားပြီး အချိန်များ နှေးကွေးသွားလေသည်။ သူမက ရှေ့တက်ပြီး သူ့ကို ဖြေးဖြေးချင်း ဖက်လိုက်ချိန် သူက ငုံ့ကြည့်ပြီး သူမကို ဖက်လိုက်လေသည်။
သူတို့က တစ်ခွန်းမှ စကားမဆိုမိကြ။ ကွဲကွာခဲ့သည့် နှစ်ပေါင်းများစွာအတောအတွင်း သူတို့မှာ ပြန်လည်ဆုံစည်းရန်သာ စောင့်နေခဲ့ကြသည့်အလား တစ်ယောက်ကိုတစ်ယောက် တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားကြ၏။
ကုန်းစွန်းဝမ်အာက ကြည့်နေစဥ် သူမ၏ မျက်ဝန်းကလေးများတွင် ရောထွေးသောစိတ်ခံစားချက်များ ဖြတ်ပြေးသွားလေသည်။ ထို့နောက် သူမက သူတို့ နှစ်ယောက်တည်း သီးသန့်အချိန်ပေးရန် နောက်ဆုတ်လိုက်သည်။
ပိုင်ရှောင်ချန်းက ထိုအခြင်းအရာကို သတိထားမိလိုက်ပြီယ သူ၏မျက်လုံးများက ရိပ်ခနဲ သူမနှင့် အကြည့်ချင်း ဆုံသွားလေသည်။ သူ့မျက်ဝန်းများက ဟိုရှောင်မေ့ကို ကောင်းကောင်းမွန်မွန်စောင့်ရှောက်ပေးခဲ့သည့်အတွက် သူမကို ကျေးဇူးတင်ခြင်းနှင့် ဤနေရာသို့ ယခုလို ခေါ်လာပေးသည်ကို နားလည်ခြင်းများအပြည့်ဖြင့် တောက်ပနေလေသည်။
အမှန်တွင် ကုန်းစွန်းဝမ်အာမှာ အင်ပါယာနန်းတော်က အဖြစ်အပျက်များပြီးနောက် ပိုင်ရှောင်ချန်းက ကြီးလေးသောလုပ်ရပ်တစ်ခု လုပ်မည်ကို စိုးရိမ်ခဲ့သည်။ ထို့ကြောင့် သူမက သူ့ကို အနည်းငယ်ဖြေသိမ့်ရန် မျှော်လင့်၍ ဟိုရှောင်မေ့ကို ခေါ်လာခဲ့ခြင်း ဖြစ်ပေသည်။
ပိုင်ရှောင်ချန်းသည် ဟိုရှောင်မေ့က သူနှင့်အတူရှိသည်ထက် ကုန်းစွန်းဝမ်အာနှင့်ဆိုပါက ပို၍အန္တရာယ်ကင်းမည်ဖြစ်ကြောင်း သိ၏။ သို့သော် ယခုလောလောဆယ်တွင် သူက ခေါင်းကိုငုံ့၍ သူတို့ကွဲကွာပြီးနောက် ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကို သူမ၏နားနားကပ်၍ ညင်သာစွာ တိုးတိုးပြောတော့သည်။
မကြာမီ ညနေစောင်းလာပြီး ဟိုရှောင်မေ့က ကုန်းစွန်းဝမ်အာနှင့်အတူ ပြန်ရန် အချိန်ကျရောက်လာလေပြီ။
ပိုင်ရှောင်ချန်းက ဟိုရှောင်မေ့၏ မျက်ဝန်းကလေးများထဲသို့ စူးစိုက်ကြည့်၍ ခပ်တိုးတိုး ပြောသည်။
" အစ်ကိုကြီးကို စောင့်ပေး ရှောင်မေ့လေး။မကြာခင် ညီမလေးကို လာေခါ်မယ်။ သိပ်မကြာတော့ဘူး "
ဟိုရှောင်မေ့သည် အတိတ်တုန်းကကဲ့သို့ အူတူတူ အတတ ကောင်မလေး မဟုတ်တော့ပေ။ ကောင်းကင်တံတားဒေသက သူမ၏ကိုယ်ပိုင်အတွေ့အကြုံများကြောင့်ဖြစ်စေ၊ ကုန်းစွန်းဝမ်အာက နောက်ပိုင်း သူမကို ပြောခဲ့သည့်အရာများကြောင့်ဖြစ်စေ၊ ပိုင်ရှောင်ချန်း၌ သူ့ကြောင့် အသုံးချခံရနိုင်သည့်သူများ၊ သူ့ကို ချုပ်တည်းစေလောက်မည့်သူများကို သူ့အနားတွင် မထားနိုင်ကြောင်း သူမ ကောင်းကောင်းသိလေသည်။
သူမမှာ သူ့ကို မထားခဲ့ချင်ပါသော်လည်း ထားခဲ့မှ ဖြစ်မည်ကို သိသည်။သူမက မျက်ရည်များဝဲတက်လာကာ သူ့နှုတ်ခမ်းကို နမ်းလိုက်ပြီး လှည့်ပြန်သွားလေသည်။
သူမထွက်ခွာသွားစဥ် ပိုင်ရှောင်ချန်းမှာ သူမအနမ်းလေး၏ နွေးထွေးမှုနှင့် စွဲကျန်ရစ်ခဲ့သော ကိုယ်သင်းနံ့လေးကို တစိမ့်စိမ့်အရသာခံနေတော့သည်။ အချိန်အနည်းငယ်ကုန်လွန်သွားပြီးနောက် သူ၏မျက်လုံးများမှာ ပြတ်သားခြင်းများဖြင့် စူးရှတောက်ပလာတော့သည်။
" တန်ခိုးအစွမ်းနဲ့ ကျင့်ကြံခြင်းအဆင့် "
သူ၏ သီးသန့်အခန်းကို ပြန်လာပြီးနောက် သူက ပျောက်ကွယ်သွားပြီး ယပ်တောင်အစုတ်ကြီးအပေါ်တွင် ပြန်ပေါ်လာကာ အဆင့်များအား ထပ်မံ စိန်ခေါ်ပြန်တော့သည်။ ၄င်းတို့အားလုံးမှာ မကျော်ဖြတ်နိုင်ခင် အကြိမ်ပေါင်းများစွာ မရေမတွက်နိုင်အောင် ကျရှုံးသည့်အဆင့်အထိ အလွန်တရာ ခက်ခဲလာ၏။
အစောင့်အရှောက်ဝိညာဥ်အတွက် ဝင်ရောက်နှောင့်ယှက်ရန် မလိုအပ်ပေ။ ထိုမျှသာမက သူသည် အတိတ်တုန်းက အကြိမ်ပေါင်းများစွာ ဝင်ရောက်နှောင့်ယှက်ခဲ့ပြီး ယခုလောလောဆယ်တွင် လုပ်ပိုင်ခွင့်အာဏာအရ ပိုင်ရှောင်ချန်းကို ယှဥ်ပြိုင်ရန် မနီးကပ်တော့ပေ။
အစောင့်အရှောက်ဝိညာဥ်က တစ်ကြိမ်သာ နှောင့်ယှက်မည်ဖြစ်ခဲ့ပြီး အမှန်မှာ သူ၏ ခပ်ယဲ့ယဲ့အာဏာကြောင့် နောက်ဆုံးအဆင့်ဆယ်ဆင့်တွင် တစ်ကြိမ်ထက်ပို၍ မတတ်နိုင်ခြင်းသာ ဖြစ်သည်။
နေ့ရက်များ ကုန်မှန်းမသိ ကုန်သွားလေသည်။ ပိုင်ရှောင်ချန်းမှာ အဆင့်များကို စိန်ခေါ်ရာတွင် စိတ်ရောကိုယ်ပါ နစ်မြုပ်နေ၏။ သူ မတတ်သာ၍ အနားယူရသည့်အချိန်တိုင်း ထိုအချိန်ကို အခွင့်ကောင်းယူပြီး နှစ်ဆယ့်သုံးရောင်ခြယ်မီးတောက်အကြောင်း လေ့လာလေသည်။
ဤနည်းဖြင့် နှစ်ဝက်ကုန်သွားလေပြီ။
ထိုကာလအတောအတွင်း မိစ္ဆာမင်းသားက သိုသိုသိပ်သပ်နေပြီး ပိုင်ရှောင်ချန်းကို ပြဿနာမရှာပေ။ အင်ပါယာနန်းတော်ရှိ မတော်တဆမှုကြောင့် အခြားကောင်းကင်ဧကရာဇ်အများစုသည် ပိုင်ရှောင်ချန်းကို ခါတိုင်းထက်ပို၍ သတိထားလာကြပြီး သူ့ကို အတတ်နိုင်ဆုံး စိတ်အနှောင့်အယှက်မပေးရန် ဆုံးဖြတ်ထားကြလေသည်။ မိစ္ဆာမင်းသားက ရန်လိုစိတ်ကို ပွင့်ပွင့်လင်းလင်း ပြသခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် သူတို့အားလုံးလုပ်ရန် လိုအပ်သည်မှာ သူတို့၏ရှောင်လွှဲ၍မရသော အသေအကြေတိုက်ပွဲဖြစ်ပွားမည့် အချိန်ကိုသာ စောင့်ကြည့်ကြရုံ ဖြစ်သည်။
အခြေအနေတစ်ရပ်လုံးနှင့် အသက်ဆိုင်ဆုံးမှာ မိစ္ဆာဧကရာဇ်သည် တာအိုမှော်ပညာရပ်တစ်ခု၌ အရေးကြီးသော အခိုက်အတန့်ကို ရောက်သွားခဲ့ပုံပေါ်၍ ကာလကြာရှည်တံခါးပိတ်ကျင့်ကြံရန် ဝင်ရောက်သွားခဲ့သောကြောင့် ဖြစ်သည်။ ဤတံခါးပိတ်ကျင့်ကြံခြင်းကဏ္ဍနှင့်ပတ်သက်၍ တစ်ခုခု ကွဲပြားနေသည်။ မိစ္ဆာဧကရာဇ်က မိစ္ဆာဧကရာဇ်တစ်နိုင်ငံပျက်သုဥ်းစေလောက်သည့် အကြောင်းကိစ္စတစ်ခု မဖြစ်ပွားသရွေ့ သူ့ကို မနှောင့်ယှက်ရန် အမိန့်များချန်ရစ်ခဲ့လေသည်။
သို့နှင့် မိစ္ဆာဧကရာဇ်မြို့တော်မှာ တိတ်ဆိတ်ငြိမ်သက်နေ၏။ သို့သော် အကြောင်းသိသည့်လူများအတွက် ၄င်းမှာ မုန်တိုင်းမလာခင် လေပြေလာနေသည့်အလားပင်။