← Chapters

အခန်း (၁၈၅၇-၁၈၅၈)

Vol. 186 Ch. 1857-1858

အခန်း (၁၈၅၇-၁၈၅၈)

Vol. 186 Ch. 1857-1858

အခန်း (၁၈၅၇) - အစပြုခြင်း

ဖန့်မျိုးနွယ်စုမှ တန်ခိုးရှင်များ၏ မျက်နှာများသည် တစ်ယောက်ပြီးတစ်ယောက် တည်ကြည်လေးနက်သွားကြပြီး၊ ကိုယ်နေဟန်ထားကို ပြင်ထိုင်လျက် ကိုးချက်မြောက် ခေါင်းလောင်းသံ မြည်ဟိန်းလာမည့်အချိန်ကို စောင့်ဆိုင်းနေကြတော့သည်။

အခြားသော မဟာမိတ်ကိုးခုမှ တန်ခိုးရှင်များကို ကြည့်လျှင်လည်း ထိုနည်းတူပင်။ အလွန်အမင်း မာန်ဝံ့လှသော ကျန်းရန်မဟာမိတ် ပင်လျှင် တိုက်ပွဲဝင်ခါနီးအချိန်တွင် တင်းမာမှုကို ခံစားနေကြရသည်။

ထိုတင်းမာမှုများကို လျှော့ချရန်အတွက် ဖြစ်နိုင်သည်၊ ဝမ်ချုံစန်းသည် တန်ခိုးရှင်မဟာမိတ် အသီးသီးရှိ ထူးချွန်ထက်မြက်သူများကို ဖန့်ချန်အား တစ်ဦးချင်းစီ လက်ညှိုးထိုးပြကာ ရှင်းပြနေတော့သည်။ ထို့ကြောင့် သူတို့၏ နောက်ကွယ်မှ သူတော်စင်များအကြောင်းကိုလည်း ဖန့်ချန် ပိုမိုသိရှိခွင့် ရခဲ့သည်။

လူသားမျိုးနွယ် သူတော်စင် (၁၀) ပါးမှာ

ဝမ့်တောက်သူတော်စင်၊ ဖန့်သူတော်စင်၊ ကျန်းရန်သူတော်စင်၊ လော့ရွှယ်သူတော်စင်၊ ဝမ့်ချင်သူတော်စင်၊ ချန်ရှန်းသူတော်စင်၊ တော်ပေါင်သူတော်စင်၊ ဟေးဖော်သူတော်စင်၊ တန်ကျွမ်းသူတော်စင်နှင့် ပေရွှမ်သူတော်စင် တို့ ဖြစ်ကြသည်။

ဤသူတော်စင် (၁၀) ပါးကြားတွင် အစွမ်းသတ္တိအရ အဆင့်သတ်မှတ်ချက် အတိအကျမရှိသော်လည်း ဝါစဉ်အရမူ ကွဲပြားမှုရှိသည်။ ဝမ့်တောက်၊ ဖန့် နှင့် လော့ရွှယ် သူတော်စင်တို့မှာ ဝါနုသူများ ဖြစ်ကြသည်။

ဝမ့်ချင်သူတော်စင်မှာမူ ဝါအတော်ရင့်သူဖြစ်သည်။ ဝမ်မျိုးနွယ်စု သူတော်စင် ပျံလွန်တော်မူပြီးနောက် မှတ်တမ်းများအရ ဝမ့်ချင်သူတော်စင်၊ တော်ပေါင်သူတော်စင်နှင့် ဟေးဖော်သူတော်စင်တို့သည် တစ်ဦးပြီးတစ်ဦး သူတော်စင်အဆင့်သို့ တက်လှမ်းခဲ့ကြခြင်း ဖြစ်သည်။ မည်သူက အရင်၊ မည်သူက နောက်ဆိုသည်ကိုမူ ထိုသူတော်စင်များကိုယ်တိုင်မှလွဲ၍ အခြားသူများ အတိအကျ မသိနိုင်ချေ။

"ချန်ရှန်းမဟာမိတ်က တန်ခိုးရှင်တွေကိုလည်း ငါတို့ သတိထားရမယ်၊ အဲဒီကောင်တွေက တွေ့ကရာအကုန်စားတာ"

ဝမ်ချုံစန်းသည် ချန်ရှန်းမဟာမိတ် ကို ညွှန်းဆိုသောအခါ အထူးတလည် သတိပေးလိုက်ပြီး မျက်လုံးထဲတွင်လည်း ကြောက်ရွံ့ရိပ်များ ရှိနေသည်။ သူသည် ထိုသူများနှင့် အလွန်အကျွံ မပတ်သက်ချင်ပုံရသည်။

ဖန့်ချန် ထိုဘက်သို့ ဝေ့ကြည့်လိုက်ရာ ချန်ရှန်းမဟာမိတ်မှ တန်ခိုးရှင်များသည် အားအင်အပြည့်နှင့် တက်ကြွနေကြပြီး သူတို့၏ အရှိန်အဝါမှာ အခြားသူများထက် တစ်ဆင့်ပို၍ ပြင်းထန်နေသည်ကို တွေ့ရသည်။

"သူတို့မှာ ဘယ်လိုတန်ခိုးစွမ်းအားမျိုးရှိလို့ ငါတို့က သတိထားရမှာလဲ"

ဖန့်ချန်က အသံလွှင့်၍ မေးလိုက်သည်။

"ဘယ်လိုတန်ခိုးလဲ ဟုတ်လား... ဟဲဟဲ၊ ငါသိထားသလောက်တော့ ချန်ရှန်းမဟာမိတ်မှာကလီစာငါးပါးကျောင်းတော် လို့ခေါ်တဲ့ ဒဏ္ဍာရီလာ တန်ခိုးစွမ်းအားတစ်ခု ရှိတယ်။ ဒီစွမ်းအားက ကောင်းကင်နဲ့ မြေကြီးကို ဝါးမြိုနိုင်တဲ့အထိ အစွမ်းထက်တာ။ ဒီတစ်ခါ မျှော်စင်တိုက်ပွဲအတွက် ရွေးချယ်ခံရတဲ့သူတွေ အားလုံးဟာလည်း အဲဒီ ကလီစာငါးပါးကျောင်းတော် ဂိုဏ်းဝင်တွေပဲ ဖြစ်လိမ့်မယ်"

ဝမ်ချုံစန်းက လှောင်ပြောင်သလိုလို၊ ကြောက်ရွံ့သလိုလို လေသံဖြင့် ဆိုသည်။

"ကလီစာငါးပါးကျောင်းတော် "

ဖန့်ချန် စဉ်းစားနေမိသည်။ ဝမ်ချုံစန်းကဲ့သို့သောသူက ဒဏ္ဍာရီလာ ဟု သုံးနှုန်းခြင်းကို ကြည့်ရုံဖြင့် ဤတန်ခိုးစွမ်းအားသည် သာမန်မဟုတ်မှန်း သိသာလှသည်။

ဒေါင်... ဒေါင်... ဒေါင်...

မသိမသာအချိန်အတွင်းမှာပင် သာယာလှပသော ခေါင်းလောင်းသံမှာ ရှစ်ချက်အထိ မြည်ဟိန်းသွားခဲ့ပြီ ဖြစ်သည်။ ကျန့်လင်သူတော်စင်လောင်းလျာတို့ အုပ်စုသည်လည်း စကားစဖြတ်ကာ ကိုးချက်မြောက် ခေါင်းလောင်းသံကို စောင့်ကြိုရန် ပြင်လိုက်ကြသည်။

ထိုစဉ်အတွင်း ကျန်းဝူသူတော်စင်လောင်းလျာ၏ အကြည့်သည် ဖန့်မျိုးနွယ် တန်ခိုးရှင်များပေါ်သို့ ကျရောက်လာပြီး မျက်လုံးထဲတွင် လှောင်ပြောင်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

"အဘိုးကြီး ကျန်းဝူက ဖန့်သူတော်စင်ကြောင့် သူတော်စင်ဖြစ်ခွင့်တစ်ကြိမ် ဆုံးရှုံးခဲ့ရတာ။ နောက်တစ်ကြိမ် အခွင့်အရေးရဖို့ ဘယ်လောက်စောင့်ရဦးမလဲ မသိဘူး၊ ဒီတစ်ခါတော့ သူ ငါတို့ကို ပစ်မှတ်ထားမှာ သေချာတယ်"

"ပြီးတော့ လော့ရွှယ်မဟာမိတ်ဘက်ကိုလည်း သတိထားဦး၊ အထဲရောက်ရင် မင်းအတွက် အန္တရာယ်ရှိနိုင်တယ်"

"ဘာလို့ ငါ့ကို အထူးတလည် သတိပေးနေတာလဲ"

"ဖန့်အိုကြီးရာ... မင်း အခုထိ မမြင်သေးဘူးလား။ မင်းရဲ့ သွေးသားက အရမ်းသန့်စင်ပြီး တတိယမျိုးဆက်ဘိုးဘေး ဆိုတဲ့ သတင်းက နေရာအနှံ့ ပျံ့နေတာလေ။ မင်းရဲ့ ကျင့်စဉ်အဆင့်က နိမ့်ပေမဲ့ အဘက်ဘက်ကတော့ မင်းကို တော်တော်လေး အာရုံစိုက်နေကြတာ"

"...အင်း၊ တချို့လူတွေ ငါ့ကို ခိုးကြည့်နေတာ သတိထားမိသားပဲ။ ငါ နားလည်ပါပြီ၊ အထဲရောက်ရင် သတိထားပါ့မယ်"

ဖန့်ချန်သည် စကားအဆုံးတွင် မျက်လုံးမှိတ်ကာ နောက်ဆုံးခေါင်းလောင်းသံကို တိတ်ဆိတ်စွာ စောင့်ဆိုင်းလိုက်သည်။

ဒေါင်

နောက်ဆုံးခေါင်းလောင်းသံ မြည်ဟိန်းလိုက်သည်နှင့်တစ်ပြိုင်နက် အထောက်အထားပြကတ် ကိုင်ဆောင်ထားသော တန်ခိုးရှင်များအားလုံး ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွားကြတော့သည်။

တည်းခိုခန်း၏ ကြီးမားလှသော ရှေ့ခန်းမဆောင်ကြီးမှာ ရုတ်တရက် ဟာလာဟင်းလင်း ဖြစ်သွားသည်။ သူတော်စင်လောင်းလျာ အနည်းငယ်နှင့် ကန့်သတ်ချက်ကျော်လွန်သူ အချို့သာ ကျန်ရစ်တော့သည်။

ဖန့်မျိုးနွယ်စုမှ လူအားလုံး မျှော်စင်ထဲသို့ ဝင်သွားကြပြီ ဖြစ်သည်။ ဝမ့်တောက်မဟာမိတ်တွင်မူ ချင်ပိုင်ချွမ်းက ကျန်ရစ်ခဲ့ပြီး ကျန့်လင်သူတော်စင်လောင်းလျာနှင့် အတူရှိနေသည်။

"ကျန့်လင်... နင့်လူတွေကို ဖန့်မျိုးနွယ်နဲ့ ဝေးဝေးနေဖို့ ပြောထားသင့်တယ်။ သူတို့သာ အတူရှိနေရင် ငါတို့ဘက်က တန်ခိုးရှင်တွေ လက်လွန်ခြေလွန်ဖြစ်တဲ့အခါ အသေအပျောက် ရှိလာရင် မကောင်းဘူးလေ"

ကျန်းဝူသူတော်စင်လောင်းလျာက ပြုံးစစဖြင့် ဆိုသည်။

ဇန်ရွှယ်သူတော်စင်လောင်းလျာက ကျန့်လင်ကို တစ်ချက်ကြည့်ကာ အေးစက်စွာ ပြောသည်။

"လော့ရွှယ်မဟာမိတ်က ဝမ့်တောက်မဟာမိတ်ရဲ့ မဟာမိတ် ဖြစ်လာနိုင်တာပဲ၊ နင်တို့ ဖန့်မျိုးနွယ်ကို မရွေးချယ်သင့်ဘူး"

"ဖန့်သူတော်စင်က ဓားတစ်ချက်တည်းနဲ့ ကျန်းယန်သူတော်စင်နဲ့ လော့ရွှယ်သူတော်စင်ကို နောက်ဆုတ်သွားအောင် လုပ်နိုင်ခဲ့တာကပဲ ငါတို့မျိုးနွယ်စုရဲ့ ရွေးချယ်မှု မမှားဘူးဆိုတာ သက်သေပြနေတာပဲ။ ဖန့်မျိုးနွယ်က အရင်ကလည်း ငါတို့မဟာမိတ်ပဲ၊ နောင်လည်း ငါတို့မဟာမိတ်ပဲ ဖြစ်နေဦးမှာပါ"

ကျန့်လင်သူတော်စင်လောင်းလျာက တည်ငြိမ်စွာဖြင့် မတ်တတ်ရပ်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်မှာ ဟင်းလင်းပြင်ထဲသို့ ပျော်ဝင်ကာ ပျောက်ကွယ်သွားတော့သည်။ သူမနှင့်အတူ ချင်ပိုင်ချွမ်းလည်း ပျောက်ကွယ်သွားသည်။

"ဟွန့်..."

ဇန်ရွှယ်သူတော်စင်လောင်းလျာက နှာခေါင်းရှုံ့ကာ သူမ၏ အတွင်းနယ်မြေ ကို ဖွင့်လှစ်၍ အထဲသို့ ဝင်သွားတော့သည်။

ခဏချင်းမှာပင် နဂါးသူတော်စင်မြို့တော်အတွင်းရှိ သူတော်စင်လောင်းလျာ အားလုံးသည် မိမိတို့၏ အတွင်းနယ်မြေများကို ပြိုင်တူ ဖွင့်လှစ်လိုက်ကြသည်။ တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော အတွင်းနယ်မြေများသည် နဂါးသူတော်စင်မြို့တော်နှင့် ချိတ်ဆက်သွားကြသည်။

အတွင်းနယ်မြေအတွင်းရှိ ဟင်းလင်းပြင်သည် ပန်းချီကားတစ်ချပ်အလား ပြောင်းလဲသွားပြီး နဂါးသူတော်စင်မြို့တော်ရှိ သူတော်စင်မျှော်စင်အတွင်းမှ မြင်ကွင်းများကို ထင်ဟပ်ပြသနေတော့သည်။

ဖန့်မျိုးနွယ်စု အတွင်းနယ်မြေ

ဖန့်မျိုးနွယ် တန်ခိုးရှင်များ အားလုံး စုဝေးနေကြပြီး ဟင်းလင်းပြင်မှ မြင်ကွင်းကို မျှော်လင့်ချက်၊ စပ်စုလိုစိတ်၊ ရင်ခုန်စိတ်များဖြင့် ကြည့်ရှုနေကြသည်။ ထောင့်တစ်နေရာတွင် ဖန့်ကူးယဲ့ တို့ သုံးဦးသည် စိတ်လှုပ်ရှားစွာဖြင့် တိုးတိုးလေး စကားပြောနေကြသည်။ သူတို့သည် ဖန့်ချန်လည်း ဤတိုက်ပွဲတွင် ပါဝင်သည်ကို သိထားသဖြင့် ဖန့်ချန်၏ မြင်ကွင်းကို မြင်တွေ့ရရန် မျှော်လင့်နေကြသည်။

ဝမ်မျိုးနွယ်စု အတွင်းရှုခင်းမြေ

ဖန့်မျိုးနွယ်စုကဲ့သို့ပင် အလွန်တရာ စည်ကားနေသည်။ ချန်ဖေးဖေး သည် ထောင့်တစ်နေရာတွင် ရပ်ကာ သက်ပြင်းချလျက် ဟင်းလင်းပြင်မြင်ကွင်းကို ကြည့်နေသည်။

"စီရင်စုမင်းသားရဲ့ ပုံရိပ်ကို မြင်ရပါ့မလား မသိဘူး..."

ရှီးမျိုးနွယ်စု အတွင်းရှုခင်းမြေ...

လူသားမျိုးနွယ်မှ သူတော်စင်လောင်းလျာများသာမက သူတော်စင်ကိုယ်တိုင်ပင်လျှင် အတွင်းနယ်မြေများကို ဖွင့်လှစ်ကာ ဤမျှော်စင်တိုက်ပွဲကို စောင့်ကြည့်နေကြသည်။ နတ်ဘုရားနယ်မြေအတွင်းရှိ အတွင်းနယ်မြေ ပိုင်ဆိုင်သော ပြင်ပမျိုးနွယ်စု သူတော်စင်လောင်းလျာများနှင့် သူတော်စင်များ အားလုံးနီးပါးသည်လည်း နှစ်ငါးရာမှ တစ်ကြိမ်သာရှိသော ဤတိုက်ပွဲကို စောင့်ကြည့်ရန်အတွက် သူတော်စင်မြို့တော်ကြီး (၁၀) မြို့နှင့် ချိတ်ဆက်ထားကြသည်။

ဤတိုက်ပွဲသည် ဟင်းလင်ပြင် အဆင့်မြင့်မဟာမိတ် ထံမှ ဆုလာဘ် မည်မျှရမည်၊ မည်သူက ထူးချွန်ထွက်ပေါ်လာပြီး မဟာမိတ်၏ မျက်စိကျခြင်းကို ခံရမည် ဆိုသည်တို့ကို ဆုံးဖြတ်ပေးရုံသာမက၊ အခြားမျိုးနွယ်စုများ၏ အင်အားနှင့် အခြေခံကိုလည်း သိရှိစေနိုင်သဖြင့် မည်သူမျှ လက်လွတ်မခံကြချေ။

ဖန့်ချန်သည် မျက်စိတစ်မှိတ်အတွင်းမှာပင် သူစိမ်းပြင်ပြင် နေရာတစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ကောင်းကင်ယံမှာ မှိုင်းညို့နေပြီး ကောင်းကင်တံတားကို ဖြတ်ကျော်ကာ ဆင်းသက်လာသည့်အလား နတ်ဘုရားအလင်းတန်းတစ်ခုသည် မြေပြင်ပေါ်တွင် ခြင်ထောင်သဏ္ဌာန် အကာအကွယ် တစ်ခုအဖြစ် ဖုံးအုပ်ထားသည်။

'ဒီအကာအကွယ်က တဖြည်းဖြည်း သေးငယ်လာပြီး အားလုံးကို မဖြစ်မနေ ဆုံတွေ့စေကာ သတ်ဖြတ်စေပြီး အနိုင်အရှုံးကို ဆုံးဖြတ်ခိုင်းလိမ့်မယ်'

ဖန့်ချန်သည် အကာအကွယ်ပေါ်မှ အကြည့်ကို ခွာကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

အနီးအနားတွင် မရင်းနှီးသော ပုံရိပ်ပေါင်း တစ်ရာခန့် ရှိနေသည်။ သူတို့အားလုံးသည်လည်း တစ်ဦးနှင့်တစ်ဦး အကဲခတ်နေကြပြီး ဘယ်သူမှ စတင် လှုပ်ရှားခြင်း မရှိကြသေးပေ။ သူတို့သည် ပျော့ညံ့တဲ့သူ ကို လိုက်ရှာနေကြပြီး မိမိကိုယ်တိုင်ကရော ပျော့ညံ့တဲ့သူ အဖြစ် အသတ်မှတ်ခံနေရသလားဆိုသည်ကို တွက်ဆနေကြမှန်း ဖန့်ချန် သိသည်။

ခေတ္တခဏအတွင်းမှာတော့ မည်သူမျှ စတင်တိုက်ခိုက်ခြင်း မပြုသေးသရွေ့ ဤညီမျှမှုသည် ပျက်ပြားသွားမည် မဟုတ်ချေ။

"မိတ်ဆွေတို့... အခုက သူတော်စင်မျှော်စင်တိုက်ပွဲ စတင်ရုံပဲ ရှိသေးတယ်။ အဆင့်တစ်သိန်းအတွင်း ဝင်နိုင်ဖို့အတွက် ကိုယ့်ရဲ့ အင်အားကို ထိန်းသိမ်းထားသင့်တယ်။ ငါ့မှာ အကြံတစ်ခု ရှိတယ်၊ မင်းတို့ နားထောင်ချင်ကြလား"

ဘယ်မျိုးနွယ်စုမှန်း မသိရသော တန်ခိုးရှင်တစ်ဦးက ဖြည်းညှင်းစွာ စကားဆိုလိုက်သည်။

ထိုတန်ခိုးရှင်သည် အရပ်ရှစ်ပေခန့်ရှိပြီး ကိုယ်လုံးကိုယ်ထည်မှာ အခြားမျိုးနွယ်စုများနှင့် သိပ်မကွာခြားသော်လည်း ကျောပြင်တွင် အတောင်ပံအမည်းရောင်များ ပါရှိသည်။ ထိုအတောင်ပံမှ နူးညံ့လှသော အမွေးအတောင်များသည် လေအဝေ့တွင် အသက်ရှုနေသည့်အလား ပွင့်လိုက် ပိတ်လိုက် ဖြစ်နေသည်။

ရောက်ရှိနေသော တန်ခိုးရှင်များက တစ်ခွန်းမျှ ပြန်မပြောသော်လည်း အားလုံးက သူ့ထံသို့ ဝိုင်းကြည့်လိုက်ကြသဖြင့် နောက်ထပ် ပြောမည့်စကားကို စောင့်နေကြမှန်း သိသာသည်။

အတောင်ပံနက်နှင့် တန်ခိုးရှင်က ချောင်းတစ်ချက် ဟန့်လိုက်ပြီး

"ငါတို့တွေ အခုလောလောဆယ် မဟာမိတ်ဖွဲ့ထားကြရအောင်။ နောက်ပိုင်းတိုက်ပွဲတွေကို ရင်ဆိုင်နိုင်ဖို့ပေါ့။ အကယ်၍ အဆင့်တစ်သိန်းအတွင်း ဝင်သွားခဲ့ရင်လည်း အချိန်ကြည့်ပြီး အရှုံးပေးကာ အကောင်းပကတိအတိုင်း ပြန်ထွက်သွားလို့ ရတာပဲ။ ဒါဆိုရင် အဆင့်လည်း ရမယ်၊ အသက်ဘေးလည်း ကင်းမယ်၊ နှစ်ဖက်စလုံးအတွက် ကောင်းတာပေါ့"

တန်ခိုးရှင်များ အားလုံး နှုတ်ဆိတ်နေကြသော်လည်း သူတို့၏ မျက်လုံးများထဲတွင် လှောင်ပြောင်လိုသော အရိပ်အယောင်များ ပေါ်လာကြသည်။

"ဘယ်ကလာတဲ့ လူဖျင်းလဲ... ဒီလောက်တောင် နုနယ်ရသလား"

တန်ခိုးရှင်တစ်ဦးက တိုက်ရိုက်ပင် လှောင်ပြောင်လိုက်သည်။

"မျိုးနွယ်တူချင်းတောင်မှ ဘယ်သူက တစ်ဖက်လူကို တကယ်ယုံပြီး မဟာမိတ်ဖွဲ့ရဲမှာလဲ။ နောက်ကနေ ဓားနဲ့ အထိုးခံရမှာ မကြောက်ဘူးလား။ ပိုလို့တောင် ငါတို့တွေက တစ်ယောက်နဲ့တစ်ယောက် မသိကြတာ၊ မဟာမိတ်ကိစ္စကိုတော့ နောက်တစ်ခါ မပြောနဲ့တော့"

ထိုစကားအဆုံးမှာပင် လူတိုင်းသည် ဟင်းလင်းပြင်ထဲ၌ တံခါးပေါက် ပုံရိပ်ပေါင်း တစ်ရာကျော် ရုတ်တရက် ပေါ်ပေါက်လာသည်ကို သတိထားမိလိုက်ကြသည်။

ထိုတံခါးပေါက်များဆီမှ မရေမတွက်နိုင်သော မျက်လုံးပေါင်းများစွာသည် သူတို့အားလုံးအပေါ်သို့ ပြိုင်တူ စိုက်ကြည့်နေကြသဖြင့် လူတိုင်း၏ မျက်နှာများ ချက်ချင်း ပျက်သွားကြတော့သည်။

အခန်း (၁၈၅၈) - သေမင်းတိုက်ပွဲတံဆိပ်ပြား

"ဒါတွေအားလုံးက အတွင်းနယ်မြေတွေပဲ၊ သူတို့က ဒီနေရာကို အကဲခတ်နေကြတာ"

ဖန့်ချန်၏ စိတ်အာရုံတို့ လှုပ်ရှားသွားသည်။ ဤအတွင်းနယ်မြေများထဲတွင် လူသားမျိုးနွယ်မှ သူတော်စင်လောင်းလျာများ သို့မဟုတ် သူတော်စင်များ ပါဝင်နေသလားဆိုသည်ကို သူ မသေချာပေ။

သို့သော်လည်း မပါဝင်နိုင်ခြေက ပိုများသည်။ အကြောင်းမှာ လက်ရှိစစ်မြေပြင်တွင် သူတစ်ဦးတည်းသာ လူသားမျိုးနွယ်ဖြစ်ပြီး ကျန်ရှိသူများမှာ သူတစ်ခါမျှ မမြင်ဖူးသော ပြင်ပမျိုးနွယ်စုများသာ ဖြစ်သောကြောင့်တည်း။

"သွားပြီ... ကံဆိုးတာပဲ၊ ငါတို့ 'သေမင်းတိုက်ပွဲ' ဆင်နွှဲရတော့မယ် "

တန်ခိုးရှင်တစ်ဦးက မျက်နှာပျက်ယွင်းစွာဖြင့် အော်ဟစ်လိုက်သည်။

'သေမင်းတိုက်ပွဲ'

ဖန့်ချန် စဉ်းစားလိုက်သည်။ ဤနေရာသို့မဝင်မီ ဖန့်ချန်းရွှယ် ရှင်းပြခဲ့သော စည်းမျဉ်းအချို့ကို သူ သတိရသွားသည်။ တန်ခိုးရှင်အားလုံးအတွက် အလွန်အမင်း အခြေအနေမလှသော အချက်တစ်ချက် ရှိ၏။

၎င်းမှာ အတွင်းနယ်မြေ ပေါင်းတစ်ရာကျော်၏ စောင့်ကြည့်ခြင်းကို ခံရသည့်အခါ၊ သူတော်စင်မျှော်စင်သည် သေမင်းတိုက်ပွဲတံဆိပ်ပြား တစ်ခုကို ချပေးတတ်ခြင်းပင်။

ထိုတံဆိပ်ပြား ကျဆင်းလာပါက ပတ်ဝန်းကျင် မိုင်တစ်ရာအတွင်းကို စစ်မြေပြင်အသေးစားလေးတစ်ခုအဖြစ် သတ်မှတ်လိုက်ပြီး၊ အသက်ရှင်ကျန်ရစ်သူ တစ်ဦးတည်းသာလျှင် ထိုနေရာမှ ပြန်လည်ထွက်ခွာခွင့် ရရှိမည်ဖြစ်သည်။

အမှန်ပင်... ဟင်းလင်းပြင်ထဲရှိ တံခါးပေါက်ပုံရိပ်များသည် တစ်ခုပြီးတစ်ခု တိုးပွားလာရာ ရာဂဏန်းမှသည် တစ်ရာ့ငါးဆယ်နီးပါးအထိ ဖြစ်လာသည်။ ဤသည်မှာ 'သေမင်းတိုက်ပွဲတံဆိပ်ပြား' ကျဆင်းရန် လုံလောက်သော အခြေအနေပင်။

မျှော်လင့်ထားသည့်အတိုင်း ကောင်းကင်ယံတွင် ရွှေရောင်အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်ပေါက်လာသည်။ ထို့နောက် အမြင့်ဆယ်လံခန့်ရှိသော သေမင်းတိုက်ပွဲတံဆိပ်ပြားသည် ရွှေရောင်အလင်းတန်းများ ဖြာထွက်လျက် မြေပြင်ပေါ်သို့ ဝုန်းခနဲ ကျဆင်းလာတော့သည်။

ခဏချင်းမှာပင် မိုင်တစ်ရာပတ်လည်အတွင်းကို မှိန်ဖျော့ဖျော့ ရွှေရောင်အလင်းတန်းတစ်ခုက လွှမ်းခြုံသွားသည်။ မိုင်အနည်းငယ်အကွာအဝေးဆီမှ အခြားသူများ၏ ထိတ်လန့်တကြား အော်ဟစ်သံများကိုလည်း ခပ်ရေးရေး ကြားနေရသည်။

'မိုင်တစ်ရာအတွင်းမှာ ဒီလူစုတင် မဟုတ်ဘူးပဲ...'

ဖန့်ချန် စဉ်းစားနေစဉ်မှာပင် တန်ခိုးရှင်တစ်ဦးက သူ့ထံသို့ အတင်းအဓမ္မ ပြေးဝင်လာပြီး ဟိန်းဟောက်လိုက်သည်။

"ကျန်တဲ့ကောင်တွေ ဖယ်စမ်း ဒီကောင်က ငါ့အပိုင်ပဲ"

ထိုတန်ခိုးရှင်သည် အစကတည်းက ဖန့်ချန်ကို အပျော့ဆွဲ တစ်ဦးအဖြစ် ပစ်မှတ်ထားခဲ့ပုံရသည်။ ကျန်ရှိသူများကလည်း ထိုတန်ခိုးရှင်မှာ ကိုင်တွယ်ရခက်မည့်ပုံ ပေါ်နေသဖြင့် သူ့ကို မပြိုင်ဆိုင်တော့ဘဲ အခြားသူများကိုသာ ရွေးချယ်၍ တိုက်ခိုက်ကြတော့သည်။

အချို့မှာမူ အင်အားကို ထိန်းသိမ်းလိုသဖြင့် နောက်ဆုတ်ကာ ဘေးမှစောင့်ကြည့်၍ အမြတ်ထုတ်ရန် ပြင်ဆင်နေကြသည်။

ထိုစဉ် အတောင်ပံနက်နှင့် တန်ခိုးရှင်သည် လျှပ်စီးလက်သည့်နှယ် အဟုန်ဖြင့် ခုနက သူ့ကို လှောင်ပြောင်ခဲ့သော တန်ခိုးရှင်ထံသို့ လူသတ်ငွေ့များဖြင့် ပြေးဝင်သွားသည်။

"ဟဲဟဲဟဲ... ကောင်လေး၊ မင်းရဲ့ လက်ခြေတွေက ပိန်ညှောင်နေတာပဲ။ ငါ့ကို ပြောစမ်းပါဦး၊ မင်းက ဘယ်မျိုးနွယ်လဲ၊ နာမည်က ဘယ်သူလဲ။ နာမည်မရှိတဲ့ကောင်ကို ငါ မသတ်ချင်ဘူး "

ဖန့်ချန်ထံ ပြေးဝင်လာသော တန်ခိုးရှင်က ရူးသွပ်စွာ ရယ်မောလျက် ကြုံးဝါးလိုက်သည်။

သို့သော် ဖန့်ချန်က ထိုရူးသွပ်မှုများ၏ နောက်ကွယ်တွင် အလွန်အမင်း သတိကြီးသော စိတ်ဓာတ်ကို ခံစားမိသည်။ တစ်ဖက်လူသည် အစကတည်းက အင်အားအကုန် မသုံးဘဲ နောင်ဖြစ်လာမည့် အပြောင်းအလဲများအတွက် အင်အားချန်ထားခြင်း ဖြစ်သည်။

ရဲတင်းသော်လည်း သတိဝီရိယရှိလှပြီး အစစအရာရာ ပြင်ဆင်ထားသူပင်။ သို့သော်... ထိုအရာများက ဘာအသုံးကျမည်နည်း။

ဖန့်ချန်၏ ပုံရိပ်သည် ရပ်နေသည့်နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားပြီး လျှပ်စီးတန်းတစ်ခုအလား ထိုသူ၏ရှေ့မှ ဖြတ်ကျော်သွားသည်။ တစ်ဖက်လူမှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ သွေးမြူအဖြစ် ပြောင်းလဲကာ မြေပြင်ပေါ်တွင် ပျောက်ကွယ်သွားတော့သည်။

ထိုအခိုက်အတန့်တွင် ဟင်းလင်းပြင်ရှိ ရာပေါင်းများစွာသော အတွင်းနယ်မြေများမှ မျက်လုံးပေါင်းများစွာသည် ဖန့်ချန်၏အပေါ်တွင် ခဏမျှ ရပ်တန့်သွားကြသည်။

ဖန့်ချန်သည် အစမှအဆုံးအထိ ဝိညာဉ်စွမ်းအား ကိုပင် အသုံးမပြုခဲ့ဘဲ သန့်စင်လှသော ဓားခန္ဓာ ၏ အစွမ်းဖြင့်သာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အနီးနားရှိ တန်ခိုးရှင်များသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ စိတ်မသက်မသာ ဖြစ်သွားကြပြီး တိုက်ပွဲနယ်မြေကို ဖန့်ချန်နှင့်ဝေးရာသို့ ရွှေ့လိုက်ကြကာ သူ့ကို အထူးသတိထားနေကြသည်။

ဖန့်ချန်သည် တစ်ဦးတည်း ဘေးသို့လျှောက်သွားကာ ငြိမ်သက်စွာ ရပ်ကြည့်နေပြီး ဝင်ရောက်စွက်ဖက်ခြင်း မပြုပေ။ အကယ်၍ သူသာ ယခုအချိန်တွင် ဝင်ရောက်စွက်ဖက်ပါက ဤလူအုပ်ကြီးက သူ့ကို စုပေါင်းတိုက်ခိုက်လာမည်ကို သူ သိသည်။

ထို့ကြောင့် ရန်သူကို အားနည်းဟန်ပြကာ မိမိ၏ အင်အားများ ကုန်ဆုံးသွားသဖြင့် ဆက်လက် မတိုက်ခိုက်နိုင်တော့သည့်အလား ဟန်ဆောင်ခြင်းကသာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။

အမှန်ပင်... အချို့သူများသည် ဖန့်ချန်၏ တည်ငြိမ်နေသော အမူအရာအောက်တွင် အသက်ရှုသံ ပြင်းထန်နေခြင်းနှင့် ခန္ဓာကိုယ်အတွင်းမှ ဝိညာဉ်စွမ်းအားကို ပြန်လည်ရရှိရန် ကြိုးစားနေဟန်တို့ကို သတိထားမိလိုက်သောအခါ စိုးရိမ်စိတ်များ အနည်းငယ် လျော့ကျသွားကြသည်။

ထိုအချိန်မှာပင် ဟင်းလင်းပြင်၌ နောက်ထပ် အတွင်းနယ်မြေ တံခါးပေါက်တစ်ခု ပေါ်လာပြန်သည်။ ထိုအတွင်းနယ်မြေ၏ နောက်ကွယ်တွင်မူ ဖန့်မျိုးနွယ်စုမှ တန်ခိုးရှင်များ ရှိနေကြသည်။

အတွင်းနယ်မြေ အသီးသီးသည် မိမိတို့လက်အောက်ရှိ တန်ခိုးရှင်များ၏ အခြေအနေကို စစ်ဆေးခွင့်ရှိပြီး သူတို့ ကိုင်ဆောင်ထားသော အထောက်အထားပြကတ်များမှတစ်ဆင့် တည်နေရာကို ရှာဖွေနိုင်သည်။

တိုက်ပွဲစတင်ချိန်မှစ၍ ဟင်းလင်းပြင်ရှိ မြင်ကွင်းများသည် အကြိမ်ပေါင်းများစွာ ပြောင်းလဲခဲ့သည်။ ဖန့်ချန်းရွှယ်၊ ဖန့်ဟန် စသည့် ဖန့်မျိုးနွယ်တန်ခိုးရှင်များသည် 'သေမင်းတိုက်ပွဲတံဆိပ်ပြား' နှင့် မကြုံတွေ့ခဲ့ရသဖြင့် မြင်ကွင်းမှာ သူတို့ထံတွင် ကြာရှည်မနေခဲ့ပေ။

မြင်ကွင်းမှာ ဖန့်ချန်ထံသို့ ရောက်ရှိလာချိန်တွင်မူ ဖန့်ချန်က ပြိုင်ဘက်ကို တစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်သည့် မြင်ကွင်းကို အချိန်ကိုက် မြင်တွေ့လိုက်ရသည်။

"ဖန့်ချန်ဘိုးဘေးရဲ့ ဒီလက်ချက်က... မဆိုးဘူးပဲ"

ဖန့်တိန် သည် ကန့်သတ်ချက်ကျော်လွန်သူအဖြစ် မကြာသေးမီကမှ ရာထူးတက်လာသူ ဖြစ်သဖြင့် ယခုအခါ ဖန့်မျိုးနွယ်၏ အဆင့်မြင့်အဖွဲ့ဝင်တစ်ဦး ဖြစ်နေပြီ ဖြစ်သည်။ သူသည် အခြားသော ကန့်သတ်ချက်ကျော်လွန်သူများနှင့်အတူ တိုက်ပွဲအခြေအနေကို စောင့်ကြည့်နေရင်းမှ အံ့ဩတုန်လှုပ်စွာဖြင့် ရေရွတ်လိုက်သည်။

"တိုက်ခိုက်တာက အရမ်းကို ပြတ်သားပြီး ရက်စက်တယ်၊ လှလည်းလှတယ်၊ ဒါပေမဲ့ အသတ်ခံရတဲ့ ပြင်ပမျိုးနွယ်က ဘယ်မျိုးနွယ်လဲဆိုတာ သေချာမမြင်လိုက်ရတာ နှမြောစရာပဲ"

"ဖန့်ချန်ဘိုးဘေးက ဒီတိုက်ပွဲမှာ ပါဝင်ရဲတာ အကြောင်းရှိတာပဲ၊ တကယ့်ကို အစွမ်းထက်တာပဲ"

ဖန့်မျိုးနွယ် တန်ခိုးရှင်အများအပြားက ခေါင်းငြိမ့်ထောက်ခံကြပြီး မျက်လုံးထဲတွင် ကျေနပ်အားရမှုများ ပြည့်နှက်နေသည်။ တိုက်ပွဲစတင်ရုံရှိသေးသော်လည်း သူတို့၏ ဖန့်ချန်ဘိုးဘေးက ရန်သူကို စတင်သတ်ဖြတ်နိုင်ခြင်းမှာ ဖန့်မျိုးနွယ်အတွက် တက်ကြွစရာ သတင်းကောင်းပင်။

"ဘကြီးဖန့်က အင်အားအတော်လေး ကုန်ဆုံးသွားပုံရတယ်"

ဖန့်ဟိုင် ၏ မျက်လုံးများတွင် စိုးရိမ်ရိပ်များ ပိုလာသည်။ ဖန့်လင် ကလည်း စိတ်ပူနေသော အမူအရာ ရှိနေသည်။

"မျှော်စင်တိုက်ပွဲမှာ ရင်ဆိုင်ရမယ့် ပြင်ပမျိုးနွယ်တွေက အရမ်းများလွန်းတယ်။ ဒါပေမဲ့ ဘကြီးဖန့်က သူ့ဘာသာ စီစဉ်ထားတာ ရှိမှာပါ၊ ဘာမှမဖြစ်နိုင်ပါဘူး"

ဖန့်ကူးယဲ့က တိုးတိုးလေး ဆိုသည်။

ဖန့်ချန် ခဏမျှ နားနေစဉ်မှာပင် တန်ခိုးရှင်တစ်ဦးက သူ့ကို လာရောက် စမ်းသပ်တိုက်ခိုက်သည်။ ဖန့်ချန်က လှိုင်းတံပိုးများအလား ပြင်းထန်သော တုံ့ပြန်မှုများဖြင့် ထိုသူ နောက်ဆုံးထွက်သက်အထိ လိုက်လံတိုက်ခိုက်ပြီး သတ်ဖြတ်လိုက်သည်။

နောက်ထပ် ပြိုင်ဘက်တစ်ဦးကို ထပ်မံသတ်ဖြတ်ပြီးနောက် ဖန့်ချန်သည် နားနေရန် အခွင့်အရေး ထပ်ရပြန်သည်။ တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်ရှိ ရွှေရောင်အလင်းတန်းမှာ တဖြည်းဖြည်း သေးငယ်လာသည်ကို သူ သတိထားမိသည်။ ကောင်းကင်ယံတွင်လည်း အခြားသော တန်ခိုးရှင်အုပ်စုများ၏ ရုတ်ရုတ်သဲသဲ တိုက်ပွဲမြင်ကွင်းများကို မြင်တွေ့နေရသည်။

'ဒီမိုင်တစ်ရာအတွင်းမှာ အနည်းဆုံး မျိုးနွယ်စုပေါင်းစုံက တန်ခိုးရှင် လေးငါးရာလောက် ရှိနေတာပဲ'

ဖန့်ချန် စိတ်ထဲမှ တွက်ချက်နေလိုက်သည်။

သူ နားနေစဉ်မှာပင် တန်ခိုးရှင်များက သူ့ကို ထပ်မံ ချောင်းမြောင်းတိုက်ခိုက်လာပြန်သည်။ ထူးခြားသည်မှာ ယခုတစ်ခါတွင် တန်ခိုးရှင် နှစ်ဦး ပူးပေါင်းလာခြင်းဖြစ်ပြီး ဖန့်ချန်က ရှေ့တစ်ယောက်ကို သတ်ပြီးခါစ အချိန်ကို ရွေးချယ်ထားခြင်း ဖြစ်သည်။

သူတို့သည် ဖန့်ချန် အင်အားကုန်ခမ်းနေချိန်ကို အခွင့်ကောင်းယူ၍ ရှင်းလင်းရန် ဆုံးဖြတ်ထားပုံရသည်။ တိုက်ခိုက်လာသော တန်ခိုးရှင်နှစ်ဦးမှာ အတောင်ပံနက်နှင့် တန်ခိုးရှင်နှင့် ခုနက သူ့ကို နုနယ်လွန်းသည်ဟု လှောင်ပြောင်ခဲ့သော တန်ခိုးရှင်တို့ ဖြစ်ကြသည်။

ထိုနှစ်ဦးမှာ အစက အသေအလဲ တိုက်ခိုက်နေကြသူများ ဖြစ်သော်လည်း၊ ယခုအခါ ဖန့်ချန်ကို ပူးပေါင်းတိုက်ခိုက်လာခြင်းမှာ သူတို့ကြားတွင် ကြိုတင်သဘောတူညီမှု ရရှိထားကြောင်း သိသာလှသည်။

ဟင်းလင်းပြင်ရှိ အတွင်းနယ်မြေများမှ စောင့်ကြည့်နေသူများသည် ဤမြင်ကွင်းကို မြင်သောအခါ ဖန့်ချန်ကို သေလူအဖြစ် သတ်မှတ်လိုက်ကြတော့သည်။ အကြောင်းမှာ ဖန့်ချန်သည် အချိန်မီ မတုံ့ပြန်နိုင်ဘဲ 'အင်အားပြန်လည်စုဆောင်းရန်' သာ ကြိုးစားနေသောကြောင့် ဖြစ်သည်။

ဖန့်မျိုးနွယ် တန်ခိုးရှင်များသည်လည်း ထိတ်လန့်တကြား အော်ဟစ်ကာ သတိပေးလိုက်ကြသော်လည်း ဖန့်ချန်းယူ က တည်ငြိမ်စွာဖြင့် ဆိုလိုက်သည်။

"သူ ကြားမှာ မဟုတ်ဘူး"

ထို့နောက် သူသည် ဖန့်ချန်ကို စိတ်ဝင်တစား ကြည့်နေမိသည်။ သံသရာမသေမျိုးဂိုဏ်း ရဲ့ တပည့်တစ်ယောက်က ဒီလောက်အလွယ်တကူနဲ့ မျှော်စင်တိုက်ပွဲမှာ သေသွားပါ့မလား။

ဝုန်း

ပြင်းထန်လှသော တိုက်ခိုက်မှုများသည် ဖန့်ချန်၏ ကိုယ်ပေါ်သို့ တိုက်ရိုက်ကျရောက်သွားပြီး တောက်ပသော အဖြူရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။ ထိုပေါက်ကွဲမှု၏ အရှိန်အဟုန်မှာ အနီးနားရှိ အခြားတန်ခိုးရှင်များကိုပင် နောက်ဆုတ်သွားစေသည်။

"အစီအစဉ် အောင်မြင်ပြီ"

အတောင်ပံနက်နှင့် တန်ခိုးရှင်သည် ခေတ္တမဟာမိတ်ဖွဲ့ထားသော 'သူငယ်ချင်း' နှင့် အကြည့်ချင်း ဆုံလိုက်ကြသည်။ ရင်ထဲတွင် ဝမ်းသာသွားကြသလို၊ နောက်တစ်ဆင့်တွင် တစ်ဖက်လူကို မည်သို့ပြန်လည် ကိုင်တွယ်ရမည်ကိုလည်း စတင် စဉ်းစားနေကြတော့သည်။

All Chapters