← Chapters

အခန်း (၁၈၅၃-၁၈၅၄)

Vol. 186 Ch. 1853-1854

အခန်း (၁၈၅၃-၁၈၅၄)

Vol. 186 Ch. 1853-1854

အခန်း (၁၈၅၃) - သတင်းအချက်အလက် စုံစမ်းခြင်း

ဖန့်ချန်သည် ဝမ်အိုကြီး အဘယ်ကြောင့် ဤမျှ စိတ်လှုပ်ရှားနေရသည်ကို နားလည်ပေးနိုင်ပါသည်။

ဤကာလအတွင်း ဝမ်အိုကြီး၏ အသက်အရွယ်မှာ မကြီးသေးဘဲ အလုံးစုံအားဖြင့် လူငယ်တစ်ဦးဟု ဆိုနိုင်ပေသည်။ လူငယ် တန်ခိုးရှင်တစ်ဦးအနေဖြင့် နဂါးသူတော်စင်မြို့တော်ကဲ့သို့သော နေရာမျိုးသို့ ရောက်ရှိလာချိန်တွင် ဝမ်အိုကြီးကဲ့သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်ရန် ခဲယဉ်းလှသည်။

လူသားမျိုးနွယ်သည် ရှေးယခင်ကတည်းက မီးနတ်ဘုရား မျိုးနွယ်စု နှင့်သာ အပြန်အလှန် တိုက်ခိုက်လာခဲ့ကြခြင်းဖြစ်ရာ မီးနတ်ဘုရားမျိုးနွယ်စုမှာ လူသားတို့ အသိရှိဆုံးသော ပြင်ပမျိုးနွယ်စု ဖြစ်သည်။ ကျန်ရှိသော မျိုးနွယ်စုများကိုမူ ရှိမှန်းသာ သိကြသော်လည်း အနီးကပ် လေ့လာခွင့် မရခဲ့ကြချေ။

သူတော်စင်မျှော်စင်တိုက်ပွဲသည် အားနည်းသော မျိုးနွယ်စုများအတွက် အင်အားကြီးမျိုးနွယ်စုများကို လေ့လာနိုင်ပြီး ထိတွေ့ဆက်ဆံနိုင်မည့် တစ်ခုတည်းသော အခွင့်အရေးပင် ဖြစ်သည်။ ပုံမှန်အချိန်ဆိုလျှင် လူသားမျိုးနွယ်မှ သူတော်စင်လောင်းလျာများသည် နဂါးသူတော်စင်မြို့တော်သို့ ခြေချပိုင်ခွင့် မရှိသလို၊ ဤမြို့တော်ကြီးသည်လည်း ပြင်ပသို့ တိုက်ရိုက် တံခါးဖွင့်ပေးလေ့ မရှိပေ။

"ဝမ်အိုကြီး... မင်းတို့ဆီက ဝမ်သူတော်စင်လောင်းလျာက ဘာလို့ ထွက်သွားတာလဲ"

ဖန့်ချန်က ဖန့်ချန်းရွှယ်၊ ချင်ပိုင်ချွမ်းတို့နှင့် စိတ်အားထက်သန်စွာ စကားပြောနေကြသော ဝမ်ကျိလုံ တို့အုပ်စုကို လှမ်းကြည့်ရင်း မေးလိုက်သည်။

အိမ်ထောင်စုအသီးသီးမှ သူတော်စင်လောင်းလျာများမှာ ထွက်ခွာသွားကြပြီဖြစ်ပြီး ဝမ်ကျိလုံတို့ကဲ့သို့သော ကန့်သတ်ချက်ကျော်လွန်သူ အဆင့် ၃ များသာ ကျန်ရစ်ခဲ့ကြသည်။

"မျိုးနွယ်စုထဲက ကိစ္စအဝဝကို ဘိုးဘေးတွေကပဲ ဦးစီးနေရတာဆိုတော့ သူတို့က ငါတို့ကို ဒီအထိ ပို့ပေးရုံပဲ တတ်နိုင်တာလေ"

ဝမ်ချုံစန်းက ပြုံးလျက်

"ဘာပဲဖြစ်ဖြစ် စန့်လင်သူတော်စင်လောင်းလျာက ဦးဆောင်ပေးနေတာဆိုတော့ လုံလောက်ပါပြီ။ ငါတို့ ဝမ်မျိုးနွယ်စုက မင်းတို့ ဖန့်မျိုးနွယ်စုနဲ့ တစ်ဖက်တည်း ရပ်တည်နေတာပဲ၊ မင်းတို့ ဖန့်မျိုးနွယ်စုကလည်း ဝမ်သောက်မဟာမိတ်ရဲ့ အဖွဲ့ဝင်ဆိုတော့ အားလုံးက ကိုယ့်လူတွေချည်းပါပဲ"

"အခန်းထဲ ပြန်ကြမယ်"

ရုတ်တရက် ဖန့်ချန်းရွှယ်၏ အသံသည် လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။

ဝမ်ချုံစန်းတို့အတွက်လည်း အခန်းကတ်ပြားများ အဆင်သင့် ဖြစ်နေပြီဖြစ်ရာ ဝမ်ကျိလုံတို့၏ တိုက်တွန်းမှုကြောင့် လူစုခွဲလိုက်ကြသည်။ အားလုံးသည် စန့်လင်သူတော်စင်လောင်းလျာ၏ နောက်မှ လိုက်ကာ အပေါ်ထပ်သို့ တက်ခဲ့ကြပြီး မိမိတို့၏ အခန်းကတ်ပြားအလိုက် အခန်းထဲသို့ အသီးသီး ဝင်ရောက်သွားကြသည်။

အခန်းမှာ မကြီးလှပေ၊ (၁၀) ပတ်လည်ခန့်သာ ရှိသော်လည်း ဤကဲ့သို့သော နေရာမျိုးတွင် ကိုယ်ပိုင်အခန်းတစ်ခန်း ရရှိခြင်းမှာ အလွန်ပင် သိက္ခာရှိလှသည်။ စန့်လင်သူတော်စင်လောင်းလျာသည် အခန်းခအတွက် မသေမျိုးကျောက်တုံး အမြောက်အမြား ပေးချေခဲ့ရသည်ကို ဖန့်ချန် မြင်တွေ့ခဲ့ရသည်။

အခန်းထဲသို့ ရောက်ပြီး မကြာမီမှာပင် ဝမ်အိုကြီးသည် အခန်းတံခါးကို လာခေါက်လေသည်။

"စန့်လင်သူတော်စင်လောင်းလျာက မှာထားတယ်လေ၊ ကိစ္စမရှိရင် အခန်းထဲမှာပဲ နေပါ၊ လျှောက်မသွားနဲ့လို့။ ဒီအထပ်မှာ အခန်းပေါင်း ထောင်ချီရှိတာ၊ ငါတို့ လူသားမျိုးနွယ်တွေချည်းပဲ နေတာ မဟုတ်ဘူး။ တကယ်လို့ ပြင်ပမျိုးနွယ်စုတွေနဲ့ ပြဿနာတက်ရင် မကောင်းဘူး"

ဖန့်ချန်က ဝမ်အိုကြီးကို ကြည့်ကာ သတိပေးလိုက်သည်။

"မကြောက်ပါနဲ့ကွာ... ငါ စုံစမ်းကြည့်ပြီးပြီ။ ဒီတည်းခိုခန်းမှာ တည်းတဲ့ ပြင်ပမျိုးနွယ်စုတွေက အခြေခံအားဖြင့် ငါတို့ လူသားတွေနဲ့ အဆင့်တူတူလောက်ပဲ ရှိတာ။ တကယ်လို့ ပြဿနာတက်ရင်တောင် သူတော်စင်မျှော်စင်တိုက်ပွဲထဲမှာပဲ ဖြေရှင်းကြမှာပါ။ ဘယ်သူမှ နဂါးသူတော်စင်မြို့တော်ထဲမှာ ရမ်းကားရဲမှာ မဟုတ်ပါဘူး၊ မိသားစုလိုက်၊ မျိုးနွယ်စုလိုက် အသတ်ခံရမှာ ကြောက်ကြတာပေါ့"

ဝမ်ချုံစန်းက ရယ်မောလျက် ဆိုသည်။

ဖန့်ချန်၏ စိတ်အာရုံမှာ လှုပ်ရှားသွားပြီး

"မင်း သတင်းအချက်အလက်တွေ အများကြီး စုဆောင်းထားတာလား"

"စုဆောင်းနေဖို့တောင် မလိုပါဘူးကွာ။ မင်းတို့ ဖန့်မျိုးနွယ်စုမှာလည်း သူတော်စင်မျှော်စင်တိုက်ပွဲ လာဖူးတဲ့သူတွေ ရှိတာပဲ။ ငါတို့က ဒီနေရာမှာပဲ အမြဲတည်းတာဆိုတော့ မေးကြည့်လိုက်ရုံနဲ့ အကုန်သိရတာပေါ့"

ဝမ်ချုံစန်းက ပြုံးလျက် ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ကာ ဖန့်ချန်ထံ ကမ်းပေးလိုက်သည်။

"ဒါကမှ ငါ စုဆောင်းထားတဲ့ သတင်းတွေ။ မီးနတ်ဘုရားမျိုးနွယ်စုနဲ့ ပတ်သက်တာတွေ အဓိကပါတယ်၊ ပြီးတော့ ကျန်းရန်မဟာမိတ် နဲ့ လော့ရွှယ်မဟာမိတ် အကြောင်းတွေလည်း ပါတယ်၊ ဖတ်ကြည့်လိုက်ဦး"

ဖန့်ချန်သည် ကျောက်စိမ်းပေလွှာကို ယူကာ စိတ်အာရုံကို တစ်ချက် လှည့်ပတ်လိုက်ရုံဖြင့် အတွင်းရှိ အချက်အလက်အားလုံးကို ချက်ချင်း သိရှိသွားသည်။ ထိုထဲတွင် သတင်းအချက်အလက်များစွာ ပါဝင်ပြီး အဓိကမှာ မီးနတ်ဘုရားမျိုးနွယ်စုဖြစ်ကာ၊ ကျန်ရှိသော ကျန်းရန်မဟာမိတ်၊ လော့ရွှယ်မဟာမိတ်နှင့် ဝမ်သောက်မဟာမိတ်တို့၏ သတင်းများမှာ နောက်ဆက်တွဲအဖြစ် ပါဝင်လေသည်။

"ဘယ်မဟာမိတ်အဖွဲ့က ဘယ်သူ့ကို စေလွှတ်မလဲဆိုတာ ငါလည်း သေချာမသိလို့၊ ထင်ရှားတဲ့ လူတွေကိုပဲ ငါ ရွေးထုတ်ပေးထားတယ်။ မင်းကတော့ မင်းနဲ့ အဆင့်တူတဲ့လူတွေကိုပဲ အာရုံစိုက်ထားပေါ့။ ဒါမှ မျှော်စင်တိုက်ပွဲထဲမှာ သူတို့နဲ့ တွေ့ရင် မျက်စိလည် လမ်းမှားမဖြစ်မှာ"

ဝမ်ချုံစန်းက ပြုံးလျက် ဆက်ပြောသည်

"အဓိက သတိထားရမှာက မီးနတ်ဘုရားမျိုးနွယ်စု၊ ကျန်းရန်မဟာမိတ်နဲ့ လော့ရွှယ်မဟာမိတ်တွေပဲ။ ဒီသုံးဖွဲ့က လူတွေနဲ့ တွေ့ရင်တော့ အသေအကျေ တိုက်ရမှာပဲ၊ အထူးသဖြင့် နောက်ဆုံး နှစ်ဖွဲ့ပေါ့။ သူတို့က ငါတို့နဲ့ မျိုးနွယ်တူဆိုပြီးတော့ လက်မနှေးနဲ့ဦး၊ သူတို့ကလည်း ငါတို့ကို ညှာမှာ မဟုတ်ဘူး"

ဖန့်ချန်က ညင်သာစွာ ခေါင်းညိတ်လိုက်သည်

"ဒါတွေကို ငါ သိပါတယ်။ ဒါပေမဲ့ မင်းစုဆောင်းထားတဲ့ သတင်းတွေထဲမှာ ပြင်ပမျိုးနွယ်စုဆိုလို့ မီးနတ်ဘုရားမျိုးနွယ်စု တစ်ခုတည်းပဲ ပါတာလား တခြားမျိုးနွယ်စုတွေအကြောင်းရော ပိုပြီး မစုဆောင်းထားဘူးလား "

"စုဆောင်းတော့ ဘာလုပ်မှာလဲ"

ဝမ်ချုံစန်းက ခေတ္တမျှ မှင်တက်သွားပြီး ထူးဆန်းသော အမူအရာဖြင့် ဆိုသည်။

"အပြင်က မျိုးနွယ်စု အများစုက ငါတို့ထက် အခြေခံ အများကြီး သာကြတာလေ။ ငါတို့က ဒီတစ်ခါ ဗဟုသုတ လာရှာတာပဲ၊ မင်းက တကယ်ကြီး အဆင့်တစ်သိန်းအတွင်း ဝင်ချင်လို့လား တိုက်ပွဲထဲမှာ အခြေအနေကြည့်ပြီး အရှုံးပေးလို့ရတဲ့ အချိန်ဆိုရင် ချက်ချင်း အရှုံးပေးလိုက်တာ အကောင်းဆုံးပဲ၊ အချိန်နှောင်းသွားလို့ အသက်ဆုံးရှုံးရမှာမျိုး မဖြစ်စေနဲ့။ နောက်ပြီး ငါတို့ ဝမ်မျိုးနွယ်စုမှာလည်း ပြင်ပမျိုးနွယ်စုတွေရဲ့ သတင်းကို စုဆောင်းနိုင်တဲ့ စွမ်းအား မရှိပါဘူး"

ဝမ်ချုံစန်းသည် ပြင်ပမျိုးနွယ်စုများ၏ သတင်းကို စုဆောင်းခြင်းမှာ အပိုအလုပ်ဟု ယူဆထားသည်မှာ သိသာလှသည်။ ဖန့်ချန်လည်း သူ၏ အတွေးအမြင်ကို နားလည်ပေးနိုင်ပါသည်။ သူက ဝမ်ချုံစန်း ပိုင်ဆိုင်ထားသော သတင်းကွန်ရက် မည်မျှအားကောင်းသည်ကို သိလို၍သာ စူးစမ်းမေးမြန်းလိုက်ခြင်း ဖြစ်သည်။

"လူအိုကြီးဖန့်... ငါတို့ မိသားစုတွေအားလုံးက မင်းတို့ ဖန့်မျိုးနွယ်စုကို ဦးဆောင်သူအဖြစ် သတ်မှတ်ထားတာ။ ဒါကြောင့် မျှော်စင်တိုက်ပွဲကျရင် မင်းတို့ရဲ့ အစွမ်းတွေကို ပြနိုင်သလောက် ပြကြဦး၊ ဖန့်မျိုးနွယ်စုရဲ့ ဂုဏ်သတင်းကိုလည်း မြှင့်တင်ရင်း မီးနတ်ဘုရားမျိုးနွယ်စုနဲ့ ကျန်တဲ့ မဟာမိတ်အဖွဲ့တွေကို ဖန့်မျိုးနွယ်ရဲ့ အခြေခံကို ပြလိုက်စမ်းပါ။

ကျန်းရန်မဟာမိတ်နဲ့ လော့ရွှယ်မဟာမိတ်ကို ဖိနှိပ်ထားနိုင်ရုံတင် မဟုတ်ဘဲ ပြောင်မြောက်တဲ့ တိုက်ပွဲအချို့ကိုလည်း ဖော်ဆောင်ပေးရမယ်။ ဖန့်သူတော်စင် ရဲ့ ဂုဏ်သတင်း ကျော်ကြားလေလေ၊ ငါတို့ရဲ့ အခြေအနေက ပိုပြီး ခိုင်မာလေလေ ဖြစ်မှာပေါ့"

ဝမ်ချုံစန်းက ဆက်လက်၍

"လူရှက်စရာတွေတော့ မဖြစ်စေနဲ့ဦး၊ ဘာလို့လဲဆိုတော့ တိုက်ပွဲဖြစ်တဲ့အချိန်မှာ မဟာမိတ်အဖွဲ့ အသီးသီးက လူပေါင်းမြောက်မြားစွာက ဒီတိုက်ပွဲကို စောင့်ကြည့်နေကြမှာမို့လို့ပဲ"

"တိုက်ပွဲကို စောင့်ကြည့်မယ် ဟုတ်လား ဘာကို ဆိုလိုတာလဲ "

ဖန့်ချန်မှာ ခေတ္တမျှ မှင်တက်သွားသည်။

"မင်းက ဘာမှ မသိသလိုပဲလား၊ ဖန့်မျိုးနွယ်စုက ဘယ်သူမှ မပြောပြကြဘူးလား "

ဝမ်ချုံစန်းက သက်ပြင်းချရင်း

"သူတော်စင်မျှော်စင်တိုက်ပွဲကို အပြင်ကနေ စောင့်ကြည့်ခွင့် ပြုထားတယ်။ အဲဒီအချိန်ကျရင် နဂါးသူတော်စင်မြို့တော်ကနေတစ်ဆင့် အတွင်းနယ်မြေ အသီးသီးကို ချိတ်ဆက်ပေးပြီး မျှော်စင်အတွင်းက မြင်ကွင်းတွေကို တိုက်ရိုက် ကြည့်ရှုခွင့် ပေးမှာ"

"ဒီလိုလည်း လုပ်လို့ရတာပဲ... ဒီအတွင်းနယ်မြေဆိုတဲ့ အရာက တကယ်ကို ဆန်းကြယ်တာပဲ"

ဖန့်ချန်က တိုးညှင်းစွာ ရေရွတ်လိုက်မိသည်။

ထိုအချိန်တွင် အပြင်ဘက်မှ ခြေသံအချို့ ကြားလိုက်ရသဖြင့် နောက်ထပ် အဖွဲ့တစ်ဖွဲ့ တည်းခိုရန် ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိသာလှသည်။ ဝမ်ချုံစန်းသည် ချက်ချင်းပင် အခန်းတံခါးကို ဖွင့်ကာ အပြင်သို့ လှမ်းကြည့်လိုက်ပြီးနောက် ဖန့်ချန်ဘက်သို့ လှည့်ကာ ပြုံးလျက် ဆိုလိုက်သည်။

"မီးနတ်ဘုရားမျိုးနွယ်စုက ကောင်လေးတစ်သိုက် ရောက်လာကြပြီ၊ ချီယန်သူတော်စင် ရဲ့ လက်အောက်က လူတွေ ထင်တယ်ဗျ။ မျှော်စင်တိုက်ပွဲ စဖို့ (၁၀) ရက်ကျော်လောက် လိုသေးတယ်၊ ငါတို့ အပြင်ထွက်ပြီး ပတ်ကြည့်ကြမလား"

"ကောင်းသားပဲ"

ဖန့်ချန်က ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး ဝမ်ချုံစန်းနှင့်အတူ တည်းခိုခန်းမှ ထွက်လာခဲ့သည်။

စန့်လင်သူတော်စင်လောင်းလျာ၏ သတိပေးချက်ကို သူတို့ သိရှိသော်လည်း သူတို့နှစ်ဦးလုံး၏ သိလိုစိတ် ပြင်းပြမှုက ထိုသတိပေးချက်ကို လျစ်လျူရှုစေခဲ့သည်။

ဝမ်ချုံစန်းသည် မျိုးနွယ်စုအသီးသီးကို အနီးကပ် လေ့လာခွင့်ရမည့် အခွင့်အရေးကို လက်လွတ်မခံလိုပေ။ ဖန့်ချန်သည်လည်း ထိုနည်းတူပင်။ အနာဂတ်တွင် နယ်မြေကိုးခု သည် နတ်ဘုရားနယ်မြေနှင့် ပြန်လည် ထိတွေ့ရမည့်နေ့ တစ်နေ့တွင် ရောက်ရှိလာမည်ဟု သူယုံကြည်ထားသဖြင့် ဤအခွင့်အရေးကို သုံးကာ လေ့လာထားခြင်းက အကျိုးရှိမည်ဟု ယူဆသည်။

လျှောက်သွားရင်းဖြင့် ဖန့်ချန်သည် နဂါးသူတော်စင်မြို့တော်အကြောင်းကို ပိုမို သိရှိလာခဲ့သည်။ ဤမြို့တော်ကြီးတွင် ပုံမှန်အားဖြင့် နေထိုင်သူ အမြောက်အမြား ရှိပုံရသည်။ ထို လူ များမှာ နဂါးသူတော်စင်၏ လက်အောက်ခံများ သို့မဟုတ် နောက်မျိုးဆက်များ ဖြစ်ပေလိမ့်မည်။

သူတို့၏ အရပ်အမောင်းမှာ ယေဘုယျအားဖြင့် ကြီးမားလှပြီး အချို့မှာ (၁၀) ပေ၊ အချို့မှာ ပေ (၂၀) ခန့် ရှိကြသည်။ သူတို့၏ အပြုအမူတိုင်းတွင် ရိုးတွင်းခြင်ဆီအထိ စိမ့်ဝင်နေသော မောက်မာမှုများ ပေါ်လွင်နေသည်။ ဤမြို့တော်၏ ဒေသခံ များမှာ ပြင်ပလူများ အနားမကပ်ရဲလောက်အောင် တည်ရှိနေပြီး အခြားမျိုးနွယ်စုများက စကားလာပြောလျှင်လည်း အေးစက်စွာ တုံ့ပြန်တတ်ကြသော်လည်း ၎င်းတို့၏ မျိုးနွယ်တူအချင်းချင်း ဆိုလျှင်မူ အလွန် စိတ်အားထက်သန်စွာ စကားပြောတတ်ကြသည်။

ထိုဒေသခံများအပြင် လူသားမျိုးနွယ်နှင့် အလွန်ဆင်တူသော်လည်း အသားအရောင် အနည်းငယ် ညိုမှိုင်းသူများကိုလည်း မြင်တွေ့ရသည်။ သူတို့တွင်လည်း မောက်မာသော စိတ်ဓာတ်များ ရှိကြသော်လည်း အရပ်အမောင်း ကြီးမားသော ဒေသခံများနှင့် တွေ့ဆုံချိန်တွင်မူ သူတို့၏ မျက်လုံးများထဲ၌ သိသိသာသာ နှိမ့်ချမှုကို မြင်တွေ့ရသည်။

"ဒီနဂါးသူတော်စင်မြို့တော်က မျိုးနွယ်စုတစ်ခုတည်းနဲ့ တည်ဆောက်ထားတာ မဟုတ်ဘူးပဲ။ မျိုးနွယ်စု အများအပြားနဲ့ ဖွဲ့စည်းထားပြီး ပြည့်စုံတဲ့ လူမှုပတ်ဝန်းကျင်တစ်ခုအဖြစ် တည်ရှိနေတာ"

ဖန့်ချန်က လျှောက်လှမ်းရင်း စဉ်းစားနေမိသည်။

"လူအိုကြီးဖန့်... အဲဒီက စားသောက်ဆိုင်က တော်တော်စည်ကားတာပဲ၊ ငါတို့ တက်ထိုင်ကြမလား အကျိုးရှိမယ့် သတင်းအချို့ ကြားရနိုင်တယ်"

ဝမ်ချုံစန်းက ရုတ်တရက် ရပ်တန့်လိုက်ပြီး ခမ်းနားထည်ဝါလှသော အဆောက်အအုံကြီးတစ်ခုကို ညွှန်ပြကာ ဆိုလိုက်သည်။

ဖန့်ချန်သည် ထိုအဆောက်အအုံကို ကြည့်လိုက်ရာ အထဲတွင် အသူရာမျိုးနွယ်စု ဝင်များကို မြင်တွေ့လိုက်ရသဖြင့် ညင်သာစွာ ခေါင်းညိတ်လိုက်သည်။

"သွားထိုင်ကြတာပေါ့၊ ပြိုင်ဘက် မျိုးနွယ်စုကြီးတွေရဲ့ သတင်းကိုလည်း တစ်ခါတည်း စုံစမ်းကြည့်ရတာပေါ့"

အခန်း (၁၈၅၄) - ဖန်ဆင်းရှင်မျိုးနွယ်

ဖန့်ချန်နှင့် ဝမ်ချုံစန်းတို့သည် စားသောက်ဆိုင်အတွင်းသို့ လှမ်းဝင်လာပြီး ထောင့်စွန်းကျသော နေရာတစ်ခုကို ရွေးချယ်ထိုင်လိုက်ကြသည်။

သူတို့နှစ်ဦး ရောက်ရှိလာမှုကြောင့် စပ်စုလိုသော အကြည့်များစွာ ရောက်ရှိလာသည်။ ထိုအကြည့်များထဲတွင် အကဲခတ်ခြင်း၊ စူးစမ်းခြင်းတို့ ပါဝင်နေပြီး နောက်ဆုံးတွင် တိုးတိုးတိတ်တိတ် ပြောဆိုသံများ ထွက်ပေါ်လာတော့သည်။

"အဲဒီနှစ်ယောက်က ဘယ်မျိုးနွယ်စုကလဲ"

"မသိဘူး၊ ကိုယ်ပေါ်မှာ ထူးခြားတဲ့ အမှတ်အသား ဘာမှမရှိဘူး၊ တော်တော်လေး စိမ်းနေတယ်"

"မကြာသေးခင်ကမှ ကျွန်စနစ်ကနေ လွတ်မြောက်လာတဲ့ မျိုးနွယ်စုလား"

"မသိဘူး မသိဘူး... သောက်စရာရှိတာ သောက်စမ်းပါ၊ ငါတို့နဲ့ ဘာဆိုင်လို့လဲ"

ထိုပြောဆိုသံများကို ကြားရသောအခါ ဖန့်ချန်မှာ စိတ်ထဲတွင် သက်ပြင်းချမိသွားသည်။

"ဝမ်အိုကြီး... ငါတို့ လူသားမျိုးနွယ်က သူတော်စင်မျှော်စင်တိုက်ပွဲမှာ ပါဝင်ခဲ့တာ အကြိမ်ပေါင်း မနည်းတော့ဘူး မဟုတ်လား၊ ဒါတောင် ငါတို့ကို မသိတဲ့သူတွေက ဒီလောက်တောင် များနေတုန်းပဲလား"

ဝမ်ချုံစန်းက ရယ်မောလျက်

"ဒါက သဘာဝပဲလေ၊ ငါတို့က ထူးထူးခြားခြား အဆင့်ကောင်းကောင်း ရခဲ့တာမှ မဟုတ်တာ။ ပုံမှန်ဆိုရင်လည်း အပြင်ထွက်ပြီး လျှောက်သွားလေ့မရှိဘူး။ မျှော်စင်တိုက်ပွဲပြီးတာနဲ့ ဦးဆောင်တဲ့ သူတော်စင်လောင်းလျာနောက်ကို လိုက်ပြီး မင်ရွှီနယ်မြေကို ချက်ချင်းပြန်ကြတာလေ၊ ပြင်ပမျိုးနွယ်စုတွေနဲ့ တကယ့်ထိတွေ့မှုဆိုတာ အတော်လေး နည်းတယ်"

သူသည် ခေတ္တမျှ ရပ်နားလိုက်ပြီး စားသောက်ဆိုင်အတွင်းရှိ မျိုးစုံလှသော ပြင်ပမျိုးနွယ်စုများကို ဝေ့ကြည့်ကာ တိုးညှင်းစွာ အသံလွှင့်၍ ပြောလိုက်သည်။

"ဒီပြင်ပမျိုးနွယ်စုတွေက နှာခေါင်း မြင့်ကြတာကွာ။ အရင်တုန်းက လူသားမျိုးနွယ်ဟာ ပြင်ပမျိုးနွယ်စုတွေနဲ့ ထိတွေ့ဖို့ ကြိုးစားပြီး အကူအညီ ရယူဖို့ လုပ်ခဲ့ဖူးတယ်။

ရလဒ်ကတော့ တစ်ဖက်လူက လူသားမျိုးနွယ်ကို မျက်စိထဲတောင် မထည့်ဘူး၊ ငါတို့ဆီက အကျိုးအမြတ်ကိုပဲ နှိပ်စက်ညှစ်ယူဖို့ ကြိုးစားပြီး သူတို့ဆီက အကျိုးအမြတ်ကျတော့ တစ်စက်ကလေးတောင် မပေးဘူး။ အဲဒီနောက်ပိုင်းကစလို့ လူသားမျိုးနွယ်ဟာ ဒီပြင်ပမျိုးနွယ်စုတွေနဲ့ ထိတွေ့တာမျိုး မလုပ်တော့သလို သူတို့ဆီက အကျိုးအမြတ်ရဖို့လည်း မမျှော်လင့်တော့ဘူး"

"လာ... မင်းက ဒီကိစ္စတွေအကြောင်း သိပ်သိမှာ မဟုတ်ဘူး မဟုတ်လား။ ငါကတော့ သတင်းအချက်အလက်တွေ စုဆောင်းထားတာရှိတော့ ဒီနေ့ ငါမှတ်မိတဲ့ မျိုးနွယ်စုတွေအကြောင်း မင်းကို ပြောပြမယ်"

ထို့နောက် ဝမ်ချုံစန်းသည် စားသောက်ဆိုင်အတွင်း၌ သူမှတ်မိသမျှ ပြင်ပမျိုးနွယ်စုများအကြောင်းကို ဖန့်ချန်အား တစ်ခုချင်းစီ ရှင်းပြလေတော့သည်။

"ဒါတွေက မြို့စွန်ပိုင်းမှာ ရှိနေတဲ့ မျိုးနွယ်စုလေးတွေပဲ ရှိသေးတယ်။ အကယ်၍ နဂါးသူတော်စင်မြို့တော်ရဲ့ ဗဟိုချက်ဆီကို သွားနိုင်မယ်ဆိုရင်တော့ ထိပ်တန်းမျိုးနွယ်စုကြီးတွေကို မြင်တွေ့ရလိမ့်မယ်"

စကားအဆုံးတွင် ဝမ်ချုံစန်းက တိုးညှင်းစွာ သက်ပြင်းချလိုက်သည်။

"သူတို့တွေက ငါတို့ လူသားမျိုးနွယ်ထက် အများကြီး သာလွန်လွန်းနေကြတယ်။ လူသားမျိုးနွယ်အနေနဲ့ တစ်နေ့မှာ အဲဒီအဆင့်ကို ရောက်နိုင်မလားဆိုတာ မသိတော့ပါဘူး"

ဝမ်ချုံစန်း၏ ရှင်းပြချက်အရ ဖန့်ချန်သည် ဤပတ်ဝန်းကျင်တွင် လှုပ်ရှားနေသော ပြင်ပမျိုးနွယ်စုများသည် လူသားမျိုးနွယ်ထက် သိပ်မသာလှကြောင်း နားလည်လိုက်သည်။ သို့သော် ထိုအချက်ကြောင့်ပင် သူသည် တကယ့် အင်အားကြီးမျိုးနွယ်စုများအပေါ် ပို၍ စူးစမ်းလိုစိတ် ဖြစ်ပေါ်လာမိသည်။ အင်အားကြီးလှသော အသူရာမျိုးနွယ်စုပင်လျှင် ဤဧရိယာတွင်သာ လှုပ်ရှားနေပုံရသည် မဟုတ်ပါလား။

သူတို့နှင့် မလှမ်းမကမ်းတွင် အသူရာမျိုးနွယ်စုမှ တန်ခိုးရှင်တစ်စု ထိုင်နေကြသည်။ သူတို့၏ ကျင့်စဉ်မှာ ကန့်သတ်ချက်ကျော်လွန်သူ အဆင့် သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ ဆိုင်၏ အခြားထောင့်တစ်နေရာတွင်လည်း မီးနတ်ဘုရားမျိုးနွယ်စုမှ တန်ခိုးရှင်တစ်စု ထိုင်နေပြီး ကန့်သတ်ချက်ကျော်လွန်သူ တစ်ဦးနှင့် အဆင့် ၉ အဆင့်ရှိသူ အချို့ ပါဝင်သည်။

ပုံမှန်ဆိုလျှင် တစ်ဦးနှင့်တစ်ဦး တွေ့ရန်ပင် ခဲယဉ်းသော်လည်း ယခုအခါ သူတော်စင်မျှော်စင်တိုက်ပွဲကြောင့် မတူညီသော မျိုးနွယ်စုပေါင်း ရာကျော် တစ်နေရာတည်းတွင် ဆုံစည်းနေကြခြင်းမှာ ထူးခြားလှသော မြင်ကွင်းတစ်ခုပင်။

"ဝမ်အိုကြီး... နတ်ဘုရားနယ်မြေမှာ အင်အားအကြီးဆုံး မျိုးနွယ်စုတွေက ဘယ်သူတွေလဲ"

ဖန့်ချန်က အသံလွှင့်၍ မေးလိုက်သည်။

"ထိပ်တန်းမျိုးနွယ်စုတွေက အားလုံးပေါင်း (၁၂) စု ရှိတယ်။ ငါတို့ အကျွမ်းတဝင်ရှိတဲ့ ဝိညာဉ်မျိုးနွယ် ဆိုရင်လည်း ဒီ (၁၂) စုထဲမှာ ပါတယ်"

ဝမ်ချုံစန်းသည် ဤကိစ္စကို ကောင်းစွာ သိထားသဖြင့် ဖန့်ချန်အား အသေးစိတ် ရှင်းပြလေသည်။ ဖန့်ချန်ကလည်း အနာဂတ်တွင် အသုံးဝင်နိုင်သဖြင့် အလေးအနက် နားထောင်ကာ အားလုံးကို မှတ်သားထားလိုက်သည်။

"ပြီးတော့ အင်အားအကြီးဆုံး မျိုးနွယ်စုကတော့ ဖန်ဆင်းရှင်မျိုးနွယ် ပဲ။ ဖန်ဆင်းရှင်မျိုးနွယ်ဆိုတာ မျိုးနွယ်စုတစ်ခုရဲ့ အမည်နာမ မဟုတ်ဘူး၊ ဂုဏ်ထူးဆောင် ခေါ်ဝေါ်မှုတစ်ခုပဲ။ အကယ်၍ မျိုးနွယ်စုတစ်ခုကနေ နယ်မြေအရှင် တစ်ပါး ထွက်ပေါ်လာခဲ့ရင် အဲဒီမျိုးနွယ်စုဟာ ဖန်ဆင်းရှင်မျိုးနွယ် အဖြစ် ပြောင်းလဲသွားပြီး လောကထက် မြင့်မြတ်သွားလိမ့်မယ်။ သူတို့တွေဟာ ဟင်းလင်ပြင်အဆင့်မြင့်မဟာမိတ် နဲ့ တိုက်ရိုက် ဆက်သွယ်ပိုင်ခွင့် ရှိကြတယ်"

ဝမ်ချုံစန်း၏ မျက်လုံးများထဲတွင် အားကျစိတ်များ ပေါ်လွင်နေသည်။

"ဖန်ဆင်းရှင်မျိုးနွယ် ဟုတ်လား"

"ဟုတ်တယ်... ဥပမာပြောရရင် ဒီတစ်ခါ သူတော်စင်မျှော်စင်တိုက်ပွဲမှာ နဂါးသူတော်စင်မြို့တော်အပြင် တခြားမြို့ (၉) မြို့ ရှိသေးတယ်။ အဲဒါတွေအားလုံးက သူတော်စင်တွေရဲ့ အတွင်းနယ်မြေတွေပဲ။ အဲဒီ ဟင်းလင်ပြင်သူတော်စင် (၁၀) ပါးနဲ့ ပုံမှန် ထိတွေ့ဆက်ဆံရသူတွေက ဖန်ဆင်းရှင်မျိုးနွယ်တွေပဲ။ ဖန်ဆင်းရှင်မျိုးနွယ်နဲ့ ကျန်တဲ့ ထိပ်တန်း (၁၁) စုကလွဲရင် တခြားသူတွေကတော့ ဒီသူတော်စင် (၁၀) ပါးနဲ့ စကားပြောခွင့်တောင် မရှိကြဘူး"

ဖန့်ချန်က စဉ်းစားနေမိသည်၊ ဤသို့ဆိုလျှင် နယ်မြေအရှင် ဆိုသည်မှာ ဟင်းလင်ပြင်အဆင့်မြင့်မဟာမိတ်မှ စေလွှတ်ထားသော၊ နတ်ဘုရားနယ်မြေ တစ်ခုလုံးကို အုပ်ချုပ်သည့် အင်အားအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်ပေလိမ့်မည်။ ကူးယွဲ့လင် တစ်ခါက ပြောဖူးသည်မှာ ကောင်းကင်ဘုံ သည် နယ်မြေအရှင်နှင့် အလားသဏ္ဌာန် တူသော်လည်း နယ်မြေအရှင်လောက် လွတ်လပ်မှု မရှိဟု ဆိုခဲ့ဖူးသည်။

"မင်းပြောတဲ့ နယ်မြေအရှင်က တကယ်ပဲ ဘယ်လောက်တောင် အစွမ်းထက်လို့လဲ"

"ငါ ဘယ်လို သိမှာလဲကွာ... နတ်ဘုရားနယ်မြေ တစ်ခုလုံးကို အုပ်ချုပ်နေတာဆိုတော့ အတိုင်းအဆမရှိ အစွမ်းထက်မှာပေါ့"

"ဒါဆို သူတော်စင်အထက်မှာ ဘယ်လိုအဆင့်တွေ ရှိသေးလဲ"

"သူတော်စင်အထက် ဟုတ်လား သူတော်စင်တွေက ထုတ်မပြောရင် ငါတို့က ဘယ်လိုသိမှာလဲ "

ဝမ်ချုံစန်းက ထူးဆန်းသော အမူအရာဖြင့် ကြည့်ကာ

"မင်း ဒါတွေကို ဘာလို့ မေးနေတာလဲ၊ ငါတို့နဲ့ အလွန်ဝေးကွာလွန်းတဲ့ ကိစ္စတွေပဲ၊ သိနေဖို့ မလိုအပ်ပါဘူး"

ရုတ်တရက် သူ၏ အမူအရာ လှုပ်ရှားသွားပြီး နောက်သို့ လှည့်ကြည့်လိုက်သည်။

မီးနတ်ဘုရားမျိုးနွယ်စုမှ တန်ခိုးရှင်တစ်စုသည် သူတို့ရှိရာဆီသို့ ဖြည်းညှင်းစွာ လျှောက်လာကြသည်။ သူတို့၏ မျက်နှာတွင် အပြုံးများ ရှိနေသော်လည်း အကြည့်များမှာမူ ရန်လိုမှုများ ပြည့်နှက်နေသည်။

"မစိုးရိမ်နဲ့... ဒီနေရာက နဂါးသူတော်စင်မြို့တော်ပဲ၊ သူတို့ ဘာမှ မလုပ်ရဲဘူး။ အလွန်ဆုံးရှိရင် ပါးစပ်ကနေ ကြွားလုံးထုတ်ပြီး ခြိမ်းခြောက်စကား ပြောရုံပဲ ရှိမှာ"

ဝမ်ချုံစန်းက တည်ငြိမ်စွာဖြင့် အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ဖန့်ချန်ကို ပြုံးပြရင်း ဆိုလိုက်သည်။

သူ၏ အသံမှာ မကျယ်လွန်းသော်လည်း မီးနတ်ဘုရားမျိုးနွယ်စုဝင်များ ကြားနိုင်ရန် လုံလောက်လှသည်။ ရှေ့ဆုံးမှ လျှောက်လာသောသူ၏ မျက်နှာပေါ်မှ အပြုံးမှာ ပို၍ တောက်ပလာသော်လည်း မျက်လုံးထဲရှိ အေးစက်မှုမှာ ပို၍ပင် ပြင်းထန်လာသည်။

ခဏအကြာတွင် မီးနတ်ဘုရားမျိုးနွယ်စုဝင်များမှာ သူတို့နှစ်ဦး၏ ရှေ့၌ ရပ်တန့်လိုက်ကြသည်။ ခေါင်းဆောင်ဖြစ်သူက သူတို့နှစ်ဦးကို အကဲခတ်ကြည့်ကာ အေးစက်စွာ မေးလိုက်သည်။

"လူသားမျိုးနွယ် မဟုတ်လား... ဘယ်မိသားစုကလဲ"

ဝမ်ချုံစန်းက သူ့ကို တစ်ချက် စွေကြည့်လိုက်ကာ

"လူတစ်ယောက်ရဲ့ နောက်ကြောင်းကို မေးချင်ရင် ကိုယ့်နောက်ကြောင်းကို အရင် ပြောပြရမှာ မဟုတ်လား။ မီးနတ်ဘုရားမျိုးနွယ်ဆိုတဲ့အတိုင်းပဲ... ရိုင်းစိုင်းပြီး ယဉ်ကျေးမှု မရှိတာပဲ"

"မင်းကများ ရမ်းကားရဲတယ် ဟုတ်လား"

ဝမ်ချုံစန်းက သူတို့ကို 'မီးနတ်ဘုရားရိုင်းစိုင်းသူများ ဟု ခေါ်လိုက်သည်ကို ကြားသောအခါ မီးနတ်ဘုရားမျိုးနွယ်ဝင်များမှာ ချက်ချင်းပင် ဒေါသထွက်သွားကြသည်။ ပတ်ဝန်းကျင်ရှိ ပြင်ပမျိုးနွယ်စုများမှာမူ ဤမြင်ကွင်းကို အသားကျနေဟန်တူပြီး စိတ်ဝင်တစားဖြင့် တစ်ချက်တစ်ချက် လှမ်းကြည့်ကာ မိမိတို့၏ အကြောင်းအရာများကိုသာ ဆက်လက် ပြောဆိုနေကြသည်။

"ဘာလဲ... ဒီနေရာက မင်းတို့ မီးနတ်ဘုရားမျိုးနွယ်စုရဲ့ နယ်မြေလို့ ထင်နေတာလား"

ဝမ်ချုံစန်းက ပြုံးလျက် သူ၏ ခေါင်းကို အနည်းငယ် ရှေ့သို့ တိုးလိုက်ကာ

"လာလေ... လက်ပါချင်သလား ငါ့ခေါင်းကို ရိုက်စမ်းပါ၊ မရိုက်ရင်တော့ မင်းတို့လို မီးနတ်ဘုရား အပုပ်ကောင်တွေကို ငါ အထင်သေးသွားလိမ့်မယ်"

'ဝမ်အိုကြီးက အရင်တုန်းက ဒီလောက်တောင် အရိုက်ခံချင်နေတာလား'

ဖန့်ချန်မှာ စိတ်ထဲတွင် ရေရွတ်မိသွားသည်။ အကယ်၍ သူသာ မီးနတ်ဘုရားမျိုးနွယ်စုဝင်ဆိုလျှင် ဒေါသထွက်လွန်း၍ ပေါက်ကွဲနေလောက်ပြီ ဖြစ်သည်။

ထိုမီးနတ်ဘုရားခေါင်းဆောင်၏ ကျင့်စဉ်မှာ မမြင့်လှဘဲ အဆင့် ၉ ခန့်သာ ရှိသည်။ သူသည် ဝမ်ချုံစန်းကို ခဏမျှ အကဲခတ်ကြည့်ပြီးနောက် အေးစက်စွာ ဆိုလိုက်သည်။

"လူသားမျိုးနွယ်... ဝမ်မိသားစုက ဝမ်ချုံစန်း မဟုတ်လား"

"ငါ့ဆီ တမင်လာတာဆိုတာ သိသာနေတာကို မသိချင်ယောင်ဆောင်ပြီး ဘာလို့ မေးနေတာလဲ။ မင်းက ချီယန်သူတော်စင် ရဲ့ လက်အောက်ခံ ရှန့်ဟုန်း ဆိုတာကို ငါ မသိဘူးလို့ ထင်နေတာလား"

ဝမ်ချုံစန်းက အေးစက်စွာ ရယ်မောလိုက်ပြီး

"ငါက သူငယ်ချင်းနဲ့ ဒီမှာ အေးအေးဆေးဆေး စားသောက်နေတာ၊ မင်းက ဘာလာရှုပ်တာလဲ။ ပွင့်ပွင့်လင်းလင်းပဲ ပြောစမ်း... ဘာလာလုပ်တာလဲ၊ ပြောစရာရှိတာပြောပြီး မြန်မြန် လစ်တော့"

ရှန့်ဟုန်း၏ မျက်လုံးထဲရှိ ဒေါသများမှာ ရုတ်တရက် လျော့နည်းသွားကာ

"မင်းကလည်း မီးနတ်ဘုရားမျိုးနွယ်က တိုက်ခိုက်မယ့်သူတွေရဲ့ သတင်းကို တမင် စုံစမ်းထားပုံရတယ်ပဲ။ ဒါကြောင့် ငါ့ကို တမင် ဒေါသထွက်အောင်လုပ်ပြီး မျှော်စင်ထဲမှာ ငါနဲ့ တွေ့တဲ့အခါ ငါ့ကို အာရုံပျံ့လွင့်အောင် လုပ်ဖို့ ကြိုးစားနေတာလား"

"သိရင်လည်း တော်သေးတာပေါ့၊ သိပ်တော့ မအ သေးပါဘူး"

ဝမ်ချုံစန်းက ဟင်းတစ်လုတ်ကို မြိန်ယှက်စွာ ခပ်စားလိုက်သည်။

"ဒါပေမဲ့ မင်း မှားသွားပြီ... ငါက မင်းအတွက် လာတာမဟုတ်ဘူး၊ ဒီလူ အတွက် လာတာ"

ရှန့်ဟုန်းက ရုတ်တရက် ပြုံးလိုက်ပြီး သူ၏ အကြည့်မှာ ဖန့်ချန်ဆီသို့ ရောက်ရှိသွားသည်။

"မင်းရဲ့ အမည်က ဖန့်ချန်၊ ဖန့်မျိုးနွယ်စုရဲ့ တတိယမျိုးဆက် သွေးသား မဟုတ်လား။ မင်းရဲ့ နောက်ကြောင်းက မရှင်းမလင်း ဖြစ်နေပေမဲ့ ကျင့်စဉ်မှာ တစ်ခုခု ချို့ယွင်းချက်ရှိလို့ အဆင့် ၆ အထိ ကျဆင်းသွားတဲ့ ကန့်သတ်ချက်ကျော်လွန်သူ တစ်ယောက် ဖြစ်ဖို့ များတယ်"

"ငါ့အတွက် လာတာ ဟုတ်လား... ငါနဲ့ မင်းနဲ့က သိပ်ပြီး ခင်မင်တာလည်း မဟုတ်ဘူး၊ ဘာကိစ္စ ရှိလို့လဲ"

ဖန့်ချန်က ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။

"ဘာမှမဟုတ်ပါဘူး၊ မင်းကို လာအသိပေးတာပါ။ ကျန်းရန်မဟာမိတ်၊ လော့ရွှယ်မဟာမိတ် အားလုံးက မင်းတို့ ဖန့်မျိုးနွယ်စုကို ချောင်းနေကြတယ်။ ပြီးတော့... ငါ့ရဲ့ နောက်ကွယ်က ချီယန်သူတော်စင်လည်း ပါတာပေါ့။ ဒါကြောင့် ဒီတစ်ကြိမ် ဖန့်မျိုးနွယ်စုအနေနဲ့ သွေးမြေကျဖို့ ပြင်ဆင်ထားပြီးပြီလား"

ရှန့်ဟုန်းက ပြုံးလျက် ဆိုလိုက်သည်။

သူ၏နောက်ကွယ်ရှိ အဆင့် ၆ ကျင့်ကြံသူ အချို့မှာလည်း ထိုစကားကို ကြားသောအခါ လှောင်ပြောင်ရယ်မောလိုက်ကြသည်။ ဖန့်ချန်ကို ကြည့်နေသော သူတို့၏ အကြည့်မှာ အလောင်းတစ်လောင်းကို ကြည့်နေသကဲ့သို့ သို့မဟုတ် အချိန်မရွေး နင်းခြေသတ်ဖြတ်နိုင်သော ပိုးကောင်တစ်ကောင်ကို ကြည့်နေသကဲ့သို့ပင် ဖြစ်တော့သည်။

All Chapters