← Chapters

အခန်း (၈၄၁-၈၄၂)

Vol. 85 Ch. 841-842

အခန်း (၈၄၁-၈၄၂)

Vol. 85 Ch. 841-842

အခန်း (၈၄၁) ကြောက်မက်ဖွယ် သန်ကောင်ကြီး၊ ရွှေဆေးလုံးဂျင်ဆင်း၊ ဖာထျန်းရှန့်တီနှင့် ကျန်းယင်းတောင်ထိပ်မှ ဟွားချင်းထိုက်ဆွေ့

ကောင်းကင်ထက်တွင် နတ်သက်ကြွေလာသည့် နတ်ဘုရားတစ်ပါးအလား တည်ငြိမ်၍ မြေခွေးနတ်သမီးတစ်မျှ ညို့ယူဖမ်းစားနိုင်သော ယွမ်ချွီသည် လီယန်ချူ မြေလျှိုးအတတ်ဖြင့် မြေအောက်သို့ တိုးဝင်သွားသည်ကို မြင်သောအခါ မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။

"ဘာလို့ ဒီလောက် ဝူဝူဝါးဝါး လုပ်ရတာလဲ တစ်ခါမှ မမြင်ဖူးတဲ့ အဲဒီ ထူးဆန်းတဲ့အရာရဲ့ ဝါးမြိုတာ ခံလိုက်ရရင် နတ်ဘုရားတောင် ကယ်နိုင်မှာ မဟုတ်ဘူး"

သို့သော် ချက်ချင်းပင် ယွမ်ချွီ ဆွံ့အသွားရသည်။ လမ်းကြုံရုံမျှသာဖြစ်ပြီး စိတ်ဝင်စားစရာကောင်းသည်ဟု ထင်မှတ်ရသော တာအိုဆရာလေးတစ်ယောက်အပေါ် သူမ စိုးရိမ်စိတ် လွန်ကဲနေမိသလား သူမသည် မိမိကိုယ်မိမိ ပြန်လည်ရယ်မောကာ ခေါင်းကို အသာအယာ ခါယမ်းလိုက်ပြီး လက်ထဲမှ ပြင်ဆင်ထားသော ကျင့်စဉ်စွမ်းအားများကို ရုပ်သိမ်းလိုက်သည်။

ဤလျှို့ဝှက်နယ်မြေအတွင်း၌ နတ်ဘုရားအမွေအနှစ်အတွက် ရောက်ရှိလာပြီး အသက်ဆုံးရှုံးရသည့် ပညာရှင်များစွာ ရှိသည်။ ဒါက သူတို့၏ ကံကြမ္မာသာ ဖြစ်သဖြင့် အကြောင်းအကျိုး ကို ဝင်ရောက်မစွက်ဖက်သင့်ပေ။

"အင်း... ငါက ခုနက သူ အေးစက်စက်လုပ်သွားတာ မှားတယ်ဆိုတာ သိအောင် ကယ်ချင်ရုံသက်သက်ပါ"

ဟု ယွမ်ချွီက စိတ်ထဲမှ ဆင်ခြေပေးလိုက်သည်။

အခြားတစ်ဖက်တွင်မူ...

လီယန်ချူသည် မြေလျှိုးအတတ်ဖြင့် မြေအောက်၌ ရှာဖွေနေသော်လည်း မည်သည့် မကောင်းသော အငွေ့အသက်မျှ မတွေ့ရပေ။ မကောင်းဆိုးဝါး များသည် လောကကြီး၏ ငြင်းပယ်ခြင်းကို ခံရသူများဖြစ်သဖြင့် ခွဲခြားရ လွယ်ကူလှသည်။

ထိုစဉ်

လီယန်ချူသည် ပြင်းထန်လှသော သတ်ဖြတ်လိုသည့် အရှိန်အဝါတစ်ခုကို အာရုံရလိုက်သည်။ ထိုအရှိန်အဝါမှာ ချက်ချင်းပင် ပေါက်ကွဲထွက်လာပြီး သူ့ထံသို့ တိုးဝင်လာသည်။ သူ ကိုယ်ကို လှည့်ကြည့်လိုက်သောအခါ ကြီးမားလှသော ပါးစပ်ပေါက်ကြီးပါသည့် လက်မဝက်ခန့်ရှိသော သန်ကောင်ငယ်လေးတစ်ကောင်ကို တွေ့လိုက်ရသည်။

လီယန်ချူ၏ ကိုယ်ပေါ်မှ သန့်စင်သော မိုးကြိုးမီးတောက်ပူ အရှိန်အဝါများ ပေါက်ကွဲထွက်လာသည်။

ရှေးဟောင်းဟန်နှင့် ခန့်ညားလှသော ချပ်ဝတ်တန်ဆာတစ်ခုမှာ သူ၏ ကိုယ်ပေါ်တွင် ပေါ်ထွက်လာပြီး ပြင်းထန်လှသော သွေးသားစွမ်းအားကြောင့် ပတ်ဝန်းကျင်ရှိ မြေကြီးများမှာ အရည်ပျော်ကုန်သည်။ ထိုသန်ကောင်ငယ်မှာ ချက်ချင်းပင် ပေပေါင်းများစွာ ကြီးမားသွားပြီး လီယန်ချူကို ဝါးမြိုကာ မြေပေါ်သို့ ထိုးထွက်လာတော့သည်။

အပြင်လောကသို့ ရောက်သောအခါ ၎င်းမှာ ပေရာချီ ရှည်လျားသော ကြောက်မက်ဖွယ် သန်ကောင်ကြီး ဖြစ်နေပြီ။

ယွမ်ချွီ၏ လှပသော မျက်နှာထက်တွင် စိုးရိမ်ရိပ်များ ယှက်သန်းသွားသည်။ သွေးသားများဖြင့် ဖွဲ့စည်းထားသော ထိုသန်ကောင်ကြီးက တာအိုဆရာလေးကို စားပစ်တော့မည်ဟု ထင်မှတ်ရသည်။ သူမ၏ လက်ချောင်းထိပ်တွင် မြူခိုးများအလား မှုံဝါးသော်လည်း အလွန်အစွမ်းထက်သည့် ဓားအရှိန်အဝါတစ်ခု ပေါ်ထွက်လာသည်။

သို့သော် ခဏအကြာတွင်...

မသေမျိုးဟု ဆိုရမည့် ထိုသွေးသားသန်ကောင်ကြီးမှာ နာကျင်စွာဖြင့် တွန့်လိမ်လာပြီးနောက် ၎င်း၏ ကိုယ်ထဲမှ ပြင်းထန်လှသော ခရမ်းရောင်မီးတောက်များ ပွင့်ထွက်လာသည်။ ထိုမီးတောက်မှာ သုံးရောင်ခြယ်မီးထက်ပင် ပို၍ ပြင်းထန်လှသော ရွှမ်းကျီကောင်းကင်မီး ဖြစ်နေသည်။

သန်ကောင်ကြီး၏ ခန္ဓာကိုယ်မှာ အပေါက်ကြီးတစ်ခု ဖြစ်သွားပြီး... မိုးကြိုးမီးတောက်များ လွှမ်းခြုံကာ ရှေးဟောင်းချပ်ဝတ်ကို ဝတ်ဆင်ထားသည့် ခန့်ညားထည်ဝါသော တာအိုဆရာငယ်လေး ထွက်ပေါ်လာသည်။

ကြောက်မက်ဖွယ် သွေးသားသန်ကောင်ကြီးမှာ တစ်စစီ ပျက်စီးနေပြီး မြေအောက်သို့ ထွက်ပြေးရန် ကြိုးစားသည်။ လီယန်ချူက လက်ညှိုးဖြင့် တစ်ချက် ညွှန်လိုက်ကာ မြေပြင်ကို သံမဏိဖြစ်စေသော အတတ် ကို သုံးလိုက်သည်။

ကျယ်ပြန့်လှသော ပတ်ဝန်းကျင်တစ်ခုလုံးမှာ သံမဏိထက်ပင် မာကျောသွားသဖြင့် သန်ကောင်ကြီးမှာ မြေလျှိုး၍ မရတော့ဘဲ မီးတောက်များအောက်တွင် ပြာအဖြစ်သို့ လုံးဝ ပြောင်းလဲသွားတော့သည်။

လီယန်ချူသည် ရင်းနှီးနေသော မဟာတာအိုအသံကို ကြားရလိုက်သည်။ ဤတောင်ကြားရှိ မကောင်းဆိုးဝါးမှာ အမြစ်ပြတ်သွားပြီ ဖြစ်သည်။

ကုသိုလ်မှတ် တစ်သိန်း

လီယန်ချူက ခေါင်းငြိမ့်လိုက်သည်။ ဤယွမ်ရှောင်လျှို့ဝှက်နယ်မြေမှာ တကယ့်ကို ရတနာပုံကြီးပင်။ သူသည် မလောတော့ဘဲ ဤနေရာ၌ ခဏရပ်နားလိုက်သည်။ မကောင်းဆိုးဝါးများ သေဆုံးသွားပြီး မီးတောက်များဖြင့် လောင်ကျွမ်းပြီးဖြစ်သဖြင့် အငွေ့အသက်မှာ အလွန် သန့်စင်နေသည်။

သူသည် မိမိ၏ သိုင်းပညာအမြင်ကို ကိုယ်ထဲတွင် ပြန်လည် ပေါင်းစပ်ကာ ကျင့်ကြံရန် ပြင်လိုက်သည်။ လီယန်ချူ၏ ဤအပြုအမူကြောင့် ယွမ်ချွီမှာ ဆွံ့အသွားပြန်သည်။

"တကယ့်ကို ကြမ်းတမ်းတဲ့ တာအိုဆရာပဲ"

ယွမ်ရှောင်လျှို့ဝှက်နယ်မြေ၏ မြင့်မားသော တောင်ကြီးတစ်လုံးပေါ်တွင်...

မျက်ခုံးနှစ်ဖက်ကြား၌ မိုးကြိုးအမှတ်အသားရှိသော မိန်းကလေးတစ်ဦးမှာ လက်ကို နောက်ပစ်၍ ရပ်နေသည်။ သူမ၏ အရှိန်အဝါမှာ မြင့်မြတ်၍ ရှေးဆန်လှပြီး မျက်ဝန်းများမှာ တည်ငြိမ်နေသည်။ ကိုယ်ပတ်ပတ်လည်တွင် ရွှေရောင်မိုးကြိုးဖျော့ဖျော့များ လွှမ်းခြုံထားသဖြင့် အနားသို့ ကပ်လိုက်သည်နှင့် ကြောက်မက်ဖွယ် စွမ်းအားကို ခံစားရမည် ဖြစ်သည်။

"ဒီလျှို့ဝှက်နယ်မြေမှာ ဒီလို ရတနာမျိုး ရှိနေလိမ့်မယ်လို့ မထင်ထားဘူး၊ ဒါမှမဟုတ်ရင် ဒီလောက် မြန်မြန် နာလန်ထူမှာ မဟုတ်ဘူး"

မိန်းကလေး၏ ခါးတွင် သေးငယ်သော အိတ်ကလေးတစ်လုံး ရှိပြီး ထိုအိတ်ထဲတွင် ရွှေဆေးလုံးဂျင်ဆင်း နှစ်ပင် ရှိနေသည်။ ရွှေဆေးလုံးဂျင်ဆင်းဆိုသည်မှာ ဝိညာဉ်ကို ပြုပြင်ပေးပြီး သက်တမ်းကို တိုးစေသည့် အဆင့်မြင့်ဆေးဖက်ဝင်အပင် ဖြစ်သည်။

၎င်းမှာ လောကတွင် ပျောက်ကွယ်နေသည်မှာ ကြာပြီဖြစ်သဖြင့် အလွန် ရှားပါးလှသည်။ ယခင်ခေတ်က ဂျင်ဆင်းတစ်ပင်လျှင် အဆင့်မြင့် ရတနာနှစ်ခုနှင့်ပင် လဲလှယ်နိုင်ခဲ့သည်။

တတိယအဆင့် ပညာရှင်များအတွက် သက်တမ်းမှာ အလွန် အရေးကြီးသည်။ ယန်ဝိညာဉ်အဆင့် တစ်ဦး၏ သက်တမ်းမှာ နှစ် ၅၀၀ သာ ရှိသည်။ သက်တမ်းတိုး ကျင့်စဉ်များကို ကျင့်ထားလျှင် ပို၍ အသက်ရှည်နိုင်သော်လည်း မဟုတ်ပါက သေခြင်းတရားကို မနည်း ရှောင်တိမ်းနေရသူများ ဖြစ်သည်။

ထို့ကြောင့် ဤဂျင်ဆင်းမျိုး ပေါ်လာပါက ပညာရှင်များစွာက အသေအလဲ လုယူကြမည် ဖြစ်သည်။ ဤ မွန်းရှမ်း ဟု ခေါ်သော မိန်းကလေးမှာမူ သုံးပင်တောင် ရရှိခဲ့သဖြင့် သူမ၏ ကံမှာ အလွန်ကောင်းလှသည်ဟု ဆိုရမည်။ တစ်ပင်ကို စားသုံးပြီးနောက် သူမ၏ အဆင့်မှာလည်း မြင့်တက်လာခဲ့သည်။

ထိုစဉ်

ပူပြင်းလှသော အရှိန်အဝါတစ်ခု တိုးကပ်လာသဖြင့် မွန်းရှမ်းက မျက်မှောင်ကြုတ်လိုက်သည်။

"ဒီလောက် မြန်မြန် လိုက်လာပြန်ပြီလား"

သူမ မလှုပ်ရှားရသေးခင်မှာပင် ကြီးမားလှသော ရွှေရောင်အလင်းတစ်ခုက သူမကို လွှမ်းခြုံလိုက်သည်။ ၎င်းမှာ ပေပေါင်းများစွာ ကြီးမားသည့် လက်ကိုင်ပုဝါတစ်ခုဖြစ်ပြီး အဋ္ဌဂံ စွမ်းအားများ ပါဝင်နေသည်။

မွန်းရှမ်း၏ မျက်လုံးများမှာ အေးစက်သွားကာ လက်ကို ဝှေ့ယမ်း၍ မိုးကြိုးများ ပစ်လွှတ်လိုက်သည်။

ဝုန်း

ကောင်းကင်မှ ကျလာသော မိုးကြိုးများမှာ ရွှေရောင်အလင်းကို ထိမှန်သော်လည်း ပေါက်ကွဲမသွားပေ။

"မွန်းရှမ်းနတ်သမီး... ဆေးဖက်ဝင်အပင်တစ်ပင်အတွက်နဲ့ အသေအလဲ ဘာလို့ တိုက်နေမှာလဲ၊ ဂျင်ဆင်းကို ပေးလိုက်ရင် သွားခွင့်ပြုမယ်"

ဟု ချွဲနွဲ့သော အသံတစ်ခု ထွက်ပေါ်လာသည်။

တိမ်စိုင်များပေါ်တွင် အသက် ၃၀ ခန့်ရှိသော လှပသည့် အမျိုးသမီးကြီးတစ်ဦး ပေါ်လာသည်။ သူမ၏ မျက်ဝန်းများမှာ ညို့ယူနိုင်စွမ်းရှိပြီး ကိုယ်လုံးကိုယ်ပေါက်မှာ အလွန် ဆွဲဆောင်မှု ရှိလှသည်။ သူမသည်လည်း တတိယအဆင့် ပညာရှင်တစ်ဦးပင် ဖြစ်သည်။

မွန်းရှုမ်းက အေးစက်စွာ ပြောလိုက်သည်

"မင်းရဲ့ လင်ငယ်က ဘာလို့ ပေါ်မလာသေးတာလဲ၊ ကြွက်လို ပုန်းနေတာလား "

ရယ်သံတစ်ခု ထွက်ပေါ်လာပြီး မွှေးရနံ့များ လွှမ်းခြုံထားသော လူငယ်တစ်ဦး ပေါ်လာသည်။ သူက ယပ်တောင်ကို ကိုင်ထားကာ ကြည့်ကောင်းသော်လည်း သူ၏ အပြုံးမှာ မိစ္ဆာဆန်လှသည်။

"မွန်းရှမ်းနတ်သမီး... ပြန်တွေ့ပြန်ပြီ၊ ကိုယ်က မင်းကို သိပ်လွမ်းနေတာ"

မွန်းရှမ်းက ရွံရှာစွာဖြင့်

"နင့်ရဲ့ မြှူဆွယ်တဲ့ အတတ်တွေကို ရုပ်သိမ်းလိုက်စမ်း၊ ငါ အော့နှလုံးနာတယ် "

လူငယ်က ဂရုမစိုက်ဘဲ

"နတ်သမီးသာ ကိုယ့်ကို ပြန်ချစ်မယ်ဆိုရင် ခို့ချင်းယွမ် က နေ့တိုင်း အဆဲခံဖို့ အသင့်ပဲ"

ဟု ဆိုသည်။

ဘေးမှ အမျိုးသမီးကြီးကလည်း ထိုလူငယ်ကို မျက်စောင်းလေး ထိုးပြလိုက်သည်။

မွန်းရှမ်းက အေးစက်စွာ ပြောလိုက်သည်

"ဒီလို လင်ငယ်မျိုးကိုတောင် နင်က မဆုံးမဘူးလား"

အမျိုးသမီးကြီးက ရယ်မောကာ

"နတ်သမီးလည်း စမ်းကြည့်ပါဦးလား၊ ခို့လင်က အတတ်ပညာမျိုးစုံ တတ်တာမို့ နတ်သမီးကို ပျော်ရွှင်စေမှာပါ"

နှစ်ဦးသား ပြိုင်တူ ရယ်မောကြသောအခါ မွန်းရှမ်း၏ မျက်နှာမှာ မှောင်ကျသွားသည်။

"ခွေးအချင်းချင်း ကိုက်နေကြတဲ့ ကောင်တွေ"

မွန်းရှမ်းသည် စကားကို အားမနာတော့ဘဲ မိုးကြိုးများကို အဆက်မပြတ် ပစ်လွှတ်တော့သည်။ သုံးဦးသား၏ တိုက်ပွဲမှာ ပြင်းထန်လှပြီး မွန်းရှမ်းက နှစ်ယောက်ကို တစ်ယောက် ပြန်လည် တိုက်ခိုက်နေသည်။ သို့သော် ခို့ချင်းယွမ်က သူ၏ ယပ်တောင်ထဲမှ လှပသော အမျိုးသမီးပုံရိပ်များကို ထုတ်ဖော်ကာ စစ်တုရင်ကွက်အလား ဝန်းရံတိုက်ခိုက်စေသည်။

တိုက်ပွဲအတွင်း မွန်းရှမ်းက အသာစီးရနေသော်လည်း အမျိုးသမီးကြီးက ရွှမ်းနွီအပ် ဟု ခေါ်သော အပ်ငယ်လေးများကို ပစ်လွှတ်လိုက်ရာ မွန်းရှမ်း၏ မိုးကြိုးအကာအကွယ်ကို ဖောက်ထွက်ကာ သူမ၏ အကြောထဲသို့ တိုးဝင်သွားတော့သည်။

"ဒါက ဘယ်လိုလဲ နတ်သမီး၊ ဂျင်ဆင်းကို ပေးမလား မဟုတ်ရင် မင်းရဲ့ ကျင့်စဉ်အခြေခံတွေ ပျက်စီးသွားလိမ့်မယ်"

ဟု ထိုအမျိုးသမီးကြီးက အေးစက်စွာ ပြောလိုက်သည်။

မွန်းရှမ်းသည် နာကျင်မှုကို အံတုကာ ကောင်းကင်မှ မိုးကြိုးတစ်ခုကို ဝါးမြိုလိုက်ပြီး သူမ၏ အရှိန်အဝါမှာ ပို၍ ပြင်းထန်လာသည်။

"မိုးကြိုး... လာစမ်း"

ကောင်းကင်မှ မိုးကြိုးပင်လယ်ကြီးအလား ကျဆင်းလာသည်။ အမျိုးသမီးကြီးမှာ အဋ္ဌဂံတိမ်တိုက်ပုဝါ ဖြင့် ခုခံနေရသလို ခို့ချင်းယွမ်မှာလည်း သူ၏ ပုံရိပ်ယောင်များဖြင့် အကာအကွယ် ယူနေရသည်။ မွန်းရှမ်းသည် ကိုယ်ထဲမှ အပ်များကို မိုးကြိုးဖြင့် ပြန်လည် တွန်းထုတ်နိုင်သော်လည်း အဆိပ်များက သူမ၏ နှလုံးသားဆီသို့ ဦးတည်နေသည်။

သူမသည် လက်ရှိတွင် ဒဏ်ရာ အပြည့်အဝ မပျောက်သေးသဖြင့် ဤပညာရှင်နှစ်ဦးကို ရင်ဆိုင်ရန် ခက်ခဲနေသည်။ နောက်ဆုံးတွင် သူမသည် ဂျင်ဆင်းတစ်ပင်ကို ထုတ်၍ ပစ်ပေးလိုက်သည်၊

"ဒါပဲ ရှိတော့တယ်၊ ထပ်ပြီး လိုက်နှောင့်ယှက်ရင်တော့ ငါ့ကျင့်စဉ်တွေ ပျက်စီးရင် ပျက်ပါစေ၊ မင်းတို့ နှစ်ယောက်လုံးကို မိုးကြိုးနဲ့ သုတ်သင်ပစ်မယ်"

ဟု ဆိုကာ တိမ်စီး၍ ထွက်ခွာသွားတော့သည်။

ခို့ချင်းယွမ်နှင့် အမျိုးသမီးကြီးတို့မှာ ထိုဂျင်ဆင်းကို ပြိုင်တူ ဖမ်းဆုပ်လိုက်ကြသည်။

"လင်ငယ်က ကိုယ့်မိန်းမနဲ့ ပစ္စည်းလုချင်တာလား"

ဟု အမျိုးသမီးကြီးက မေးသည်။

ခို့ချင်းယွမ်က ပြုံးကာ

"နောက်တစ်ပင် ကျန်သေးတာပဲ၊ အဲဒါကိုလည်း လုပြီး မင်းကို ပေးမှာပေါ့"

ဟု ဆိုသည်။

သို့သော် အမျိုးသမီးကြီးက မွန်းရှမ်း၏ အကြံကို ရိပ်မိလိုက်သည်။

"သူက ငါတို့နှစ်ယောက်ကို လုခိုင်းပြီး ထွက်ပြေးချင်တာပဲ၊ ကဲ... ဒီတစ်ပင်ကို မင်းပဲ ယူလိုက်တော့၊ ဒါပေမဲ့ ငါ့ကိုတော့ အချစ်ပိုပေးရမယ်နော်"

ခို့ချင်းယွမ်က အလွန် ဝမ်းသာသွားပြီး ထိုအမျိုးသမီးကြီးကို ပွေ့ဖက်ကာ အနမ်းပေးတော့သည်။ ထို့နောက် သူတို့သည် ဆိတ်ငြိမ်သော နေရာတစ်ခုတွင်... မလျော်ကန်သော အလုပ်များကို လုပ်ဆောင်ကြလေတော့သည်။

ထိုအမျိုးသမီးကြီးမှာ အစွမ်းထက်သည့် တစ်ကိုယ်တော် ပညာရှင် တောင်တန်းမယ်တော် ဖြစ်ပြီး လူငယ်မှာမူ ဖုန့်ရှီးတောင်မှ ခို့ချင်းယွမ် ဖြစ်သည်။

အချိန်အနည်းငယ် ကြာပြီးနောက်...

ခို့ချင်းယွမ်က တောင်းတန်းမယ်တော်ကို ဖက်ထားစဉ် အမျိုးသမီးကြီးက

"ခို့လင်မှာ စိတ်ပူစရာ ရှိနေတာလား"

ဟု မေးသည်။

ခို့ချင်းယွမ်က

"ငါ့မှာ ရတနာရှာတဲ့ အတတ်ရှိတယ်၊ ဒီက ကျန်းယင်းတောင်ထိပ် အောက်မှာ ခရမ်းရောင်ဝတ်ရုံ ရှိနေတယ်လို့ ငါ သံသယရှိတယ်"

ဟု ဆိုသည်။

အမျိုးသမီးကြီးမှာ အံ့ဩသွားသော်လည်း ခို့ချင်းယွမ်က ဆက်ပြောသည်။

"ဒါပေမဲ့ အဲဒီမှာ ဟွားချင်းထိုက်ဆွေ့ ဆိုတဲ့ မိစ္ဆာဘုရင် ရှိနေတယ်၊ ငါ တစ်ယောက်တည်း မယှဉ်နိုင်လို့ မင်းကို အန္တရာယ်ထဲ မခေါ်သွားချင်တာ"

အမျိုးသမီးကြီးက ခို့ချင်းယွမ်ကို နှစ်သိမ့်ကာ အတူတူ သွားရန် သဘောတူလိုက်သည်။ ခို့ချင်းယွမ်၏ မျက်လုံးထဲတွင် အောင်နိုင်မှု အပြုံးတစ်ခု ရှိနေသည်။ သူ၏ မြှူဆွယ်သည့် အတတ်က ဤတတိယအဆင့် ပညာရှင်ကိုပင် ထိန်းချုပ်ထားနိုင်ခဲ့ပြီ ဖြစ်သည်။

ကျန်းယင်းတောင်ထိပ်သို့ သူတို့ ရောက်ရှိလာသောအခါ ဟွားချင်းထိုက်ဆွေ့ ၏ အငွေ့အသက်ကို မတွေ့ရပေ။

"ဟွားချင်းထိုက်ဆွေ့က ဒီနေရာကနေ ဘယ်တော့မှ မခွာဘူး၊ ဘာလို့ ပျောက်နေတာလဲ "

ထိုစဉ် သူတို့သည် ပြင်းထန်သော မိစ္ဆာအငွေ့အသက်တစ်ခုကို အာရုံရလိုက်သည်။ ပေရာချီ ရှည်လျားသော မြွေစိမ်းကြီးတစ်ကောင်က တောင်ထိပ်ပေါ်တွင် ဟိန်းဟောက်နေသည်။

၎င်းမှာ တတိယအဆင့် မိစ္ဆာဘုရင် ဟွားချင်းထိုက်ဆွေ့ပင်။

သူတို့နှစ်ဦးမှာ မျက်နှာပျက်သွားကြသည်။

ထိုမိစ္ဆာကြီး၏ ခန္ဓာကိုယ်မှာ အလွန် မာကျောပြီး အစွမ်းထက်လှသည်။ ထိုစဉ် သူတို့သည် တိမ်လွှာပေါ်၌ ရပ်နေသော လှပသည့် ဝတ်စုံဖြူဝတ် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။

ခို့ချင်းယွမ်မှာ ထိုအမျိုးသမီးကို မြင်လျှင် မြင်ချင်းပင် သိမ်းပိုက်လိုစိတ်များ ပေါ်ပေါက်လာသည်။ ဘေးမှ အမျိုးသမီးကြီးကမူ ၎င်းကို မြင်သော်လည်း လျစ်လျူရှုထားလိုက်သည်။

ထိုစဉ် ခို့ချင်းယွမ်သည် တည်ငြိမ်၍ ချောမောလှပသော တာအိုဆရာငယ်လေးတစ်ဦးကို တွေ့လိုက်ရပြန်သည်။ ထိုလူငယ်မှာ လီယန်ချူပင် ဖြစ်သည်။

လီယန်ချူ၏ ချောမောမှုကြောင့် ခို့ချင်းယွမ်သည် မနာလိုစိတ်များ ဝင်လာသည်။ သူ၏ ဘေးမှ အမျိုးသမီးကြီးကလည်း လီယန်ချူကို စိုက်ကြည့်နေသည်ကို တွေ့သောအခါ ခို့ချင်းယွမ်က မကျေမနပ် နှာခေါင်းရှုံ့လိုက်သည်။

"ဒီတာအိုဆရာလေးက ကြည့်ကောင်းပေမဲ့ ကိုယ်ခန္ဓာကတော့ အားနည်းပုံပဲ၊ မင်းရဲ့ လိုအင်တွေကို ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူး"

ဟု ခို့ချင်းယွမ်က မနာလိုစွာ ပြောလိုက်သည်။

ဝုန်း

ကောင်းကင်ထက်မှ ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာသည်။ သူတို့ မော့ကြည့်လိုက်သောအခါ... ပေရာချီ ရှည်လျားသော မိစ္ဆာမြွေကြီးကို ထိုတာအိုဆရာလေးက လက်ဖြင့် ဖမ်းဆွဲ၍ မြေပြင်ပေါ်သို့ အကြိမ်ကြိမ် ကိုင်ရိုက်နေသည်ကို ထိတ်လန့်ဖွယ် တွေ့လိုက်ရသည်။

လီယန်ချူသည် လက်တစ်ဖက်တည်းဖြင့် မိစ္ဆာဘုရင်ကို မြှောက်ကာ လွှဲရိုက်နေခြင်း ဖြစ်သည်။ သူ၏ သွေးချီစွမ်းအားမှာ နေမင်းကြီးအလား တောက်ပနေသည်။

ဝုန်း

လီယန်ချူက မိစ္ဆာမြွေကြီး၏ ခေါင်းကို လက်သီးဖြင့် ထိုးနှက်လိုက်ရာ မြေပြင်ကြီး အက်ကွဲသွားပြီး... မာကျောလှသော ကျန်းယင်းတောင်ထိပ်ပင် တုန်ခါသွားတော့သည်။ ထိုမိစ္ဆာဘုရင်မှာ လီယန်ချူ၏ လက်သီးအောက်တွင် အသက်ပျောက်သွားရလေသည်။

ခို့ချင်းယွမ်နှင့် အမျိုးသမီးကြီးတို့မှာ အံ့ဩလွန်း၍ ဆွံ့အသွားကြသည်။

ဝတ်စုံဖြူဝတ် အမျိုးသမီး ယွမ်ချွီက တိမ်ပေါ်မှ ဆင်းသက်လာပြီး ခို့ချင်းယွမ်ကို လှောင်ပြောင်လိုက်သည်။

"သူ့ရဲ့ ကိုယ်ခန္ဓာက အားနည်းတယ်လို့ နင်ပြောခဲ့တာလား ဒီလောက် သန်မာတဲ့ ကိုယ်ခန္ဓာမျိုးက နင့်ရဲ့ မိန်းမကို သေလောက်အောင် ပျော်ရွှင်စေမှာပေါ့"

အမျိုးသမီးကြီးမှာ မျက်နှာနီမြန်းသွားကာ လီယန်ချူ၏ အမူအရာကို ကြည့်ပြီး အသက်ရှူပင် မြန်လာမိသည်။ လီယန်ချူကမူ ထိုသူတို့၏ စကားကို ကြားသောအခါ မျက်ခုံးပင့်လိုက်မိသည်။

"ဒီမိစ္ဆာမက... လျှောက်ပြောပြန်ပြီ "

အခန်း (၈၄၂) တောင်ကျောက်စိမ်း၊ ရှေးဦးသတ်ဖြတ်ငွေ့နှင့် အစဉ်အလာမိုးကြိုး

ခုနကတင် လီယန်ချူသည် ကြောက်မက်ဖွယ်ကောင်းသော သွေးသားများ စုဝေးနေသည့် နေရာများကိုလည်းကောင်း၊ မကောင်းသော အငွေ့အသက်များ စွဲကပ်နေသည့် သားရဲကြီးများ၏ အရိုးစုများကိုလည်းကောင်း တစ်ခုပြီးတစ်ခု အလွယ်တကူပင် သုတ်သင်ပစ်ခဲ့သည်။

ယွမ်ချွီသည် ပို၍ပို၍ပင် အံ့အားသင့်လာရသည်။

အဆင့်မြင့် မီးနဂါးအတတ်၊ မြေပြင်ကို သံမဏိဖြစ်စေသောအတတ်၊ ပဲစေ့မှ စစ်သည်ခေါ်သည့်အတတ်၊ ဓားပျံအတတ်၊ မိုးကြိုးငါးပါးစွမ်းအား...

လီယန်ချူ ပိုင်ဆိုင်ထားသော များပြားလှသည့် နတ်ဘုရားအတတ်ပညာများနှင့် ထိုပညာရပ်များ၏ ပြင်းထန်သော စွမ်းအားများမှာ သူသည် သာမန် သန်မာရုံသက်သက် သိုင်းပညာရှင်တစ်ယောက် မဟုတ်ကြောင်း သက်သေပြနေသည်။

နှစ်ဦးသား တဖြည်းဖြည်း ရင်းနှီးလာကြသောအခါ လီယန်ချူသည် ယခင်ကကဲ့သို့ သူစိမ်းဆန်စွာ မဆက်ဆံတော့ပေ။ ယွမ်ချွီ၏ ပြောပြချက်အရ ဤနေရာတွင် ပုန်းအောင်းနေကြသော တတိယအဆင့် ပညာရှင်များအကြောင်းကိုလည်း သူ သိလာရသည်။

ယွမ်ချွီသည် ကိုယ်လုံးကိုယ်ပေါက် လှပနွဲ့နှောင်းပြီး မျက်နှာမှာလည်း ပြစ်ချက်မရှိ ချောမောလှပသူ ဖြစ်သည်။ အထူးသဖြင့် သူမ၏ ရင်အစုံမှာ အင်္ကျီအတွင်းမှ ရုန်းထွက်တော့မတတ် ထွားကြိုင်းလှသည်။ သို့သော် သူမ၏ စိတ်နေစိတ်ထားမှာ ခန့်မှန်းရခက်လှပေသည်။

လီယန်ချူ၏ အမြင်တွင်မူ သူမမှာ မိစ္ဆာမ တစ်ယောက်သာ ဖြစ်ပြီး လုပ်ရပ်များမှာ သာမန်လူတို့၏ ကျိုးကြောင်းဆင်ခြင်မှုနှင့် လုံးဝ ကွဲပြားနေသည်။

ယခင်က သူသည် ယွမ်ရှောင်လျှို့ဝှက်နယ်မြေကို စူးစမ်းစဉ် ဤနေရာရှိ ဟွားချင်းထိုက်ဆွေ့ နှင့် တွေ့ဆုံခဲ့သည်။ ဟွားချင်းထိုက်ဆွေ့သည် နှစ်ပေါင်းနှစ်ထောင် ကျင့်ကြံသက်ရှိသော မိစ္ဆာဘုရင်၊ လူသားစားသော ကြောက်မက်ဖွယ် မိစ္ဆာကြီး ဖြစ်သည်။ ၎င်းသည် ကျန်းယင်းတောင်ထိပ်အောက်တွင် နတ်ဘုရားအငွေ့အသက်များကို ကျင့်ကြံနေပြီး မည်သည့်သက်ရှိကိုမျှ အနားမကပ်စေပေ။

လီယန်ချူ ဤနေရာသို့ ခြေချလိုက်သည်နှင့် ဟွားချင်းထိုက်ဆွေ့၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။ သို့သော် လီယန်ချူသည် သိုင်းပညာကို ကျင့်ကြံအောင်မြင်ထားသူဖြစ်ရာ သူ၏ လက်သီးချက်တိုင်းမှာ ကြောက်မက်ဖွယ် စွမ်းအားများ ပါဝင်နေသဖြင့် ဟွားချင်းထိုက်ဆွေ့ကို အသေရိုက်သတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

မူလက သူသည် ရှေးဟောင်းဆေးဖိုကြီးကို ထုတ်ယူကာ ဤမိစ္ဆာကြီးကို သွေးသားစွမ်းအားဆေးလုံးအဖြစ် ဖော်စပ်ရန် ကြံရွယ်ခဲ့သည်။ နှစ်ပေါင်းနှစ်ထောင် မိစ္ဆာကြီး၏ ခန္ဓာကိုယ်မှာ ကိုယ်ခန္ဓာကို ကြံ့ခိုင်စေရန်အတွက် အလွန် အဖိုးတန်လှသည်။

သို့သော် ရုတ်တရက် ရောက်ရှိလာသော အမျိုးသား၊ အမျိုးသမီးတစ်ဦးနှင့် ယွမ်ချွီ၏ စကားသံကြောင့် သူ ခေါင်းကိုက်သွားရသည်။

"နင့်မိန်းမကို သေလောက်အောင် ပျော်ရွှင်စေမှာပေါ့"

ဆိုသော စကားမှာ လူကောင်းတစ်ယောက် ပြောရမည့် စကားမျိုးလား။

ယွမ်ချွီ၏ စိတ်နေစိတ်ထားမှာ ခန့်မှန်းရခက်သော်လည်း သူမသည် လူဆိုးတစ်ယောက် မဟုတ်ပေ။ လျှို့ဝှက်နယ်မြေထဲရှိ အစွမ်းထက် ပညာရှင်များအပေါ် သူမ၏ မှတ်ချက်များမှာ မှန်ကန်လှသည်။ သို့သော် ဤမျှ ရိုင်းစိုင်းသော စကားမျိုးကိုမူ သူမ ပထမဆုံးအကြိမ် ပြောခြင်း ဖြစ်သည်။

သူသည် ဟွားချင်းထိုက်ဆွေ့၏ ကြီးမားသော အလောင်းကို သိုလှောင်အိတ် ထဲသို့ သိမ်းဆည်းလိုက်သည်။

ဤလုပ်ရပ်က ခို့ချင်းယွမ်၏ မျက်လုံးများကို အရောင်တောက်သွားစေသည်။ ပေရာချီ ရှည်လျားသော မြွေကြီးတစ်ကောင်ကို ထည့်နိုင်သည့် ရတနာမျိုးမှာ အလွန် ရှားပါးလှသည်။ သို့သော် တစ်ဖက်လူက ထိုမိစ္ဆာကြီးကို အလွယ်တကူ သတ်ဖြတ်နိုင်သည်ကို သတိရကာ ခို့ချင်းယွမ်မှာ စိတ်ကို ထိန်းပြီး ထွက်ခွာရန် ပြင်လိုက်သည်။

"ခဏနေဦး"

လီယန်ချူက ကျင့်စဉ်စွမ်းအားဖြင့် သူ၏ မျက်ဝန်းများကို အားဖြည့်ကာ ခို့ချင်းယွမ်ကို လှမ်းကြည့်ပြီး ပြောလိုက်သည်။

ခို့ချင်းယွမ်က ပြုံးကာ

"မိတ်ဆွေ... ဘာကိစ္စရှိလို့လဲ"

လီယန်ချူသည် ထိုသူ့ထံမှ မိစ္ဆာအငွေ့အသက်များနှင့် နာကျည်းနေသော ဝိညာဉ်များ၏ အငွေ့အသက်ကို မြင်လိုက်ရသဖြင့် အေးစက်စွာ မေးလိုက်သည်။

"မင်းက မိစ္ဆာလမ်းစဉ် ကျင့်ကြံသူလား"

ခို့ချင်းယွမ်မှာ ဆွံ့အသွားပြီး စိတ်ထဲတွင် လျင်မြန်စွာ တွေးတောကာ ပြန်ပြောလိုက်သည်။

"မိတ်ဆွေကလည်း ဘာတွေ ပြောနေတာလဲ၊ ကျွန်တော်က ဖုန့်ရှီးတောင်က ကျင့်ကြံသူ၊ တကယ့် တာအိုဂိုဏ်းဝင်ပါဗျာ"

လီယန်ချူက လှောင်ရယ်လိုက်ကာ အပိုစကားများ မပြောတော့ဘဲ စွမ်းအားများ စုစည်း၍ လက်သီးဖြင့် ထိုးနှက်လိုက်တော့သည်။

ခို့ချင်းယွမ်မှာ သွေးအန်ကာ လွင့်ထွက်သွားပြီး ထိတ်လန့်သွားရသည်။ သူ ဤလျှို့ဝှက်နယ်မြေတွင် နေလာသည်မှာ နှစ်ပေါင်း ၆၀ ရှိပြီဖြစ်သော်လည်း ဤမျှ ကြမ်းတမ်းသော လူမျိုးနှင့် တစ်ခါမှ မဆုံဖူးပေ။

သူ၏ ယပ်တောင်ကို ဖြန့်လိုက်သောအခါ လှပသော အမျိုးသမီးပုံရိပ်များ ပေါ်ထွက်လာပြီး သူ့ကို ဝန်းရံကာ ကာကွယ်ပေးထားသည်။ သူ မယုံကြည်နိုင် ဖြစ်နေရသည်မှာ ဤတာအိုဆရာက သူ့ကို ဘာကြောင့် တိုက်ခိုက်ရသနည်း။

မိစ္ဆာလမ်းစဉ်ဖြစ်တော့ ဘာဖြစ်သနည်း လူသားအနည်းငယ်ကို သတ်ပြီး ကျင့်ကြံတာပဲ မဟုတ်လား တတိယအဆင့်တောင် ရောက်နေပြီပဲ၊ ရင့်ကျက်သင့်ပြီ မဟုတ်လား လူသားတွေရဲ့ အသက်က မြက်ပင်လေးတွေလို၊ ဖုန်မှုန့်လို အောက်တန်းကျတာပဲ၊ ဒါကို ဒီလောက်ထိ လုပ်စရာလိုလို့လား။

အမျိုးသမီးပုံရိပ်များက လီယန်ချူကို ဝိုင်းဝန်းတိုက်ခိုက်ကြသော်လည်း လီယန်ချူ၏ လက်သီးချက်အောက်တွင် ဟင်းလင်းပြင်ပင် ကြေမွသွားကာ ပုံရိပ်များအားလုံး ပျက်စီးသွားရသည်။ ခို့ချင်းယွမ်၏ ယပ်တောင်မှာလည်း 'ဂျပ်' ခနဲ အသံနှင့်အတူ အလယ်မှ အက်ကွဲသွားတော့သည်။

ခို့ချင်းယွမ်သည် ဒေါသထွက်သော်လည်း တစ်ဖက်လူ၏ အစွမ်းကို မယှဉ်နိုင်ကြောင်း သိသဖြင့် အံကြိတ်ကာ သည်းခံလိုက်ရသည်။

"မိတ်ဆွေ... အထင်လွဲနေတာ ရှိရင်လည်း ရပ်လိုက်ပါဦး၊ ကျွန်တော် ခရမ်းရောင်ဝတ်ရုံ ဘယ်မှာရှိတယ်ဆိုတာ ပြောပြပါ့မယ်"

လီယန်ချူ၏ မျက်လုံးများက အေးစက်နေမြဲဖြစ်သည်။

"နတ်ဘုရားရတနာ တစ်ခုတည်းအတွက်လား ငါ့မှာလည်း ရှိတာပဲ"

ခို့ချင်းယွမ်မှာ တုန်လှုပ်သွားပြီး စိတ်ထဲမှ လောဘကို အတင်းနှိမ်လိုက်ရသည်။ လက်ဗလာဖြင့် မိစ္ဆာဘုရင်ကို သတ်နိုင်သူကို သူ မယှဉ်နိုင်ပေ။

"တောက် ဒီတာအိုဆရာက သတ်ဖြတ်လိုစိတ် ဘယ်လိုတောင် ပြင်းထန်ရတာလဲ "

ခို့ချင်းယွမ်က ပြုံး၍

"ကျွန်တော့်ဆီမှာ သက်တမ်းတိုးဆေး ရွှေဆေးလုံးဂျင်ဆင်း တစ်ပင် ရှိပါတယ်၊ အဲဒါကို ပေးပါ့မယ်၊ ဒီမှာတင် ရပ်ကြရအောင်လား "

ခို့ချင်းယွမ်သည် တကယ့်ကို အခြေအနေအရ လိုက်လျောတတ်ပြီး မျက်နှာပြောင်တိုက်တတ်သူပင်။

လီယန်ချူသည် ရွှေဆေးလုံးဂျင်ဆင်းအကြောင်း သိသော်လည်း သူ့စိတ်ထဲတွင်

"မင်းကို သတ်လိုက်ရင်လည်း အဲဒီဂျင်ဆင်းက ငါ့ဟာ ဖြစ်မှာပဲ မဟုတ်လား"

ဟု တွေးနေသည်။

ထိုစဉ် အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။

"ခို့ချင်းယွမ်က အမျိုးသမီးတွေကိုပဲ ဒုက္ခပေးနေတာ၊ ကျင့်ကြံသူ အမျိုးသမီးတွေရဲ့ ဝိညာဉ်ကို ဖမ်းပြီး မိစ္ဆာလက်နက်တွေ လုပ်နေတဲ့သူပဲ၊ မိတ်ဆွေသာ ဒီသူခိုးကို သတ်ပေးရင် ကျွန်မဆီမှာရှိတဲ့ ဂျင်ဆင်းတစ်ပင်ကိုလည်း ထပ်ပေးပါ့မယ် "

မွန်းရှမ်း နတ်သမီး ပေါ်လာခြင်း ဖြစ်သည်။

ခို့ချင်းယွမ်က ဒေါသတကြီး

"မွန်းရှမ်း နင့်နဲ့ ဘာဆိုင်လို့လဲ"

မွန်းရှမ်းက ဂရုမစိုက်ဘဲ လီယန်ချူကို ကြည့်ကာ

"မိတ်ဆွေ... ဘယ်လို သဘောရလဲ" ဟု မေးလိုက်သည်။

ခို့ချင်းယွမ်က အလျင်အမြန်ပင်

"မိတ်ဆွေ... သူများပြောတာ မယုံပါနဲ့၊ ကျွန်တော့်ဆီမှာ အဖိုးတန် သတ္တုတွေ၊ ရှေးဟောင်း ဓားတွေ ရှိပါတယ်..."

ထိုနေရာတွင် ခို့ချင်းယွမ် ခဏရပ်သွားပြီး တစ်စုံတစ်ခုကို သတိရဟန်ဖြင့် အကျယ်ကြီး ပြောလိုက်သည်။

"ဒီမှာရှိတဲ့ တောင်တန်းမယ်တော် က ကျွန်တော့်ရဲ့ အချစ်တော်ပါ၊ သူမကို မိတ်ဆွေ အနားမှာ အစေခံအဖြစ် ထားနိုင်ပါတယ်၊ ကျွန်တော့်ကိုတော့ အသက်ချမ်းသာပေးပါ"

ဤစကားက ခို့ချင်းယွမ်၏ အောက်တန်းကျသော စရိုက်ကို အထင်အရှား ဖော်ပြလိုက်ခြင်းပင်။

ညို့ယူနိုင်သော အမျိုးသမီးကြီး (တောင်တန်းမယ်တော်) မှာ ခဏမျှ ကြောင်သွားသော်လည်း ငြင်းဆန်ခြင်း မပြုပေ။ ဤတာအိုဆရာလေးမှာ သွေးသားစွမ်းအား ကောင်းမွန်လှရာ သူမသာ အနားမှာ အစေခံရလျှင်...

"ခို့လင်က သဘောတူရင် ကျွန်မကလည်း ငြင်းစရာ မရှိပါဘူး"

လီယန်ချူသည် ထိုလူနှစ်ယောက်ကို ကြည့်ကာ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရသည်။

ဤကဲ့သို့သော လူမျိုးတွေကတောင် တတိယအဆင့် ပညာရှင်တွေ ဖြစ်နေကြတာလား။

သူက လက်ကို ဝှေ့ယမ်းကာ ပါးတစ်ချက် ရိုက်လိုက်ရာ ခို့ချင်းယွမ်မှာ လွင့်ထွက်သွားတော့သည်။

ခို့ချင်းယွမ်၏ စွမ်းအားများမှာ လီယန်ချူ၏ အရှိန်အဝါကို ခဏလေးတောင် မတားဆီးနိုင်ဘဲ သွေးအန်ကာ မြေပေါ်သို့ ကျသွားရသည်။

ထိုစဉ် တောင်တန်းမယ်တော်က အဋ္ဌဂံနဂါးမြှေးပုဝါ ကို ထုတ်၍ ခို့ချင်းယွမ်ကို ရွှေရောင်အလင်းဖြင့် လွှမ်းခြုံလိုက်သည်။ သို့သော် ခို့ချင်းယွမ် အံ့ဩသွားသည်မှာ ထိုပုဝါက သူ့ကို ကာကွယ်ပေးခြင်း မဟုတ်ဘဲ သူ့ကို ချုပ်နှောင်ထားခြင်း ဖြစ်နေသည်။

"မယ်တော် မင်း ဘာလုပ်တာလဲ"

ခို့ချင်းယွမ်က အော်ဟစ်လိုက်သည်။

အမျိုးသမီးကြီးက သူ့ကို မျက်စောင်းထိုးကာ

"ခို့လင်ကို နောက်ဘဝ ပို့ပေးမလို့လေ၊ နောက်ဘဝကျရင်တော့ အခုထက် ချောတဲ့ မျက်နှာလေးနဲ့ လူဖြစ်ပါစေဦး"

ဟု ဆိုသည်။

ခို့ချင်းယွမ် : "..."

တကယ့်ကို ရက်စက်တဲ့ ခွေးမပဲ

လီယန်ချူက အေးစက်သော မျက်နှာထားဖြင့် လက်ချောင်းဖြင့် တစ်ချက်တောက်လိုက်ရာ ခို့ချင်းယွမ်၏ ကိုယ်တွင်းအင်္ဂါများ ကြေမွသွားတော့သည်။

ခို့ချင်းယွမ်၏ အလောင်းထဲမှ ဝိညာဉ် ထွက်ပေါ်လာကာ အမျိုးသမီးကြီးကို ကြည့်ပြီး

"ဖာသည်မ" ဟု ဆဲလိုက်သည်။

စကားပင် မဆုံးသေးခင်မှာပင် လီယန်ချူက ဝိညာဉ်၏ ဦးခေါင်းကို ညှစ်ကာ ဖျက်ဆီးပစ်လိုက်ရာ ခို့ချင်းယွမ်မှာ လုံးဝ ပျောက်ကွယ်သွားတော့သည်။

ယွမ်ချွီက ပြုံးကာ

"စိတ်က ကောင်းကင်ထိမြင့်ပြီး ကံကြမ္မာကတော့ စာရွက်လောက်တောင် မထူးပါလား"

ဟု ဆိုသည်။

စင်စစ် ခို့ချင်းယွမ်မှာ ကံကောင်းသူ ဖြစ်သော်လည်း သူ၏ ကံကြမ္မာမှာ လီယန်ချူနှင့် တွေ့သောအခါ အဆုံးသတ်သွားခြင်း ဖြစ်သည်။

ယွမ်ချွီသည် လီယန်ချူကို ကြည့်ကာ

"နောင်တစ်ချိန်မှာ ဒီတာအိုဆရာလေးရဲ့ လက်ထဲမှာ ပါရမီရှင် ဘယ်နှယောက်လောက်များ အသက်ပျောက်ကြဦးမလဲ"

ဟု တွေးတောရင်း စိတ်လှုပ်ရှားနေမိသည်။

တောင်တန်းမယ်တော်က ပြုံး၍

"မိတ်ဆွေက တကယ့်ကို ပြတ်သားတာပဲ၊ ကျွန်မကတော့ မိတ်ဆွေရဲ့ အနားမှာ နေပြီး အစေခံချင်ပါတယ်"

ဟု ဆိုကာ ခို့ချင်းယွမ်၏ အလောင်းကို လီယန်ချူရှေ့သို့ ပို့ပေးလိုက်သည်။

အစွမ်းထက်သော၊ လှပသော အမျိုးသမီးတစ်ဦးက ဤသို့ အစေခံချင်သည်ဟု ဆိုသောအခါ မည်သည့် အမျိုးသားမဆို စိတ်လှုပ်ရှားမိမည်မှာ အမှန်ပင်။ သို့သော် လီယန်ချူကမူ လှောင်ရယ်လိုက်သည်။

"လူသတ်ပြီး အသက်မွေးတဲ့ မိစ္ဆာနဲ့ ကိုယ့်လင်ကို ကျောခိုင်းတဲ့ မသာမ၊ ငါ့အနားမှာ အစေခံဖို့ တန်လို့လား "

ဤစကားကြောင့် အမျိုးသမီးကြီး၏ မျက်နှာမှာ သံတူရွင်းဖြင့် အထုခံလိုက်ရသလို ပျက်ယွင်းသွားသည်။

ယွမ်ချွီနှင့် မွန်းရှမ်းတို့မှာလည်း အံ့ဩသွားကြသော်လည်း စိတ်ထဲတွင်မူ ကျေနပ်နေကြသည်။

မယ်တော်က ထပ်မံ ပြောဆိုရန် ကြိုးစားသော်လည်း လီယန်ချူက အချိန်မဖြုန်းတော့ဘဲ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ သူမသည် အဋ္ဌဂံနဂါးမြှေးပုဝါဖြင့် ခုခံသော်လည်း လီယန်ချူ၏ လက်ဝါးချက်အောက်တွင် ရွှေရောင်အလင်းများမှာ ပေါက်ကွဲထွက်လုနီးပါး ဖြစ်သွားသည်။

သူမသည် တောင်တန်းများ၏ စွမ်းအားကို အသုံးချကာ လီယန်ချူကို ပြန်လည် တိုက်ခိုက်သော်လည်း လီယန်ချူသည် သူ၏ သန်မာသော ခန္ဓာကိုယ်ဖြင့် ထိုတိုက်ခိုက်မှုများကို ဖြတ်ကျော်ကာ သူမကို သတ်ဖြတ်ရန် တိုးဝင်သွားသည်။

"ဆူညံလိုက်တာ"

လီယန်ချူ၏ လက်ဝါးချက်ကြောင့် မယ်တော်၏ ကိုယ်တွင်းအင်္ဂါများ ကြေမွသွားသည်။ သို့သော် သူမသည် တောင်တန်းအငွေ့အသက်များမှ ဖြစ်ပေါ်လာသူဖြစ်သဖြင့် ဤဒဏ်ရာက သူမကို မသေစေနိုင်ပေ။ သူမသည် ထွက်ပြေးရန် ကြိုးစားသော်လည်း လီယန်ချူက မြေပြင်ကို သံမဏိဖြစ်စေသောအတတ် ကို သုံးလိုက်သဖြင့် ထွက်ပြေး၍ မရတော့ပေ။

လီယန်ချူသည် ယင်ယန်ပုလင်း ကို ထုတ်ကာ မယ်တော်၏ ဝိညာဉ်ကို အထဲသို့ ထည့်လိုက်သည်။ အထဲတွင်ရှိသော ရှေးဦးယင်ယန်အရှိန်အဝါများက သူမ၏ ဝိညာဉ်ကို မကြာမီ ခြေဖျက်ပစ်မည် ဖြစ်သည်။

လီယန်ချူက သူမ၏ လက်ထဲမှ တောင်ကျောက်စိမ်းကို မြင်လိုက်ရသဖြင့် ဝိညာဉ်ကို တိုက်ရိုက် မဖျက်ဆီးခြင်း ဖြစ်သည်။ ထိုကျောက်စိမ်းမှာ တောင်တန်းတစ်ခုလုံး၏ အဆီအနှစ်ဖြစ်ပြီး ကျင့်ကြံရာတွင် အလွန် အထောက်အကူပြုသည်။

သူသည် ထိုသူတို့၏ ရတနာများကို သိမ်းဆည်းလိုက်သည်။

မွန်းရှမ်းနတ်သမီးကလည်း ကတိအတိုင်း ရွှေဆေးလုံးဂျင်ဆင်းကို လီယန်ချူအား ပေးအပ်လိုက်သည်။ သူမသည် စိတ်ထဲတွင် စိုးရိမ်နေမိသည်မှာ လီယန်ချူက သူမကိုပါ သတ်ပြီး ရတနာလုမည်ကို ဖြစ်သည်။ သို့သော် လီယန်ချူက ဂျင်ဆင်းကိုသာ ယူပြီး ကျန်သည်ကို စိတ်မဝင်စားပေ။

မွန်းရှမ်းသည် အလျင်အမြန်ပင် ထွက်ခွာသွားတော့သည်။ လီယန်ချူသည် သူမ၏ 'အစဉ်အလာမိုးကြိုးခန္ဓာ' ကို ကြည့်ကာ စိတ်ဝင်စားသွားမိသည်။

မွန်းရှမ်း ထွက်သွားပြီးနောက် လီယန်ချူ၏ အကြည့်များက ကျန်းယင်းတောင်ထိပ်သို့ ရောက်သွားသည်။ ထိုနေရာတွင် နတ်ဘုရားအငွေ့အသက်များ ထွက်ပေါ်နေသည်။

"ဒီမှာ တကယ်ပဲ ခရမ်းရောင်ဝတ်ရုံ ရှိနေတာလား"

All Chapters