အခန်း (၈၅-၈၆)
Vol. 9 Ch. 85-86
အခန်း(၈၅) ငါက ကုစားခံချင်ရုံလေးပါ
အမျိုးသားလုံခြုံရေးတပ်ဖွဲ့မှ လူများ ထွက်သွားကြပြီဖြစ်၏။
သူတို့က လေပြင်းတစ်ဟုန်လို ရောက်လာခဲ့ပြီး လေပြင်းတစ်ဟုန်လိုပင် ထွက်သွားခဲ့ကြသည်။
ကျန်ရစ်ခဲ့သည်မှာ ဆွံ့အလျက်ရှိသော ညစ်ညမ်းမှုနှိမ်နင်းရေးတပ်ဖွဲ့ဝင်များနှင့် ဖရိုဖရဲဖြစ်နေသော အခြေအနေများသာ ဖြစ်ပေသည်။
ဝမ်ထျဲ့ကျွင်းက သူ၏ ကုလားထိုင်ပေါ်သို့ ပြန်ထိုင်ချလိုက်ပြီး သူ့ဘဝတွင် ဤမျှလောက် စိတ်လှုပ်ရှားဖွယ်ကောင်းသော အဖြစ်အပျက်မျိုးကို တစ်ခါမျှ မကြုံဖူးခဲ့ဟု ခံစားနေရ၏။
ညစ်ညမ်းမှုများကို နှိမ်နင်းရာမှ သူလျှိုတစ်ယောက်ကို ဖော်ထုတ်နိုင်ခဲ့သည်ဟု ပြောလျှင် မည်သူက ယုံကြည်မည်နည်း။
သူက စားပွဲပေါ်ရှိ ယခုမှဖောက်ထားသော စီးကရက်ဗူးကို ကောက်ကိုင်လိုက်ကာ တစ်လိပ် ထုတ်ယူလိုက်သော်လည်း သူ၏လက်များက တုန်ယင်နေလွန်းသဖြင့် အတော်ကြာသည်အထိ မီးညှိ၍ မရနိုင်ခဲ့ချေ။
"မင်းတို့... အဲ့နေရာမှာ ရပ်မနေကြနဲ့..."
ဝမ်ထျဲ့ကျွင်းက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် အတင်းအကျပ် ထိန်းချုပ်လိုက်၏။
"အလုပ်ပြန်လုပ်ကြ... အမှုက လွှဲပြောင်းသွားပေမဲ့ ငါတို့အလုပ်တွေက မပြီးသေးဘူး..."
ထိုသို့ပြောလိုက်သော်လည်း ရုံးခန်းတစ်ခုလုံး၏ လေထုက ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
လူတိုင်းက ချူးရှန့်ကို ကြည့်သည့် အကြည့်များမှာ လုပ်ဖော်ကိုင်ဖက်တစ်ဦးကို ကြည့်သည့် အကြည့်မျိုး မဟုတ်တော့ပေ။
၎င်းက လမ်းလျှောက်နေသော လူသားပုံစံ နိုင်ငံတော်လျှို့ဝှက်ချက်တစ်ခုကို ကြည့်နေကြသကဲ့သို့ ဖြစ်နေ၏။
ထောင့်တစ်နေရာတွင် ထိုင်ကာ လျှို့ဝှက်ကုဒ်ပါရှိသော မီနူးကို ထပ်မံလေ့လာနေသည့် ချူးရှန့်ကို ကြည့်ရင်း ဝမ်ထျဲ့ကျွင်း၏ ခေါင်းများ ထိုးကိုက်လာသလို ခံစားလိုက်ရသည်။
မဖြစ်နိုင်ချေ။
ဤကောင်လေးကို တပ်ဖွဲ့ထဲတွင် ဆက်ထားမည်ဆိုပါက နောက်တစ်ကြိမ်တွင် သူက ပြဿနာများ ထပ်ရှာဦးမည်လော။
သူက ဖုန်းကို ကောက်ကိုင်လိုက်ပြီး ညွှန်ကြားရေးမှူးကျိုးထံသို့ တိုက်ရိုက် ခေါ်ဆိုလိုက်၏။
"ဟယ်လို ညွှန်ကြားရေးမှူး... ဟုတ်တယ် ကျွန်တော် ဝမ်ထျဲ့ကျွင်းပါ... အမ်း ရဲဘော်ချူးရှန့်အတွက် အစားထိုးခွင့်ရက် လျှောက်ချင်လို့ပါ ဟုတ်ကဲ့ မဖြစ်မနေကို ပေးရမှာပါ..."
...
ထိုအကြောင်းကြောင့် ချူးရှန့်မှာ အားလပ်ရက် ရရှိသွားခဲ့လေသည်။
ဤသည်က ရဲတပ်ဖွဲ့သို့ ဝင်ရောက်ပြီးကတည်းက သူ၏ ပထမဆုံးသော သေသေချာချာ အနားယူရသည့် အားလပ်ရက်ပင်ဖြစ်၏။
မည်သည့် တာဝန်မျှမရှိသလို ရည်မှန်းချက်လည်းမရှိပေ။
သာမန်အရပ်ဝတ်ကို ဝတ်ဆင်ထားသော ချူးရှန့်က ကျန်းချန်မြို့၏ လမ်းမများပေါ်တွင် လမ်းလျှောက်နေရင်း အလွန်အမင်း သက်တောင့်သက်သာ မဖြစ်မှုကို ခံစားနေရသည်။
လူများက သွားလာလှုပ်ရှားနေကြပြီး ပတ်ဝန်းကျင် တစ်ခုလုံးတွင်လည်း ရယ်မောသံများနှင့် ပျော်ရွှင်စွာ စကားပြောဆိုသံများက လွှမ်းခြုံနေ၏။
သူက လမ်းပျောက်နေသော ဝိညာဉ်တစ်ခုကဲ့သို့ ဤလောကကြီးနှင့် လုံးဝကို သဟဇာတမဖြစ်ဘဲ ကင်းကွာနေသလို ဖြစ်နေသည်။
စစ်ဆေးမေးမြန်းခန်းထဲမှ မီးရောင်များ၊ ရာဇဝတ်ကောင်များ၏ အော်ဟစ်သံများနှင့် အေးစက်နေသော လက်ထိပ်များကို သူက ယဉ်ပါးနေခဲ့ပြီဖြစ်၏။
နေရောင်ခြည်သာယာပြီး ငြိမ်းချမ်းနေသော ဤနေ့ရက်လေးက သူ့ကို ကူကယ်ရာမဲ့သလို ခံစားရစေသည်။
သူက ရည်ရွယ်ချက်မရှိဘဲ လျှောက်သွားနေရင်း သူကိုယ်တိုင်ပင် သတိမထားမိလိုက်ဘဲ တိတ်ဆိတ်သော လမ်းသွယ်လေးတစ်ခုထဲသို့ ကွေ့ဝင်သွားခဲ့၏။
ကြည်လင်သော ကလေးငယ်တစ်ဦး၏ ရယ်သံက သူ့နားထဲသို့ ရောက်ရှိလာသည်။
"ဟီးဟီးဟီး..."
"လာဖမ်းလေ... လာဖမ်းလေ..."
ချူးရှန့်က ခြေလှမ်းများကို ရပ်တန့်လိုက်၏။
ထိုအသံက ဘေးနားရှိ အရောင်အသွေးစုံလင်သော ခြံစည်းရိုးတန်းများဆီမှ ထွက်ပေါ်လာခြင်းဖြစ်သည်။
ခြံစည်းရိုးအတွင်းဘက်တွင်မူ အစိမ်းရောင် ရော်ဘာဖျာများ ခင်းထားသော ကစားကွင်းငယ်လေးတစ်ခု ရှိနေ၏။
လှောင်အိမ်ထဲမှ ယခုမှ လွှတ်ပေးလိုက်သည့် ကြက်ပေါက်စလေးများကဲ့သို့ လေးငါးနှစ်အရွယ် ကလေးငယ်တစ်စုက အချင်းချင်း ပြေးလွှားဆော့ကစားနေကြသည်။
နေရောင်ခြည်က သူတို့၏ ပန်းရောင်သန်းနေသော မျက်နှာငယ်လေးများပေါ်သို့ ကျရောက်နေပြီး မည်သည့် အညစ်အကြေးမျှမရှိဘဲ ဖြူစင်နေပေသည်။
ခြံစည်းရိုးနံရံပေါ်တွင် ချစ်စရာကောင်းသော ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထား၏။
နေကြာပန်း သူငယ်တန်းကျောင်း။
ချူးရှန့်က မတ်တတ်ရပ်ကာ တိတ်ဆိတ်စွာ စောင့်ကြည့်နေမိသည်။
သွေးများနှင့် အပြစ်ဒုစရိုက်များဖြင့် တင်းကြပ်စွာ ရစ်ပတ်ခံထားရသော သူ၏နှလုံးသားက ဤရယ်မောသံများကြောင့် ညင်သာစွာ ထိုးဖောက်ခံလိုက်ရသကဲ့သို့ ဖြစ်သွား၏။
နွေးထွေးသော စီးဆင်းမှုတစ်ခုက ဖြည်းညင်းစွာ စိမ့်ဝင်လာသည်။
အမြဲတမ်း တင်းမာနေတတ်သော သူ၏ မျက်နှာပေါ်ရှိ ကြွက်သားများက အတော်လေး ပြေလျော့သွားသည်ကို သူ ခံစားလိုက်ရ၏။
ဤသည်က ကုစားခံရသည်ဟူသော ခံစားချက်မျိုးလော။
ပူးကပ်ခံထားရသူတစ်ဦးကဲ့သို့ ချူးရှန့်က သူငယ်တန်းကျောင်း၏ သံခြံစည်းရိုးဆီသို့ လျှောက်သွားလိုက်သည်။
သူက ဤကုစားခံရသည်ဟူသော ခံစားချက်နှင့် အနည်းငယ်မျှ ပို၍ နီးကပ်ချင်နေမိ၏။
သူက ခြံစည်းရိုးတန်းဆီသို့ လျှောက်သွားကာ အေးစက်နေသော သံတိုင်များကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။
ကစားကွင်းပေါ်တွင် မင်းသမီးဂါဝန် ဝတ်ဆင်ထားသော ကောင်မလေးတစ်ယောက်က မတော်တဆ ခလုတ်တိုက်မိပြီး လဲကျသွား၏။
သူမဘေးရှိ ဆရာမက ချက်ချင်း ပြေးသွားကာ သူမကို ညင်သာစွာ ထူမပေးလိုက်ပြီး သူမအင်္ကျီပေါ်မှ ဖုန်များကို ခါပေးလိုက်သည်။
ကောင်မလေးက မငိုဘဲ တခစ်ခစ်ပင် ရယ်မောနေခဲ့၏။
ဤမြင်ကွင်းကိုကြည့်ရင်း ချူးရှန့်၏ ရင်ထဲမှ နူးညံ့သော နေရာလေးတစ်ခုက ထိရှသွားခဲ့သည်။
ဝမ်ထျဲ့ကျွင်း၏ မှာကြားချက်များနှင့် ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားတွင် ခေါင်းဆောင်များ၏ မျှော်လင့်ချက်များကို သူ ပြန်လည်သတိရသွား၏။
ချဉ်းကပ်ရလွယ်ကူသူဖြစ်ပါစေ။
မင်း ရယ်ပြသင့်သည်ဟူ၍ပင်။
ကလေးဆန်သော ဖြူစင်မှုများနှင့် အလှတရားများ ပြည့်နှက်နေသည့် ဤကဲ့သို့သော နေရာမျိုးတွင် သူကလည်း တူညီစွာ လှပသော အပြုံးတစ်ခုကို ပြသသင့်သည်ဟု သူ ခံစားလိုက်ရ၏။
ထို့ကြောင့် သူက ကစားကွင်းပေါ်ရှိ ဖြူစင်ပြီး ပူပင်သောကကင်းမဲ့နေသော ကလေးတစ်စုကို ကြည့်ကာ ဖြည်းညင်းစွာ ပြုံးပြလိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသော အမာရွတ်တစ်ခုက သူ၏ ကြွက်သားများ လှုပ်ရှားသွားသည်နှင့်အမျှ သူ၏မျက်နှာပေါ်တွင် အသက်ရှင်နေသော ကင်းခြေများတစ်ကောင်ကဲ့သို့ တွန့်လိမ်သွား၏။
ဖြူဖွေးတောက်ပနေသော သွားတန်းများက နေရောင်အောက်တွင် အေးစက်စွာ တောက်ပနေသည်။
သူက သူ့အကြည့်များကို နူးညံ့သွားစေရန်၊ ပို၍ နူးညံ့သွားစေရန် အစွမ်းကုန် ကြိုးစားလိုက်၏။
နောက်ဆုံးတွင် မေတ္တာတရားများနှင့် ကြင်နာမှုများ ပြည့်နှက်နေသည်ဟု သူယုံကြည်ထားသော အပြုံးတစ်ခုက သူ၏ မျက်နှာပေါ်တွင် ပွင့်လန်းလာတော့သည်။
ကစားကွင်းဘေးတွင် ကလေးများကို ကစားနည်းများ ဦးဆောင်ကစားပေးနေသော ဆရာမတစ်ဦးက ရည်ရွယ်ချက်မရှိဘဲ မော့ကြည့်လိုက်မိ၏။
သူမ၏ အကြည့်များက ခြံစည်းရိုးအပြင်ဘက်မှ ချူးရှန့်နှင့် ဆုံတွေ့သွားခဲ့သည်။
ဆရာမ၏ မျက်နှာပေါ်ရှိ အပြုံးက ချက်ချင်းပင် အေးခဲသွား၏။
သူမ မည်သည့်အရာကို မြင်တွေ့လိုက်ရခြင်းနည်း။
အရပ် ၁.၉ မီတာရှိပြီး အမာရွတ်များ ပြည့်နှက်နေသော မျက်နှာနှင့် တောင့်တင်းခိုင်မာသော အမျိုးသားတစ်ဦးက သူငယ်တန်းကျောင်း၏ သံခြံစည်းရိုးများကို ချိုးဖျက်ပစ်ချင်နေသည့်အလား လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်ကိုပင်။
သူ၏ မျက်နှာပေါ်တွင် မျက်လုံးထောင့်မှ မေးစေ့အထိ ဆင်းသွားသော ကြောက်မက်ဖွယ်ကောင်းသည့် အမာရွတ်တစ်ခုရှိနေ၏။
ထို့ထက် ပို၍ ကြောက်စရာကောင်းသည်မှာ သူက ရယ်နေခြင်းပင်ဖြစ်သည်။
၎င်းက ရယ်မောခြင်း မဟုတ်ပေ။
၎င်းက သားရဲတစ်ကောင်က ၎င်း၏ သားကောင်ကို မျက်စိကျသွားချိန်တွင် ဖြစ်ပေါ်လာတတ်သော လောဘကြီးပြီး ရက်စက်ကြမ်းကြုတ်သည့် မျက်နှာအမူအရာမျိုးပင်ဖြစ်၏။
ဆရာမ၏ စိတ်အစဉ်က တစ်ခဏမျှ ဗလာကျင်းသွားပြီး ရေတွက်၍မရနိုင်သော လူမှုသတင်းခေါင်းစဉ်များက သူမ၏ စိတ်ထဲတွင် ဖြတ်ပြေးသွားခဲ့သည်။
“တုန်လှုပ်ဖွယ်သတင်း.. စိတ်ဖောက်ပြန်နေသော ကွင်းဆက်လူသတ်သမားတစ်ဦး မြို့ထဲတွင် လှည့်လည်သွားလာနေပြီး သူငယ်တန်းကျောင်းများကို အထူးပစ်မှတ်ထားနေ…”
“ကလေးသူခိုးများ၏ နောက်ဆုံးပေါ် ကင်းထောက်နည်းလမ်းများ ဖော်ထုတ်ခံရ... လမ်းသွားလမ်းလာများအဖြစ် ဟန်ဆောင်ကာ ကလေးငယ်များကို ပြုံးပြတတ်..”
*ပြီးပြီ... ပြီးဆုံးသွားခဲ့ပြီ*
ဆရာမမှာ သူမ၏ ခြေထောက်များ အားပျော့သွားသလို ခံစားလိုက်ရ၏။
သို့သော်လည်း သူမ၏ ခိုင်မာသော အသက်မွေးဝမ်းကျောင်းဆိုင်ရာ တာဝန်သိစိတ်က လှည့်ထွက်ကာ ထွက်ပြေးချင်နေသော ဆန္ဒကို ဖိနှိပ်ထားစေခဲ့သည်။
သူမက ကလေးများကို သူမ၏ အနောက်သို့ မသိမသာ ဆွဲခေါ်သွားရင်း အရေးပေါ် အချက်ပေးခလုတ်အတွက် အိတ်ကပ်ထဲသို့ တိတ်တဆိတ် လက်နှိုက်လိုက်၏။
သူမ နှိပ်လိုက်သည်။
"ပီ… ပေါ်... ပီ… ပေါ်..."
နားကွဲမတတ် အချက်ပေးသံက သူငယ်တန်းကျောင်း၏ ငြိမ်းချမ်းသော လေထုကို ချက်ချင်းပင် ရိုက်ချိုးဖျက်ဆီးပစ်လိုက်၏။
သူငယ်တန်းကျောင်းတစ်ခုလုံးက အထိုးခံလိုက်ရသော ပျားအုံတစ်ခုကဲ့သို့ ချက်ချင်းပင် ပရမ်းပတာ အခြေအနေသို့ ပေါက်ကွဲသွားခဲ့တော့သည်။
"အဆင့်တစ် အချက်ပေး... အဆင့်တစ် အချက်ပေး... မည်သူမည်ဝါမှန်းမသိရသော အန္တရာယ်ရှိသူတစ်ဦးကို တွေ့ရှိထားတယ်..."
"လုံခြုံရေးအဖွဲ့... လုံခြုံရေးအဖွဲ့ အရှေ့ဘက်ဂိတ်ကို ချက်ချင်းသွားပါ... ထပ်ပြောမယ်... အရှေ့ဘက်ဂိတ်ကို ချက်ချင်းသွားပါ..."
ရေဒီယိုမှ ထွက်ပေါ်လာသော အသံမှာ အာရုံကြောများ တင်းမာနေမှုကြောင့် ပုံပျက်နေ၏။
ချူးရှန့်၏ အပြုံးက အေးခဲသွားသည်။
မည်သည့်အရာ ဖြစ်ပျက်နေသည်ကို သူ သဘောမပေါက်သေးချေ။
သူငယ်တန်းကျောင်းအတွင်းတွင် လုံခြုံရေးဝန်ထမ်းဝတ်စုံ ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦးက ထိပ်တွင် လခြမ်းပုံသဏ္ဍာန် သံခက်ရင်းခွများပါရှိသည့် သံမဏိခက်ရင်းရှည်များကို အသီးသီး ကိုင်ဆောင်ထားကာ ဖြူလျော့နေသော မျက်နှာများနှင့် ခိုင်မာသော ခြေလှမ်းများဖြင့် သူ၏ဆီသို့ အပြေးအလွှား လာနေကြ၏။
"မင်း... မင်းက ဘယ်သူလဲ... မင်း ဘာလိုချင်လို့လဲ..."
လုံခြုံရေးဝန်ထမ်းများထဲမှတစ်ဦးက တုန်ယင်နေလျက် ချူးရှန့်ကို သံမဏိခက်ရင်းခွဖြင့် ချိန်ရွယ်ကာ ကြမ်းတမ်းသော်လည်း အားနည်းနေသော အသံဖြင့် အော်ဟစ်လိုက်သည်။
တစ်ချိန်တည်းမှာပင်။
"နေကြာပန်း သူငယ်တန်းကျောင်း အခန်း (၁) မိဘများအဖွဲ့" ထဲတွင် ဓာတ်ပုံတစ်ပုံကို ကျယ်ကျယ်ပြန့်ပြန့် မျှဝေနေကြ၏။
၎င်းက ဆရာမဖြစ်သူ ယခုလေးတင် သူမ၏ အသက်ကိုရင်း၍ တိတ်တဆိတ် ရိုက်ကူးထားခဲ့သော ချူးရှန့်၏ ကြင်နာတတ်သော အပြုံး၏ အနီးကပ်ပုံပင် ဖြစ်သည်။
ဓာတ်ပုံ၏ အောက်တွင်မူ မျက်ရည်များဖြင့် နင်နေသော ဆရာမတစ်ဦး၏ အသံမက်ဆေ့ချ်တစ်ခု ရှိနေ၏။
"ချစ်ခင်ရပါသော မိဘများရှင့်... အရေးပေါ် အခြေအနေပါ... စိတ်ဖောက်ပြန်နေသူတစ်ယောက်က ကျောင်းကို ကင်းထောက်နေပါတယ်... ကျေးဇူးပြုပြီး ရဲကို ချက်ချင်း ဖုန်းဆက်ပေးကြပါ..."
အဖွဲ့လိုက် စကားပြောခန်းက ချက်ချင်းပင် ပေါက်ကွဲသွားတော့သည်။
"ဘုရားရေ... အဲဒါက လူလား သရဲလား..."
"ဘုရားသခင်... သူ့မျက်လုံးထဲက အကြည့်ကြီးက... သူက ငါ့ကလေးကို စားချင်နေတာလား..."
"ငါ ရဲကို ဖုန်းဆက်လိုက်ပြီ... ငါ ရဲကို ဖုန်းဆက်ပြီးသွားပြီ... အထူးတပ်ဖွဲ့ဝင် ဖြစ်နေတဲ့ ငါ့ဝမ်းကွဲအစ်ကိုကိုတောင် ဖုန်းဆက်လိုက်သေးတယ်..."
"မြန်မြန်လုပ်ကြ... အနီးအနားမှာရှိတဲ့ မိဘတွေ အဲ့ကို မြန်မြန်သွားကြပါ... ငါတို့ရဲ့ ကလေးတွေကို ကာကွယ်ရမယ်..."
သူ့ရှေ့မှောက်တွင် ကြီးမားလှသော ရန်သူတစ်ဦးကို ရင်ဆိုင်နေရသကဲ့သို့ ဖြစ်နေသည့် လုံခြုံရေးဝန်ထမ်းနှစ်ဦးကို မြင်လိုက်ရသောအခါ ချူးရှန့်မှာ လုံးဝကို ဆွံ့အသွားခဲ့၏။
သူက ပြုံးရုံလေးသာ ပြုံးလိုက်ခြင်းဖြစ်သည်။
ဤသည်က တကယ်ပင် ဤမျှအထိ လိုအပ်ပါသလော။
"ရဲဘော်တို့ ခင်ဗျားတို့ နားလည်မှုလွဲနေပြီ... ကျွန်တော်က..."
သူက ရှင်းပြရန် ပြင်လိုက်ရုံသာရှိသေး၏။
"မလှုပ်နဲ့..."
"လက်မြှောက်ထား..."
ဘရိတ်အုပ်လိုက်သော စူးရှရှအသံတစ်သံနှင့်အတူ အထူးရဲတပ်ဖွဲ့ ကင်းလှည့်ကားတစ်စီးက သူ၏ရှေ့တည့်တည့်တွင် လာရပ်သွားသည်။
ကားတံခါး ပွင့်သွားပြီးနောက် ခမောက်များနှင့် မျက်မှန်များကို တပ်ဆင်ထားကာ လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားသော အထူးတပ်ဖွဲ့ဝင် လေးဦးက တိုက်ခိုက်ရေးပုံစံဖြင့် သူ့ကို ဝိုင်းရံလိုက်ကြ၏။
သေနတ်ပြောင်းဝ အမည်းရောင်များက အရပ်မျက်နှာ အသီးသီးမှ သူ့ဆီသို့ ချိန်ရွယ်ထားကြသည်။
ချူးရှန့်က သူ၏ လက်များကို မြှောက်လိုက်ပြီး ဤရင်းနှီးနေသော မြင်ကွင်းကို ကြည့်ကာ နက်ရှိုင်းသော တိတ်ဆိတ်မှုထဲသို့ ကျဆင်းသွားတော့၏။
ဤအားလပ်ရက်ကို မယူလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။
နာရီဝက် ကြာပြီးနောက်။
တောင်းပန်စကားများကို အဆက်မပြတ်ဆိုနေသော သူငယ်တန်းကျောင်းအုပ်ကြီးနှင့် မျက်နှာဖြူလျော့နေသော လုံခြုံရေးဝန်ထမ်းတို့၏ ဘေးတွင်ရှိသော အထူးရဲတပ်ဖွဲ့ကားထဲ၌ ချူးရှန့်က ထိုင်နေ၏။
အထူးရဲတပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးက ချူးရှန့်၏ ရဲသက်သေခံကတ်ပြားကို ကိုင်ထားပြီး အကြိမ်တစ်ဒါဇင်ကျော်မျှ ထပ်ခါတလဲလဲ ကြည့်ရှုနေကာ စကားပြောစက်မှတစ်ဆင့် ကွပ်ကဲရေးစင်တာနှင့် ရေတွက်၍မရနိုင်သော အကြိမ်အရေအတွက်အထိ အတည်ပြုနေခဲ့သည်။
နောက်ဆုံးတွင် သူက ချူးရှန့်ကို သမိုင်းမတင်မီခေတ်က သတ္တဝါကြီးတစ်ကောင်ကို ကြည့်နေသည့် အကြည့်မျိုးဖြင့် ကြည့်လိုက်၏။
"အရာရှိချူး... အားလုံးက နားလည်မှုလွဲသွားတာပါ... အားလုံးက နားလည်မှုလွဲသွားတာပါဗျာ..."
"အမ်း... ဒီနေရာမှာ မိစ္ဆာတစ်ကောင် ရှိနေတယ်ဆိုပြီး ကျွန်တော်တို့ဆီကို အရေးပေါ် ဖုန်းခေါ်ဆိုမှု တစ်ဒါဇင်ကျော်လောက် ဝင်လာလို့ပါ..."
ချူးရှန့်က သူ၏ သက်သေခံစာရွက်စာတမ်းများကို မျက်နှာသေဖြင့် ပြန်ယူလိုက်သည်။
"ကျွန်တော် နားလည်ပါတယ်..."
သူက ကားတံခါးကို တွန်းဖွင့်ကာ အပြင်သို့ ထွက်လိုက်၏။
မထွက်ခွာမီ အထူးရဲတပ်ဖွဲ့ ခေါင်းဆောင်က တစ်ခဏမျှ တုံ့ဆိုင်းသွားသော်လည်း သတိပေးစကားတစ်ခွန်းကို မပြောဘဲ မနေနိုင်ခဲ့ချေ။
"အရာရှိချူး... လူမှုအသိုင်းအဝိုင်း ငြိမ်းချမ်းရေးအတွက်ရော ကျွန်တော်တို့ အခြေခံရဲအရာရှိတွေရဲ့ ဆံပင်ကျွတ်သက်သာရေးအတွက်ပါ... နောက်တစ်ကြိမ်ကျရင် သူငယ်တန်းကျောင်းတွေနဲ့ မူလတန်းကျောင်းတွေလို နေရာမျိုးမှာ မရယ်မိအောင် ကြိုးစားပေးလို့ ရမလားဗျာ..."
ချူးရှန့်က ဘာမျှမပြောတော့ဘဲ တိတ်ဆိတ်စွာ လှည့်ထွက်သွားခဲ့သည်။
သူက စိတ်ပျက်လက်ပျက်ဖြင့် ကျိန်ဆဲလိုက်၏။
"ငါ့ဘဝမှာ သူငယ်တန်းကျောင်းဂိတ်ပေါက်ရှေ့မှာ ဘယ်တော့မှ ထပ်မပြုံးတော့ဘူး..."
မလှမ်းမကမ်းတွင် မျက်မှန်တပ်ထားသော လူလတ်ပိုင်းအမျိုးသမီးဖြစ်သည့် နေကြာပန်း သူငယ်တန်းကျောင်း၏ ကျောင်းအုပ်ကြီးက ထွက်ခွာသွားသော ချူးရှန့်၏ ကျောပြင်ကိုကြည့်ကာ ထိတ်လန့်တုန်လှုပ်စွာဖြင့် သူမ၏ ရင်ဘတ်ကို ပုတ်နေမိသည်။
သို့သော်လည်း မည်သည့် ကလေးငယ်ကိုမဆို အိပ်မက်ဆိုးများ မက်စေနိုင်သည့် ထိုမျက်နှာကို သူမက အတင်းအကျပ် မှတ်သားထားလိုက်၏။
သူမက ဘေးနားရှိ လုံခြုံရေးအကြီးအကဲဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"အဘိုးကြီးလီ... ရဲစခန်းကို ချက်ချင်းသွားပြီး အဲ့ရဲအရာရှိရဲ့ ဓာတ်ပုံတစ်ပုံရအောင် သွားတောင်းစမ်းပါ..."
"အဲဒါကို အကြီးကြီးချဲ့ပြီး ပလတ်စတစ်လောင်းကာ ငါတို့လုံခြုံရေးအခန်းရဲ့ အထင်ရှားဆုံးနေရာမှာ ချိတ်ဆွဲထားလိုက်..."
(စာဖတ်သူတွေတော့မသိဘူး စာရေးသူကတော့ ချူးရှန့်ကို သနားလာပြီ။ ဇာတ်လမ်းသွားအရ ရယ်စရာဆိုပေမယ့် ရယ်စရာနဲ့မတူဘဲ သနားစရာဖြစ်လာပြီಥ‿ಥ)
အခန်း(၈၆) လူလိမ်က စိတ်ဒဏ်ရာရသွားသည်အထိ ထိတ်လန့်သွားခြင်း
ချူးရှန့်က ညစ်ညမ်းမှုနှိမ်နင်းရေးတပ်ဖွဲ့ဆီသို့ ပြန်ရောက်လာခဲ့၏။
အားလပ်ရက်ယူရခြင်းက အလုပ်သွားရခြင်းထက် ပို၍ ပင်ပန်းသည်ဟု သူ ခံစားနေရသည်။
ဝမ်ထျဲ့ကျွင်းက သူ့ကို နျူကလီးယား ဓာတ်ပေါင်းဖိုထဲမှ ယခုလေးတင် တွားသွားထွက်လာသော သားတစ်ယောက်ကို ကြည့်နေသည့်အလား ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်၏။
"ချူးရှန့်..."
ဝမ်ထျဲ့ကျွင်းက ဖိုင်တွဲတစ်တွဲကို သူ့ထံသို့ ကမ်းပေးလိုက်ပြီး သူ၏ လေသံက ယခင်ကထက် ပို၍ ဖော်ရွေနေခဲ့သည်။
"ဒီရက်ပိုင်း မင်း တော်တော်လေး ပင်ပန်းခဲ့ပြီ... အပြင်မှာ မတရားမှုတွေ အများကြီး ကြုံခဲ့ရမှာပဲ..."
"ဒီမှာ မပြီးသေးတဲ့ အမှုတွဲတွေရှိတယ်... မလောပါနဲ့ ဖြည်းဖြည်းချင်း အချိန်ယူလုပ်ပါ..."
"အကုန်လုံးက အွန်လိုင်းကနေ လုပ်ရမှာဆိုတော့ မင်း အပြင်ထွက်ဖို့ မလိုပါဘူး... ရုံးခန်းထဲမှာ ကွန်ပျူတာရှေ့ ထိုင်ပြီး လုပ်ရုံပဲ..."
ဝမ်ထျဲ့ကျွင်း၏ သွယ်ဝိုက်သော စကားလုံးများက ရှင်းလင်းနေ၏။ လူမှုအသိုင်းအဝိုင်းကို ပြဿနာမရှာဘဲ ကျေးဇူးပြု၍ အပြင်မထွက်ပါနှင့်ဟူ၍ပင်။
ချူးရှန့်က ဖိုင်တွဲကို ယူလိုက်သည်။
[အွန်လိုင်းပေါ်မှ ကိုယ်ရေးကိုယ်တာ ဓာတ်ပုံများ ရောင်းချခြင်းနှင့် ငွေညှစ်ခြင်းဆိုင်ရာ အမှု]
အမှုက မရှုပ်ထွေးလှပေ။
'ဖြူစင်သောရမ္မက် မက်မွန်သီးလေး' ဟူသော အမည်ရှိ လူလိမ်တစ်ဦးက လူမှုကွန်ရက်စာမျက်နှာ အသီးသီးတွင် မိန်းမလှလေးတစ်ဦးအဖြစ် ဟန်ဆောင်ကာ ကိုယ်ရေးကိုယ်တာ ဓာတ်ပုံများနှင့် ကိုယ်ရေးကိုယ်တာ ဗီဒီယိုများ ရောင်းချမည်ဟူသော သွေးဆောင်ဖြားယောင်းမှုများဖြင့် သားကောင်များထံမှ ငွေလိမ်လည်နေခြင်းဖြစ်သည်။
တစ်ဖက်လူက တုံ့ဆိုင်းနေပါက သူတို့က ဗီဒီယိုကောလ် ခေါ်ဆိုရန် တောင်းဆိုတတ်ပြီး စက္ကန့်အနည်းငယ်မျှ ကြာသော အနီးကပ် မြင်ကွင်းများဖြင့် သူတို့ကို မြှူဆွယ်လေ့ရှိ၏။
အချို့သော သားကောင်များမှာ လိမ်လည်ခံရပြီးနောက် ငွေညှစ်ခြင်းကိုပင် ခံခဲ့ရသည်။
“ခုလို အမှုမျိုးတွေမှာ တစ်ဖက်လူက အတုအယောင် အထောက်အထားတွေကို အသုံးပြုထားတာဖြစ်လို့ သက်သေရှာဖို့ ခက်ခဲတယ်..."
ဝမ်ထျဲ့ကျွင်းက သက်ပြင်းချလိုက်၏။
"ဖိအားတွေ မခံစားပါနဲ့... အွန်လိုင်းကနေ အမှုတွဲကိုင်တွယ်ရတဲ့ လုပ်ငန်းစဉ်တွေနဲ့ ရင်းနှီးကျွမ်းဝင်အောင် လုပ်နေတယ်လို့ပဲ သဘောထားလိုက်ပါ..."
ချူးရှန့်က ခေါင်းညိတ်လိုက်သည်။
သူက သူ့နေရာတွင် ပြန်ထိုင်လိုက်ပြီး ကွန်ပျူတာကို ဖွင့်လိုက်၏။
စုရှောင်ယာက နေကာမျက်မှန်ကို တပ်ဆင်ထားလျက် ယခုလေးတင် ဖျော်ထားသော ဂိုဂျီဘယ်ရီ လက်ဖက်ရည်တစ်ခွက်ကို ချက်ချင်း ယူလာပေးသည်။
"အစ်ကိုချူး ရေသောက်ပါဦး..."
သူမက ရေခွက်ကို ချထားခဲ့ပြီး လန့်ဖြန့်သွားသော သမင်တစ်ကောင်ကဲ့သို့ အလျင်အမြန် ပြေးထွက်သွားတော့၏။
ချူးရှန့်က ဤအရာများကို ဂရုမစိုက်ချေ။
သူက အမှုတွဲဖိုင်ကို ဖွင့်လိုက်ပြီး သားကောင်များ၏ ထွက်ဆိုချက်များကို ကြည့်လိုက်သည်။
ခွန်အားများနှင့် စိတ်အားထက်သန်မှုများ ပြည့်နှက်နေသော လူငယ်များက ယွမ်ရာဂဏန်းမှ သောင်းဂဏန်းအထိ လိမ်လည်ခံထားရ၏။
ချူးရှန့်က မျက်မှောင်ကြုတ်လိုက်သည်။
အင်တာနက်ကြိုးများ၏ အနောက်တွင် ပုန်းအောင်းနေသော ဤကဲ့သို့သော အမှိုက်သရိုက်မျိုးကို သူက အမုန်းဆုံးပင်ဖြစ်သည်။
အမှုတွဲဖိုင်ထဲတွင် ချန်ထားရစ်ခဲ့သော ဆက်သွယ်ရန် အချက်အလက်များအတိုင်း သူက အကောင့်သစ်တစ်ခုကို ဖွင့်ကာ 'ဖြူစင်သောရမ္မက် မက်မွန်သီးလေး' ကို အက်ဒ်လိုက်၏။
တစ်ဖက်လူက သူငယ်ချင်းတောင်းဆိုမှုကို အလျင်အမြန်ပင် လက်ခံလိုက်သည်။
ပရိုဖိုင်ဓာတ်ပုံမှာ အဝတ်အစား ခပ်ဟဟ ဝတ်ဆင်ထားသော ဆွဲဆောင်မှုရှိသည့် အင်တာနက်ဆယ်လီတစ်ဦး၏ ဓာတ်ပုံဖြစ်၏။
[ဖြူစင်သောရမ္မက် မက်မွန်သီးလေး] - "ဟယ်လို လူချောလေး... သူငယ်ချင်းက မိတ်ဆက်ပေးလိုက်တာလား..."
ချူးရှန့်က မျက်နှာသေဖြင့်ပင် ကီးဘုတ်ပေါ်တွင် လက်တစ်ဖက်တည်းဖြင့် စာရိုက်လိုက်သည်။
[ချူး] - "အင်း..."
[ဖြူစင်သောရမ္မက် မက်မွန်သီးလေး] - "အစ်ကိုလေးက ဓာတ်ပုံတွေ ကြည့်ချင်တာလား ဒါမှမဟုတ် ဗီဒီယိုတွေလား... ဒီမှာ ဖြူစင်တဲ့ ကျောင်းသူလေး ဝတ်စုံကနေ ရေချိုးခန်းထဲက ဆွဲဆောင်မှုရှိတဲ့ စတိုင်လ်အထိ မျိုးစုံ ရှိတယ်နော်..."
တစ်ဖက်လူက ဈေးနှုန်းစာရင်းတစ်ခုကို ပေးပို့လာ၏။
၉၉ ယွမ်တန် 'အခြေခံ ဓာတ်ပုံများ' မှစ၍ ၁၈၈၈ ယွမ်တန် 'စိတ်ကြိုက် ဗီဒီယိုများ' အထိ အရာအားလုံး ရရှိနိုင်ပေသည်။
ချူးရှန့်က တိုက်ရိုက်ပင် စာရိုက်လိုက်သည်။
[ချူး] - "အကုန်လုံး လိုချင်တယ်..."
ဖန်သားပြင်၏ တစ်ဖက်ခြမ်းတွင်မူ ဘောင်းဘီတို ပွပွကို ဝတ်ဆင်ထားပြီး ခြေချောင်းများကို ကလော်နေသော ဆီပြန်နေသည့် အမျိုးသားတစ်ဦးက ထိုစကားလုံးများကို မြင်လိုက်ရသောအခါ မျက်လုံးများ အရောင်လက်သွားခဲ့၏။
ငါးကြီးတစ်ကောင် ရောက်လာခဲ့ပြီပဲ။
ထိုအမျိုးသား၏ အမည်မှာ လျိုပေါ်ဖြစ်ပြီး သူက ဤလိမ်လည်မှုအမှု၏ နောက်ကွယ်မှ ကြိုးကိုင်သူဖြစ်သည်။
သူက လည်ချောင်းဟန့်လိုက်ပြီး အသံပြောင်းစက်ကို ကျွမ်းကျင်စွာ ဖွင့်လိုက်ကာ သူ၏ အသံကို ချိုမြိန်သော ကလေးဆန်ဆန် လေသံတစ်ခုသို့ ပြောင်းလဲလိုက်၏။
[ဖြူစင်သောရမ္မက် မက်မွန်သီးလေး] - "အို... အစ်ကိုလေးက တော်တော် ဆိုးတာပဲ... ဒါပေမဲ့ ဒီမှာ စည်းကမ်းလေးတွေ ရှိတယ်... ပထမဆုံးအကြိမ်လာတဲ့ ဖောက်သည်တွေက ဗီဒီယိုကောလ်ကတစ်ဆင့် သူတို့ရဲ့ ရိုးသားမှုကို အတည်ပြုဖို့ လိုတယ်နော်..."
ဤသည်က သူ၏ပုံမှန် လုပ်ထုံးလုပ်နည်းပင်ဖြစ်သည်။
သူတို့က တစ်ဖက်လူ၏ ယုံကြည်မှုကို ရယူရန်အတွက် သေချာစွာ ပြင်ဆင်ထားပြီး ဆင်ဆာအများအပြား ဖြတ်တောက်ထားသော ဗီဒီယိုတစ်ခုကို အသုံးပြုကြကာ ထို့နောက်တွင် စပေါ်ငွေကို အရင်တောင်းဆိုတတ်ကြ၏။
[ချူး] - "ရတယ်..."
လျိုပေါ်က ပြုံးလိုက်သည်။
ကာမဂုဏ်ကြောင့် ရူးသွပ်နေသော နောက်ထပ် လူမိုက်တစ်ယောက်ပင်။
သူက ဗီဒီယိုကောလ် ခေါ်ဆိုမှုကို ချက်ချင်းပင် စတင်လိုက်၏။
ချူးရှန့်က လက်ခံလိုက်သည်။
ကွန်ပျူတာ ဖန်သားပြင်ပေါ်တွင် ဗီဒီယိုဝင်းဒိုးတစ်ခု ပေါ်လာ၏။
လျိုပေါ်၏ဘက်တွင်မူ ဖန်သားပြင်က လုံးဝကို အမည်းရောင် ဖြစ်နေသည်။
သူက သူ၏ မျက်နှာကို မပြသဘဲ ယခင်ကတည်းက ကြိုတင်ရိုက်ကူးထားသော ဗီဒီယိုတစ်ခုကို ဖွင့်ပြလိုက်၏။
ဗီဒီယိုထဲတွင် ဆွဲဆောင်မှုရှိသော ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားသည့် ခန္ဓာကိုယ် အချိုးအစားလှပသော အမျိုးသမီးတစ်ဦးက ကင်မရာရှေ့တွင် ရမ္မက်ဆန်ဆန် ကိုယ်ဟန်ပြနေသည်။
ဗီဒီယို အရည်အသွေးက ဝေဝါးနေပြီး အဓိက အစိတ်အပိုင်းများကို ဖုံးကွယ်ထား၏။
သို့သော်လည်း ထိုသိမ်မွေ့ပြီး ဆွဲဆောင်မှုရှိသော မြှူဆွယ်မှုက အမျိုးသားအများစုကို စိတ်လွတ်သွားစေရန် လုံလောက်နေပေသည်။
"လူချောလေး သဘောကျရဲ့လား..."
အသံပြောင်းစက်ဖြင့် ဖန်တီးထားသော အလွန်အမင်း ချိုအီနေသည့် အသံတစ်ခုက စပီကာမှတစ်ဆင့် ထွက်ပေါ်လာ၏။
"အစ်ကိုလေးရဲ့ ရိုးသားမှုကို သက်သေပြနိုင်ရင် ဒီညအတွက် ညီမလေးက အစ်ကိုလေး အပိုင်ပဲနော်..."
ချူးရှန့်ဘက်မှ ကင်မရာကလည်း လင်းထိန်လာခဲ့သည်။
လျိုပေါ်က ဗီဒီယိုကို ဖွင့်ထားရင်း တစ်ဖက်ရှိ ဖောက်သည်ကြီး၏ ကာမရာဂ ပြည့်နှက်နေသော အမူအရာကို မြင်တွေ့ရရန် စောင့်ဆိုင်းနေ၏။
သူက မျက်နှာပြင်ဓာတ်ပုံများကိုပင် ကြိုတင်ပြင်ဆင်ထားခဲ့ရာ တစ်ဖက်လူက ငွေပေးချေရန် ငြင်းဆန်ပါက ငွေညှစ်ရန်အတွက် အသုံးချနိုင်မည်ဖြစ်သည်။
ဗီဒီယိုအချက်ပြမှုက ယခုအခါတွင် တည်ငြိမ်သွားခဲ့ပြီဖြစ်၏။
ချူးရှန့်ဘက်မှ မြင်ကွင်းက လျိုပေါ်၏ ကွန်ပျူတာ ဖန်သားပြင်ပေါ်တွင် ရှင်းလင်းစွာ ပေါ်လာတော့သည်။
လျိုပေါ်၏ မျက်နှာပေါ်ရှိ အပြုံးက အေးခဲသွား၏။
သူက မည်သည့်အရာကို မြင်တွေ့လိုက်ရခြင်းနည်း။
သူ တွေးထင်ထားခဲ့သော တောက်ပနေသည့် မျက်လုံးများနှင့် ညစ်ညမ်းသော အမူအရာ ရှိသည့် အမျိုးသားက ဖန်သားပြင်ပေါ်တွင် ပေါ်မလာခဲ့ချေ။
ထိုအစား မျက်နှာတစ်ခုရှိနေ၏။
ဖန်သားပြင် တစ်ခုလုံးနီးပါး ပြည့်လုမတတ် ကြီးမားလှသော မျက်နှာကြီးတစ်ခုပင်ဖြစ်သည်။
ထိုမျက်နှာပိုင်ရှင်က သူ၏မျက်နှာကို ကင်မရာနှင့် တိုက်ရိုက်ပင် ကပ်ထားသကဲ့သို့ ရှိနေ၏။
မှိန်ပျပျ အလင်းရောင်က အောက်ခြေမှ ထိုးကျနေပြီး သူ၏မျက်နှာပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော အရိပ်များကို ကျရောက်စေသည်။
သူ၏ မျက်နှာကို ထူထဲသော ကြွက်သားများဖြင့် ဖုံးလွှမ်းထားကာ ၎င်းတို့က ဖိအားကြောင့် စုပုံနေပြီး ကြောက်မက်ဖွယ်ကောင်းသော ချိုင့်ခွက်များကို ဖြစ်ပေါ်စေ၏။
ကင်းခြေများကဲ့သို့သော အမာရွတ်တစ်ခုက မျက်လုံးထောင့်မှ မေးစေ့အထိ ရန်လိုစွာ တွားသွားနေပြီး အရိပ်များထဲတွင် ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေသည်။
ထိုမျက်လုံးများထဲတွင် မည်သည့် ရမ္မက်ဆန္ဒမျှမရှိဘဲ သေမင်းတမန်ကဲ့သို့ အေးစက်မှုသာရှိနေကာ ဖန်သားပြင် ပြင်ပရှိ အရာအားလုံးကို စုပ်ယူတော့မည့် တွင်းနက်ကြီးနှစ်ခုနှင့် တူလှပေသည်။
နောက်ခံမှာလည်း အမည်းရောင် အတိဖြစ်နေ၏။
၎င်းက မြေအောက်ခန်းတစ်ခုနှင့် တူနေသည်၊ သို့မဟုတ်... သားသတ်ရုံတစ်ခုနှင့်ပင်။
လျိုပေါ်မှာ သူ၏ နှလုံးသားကို မျက်မြင်မရသော လက်တစ်ဖက်က တင်းကျပ်စွာ ဆုပ်ကိုင်ထားသကဲ့သို့ ခံစားလိုက်ရသည်။
သူ့လက်ထဲမှ မောက်စ်က ဒေါက်ခနဲ မြေကြီးပေါ်သို့ ပြုတ်ကျသွား၏။
ဤသည်က မည်သည့်အရာနည်း။
ဖောက်သည်လား။
ဤသည်က ငရဲပြည်မှ တွားသွားထွက်လာသော ကျိန်စာသင့် မိစ္ဆာတစ်ကောင်ပဲ။
သူ လင့်ခ်မှားနှိပ်မိပြီး နာမည်ဆိုးဖြင့် ကျော်ကြားသော ဒါ့ခ်ဝက်ဘ် တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုနှင့် ချိတ်ဆက်မိသွားခြင်းလော။
ဤသည်က လုပ်ငန်းစဉ်တစ်ခုကို မလုပ်ဆောင်မီ လူသတ်သမားနှင့် သူ၏ အလုပ်ရှင်ကြား နောက်ဆုံး အတည်ပြုချက်တစ်ခုလော။
"အစ်ကို... အစ်ကိုလေး..."
လျိုပေါ်က မသိစိတ်မှပင် အသံပြောင်းစက်ကို အသုံးပြုကာ တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။
ဖန်သားပြင်ပေါ်ရှိ မျက်နှာကြီးက လှုပ်ရှားသွား၏။
အလင်းရောင် မကောင်းဟု သူ ထင်နေပုံရပြီး ပို၍ နီးကပ်စွာ တိုးလာခဲ့သည်။
ယခုအခါတွင် လျိုပေါ်က တစ်ဖက်လူ၏ မျက်နှာပေါ်ရှိ ကြီးမားလှသော မွေးညင်းပေါက်များနှင့် သူတို့၏ မျက်လုံးများထဲမှ စိတ်မရှည်သော လူသတ်ချင်စိတ်များကို ရှင်းလင်းစွာ မြင်တွေ့နိုင်နေပြီဖြစ်၏။
လျိုပေါ်၏ စိတ်အစဉ်က ဝီခနဲ မြည်သံနှင့်အတူ လုံးဝကို ဗလာကျင်းသွားတော့သည်။
ကြောက်ရွံ့မှုများက သူ့ကို ဒီရေလှိုင်းတစ်ခုကဲ့သို့ လွှမ်းမိုးသွား၏။
သူ မေ့သွားခဲ့သည်။
အသံပြောင်းစက်ကို သူ မေ့သွားခဲ့ခြင်းပင်။
အေးစက်မှုတစ်ခုက သူ၏ အမြီးပိုင်းအရိုးမှသည် ခေါင်းထိပ်အထိ တိုက်ရိုက် ပြေးတက်သွားခဲ့သည်။
"အား..."
အမျိုးသားဟော်မုန်းများ အပြည့်အဝ ပါဝင်နေသော ကြမ်းတမ်းပြီး အားကောင်းလှသည့် အော်ဟစ်သံတစ်ခုက လျိုပေါ်၏ လည်ချောင်းထဲမှ ထွက်ပေါ်လာကာ မိုက်ခရိုဖုန်းမှတစ်ဆင့် ချူးရှန့်၏ နားကြပ်ထဲသို့ ရှင်းလင်းစွာ ရောက်ရှိသွား၏။
ချူးရှန့်က မျက်မှောင်ကြုတ်လိုက်သည်။
ဤလူလိမ်က မျက်နှာနှစ်ခု ရှိနေခြင်းလော။
သူ စကားပြောရန် အခွင့်အရေးပင် မရသေးချေ။
ဗီဒီယိုကောလ်၏ တစ်ဖက်စွန်းတွင်မူ လျိုပေါ်က လုံးဝကို ပြိုလဲသွားခဲ့ပြီဖြစ်၏။
သူက မြှူဆွယ်နေသော ဗီဒီယိုကို အလန့်တကြား ပိတ်ပစ်လိုက်ကာ ထိတ်လန့်မှုကြောင့် တွန့်လိမ်နေသော သူ၏ မျက်နှာကို ဖော်ပြလိုက်သည်။
"အစ်ကိုကြီး... အစ်ကိုကြီး ကျွန်တော် မှားသွားပါပြီ..."
"ကျွန်တော် တမင်သက်သက်လုပ်တာ မဟုတ်ပါဘူး... ကျွန်တော်က လူလိမ်သက်သက်ပါ... ကျွန်တော့်မှာ ကျွေးမွေးစောင့်ရှောက်ရမယ့် အသက်ရှစ်ဆယ်အရွယ် အမေအိုကြီးရယ် သုံးနှစ်အရွယ် ကလေးတစ်ယောက်ရယ် ရှိပါသေးတယ်..."
သူက ရုတ်တရက် ဒူးထောက်ချလိုက်ပြီး မြေကြီးပေါ်တွင် ရှိနေပုံရကာ ကင်မရာကို အရူးအမူး ဦးညွှတ်ကန်တော့လေတော့၏။
"ပိုက်ဆံ... ပိုက်ဆံတွေ ကျွန်တော် မလိုချင်တော့ပါဘူး... ခင်ဗျားကို ပြန်ပေးပါ့မယ်... အကုန်လုံး ပြန်ပေးပါ့မယ်..."
"ကျွန်တော့်ကို မသတ်ပါနဲ့... ကျေးဇူးပြုပြီး အင်တာနက်ကြိုးကနေတစ်ဆင့် လာပြီး ကျွန်တော့်ကို လာမခုတ်ပါနဲ့... ကျွန်တော် ငယ်ပါသေးတယ်... ကျွန်တော် မသေချင်သေးပါဘူး..."
ဖန်သားပြင်ပေါ်တွင် ငိုယိုနေပြီး သူ၏ ခြေချောင်းများကို ကလော်နေသော တောင့်တင်းသည့် အမျိုးသားကို ကြည့်ရင်း ချူးရှန့်မှာ တိတ်ဆိတ်သွားခဲ့သည်။
သူ တစ်ခွန်းမျှ မပြောခဲ့ချေ။
ဤလူ၏ စိတ်ဓာတ်ခိုင်မာမှုက အနည်းငယ်များ အားနည်းလွန်းနေသလောဟုသာ သူ တွေးနေမိ၏။
သို့သော်လည်း လျိုပေါ်၏ အမြင်တွင်မူ ဤတိတ်ဆိတ်မှုက သေဒဏ်ချမှတ်ခြင်းပင်ဖြစ်သည်။
ဤလူသတ်သမားက ငါ့ကို စကားပြောဖို့ပင် မကြိုးစားဘူးဆိုတဲ့ အချက်က သူက ငါ့ကို နှုတ်ပိတ်ဖို့ ဆုံးဖြတ်ပြီးသွားပြီဆိုတာကို ပြသနေတာပဲ။
မဖြစ်နိုင်ဘူး။
တစ်ခုခုတော့ လုပ်မှဖြစ်မည်။
နောက်ဆုံး ကောက်ရိုးတစ်မျှင်ကို ဆုပ်ကိုင်လိုက်သကဲ့သို့ လျိုပေါ်က သူ၏ တုန်ယင်နေသော လက်များဖြင့် အခြား ဆော့ဖ်ဝဲတစ်ခုကို ဖွင့်လိုက်၏။
၎င်းက သူ၏ လိမ်လည်ထားသော အကောင့်၏ နောက်ကွယ်မှ စနစ်ပင်ဖြစ်သည်။
"အစ်ကိုကြီး... ကြည့်ပါ... ကျွန်တော် အခုပဲ ပိုက်ဆံလွှဲပေးပါ့မယ်... အခုချက်ချင်းပါပဲ..."
စက်ကို ကိုင်တွယ်နေစဉ် သူက ငိုယိုအော်ဟစ်နေခဲ့သည်။
ချူးရှန့်၏ ရဲတပ်ဖွဲ့သုံး လက်ကိုင်ဖုန်းမှ ငွေဝင်ရောက်လာကြောင်း ပြသသည့် အချက်ပေးသံများ အဆက်မပြတ် မြည်လာတော့၏။
[ဒင်... သင့်အကောင့်ထဲသို့ ယွမ် ၅၀၀၀ ဝင်ရောက်လာပါသည်]
[ဒင်... သင့်အကောင့်ထဲသို့ ယွမ် ၁၂၀၀၀ ဝင်ရောက်လာပါသည်]
[ဒင်... သင့်အကောင့်ထဲသို့ ယွမ် ၈၈၀၀ ဝင်ရောက်လာပါသည်]
အမှုတွဲကိုင်တွယ်ရန်အတွက် ယာယီလျှောက်ထားသော ဤအကောင့်ထဲသို့ ငွေများက တစ်သုတ်ပြီးတစ်သုတ် ဝင်ရောက်လာတော့သည်။
လျိုပေါ်က လိမ်လည်ထားသော အကောင့်ထဲမှ ငွေအားလုံးကို တစ်ပြားမျှမကျန် လွှဲပြောင်းပေးလိုက်၏။
သူက သုည ဖြစ်သွားသော လက်ကျန်ငွေကို ကြည့်လိုက်သော်လည်း သူ စိတ်မသက်မသာ ဖြစ်နေဆဲပင်။
တစ်ဖက်လူက မလုံလောက်ဟု ခံစားနေရလျှင်ကော။
သူက နှုတ်ခမ်းကိုကိုက်ကာ သူ၏ ကိုယ်ပိုင် စုဆောင်းငွေ အကောင့်ကို ထပ်မံဖွင့်လိုက်သည်။
၎င်းက သူ နှစ်ပေါင်းများစွာ လိမ်လည်ခဲ့ရသော ခက်ခက်ခဲခဲ ရှာဖွေထားသည့် ငွေများဖြစ်ပြီး အိမ်ဝယ်ရန်နှင့် လက်ထပ်ရန် စုဆောင်းထားသော ငွေများပင်ဖြစ်သည်။
"အစ်ကိုကြီး... ဒါက ခင်ဗျားအပေါ်ထားတဲ့ ကျွန်တော့်ရဲ့ လေးစားမှုကို ပြသတာပါ... အဲဒါကို... ခင်ဗျားရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအတွက် လျော်ကြေးလို့ပဲ သဘောထားလိုက်ပါ..."
[ဒင်... သင့်အကောင့်ထဲသို့ ယွမ် ၁၃၄၅၁၇. ၅ ဝင်ရောက်လာပါသည်]
ငွေများ လွှဲပြောင်းပြီးနောက်တွင်ပင် လျိုပေါ်က စိတ်မအေးနိုင်သေးချေ။
သူက တစ်ခဏမျှ တွေးတောလိုက်ပြီး နောက်ထပ် ယွမ်ငါးရာကို စိုးရိမ်တကြီးဖြင့် ထပ်လွှဲပေးလိုက်၏။
"အစ်ကိုကြီး... ငါးရာ... ကျွန်တော် နောက်ထပ် ငါးရာ ထပ်ပေါင်းပေးပါ့မယ်... ကျေးဇူးပြုပြီး သနားပါဦး... ကျွန်တော့်ကို လျစ်လျူရှုထားလိုက်ပါ..."
ဖန်သားပြင်ပေါ်တွင် ချူးရှန့်၏ အမူအရာက ပြောင်းလဲခြင်း မရှိပေ။
ဖုန်းပေါ်ရှိ ငွေပေးချေမှု အသိပေးချက်များကိုကြည့်ရင်း သူက အနည်းငယ် ရှုပ်ထွေးနေမိ၏။
ဤအမှုက တကယ်ပဲ သည်လိုမျိုး ဖြေရှင်းပြီးသွားပြီလော။
ထို့အပြင် သူတို့က... ရည်မှန်းချက်ကိုပင် ကျော်လွန်သွားခဲ့ပြီ မဟုတ်ပါလော။
အမူအရာကင်းမဲ့နေဆဲဖြစ်သော ထိုမျက်နှာကိုကြည့်ရင်း လျိုပေါ်မှာ သူ အသက်ရှူကျပ်နေသလို ခံစားလိုက်ရသည်။
ဒဏ္ဍာရီလာ အမှန်တကယ် ရက်စက်ကြမ်းကြုတ်သူနှင့် သူ ရင်ဆိုင်လိုက်ရပြီဖြစ်ကြောင်း သူ သိလိုက်၏။
သူ၏ နောက်ဆုံးကျန်ရှိနေသော ခွန်အားများကို အသုံးပြုကာ သူက ဗီဒီယိုကောလ်ကို ချလိုက်တော့သည်။
ထို့နောက်တွင် သူက စူးရှစွာ အော်ဟစ်ရင်း အခန်းထဲမှ အပြေးအလွှား ထွက်သွားခဲ့၏။
"အမေ... ပြေး... သရဲကြီး..."
ချူးရှန့်က အမည်းရောင် ဖန်သားပြင်ကို စိုက်ကြည့်နေရင်း ဗီဒီယိုဆော့ဖ်ဝဲကို တိတ်ဆိတ်စွာ ပိတ်လိုက်သည်။
ဖြစ်စဉ်တစ်ခုလုံးတွင် သူက စကားတစ်ခွန်းမျှ မပြောခဲ့ချေ။
ထိုစဉ် စနစ်၏ အသိပေးသံက သူ၏ စိတ်ထဲတွင် ကျယ်လောင်စွာ ထွက်ပေါ်လာ၏။
[ဒင်... ပိုင်ရှင်အနေဖြင့် လူလိမ်ပစ်မှတ်ကို ထိတွေ့မှုမရှိသော နည်းလမ်းများမှတစ်ဆင့် ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ဖြစ်ပေါ်စေခဲ့ကြောင်း တွေ့ရှိရပါသည်။ ခြိမ်းခြောက်နိုင်စွမ်း အကဲဖြတ်ခြင်း- ထူးကဲအဆင့်။]
[ခြိမ်းခြောက်နိုင်စွမ်းတန်ဖိုးက အမြင့်ဆုံးအမှတ်သို့ စုဆောင်းမိသွားပါပြီ...]
[စနစ်၏ လုပ်ဆောင်ချက်အသစ်များကို ဖွင့်လှစ်နေပါသည်...]
[လုပ်ဆောင်ချက် ဖွင့်လှစ်ပြီးပါပြီ- ရဲတပ်ဖွဲ့စွမ်းအား (အခြေခံအဆင့်)။]