အခန်း (၁၂၇-၁၂၈)
Vol. 13 Ch. 127-128
အခန်း (၁၂၇)
စွန့်စားခန်းများ
ဘေးခန်းရှိ လီခန့်ရှန်း၏ အခန်းသို့ ရောက်သောအခါ လီချိန်းရှီသည် သူ၏အဘိုးဖြစ်သူ၏ တံခါးကို ညင်သာစွာ ခေါက်လိုက်လေ၏။
လီခန့်ရှန်းက တံခါးကို ဖွင့်လိုက်ပြီး မြေးဖြစ်သူ၏ လက်ထဲမှ နတ်ဘုရားလက်နက် လှံကို မြင်လိုက်ရသောအခါ အရာအားလုံးကို နားလည်သွားပုံရလေသည်။
“ရှောင်ချီ မင်း ဘာလုပ်မလို့လဲ...။”
မေးခွန်းများ မေးနေသော်ငြားလည်း လီခန့်ရှန်းသည် အဘိုးတစ်ယောက်အနေဖြင့် လီချိန်းရှီ ဘာလုပ်မည်ကို ကြိုတင် ခန့်မှန်းမိပြီးသား ဖြစ်လေ၏။
ထို့ကြောင့် လီခန့်ရှန်းက မြေးဖြစ်သူအား ကြည့်သော အကြည့်များတွင် မခွဲခွာချင်သော အရိပ်အယောင်များ ပါဝင်နေဆဲပင် ဖြစ်လေသည်။
လီချိန်းရှီသည် ခိုင်မာပြတ်သားစွာ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်လေသည်။
“အဘိုး အခု ကျွန်တော်တို့ရဲ့ ခေါင်ရှန်းရွာက တောင်စောင့်နတ်မင်းကြီးရဲ့ ကာကွယ်စောင့်ရှောက်မှုကို ရနေပြီဆို တော့ အဘိုးနဲ့ တခြားသူတွေ အားလုံး ဒီနေရာမှာ ဘေးကင်းလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်၊ ပြီးတော့ ကျွန်တော်လည်း အရမ်းကို စိတ်အေးရတယ် ကျွန်တော် အပြင်ထွက်ပြီး စွန့်စားကြည့်ချင်တယ်...။”
လီခန့်ရှန်း၏ အိမ်ထဲတွင် လီဝူးဖူနှင့် လီလောင်ဆန်း ကဲ့သို့သော ခေါင်ရှန်းရွာမှ လေးစားရသည့် ရွာလူကြီးများ အပါအဝင် လူတော်တော်များများ ရှိနေသေးလေသည်။ သူတို့သည် ပုန်ကန်သူများနှင့် ပတ်သက်သော ကိစ္စရပ် များကို ဆွေးနွေးရန် အတူတကွ စုရုံးနေခဲ့ကြခြင်း ဖြစ်လေသည်။
အဘိုးနှင့်မြေး နှစ်ယောက်၏ စကားပြောသံကို ကြားသောအခါ လူအုပ်ကြီးသည် တားဆီးရန် ထွက်လာခဲ့ကြ လေသည်။
“ရှောင်ချီ အပြင်မှာ အရမ်းကို ရှုပ်ထွေးနေတယ်၊ မင်း အပြင်ကို မထွက်တာ ပိုကောင်းလိမ့်မယ်...။”
“ဟုတ်တယ် ခရိုင်ထဲက အခြေအနေက အခုလောလောဆယ် မသေချာသေးဘူး၊ အစီအစဉ်တွေ မချခင် ခဏ လောက် စောင့်ကြည့်ရအောင်...။”
“ဟုတ်တယ် ရှောင်ချီ မင်းက နတ်ဘုရားခွန်အားတွေနဲ့ ယုံကြည်နိုင်လောက်အောင် ခွန်အားကြီးမားတယ်ဆိုတာ လူတိုင်း သိကြပါတယ်။ ဒါပေမဲ့ အပြင်ဘက်က ပိုင်မြန့်ဂိုဏ်းက ပုန်ကန်သူအချို့ဟာ မှော်ပညာတွေကို တတ် ကျွမ်းတယ်လို့ ငါ ကြားထားတယ်...။”
လီချိန်းရှီသည် လှံကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။
“အဘိုးတို့နဲ့ ဦးလေးတို့အားလုံးရဲ့ ဂရုစိုက်မှုနဲ့ ချစ်ခင်မှုအတွက် ကျေးဇူးတင်ပါတယ် အားလုံးသိကြတဲ့အတိုင်း ကျွန်တော် ရှောင်ချီက ကလေးဘဝကတည်းက သိုင်းပညာစာမေးပွဲမှာ ပါဝင်ပြီး နန်းတော်မှာ အမှုထမ်းဖို့ အိပ်မက် မက်ခဲ့တာပါ အခုက ရှုပ်ထွေးနေတဲ့ အချိန်ကာလတစ်ခု ဖြစ်ပြီး ယောက်ျားကောင်းတွေ သူတို့ရဲ့ စွမ်းဆောင်ရည်ကို ပြသရမယ့် အချိန်ပါပဲ ဒီအခွင့်အရေးကို ကျွန်တော် ဘယ်လိုလုပ် လက်လွှတ်ခံနိုင်မှာလဲ...။”
ခေတ္တမျှ ရပ်နားပြီးနောက် လီချိန်းရှီက ဆက်ပြောလေသည်။
“ထို့အပြင် ကျွန်တော့်မှာ သွားရမယ့် အကြောင်းရင်းတွေ ရှိသေးတယ်၊ ဒါကြောင့် ကျေးဇူးပြုပြီး ကျွန်တော့်ကို ထပ်မဖျောင်းဖျကြပါနဲ့တော့...။”
လီခန့်ရှန်းသည် ခေါင်းညိတ်လိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။
“ယောက်ျားကောင်း တစ်ယောက်ဆိုတာ ကိုယ့်မွေးရပ်မြေရဲ့ အပြင်ဘက်အထိ ရည်မှန်းချက်တွေ ရှိသင့်တယ်။ သွားပါ အဘိုး မင်းကို ထောက်ခံတယ် လွန်ခဲ့တဲ့ နှစ်တွေတုန်းက အဘိုးက မင်းအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်ခဲ့ရတာ အရမ်းကြာခဲ့ပြီ အခု မင်းမှာ တောင်စောင့်နတ်မင်းကြီးရဲ့ ကာကွယ်စောင့်ရှောက်မှု ရှိနေပြီဆိုတော့ အိမ်က ကိစ္စ တွေအတွက် မင်း စိတ်ပူစရာ မလိုတော့ပါဘူး…။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ...။”
လီလောင်ဆန်းသည် လီချိန်းရှီ၏ ရည်ရွယ်ချက်များထဲမှ တစ်ခုကို ခန့်မှန်းမိပုံရပြီး ချက်ချင်း သက်ပြင်းချကာ ပြောလိုက်လေသည်။
“ရှောင်ချီ ဒီငွေတွေက နှစ်တွေတစ်လျှောက် ငါ့ရဲ့ နာရေးအတွက် စုဆောင်းထားတဲ့ ငွေတွေပါ တကယ်လို့ မင်းမှာ အခွင့်အရေးရှိရင် ဝေဝေနဲ့ သူမရဲ့ အမေကို ငါ့ကိုယ်စား ဂရုစိုက်ပေးပါ...။”
လီချိန်းရှီသည် သူ၏မြေးမဖြစ်သူ စွန်းဝေဝေကို သွားရှာဖွေမည်ဟု လီလောင်ဆန်းက ခန့်မှန်းမိသော်လည်း တစ် ဖက်လူက ဖွင့်မပြောသောကြောင့် သူကလည်း ဖော်ထုတ်မပြလိုခဲ့ချေ။ မည်သို့ပင်ဆိုစေ လူငယ်များသည် အလွန် ရှက်တတ်ကြသည် မဟုတ်ပါလား။
သို့သော် လီချိန်းရှီက ထုတ်မပြောသော်ငြားလည်း သူက မသိချင်ယောင် ဆောင်နေ၍ မရနိုင်ပေ။ မည်သို့ပင် ပြောစေကာမူ သူတို့သည် မိမိတို့၏ ကိုယ်ပိုင်သမီးနှင့် မြေးမကို ကာကွယ်ပေးရမည် ဖြစ်သည်။ အကယ်၍ သူက တစ်ခုခု ပြန်လည် မတုံ့ပြန်ပါက မှန်ကန်လိမ့်မည် မဟုတ်ပေ။
လီချိန်းရှီ၏ မျက်နှာသည် အနည်းငယ် နီမြန်းသွားပြီး လေးလေးနက်နက် ခေါင်းညိတ်ကာ ပြောလေ၏။
“အဘိုးသုံး စိတ်မပူပါနဲ့ သူတို့ကို ရှာတွေ့အောင် ရှာပြီး ကျွန်တော်တို့ရဲ့ ခေါင်ရှန်းရွာကို သေချာပေါက် ပြန်ခေါ် လာခဲ့ပါ့မယ်...။”
လီလောင်ဆန်းက အကြွေစများကို ကမ်းပေးသည်ကို မြင်သောအခါ လီချိန်းရှီက လက်ကာပြ၍ ငြင်းဆန်လိုက် လေသည်။
“မလုပ်ပါနဲ့ အဘိုးသုံး ဒီငွေတွေက အဘိုး အရမ်းကို ကြိုးကြိုးစားစား စုဆောင်းထားရတာလေ။ ကျွန်တော် လုံးဝ လက်မခံနိုင်ပါဘူး၊ ဒါ့ပြင် ဒီခရီးမှာ နေရာတိုင်း အန္တရာယ်တွေ ရှိနေတယ်၊ ကျွန်တော် ငွေတွေ အများကြီး သယ် သွားရင် ကောင်းမှာ မဟုတ်ဘူး။ စားစရာနဲ့ သောက်စရာ နည်းနည်းဆိုရင်ကို လုံလောက်ပါတယ်...။”
ရွာလူကြီး အချို့နှင့် ခေတ္တမျှ စကားစမြည် ပြောဆိုပြီးနောက် လီချိန်းရှီသည် လီချင်းကျန်းလည်း အနီးအနားတွင် ရှိနေကြောင်း သတိပြုမိသွားသဖြင့် ပြောလိုက်လေသည်။
“အစ်ကိုဝမ်းကွဲ ကျွန်တော် အချိန်အတန်ကြာတဲ့အထိ ပြန်မလာနိုင်လောက်ဘူးလို့ ထင်တယ်။ နတ်ကွန်းကို သန့်ရှင်းရေးလုပ်ပေးဖို့ အစ်ကို့ကိုပဲ ဒုက္ခပေးရလိမ့်မယ်...။”
လီချင်းကျန်းသည် ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး ပြုံးလျက် ပြောလေသည်။
“ဒါက လုပ်သင့်လုပ်ထိုက်တာပါပဲ ညီလေးဝမ်းကွဲ မင်း စိတ်ချလက်ချ သွားပါ...။”
မကြာမီ လူအုပ်ကြီးက ဝန်းရံထားလျက် လီချိန်းရှီသည် ကျောတွင် အထုပ်တစ်ထုပ်ကို လွယ်ကာ တောက်ပနေ သော နတ်ဘုရားလက်နက် လှံကို ကိုင်ဆောင်ပြီး တူလို မြေနံရံအိမ်ရာ၏ အပြင်ဘက် အောက်ထပ်သို့ ဆင်းလာ ခဲ့လေတော့သည်။
တူလို မြေနံရံအိမ်ရာ အပြင်ဘက်တွင် ထွက်ခွာရန် ပြင်ဆင်နေသူမှာ လီချိန်းရှီ တစ်ဦးတည်း မဟုတ်ချေ။ စွန်းမိသားစု ငွေပန်းထိမ်ဆိုင်မှ ရွှေပညာရှင် ကျိုးရှန်းရှန်းသည် အထုပ်အပိုးများကို ပြင်ဆင်ပြီးဖြစ်ကာ သူ၏ တပည့်များက ကုန်ပစ္စည်းများကို လှည်းပေါ်သို့ တင်နေသည်ကို စောင့်ကြည့်နေခဲ့လေသည်။
ပုန်ကန်သူများ တိုက်ခိုက်လာသည့် သတင်းကို သူ၏ တပည့်တစ်ဦးက မြင်းစီး၍ မနက်စောစောတွင် သယ် ဆောင်လာခဲ့ခြင်း ဖြစ်သည်။ လူအုပ်ကြီး ချဉ်းကပ်လာသည်ကို မြင်သောအခါ သူက ခါးသက်သက် အပြုံးဖြင့် နှုတ်ဆက်လိုက်လေသည်။
“အို...၊ အထုပ်အပိုးတွေ ပြင်ဆင်ပြီးသွားရင် အားလုံးကို နှုတ်ဆက်ဖို့ စီစဉ်ထားတာပါ။ ခင်ဗျားတို့အားလုံး ဒီနေရာကို ရောက်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ ဒါက အရမ်းကို များလွန်းတော့ ကျွန်တော့်ကို အားနာ စေပါတယ် ကျေးဇူးပြုပြီး ခဏစောင့်ပါ၊ ခဏလောက် စောင့်ပါဦး...။”
ထိုစကားကို ကြားသောအခါ ခေါင်ရှန်းရွာမှ ရွာသားများ၏ မျက်နှာပေါ်တွင် ချက်ချင်းပင် အလွန်တရာ အားနာ ရှက်ရွံ့နေသည့် အမူအရာများ ပေါ်လာခဲ့လေသည်။
အရှေ့မှ လျှောက်လာသော လီချိန်းရှီက အတင်းပြုံးလိုက်ပြီး ပြောလိုက်လေ၏။
“ကျိုးဆရာ အဆင်ပြေမယ်ဆိုရင် ကျွန်တော် လမ်းကြုံ လိုက်ချင်လို့ပါ...။”
ဤသည်ကို ကြားလိုက်ရသောအခါ ကျိုးရှန်းရှန်းက ထိုလူများသည် သူ့ကို လိုက်လံပို့ဆောင်ရန် လာခဲ့ကြခြင်း မဟုတ်ကြောင်း သဘောပေါက်သွားလေတော့သည်။
မြို့ပေါ်တွင် အချိန်အတော်ကြာ နေထိုင်ခဲ့ဖူးသဖြင့် ကျိုးရှန်းရှန်း၏ မျက်နှာကြောမှာ ကျေးလက်တွင် နှစ်ပေါင်း များစွာ လယ်ယာလုပ်ငန်း လုပ်ကိုင်ခဲ့ကြသော ထိုလယ်သမားများထက် များစွာ ပို၍ ထူထဲလေသည်။ သူသည် ချက်ချင်းပင် ပြုံးလိုက်ကာ တင်းမာမှုများကို ဖြေလျှော့ရင်း ပြောလိုက်လေ၏။
“သေချာတာပေါ့ ပြဿနာ မရှိပါဘူး။ မင်း လမ်းကြုံလိုက်မယ်ဆိုတော့ ပိုတောင် ကောင်းသေးတယ်၊ ငါ ပိုပြီး စိတ်အေးရတာပေါ့...။”
ဤနေရာတွင် ကျိုးရှန်းရှန်း နေထိုင်ခဲ့သည့် နှစ်ရက်တာ ကာလအတွင်း သူသည် လီချိန်းရှီ၏ ရဲစွမ်းသတ္တိများ အကြောင်းကိုလည်း ကြားသိခဲ့ရလေသည်။ အဖွဲ့ထဲတွင် ဤကဲ့သို့သော လူများ ပါဝင်လာပါက ဘေးကင်းလုံခြုံ ရေး အဆင့်မှာ သိသိသာသာ တိုးတက်လာမည် ဖြစ်ရာ အဘယ်ကြောင့် ငြင်းပယ်ရမည်နည်း။
ကျိုးရှန်းရှန်း၏ တပည့်တစ်ယောက် ပစ္စည်းရွှေ့ပြောင်းစဉ် ပြုတ်ကျသွားသော အထုပ်အပိုးကို လီလောင်ဆန်းက ကူညီကောက်ယူ၍ လှည်းပေါ်သို့ တင်ပေးလိုက်ပြီးနောက် ရင်းနှီးစွာဖြင့် နှုတ်ဆက်လိုက်လေသည်။
“ကျိုးဆရာ စွန်းမိသားစု ငွေပန်းထိမ်ဆိုင်မှာ အရာအားလုံး အဆင်ပြေလောက်မှာပါနော်...။”
ကျိုးရှန်းရှန်းသည် ခါးသက်သက် အပြုံးဖြင့် ခေါင်းခါယမ်းလိုက်ပြီး ပြောလေသည်။
“ဒါနဲ့ ပတ်သက်ပြီး ဘယ်သူမှ သေသေချာချာ မပြောနိုင်ဘူး။ သခင်မလေးနဲ့ တခြားသူတွေ လွန်ခဲ့တဲ့ ရက်အ နည်းငယ်က ပြန်သွားတုန်းက သတင်းပို့တဲ့သူက ခရိုင်ထဲမှာ အလုပ်သမားတွေ စုဆောင်းတာနဲ့ စပါးတွေ ကောက်ခံတာကို စတင်နေပြီလို့ ပြောတယ်။ သူတို့က ပြင်ဆင်မှု အချို့ လုပ်ထားပြီးသား ဆိုတော့ အချိန်အတန် ကြာတဲ့အထိ တောင့်ခံထားနိုင်လောက်ပါတယ်…။”
“ဒါပေမဲ့ ရှန်းယန်ခရိုင်ရဲ့ တရားသူကြီးက သူ့ရဲ့ တပ်ဖွဲ့ဝင်တွေ အားလုံးကို တိုက်ခိုက်ဖို့ စေလွှတ်လိုက်တယ်လို့ ငါ ကြားထားတယ်။ သူတို့ အချိန်အတန်ကြာ တောင့်ခံနိုင်ရင်တောင်မှ အကြာကြီးတော့ ဆက်ပြီး တောင့်ခံထား နိုင်မှာ မဟုတ်ဘူးလို့ ငါ စိုးရိမ်မိတယ်။ ငါ့အိမ်မှာ မိန်းမရယ် ကလေးတွေရယ် အသက်အရွယ်ကြီးရင့်နေတဲ့ မိဘ တွေရယ် ရှိသေးတယ်။ ငါ သူတို့အတွက် တကယ်ကို စိတ်ပူနေမိတာ...။”
လီလောင်ဆန်းသည် မှုန်ကုပ်နေသော အမူအရာဖြင့် ခေါင်းညိတ်လိုက်ပြီး သူ၏ မျက်လုံးများတွင် ဖော်ပြ၍မရ နိုင်သော ဝမ်းနည်းကြေကွဲမှုများ ပြည့်နှက်နေကာ ပြောလေသည်။
“ကျိုးဆရာ ပြောတာ မှန်ပါတယ် မိသားစုဆိုတာ ဘာပဲဖြစ်ဖြစ် အမြဲတမ်း အတူတကွ ရှိနေသင့်တယ်...။”
မကြာမီ ကျိုးရှန်းရှန်းနှင့် အခြားသူများသည် ၎င်းတို့၏ အထုပ်အပိုးများကို ပြင်ဆင်ပြီးစီးသွားကြလေသည်။ တွန့်ဆုတ်စွာ နှုတ်ဆက်ပြီးနောက် လီချိန်းရှီသည် ကျိုးရှန်းရှန်း၏ ယာဉ်တန်းနှင့်အတူ ထွက်ခွာသွားလေ တော့သည်။
မီတာအနည်းငယ်ခန့် လျှောက်သွားပြီးနောက် မြို့ရိုးဆီသို့ ရောက်ရှိသွားမည် ဖြစ်လေသည်။ မြို့ရိုးပေါ်တွင် ယွီတောက်ချွမ်က တာဝန်ကျနေခဲ့လေသည်။
ယွီတောက်ချွမ်က လီချိန်းရှီအား ခါးသက်သက် အပြုံးဖြင့် ပြောလိုက်လေသည်။
“ညီလေးလီ မနေ့က မင်း ယူလာပေးတဲ့ ဟင်းလျာတွေနဲ့ ဟင်းချိုတွေက ညီအစ်ကိုတွေအတွက် တကယ်ကို အခက်တွေ့စေခဲ့တာပဲ...။”
သူတို့အားလုံးသည် အနံ့အသက်ဆိုးရွားသော အမျိုးသား တစ်စုသာ ဖြစ်ကြပြီး ဤစကားကို ကြားသောအခါ ယွီတောက်ချွမ်၏ စကားများနောက်ကွယ်ရှိ အဓိပ္ပာယ်ကို ချက်ချင်းပင် နားလည်သွားကြလေသည်။
ကျိုးရှန်းရှန်းက ဝင်ပြောလိုက်လေ၏။
“ဟုတ်တယ် ကိုယ့်ဘေးနားမှာ မိန်းမ မရှိရင် တကယ်ကို အဆင်မပြေဘူး...။”
ယွီတောက်ချွမ်က ရယ်မောရင်း ဆူပူလိုက်လေသည်။
“အစ်ကို အနည်းဆုံးတော့ ခင်ဗျားမှာ မိန်းမ ရှိသေးတယ်။ ။ဒီတစ်ခေါက် ပြန်သွားရင်တော့ ခင်ဗျားရဲ့ ပြဿနာ ပြေလည်သွားလောက်ပါတယ်။ ဒီဝေးလံခေါင်ဖျားတဲ့ တောင်ပေါ်ရွာက ငါတို့လို လူပျိုကြီးတွေက ပိုပြီး ဆိုးရွား တဲ့ အခြေအနေမှာ ရှိနေကြတာ...။”
လီချိန်းရှီသည် သူ၏ နောက်စေ့ကို ကုတ်လိုက်ပြီး နားမလည်နိုင်စွာဖြင့် မေးလိုက်လေသည်။
“ခင်ဗျားတို့ ဘာတွေ ပြောနေကြတာလဲ။ ကျွန်တော် နားမလည်ဘူး၊ မနေ့က ဟင်းချိုက မကောင်းလို့လား ကျွန်တော့်အတွက်တော့ အနံ့တော်တော်လေး ကောင်းပါတယ်...။”
ယွီတောက်ချွမ်သည် ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ပြောလေသည်။
“အို... လီသူရဲကောင်း…၊ မင်း မနေ့က ဟင်းချိုကို မသောက်လိုက်ဘူးလား...။”
လီချိန်းရှီက ခေါင်းညိတ်လိုက်ပြီး ပြောလေ၏။
“မနေ့က အဘိုးက ကျွန်တော့်ကို ခင်ဗျားတို့ဆီ ဟင်းချိုနဲ့ ဟင်းလျာတွေ သွားပို့ခိုင်းတာ ကျွန်တော် ပြန်ရောက်လာ တော့ ဟင်းချိုကို လူတိုင်းဆီ ခွဲဝေပေးပြီးသွားပြီလေ။ ဒါပေမဲ့ တောင်စောင့်နတ်မင်းကြီးက ကျွန်တော့်ကို ချီးမြှင့် ပေးသနားတော်မူခဲ့တဲ့ ကောင်းမွန်တဲ့ အရာတစ်ခု ဖြစ်တဲ့ ပျော်ရွှင်လန်းဆန်း ပူဖောင်းရေသန့်ကို ကျွန်တော် သောက်လိုက်ရပါတယ်။ ဒါပေမဲ့ တစ်ရက်ကြာပြီးနောက်မှာ ရေက အရမ်းချိုနေဆဲ ဖြစ်ပေမဲ့ သူရဲ့ လန်းဆန်း စေတဲ့ အာနိသင်တော့ ပျောက်သွားပုံရတယ်။ ကြံသကာရေနဲ့ ပိုတူသွားတယ်...။”
ယွီတောက်ချွမ်နှင့် ကျိုးရှန်းရှန်းတို့သည် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ရယ်မောလိုက်ကြ လေသည်။ ကျိုးရှန်းရှန်းက ပြောလိုက်လေသည်။
“ငါတို့ ကောင်းကောင်း မသောက်လိုက်ရပါဘူး။ ငါတို့ ကောင်းကောင်း မသောက်လိုက်ရပါဘူး။ အဲဒီအရာက ကောင်းတယ်ဆိုပေမဲ့ လူငယ်တစ်ယောက် သောက်ဖို့အတွက်ကတော့ သိပ်ပြီး အဓိပ္ပာယ် မရှိလှဘူး...။”
ထိုနှစ်ဦးသည် ခေတ္တမျှ စကားစမြည် ပြောဆိုကာ နောက်ပြောင်နေခဲ့ကြပြီးနောက် ယွီတောက်ချွမ်က ဘေးသို့ ဖယ်ပေးလိုက်ပြီး ပေါ့ပေါ့ပါးပါးပင် မေးလိုက်လေသည်။
“ခင်ဗျားက အထုပ်အပိုးတွေ အများကြီးနဲ့ အပြင်ကို ထွက်လာတာဆိုတော့ ပြန်လာဖို့ မစီစဉ်ထားဘူးလား...။”
ကျိုးရှန်းရှန်းက သက်ပြင်းချလိုက်ပြီး ပြောလေသည်။
“ပိုင်မြန့်ဂိုဏ်းက ပုန်ကန်သူတွေက ပြဿနာ ရှာနေကြတာ။ ငါ့တပည့်က ဒီနေ့မနက် သတင်းပို့တာတော့ ပုန်ကန် သူတွေက ယွီတောင်တန်းမှာ အချိန်အတော်ကြာ တိုက်ခိုက်နေခဲ့ပေမဲ့ အောင်မြင်မှု မရဘူးတဲ့။ ဒါကြောင့် သူတို့ က တခြား တပ်ဖွဲ့တစ်ခုကို တခြား လမ်းကြောင်းကနေ ချီတက်ဖို့ စေလွှတ်လိုက်တယ်။ အခုဆိုရင် သူတို့က ရှန်းယန်ခရိုင်ရဲ့ နေရာအများစုကို တိုက်ခိုက် သိမ်းပိုက်ပြီးသွားပြီ ဖြစ်ပြီးတော့ ခရိုင်မြို့တော်က ကြီးမားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုတယ်။ ငါ့ရဲ့ မိသားစုနဲ့ ဆွေမျိုးတွေကို နေရာချထားဖို့ ငါ အမြန်ပြန်ရလိမ့် မယ်....”
ယွီတောက်ချွမ်၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး သူ၏ လက်များသည် အလိုအလျောက် တင်းကျပ်သွားခဲ့လေသည်။ သူက မေးလိုက်လေ၏။
“ဒါက တကယ်ပဲ အမှန်လား...။”
ကျိုးရှန်းရှန်းက ခါးသက်သက် အပြုံးဖြင့် ပြောလေသည်။
“ဒီလို ကိစ္စမျိုးကို ငါက ဘယ်လိုလုပ် နောက်ပြောင်နေရမှာလဲ။ အစကတော့ စွန်းမိသားစု ငွေပန်းထိမ်ဆိုင်ရဲ့ ပိုင်ရှင်က ငါ့ကို ဒီမှာ အချိန်အတန်ကြာ ဆက်နေစေချင်ခဲ့တာ။ ဒါပေမဲ့ အခုလောလောဆယ်မှာ ငါက စီးပွားရေး ကို ဂရုမစိုက်နိုင်တော့ဘူး၊ မိသားစုရဲ့ ဘေးကင်းလုံခြုံရေးက အရေးအကြီးဆုံးပဲလေ...။”
ယွီတောက်ချွမ်၏ မျက်လုံးများ ပို၍ ပြူးကျယ်သွားပြီး သူက မေးလိုက်လေသည်။
“ဘာ..၊ စွန်းမိသားစု ငွေပန်းထိမ်ဆိုင် အစ်ကိုက စွန်းမိသားစု ငွေပန်းထိမ်ဆိုင်ကလား...။”
ကျိုးရှန်းရှန်း၏ ဘေးတွင် ရပ်နေသော တပည့်တစ်ဦးသည် သူ၏ ရင်ဘတ်ကို ပုတ်လိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာ ဖြင့် ပြောလိုက်လေသည်။
“ငါ့ဆရာက စွန်းမိသားစု ငွေပန်းထိမ်ဆိုင်မှာ အကောင်းဆုံး ရွှေပညာရှင်ပဲ…။ စွန်းမိသားစု ငွေပန်းထိမ်ဆိုင်က ရွှေလက်ဝတ်ရတနာတွေနဲ့ ပစ္စည်းတွေ တစ်ဝက်ကျော်က ငါ့ဆရာ လုပ်ထားတာချည်းပဲ...။”
ကျိုးရှန်းရှန်းက ရယ်မောလိုက်ပြီး ဆူပူလိုက်လေ၏။
“မင်းက ကလေးဆိုးလေးပဲ…။ သိပ်ပြီးတော့ မကြွားပါနဲ့ကွာ၊ အကောင်းဆုံး ဒါမှမဟုတ် အဆိုးဆုံး ဆိုတာက ဘာကို ဆိုလိုတာလဲ..။ လူတိုင်းက ချီးကျူးနေကြလို့ပါ မင်းကတော့ အသက်မွေးဝမ်းကျောင်း ပြုဖို့ပဲ ကြိုးစား နေတာပါ...။”
ယွီတောက်ချွမ်မှာ အနည်းငယ် နေရခက်သွားခဲ့လေသည်။ သူတို့ စောစောက ရောက်လာစဉ်က သခင်မလေး သည် သူတို့၏ မွေးရပ်မြေသို့ လာရောက်လည်ပတ်ခြင်း ဖြစ်ကြောင်းနှင့် ရွာရှိ လေးစားရသော ရွာလူကြီးဖြစ်သူ လီလောင်ဆန်းက ကိုယ်တိုင် လာရောက်ကြိုဆိုခြင်း ဖြစ်ကြောင်းသာ ပြောခဲ့သဖြင့် မည်သူကမျှ သိပ်ပြီး မတွေး မိခဲ့ကြချေ။
ဤလူများသည် အမှန်တကယ်တော့ စွန်းမိသားစု ငွေပန်းထိမ်ဆိုင်မှ ဖြစ်လိမ့်မည်ဟု သူမထင်မှတ်ထားခဲ့ပေ။
သူနှင့် သူ၏လူများသည် စွန်းမိသားစု ငွေပန်းထိမ်ဆိုင်၏ ရွှေဌာနမှ ပစ္စည်းများစွာကို လုယက်ခဲ့ကြပုံကို ပြန်လည် တွေးတောမိသောအခါ ယွီတောက်ချွမ်သည် ရှက်ရွံ့သွားပြီး မြှောက်ပင့်ကာ ပြောလိုက်လေသည်။
“ဆရာ ခင်ဗျားက အရမ်းကို နှိမ့်ချလွန်းပါတယ် ခင်ဗျားမှာ ဒီလောက် ထူးခြားတဲ့ ကိုယ်ရည်ကိုယ်သွေးမျိုး ရှိနေ တယ်လို့ ငါထင်မိတာ အံ့သြစရာတော့ မဟုတ်ပါဘူး။ ခင်ဗျားက ရှားပါးပြီး ကျွမ်းကျင်တဲ့ လက်မှုပညာရှင် တစ်ယောက် ဖြစ်နေတာကိုး...။”
ကျိုးရှန်းရှန်းက အပြုံးဖြင့် လက်ကာပြလိုက်ပြီး ပြောလေသည်။
“အစ်ကို ခင်ဗျားက ငါ့ကို မြှောက်ပင့်နေတာပါ။ နောင်တစ်ချိန်ချိန်မှာ ရွှေ ဒါမှမဟုတ် ငွေ ထည်တွေ လုပ်ဖို့ လိုအပ်ရင် ငါ့ဆီကိုသာ လာခဲ့ပါ...။”
လီချိန်းရှီသည် ကောင်းကင်ရှိ နေမင်းကို စိုးရိမ်တကြီး မော့ကြည့်လိုက်ပြီး မနေနိုင်တော့ဘဲ တိုက်တွန်းလိုက် လေသည်။
“ကျိုးဆရာ အစ်ကိုယွီ နောက်မှ ဆက်ပြောကြတာပေါ့..။ ကျွန်တော်တို့ အခု အရမ်း အလျင်လိုနေတယ် မဟုတ်ရင် အခြေအနေတွေ ပြောင်းလဲသွားလိမ့်မယ်...။”
“ဟုတ်တယ်..၊ ဟုတ်တယ်…။ အစ်ကို နှုတ်ဆက်ပါတယ်...။”
ကျိုးရှန်းရှန်းသည် ယွီတောက်ချွမ်အား နှုတ်ဆက်သည့်အနေဖြင့် လက်အုပ်ချီလိုက်လေသည်။
ယွီတောက်ချွမ်ကလည်း လက်အုပ်ချီကာ နှုတ်ဆက်လိုက်လေသည်။ ထို့နောက် သူသည် မိုးမခရွက် အရွယ် အစားရှိ ပါးလွှာသော သစ်သားပြားငယ် တစ်ခုကို သူ၏ အင်္ကျီလက်ရှည်ထဲမှ ထုတ်ယူကာ လီချိန်းရှီအား ကမ်းပေးရင်း ပြောလိုက်လေသည်။
“လီသူရဲကောင်း ရှေ့ဆက်ရမယ့် ခရီးက ငြိမ်းချမ်းမှု မရှိဘူး။ အကယ်၍ ပုန်ကန်သူတွေဆီက ဒုက္ခတစ်ခုခုနဲ့ ကြုံတွေ့ရရင် သူတို့ကို ဒါလေး ပြလိုက်ပါ အသုံးဝင်ကောင်း ဝင်နိုင်ပါလိမ့်မယ်....”
လီချိန်းရှီသည် သစ်သားပြားငယ်ကို စူးစမ်းချင်စိတ်ဖြင့် ယူလိုက်ရာ ၎င်းတွင် သေသပ်လှပသော မျဉ်းကြောင်း များ ထွင်းထုထားပုံရသည်ကို တွေ့လိုက်ရသော်လည်း ပုံပန်းသဏ္ဍာန် သို့မဟုတ် ပုံစံကို ချက်ချင်း ခွဲခြားမသိ နိုင်ခဲ့ချေ။
လီချိန်းရှီက ပေါ့ပေါ့ပါးပါးပင် မေးလိုက်လေ၏။
“အစ်ကိုယွီ ဒါက ဘာကြီးလဲ...။”
ယွီတောက်ချွမ်သည် နှုတ်ခမ်းကို စေ့လိုက်ပြီး သက်ပြင်းချကာ ရှင်းပြလေသည်။
“ငါ တစ်ခါက ချင်းရုံဂိုဏ်းက ခေါင်းဆောင်တစ်ယောက်အတွက် အလုပ်အကျွေး ပြုခဲ့ဖူးတယ်။ ဒီလူက အခု ပိုင်မြန့်ဂိုဏ်းရဲ့ ခေါင်းဆောင်တွေထဲက တစ်ယောက် ဖြစ်နေပြီ။ ဒီပစ္စည်းက သူ့ရဲ့ အမှတ်အသားဖြစ်ပြီး အရေး ကြီးတဲ့ အချိန်ကျရင် အသက်ကို ကယ်တင်နိုင်ကောင်း ကယ်တင်နိုင်လိမ့်မယ်...။”
“ဒီလိုကိုး…၊ ဒါပေမဲ့ အစ်ကိုယွီ ဒီလောက် ကောင်းတဲ့ အရာက အရေးကြီးတဲ့ အချိန်ကျရင် ခင်ဗျားရဲ့ အသက်ကို တောင် ကယ်တင်နိုင်လိမ့်မယ်။ ခင်ဗျားပဲ သိမ်းထားသင့်ပါတယ်၊ ကျွန်တော် လုံးဝ လက်မခံနိုင်ပါဘူး...။”
“ဟားဟား…။ငါကတော့ ဒီနေရာမှာပဲ နေပြီး ကာကွယ်ရမှာပါ။ အကယ်၍ ပုန်ကန်သူတွေ တကယ်ပဲ တိုက်ခိုက် လာခဲ့ရင် တောင်စောင့်နတ်မင်းကြီးက ငါတို့ကို လျစ်လျူရှုထားလိမ့်မယ်လို့ မင်း ထင်နေလို့လား...။”
လီချိန်းရှီက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်လေသည်။
“ဒါက အဓိပ္ပာယ်ရှိပါတယ်…။ ဒါဆိုလည်း ဒီအဖိုးတန် ပစ္စည်းအတွက် အရမ်းကို ကျေးဇူးတင်ပါတယ် အစ်ကိုယွီ ကျွန်တော်တို့ နောက်တစ်ကြိမ် ပြန်တွေ့တဲ့အခါ ဒါကို အပျက်အစီးမရှိ အကောင်းအတိုင်း သေချာပေါက် ပြန်ပေး ပါ့မယ်...။”
ယွီတောက်ချွမ်အား ကျေးဇူးတင်စကား ပြောကြားပြီးနောက် လီချိန်းရှီနှင့် သူ၏အဖွဲ့သည် ထွက်ခွာသွားကြ လေတော့သည်။
အခန်း (၁၂၈)
အမွှေးတိုင် ပူဇော်မှု စွမ်းအား နှစ်ဆ ထပ်မံတိုးလာခြင်း။
တုန်းကျန်းမြို့ မြောက်ဘက် ဆင်ခြေဖုံးရှိ ထိုခြံဝင်းအတွင်း၌…၊
ရွှီပေါ်အန်းနှင့် သူ၏ အဖော်များသည် ခြံဝင်းအတွင်းရှိ လက်ဖက်ရည်ဗန်းကို ဝိုင်းထိုင်ကြပြီး လက်ဖက်လှော် ဆရာ ကျန်း၏ ဇနီးဖြစ်သူ ကျန်းရှောင်ဟုန်၏ သွက်လက်စွာ ပြောဆိုနေမှုများကို နားထောင်နေခဲ့ကြလေ၏။
ခေတ္တမျှ မိတ်ဆက်ပြီးနောက် သူ၏ တာ့ဟုန်ပေါင် လက်ဖက်ရည်သည် မူလ တာ့ဟုန်ပေါင် လက်ဖက်ပင်မှ အရွက်များထက် မနိမ့်ကျလှကြောင်း ချီးကျူးသွားခဲ့သော အမျိုးသမီးမှာ လက်ဖက်ဆရာ ကျန်းလဲ့၏ ဇနီး ကျန်းရှောင်ဟုန် ဖြစ်ကြောင်း ရွှီပေါ်အန်း သိရှိသွားခဲ့လေသည်။
ကျန်းရှောင်ဟုန်၏ မိသားစုသည် ဝူရီတောင်တွင် သေးငယ်သော လက်ဖက်ခြောက်ပြုလုပ်သည့် အလုပ်ရုံ တစ်ခုကို ဖွင့်လှစ်ထားလေ၏။
သူမ၏ ဖခင်မှာ ယခင်က လက်ဖက်ရည်စက်ရုံတစ်ခုမှ နည်းပညာရှင် တစ်ဦးဖြစ်သော်လည်း မိသားစုစီမံကိန်း မူဝါဒအရ ခွင့်ပြုထားသည်ထက် ကလေးပိုမိုရယူခဲ့သဖြင့် အလုပ်ဖြုတ်ခံခဲ့ရလေသည်။ ထိုနောက်ပိုင်းတွင် အသက်မွေးဝမ်းကျောင်း ပြုနိုင်ရန်အတွက် သူကိုယ်တိုင် လက်ဖက်ခူးခြင်း၊ လှော်ခြင်း၊ ပြုပြင်ခြင်းနှင့် ရောင်းချ ခြင်းတို့ကို လုပ်ကိုင်ခဲ့လေသည်။
နောက်ပိုင်းတွင် သူ၏ စီးပွားရေးလုပ်ငန်းမှာ အောင်မြင်လာခဲ့ပြီး အလွန်အမင်း ချမ်းသာကြွယ်ဝသည်ဟု မဆို နိုင်သော်ငြားလည်း သူမ၏ မွေးရပ်မြေတွင် တော်တော်လေး နာမည်ရလာခဲ့ပေသည်။
မူလက ကျန်းရှောင်ဟုန်သည် အလယ်တန်းကျောင်း ပြီးဆုံးပြီးနောက် သူမ၏ မိသားစု အလုပ်ရုံတွင် ကူညီ လုပ်ကိုင်ပေးခဲ့လေသည်။ သို့သော်လည်း သူမ၏ ဆယ်ကျော်သက် ပုန်ကန်လိုသည့် အရွယ်တွင် အော်ဒီရှင် အွန်လိုင်း ကစားရင်း အွန်လိုင်းသူငယ်ချင်းဖြစ်သူ ကျန်းလဲ့နှင့် တွေ့ဆုံခဲ့ပြီးနောက် သူနှင့်အတူ အလုပ်သွား လုပ်ခဲ့လေသည်။
နှစ်အနည်းငယ် ကြာပြီးနောက် ကိုယ်ဝန်ရလာသောအခါ သူမသည် အလုပ် လုပ်ရုံဖြင့် ကလေးကို မထောက်ပံ့ နိုင်ကြောင်း သဘောပေါက်သွားခဲ့သဖြင့် ကျွမ်းကျင်မှု တစ်ခုကို သင်ယူရန် မိဘများ၏ အိမ်သို့ ပြန်သွားခဲ့ပြီး တုန်းကျန်းရှိ ကျန်းလဲ့၏ မွေးရပ်မြေတွင် ဤလက်ဖက် အလုပ်ရုံလေးကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်လေသည်။
ပြီးခဲ့သည့် နှစ်များအတွင်း ထိုနှစ်ဦးသည် အချစ်အတွက် မည်မျှအထိ ရုန်းကန်ခဲ့ရကြောင်းကို ကြားသိရသော အခါ ရွှီပေါ်အန်းမှာ တော်တော်လေး အားကျသွားခဲ့မိလေ၏။
ဤသည်မှာ သာမန်လူများ ပိုင်ဆိုင်သင့်သည့် ဘဝမျိုးပင် ဖြစ်လေသည်။
ငါ၏ လူငယ်ဘဝသည်ကား ကံဆိုးမှုများဖြင့်သာ အချိန်ကုန်ခဲ့ရပြီး မှားယွင်းသော လူများနှင့်သာ အလဟဿ ဖြစ်ခဲ့ရလေပြီ။
ဤစိတ်ပျက်စရာ ကိစ္စကို တွေးမိပြီး ရွှီပေါ်အန်းသည် သူ၏ရှေ့ရှိ လက်ဖက်ရည်ခွက်ငယ်လေးကို ကောက်ကိုင် ကာ တစ်ကျိုက်တည်းနှင့် အကုန်မော့သောက်လိုက်လေတော့သည်။
ကျန်းရှောင်ဟုန်က ရွှီပေါ်အန်းအတွက် လက်ဖက်ရည် ထပ်ငဲ့ပေးလိုက်ပြီး ပြောလေသည်။
“အထွေထွေမန်နေဂျာရွှီ ကျောက်ယွန်းထောင်က ကျွန်မတို့ရဲ့ ဖောက်သည်ဟောင်းနဲ့ သူငယ်ချင်းပါ သူက ဒီ ချင်းမင်မတိုင်မီ လုံကျင်းလက်ဖက်ရည် အသုတ်ကိုလည်း မှာထားတယ်လေ။ သူ့အတွက် အရသာနဲ့ အရည် အသွေးကို ကျေးဇူးပြုပြီး စစ်ဆေးပေးနိုင်မလားရှင်...။”
ရွှီပေါ်အန်းက နှိမ့်ချစွာဖြင့် ပြောလေ၏။
“ကျွန်တော်က ပေါ့ပေါ့ပါးပါးပဲ သောက်တတ်တာပါ…၊ ကောင်းတာနဲ့ ဆိုးတာကိုတော့ အကြမ်းဖျင်း ခွဲခြားသိနိုင် ပါတယ်…။ တကယ်လို့ အစ်မက ကွာခြားချက်ကို မြည်းစမ်းခိုင်းမယ် ဆိုရင်တော့ ကျွန်တော် မပြောနိုင်လောက် ဘူး...။”
ဆရာကျန်းက ရယ်မောကာ ပြောလေသည်။
“အထွေထွေမန်နေဂျာရွှီက အရမ်းကို နှိမ့်ချလွန်းပါတယ်…။ ငါက မိန်းမဖြစ်သူနဲ့အတူ လက်ဖက်ရည် ဖျော်လာ တာ နှစ်တွေ အများကြီး ရှိနေပြီ…။ ဒါပေမဲ့ လက်ဖက်ရည် သောက်တဲ့အခါ ပန်းပွင့်ကို ဝါးစားနေတဲ့ နွားတစ် ကောင်လိုပဲ ကောင်းတာနဲ့ ဆိုးတာကို လုံးဝ ခွဲခြားမသိနိုင်ဘူး…။ ဆန့်ကျင်ဘက်အနေနဲ့ အရင်တုန်းက တစ်ပေါင် ကို ယွမ်သုံးဆယ်လောက် ပေးရတဲ့ စံပယ်လက်ဖက်ရည်ရဲ့ အရသာကိုပဲ ငါ သိနိုင်တယ်။ အထွေထွေမန်နေဂျာရွှီ ခင်ဗျားက ကောင်းတာနဲ့ ဆိုးတာကို ခွဲခြားသိနိုင်တာကိုက အရမ်းကို အထင်ကြီးစရာ ကောင်းနေပါပြီ...။”
ရွှီပေါ်အန်းနှင့်အတူ လိုက်ပါလာသော စားသောက်ဆိုင် ကန်ထရိုက်တာ ကျောက်ကျန်းမင်ကလည်း ပြုံး၍ မြှောက်ပင့်ပြောဆိုလေ၏။
“ဟုတ်ပါတယ် အထွေထွေမန်နေဂျာရွှီ…၊ ကျွန်တော်ကတော့ ကျွန်တော်တို့ စီမံကိန်းက နွေရာသီ ကယ်ဆယ်ရေး ပစ္စည်းတွေအဖြစ် ဝေငှပေးတဲ့ သစ်ရွက်ကြီး လက်ဖက်ရည်တွေကိုပဲ သောက်နေရတုန်းပါပဲ…။ သူတို့ကို ဘယ်လိုခေါ်လဲ ဘာအမျိုးအစားလဲ ဆိုတာကိုတောင် ကျွန်တော် မသိဘူး...။”
ကျန်းရှောင်ဟုန်သည် ရွှီပေါ်အန်း ယူဆောင်လာသော လက်ဖက်ရွက်တစ်ရွက်ကို ကိုင်ကာ လက်ချောင်းများ ကြားတွင် ညင်သာစွာ လှည့်ကစားရင်း ပြောလေသည်။
“သေချာတာပေါ့…၊ ခင်ဗျားတို့ နှစ်ယောက်က ဥက္ကဋ္ဌရွှီနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ ဒီထိပ်တန်း အရည်အသွေး ရှိတဲ့ တာ့ဟုန်ပေါင် လက်ဖက်ရည် အသုတ်က လူအများစုက အကြမ်းထည် လက်ဖက်ရွက်တွေကို အသုံးပြုပြီး အလုပ်လုပ်ဖို့တောင် မဝံ့ရဲကြတဲ့ အရာမျိုးပါ…၊ ဥက္ကဋ္ဌရွှီက ဒီလက်ဖက်ရွက်တွေကို ရဖို့အတွက် အခက်အခဲတွေ အများကြီး ကြုံခဲ့ရမှာပဲ မဟုတ်လား...။”
ရွှီပေါ်အန်းက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပြီး ကျန်းရှောင်ဟုန်၏ မေးခွန်းကို တိုက်ရိုက် မဖြေဘဲ မေးလိုက်လေသည်။
“ခင်ဗျားရဲ့ အမြင်အရဆိုရင် ဒီလက်ဖက်ရွက်တွေရဲ့ တန်ဖိုးက အကြမ်းဖျင်း ဘယ်လောက်လောက် ရှိမလဲ...။”
ကျန်းရှောင်ဟုန်က ပြုံး၍ မေးခွန်းကို ရှောင်လွှဲကာ ပြောလေသည်။
“အဲဒါက မှန်းဆလို့ မရနိုင်ပါဘူး…။ ဒါပေမဲ့ လက်ဖက်ရည်နဲ့ ပတ်သက်ပြီး ကျွန်မရဲ့ နားလည်မှုအရ ပြောရရင် သူ့ရဲ့ ပုံပန်းသဏ္ဍာန်နဲ့ အရသာက ဝူရီတောင်မှာရှိတဲ့ တာ့ဟုန်ပေါင် လက်ဖက်ပင်မ ခြောက်ပင်ကနေ ထွက်တဲ့ လက်ဖက်ရည်တွေနဲ့ လုံးဝကို နှိုင်းယှဉ်လို့ ရပါတယ် အကြမ်းထည် လက်ဖက်ရွက်တွေကို မလှော်ရ သေးတဲ့အတွက် အရသာက တော်တော်လေး ကွာခြားနေတာပါ။ ဒါက ကျောက်တုံးတွေပေါ်မှာ လောင်းကစား လုပ်ရသလိုပါပဲ…။ နောက်ဆုံးအချိန်အထိ မမျှော်လင့်ထားတဲ့ အရာတွေ အမြဲတမ်း ရှိနေမှာပါ...။”
ဆရာကျန်းသည် ခေါင်းညိတ်လိုက်ပြီး ပြောလေ၏။
“ငါ့မိန်းမက လူအများ သိအောင် ရှင်းပြနေတာပါ။ အထွေထွေမန်နေဂျာရွှီ ခင်ဗျားရယ်၊ ကျောက်ယွန်းထောင် ရယ်၊ ပြီးတော့ ကျန်းမင်တို့က အသိအကျွမ်းတွေချည်းပဲ ဆိုတော့ ငါလည်း ဟန်ဆောင်ပြီး ဘာမှမပြောတော့ သလို ခင်ဗျားတို့ကိုလည်း အထင်လွဲအောင် မလုပ်တော့ပါဘူး…။”
“ငါ့မိန်းမနဲ့ ငါရဲ့ ကနဦး အကဲဖြတ်မှုအရဆိုရင် ခင်ဗျားရဲ့ လက်ဖက်ရည်က အကောင်းဆုံး အရသာရှိပြီး၊ ဒီတာ့ဟုန်ပေါင် လက်ဖက်ပင်မ ခြောက်ပင်ကနေ ထွက် တဲ့ လက်ဖက်ရည်တွေထက် မဆိုးဘူးဆိုရင်တောင် လက်ရှိ ဈေးကွက်ပေါက်ဈေးအရ ယွမ်သုံးသောင်းကနေ ငါးသောင်းဝန်းကျင်လောက်ပဲ တန်ကြေးရှိနိုင်ပြီး အဲဒီထက်ပိုပြီး ရောင်းရဖို့တော့ မဖြစ်နိုင်ပါဘူး...။”
ရွှီပေါ်အန်း စကားမပြောနိုင်မီ ကျောက်ကျန်းမင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်လေသည်။
၊“ဟင်... ဘာဖြစ်လို့လဲ အရင်တုန်းက အဈေးအကြီးဆုံး တာ့ဟုန်ပေါင် လက်ဖက်ရည်က တစ်ကီလိုဂရမ်ကို ယွမ်ဆယ်သန်းပေါင်းများစွာ တန်တယ်လို့ မင်း ပြောတာကို ငါ ကြားဖူးတယ်လေ။ ကျွန်တော်တို့ရဲ့ ဥက္ကဋ္ဌရွှီရဲ့ လက်ဖက်ရည်က အဲဒါတွေထက် မဆိုးဘူးဆိုတော့ ဈေးနှုန်းကွာခြားချက်က ဘာလို့ ဒီလောက်တောင် ကြီးမား နေရတာလဲ...။”
ဆရာကျန်းက ခါးသက်သက် အပြုံးဖြင့် ပြောလိုက်လေ၏။
“လောင်ကျောက်…၊ မင်းက တကယ်ကို အဓိပ္ပာယ်မရှိတာတွေ ပြောနေတာပဲ။ ငါ ပြောခဲ့တာရဲ့ တစ်ဝက် လောက်ကိုပဲ မင်းက ဘယ်လိုလုပ် မှတ်မိနေရတာလဲ…။ ငါ ပြောချင်တာက သီအိုရီအရ အမြင့်ဆုံး လေလံ ဈေးနှုန်းကို အခြေခံပြီး လက်ဖက်ရည် ဂရမ်နှစ်ဆယ်ကို ယွမ်နှစ်သိန်းနဲ့ ရောင်းချခဲ့ရတယ်။ အဲဒီအချက်အရ တစ်ကီလိုဂရမ်က တကယ်ပဲ ယွမ်ဆယ်သန်းထက် ပိုတန်လိမ့်မယ်။”
“ဒါပေမဲ့ ဒါက သီးခြားဖြစ်ရပ် တစ်ခုပါ ပုံမှန် ဈေးကွက်ထဲမှာ အဲဒီလို အရောင်းအဝယ်မျိုး မရှိပါဘူး။ ဒါ့အပြင် ဒီဘက်ခေတ်မှာ ဒီတာ့ဟုန်ပေါင် လက်ဖက်ပင်မ ခြောက်ပင်က လက်ဖက်ရွက်တွေကို ခူးဆွတ်ခွင့် မပြုတော့ဘူး။ ဒါက မိုးပျံနေတဲ့ ဈေးနှုန်းမျိုး ဖြစ်နိုင်ခြေကို အခြေခံအားဖြင့် ဖယ်ရှားပစ်လိုက်တာပါပဲ...။”
ကျန်းရှောင်ဟုန်က ဝင်ပြောကာ ရှင်းပြလေသည်။
“ဟုတ်ပါတယ် လက်ရှိ ဈေးကွက်မှာ အဈေးအကြီးဆုံး တာ့ဟုန်ပေါင် လက်ဖက်ရည်ဟာ နိုင်ငံတော်လက်ဆောင် အဆင့်ဖြစ်ရင်တောင်မှ ယွမ်တစ်သိန်းဝန်းကျင်လောက်ပဲ ရှိပါတယ်။ အဲဒါက တခြားနိုင်ငံတွေကို နိုင်ငံတော် လက်ဆောင်အဖြစ် ပေးအပ်နိုင်တဲ့ လက်ဖက်ရည်မျိုးပါ။ ရှေးခေတ်ကဆိုရင်တော့ အဲဒါက ဧကရာဇ်မိသားစု အတွက် ဆက်သရတဲ့ လက်ဆောင် ဖြစ်မှာပေါ့။ နောက်တစ်ခုကတော့ ထိပ်တန်းအဆင့် တာ့ဟုန်ပေါင် ဖြစ်ပြီး ယေဘုယျအားဖြင့် ယွမ်တစ်သောင်းကျော် တန်ဖိုးရှိပါတယ်။”
“ဒါပေမဲ့ နိုင်ငံတော်လက်ဆောင် အဆင့်အတန်း ရရှိဖို့ လုပ်ငန်းစဉ်က ယုံကြည်နိုင်လောက်အောင်ကို ရှုပ်ထွေးလှ ပြီး သာမန်လူတွေမှာ အဲဒီအတွက် အင်အား သို့မဟုတ် အချိန် မရှိကြဘူး။ ဒါကြောင့် ကျွန်မတို့က ထိပ်တန်း အဆင့် တာ့ဟုန်ပေါင်ထက် ပိုကောင်းတဲ့ လက်ဖက်ရည်ကို ထုတ်လုပ်နိုင်ရင်တောင်မှ ဈေးနှုန်းက အဲဒီအထက် မှာပဲ ရှိနေဦးမှာ ဖြစ်ပြီးတော့ နိုင်ငံတော်လက်ဆောင် အဆင့်ကို ကျော်လွန်ဖို့က ခက်ခဲပါလိမ့်မယ်။ ဘာဖြစ်လို့ လဲဆိုတော့ အဲဒါက ဂုဏ်သိက္ခာရဲ့ သင်္ကေတ တစ်ခု ဖြစ်နေလို့ပါ...။”
ကျောက်ကျန်းမင်သည် နားလည်သွားသည့်အလား ခေါင်းညိတ်လိုက်ပြီး ပြောလေ၏။
“ငါ နည်းနည်း နားလည်သွားပြီလို့ ထင်တယ်။ ဒါဆိုရင် မင်းက အကောင်းဆုံး တာ့ဟုန်ပေါင် လက်ဖက်ရည်ကို ထုတ်လာနိုင်ရင်တောင်မှ အကယ်၍ အဲဒါက နိုင်ငံတော်လက်ဆောင်အဖြစ် အသိအမှတ်ပြု မခံရဘူးဆိုရင် ဈေးနှုန်းက တစ်ကီလိုဂရမ်ကို ယွမ်ရှစ်သောင်းထက် မကျော်လွန်နိုင်ဘူးပေါ့...။”
ကျန်းရှောင်ဟုန်က ပြုံးလျက် ပြောလေသည်။
“ဟုတ်ပါတယ်….၊ အစ်ကိုကျန်းမင် ပြောတာ ဒီတစ်ခေါက်တော့ မှန်သွားပြီ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ နောက်ဆုံး ဆုံးဖြတ်ချက် တစ်ခု မချနိုင်ခင် လက်ဖက်ရည်ကို ပြုပြင်ပြီး ပုံသွင်းပြီးနောက်မှာ သူ့ရဲ့ အရည် အသွေးကို ကျွန်မတို့ ကြည့်ရှုဖို့ လိုအပ်ပါသေးတယ်...။”
ဆရာကျန်းက အချိန်ကိုက်ပင် အကြံပြုလိုက်လေ၏။
“အထွေထွေမန်နေဂျာရွှီ..၊ တကယ်လို့ ခင်ဗျား ဒီကိစ္စကို သဘောတူတယ်ဆိုရင် ငါ့မိန်းမနဲ့ ငါ ခင်ဗျားအတွက် လက်ဖက်ရွက်တွေကို လှော်ပေးရမလား...။”
ရွှီပေါ်အန်းက ခေါင်းညိတ်ကာ ပြောလေသည်။
“ကျွန်တော် ဘာလို့ ဒီနေရာကို ရောက်နေလဲဆိုတာ ကျောက်ယွန်းထောင်က ခင်ဗျားတို့ကို ပြောပြပြီးပြီလို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော် ဒီကိစ္စအတွက် လာခဲ့တာပါ…၊ လက်ဖက်ရည်က ဒီလောက် တန်ဖိုး ရှိလိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ထားခဲ့ပေမဲ့လည်း၊ ခင်ဗျားတို့ နှစ်ယောက် ကလည်း အရမ်းကို ကျွမ်းကျင် ပုံရတယ်။ ဒီကိစ္စအတွက် ခင်ဗျားတို့ဆီမှာပဲ အပ်ထားခဲ့ပါ့မယ်...။”
ကျန်းဇနီးမောင်နှံမှာ ဝမ်းသာအားရ ဖြစ်သွားကြပြီး ကျန်းရှောင်ဟုန်က အလျင်အမြန် ပြောလိုက်လေ၏။
“စိတ်မပူပါနဲ့ အထွေထွေမန်နေဂျာရွှီ ဒီလက်ဖက်ရည် အသုတ်ကို သေချာ ဂရုတစိုက် ပြုပြင်ဖို့အတွက် ကျွန်မတို့ အစွမ်းကုန် ကြိုးစားပါ့မယ်။ သတ်မှတ်ထားတဲ့အတိုင်း လုပ်ထုံးလုပ်နည်းတွေကို တိတိကျကျ လိုက်နာပြီး ခင်ဗျားအတွက် ပြီးပြည့်စုံတဲ့ လက်ဖက်ရည်ကို သေချာပေါက် ထုတ်လုပ်ပေးနိုင်မှာပါ...။”
ကျောက်ကျန်းမင်၏ ခရောင်းကားဖြင့် ထွက်ခွာလာပြီးနောက်တွင်ပင် ရွှီပေါ်အန်းမှာ တည်ငြိမ်မှု မရနိုင်သေးချေ။
ရွှီပေါ်အန်းက မူလက သူ၏ လက်ဖက်ရွက်များသည် တစ်ကီလိုဂရမ်ကို ယွမ်နှစ်ထောင် သုံးထောင်ခန့် တန်ကြေး ရှိပြီး တော်တော်လေး ကောင်းမွန်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်၏။
ဈေးနှုန်းက သူ တွေးထားသည်ထက် ဤမျှလောက် ပိုမို မြင့်မားနေလိမ့်မည်ဟု ငါ ဘယ်တုန်းကမှ မမျှော်လင့် ထားခဲ့ချေ။
ထိုလှော်ထားသော လက်ဖက်ခြောက် အထုပ်ငယ်လေးထဲမှ နှစ်ပေါင် သုံးပေါင်ခန့်ကပင် ယွမ်တစ်သောင်းကျော် တန်ကြေးရှိနေသည် မဟုတ်ပါလား။
ဤသည်က ဘာကို ဆိုလိုသနည်း။
ရွှီပေါ်အန်းသည် နျူရှီအာနှင့် သူ၏ အလုပ်သမားများထံမှ သူတို့က တောင်ပေါ်တွင် ဤအရာကို ခူးဆွတ်ခဲ့ ခြင်းသာ ဖြစ်ကြောင်း ကြားသိခဲ့ရလေသည်။
အနည်းငယ် ခူးဆွတ်ရုံဖြင့်ပင် ယွမ်တစ်သိန်းကျော်ဖိုး ရောင်းချနိုင်လေသည်။ အကယ်၍ ၎င်းတို့ကို အကြီး အကျယ်နှင့် လေးလေးနက်နက် ခူးဆွတ်မည်ဆိုပါက အမြတ်အစွန်းမှာ တွေးကြည့်၍ပင် ရနိုင်မည် မဟုတ်ချေ။
ရွှီပေါ်အန်း တွေးတောနေစဉ် ရုတ်တရက် သက်သောင့်သက်သာရှိသော ခံစားချက်တစ်ခု ပြင်းထန်စွာ ဖြစ်ပေါ် လာပြီး အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှု တိုးလာသည့် ရှင်းလင်းသော ခံစားချက်တစ်ခုကို ရရှိလိုက် လေသည်။
ရွှီပေါ်အန်းသည် မသိစိတ်ဖြင့် စူးစမ်းကြည့်လိုက်ရာ ချက်ချင်းပင် ဝမ်းသာလုံးဆို့ သွားခဲ့လေတော့သည်။
*ဘုရားရေ...။*
ဤသည်က ရုတ်တရက် အမွှေးတိုင် ပူဇော်မှု စွမ်းအား လေးမျှင်ကို တိုးလာစေခဲ့လေသည်။
*လေးမျှင်တောင်…။*
ထို့အပြင် ၎င်းတို့အားလုံးက တစ်ပြိုင်နက်တည်း ရောက်ရှိလာခဲ့ခြင်း ဖြစ်ချေသည်။
ရွှီပေါ်အန်း၏ ယခင်က အမွှေးတိုင် ပူဇော်မှု စွမ်းအား ရရှိခဲ့သည့် မှတ်တမ်းမှာ တစ်ကြိမ်လျှင် နှစ်မျှင်သာ ဖြစ် ကြောင်း မှတ်သားထားသင့်ပေသည်။
ယခုမူ အမှန်တကယ်ပင် နှစ်ဆ တိုးလာခဲ့လေပြီ။
အကယ်၍ ဤစွမ်းဆောင်ရည်သာ ဆက်လက် တိုးတက်နေမည်ဆိုပါက သူ၏ ရည်မှန်းချက်များကို အကောင် အထည်ဖော်နိုင်ပြီး ကမ္ဘာကြီးကို လွှမ်းမိုးနိုင်လိမ့်မည် မဟုတ်ပါလား။
*ငါ့မှာသာ လုံလောက်တဲ့ အမွှေးတိုင် ပူဇော်မှုနဲ့ ဆုတောင်းပတ္ထနာပြုမှု စွမ်းအားတွေ ရှိနေမယ်ဆိုရင် နျူကလီးယား ဗုံးကိုတောင် လက်ဗလာနဲ့ ဖမ်းနိုင်လိမ့်မယ်လို့ ငါ ထင်မိတယ်...။*
ရွှီပေါ်အန်း စိတ်လှုပ်ရှားစွာ တွေးလိုက်မိလေသည်။
သူက အလွန်အမင်း စိတ်ကူးယဉ် တွေးတောနေစဉ်မှာပင် ရွှီပေါ်အန်း၏ အရေးအကြီးဆုံး လုပ်ငန်းဆောင်တာမှာ ဤအမွှေးတိုင် ပူဇော်မှု ငါးမျှင်၏ အရင်းအမြစ်နှင့် ၎င်းတို့၏ စွမ်းအားကို ရှာဖွေဖော်ထုတ်ရန်ပင် ဖြစ်လေသည်။
ဤသည်ကို တွေးမိပြီး ရွှီပေါ်အန်းသည် ကျောက်ကျန်းမင်အား အလျင်အမြန် ညွှန်ကြားလိုက်လေသည်။
“လောင်ကျောက် ငါ ရုတ်တရက် နည်းနည်း ပင်ပန်းသလို ခံစားရတယ်…၊ ငါ ခဏလောက် အနားယူလိုက်ဦးမယ် ဖြည်းဖြည်း မောင်းပါ ငါတို့ အလျင်မလိုပါဘူး...။”
ခေါင်းဆောင်ဖြစ်သူက ပြောဆိုလာသဖြင့် ကျောက်ကျန်းမင်သည် သဘာဝကျကျပင် မလွန်ဆန်ဝံ့ချေ။ သူသည် ချက်ချင်းပင် ဘရိတ်ကို ထပ်မံနင်းလိုက်ပြီး အပြုံးဖြင့် ပြန်ဖြေလိုက်လေသည်။
“နားလည်ပါပြီ အထွေထွေမန်နေဂျာရွှီ ကျွန်တော်က ကားမောင်းလာတာ ဆယ်နှစ်ကျော်နေပြီ ဆိုတော့ လက်ငြိမ် ပါတယ်။ ခင်ဗျား အခု အနားယူလို့ ရပါပြီ၊ ကျွန်တော်တို့ ရောက်တဲ့အခါ ခင်ဗျားကို ခေါ်လိုက်ပါ့မယ်...။”
ရွှီပေါ်အန်းက ခပ်တိုးတိုး အင်း... ဟု အသံပြုလိုက်ပြီး ထိုင်ခုံခါးပတ်ကို ပတ်ကာ မျက်လုံးများကို ညင်သာစွာ မှိတ်ထားရင်း အနားယူနေဟန် ဆောင်လိုက်လေသည်။ သို့သော် သူ၏ စိတ်အာရုံမှာမူ ဘွန်ဆိုင်းကမ္ဘာလေးထဲသို့ နစ်မြုပ်သွားခဲ့လေတော့သည်။
ဘွန်ဆိုင်းကမ္ဘာလေးထဲတွင် လူပုလေးများသည် နံနက်စာ သို့မဟုတ် နေ့လယ်စာဟု ဆိုနိုင်သော အစားအစာကို ပြင်ဆင်နေကြဆဲ ဖြစ်လေသည်။
မဟာကျင့်မင်းဆက်၏ ဓလေ့ထုံးစံမှာ တစ်ရက်လျှင် ထမင်းနှစ်နပ်သာ စားလေ့ရှိကြောင်း ရွှီပေါ်အန်း တွေ့ရှိ သွားခဲ့လေသည်။
တစ်နပ်ကို နံနက်စောစော သို့မဟုတ် မွန်းတည့်ချိန် နီးပါးတွင် စားကြပြီး နောက်တစ်နပ်ကိုမူ မှောင်သွားပြီး နောက်တွင် စားကြခြင်း ဖြစ်သည်။
သေချာသည်မှာ ဤသည်က အဓိက အစားအစာများကို ရည်ညွှန်းခြင်း ဖြစ်၏။ ရွှီပေါ်အန်းသည် ကြားထဲတွင် သူ စားခဲ့သော သရေစာများကို ဂရုမစိုက်ခဲ့ပေ။
ရွှီပေါ်အန်းသည် ခေါင်ရှန်းရွာရှိ တူလို မြေနံရံအိမ်ရာ ပတ်ပတ်လည်ကို ရှာဖွေခဲ့သော်လည်း လီချိန်းရှီကို မည်သည့်နေရာတွင်မှ မတွေ့ခဲ့ရချေ။
ထပ်မံ၍ ပတ်ပတ်လည်ကို ရှာဖွေပြီးနောက် ထိုနေရာတွင် တည်းခိုနေခဲ့ကြသော စွန်းမိသားစု ငွေပန်းထိမ်ဆိုင်မှ ရွှေပညာရှင်များ ဖြစ်သည့် ကျိုးရှန်းရှန်းနှင့် သူ၏အဖွဲ့တို့လည်း ထွက်သွားကြပြီ ဖြစ်ကြောင်း တွေ့ရှိလိုက်ရ လေသည်။
ရွှီပေါ်အန်းသည် သူတို့ကို အထူးတလည် အာရုံမစိုက်ခဲ့ချေ။ ဤသည်မှာ ခေါင်ရှန်းဟု ခေါ်သော ဆင်းရဲသည့် ရွာကလေး တစ်ရွာသာ ဖြစ်သည်။ သူတို့တွင် စွန်းမိသားစု ငွေပန်းထိမ်ဆိုင်မှ ယူဆောင်လာသော ရထားလုံး အနည်းငယ်သာ ရှိခဲ့လေ၏။ ထိုရထားလုံးများ ထွက်သွားကြပြီ ဖြစ်ရာ သူတို့ ထွက်ခွာသွားပြီ ဖြစ်ကြောင်းက သိသာလှပေသည်။
ရွှီပေါ်အန်းသည် မူလက ဤနေရာတွင် မမျှော်လင့်ထားသော မည်သည့် အခြေအနေများ ဖြစ်ပွားခဲ့သနည်းဟု သူ၏ အသိအကျွမ်းဟောင်း နှစ်ဦးဖြစ်သော လီခန့်ရှန်းနှင့် လီလောင်ဆန်းတို့ကို မေးမြန်းလိုခဲ့လေသည်။
ထို့နောက် ပြီးခဲ့သည့် အကြိမ်က ရုတ်တရက် မေးခွန်းတစ်ခု မေးလိုက်သဖြင့် အဘိုးအိုကို မည်မျှအထိ လန့်သွားစေခဲ့ကြောင်းကို ပြန်လည် သတိရသွားကာ လက်လျှော့ရန် ဆုံးဖြတ်လိုက်လေ၏။
ပတ်ဝန်းကျင်ကို ထပ်မံ လေ့လာကြည့်ပြီးနောက် ရွှီပေါ်အန်းသည် တောင်စောင့်နတ်မင်း နတ်ကွန်း အပြင်ဘက် တွင် သန့်ရှင်းရေး လုပ်နေသော လီချင်းကျန်းထံသို့ အာရုံစိုက်လိုက်လေသည်။
လီချင်းကျန်းသည် လီချိန်းရှီ၏ ဝမ်းကွဲအစ်ကို ဖြစ်လေသည်။ သူက ကံမကောင်းစွာဖြင့် ဧကရာဇ်စာမေးပွဲများကို အကြိမ်ကြိမ် ကျရှုံးခဲ့သည်ဟု ဆိုကြသဖြင့် သူ၏ စိတ်ဓာတ်ကြံ့ခိုင်မှုမှာ တော်တော်လေး ကောင်းမွန်ရပေမည်။
“လီချင်းကျန်း ဒီနေ့ ငါ့အတွက် နတ်ကွန်းကို ဘာဖြစ်လို့ သန့်ရှင်းရေး လုပ်ပေးနေတာလဲ...။”
ရွှီပေါ်အန်းသည် စကားစမြည် စတင်ရန် ပေါ့ပေါ့ပါးပါးပင် မေးလိုက်လေ၏။
တောင်စောင့်နတ်မင်း နတ်ကွန်းကို လီချိန်းရှီနှင့် လီဝူးဖူတို့က ရှင်းလင်းရေး လုပ်ဆောင်နေသည်မှာ အချိန်အတန် ကြာနေပြီ ဖြစ်ရာ လီချင်းကျန်း ပါဝင်လာသည်ကို မြင်တွေ့ရခြင်းက ကောင်းမွန်သော စကားစမြည် ပြောဆိုစရာ အကြောင်းအရာတစ်ခု ဖြစ်ပေသည်။
တောင်လှန်တံဆိပ်တော်အတွက် ဂါထာမန္တန်ကို ကျွမ်းကျင်ပိုင်နိုင်သွားပြီးနောက် ရွှီပေါ်အန်းသည် ၎င်းကို ဆင့်ခေါ်စရာ မလိုဘဲနှင့်ပင် ဘွန်ဆိုင်းထဲရှိ လူပုလေးများနှင့် ဆက်သွယ်နိုင်နေပြီ ဖြစ်လေသည်။
ဤသည်မှာ တောင်စောင့်နတ်မင်းကြီးက သူ့ကို တစ်ဦးတည်း စကားပြောသည်ကို လီချင်းကျန်း ပထမဆုံး အကြိမ် ကြားဖူးခြင်း ဖြစ်လေသည်။ သူသည် ခေတ္တမျှ ကြက်သေသေသွားပြီး ပတ်ဝန်းကျင်ကို ခေတ္တမျှ ကြည့်ရှုလိုက်ကာမှ သတိပြန်ဝင်လာခဲ့လေသည်။
လီချင်းကျန်းသည် အလျင်အမြန် ဒူးထောက်လိုက်ပြီး သူ၏ဘေးတွင် တံမြက်စည်းကြီး တစ်ချောင်းကို ချထားကာ ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလေသည်။
“တောင်စောင့်နတ်မင်းကြီးကို သံတော်ဦး တင်ပါတယ်…။ ကျွန်တော်မျိုးရဲ့ ညီဝမ်းကွဲ ချိန်းရှီ ထွက်သွားတုန်းက ဒီနတ်ကွန်းကို သန့်ရှင်းအောင် ထိန်းသိမ်းဖို့၊ သူ့ကို ကူညီပေးဖို့ အထူးတလည် တောင်းဆိုသွားခဲ့လို့ပါ…။ ”
“ကျွန်တော်မျိုးက တောင်စောင့်နတ်မင်းကြီးဟာ ကျွန်တော်မျိုးတို့ မွေးရပ်မြေက ရွာလူကြီးတွေကို ဂရုစိုက် ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ပြီးတော့ ကျွန်တော်မျိုးက ဒီနေရာမှာ အလုပ်လုပ်ဖို့ ဆန္ဒရှိပါတယ် ဦးလေးဝူးဖူက အတွင်းဘက်မှာ သန့်ရှင်းရေး လုပ်နေပြီး ကျွန်တော်မျိုးက အပြင်ဘက်ကို သန့်ရှင်းရေး လုပ်ဖို့ တာဝန်ယူထားတာပါ...။”
ရွှီပေါ်အန်းသည် ခေါင်းညိတ်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ အကြည့်များသည် တောင်စောင့် နတ်မင်း နတ်ကွန်းအတွင်း၌ အလုပ်များနေသော လီဝူးဖူနှင့် အမွှေးတိုင်ခွက်ထဲရှိ အသစ်ထွန်းညှိထားသော အမွှေးတိုင် သုံးတိုင်ဆီသို့ ပြောင်းရွှေ့သွားခဲ့လေစာ်။
ဤအမွှေးတိုင် စွမ်းအား လေးမျှင်၏ အရင်းအမြစ်မှာ အသစ်ထွန်းညှိထားသော အမွှေးတိုင်များ ဖြစ်နေနိုင် မည်လား။
၎င်းက အဓိပ္ပာယ် မရှိလှချေ။ အမွှေးတိုင်ကို ရွာသားများက အမြဲတမ်း ထွန်းညှိထားကြပြီး သူတို့က အပို အမွှေးတိုင် ပူဇော်မှုများနှင့် ဆုတောင်းပတ္ထနာပြုမှုများကို ပေးအပ်ထားခြင်း မရှိပုံပေါ်လေသည်။
ဌာနခွဲစခန်းတစ်ခု ဖြစ်သည့် ဟုန်ယာရွာရှိ မြေစောင့်နတ် နတ်ကွန်းများ ဖြစ်နေနိုင်မည်လား။
၎င်းမှာ ဖြစ်နိုင်ခြေ မရှိလှပေ။ အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင် ဤကဲ့သို့သော ထုံးစံမျိုး တစ်ခါမှ မရှိခဲ့ဖူး သည့်အပြင် ရွှီပေါ်အန်းသည်လည်း အမွှေးတိုင် ပူဇော်မှုများဖြင့် ဆင့်ခေါ်ခြင်း မရှိဘဲနှင့် ယခုအချိန်တွင် ဌာနခွဲ စခန်းရှိ အခြေအနေကို သူ့ဘာသာသူ မလေ့လာနိုင်သောကြောင့် ဖြစ်လေသည်။
ဤသည်က အနည်းငယ် စိတ်ရှုပ်စရာ ကောင်းလှ၏။ အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်း။
ရွှီပေါ်အန်းက ၎င်းကို သိရှိနိုင်ရန် ဦးနှောက်ကို အတင်းအကျပ် အလုပ်ပေး၍ စဉ်းစားနေစဉ်မှာပင် လီဝူးဖူသည် ရုတ်တရက် အဝတ်စတစ်ခုကို ကိုင်ကာ ရောက်လာခဲ့လေသည်။ အမွှေးတိုင်ခွက်ကို သုတ်နေစဉ် သူက တီးတိုး ရေရွတ်လိုက်လေ၏။
“တောင်စောင့်နတ်မင်းဘိုးဘိုးကြီး ကျေးဇူးပြုပြီး အဲဒီကလေး ချင်းကျန်းကို ကောင်းချီးပေးတော်မူပါ စောစောက သူ အမွှေးတိုင် ထွန်းညှိနေတုန်းက သူက ဧကရာဇ်စာမေးပွဲမှာ အောင်မြင်ဖို့ ကိုယ်တော်ကို ဆုတောင်းနေတာ ဖြစ်နိုင်ပါတယ်…၊ အဲဒီကလေးက... သနားစရာပါပဲ...။”
ရွှီပေါ်အန်းသည် ဘာဖြစ်နေသည်ကို ရုတ်တရက် သဘောပေါက်သွားခဲ့လေသည်။
*ဒီအမွှေးတိုင်ကို လီချင်းကျန်းက ပူဇော်ခဲ့ခြင်းများလား…။*
အကယ်၍ ထိုသို့သာ ဖြစ်မည်ဆိုပါက လီချင်းကျန်းမှာ သာမန်လူ မဟုတ်သည်မှာ သေချာလှပေသည်။