အခန်း (၁၂၉-၁၃၀)
Vol. 13 Ch. 129-130
အခန်း (၁၂၉)
မင်းဆွေမျိုးတစ်သိုက်လုံးက လမ်းပေါ်ကလူမိုက်တွေပဲ
ရွှီပေါ်အန်းသည် အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှု စွမ်းအား တိုးပွားလာခြင်းအား ထိန်းချုပ်သည့် စည်းမျဉ်းများနှင့်ပတ်သက်၍ တစ်ကြိမ်တွင် ကောက်ချက်ချခဲ့ဖူးလေ၏။
သာမန်လူများသည် အမွှေးတိုင် ပူဇော်သောအခါ အမွှေးတိုင်တစ်တိုင် ထပ်တိုးသည့် စံနှုန်းအရ ရှန်းယန်ခရိုင်၏ မြို့စောင့်တပ်မှူးဖြစ်သူ ဝမ်ချောင်းနှင့် ရှန်းယန်ခရိုင်၏ ခရိုင်ဝန် ယန်ရှိုယီတို့သည် ကောင်းချီးမင်္ဂလာ တောင်းခံ ခြင်း မူအရ သူတို့ကိုယ်သူတို့ အမွှေးတိုင် ပူဇော်သည့်အခါ အမွှေးတိုင် နှစ်တိုင်စီ ရရှိခဲ့ကြလေသည်။
ယေဘုယျအားဖြင့် ဆိုရသော် တစ်ဦးတစ်ယောက်၏ ရာထူးအဆင့်အတန်း မြင့်မားလေ သို့မဟုတ် ဩဇာ လွှမ်းမိုးမှု ကြီးမားလေ၊ အမွှေးတိုင် ပူဇော်ပြီးနောက်တွင် အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှု စွမ်းအားများ ပိုမိုရရှိလေ ဖြစ်ပေသည်။
ရွှီပေါ်အန်း၏ ကောက်ချက်အရ အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှု စွမ်းအားကို အသုံးပြုလိုက်သော အခါ သုံးစွဲလိုက်သည့် အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှု စွမ်းအား ပမာဏသည် နှစ်ဆ ဖြစ်သွားလေ သည်။
အလားတူပင် ပူဇော်မှုနှင့် ဆုတောင်းမှုများကို လက်ခံရရှိရန် အခွင့်အလမ်းသည်လည်း နှစ်ဆ တိုးလာနိုင်ဖွယ် ရှိပေသည်။
ဤအမွှေးတိုင် ပူဇော်မှု လေးတိုင် ရုတ်တရက် ပေါ်ထွက်လာခြင်းက ရွှီပေါ်အန်း၏ ခန့်မှန်းချက်ကို အတည်ပြု ပေးနေခဲ့လေသည်။
အကယ်၍ ထိုသို့သာဆိုလျှင် ထိုအမွှေးတိုင် လေးတိုင်ကို ပူဇော်သူသည် အနည်းဆုံး မြို့စောင့်ရဲမက် သို့မဟုတ် တပ်ရင်းမှူးအဆင့်ရှိ တရားဝင်ရာထူး သို့မဟုတ် ဩဇာလွှမ်းမိုးမှု ရှိသူတစ်ဦး ဖြစ်ရပေမည်။
အကယ်၍ ဤအမွှေးတိုင် လေးတိုင်သည် လီချင်းကျန်းကြောင့် အမှန်တကယ် ဖြစ်ခဲ့သည်ဆိုလျှင် လီချင်းကျန်း တွင် အခြေအနေ နိမ့်ကျသွားသော ပညာတတ်တစ်ဦး ဖြစ်ခြင်းအပြင် အခြားသော မသိရသေးသည့် ကိုယ်ပိုင် လက္ခဏာ တစ်ခု ရှိနေသည်ဟု ဆိုလိုခြင်း ဖြစ်လေသလောဟု တွေးမိလိုက်လေသည်။
သေချာသည်မှာ အခြားဖြစ်နိုင်ခြေတစ်ခုလည်း ရှိသေး၏။ ဤအမွှေးတိုင် ပူဇော်မှု လေးတိုင်သည် လီချင်းကျန်း နှင့် လုံးဝ သက်ဆိုင်ခြင်း မရှိဆိုသည်ပင်။
သို့ဆိုလျှင် ရွှီပေါ်အန်း အလွန်အမင်း စဉ်းစားလွန်နေခြင်းသာ ဖြစ်ပေလိမ့်မည်။
သို့သော် ယနေ့ခေတ်တွင် အခြားမည်သူကမျှ အမွှေးတိုင် ပူဇော်ခြင်း မရှိတော့ဟု ထင်ရသည် မဟုတ်ပါလား။
ထိုသို့ တွေးတောနေရင်း ဟန်ဆောင် အိပ်ပျော်နေသော ရွှီပေါ်အန်းသည် အမှန်တကယ်ပင် အိပ်ပျော်သွားခဲ့ လေတော့သည်။
ရွှီပေါ်အန်းတွင် အကျင့်လေးတစ်ခု ရှိလေ၏။ ကားစီးလျှင် အလွန် အိပ်ငိုက်တတ်ခြင်းပင် ဖြစ်သည်။
ထို့အပြင် ကားထဲတွင် ခေါင်းဆောင်များ ပါလာသောကြောင့် ကျောက်ကျန်းမင်သည် ကားကို ငြိမ့်ညောင်းစွာ မောင်းနှင်ခဲ့သဖြင့် ရွှီပေါ်အန်းကို ပိုမို နှစ်ခြိုက်စွာ အိပ်ပျော်သွားစေခဲ့လေသည်။
ရွှီပေါ်အန်း နိုးလာသောအခါ ကားသည် လဲ့ချန်ခရိုင်ရှိ တုန်းကျန်း ဒုတိယဆောက်လုပ်ရေးကုမ္ပဏီ၏ ပြည်နယ် အဝေးပြေးလမ်း စီမံကိန်းသို့ ရောက်ရှိနေပြီ ဖြစ်လေသည်။
ကျောက်ကျန်းမင်က သူ့ကို မနှိုးရဲခဲ့သော်လည်း စီမံကိန်းတွင် စီးပွားရေးကိစ္စ ဆွေးနွေးရန် ရောက်ရှိနေသည့် သဲနှင့် ကျောက်စရစ် ပေးသွင်းသူ မောင်အိုကြီးက ရွှီပေါ်အန်းကို ပြုံးလျက် နှိုးလိုက်လေ၏။
“အထွေထွေမန်နေဂျာရွှီ...၊ ကျွန်တော်တို့ တကယ်ပဲ ရေစက်ပါတာပဲ...၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို အခွင့် အရေးလေး ပေးပါဦး...၊ နေ့လယ်စာကို ကျွန်တော် စီစဉ်ပါရစေ...။”
သူတို့နှစ်ဦးသည် ရင်းနှီးသော ဆက်ဆံရေးရှိပြီး မောင်အိုကြီးကလည်း အားနာနေခြင်း မရှိချေ။
အနီးတွင် ရပ်နေသော ကျောက်ကျန်းမင်က ကမန်းကတန်း ဝင်ပြောလိုက်လေသည်။
“အဲ့ဒီလို လုပ်လို့ မရဘူးလေ မောင်အိုကြီးရဲ့...၊ လုဖို့ မကြိုးစားပါနဲ့...။ အထွေထွေမန်နေဂျာရွှီက ကျွန်တော်တို့ရဲ့ ထင်းရှူးမှိုတွေကို စားချင်တယ်လို့ မနေ့ကတည်းက ပြောထားပြီးသား...။ ထင်းရှူးမှိုဟင်းလျာတွေ ပြင်ဆင်ထား ဖို့ အဖေ့ကိုတောင် ဆက်သွယ်ထားပြီးပြီ...။ အထွေထွေမန်နေဂျာရွှီ ကြွလာမယ့်အချိန်ကိုပဲ စောင့်နေတာပါ...။”
ကျောက်ကျန်းမင်သည် ယခင်က တုန်းကျန်း ဒုတိယဆောက်လုပ်ရေးကုမ္ပဏီ စီမံကိန်းတစ်ခုတွင် ကန်ထရိုက်တာ ငယ် တစ်ဦး ဖြစ်ခဲ့ဖူးလေသည်။ နောက်ပိုင်းတွင် စားသောက်ကုန် ကန်ထရိုက်ယူခြင်းက ပို၍ အကျိုးအမြတ်များ ကြောင်း တွေ့ရှိရသဖြင့် ထိုလုပ်ငန်းကို ကြိုးပမ်းခဲ့ခြင်း ဖြစ်လေသည်။
သူနှင့် မောင်အိုကြီး နှစ်ဦးစလုံးသည် အနီးအနားရှိ ခရိုင်များမှ လူမိုက်ဂိုဏ်း ခေါင်းဆောင်ငယ်များအဖြစ် စတင် ခဲ့ကြပြီး သဘာဝကျကျပင် တစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်ခဲ့ကြလေသည်။
မောင်အိုကြီးက ရယ်မောရင်း ဆူပူလိုက်လေ၏။
“ထင်တဲ့အတိုင်းပါပဲ...၊ ရေနဲ့ နီးတဲ့သူက လကို အရင်မြင်ရတာပဲ...။ အထွေထွေမန်နေဂျာရွှီ...၊ ဒီညအတွက် ညစာကို ကျွန်တော် စီစဉ်ရင်ကော ဘယ်လိုလဲ...။”
ရွှီပေါ်အန်းက လက်ကာပြလိုက်ပြီး ပြောလိုက်လေသည်။
“ကောင်းပါပြီ...၊ ခင်ဗျားတို့နှစ်ယောက် လောလောဆယ် ငြင်းမနေကြနဲ့ဦး...။ ဒီကိစ္စကို နောက်မှ ပြောကြတာ ပေါ့...၊ အင်ဂျင်နီယာဌာနနဲ့ ဘေးကင်းရေးနှင့် အရည်အသွေးထိန်းချုပ်ရေးဌာနက လူတွေရော ဘယ်မှာလဲ...။”
အနားသို့ ရောက်လာသော စီမံကိန်းမန်နေဂျာက အလျင်အမြန် ရှင်းပြလေသည်။
“မင်္ဂလာပါ အထွေထွေမန်နေဂျာရွှီ...၊ ဌာနမှူးနှစ်ယောက်က စီမံကိန်းအတွက် သက်ဆိုင်ရာ ပြည်တွင်းစာရွက် စာတမ်း တွေကို စစ်ဆေးပြီးပြီမလို့ ကွင်းဆင်းစစ်ဆေးဖို့ ဥမင်လှိုဏ်ခေါင်းထဲကို ဝင်သွားကြပါပြီ...။”
စီမံကိန်းမန်နေဂျာသည် မူလက အတူဝင်သွားရန် ဖြစ်သော်လည်း ရွှီပေါ်အန်း မကြာမီ ရောက်လာမည်ကို သိရှိ ပြီးနောက် အင်ဂျင်နီယာချုပ်အား ဌာနမှူးနှစ်ဦးနှင့် အတူလိုက်ပါရန် စီစဉ်ခဲ့ပြီး သူကမူ ရွှီပေါ်အန်းကို စောင့်ဆိုင်း ရန် ကျန်ရစ်ခဲ့ခြင်း ဖြစ်လေသည်။
ရွှီပေါ်အန်းက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်လေ၏။
“ကောင်းပြီ...၊ အထဲဝင်ပြီး သွားကြည့်ရအောင်...၊ စီမံကိန်းနေရာမှာ ကားတွေ ကျန်သေးလား...။”
ကုန်ကျစရိတ် ထိန်းချုပ်မှု အကြောင်းရင်းများကြောင့် စီမံကိန်းငယ်များအတွက် ရရှိနိုင်သော ယာဉ်အလုံ အလောက် မရှိသဖြင့် ရွှီပေါ်အန်းက ဤမေးခွန်းကို မေးမြန်းခဲ့ခြင်း ဖြစ်လေသည်။
အဖွဲ့ဝင်များအတွက်ပင်လျှင် တစ်ယောက်တစ်စီး ခွဲဝေပေးနိုင်ခြင်း မရှိပေ။ သူတို့အားလုံး မျှဝေသုံးစွဲရန် ကားတစ်စီးသာရှိပြီး ထိုအပြင် စက်ကိရိယာများနှင့် ပစ္စည်းများ သယ်ယူရန် ပစ်ကပ်ကား တစ်စီးသာ ရှိလေသည်။
သို့သော် ယေဘုယျအားဖြင့် ဆိုရလျှင် စီမံကိန်းခေါင်းဆောင်များတွင် ကားမရှိခြင်းဟူ၍ မရှိတတ်ချေ။ သူတို့ သည် ကန်ထရိုက်တာငယ် အမျိုးမျိုး၏ ကားများကို အချိန်မရွေး အသုံးပြုနိုင်ကြလေသည်။
အသိဉာဏ်ရှိသော ကန်ထရိုက်တာ အများအပြားသည် စီမံကိန်းခေါင်းဆောင်များ တစ်ဦးတည်း အသုံးပြုရန် အတွက် ယာဉ်တစ်စီးကို အခမဲ့ပင် ထောက်ပံ့ပေးထားတတ်ကြလေသည်။
သို့သော် ဤကိစ္စကို ပွင့်ပွင့်လင်းလင်း ဆွေးနွေး၍ မရနိုင်ပေ။ အထူးသဖြင့် ရွှီပေါ်အန်း ရာထူးစတင်တာဝန်ယူခါစ အချိန်ဖြစ်နေ၍ ဖြစ်ပေသည်။
စီမံကိန်းမန်နေဂျာသည် ရွှီပေါ်အန်းက သူ့ကို အပြစ်ရှာမည်ကို မလိုလားခဲ့ချေ။
ထို့ကြောင့် စီမံကိန်းမန်နေဂျာက အနေခက်စွာ ပြုံးရင်း ရှင်းပြလေ၏။
“စီမံကိန်းက ပစ်ကပ်ကားက စမ်းသပ်ပစ္စည်းတွေကို အပြင်က ကုမ္ပဏီဆီ ပို့ဖို့ ထွက်သွားပါတယ်...၊ မစ်ဆူဘီရှီ SUV ကလည်း ဌာနမှူးနှစ်ယောက်ကို သွားပို့ထားတာပါ...၊ နောက်ထပ် သုံးမိနစ်၊ ငါးမိနစ်လောက်ဆို ပြန်ရောက် လာပါလိမ့်မယ်...။”
ရွှီပေါ်အန်းက ခေါင်းညိတ်လိုက်ပြီး စီမံကိန်းမန်နေဂျာကို ဂရုမစိုက်တော့ချေ။ ဤသူသည် ဟယ်ချန်၏ လူများထဲ မှ တစ်ဦးဖြစ်ကြောင်း သူ ကောင်းစွာ သိရှိထားပြီး ဖြစ်လေသည်။
ရွှီပေါ်အန်းက လှည့်ကာ ညွှန်ကြားလိုက်လေ၏။
“လောင်ကျောက်...၊ ဒီကားက ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွက် သင့်တော်မှာမဟုတ်ဘူး...။ ခင်ဗျား ဒီမှာပဲ ခဏလောက် နေခဲ့မလား...၊ ဒါမှမဟုတ် အိမ်ပြန်ပြီး အခြေအနေ သွားကြည့်မလား...။ မောင်အိုကြီး...၊ ခင်ဗျား ဒီကို ဘာကားနဲ့ မောင်းလာတာလဲ...။”
စီမံကိန်းနေရာသည် ကျောက်ကျန်းမင်၏ ရွာဖြစ်သော ကျောက်ကျားကောက်ရွာနှင့် ကပ်လျက်ရှိသဖြင့် ကားမောင်းပြန်လျှင် ခဏသာ ကြာလေသည်။
ကျောက်ကျန်းမင်က ကမန်းကတန်း ပြောလေ၏။
“ရပါတယ် အထွေထွေမန်နေဂျာရွှီ...၊ ကားတွေက မောင်းဖို့အတွက်ပဲလေ...။ ကျွန်တော် လိုက်ပို့ပေးပါ့မယ်...၊ ဒါ့အပြင် အဖေက ခင်ဗျားကို ဖိတ်ခိုင်းထားတာ...၊ မဟုတ်ရင် ကျွန်တော့်ကို အိမ်ပြန်ခွင့်ပြုမှာ မဟုတ်ဘူး...။”
မောင်အိုကြီးက စိတ်တိုစွာဖြင့် ပြောလေသည်။
“အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့...၊ ကျွန်တော့်ရဲ့ ပစ်ကပ်ကားက စီမံကိန်းနေရာမှာ ရှိတယ် အထွေထွေ မန်နေဂျာရွှီ...၊ ကျွန်တော် ခင်ဗျားနဲ့အတူ လိုက်ခဲ့ပါမယ်...။”
ရွှီပေါ်အန်းက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ပြောလေလိုက်တော့သည်။
“ကောင်းပြီ...၊ သော့ပေး...၊ ငါ မောင်းမယ်...။”
မောင်အိုကြီးမှာ သဘာဝကျကျပင် ကန့်ကွက်စရာ မရှိခဲ့ပေ။
ကားပေါ်ရောက်ပြီးနောက် ရွှီပေါ်အန်းသည် ချက်ချင်း မောင်းထွက်မသွားခဲ့ချေ။
ထို့အစား သူ၏ ယာဉ်မောင်းကျွမ်းကျင်မှုကို တိုးတက်စေရန် ယခင်က သူ၏ အစီအစဉ်ကို ရုတ်တရက် သတိရ သွားခဲ့လေသည်။
*တကယ်လို့ ငါသာ ပြီးခဲ့သည့်အခေါက်က ထူးချွန်တဲ့ ယာဉ်မောင်းစွမ်းရည်နဲ့ အိုယန်နာကျားကို မောင်းနှင် နိုင်ခဲ့ရင် အဲ့ဒီ ဖာရာရီကားတောင်မှ ငါ့ကို ကျော်တက်နိုင်ခဲ့မဟုတ်ဘူး…။*
ရွှီပေါ်အန်းသည် ယခုအခါ အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှု စွမ်းအားကို အလွန်ပင် ယုံကြည်မှု ရှိနေလေပြီုဖြစ်သည်။
ထို့ကြောင့် ရွှီပေါ်အန်းသည် သူ၏ ယာဉ်မောင်းကျွမ်းကျင်မှုကို အဆင့်မြှင့်ရန် အမွှေးတိုင် ပူဇော်မှု စွမ်းအား တစ်မျှင်ကို ရက်ရက်ရောရောပင် အသုံးပြုလိုက်လေတော့သည်။
နောက်တစ်ခဏ၌ပင် ရွှီပေါ်အန်း၏ စိတ်ထဲတွင် ရှုပ်ထွေးသော ယာဉ်မောင်းအခြေအနေများ အပါအဝင် မှတ်ဉာဏ်မျိုးစုံဖြင့် ပြည့်နှက်သွားခဲ့လေတော့သည်။
၎င်းက ဝါရင့်ယာဉ်မောင်းတစ်ဦး၏ တန်ဖိုးကြီးမားသော မှတ်ဉာဏ်များကို ဖွင့်လှစ်ပေးလိုက်ရုံသာမက စက်ဘီး နှင့် ဆိုင်ကယ် မောင်းနှင်ခြင်း ကျွမ်းကျင်မှုများကိုပါ တစ်ခဏချင်းအတွင်း တိုးတက်သွားစေခဲ့လေသည်။
ရွှီပေါ်အန်း ကလေးဘဝက ဖခင်ဖြစ်သူနှင့်အတူ ထွန်စက်ကို ပေါ့ပေါ့ပါးပါး မောင်းနှင်ကစားခဲ့သည့် အတွေ့အကြုံ ပင်လျှင် လျင်မြန်စွာ ကျယ်ပြန့်လာပြီး ဝါရင့်ယာဉ်မောင်းတစ်ဦး၏ ခံစားချက်မျိုးကို ပေးစွမ်းလာခဲ့လေ၏။
ကစားကွင်းတွင် သူသင်ယူခဲ့ဖူးသော ဘန်ပါကား မောင်းနှင်သည့် ကျွမ်းကျင်မှုပင်လျှင် တစ်ခဏချင်းအတွင်း သိသိသာသာ တိုးတက်လာခဲ့သည်။ ယခုအခါ ကားဆယ်စီးကို တစ်ပြိုင်နက်တည်း ဝင်တိုက်နိုင်မည်ဟုပင် ရွှီပေါ်အန်း ခံစားလိုက်ရလေသည်။
ထိုအချိန်တွင် အမွှေးတိုင် ပူဇော်မှု စွမ်းအားမှာ အနည်းငယ် အလဟဿ ဖြစ်သွားသည်ဟုပင် ရွှီပေါ်အန်း ခံစားလိုက်ရ၏။
အကယ်၍ သူသာ တင့်ကားများနှင့် လေယာဉ်များကဲ့သို့သော အဆင့်မြင့် ယာဉ်များကို ကြိုတင်၍ အတွေ့အကြုံ ယူနိုင်မည်ဆိုပါက ယာဉ်မောင်းစွမ်းရည်များကို ပိုမို၍ ကျွမ်းကျင်စွာ တတ်မြောက်နိုင်မည် မဟုတ်ပါလား။
“လူတွေရဲ့ လောဘက ဆင်ကိုမျိုချဖို့ ကြိုးစားနေတဲ့ မြွေတစ်ကောင်လိုပါပဲလား...” ဟု ရွှီပေါ်အန်းက သူ့ကိုယ်သူ သရော်လျက် စိတ်ထဲမှ တွေးလိုက်လေသည်။
စက္ကန့်အနည်းငယ်အကြာတွင် ရွှီပေါ်အန်းက အင်ဂျင်ကို နှိုးလိုက်ပြီး လီဗာနှင့် ဘရိတ်ကို တွဲဖက်နှိပ်ကာ ဂီယာ ကားကို အရှိန်ပြင်းစွာဖြင့် မောင်းထွက်သွားလေတော့သည်။
ခရီးသည်ထိုင်ခုံတွင် ပြုံးနေသော မောင်အိုကြီးပင်လျှင် တစ်ခဏမျှ အံ့အားသင့်သွားပြီး ပြတင်းပေါက် လက်ကိုင် ကို တိတ်ဆိတ်စွာပင် တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်မိလေ၏။
အနောက်ဘက်ထိုင်ခုံရှိ ခါးပတ်မပတ်ထားသော စီမံကိန်းမန်နေဂျာသည် ရှေ့သို့ လွင့်စင်သွားပြီး သူ၏ မျက်နှာမှာ ရှေ့ထိုင်ခုံ၏ အနောက်ဘက်နှင့် အရှိန်ပြင်းစွာ ဆောင့်မိသွားလေတော့သည်။
မကြာမီ ကားသည် ဥမင်လှိုဏ်ခေါင်းအတွင်းသို့ ရောက်ရှိသွားခဲ့လေ၏။
ကား လုံးဝ ရပ်တန့်သွားသည်နှင့် တစ်ပြိုင်နက် စီမံကိန်းမန်နေဂျာ လောင်ဝူးသည် တံခါးကိုဖွင့်ကာ အပြေး အလွှား ထွက်သွားပြီး ရေမြောင်းဆီသို့ ပြေးသွားကာ အဆက်မပြတ် အန်ချလေတော့သည်။
ရွှီပေါ်အန်းက ပြုံးလျက် မေးလိုက်လေသည်။
“အိုး... ဆောရီးပဲ လောင်ဝူး...၊ ငါ ကားမမောင်းရတာ ကြာပြီမလို့ စိတ်လှုပ်ရှားပြီး မြင်းရိုင်းတစ်ကောင်လို မောင်းမိသွားတယ်...။”
စီမံကိန်းမန်နေဂျာ လောင်ဝူးက ခေါင်းပင်မမော့ဘဲ လက်ကာပြရင်း ပြောလိုက်လေသည်။
“မဟုတ်ပါဘူး... မဟုတ်ပါဘူး...၊ ခင်ဗျား တော်တော်လေး ကောင်းကောင်း မောင်းနိုင်ပါတယ်...၊ ကျွန်တော် ကားမူးလို့ပါ...။”
“ကောင်းပြီ...၊ ခင်ဗျား ဆက်အန်နေလိုက်ဦး...၊ ကျွန်တော် အရင်ဝင်ပြီး အခြေအနေ သွားကြည့်လိုက်မယ်...။”
ထိုသို့ပြောပြီးနောက် ရွှီပေါ်အန်းနှင့် မောင်အိုကြီးတို့သည် တစ်ယောက်ကိုတစ်ယောက် ပြုံးပြလိုက်ကြပြီး ဘေးကင်းရေးဦးထုပ်များနှင့် ရော်ဘာဘွတ်ဖိနပ်များကို စီးကာ ဥမင်လှိုဏ်ခေါင်း မျက်နှာစာဆီသို့ ဝင်ရောက် သွားခဲ့ကြလေသည်။
ရွှီပေါ်အန်းသည် သံသယဖြစ်ဖွယ်မရှိဘဲ အားလုံး၏ အာရုံစိုက်ရာ ဗဟိုချက် ဖြစ်နေလေသည်။
လူတစ်စုသည် ရွှီပေါ်အန်းကို ဝိုင်းရံထားကြပြီး သူ့အား "အထွေထွေမန်နေဂျာရွှီ" ဟု ခေါ်ဝေါ်ကာ စီမံကိန်းရှိ လုပ်ငန်းဆောင်တာ အသီးသီး၏ တိုးတက်မှုများကို အစီရင်ခံနေကြလေသည်။ အသက်လေးဆယ်ကျော်အရွယ် ပုံမှန်အားဖြင့် စာမတတ်ဟု ဆိုကြသော ဖိုမင်နှစ်ဦးပင်လျှင် ဘောပင်နှင့် မှတ်စုစာအုပ်များကို ကိုင်ဆောင်ထား ကြပြီး ခေါင်းဆောင်၏ စကားများကို မှတ်စုထုတ်နေသယောင် အလေးအနက် ဟန်ဆောင်ကာ ပြုံးနေခဲ့ကြ လေသည်။
အဖွဲ့သားများ အေးအေးဆေးဆေး စကားစမြည် ပြောဆိုနေကြစဉ် ရုတ်တရက် ဆိုင်ကယ်တစ်စီး က နီးကပ် လာပြီးနောက် ကျယ်လောင်သော ငိုကြွေးသံတစ်ခု ထွက်ပေါ်လာလေသည်။
“ယောက်ျား... ပြဿနာကြီးတော့ တက်ပြီ...၊ ကျွန်မတို့ကလေး အပြင်မှာ ဆော့နေတုန်း ဖြတ်သွားတဲ့ ကားသမား တစ်ယောက်က ကလေးကို ဖမ်းသွားပြီရှင်...။”
ထိုစကားကို ကြားသောအခါ လူတိုင်း ချက်ချင်းပင် အံ့အားသင့်သွားကြလေတော့သည်။
ခေါင်းဆောင်၏ အနောက်တွင် မှတ်စုစာအုပ်ဖြင့် မှတ်စုထုတ်ချင်ယောင်ဆောင်နေသော ဖိုမင်တစ်ဦးက မာန်မဲလိုက်လေသည်။
“မင်းလို မိန်းမမျိုးက တစ်နှစ်သားအရွယ် ကလေးတစ်ယောက်ကိုတောင် သေချာ မကြည့်နိုင်ဘူးလား...။”
ကျိန်ဆဲနေသော်လည်း ဖိုမင်ဖြစ်သူသည် သူ၏ မှတ်စုစာအုပ်နှင့် ဘောပင်ကို လွှင့်ပစ်လိုက်ပြီး ရွှံ့ပေနေသော ဘွတ်ဖိနပ်များကိုပင် မလဲလှယ်နိုင်ဘဲ ဆိုင်ကယ်ရှိရာသို့ ပြေးသွားလေတော့သည်။
အလုပ်လုပ်ရာ နေရာသည် စီမံကိန်းအဖွဲ့၏ နေထိုင်ရာ အဆောင်နှင့် အလှမ်းကွာဝေးသောကြောင့် လူအများ အပြားသည် အလုပ်သွားအလုပ်ပြန်အတွက် ဆိုင်ကယ်များကို ဝယ်ယူထားကြလေသည်။
ယခုမှ ရောက်လာသော စီမံကိန်းမန်နေဂျာမှာ အလွန်အမင်း စိုးရိမ်ပူပန်နေလေ၏။ ဤကိစ္စသည် အလုပ်နှင့်
မသက်ဆိုင်သော်လည်း ကလေးကို ရှာမတွေ့ပါက ခေါင်းဆောင်နေရာတွင်ရှိနေသော သူ့အနေဖြင့် တရားမျှတမှု မရှိဘဲ တာဝန်ယူရမည်ဆိုပါက မည်သို့လုပ်ရမည်နည်း။
သူသည် လူမိုက်တစ်ဦး မဟုတ်ချေ။ ဧကရာဇ်အသစ်၊ နန်းတော်အသစ် ဟူသော နိယာမကို သူ နားလည်ထားပြီး အထွေထွေမန်နေဂျာရွှီ ရာထူးတက်လာသည်နှင့် သူနှင့် သူ၏ လုပ်ဖော်ကိုင်ဖက် အရာရှိဟောင်းများသည် ရေခဲ ပြင်ပါးပါးပေါ်တွင် လျှောက်လှမ်းနေရသကဲ့သို့ အန္တရာယ်များနေကြောင်းကို သိရှိထားလေသည်။
ရွှီပေါ်အန်းသည် ထိုသူအား မကျေနပ်သော်လည်း ဤမျှကြီးမားသော ကိစ္စရပ်ကို ကြားသောအခါ သူ၏ မျက်နှာ အမူအရာ ပြောင်းလဲသွားပြီး ကမန်းကတန်း အော်ဟစ်လိုက်လေသည်။
“မောင်အိုကြီး... သွားရအောင်...၊ ငါတို့ သူ့ကို ပြန်ခေါ်လာရမယ်...။”
မောင်အိုကြီးက စကားတစ်ခွန်းမျှ မဆိုဘဲ ခေါင်းညိတ်လိုက်ပြီး စီးကရက်ကို အားပါးတရ ဖွာရှိုက်ကာ လက်ထဲရှိ သောက်လက်စ စီးကရက်ကို လွှင့်ပစ်လိုက်ပြီး ဘေးရှိ ပစ်ကပ်ကားဆီသို့ ပြေးသွားလေတော့သည်။
ဖိုမင်ဖြစ်သူက သူ၏ ဇနီးအား အော်ဟစ်လိုက်လေ၏။
“ငိုမနေနဲ့တော့...၊ သူတို့မှာ ဘာကားမျိုး ရှိတာလဲ...၊ ကားလိုင်စင်နံပါတ်နဲ့ ကားအမျိုးအစားကိုရော မင်း သိလိုက် လား...။”
အမျိုးသမီးဖြစ်သူမှာ ဆက်တိုက် ငိုကြွေးနေပြီး မည်သို့မျှ တုံ့ပြန်ခြင်း မရှိခဲ့ချေ။
မောင်အိုကြီးက မျက်မှောင်ကြုတ်ကာ ရှေ့သို့ တက်သွားပြီး သူ၏လက်ထဲရှိ ရေသန့်ဘူးကို ယူကာ အမျိုးသမီး၏ ခေါင်းပေါ်သို့ လောင်းချလိုက်ပြီး ပြင်းထန်စွာ ဆူပူလိုက်လေသည်။
“အဲ့ဒီလောက် အေးစက်နေတဲ့ပုံစံနဲ့ ငိုမနေနဲ့...၊ မင်း ဆက်ငိုနေရင် လူကုန်ကူးတဲ့သူတွေ အဝေးကြီး ရောက်သွား လိမ့်မယ်...၊ ဘာကားအမျိုးအစားလဲ...၊ လိုင်စင်နံပါတ်က ဘယ်လောက်လဲ...။”
ရေ၏ လှုံ့ဆော်မှုကြောင့် အမျိုးသမီးသည် အနည်းငယ် သတိပြန်ဝင်လာပုံရပြီး ခေါင်းရမ်းကာ ငိုကြွေးရင်း ပြောလေ၏။
“ကျွန်မ မသိဘူး...၊ သူတို့က ပြည်နယ်အပြင်ဘက်ကို ထွက်သွားမယ့် ဝင်ရိုးလေးခုပါတဲ့ ကုန်တင်ကားနီကြီးလို့ ပြောကြတယ်...။”
ကားသည် ဥမင်လှိုဏ်ခေါင်းထဲမှ အမြန် မောင်းထွက်သွားလေသည်။
ရွှီပေါ်အန်းက စီမံကိန်းနေရာ၏ အဝင်ဝတွင် ကားရပ်လိုက်ပြီး ပြောလိူက်လေသည်။
“မောင်အိုကြီး...၊ အထဲဝင်ပြီး လောင်ကျောက်ကို သွားခေါ်ချေ...။ သူ့ကိုလည်း ကားမောင်းပြီး လိုက်ခဲ့ဖို့ ပြောလိုက်...၊ လူအင်အား များများရှိမှ ဖြစ်မယ်...။”
မောင်အိုကြီးက ကားပေါ်မှ ဆင်းရင်း ပြောလိုက်လေသည်။
“အထွေထွေမန်နေဂျာရွှီ...၊ အသစ်ဖောက်ထားတဲ့ ပြည်နယ်အဝေးပြေးလမ်းကနေ သွားကြရအောင်...။ အဲဒီ ကုန်တင်ကားတွေက ပြည်နယ်အပြင်ဘက်ကို ထွက်သွားတာဆိုတော့ လမ်းဟောင်းကနေ သေချာပေါက် ဖြတ် သွားရမှာပဲ...၊ ကျွန်တော်တို့ လမ်းသစ်ကနေ တိုက်ရိုက် ဖြတ်ဝင်ပြီး သူတို့ကို တားဆီးမယ်ဆိုရင် အချိန်မီ လောက်ပါသေးတယ်...။”
“နားလည်ပြီ...။”
ရွှီပေါ်အန်းသည် မောင်အိုကြီး ကားပေါ်မှ ဆင်းသွားသည်ကို မြင်သောအခါ လီဗာကို နင်းကာ အရှိန်ပြင်းစွာဖြင့် ထပ်မံ မောင်းထွက်သွားလေတော့သည်။
မကြာမီမှာပင် စီမံကိန်းလုပ်ငန်းခွင်မှ ယာဉ်သုံးလေးစီးသည် တစ်ပြိုင်နက်တည်း စတင်ထွက်ခွာလာပြီး စီမံကိန်း ဂိတ်ပေါက်မှ တစ်စီးပြီးတစ်စီး အပြေးအလွှား ထွက်ခွာသွားခဲ့ကြလေသည်။
၎င်းမှာ အသုံးပြုရန် မဖွင့်လှစ်ရသေးသော လမ်းသစ်တစ်ခု ဖြစ်သော်လည်း လမ်းကျွမ်းကျင်သော ရွာသားအချို့ သည် ဖြတ်လမ်းအဖြစ် အသုံးပြုရန် ၎င်းပေါ်တွင် မောင်းနှင်နေကြလေသည်။
ဤအရာကို ရှင်းလင်းပြတ်သားစွာ တားမြစ်ထားသော်လည်း ဤကဲ့သို့သော ဝေးလံခေါင်ဖျားသည့် ဒေသများ တွင် စီမံခန့်ခွဲမှု အားနည်းခြင်းကြောင့် ထိရောက်မှု သိပ်မရှိလှချေ။
လမ်းသစ်ပေါ်တွင် အမြန်နှုန်း ကန့်သတ်ချက် မရှိသည့်အပြင် သူသည် အလျင်စလို ဖြစ်နေသောကြောင့် ရွှီပေါ်အန်း သည် အလွန် ကြမ်းတမ်းစွာ မောင်းနှင်ခဲ့လေသည်။
မကြာမီ သူ၏ ထူးချွန်သော ယာဉ်မောင်းစွမ်းရည် အကူအညီဖြင့် ရွှီပေါ်အန်းသည် ဦးဆောင်နိုင်ခဲ့ပြီး အခြားကား များကို အနောက်တွင် ပြတ်ကျန်ရစ်ခဲ့စေသည်။
မကြာမီ ရွှီပေါ်အန်းသည် လမ်းသစ်နှင့် လမ်းဟောင်း ဆုံရာ လမ်းဆုံတွင် ကတ္တရာမခင်းရသေးသော မြေသား လမ်းပေါ်မှနေ၍ ယိုယွင်းပျက်စီးနေသော လမ်းဟောင်းပေါ်သို့ ရောက်ရှိသွားခဲ့လေ၏။
ရွှီပေါ်အန်းသည် ကားကို ကန့်လန့်ဖြတ် ရပ်တန့်ရမည်လားဟု စဉ်းစားနေစဉ် ရုတ်တရက် စူးရှသော ဟွန်းသံတစ် သံ ထွက်ပေါ်လာပြီးနောက် ကုန်တင်ကားနီကြီး တစ်စီး အရှိန်ပြင်းစွာ ဖြတ်သန်းသွားလေတော့သည်။
ကားပြတင်းပေါက်အတွင်းတွင် နို့ဘူးကို ကိုက်ကာ ငိုကြွေးနေသော ကလေးငယ်တစ်ဦးကို ရွှီပေါ်အန်း ဝိုးတဝါး မြင်လိုက်ရသကဲ့သို့ ထင်မှတ်လိုက်လေသည်။
တစ်ဖက်လူသည် အဘယ်ကြောင့် ဤမျှ အရှိန်ပြင်းစွာ မောင်းနှင်နေရသနည်း။
ရွှီပေါ်အန်း ထပ်မံ မစဉ်းစားနိုင်မီ သူသည် ကားနောက်သို့ လိုက်ရန် ပြင်လိုက်စဉ် ရုတ်တရက် ဖောက်စ်ဝက်ဂွန် ကားအနက်ရောင်တစ်စီး အနောက်မှ ရောက်လာပြီး မြေသားလမ်းပေါ်သို့ မောင်းနှင်ကာ သူ၏လမ်းကို ပိတ်ဆို့ လိုက်လေသည်။
ရွှီပေါ်အန်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့လေ၏။
တံခါးကိုဖွင့်ပြီး တစ်ဖက်လူကို ဆဲဆိုရန်ပင် အချိန်မရလိုက်မီ သူသည် စတီယာရင်ကို အလျင်အမြန် ကွေ့လိုက် ပြီး ကုန်တင်ကားနီကြီးနောက်သို့ အပြေးအလွှား လိုက်ပါသွားလေတော့သည်။
နောက်တစ်ခဏတွင် ဖောက်စ်ဝက်ဂွန် ကားအနက်ရောင်သည် ပြန်လည်စတင်လိုက်ပြီး သူ့နောက်သို့ လိုက်နေ ပုံရလေသည်။
နောက်ကြည့်မှန်ထဲမှ ဖောက်စ်ဝက်ဂွန် ကားအနက်ရောင်၏ လုပ်ရပ်များကို ကြည့်ရင်း ရွှီပေါ်အန်း မျက်မှောင် ကြုတ်လိုက်မိလေသည်။
*ဒါ လူကုန်ကူးတဲ့ ဂိုဏ်းများ ဖြစ်နေမလား…။*
*သူတို့က ဘာကြောင့် ဒီလောက် တိုက်တိုက်ဆိုင်ဆိုင် ငါ့ကို တားဆီးရတာလဲ…။*
ကွေ့ကောက်နေသော တောင်ပေါ်လမ်းဟောင်းသည် အကွေ့အကောက်များဖြင့် ပြည့်နှက်နေလေသည်။
ရွှီပေါ်အန်းသည် အကွေ့တစ်ခုပြီးတစ်ခု လျင်မြန်စွာ ကျော်ဖြတ်သွားပြီး မကြာမီ သူ၏ရှေ့ရှိ ကုန်တင်ကားနီကြီး ကို မြင်လိုက်ရလေတော့သည်။
“တီ... တီ...”
ရွှီပေါ်အန်းသည် အရှေ့ရှိ ကုန်တင်ကားနီကြီးကို ရပ်တန့်စေရန် ကြိုးပမ်းရင်း ဟွန်းကို ရူးသွပ်စွာ တီးလိုက်လေ ၏။
သို့သော် ကုန်တင်ကားကြီးမှာ ပို၍ပင် အရှိန်တင်ကာ မောင်းနှင်သွားလေသည်။
ထိုအချိန်၌ပင် ခြေလျင် တိုက်ရိုက်ထုတ်လွှင့်ခြင်း ဟု ရေးသားထားသော လက်တွန်းလှည်းတစ်စီးကို ဆွဲလာသည့် တိုက်ရိုက်ထုတ်လွှင့်သူတစ်ဦး ဖြတ်သန်းသွားလေ၏။
“သောက်ကျိုးနည်း...၊ ဒါ လမ်းပေါ်ကလူမိုက်လား...၊ အားလုံးပဲ ကြည့်ကြပါဦး...၊ ဒီလမ်းမှာ ကုန်တင်ကားတွေကို ပိတ်ဆို့တဲ့ လမ်းပေါ်ကလူမိုက်တွေ ရှိတယ်လို့ ကျွန်တော် ကြားဖူးတယ်...၊ အခု ကျွန်တော်တို့ တိုက်ရိုက် ထုတ်လွှင့်မှုမှာ ကိုယ်တွေ့မြင်နေရပါပြီ...။”
“ဟုတ်တယ်... ကြည့်လိုက်ပါဦး...၊ အနောက်က ပစ်ကပ်ကားနဲ့ အဲဒီနောက်က ဖောက်စ်ဝက်ဂွန် ကားအနက် ရောင်က အမြန်ကြီး မောင်းနေပြီး ဟွန်းတွေကိုလည်း အဆက်မပြတ် တီးနေကြတာ...၊ သူတို့က အဲဒီ ကုန်တင် ကားနီကြီးကို လုယက်ဖို့ ကြိုးစားနေကြတာ ဖြစ်မယ်...၊ တကယ်ကို ကြောက်စရာကောင်းတာပဲ...၊ အားလုံးပဲ... ကျွန်တော့်ကို လက်ဆောင်လေးတွေ ပေးကြပါဦး...။”
သူ၏ ထက်မြက်သော အကြားအာရုံဖြင့် ဤစကားကို ကြားလိုက်ရသောအခါ ရွှီပေါ်အန်းမှာ ခေတ္တမျှ ဆွံ့အ သွားပြီး သူကိုယ်သူပင် မထိန်းနိုင်ဘဲ ရေရွတ်လိုက်မိလေတော့သည်။
“မင်းကမှ လမ်းပေါ်ကလူမိုက်...၊ မင်းဆွေမျိုးတစ်သိုက်လုံးက လမ်းပေါ်ကလူမိုက်တွေပဲ...။”
အကယ်၍ အခြေအနေများသာ အရေးမကြီးခဲ့ပါက သူသည် အမှန်တကယ်ပင် ကားပေါ်မှဆင်းကာ အင်ဂျင်တပ် ဆင်ထားသော ထို လူအင်အားသုံး လက်တွန်းလှည်း ဟုခေါ်သည့် အရာကို ရိုက်ချိုးပစ်လိုက်မည် ဖြစ်လေတော့ သတည်း။
အခန်း (၁၃၀)
တောင်တက်ပညာရပ် သုံးဆယ့်ခြောက်ပါး၏ မျောက်သိုင်းကွက်
ရွှီပေါ်အန်းသည် ဒေါသထွက်သွားကာ ချက်ချင်းပင် လီဗာကို နင်း၍ အမီလိုက်ရန် အရှိန်တင်လိုက်လေ၏။
လီဗာကို နင်းလိုက်သည်နှင့် တစ်ပြိုင်နက် အရှေ့ရှိ ကုန်တင်ကားကြီးသည် ရုတ်တရက် ဦးတည်ရာ ပြောင်းလဲ သွားပြီး ရှေ့တွင် အကွေ့တစ်ခု ရှိနေခဲ့လေသည်။
ထိုနေရာရှိ ကွန်ကရစ် အကာအရံနံရံမှာ အများအားဖြင့် ပျက်စီးနေပြီး ၎င်း၏ဘေးတွင် "မတော်တဆမှု ဖြစ် လွယ်သော နေရာ၊ အရှိန်လျှော့ပါ" ဟု ရေးသားထားသော ဆိုင်းဘုတ်တစ်ခု ရှိနေခဲ့လေသည်။
သို့သော်လည်း ကုန်တင်ကားကြီးက သူ၏ အမြင်အာရုံကို ပိတ်ဆို့ထားသောကြောင့် ရွှီပေါ်အန်းသည် ထိုအကွေ့ ကို ယခုမှသာ သတိပြုမိလိုက်လေသည်။
အကွေ့သည် ရှေ့တည့်တည့်တွင် ရှိနေသဖြင့် ရွှီပေါ်အန်းသည် ဘရိတ်ကို အရှိန်ပြင်းစွာ နင်းလိုက်ပြီး တစ်ချိန် တည်းမှာပင် စတီယာရင်ကို လျှပ်တစ်ပြက် အရှိန်ဖြင့် ကွေ့လိုက်လေ၏။ ကားသည် မတော်တဆမှုမှ သီသီလေး လွတ်မြောက်သွားပြီးနောက် ဘေးကင်းစွာ ရပ်တန့်သွားခဲ့လေသည်။
သူ၏အနောက်ရှိ ဖောက်စ်ဝက်ဂွန် ကားအနက်ရောင်မှာမူ ထိုမျှ ကံမကောင်းခဲ့ချေ။
လမ်းကျွမ်းကျင်မှု မရှိခြင်းနှင့် ရွှီပေါ်အန်း၏ကားက အရှေ့ဘက် မြင်ကွင်းကို ပိတ်ဆို့ထားခြင်းတို့ကြောင့် ဖြစ်ပေ သည်။
ဖောက်စ်ဝက်ဂွန် ကားအနက်ရောင်၏ ယာဉ်မောင်းသည် အရှေ့ရှိ ချောက်ကမ်းပါးကို သတိပြုမိချိန်တွင် ဘရိတ် အုပ်ရန် နောက်ကျသွားခဲ့လေပြီ။
နောက်တစ်ခဏတွင် စူးရှသော ဘရိတ်အုပ်သံကြီး ထွက်ပေါ်လာခဲ့လေ၏။
ထို့နောက် ဖောက်စ်ဝက်ဂွန် ကားအနက်ရောင်သည် ချောက်ကမ်းပါးပေါ်မှ တိုက်ရိုက် ထိုးကျသွားလေတော့ သည်။
လမ်းဘေးရှိ ပျက်စီးနေသော ကွန်ကရစ် အကာအရံနံရံမှာ ယာယီတားဆီးမှု အဖြစ်သာ တာဝန်ထမ်းဆောင် နိုင်ခဲ့ ပြီး နောက်ဆုံးတွင် ကားပြုတ်ကျခြင်းကို မတားဆီးနိုင်ခဲ့ချေ။
ကြာမြင့်လှသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ မျက်တောင်တစ်ခတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်လေသည်။
ရွှီပေါ်အန်းသည် ကားကို ရပ်တန့်ကာ ခါးပတ်ကို ဖြုတ်လိုက်ပြီးနောက် ကားတံခါးကိုပင် မဖွင့်ရသေးမီ ပြတင်း ပေါက်မှတစ်ဆင့် ကားတစ်စီး ပြုတ်ကျသွားသည်ကို မြင်လိုက်ရလေ၏။
ရွှီပေါ်အန်းသည် ကမန်းကတန်း ကားပေါ်မှဆင်းကာ အပြေးအလွှား သွားကြည့်လိုက်ရာ ကားသည် ချောက်ကမ်း ပါးအောက်ခြေရှိ မြစ်ထဲသို့ အရှိန်ပြင်းစွာ ကျသွားပြီး ရေပွက်ကြီးတစ်ခု ဖြစ်ပေါ်သွားသည်ကိုသာ မြင်တွေ့ လိုက်ရလေတော့သည်။
ရွှီပေါ်အန်းသည် အတန်ကြာ စောင့်ကြည့်နေခဲ့သော်လည်း ကားထဲမှ မည်သူမျှ တွားထွက်လာသည်ကို မတွေ့ ရချေ။
လှိုင်းလုံးများ ထန်နေသော မြစ်ပြင်ကို ကြည့်ရင်း ကားထဲရှိ လူများမှာ သေချာပေါက် သေဆုံးသွားပြီဟု ရွှီပေါ်အန်း သေချာသွားခဲ့လေသည်။
ကားသည် တဖြည်းဖြည်း ရေအောက်သို့ နစ်မြုပ်ကာ ပျောက်ကွယ်သွားသည်ကို ရွှီပေါ်အန်းက အေးစက်စွာ ကြည့်နေခဲ့ပြီး ကြောက်ရွံ့မှု လှိုင်းတံပိုးတစ်ခုက သူ့အပေါ် ဖုံးလွှမ်းသွားခဲ့လေ၏။
ကံကောင်းထောက်မစွာဖြင့် သူသည် ယာဉ်မောင်းစွမ်းရည်ကို အဆင့်မြှင့်တင်ထားခဲ့ပေသည်။ မဟုတ်ပါက ထိုချွန်ထက်သော အကွေ့တွင် သူလည်း ပြုတ်ကျသွားလောက်ပေမည်။
ရွှီပေါ်အန်း တွေးတောနေစဉ်မှာပင် သူ၏ လက်ကိုင်ဖုန်း မြည်လာခဲ့လေသည်။
“အထွေထွေမန်နေဂျာရွှီ...၊ နားလည်မှုလွဲတာပါ...။ နားလည်မှုလွဲတာပါ...။”
“ဘာကို နားလည်မှုလွဲတာလဲ...။”
“ကျွန်တော်လည်း အခုလေးတင်မှ သိရတာပါ...၊ ပျောက်သွားတာက ကလေးမဟုတ်ပါဘူး...။ ခွေးတစ်ကောင် တဲ့ဗျာ...၊ ခွေးသူခိုးတွေကိုလည်း ရဲတွေက ဖမ်းမိသွားပါပြီ...။”
“ဘာ... ခွေးဟုတ်လား...။”
“ဟုတ်ပါတယ်...၊ အဲဒီလင်မယားရဲ့ ကလေးက အိမ်ထဲမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာပါ...။ နယ်ဝေးက လာတဲ့ လေယူလေသိမ်းမကောင်းတဲ့ ရွှေ့ပြောင်းအလုပ်သမား တစ်ယောက်ကြောင့်ပါ...။ သူက 'ခွေးလေး' လို့ ပြောတာကို သူ့မိန်းမက 'ကလေး' လို့ ကြားလိုက်တာတဲ့...။ သူ့မိန်းမက ထိတ်လန့်ပြီး စငိုတာကနေ ဒီလို ပြဿနာတွေ အကုန်ဖြစ်ကုန်တာပါဗျာ...။”
ရွှီပေါ်အန်းမှာ တစ်ခဏမျှ ဆွံ့အသွားခဲ့သော်လည်း သူက၊
“မင်းတို့ ဘာမှမဖြစ်တာ ကောင်းပါတယ်...၊ ကောင်းပါတယ်...။ ငါ အခု ပြန်လာခဲ့မယ်...။”
ထိုသို့ပြောပြီးနောက် ရွှီပေါ်အန်းသည် အလိုလိုပင် ဖုန်းချလိုက်လေသည်။
ထိုအချိန်၌ပင် ရွှီပေါ်အန်း၏ နှလုံးခုန်သံမှာ တစ်ချက် ရပ်တန့်သွားပြီး ပြင်းထန်စွာ ခုန်လာခဲ့လေ၏။
သူ အရေးကြီးသော အရာတစ်ခုကို မေ့နေသကဲ့သို့ ခံစားလိုက်ရလေသည်။
ကားတစ်စီး ခုလေးတင် ပြုတ်ကျသွားခဲ့ပြီး အထဲမှာ လူတွေ ပါသွားခဲ့သည် မဟုတ်ပါလား။
မည်သို့ပင်ဖြစ်စေ ရဲခေါ်ရန် လိုအပ်ပေသည်။ ထို့အပြင် တစ်ဖက်လူသည် လူကုန်ကူးသူ မဟုတ်ပါက အဘယ်ကြောင့် သူ့ကို လိုက်ဖမ်းနေရသနည်း။
ဤအရာမှာ ရှုပ်ထွေးနေလေပြီ။ မည်သို့ လုပ်ရမည်နည်း။
ခွေးခိုးခြင်းနှင့် ကလေးခိုးခြင်းသည် လုံးဝ ကွဲပြားခြားနားသော ကိစ္စနှစ်ခု ဖြစ်ပေသည်။
ခွေးခိုးခြင်းသည်လည်း ရွံရှာဖွယ်ကောင်းသော်လည်း အနည်းဆုံးတော့ သေဒဏ်ပေးလောက်သည်အထိ မထိုက်တန်ပေ။
ရွှီပေါ်အန်းသည် ကားကို ချောက်ကမ်းပါးပေါ်မှ ပြုတ်ကျစေရန် တမင်တကာ ရည်ရွယ်ခဲ့ခြင်း မဟုတ်သော် ငြားလည်း။ သို့သော် အဆုံးတွင်တော့ လူ့အသက်နှင့် သက်ဆိုင်နေပြီး ထိုသူသည် မိမိကို လိုက်လံဖမ်းဆီးရင်း ပြုတ်ကျသွားခဲ့ခြင်း ဖြစ်လေသည်။
အရေးကြီးဆုံးအချက်မှာ ကားသည် ပျက်စီးသွားပြီး ကားပေါ်ပါသူအားလုံး သေဆုံးသွားကာ ကားမှာလည်း မြစ်ထဲသို့ ပြုတ်ကျ၍ ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်ပေ၏။
အနည်းဆုံးတော့ သူ၏ အပြစ်ကင်းစင်ကြောင်းကို သက်သေပြနိုင်ရန် ထိုကားထဲရှိ ယာဉ်တပ်ကင်မရာ ကတ် ဖတ်စက်ကို ရှာဖွေတွေ့ရှိနိုင်ပြီး အသုံးပြုနိုင်ဆဲ ဖြစ်လိမ့်မည်ဟု ယခု သူ မျှော်လင့်ရုံသာ ရှိတော့လေသည်။
ရွှီပေါ်အန်းသည် ပျက်စီးနေသော ကွန်ကရစ် အကာအရံနံရံတွင် ရပ်ကာ အောက်သို့ မငုံ့ကြည့်ဘဲ မနေနိုင်ခဲ့ချေ။
တောင်အောက်ဘက်ရှိ နေရာမှာ လုံးဝ တိတ်ဆိတ်ငြိမ်သက်နေလေ၏။ ကားသည် မည်သည့်အရာမျှ မဖြစ်ခဲ့ သကဲ့သို့ မြစ်ထဲတွင် လုံးဝ နစ်မြုပ်သွားခဲ့လေပြီ။
အကယ်၍ မြေပြင်ပေါ်ရှိ မည်းနက်နေသော ဘရိတ်တာယာရာများ၊ ကွန်ကရစ် အကာအရံနံရံပေါ်ရှိ အသစ် ဖြစ်ပေါ်နေသော ခြစ်ရာများနှင့် မြေပြင်ပေါ်ရှိ ပလတ်စတစ် အပျက်အစီးအချို့သာ မရှိခဲ့ပါက ယခုလေးတင် ဖြစ်ပျက်ခဲ့သည့်အရာသည် အမှန်တကယ် ဖြစ်ခဲ့ခြင်း ဟုတ်မဟုတ်ကို ရွှီပေါ်အန်းပင် သံသယဝင်မိမည် ဖြစ် လေသည်။
*သြော်... အရာအားလုံးက ကံကြမ္မာပဲပေ့ါ။*
နောက်ထပ် တုံ့ဆိုင်းမနေတော့ဘဲ ရွှီပေါ်အန်းသည် သူ၏ဖုန်းကို ထုတ်ကာ ရဲကို ချက်ချင်း ဖုန်းခေါ်ဆိုလိုက်ပြီး အခြေအနေနှင့် သူ၏ တည်နေရာကို အတိုချုံး ရှင်းပြလိုက်လေ၏။
ထို့နောက် သူသည် စီးကရက်တစ်လိပ်ကို မီးညှိကာ တရားဥပဒေစိုးမိုးရေး အရာရှိများ ရောက်လာမည်ကို စောင့်ဆိုင်းရင်း ထိုနေရာတွင် ထိုင်နေခဲ့လေသည်။
ရုတ်တရက် သာယာသော လေညင်းတစ်သုတ် တိုက်ခတ်လာခဲ့၏။
“ကယ်ကြပါဦး...၊ အဲဒီမှာ လူရှိလား...။ ကယ်ပါဦး...။”
လေထဲမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသကဲ့သို့ ရွှီပေါ်အန်း လန့်ဖြန့်သွားခဲ့လေသည်။
သို့သော် လေတိုက်ရပ်သွားသောအခါ ထိုအသံသည် ထပ်မံ ပျောက်ကွယ်သွားပုံရလေ၏။
ဤသည်မှာ သူ ထင်ယောင်ထင်မှား ဖြစ်နေခြင်းများ ဖြစ်မည်လား။
ရွှီပေါ်အန်းက ဤကောက်ချက်ချမှုကို အလျင်အမြန်ပင် ပယ်ချလိုက်လေသည်။
ယခုအခါ သုံးကြိမ်တိုင်တိုင် အဆင့်မြှင့်တင်မှု ခံယူပြီးနောက် ရွှီပေါ်အန်း၏ ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးများနှင့် သူ၏ အာရုံခြောက်ပါး ခံစားသိရှိနိုင်စွမ်းမှာ အလွန်တရာ အားကောင်းနေပြီ ဖြစ်ပေသည်။
သူ၏ လုံးဝ အကြားအာရုံ မှားယွင်းနိုင်စရာ အကြောင်းမရှိပေ။
လူသူကင်းမဲ့ပြီး ပုံမှန်အားဖြင့် လူသူအရိပ်အယောင်မျှပင် မရှိတတ်သော၊ ကာလရှည်ကြာ စွန့်ပစ်ထားသည့် ဤ ယိုယွင်းပျက်စီးနေသော လမ်းပေါ်တွင် အကယ်၍ အကူအညီတောင်းသံများ ရှိနေခဲ့ပါက ၎င်းတို့သည် ယခုလေး တင် ပြုတ်ကျသွားသော ကားထဲရှိ လူများထံမှသာ လာနိုင်ပေသည်။
ဤအရာကို တွေးမိသောအခါ ရွှီပေါ်အန်းသည် ချောက်ကမ်းပါးဘေးတွင် လှဲချလိုက်ပြီး အားယူကာ ချောက် ကမ်းပါးအောက်သို့ ကျယ်လောင်စွာ အော်ဟစ်လိုက်လေ၏။
“အဲဒီမှာ လူရှိလား...။”
မျက်စိတစ်မှိတ်အတွင်းမှာပင် တောင်တန်းများနှင့် သစ်တောများတစ်လျှောက် ကျားဟိန်းသံကဲ့သို့သော အသံ ကြီးသည် ချောက်ကမ်းပါး တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့လေတော့သည်။
အရပ်မျက်နှာ အားလုံးမှ ပဲ့တင်သံများ ထွက်ပေါ်လာခဲ့၏။
“အဲဒီမှာ လူရှိလား...”
“အဲဒီမှာ လူရှိလား...”
“အဲဒီမှာ လူရှိလား...”
ရွှီပေါ်အန်းမှာ ခေါင်းမခါဘဲ မနေနိုင်ခဲ့ချေ။ ထိုအော်သံသည် ပဲ့တင်သံများ အလွန်များပြားလှသဖြင့် သူ့ကိုပင် အနည်းငယ် မူးဝေသွားစေခဲ့လေသည်။
ထိုအချိန်၌ပင် သာယာသော လေညင်းတစ်သုတ် တိုက်ခတ်လာခဲ့ပြန်၏။
ဤတစ်ကြိမ်တွင် ရွှီပေါ်အန်းသည် အကူအညီတောင်းသံကို ပို၍ ရှင်းလင်းစွာ ကြားလိုက်ရလေသည်။
“ကယ်ပါဦး... အပေါ်ကို သွား...။”
ထိုအသံသည် သာယာသော လေညင်းနှင့်အတူ ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေလေ၏။
သို့သော် ဤတစ်ကြိမ်တွင် ကြိုတင်ပြင်ဆင်ထားသော ရွှီပေါ်အန်းသည် အသံလာရာ ရင်းမြစ်ကို ရှင်းလင်းစွာ ကြားနိုင်ခဲ့သေးသည်။
အသံသည် ချောက်ကမ်းပါး အောက်ဘက်မှ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။
အောက်တွင် သေချာပေါက် လူရှိနေပေသည်။
“ခဏလေး စောင့်ပါ...၊ ငါ အခုချက်ချင်း အရေးပေါ်ကား ခေါ်လိုက်မယ်...။”
ထိုသို့ပြောရင်း ရွှီပေါ်အန်းသည် သူ၏ဖုန်းကို ကမန်းကတန်း ထုတ်ယူကာ အရေးပေါ် ဆေးဘက်ဆိုင်ရာ အကူအညီအတွက် (၁၂၀) သို့ ဖုန်းခေါ်ဆိုလိုက်လေ၏။
ရွှီပေါ်အန်း (၁၂၀) နှင့် ဖုန်းပြောနေစဉ်မှာပင် ရုတ်တရက် စူးစူးဝါးဝါး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့လေ သည်။
“အား...”
ထို့နောက် အရာအားလုံး ငြိမ်သက်သွားခဲ့လေ၏။
ရွှီပေါ်အန်းသည် ကမန်းကတန်း ဖုန်းချလိုက်ပြီး အောက်သို့ ငုံ့ကြည့်လိုက်လေသည်။
သို့သော် ကြီးမား၍ ချိုင့်ဝင်နေသော ကျောက်တုံးကြီးတစ်ခုက မြင်ကွင်းကို ပိတ်ဆို့ထားသောကြောင့် သူတို့ ဘာကိုမျှ မမြင်နိုင်ခဲ့ချေ။
အတန်ကြာသည်အထိ ရွှီပေါ်အန်းသည် အကူအညီတောင်းသံများကို ထပ်မံ၍ မကြားရတော့ပေ။
ရွှီပေါ်အန်း ချက်ချင်း မျက်မှောင်ကြုတ်သွားခဲ့လေ၏။
*အောက်မှာရှိတဲ့လူများကို တစ်ခုခု ဖြစ်သွားခဲ့ပြီလား…။*
အကယ်၍ တစ်ဖက်လူသည် အမှန်တကယ် လူကုန်ကူးသူ ဖြစ်နေပါက အရေးမလုပ်ဘဲ ထားလိုက်၍ ရပေသည်။
နားလည်မှု လွဲမှားနေခြင်း ဖြစ်သောကြောင့် တစ်ဖက်လူ ဤသို့ သေဆုံးသွားသည်ကို ကြည့်မနေနိုင်ချေ။
*ငါသာ အဲဒီအောက်ကို ဆင်းသွားနိုင်ရင် ကောင်းမှာပဲ...။* ဟု ရွှီပေါ်အန်းက ခဏချင်းအတွင်း စိတ်ထဲမှ တွေး လိုက်မိလေသည်။
မကြာမီမှာပင် ရွှီပေါ်အန်းသည် ရုတ်တရက် အတွေးတစ်ခု ရလာခဲ့၏။ အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာ ပြုမှု စွမ်းအား၏ တုန်ခါမှုကို သူ အမှန်တကယ် ခံစားလိုက်ရလေသည်။
ဆိုလိုသည်မှာ သူ့တွင် အောက်သို့ဆင်းရန် နည်းလမ်းရှိနေသည်ဟု ဆိုလိုခြင်း ဖြစ်မည်လား။
အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှု စွမ်းအားကို အသုံးပြုလိုက်ခြင်းပင်။ ရွှီပေါ်အန်းက တိတ်ဆိတ်စွာ အမိန့်ပေးလိုက်လေ၏။
နောက်တစ်ခဏတွင် အမွှေးတိုင် ပူဇော်မှု စွမ်းအားတစ်မျှင်သည် အမှန်တကယ်ပင် ပျောက်ကွယ်သွားခဲ့လေ တော့သည်။
ထို့နောက် ချောက်ကမ်းပါးများကို တွယ်တက်ကျော်ဖြတ်နေသော မျောက်များ၏ ပုံရိပ်များသည် ရွှီပေါ်အန်း၏ စိတ်ထဲတွင် ပေါ်လာခဲ့လေသည်။
ဘုရားရေ... ဤအရာများသည် ယခင်က ဘွန်ဆိုင်းကမ္ဘာထဲတွင် သူမြင်တွေ့ခဲ့ရသော မျောက်များနှင့် တူညီနေသည် မဟုတ်ပါလား။
နောက်ပိုင်းတွင် သူက မျောက်ငယ်လေး၏ ရောဂါကို ကုသပေးပြီးနောက် မျောက်ခေါင်းဆောင်က သူ့ကို ဟယ်ရှိုဝူးဆေးပင် တစ်ပင်ပင် ပေးခဲ့သေးသည် မဟုတ်ပါလား။
မကြာမီ ရွှီပေါ်အန်းသည် မျောက်များ၏ လှုပ်ရှားမှုအချို့ကို ကျွမ်းကျင်လာခဲ့ပြီး သူ၏ စိတ်ထဲတွင် ဤလှုပ်ရှား မှုများကို နှစ်ထောင်ပေါင်းများစွာ လေ့ကျင့်ခဲ့သကဲ့သို့ ၎င်းတို့ကို သူ၏ ကိုယ်ပိုင်စွမ်းရည်များအဖြစ် ပြောင်းလဲ သွားစေခဲ့လေသည်။
တောင်တက်ပညာရပ် သုံးဆယ့်ခြောက်ပါး၊ မျောက်သိုင်းကွက်။
လက်ရှိရှိနေသော ကျားနှင့် ဝက်ဝံပုံစံများအပေါ် အခြေခံ၍ ရွှီပေါ်အန်းသည် တတိယမြောက် သိုင်းကွက်ကို ကျွမ်းကျင်လာခဲ့ခြင်း ဖြစ်လေသည်။
ဤစွမ်းရည်ကို ပိုင်ဆိုင်ထားပြီးဖြစ်ရာ ရွှီပေါ်အန်းသည် လက်ပိုက်ကြည့်မနေနိုင်တော့ချေ။ ရွှီပေါ်အန်းသည် အံကို တင်းတင်းကြိတ်ကာ မညီညာသော ချောက်ကမ်းပါးကို ကြည့်၍ ခုန်ချလိုက်လေတော့သည်။
ရွှီပေါ်အန်းသည် တိုက်ရိုက် ခုန်ချခဲ့ခြင်း မဟုတ်ပေ။ အကယ်၍ သူသာ ခုန်ချလိုက်ပါက သေချာပေါက် သေဆုံး သွားမည်ကို သူ စိုးရိမ်မိလေ၏။
ရွှီပေါ်အန်းသည် အောက်ဘက်ရှိ ကျောက်တုံးကြီးတစ်ခုပေါ်မှ ချိုင့်ဝင်နေသော နေရာတစ်ခုသို့ ခုန်ဆင်းလိုက်ပြီး ကျောက်တုံးကို တင်းကျပ်စွာ ဆုပ်ကိုင်ကာ အောက်သို့ ငုံ့ကြည့်လိုက်လေသည်။ ထို့နောက် အောက်ဘက် ချောက်ကမ်းပါးယံရှိ ညှိုးရော်နေသော သစ်ပင်တစ်ပင်တွင် တွဲလောင်းကျနေသော လူတစ်ဦးကို သူ တွေ့ရှိလိုက် ရပြီး ၎င်း၏ ကံကြမ္မာကိုမူ မသိရှိရသေးချေ။
ထိုသူသည် ခွန်အားကုန်ခန်းကာ မပြုတ်ကျမီက ချောက်ကမ်းပါးပေါ်ရှိ အရာတစ်ခုခုကို ဆုပ်ကိုင်ထားခဲ့ပြီး သစ်ပင်ခြောက်ပေါ်သို့ ကျသွားခဲ့ခြင်း ဖြစ်နိုင်ပေသည်။
ထိုသူမှာ အမျိုးသမီးတစ်ဦး ဖြစ်ပုံရလေ၏။ သူမသည် ဂျင်းဘောင်းဘီ ဝတ်ဆင်ထားသော်လည်း သူမ၏ ထူထဲလှပသော ဆံပင်များက သူမမည်သူမည်ဝါဖြစ်ကြောင်း အကောင်းဆုံး သက်သေပြနေလေသည်။
သေချာသည်မှာ ထိုအမျိုးသားတွင် ဆံပင်အရှည် ရှိနေခြင်းလည်း ဖြစ်နိုင်ပေသည်။
သို့သော် ထိုသူသည် ယခုအချိန်တွင် မျက်နှာမူလျက် မှောက်ခုံ ဖြစ်နေသဖြင့် ခွဲခြားသိမြင်ရန် ပို၍ပင် ခက်ခဲ နေလေသည်။
“ဟေး... အဆင်ပြေရဲ့လား...။” ဟု ရွှီပေါ်အန်းက အော်ဟစ်လိုက်လေ၏။
သို့သော် ထိုသူမှာ လုံးဝ လှုပ်ရှားခြင်း မရှိခဲ့ချေ။
“ဒုက္ခပါပဲ…။”
လက်ရှိအခြေအနေအရ (၁၂၀) အရေးပေါ် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ ရောက်လာလျှင်ပင် ဤသူကို အပေါ်သို့ တင်နိုင်လိမ့်မည် မဟုတ်ပေ။
လူ့အသက်နှင့် သက်ဆိုင်နေပေသည်။ အကယ်၍ သူသာ လျစ်လျူရှုလိုက်ပါက ရွှီပေါ်အန်း၏ အသိစိတ်က ခွင့်ပြုမည် မဟုတ်ပေ။
ချောက်ကမ်းပါးယံကို ခေတ္တမျှ စကင်န်ဖတ်ကြည့်ပြီးနောက် ရွှီပေါ်အန်းသည် ချောက်ကမ်းပါးအောက်သို့ ဆင်းရန် လမ်းကြောင်းတစ်ခုကို တွေ့ရှိသွားခဲ့လေ၏။
သေချာသည်မှာ ခြေထောက်ဖြင့် လမ်းလျှောက်ဆင်းခြင်း မဟုတ်ဘဲ လက်နှင့် ခြေထောက် နှစ်ခုစလုံးကို အသုံးပြု၍ တွယ်ဆင်းသွားခြင်းပင် ဖြစ်ပေသည်။
နောက်တစ်ခဏတွင် ရွှီပေါ်အန်း၏ စိတ်ထဲ၌ ချောက်ကမ်းပါးယံကို ဖြတ်သန်းနေသည့် မျောက်များ၏ ပုံရိပ်များ ပေါ်လာခဲ့လေသည်။
ထို့နောက် ရွှီပေါ်အန်းသည် အပေါ်သို့ ခုန်တက်ကာ သစ်မြစ်တစ်ခုကို လှမ်းကိုင်လိုက်လေ၏။
ထို့နောက် ယခင်က စီစဉ်ထားသော လမ်းကြောင်းအတိုင်း မတ်စောက်သော နံရံမှတစ်ဆင့် ဖြည်းညင်းစွာ တွယ်ဆင်းသွားလေတော့သည်။
အစပိုင်းတွင် သူ၏ လှုပ်ရှားမှုများမှာ ကိုးရိုးကားယား နိုင်နေသော်လည်း ရွှီပေါ်အန်းသည် သိုင်းကွက်၏ အသုံးချ မှုနှင့် အလျင်အမြန်ပင် အကျွမ်းတဝင် ဖြစ်လာခဲ့လေသည်။
ရွှီပေါ်အန်းသည် အရှိန်တင်လိုက်ပြီး ဆယ်မိနစ်ကျော် အကြာတွင် သစ်ချောက်ပင်၏ ထိပ်သို့ ရောက်ရှိ သွားခဲ့ လေသည်။
အောက်သို့ လှည့်ကြည့်လိုက်ရာ ရွှီပေါ်အန်းသည် နေရာမှန်ကို တွေ့ရှိသွားပြီး ခုန်ချရန် ပြင်လိုက်စဉ် သူ၏ မျက်လုံးထောင့်မှ မြင်လိုက်ရသော သစ်ပင်ပင်စည်ရှိ အက်ကွဲကြောင်းများကြောင့် အံ့အားသင့်သွားခဲ့လေသည်။
*ဘုရားရေ... ငါ ဒုတိယအကြိမ် ထပ်ကြည့်လိုက်မိလို့ တော်သေးတာပေါ့….။*
သစ်ပင်တွင် အက်ကွဲကြောင်းများ ရှိနေပြီဖြစ်ရာ ရွှီပေါ်အန်းသည် ၎င်းပေါ်သို့ ခုန်မချရဲတော့ချေ။
အကယ်၍ သစ်ပင်ကျိုးကျသွားပါက သူတို့နှစ်ယောက်စလုံး အောက်သို့ ပြုတ်ကျသွားမည် ဖြစ်ပေသည်။
ရွှီပေါ်အန်းသည် အနည်းငယ် ထပ်မံ၍ ဂရုတစိုက် တွယ်ဆင်းသွားရာ သစ်ပင်၏ အခြေသို့ ရောက်ရှိသွား ခဲ့လေ၏။ သူသည် လက်လှမ်းကြည့်လိုက်ရာ အမျိုးသမီး၏ ဘောင်းဘီခြေထောက်ကိုသာ ကိုင်မိနိုင်လေသည်။
ရွှီပေါ်အန်းက တစ်ဖက်လူ၏ စနီကာဖိနပ်ကို အားနှင့် ဆွဲချွတ်လိုက်ရာ ပန်းရောင် ဟယ်လိုကစ်တီ ကာတွန်းဖိနပ် တစ်ရံ ပေါ်ထွက်လာခဲ့လေသည်။
*ကောင်းပြီ... ဒါက သေချာပေါက် အမျိုးသမီးတစ်ယောက်ပဲ…။*
သူ၏ စိတ်ထဲရှိ ဒေါက်တာကျန်း၏ ဘိုးဘွားစဉ်ဆက် ဆေးပညာ နည်းလမ်းများ၏ ရှင်းလင်းချက်အတိုင်း လိုက်နာကာ ရွှီပေါ်အန်းသည် အမျိုးသမီး၏ ခြေဖဝါးပေါ်ရှိ အပ်စိုက်မှတ်တစ်ခုကို ပြင်းပြင်းထန်ထန် ဖိနှိပ်လိုက်လေသည်။
နောက်တစ်ခဏတွင် အမျိုးသမီးသည် ညင်သာစွာ ညည်းတွားလိုက်ပြီးနောက် နိုးလာခဲ့လေသည်။
“အား... ကယ်ကြပါဦး...။”
အမျိုးသမီးသည် နိုးလာသည်နှင့် တစ်ပြိုင်နက် သူမ ကြုံတွေ့နေရသော အန္တရာယ်ကို သတိပြုမိသွားပြီး ချက်ချင်းပင် အော်ဟစ်လေတော့သည်။
“ကောင်းပြီ... အော်မနေနဲ့တော့...။ ငါ အခုချက်ချင်း မင်းကို အပေါ်ခေါ်တင်ပေးမယ်...။”
ရွှီပေါ်အန်းမှာ မပြောဘဲ မနေနိုင်တော့ချေ။
“အား...။”
ရုတ်တရက် ထွက်ပေါ်လာသော အစိမ်းသက်သက် အသံကြောင့် အမျိုးသမီးမှာ ချက်ချင်းပင် လန့်ဖြန့်သွားခဲ့ လေတော့သည်။
အမျိုးသမီးသည် ကျယ်လောင်စွာ စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီးနောက် မသိစိတ်ကပင် သူမ၏ တစ်ကိုယ်လုံး တုန်ယင်သွားခဲ့လေ၏။ ညှိုးရော်နေသော သစ်ပင်သည် ရုတ်တရက် သက်ရောက်လာသော အင်အားကို မခံနိုင်တော့ဘဲ ဖြောင်းကနဲ ကျိုးသံနှင့်အတူ ချက်ချင်းပင် ကျိုးကျသွားလေတော့သည်။