← Chapters

အခန်း (၂၀၉-၂၁၀)

Vol. 21 Ch. 209-210

အခန်း (၂၀၉-၂၁၀)

Vol. 21 Ch. 209-210

အခန်း ၂၀၉: ဒီမိန်းကလေးက အရှင့်ဆီ ကိုယ်ကိုယ့်ကိုယ်အပ်နှင်းပြီး အရှင့်ရဲ့ဘေးမှာ အမြဲရှိပြီး အရှင့်အတွက် အိပ်ရာခင်းပေးဖို့ ဆန္ဒရှိပါတယ်...

နောက်တစ်စက္ကန့်တွင်....

ယွဲ့ယီ၏နောက်ဘက်ရှိ ဟင်းလင်းပြင် တုန်ခါသွားသည်။

ထို့နောက် နှစ်ကျန်းနီးပါး အရပ်မြင့်သော နတ်ဘုရားမျိုးနွယ်စုဝင်တစ်ဦး ထွက်ပေါ်လာခဲ့သည်။ သူ၏တစ်ကိုယ်လုံးကို စိမ်းပြာရောင် မာကျောကျောအသားအရေများဖြင့် ဖုံးအုပ်ထားပြီး သူ၏မျက်လုံးများ နီရဲနေကာ ကြောက်မက်ဖွယ်ကောင်းသော ကျောက်တုံးတူကြီးတစ်လက်ကို ကိုင်ဆောင်ထားသည်။

ဤနတ်ဘုရားမျိုးနွယ်စုဝင်တွင် ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါတစ်ခုရှိပြီး သူတော်စင်နယ်ပယ် အစောပိုင်းအဆင့်ခန့် ကျင့်ကြံဆင့်ရှိသည်။ သူ လျှောက်လှမ်းလိုက်သော ခြေလှမ်းတိုင်းက မြေကြီးကို တုန်ခါစေပြီး တောင်များကို ရွေ့လျားစေခဲ့လေသည်။ သူက ကျောက်တုံးတူကြီးကို ဝှေ့ယမ်းလိုက်သည်နှင့်အမျှ သူသည် မြေပြင်ပေါ်၌ အချင်းကျန်းတစ်ရာရှိသော နက်ရှိုင်းသည့် တွင်းကြီးများကို ဖြစ်ပေါ်စေသည်။ သူ၏ ဖျက်ဆီးနိုင်စွမ်းမှာ သာမန်သူတော်စင်နယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးထက် များစွာပို၍သာလွန်သည်။

ဤရှေးဟောင်းအင်မော်တယ်ကမ္ဘာမှာ ကမ္ဘာအသင်္ချေမဟုတ်ကြောင်း သိထားရပေမည်။ ဤအဆင့်သို့ သူ ရောက်ရှိနိုင်ခြင်းက အထင်ကြီးစရာကောင်းသည်ဟု သတ်မှတ်နိုင်ပေ၏။

"နိမ့်ကျတဲ့ လူသားမျိုးနွယ်ဝင် မိန်းကလေး... လိမ်လိမ်မာမာ အရှုံးပေးပြီးတော့ ဒီနတ်ဘုရား စစ်သူကြီးကို မင်းရဲ့အသားနဲ့ နတ်ဘုရားစိတ်ဝိညာဉ်ရဲ့အရသာကို မြည်းစမ်းခွင့် ပေးလိုက်စမ်း... မင်းရဲ့ရုန်းကန်မှုတွေက ဒီနတ်ဘုရား စစ်သူကြီးကို ပိုပြီးစိတ်လှုပ်ရှားလာစေရုံပဲ ရှိလိမ့်မယ်... ဟား ဟား..."

မာကျောကျောအသားအရေရှိသော နတ်ဘုရား မျိုးနွယ်စုဝင်က ရက်စက်သော ခပ်အုပ်အုပ်ရယ်မောသံတစ်သံကို ထုတ်လွှတ်လိုက်သည်။ ကျောက်တုံးတူကြီးက ပြုတ်ကျလာပြီး ယွဲ့ယီ အစောပိုင်းက ပစ်လွှတ်လိုက်သော ကျောက်စိမ်းအကာအကွယ် မှော်ရတနာကို ရိုက်ချိုးလိုက်သည်။

ယွဲ့ယီ၏မျက်နှာ ဖြူရော်သွားပြီး သူမ၏ မျက်လုံးများထဲရှိ မျှော်လင့်ချက်မဲ့မှု အရိပ်အယောင်က ပို၍နက်ရှိုင်းလာပေ၏။ သို့ရာတွင် သူမသည် အံ့ကြိတ်ကာ သူမ၏ သိုလှောင်လက်ကောက်ထဲမှ လျှပ်စီးများ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော ပုတီးစေ့ တစ်လုံးကို ဆွဲထုတ်လိုက်သည်။

"နတ်ဘုရား မျိုးနွယ်စု..."

"နေရာတိုင်းမှာ သူတို့ကို ငါ တွေ့နေရသလိုပဲ... ဒါပေမဲ့လည်း သူတို့က ဒီလို ကြီးကျယ်တဲ့ ပွဲမျိုးကို ဘယ်လိုလုပ် လွတ်သွားမှာလဲ..."

စူးချန်ကဲက တွေးတောလိုက်သည်။ ထို့နောက်သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒတစ်ခုက သူ၏ မျက်လုံးများတွင် ထွက်ပေါ်လာသည်။ ထိုအရာမှာ သူသည် သူတော်စင်အလား ကရုဏာများဖြင့် ပြည့်လျှံနေသောကြောင့် မဟုတ်ဘဲ သူ၏ အဆင့်အတန်းအရ နတ်ဘုရားမျိုးနွယ်စုဝင် တစ်ဦးကို လွှတ်ပေးရန် လုံးဝမဖြစ်နိုင်သောကြောင့်ပင်။

ထိုအချိန်တွင် မာကျောကျောအသားအရေရှိသော နတ်ဘုရားမျိုးနွယ်စုဝင်က တစ်ခုခုကို အာရုံခံမိသွားပုံရသည်။ သူ၏ နီရဲသော မျက်လုံးများ ရုတ်တရက် အရောင်ပြောင်းသွားပြီး မလှမ်းမကမ်းရှိ ဖန်ပင်များ အနောက်မှ မျက်လုံးတစ်စုံကို ဖမ်းမိလိုက်၏။ ဤသည်မှာ ဖရိုဖရဲ စကြဝဠာအလား နက်ရှိုင်းပြီး ဤလိုက်လံဖမ်းဆီးမှုကို တည်ငြိမ်စွာ စောင့်ကြည့်နေသော မျက်လုံးများပင်။

ထိုအရာများက မည်သို့သော မျက်လုံးမျိုးများဖြစ်သနည်း...

တည်ငြိမ်ပြီး ဂရုမစိုက်တက်ကာ ကြောက်ရွံ့မှုနှင့်ဒေါသ ကင်းမဲ့ကာ စိတ်ခံစားမှု အရိပ်အယောင်လေးမျှပင် မရှိဘဲ သူနှင့် ဘာမှ မသက်ဆိုင်သည့် အရေးမပါသော ပြဇာတ်တစ်ခုကို ကြည့်နေသည့်အလားပင်။

နတ်ဘုရား မျိုးနွယ်စုကို ရင်ဆိုင်ရချိန်တွင် လူသား မျိုးနွယ်စု ကျင့်ကြံသူများ၏ အကြောက်တရား၊ ဒေါသ သို့မဟုတ် မျှော်လင့်ချက်မဲ့စွာ ရုန်းကန်မှုတို့ကို မြင်တွေ့ရသည်ကို အသားကျနေသော မာကျောကျောအသားအရေရှိသည့် နတ်ဘုရားမျိုးနွယ်စုဝင်အတွက် ဤသို့သော အကြည့်မျိုးက ပြင်းထန်သော အနေရခက်မှုနှင့် လုံးဝလျစ်လျူရှုခံရခြင်း၊ အထင်သေးခံရခြင်းအတွက် ဒေါသကိုပင် ခံစားရစေခဲ့သည်။

"ဟမ့်... ပုန်းနေတဲ့ နောက်ထပ် ကြွက်တစ်ကောင်လား..."

မာကျောကျောအသားအရေရှိသော နတ်ဘုရား မျိုးနွယ်စုဝင်က မကောင်းဆိုးဝါးဆန်သော ရယ်မောသံတစ်ခုကို ထုတ်လွှတ်လိုက်ပြီး ယွဲ့ယီအပေါ် သူ၏ ဖိအားကို ယာယီစွန့်လွှတ်လိုက်၏။ သူ၏ဧရာမခန္ဓာကိုယ်ကြီးက ရုတ်တရက် နောက်လှည့်သွားပြီး ကျောက်တုံးတူကြီးက ကြောက်မက်ဖွယ်ကောင်းသော လေတိုးသံတစ်သံကို ထုတ်လွှတ်လိုက်သည်။ သူက ဦးတည်ချက်ပြောင်းလိုက်ပြီး စူးချန်ကဲ၏ ပုန်းအောင်းနေသော နေရာဆီသို့ ပြင်းထန်စွာ ပြေးဝင်သွားခဲ့သည်။

"ပုရွက်ဆိတ်... ဒီနတ်ဘုရားစစ်သူကြီးက မင်းကို တွားသွားပြီး ထွက်လာဖို့ အမိန့်ပေးတယ်... ဒီအမဲလိုက်ပွဲမှာ ပျော်စရာ နည်းနည်းထပ်ဖြည့်ဖို့ မင်းရဲ့အော်ဟစ်သံတွေကို သုံးစမ်း..."

သူသည် အလွန်မြန်ဆန်ပြီး ရွေ့လျားနေသော တောင်ငယ်လေးတစ်လုံးအလားပင်။ ခြေလှမ်း အနည်းငယ်အတွင်း သူက ကျန်းရာပေါင်းများစွာကို ဖြတ်ကျော်သွားခဲ့လေသည်။ ကျောက်တုံး တူကြီးကို မြင့်မားစွာမြှောက်ကာ တောင်များကို ပြိုကျစေနိုင်ပြီး မြေကြီးကို အက်ကွဲစေနိုင်သော ကြမ်းကြုတ်သည့် နတ်ဘုရား စွမ်းအားကို သယ်ဆောင်ထားသည်။ သူသည် ထိုဧရာမ ဖန်းပင်ကြီးဆီသို့ ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်၏။

တူကြီးရောက်မလာမီမှာပင် ရက်စက်ကြမ်းကြုတ်သော လေဖိအားက ပတ်ဝန်းကျင်ရှိ ဖန်းပင်များကို ပြားချပ်သွားစေလေပြီ။

ယွဲ့ယီသည် အစပိုင်းတွင် ကြောင်အမ်းသွားပြီးနောက် သူမ၏လှပသော မျက်လုံးများက စူးချန်ကဲ ပုန်းအောင်းနေသော နေရာဆီသို့ ကြည့်ပြီး မသိစိတ်မှ အော်ဟစ်လိုက်သည်။

"သတိထား... ပြေး..."

သို့ရာတွင် သာမန် သူတော်စင် တစ်ပါးကို အသားပြားအဖြစ်သို့ ခြေမွှဖျက်ဆီးရန် လုံလောက်သော ဤကြောက်မက်ဖွယ်ကောင်းသည့် တိုက်ခိုက်မှုကို ရင်ဆိုင်ရသော်လည်း စူးချန်ကဲက လုံးဝမလှုပ်ရှားခဲ့ဘဲ ထိုတိုက်ခိုက်မှုကို ဂရုမစိုက်စွာ ကြည့်နေခဲ့သည်။

နောက်တစ်စက္ကန့်တွင်....

နောက်ဆုံးတွင် သူက ဖြူဖွေးပြီး သွယ်လျသော လက်တစ်ဖက်ကို ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်သည်။ ဆူပွက်နေသော မှော်စွမ်းအားလှိုင်းဂယက်များ မရှိသလို လောကကြီးကို တုန်လှုပ်စေမည့် နတ်ဘုရားစွမ်းရည် ထူးခြားဖြစ်စဉ်များလည်း မရှိချေ။

သူသည် သူ၏လက်ချောင်းငါးချောင်းကို ဖြန့်လိုက်ရုံဖြင့် ကျဆင်းလာသော တံခါးတစ်ချပ် အရွယ်အစားရှိ ကြောက်မက်ဖွယ်ကောင်းသည့် ကျောက်တုံးတူကြီးနှင့် ထိုအရာနောက်ရှိ မာကျောကျောအသားအရေရှိပြီး ပြုံးဖြီးနေသည့် နတ်ဘုရားမျိုးနွယ်စုဝင်ဆီသို့ ညင်သာစွာ ဖိနှိပ်လိုက်၏။

အချိန်က ဤအချိန်အခိုက်အတန့်တွင် အေးခဲတောင့်တင်းသွားပုံရသည်။

မာကျောကျောအသားအရေရှိသော နတ်ဘုရား မျိုးနွယ်စုဝင်၏ မျက်နှာပေါ်ရှိ ရက်စက်ပြီး မကောင်းဆိုးဝါးဆန်သော အပြုံးက အေးခဲတောင့်တင်းသွားသည်။ ထိုအစား သူ၏အလွန်အမင်း နားမလည်နိုင်မှုနှင့် ကြောက်ရွံမှုအဖြစ်သို့ ပြောင်းလဲသွားပေ၏။

သူက လူသားများ၏ ဆိုရိုးစကားတစ်ခုကို တွေးတောလိုက်မိသည်။ တောင်များကို ခြေမွှရန် လုံလောက်သော သူ၏အစွမ်းကုန် တိုက်ခိုက်မှုက ထိုညင်သာစွာ ဖိနှိပ်နေသော လက်ဝါး၏ရှေ့တွင် ဧရာမသစ်ပင်ကြီးကို လှုပ်ခတ်ရန် ကြိုးစားနေသည့် ပုရွက်ဆိတ်တစ်ကောင်အလားပင်။

"ဘုန်း..."

အသားနှင့်အရိုးများ ပေါက်ကွဲသွားသည့် ခပ်အုပ်အုပ်အသံတစ်သံ ထွက်ပေါ်လာသည်။

ဖိနှိပ်နေသောလက်ဝါး၏ရှေ့ရှိ ဟင်းလင်းပြင်သည် အနည်းငယ် ပုံပျက်သွားလေ၏။

မာကျောကျောအသားအရေရှိသော နတ်ဘုရား မျိုးနွယ်စုဝင်၏ ဧရာမကျောက်တုံးတူကြီးက ခေါင်းမှစ၍ တစ်လက်မချင်းစီ ပြိုကွဲစပြုလာပြီး အနုစိတ်ဆုံးကျောက်မှုန့်များအဖြစ် ပြောင်းလဲကာ လေထဲတွင် ပြန့်ကျဲသွားသည်။

ထို့နောက် စိမ်းပြာရောင် ကျောက်တုံးအသားအရေဖြင့် ဖုံးအုပ်ထားသော သူ၏လက်များ၊ပခုံးများ၊ ရင်ဘတ်၊ ခေါင်းနှင့် အောက်ပိုင်း ခြေလက်များ... ခေါင်းမှ ခြေဖျားအထိ အသက်တစ်ရှိုက်စာ အချိန်ပင် မပြည့်မီ သူ လုံးဝပြိုကွဲသွားခဲ့သည်။

ယွဲ့ယီ၏ ဆွဲဆောင်မှုရှိပြီး စိတ်လှုပ်ရှားဖွယ်ကောင်းသော မျက်လုံးများက အဆုံးစွန်အထိ ပြူးကျယ်သွားကာ သူမ၏မျက်လုံးသူငယ်အိမ်များက အပ်ထိပ်အရွယ်အစားအထိ ကျုံ့သွားခဲ့သည်။ သူမ၏အနီရောင်နှုတ်ခမ်းများ အနည်းငယ်ပွင့်ဟသွားပြီး သူမ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အကြောသေမန္တန်တစ်ခု အတိုက်ခံရသည့်အလား အေးခဲတောင့်တင်းနေကာ သူမ၏စိတ် လုံးလုံးလျားလျား ဗလာဟင်းလင်းဖြစ်သွားသည်။

သူမ အစောပိုင်းက မည်သည့်အရာကို မြင်လိုက်ရသနည်း...

သူမကို ကောင်းကင်သို့ သွားရာလမ်းမရှိ မြေကြီးထဲသို့ ဝင်ရာလမ်းမရှိသည်အထိ လိုက်လံဖမ်းဆီးခဲ့ပြီး သူမကို မျှော်လင့်ချက်မဲ့သွားစေလောက်အောင် အစွမ်းထက်သော ထို သူတော်စင်နယ်ပယ် နတ်ဘုရား မျိုးနွယ်စုဝင်သည်...

ဖန်းပင်များနောက်မှ ထွက်လာသော အစိမ်းရောင်ဝတ်ရုံဝတ်လူ၏ ပေါ့ပေါ့ပါးပါး ဖိနှိပ်မှု တစ်ခုတည်းဖြင့် ဖယ်ရှားခြင်း ခံလိုက်ရသလော...

ဤသည်မှာ မည်သို့သော စိတ်ကူးမယဉ်နိုင်လောက်သည့် စွမ်းအားမျိုး ဖြစ်သနည်း...

သူသည် မည်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် တည်ရှိမှုမျိုး ဖြစ်သနည်း...

သူမ၏ကံက အလွန်ကောင်းလွန်းသဖြင့် လူသား မျိုးနွယ်စု၏ လူငယ် အမြင့်မြတ်ဆုံး အဆင့်သတ်မှတ်ချက်မှ လူတစ်ယောက်နှင့် တွေ့ဆုံခဲ့ရခြင်း ဖြစ်သလော...

ထိုတည်ရှိမှုများအားလုံးသည် ကောင်းကင်တက်လှမ်းခြင်း လှေကားအောက်တွင် ရှိနေပြီး နတ်ဘုရား မျိုးနွယ်စု တော်ဝင်မိသားစုနှင့် ထိပ်တိုက်တွေ့ဆုံကာ လှုပ်ရှားနေကြသည် မဟုတ်လော...

သူမ၏အကြည့်က ဖန်းပင်များ အနောက်မှ ဖြည်းညှင်းစွာ ထွက်လာသော အစိမ်းရောင် ဝတ်ရုံဝတ်ပုံရိပ်အပေါ် အခိုင်အမာ ချိတ်ပိတ်ထားသည်။

သူသည် ဖြောင့်မတ်သော ကိုယ်ဟန်အနေအထားရှိပြီး မင်အလား မည်းနက်သော ဆံပင်များနှင့် သေမျိုးလောကသို့ နှင်ထုတ်ခံရသော အင်မော်တယ် တစ်ပါးအလား ချောမောခန့်ညားသည့် မျက်နှာ ရှိသော်လည်း ဖော်ပြ၍မရနိုင်သော နက်ရှိုင်းမှုနှင့် ဂရုမစိုက်မှုတို့ကို သယ်ဆောင်ထားသည်။

အထူးသဖြင့် သူ၏မျက်လုံးများ... ယွဲ့ယီသည် မည်သည့်အမျိုးသား၏ မျက်လုံးများတွင်မျှ ထိုကဲ့သို့ တည်ငြိမ်မှုမျိုးကို တစ်ကြိမ်တစ်ခါမှ မမြင်တွေ့ဖူးချေ။

စူးချန်ကဲသည် နတ်ဘုရား မျိုးနွယ်စုဝင်၏ အလောင်းကို တစ်ချက်လေးမျှပင် မကြည့်ခဲ့ချေ။ သူ၏အကြည့်က ယွဲ့ယီအပေါ် တည်ငြိမ်စွာ ကျရောက်သွားပြီး တီးတိုးမေးမြန်းလိုက်သည်။

"ကောင်းကင်တက်လှမ်းခြင်း လှေကားက ဘယ်မှာလဲ... မင်း ဘယ်လောက် သိထားလဲ..."

ယခုလောလောဆယ် သူသည် ဤအရာများကို ပြောပြမည့် တစ်ယောက်ယောက်ကို လိုအပ်နေသည်။

ထိုသို့မဟုတ်ပါက သူ မည်မျှပင် အစွမ်းထက်နေပါစေ သို့မဟုတ် ဤနယ်မြေ၏ဖိနှိပ်မှုကြောင့် သက်ရောက်မှု ရှိမနေပါစေ ခေါင်းပြတ်နေသော ယင်ကောင် တစ်ကောင်အလား သူ ဤအတိုင်း လျှောက်သွားနေ၍မရပေ။ ဤနယ်မြေသည် အမှန်အားဖြင့် မည်မျှထိကြီးမားကြောင်း မည်သူသိနိုင်မည်နည်း...

ယွဲ့ယီက ရုတ်တရက် လှုပ်ရှားသွားပြီး တစ်ခုခုကို သတိရသွားသည့်အလား သူမ၏ ကြောင်အမ်းမှုမှ နိုးထလာသည်။

ခိုင်မာသော အသက်ရှင်သန်လိုစိတ်နှင့် စီးပွားရေးလောက၏ အတက်အကျများမှ ကျင့်သားရခဲ့သော လိုက်လျောညီထွေဖြစ်မှုတို့က ချက်ချင်းပြန်လည်ရောက်ရှိလာပေ၏။

သူမ၏ရှေ့ရှိ လျှို့ဝှက်ဆန်းကြယ်ပြီး ကြောက်မက်ဖွယ်ကောင်းသော အစိမ်းရောင် ဝတ်ရုံဝတ်အမျိုးသားက သူမ၏တစ်ခုတည်းသော အသက်ရှင်သန်ရေး အခွင့်အလမ်းပင်။ ထိုလူသည် သူမအတွက် ဖြစ်နိုင်ခြေရှိသော မှီခိုအားထားရာတစ်ခု ဖြစ်ကြောင်း သူမ ချက်ချင်းနားလည်သဘောပေါက်လိုက်သည်။

သူမသည် များစွာတွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သူမ၏ အနည်းငယ် ရှုပ်ပွပြီး ပျက်စီးနေသော ဝတ်စုံနှင့် ဖရိုဖရဲဖြစ်နေသော ဆံပင်များကို သေသပ်အောင် လုပ်လိုက်သည်။ မရေမတွက်နိုင်သော အမျိုးသားများကို မူးမေ့လဲသွားစေနိုင်စွမ်းရှိသည့် သူမ၏ဆွဲဆောင်မှုရှိသော အပြုံးက သူမ၏မျက်နှာပေါ်တွင် လျှင်မြန်စွာ ထွက်ပေါ်လာခဲ့သည်။

သူမက တင့်တယ်လှပစွာ ရှေ့သို့ ခြေလှမ်းလှမ်းလိုက်ပြီး စူးချန်ကဲနှင့် သုံးကျန်းအကွာတွင် မတ်တတ်ရပ်ပြီး တည်ကြည်လေးနက်စွာ ဦးညွှတ်လိုက်၏။ ထို့နောက် သူမက ကျေးဇူးတင်မှုနှင့်လေးစားမှုတို့ ပြီးပြည့်စုံစွာ ပါဝင်နေသည့် နူးညံ့ပြီး ညှို့ဓာတ်ပြင်းသော လေသံဖြင့် ပြောလိုက်သည်။

"ဒီအမျိုးသမီးငယ်က ယွဲ့ယီပါ... ကျွန်မရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် သခင်လေးကို ကျေးဇူးတင်ပါတယ်... သခင်လေးရဲ့ နတ်ဘုရားစွမ်းအားက ပြိုင်ဘက်ကင်းတာပဲ... လက်တစ်ချက် ဝှေ့ယမ်းရုံနဲ့ အဲ့ဒီ ရွံစရာကောင်းတဲ့ နတ်ဘုရား မျိုးနွယ်စုဝင်ကို အမှုန်အမွှားအဖြစ် ပြောင်းလဲလိုက်တယ်... ဒီအမျိုးသမီးငယ်က သခင်လေးကို တကယ်ပဲ အရမ်းလေးစားမိပါတယ်..."

သူမက ခေါင်းမော့လိုက်ရာ သူမ၏ မျက်လုံးများက တောက်ပနေပြီး စူးချန်ကဲ၏ အကြည့်ကို ရဲဝံ့စွာ တိုက်ရိုက်ရင်ဆိုင်လိုက်သည်။ သူမ၏ အနီရောင်နှုတ်ခမ်းများ အနည်းငယ် ပွင့်ဟသွားပြီး ညင်သာစွာအသက်ရှူနေသည်။ ထို့နောက် ယွဲ့ယီသည် ယွမ်ယန်နယ်မြေတွင် သူမကို လိုက်လံပိုးပန်းနေသော မည်သည့်လူငယ် ပါရမီရှင်ကိုမဆို အောက်မေးရိုးပြုတ်ကျသွားစေမည့် စကားများကို ပြောလိုက်သည်။

"သခင်လေးရဲ့ ကြီးမားတဲ့ ကျေးဇူးတရားက ဆပ်လို့ မကုန်နိုင်ပါဘူး... တကယ်လို့ သခင်လေးက စိတ်မရှိဘူးဆိုရင်... ဒီအမျိုးသမီးငယ်က ဒီနေ့ အသက်ကယ်တင်ခဲ့တဲ့ ကျေးဇူးတရားရဲ့ တစ်စိတ်တစ်ပိုင်းကို ဆပ်ဖို့အတွက် သခင်လေးဆီကိုယ့်ကိုယ်ကိုယ် အပ်နှင်းပါ့မယ်...ကျွန်မက သခင်လေးရဲ့ဘေးမှာ အမြဲရှိနေပြီးတော့ လက်ဖက်ရည်နဲ့ ရေ တည်ခင်းပေးပြီး သခင်လေးအတွက် အိပ်ရာခင်းပေးဖို့ ဆန္ဒရှိပါတယ်..."

ထိုစကားကိုပြောဆိုပြီးနောက် သူမက ခေါင်းအနည်းငယ် ငုံ့လိုက်ရာ သူမ၏ ရှည်လျားပြီး ကွေးညွတ်နေသော မျက်တောင်များက ညင်သာစွာ တုန်ယင်နေသည်။ သူမ၏ပါးပြင်ပေါ်တွင် နီမြန်းမှုများ ဆွဲဆောင်မှုရှိစွာ မြင့်တက်လာပြီး သူမကို အဆုံးမရှိ ရှက်ရွံ့နေပုံ ပေါက်စေသည်။

သူမ၏ ညှို့အားပြင်းပြီး ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်၊ သူမ၏ ချောမောလှပသော မျက်နှာ နှင့် သူမ၏ အနည်းငယ် စုတ်ပြဲနေသော အဝတ်အစားများနှင့် မွှေးပျံ့သော ချွေးများကြောင့် ဖြစ်ပေါ်လာသည့် ဖရိုဖရဲ အလှတရား တို့ ပေါင်းစပ်လိုက်ချိန်၌....

ဤမြင်ကွင်းက ကမ္ဘာပေါ်ရှိ အမျိုးသားအများစုကို သူတို့၏ သွေးများ ဆူပွက်လာပြီး ထိန်းချုပ်မှု ဆုံးရှုံးသွားစေရန် လုံလောက်သည်။

သို့ရာတွင် စူးချန်ကဲ၏ တုံ့ပြန်မှုက ယွဲ့ယီ၏ မျှော်လင့်ချက်များကို လုံးဝကျော်လွန်နေပေ၏။

အမျိုးသား တစ်ဦး ရှိသင့်သည့် ကြောင်အမ်းသွားခြင်း၊ စိတ်လှုပ်ရှားသွားခြင်း သို့မဟုတ် မည်သည့် တုံ့ပြန်မှု အရိပ်အယောင်ကိုမျှ သူ မပြသခဲ့ချေ။

အမှန်အားဖြင့် သူ၏ အကြည့်ပင်လျှင် အနည်းငယ်မျှ မပြောင်းလဲခဲ့ပေ။

သူက သူမကို တည်ငြိမ်စွာသာ ကြည့်နေပြီး သူ ပြောလိုက်သော အသံမှာ တည်ငြိမ်ကာ လှိုင်းဂယက်မရှိဘဲ ယွဲ့ယီ၏မျက်နှာပေါ်ရှိ ဆွဲဆောင်မှုရှိသော အပြုံးကို ချက်ချင်း အေးခဲတောင့်တင်းသွားစေခဲ့သည်။

"မင်း ငါ့ကို မှတ်မိတယ်မလား..."

အခန်း ၂၁၀: သူ တကယ်ပဲ မသိတာလား..

ယွဲ့ယီက တခဏကြာ တုံ့ဆိုင်းသွားပြီးနောက် အပြုံးနှင့် ပြောလိုက်သည်။

"အစပိုင်းမှာ ကျွန်မ နည်းနည်းမသေချာခဲ့ဘူး... ပြီးတော့ အဲ့ဒီကိစ္စအတွက် ကျွန်မကို အပြစ်တင်လို့ မရပါဘူး... ဘာပဲဖြစ်ဖြစ် ထိုက်ချင်ဂိုဏ်းရဲ့ သူတော်စင်က ဒီလောက်ထိ အစွမ်းထက်လိမ့်မယ်လို့ ဘယ်သူက မျှော်လင့်ထားမိမှာလဲ..."

အမှန်အတိုင်း ပြောရလျှင် သူမသည် စူးချန်ကဲ၏ပုံတူပန်းချီကို ယခင်က မြင်ဖူးသောကြောင့် သူ့ကို အစကတည်းက မှတ်မိခဲ့သော်လည်း အစပိုင်းတွင် အတည်ပြုရန် မဝံ့ရဲခဲ့ချေ။

လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့် နတ်ဘုရားမျိုးနွယ်စုမှ အစွမ်းထက်သူတစ်ဦးကို ဖယ်ရှားလိုက်ခြင်းက ယွမ်ယန်နယ်မြေ၏ ပါရမီရှင်များနှင့် ပတ်သက်သည့် သူမ၏နားလည်မှုကို ကျော်လွန်သွားခဲ့လေပြီ။

ယခင်က သူမသည် ဖုန်းဝူရှန်းမှတဆင့် သူ့ကို သိကျွမ်းချင်ခဲ့ပြီး လက်ထပ်ရန်ပင် တွေးတောခဲ့ဖူးသည်။ သူမသည် စီးပွားရေးသမားတစ်ဦးဖြစ်ပြီး အိမ်ထောင်ရေးမှာ ရင်းနှီးမြှုပ်နှံမှုတစ်ခုလည်း ဖြစ်ကြောင်း နက်နက်ရှိုင်းရှိုင်း နားလည်ထားပေ၏။ သို့သော် ကောင်းကင်တက်လှမ်းခြင်း လျှို့ဝှက်နယ်မြေ ထွက်ပေါ်လာတော့မည့် အချိန်ကြောင့် ကြန့်ကြာနေခဲ့သည်။

သူမ၏နောက်ခံသည်လည်း မရိုးရှင်းချေ။ သူမသည် အတိတ်က စိတ်ဝိညာဉ်နယ်မြေမှ မိသားစု ကြီးတစ်ခုဖြစ်သော ယွဲ့မိသားစု၏ မျိုးဆက် တစ်ဦးပင်။ သို့ရာတွင် ယွဲ့မိသားစုသည် လွန်ခဲ့သော နှစ်သောင်းပေါင်းများစွာက နိမ့်ကျသွားခဲ့သဖြင့် အခြေချရန်အတွက် အောက်ဘုံသို့ ပြောင်းရွှေ့ရန်မှတပါး တခြားရွေးချယ်စရာ မရှိခဲ့ချေ။ ဤအချက်က နောက်ပိုင်းတွင် ယွမ်ယန် ကုန်သည်ကြီးများအသင်းကို တည်ထောင်ခြင်းဆီသို့ ဦးတည်သွားစေခဲ့သည်။ ယွဲ့မိသားစုသည် သူတို့ဘိုးဘေးများ၏ ဂုဏ်ကျက်သရေကို အမြဲတစေ ပြန်လည်ရယူချင်ခဲ့ပြီး မျိုးဆက်တိုင်းက ယွဲ့မိသားစုကို အနည်းငယ်မျှသာဖြစ်စေ ပို၍အစွမ်းထက်လာစေရန် တာဝန်ယူခဲ့ကြသည်။ အချိန်ကြာလာသည်နှင့်အမျှ ယွမ်ယန် ကုန်သည်ကြီးများအသင်းသည် ယွမ်ယန်နယ်မြေတစ်ခုလုံးသို့ လွှမ်းမိုးနိုင်ခဲ့လေ၏။

"မင်း ငါ့မေးခွန်းကို မဖြေရသေးဘူး..."

စူးချန်ကဲက တည်ငြိမ်သော အမူအရာဖြင့် ပြောလိုက်သည်။

ဤစကားကိုကြားချိန်၌ ယွဲ့ယီ၏မျက်လုံးများတွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

သူ အမှန်တကယ်ကို မသိသလော...

ထိုသို့ဆိုလျှင် ယခင်က သူ မည်သည့်နေရာ၌ ရောက်နေခဲ့သနည်း...

သို့ရာတွင် သူမကိုယ်သူမ တည်ငြိမ်အောင် ထိန်းသိမ်းပြီး အလျင်စလို ပြန်ဖြေလိုက်၏။

"ကျွန်မ သိသလောက်တော့ ကောင်းကင်တက်လှမ်းခြင်း လျှို့ဝှက်နယ်မြေ စပွင့်လာတဲ့ အချိန်တုန်းက နယ်မြေအားလုံးက ပါရမီရှင်တွေဟာ တက်လှမ်းဖို့ ကြိုးစားဖို့ ပုကျိုးတောင်ခြေရင်းမှာ စုဝေးခဲ့ကြတယ်... ဒါပေမဲ့ နတ်ဘုရားမျိုးနွယ်စုရဲ့ တော်ဝင်မိသားစုငါးခုကလူတွေ ရောက်လာတဲ့အချိန်မှာ တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့တယ်... ပါရမီရှင်တွေအများကြီးက နတ်ဘုရားမျိုးနွယ်စုရဲ့လက်ချက်နဲ့ သေဆုံးခဲ့ရပြီးတော့ အဲ့ဒီဖရိုဖရဲဖြစ်မှုအတွင်းမှာ ကျွန်မက ထွက်ပြေးလွတ်မြောက်လာခဲ့တာပါ..."

သူမ စကားပြောဆိုနေစဉ် သူမ၏ မျက်လုံးများတွင် အေးစက်မှု တစ်ခု ရှိနေပြီး သူမ၏အနီရောင်နှုတ်ခမ်းများကို တင်းကြပ်စွာ ကိုက်ထားသည်။ အကယ်၍ နတ်ဘုရား မျိုးနွယ်စုဝင်များကသာ ရုတ်တရက် မတိုက်ခိုက်ခဲ့ပါက သူမသည် တောင်ခြေရှိ ထိုအခွင့်အရေးကို ရရှိနိုင်ကောင်း ရရှိနိုင်ပေမည်။

ဤစကားကိုကြားချိန်၌ စူးချန်ကဲ၏အမူအရာသည် များစွာပြောင်းလဲမသွားခဲ့ဘဲ ဆက်မေးလိုက်၏။

"ဘယ်နေရာမှာလဲ..."

"ဒီကနေ လီနှစ်သိန်းလောက် ဝေးတယ်..."

ယွဲ့ယီက အမှန်အတိုင်း ပြန်ဖြေလိုက်သည်။

စူးချန်ကဲက နှစ်ကြိမ်မစဉ်းစားဘဲ ထွက်ခွာရန် ဟန်ပြင်လေသည်။ သူ၏အရှိန်ဖြင့်ဆိုလျှင် တစ်နာရီ မပြည့်မီ သူ ထိုနေရာသို့ ရောက်ရှိနိုင်သည်။

"သခင်လေး စူး..."

ယွဲ့ယီက အလျင်စလို ခေါ်လိုက်၏။

စူးချန်ကဲက စကားမပြောဘဲ သူမကို ပြန်ကြည့်လိုက်သည်။

ယွဲ့ယီက နှုတ်ခမ်းကိုက်ကာ ပြောလိုက်သည်။

"ကောင်းကင်တက်လှမ်းခြင်း လျှို့ဝှက်နယ်မြေက အခု အရမ်းအန္တရာယ်များပြီးတော့ အမဲလိုက်နေတဲ့ နတ်ဘုရား မျိုးနွယ်စုဝင်တွေနဲ့ အချိန်မရွေး ကြုံတွေ့ရနိုင်တယ်... သခင်လေးစူးရဲ့ခွန်အားက သာလွန်ထူးကဲပေမဲ့ လူအများကြီးကို လူတစ်ယောက်တည်းနဲ့ တိုက်ခိုက်ဖို့ ခက်ခဲပါတယ်... ကျွန်မကို ခေါ်သွားပါ... ကျွန်မမှာ ကံကြမ္မာကောင်းခြင်းကို ရှာဖွေပြီး ကံကြမ္မာဆိုးကို ရှောင်ရှားဖို့ နည်းလမ်း ရှိပါတယ်..."

"ပြီးတော့... သခင်လေး စူးက စိတ်မရှိဘူးဆိုရင် လမ်းခရီးမှာ ကျွန်မက သခင်လေးကို အစေခံနိုင်ပါတယ်..."

ဤစကားကို ပြောဆိုပြီးနောက် သူမက စူးချန်ကဲကို မျှော်လင့်ချက်များဖြင့် ကြည့်လိုက်ရာ သူ ငြင်းပယ်မည်ကို စိုးရိမ်သဖြင့် သူမ၏နှလုံးခုန်သံများ မြန်ဆန်လာခဲ့သည်။

အကယ်၍ သူမ၏အစ်မနှင့် ပြန်လည် ပေါင်းစည်းရန် မပြန်နိုင်ခဲ့ပါက ဤအင်မော်တယ်ရှေးဟောင်းကမ္ဘာကြီးထဲတွင် သူမတစ်ယောက်တည်း အသက်ရှင်သန်ရန် အခွင့်အရေးရှိမည် မဟုတ်ချေ။

စူးချန်ကဲက သူမကိုကြည့်ကာ တခဏကြာမျှ တိတ်ဆိတ်နေပြီးနောက် တီးတိုးပြောလိုက်သည်။

"လမ်းပြ..."

ဤသည်က သူမ၏အလှအပကြောင့် မဟုတ်ဘဲ ယွမ်ယန်ကုန်သည်ကြီးများအသင်းတွင် ဖုန်းဝူရှန်း၏သဘောထားနှင့် လျှိုရူယန်၏ အဖြစ်အပျက်ကို သူ ပြန်လည်အမှတ်ရသောကြောင့်ပင်။ ကျိုးကြောင်းဆီလျော်စွာနှင့် စိတ်ပိုင်းဆိုင်ရာအရ သူမ သေဆုံးသွားသည်ကို သူ ဤအတိုင်း ရပ်ကြည့်မနေနိုင်ချေ။

သူ သဘောတူလိုက်သည်ကို ကြားချိန်၌ ယွဲ့ယီ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှု အမူအရာ တစ်ခု ချက်ချင်းထွက်ပေါ်လာသည်။

ယွဲ့ယီသည် မည်သည့်ပေါ့ဆမှုမျှ မပြသဝံ့ဘဲ သူမ၏မှော်စွမ်းအားကို အလျင်စလို လည်ပတ်စေကာ အပြည့်အဝနိုးကြားမှုဖြင့် ထွက်ခွာလာသည်။

သူမ ကျင့်ကြံသောကျင့်စဉ်က သွက်လက်မှုနှင့် ဖုံးကွယ်မှုကို နှစ်သက်ပြီး သူမ၏ လှုပ်ရှားမှု နည်းစနစ်မှာ အလွန်ကောင်းမွန်နေလေပြီ။ ဤအချိန်အခိုက်အတန့်တွင် သူမ လေ့လာသင်ယူခဲ့သမျှကို အမြင့်ဆုံး ကန့်သတ်ချက်အထိ သူမ တွန်းအားပေးလိုက်၏။

ထိုသို့ဆိုသည့်တိုင် တစ်နာရီ၏လေးပုံတစ်ပုံခန့် အကြာတွင် ယွဲ့ယီ၏ခန္ဓာကိုယ်တွင် ချွေးများဖြင့် ရွှဲရွှဲစိုနေပြီး အနည်းငယ် မောဟိုက်နေလေပြီ။

သူမ ဝတ်ဆင်ထားသော မီးတောက်အလား အနီရောင်ပိုးသားဝတ်စုံမှာ ပျက်စီးနေပြီဖြစ်ပြီး ယခုအချိန်၌ ချွေးများဖြင့် စိုရွှဲနေကာ သူမ၏ညှို့အားပြင်းပြီး ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်တွင် ပို၍ပင် တင်းကြပ်စွာ ကပ်နေပြီး အသက်ရှူမှားလောက်အောင် လှပသော ကောက်ကြောင်းများကို ဖော်ပြနေသည်။

သူမက အံ့ကြိတ်ကာ တည်ငြိမ်နေပြီး မည်သည့်အချိန်မျှ မောပန်းမည် မဟုတ်သည့်အလား ရှေ့တွင်ရှိနေသော အစိမ်းရောင်ဝတ်ရုံဝတ်ပုံရိပ်ကို သူမ၏ လှပသော မျက်လုံးများဖြင့် စိုက်ကြည့်ရင်း သူမ၏နှလုံးသားထဲတွင် ပို၍ပင် အံ့အားသင့်သွားသည်။

ဤအင်မော်တယ် ရှေးဟောင်းလျှို့ဝှက်နယ်မြေ၏ဖိအားသည် မည်မျှထိ ကြောက်စရာကောင်းသနည်း...

ဤအရှိန်ကို ထိန်းသိမ်းထားနိုင်ရန်အတွက် သူမ၏စွမ်းအားများအားလုံးကို အကုန်အစင် သုံးရသော်လည်း သူကမူ အေးအေးလူလူ လမ်းလျှောက်နေပုံရပြီး သူ၏အသက်ရှူသံမှာ လုံးဝမပျက်ယွင်းခဲ့ချေ။

ဤကဲ့သို့ ကျင့်ကြံခြင်းအခြေခံအုတ်မြစ်မျိုးမှာ ခန့်မှန်း၍မရနိုင်လောက်အောင်ပင်။

စူးချန်ကဲ၏နတ်ဘုရားစိတ်အာရုံက ပတ်ဝန်းကျင်ရှိ လီ တစ်သောင်းကို အမြဲတစေ လွှမ်းခြုံထားသောကြောင့် ယွဲ့ယီ၏ အခြေအနေကို သူ သဘာဝကျကျ အာရုံခံမိသည်။

သူ၏မျက်မှောင်များ မသိမသာ တွန့်ကွေးသွားပြီး သူ၏အရှိန်နှုန်းကို သုံးပုံတစ်ပုံခန့် တိတ်ဆိတ်စွာ လျှော့ချလိုက်သည်။

ဤသည်မှာ သနားကရုဏာသက်မှုကြောင့် မဟုတ်ဘဲ ခရီးစဉ်ကို သူ မနှောင့်နှေးချင်သောကြောင့်သက်သက်ပင်။ အကယ်၍ ယွဲ့ယီသာ မောပန်းသွားပါက သူ ရပ်စောင့်နေရမည်ဖြစ်ကာ ထိုအရာက ပို၍ပင် ဒုက္ခရောက်စေပေလိမ့်မည်။

ယွဲ့ယီက အရှိန်ပြောင်းလဲသွားသည်ကို အာရုံခံမိလိုက်ပြီး သူမ၏စိတ်နှလုံးသားထဲတွင် အနည်းငယ် နွေးထွေးသွားကာ ရှုပ်ထွေးသော စိတ်ခံစားမှုတစ်ခုက လိုက်ပါလာပေ၏။

ဒီအမျိုးသားက... အစွမ်းထက်တယ်..လျှို့ဝှက်ဆန်းကြယ်တယ်...အေးစက်တယ်...ဒါပေမဲ့ ဖော်ပြလို့မရနိုင်တဲ့ လူသားဆန်မှု တစ်ခုကို မရည်ရွယ်ဘဲ ပြသနေတာလား...

သူတို့နှစ်ဦးသည် တစ်ယောက်က ရှေ့ တစ်ယောက်က နောက်မှနေ၍ လူသူကင်းမဲ့သော တောင်ရိုင်းများကို ဖြတ်သန်း၍ ပြေးလွှားခဲ့ကြသည်။

လမ်းတလျှောက်တွင် သူတို့သည် အင်မော်တယ် ရှေးဟောင်း အကြွင်းအကျန်များ သို့မဟုတ် ထူးဆန်းပြီး အန္တရာယ်ရှိသော နေရာတချို့ကို ရံဖန်ရံခါ ကြုံတွေ့ရသည်။ သို့ရာတွင် စူးချန်ကဲက ထိုအရာများကို ကြိုတင်အာရုံခံနိုင်လေ့ရှိပြီး ရှောင်ကွင်းသွားခြင်း သို့မဟုတ် တိတ်ဆိတ်စွာ ဖြတ်သန်းရန် ဖရိုဖရဲချီများဖြင့် သူတို့၏ အရှိန်အဝါကို ဖုံးကွယ်ခြင်းတို့အား ပြုလုပ်ခဲ့သည်။

အဆင်အခြင်မဲ့သော အကြွင်းအကျန်သားရဲတချို့၏တိုက်ခိုက်မှုများကို သူတို့ ကြုံတွေ့ရချိန်၌ သူက များသောအားဖြင့် လက်တစ်ချက် ဝှေ့ယမ်းရုံသာဖြစ်သည်။ သူ၏ဖရိုဖရဲချီများက တိုက်ခတ်သွားကာ လက်တစ်ချောင်း တောက်ရုံဖြင့် သူတို့ကို ဖိနှိပ်ပစ်လိုက်၏။

ယွဲ့ယီက အနောက်မှ လိုက်ပါလာပြီး ရင်တုန်စေလောက်သော အကြောက်တရားဖြင့် စောင့်ကြည့်နေခဲ့သည်။ သူမ အစွမ်းကုန်တိုက်ခိုက်ရန် သို့မဟုတ် အသက်လုပြေးရန် လိုအပ်သော အန္တရာယ်များမှာ စူးချန်ကဲ၏ရှေ့တွင် ကလေး ကစားစရာများအလားပင်။

သူတို့ အရှိန်အဟုန်ဖြင့်သွားနေစဉ် အချိန်များ ကုန်လွန်သွားသည်။

အင်မော်တယ် ရှေးဟောင်း လျှို့ဝှက်နယ်မြေ၏ ရာသီဥတုအပြောင်းအလဲများမှာ ပုံစံတသမတ်တည်းမရှိပုံရသည်။

အချိန်တခဏတွင် ရှေးဟောင်းကြယ်သုံးလုံး ကောင်းကင်ယံ၌ မြင့်မားစွာ တောက်ပနေပြီး အရာအားလုံးကို လင်းထိန်စေကာ နောက်တခဏတွင် ကောင်းကင်ကြီးက သတိပေးချက် မရှိဘဲ ရုတ်တရက် မှောင်မိုက်သွားခဲ့သည်။

"ဝီ..."

ရှေးဟောင်းတောရိုင်းများမှ မြစ်ဖျားခံလာပုံရသည့် လေးလံပြီး ဖိနှိပ်နေသော မှောင်မိုက်သည့် ဥပဒေသတစ်ခုက တိတ်ဆိတ်စွာ ပျံ့နှံ့သွားလေ၏။

ရှေးဟောင်းကြယ်သုံးလုံး၏ အလင်းရောင်သည် ထူထပ်သော တိမ်မည်းများ ဝါးမျိုခံလိုက်ရသည့်အလား လျှင်မြန်စွာ မှေးမှိန်သွားပြီး အလွန်ဖျော့တော့သော အလင်းကွင်းတစ်ခုသာ ကျန်ရစ်ခဲ့သည်။

ညအချိန် ရောက်လာလေပြီ...

ထို့ပြင် ဤအင်မော်တယ် ရှေးဟောင်းလျှို့ဝှက်နယ်မြေ၏ညအချိန်မှာ ပြင်ပကမ္ဘာနှင့် လုံးလုံးလျားလျား ကွဲပြားသည်။

အမှောင်ထုက အရည်ပျော်၍မရနိုင်သော မင်အလား ထူထပ်သိပ်သည်းနေပြီး နတ်ဘုရားစိတ်ဝိညာဉ်ကို တိုက်စားသည့် ထူးဆန်းသော ဂုဏ်သတ္တိတစ်ခုကို သယ်ဆောင်ထားလေ၏။

ဤနေရာတွင် အမြင်အာရုံ အလွန်အားနည်းသွားသဖြင့် ယွဲ့ယီ၏ကျင့်ကြံခြင်းဖြင့်ပင် သူမက ကျန်းတစ်ရာအထိသာ မြင်နိုင်သည်။

သူမ၏နတ်ဘုရားစိတ်အာရုံကို ထုတ်လွှတ်ခြင်းကလည်း ရွှံ့နွံတစ်ခုထဲသို့ နစ်မြုပ်သွားသည့်အလားပင်။

အဝေးရှိ တောင်များ၏ နက်ရှိုင်းသော နေရာများတွင် ညည်းတွားသံများနှင့် မိုးကြိုးအလား သားရဲ ဟိန်းဟောက်သံများ ထွက်ပေါ်လာပြီး တောင်များကို တုန်ခါသွားစေသော ကြောက်မက်ဖွယ်ကောင်းပြီး ရက်စက်ကြမ်းကြုတ်သည့် အရှိန်အဝါတစ်ခုကို သယ်ဆောင်လာသည်။

"အင်မော်တယ်ရှေးဟောင်းနယ်မြေရဲ့ ညက... ရိုင်းစိုင်းပြီး ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတွေနဲ့ တကယ့်ကို သက်ဆိုင်တဲ့ အချိန်ပဲ..."

ယွဲ့ယီ၏မျက်နှာ ဖြူရော်သွားပြီး သူမ၏ အသံတွင် တုန်ယင်မှု အရိပ်အယောင်တစ်ခု မသိမသာ ပါဝင်လာကာ စူးချန်ကဲ၏အနီးသို့ မသိစိတ်ဖြင့် တိုးကပ်သွားသည်။

သူမ၏အနီရောင်ဝတ်စုံသည် အမှောင်ထုထဲတွင် ဖျော့တော့တော့ မီးတောက်တစ်ခုအလား သိသာထင်ရှားနေသည်။

စူးချန်ကဲသည် သူ၏လှုပ်ရှားမှုကို ရပ်တန့်လိုက်ပြီး သူက မျက်မှောင်ကြုတ်လိုက်၏။

သူ၏ ဖရိုဖရဲ ရုပ်ခန္ဓာကိုယ်တွင် တာအိုအားလုံးကို ခုခံနိုင်စွမ်း ရှိသောကြောင့် ဤမှောင်မိုက်သော တိုက်စားမှုက သူ့အပေါ် သက်ရောက်မှု မရှိသလောက်နီးပါးပင်။

အမှောင်ထု ဆင်းသက်လာသည့် အခိုက်အတန့်တွင် ဤလျှို့ဝှက်နယ်မြေအတွင်းရှိ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုများ နိုးထလာပုံရသည်ကို သူ ရှင်းလင်းစွာ ခံစားနိုင်သည်။ ထိုတည်ရှိမှုများအနက် တချို့က သူ့ကို စိတ်မသက်မသာဖြစ်စေမှု အရိပ်အယောင်တစ်ခုကိုပင် ခံစားရစေသည်။

"ပုန်းဖို့ နေရာတစ်ခု အရင်ရှာပြီး မနက်မိုးလင်းမှ ထွက်သွားကြတာပေါ့..."

စူးချန်ကဲက ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်သည်။ သူသည် မဆင်မခြင် လုပ်တတ်သူတစ်ယောက် မဟုတ်ချေ။ အမျိုးအမည်မသိရသော အန္တရာယ်များရှိနေသည့် ဤပတ်ဝန်းကျင်တွင် မဆင်မခြင် ရှေ့သို့ပြေးဝင်ခြင်းက ဥာဏ်ပညာရှိသောလုပ်ရပ် မဟုတ်ချေ။

အထူးသဖြင့် သူမ၏ ကန့်သတ်ချက်သို့ ရှင်းလင်းစွာ ရောက်ရှိနေပြီဖြစ်သော ယွဲ့ယီကို သူ ခေါ်ဆောင်လာသောကြောင့်ပင်။

"အင်း..."

ယွဲ့ယီက ခေါင်းညိတ်လိုက်ပြီး စူးချန်ကဲကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်၏။

ရုတ်ချည်းဆိုသလိုပင် စူးချန်ကဲက သဘာဝလှိုဏ်ဂူတစ်ဂူကို လျှင်မြန်စွာ ရှာဖွေပြီး ချိတ်ပိတ်လိုက်သည်။ လှိုဏ်ဂူအဝင်ဝသည် မကြီးမားသော်လည်း အတွင်းပိုင်းတွင် နေရာလွတ်တချို့ ရှိနေပုံရသည်။

Book 21 end.

All Chapters