← Chapters

အခန်း (၁၁၁-၁၁၂)

Vol. 12 Ch. 111-112

အခန်း (၁၁၁-၁၁၂)

Vol. 12 Ch. 111-112

အခန်း (၁၁၁)

ကြိုတင်ကာကွယ်ခြင်း

ဒဏ်ရာကို သန့်စင်ပေးကာ အဆိပ်ဖြေလိမ်းဆေး ထည့်ပေးပြီးနောက် ပတ်တီးစည်းပေးရင်း ယောင်ရန်က ပြောလိုက်လေ၏။

"ကျွန်မ ဒဏ်ရာကို သန့်စင်ပြီး အဆိပ်မတက်အောင် ဆေးထည့်ပေးထားပါတယ်။ ဒါပေမဲ့ အဘိုးချွမ်က အသက်အရွယ်ကြီးရင့်ပြီး အားအင်ချည့်နဲ့နေတာမို့ နောက်တစ်ရက်လောက်အထိ ကိုယ်ပူရှိနေနိုင်သေး တယ်။ ကျွန်မ အရောင်ကျဆေး၊ အဖျားကျဆေးနဲ့ အဆိပ်ဖြေဆေးတွေ ပေးခဲ့မယ်...။"

"ဆေးတစ်မျိုးကို တစ်လုံးစီနဲ့ တစ်နေ့ နှစ်ကြိမ် တိုက်ပေးပါ။ ရေဓာတ်ခမ်းခြောက်တာမျိုး မဖြစ်အောင် လည်း ရေများများ တိုက်ပေးဖို့ လိုပါလိမ့်မယ်။ တကယ်လို့ အိမ်မှာ အရက်ပြန်ရှိရင်တော့ အဖျားမြန်မြန် ကျအောင် အရက်ပြန်နဲ့ ကိုယ်တိုက်ပေးလို့ ရပါတယ်...။"

အဘိုးချွမ်ကို မည်သို့ပြုစုရမည်ဟူသော လမ်းညွှန်ချက်များကို ပေးပြီးနောက် ယောင်ရန်သည် သူမ၏ ပစ္စည်းများကို သိမ်းဆည်းကာ ထွက်ခွာရန် ပြင်လိုက်လေသည်။

သို့သော်လည်း သူမသည် ခြေတစ်လှမ်းမျှ မလှမ်းရသေးမီမှာပင် ပြန်လည်ရပ်တန့်လိုက်ပြီး ဖြည့်စွက် ပြောလိုက်လေ၏။

"တကယ်လို့ အခြေအနေ ပိုဆိုးလာမယ်ဆိုရင်တော့ ကျွန်မဆီကို အမြန်ဆုံး လာရှာလိုက်ပါ...။"

ယောင်ရန် ထွက်ခွာတော့မည်ကို မြင်သောအခါ အဖွားချွမ်သည် အံဆွဲတစ်ခုကို အမြန်ဖွင့်လိုက်ပြီး ကျောက်စိမ်းလက်ကောက်နှစ်ကွင်းကို ထုတ်ယူလိုက်လေသည်။ ဖြူဖျော့နေသော သူမ၏ နှုတ်ခမ်း ထက်တွင် ကျေးဇူးတင်သော အပြုံးတစ်ခုကို ဆင်မြန်းလျက် ယောင်ရန်ထံသို့ ကမ်းပေးလိုက်၏။

အဖွားချွမ်သည် မျက်ရည်ဝဲနေသော မျက်ဝန်းများဖြင့် ပြောလိုက်လေသည်။

"မိန်းကလေးယောင်... ကျေးဇူးပြုပြီး ဒါကို လက်ခံပေးပါ။ ကျွန်မအမျိုးသားကို ကယ်တင်ဖို့ အသက် အန္တရာယ်ကို ဂရုမစိုက်ဘဲ ဒီအထိ လာပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ဒီကျောက်စိမ်း လက်ကောက်နှစ်ကွင်းက ဆေးဖိုးနဲ့ ဒီနေ့ ကူညီပေးတဲ့အတွက် အခကြေးငွေပါပဲ။ တကယ်လို့ ဒါက မလုံ လောက်သေးဘူးဆိုရင် နောက်မှ ထပ်စုပြီး ပေးပါရစေနော်...။"

ယောင်ရန်သည် ကျောက်စိမ်းလက်ကောက်များကို ယူလိုက်ပြီး ခေါင်းငြိမ့်ပြကာ၊

"ဒါက လုံလောက်နေပါပြီ...။" ဟု ပြောလိုက်လေ၏။

ယောင်ရန်၏ စကားကြောင့် အဖွားချွမ်သည် စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်သွားတော့သည်။ ထို့နောက် သူမသည် ယောင်ရန်အား အပြင်ဘက်အထိ လိုက်ပါပို့ဆောင်ပေးခဲ့လေသည်။

သူမ မထွက်ခွာမီမှာပင် ချွမ်ယွမ်ဝေ့က အသင့်စားခေါက်ဆွဲထုပ်တစ်ထုပ်ကို ကမ်းပေးရင်း ပြောလိုက် ၏။

"အစ်မယောင်ရန်...၊ ဒါက အပ်စိုက်ကုသပေးတဲ့အတွက် အခကြေးငွေပါ...။"

ယောင်ရန်သည် ယခင်က သူတို့ထံမှ အခကြေးငွေ မယူခဲ့ဖူးသည်ကို သတိရသွားသဖြင့် ထိုအသင့် စားခေါက်ဆွဲထုပ်ကို လက်ခံလိုက်လေသည်။

ထို့နောက် ချွမ်ယွမ်ဝေ့က လက်နှိပ်ဓာတ်မီးကို ယူလိုက်ရင်း၊

"အစ်မယောင်... ကျွန်တော် လိုက်ပို့ပေးပါရစေ..." ဟု ထပ်လောင်းပြောလိုက်လေ၏။

သို့သော် သူ ဓာတ်မီးမဖွင့်မီမှာပင် ယောင်ရန်က တားမြစ်လိုက်လေသည်။

"လိုက်ပို့ဖို့ မလိုပါဘူး...။"

ထိုစကားကို ဆိုပြီးနောက် ယောင်ရန်သည် ကျောက်စိမ်းလက်ကောက်နှစ်ကွင်းနှင့် အသင့်စားခေါက်ဆွဲ ထုပ်ကို ယူဆောင်ကာ ထွက်ခွာလာခဲ့တော့သည်။ သူမ အထပ် (၂၀) သို့ ရောက်သောအခါ ဟွမ်ချန်နှင့် ကျားရှန်းတို့ ကြမ်းတိုက်နေသည်ကို တွေ့လိုက်ရလေသည်။

ကျားရှန်းသည် ယောင်ရန်၏ လက်ထဲရှိ ဆေးသေတ္တာကို မြင်သောအခါ၊

"လူနာသွားကြည့်ပေးတာလား..." ဟု မေးလိုက်လေသည်။

ယောင်ရန်က ခေါင်းငြိမ့်ပြရင်း၊

"အဘိုးချွမ်က ခုနကတင် အဆိပ်ပိုးဖလံ ကိုက်ခံလိုက်ရလို့လေ။ သူ့မြေးက ကျွန်မကို လာခေါ်တာနဲ့ သွားကြည့်ပေးတာ...။" ဟု ပြန်ဖြေလိုက်လေသည်။

ထိုစကားကို ကြားသောအခါ ဟွမ်ချန်က သက်ပြင်းချလိုက်ရင်း ပြောလိုက်လေသည်။

"အခုခေတ်မှာ အသက်ရှင်ရတာ တကယ်ကို ခက်ခဲလာပြီပဲ။ ဒီမနက် အခြေအနေသွားကြည့်တုန်းက ကြားခဲ့ရတာကတော့ မနေ့ကတည်းက လူတွေအများကြီး သေဆုံးကုန်ကြပြီတဲ့။ (၁၀) ထပ်မှာနေတဲ့ မိသားစုဆိုရင် အိပ်နေတုန်း အဆိပ်ပိုးဖလံတွေ တိုက်ခိုက်တာခံရလို့ တစ်မိသားစုလုံး သေဆုံးသွား ကြတယ်...။"

သူသည် အသံကို နှိမ့်လိုက်ပြီး ဆက်ပြောလေသည်။

"လူဟုန်တို့အဖွဲ့ အဆောက်အအုံ (၃) ကို သွားစစ်ဆေးကြည့်ခဲ့တာတော့ အဆိပ်ပိုးဖလံ ကိုက်ခံရတဲ့ ရုပ်အလောင်းတွေပေါ်မှာ အဆိပ်ပိုးဖလံတွေရဲ့ အတောင်ပံတွေလိုပဲ အမည်းနဲ့ အနီရောင် အကွက် အပြောက်တွေ ဖြစ်နေတာကို တွေ့ခဲ့ရတယ်တဲ့...။"

"အလောင်းတွေက သုံးဆလောက်အထိ ဖောင်းကားလာပြီး အသားတွေက အဲ့ဒီအကွက်တွေအတိုင်း ကွဲအက်ကုန်တာ။ ကျွန်တော်ကိုယ်တိုင် မြင်ခဲ့ရတာကတော့ အလောင်းတစ်လောင်းက ပေါက်ကွဲထွက် သွားပြီး ပုပ်စော်နံတဲ့ အသားစတွေ ရောနှောနေတဲ့ အနီရောင်အရည်တွေ ဖြစ်သွားတာပဲ။ အဲဒီအနံ့က တကယ်ကို ဆိုးလွန်းလို့ ကျွန်တော်တောင် နေရာမှာတင် သေမလို ဖြစ်သွားခဲ့တာ...။"

သွေးပျက်ဖွယ် မြင်ကွင်းကို ပြန်လည်တွေးတောရင်း တုန်လှုပ်နေသော ဟွမ်ချန်ကို ကြည့်ကာ ယောင်ရန် ၏ မျက်ဝန်းများ မှုန်ကုပ်သွားလေသည်။

လောင်စာဆီ ရှားပါးမှုနှင့် စိုထိုင်းဆ မြင့်မားနေသော လေထုမှာ အဆိပ်ပိုးဖလံများကို နှိမ်နင်းရန် အဓိက အဟန့်အတားများ ဖြစ်နေခဲ့လေ၏။ မိုးသည်းထန်စွာ ရွာသွန်းနေသရွေ့ လူသားများအနေဖြင့် မီးကို အသုံးပြု၍ အဆိပ်ပိုးဖလံများကို သတ်ဖြတ်ရန်မှာ ခက်ခဲနေဦးမည်သာ ဖြစ်သည်။

*စစ်တပ်က ဒီပြဿနာကို ဘယ်လို ဖြေရှင်းမလဲဆိုတာ သိချင်မိပါရဲ့... ။*

သူမသည် ခဏမျှ စဉ်းစားပြီးနောက် မေးလိုက်လေသည်။

"ဒီအဆိပ်ပိုးဖလံ အန္တရာယ်ကို ဖြေရှင်းဖို့အတွက် စစ်တပ်ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ ရှိလား...။"

ကျားရှန်းက ခေါင်းခါပြရင်း၊

"မရှိသေးဘူး။ စစ်တပ်ဆီက နောက်ဆုံးရတဲ့ သတင်းကတော့ အဆိပ်ပိုးဖလံတွေကို ဘယ်လိုကိုင်တွယ် ရမလဲ ဆိုတာပဲ ရှိသေးတယ်။ အဆိပ်ပိုးဖလံတွေက ရုတ်တရက် ရောက်လာတာဆိုတော့ လူတိုင်း အခက်တွေ့နေကြတာလေ။ စစ်တပ်ဘက်မှာလည်း အကျအဆုံးတွေ အများကြီး ရှိနိုင်တယ်...။"

သူမ စကားဆုံးသောအခါ ဟွမ်ချန်၏ မျက်ဝန်းများ အနည်းငယ် အရောင်မှိန်သွားခဲ့လေ၏။ ယောင်ရန် သည် သူတို့၏ အမူအရာကို ကြည့်ကာ စစ်သားများအပေါ် သူတို့၏ ဂရုစိုက်မှုမှာ သာမန်ပြည်သူများ ထက် ပိုမိုနေသည်ကို သတိပြုမိလိုက်လေသည်။ သူမ၏ လေ့လာတွေ့ရှိချက်များအရ ယောင်ရန်၏ စိတ်ထဲ၌ ထင်မြင်ချက်တစ်ခု ရှိနေသော်လည်း ထုတ်တော့မပြောခဲ့ပေ။

ဟွမ်ချန်နှင့် ကျားရှန်းတို့နှင့် ခဏမျှ စကားပြောပြီးနောက် ယောင်ရန်သည် အခန်းသို့ ပြန်လာခဲ့လေ သည်။ သူမသည် သူမ၏ နေရာလွတ် အတွင်းမှ ပိုးသတ်ဆေး အချို့၊ ကာကွယ်ရေးဝတ်စုံ သုံးစုံနှင့် မျက်နှာဖုံးများကို ထုတ်ယူကာ ကျားရှန်းနှင့် ဟွမ်ချန်တို့ထံသို့ ပြန်သွားပေးလိုက်လေသည်။

"ဒါတွေကို အပြင်ထွက်တဲ့အခါ ဝတ်ထားသင့်တယ်။ အဆိပ်ပိုးဖလံတွေက ထုတ်လွှတ်တဲ့ အနံ့က ခေါင်းမူးတာနဲ့ ပျို့အန်တာတွေကို ဖြစ်စေနိုင်တယ်။ လူ့ခန္ဓာကိုယ်အပေါ် ဘယ်လိုသက်ရောက်မှုရှိမလဲ ဆိုတာ မသိသေးပေမဲ့ ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးပဲ...။"

ဟွမ်ချန်သည် ၎င်းတို့ကို ယူလိုက်ပြီး ယောင်ရန်ကို ကျေးဇူးတင်စွာ ပြုံးပြလိုက်လေသည်။

"ကျေးဇူးပါပဲ ယောင်ရန်။ ဒါတွေက ကျွန်တော့်အတွက် တကယ်ကို လိုအပ်နေတာ...။"

"ခေါင်းဆောင်က အပြင်က အခြေအနေကို သွားကြည့်ခိုင်းလို့ ပြန်လာတဲ့အခါတိုင်း ကျွန်တော် အမြဲတမ်း ခေါင်းမူးပြီး အန်ချင်သလို ခံစားနေရတာ။ အခု ဒီအသက်ရှူမျက်နှာဖုံးရှိပြီဆိုတော့ အပြင်ထွက်တဲ့အခါ အသက်အောင့်ထားဖို့ မလိုတော့ဘူးပေါ့...။"

ယောင်ရန်က ခေါင်းငြိမ့်ပြရင်း၊

"အပြင်ကို ခဏခဏ မထွက်တာ အကောင်းဆုံးပဲ။ ဒီမနက် ကျွန်မ သတိထားမိသလောက်ဆိုရင် အဆိပ် ပိုးဖလံတွေရဲ့ အရွယ်အစားက နှစ်ဆလောက် ပိုကြီးလာတယ်။ ရာသီဥတုက ပိုအေးလေလေ သူတို့တွေ က ပိုပြီး သန်မာလာလေလေ ဖြစ်ပုံရတယ်...။"

ထိုစကားကို ကြားသောအခါ ဟွမ်ချန်နှင့် ကျားရှန်းတို့၏ မျက်နှာများမှာ တည်ကြည်လေးနက်သွားကြ လေသည်။ သူတို့နှစ်ဦးသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် "ကောင်းပါပြီ..." ဟု ပြန်ဖြေလိုက်၏။

သူတို့ကို နှုတ်ဆက်ပြီးနောက် ယောင်ရန်သည် အိမ်သို့ ပြန်လာခဲ့လေသည်။ သူမသည် သံတံခါး သုံးထပ် ကို ခိုင်ခံ့စွာ ပိတ်လိုက်ပြီးနောက် နေရာလွတ် ထဲသို့ ဝင်ကာ ရေချိုးပြီး တစ်ကိုယ်လုံးကို ပိုးသတ်ဆေးဖြင့် ဖျန်းလိုက်လေသည်။

နေရာလွတ် ထဲမှ ထွက်လာပြီးနောက် ယောင်ရန်သည် လက်နှိပ်ဓာတ်မီးကို ယူဆောင်ကာ ဝရန်တာသို့ ထွက်လာခဲ့သည်။ သူမသည် မှန်သားပြင် သုံးထပ်ကို ဖြတ်ကျော်၍ အပြင်ဘက်ရှိ မှန်သားပေါ်တွင် ကပ်နေသော အဆိပ်ပိုးဖလံများကို အကဲခတ်နေမိ၏။

အတန်ကြာ စောင့်ကြည့်ပြီးနောက် ယောင်ရန်သည် စားပွဲပုလေးပေါ်ရှိ ဖန်အိုးကို လှည့်ကြည့်လိုက် လေသည်။ သူမသည် ထိုအဆိပ်ပိုးဖလံများကို ဖန်အိုးထဲတွင် ဖမ်းဆီးထားသည်မှာ နှစ်ရက်ခန့် ရှိပြီ ဖြစ်သော်လည်း ၎င်းတို့မှာ အားအင်ပြည့်ဝနေဆဲပင် ဖြစ်ချေသည်။

ယောင်ရန်သည် ဖန်အိုးထဲရှိ အဆိပ်ပိုးဖလံများကို နာရီဝက်ခန့် စေ့စေ့စပ်စပ် အကဲခတ်နေပြီးနောက် လက်နှိပ်ဓာတ်မီးကို သိမ်းလိုက်ကာ သူမ၏ နေ့စဉ်ပြုလုပ်မြဲဖြစ်သော လေ့ကျင့်ခန်းများကို စတင်လိုက် လေတော့သည်။

အခန်း (၁၁၂)

ပြောက်ကျားစစ်ပွဲ (၁)

နောက်တစ်နေ့ နံနက်စောစောတွင် တံခါးခေါက်သံကြောင့် ယောင်ရန် နိုးလာခဲ့လေသည်။

သူမသည် အပေါ်အင်္ကျီကို ထပ်ဝတ်၍ တံခါးသွားဖွင့်ပေးလိုက်လေ၏။

တံခါးဝ၌ လုံယုကို တွေ့လိုက်ရသဖြင့် သူမက ပြုံး၍ မေးလိုက်လေသည်။

" မနက်အစောကြီး ဘာဖြစ်လို့ ရောက်လာတာလဲ...။"

လုံယုသည် သူမ၏ နီမြန်းစိုပြည်နေသော မျက်နှာလေးကို ကြည့်၍ ပြန်ဖြေလိုက်လေသည်။

"မင်း ဘယ်လိုနေသေးလဲဆိုတာ သိချင်လို့ လာကြည့်တာပါ။ မင်းရဲ့ ဘယ်ဘက်လက်ကကော ဘယ်လို နေသေးလဲ...။"

ယောင်ရန်က သူမ၏ ဘယ်ဘက်လက်ကို မြှောက်ပြရင်း ၊

"ရောင်တာတွေ ကျသွားပြီ၊ အားမရှိတာမျိုး ဒါမှမဟုတ် နာကျင်တာမျိုးလည်း မရှိတော့ပါဘူး...။"

ထိုစကားကို ကြားမှပင် လုံယုသည် စိုးရိမ်စိတ်များ လျော့ပါးသွားပြီး ပြောလိုက်လေသည်။

"မနေ့ညက အဆောက်အအုံ (၆) မှာ လုယက်မှုဖြစ်ပြီး လူတွေအများကြီး သေသွားတယ်...။"

"ဓားပြတွေက လူသတ်လုယက်ပြီးတဲ့နောက် လင်းယွမ်တိုက်ခန်းအဆောက်အအုံက လူတွေကို အသံချဲ့ စက်နဲ့ ခြိမ်းခြောက်သွားကြသေးတယ်။ သူတို့တွေ နောက်တစ်ခါ ထပ်လာဦးမယ်တဲ့။ ဘာမှ အလွဲအချော် မရှိဘူးဆိုရင် သူတို့ ဒီည ပြန်လာကြလိမ့်မယ်။ အဲဒါကြောင့် ဒီကာလအတွင်းမှာ ငါတို့တွေ ပိုပြီး သတိ ဝီရိယရှိဖို့ လိုလိမ့်မယ်...။"

ယောင်ရန်က ခေါင်းငြိမ့်ပြလိုက်လေသည်။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူမက မေးလိုက်လေ သည်။

"အပြင်ဘက်က အခြေအနေတွေကကော ဘယ်လိုရှိလဲ...။"

"ရေပေါ်မှာ ပေါ်နေတဲ့ အလောင်းတွေ အားလုံး ပျောက်ကွယ်သွားပြီ။ အဲဒီအလောင်းတွေကို အဆိပ် ပိုးဖလံတွေ စားပစ်လိုက်တယ်လို့ ကျွန်တော် သံသယရှိတယ်။ ဒါ့အပြင် ရေမျက်နှာပြင်ကလည်း အရင် ကထက် ပိုပြီး မြန်မြန်ဆန်ဆန် မြင့်တက်လာနေတယ်...။" ဟု လုံယုက လေးလံသော လေသံဖြင့် ပြောလိုက်လေသည်။

သူ၏ အဖြေကို ကြားပြီးနောက် ယောင်ရန်သည် တိတ်ဆိတ်သွား၏။ အပြင်ဘက်မှ တိုးညင်းသော မိုးစက်သံကို နားစွင့်ရင်း သူမသည် မျက်မှောင်ကြုတ်လိုက်မိပြီး ကျွင်းချန်မြို့ အနီးအနားတွင် ရေလှောင် ကန် အများအပြား ရှိနေသည်ကို ရုတ်တရက် သတိရသွားခဲ့လေသည်။

သူမ၏ မျက်နှာရိပ်မျက်နှာကဲ ပြောင်းလဲသွားသည်ကို မြင်သောအခါ လုံယုက

"ဘာဖြစ်လို့လဲ...။" ဟု မေးလိုက်လေ၏။

ယောင်ရန်သည် သူ့ကို မော့ကြည့်ကာ ခဏမျှ တုံ့ဆိုင်းနေပြီးမှ ပြောလိုက်လေသည်။

"ကျွင်းချန်မြို့ ပတ်ပတ်လည်မှာ ရေလှောင်ကန်တွေ အများကြီး ရှိနေတယ်...။"

သူမအနေဖြင့် အများကြီး ရှင်းပြနေရန် မလိုပေ။ အဘယ်ကြောင့်ဆိုသော် လုံယုသည် သူမ ဘာကို ဆိုလိုသည်ကို နားလည်ပြီးဖြစ်သောကြောင့်ပင်။

သူ၏ မျက်နှာမှာ လေးနက်သွားပြီး၊

"ဒီကိစ္စကို တခြားသူတွေနဲ့ အရင်ဆုံး တိုင်ပင်လိုက်ဦးမယ်။ ငါတို့တွေ ရိက္ခာနဲ့ အသုံးအဆောင်တွေကို တတ်နိုင်သမျှ များများ စုဆောင်းထားဖို့ လိုအပ်နေပြီထင်တယ်...။" ဟု ပြောလိုက်လေသည်။

"ကောင်းပါပြီ...။"

လုံယု ထွက်သွားပြီးနောက် ယောင်ရန်သည် ဧည့်ခန်းတွင် ထိုင်ကာ အတွေးနက်နေမိ၏။ သူမ ပြန်လည် မွေးဖွားလာပြီးနောက် ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများကို ပြန်လည်စဉ်းစားကြည့်လျှင် သူမ၌ ရိက္ခာ အမြောက်အမြားနှင့် စွမ်းရည်သုံးမျိုး ရှိနေသော်လည်း ရှင်သန်ရန်မှာ မလွယ်ကူလှကြောင်း သိမြင်လာ ရလေသည်။

အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ယောင်ရန်သည် ဆိုဖာပေါ်တွင် မှီချလိုက်ကာ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်လေသည်။

သူမသည် မျက်လုံးများကို မှိတ်ထားရင်း၊

"ရှင်သန်ရတာ တကယ်ကို ခက်ခဲလှပါပြီဆိုမှ...၊ အဲဒီလူတွေက ဘာလို့ အခြေအနေတွေကို ပိုဆိုးအောင် လုပ်နေကြတာလဲ...။" ဟုစိတ်ပျက်လက်ပျက် ရေရွတ်လိုက်မိလေသည်။

သူမသည် ထိုနေရာတွင် ခဏမျှ ထိုင်နေပြီးနောက် စိတ်တည်ငြိမ်သွားအောင် အသက်ကိုပြင်းပြင်း ရှူ လိုက်လေသည်။ ထိုဓားပြများ ယနေ့ညတွင် ပြန်လာနိုင်သည်ဟု လုံယုက ပြောထားသဖြင့် သူမအနေ ဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် လိုအပ်ပေသည်။

အစီအစဉ် ဆွဲပြီးနောက် ယောင်ရန်သည် အစောပိုင်းက စုဆောင်းထားသော အနီရောင်ရင့်ရောင် အရည်များနှင့် နေရာလွတ် အတွင်းမှ အဆိပ်ရှိဆေးဖက်ဝင်အပင် ဆယ်မျိုးကို ထုတ်ယူလိုက်၏။ လက်အိတ်နှင့် မျက်နှာဖုံးတို့ကို ဝတ်ဆင်ပြီးနောက် အဆိပ်ရည် တစ်အိုးကို စတင်ဖော်စပ်လေတော့ သည်။

သုံးနာရီကြာ အလုပ်လုပ်ပြီးနောက်တွင်မူ အဆိပ်ရည်တစ်အိုးကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့လေသည်။ အဆင့်ဆင့် သန့်စင်ပြီးနောက်တွင် ထိုအဆိပ်မှာ အရောင်အဆင်းနှင့် အနံ့အသက် ကင်းစင်သွားခဲ့လေ ၏။

ယောင်ရန်သည် စားပွဲပုလေးပေါ်ရှိ ဖန်အိုးထဲတွင် လှုပ်ရှားနေသော အဆိပ်ပိုးဖလံများကို ကြည့်ကာ

"မင်းတို့ အလုပ်လုပ်ရမယ့် အချိန်ရောက်ပြီ...။" ဟု ပြောလိုက်လေသည်။

ထို့နောက် သူမသည် ဖန်အိုးကို ဂရုတစိုက်ဖွင့်၍ ဓာတ်ခွဲခန်းသုံး ပိုက်ပက် ဖြင့် အဆိပ်အချို့ကို ယူလိုက် ၏။ ယောင်ရန်သည် အဆိပ်အစက်အချို့ကို ဖန်အိုးထဲသို့ ထည့်လိုက်ပြီးနောက် လျင်မြန်စွာ ပြန်ပိတ် လိုက်လေသည်။

ပိုက်ပက်ကို ချလိုက်ပြီးနောက် ယောင်ရန်သည် ဖန်အိုးထဲရှိ အဆိပ်ပိုးဖလံများကို မျက်တောင်မခတ် တမ်း စိုက်ကြည့်နေမိလေသည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင်မူ ထိုသန်မာလှသော အဆိပ်ပိုးဖလံများသည် တစ်ကောင်ပြီး တစ်ကောင် လဲကျသွားကြလေသည်။ မကြာမီမှာပင် ၎င်းတို့သည် သေဆုံးသွားကြပြီး အနီရောင်ရင့် ရောင် အရည်များအဖြစ်သို့ ပြောင်းလဲသွားကြလေ၏။ ထိုမြင်ကွင်းကို မြင်သောအခါ ယောင်ရန်သည် ကျေနပ်စွာ ပြုံးလိုက်မိလေသည်။

အဆိပ်၏ အစွမ်းကို စမ်းသပ်ပြီးနောက် ယောင်ရန်သည် ဖြန်းဆေးပုလင်း တစ်ပုလင်းနှင့် ပလတ်စတစ် ပုလင်း နှစ်ပုလင်းထဲသို့ အဆိပ်ရည်များ ဖြည့်ထားလိုက်ပြီး ကျန်ရှိသည်များကို နေရာလွတ်ထဲတွင် သိမ်းဆည်း ထားလိုက်လေသည်။

ထို့နောက် သူမသည် လုံယုနှင့် အခြားသူများထံသို့ အဆိပ်ရည်များ သွားပေးလိုက်လေသည်။

ညမှောင်လာသည်နှင့်အမျှ တစ်ပတ်ဝန်းကျင်လုံးမှာ ထူးဆန်းစွာ တိတ်ဆိတ်သွားခဲ့လေသည်။

ယောင်ရန်သည် အကာအကွယ်ပစ္စည်းများ အပြည့်အစုံ ဝတ်ဆင်ထားပြီး ဝရန်တာတွင် ရပ်နေခဲ့လေ သည်။ သူမသည် မှန်ပြောင်းကို ကိုင်ကာ မှန်သားပြင်ပေါ်တွင် အုံခဲနေသော အဆိပ်ပိုးဖလံများကြားရှိ အဟန့်အတားများမှတစ်ဆင့် အပြင်ဘက် အခြေအနေကို စောင့်ကြည့်နေခဲ့သည်။

ည (၁၁) နာရီ ထိုးသည့်တိုင် အပြင်ဘက်ကမ္ဘာမှာ တိတ်ဆိတ်နေဆဲပင် ဖြစ်သည်။

ယောင်ရန်သည် မှန်ပြောင်းဖြင့် အပြင်ဘက်ရှိ မှောင်အတိကျနေသော မြင်ကွင်းကို ကြည့်နေစဉ် တစ်ခုခု က မှန်ကို ရိုက်ခတ်လိုက်သကဲ့သို့ တိုးညင်းသော အသံများကို ရုတ်တရက် ကြားလိုက်ရလေ၏။ စက္ကန့် ပိုင်းအတွင်းမှာပင် အဆိပ်ပိုးဖလံ တစ်ကောင်မှာ ရုတ်တရက် ပေါက်ကွဲသွားလေသည်။

မကြာမီမှာပင် အဆိပ်ပိုးဖလံများမှာ တစ်ကောင်ပြီးတစ်ကောင် သေဆုံးကုန်ပြီး အနီရောင်ရင့်ရောင် အရည်များအဖြစ် ပြောင်းလဲသွားကာ မိုးရေနှင့်အတူ မျောပါသွားကြလေသည်။ ၎င်းတို့အများစု သေဆုံးသွားသည့် အခါတွင်မူ ယောင်ရန်သည် အပြင်ဘက် မြင်ကွင်းကို ပိုမိုရှင်းလင်းစွာ မြင်တွေ့လိုက် ရလေသည်။

အပြင်ဘက်တွင် မိုးသည်းထန်စွာ ရွာသွန်းနေသည်သာမက မိုးသီးများပါ ရောနှောပါဝင်နေခြင်းပင် ဖြစ် ၏။

အသေးဆုံး မိုးသီးမှာ ကလေးငယ်တစ်ဦး၏ လက်သီးဆုပ်ခန့် ရှိပြီး အကြီးဆုံးမှာမူ လူကြီးတစ်ဦး၏ လက်သီးဆုပ်ထက်ပင် ပိုမိုကြီးမားလေသည်။ မိုးသီးများ မှန်သားပြင်ကို ထိမှန်သည့်အသံမှာ စိုးရိမ်ထိတ် လန့်ဖွယ် ကောင်းသော်လည်း ယောင်ရန်ကမူ သတိဝီရိယ အပြည့်ဖြင့် ရှိနေဆဲ ဖြစ်သည်။

သန်းခေါင်ယံ အချိန်သို့ ရောက်သောအခါ ယောင်ရန်သည် ဓားပြများကို စတင်တွေ့မြင်လိုက်ရလေ၏။ သူတို့သည် မှောင်ရိပ်ကို ခို၍ ရောက်ရှိလာကြခြင်းဖြစ်ပြီး လူဦးရေမှာလည်း အနည်းငယ်မျှ မဟုတ်ပေ။

မကြာမီမှာပင် အောက်ထပ်မှ အော်ဟစ်သံများကို ယောင်ရန် ကြားလိုက်ရလေသည်။ မိုးသီးများကြောင့် အဆောက်အအုံ (၃) ၏ ပြတင်းပေါက်မှန် တစ်ချပ် ကွဲသွားပြီး ဓားပြများက ထိုအခွင့်အရေးကို အသုံးချ ကာ ကျူးကျော်ဝင်ရောက်လာခြင်းပင် ဖြစ်ပေသည်။

ဓားပြများ၏ ရိုင်းစိုင်းသော ရယ်မောသံများကို ကြားရသောအခါ ယောင်ရန်သည် ကာကွယ်ရေးဝတ်စုံ ကို ဝတ်ဆင်ကာ သူမ၏ ဓားရှည်နှင့် သံမှိုပစ်သေနတ် ကို ယူလိုက်လေသည်။ အဆင်သင့် ဖြစ်ပြီဆိုသည် နှင့် သူမသည် အခန်းထဲမှ ထွက်လာခဲ့လိုက်ပေသည်။

သူမသည် လှေကားထစ်ရှိ သံတံခါးအနီးတွင် ရပ်၍ အောက်ထပ်မှ လှုပ်ရှားမှုများကို နားစွင့်နေမိသည်။

"ဂျောက်..."

တစ်ခုခုကြောင့် တံခါးကျိုးပျက်သွားသော အသံနှင့်အတူ အမျိုးသားတစ်ဦး၏ ထိတ်လန့်တုန်လှုပ် နေသော အသံ ထွက်ပေါ်လာလေသည်။

"အား... ကျေးဇူးပြုပြီး ကျွန်တော့်ကို မသတ်ပါနဲ့...။"

"ပါးစပ်ပိတ်ထားစမ်း...။"

"ဒိုင်း..."

နောက်စက္ကန့်တွင် သေနတ်သံကို ယောင်ရန် ကြားလိုက်ရပြီး ၎င်းနောက်တွင် ဓားပြများ၏ ရယ်မောသံ နှင့် ပစ္စည်းများ ရိုက်ခွဲသံများ ဆက်တိုက် ထွက်ပေါ်လာလေတော့သည်။

"ညီအစ်ကိုတို့... ဒီမှာ အလှလေး နှစ်ယောက်တောင် ရှိနေတာပဲ။ ဘယ်သူ အရင် စမလဲ...။"

"ဟင့်အင်း... ကျွန်မကို လွှတ်ပေးပါ...။"

အောက်ထပ်မှ ရုန်းရင်းဆန်ခတ် အသံများကို ယောင်ရန် နားစွင့်နေစဉ် လုံယုနှင့် အခြားသူများ ထွက်လာ ခဲ့ကြလေသည်။

ညှိုးငယ်တည်ကြည်သော မျက်နှာဖြင့် သံတံခါးအနီးတွင် ရပ်နေသော သူမကို မြင်သောအခါ လုံယုက အနားသို့ ချဉ်းကပ်၍ မေးလိုက်လေသည်။

"ယောင်ရန်... မင်း အဆင်ပြေရဲ့လား...။"

သူ၏ မေးခွန်းကို ကြားသောအခါ ယောင်ရန်က သူ့ကို ကြည့်၍ ခေါင်းငြိမ့်ပြလိုက်၏။ လူခုနစ်ဦးမှာ လူသွားစင်္ကြံတွင် ရပ်လျက် အောက်ထပ်မှ ဆူညံသံများကို တိတ်ဆိတ်စွာ နားစွင့်နေကြပြီး ထိုဓားပြ အုပ်စုနှင့် ပတ်သက်သော သတင်းအချက်အလက်များကို တတ်နိုင်သမျှ စုဆောင်းရန် ကြိုးပမ်းနေကြ လေတော့သည်။

All Chapters