အခန်း (၁၁၃-၁၁၄)
Vol. 12 Ch. 113-114
အခန်း (၁၁၃)
ပြောက်ကျားစစ်ပွဲ (၂)
အောက်ထပ်မှ ရုန်းရင်းဆန်ခတ်ဖြစ်သံများမှာ ပိုမိုကျယ်လောင်လာခဲ့ပြီး ထိတ်လန့်တုန်လှုပ်ဖွယ် အော်ဟစ်သံများနှင့် သေနတ်သံများမှာ ပတ်ဝန်းကျင်တစ်ခုလုံး၌ ပဲ့တင်ထပ်နေခဲ့လေသည်။
"ကျွန်တော်တို့ကို လွှတ်ပေးကြပါ... ကျွန်တော်တို့အိမ်မှာ ဘာမှမရှိပါဘူး...။ ကျွန်တော်တို့ကို မသတ်ပါ နဲ့... မသတ်ပါနဲ့...။"
"ဒါက ဆန်အိတ်မဟုတ်လို့ ဘာလဲ...။ ဒီအဘိုးကြီးကတော့... ငါ့ကို လိမ်ရဲတယ်ပေါ့...။ ဒီညတော့ မင်းတို့ မိသားစုကို နမူနာပြရတာပေါ့...။ ညီအစ်ကိုတို့... ယောက်ျားတွေကို သတ်ပစ်ပြီး မိန်းမတွေကိုတော့ ပျော်ပျော်ပါးပါး သုံးဆောင်ကြတာပေါ့...။"
"ဟင့်အင်း... ကျွန်မမြေးမလေးကို လွှတ်ပေးပါ...။"
"ဖယ်စမ်း... ဒီည မင်းမြေးမလေးကို ငါတို့က စောင့်ရှောက်ပေးမှာမို့ မင်းအနေနဲ့ ဂုဏ်ယူသင့်တာပေါ့...။"
"ရပ်လိုက်ပါ... ကျွန်မအဘိုးကို မရိုက်ပါနဲ့...။"
"ဒိုင်း..."
နောက်ထပ် သေနတ်သံတစ်ချက် ထွက်ပေါ်လာပြန်ရာ ထိုအဘိုးအို သေဆုံးသွားပြီဖြစ်ကြောင်း ယောင်ရန် သိလိုက်လေသည်။
သူမသည် လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး လုံယုကို မေးလိုက်လေသည်။
"ရှင် ဘယ်လို အစီအစဉ်ရှိလဲ...။"
လုံယုက ပြန်ဖြေလိုက်လေသည်။
"ငါတို့ဘက်က အင်အားချင်းမမျှသလို သူတို့မှာ သေနတ်တွေလည်း ရှိနေတယ်။ ဒီလိုအခြေအနေမျိုးမှာ အကောင်းဆုံးနည်းလမ်းကတော့ ပြောက်ကျားစစ် ဆင်နွှဲဖို့ပဲ...။"
ထိုသို့ပြောပြီးနောက် သူသည် ဟွမ်ချန်ဘက်သို့ လှည့်၍ ညွှန်ကြားလိုက်လေသည်။
"ဟွမ်ချန်... လုံခြုံတဲ့နေရာတစ်ခုကို ရှာပြီး အဆောက်အအုံ (၃) ထဲကို နောက်ထပ် ဓားပြတွေ ထပ်မဝင် လာနိုင်အောင် တားဆီးထားလိုက်...။"
ဟွမ်ချန်က ခေါင်းငြိမ့်ပြကာ၊
"ဟုတ်ကဲ့ ခေါင်းဆောင်..." ဟု ပြန်ဖြေလိုက်လေသည်။
ထို့နောက် လုံယုသည် ကျားရှန်းကို ကြည့်၍ ညွှန်ကြားလိုက်၏။
"ကျားရှန်း... မင်းက ဟွမ်ကျိဟွေး၊ တန်ချီချီတို့နဲ့အတူ ဒီ အထပ်(၂၀)ကို စောင့်ကြပ်ဖို့ ဒီမှာပဲ နေခဲ့ပါ...။"
ဟွမ်ကျိဟွေးနှင့် တန်ချီချီတို့ နှစ်ဦးတည်းကို အထပ်(၂၀)၌ ထားခဲ့ရန်မှာ အန္တရာယ်ရှိသည်ကို ကျားရှန်း နားလည်သဖြင့်၊
"ဟုတ်ကဲ့ ခေါင်းဆောင်..." ဟုပင် ပြောလိုက်လေသည်။
ထို့နောက် လုံယုသည် ရှီရွှမ်း၊ ယောင်ရန်တို့နှင့် အကြည့်ချင်းဖလှယ်လိုက်ပြီး သုံးဦးသားမှာ မှောင်ရိပ်ကို ခို၍ တိတ်ဆိတ်စွာ ထွက်ခွာလာခဲ့ကြ၏။ သူတို့သည် အဆိပ်ပိုးဖလံများ၏ တိုက်ခိုက်မှုကို ကာကွယ်ရန် ကာကွယ်ရေးဝတ်စုံများ ဝတ်ဆင်ထားသဖြင့် အဆိပ်ပိုးဖလံများကို ဂရုစိုက်နေရန် မလိုပေ။
(၁၉) ထပ်သို့ ဆင်းလာသည့် လမ်းတစ်လျှောက်တွင် သူတို့သည် သံတံခါးများကို တိတ်ဆိတ်စွာဖွင့်၍ (၁၉) ထပ်ကို စစ်ဆေးခဲ့ကြလေသည်။
တံခါးနှင့် ပြတင်းပေါက်အားလုံး ပိတ်ထားသည်ကို မြင်သောအခါ လှေကားထစ်ကို ပိတ်ထားသည့် သံတံခါးကို ခတ်လိုက်ပြီး (၁၈) ထပ်သို့ ဆက်လက်ဆင်းလာခဲ့ကြလေသည်။
(၁၈) ထပ်နှင့် (၁၉) ထပ်ကြားရှိ လှေကားထစ်ကို ပိတ်ထားသော သံတံခါးသို့ ရောက်သောအခါ လုံယုက ယောင်ရန်နှင့် ရှီရွှမ်းတို့ကို ရပ်ရန် အချက်ပြလိုက်လေသည်။
သူသည် သံတံခါးရှိ မှန်ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်ကို ဂရုတစိုက် အကဲခတ်လိုက်လေ၏။ အပြင်ဘက်တွင် မည်သူမျှမရှိသည်ကို တွေ့ရသောအခါ လုံယုက ခေါင်းငြိမ့်ပြလိုက်ပြီး ရှီရွှမ်းက သံတံခါးကို ဖွင့်ပေးလိုက်လေသည်။
တံခါးပွင့်သွားသည်နှင့် တစ်ပြိုင်နက် အဆိပ်ပိုးဖလံများမှာ အထဲသို့ အလုအယက် တိုးဝင်လာကြ လေသည်။ သူတို့သုံးဦးမှာ ဝပ်၍ အပြင်သို့ အမြန်ထွက်လာခဲ့ကြပြီး သံတံခါးကို ပြန်လည်ပိတ်လိုက် လေသည်။
(၁၈) ထပ်မှ ထွက်လာပြီးနောက် သုံးဦးသားမှာ အောက်ထပ်သို့ ဖြည်းညင်းစွာ ဆင်းလာခဲ့ကြ၏။
လှေကားထစ်များတွင် ပိတ်ထားသော သံတံခါးများ မရှိတော့သဖြင့် တိုက်ခိုက်သံများနှင့် အော်ဟစ်သံ များမှာ အဆိပ်ပိုးဖလံများ၏ အတောင်ပံခတ်သံများကြား၌ ပိုမိုရှင်းလင်းစွာ ကြားနေခဲ့ရလေသည်။
(၈) ထပ်သို့ ရောက်သောအခါ လူသွားစင်္ကြံတစ်လျှောက် ပစ်ချထားသော ရုပ်အလောင်း အမြောက် အမြားကို ယောင်ရန် တွေ့လိုက်ရလေသည်။
အမည်းနှင့် အနီရောင် အစင်းကြောင်းများ ဖုံးလွှမ်းနေသော ထိုရုပ်အလောင်းများ၏ ထိတ်လန့်နေသည့် မျက်နှာပေးကို ကြည့်ခြင်းဖြင့် ဤလူများသည် အဆိပ်ပိုးဖလံများ အကိုက်ခံရစဉ်က အသက်ရှိနေသေး ကြောင်း ယောင်ရန် သိလိုက်လေသည်။
သူမ၏ မျက်ဝန်းများမှာ ပိုမိုအေးစက်သွားပြီး လူသားတို့၏ ရက်စက်ကြမ်းကြုတ်သော သဘာဝကို နောက်တစ်ကြိမ် ထပ်မံ မြင်တွေ့လိုက်ရပြန်လေသည်။
သူတို့သည် လူသွားစင်္ကြံတစ်လျှောက် တိတ်ဆိတ်စွာ လျှောက်လာကြစဉ် အခန်းအမှတ် (၀၈၀၁) ၏ တံခါးမှာ အနည်းငယ် ဟနေသည်ကို ယောင်ရန် တွေ့လိုက်ရ၏။ သူမ တံခါးကို အသာတွန်းဖွင့်၍ ကြည့် လိုက်ရာ ခက်ထန်ကြမ်းတမ်းသော အမျိုးသားတစ်ဦးက မိန်းကလေးငယ်တစ်ဦးအား အိပ်ခန်းထဲသို့ ဆွဲခေါ်သွားသည်ကို တွေ့လိုက်ရလေသည်။ ကျန်ရှိသော သူများမှာမူ ရယ်မောလျက် အခန်းအတွင်းရှိ ရိက္ခာများကို မွှေနှောက်ရှာဖွေနေကြလေသည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် အိပ်ခန်းအတွင်းမှ အမျိုးသမီးတစ်ဦး၏ အော်ဟစ်သံက ထွက်ပေါ် လာခဲ့လေသည်။
"အား... ကျွန်မကို လွှတ်ပေးပါ...။"
"ဖြန်း..."
"ငြိမ်ငြိမ်နေစမ်း... မဟုတ်ရင် အပြင်ကလူတွေလို သေသွားစေရမယ်...။"
"ဖြန်း... ဖြန်း...။"
နောက်တစ်စက္ကန့်တွင် ပါးရိုက်သံများနှင့်အတူ အိပ်ခန်းအတွင်းမှ အမျိုးသမီး၏ တောင်းပန်သံများမှာ အတိုင်းသား ကြားနေရလေသည်။ ဓားပြများသည် ထိုအမျိုးသမီး၏ ငိုရှိုက်သံများကို နားထောင်ကာ အိပ်ခန်းထဲသို့ ရိုင်းစိုင်းသော စကားလုံးများဖြင့် အော်ဟစ်ရယ်မောနေကြလေသည်။
ထိုမြင်ကွင်းကို ကြည့်ရင်း ယောင်ရန်၏ မျက်ဝန်းများတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားပြီး သူမ၏ လက်ချောင်းများမှာ သံမှိုပစ်သေနတ်၏ လက်ကိုင်ကို အသာအယာ ပွတ်သပ်နေမိလေသည်။
"ကျေးဇူးပြုပြီး ကျွန်မကို လွှတ်ပေးပါ...။ ကျွန်မ... ဘယ်သူ့အိမ်မှာ စားစရာတွေ ရှိလဲဆိုတာ သိပါ တယ်...။ ကျွန်မ ပြောပြနိုင်ပါတယ်...။"
ထိုစကားကို ကြားသောအခါ အမျိုးသားက ညစ်ပတ်နံစော်နေသော လက်ဖြင့် ထိုအမျိုးသမီး၏ လည်ပင်းကို ညှစ်ကာ ကုတင်ပေါ်မှ ဆွဲထူလိုက်လေသည်။ သူ၏ မျက်ဝန်းများမှာ သူမ၏ တစ်ဝက် တစ်ပျက် ဗလာဖြစ်နေသော ခန္ဓာကိုယ်ပေါ်တွင် ရိုင်းစိုင်းစွာ လှည့်လည်ကြည့်ရှုရင်း ယုတ်မာစွာ ပြုံးလိုက်လေ၏။
"တကယ်လား... ငါက အခုလောလောဆယ် စားစရာကို စိတ်မဝင်စားဘူးလေ...။"
ထိုအမျိုးသားက ခေါင်းငုံ့၍ လှောင်ပြုံးပြုံးကာ အမျိုးသမီး၏ နားနားသို့ ဖြည်းညင်းစွာ ကပ်၍ ပြော လိုက်လေသည်။
"ငါက မင်းကို ပိုပြီး စိတ်ဝင်စားနေတာ...။"
သူ၏ စကားကို ကြားသောအခါ အမျိုးသမီး၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ထိတ်လန့်မှုကြောင့် တုန်ယင်နေခဲ့ လေတော့သည်။ အောက်ဆီဂျင် ပြတ်လပ်မှုကြောင့် သူမ၏ မျက်နှာမှာ နီမြန်းလာပြီး မျက်လုံးများမှာ လည်း လန်တက်လာလေ၏။
အမျိုးသားက အားပိုစိုက်၍ သူမ၏ လည်ပင်းကို ညှစ်ထားရာ သူမမှာ အသက်ရှူရန်ပင် အခွင့်အရေး မရှိတော့ပေ။
"အင့်... အု..."
အမျိုးသမီးသည် မျက်ရည်များ ဝဲလျက် ထိုအမျိုးသား၏ လက်ကို အသည်းအသန် ဆွဲဖယ်ကာ လွတ် မြောက်ရန် ကြိုးပမ်းနေမိလေ၏။ သူမ၏ အားအင်များမှာ ဖြည်းဖြည်းချင်း ကုန်ခမ်းလာပြီး အသိစိတ် များ ဝေဝါးလာသည့် အချိန်တွင်မူ ခြောက်သွေ့နေသော နှုတ်ခမ်းလွှာများကို ဟလျက် ခက်ခဲစွာ ပြော လိုက်လေသည်။
"ကျွန်မ... ကျွန်မမှာ ရောဂါရှိတယ်... ကျွန်မမှာ အေ့ဒ်စ်ရောဂါ ရှိတယ်...။ ဒါပေမဲ့ ကျွန်မ သိတယ်...၊ အခန်းအမှတ် (၉၀၆) မှာ စင်ကြယ်ပြီး လှပတဲ့ မိန်းကလေးတစ်ယောက် ရှိတယ်...။ သူက သူ့အမေနဲ့ နှစ်ယောက်တည်း နေတာ...။ အခန်းအမှတ် (၁၁၀၃) မှာလည်း သူ့အဘိုးအဘွားတွေနဲ့နေတဲ့ အထက် တန်းကျောင်းသူလေး တစ်ယောက် ရှိပါသေးတယ်...။"
သူမသည် အသက်ကို တစ်ချက် ရှူလိုက်ပြီးနောက် ရှိုက်ကြီးတငင်ဖြင့် ဆက်ပြောလိုက်လေသည်။
"အထပ် (၂၀) မှာလည်း နောက်ထပ် သုံးယောက် ရှိသေးတယ်။ သူတို့အားလုံးက ကျွန်မထက် ပိုလှကြပါ တယ်...။ အစ်... အစ်ကိုကြီး... ကျေးဇူးပြုပြီး ကျွန်မကို ချမ်းသာပေးပါ...။"
အမျိုးသားသည် မကျေမနပ်ဖြစ်ကာ မျက်မှောင်ကြုတ်လိုက်ပြီး သူမကို နောက်ထပ် ပါးတစ်ချက် ရိုက်လိုက်ပြန်လေ၏။ ထို့နောက် သူက လှောင်ပြောင်လိုက်လေသည်။
"ညစ်ပတ်တဲ့ လူလိမ်မလေး...။ မင်း ငါ့ကို လိမ်နေတာကို ငါ မသိဘူးလို့ ထင်နေတာလား...။"
အမျိုးသားသည် အမျိုးသမီး၏ နှုတ်ခမ်းထောင့်မှ သွေးများ ထွက်လာသည်အထိ ပါးအကြိမ်ကြိမ် ရိုက်လိုက်လေသည်။ သို့သော်လည်း သူမမှာ အသက်ရှင်သန်ရန် နည်းလမ်းကို ရှာဖွေနေရသဖြင့် တောင်းပန်နေရန်ပင် အချိန်မရှိတော့ပေ။
အမျိုးသမီးသည် နောက်ဆုံးအင်အားကို စုစည်းကာ အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် အံဆွဲကို လက်ညှိုးထိုးပြကာ အမောတကော ပြောလိုက်လေသည်။
"ကျွန်မ... ကျွန်မရဲ့ ဆေးမှတ်တမ်းတွေ...။"
အမျိုးသားသည် ကုတင်ဘေးရှိ စားပွဲတင်အံဆွဲကို စက္ကန့်အနည်းငယ်မျှ ကြည့်လိုက်ပြီးနောက် ထို အမျိုးသမီးကို တွန်းထုတ်ပစ်လိုက်လေသည်။
သူမ၏ လည်ပင်းကို ညှစ်ထားသော ဖိအားများ လွတ်ကင်းသွားသည်နှင့် တစ်ပြိုင်နက် အမျိုးသမီးသည် အသက်ကို အလုအယက် ရှူသွင်းလိုက်ပြီး တဟွတ်ဟွတ် ချောင်းဆိုးရင်း ထိုအမျိုးသားကို မျက်ရည်ဝဲ လျက် ကြည့်နေမိလေသည်။
"အု... ဝေါ့... ဟွတ်... ဟွတ်... ဟွတ်...။"
အမျိုးသားသည် သူမကို လျစ်လျူရှုကာ ကုတင်ဘေးရှိ စားပွဲတင်အံဆွဲဆီသို့ လျှောက်သွားလိုက်လေ သည်။ သူသည် အံဆွဲကို ဖွင့်ကာ ခဏမျှ မွှေနှောက်ရှာဖွေပြီးနောက် ဆေးမှတ်တမ်းစာအုပ် တစ်အုပ်ကို ထုတ်ယူလိုက်လေတော့သည်။
အခန်း (၁၁၄)
ပြောက်ကျားစစ်ပွဲ (၃)
အမျိုးသားက ဆေးမှတ်တမ်းကို ဖတ်နေစဉ် အမျိုးသမီးမှာမူ ကုတင်ပေါ်၌ တုန်ရီလျက် ကွေးကွေးလေး ဝပ်နေမိလေသည်။ အပြင်ဘက်တွင်မူ သူမ၏ အဘိုးအဘွားများနှင့် မိဘများမှာ ဓားပြများ၏ လည်လှီး ခြင်းနှင့် သေနတ်ဖြင့် အပစ်ခံရခြင်းတို့ကြောင့် သေဆုံးသွားခဲ့ပြီ ဖြစ်သလို သူမ၏ အစ်ကိုဖြစ်သူမှာ လည်း အရိုက်ခံရ၍ သေဆုံးသွားခဲ့ပြီ ဖြစ်ပေသည်။
သူ နားမလည်သော စကားလုံးများစွာ ပါရှိသည့် ဆေးမှတ်တမ်းကို ကြည့်ပြီးနောက် ထိုအမျိုးသားသည် ညစ်ပတ်သော ကြမ်းပြင်ပေါ်သို့ တံတွေးထွေးလိုက်ကာ တုံ့ဆိုင်းခြင်းမရှိဘဲ အမျိုးသမီး၏ လည်ပင်းကို လှီးဖြတ်လိုက်လေတော့သည်။
သူ၏ အပေါင်းအပါများက သူ ထွက်လာသည်ကို မြင်သောအခါ ရယ်မောပြောင်လှောင်နေကြလေ သည်။
"မြန်လှချည်လား...။ အစ်ကိုကြီး... အခုတော့ အားအင်တွေ ချည့်နဲ့သွားပြီလား...။"
သူတို့၏ ရယ်မောပြောင်လှောင်သံများကို နားထောင်ရင်း ထိုအမျိုးသား၏ မျက်နှာမှာ မှောင်ကျသွားကာ
"ရောဂါသည် ညစ်ပတ်တဲ့ ကောင်မပဲ...။" ဟု ဆဲရေးလိုက်လေသည်။
အခန်းအတွင်းရှိ အရာအားလုံးကို လုယက်ပြီးနောက် ထိုအမျိုးသားက ပြောလိုက်လေသည်။
"ဒီအဆောက်အအုံထဲမှာ လှပတဲ့ မိန်းကလေးငယ် ငါးယောက်ရှိတယ်လို့ အဲဒီကောင်မက ပြောသွား တယ်...။"
ထိုစကားကို ကြားသောအခါ ဓားပြများ၏ မျက်လုံးများမှာ ဝင်းလက်သွားပြီး ဟေးလားဟားလား အော်ဟစ်လိုက်ကြလေသည်။ သူတို့သည် ထိုအမျိုးသမီး ငါးဦးကို မည်သို့ ပျော်ပါးကြမည်ဟူသော ရိုင်းစိုင်းသည့် စကားများကို အချင်းချင်း ပြောဆိုနေကြရာ အခန်းအပြင်ဘက်ရှိ လေထုမှာ ပိုမိုအေးစက် လာလေတော့သည်။
တံခါးအပြင်ဘက်တွင် ရှီရွှမ်းသည် လုံယုကို လှမ်းကြည့်လိုက်ရာ သူ၏ အေးစက်တည်ငြိမ်သော မျက်နှာ ကို တွေ့လိုက်ရ၏။ ထို့နောက် သူက ယောင်ရန်ကို ကြည့်ပြန်ရာ သူမမှာလည်း တည်ငြိမ်နေပြီး ထိုရိုင်း စိုင်းသော စကားများကို ဂရုမစိုက်သည့်ပုံရလေသည်။
ယနေ့ညတွင် ဤဓားပြအုပ်စုသာ သူတို့၏ အဆောက်အအုံကို လာရောက်တိုက်ခိုက်ခြင်း ဖြစ်သည်ကို မြင်သောအခါ လုံယုသည် လက်မဖြင့် သူ၏ လည်ပင်းကို လှီးဖြတ်ပြသော အချက်ပြမှုကို လုပ်လိုက် လေသည်။ ထိုအဓိပ္ပာယ်မှာ အားလုံးကို သတ်ပစ်ရန်ပင် ဖြစ်၏။
လုံယု၏ အချက်ပြမှုအတိုင်း ယောင်ရန်သည် သူမ၏ သံမှိုပစ်သေနတ်ကို မြှောက်၍ သေနတ်ကိုင် ထားသော အမျိုးသားတစ်ဦးကို ချိန်ရွယ်လိုက်လေသည်။
"ဇွပ်... ဘုန်း..."
ထိုအမျိုးသား လဲကျသွားသည်နှင့် တစ်ပြိုင်နက် လုံယုနှင့် ရှီရွှမ်းတို့မှာ အခန်းထဲသို့ အပြေးအလွှား တိုးဝင်သွားခဲ့ကြလေ၏။ သူတို့နှစ်ဦးမှာ စစ်သုံးဓားမြှောင်များကို ကိုင်ဆောင်ထားကြပြီး ဓားပြများကို တုံ့ပြန်ရန် အချိန်မပေးတော့ပေ။
"ရွှပ်... ရွှပ်... ဘုန်း..."
လုံယုသည် လျင်မြန်ချောမွေ့စွာ လှုပ်ရှားလျက် သေနတ်ကိုင်ထားသော အခြားအမျိုးသားနှစ်ဦး၏ လည်ပင်းကို လှီးဖြတ်လိုက်လေသည်။ တစ်ချိန်တည်းမှာပင် ရှီရွှမ်းက ခေါင်းဆောင်ဖြစ်သူ၏ လက်ထဲမှ သေနတ်ကို ကန်ထုတ်လိုက်ပြီးနောက် သူ၏ ရင်ဘတ်ကို ကန်ချလိုက်ရာ ထိုခေါင်းဆောင်မှာ နံရံကို ဆောင့်မိလျက် လွင့်ထွက်သွားလေတော့သည်။
"အု..."
ခေါင်းဆောင်ဖြစ်သူမှာ နာကျင်စွာ ညည်းတွားရင်း ညစ်ပတ်သော ကြမ်းပြင်ပေါ်သို့ လျောကျသွားလေ တော့သည်။ သူသည် ရင်ဘတ်ကို ဖိလျက် ခေါင်းမော့ကြည့်လိုက်ရာ လုံယုနှင့် ရှီရွှမ်းတို့က သူ၏ လူတစ် ဝက်ခန့်ကို သတ်ပစ်လိုက်သည်ကို တွေ့လိုက်ရသဖြင့် နာကျင်မှုကို အံတုကာ သေနတ်ဖြင့် ရှီရွှမ်းကို ချိန်လိုက်လေသည်။
လုံယုနှင့် ရှီရွှမ်းတို့မှာ အခန်းတွင်း၌ ရုန်းရင်းဆန်ခတ် ဖြစ်နေကြသဖြင့် ဓားပြများမှာ အပြင်ဘက်တွင် ပုန်းကွယ်နေသော ယောင်ရန်ကို သတိမပြုမိကြပေ။ သူမသည် သံမှိုပစ်သေနတ်ဖြင့် လုံယုနှင့် ရှီရွှမ်းတို့ ကို နောက်ကျောမှ တိုက်ခိုက်ရန် ကြိုးပမ်းသူများကို သတ်ဖြတ်ကာ သူတို့၏ နောက်ကျောကို အကာ အကွယ် ပေးထားလေသည်။
ခေါင်းဆောင်ဖြစ်သူ၏ သေနတ်မှာ ရှီရွှမ်းထံသို့ ချိန်ရွယ်ထားသည်ကို ယောင်ရန် တွေ့လိုက်ရသဖြင့် သူမ၏ ပစ်မှတ်ကို ပြောင်းလဲလိုက်လေ၏။ သူမသည် စက္ကန့်ပိုင်းမျှ ချိန်ရွယ်ပြီးနောက် ပစ်ခတ်လိုက်ရာ သံမှိုရှည်မှာ ထိုခေါင်းဆောင်၏ နဖူးတည့်တည့်သို့ တိကျစွာ စိုက်ဝင်သွားလေတော့သည်။
"ဇွပ်..."
အေးစက်သော သတ္တုစမှာ သူ၏ ဦးခေါင်းနောက်ဘက်မှတစ်ဆင့် ထိုးဖောက်ဝင်ရောက်လာသည်ကို ခံစားလိုက်ရပြီးနောက် ခေါင်းဆောင်ဖြစ်သူ၏ မျက်လုံးများမှာ ဝေဝါးသွားကာ သူ၏ ခန္ဓာကိုယ်မှာ ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး မည်သည့်အခါမျှ ပြန်လည်လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။
"ဘုန်း..."
လုံယုနှင့် ရှီရွှမ်းတို့က သေနတ်ကိုင်ထားသော ဓားပြအားလုံးကို သတ်ပစ်လိုက်သည့် အချိန်တွင် ကျန်ရှိ နေသော ဓားပြများမှာ ပြန်လည်ခုခံရန် အခွင့်အရေး မရှိတော့ပေ။ မိနစ်အနည်းငယ်အတွင်းမှာပင် သူတို့ နှစ်ဦးသည် ယောင်ရန်၏ အကူအညီဖြင့် ဓားပြအားလုံးကို သတ်ဖြတ်လိုက်လေတော့သည်။
အဆောက်အအုံ (၃) ကို စစ်ဆေးပြီးနောက် မည်သူမျှ လွတ်မြောက်သွားခြင်း မရှိသည်ကို အတည်ပြု ပြီးသည့်အခါ သုံးဦးသားမှာ အထပ်(၂၀)သို့ ပြန်လာခဲ့ကြလေသည်။
သူတို့ ပြန်ရောက်လာသည်ကို မြင်သောအခါ တန်ချီချီက တံခါးဖွင့်ပေးလိုက်ပြီး သူတို့၏ ကာကွယ်ရေး ဝတ်စုံများပေါ်တွင် သွေးများ စွန်းထင်းနေသည်ကို မြင်ရသဖြင့် ထိတ်လန့်သွားလေသည်။
သူမ၏ မျက်ဝန်းထဲမှ စိုးရိမ်ပူပန်မှုများကို မြင်သောအခါ ရှီရွှမ်းက ပြောလိုက်လေသည်။
"စိတ်မပူပါနဲ့... ဒါတွေက ငါတို့သွေးတွေ မဟုတ်ပါဘူး...။"
လုံယုသည် လူသွားစင်္ကြံအဆုံးရှိ ပြတင်းပေါက်တွင် ဝပ်နေသော ဟွမ်ချန်ထံသို့ လျှောက်သွားကာ မေးလိုက်လေသည်။
"ဟွမ်ချန်... အပြင်ဘက် အခြေအနေက ဘယ်လိုရှိလဲ...။"
ဟွမ်ချန်က သူ့ဘက်သို့ လှည့်ကြည့်ကာ ပြန်ဖြေလိုက်၏။
"အဆောက်အအုံ တစ်ခုစီမှာ ဓားပြ အယောက်နှစ်ဆယ်ကျော်လောက် ရှိနေတာ။ ငါတို့ အဆောက်အအုံ ကလွဲရင် တခြားအဆောက်အအုံက လူတွေကတော့ ဓားပြတွေကို ပြန်တိုက်ဖို့ မရဲကြဘူး...။"
"ငါတို့က တခြားအဆောက်အအုံတွေနဲ့ အရမ်းဝေးနေတော့ အဆောက်အအုံ (၅) က ဓားပြအချို့ကိုပဲ ပစ်နိုင်ခဲ့တယ်။ တခြားအဆောက်အအုံက ဓားပြတွေကို ပစ်ဖို့ဆိုရင်တော့ ကျည်ဆန် ရောက်နိုင်တဲ့ နောက်ထပ် နေရာတစ်ခုကို ရှာဖို့ လိုလိမ့်မယ်...။"
သူ၏ သတင်းပို့မှုကို နားထောင်ပြီးနောက် လုံယုက မျက်မှောင်ကြုတ်လိုက်ကာ၊
"ဒီည သူတို့အားလုံးကို သတ်ပစ်ရမယ်...။" ဟု ပြောလိုက်လေသည်။
လုံယုက အခြားသူများကို ကြည့်၍ ပြောလိုက်လေသည်။
"ရှီရွှမ်း၊ ကျားရှန်းနဲ့ ငါက တခြားဓားပြတွေကို ရှင်းဖို့ တခြားအဆောက်အအုံတွေကို သွားမယ်။ ဟွမ်ချန် နဲ့ ယောင်ရန်... မင်းတို့နှစ်ယောက်က ငါတို့ကို အကာအကွယ်ပေးဖို့ ဒီမှာပဲ နေခဲ့ပါ...။"
ယောင်ရန်သည် သူမ၏ တိုက်ခိုက်နိုင်စွမ်းမှာ လုံယုတို့နှင့် ယှဉ်လျှင် ဘာမှမဟုတ်သည်ကို သိထားပေ၏။ သူမအနေဖြင့် သူတို့နှင့်အတူ လိုက်ပါသွားပြီး အခက်အခဲ မဖြစ်စေလိုသဖြင့် အကာအကွယ်ပေးရန် အတွက်သာ ဤနေရာ၌ နေခဲ့ရန် ဆုံးဖြတ်လိုက်လေသည်။
သူမက လုံယုကို ခေါင်းငြိမ့်ပြကာ ပြောလိုက်လေသည်။
"ကောင်းပါပြီ...။"
ရန်သူများကို သတိမမူမိစေရန်အတွက် လုံယု၊ ရှီရွှမ်းနှင့် ကျားရှန်းတို့သည် စက်တပ်လှေအစား လေထိုး လှေကို အသုံးပြု၍ အဆောက်အအုံ (၅) ဆီသို့ လှော်ခတ်သွားကြလေသည်။
သူတို့ ထွက်ခွာသွားသည်ကို မြင်သောအခါ ယောင်ရန်သည် အခန်းထဲသို့ ဝင်သွားလေ၏။ သူမသည် ဓားရှည်နှင့် သံမှိုပစ်သေနတ်ကို သိမ်းဆည်းလိုက်ပြီး နေရာလွတ် အတွင်းမှ စနိုက်ပါရိုင်ဖယ်တစ်လက် ကို ထုတ်ယူလိုက်လေသည်။
သူမ အခန်းထဲမှ ပြန်ထွက်လာသည့် အချိန်တွင်မူ သူမ၏ လက်ထဲရှိ အမည်းရောင်သေတ္တာကို မြင်လိုက် ရသဖြင့် ဟွမ်ချန်၏ မျက်ဝန်းများမှာ ဝင်းလက်သွားခဲ့လေသည်။
"ယောင်ရန်... မင်းကလည်း စနိုက်ပါသမား တစ်ယောက်ပဲလား...။"
ယောင်ရန်က ခေါင်းခါပြကာ ပြောလိုက်၏။
"ကျွန်မ ကောလိပ်တုန်းက သေနတ်ပစ်ကလပ်မှာ ပါခဲ့တာပါ။ ဒါက ဝါသနာတစ်ခုပါပဲ...။"
သူမ ခေါင်မိုးထပ်သို့ သွားသည့် တံခါးကို ဖွင့်လိုက်သည်ကို မြင်သောအခါ ဟွမ်ချန်သည်လည်း သူ၏ စနိုက်ပါရိုင်ဖယ်ကို အမြန်သယ်ဆောင်လိုက်ပြီး သူ၏ ညီမဖြစ်သူနှင့် တန်ချီချီတို့ကို မှာကြားလိုက်၏။
"ဒီမှာပဲ နေခဲ့ကြ... ဘာအသံမှ မထွက်စေနဲ့နော်...။"
ဟွမ်ကျိဟွေးနှင့် တန်ချီချီတို့မှာ ခေါင်းငြိမ့်ပြကာ သံတံခါးများကို စောင့်ကြပ်ရန် သွားလိုက်ကြလေ သည်။
ခေါင်မိုးထပ်သို့ ရောက်သောအခါ ယောင်ရန်သည် သူမ၏ စနိုက်ပါရိုင်ဖယ်ကို အမြန်တပ်ဆင်လိုက်ပြီး အဆောက်အအုံ (၅) ဘက်သို့ မျက်နှာမူကာ နေရာယူလိုက်လေသည်။ မကြာမီမှာပင် ဟွမ်ချန်သည် လည်း သူမ၏ အနားသို့ ရောက်ရှိလာခဲ့လေသည်။
မိနစ်အနည်းငယ် ကြာပြီးနောက် သူတို့၏ လေထိုးလှေမှာ အဆောက်အအုံ (၅) သို့ ရောက်ရှိသွားသည် ကို တွေ့လိုက်ရလေသည်။
စနိုက်ပါ မှန်ပြောင်းမှတစ်ဆင့် လုံယု၊ ရှီရွှမ်းနှင့် ကျားရှန်းတို့မှာ ပျက်စီးနေသော ပြတင်းပေါက်များမှ တစ်ဆင့် လူသွားစင်္ကြံထဲသို့ တက်သွားကြသည်ကို သူတို့ စောင့်ကြည့်နေခဲ့ကြလေသည်။
သူတို့ သုံးဦး အဆောက်အအုံအတွင်းသို့ ဝင်သွားသည်နှင့် တစ်ပြိုင်နက် လူသွားစင်္ကြံ၏ တစ်ဖက်ခြမ်းမှ ချဉ်းကပ်လာသော ဓားပြနှစ်ဦးကို ဟွမ်ချန် တွေ့လိုက်ရ၏။ ယောင်ရန်သည်လည်း ထိုဓားပြများကို တွေ့လိုက်သဖြင့် တုံ့ဆိုင်းခြင်းမရှိဘဲ တစ်ဦးကို လျင်မြန်စွာ ပစ်ခတ်လိုက်လေတော့သည်။
"ဇွပ်... ဘုန်း...။"