← Chapters

အခန်း (၁၁၇-၁၁၈)

Vol. 12 Ch. 117-118

အခန်း (၁၁၇-၁၁၈)

Vol. 12 Ch. 117-118

အခန်း (၁၁၇) - ခွေးကောင်းဆိုသည်မှာ လမ်းမပိတ်ပေ

ယောင်ရန်၏ အကြံပြုချက်ကို နားထောင်ပြီးနောက် လုံယုက သဘောတူလိုက်လေသည်။

"ကောင်းပြီ... ယောင်ရန် ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့...။"

ယနေ့နံနက် သူတို့ ပြန်ရောက်လာသည့်အခါ သူတို့ ဒဏ်ရာရထားသည်ကို အခြားနေထိုင်သူများက တွေ့ရှိသွားခဲ့ကြလေသည်။ ဘေးကင်းလုံခြုံရေးအတွက် ယောင်ရန်က အထပ်(၂၀)ကို စောင့်ကြပ်ရန်နှင့် အခြားသူများကို ပြုစုရန် အိမ်၌သာ နေခဲ့ပြီး လုံယုနှင့် ရှီရွှမ်းတို့ကမူ ယွမ်ရီဟွေးကို ရှာဖွေရန် ကုန်တိုက် သို့ ထွက်ခွာသွားကြလေသည်။

လုံယုနှင့် ရှီရွှမ်းတို့ ထွက်သွားပြီးနောက် ယောင်ရန်သည် သူမ၏ အခန်းသို့ ပြန်မသွားဘဲ ကျားရှန်းတို့နှင့် အတူ စကားစမြည်ပြောရင်း သူတို့ ကိုယ်ပူရှိမရှိကို အကဲခတ်နေခဲ့လေသည်။

နှစ်နာရီခန့် ကြာပြီးနောက် လုံယုနှင့် ရှီရွှမ်းတို့ ပြန်ရောက်လာခဲ့ကြ၏။

"ဘယ်လိုနေလဲ...။"

သူတို့နှစ်ဦး ရေဝင်သောက်ရန် ထိုင်လိုက်သည့်အခါ ယောင်ရန်က မေးလိုက်လေသည်။

လုံယုက သူ၏ ရေဖန်ခွက်ကို ချလိုက်ကာ ၊

"သူတို့က အသားကို ရိက္ခာနဲ့ လဲဖို့ သဘောတူတယ်၊ ဒါပေမဲ့ ရိက္ခာဈေး တက်နေတာကို အခွင့်ကောင်းယူ နေကြတာပဲ။ အသားတစ်ကီလိုကို ဆန်ကွဲ နှစ်ကီလို၊ ဒါမှမဟုတ် ဆန်သစ် တစ်ကီလို၊ ဒါမှမဟုတ် အသင့် စား ဘီစကစ် ငါးထုပ်နဲ့ပဲ လဲပေးမယ်တဲ့...။"

လုံယုက လဲလှယ်နှုန်းကို ပြောပြပြီးနောက် ရှီရွှမ်းက သူ၏ ကျောပိုးအိတ်ထဲမှ ပလတ်စတစ်အိတ်ကို ထုတ်၍ စားပွဲပုပေါ်တွင် တင်လိုက်လေ၏။

ထို့နောက် သူက ပြောလေသည်။

"ငါတို့ အသားငါးကီလို ယူသွားပြီး ဆန်သစ် ငါးကီလိုနဲ့ လဲခဲ့တယ်...။"

ယောင်ရန်က ဆန်ကို စစ်ဆေးကြည့်ရာ အရည်အသွေး ကောင်းမွန်သည်ကို တွေ့ရသဖြင့် ဆန်ကို ပြန်ချ ထားကာ မေးလိုက်လေသည်။

"ရှင်တို့နောက်ကို ဘယ်သူမှ လိုက်မလာဘူးမလား...။"

ရှီရွှမ်းက ၊

"လိုက်လာတဲ့သူတွေ ရှိပေမဲ့ ငါက တမင်တကာ အရှိန်မြှင့်ပြီး ပတ်မောင်းလာခဲ့တာ။ သူတို့ ငါတို့ဘယ်မှာ နေလဲဆိုတာကို ရှာတွေ့မှာ မဟုတ်ဘူး...။" ဟု ပြန်ဖြေလေသည်။

လုံယုက ဆက်ပြောလေ၏။

"ယွမ်ရီဟွေးက ဒီအသားတွေကို တကယ်လိုချင်နေတာ၊ ဆန်သစ်တွေလည်း ပေးမယ်လို့ ကတိပေးထား တယ်။ အဲဒီဆန်တွေက လေစုပ်ထုတ်ပြီး ထုပ်ပိုးထားတာဖြစ်သလို ထုတ်လုပ်တဲ့ ရက်စွဲကလည်း အသစ် စက်စက်ပဲ။ မင်းတို့ ဘယ်လိုထင်လဲ...။"

ဟွမ်ချန်က ခဏမျှ စဉ်းစားပြီးနောက် ၊

"ကျွန်တော်ကတော့ ဆန်သစ်နဲ့ အသင့်စား ဘီစကစ်အချို့ကို လဲသင့်တယ်လို့ ထင်တယ်။ ဘီစကစ်က ဆန်ထက် ပိုအထားခံတာမို့ ဖြည်းဖြည်းချင်း စားလို့ရတာပေါ့...။" ဟု ပြောလိုက်၏။

ကျားရှန်းကလည်း၊

"ကျွန်မမှာ ကန့်ကွက်စရာ မရှိပါဘူး...။" ဟု ဆိုကာ ထောက်ခံလေသည်။

ဟွမ်ကျိဟွေးနှင့် တန်ချီချီတို့မှာမူ ယနေ့နံနက်က ပြင်းထန်သော တိုက်ပွဲကြောင့် ထိတ်လန့်နေဆဲ ဖြစ် သဖြင့် ဆွေးနွေးမှုတွင် မပါဝင်ဘဲ တိတ်ဆိတ်စွာသာ နားထောင်နေကြလေသည်။

လူတိုင်းတွင် ကန့်ကွက်သူမရှိသည်ကို မြင်သောအခါ လုံယုက ယောင်ရန်ဘက်သို့ လှည့်၍ မေးလိုက် လေသည်။

"ယောင်ရန်... မင်းကော ဘယ်လိုထင်လဲ...။"

ယောင်ရန်က၊

"ကျွန်မက တောဝက်အမဲလိုက်တဲ့နေရာမှာ မပါဝင်ခဲ့ဘူးလေ။ ရှင်တို့ဘာသာ ဆုံးဖြတ်နိုင်ပါတယ်...။" ဟု ပြန်ဖြေလိုက်လေသည်။

လုံယုက ခေါင်းငြိမ့်ပြကာ၊

"ဒါဆိုရင် အသားတစ်ဝက်ကို ဆန်သစ်နဲ့လဲပြီး ကျန်တဲ့တစ်ဝက်ကိုတော့ အသင့်စား ဘီစကစ်နဲ့ လဲကြ တာပေါ့...။" ဟု ဆုံးဖြတ်လိုက်လေသည်။

ဆုံးဖြတ်ချက် ချပြီးနောက် သူတို့အားလုံး စုပေါင်း၍ ကီလိုဂရမ် (၁၄၀၀) ကျော် လေးလံသော အသား များကို ပြင်ဆင်ကြလေသည်။ ဝက်သားခြောက်များ ရှိနေသေးသဖြင့် တစ်ဦးလျှင် အသားလတ်လတ် ဆတ်ဆတ် နှစ်ကီလိုစီသာ ချန်ထားပြီး ကျန်ရှိသည်များကို ယွမ်ရီဟွေးနှင့် လဲလှယ်ရန် စီစဉ်ခဲ့ကြ၏။

ရှီရွှမ်းနှင့် ဟွမ်ချန်တို့က မီးဖိုချောင်တွင် သန့်ရှင်းရေးလုပ်နေစဉ် ယောင်ရန်နှင့် အခြားသူများက အသား များကို ရှီရွှမ်း ယူဆောင်လာသော အမှိုက်အိတ်များထဲသို့ ထည့်လိုက်ကြလေသည်။

အသားများကို ထုပ်ပိုးပြီးနောက် လုံယု၊ ရှီရွှမ်းနှင့် ဟွမ်ချန်တို့သည် အသားကီလိုဂရမ် လေးရာကို သယ်ဆောင်၍ အရောင်းအဝယ်ပြုလုပ်ရန် ထွက်ခွာသွားကြလေသည်။

သူတို့သည် ကုန်တိုက်ရှိ လူသူကင်းဝေးသော ထောင့်တစ်ခုတွင် ယွမ်ရီဟွေးနှင့် တွေ့ဆုံကြလေသည်။ တစ်ဦးနှင့်တစ်ဦး သံသယရှိကြသဖြင့် လူသုံးဦးစီသာ ပါဝင်ရန် သဘောတူထားကြ၏။ အသားကီလို လေးရာကို ဆန်သစ် ကီလို နှစ်ရာနှင့် အသင့်စား ဘီစကစ် တစ်ထောင်ထုပ်ဖြင့် လဲလှယ်လိုက်ကြလေ သည်။

ယွမ်ရီဟွေးက အသားများ၏ အခြေအနေ ကောင်းမွန်သည်ကို စစ်ဆေးပြီးနောက် ကျန်ရှိသော အသား ကီလို တစ်ထောင်ကို ညနေ ခြောက်နာရီတွင် ထပ်မံလဲလှယ်ရန် သဘောတူလိုက်လေသည်။

ရှီရွှမ်းသည် ပတ်ဝန်းကျင်ကို အကြိမ်ကြိမ် ပတ်မောင်း၍ သူတို့နောက်သို့ လိုက်လာသူများကို မျက်ခြေ ဖျက်ကာ လင်းယွမ်တိုက်ခန်းအဆောက်အအုံသို့ ဘေးကင်းစွာ ပြန်ရောက်လာခဲ့လေသည်။ သူတို့သည် ဆန်အိတ်များနှင့် ဘီစကစ်သေတ္တာများကို သယ်ဆောင်၍ အခြားနေထိုင်သူများ၏ စူးစမ်းမနာလိုသော အကြည့်များကြားမှ အထပ်(၂၀) သို့ ပြန်တက်လာခဲ့ကြလေသည်။

ညနေစောင်းတွင် သူတို့သည် အသားများ ထည့်ထားသော အမှိုက်အိတ်များကို သယ်ဆောင်၍ အောက် ထပ်သို့ ဆင်းလာစဉ် လူဟုန်နှင့် တိုးလေသည်။ သူက လှေကားထစ်တွင် ပိတ်ရပ်ထားသဖြင့် သူတို့ ခဏ ရပ်လိုက်ရ၏။

လူဟုန်၏ အကြည့်များမှာ သူတို့လက်ထဲရှိ အမှိုက်အိတ်များပေါ်သို့ ကျရောက်သွားပြီးနောက် သူက ပြုံး၍ မေးလိုက်လေသည်။

"အမှိုက်တွေ သွားပစ်မလို့လား... ကျွန်တော် ကူညီပေးရမလား...။"

လုံယုက သူ့ကို စိုက်ကြည့်ကာ၊

"မလိုဘူး..." ဟု အေးစက်စွာ ပြန်ပြောလိုက်၏။

လူဟုန်သည် အထပ်(၂၀)ကို ရက်ပေါင်းများစွာ စောင့်ကြည့်နေခဲ့ပြီး လုံယုတို့အဖွဲ့ ယနေ့နံနက်တွင် တစ်စုံ တစ်ခု ယူဆောင်လာသည်ကို သိထား၏။ နေလယ်တွင် တစ်ခေါက် ထွက်သွားခဲ့သလို ယခု ညနေတွင် လည်း ထပ်မံ ထွက်ခွာရန် ပြင်နေကြခြင်းပင်။

ယခုခေတ်တွင် လူတိုင်းက အမှိုက်ကို ပြတင်းပေါက်မှသာ အလွယ်တကူ ပစ်ချကြပြီး မည်သူမျှ အောက် ထပ်အထိ ပင်ပန်းခံ သယ်မသွားကြပေ။ သူတို့လက်ထဲရှိ ဖောင်းကားနေသော အိတ်များကို ကြည့်ခြင်း ဖြင့် တန်ဖိုးရှိသော ပစ္စည်းများဖြစ်ကြောင်း လူဟုန် သိလိုက်လေသည်။

သူ အဆောက်အအုံမန်နေဂျာ ဖြစ်လာပြီးကတည်းက နေ့တိုင်း အပြင်ထွက်ခဲ့သော်လည်း သူ ရှာဖွေ တွေ့ရှိသည့် ရိက္ခာမှာ တစ်နေ့ထက်တစ်နေ့ နည်းပါးလာခဲ့၏။ အဖွဲ့ဝင်များမှာလည်း သူ့အပေါ် မကျေ မနပ် ဖြစ်လာကြပြီး အထပ်(၂၀)ရှိ လူများနှင့် နှိုင်းယှဉ်ကာ သူ့ကို မကြာခဏ လှောင်ပြောင်တတ်ကြ လေသည်။

မနေ့ညကလည်း သူ၏ အဖွဲ့ဝင် အမြောက်အမြား သေဆုံးခဲ့သလို ဓားပြများ၏ တိုက်ခိုက်မှုကြောင့် သူတို့ရှိသမျှ ရိက္ခာ တစ်ဝက်ကျော်ကို ဆုံးရှုံးခဲ့ရလေသည်။ ထို့ကြောင့် ယခုအချိန်တွင် သူတို့အတွက် ရိက္ခာများ အရေးပေါ် လိုအပ်နေခြင်းပင် ဖြစ်သည်။ အကယ်၍ သူသာ အထပ်(၂၀)မှ လူများနှင့် ပူးပေါင်း နိုင်ပါက သူနှင့် သူ၏မိသားစုမှာ အစာငတ်မည့်ဘေးမှ လွတ်ကင်းနိုင်မည် ဖြစ်၏။

ဤကဲ့သို့သော ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ပြီးနောက် လူဟုန်သည် ပြုံး၍ ယောင်ရန်၏ လက်ထဲရှိ အမှိုက်အိတ်ထံသို့ လက်လှမ်းလိုက်လေသည်။ သူ၏ မျက်ဝန်းများမှာ လှုပ်ခတ်သွားပြီး ပြောလိုက်၏။

"မစ္စယောင်... ပင်ပန်းနေမှာပေါ့...၊ ကျွန်တော် ကူသယ်ပေးပါရစေ...။"

သူ ယောင်ရန်၏ အနားသို့ မချဉ်းကပ်နိုင်မီမှာပင် လုံယုက ယောင်ရန်၏ ရှေ့တွင် ကာရပ်လိုက်ပြီး လူဟုန် ၏ လက်ကို တားဆီးကာ အေးစက်စွာ စိုက်ကြည့်လျက်၊

"ဖယ်စမ်း..." ဟု ပြောလိုက်၏။

လုံယု၏ အေးစက်သော အကြည့်ကြောင့် လူဟုန်၏ နှလုံးသားမှာ တုန်လှုပ်သွားပြီး နောက်သို့ ခြေတစ် လှမ်း မသိမသာ ဆုတ်လိုက်ရလေသည်။

သူတို့၏ လမ်းကို ပိတ်ရပ်ထားဆဲဖြစ်သဖြင့် ဟွမ်ချန်ကမူ အားနာမနေတော့ဘဲ လူဟုန်ကို ပခုံးဖြင့် တွန်းဖယ်လိုက်လေတော့သည်။

လူဟုန်၏ ဘေးမှ ဖြတ်သွားစဉ် ဟွမ်ချန်က လှောင်ပြုံးပြုံးကာ ပြောလိုက်လေသည်။

"ခွေးကောင်းဆိုတာ လမ်းမပိတ်ဘူးကွ...။"

အခန်း (၁၁၈)

ဘေးအန္တရာယ်များ ပြီးဆုံးသွားမည်လော

လူဟုန်သည် လှေကားထိပ်တွင် ရပ်လျက် သူတို့၏ ကျောပြင်များကို စိုက်ကြည့်ကာ လက်သီးကို တင်း တင်းဆုပ်ထားမိလေသည်။ သူတို့ မြင်ကွင်းမှ ပျောက်ကွယ်သွားသည့်တိုင် သူ၏ ဒေါသတကြီး စိုက်ကြည့်နေမှုမှာ ရပ်တန့်သွားခြင်း မရှိခဲ့ပေ။

"ငါ့လက်ထဲ မကျမိအောင်သာ ဆုတောင်းထားကြ... ဟွန့်...။"

သူသည် နှာမှုတ်လျက် ဒေါသတကြီး အိမ်သို့ ပြန်သွားလေတော့သည်။

အသားများကို တင်ဆောင်ပြီးနောက် လုံယု၊ ရှီရွှမ်းနှင့် ဟွမ်ချန်တို့သည် ယွမ်ရီဟွေးနှင့် တွေ့ဆုံရန် ထွက်ခွာသွားကြပြီး ယောင်ရန်နှင့် အခြားသူများမှာမူ အိမ်သို့ ပြန်လာခဲ့ကြလေသည်။

သူတို့ သုံးဦး ပြန်ရောက်လာသည့် အချိန်တွင် ည (၁၀) နာရီ ရှိနေပြီ ဖြစ်သည်။ စက်တပ်လှေသံကို ကြားရ သည်နှင့် ယောင်ရန်သည် အောက်ထပ်သို့ ဆင်းလာခဲ့ရာ ဟွမ်ကျိဟွေးနှင့် တန်ချီချီတို့မှာလည်း ထိုနေရာ၌ စောင့်ကြိုနေသည်ကို တွေ့လိုက်ရလေသည်။

သူတို့အားလုံး ဝိုင်းဝန်းကူညီကြသဖြင့် ဆန်အိတ်များနှင့် အသင့်စား ဘီစကစ်သေတ္တာများကို အထပ် (၂၀)သို့ တစ်ခေါက်တည်းဖြင့် သယ်ဆောင်နိုင်ခဲ့ကြလေသည်။ သူတို့သည် အခန်းအမှတ် (၂၀၀၁) ၏ ဧည့်ခန်းတွင် ထိုင်ကာ ရရှိလာသော ရိက္ခာများကို အညီအမျှ ခွဲဝေလိုက်ကြလေသည်။

ပုံထားသော ဆန်အိတ်များနှင့် ဘီစကစ်သေတ္တာများကို ကြည့်ရင်း ဟွမ်ကျိဟွေးက စိတ်သက်သာရာ ရသော အပြုံးဖြင့် ပြောလိုက်လေသည်။

"ဒီရိက္ခာတွေနဲ့ဆိုရင် အနည်းဆုံး နှစ်နှစ်လောက်အထိ စားဝတ်နေရေးအတွက် စိတ်ပူစရာ မလိုတော့ဘူး ပေါ့နော်...။"

တန်ချီချီကလည်း ခေါင်းငြိမ့်ပြကာ၊

"ဟုတ်တယ်... အဲဒီအချိန်ကျရင် အရာအားလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်သွားလောက်ပြီမလား...။" ဟု ​ပြောလိုက်လေ၏။

ယောင်ရန်ကမူ ဘာကိုမျှ ပြန်မပြောခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူမ၏ အတိတ်ဘဝတွင် ကမ္ဘာပျက် ကပ် ဆယ်နှစ်ကြာသည့်တိုင် လူသားမျိုးနွယ်၏ ယဉ်ကျေးမှုမှာ ပြန်လည်နိုးထလာနိုင်ခြင်း မရှိခဲ့သည်ကို သူမ သိရှိထားသောကြောင့် ဖြစ်၏။

ဓာတ်ခွဲခန်းအတွင်း နှစ်နှစ်ကြာ ပိတ်လှောင်ခံထားရစဉ်တွင်ပင် သုတေသီများ၏ ပြောစကားများမှတစ် ဆင့် ပြင်ပကမ္ဘာ၏ အခြေအနေကို သူမ သိရှိခဲ့ရလေသည်။ သူမ သေဆုံးချိန်တွင် အခြေအနေမှာ အလွန် ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။

ထိုစဉ်က သဘာဝဘေးအန္တရာယ်များနှင့် မျိုးဗီဇပြောင်းလဲနေသော သတ္တဝါများကြောင့် ကမ္ဘာပေါ်ရှိ လူဦးရေ၏ ကိုးဆယ်ရာခိုင်နှုန်းကျော်မှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ ကျန်ရှိနေသော လူဦးရေအနည်း ငယ်ထဲတွင်မှ တစ်ရာခိုင်နှုန်းခန့်သာ စွမ်းအားရှင်များ ဖြစ်ကြသည်။ နောက်ထပ် နှစ်အနည်းငယ် ကြာ လျှင် လူသားမျိုးနွယ်မှာ မျိုးသုဉ်းသွားတော့မည်ကို ယောင်ရန် သိရှိနေခဲ့လေသည်။

မည်သူမျှ ပြန်လည်ဖြေကြားခြင်း မရှိသည်ကို မြင်သောအခါ တန်ချီချီ၏ မျက်ဝန်းများမှာ နီမြန်းလာပြီး ထပ်မံ မေးမြန်းလိုက်ပြန်လေ၏။

"ဘေးအန္တရာယ်တွေ ပြီးဆုံးသွားပါအုန်းမလား...။"

ယောင်ရန်သည် သက်ပြင်းတစ်ချက်ချလျက် ပြတင်းပေါက်ပြင်ပသို့ ငေးကြည့်ကာ တိုးညင်းစွာ ပြော လိုက်လေသည်။

"ဖြစ်နိုင်ပါတယ်...။"

အလွန်အမင်း အေးစက်သော ရာသီဥတုနှင့် ရေကြီးမှုများ ကုန်ဆုံးသွားပြီးနောက် အစိုးရက ပထမ ဆုံးသော လူသားအခြေစိုက်စခန်းကို တည်ထောင်ခဲ့သည်ကို သူမ မှတ်မိနေ၏။

သို့သော်လည်း ဝမ်းနည်းစရာ ကောင်းသည်မှာ အလွန်အမင်း အေးစက်သော ရာသီဥတု ကုန်ဆုံးသွား သည်နှင့် တစ်ပြိုင်နက် အလွန်အမင်း ပူပြင်းသော ရာသီဥတုက ရောက်ရှိလာခြင်းပင် ဖြစ်သည်။ ရေနှင့် ရိက္ခာ ရှားပါးမှုများက အခြေစိုက်စခန်း တည်ဆောက်ရေးကို ဟန့်တားခဲ့သဖြင့် လူသားများသည် ထို အပူရှိန်ကို ရှောင်ရှားရန် ပျက်စီးနေသော အဆောက်အအုံများအတွင်း၌သာ ခိုလှုံနေထိုင်ခဲ့ကြရ လေသည်။

အတိတ်ဘဝတွင် သူမသည် ဟိုင်ချန် အခြေစိုက်စခန်း၌ နေထိုင်ခဲ့ပြီး အချိန်အတော်များများကို ငတ်မွတ် စွာဖြင့် ဖြတ်သန်းခဲ့ရလေသည်။ သို့သော်လည်း ဤတစ်ကြိမ်တွင်မူ သူမသည် မတူညီသော ရွေးချယ်မှု များကို ပြုလုပ်ကာ ကျွင်းချန်မြို့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သူမ၏ ကံကြမ္မာကို ပြောင်းလဲရန် နည်းလမ်းတစ်ခုခု ရှိနေမည်မှာ အသေအချာပင်။

သူမသည် အတူတကွ ထိုင်နေကြသော လူခြောက်ဦးကို ကြည့်ရင်း ၊

*ဒီတစ်ကြိမ်မှာတော့ ငါ တကယ်ပဲ ရှင်သန်နိုင်လောက်တယ်...။* ဟု တွေးတောနေမိလေသည်။

အချိန်လင့်နေပြီဖြစ်ကြောင်း သတိထားမိသောအခါ ယောင်ရန်က၊

"မစောတော့ဘူးပဲ... ကျွန်မ ပြန်တော့မယ်..." ဟု ပြောလိုက်လေ၏။

လုံယုက သူမ ဆန်အိတ်များကို သယ်နေသည်ကို မြင်သောအခါ၊

"ငါ ကူသယ်ပေးပါ့မယ်...။" ဟု ပြောလိုက်လေသည်။

သူတို့သည် အသားကီလိုဂရမ် (၁၄၀၀) ကို ဆန်ကီလိုဂရမ် (၇၀၀) နှင့် အသင့်စား ဘီစကစ် (၃၅၀ဝ) ထုပ်ဖြင့် လဲလှယ်ခဲ့ကြရာ တစ်ဦးလျှင် ဆန်ကီလိုဂရမ် (၁၀၀) နှင့် ဘီစကစ် (၇၀ဝ) ထုပ်စီ ရရှိကြ၏။

ယောင်ရန်မှာမူ တောဝက်အမဲလိုက်ရာတွင် မပါဝင်ခဲ့သဖြင့် သူမအနေဖြင့် ဆန်ကီလိုဂရမ် (၅၀) နှင့် ဘီစကစ် (၄၀၀) ထုပ်ကိုသာ ယူခဲ့လေသည်။ လုံယု၏ အကူအညီဖြင့် သူမသည် ဆန်နှင့် ဘီစကစ်အား လုံးကို တစ်ခေါက်တည်းဖြင့် သယ်ဆောင်နိုင်လေသည်။

အိမ်သို့ ပြန်ရောက်သောအခါ ယောင်ရန်သည် နေရာလွတ် ထဲ၌ ရေချိုးပြီးနောက် အိပ်စက်အနားယူ လိုက်လေသည်။

နောက်တစ်နေ့ နံနက်တွင် တံခါးခေါက်သံကြောင့် သူမ နိုးလာခဲ့၏။ အပေါ်အင်္ကျီကို ထပ်ဝတ်၍ တံခါးဖွင့် ပေးလိုက်ရာ လုံယုကို တွေ့လိုက်ရလေသည်။

သူက သူမ၏ အိပ်ချင်မူးတူး ဖြစ်နေသော အမူအရာကို ကြည့်ကာ မေးလိုက်၏။

"ငါ မင်းကို နှိုးလိုက်မိပြီလား...။"

ယောင်ရန်က မျက်လုံးများကို ပွတ်ကာ သမ်းဝေလျက် ၊

"ရပါတယ်... ဘာကိစ္စရှိလို့လဲ...။"

လုံယုက ခေါင်းငြိမ့်ပြကာ၊

"ငါ တောဝက်တွေကို နောက်တစ်ခါ ထပ်ပြီး အမဲလိုက်ဖို့ စီစဉ်နေတယ်။ ကျားရှန်းက ခြေထောက် ဒဏ်ရာရထားတော့ မင်းကို ငါတို့နဲ့အတူ လိုက်ခဲ့ဖို့ ဖိတ်ချင်လို့ပါ...။"

သူပြောသည်ကို ကြားလိုက်ရသည့်အခါ ယောင်ရန်၏ အိပ်ချင်စိတ်များမှာ ချက်ချင်းပင် ပျောက်ကွယ် သွားလေတော့သည်။

ရေမျက်နှာပြင် မြင့်တက်လာသည်နှင့်အမျှ တောင်ကုန်းမှာလည်း ရက်အနည်းငယ်အတွင်း ရေအောက် သို့ နစ်မြုပ်သွားနိုင်ပေသည်။ သူတို့အနေဖြင့် ရိက္ခာများကို တတ်နိုင်သမျှ အမြန်ဆုံး စုဆောင်းထားရန် လိုအပ်နေပေသည်။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း အပူချိန်မှာလည်း လျင်မြန်စွာ ကျဆင်းလာခဲ့ရာ အလွန်အမင်း အေးစက်သော ရာသီဥတုမှာ သတ်မှတ်ထားသည်ထက် စောစီးစွာ ရောက်ရှိလာနိုင်ကြောင်း ယောင်ရန် ကြိုတင် ခံစားနေမိလေသည်။

သူမသည် ခဏမျှ စဉ်းစားပြီးနောက် ခေါင်းငြိမ့်ပြလိုက်၏။

"ကောင်းပါပြီ... ဘယ်အချိန် သွားကြမှာလဲ...။"

"နောက် ဆယ်မိနစ်နေရင် ထွက်ကြမယ်...။" ဟု လုံယုက ပြန်ဖြေလိုက်လေသည်။

"နားလည်ပါပြီ...။"

လုံယု ထွက်သွားပြီးနောက် ယောင်ရန်သည် တံခါးပိတ်ကာ ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်လိုက် လေ၏။ ဆယ်မိနစ်ခန့် ကြာပြီးနောက် သူမသည် အခန်းထဲမှထွက်လာခဲ့လေသည်။

လုံယု၏ လက်မောင်းရှိ ပတ်တီးကို ကြည့်ရင်း ယောင်ရန်က သတိပေးလိုက်လေသည်။

"ရှင့်ဒဏ်ရာကို ဂရုစိုက်ဦးနော်။ ရေထဲက အညစ်အကြေးတွေနဲ့ မထိမိအောင် ကြိုးစားပါ...။"

သူမ၏ သတိပေးမှုကို ကြားသောအခါ လုံယုက ပြုံးလျက်၊ "အင်း..." ဟုသာ တုံ့ပြန်လိုက်လေသည်။

သူတို့လေးဦးမှာ ကျောပိုးအိတ်များ၊ လက်နက်များနှင့် လေထိုးလှေတစ်စင်းကို သယ်ဆောင်ကာ အောက်ထပ်သို့ ဆင်းလာခဲ့ကြလေသည်။

ရေမျက်နှာပြင်မှာ (၁၂) ထပ်အထိ ရောက်ရှိနေပြီ ဖြစ်သဖြင့် သူတို့သည် (၁၃) ထပ်ရှိ ပြတင်းပေါက်မှ တစ်ဆင့် ထွက်ခွာရန် လိုအပ်လေသည်။ ယောင်ရန်သည် ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ ရေမျက်နှာပြင်နှင့် သူတို့ကြားတွင် လေးမီတာခန့် ကွာဝေးနေသည်ကို တွေ့လိုက်ရ လေသည်။ သူမသည် လုံယုကို ကြည့်ကာ မေးလိုက်လေသည်။

"မနေ့က ရှင်တို့ ဘယ်လို ဆင်းသွားကြတာလဲ...။"

လုံယု ပြန်မဖြေရသေးမီမှာပင် ဟွမ်ချန်သည် လေထိုးလှေကို အောက်သို့ ချပေးလိုက်ပြီး ပြတင်း ပေါက်မှတစ်ဆင့် ခုန်ချလိုက်လေသည်။ သူ၏ လှုပ်ရှားမှုမှာ ပေါ့ပါးချောမွေ့လှ၏။ သူ လေထိုးလှေ ပေါ်သို့ ကျရောက်သွားသည့် အချိန်တွင် ရေမျက်နှာပြင်ပေါ်၌ လှိုင်းကလေးတစ်ခုပင် မထင်ကျန်ခဲ့ပေ။

ဟွမ်ချန်သည် မတ်တပ်ရပ်လိုက်ပြီးနောက် အပေါ်သို့ မော့ကြည့်ကာ ပြောလိုက်လေသည်။

"ယောင်ရန်... လာလေ... ခုန်ချလိုက်ရုံပဲ။ အရမ်းမမြင့်ပါဘူး...။"

ယောင်ရန်သည် သူ့ကို ကြည့်ကာ တိတ်ဆိတ်သွား၏။ သူမ တုံ့ဆိုင်းနေသည်ကို မြင်သောအခါ လုံယုက ရှီရွှမ်းကို ကြည့်၍ ၊

"ရှီရွှမ်း... မင်း အရင်ဆင်းနှင့်လိုက်...။"

​

ရှီရွှမ်းက ခေါင်းငြိမ့်ပြကာ တုံ့ဆိုင်းခြင်းမရှိဘဲ ခုန်ချသွားခဲ့လေ၏။ သူတို့နှစ်ဦးတည်း ကျန်ရှိခဲ့သည့် အခါတွင်မူ လုံယုသည် သူ၏ ကျောပိုးအိတ်ထဲမှ ကြိုးတစ်ခွေကို ထုတ်ယူလိုက်လေသည်။ သူသည် ကြိုး၏ တစ်ဖက်စကို သူ၏ ခါးတွင် ပတ်လိုက်ပြီး ကျန်တစ်ဖက်ကို အောက်သို့ ချပေးလိုက်၏။

ထို့နောက် သူက ယောင်ရန်ကို ကြည့်၍ ပြောလိုက်လေသည်။

"ငါ မင်းအတွက် ကြိုးကို ကိုင်ထားပေးမယ်...။"

လေးမီတာ ဆိုသည့် အမြင့်မှာ လုံယုနှင့် သူ၏သူငယ်ချင်းများအတွက် မမြင့်မားလှသော်လည်း ယောင်ရန် အတွက်မူ ထိုသို့မဟုတ်ပေ။ သူမ၏ ခန္ဓာကိုယ်မှာ စွမ်းရည်များနှင့် လေ့ကျင့်မှုများကြောင့် သာမန်လူများထက် သန်မာနေသည် ဆိုသော်ငြားလည်း ထိုကဲ့သို့ မြင့်မားသော နေရာမှ ပြုတ်ကျပါက ဒဏ်ရာရရှိနိုင်ပေသည်။ ထို့ပြင် သူမ၏ သစ်သားဓာတ် စွမ်းရည် ကိုလည်း အခြားသူများရှေ့တွင် အသုံး မပြုနိုင်ပေ။

All Chapters