အခန်း (၁၁၉-၁၂၀)
Vol. 12 Ch. 119-120
အခန်း (၁၁၉)
မမျှော်လင့်ဘဲ တွေ့ရှိသော ဝမ်းမြောက်ဖွယ်ရာ
ယောင်ရန်အနေဖြင့် လုံယုတို့ရှေ့တွင် သစ်သားဓာတ် စွမ်းအား ကို အသုံးမပြုလိုသကဲ့သို့ မိုးသည်းထန် စွာ ရွာသွန်းနေသည့်ကြား၌ လေထိုးလှေပေါ်သို့ တိကျစွာ ခုန်ချရန်မှာလည်း သူမအတွက် စိုးရိမ်စရာ ဖြစ်နေ၏။ အကယ်၍ ဟန်ချက်မထိန်းနိုင်ပါက ရေထဲသို့ ပြုတ်ကျသွားနိုင်ပေသည်။
မိမိကိုယ်ကိုယ် ယုံကြည်မှု မရှိသဖြင့် ယောင်ရန်သည် လုံယု၏ စေတနာကို လက်ခံရန် ဆုံးဖြတ်လိုက် လေသည်။ သူမသည် ကြိုးကို ကိုင်၍ ဖြည်းညင်းစွာ ဆင်းလာခဲ့၏။ သူမ လေထိုးလှေပေါ်သို့ ဘေးကင်း စွာ ရောက်ရှိသွားသည့် အခါတွင်မူ လုံယုသည် ကြိုးကို ပြန်သိမ်း၍ ကျောပိုးအိတ်ထဲ ထည့်လိုက်ပြီး နောက် အောက်သို့ ခုန်ချလာခဲ့လေသည်။
လှေပေါ်သို့ ရောက်သည်နှင့် သူက ထိုင်လိုက်ကာ ၊
"သွားကြစို့..." ဟု ပြောလိုက်၏။
တောင်ကုန်းမှာ လင်းယွမ်တိုက်ခန်းအဆောက်အအုံနှင့် သိပ်မဝေးလှပေ။ လောင်စာဆီ ချွေတာရန် အတွက် ယနေ့တွင် သူတို့ စက်မသုံးဘဲ လူအားဖြင့်သာ သွားရန် ဆုံးဖြတ်ခဲ့ကြသည်။ သူတို့လေးဦးသည် တက်များကို ကိုင်ဆောင်ကာ တောင်ကုန်းဆီသို့ လှော်ခတ်ခဲ့ကြလေသည်။
နှစ်နာရီခန့် ကြာပြီးနောက်တွင်မူ သူတို့သည် တောင်ကုန်းသို့ ရောက်ရှိသွားကြလေသည်။
လှေပေါ်မှ ဆင်း၍ လေထိုးလှေကို သစ်ပင်တစ်ပင်တွင် ချည်နှောင်လိုက်သည့် အခါ၌ ယောင်ရန်သည် သူမ၏ လက်များမှာ သူမလက် မဟုတ်တော့သကဲ့သို့ ခံစားနေရလေသည်။ သူမသည် နာကျင်နေသော လက်မောင်းများကို နှိပ်နယ်ရင်း လုံယုတို့နောက်မှ လိုက်ပါလာခဲ့လေသည်။
လေးဦးသားမှာ ဂရုတစိုက် လျှောက်လှမ်းရင်း တောင်ပေါ်သို့ ဖြည်းညင်းစွာ တက်လာခဲ့ကြလေသည်။ လုံယု၏ ခြေရာခံနိုင်စွမ်းကြောင့် ရွှံ့နွံများပေါ်ရှိ သဲလွန်စအချို့ကို သူ ရှာတွေ့သွားလေသည်။
လုံယုက ခြေရာများကို ခဏမျှ လေ့လာပြီးနောက် အခြားသူများကို ကြည့်ကာ ပြောလိုက်၏။
"ဒီနေ့တော့ အမဲသား စားရတော့မယ် ထင်တယ်...။"
ဟွမ်ချန်က ထိုစကားကို ကြားသောအခါ မျက်ဝန်းများ ဝင်းလက်သွားပြီး၊
"တောဝက် မဟုတ်ဘူးလား..." ဟု အမြန်မေးလိုက်လေသည်။
လုံယုက ရွှံ့နွံပေါ်ရှိ မှေးမှိန်နေသော ခြေရာများကို ညွှန်ပြကာ၊
"ဒါကို ကြည့်ကြည့်လိုက်...။"
ဟွမ်ချန် ဝပ်၍ ကြည့်လိုက်သည့်အခါ မြေပြင်ပေါ်ရှိ ခြေရာများမှာ တောဝက်ခြေရာများ မဟုတ်ဘဲ နွားခြေရာများ ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။
သာမန်အခြေအနေမျိုးတွင် တောင်ပေါ်၌ နွားများကို တွေ့ရန်မှာ မဖြစ်နိုင်ပေ။ နွားများသည် အိမ်မွေး တိရစ္ဆာန်များ ဖြစ်ကြပြီး အများစုမှာ ပိုင်ရှင်ရှိကြသည်သာ ဖြစ်၏။ ယနေ့တွင် တောင်ပေါ်၌ နွားများကို တွေ့ရှိရခြင်းမှာ သူတို့အတွက် အလွန်ပင် ကံကောင်းလှပေသည်။
မျှော်လင့်ချက် အပြည့်ဖြင့် လေးဦးသားမှာ ခြေရာများအတိုင်း မိနစ်နှစ်ဆယ်ခန့် လိုက်လံရှာဖွေခဲ့ကြရာ မနီးမဝေးတွင် နွားတစ်ကောင်ကို စတင်တွေ့ရှိလိုက်ရလေသည်။
ချုံပုတ်များ နောက်ကွယ်တွင် ပုန်းအောင်းလျက် လုံယုက မှန်ပြောင်းကို ထုတ်ယူကာ ပတ်ဝန်းကျင် အခြေအနေကို အကဲခတ်လိုက်လေသည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် ထိုနွားနှင့် မနီးမဝေးတွင် နွားအုပ်ကြီးကို သူ တွေ့လိုက်ရလေသည်။ သူ ရေတွက်ကြည့်ရာ နွားအကောင်ရေ သုံးဆယ်ကျော် ရှိနေသည်ကို တွေ့လိုက်ရလေသည်။
နွားတစ်ကောင်ချင်းစီမှာ အလွန်ကြီးမားလှပြီး ကီလိုဂရမ် (၉၀၀) ခန့် လေးလံပုံရလေသည်။ အကယ်၍ ဤနွားများသာ အစာရေစာ ဝဝလင်လင် စားထားရပါက တစ်ကောင်လျှင် ကီလိုဂရမ် (၁၀၀၀) ကျော် အထိ လေးလံနိုင်ပေသည်။
လုံယုက မှန်ပြောင်းကို ချလိုက်ပြီး ပြောလိုက်၏။
"ဒီမှာ နွား အကောင် သုံးဆယ်ကျော်လောက် ရှိတယ်။ ပျမ်းမျှ အလေးချိန်က ကီလိုဂရမ် ကိုးရာလောက် ရှိလိမ့်မယ်။ အကယ်၍ ဒီနွားတွေကိုသာ ပြန်သယ်သွားနိုင်ရင် ယွမ်ရီဟွေး ဆီကနေ ရိက္ခာတွေ အများ ကြီး လဲလို့ ရမှာပဲ...။"
ဟွမ်ချန်က နွားအုပ်ကို ကြည့်ကာ ၊
"ဒီလောက်အများကြီး တွေ့ရတာ တကယ်ကို ကောင်းတာပဲ။ ဒါပေမဲ့... ဒါတွေကို ဘယ်လို ပြန်သယ်ကြမ လဲ။ အမဲသားခြောက် အရင်လုပ်ကြမလား...။" ဟု မေးလိုက်လေသည်။
ယောင်ရန်က ခေါင်းခါပြကာ၊
"မလုပ်ပါနဲ့... ကျွန်မတို့ဆီမှာ ဟင်းခတ်အမွှေးအကြိုင်တွေ အများကြီး မရှိတော့ဘူး...။"
သူမသည် ခဏမျှ စဉ်းစားပြီးနောက် ဖြည့်စွက်ပြောလိုက်လေသည်။
"ယွမ်ရီဟွေးက အသားတွေ အများကြီး လိုချင်တယ်လို့ ပြောထားတာဆိုတော့ ဒီအသားတွေကို သူတို့ ဆီမှာ ရောင်းပြီး ဆန်၊ ဂျုံမှုန့် ဒါမှမဟုတ် အသင့်စား ဘီစကစ်တွေနဲ့ လဲလိုက်ရင်ကော ဘယ်လိုလဲ...။"
လတ်ဆတ်သော အသားများကို ယွမ်ရီဟွေးနှင့် တိုက်ရိုက် လဲလှယ်ခြင်းမှာ သူတို့အတွက် အချိန်ကုန် သက်သာစေသလို ရိက္ခာနှင့် အခက်အခဲများကိုလည်း လျော့နည်းစေမည် ဖြစ်၏။
ပြီးခဲ့သည့် အကြိမ်က လုံယုနှင့် အရောင်းအဝယ် လုပ်စဉ်က ယွမ်ရီဟွေးသည် သူတို့တွင် ရှိသမျှ အသား အားလုံးကို လက်ခံမည်ဟု ပြောထားခဲ့လေသည်။ သူတို့ကိုယ်တိုင်လည်း ထိုအသားများကို အကုန်စား နိုင်မည် မဟုတ်သဖြင့် အထားခံမည့် ရိက္ခာများနှင့် လဲလှယ်လိုက်ခြင်းက အကောင်းဆုံးပင် ဖြစ်၏။
စဉ်းစားပြီးနောက် အခြားသုံးဦးမှာလည်း ယောင်ရန်၏ အကြံပြုချက်ကို သဘောတူလိုက်ကြလေသည်။
အသားရောင်းရန် ဆုံးဖြတ်ပြီးသည့်အခါ ဤနွားများကို သတ်ဖြတ်ရန် နေရာတစ်ခု လိုအပ်လာ၏။
ရှီရွှမ်းက စဉ်းစားပြီးနောက် ပြောလိုက်လေသည်။
"ဒီကိုလာတဲ့ လမ်းမှာ အနားမှာ ဗီလာ တစ်လုံး ရှိတာ တွေ့ခဲ့တယ်။ အဲဒီဗီလာကို နွားသတ်ရုံအဖြစ် သုံးလို့ ရနိုင်တယ်...။"
"ဒါဆို နွားတစ်ကောင်ကို အဲဒီဗီလာဆီ အရင် သယ်သွားကြတာပေါ့...။" ဟု လုံယုကပြောလိုက်လေ သည်။
သူတို့တွင် လေထိုးလှေ တစ်စင်းသာ ပါလာသဖြင့် နေရာမှာ ကန့်သတ်ချက် ရှိနေလေသည်။ နွားများ သည်လည်း တောဝက်များထက် ပိုမိုလေးလံသဖြင့် တစ်ကြိမ်လျှင် တစ်ကောင်သာ သယ်ယူနိုင်ပေ လိမ့်မည်။
သူပြောသည်ကို အခြားသုံးဦးကလည်း ခေါင်းငြိမ့်ထောက်ခံကြ၏။
ဆုံးဖြတ်ချက် ချပြီးနောက် သူတို့သည် လက်နက်များကို ထုတ်ယူကာ အမဲလိုက်ရန် ပြင်ဆင်လိုက်ကြ လေသည်။ ယနေ့တွင် ယောင်ရန်က အမဲလိုက်ရန်အတွက် လေးရှည် တစ်လက်ကို ယူဆောင်လာခဲ့၏။
မြားများနှင့် သူမ၏ လေးရှည်ကို မြင်သောအခါ ဟွမ်ချန်က စူးစမ်းစွာ မေးလိုက်လေသည်။
"ယောင်ရန်... မင်း လက်နက် ဘယ်နှမျိုးလောက် သုံးတတ်တာလဲ...။"
ယောင်ရန်က သူ့ကို ကြည့်ကာ၊
"အဝေးပစ် လက်နက်တွေ အားလုံးက အတူတူပဲ မဟုတ်ဘူးလား...။" ဟု ပြန်မေးလိုက်လေ၏။
သူမ၏ မေးခွန်းကြောင့် ဟွမ်ချန်မှာ ဆွံ့အသွားရလေသည်။ သူသည် ခေါင်းကို ကုတ်လျက်၊
"အဲလိုလား... ငါကတော့ သေနတ်ပဲ သုံးတတ်တာ...။"
ပြင်ဆင်မှုများ ပြီးစီးသည့်အခါ လုံယုက၊
"နွားတွေက အများကြီးပဲ။ အကုန်လုံးကို တစ်ခါတည်း သယ်လို့ မရဘူး၊ အဲဒါကြောင့် တစ်ကောင် ချင်းစီကို ချွေထုတ်ကြမယ်...။" ဟု ပြောလိုက်၏။
"ဒီနွားတွေကို ဗီလာဆီ သယ်ဖို့က အချိန်အများကြီး ကြာလိမ့်မယ်၊ အဲဒါကြောင့် ဟွမ်ချန်က ဒီနွားတွေကို စောင့်ကြည့်ဖို့ ဒီမှာပဲ နေခဲ့ပါ။ ယောင်ရန်က ငါတို့နောက်ကို လိုက်ခဲ့ပြီး ဗီလာမှာ နေခဲ့ပါ။ ရှီရွှမ်းနဲ့ ငါက တော့ သယ်ယူပို့ဆောင်ရေး လုပ်မယ်...။"
အခြား သုံးဦးလုံးက ခေါင်းငြိမ့်ပြကြပြီး နွားတစ်ကောင်တည်း ရှိနေသည့် နေရာသို့ အရင်ဆုံး သွားခဲ့ ကြလေသည်။ အခြားနွားများကို သတိမပြုမိစေရန်အတွက် သူတို့သည် ထိုနွားထံသို့ ဖြည်းညင်းစွာ ချဉ်းကပ်သွားကြပြီးနောက် ယောင်ရန်က မေ့ဆေးလူးထားသော မြားဖြင့် ပစ်ခတ်လိုက်လေတော့သည်။
"ရွှပ်... ဇွပ်..."
"အွန်း..."
"ဘုန်း..."
နွားသည် တိုးညင်းသော အသံတစ်ချက်သာ ထွက်ပေါ်လာပြီးနောက် ရွှံ့နွံများပေါ်တွင် သတိမေ့လျက် လဲကျသွားလေသည်။
ထိုမြင်ကွင်းကို မြင်သောအခါ ဟွမ်ချန်က မအောင့်နိုင်ဘဲ မေးလိုက်မိ၏။
"ယောင်ရန်... ဒီနွားကြီး စက္ကန့်ပိုင်းအတွင်း အိပ်ပျော်သွားအောင် မင်း ဘယ်လောက်တောင် အစွမ်းထက် တဲ့ မေ့ဆေးကို သုံးလိုက်တာလဲ...။"
ယောင်ရန်က သူမ၏ အိတ်ကပ်ထဲမှ ပုလင်းငယ်လေး တစ်လုံးကို ထုတ်ပြကာ၊
"ကျွန်မ မြားတွေကို ဒီဆေးနဲ့ပဲ လူးထားတာပါ...။"
ဟွမ်ချန်မှာ နွားများကို စောင့်ကြပ်ရန် ကျန်ရစ်ခဲ့ရမည် ဖြစ်သဖြင့် ယောင်ရန်က သူ့အား ထုံဆေးနှင့် လေး ကို ပေးခဲ့လေသည်။ သူ လေးကို စမ်းသပ်နေစဉ်အတွင်း လုံယုနှင့် ရှီရွှမ်းတို့က အိပ်ပျော်နေသော နွားကို ဆွဲယူသွားကြပြီး၊
"ယောင်ရန်... သွားကြစို့...။" ဟု ပြောလိုက်လေ၏။
"အင်း..."
ယောင်ရန်က ဟွမ်ချန်ကို လက်ပြနှုတ်ဆက်လိုက်ပြီးနောက် လုံယုနှင့် ရှီရွှမ်းတို့ကို ကူညီကာ နွားကို လေထိုးလှေပေါ်သို့ တင်ဆောင်ပေးလိုက်လေသည်။ ဟွမ်ချန်ကို ထားရစ်ခဲ့ပြီးနောက် သုံးဦးသားမှာ တောင်ကုန်းနှင့် မီတာငါးရာခန့် ဝေးကွာသော ဗီလာဆီသို့ ဦးတည်ထွက်ခွာခဲ့ကြလေတော့သည်။
အခန်း (၁၂၀)
ဆေးမှင်ကြောင်နှင့် အမျိုးသားများ
ဗီလာသို့ ရောက်ရှိသောအခါ လုံယုနှင့် ယောင်ရန်တို့သည် ဗီလာအတွင်းသို့ အရင်ဆုံး ဝင်ရောက် စစ်ဆေးလိုက်ကြပြီး ရှီရွှမ်းကမူ နွားနှင့်အတူ လှေပေါ်တွင် စောင့်ဆိုင်းနေခဲ့၏။ ဆယ်မိနစ်ခန့် ကြာပြီး နောက် သူတို့နှစ်ဦး ပြန်ထွက်လာကြပြီး နွားကို ဗီလာအတွင်းရှိ နောက်ဖေးခြံထဲသို့ ရွှေ့ပြောင်းလိုက်ကြ လေသည်။
ယောင်ရန်က ၊
"ဒီနွားကို ကျွန်မပဲ ကိုင်တွယ်လိုက်မယ်။ အချိန်ကုန်သက်သာအောင် ရှင်တို့နှစ်ယောက် နောက်ထပ် နွားတစ်ကောင် သွားသယ်လိုက်ကြဦးလေ...။" ဟု ပြောလိုက်လေသည်။
သူမ စကားဆုံးသောအခါ လုံယုက သူ၏ သေနတ်ကို ထုတ်ပေးရင်း၊
"ဒါကို ယူထားလိုက်...။ ငါတို့ အမြန်ဆုံး ပြန်လာခဲ့မယ်...။" ဟု ပြောလိုက်လေသည်။
ယောင်ရန်က ခေါင်းငြိမ့်ပြကာ သူတို့နှစ်ဦး ဗီလာမှ ထွက်ခွာသွားသည်ကို စောင့်ကြည့်နေပြီးနောက် နွားကို နေရာလွတ် ထဲသို့ ပို့လိုက်လေ၏။ သူမသည် စိတ်ဝိညာဉ်ကို နေရာလွတ် အတွင်းသို့ စေလွှတ်ကာ နွားကို စတင်လှီးဖြတ်လေတော့သည်။
နေရာလွတ် အတွင်း၌ အလုပ်လုပ်ရခြင်းမှာ ပြင်ပကမ္ဘာထက် ပိုမိုမြန်ဆန်လှပေသည်။ နာရီဝက်အတွင်း မှာပင် သူမသည် နွားတစ်ကောင်လုံးကို ပြုပြင်ပြီးစီးသွားခဲ့လေသည်။ ထို့နောက် သူမသည် ဗီလာအ တွင်း၌ လိုက်လံရှာဖွေရာ သိုလှောင်ခန်းထဲတွင် ကြီးမားသော ဇလုံများနှင့် အိုးအချို့ကို တွေ့ရှိခဲ့လေ သည်။
ဇလုံများနှင့် အိုးများကို နောက်ဖေးခြံထဲတွင် အဆင်သင့် ချထားပြီးနောက် ယောင်ရန်သည် နေရာလွတ် ထဲမှ အမဲသားများနှင့် ကလီစာများကို ထုတ်ယူလိုက်၏။ သူမ၏ နေရာလွတ် အကြောင်းကို သံသယ မဝင်စေရန်အတွက် နွားသွေးများကို နောက်ဖေးခြံအတွင်း၌ ဖျန်းထားလိုက်လေသည်။
လုံယုနှင့် ရှီရွှမ်းတို့ နောက်ထပ် နွားတစ်ကောင်နှင့်အတူ ပြန်ရောက်လာသည့် အခါတွင်မူ ယောင်ရန်က ပထမနွားကို ကိုင်တွယ်ပြီးစီးနေပြီ ဖြစ်သဖြင့် သူတို့ အံ့အားသင့်သွားကြ၏။
ရှီရွှမ်းက သူ၏ မျက်နှာပေါ်မှ ရေစက်များကို သုတ်လျက် သူမကို လက်မထောင်၍ ချီးကျူးလိုက်လေ သည်။
နွားအားလုံးကို သယ်ယူပြုပြင်ရန်အတွက် သူတို့ (၁၆) နာရီကျော်ခန့် အချိန်ယူခဲ့ရ၏။ နောက်ဆုံးနွားကို သယ်ယူလာသည့် အချိန်တွင်မူ ဟွမ်ချန်သည်လည်း လုံယု၊ ရှီရွှမ်းတို့နှင့်အတူ ပြန်ပါလာခဲ့လေသည်။
သူသည် ယောင်ရန်၏ လေးနှင့်မြားကို ပြန်ပေးရင်း၊
"ယောင်ရန်... မေ့ဆေးတွေ ကုန်သွားပြီ..." ဟု ပြောလေသည်။
ယောင်ရန်က ခေါင်းငြိမ့်ပြကာ၊
"ရပါတယ်... ကျွန်မဆီမှာ အများကြီး ရှိသေးတယ်...။"
ညမှောင်နေပြီဖြစ်သဖြင့် လေးဦးသားမှာ ဗီလာတွင်ပင် အနားယူရန် ဆုံးဖြတ်လိုက်ကြပြီး ယွမ်ရီဟွေး ကိုမူ နောက်တစ်နေ့မှသာ သွားရောက်ရှာဖွေရန် သဘောတူလိုက်ကြ၏။ မီးဖိုချောင်အတွင်း၌ ဟင်းခတ် အမွှေးအကြိုင်အချို့ကို တွေ့ရှိခဲ့သဖြင့် ညစာအတွက် အမဲသားကင် ပြုလုပ်စားသောက်ခဲ့ကြလေသည်။
နောက်တစ်နေ့ နံနက်စောစော မိုးမလင်းမီမှာပင် လုံယု နိုးလာခဲ့၏။ သူသည် ရှီရွှမ်းနှင့် ဟွမ်ချန်တို့ကို နှိုးကာ အမဲသားကီလို တစ်ထောင်ကို ယူဆောင်၍ ယွမ်ရီဟွေးကို ရှာဖွေရန် ကုန်တိုက်သို့ ထွက်ခွာရန် ပြင်ဆင်ကြလေသည်။ မထွက်ခွာမီ သူတို့သည် ကျောပိုးအိတ်ထဲမှ အသင့်စား ဘီစကစ်များကို ထုတ်ယူ ကာ ရိုးရှင်းသော နံနက်စာကို သုံးဆောင်ခဲ့လိုက်ကြ၏။
ပြင်ဆင်ပြီးနောက် လုံယုသည် ယောင်ရန်ကို နှိုးကာ ပြောလိုက်လေသည်။
"ငါတို့ ယွမ်ရီဟွေးကို ရှာဖို့ ကုန်တိုက်ကို သွားကြတော့မယ်။ မင်း ဒီမှာ ဂရုစိုက်နေဦးနော်...။"
ယောင်ရန်က ကုတင်ပေါ်တွင် ထိုင်လျက် ခေါင်းငြိမ့်ပြကာ၊
"ရှင်တို့လည်း ဂရုစိုက်ကြပါဦး...။"
"အင်း..."
လုံယုတို့ ထွက်သွားပြီးနောက် ယောင်ရန်သည် နေရာလွတ် ထဲသို့ ဝင်ရောက်ကာ ကိုယ်လက်သန့်စင် လိုက်လေသည်။ ထို့နောက် နေရာလွတ် ထဲမှ ဖက်ထုပ်စွပ်ပြုတ် တစ်ပန်းကန်၊ အီကြာကွေး နှစ်ချောင်း နှင့် ပဲနို့တစ်ခွက်ကို ထုတ်ယူလိုက်လေ၏။
ယောင်ရန်သည် ထမင်းစားပွဲတွင် ထိုင်ကာ နံနက်စာ သုံးဆောင်ရင်း ပျင်းရိငြီးငွေ့မှုကို ဖြေဖျောက်ရန် ဗီဒီယိုများကို ကြည့်နေလိုက်လေသည်။
နံနက်စာ စားပြီး၍ ကမ္ဘာပျက်ကပ် ရုပ်ရှင်တစ်ကား ပြီးဆုံးသွားသည့်တိုင် လုံယုတို့ ပြန်မရောက်လာကြ သေးပေ။
သူတို့ သုံးဦး ပြန်လာရန် အနည်းဆုံး နာရီအနည်းငယ် ကြာဦးမည်ကို သိထားသဖြင့် ယောင်ရန်သည် စောင့်ဆိုင်းရင်း သူမ၏ သစ်သားဓာတ် နှင့် ရေဓာတ် စွမ်းရည် များကို လေ့ကျင့်နေလိုက်၏။
ဤနေရာမှာ သူမ၏ အိမ်မဟုတ်သလို သစ်သားဓာတ် စွရည်ကို လေ့ကျင့်ရန် ဟင်းသီးဟင်းရွက်များ လည်း မရှိသဖြင့် ယောင်ရန်သည် သူမ၏ အတိတ်ဘဝက သင်ယူခဲ့ဖူးသော နည်းလမ်းများကို စမ်းသပ် ရန် ဆုံးဖြတ်လိုက်လေသည်။ သူမသည် ကုတင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်ကာ မျက်လုံးများကို မှိတ် လျက် သစ်သားဓာတ် စွမ်းရည်များကို ထုတ်လွှတ်လိုက်လေ၏။
သူမ၏ သစ်သားဓာတ် စွမ်းအင်များမှာ ပတ်ဝန်းကျင်ရှိ အပင်များနှင့် ထိတွေ့သွားသည့် အခိုက်အတန့် တွင် ယောင်ရန်သည် ထိုအပင်များမှတစ်ဆင့် ပတ်ဝန်းကျင်ကို မြင်နိုင်၊ ခံစားနိုင်ပြီး ကြားနိုင်သည်ဟု ခံစားလိုက်ရလေသည်။
အတိတ်ဘဝတွင် တတိယအဆင့်သို့ ရောက်မှသာ အောင်မြင်နိုင်သော ထိုနည်းစနစ်ကို ယခုဘဝ၏ အဆင့် (၀) ၌ပင် အောင်မြင်သွားသဖြင့် ယောင်ရန် အလွန် စိတ်လှုပ်ရှားသွားခဲ့လေ၏။
*ဒါက ငါ့ရဲ့ မိသားစု အမွေအနှစ် လက်ဝတ်ရတနာနဲ့ ဟို ရေကန်ကြောင့်များလား...။*
သူမသည် ခဏမျှ စဉ်းစားပြီးနောက် ထိုကိစ္စကို ဘေးဖယ်ထားလိုက်၏။ ယောင်ရန်သည် စိတ်ကို ပြန်လည်စုစည်းကာ သစ်သားဓာတ် စွမ်းအင်ကို ထိန်းချုပ်၍ အာရုံခံနိုင်စွမ်းကို ဖြည်းဖြည်းချင်း ချဲ့ထွင်လိုက်လေသည်။
ဗီလာဝင်း၏ အစွန်းသို့ ရောက်ရှိသွားသည့် အခါတွင်မူ အဝေးမှ ချဉ်းကပ်လာသော လူတစ်စုကို သူမ ခံစားလိုက်ရလေသည်။
ယောင်ရန်သည် သူတို့၏ အရှိန်အဝါကို အကဲခတ်ကြည့်ရာ သူတို့မှာ ဗီလာဘက်သို့ ဦးတည်မောင်းနှင် လာကြခြင်း ဖြစ်ကြောင်း သိလိုက်ရလေသည်။ ထိုအချိန်၌ သူမအနေဖြင့် ထိုလူများကို ရင်ဆိုင်ရန်မှ တစ်ပါး အခြားရွေးချယ်စရာ မရှိတော့ကြောင်း သိလိုက်ရလေသည်။
ဗီလာတည်ရှိရာ တောင်ကုန်းသို့ သူတို့ ဆိုက်ကပ်လိုက်သည့် အခါတွင်မူ ယောင်ရန်သည် သူတို့ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရလေသည်။ ထိုအုပ်စုတွင် အမျိုးသမီး ငါးဦး အပါအဝင် လူပေါင်း သုံးဆယ် ကျော် ရှိနေသည်ကို မြင်ရသဖြင့် ယောင်ရန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိလေသည်။
ထိုအမျိုးသမီးများမှာ လှပကြသော်လည်း ပိန်လှီသော ခန္ဓာကိုယ်နှင့် ဖြူဖျော့သော အသားအရေကြောင့် သူတို့၏ အလှမှာ မှေးမှိန်နေလေသည်။ သို့သော်လည်း သူတို့၏ မျက်ဝန်းများမှာမူ အဆိပ်ပြင်းသော မြွေဟောက်များကဲ့သို့ ရက်စက်၍ အေးစက်လျက်ရှိနေပေသည်။
ဤလူများတွင် စက်တပ်လှေများ၊ လေထိုးလှေများအပြင် ငါးဖမ်းလှေ နှစ်စင်းလည်း ပါရှိလေသည်။ အမျိုးသမီး ငါးဦးမှလွဲ၍ ကျန်ရှိသော သူအားလုံး၏ လက်ထဲတွင် လက်နက်ကိုယ်စီ ရှိနေကြ၏။
ရှေ့ဆုံးမှ စက်တပ်လှေပေါ်တွင်မူ လက်ကောက်ဝတ်၌ ဆေးမှင်ကြောင်များ ထိုးထားသော အမျိုးသား ငါးဦး ရှိနေလေသည်။ လူတိုင်းတွင် သေနတ်ကိုယ်စီ ရှိကြပြီး ရက်စက်ကြမ်းကြုတ်သော မျက်ဝန်းများ ရှိကြ၏။ သူတို့၏ လက်များတွင်လည်း သူမကဲ့သို့ပင် သွေးစွန်းနေမည်မှာ အသေအချာပင် ဖြစ်ကြောင်း ယောင်ရန် သိလိုက်လေသည်။
ထိုမြင်ကွင်းကို မြင်သောအခါ ယောင်ရန်သည် သူမ၏ စိတ်ဝိညာဉ်ကို ပြန်ရုပ်သိမ်းလိုက်ပြီး သစ်သား ဓာတ် စွမ်းအင်ကို အသုံးပြု၍ ပိုမိုကျယ်ပြန့်စွာ အာရုံခံလိုက်၏။ တစ်စုံတစ်ရာ ဖြစ်လာပါက သူမ ချက်ချင်း သိနိုင်မည် ဖြစ်သည်။
ထို့နောက် ယောင်ရန်သည် ကာကွယ်ရေးဝတ်စုံကို ဝတ်ဆင်ကာ စနိုက်ပါရိုင်ဖယ်ကို ထုတ်ယူ၍ ခေါင်မိုးထပ်သို့ တက်လာခဲ့လေသည်။
ဗီလာမှာ နှစ်ထပ်အဆောက်အအုံ ဖြစ်ပြီး ခေါင်မိုးထပ်လည်း ပါရှိ၏။ သူမ နေထိုင်သော အိပ်ခန်းမှာ ဒုတိယထပ်ရှိ အိပ်ခန်းမဆောင် ဖြစ်သည်။ မနေ့ညက လုံယုသည် အိပ်ခန်းမဆောင်နှင့် ဆက်သွယ်ထား သော အခန်း၌ အိပ်စက်ခဲ့ပြီး ရှီရွှမ်းနှင့် ဟွမ်ချန်တို့မှာမူ ဧည့်သည်နားနေခန်း၌ အတူအိပ်ခဲ့ကြခြင်း ဖြစ်သည်။
ဗီလာကို တောင်ကုန်းပေါ်တွင် တည်ဆောက်ထားသဖြင့် ကုန်းမြင့်ရာ ရောက်ကာ မြင်ကွင်းမှာလည်း ကျယ်ပြောလှပေသည်။
ယောင်ရန်သည် စနိုက်ပါရိုင်ဖယ်ကို တပ်ဆင်လိုက်ပြီး မဖိတ်ခေါ်ဘဲ ရောက်ရှိလာသော ဧည့်သည်များ ဘက်သို့ မျက်နှာမူကာ နေရာယူလိုက်၏။ သူမ အဆင်သင့် ဖြစ်သည့်အချိန်တွင် ထိုအုပ်စုမှာ ဗီလာသို့ ရောက်ရန် လမ်းတစ်ဝက်ခန့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ယောင်ရန်သည် သူတို့ သူမ၏ ပစ်ကွင်းအတွင်းသို့ ဝင်လာမည့်အချိန်ကို စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့ လေသည်။ သို့သော်လည်း သူတို့ မဝင်လာမီမှာပင် ရှေ့ဆုံးမှ အမျိုးသားက မှန်ပြောင်းကို ထုတ်ယူကာ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်လေသည်။
စနိုက်ပါ မှန်ပြောင်းမှတစ်ဆင့် ထိုအမျိုးသားသည် ဗီလာကို အတန်ကြာအောင် စိုက်ကြည့်နေသည်ကို ယောင်ရန် တွေ့လိုက်ရလေသည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် ထိုအမျိုးသားက သူ၏ အပေါင်း အပါများကို တစ်စုံတစ်ခု ပြောလိုက်လေတော့သည်။