← Chapters

ဆင့်ကဲပြောင်းလဲခြင်း (၁)

Vol. 56 Ch. 977

ဆင့်ကဲပြောင်းလဲခြင်း (၁)

Vol. 56 Ch. 977

လူ့နားဖြင့် မကြားနိုင်သော အသံလှိုင်းနိမ့်။

ဝုန်း။

ထိုအခိုက်တွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားသွားသည်။ နန်ကျင်းက ဘေးဘက်မှ အရှိန်ဖြင့် ပြေးဝင်လာပြီး လက်သီးဖြင့် ထိုးနှက်လိုက်သည်။ အန္တရာယ်ကို ခံစားမိသွားသော ထိုသတ္တဝါထံမှ မီးခိုးရောင် ဇီဝစွမ်းအင်ဒိုင်းထွက်ပေါ်လာသလို လျှပ်စစ်လှိုင်းများပါသော လက်သည်းဖြင့် နန်ကျင်းကို တိုက်ရိုက်ပြန်တိုက်ခိုက်လိုက်သည်။ သို့သော် နန်ကျင်း၏ လက်သီးချက်မှာ တောင်ပြိုသည့်အလား ပြင်းထန်လှပြီး စွမ်းအားဝတ်စုံ၏ ယန္တရားအဆစ်များ ခံနိုင်ရည်ရှိသည့် အကန့်အသတ်ကိုပင် ကျော်လွန်သွားသည်။ ဤပိတ်မိနေသော နေရာအတွင်း၌ မိုးခြိမ်းသံကဲ့သို့ ပြင်းထန်သော အသံကြီးထွက်ပေါ်လာပြီး ထိုလက်သီးချက်မှာ သတ္တဝါ၏ ဇီဝစွမ်းအင်ဒိုင်းကိုပါမက ခေါင်းနှင့် ပုခုံးတစ်ခြမ်းကိုပါ တိုက်ရိုက်ချေမှုန်းပစ်လိုက်သည်၊၊

အုန်း။

ပန်ကာပုံစံ ပန်းထွက်သွားသော သွေးမြူများနှင့် အသားစများက ပတ်ဝန်းကျင်တစ်ခုလုံးကို သွေးချင်းနီသွားစေသည်။

ထိုအချိန်တွင် ဖြူဖျော့ဖျော့သတ္တဝါက အကြိမ်အနည်းငယ် တုံ့ပြန်လှုပ်ရှားနေသေးသည်။ ၎င်း၏ ခန္ဓာကိုယ်မှာ အစိတ်အပိုင်းအသီးသီးကို အကြမ်းဖျင်းပေါင်းစပ်ထားသကဲ့သို့ ရှိနေပြီး သွေးအိုင်ထဲတွင် လဲကျကာ ဇီဝလက္ခဏာများ ပျောက်ကွယ်သွားသည်။

နန်ကျင်း မောဟိုက်စွာဖြင့် မတ်တတ်ရပ်လိုက်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ လင်းရှန်ဘက်သို့ လှည့်ကြည့်လိုက်သည်။

“ကပ္ပတိန်လင်း… ဒါက လူနဲ့ တူတယ်”

“နောက်ထပ် ထူးဆန်းတဲ့ လူသားတစ်ယောက်လား” ကီကီက မေးသည်၊၊

ခုနက တိုက်ပွဲမှာ တစ်မိနစ်ပင် မပြည့်သော်လည်း လူတိုင်းမှာ ပြင်းထန်သောဖိအားကို ခံစားလိုက်ရသည်။ လင်းရှန်က ရှေ့သို့ လျှောက်သွားပြီး ဒရုန်းတစ်ခုကို အသုံးပြုကာ အသားစတစ်ခုကို ကောက်ယူလိုက်သည်။

“ဒါကို ဒါရိုက်တာတင်းဆီ ပို့ပေးလိုက်မယ်”

“ဒီကောင်က အတော်လေး ကြောက်ဖို့ကောင်းတယ်၊၊ စွမ်းအင်တွေ စုပ်ယူနိုင်တယ် မီး၊ လျှပ်စစ်လှိုင်း၊ ကိုယ်ပျောက်တာတင်မကဘူး အသံလှိုင်းတွေပါ ထုတ်နိုင်တယ် စွမ်းအားတစ်ခုတည်း မဟုတ်ဘူး”

နန်ကျင်းက မှတ်ချက်ပေးသည်။

“အနီရောင်ကမ္ဘာရဲ့ သုတေသနတွေက နောက်တစ်ဆင့် တက်လှမ်းသွားပြန်ပြီထင်တယ်”

ရှောင်ချင်းက သူမ၏ သေနတ်ဓားကို အေးစက်စွာ သိမ်းဆည်းရင်း ပြောသည်၊၊

“ဒီလိုမကောင်းဆိုးဝါးဆန်တဲ့ အရာတွေကို ဖန်တီးနေတာမြင်လေလေ အကုန်လုံးကို သတ်ပစ်ချင်စိတ်ပေါက်လာလေပဲ”

လုရှင်းချန်က သူ၏ စွမ်းအားဝတ်စုံပေါ်မှ မီးလောင်ထားသောနေရာကို လက်ဖြင့်ခါထုတ်ရင်း လူသတ်လိုသောအငွေ့အသက်များ ထွက်ပေါ်နေသည်။

ထူးဆန်းသော လူသားများအကြောင်းပြောလိုက်သည်နှင့် လူတိုင်း၏ စိတ်ထဲတွင် အနီရောင်ကမ္ဘာကိုသာ ပြေးမြင်ကြသည်။

“လင်းရှန်”

ထိုစဉ် ကီကီက စောင့်ကြည့်ရေးစင်တာရှိ ကွန်ပျူတာတစ်လုံးကို ခေါက်ကာ ထူးဆန်းနေသောအသံဖြင့် ခေါ်လိုက်သည်၊၊

“ကျွန်မ ဘာတွေ့ထားလဲ ကြည့်လိုက်ဦး”

လင်းရှန် လျှောက်သွားကြည့်ရာ ကီကီက စောင့်ကြည့်ရေးမျက်နှာပြင်အချို့ကို ဖွင့်ထားသည်ကို တွေ့ရသည်။ မျက်နှာပြင်တစ်ခုတွင် မြေအောက်ရေနက်ပိုင်း၌ ပေါ်နေသော သင်္ဘောကျင်းတစ်ခုနှင့် အနက်ရောင် ပိုင်ဖုန်း-၀၉ မဟာဗျူဟာမြောက် နူကလီးယားရေငုပ်သင်္ဘောကြီးကို တွေ့ရသည်၊၊ တစ်ချိန်တည်းမှာပင် သင်္ဘောကျင်းပေါ်ရှိ ယူနီဖောင်းဝတ်ဆင်ထားသော မြင့်မြတ်မြို့တော်အဖွဲ့ဝင် တစ်ဒါဇင်ကျော်မှာ အထူးပြုလုပ်ထားသည့် တော်ပီဒိုဟုထင်ရသောအရာများကို ရေငုပ်သင်္ဘောပေါ်သို့ ကရိန်းဖြင့် တင်ဆောင်နေကြသည်။

အခြားမျက်နှာပြင်တစ်ခုတွင်မူ စမ်းသပ်ဧရိယာတစ်ခုရှိ တံခါးကြီးတစ်ခု ပွင့်နေပြီး စနစ်တွင် [အန္တရာယ်] ဟူသော သတိပေးချက်ပြနေသည်။

“သူတို့ကို တွေ့ပြီ… အောက်က ရေငုပ်သင်္ဘောကျင်းထဲမှာပဲ… သူတို့က ကျွန်မတို့လာတာကို ကြိုသိနေပုံရတယ်.. ဒါကြောင့် ကျွန်မတို့ကို ဒုက္ခပေးဖို့ သတ္တဝါတစ်ကောင် လွှတ်ထားခဲ့တာပဲ”

ကီကီက သုံးသပ်လိုက်သည် ။

ထိုစကားကို ကြားသောအခါ လင်းရှန်က စောင့်ကြည့်ရေးမျက်နှာပြင်ကို စိုက်ကြည့်ရင်း အသံလေးလေးဖြင့် ပြောလိုက်သည်။

“အခုက ညဘက်ကြီးကို သူတို့ ဘယ်ကိုသွားဖို့ ကြံစည်နေတာလဲ”

…

ရေငုပ်သင်္ဘောကျင်းအတွင်းရှိ အလင်းရောင်များမှာ မှောင်မည်းနေသော ရေမျက်နှာပြင်ပေါ်တွင် အရိပ်များထင်ဟပ်နေသည်၊၊

ပိုင်ဖုန်း-၀၉ မဟာဗျူဟာမြောက် နူကလီးယားရေငုပ်သင်္ဘောကြီးမှာ အစိမ်းရင့်ရောင်ရေထဲတွင် တစ်ဝက်ခန့် နစ်မြုပ်နေပြီး အိပ်ပျော်နေသော သံမဏိသားရဲကြီးတစ်ကောင်နှင့် တူနေသည်။ အနက်ရောင်ကိုယ်ထည်မှာ အေးစက်သော သတ္တုရောင်များဖြင့် တောက်ပနေပြီး အရှေ့ဘက်ရှိ ဆိုနာစနစ်မှာ ပင်လယ်နက်အတွင်းမှ အန္တရာယ်များကို ဝါးမျိုရန် အသင့်ရှိနေသည့် တိတ်ဆိတ်သော လက်နက်တစ်ခုကဲ့သို့ပင်ရှိနေသည်၊၊

သင်္ဘောကျင်းပေါ်တွင် ဓာတ်ရောင်ခြည်ကာကွယ်ရေးဝတ်စုံအဖြူရောင်များ ဝတ်ဆင်ထားသည့် သုတေသီတစ်ဒါဇင်ကျော်မှာ အလုပ်ရှုပ်နေကြသည်။ ၎င်းတို့သည် ဧရာမယန္တရားလက်တံကြီးများကို အသုံးပြုကာ အထူးပြုလုပ်ထားသည့် တော်ပီဒိုများကို ဖြည်းညှင်းစွာ မတင်နေကြသည်။ တော်ပီဒိုအခွံများပေါ်တွင် ထူးခြားသည့် သွေးဆောင်ဖြားယောင်းဆေးသင်္ကေတများ မှတ်သားထားပြီး မှိန်ပျပျအလင်းရောင်အောက်တွင် အထင်းသားမြင်နေရသည်၊၊

“သတိထား… တည်ငြိမ်မှုထိန်းကိရိယာကို မထိခိုက်စေနဲ့”

မျက်မှန်တပ်ထားသော သက်လတ်ပိုင်းအမျိုးသားတစ်ဦးက ခပ်ဆတ်ဆတ်အော်ဟစ်လိုက်ရာ ပိတ်မိနေသော ဆိပ်ကမ်းဧရိယာအတွင်း သူ၏အသံမှာ ပဲ့တင်ထပ်သွားသည်၊၊

ယန္တရားလက်တံ၏ ဟိုက်ဒရောလစ်စနစ်မှ အသံနိမ့်နိမ့်ထွက်ပေါ်နေပြီး ကေဘယ်ကြိုးများမှာ တင်းကျပ်နေသည်။ တော်ပီဒိုများကို ရေငုပ်သင်္ဘော၏ ဒေါင်လိုက်ပစ်လွှတ်ခန်းအတွင်းသို့ တည်ငြိမ်စွာ ပို့ဆောင်ပေးနေသည်။ အခြားအဖွဲ့တစ်ဖွဲ့မှာမူ ရေငုပ်သင်္ဘော၏ လုံခြုံမှုကို စစ်ဆေးသည့် ကိရိယာများဖြင့် ဂဟေဆက်ကြောင်းများအပေါ်တွင် ထပ်ခါတလဲလဲစစ်ဆေးနေကြသည်။ ထိုကိရိယာမှ မြည်နေသောအသံမှာ တစ်စုံတစ်ဦးက ဂဏန်းတွက်နေသည့်အလား ထူးဆန်းစွာ ထွက်ပေါ်နေသည်၊၊

ရေငုပ်သင်္ဘော၏ ကွပ်ကဲမှုမျှော်စင်ပေါ်တွင်မူ အနက်ရောင်ယူနီဖောင်းဝတ် မြင့်မြတ်မြို့တော်အဖွဲ့ဝင်အချို့က အင်တာကွန်းမှတစ်ဆင့် အတွင်းခန်းများနှင့် ဆက်သွယ်နေကြသည်။ သူတို့၏ အသံများမှာ တိုးညင်းသော်လည်း အမိန့်ပေးသံမှာ သိသိသာသာပြတ်သားလှသည်၊၊

“တင်ဆောင်မှုအခြေအနေဘယ်လိုလဲ”

“၇၀ ရာခိုင်နှုန်း ပြီးပါပြီ… ခန့်မှန်းခြေ ၈ မိနစ်လောက် ထပ်ကြာပါမယ်”

“မြန်မြန်လုပ်… ဒီရေအတက်အကျက ငါတို့ကို စောင့်နေမှာမဟုတ်ဘူး”

ဆိပ်ကမ်းရှိ ရေမျက်နှာပြင်မှာ အနည်းငယ်လှုပ်ခတ်နေသည်။ ရေငုပ်သင်္ဘော၏ ရေချိန်ညှိစနစ်မှာ တင်ဆောင်နေစဉ်အတွင်း တည်ငြိမ်မှုရှိစေရန် အသေးစိတ်ပြင်ဆင်နေသည်။ သင်္ဘောကိုယ်ထည်ပေါ်မှ ရေစက်အချို့မှာ အောက်ဘက်ရှိ တွင်းနက်ကြီးကဲ့သို့သော ရေပြင်ထဲသို့ တစ်စက်ချင်းကျနေပြီး ဖြစ်ပေါ်လာသည့် ရေလှိုင်းလေးများမှာ အမှောင်အတွင်းသို့ ချက်ချင်း ပျောက်ကွယ်သွားသည်၊၊

လေထုအတွင်း စက်ဆီနံ့၊ ပင်လယ်ရေနံ့နှင့် သတ္တုနံ့များ ရောနှောနေပြီး စိုစွတ်အေးစက်နေသည်၊၊

သင်္ဘောကျင်းဘေးရှိ သတ္တုစင်္ကြံလမ်းပေါ်တွင် စစ်တပ်အင်္ကျီနှင့် နေကာမျက်မှန် ဝတ်ဆင်ထားသော သက်လတ်ပိုင်းအမျိုးသားက အောက်ဘက်မှ လှုပ်ရှားမှုများကို ငြိမ်သက်စွာ ကြည့်ရှုနေသည်။ သူ၏ လက်ချောင်းများက ငွေရောင်အိတ်ဆောင်နာရီတစ်လုံးကို ပွတ်သပ်နေသည်။

ထိုအခိုက်တွင် အဝေးရှိ စင်္ကြံလမ်းဝင်ပေါက်မှ ကမန်းကတန်းပြေးလာသော ခြေသံများထွက်ပေါ်လာသည်။

“ပရော်ဖက်ဆာချန်”

လူငယ်တစ်ဦး အပြေးအလွှား ရောက်လာသည်၊၊

“စောင့်ကြည့်ရေးမျက်နှာပြင်မှာ သူတို့ စမ်းသပ်ခံအမှတ် ၃ ကို ရှင်းလိုက်ပြီလို့ ပြနေပါတယ်… ကျွန်တော်တို့ဘက်ကို သိသွားလောက်ပြီ၊၊ မကြာခင် ရောက်လာတော့မယ်… ကျွန်တော်တို့ ဆုတ်ခွာကြမလား”

“ရေတံခါးကို ဖွင့်ပေးပြီး အဲဒီအရာကို အထဲလွှတ်လိုက်ရင်ကော… သူတို့ ရှေ့ဆက်မတိုးနိုင်အောင် သေချာပေါက် ဟန့်တားနိုင်လိမ့်မယ်”

ချန်၏ လက်ထောက်တစ်ဦးက တီးတိုးအကြံပေးသည်။

ချန်ယန်ရွှီက သူ၏ ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ပြီး နှာခေါင်းပေါ်မှ မျက်မှန်ကို ပင့်တင်လိုက်သည်။ သူ၏ အကြည့်များက တည်ငြိမ်နေပြီး စောင့်ကြည့်ရေးမျက်နှာပြင်ကို လှမ်းကြည့်လိုက်သည်။

မျက်နှာပြင်ပေါ်တွင် လင်းရှန်သည် သတ္တုစင်္ကြံလမ်းတစ်လျှောက် လှုပ်ရှားနေပြီး ဆိပ်ကမ်းအတွင်းပိုင်းဘက်သို့ နီးကပ်လာနေသည်၊၊

ချန်ယန်ရွှီ ခဏမျှ တိတ်ဆိတ်သွားပြီးမှ အသံတိုးတိုးဖြင့် ပြောလိုက်သည်၊၊

“အထူးအဆင့်တစ်ကောင်တည်းနဲ့ ဖီးနစ်ရဲ့ ဓားကိုင်ဆောင်သူကို ဟန့်တားနိုင်မယ်လို့ ထင်နေတာလား”

“ဒါက...” လက်ထောက်ဖြစ်သူ စကားမဆက်နိုင်တော့ပေ။

“သခင်ကြီးက အားလုံး စီစဉ်ပြီးသားပါ”

ချန်ယန်ရွှီက လက်ဝေ့ယမ်းလိုက်သည်၊၊

“အားလုံးကို အကြောင်းကြားလိုက်… မသေချင်ရင် လက်နက်တွေ ချလိုက်ကြဖို့”

“လက်နက်... လက်နက် ချရမယ် ဟုတ်လား”

လူငယ်လည်း အံ့အားသင့်သွားသည်၊၊

“မှန်တယ်” ချန်ယန်ရွှီက နောက်သို့ လှည့်လိုက်သည်၊၊

“သွားကြစို့ ဓားကိုင်ဆောင်သူနဲ့ သွားတွေ့ကြတာပေါ့”

“မလိုတော့ပါဘူး… ငါဒီမှာ ရောက်နေပြီ”

ထိုခဏတွင် ချန်ယန်ရွှီ၏ ဆက်သွယ်ရေးကိရိယာမှ အသံတစ်သံထွက်ပေါ်လာသည်။ သူ ခြေတစ်လှမ်း လှမ်းရန် ပြင်လိုက်သော်လည်း ထိုနေရာမှာပင် တောင့်တင်းသွားသည်။ လူတိုင်း၏ မျက်နှာတွင် အံ့အားသင့်မှုများ ဖုံးလွှမ်းသွားပြီး ချန်ယန်ရွှီက တင်းမာသော သက်ပြင်းတစ်ချက်ကို ချလိုက်ရင်း သူ၏လက်ထဲမှ ဆက်သွယ်ရေးကိရိယာကို ရှုပ်ထွေးသော မျက်နှာထားဖြင့် ကြည့်လိုက်သည်၊၊

“ယန္တရားစွမ်းအား…”

ကလန် ကလန်။

အောက်ဘက်တွင် လူတိုင်း သူတို့၏ သေနတ်များကို ချလိုက်ကြပြီး လက်များကို အပေါ်သို့ မြှောက်လိုက်ကြသည်။ အဝေးရှိ စင်္ကြံလမ်းမှ ခြေသံများ ထွက်ပေါ်လာသည်။ ဘယ်ကမှန်းမသိသော သတ္တုကိရိယာများ ပျံထွက်လာပြီး မြင့်မြတ်မြို့တော်အဖွဲ့ဝင်တိုင်း၏ ခြေလက်များကို တိကျစွာချုပ်နှောင်လိုက်သည်။ တစ်ချိန်တည်းမှာပင် လျှပ်စီးလင်းယုန် ၂၀၀၀ ဒရုန်းများစွာ ပျံထွက်လာပြီး လူတိုင်း၏ နဖူးတည့်တည့်သို့ လျှပ်စစ်လေဆာအမြောက်များဖြင့် ချိန်ရွယ်လိုက်သည်၊၊

ဆိပ်ကမ်းအတွင်းပိုင်းသို့ ရောက်သည်နှင့် ထိုနေရာရှိ ဆက်သွယ်ရေးစနစ်အားလုံးကို လင်းရှန်က သိမ်းပိုက်လိုက်ပြီးဖြစ်သည်၊၊

All Chapters