← Chapters

ဆင့်ကဲပြောင်းလဲခြင်း (၃)

Vol. 56 Ch. 979

ဆင့်ကဲပြောင်းလဲခြင်း (၃)

Vol. 56 Ch. 979

ချန်ယန်ရွှီက မျက်လုံးမှိတ်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။

“ချီးကျူးစရာက မင်းမှာ ဒီလိုပြတ်သားတဲ့ စိတ်ဓာတ်ရှိလို့သာ ဖီးနစ်ရဲ့ ဓားကိုင်ဆောင်သူဖြစ်လာနိုင်တာပဲ၊၊ အခုထိ ခေါင်းမာပြီး တောင့်ခံနိုင်တုန်းပဲ”

သူက လင်းရှန်ကို ကြည့်ရင်း ထပ်မေးလိုက်သည်၊၊

“လူသားယဉ်ကျေးမှုနဲ့ နှိုင်းယှဉ်ရင် အမှောင်ယဉ်ကျေးမှုကို မင်းဘယ်လိုထင်လဲ”

“အမှောင်ယဉ်ကျေးမှုက ပိုပြီး သာလွန်တဲ့ ပုံစံမျိုးလို့ ခင်ဗျား ပြောချင်နေတာလား”

လင်းရှန်က အသံလေးလေးဖြင့် ပြန်ပြန်သည်၊၊

“အဲဒါက မဟုတ်ဘူးလား” ချန်ယန်ရွှီက ဆက်ပြောသည်။

“အမှောင်ကျူးကျော်မှုဆိုတာကို တခြားစကားလုံးတစ်လုံးနဲ့ အစားထိုးနိုင်တယ် ဥပမာ- ဝိညာဉ်ရေးရာကန့်သတ်နယ်ပယ်ပေါ့… ဒါကို ဂေဟစနစ်တည်ဆောက်ပုံအသစ်တစ်ခုလို့ မင်း နားလည်နိုင်တယ်၊၊ ဟိုပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေ ဥပမာ- ဂူကျန်းတို့လို လူမျိုးတွေက ကမ္ဘာကြီးကို ကယ်တင်ဖို့ အမြဲတရားဟောလေ့ရှိတယ်၊၊ ဒါပေမဲ့ ကမ္ဘာကြီးက နှစ်ပေါင်း သန်းပေါင်းများစွာ ရှိနေခဲ့တာ… အခုထက် အပူချိန် ရာနဲ့ချီ ပိုမြင့်ခဲ့တဲ့ အချိန်တွေ၊ ကာဗွန်ဒိုင်အောက်ဆိုဒ် အဆပေါင်းများစွာ ပိုများခဲ့တဲ့ အချိန်တွေ၊ နှစ်ပေါင်း သန်းချီပြီး မိုးရွာတာတွေ၊ ရေကြီးတာတွေ၊ ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေ ကျတာတွေကို ကမ္ဘာကြီးက ကြံ့ကြံ့ခံခဲ့တာပဲ လူသားတွေက ကမ္ဘာကြီးကို မကယ်တင်နိုင်ဘူး၊၊ လူသားတွေက ကိုယ့်ကိုယ်ကိုယ်ပဲ ကယ်တင်နိုင်တယ်၊၊ ပတ်ဝန်းကျင်ပြောင်းလဲမှုကြုံလာရရင် လူသားတွေက အဲဒီပတ်ဝန်းကျင်နဲ့ ဘယ်လိုလိုက်လျောညီထွေနေထိုင်မလဲဆိုတာပဲ”

“ဒါကြောင့် အမှောင်ကျူးကျော်မှုကို ပတ်ဝန်းကျင်အသစ်တစ်ခုလို့ပဲ နားလည်လိုက်ရင် အဲဒါကသိပ်မခက်ခဲပါဘူး၊၊ အသက်ရှင်ကျန်ရစ်တဲ့သူတွေက အောင်မြင်စွာ လိုက်လျောညီထွေနေထိုင်နိုင်ခဲ့ကြသူတွေပဲမဟုတ်လား… ဆင့်ကဲပြောင်းလဲမှုဆိုတာ အဲဒီအသက်ရှင်ကျန်ရစ်သူတွေအတွက် သဘာဝတရားက ပေးတဲ့ ဆုလာဘ်မဟုတ်ဘူးလား”

“ဒါဆို ရှင်တို့က အမှောင်ယဉ်ကျေးမှုရဲ့ အလိုတော်ရိတွေဖြစ်ကုန်ပြီပေါ့၊၊ အသက်ရှင်ကျန်ရစ်သူတွေကို သတ်ဖြတ်နေတာကလည်း ဆင့်ကဲပြောင်းလဲမှုပဲလား”

ကီကီက လှောင်ပြောင်သည့်အမူယာဖြင့် ပြန်မေးလိုက်သည်၊၊

“မဟုတ်ဘူး”

ချန်ယန်ရွှီက ပြင်ပေးသည်။

“အနီရောင်ကမ္ဘာနဲ့ မြင့်မြတ်မြို့တော်အဖွဲ့က လူသားတွေကြားထဲက တစ်ဦးချင်း အကျိုးစီးပွားနဲ့ ရပ်တည်ချက်တွေကိုပဲ ကိုယ်စားပြုတာ… အဲဒါတွေက အမှောင်ယဉ်ကျေးမှုရဲ့ ညွှန်ကြားချက်တွေ မဟုတ်ဘူး၊၊ ဒါပေမဲ့ အတော်လေး ဝမ်းနည်းစရာမကောင်းဘူးလား… ငြိမ်းချမ်းတဲ့ အချိန်တုန်းကလည်း လူသားတွေကြားမှာ လူမျိုးရေး ပဋိပက္ခတွေ၊ လူတန်းစား ခွဲခြားဖိနှိပ်မှုတွေ၊ ဗိုလ်ကျစိုးမိုးမှုတွေ၊ ချမ်းသာကြွယ်ဝမှုအတွက် တိုက်ပွဲတွေ၊ သံသယစိတ်တွေ ရှိခဲ့ကြတယ်… ကမ္ဘာပျက်နေတဲ့ အချိန်မှာတောင် ဒါတွေက ရှိနေတုန်းပဲ… ဒါကပဲ လူသားယဉ်ကျေးမှုဆိုတာ အတော်လေးနိမ့်ကျပြီး နောက်ကျကျန်နေတဲ့ ယဉ်ကျေးမှုဖြစ်နေတယ်ဆိုတာကို ပြနေတာ မဟုတ်ဘူးလား”

ထိုစကားကို ကြားသောအခါ လင်းရှန်က တုံ့ပြန်သည်၊၊ “ဒါဆို အမှောင်ယဉ်ကျေးမှုက လူသားတွေကို မျိုးတုံးအောင်လုပ်ချင်တာ မဟုတ်ဘူးပေါ့”

“ကပ္ပတိန်လင်း”

ချန်ယန်ရွှီက လင်းရှန်ကို စိုက်ကြည့်ရင်း လေးနက်စွာ ပြောလိုက်သည်၊၊

“သာလွန်တဲ့ ယဉ်ကျေးမှုတွေအတွက် လူမျိုးရေး ပဋိပက္ခ၊ လူတန်းစား ခွဲခြားဖိနှိပ်မှု၊ ဗိုလ်ကျစိုးမိုးမှုနဲ့ သံသယစိတ်တွေကို ဘယ်လိုဆင့်ကဲပြောင်းလဲမှုမျိုးက အပြီးတိုင်ဖယ်ရှားပေးနိုင်မယ်လို့ မင်းထင်လဲ”

“ဘယ်လိုမျိုးလဲ”

ချန်ယန်ရွှီက သူ၏ မျက်မှန်ကို အသာအယာပင့်တင်လိုက်ကာ သူ၏ အကြည့်များမှာ တည်ကြည်လေးနက်နေ၏၊၊

“သက်ရှိအားလုံး...”

“...တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားတဲ့ အခါမျိုးပေါ့”

တစ်ခုတည်းအဖြစ် ပေါင်းစည်းခြင်း။

လင်းရှန် သူ့နားကိုပင် သူမယုံကြည်နိုင်ဖြစ်သွားသည်။ သူ၏ ယန္တရားဝတ်စုံက မှတ်တမ်းတင်ခြင်းစနစ်ကို အလိုအလျောက်အသက်သွင်းလိုက်၏။ ချန်ယန်ရွှီပြောပုံအရ သူသည် အမှောင်ယဉ်ကျေးမှုအဖွဲ့အစည်းနှင့် တကယ်ပင် ဆက်သွယ်မှုရရှိထားပုံပေါ်သည်မှာ ထင်ရှားလှသည်။ အနည်းဆုံးတော့ ထိုကဲ့သို့သော အတွေးအခေါ်မျိုးသည် လူသားတို့၏ စိတ်ကူးထဲတွင် မရှိနိုင်သောအရာပင်၊၊

ချူယန်၏ စကားများအရ အနီရောင်ကမ္ဘာသည် မူလက ဒစ်ဂျစ်တယ်သက်ရှိများနှင့် ယန္တရားတော်လှန်ရေးတို့ လွှမ်းမိုးရာနေရာဖြစ်ကြောင်း လင်းရှန် နားလည်ထားသည်။ သို့သော် မှိုမျှင်မျှင်နည်းပညာ ထွန်းကားလာပြီးနောက် သက်ရှိပုံစံများ၊ စွမ်းအားရှင်များနှင့် အသိစိတ်တို့အပေါ် ထားရှိသည့် အယူအဆများသည် ဆိုးရွားစွာပြောင်းလဲသွားခဲ့သည်။

ချန်ယန်ရွှီ ပြောနေသည်မှာ တစ်ခုခုကို ကြိုးပမ်းအားထုတ်နေခြင်းမဟုတ်ဘဲ တစ်စုံတစ်ခုကို စောင့်ဆိုင်းနေခြင်းသာဖြစ်ကြောင်း သိသာလှသည်။

“ခင်ဗျားနဲ့ အမှောင်ယဉ်ကျေးမှုကြားမှာ တိုက်ရိုက်ဆက်သွယ်မှုတွေ ရှိနေခဲ့တာလား”

လင်းရှန်က ချန်ယန်ရွှီကို ကြည့်ကာ မေးလိုက်သည်။

ထိုစကားကို ကြားသောအခါ ချန်ယန်ရွှီက အနည်းငယ် ပြုံးလိုက်ပြီး လက်နှစ်ဖက်ကို မြှောက်ကာ လင်းရှန်၏ မေးခွန်းကို တိုက်ရိုက်မဖြေဘဲ ပြောလိုက်သည်၊၊

“ဆင်းရဲဒုက္ခတွေနဲ့ ဖိနှိပ်ချုပ်ချယ်မှုအားလုံးကို အဆုံးသတ်ရမယ်။ ဒီကမ္ဘာကြီးက ပိုပြီး အဆင့်မြင့်တဲ့ ယဉ်ကျေးမှုနဲ့ပဲ ထိုက်တန်တယ်။ မင်းအနေနဲ့ လက်ခံဖို့ ဒါမှမဟုတ် ဆင့်ကဲဖြစ်စဉ်အရ ဖယ်ရှားခံဖို့ပဲ ရွေးချယ်လို့ရမယ် ကပ္ပတိန်လင်း။ ဒါဟာ ကြွေးကြော်သံသက်သက်မဟုတ်သလို အကျိုးစီးပွား၊ ရန်ငြိုး၊ ကိုယ်ကျင့်တရား ဒါမှမဟုတ် တန်ဖိုးထားမှုတွေအပေါ် အခြေခံထားတာလည်း မဟုတ်ဘူးဆိုတာ ယုံကြည်လိုက်ပါ။ ဒါဟာ လူမျိုးရေး ဒါမှမဟုတ် နိုင်ငံတွေနဲ့လည်း မသက်ဆိုင်ဘူး”

“လင်းရှန်… ဒီလူတော့ ဦးနှောက်ဆေးခံလိုက်ရပြီ ထင်တယ်”

ကီကီက ထိုအချိန်၌ တည့်တိုးဝင်ပြောလိုက်သည်။

လင်းရှန်သည် မိမိရှေ့ရှိ ယဉ်ကျေးသိမ်မွေ့ပုံရသော သက်လတ်ပိုင်းအရွယ် အမျိုးသားကို ကြည့်ရင်း သူ၏ စကားများကို နားထောင်ကာ ရုတ်တရက် ဝေဝါးသောခံစားချက်တစ်ခုဖြစ်ပေါ်လာသည်။ သူ၏ရှေ့တွင် ရပ်နေသူမှာ လူသားတစ်ဦးမဟုတ်ဘဲ အခြားသော မျိုးစိတ်တစ်ခုကဲ့သို့ပင်။

ဘာလို့ ဒီလိုခံစားချက်မျိုးဖြစ်ပေါ်လာရတာလဲ။

လင်းရှန် မော့ကြည့်လိုက်သောအခါ သူ၏ အသိစိတ်မှာ အနည်းငယ်ဝေဝါးလာပြီး ရှေ့က ပုံရိပ်မှာလည်း တစ်ခုနှင့်တစ်ခု ထပ်နေသလို ထူးဆန်းစွာ မြင်နေရသည်။ တစ်ဖက်လူက တစ်စုံတစ်ရာကို အသုံးပြုနေခြင်းဖြစ်နိုင်သလို ရန်သူထံမှ ထူးဆန်းသော စွမ်းအင်များ ထွက်ပေါ်နေသည်ဟု သူ ထင်လိုက်သည်။

ထို့ကြောင့် လင်းရှန်သည် တစ်ဖက်လူပေါ်တွင် မည်သည့်တားမြစ်ပစ္စည်း သက်ရောက်နေသနည်း သို့မဟုတ် မည်သည့်နည်းလမ်းဖြင့် ထိန်းချုပ်ထားသနည်းဆိုသည်ကို သိနိုင်ရန် ယန္တရားနှလုံးသားကို ချက်ချင်း အသုံးပြုလိုက်သည်။

သို့သော် ထူးဆန်းသည်မှာ သူ၏ ဦးနှောက်ထဲသို့ ရှုပ်ထွေးသော အလင်းတန်းများရောက်ရှိလာပြီး အမြင်အာရုံများ စတင်ပုံပျက်လာသည်။ ချန်ယန်ရွှီ ပြုံးနေသည်ကို သူမြင်နေရပြီး တစ်ဖက်လူက ပါးစပ်ဟကာ အနီးအဝေးမခွဲခြားနိုင်အောင် တုန်ခါနေသောအသံဖြင့် ပြောလိုက်သည်၊၊

“မင်းလည်း တားမြစ်ပစ္စည်းတွေရဲ့ စွမ်းအားအပေါ် အတော်လေး စွဲလမ်းနေပုံပဲ။ ဒါတွေဟာ သခင်ကြီးဆီက လက်ဆောင်တွေဆိုတာ မင်း သိထားသင့်တယ်”

“လင်းရှန်”

“ကပ္ပတိန်လင်း”

လင်းရှန်၏ မျက်နှာ ဖြူလျော်သွားပြီး လဲကျတော့မည့်အလား ယိုင်သွားသည်ကို မြင်သောအခါ အားလုံးက တစ်ခုခုမှားယွင်းနေပြီဟု ချက်ချင်း ခံစားလိုက်ရသည်။ ကီကီက လင်းရှန်ကို ချက်ချင်း လှမ်းဖမ်းလိုက်ပြီး ရှီဇီကလည်း လင်းရှန်၏ စိတ်ဝိညာဉ်စွမ်းအားများပြင်းထန်စွာတုန်ခါနေသည်ကို သိရှိကာ ထိတ်လန့်တကြားဖြင့် သူမ၏ စွမ်းအားကို လင်းရှန်အပေါ် အသုံးပြုလိုက်သည်။ သို့သော် ယခုအကြိမ်တွင် သူမ၏ စွမ်းအား လင်းရှန်၏ စိတ်ဝိညာဉ်ထဲသို့ ရောက်သွားသောအခါ အောက်ခြေမရှိသော တွင်းနက်ကြီးတစ်ခု ရုတ်တရက် ပေါ်လာပြီး သူမကို ပြင်းထန်စွာ ဆွဲယူလိုက်သည်။ နောက်တစ်စက္ကန့်တွင် အဆုံးမရှိသော သွေးနီရောင် အမှောင်ထုကြီးက သူမထံသို့ တိုးဝင်လာပြီး လွင့်ထွက်သွားစေသည်။

“အား...”

ရုတ်တရက် ဖြစ်ပေါ်လာသော အပြောင်းအလဲကြောင့် ရှောင်ချင်းနှင့် လုရှင်းချန်တို့သည် ချန်ယန်ရွှီကို လှမ်းကြည့်ကာ ချက်ချင်းပင် တိုက်ခိုက်လိုက်ကြသည်။

“မီးတောက်လက်သီး”

“အရိပ်ဓားသွား”

သူတို့နှစ်ဦး၏ မာန်သွင်းသံနှင့်အတူ ပြင်းထန်သော စွမ်းအားများ ချက်ချင်း ပေါက်ကွဲထွက်လာသည်။ တစ်ခဏချင်းမှာပင် ဓားဦးက ချန်ယန်ရွှီ၏ လည်ပင်းသို့ ရောက်ရှိသွားပြီး မီးတောက်လက်သီးကလည်း သူ၏ မျက်နှာကို ထိမှန်တော့မည့်အခြေအနေသို့ ရောက်သွားသည်။

ခရက်ရှ်၊၊

ထိုအချိန်တွင် ချန်ယန်ရွှီက အိတ်ဆောင်နာရီကို ရုတ်တရက်ဖွင့်လိုက်သည်။ သူ၏ အမြင်တွင် တိုက်ခိုက်မှုအားလုံးသည် ထိုအခိုက်အတန့်မှာပင် ရပ်တန့်သွားကာ ပုံပျက်သွားသလိုခံစားရသည်။ ထို့နောက် သူက လင်းရှန်ကို ကြည့်ကာ လေသံနိမ့်ဖြင့် ပြောလိုက်သည်။

“ငါတို့ ပြန်ဆုံကြတာပေါ့… ဓားကိုင်ဆောင်သူ”

ထိုသို့ပြောပြီးနောက် သူသည် အခြားသော ထူးဆန်းသည့်ဂီယာတစ်ခုကို ထုတ်ယူကာ ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။

ဤအခိုက်အတန့်တွင် လင်းရှန်၏ အသိစိတ်မှာ အပေါ်သို့ လျင်မြန်စွာ မြင့်တက်သွားသည်။ အံ့ဩဖွယ်ကောင်းသော အရှိန်နှုန်းတစ်ခုက သူ့ကို ကမ္ဘာဂြိုဟ်မှ ဆွဲထုတ်သွားသလို ခံစားရပြီး ပတ်ဝန်းကျင်မှာ ပို၍ မှောင်မိုက်လာသည်။ သူ၏ အကြည့်ကို တစ်နေရာတွင် စိုက်ကြည့်လိုက်သောအခါ သူ၏ရှေ့တွင် ဧရာမ အာကာသယာဉ်ကြီးတစ်ခု ပေါ်လာသည်ကို မြင်လိုက်ရသည်မှာ ဂြိုဟ်ပတ်ရထားလမ်း (သို့မဟုတ်) တောင်ဘက်ကောင်းကင်ဂိတ်ပင်၊၊

ထို့နောက် လင်းရှန်၏ အသိစိတ်သည် တောင်ဘက်ကောင်းကင်တံခါး၏ အခွံကို ဖောက်ထွက်ကာ လမ်းကြောင်းများကို ဖြတ်သန်းပြီး ဂရေ့စ်၏ အချက်ပြဆက်သွယ်ရေးစက်ထဲသို့ ဝင်ရောက်သွားသည်။

All Chapters