ဂန်မာရောင်ခြည် (၁)
Vol. 56 Ch. 982
“ငါ...”
လင်းရှန် မျက်စိကိုမှိတ်၍ အသက်ပြင်းပြင်းရှူလိုက်ပြီး ပြန်မေးသည်။
“ချူယန်ရော… ချူယန်နဲ့ ဖီးနစ်ကို ဆက်သွယ်လို့ ရသေးလား”
[ဂရေ့စ်ဆီမှာ ချူယန်ကို ဆက်သွယ်ဖို့ အမိန့်ပေးထားတာမျိုး မရှိသေးပါဘူး။ လိုအပ်ရင်တော့ ကျွန်မ ဆက်သွယ်ဖို့ ကြိုးစားပေးနိုင်ပါတယ်]
“သူတို့ကို ဆက်သွယ်လိုက်ပါ”
[နားလည်ပါပြီ]
မိနစ်အနည်းငယ် ကြာပြီးနောက် ဂရေ့စ်က အကြောင်းပြန်လာသည်။
[ချူယန်ဆီက ဘာတုံ့ပြန်မှုမှ မရှိပါဘူး]
“ဘာဖြစ်တာလဲ”
[တိကျတဲ့ အကြောင်းရင်းကိုတော့ အတည်မပြုနိုင်သေးပါဘူး။ ငွေကျည်ဆန်ရဲ့ ဆက်သွယ်မှုနိယာမနဲ့ ပတ်သက်ပြီး ဂရေ့စ်မှာ ခိုင်မာတဲ့ သီအိုရီမရှိပေမဲ့ ကျွန်မ သိသလောက်ဆိုရင်တော့ ဒါဟာ ကွမ်တမ်ဆက်သွယ်ရေးသုတေသနဘက်ကို ပိုနီးစပ်မယ်လို့ ယူဆပါတယ်]
လင်းရှန်သည် နဖူးကို ဖိကာ ခေတ္တရပ်ပြီး ဆက်ပြောလိုက်သည်။
“တောင်ဘက်ကောင်းကင်ဂိတ်အပြင်ဘက်က ထူးဆန်းတဲ့ အရာကရော တစ်ခုခုဖျက်ဆီးတာမျိုး လုပ်သေးလား”
[စောင့်ကြည့်ချက်အရ ဒါဟာ ပုံသဏ္ဌာန်မရှိတဲ့ အာကာသသက်ရှိမျိုးဖြစ်ပြီး ကတ္တရာစေးလိုပုံစံမျိုးနဲ့ စွမ်းအင်စုဆောင်းတဲ့ အစိတ်အပိုင်းတွေမှာ ကပ်တွယ်နေပါတယ်။ ဒါပေမဲ့ ယာဉ်ကို တိုက်ခိုက်တာမျိုးတော့ မရှိသေးပါဘူး။ ကျွန်မဘက်ကတော့ အပျက်အစီးတွေကို ရှင်းလင်းတဲ့ လက်နက်စနစ်ကို ကာကွယ်ရေးအတွက် အသင့်ဖြစ်အောင် ပြုပြင်ထားပေမဲ့ အရင်ဆုံးသွားရောက်တိုက်ခိုက်ရင် မခန့်မှန်းနိုင်တဲ့ တုံ့ပြန်မှုတွေ ဖြစ်လာနိုင်ပါတယ်]
လင်းရှန်က ခေါင်းယမ်းလိုက်သည်၊၊
“သူက မင်းနဲ့ တောင်ဘက်ကောင်းကင်ဂိတ်ကို အန္တရာယ်မပေးဘူးဆိုရင် လောလောဆယ်သွားမတိုက်နဲ့ဦး”
[နားလည်ပါပြီ။ အကယ်၍ အတိုက်ခိုက်ခံရရင်တော့ ဂရေ့စ်ဘက်က ခုခံတိုက်ခိုက်ခွင့် ရှိတယ်လို့ မှတ်ယူရမလား]
“ဒါပေါ့”
[နားလည်ပါပြီ]
ဂရေ့စ်၏ အသံမှာ တည်ငြိမ်ကြည်လင်နေသည်။
လင်းရှန်သည် ခေတ္တစဉ်းစားပြီးနောက် “ချူယန်ကို ဆက်ပြီး ဆက်သွယ်ကြည့်ပါ။ သတင်းရရင် ငါ့ကို အကြောင်းကြားပေး”
[နားလည်ပါပြီ]
ဂရေ့စ်နှင့် တောင်ဘက်ကောင်းကင်ဂိတ်က ထိခိုက်မှုမရှိကြောင်း အတည်ပြုပြီးနောက် လင်းရှန်လည်း အနည်းငယ် စိတ်သက်သာရာရသွားသည်။ ချူယန်နှင့် ယခုဖြစ်ပေါ်နေသော မူမမှန်မှုများအကြား ဆက်နွှယ်မှုရှိနေမည်ဟု သူ ယုံကြည်နေသည်။
“၃၄ နာရီ... ဆိုလိုတာက သန်ဘက်ခါ မနက် ၁၀ နာရီပေါ့”
မျက်စိရှေ့တွင် ဆက်တိုက်ပြောင်းလဲနေသော ကိန်းဂဏန်းများကို ကြည့်ရင်း လင်းရှန်၏ အသက်ရှူသံမှာ တဖြည်းဖြည်း ပြင်းထန်လာသည်။
“ဒီအချိန်ရေတွက်မှုက ဘာကိုဆိုလိုတာလဲ။ သန်ဘက်ခါမှာ ဘာတွေဖြစ်လာမှာလဲ။ ဘာလို့ သတ္တုအံစာတုံးကလည်း ဂဏန်းတူကိုပဲ ပြနေရတာလဲ။ တိုက်ဆိုင်တာလား ဒါမှမဟုတ် နိမိတ်တစ်ခုခုလား”
ဝူးး၊၊
ထိုအချိန်တွင် လင်းရှန်၏ နောက်ကျောဘက်မှ စက်ယန္တရားလက်တံတစ်ခု ထွက်ပေါ်လာပြီး ပြင်းထန်သော သံလိုက်အားဖြင့် သတ္တုအံစာတုံးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်။ လင်းရှန်သည် ထိုအရာကို ထုတ်ယူလိုက်သည့်အခါ စွမ်းအားဝတ်စုံ၏ ထောက်ပံ့မှုကြောင့် ထိန်းချုပ်ခန်းကြမ်းပြင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး သတ္တုကြမ်းပြင်မှာ မီလီမီတာအနည်းငယ် နိမ့်ဆင်းသွားလေသည်။
ကျိအန်းမြို့မှ လွတ်မြောက်လာပြီးကတည်းက လင်းရှန်သည် ဤမျှလောက်ရှုပ်ထွေးသော အခြေအနေမျိုးကို တစ်ခါမျှ မကြုံဖူးခဲ့ပေ။ ယခုအချိန်တွင် သူသည် လုံးဝ လမ်းပျောက်နေသကဲ့သို့ ဖြစ်နေသည်။
သွေးနွယ်ပင်၊ ငွေရောင်လူသားပုံစံသတ္တဝါ၊ သတ္တုအံစာတုံး။
မြင့်မြတ်မြို့တော်၊ ချန်ယန်ရွှီ၊ ဂါလန်မီးတောင်။
ပြီးတော့ မြင့်မြတ်မြို့တော်အဖွဲ့အစည်းကိုတောင် အံ့အားသင့်စေခဲ့တဲ့ ဧရာမ သမုဒ္ဒရာနတ်ဘုရား၊ ဒုတိယအကြိမ် တွေ့လိုက်ရတဲ့ ငွေရောင်လူသားပုံစံသတ္တဝါ၊ ဒီထူးဆန်းတဲ့ နျူကလီးယားအပူပေးစနစ်နဲ့ ချန်ယန်ရွှီပြောခဲ့တာတွေကရော...။
ဘာကြောင့် အမှောင်ယဉ်ကျေးမှုက သူ့ကို သတ်ဖြတ်မည့် အစီအစဉ်ကို ရုတ်တရက် ဖျက်သိမ်းလိုက်ရတာလဲ။ ဧရာမ သမုဒ္ဒရာနတ်ဘုရား ထွက်ခွာသွားတာကရော ဒါနဲ့ ပတ်သက်နေတာလား။
တောင်ဘက်ကောင်းကင်ဂိတ်မှာ ကြုံတွေ့ခဲ့ရတဲ့ ဂန်မာရောင်ခြည်လှိုင်းနဲ့ ငါ့မျက်စိရှေ့က အချိန်ရေတွက်မှုက ဘာကို ပြနေတာလဲ။
အချိန်ရေတွက်မှု ကုန်ဆုံးသွားလျှင် အဖြေကို သိနိုင်ကောင်းသိနိုင်မည်ဖြစ်သော်လည်း လင်းရှန်အနေဖြင့် ဒီတိုင်းထိုင်ပြီး အသေခံမည့်သူ မဟုတ်ပေ။
“လခွမ်းပဲ”
လင်းရှန်သည် ရုတ်တရက် ထရပ်လိုက်ပြီး သူ၏ မျက်လုံးများမှာ တောက်လောင်နေသည်။
“နန်ကျင်း... ကီကီ... မင်းတို့ တစ်ခုခုတွေ့ထားတာ ရှိလား”
သမုဒ္ဒနက်အဆင့်ရှိ ပိုင်ဖုန်း-၀၉ မဟာဗျူဟာမြောက် နျူကလီးယားရေငုပ်သင်္ဘောအတွင်း သတ္တုနံရံများပေါ်တွင် ရေငွေ့စက်များ ဖုံးလွှမ်းနေပြီး အရေးပေါ်မီးရောင်များကြောင့် ပိုက်လိုင်းများရှုပ်ယှက်ခတ်နေသော စင်္ကြံတစ်လျှောက် နန်ကျင်း၏ အရိပ်မှာ ရှည်လျားစွာ ထင်ဟပ်နေသည်။ သူမသည် ရေငုပ်သင်္ဘော၏ တော်ပီဒိုကျည်လွှတ်ခန်းအတွင်းသို့ လျှောက်လှမ်းလာပြီး အစီအရီရှိနေသော ပစ်လွှတ်ပြွန်များကို ရင်ဆိုင်လိုက်ရသည်။ လင်းရှန်၏အသံကို ကြားသည်နှင့် သူမ ချက်ချင်းပြန်ထူးလိုက်သည်။
“ကပ္ပတိန်လင်း... ဒီရေငုပ်သင်္ဘောပေါ်မှာ ရိက္ခာနဲ့ လက်နက်တွေ အတော်များများရှိနေတယ်။ အနည်းဆုံး လူတစ်ရာစာ စစ်ဆင်ရေးတစ်ခုအတွက် လုံလောက်တယ်။ အားလုံးကလည်း အခြေအနေကောင်းပါတယ်။ ပြီးတော့ ပြင်းအားမြင့်တော်ပီဒို ၁၂ လုံးနဲ့ ကြည့်ရတာ တစ်မျိုးထူးခြားတဲ့ တော်ပီဒို အလုံး ၂၀ ကိုလည်း တွေ့ထားတယ်။ စစ်ဆေးကြည့်ရသလောက်တော့ ဒါတွေက ရေအောက်မှာ ရန်သူကို မျှားခေါ်ဖို့ သုံးပုံရတယ်။ တစ်လုံးချင်းစီမှာ သွေးဆောင်ဖြားယောင်းဆေးရည်ပေါက်ကွဲစေတတ်တဲ့ အစိတ်အပိုင်း ၂၀၀ ကျော်ပါဝင်ပြီး ပင်လယ်ပြင်အကျယ်ကြီးကို သက်ရောက်မှုပေးနိုင်တယ်။ မြင့်မြတ်မြို့တော်ကလူတွေက ရေနက်ပိုင်းသတ္တဝါတွေကို ရှောင်ဖို့ ဒီနည်းလမ်းကို သုံးပုံရတယ်”
“ဒီတော်ပီဒိုတွေနဲ့ပဲလား” လင်းရှန်က မေးလိုက်သည်။
“မျှားခေါ်ရုံသက်သက်နဲ့တော့ ရေနက်ထဲကအကောင်တွေကို လှည့်စားဖို့ မလွယ်ဘူး”
ရေငုပ်သင်္ဘော၏ ဗဟိုထိန်းချုပ်ခန်းအတွင်းရှိ ထိန်းချုပ်ခုံအောက်မှ ခရမ်းရောင်အလင်း ထွက်ပေါ်နေသော သေတ္တာပုံစံစက်ပစ္စည်းတစ်ခုကို ကီကီက လက်ညှိုးထိုးပြရင်း ဆက်သွယ်ရေးလှိုင်းမှတစ်ဆင့် ပြောလိုက်သည်။
“ရေနက်ပိုင်းမှာ အမှောင်ကျူးကျော်မှုကို ခုခံနိုင်တဲ့ ကျွန်မတို့ရဲ့ ပေါင်းစည်းမျှော်စင်နဲ့ ဆင်တူတဲ့ စက်ပစ္စည်းတစ်ခုကိုလည်း တွေ့ထားတယ်။ ဒါပေမဲ့ ဒီအရာက နျူကလီးယားဓာတ်ပေါင်းဖိုက ထွက်တဲ့ စွမ်းအင်အချက်ပြမှုကိုတော့ ဖုံးကွယ်မပေးနိုင်ဘူး။ သူတို့မှာ တခြားနည်းလမ်းတွေ ရှိဦးမှာပဲ”
“တားမြစ်ပစ္စည်းတစ်ခုဖြစ်နေမလား”
နန်ကျင်းက ပြန်ပြောသည်။
“ခုနက ဗျာဒိတ်တော်ဂိုဏ်းကလူပဲလေ။ ဒီအုပ်စုက တားမြစ်ပစ္စည်းတွေနဲ့ တွင်းနက်တွေအကြောင်းကို အသေအချာသုတေသနလုပ်ထားတာဆိုတော့ ဒါနဲ့ ဆက်စပ်နေနိုင်တယ်”
“ဖြစ်နိုင်တာပဲ”
ကီကီသည် နျူကလီးယားရေငုပ်သင်္ဘော၏ စနစ်အတွင်း၌ ကျွန်းနှင့် လမ်းကြောင်းများအကြောင်းကို ဆက်လက်ရှာဖွေနေရင်း လင်းရှန်အတွက် စိုးရိမ်ပူပန်မှုကို ပြသလာသည်။
“လင်းရှန်... ရှင်... နေလို့ ပိုကောင်းသွားပြီလား”
ခုနက လင်းရှန်ဖြစ်သွားသော အခြေအနေကြောင့် သူမ တကယ်ပင် လန့်သွားခဲ့ရသည်။
“ငါ အဆင်ပြေပါတယ်”
လင်းရှန်က ခေတ္တစဉ်းစားပြီးနောက်“နောက်မှ အသေးစိတ် ပြောပြမယ်။ အားဖေးရော... သူ ထူးခြားတာ တစ်ခုခုသတိထားမိလား”
“နင့်ကို မေးနေတယ်”
ကီကီက လှည့်ကြည့်လိုက်သောအခါ အားဖေးက စိုးရိမ်တကြီးဖြင့် ဟိုဟိုဒီဒီစစ်ဆေးနေသည်ကို တွေ့လိုက်ရသည်။
“ဟင့်အင်း... ထူးထူးခြားခြားတော့ မရှိဘူး။ ဒါပေမဲ့ ရေနဲ့ ထိတွေ့နေလို့လားမသိဘူး... ရေအောက်အဝေးကြီးမှာ တစ်ခုခုလှုပ်ရှားနေသလို ခံစားရတယ်”
ထိုစကားကို ကြားသောအခါ ကီကီက ခေါင်းစောင်းကြည့်လိုက်သည်၊၊
“ဒီမှာနေရမှာ ကြောက်နေတာလား”
“နည်းနည်းပါ...”
အားဖေးက ပွင့်ပွင့်လင်းလင်းပင် ပြန်ဖြေသည်။
“ဒီရေငုပ်သင်္ဘောက အရမ်းကို ဖိအားများသလို ခံစားရတယ်”
ကီကီက ပုခုံးတွန့်လိုက်ကာ ရေငုပ်သင်္ဘော၏ ရှုပ်ထွေးလှသော ဒီဇိုင်းနှင့် တည်ဆောက်ပုံများကို ကြည့်ရင်း ပြောလိုက်သည်။
“ရထားပေါ်မှာ နေရတာနဲ့ ဘာမှ မကွာပါဘူး”
“အဲဒါက မတူဘူးလေ”
အားဖေးက လေသံတိုးတိုးဖြင့်
“ရထားမှာက ပြတင်းပေါက်တွေရှိသလို မြေပြင်ပေါ်မှာလည်း ရှိတယ်။ ဒီအရာက သံဗူးခွံကြီးလိုပဲ။ အထူးသဖြင့် ပတ်ပတ်လည်မှာ ပင်လယ်ရေတွေ ဝိုင်းနေပြီး ဘယ်လောက်နက်တယ်၊ အပြင်မှာ ဘယ်လိုသတ္တဝါတွေ ရှိနေမလဲဆိုတာ မသိရတဲ့အခါမျိုးမှာပေါ့”
“ကြောက်တာက သဘာဝပါပဲ”
ထိုအချိန်တွင် လင်းရှန်က ဝင်ပြောလိုက်သည်။
“ရေငုပ်သင်္ဘောတွေနဲ့ ယှဉ်ရင် ရထားတွေက ပိုပြီးတော့ ဘေးကင်းပါတယ်”
“ဟုတ်တယ်”
လင်းရှန်က ဆက်လက်၍ ဆက်သွယ်လိုက်သည်။
“မီးတောက်... ရှောင်ချင်း... ရှီဇီ... မင်းတို့ဘက်မှာရော ဘယ်လိုလဲ”
ရေငုပ်သင်္ဘောအခြေစိုက် စမ်းသပ်ခန်း၏ အလယ်ထပ်တွင် စင်္ကြံလမ်းမှာ ဟာလာဟင်းလင်း ဖြစ်နေသည်။ ရှောင်ချင်းနှင့် ရှီဇီတို့သည် အသုံးဝင်မည့် အချက်အလက်များကို အခန်းအသီးသီး၌ ဂရုတစိုက်ရှာဖွေနေကြပြီး လုရှင်းချန်ကမူ သက်တော်စောင့်တစ်ဦးကဲ့သို့ နောက်မှ ယုံကြည်မှုအပြည့်နှင့် လိုက်ပါလာသည်။ သူ၏ လက်ချောင်းထိပ်များတွင် မီးလျှံကွင်းများစွာ ရစ်ပတ်ထားပြီး ဘေးတွင် အနန္တလက်စွပ်က လွင့်မျောနေသဖြင့် သူ၏တည်ရှိမှုမှာ အခြားကမ္ဘာတစ်ခုမှ ရောက်လာသယောင် ထူးခြားနေသည်။
လင်းရှန်၏ အသံကို ကြားသောအခါ လုရှင်းချန်က ချက်ချင်း ပြန်ဖြေလိုက်သည်။
“အစ်ကိုလင်း... ဒီမှာတော့ ထူးခြားတာ မရှိပါဘူး။ အသုံးဝင်တာမှန်သမျှ အကုန်ယူသွားကြပြီ။ ဘာမှလည်း ကျန်မနေတော့ဘူး”
“ယန္တရားတွင်းထဲက နျူကလီးယားအပူပေးစနစ်ရဲ့ မြေအောက်အပူတွင်းကိုရော ပြန်စစ်ကြည့်ပြီးပြီလား”
လုရှင်းချန်က ရှေ့မှ မိန်းကလေးနှစ်ဦးကို ကြည့်လိုက်ပြီး ပြောလိုက်သည်။