← Chapters

အခန်း (၄၃၂-၄၃၃)

Vol. 40 Ch. 432-433

အခန်း (၄၃၂-၄၃၃)

Vol. 40 Ch. 432-433

စာစဉ် ၄၃၂ - ကျိယွမ်နှင့် ဝေးဝေးနေပါ.. မဟုတ်လျှင် သင်ပါ ကံဆိုးသွားလိမ့်မည်

နှင်းခဲဓား၏ လေသံမှာ ခါးသီးမှုတို့ဖြင့် ပြည့်နှက်နေပြီး သူ၏ စကားလုံးများနောက်ကွယ်မှ မကျေနပ်ချက်များမှာ နေ့ခင်းကြောင်တောင်ကဲ့သို့ ထင်ရှားလှပေသည်။

တစ်ချိန်က သူသည် မဟူရာချောက်ကမ်းပါး၏ နံပါတ်တစ် ပါရမီရှင် ဖြစ်ခဲ့ဖူး၏။ သို့သော် ဓားနက် ရောက်လာပြီးနောက်တွင်မူ သူသည် ဒုတိယနေရာသို့ ရောက်ရှိသွားခဲ့ရသည်။

ဓားနက်၏ပါရမီမှာ ထူးကဲစွာ အားကောင်းလှပြီး သူသည် ယန်နတ်ဘုရားအဆင့်၏ ကောင်းကင်ဘုံ နယ်ပယ်သို့ပင် ခြေလှမ်းလှမ်းထားပြီးပြီ ဖြစ်သည်။ နှင်းခဲဓားအနေဖြင့် မိမိကိုယ်ကိုယ် နှိုင်းယှဉ်၍မရမှန်း သိပါသည်။

သို့သော်.. ဤ သွေးဝတ်စုံ ဆိုသည့်ကောင်က ဘာလဲ..။

ဤလူသစ်က ရုတ်တရက် ပေါ်လာရုံတင်မကဘဲ ခရမ်းရောင်ကံကြမ္မာ ကောင်းကင်ဘုံ၏ ဘိုးဘေးက သူ့ကို မဟူရာချောက်ကမ်းပါးဘိုးဘေးသွေးကို တိုက်ရိုက် လက်ဆောင်ပေးခဲ့သေးသည်။

နှင်းခဲဓားအနေဖြင့် ၎င်းကို မည်သို့ စိတ်အေးလက်အေး လက်ခံနိုင်မည်နည်း။

ဘေးပတ်ဝန်းကျင်ရှိ ပါရမီရှင်များသည် နှင်းခဲဓား၏ မကျေမနပ် ပြောဆိုသံကို ကြားသောအခါ အားလုံးမှာ ရှုပ်ထွေးသော အမူအရာများ ရှိနေကြကုန်၏။

"ဓားနက်က မဟူရာချောက်ကမ်းပါးဘိုးဘေးသွေး ရတာဆိုရင်တော့ ငါတို့အားလုံး ဘာမှမပြောဘဲ လက်ခံမှာပါ.."

"ဒါပေမဲ့ မဟူရာချောက်ကမ်းပါးကို ရောက်တာ တစ်နှစ်တောင် မပြည့်သေးတဲ့ ဒီကောင်က ဘယ်လိုလုပ်ပြီး မဟူရာချောက်ကမ်းပါးဘိုးဘေးသွေး ရဖို့ အရည်အချင်း ပြည့်မီသွားတာလဲ.. ဒါကတော့.."

ပါရမီရှင်များ အုပ်စုသည် သူတို့အချင်းချင်း တိုးတိုးတိတ်တိတ် ပြောဆိုနေကြလေသည်။

နှင်းခဲဓား၏ မျက်နှာမှာ မှောင်မှောင်မည်းမည်း ဖြစ်သွားပြီး သူ၏ ဘေးပတ်ဝန်းကျင်မှ အေးစက်သော အရှိန်အဝါမှာ ပိုမို ပြင်းထန်လာ၏။

သူသည် မိမိ၏ ဘိုးဘေးကိုပင် သွားရောက် မေးခွန်းထုတ်ရန် စဉ်းစားမိလိုက်သေးသည်.. ။

အဘယ်ကြောင့် သူ့ကို မဟူရာချောက်ကမ်းပါးဘိုးဘေးသွေး မပေးသနည်း..။

အမှန်စင်စစ် ၎င်းမှာ စဉ်းစားရုံသာ ရှိသေးပါသည်။

ဘိုးဘေးသည် မူလသဘောတရားနယ်ပယ်ကျင့်ကြံသာတစ်ဦး ဖြစ်သောကြောင့် နှင်းခဲဓားအနေဖြင့် သူ့ကို အလွယ်တကူ တွေ့ဆုံရန်ပင် အရည်အချင်း မရှိပေ။ ခရမ်းရောင်ကံကြမ္မာ ဘိုးဘေး၏ တိုက်ရိုက်မျိုးဆက်ဖြစ်သော ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်နှင့် သူကမတူပါ။

ထိုအချိန်တွင် ကျိယွမ်နှင့် ခရမ်းရောင်ကံကြမ္မာ ရှောင်လုတို့ ရောက်ရှိလာပြီး လူအုပ်ကြားသို့ ဆင်းသက်လိုက်ကြသည်။

ချက်ချင်းဆိုသလိုပင် စပ်စုခြင်း၊ အားကျခြင်း၊ မနာလိုခြင်းနှင့် လိုချင်တပ်မက်ခြင်းတို့ ပြည့်နှက်နေသော အကြည့်ပေါင်းများစွာက သူတို့ထံ ကျရောက်လာ၏။

ကျိယွမ်က ၎င်းကို သတိထားမိသွားပြီး ခရမ်းရောင်ကံကြမ္မာ ရှောင်လုထံသို့ တိတ်တဆိတ် အသံလွှင့်လိုက်သည်..။

"ဒီ မဟူရာချောက်ကမ်းပါးမှာ ငတ်မွတ်နေတဲ့ ယောကျ်ားလေးတွေနဲ့ မိန်းကလေးတွေ အများကြီးပဲ.. ငါတို့က အရမ်းကို လုံလုံခြုံခြုံ ဝတ်ထားတာတောင် သူတို့က ငါတို့ကို စိုက်ကြည့်နေကြတုန်းပဲ.."

ခရမ်းရောင်ကံကြမ္မာ ရှောင်လု၏ ခြေချောင်းလေးများမှာ အနည်းငယ် ကွေးသွားပြီး သူမ၏ မျက်နှာမှာ နီမြန်းလာကာ လက်နှစ်ဖက်ဖြင့် သူမ၏ စကတ်အနားသတ်များကို ဆုပ်ကိုင်ထားမိ၏။

သူမသည် ကျိယွမ်ကို ပြောပြချင်နေသည်မှာ..

သူတို့က ကျွန်မကို ကြည့်နေတာမဟုတ်ဘူး ရှင့်ကို ကြည့်နေကြတာပါ။

"အဲဒီ မိန်းကလေးကို ကြည့်နေတာ ရပ်လိုက်တော့.. ခရမ်းရောင်ကံကြမ္မာ ရှောင်လု ရှက်နေတာ မမြင်ဘူးလား.. လက်ကလေးတွေကို ဆုပ်ထားရရှာတယ်.."

"ပြီးတော့ ငါ့ကိုလည်း ကြည့်နေတာ ရပ်ကြတော့.. ငါက လူမှုဆက်ဆံရေးမှာ ကြောက်တတ်တဲ့သူပဲ.. ငါသာ စိတ်တိုလာရင် မင်းတို့ နှာခေါင်းကို လှမ်းထိုးမိလိမ့်မယ်.."

"မင်းတို့ ဒီလိုပဲ ဆက်လုပ်နေမယ်ဆိုရင် ငါ့တို့ကို တိတ်တဆိတ် ဓာတ်ပုံရိုက်တာတို့၊ နှောင့်ယှက်တာတို့ လုပ်တယ်ဆိုပြီး ငါ စွပ်စွဲတော့မှာ.."

နောက်ဆုံးတွင် သတ္တိရှိလှသော ကျိယွမ်သည် မိန်းကလေး၏ အရှက်တရားအတွက် ရှေ့သို့ တိုးလာခဲ့ရ၏။

သူသည် သူ၏ လူမှုဆက်ဆံရေး ကြောက်လန့်မှုကို ကျော်လွှားကာ လူအုပ်၏ အကြည့်များကို တည့်တည့်ရင်ဆိုင်လိုက်သည်။

ကျိယွမ်၏ စကားများကြောင့် ပတ်ဝန်းကျင်ရှိ ပါရမီရှင်များမှာ အံ့အားသင့်သွားကြရ၏။

ကျိယွမ်၏ စကားများက သူတို့ကို အနည်းငယ် ဇဝေဇဝါ ဖြစ်သွားစေသည်။

ထိုအချိန်တွင် ခရမ်းရောင်ကံကြမ္မာ တာ့ရွှယ်က အကျယ်ကြီး ရယ်မောလိုက်လေ၏။

"တစ်ယောက်ယောက်ကို စိုက်ကြည့်ချင်တယ်ဆိုရင်လည်း အန်းရွှန်းလု ကိုပဲ ကြည့်ပါဦး.. သူမက ပိုပြီး ဟော့ဟော့ရမ်းရမ်း ဝတ်ထားတာပဲကို.."

အန်းရွှန်းလု၏ အမူအရာမှာ လုံးဝ ပြောင်းလဲခြင်း မရှိပေ။ သူမအတွက်မူ ခန္ဓာကိုယ်ဆိုသည်မှာ အနံ့အသက်ဆိုးသော အရေခွံအိတ်တစ်ခုသာ ဖြစ်ပြီး ဝိညာဉ်ကသာ စစ်မှန်သော အရာ ဖြစ်ပေသည်။

"နွားချိုမမ.. လူတွေမှာ ကြိုက်သလို ဝတ်စားပိုင်ခွင့် ရှိတယ်.. အန်းရွှန်းလုက ရန်စသလို ဝတ်ဝတ်၊ မဝတ်ဝတ် ငါတို့က သူမကို စိုက်မကြည့်သင့်ဘူး.."

ကျိယွမ်က အမှန်တရားအတိုင်းပြောလိုက်၏။ တစ်ဖက်သူက မည်သို့ပင်ဝင်စေကာမူ အခြားသူများက စိုက်မကြည့်သင့်ပေ ။

"ဟွန်း.. နင်က လွတ်လပ်စွာ ပြောဆိုခွင့်အကြောင်း အမြဲပြောနေပြီး အခုကျတော့ ငါ့ကို ပါးစပ်ပိတ်ခိုင်းတာလား.."

ခရမ်းရောင်ကံကြမ္မာ တာ့ရွှယ်က နှုတ်ခမ်းဆူကာ ပြန်ပြောလိုက်သည်။

သူမ၏စကားကြောင့် ကျိယွမ်မှာ ပြောစရာ စကားမဲ့သွားရ၏။

သူ၏ တစ်လောကလုံး ပြိုလဲသွားသကဲ့သို့ ခံစားလိုက်ရသည်။နွားချိုမမနှင့် သူ ငြင်းခုံသည့် အခါတိုင်း သူမသည် သူ၏ ယုတ္တိဗေဒထဲမှ အားနည်းချက်တစ်ခုကို အမြဲ ရှာတွေ့လေ့ရှိ၏။

ကျိယွမ်၏ ဉာဏ်ရည်နှင့်ဆိုလျှင် သူသာ ကြိုးစားမည်ဆိုပါက သူမကို အလွယ်တကူ တုံ့ပြန်နိုင်ပေသည်။

သို့သော် ကျိယွမ်သည် စကားပြောခြင်း၌ မကျွမ်းကျင်ပေ။

လူမှုဆက်ဆံရေး ကြောက်လန့်ပြီး တစ်ကိုယ်တည်းနေတတ်သော သူကဲ့သို့ လူတစ်ယောက်အတွက် ကျယ်ကျယ်လောင်လောင် ငြင်းခုံခြင်းကို ရှောင်ကြဉ်ခြင်းက ပုံမှန်ပင်မဟုတ်လား..။

အရေးအကြီးဆုံးမှာ.. သူ စဉ်းစားရမှာကို ပျင်းနေခြင်းပင်။

ငြင်းခုံပွဲတစ်ခုတွင် အနိုင်ရရန် သူ၏ ဦးနှောက်ကို သုံးရခြင်းမှာ လက်သီးကို သုံးရခြင်းထက် ပိုမို အားစိုက်ရသည်။ ထို့ကြောင့် ကျိယွမ်သည် တိတ်ဆိတ်စွာပင် မိမိ၏ အားနည်းချက်များကို ပြန်လည် ဆင်ခြင်နေလိုက်တော့၏။

မိမိကိုယ်မိမိ ပြန်လည် ဆန့်ကျင်မိနေတတ်သည်ကို သူ သတိထားမိသွားသည်။

၎င်းကို မည်သို့ ပြင်ဆင်ရမည်နည်း။

"ဒီအားနည်းချက်ကို ဖုံးကွယ်ဖို့ ငါ မူလသဘောတရားတစ်ခုကို နားလည်အောင် လုပ်ရမယ်.."

"ဒါမှ နောက်တစ်ခါ နွားချိုမမနဲ့ ရင်ဆိုင်ရရင်.. ငါ စဉ်းစားနေစရာ မလိုဘဲ အနိုင်ရမှာ.."

ကျိယွမ်က အလေးအနက် စဉ်းစားနေမိ၏။ သူသည် သူ၏ ဦးနှောက်စွမ်းအားကို မူလသဘောတရား ဆွေးနွေးပွဲ ကဲ့သို့သော အရေးကြီးသော အခါသမယများအတွက်သာ ချန်ထားလိမ့်မည်။

မဟုတ်လျှင် အလွန်အကျွံ စဉ်းစားနေခြင်းက အလွန် ပင်ပန်းစေ၏။ သူသည် သူ၏ စိတ်စွမ်းအင်ကို ချွေတာရန် လိုအပ်သည်။

ထိုစဉ် နှင်းခဲဓား၏ ထက်ရှသော အကြည့်တို့က ကျိယွမ်ထံသို့ ကျရောက်လာ၏။

ဘိုးဘေးက သူ့ကို မဟူရာချောက်ကမ်းပါးဘိုးဘေးသွေး ပေးရလောက်အောင် သူက ဘာများ ထူးခြားနေသလဲဆိုသည်ကို ကြည့်နေခြင်း ဖြစ်သည်။

သို့သော် ထိုအချိန်တွင် ကောင်းကင်ယံမှ ကျယ်ပြောလှသော အသံတစ်သံ ထွက်ပေါ်လာလေသည်။

"တိတ်ကြစမ်း.."

"နားထောင်ကြ.."

မဟူရာချောက်ကမ်းပါးကောင်းကင်ဘုံ ၏ အပေါ်ယံ ကောင်းကင်ယံမှာ ချက်ချင်းပင် မှောင်အတိ ကျသွားလေသည်။ တောင်ထိပ်ပေါ်တွင် ဝတ်စုံဖြူ ဝတ်ဆင်ထားသော လူတစ်ယောက် ပေါ်လာ၏။ သူ၏ အဝတ်အစားများမှာ လေထဲတွင် လွင့်ပျံနေပြီး သူ၏ မျက်နှာမှာ ကျောက်စိမ်းကဲ့သို့ ဖြူစင်ကာ သူ၏ အမူအရာမှာလည်း ယဉ်ကျေးသိမ်မွေ့လှပေသည်။

မဟူရာချောက်ကမ်းပါးကောင်းကင်ဘုံ၏ မှောင်မိုက်သော အရောင်အဆင်းများနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်စွာ ထိုလူသည် နွေးထွေးသော အလင်းတန်းတစ်ခုကဲ့သို့ ဝတ်စုံဖြူကိုသာ ဆင်မြန်းထားခြင်း ဖြစ်သည်။

"ဂါရဝပြုပါတယ်.. စီနီယာ အစ်ကို ဓားနက်.."

နှင်းခဲဓား အပါအဝင် ပါရမီရှင်များ အားလုံးမှာ ခေါင်းငုံ့ကာ တောင်ထိပ်ပေါ်မှ ကျောက်စိမ်းနတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားလှသော ထိုလူကို အားကျစွာ မော့ကြည့်လိုက်ကြ၏။

ကျိယွမ်သည်လည်း သရုပ်ဆောင်နေကျအတိုင်း အနည်းငယ် ဦးညွှတ်လိုက်သည်။

"ဒီနေ့မှာတော့ ငါက မင်းတို့ရဲ့ ဆရာအဖြစ် တရားဟောပေးမှာပါ.."

ဓားနက်က တောင်ထိပ်ပေါ်၌ ထိုင်ရင်း ပြောလိုက်၏။ သူ၏ အရှိန်အဝါမှာ ဤလောကနှင့် မသက်ဆိုင်သော မသေမျိုးတစ်ပါးကဲ့သို့ပင်။

အန်းရွှန်းလုက ဓားနက်ကို အားကျခြင်း၊ ကြည်ညိုခြင်းတို့ဖြင့် စိုက်ကြည့်နေ၏။ အခြားသော ပါရမီရှင်များသည်လည်း သူတို့ မည်မျှပင် မောက်မာကြသည်ဖြစ်စေ ဓားနက်၏ ရှေ့မှောက်တွင်မူ ရိုသေလေးစားမှုများကို ပြသကြကုန်သည်။

သူတို့၏ ရိုသေမှုမှာ အချက်နှစ်ချက်ကြောင့် ဖြစ်၏။

ပထမအချက်မှာ ဓားနက်မှာ အလွန် အစွမ်းထက်သော ယန်နတ်ဘုရားတစ်ဦး ဖြစ်သောကြောင့် ဖြစ်သည်။

ဒုတိယအချက်မှာ ဓားနက်၏ ပါရမီမှာ မဟူရာချောက်ကမ်းပါး၏ အကြီးအကဲကိုးဦး ပင်လျှင် မိမိကိုယ်မိမိ နိမ့်ကျသည်ဟု ခံစားရလောက်အောင် ကြီးမားသောကြောင့်ပင်။

"ကျေးဇူးတင်ပါတယ်.. စီနီယာ အစ်ကို.."

ပါရမီရှင် တစ်ထောင်နီးပါးမှာ တညီတညွတ်တည်း အော်ဟစ်လိုက်ကြပြီး တရားနာရန် ထိုင်လိုက်ကြ၏။ ယခင်က အငြင်းပွားမှုများနှင့် အသေးအဖွဲ အတွေးစများအားလုံးမှာ ဓားနက် ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် ပျောက်ကွယ်သွားတော့သည်။

"ဒီနေ့ရဲ့ သင်ခန်းစာကတော့ ယန်နတ်ဘုရား အကြောင်းပဲ.."

ဓားနက်၏ အသံမှာ နွေဦးလေပြေကဲ့သို့ နူးညံ့လှသည်။

ခရမ်းရောင်ကံကြမ္မာ ရှောင်လု၏ ဘေးတွင် ထိုင်နေသော ကျိယွမ်မှာမူ အာရုံမရရှိသကဲ့သို့ ဖြစ်နေ၏။ သူက သူမထံသို့ တိတ်တဆိတ် အသံလွှင့်လိုက်သည်..။

"ဒါက ငါ့အတွက် မဟုတ်ဘူး.. ငါက ယင်နတ်ဘုရား အကြောင်းကိုပဲ ပိုကြားချင်တာ.."

ကျိယွမ်မှာ ခရမ်းရောင်နန်းတော် အဆင့် မျှသာ ရှိသေး၏။ ကမ္ဘာမြေ၏ အသုံးအနှုန်းနှင့် ပြောရလျှင် သူသည် အလယ်တန်းကျောင်းသား အဆင့်သာ ရှိသေးပေသည်။ တက္ကသိုလ်အဆင့် မြင့်မားသော သင်္ချာဘာသာရပ်ကို နားထောင်နေရခြင်းမှာ အလွန်ပင် များပြားလွန်းလှပေသည်။

ခရမ်းရောင်ကံကြမ္မာ ရှောင်လုက တိုးတိုးလေး ပြန်ပြောလိုက်၏.။

"စီနီယာ အစ်ကို.. အစ်ကို့ရဲ့ ပါရမီက အရမ်းကို ထူးကဲလွန်းတာပဲ.. ဒါတွေကို နားထောင်နေဖို့ မလိုပါဘူး.."

သူမ၏ ကျိယွမ်အပေါ် အကြည့်မှာ အားကျကြည်ညိုမှုတို့ဖြင့် ပြည့်နှက်နေ၏။

"ငါက တစ်ကိုယ်တည်း ပိတ်လှောင်နေတဲ့သူ မဟုတ်ပါဘူး.. မတူညီတဲ့ အမြင်တွေကို နားထောင်ပြီး စိတ်ကူးသစ်တွေ ရတာက ကောင်းပါတယ်.."

ကျိယွမ်က ပြန်ပြောလိုက်သည်။

"စီနီယာ အစ်ကို.. ညီမလေးမှာ ကျင့်ကြံခြင်း လမ်းစဉ်နဲ့ ပတ်သက်ပြီး မေးစရာတချို့ ရှိတယ်.. အစ်ကို အားတဲ့အခါ ညီမလေးကို လမ်းပြပေးနိုင်မလား.."

ခရမ်းရောင်ကံကြမ္မာ ရှောင်လုက မျှော်လင့်တကြီးဖြင့် မျက်တောင်လေး ခတ်ကာ မေးလိုက်၏။

"အင်း.. ရပါတယ်.. ပြဿနာမရှိဘူး.."

ကျိယွမ်က ချက်ချင်းပင် သဘောတူလိုက်သည်။

တစ်စုံတစ်ယောက်ကို ကျင့်ကြံပုံ သင်ပေးရမှာလား..။

အလွန် လွယ်ကူလှပေသည်။ ထို့အပြင် သူ့မှာလည်း ထူးခြားသော အတွေးအခေါ်များနှင့် အမြင်များစွာ ရှိသည် မဟုတ်ပါလား။

"ကျေးဇူးတင်ပါတယ်.. စီနီယာ အစ်ကို.."

ခရမ်းရောင်ကံကြမ္မာ ရှောင်လုက ချိုသာစွာ ပြုံးလိုက်၏။

ထိုအချိန်တွင် ဓားနက်က သူ၏ တရားကို စတင်ဟောကြားလေတော့သည်။

"ကြယ်တာရာ ကောင်းကင်ယံမှာ ကြယ်တွေ မရှိဘူး.. ကောင်းကင်နဲ့ မြေပြင်က မှောင်မိုက်မှုတွေနဲ့ ဖုံးလွှမ်းနေတယ်.. ဒါဟာ ယင် ပဲ.."

"ရှေးခေတ်တုန်းက ကြီးမြတ်တဲ့ ပုဂ္ဂိုလ်တွေဟာ ဟင်းလင်းပြင်ထဲမှာ အလင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ယင်နဲ့ ယန် ကြားမှာ လှည့်လည်သွားလာရင်း ကြယ်တွေကို အတုယူခဲ့ကြတယ်.. သူတို့ဟာ နတ်ဘုရား ပလ္လင်တွေပေါ်ကို တက်လှမ်းခဲ့ကြပြီး ကောင်းကင်ဘုံတွေကို အလင်းပေးနိုင်တဲ့ ကြယ်တာရာ ပုံရိပ်ယောင် တွေကို ဖန်တီးခဲ့ကြတယ်.. ဒါကြောင့် ကမ္ဘာလောကကြီးက နေမင်းကို မြင်နိုင်ခဲ့တာပဲ.."

"ယန်နတ်ဘုရား လမ်းစဉ်ဆိုတာ ကောင်းကင်နဲ့ မြေပြင်ရဲ့ အစင်ကြယ်ဆုံး ယန်စွမ်းအင်တွေကို ဖမ်းယူပြီး မပျက်စီးနိုင်တဲ့ ထာဝရဝိညာဉ်တစ်ခု ဖြစ်လာအောင် မိမိကိုယ်ကိုယ်နဲ့ ပေါင်းစပ်ရတာပဲ.."

ဓားနက်သည် ဆဋ္ဌမမြောက် ကောင်းကင်ဘုံမှ အစင်ကြယ်ဆုံးသော ယန်နတ်ဘုရား လမ်းစဉ်ကို သင်ကြားပေးနေခြင်း ဖြစ်သည်။ ယန်နတ်ဘုရား တစ်ပါး ဖြစ်လာရန် နယ်ပယ်အားလုံးကို လင်းထိန်စေမည့် ကြယ်တာရာ ပုံရိပ်ယောင်တစ်ခုကို ဖန်တီးရမည် ဖြစ်၏။ ဤပါရမီရှင်များအတွက် အခက်ခဲဆုံး အပိုင်းမှာ ကြယ်တာရာ ပုံရိပ်ယောင်တစ်ခုကို ဖန်တီးရန် ဖြစ်သည်။

ထိုသို့သော ပုံရိပ်ယောင်တစ်ခုကို ဖန်တီးရန် ကောင်းကင်ပြင်၏ အပြင်ဘက်မှ စင်ကြယ်သော ယန်အလင်းတန်းကို ဖမ်းယူပြီး သန့်စင်ရမည် ဖြစ်၏။ သို့သော် ဆဋ္ဌမမြောက် ကောင်းကင်ဘုံရှိ စင်ကြယ်သော ယန်အလင်းတန်းမှာ ကုန်ခမ်းလုနီးပါး ဖြစ်နေလေပြီ။

အင်အားအကောင်းဆုံး အဖွဲ့အစည်း အချို့တွင်သာ အနည်းငယ် သိမ်းဆည်းထားနိုင်ကြပေသည်။ သို့မဟုတ်လျှင် အချို့သော နက်နဲသည့် နေရာများတွင်သာ ရှာဖွေနိုင်လိမ့်မည်။

ဓားနက်က ကောင်းကင်ယံ ယန်အလင်းတန်းကို မည်သို့ ဖမ်းယူရမည်၊ မည်သည့်နေရာတွင် အလွယ်ဆုံး ရှာတွေ့နိုင်မည်နှင့် မည်သို့ အလွယ်တကူ ထိန်းချုပ်ရမည်တို့ကို ဆက်လက် ရှင်းပြနေ၏။

စုဝေးနေသော ပါရမီရှင်များသည် အလွန် စိတ်ဝင်တစားဖြင့် နားထောင်နေကြကုန်သည်။

သို့သော် ကျိယွမ်မှာမူ ဒါတွေကို ကြားရသောအခါ ဇဝေဇဝါ ဖြစ်နေပုံရသည်။

"ဒီနေ့အတွက် သင်ခန်းစာကတော့ ဒီမှာတင် ပြီးပါပြီ.. မင်းတို့မှာ သံသယရှိတာတွေ ရှိရင် ငါ့ကို မေးမြန်းနိုင်ပါတယ်.."

ဓားနက်က နိဂုံးချုပ်လိုက်၏။ သူသည် တောင်ထိပ်ပေါ်၌ ယဉ်ကျေးစွာ ထိုင်နေပြီး သူ၏ ဝတ်စုံဖြူမှာလည်း မသေမျိုးတစ်ပါးကဲ့သို့ပင်။

ပါရမီရှင် အများအပြားက သူတို့၏ မေးခွန်းများကို စိတ်အားထက်သန်စွာ မေးမြန်းကြလေသည်။

ဓားနက်သည် ယန်နတ်ဘုရား တစ်ပါး ဖြစ်သော်လည်း မောက်မာခြင်း အလျှင်းမရှိဘဲ မေးခွန်းတိုင်းကို သေချာစွာ ဖြေကြားပေးနေ၏။

ထိုအချိန်တွင် ကျိယွမ်က ရုတ်တရက် ထရပ်ကာ မေးခွန်းတစ်ခု မေးလိုက်လေသည်။

"ယန်နတ်ဘုရား လမ်းစဉ်ကို ဒီလိုနည်းလမ်းနဲ့ပဲ လျှောက်လှမ်းရမှာလား.."

အားလုံး၏ အကြည့်တို့က ကျိယွမ်ထံသို့ အံ့ဩမှု၊ စပ်စုမှုတို့ဖြင့် ကျရောက်လာ၏။

အမှန်စင်စစ် နှင်းခဲဓားသည် သွေးဝတ်စုံအပေါ် မကျေနပ်သော်လည်း ခရမ်းရောင်ကံကြမ္မာ ဘိုးဘေးက သူ့ကို ဤမျှ မျက်နှာသာပေးထားခြင်းမှာ သွေးဝတ်စုံ၏ ပါရမီက ဓားနက်ပြီးလျှင် ဒုတိယ လိုက်နိုင်သည်ဟု ပြသနေခြင်း ဖြစ်သည်။

သူ၏ မေးခွန်းက ထူးခြားသော အမြင်များကို ပေးစွမ်းနိုင်ပေလိမ့်မည်။

အားလုံးက ဤပါရမီရှင် နှစ်ဦးအကြား ဆွေးနွေးပွဲမှ တစ်ခုခု ရရှိရန် မျှော်လင့်ချက်ဖြင့် သေချာစွာ နားထောင်နေကြ၏။

"ငါ့မှာ ရဲရင့်တဲ့ အတွေးတစ်ခု ရှိတယ်.. ယန်အလင်းတန်းကို ဖမ်းယူနေတာက အရမ်းနှေးလွန်းတယ်.."

"အဲဒီအစား အရင်းအမြစ်ဆီကို တိုက်ရိုက်သွားပြီး တခြား စကြဝဠာတစ်ခုက ကြယ်တစ်လုံးလုံးကို ဖမ်းယူပြီး သန့်စင်လိုက်ရင် မကောင်းဘူးလား.. အဲဒီလို ယန်နတ်ဘုရားမျိုးက ပိုပြီး အစွမ်းမထက်ဘူးလား.."

ကျိယွမ်က သူ၏ မေးခွန်းကို ထုတ်ဖော်လိုက်သည်။

ချက်ချင်းဆိုသလိုပင် ပါရမီရှင်များ၏ မျက်နှာတို့မှာ တွန့်ကွေးသွားရ၏။ အစပိုင်းတွင် သူတို့က သွေးဝတ်စုံအနေဖြင့် လေးနက်ပြီး ဆန်းသစ်သည့် အရာတစ်ခုကို ပြောလိမ့်မည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ဤအရာကမူ.. အလွန်ပင် ထူးဆန်းလွန်းလှပေသည်။

ဒါကို မေးနေဖို့ လိုသေးလို့လား..။

တခြား စကြဝဠာတစ်ခုကို သွားပြီး ကြယ်တစ်လုံးကို ရှာဖို့ ဘယ်လိုသွားမလဲ ဆိုတဲ့ မေးခွန်းကို ဘေးဖယ်ထားဦး.. ငါတို့ထဲက ဘယ်သူက ကြယ်တစ်လုံးလုံးကို သန့်စင်နိုင်မှာလဲ..။

ဟုတ်ပါသည်.. ယန်နတ်ဘုရားများသည် ကြယ်တစ်လုံးကို တချက်တည်းနှင့် ဖျက်ဆီးနိုင်လောက်အောင် အစွမ်းထက်ကြပေသည်။

သို့သော် ယခုနေရာမှ ပါရမီရှင်များကတော့ ယင်နတ်ဘုရား များသာ ရှိသေး၏.. ထိုခွန်အားမျိုးနှင့် အလွန် ဝေးကွာနေသေးသည်။

သွေးဝတ်စုံ၏ အကြံပြုချက်မှာ ထူးဆန်းသော ဆွဲဆောင်မှုတစ်ခု ရှိနေသည်.. တစ်စုံတစ်ယောက်က ပြောလိုက်သကဲ့သို့ပင်..။

"တစ်နှစ်ကို သိန်းတစ်ထောင် ရှာချင်လား.. ဘဏ်ထဲမှာ သိန်းခြောက်သောင်း သွားအပ်ထားလိုက်လေ.."

"ယန်နတ်ဘုရား လမ်းစဉ်ဆိုတာ ငါတို့ ဘိုးဘေးတွေရဲ့ ဉာဏ်ပညာကနေ ဆင်းသက်လာတာပဲ.. တခြား နည်းလမ်းတွေလည်း ရှိကောင်းရှိနိုင်ပါတယ်.."

ဓားနက်က ကျိယွမ်၏ ထူးဆန်းသော အကြံပြုချက်ကို ပယ်ချခြင်း မရှိဘဲ စိတ်ရှည်စွာ ရှင်းပြပေး၏။

"ဒါပေမဲ့ သတိထားပြီး လုပ်ဆောင်ရမယ်.. စစ်မှန်တဲ့ ကြယ်တစ်လုံးက ယင်နတ်ဘုရား တစ်ယောက် သန့်စင်ဖို့အတွက် အရမ်းကို အစွမ်းထက်လွန်းတယ်.. အဲဒါကို ကြိုးစားကြည့်ခြင်းက မိမိရဲ့ ဝိညာဉ်ကို ဖျက်ဆီးပစ်တာမျိုး ဖြစ်လာနိုင်တယ်.."

ဓားနက်၏ အဖြေမှာ ရိုးရှင်းပါသည်..

၎င်းမှာ ဖြစ်နိုင်ကောင်း ဖြစ်နိုင်သော်လည်း အလွန် အန္တရာယ်များလှသဖြင့် အကြံမပြုလိုခြင်း ဖြစ်ပေသည်။

ကျိယွမ်က ၎င်းကို ကြားသောအခါ ယုတ္တိရှိသည်ဟု ထင်လိုက်မိ၏။ ယင်နတ်ဘုရားများသည် ကြယ်တစ်လုံးကို ဝါးမြိုရန်ပင် အလွန် အားနည်းလှပေသည်။

ကြယ်တစ်လုံးကို သန့်စင်ဖို့ဆိုသည်မှာ စိတ်ကူးယဉ် အိပ်မက်တစ်ခုသာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ယန်နတ်ဘုရား လမ်းစဉ်ကို တစ်ဆင့်ချင်း လျှောက်လှမ်းရမည် ဖြစ်၏..။

ကောင်းကင်ယံ ယန်အလင်းတန်းကို ဖမ်းယူပြီး ကြယ်တာရာ ပုံရိပ်ယောင်တစ်ခု ဖြစ်လာအောင် တဖြည်းဖြည်း သန့်စင်ရမည် ။

သို့သော် ထိုအချိန်တွင် ကျိယွမ်၏ စိတ်ထဲ၌ ရုတ်တရက် အသိတစ်ခု ဝင်လာပြီး သူ၏ မျက်နှာမှာ သေလုမတတ် ဖြူလျော့သွားရ၏။

ခရမ်းရောင်ကံကြမ္မာ ရှောင်လုက ချက်ချင်းပင် စိုးရိမ်သွားသည်။

"စီနီယာ အစ်ကို.. ဘာဖြစ်တာလဲ.."

"ငါ သေတော့မယ် ထင်တယ်.."

ကျိယွမ်မှာ အလွန် စိတ်ပူသွား၏။

အဘယ်ကြောင့်ဆိုသော်.. သူသည် စစ်မှန်သော နေမင်းတစ်စင်းကို အမြုတေ အဖြစ် သန့်စင်ခဲ့ပြီးဖြစ်သောကြောင့်ပင်။ ပုံမှန် ယုတ္တိဗေဒအရ ဆိုလျှင် သူ သေနေသင့်ပြီ မဟုတ်ပါလား။

အမှန်စင်စစ် စစ်မှန်သော ကြယ်များကို သန့်စင်သော ယင်နတ်ဘုရားများသည် သေဆုံးကြရပေသည်။ သူ လျှောက်လှမ်းခဲ့သော လမ်းစဉ်က မှားယွင်းနေခဲ့ခြင်းဖြစ်၏။

ငါ တကယ်ပဲ သေသွားခဲ့ပြီသားလား..။

အခု ဖြစ်ပျက်နေတာတွေအားလုံးက သေခါနီးမှာ မြင်နေရတဲ့ စိတ်ကူးယဉ်မှုတွေများလား..။

"စီနီယာ အစ်ကို.. ဘာတွေ ဖြစ်နေတာလဲ.."

ခရမ်းရောင်ကံကြမ္မာ ရှောင်လုက စိုးရိမ်တကြီး မေးလိုက်သည်။

"မင်းမျက်နှာကို အနားကို တိုးလိုက်စမ်း.. ငါ နည်းနည်း ဆွဲလိမ်ကြည့်မယ်.."

ကျိယွမ်က မျက်နှာပျက်ပျက်ဖြင့် ပြောလိုက်၏။

"အင်.."

ခရမ်းရောင်ကံကြမ္မာ ရှောင်လုမှာ ဇဝေဇဝါ ဖြစ်သွားသော်လည်း နာခံစွာဖြင့် တိုးကပ်သွားလေသည်။

ကျိယွမ်က သူမကို အသာအယာ ဆွဲလိမ်လိုက်ပြီး အလေးအနက် မေးလိုက်သည်.။

. "နာလား.."

"မ.. မနာပါဘူး.. သိပ်မနာပါဘူး.."

ခရမ်းရောင်ကံကြမ္မာ ရှောင်လုက ရှက်ကိုးရှက်ကန်း ပြန်ပြောလိုက်၏။

၎င်းက အနည်းငယ်တော့ နာပါသည်.. သို့သော် သူမအနေဖြင့် ဝန်ခံလိုက်လျှင် သူမ၏ စီနီယာ အစ်ကို စိတ်မကောင်း ဖြစ်သွားမည်ကို မလိုလားပေ။

"မနာဘူး ဟုတ်လား.. ဒါတွေအားလုံးက ထင်ယောင်ထင်မှားတွေလား.. ငါ သေခါနီး စိတ်ကူးယဉ်နေတာလား.."

ကျိယွမ်၏ စိတ်ထဲတွင် ရှုပ်ထွေးနေတော့၏။ သူသည် မိမိကိုယ်မိမိမူ မဆွဲလိမ်ရဲပေ.. အဘယ်ကြောင့်ဆိုသော် သူက နာမှာကို ကြောက်သောကြောင့်ပင်။

ကျိယွမ်၏ စိတ်ပူနေသော အခြေအနေကို မြင်ရသောအခါ ခရမ်းရောင်ကံကြမ္မာ ရှောင်လုမှာ ပို၍ပင် စိုးရိမ်သွားရသည်..။

"နည်းနည်းတော့ နာပါတယ်.. နည်းနည်းလေးပါ.."

သူမသည် သူမ၏ စီနီယာ အစ်ကို့ကို ဘာမှ ထပ်ပြီး မဖုံးကွယ်ထားချင်တော့ပေ။ ရိုးသားခြင်းကသာ အကောင်းဆုံး နည်းလမ်း ဖြစ်ပုံရသည်။

"နာတယ် ဟုတ်လား.."

ကျိယွမ်၏ မျက်လုံးများ လင်းလက်သွား၏။

"ဒါဆို ဒါက ထင်ယောင်ထင်မှား မဟုတ်ဘူးပဲ.. ဒါပေမဲ့.."

သူက ဇဝေဇဝါ ဖြစ်နေဆဲပင်။ သူ ဘာလို့ မသေတာလဲ..။ ကြယ်တွေကို ဝါးမြိုတဲ့ ယင်နတ်ဘုရားတွေက သေရမှာ မဟုတ်လား..။

ရုတ်တရက် အတွေးတစ်ခု ဝင်လာပြီး သူ အမှန်တရားကို သိသွားလေသည်..။

"ယင်နတ်ဘုရားတွေက ကြယ်တွေကို ဝါးမြိုရင် သေတာပဲ.. ဒါပေမဲ့ အဲဒါက အခြေခတည်အဆင့်ပဲ ရှိတဲ့သူနဲ့ ဘာဆိုင်လို့လဲ.."

မှန်တာပေါ့..။

သူသည် နေမင်းကို အမြုတေအဖြစ် သန့်စင်ခဲ့စဉ်က အခြေခံတည်ဆောက်ခြင်းအဆင့်မှာပဲ ရှိပါသေးသည်။

ထို့ကြောင့် ပြဿနာ မရှိပေ။ ဒါတွေအားလုံးက သူ၏ အလွန်အကျွံ စိတ်ကူးယဉ်မှုတွေကြောင့် မိမိကိုယ်မိမိ ခြောက်လှန့်နေခြင်းသာ ဖြစ်သည်။

ကျိယွမ်သည် သေဘေးမှ သီသီလေး လွတ်မြောက်သွားသကဲ့သို့ သက်ပြင်းချလိုက်မိ၏။

၎င်းက ခရမ်းရောင်ကံကြမ္မာ တာ့ရွှယ်နှင့် သူပြောခဲ့ဖူးသော စကားကိုလည်း သတိရသွားစေသည်။

သူ၏ကျင့်ကြံခြင်း လမ်းစဉ်မှာ ကြီးမားသော အားနည်းချက်အချို့ ရှိနေပုံရသည်..။

ဤပြဿနာကို ဖြေရှင်းရန်အတွက် သူသည် မူလသဘောတရားတစ်ခုကို နားလည်အောင် လုပ်ရန် လိုအပ်၏။

မူလသဘောတရားကို နားလည်အောင်လုပ်ဖို့ ငါ့ကို ဖိအားတွေပေးနေကြတာပဲ။

ထိုအချိန်တွင် ဓားနက်က ကျိယွမ်၏ ထူးဆန်းသော အမူအရာကို သတိထားမိသွားပြီး မေးလိုက်သည်.။

. "သွေးဝတ်စုံ.. တစ်ခုခု ဖြစ်လို့လား.."

အမှန်စင်စစ် ကျိယွမ်သည် မေးခွန်းမေးပြီးနောက်တွင် ထူးထူးဆန်းဆန်း ပြုမူနေသဖြင့် အာရုံစိုက်ခြင်း ခံနေရခြင်း ဖြစ်သည်။

ကျိယွမ်မှာ အနည်းငယ် ရှက်သွားရ၏။ သူ မိမိကိုယ်မိမိ သေတော့မယ်လို့ ထင်ပြီး ကြောက်နေတာပါလို့ သူတို့တွေကို ဘယ်လိုပြောလို့ ရပါမည်နည်း။

ရုတ်တရက် အတွေးတစ်ခု ရလာ၏။

"စီနီယာ အစ်ကို ဓားနက်.. ကျွန်တော် တစ်ခု တိုင်ကြားချင်ပါတယ်.."

ကျိယွမ်သည် သူတပါးကို ကုန်းချောတိုင်တောခြင်းကို မနှစ်သက်သော်လည်း ပွင့်လင်းမြင်သာပြီး တရားမျှတသော တိုင်ကြားခြင်းကိုမူ ထောက်ခံပေသည်။

သူ၏ စကားကြောင့် အခြားသော ပါရမီရှင်များမှာ ဇဝေဇဝါ ဖြစ်သွားကြရ၏။

ဤ သွေးဝတ်စုံ ဆိုသည့်ကောင်က.. အမှန်တကယ်ကို ခရမ်းရောင်ကံကြမ္မာ ကောင်းကင်ဘုံက လူတွေထက်တောင် ပိုပြီး ခရမ်းရောင်ကံကြမ္မာ ကောင်းကင်ဘုံက လူနဲ့ တူနေပါလား..။

"ဘာကို တိုင်ချင်တာလဲ.."

ဓားနက်က မေးလိုက်၏။

"အန်းရွှန်းလု ကို တိုင်ချင်တာပါ.. သူမက ကျွန်တော်တို့အကြားမှာ သွေးခွဲဖို့ ကြိုးစားနေတယ်.. ကျွန်တော်က စီနီယာ အစ်ကို့ကို ဘယ်တော့မှ ကျော်တက်နိုင်မှာ မဟုတ်ဘူးလို့ ပြောပြီး ကျွန်တော်က စီနီယာ အစ်ကို့ကို ပြိုင်ဘက်အဖြစ် သတ်မှတ်နေပါတယ်လို့ ပြောနေတာပါ.."

ကျိယွမ်က အလေးအနက် ပြောလိုက်သည်။

တစ်အုပ်စုလုံးမှာ ဆွံ့အကာ တိတ်ဆိတ်သွားကြရ၏။

ခဏအကြာတွင် ခရမ်းရောင်ကံကြမ္မာ တာ့ရွှယ်၏ ငှက်ဆိုးထိုးသံကဲ့သို့ ရယ်သံကြီးက တောင်ထိပ်ပေါ်၌ ပဲ့တင်ထပ်သွားလေသည်..။

"ဟားဟားဟား.."

အန်းရွှန်းလု၏ မျက်လုံးများမှာ မယုံကြည်နိုင်လောက်အောင် ပြူးကျယ်သွားပြီး အခြားသော ပါရမီရှင်များမှာလည်း ရယ်သံကို မနည်း ထိန်းထားကြရ၏။

ထိုစကားများမှာ.. အန်းရွှန်းလု ပြောချင်နေသည့် စကားများနှင့် အတိအကျ တူညီနေသည် မဟုတ်ပါလား။

ဘေးနားတွင် ထိုင်နေသော နှင်းခဲဓားသည်လည်း အန်းရွှန်းလုက သူ့ကို အလားတူ စကားမျိုး တိုင်ပြောခဲ့သည်ကို သတိရသွားမိ၏။

ထိုစဉ်က သူသည် အလွန် စိတ်တိုခဲ့သော်လည်း ဘာမှ မတတ်နိုင်ခဲ့ပေ။ ယခုအခါ ကျိယွမ်က ၎င်းကို လူပုံအလယ်တွင် ဖော်ထုတ်လိုက်သည်ကို မြင်ရသောအခါ သူသည် ကျေနပ်မှူကို ခံစားလိုက်ရသည်။

တစ်ချိန်တည်းမှာပင် ကျိယွမ်အပေါ် သူ၏ သတိထားမှုမှာလည်း တိုးလာခဲ့သည်။

အစပိုင်းတွင် နှင်းခဲဓားသည် သွေးဝတ်စုံကို စိန်ခေါ်ရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်.. ။သူကသာ ဓားနက်ပြီးလျှင် ဒုတိယမြောက် အစွမ်းအထက်ဆုံးဖြစ်ကြောင်း သက်သေပြချင်ခဲ့၏။

သို့သော် ယခုမူ.. သွေးဝတ်စုံက ဤမျှအထိ အရှက်မရှိ ပြုမူနေသည်ကို မြင်ရသောအခါ နှင်းခဲဓားက မည်သို့ စိန်ခေါ်ရဲမည်နည်း။

စိန်ခေါ်နေစဉ်အတွင်း သူ တစ်ခုခု မှားပြောမိလို့ ကျိယွမ်က ၎င်းကို ချဲ့ကားပြီး လူတိုင်းကို လိုက်ပြောနေလျှင် သူနှင်းခဲဓား၏ သိက္ခာက ဘယ်မှာ ကျန်တော့မည်နည်း။

သွေးဝတ်စုံနှင့် အနားမှာ နေခြင်းက ကံဆိုးမှုကိုသာ ယူဆောင်လာပေလိမ့်မည်..။

နှင်းခဲဓားက တိတ်တဆိတ် ဆုံးဖြတ်လိုက်၏။

အနာဂတ်တွင် သူသည် သွေးဝတ်စုံနှင့် တတ်နိုင်သမျှ ဝေးဝေးနေရမည်..။

အခြားသော ပါရမီရှင်များသည်လည်း ကျိယွမ်ကို စိတ်ပျက်သလို ကြည့်နေကြကုန်၏။

ဒီကောင်က တကယ်ကို ဘာမဆို ပြောမဲ့ကောင်ပဲ..။

အစပိုင်းတွင် ကျိယွမ်က ဘိုးဘေးကို သူ၏ ပျောက်ဆုံးနေသော မြေးလားဟု လိုက်မေးနေသည်ဆိုသော ကောလာဟလများကို သူတို့ မယုံကြည်ခဲ့ကြပေ။

သို့သော် ယခုမူ.. သူတို့ ယုံကြည်သွားကြပြီ ဖြစ်သည်။

"သွေးဝတ်စုံ.. လျှောက်မပြောနဲ့."

အန်းရွှန်းလုမှာ ဒေါသကြောင့် ရင်ဘတ်များ နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး သူမ၏ အသံမှာ တုန်ရီနေ၏။

"ငါ လျှောက်ပြောနေတာ မဟုတ်ဘူး.. အထောက်အထားအနေနဲ့ အသံပါ သွင်းထားသေးတယ်.."

ကျိယွမ်က အသံသွင်းကျောက်တုံး တစ်တုံးကို ထုတ်ယူလိုက်သည်။

"စီနီယာဓားနက်.. ဒီ အန်းရွှန်းလု ကတော့ တကယ့်ကို လှည့်စားတတ်တဲ့ မိန်းမပဲ.. ငါတို့ကြားမှာ အမြဲတမ်း သွေးခွဲဖို့ ကြိုးစားနေတာ.. မင်း သူမနဲ့ ဝေးဝေးနေသင့်တယ်.."

"သူမက မင်းရဲ့ ရတနာတွေနဲ့ မင်းရဲ့ ရုပ်ရည်ကို လှည့်ဖြားယူတာမျိုး မခံရစေနဲ့.. ယောကျ်ားတစ်ယောက်အနေနဲ့ အပြင်လောကမှာ သတိထားရမယ်.."

ကျိယွမ်သည် တရားမျှတမှုတို့ဖြင့် ပြည့်နှက်နေသော အသွင်ဖြင့် ကြောက်မက်ဖွယ် အမှန်တရားကို ဖော်ထုတ်လိုက်၏။

"စီနီယာ အစ်ကို ဓားနက်.. ကျွန်မ အဲဒီလို မပြောပါဘူး.."

အန်းရွှန်းလု၏ မျက်လုံးထဲတွင် မျက်ရည်များ ဝဲလာလေသည်။

တောင်ထိပ်ပေါ်တွင် ရပ်နေသော ဓားနက်မှာမူ တည်ငြိမ်နေဆဲပင်။

ထိုစဉ် ကျိယွမ်က ဆက်ပြောလိုက်သည်..။

"ဒါက လှည့်စားတတ်တဲ့သူတွေရဲ့ ပုံမှန် အမူအရာပဲ မဟုတ်လား.. သူမရဲ့ အလိမ်အညာတွေ ပေါ်သွားတဲ့အခါ ကျတော့ သနားစရာကောင်းတဲ့ ပုံစံ ဖမ်းတော့တာပဲ.."

"ငါ ရှင်းရှင်းလင်းလင်း ပြောမယ်.. ငါ ဓားနက်ကို ပြိုင်ဘက်အဖြစ် တစ်ခါမှ မသတ်မှတ်ဖူးသလို သူ့ကို ကျော်တက်ဖို့လည်း မကြိုးစားဖူးဘူး.."

အန်းရွှန်းလုက သူ့ကို ဓားတစ်လက်ကဲ့သို့ ထက်ရှသော အကြည့်ဖြင့် စိုက်ကြည့်နေပြီး အံကြိတ်၏။

."နင်က စီနီယာအစ်ကိုဓားနက်နဲ့ မပြိုင်ရဲလို့ ကြောက်နေတာပဲ မဟုတ်လား.."

"ကြည့်ပါဦး.. သူမက ကောလာဟလတွေကို ထပ်ပြီး ဖြန့်နေပြန်ပြီ.."

ကျိယွမ်က မီးလောင်ရာလေပင့် လိုက်၏။

ပြီးမှ သူက တည်ငြိမ်စွာဆက်ပြောသည်။

"ဓားနက်က တစ်နေ့မှာ မူလသဘောတရားနယ်ပယ် ကို ရောက်လာနိုင်ပါတယ်.. ဒါပေမဲ့ အဲဒီနယ်ပယ်ကို သူ ရောက်သွားပြီးတဲ့ အချိန်ကျမှပဲ သူ့ကို ကျော်တက်ရမယ့် ပန်းတိုင်အဖြစ် ငါ စဉ်းစားမှာပါ.. အခုလောလောဆယ်တော့.. သူက အဲဒီလောက်အထိ အဖိုးမတန်သေးပါဘူး.."

သူ၏ အသံမှာ တည်ငြိမ်နေသော်လည်း ထိုအခိုက်အတန့်တွင် အားလုံး၏ နှလုံးသားထဲ၌ မုန်တိုင်းတစ်ခုကို လှုပ်ခတ်သွားစေခဲ့လေတော့သည်။

................

စာစဉ် ၄၃၃ - စွမ်းအားကြီးပြီး ယုံကြည်ချက်အပြည့်ရှိသော ဓားနက်

ကျိယွမ်၏ အစောပိုင်းစကားများကို ပြက်လုံးတစ်ခုအဖြစ်သာ သဘောထားခဲ့ကြသော်လည်း ယခုလူကိုယ်တိုင်မြင်ရသောအခါ သူ၏အလွန်အကျူးယုံကြည်မှုရှိနေပုံနှင့် လွှမ်းမိုးနိုင်သော အရှိန်အဝါတို့ကြောင့် လူတိုင်းက သတိထားမိသွားကြသည်။

ယခု ရောက်ရှိနေသော ပါရမီရှင်များထဲတွင် ဓားနက်ကို အထင်မကြီးသူ တစ်ယောက်မှ မရှိပေ။

နှင်းခဲဓားပင်လျှင် အပြင်ပန်း၌ ဝန်မခံသော်လည်း ဓားနက်ကို သူ၏ အမြင့်ဆုံးပန်းတိုင်အဖြစ် အမြဲမြင်ခဲ့ပြီး သူ့ကို လိုက်မီရန် မနားမနေ ကြိုးစားခဲ့သူ ဖြစ်သည်။

သို့သော် သူ ပို၍ လိုက်လေလေ၊ ကွာဟချက်က ပို၍ ကြီးမားလာလေလေ ဖြစ်နေခဲ့၏။

သို့သော် ယခုမူ လူသစ်သွေးဝတ်စုံ က မည်သို့ ပြောလိုက်သနည်း။

ဓားနက်သည် မဟာ မူလသဘောတရားနယ်ပယ်သို့ မရောက်မချင်း သူ့အတွက် ပန်းတိုင်အဖြစ် သတ်မှတ်ခံရရန် အရည်အချင်း မရှိသေးဟူ၏။

ပါရမီရှင်တိုင်း၏ နှလုံးသားမှာ တုန်လှုပ်သွားကုန်ပြီး သူတို့အားလုံးသည် ကျိယွမ်ထံသို့ အမျိုးမျိုးသော အမူအရာများဖြင့် လှည့်ကြည့်လိုက်ကြ၏။

သွေးဝတ်စုံသည် ဓားနက်ကို ရန်စနေခြင်းလား။

သို့မဟုတ်လျှင်.. သူ့ကို စစ်ကြေညာလိုက်ခြင်းလား။

ခရမ်းရောင်ကံကြမ္မာ ကောင်းကင်ဘုံမှ ရှေးဟောင်းပုံပြင်များမှာ သူတို့၏ စိတ်ထဲတွင် ပြန်လည် ပေါ်ပေါက်လာ၏။

အချို့ဆိုလျှင် မကြာမီ ဖြစ်ပွားတော့မည့် ပဋိပက္ခ၏ ယမ်းနံ့ကိုပင် ရနေကြပြီ ဖြစ်သည်။

ခရမ်းရောင်ကံကြမ္မာ ကောင်းကင်ဘုံ၏ ဘိုးဘေးက သွေးဝတ်စုံကို မဟူရာချောက်ကမ်းပါး ဘိုးဘေးသွေး ကိုယ်တိုင်ကိုယ်ကျ ပေးအပ်ခဲ့ပုံကို ပြန်စဉ်းစားမိသောအခါ သူတို့မှာ ပို၍ပင် တွေးစရာများ ဖြစ်လာကြကုန်၏။

ဓားနက်သည် မဟူရာချောက်နက် ၏ မဟာအကြီးအကဲ ကို ကိုယ်စားပြုသည်။ အကြီးအကဲကိုးဦးထဲတွင် အနည်းဆုံး ထက်ဝက်မှာ မဟာအကြီးအကဲ၏ တပည့်များ ဖြစ်ကြ၏။

ခရမ်းရောင်ကံကြမ္မာ ကောင်းကင်ဘုံမှ ဆဋ္ဌမမြောက် အကြီးအကဲ သည်လည်း ထိုသူများထဲမှ တစ်ဦး ဖြစ်သည်။

သို့သော် ဆဋ္ဌမမြောက် အကြီးအကဲနှင့် မဟာအကြီးအကဲတို့ကြားတွင် မဟူရာချောက်နက်အတွင်း ကာလရှည်ကြာ မကျေလည်မှုများနှင့် သဘောထားကွဲလွဲမှုများ ရှိနေသည်မှာ လူအများကြား လျှို့ဝှက်ချက် မဟုတ်ပေ။

ယခုအခါ သွေးဝတ်စုံက ဓားနက်ကို စိန်ခေါ်နေပုံရသည်မှာ ဆဋ္ဌမမြောက် အကြီးအကဲနှင့် မဟာအကြီးအကဲတို့အကြားမှ ထိုပဋိပက္ခဟောင်း၏ အဆက်အနွယ် ဖြစ်နေမည်ကို လူအများက ခံစားမိသလိုရှိလာကြ၏။

သို့သော်.. သွေးဝတ်စုံမှာ ဓားနက်နှင့် ယှဉ်ပြိုင်နိုင်လောက်သော အစွမ်း တကယ်ရှိလို့လား။

လွန်ခဲ့သော အချိန်အတော်ကြာက မဟာ မူလသဘောတရားနယ်ပယ် ပညာရှင်တစ်ဦး မဟူရာချောက်နက်သို့ လာရောက်လည်ပတ်ခဲ့ဖူး၏။

ဓားနက်နှင့် တွေ့ဆုံပြီးနောက် ထိုပညာရှင်က "ငါ ငယ်ငယ်တုန်းကဆိုရင် ဓားနက်ထက် အများကြီး နိမ့်ကျခဲ့တာ" ဟု ဝန်ခံမှတ်ချက်ပေးခဲ့ဖူးလေသည်။

သူတို့ထဲမှ မည်သူကမျှ ကျိယွမ်ကဲ့သို့ ထူးထူးဆန်းဆန်းရည်မှန်းချက်မျိုး မရှိကြပေ။ရှိမည်ဟူလည်း မထင်ပါ။

လူများက သွေးဝတ်စုံသည် ဓားနက်ကို ကျော်တက်ချင်နေသည်၊ ဓားနက်သည် သူ၏ ပန်းတိုင်ဖြစ်သည်ဟု ပြောနေကြသော်လည်း အမှန်တရားမှာ ထိုသို့ဟုတ်ဟန်မတူပေ။

သူ့အတွက်မူ ဓားနက်သည် သူ၏ ပန်းတိုင်ဖြစ်ရန်ပင် မထိုက်တန်သေးဟု ဆိုနေ၏။

အားလုံး လှုပ်စိလှုပ်စိဖြစ်ကုန်သော်လည်း ဓားနက်၏ အမူအရာမှာ ပြောင်းလဲခြင်း မရှိဘဲ ပွင့်လန်းနေသော ဂန္ဓမာပန်းတစ်ပွင့်ကဲ့သို့ တည်ငြိမ်အေးဆေးနေဆဲပင် ။

"ငါက မင်းတို့ထက် နည်းနည်းလေးပဲ ရှေ့ရောက်နေတာပါ.. ငါ့ကို ကျော်တက်ရမယ့် ပန်းတိုင်အဖြစ် သတ်မှတ်နေဖို့ မလိုပါဘူး.."

သူသည် ကျိယွမ်၏ စကားများကို လုံးဝ အလေးထားပုံမရပေ။

အန်းရွှန်းလုက ဓားနက်ကို ကြည်ညိုအားကျသော အကြည့်များဖြင့် စိုက်ကြည့်နေပြီးနောက် ကျိယွမ်ဘက်သို့ နှာခေါင်းရှုံ့ကာ လှည့်ကြည့်လိုက်၏။

"စီနီယာ အစ်ကို ဓားနက်ကို ကြည့်လိုက်ဦး.. ပြီးရင် နင့်ကိုယ်နင် ပြန်ကြည့်.. ကွာခြားချက်ကို မမြင်ဘူးလား.."

"ဟမ်.."

ကျိယွမ်မှာ အန်းရွှန်းလု၏ စကားကြောင့် ဇဝေဇဝါ ဖြစ်သွားသည်။

"ငါ အရှင်းကြီး မြင်တာပေါ့.. သူက ငါ့လောက် ရုပ်မချောဘူး.. အဲဒါပဲ ကွာတာလေ.."

"နင်.."

အန်းရွှန်းလုမှာ ဒေါသထွက်လွန်း၍ အသားများပင်တုန်သွား၏။

"နင် ဘာတွေ လျှောက်ပြောနေတာလဲ.. စီနီယာ အစ်ကို ဓားနက်ရဲ့ ပါရမီက နင့်ထက် အဆတစ်ရာ သာသလို၊ သူ့ရဲ့ ရုပ်ရည်ကလည်း နင့်ထက် အဆတစ်ရာ ပိုချောတယ်.."

ကျိယွမ်က သူမနှင့် ငြင်းခုံနေရန် စိတ်မပါတော့ပေ။

သူမသည် စိတ်ကူးယဉ်နေသော ဖန်ဂဲလ်တစ်ယောက်သာ ဖြစ်ကြောင်း သူ သိလိုက်ရသည်။

ကျိယွမ်သည် အစွန်းရောက် ဝါသနာအိုးများကို အမုန်းဆုံးပင်။ ထိုသူများနှင့် ငြင်းခုံနေခြင်းမှာ အပိုပင် ဖြစ်၏.. သူတို့သည် သူတို့၏ စိတ်ကူးယဉ်မှုများကိုသာ အမြဲ ဖန်တီးနေတတ်ကြပြီး ထိုအရာများကို ဘဝကြီးထင်နေကြသူများပင်။

သို့သော် အနီးတွင် ရှိနေသော ခရမ်းရောင်ကံကြမ္မာ ရှောင်လုကမူ မနေနိုင်ဘဲ ပြန်ပြောလိုက်၏.။

"သိသာပါတယ်.. စီနီယာ အစ်ကို သွေးဝတ်စုံက စီနီယာ အစ်ကို ဓားနက်ထက် ပိုပြီး ရုပ်ချောတာပဲကို.."

"ခရမ်းရောင်ကံကြမ္မာ ရှောင်လု.. နင် မျက်စိကန်းနေတာလား.."

ပုံမှန်အားဖြင့် ရှက်တတ်သော ကောင်မလေးကပင် သူမကို ပြန်ပြောရဲသည်ကို အန်းရွှန်းလု ဒေါသပိုထွက်သွားသည်။

"ကျွန်မ မျက်စိက ဘာမှ မဖြစ်ပါဘူး.. စီနီယာ အစ်ကို သွေးဝတ်စုံက ပိုကြည့်ကောင်းတာ အမှန်ပဲလေ.."

ခရမ်းရောင်ကံကြမ္မာ ရှောင်လု၏ မျက်နှာလေး နီမြန်းလာ၏။ ငြင်းခုံခြင်းမှာ သူမ၏ ကျွမ်းကျင်မှု မဟုတ်သည်မှာ ထင်ရှားလှသည်။

"ဟွန်း.."

သွေးဝတ်စုံသည် စီနီယာအစ်ကို ဓားနက်ထက် ပိုကြည့်ကောင်းသည်ဆိုသည်ကို ဆက်ငြင်းနေ၍မရသောကြောင့် အန်းရွှန်းလုက အကြောင်းအရာကို ချက်ချင်း ပြောင်းလိုက်သည်။

.. "ဒါပေမဲ့ စီနီယာ အစ်ကို ဓားနက်က ယန်နတ်ဘုရား တစ်ယောက်ဖြစ်ပြီး မဟူရာချောက်နက်ရဲ့ နံပါတ်တစ် ပါရမီရှင်ပဲ.. သူ့ရဲ့ ပါရမီက သွေးဝတ်စုံထက် အများကြီး သာတယ်.."

"စီနီယာ အစ်ကို သွေးဝတ်စုံက ဘိုးဘေးသွေးအတတ်ပညာကို နောက်မှ စကျင့်လို့ပါ.. သူ့ကို အချိန်အလုံအလောက် ပေးလိုက်ရင် စီနီယာဓားနက်ကို ကျော်တက်ဖို့က ပြဿနာ မရှိပါဘူး.."

ခရမ်းရောင်ကံကြမ္မာ ရှောင်လုက ယုံကြည်မှုအပြည့်ဖြင့် ပြန်ချေပလိုက်သည်။

ကျိယွမ်မှာ ဤအခြေအနေကို ကြည့်ရင်း အံ့အားသင့်သွားရ၏။

အိုမိုင်ဂေါ့...ခရမ်းရောင်ကံကြမ္မာ ရှောင်လုက..ငါ့ရဲ့ ဖန်ဂဲလ် လား..။

ရုတ်တရက် ကျိယွမ်သည် မိမိအနေဖြင့် လူအုပ်စုတစ်ခုကို တစ်ဖက်သတ် အမြင်ဖြင့် ကြည့်မိခဲ့သည်ကို သိသွားရသည်။

ငါမှားသွားတယ် ၊ အစွန်းရောက် ဝါသနာအိုးများထဲမှာလည်း လူကောင်းလေးတွေ ရှိသေးသကိုး..ဥပမာ ရှောင်လုလိုပေါ့...။

မိန်းကလေးနှစ်ယောက်မှာ မနားတမ်း ငြင်းခုံနေကြ၏။

ထိုအချိန်တွင် ဓားနက်က တည်ငြိမ်သော အသံဖြင့် ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်သည်။

"ကြေညာစရာ တစ်ခု ကျန်သေးတယ်.."

"မူလသဘောတရားဆွေးနွေးပွဲ က မကြာခင် စတင်တော့မှာ ဖြစ်တယ်.. အဲဒီမှာ လူငယ်မျိုးဆက်တွေထဲကနေ ပွဲကြည့်ပရိသတ်အဖြစ် တက်ရောက်ဖို့ နေရာ အယောက် သုံးဆယ် ရှိမယ်.."

"ဒီနေရာတွေကို မဟူရာချောက်နက်အပေါ် ထားရှိတဲ့ အကျိုးပြုမှုတွေအပေါ် မူတည်ပြီး ခွဲဝေပေးသွားမှာ ဖြစ်တယ်.."

၎င်းကို ကြားသောအခါ ပါရမီရှင်များ၏ မျက်နှာများမှာ သိသိသာသာ ပြောင်းလဲသွားပြီး အသက်ရှူသံများ မြန်လာကြကုန်၏။ မူလသဘောတရားဆွေးနွေးပွဲ သည် ဆဋ္ဌမမြောက် ကောင်းကင်ဘုံ ၏ အရေးအကြီးဆုံးသောအရာများထဲမှ တစ်ခု ဖြစ်သည်။

ထိုအချိန် ရောက်သောအခါ ဖိတ်ကြားစာ ရရှိသည့် မည်သည့် ယန်နတ်ဘုရား သို့မဟုတ် မည်သည့်အဖွဲ့အစည်းမဆို ဆွေးနွေးပွဲသို့ တက်ရောက်ကြလိမ့်မည်။

ထိုနောက် ယန်နတ်ဘုရားများက မူလသဘောတရားများကို ဘက်ပေါင်းစုံမှ ပွင့်လင်းစွာဆွေးနွေးကြမည်။

သူတို့ကဲ့သို့သော ပါရမီရှင်များအတွက်မူ ၄င်းမှာ အကျိုးကျေးဇူး ကြီးမားလှပြီး သူတို့၏ အနာဂတ် လမ်းစဉ်များအတွက် အခြေခံကောင်းများ ချပေးနိုင်၏။

ခဏတာ နားလည်သဘောပေါက်မှုကပင် သူတို့၏ ကျင့်ကြံခြင်း နှစ်ပေါင်း သောင်းနှင့်ချီ၍ သက်သာစေနိုင်သည်။

သို့သော် သာမန် ကျင့်ကြံသူများမှာ တက်ရောက်ခွင့် မရှိပေ။

သာမန် ယန်နတ်ဘုရားများပင်လျှင် ဆွေးနွေးပွဲ၌ ကြီးကြီးမားမား အကျိုးပြုမှု မရှိပါက တက်ရောက်ရန် အရည်အချင်း မပြည့်မီကြပေ။ မဟူရာချောက်နက်ကဲ့သို့ ထိပ်တန်း မြင့်မြတ်နယ်မြေများတွင်သာ နေရာပိုများများရသဖြင့် လူငယ်မျိုးဆက်များကိုပါ တက်ရောက်ခွင့် ပေးနိုင်ခြင်း ဖြစ်သည်။

"အကျိုးပြုမှုတွေလား.. ကျင့်ကြံတာ ခဏရပ်ပြီး မစ်ရှင်တွေ စလုပ်ရတော့မယ် ထင်တယ်.."

"အေး.. ငါ မစ်ရှင် မလုပ်တာ နှစ်တွေ အများကြီး ရှိနေပြီ.."

"ဆွေးနွေးပွဲ ဖြစ်ဖို့က တစ်နှစ်တောင် မလိုတော့ဘူး.. ငါတို့ ဘယ်လောက်တောင် အကျိုးပြုမှုတွေ ရနိုင်မှာလဲ.."

ပါရမီရှင်များ၏ မျက်နှာများမှာ စိုးရိမ်စိတ်နှင့် ဝမ်းသာစိတ်တို့ ရောယှက်ကာ လေးနက်သွားကြ၏။ အကျိုးပြုရမှတ်များ ရရှိရန် နည်းလမ်းနှစ်သွယ် ရှိသည်.. မစ်ရှင်များ ပြီးမြောက်ခြင်း သို့မဟုတ် ဘိုးဘေးသွေး အတတ်ပညာ တွင် အဆင့်တက်လှမ်းခြင်း တို့ ဖြစ်သည်။

ဘိုးဘေးသွေး အတတ်ပညာတွင် အဆင့်မြင့်လေလေ၊ အကျိုးပြုရမှတ်များ ပိုမို ရရှိလေလေ ဖြစ်၏။

ဥပမာအားဖြင့် နှင်းခဲဓားသည် ဘိုးဘေးသွေး အတတ်ပညာ၏ အဋ္ဌမမြောက်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ၎င်းတစ်ခုတည်းနှင့်တင် သူ ရရှိမည့် အကျိုးပြုရမှတ်များမှာ ဆွေးနွေးပွဲတွင် နေရာတစ်ခု ရရှိရန် လုံလောက်နေလေပြီ ။

တရားဟောပွဲ ပြီးဆုံးသည်နှင့် လူတိုင်းမှာ တဖြည်းဖြည်း လူစုခွဲသွားကြ၏။ ခရမ်းရောင်ကံကြမ္မာ ရှောင်လု၏ မျက်နှာလေးမှာ နီမြန်းနေဆဲပင်။

သူမသည် ငြင်းခုံခြင်း၌ မကျွမ်းကျင်သဖြင့် စိတ်ထဲတွင် အနေရခက်နေပုံ ရသည်။ သူမသည် တစ်ခါတစ်ရံ မျက်မှောင်ကြုတ်နေတတ်ပြီး စိတ်ထဲတွင် ထိုငြင်းခုံမှုကို ပြန်လည် စဉ်းစားကာ မည်သို့ ပိုကောင်းအောင် ပြောနိုင်မည်ကို ပြန်တွေးနေမိ၏။

ထိုစဉ် မလှမ်းမကမ်းရှိ အန်းရွှန်းလုက လှောင်ပြုံးဖြင့် ရုတ်တရက် တိုက်ခိုက်လိုက်သည်.။

. "စီနီယာသွေးဝတ်စုံက ခရမ်းရောင်ကံကြမ္မာ ကောင်းကင်ဘုံကို ရောက်တာ မကြာသေးသလို၊ ဘိုးဘေးသွေး အတတ်ပညာကိုလည်း ခုမှ စကျင့်တာပဲ.. မစ်ရှင်တွေလည်း တစ်ခုမှ မလုပ်ရသေးဘူး.. ဒီတစ်ခါ ဆွေးနွေးပွဲကိုတော့ လွဲချော်ရတော့မှာပဲ.. နှမြောစရာကြီးနော်.."

ကျိယွမ်ကမူ သူမ၏ စကားများကို ဘာမှ မခံစားရပေ။ သူ တက်ရောက်ရန် အရည်အချင်း မပြည့်မီလျှင်တောင် သူ့မှာ ဖိတ်ကြားစာ ရှိနေသေးသည်။ အချိန်ကျလာလျှင် သူက ဟန်ဆောင်ပြီး တက်ရောက်နိုင်ပါသည်။

သို့သော် အန်းရွှန်းလု၏ ထိုသို့သော အမူအရာကို ခရမ်းရောင်ကံကြမ္မာ ရှောင်လုက သဘောမကျသဖြင့် ခေါင်းလွှဲလိုက်၏။

သူမသည် မကောင်းပြောသည့် စကားများကို နားမထောင်ချင်ပေ။

အန်းရွှန်းလုကမူ အနိုင်ရသူပမာ ဝင့်ကြွားစွာဖြင့် ဓားနက်နှင့် တွေ့ဆုံရန် တောင်ထိပ်သို့ လျှောက်သွားလေတော့သည်။

ခရမ်းရောင်ကံကြမ္မာ ရှောင်လုမှာ စိုးရိမ်နေပုံ ရ၏။ သူမက လက်ကို ဝေ့ယမ်းလိုက်ရာ မစ်ရှင်စာရင်းတစ်ခု ပေါ်လာပြီး သူမက စာရင်းကို ကြည့်ရင်း စိုးရိမ်စိတ်တို့က ပိုတိုးလာ၏။

"စီနီယာ အစ်ကို သွေးဝတ်စုံ.. ဒီမစ်ရှင်တွေက အကျိုးပြုရမှတ် သိပ်မပေးတဲ့အပြင် အချိန်လည်း အများကြီး ပေးရတယ်.. အစ်ကိုက.."

သူမက ကျိယွမ်အတွက် တကယ်ကို စိုးရိမ်ပေးနေခြင်း ဖြစ်သည်။

စီနီယာ အစ်ကို သွေးဝတ်စုံ၏ ပါရမီမှာ ကြောက်စရာကောင်းသော်လည်း ဤဆွေးနွေးပွဲကို လွဲချော်သွားပါက ကြီးမားသော ဆုံးရှုံးမှု ဖြစ်ပေလိမ့်မည်။ သူနှင့် ဓားနက်ကြားမှ ကွာဟချက်က ပို၍သာ ကြီးမားသွားနိုင်၏။

"အဲဒါကို စိတ်မပူပါနဲ့.."

ကျိယွမ်က မစ်ရှင်စာရင်းကို ပျင်းရိစွာ ကြည့်ရင်း ပြောလိုက်သည်။

ထို့နောက် သူက ရုတ်တရက် မေးလိုက်၏။

"အကျိုးပြုရမှတ်တွေကို မဟူရာချောက်ကမ်းပါး ဘိုးဘေးသွေး နဲ့ လဲလို့ရလား.."

မစ်ရှင်အများစုမှာ မိုလို မျိုးနွယ်စု နှင့် ပတ်သက်နေသည်ကို သူ သတိထားမိလိုက်သည်။ မကြာသေးမီက မိုလို မျိုးနွယ်စုသည် အခွန်ဆက်ခြင်းကို ရပ်ဆိုင်းလိုက်သဖြင့် မဟူရာချောက်နက်အတွင်း၌ ဂယက်ရိုက်သွားခဲ့၏။

မစ်ရှင်အသစ် အများအပြားမှာ ၎င်းနှင့် ပတ်သက်နေသည်။ စိတိမကောင်းစရာမှာ ၎င်းတို့ကို ပြီးမြောက်ရန်မှာ သူ့အတွက် ထမင်းစားရေသောက်ထက်ပင် လွယ်ကူနေခြင်းပင်။

စိတ်တောင်မကောင်းဘူး ..မစ်ရှင်တွေက ငါ့ပိုက်နက်ထဲမှာချည်းပဲ။

ဥပမာအားဖြင့် မစ်ရှင်တစ်ခုမှာ ပဉ္စမမြောက် ကောင်းကင်ဘုံ သို့ သွားရောက်၍ မိုလို မျိုးနွယ်စုနှင့် ဆွေးနွေးကာ အနည်းဆုံး မိလော့အလင်းတန်း အခုတစ်ရာကို အခွန်အဖြစ် တောင်းခံရန် ဖြစ်သည်။

ထိုအလုပ်များမှာ သူ့ထက်မည်သူက ပို၍မြန်အောင်လုပ်နိုင်မည်နည်း။

"မရဘူး အစ်ကို.."

ခရမ်းရောင်ကံကြမ္မာ ရှောင်လုက ခေါင်းခါပြလိုက်၏။ မဟူရာချောက်ကမ်းပါး ဘိုးဘေးသွေးမှာ အလွန် တန်ဖိုးကြီးလှသဖြင့် မဟာ မူလသဘောတရားနယ်ပယ် ပညာရှင်များမှလွဲ၍ ရရှိရန် နည်းလမ်း မရှိသလောက်ပင်။

ကျိယွမ်က မိုလို မျိုးနွယ်စု မစ်ရှင်များကို ကြည့်နေသည်ကို မြင်သောအခါ သူမက ရုတ်တရက် သတိပြုမိသွားပြီး မေးလ်ုက်၏။

"စီနီယာအစ်ကိုသွေးဝတ်စုံက ဒီမိုလို မျိုးနွယ်စု မစ်ရှင်တွေကို ဖြေရှင်းပေးနိုင်လို့လား.."

စီနီယာအစ်ကိုသွေးဝတ်စုံသည် ချောက်နက်အတွင်းမှလာသူ ဖြစ်သဖြင့် မိုလို မျိုးနွယ်စုနှင့် ရင်းနှီးမှု ရှိနိုင်သည်။ ကျိယွမ်၏ မေးခွန်းပုံစံအရ သူသည် မိုလို မျိုးနွယ်စု မစ်ရှင်များကို ကိုင်တွယ်နိုင်ရန် ယုံကြည်မှု ရှိနေပုံရ၏။

"ငါ ကိုင်တွယ်နိုင်ပါတယ်.."

ကျိယွမ်က ရိုးသားသောမျက်နှာဖြင့်ပြောလိုက်သည်။

ခရမ်းရောင်ကံကြမ္မာ ရှောင်လု၏ မျက်လုံးများမှာ ဝင်းလက်သွားလေ၏။

"စီနီယာ အစ်ကို သွေးဝတ်စုံ.. အစ်ကိုက တကယ် တော်တာပဲ.. ဒီမစ်ရှင်တွေကို ဘာလို့ လက်မခံတာလဲ.. ဒါတွေကို ပြီးမြောက်အောင် လုပ်နိုင်ရင် ဆွေးနွေးပွဲ တက်ရောက်ဖို့ လုံလောက်တဲ့ အကျိုးပြုရမှတ်တွေ ရမှာပဲကို.."

"ငါ မလုပ်ပါဘူး.."

ကျိယွမ်က ခေါင်းခါပြလိုက်၏။

ငါ့ကို ဘာမှတ်နေလဲ..။

ငါက ဒီလိုမစ်ရှင်တွေကို ဘာလို့လုပ်ရမှာလဲ။

၎င်းတို့ကို လုပ်ခြင်းက အကျိုးပြုရမှတ်များ ရနိုင်သည်မှာ အမှန်ပင် ဖြစ်သော်လည်း.. သူက အရှုံးပေါ်မည် မဟုတ်ပါလား။

ထိုမစ်ရှင်များမှာ အဓိကအားဖြင့် မိုလို မျိုးနွယ်စုကို အခွန်ဆက်ခိုင်းရန် ဖြစ်သည်။

မိုလို မျိုးနွယ်စုက ငါ့လူတွေလေ..။ ငါ့လူတွေကို မဟူရာချောက်နက်ကို အခွန်ဆက်ခိုင်းပြီး အကျိုးပြုရမှတ် အနည်းငယ်နှင့် လဲရမည်လား။

ငါ့ကို အရူးထင်နေလို့လား..။

"ဟင်.."

ခရမ်းရောင်ကံကြမ္မာ ရှောင်လုမှာ ဇဝေဇဝါ ဖြစ်သွားရသည်။

"စိတ်မပူပါနဲ့ ချိုပန်းရောင် ညီမလေး.. အကျိုးပြုရမှတ်တွေအတွက် ငါ့မှာ ကိုယ်ပိုင်အစီအစဉ် ရှိပါတယ်.."

ကျိယွမ်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်၏။

သူသည် အကျိုးပြုရမှတ်များ ရရန် မည်သည့် အလုပ်ကိုမှ လုပ်ရန် မလိုပေ။ ဘိုးဘေးသွေး အတတ်ပညာတွင် အဆင့်တက်လိုက်ရုံသာ ရှိသည်။

"ဆွေးနွေးပွဲမှာ နေရာတစ်ခု ရဖို့အတွက် ဘိုးဘေးသွေး အတတ်ပညာ ဘယ်နှစ်ဆင့်လောက် ရှိရင် လုံလောက်မလဲ.."

ကျိယွမ်က မေးလိုက်သည်။

"ခြောက်ဆင့်ဆိုရင်တော့ အခွင့်အရေး ရှိပါတယ်.. ဒါပေမဲ့ စိတ်ချရဖို့ဆိုရင်တော့ အနည်းဆုံး ခုနစ်ဆင့် ရှိရပါမယ်.."

ခရမ်းရောင်ကံကြမ္မာ ရှောင်လုက ကျိယွမ်၏ အတွေးကို စတင် ရိပ်မိလာသော်လည်း ၎င်းမှာ မဖြစ်နိုင်ဟု သူမ ထင်မိသည်။

သို့သော် သူမက ထပ်မမေးဘဲ အဖြေကိုသာ ပေးလိုက်၏။

"အာ.. ဒါဆို ဒီညတင် ပြီးသွားမှာပါ.."

ကျိယွမ်က ပြုံးရင်း ပြောလိုက်သည်။

ဤဆွေးနွေးပွဲကို သူသည် မိုကျိအဖြစ်ရော၊ သွေးဝတ်စုံ အဖြစ်ပါ တက်ရောက်ရန် စီစဉ်ထား၏။

သူ့မှာ အားကောင်းသော နောက်ခံ ရှိနေသည် မဟုတ်လား..။ မဟာ မူလသဘောတရားနယ်ပယ် ပညာရှင်တစ်ဦး၏ ထောက်ခံမှုရှိလျှင် အရာရာက ပို၍ လွယ်ကူသွားပေလိမ့်မည်။

ခရမ်းရောင်ကံကြမ္မာ ရှောင်လုမှာမူ ကျိယွမ် ဘာကို ဆိုလိုသည်ကို နားမလည်သဖြင့် မျက်တောင်လေး ခတ်ကာ ကြည့်နေမိ၏။

သို့သော် သူမက ရှက်တတ်သူ ဖြစ်သဖြင့် ထပ်မမေးတော့ပါ။

"ခရမ်းရောင်ကံကြမ္မာ ကောင်းကင်ဘုံမှာ ဘိုးဘေးသွေး အတတ်ပညာ အဆင့်ကို ဘယ်မှာ သွားစစ်လို့ရမလဲ.. ငါ့ရဲ့ တိုးတက်မှုကို စစ်ဆေးပြီး အကျိုးပြုရမှတ်တွေနဲ့ လဲချင်လို့.."

၎င်းကို ကြားသောအခါ ခရမ်းရောင်ကံကြမ္မာ ရှောင်လု၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး အသက်ရှူသံများ အနည်းငယ် မြန်လာ၏။

စီနီယာ အစ်ကို သွေးဝတ်စုံက ဘိုးဘေးသွေး အတတ်ပညာ တိုးတက်မှုကို အကျိုးပြုရမှတ်များနှင့် လဲလှယ်တော့မည်လား။

ဆိုလိုသည်မှာ.. သူသည် ပထမအဆင့်၊ ဒုတိယအဆင့် သို့မဟုတ် တတိယအဆင့်ကိုပင် ရောက်နေပြီလား။

ဘိုးဘေးသွေး အတတ်ပညာ ကျင့်ကြံရာတွင် အမြန်ဆုံး စံချိန်မှာ ဓားနက် တင်ထားခြင်း ဖြစ်သည်.. တတိယအဆင့်သို့ ရောက်ရန် နှစ်ပတ်နှင့် စတုတ္ထအဆင့်သို့ ရောက်ရန် သုံးလ ကြာမြင့်ခဲ့၏။ သူသည် အခြားသူများထက် အများကြီး ရှေ့ရောက်နေခဲ့ခြင်းပင်။

ရှောင်လုအနေဖြင့် ပထမအဆင့်သို့ ရောက်ရန်လေးကိုပင် တစ်နှစ်ပတ်လုံး အချိန်ပေးခဲ့ရသည်။

"ဟုတ်ကဲ့.. သွားကြရအောင်.."

သူမ၏ လေသံထဲတွင် အားကျကြည်ညိုမှုများ ပြည့်နှက်နေလေတော့သည်။

........

တောင်ထိပ်ပေါ်တွင် ဝတ်စုံဖြူ ဝတ်ဆင်ထားသော ဓားနက်မှာ ယဉ်ကျေးသိမ်မွေ့မှုနှင့် ခန့်ညားထည်ဝါမှုတို့ လွှမ်းမိုးနေ၏။

သူ၏ ဘေးတွင် မကျေနပ်သော အမူအရာဖြင့် မဟာကောင်းကင်အဆင့် ယန်နတ်ဘုရား တစ်ဦး ရပ်နေသည်။

"အဲဒီ သွေးဝတ်စုံက.. နည်းနည်းတော့ မောက်မာလွန်းတယ်.."

ဓားနက်သည် ၎င်းကို ကြားသောအခါ တည်ငြိမ်စွာ ပြန်ပြောလိုက်၏။

"သူ့မှာ ကိုယ်ပိုင် ပန်းတိုင်တွေ ရှိမှာပါ.. ငါ့ကို ပန်းတိုင်အဖြစ် မသတ်မှတ်တာက ပြဿနာ မဟုတ်ပါဘူး.."

"ဟူး.. မင်းကတော့ အရမ်းကို သဘောထားကြီးလွန်းတာပဲ.."

ထိုယန်နတ်ဘုရားက ညည်းတွားလိုက်၏။ ဓားနက်အကြောင်း သူ ပိုသိလေလေ၊ ဓားနက်၏ ပါရမီမှာ ပို၍ ကြောက်စရာကောင်းမှန်း သူ သိလေလေ ဖြစ်သည်။

"သူက ငါ့ကို ပန်းတိုင်အဖြစ် မမြင်တာက.. ငါ လမ်းလျှောက်နေရင်း ငါ့နောက်မှာ ရှိနေတဲ့ ကျင့်ကြံသူတွေကို သတိမထားမိသလိုမျိုးပါပဲ.. ဘာမှ အရေးမကြီးပါဘူး.."

ဓားနက်ကတော့ အေးအေးဆေးဆေးနိုင်လှ၏ ။

သို့သော် သူ ပြောသည်မှာ အမှန်တရားပင်။ သူသည် သူနှင့် ရွယ်တူများ၏ စိန်ခေါ်မှုကို မကြောက်ပေ.. အမှန်စင်စစ် သူက ထိုသူများကို ဂရုပင်မစိုက်ခြင်း ဖြစ်သည်။

သူ့နောက်တွင် ကျန်ခဲ့သော မည်သူမဆို ပို၍သာ နောက်ကျကျန်နေခဲ့လိမ့်မည်.. သူ၏ အကြည့်များမှာ ကြယ်တာရာနယ်မြေ နှင့် ထိုနေရာမှ ထိပ်တန်း မဟာ မူလသဘောတရားနယ်ပယ် ပညာရှင်များထံသို့သာ အမြဲ ရှိနေသောကြောင့် ဖြစ်၏။

ထို့ကြောင့် သူ့နောက်ကနေ လိုက်ဖို့ ကြိုးစားနေရတဲ့သူတွေကို သူက ဘာလို့ လှည့်ကြည့်နေရပါမည်နည်း။

"မဟူရာချောက်နက်ရဲ့ ထွန်းတောက်မှုက မင်းအပေါ်မှာပဲ မူတည်ပါတယ်.."

ထိုယန်နတ်ဘုရားက အားကျစွာ ပြောလိုက်၏။

"အခြားသူတွေကတော့ ဖြတ်သန်းသွားတဲ့ တိမ်တိုက်တွေလိုပါပဲ.."

အခြားသော ရွယ်တူပါရမီရှင်များမှာ ယန်နတ်ဘုရား အဆင့်သို့ ရောက်ရန် ကြိုးစားနေရဆဲ အချိန်တွင် ဓားနက်မှာမူ မဟာကောင်းကင်အဆင့် ယန်နတ်ဘုရားများ၏ အလေးပေးခြင်းကို ခံနေရပြီး မူလသဘောတရားများကိုပင် ဆွေးနွေးနိုင်နေလေပြီ ။

"အဲဒီ သွေးဝတ်စုံက ဆဋ္ဌမမြောက် အကြီးအကဲရဲ့ မျက်နှာသာပေးမှုကို ရထားတာဆိုတော့ သူ့ရဲ့ ပါရမီကလည်း ထူးကဲမှာပါ.. တစ်နေ့မှာ သူက မဟာ မူလသဘောတရားနယ်ပယ် ပညာရှင်တစ်ယောက်တောင် ဖြစ်လာနိုင်တယ်.. မင်း သူ့ကို အခုကတည်းက စမ်းသပ်မှုတချို့ ပေးပြီး အသုံးဝင်တဲ့ ဓားတစ်လက်ဖြစ်အောင် သွေးထားသင့်တယ်.."

ယန်နတ်ဘုရားက အကြံပေးလိုက်၏။

သူသည် ဓားနက်ကို လေးစားသော်လည်း မနာလိုစိတ်လည်း ရှိနေသည်။ သူ၏ အကြံပြုချက်မှာ ဓားနက်နှင့် ပိုမို ရင်းနှီးရန် ကြိုးစားခြင်းသာ ဖြစ်၏။

"အကြံပေးတာ ကျေးဇူးတင်ပါတယ်.."

ဓားနက်က ပုံမှန်အတိုင်း ပြန်ဖြေလိုက်သော်လည်း ထိုစကားကို စိတ်ထဲ မထားပေ။

ငါက အနိုင်မရနိုင်သူပဲ.. ငါ့မှာ ဘာလို့ တခြား ထက်ရှတဲ့ ဓားတစ်လက် လိုဦးမှာလဲ..။

"အန်းရွှန်းလု လာနေပြီ.. ငါ သွားလိုက်ဦးမယ်.."

ယန်နတ်ဘုရားက ပြုံးကာ ပျောက်ကွယ်သွားတော့သည်။ သူ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် စိတ်အားထက်သန်သော အသံတစ်သံ ထွက်ပေါ်လာ၏။

"စီနီယာ အစ်ကို ဓားနက်.."

အန်းရွှန်းလုက အလွန်အမင်း ကြည်ညိုအားကျသော အမူအရာဖြင့် ပြေးလာလေသည်။

"အင်း.. မင်းရဲ့ ကျင့်ကြံမှုတွေ ဘယ်လိုရှိလဲ.."

ဓားနက်က သူမကို နွေးထွေးစွာ ဆက်ဆံပေး၏။

အန်းရွှန်းလု၏ နှလုံးသားမှာ ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်သွားပြီး ကျိယွမ်အပေါ် ထားရှိသော မောက်မာမှုနှင့် အေးစက်မှုများမှာ ပျောက်ကွယ်သွားကာ နူးညံ့သိမ်မွေ့သော အမျိုးသမီးလေးတစ်ဦးအဖြစ် ပြောင်းလဲသွားတော့သည်။

"ဘိုးဘေးသွေး အတတ်ပညာက ပဉ္စမမြောက်အဆင့်မှာပဲ ရှိပါသေးတယ်.."

အန်းရွှန်းလုက အနည်းငယ် စိတ်ပျက်စွာ ပြောလိုက်၏။

"ဘိုးဘေးသွေး အတတ်ပညာ ကျင့်ကြံခြင်းက သွေးမျိုးဆက်အပေါ်မှာ မူတည်တာ.. ဒီကိစ္စမှာ ငါလည်း မင်းကို သိပ်ပြီး မကူညီနိုင်ဘူး.."

"ကျွန်မ နားလည်ပါတယ်.. ဆက်ပြီး ကြိုးစားသွားမှာပါ.."

စကားပြောရငိး အန်းရွှန်းလုက တစ်ခုခုကို သတိရကာ မျက်မှောင်ကြုတ်လိုက်မိသည်။

.. "ဒါပေမဲ့ ဘိုးဘေးက အရမ်း မတရားဘူး.. မဟူရာချောက်ကမ်းပါး ဘိုးဘေးသွေးကို စီနီယာအစ်ကို့ကို မပေးဘဲ သွေးဝတ်စုံကို ပေးလိုက်တယ်.."

၎င်းကို ပြောရင်း သူမက ဒေါသများ ထွက်လာရ၏။ ဓားနက်က မူလသဘောတရားနယ်ပယ်သို့ ရောက်သည့်အခါ ဘိုးဘေးများက မဟူရာချောက်ကမ်းပါး ဘိုးဘေးသွေးကို လက်ဆောင်ပေးမည်ဟု တစ်ခါက ပြောခဲ့ဖူးသည်။

သို့သော် မဟူရာချောက်နက်သို့ ခုမှ ရောက်လာသော သွေးဝတ်စုံမှာမူ ဤအဖိုးတန်ရတနာကို ရရှိထားပြီး ဖြစ်သည်။

သူမအနေဖြင့် ၎င်းမှာ မတရားဟု ခံစားရပြီး ဓားနက်အတွက် မကျေမနပ် ဖြစ်နေ၏။

"ရပါတယ်.. မဟူရာချောက်ကမ်းပါး ဘိုးဘေးသွေးက ငါ့အတွက် သိပ်ပြီး အကူအညီ မဖြစ်ပါဘူး.. အဲဒါ ရှိရှိ မရှိရှိ ငါ့အတွက် ဘာမှ မထူးခြားပါဘူး.. ငါ့ရဲ့ ကိုယ်ပိုင်ခွန်အားကိုပဲ ငါ အားကိုးနိုင်ပါတယ်.."

ဓားနက်က အေးဆေးစွာ ပြောလိုက်သည်။

သူ၏ သွေးမျိုးဆက်မှာ မဟူရာချောက်ကမ်းပါး ဘိုးဘေးသွေးနှင့် အလွန် ရင်းနှီးပြီးသား ဖြစ်၏။ အမှန်စင်စစ် သူ၏ သွေးကြောထဲတွင် စီးဆင်းနေသော သွေးများမှာ မဟူရာချောက်ကမ်းပါး ဘိုးဘေးသွေးနှင့် မခြားနားပေ။

ဘိုးဘေးသွေး အတတ်ပညာကို ကျင့်ကြံခြင်းဖြင့် သူသည် မဟူရာချောက်ကမ်းပါး ဘိုးဘေးသွေး၏ အာဟာရကို အမြဲ ရရှိနေသကဲ့သို့ပင်။

၎င်းမှာ မမှန်မကန် လုပ်ခြင်း မဟုတ်ဘဲ သူ၏ မွေးရာပါ ပါရမီသာ ဖြစ်ပေသည်။

ထို့ကြောင့် မဟူရာချောက်ကမ်းပါး ဘိုးဘေးသွေးမှာ ယခုအဆင့်တွင် သူ့အတွက် တန်ဖိုးမရှိသလောက်ပင်။

သို့သော် သူ မူလသဘောတရားနယ်ပယ်သို့ ရောက်သည့်အခါတွင်မူ ပြောင်းလဲသွားပေလိမ့်မည်။

"ဒါပေမဲ့ ဒါက အရမ်း မတရားတာပဲ.."

အန်းရွှန်းလုက သူ့ကိုယ်စား မကျေမနပ် ဖြစ်နေဆဲပင်။

ဓားနက်က ပြုံးကာ သူမ၏ ဆံပင်လေးများကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။

"အဲဒါတွေကို အများကြီး မတွေးပါနဲ့.. အကျိုးပြုရမှတ်တွေ ရအောင်ပဲ အာရုံစိုက်ပါ.. မင်းက မူလသဘောတရားဆွေးနွေးပွဲ ကို မတက်ချင်ဘူးလား.."

သူ၏ စကားကြောင့် အန်းရွှန်းလုက ချက်ချင်း ခေါင်းညိတ်ပြလိုက်သည်။

.. "ကျွန်မ ကြိုးစားပါ့မယ်."

"ပြီးတော့ ငါ့အတွက်လည်း စိတ်မပူပါနဲ့.. အဲဒီ သွေးဝတ်စုံ ကြောင့် ခြိမ်းခြောက်ခံရတယ်လို့ ခံစားနေစရာ မလိုပါဘူး.."

ဓားနက်၏ အသံမှာ တည်ငြိမ်လှ၏။

"မဟူရာချောက်နက်မှာ ငါ ရထားတဲ့ အရာရာတိုင်းကို ငါ့ရဲ့ ကိုယ်ပိုင်လက်တွေနဲ့ ရယူခဲ့တာ.. ဘယ်သူမှ လုယူသွားလို့ မရဘူး.."

ဓားနက်သည် မိမိကိုယ်မိမိ အပြည့်အဝ ယုံကြည်ချက် ရှိသည်။

သွေးဝတ်စုံက သူ့ကို ပန်းတိုင်အဖြစ် မသတ်မှတ်ခဲ့သော်လည်း ဓားနက်၏ အမြင်တွင်မူ သူကလည်း သူ့နောက်မှ သွေးဝတ်စုံကိုပင် သတိထားမိခြင်း မရှိပါ။

သူ၏ အာရုံများမှာ လင်းယာအသွင်ကူးပြောင်းခြင်း အပေါ်တွင်သာ အမြဲ ရှိနေခဲ့သည်။

လင်းယာအသွင်ကူးပြောင်းခြင်းတွင် ယန်နတ်ဘုရားများပင်လျှင် နယ်ရုပ်လေးများသာ ဖြစ်ပြီး သူတို့၏ ကံကြမ္မာကို အခြားသူများကသာ ထိန်းချုပ်ထား၏။

မူလသဘောတရားနယ်ပယ် ယန်နတ်ဘုရားများပင်လျှင် ပိုကြီးသော နယ်ရုပ်များသာ ဖြစ်ပေသည်။ မဟာ မူလသဘောတရားနယ်ပယ် ကို ပိုင်ဆိုင်ထားသူများသာလျှင် စစ်တုရင်ခုံပေါ်မှ ကစားသမားစစ်စစ်များ ဖြစ်ကြသည်။

မဟူရာချောက်နက်သည် သူ့ကို စစ်တုရင်ခုံပေါ်သို့ တက်လှမ်းနိုင်ရန်၊ ကစားသမားတစ်ဦး ဖြစ်လာရန်နှင့် လင်းယာအသွင်ကူးပြောင်းခြင်းအတွင်း မဟူရာချောက်နက်ကို စောင့်ရှောက်နိုင်ရန်အတွက် ပြုစုပျိုးထောင်ပေးခဲ့ခြင်း ဖြစ်၏။

သို့သော် သူ၏ ရည်မှန်းချက်မှာ မဟူရာချောက်နက်ထက်ပင် သာလွန်ပေသည်။ သူသည် ကစားသမားတစ်ဦး ဖြစ်ရုံနှင့် မကျေနပ်ဘဲ အစွမ်းအထက်ဆုံး ကစားသမား ဖြစ်လာချင်၏။

သူက ဆဋ္ဌမမြောက် ကောင်းကင်ဘုံ၏ ကစားပွဲကို လွှမ်းမိုးချုပ်ကိုင်မည့်သူ ဖြစ်ချင်သည်။

သွေးဝတ်စုံအတွက်မူ.. သူသည် နယ်ရုပ်ကြီးတစ်ရုပ်ပင် မဖြစ်သေးပေ။

ဓားနက်အနေဖြင့် ဘာကြောင့် ဂရုစိုက်နေမည်နည်း။

ယုံကြည်ချက်ရှိပြီး နူးညံ့သိမ်မွေ့လှသော ဓားနက်ကို ကြည့်ရင်း အန်းရွှန်းလု၏ မျက်လုံးများမှာ ကြည်ညိုအားကျမှုတို့ဖြင့် ပြည့်နှက်နေလေတော့သည်။

"စီနီယာ အစ်ကို ဓားနက်..."

-----------

All Chapters