← Chapters

အခန်း (၄၃၄-၄၃၅)

Vol. 40 Ch. 434-435

အခန်း (၄၃၄-၄၃၅)

Vol. 40 Ch. 434-435

အခန်း ၄၃၄ - ဉာဏ်ရည်တု အဏုကြည့် စစ်ဆေးရေးပိုးမွှားများ

ခရမ်းရောင်ကံကြမ္မာ ရှောင်လု ၏ ဦးဆောင်မှုဖြင့် ကျိယွမ်သည် တည်နေရာရွှေ့ပြောင်းအစီအရင်ကို အသုံးပြုကာ ခရမ်းရောင်ကံကြမ္မာ ကောင်းကင်ဘုံသို့ ပြန်လာခဲ့လေသည်။

"ဘိုးဘေးသွေး ခန်းမဆောင် ဆိုတာက ဘိုးဘေးသွေး အတတ်ပညာမှာ ကျင့်ကြံမှု ဘယ်လောက် တိုးတက်လဲဆိုတာ တိုင်းတာတဲ့နေရာပဲ.. နေ့တိုင်း ခရမ်းရောင်ကံကြမ္မာ ကောင်းကင်ဘုံက လူအများအပြားဟာ သူတို့ရဲ့ တိုးတက်မှုကို စစ်ဆေးဖို့ ဒီကို လာကြတယ်.."

"ဘယ်သူမဆို သွေးမျိုးဆက်အားနည်းပြီး သာမန်ကျင့်ကြံသူပဲ ဖြစ်နေပါစေ.. ဘိုးဘေးသွေး အတတ်ပညာရဲ့ ဆဋ္ဌမမြောက်အလွှာကို ရောက်အောင် လုပ်နိုင်ရင် မဟူရာချောက်နက်မှာ အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာနိုင်တယ်.."

"အဲဒါကြောင့် ခရမ်းရောင်ကံကြမ္မာ ကောင်းကင်ဘုံ တစ်ခုလုံးနဲ့ မဟူရာချောက်နက်မှာရှိတဲ့ ကျင့်ကြံသူတိုင်းဟာ သူတို့ ဘဝတစ်ခုလုံးကို ဘိုးဘေးသွေး အတတ်ပညာ ကျင့်ကြံရင်း ကုန်ဆုံးကြတာပေါ့.."

ကောင်းကင်ယံတွင် ပျံသန်းနေစဉ် ခရမ်းရောင်ကံကြမ္မာ ရှောင်လုက ကျိယွမ်ကို ရှင်းပြနေ၏။

အောက်ဘက်သို့ ငုံ့ကြည့်လိုက်လျှင် အဆုံးမရှိသော အနက်ရောင် တောင်တန်းများနှင့် မြစ်ကြီးများသည် ရှုခင်းအနှံ့ ဖြန့်ကျက်နေပြီး ရံဖန်ရံခါတွင် မြို့ငယ်လေးများကို မြင်တွေ့ရသည်။

"ဆဋ္ဌမမြောက် အလွှာကို ရောက်တာနဲ့ ကျွန်ဘဝကနေ သခင်ဘဝကို ပြောင်းသွားမှာလား.."

ကျိယွမ်က အံ့အားသင့်စွာ ပြောလိုက်၏။

မဟူရာချောက်နက်၏ အမာခံပုဂ္ဂိုလ်များမှာ အခွင့်အရေးများစွာ ရရှိကြသည်မဟုတ်ပါလား။

ပဉ္စမမြောက်ကောင်းကင်ဘုံတွင် ကျိယွမ် တွေ့ခဲ့သော သတင်းပေးမှာ နတ်ဘုရားနယ်ပယ်သို့ ရောက်နေသော်လည်း မဟူရာချောက်နက်၏ အမာခံပုဂ္ဂိုလ် ဖြစ်လာရန် ကြိုးစားနေရဆဲဖြစ်၏။

"ဒါပေမဲ့ ကျွန်မတို့က မိစ္ဆာမျိုးဆက်တွေဆိုတော့ အဲဒီလို ကန့်သတ်ချက်တွေ မရှိဘူး.. ယန်နတ်ဘုရားတွေရဲ့ အောက်မှာ ကျွန်မတို့ အဆင့်အတန်းက အမြင့်ဆုံးပဲ.."

ခရမ်းရောင်ကံကြမ္မာ ရှောင်လုက ဂုဏ်ယူစွာ ဆက်ပြောလေသည်။

ခရမ်းရောင်ကံကြမ္မာ ကောင်းကင်ဘုံရှိ မျိုးဆက်တိုင်း၏ မိစ္ဆာမျိုးဆက် ထက်ဝက်ကျော်သည် ယန်နတ်ဘုရား နယ်ပယ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ကြ၏။

"ပြီးတော့ အဖိုးအခသာသင့်တော်မယ်ဆိုရင် ယန်နတ်ဘုရား အရှင်သခင် တစ်ပါးကိုတောင် ကျွန်မတို့အတွက် အလုပ်လုပ်ပေးဖို့ တောင်းဆိုလို့ရတယ်.."

ရှောင်လု၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေ၏။ ယန်နတ်ဘုရား အရှင်သခင်များမှာ မြင့်မားသော တောင်ကြီးများကဲ့သို့ပင်။

ယင်နတ်ဘုရားတစ်ပါးအနေဖြင့် ယန်နတ်ဘုရား၏ အကူအညီကို တောင်းခံရန်ဆိုသည်မှာ ဆဋ္ဌမမြောက် ကောင်းကင်ဘုံအောက်တွင် မတွေးဝံ့စရာကိစ္စပင် မဟုတ်ပါလား။

သို့သော် သူမတို့ဆီမှာတော့ ထိုသို့မဟုတ်ပေ။

"အင်း..ဟုတ်မှာပါ ၊ ငါဆိုလည်း စကားလုံး သုံးလုံးတည်းနဲ့တင် ယန်နတ်ဘုရား လေးထောင်ကို ငါ့အတွက် အလုပ်ခိုင်းလို့ရတယ်.."

ရှောင်လုမှာ အံ့အားသင့်လွန်းသဖြင့် ပါးစပ်ကလေး ဟသွားသည်။

သူမက နားမလည်သော်လည်း ဆက်မပြောတော့ပေ။

ထို့နောက် သူတို့နှစ်ဦးသည် ဘိုးဘေးသွေး ခန်းမဆောင် အနီးသို့ ဆင်းသက်လိုက်ကြလေ၏။

၎င်းကို ခန်းမဆောင်ဟု ခေါ်သည်ထက် နိုင်ငံငယ်လေးတစ်ခုဟု ခေါ်လျှင် ပိုမှန်ပေမည်။

ကြီးမားသော တံတိုင်းခတ်ထားသည့် မြို့ကြီးမှာ မိုင်ပေါင်းများစွာ ရှည်လျားပြီး သက်ရှိများဖြင့် စည်ကားနေ၏။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သတ္တဝါပေါင်း ဘီလီယံချီ ရှိနေသည်ကို မြင်နိုင်သည်။

ထိုသတ္တဝါအားလုံးမှာ ကျင့်ကြံသူများ ဖြစ်ကြ၏။

"မဟူရာချောက်နက်က ဆဋ္ဌမမြောက် ကောင်းကင်ဘုံရဲ့ အင်အားကြီးအဖွဲ့အစည်းဆိုတဲ့ ဂုဏ်သတင်းနဲ့ ညီပါတယ်.. နေရာတိုင်းမှာ ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူတွေချည်းပဲ.."

ကျိယွမ်က အံ့သြစွာ ရေရွတ်လိုက်၏။

ခေတ္တမျှ စစ်ဆေးကြည့်လိုက်ရုံဖြင့် ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူ ထောင်ပေါင်းများစွာကို တွေ့လိုက်ရသည်။ ကျိယွမ် ကိုယ်တိုင်မှာလည်း ခရမ်းရောင်နန်းတော်အဆင့် ဖြစ်သဖြင့် အနည်းငယ် ရှိန်မိသွား၏။

ဘိုးဘေးသွေး ခန်းမဆောင်အတွင်းတွင် ကျင့်ကြံသူများ၏ တန်းစီနေသော လူတန်းကြီးမှာ အဆုံးမရှိပေ။ အောက်သို့ ငုံ့ကြည့်လျှင် ရှုခင်းအနှံ့ တွန့်လိမ်နေသော နဂါးနက်ကြီးတစ်ကောင်နှင့် ပင် တူနေလေသည်။

"ဒီမှာ တန်းစီရမယ်ဆိုရင် မျောက်နှစ်ကျမှပဲ ပြီးတော့မှာလား.."

ကျိယွမ်က လျှာသပ်ရင်း ပြောလိုက်၏။

အမှန်အတိုင်း ပြောရလျှင် သူ တန်းမစီချင်ပေ။ သို့သော် သူ၏ တရားမျှတမှု စိတ်ဓာတ်က အများနည်းဆူ တန်းစီသင့်သည်ဟု ပြောနေပြန်သည်။

"အစ်ကိုကြီး သွေးဝတ်စုံ.. ကျွန်မတို့က မိစ္ဆာမျိုးဆက်တွေပဲ.. တန်းစီနေဖို့ မလိုဘူး.. နောက်က လိုက်ခဲ့.."

ခရမ်းရောင်ကံကြမ္မာ ရှောင်လုက ပြုံးလျက် ပြောလိုက်သဖြင့် ကျိယွမ် မျက်တောင်ခတ်သွား၏။

ဒီလောက်ကောင်းသော အခွင့်အရေးမျိုး တကယ် ရှိတယ်လား။

တန်းစီရန် မလိုဟူသောစကားက သူ၏ စိတ်ကို ကြွတက်သွားစေသည်။

"သွားကြစို့.."

ကျိယွမ်က တိုးတိုးလေး ပြောလိုက်၏။

သူတို့နှစ်ဦးသည် အလင်းတန်းများအဖြစ် ပြောင်းလဲကာ ဘိုးဘေးသွေး ခန်းမဆောင်ဆီသို့ ပျံသန်းသွားကြသည်။ အောက်ဘက်ရှိ ကျင့်ကြံသူများစွာက သူတို့ကို အံ့သြတကြီး မော့ကြည့်နေကြ၏။

"သူတို့က ဘယ်လိုလုပ် အထဲကို တိုက်ရိုက် ပျံဝင်သွားတာလဲ.."

"သူတို့က မိစ္ဆာမျိုးဆက်တွေလေ.. ခရမ်းရောင်ကံကြမ္မာ ကောင်းကင်ဘုံရဲ့ အထက်တန်းစား သွေးမျိုးဆက်တွေပေါ့.."

လူအုပ်ကြီး၏ စောင့်ကြည့်နေမှုအောက်တွင် ကျိယွမ်နှင့် ရှောင်လုတို့သည် ခန်းမဆောင်သို့ ရောက်ရှိသွားကြသည်။ သူတို့ ဆင်းသက်လိုက်သည်နှင့် ဆံပင်ဖြူဖြူ အဖိုးအိုတစ်ဦးက ရိုသေစွာဖြင့် အပြေးအလွှား လာကြိုလေသည်။

"မိစ္ဆာမျိုးဆက်များကို ဂါရဝပြုပါတယ်.."

"အင်း.. ငါ့ရဲ့ ဘိုးဘေးသွေး အတတ်ပညာ တိုးတက်မှုကို တိုင်းတာပြီး အကျိုးဆောင်ရမှတ်တွေအဖြစ် ပြောင်းချင်လို့.."

ကျိယွမ်က အချိန်မဖြုန်းဘဲ တိုက်ရိုက် ပြောလိုက်၏။ အဖိုးအိုက ရိုသေစွာ ဦးညွှတ်လျက် "ဒီဘက်ကို ကြွပါ အရှင်.." ဟု ဖိတ်ခေါ်လေသည်။

ရှောင်လုကမူ အထဲသို့ လိုက်မလာခဲ့ပေ။

ကျိယွမ်သည် စစ်ဆေးရေးနေရာသို့ ဝင်လာစဉ် တည်ငြိမ်နေသော်လည်း ပတ်ဝန်းကျင်ကိုတော့ အကဲခတ်နေ၏။

အထဲတွင် သူထင်ထားသကဲ့သို့ မြူဆိုင်းမနေဘဲ မှောင်မည်းကာ သွေးရောင်လွှမ်းနေလေသည်။

သွေးမြစ်ကြီး တစ်ခုက အခန်းကို နှစ်ပိုင်း ပိုင်းထားပြီး ထိုသွေးမြစ်ထဲတွင် အင်းဆက်ကဲ့သို့သော သတ္တဝါလေးများစွာကို ကျိယွမ် သတိထားမိလိုက်သည်။

"အရှင်ရဲ့ ဘိုးဘေးသွေး အတတ်ပညာက သွေးဝိညာဉ်အရှိန်အဝါကို သွေးမြစ်ထဲ ထည့်ပေးပါ.. မြစ်ထဲက သွေးဝိညာဉ်တွေက အရှင်ရဲ့ သွေးမျိုးဆက် အရည်အသွေးကို သိရှိပြီး ဘယ်နှစ်လွှာအထိ ကျင့်ကြံပြီးပြီလဲဆိုတာ ဆုံးဖြတ်ပေးပါလိမ့်မယ်.."

အဖိုးအိုက တိုးတိုးလေး ရှင်းပြနေ၏။

ဤမိစ္ဆာမျိုးဆက်မှာ မဟူရာချောက်နက်သို့ ရောက်သည်မှာ အချိန်ဝက်မျှပင် မရှိသေးချေ။ သာမန်အားဖြင့်ဆိုလျှင် အဖိုးအို ကိုယ်တိုင်ပင် ပထမအလွှာသို့ ရောက်ရန် ဆယ်နှစ် ကြာခဲ့သည်။

ထို့ကြောင့် လူသစ်သွေးဝတ်စုံမှာ ပထမအလွှာလား၊ ဒုတိယအလွှာလား၊ သို့မဟုတ် ဒဏ္ဍာရီလာ တတိယအလွှာသို့ပင် ရောက်နေပြီလားဟု သူ တွေးတောနေမိသည်။

ကျိယွမ်၏ အာရုံမှာမူ သွေးမြစ်ထဲရှိ ထူးဆန်းသော သတ္တဝါများထံတွင် ရောက်နေ၏။ သူ၏ မြင်ကွင်းတွင် ထိုသွေးဝိညာဉ်များကို ကွဲပြားစွာ မြင်နေရသည်။

[ဉာဏ်ရည်တု အဏုကြည့်စစ်ဆေးရေးပိုးမွှားများ။ ဘိုးဘေးသွေး အတတ်ပညာ တိုးတက်မှုကို စစ်ဆေးနိုင်သည်။ ကွန်ရက်ချိတ်ဆက်မှု

အခြေအနေ - အော့ဖ်လိုင်း။]

ဘာလားဟ ။

ဖော်ပြချက်မှာ သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်း ဆန်နေသဖြင့် သူနားမလည်နိုင် ဖြစ်သွားလေ၏။

"ဒီသွေးမြစ်က ဘယ်ကလာတာလဲ.."

ကျိယွမ်က စပ်စုလိုက်ရာ အဖိုးအိုက ဇဝေဇဝါဖြင့် ပြန်ဖြေသည်။

"ဒါကိုတော့.. ဒီလူအိုကြီးလည်း မသိပါဘူး.."

"ငါ့ကို အဲဒါလေး နည်းနည်းလောက် ပေးလို့ရမလား.. ငါ့နေရာက နည်းနည်း ဟာနေသလိုပဲ.. အိမ်မွေးတိရိစ္ဆာန်လည်း မရှိဘူးဆိုတော့ မွေးချင်လို့.."

ကျိယွမ်က လက်ဖြန့်ကာ တောင်းလိုက်၏။

အဖိုးအိုမှာ အခက်တွေ့သွားသော်လည်း နောက်ဆုံးတွင် အံကြိတ်ကာ ခေါင်းညိတ်သည်။

"ကောင်းပါပြီ.. ဒါပေမဲ့ အနည်းငယ်ပဲ ရပါမယ်.."

"ကျေးဇူးပဲ.. ရော့.. ဒါ ခင်ဗျားအတွက် လူကောင်းကတ်.."

ကျိယွမ်က အိတ်ကပ်ထဲမှ ကတ်တစ်ခု ထုတ်ကာ 'လူကောင်းကတ်' ဟု ရေးပြီး ပေးလိုက်၏။

"ကြည့်လိုက် ခင်ဗျားရဲ့ လူကောင်း သက်သေခံလက်မှတ်ပဲ.."

အဖိုးအိုမှာ နားမလည်သော်လည်း အနည်းငယ်ရယ်ပြီး ကတ်ကို လက်ခံလိုက်ရသည်။

ထို့နောက် သူသည် လက်ဝှေ့ယမ်းလိုက်ရာ ရွှေဖလားတစ်ခုထဲသို့ သွေးမြစ်ထဲမှ သွေးအချို့ ရောက်ရှိသွားလေသည်။ ထိုဖလားလေးထဲတွင် သွေးပေါင်ချိန် တစ်သောင်းကျော် ပါဝင်နေ၏။

ကျိယွမ်က ဖလားကို သိမ်းဆည်းလိုက်သည်။

"ကဲ.. စစ်ဆေးကြစို့"

သူက ထိုသို့​ပြောကာ ဘိုးဘေးသွေး အတတ်ပညာကို စတင် လှုံ့ဆော်လိုက်လေသည်။

ကျိယွမ်သည် သူ၏ တိုးတက်မှုကို ဖုံးကွယ်ထားသင့်သလားဟု တွေးလိုက်သေး၏။

သို့သော် ဖုံးကွယ်နေပြီး ဘာလုပ်မည်နည်း။

သူသည် အရှိန်အဝါကို အပြည့်အဝ ထုတ်ဖော်လိုက်တော့သည်။

အသက်ရှုတစ်ကြိမ်စာအကြာတွင် အဖိုးအို၏ မျက်လုံးများ သိသိသာသာတောက်ပသွား၏။

"သွေးတိုင်တစ်တိုင် မယိမ်းမယိုင် ထွက်လာပြီ.. မျှော်လင့်ထားတဲ့အတိုင်းပဲ အရှင်က ပထမအလွှာကို ကျော်ဖြတ်ပြီး ဒုတိယအလွှာကို ချိုးဖျက်နေပြီ.."

အချိန်အနည်းငယ်အတွင်း ဒုတိယအလွှာသို့ ရောက်ခြင်းမှာ မဟူရာချောက်နက်၏ သမိုင်းတွင် အမြန်ဆုံး ဆယ်ယောက်စာရင်းဝင်ပေသည်။

သို့သော် အဖိုးအို အံ့သြနေစဉ်မှာပင်..

တစ်မျိုးပြောင်းသွား၏။

"သွေးတိုင်.. သုံးတိုင် ဖြစ်သွားပြီလား "

သွေးမြစ်ထဲမှ သွေးတိုင်သုံးတိုင် တက်လာလေသည်။

ဤသည်မှာ သုံးလွှာမြောက်ပင် ။

ဓားနက်မှလွဲ၍ တစ်နှစ်အတွင်း သုံးလွှာမြောက်သို့ ရောက်သူ မရှိခဲ့ဖူးချေ။

သို့သော် အံ့သြစရာများမှာ ထိုမျှနှင့် မပြီးသေးပေ။ သွေးမြစ်မှာ ဆူပွက်လာပြီး သွေးတိုင်များ တစ်ခုပြီးတစ်ခု တက်လာပြန်သည်။

သုံးတိုင်မှ လေးတိုင်.. ငါးတိုင်..။

အဖိုးအိုမှာ ဆွံ့အလျက် မှင်သက်သွားတော့သည်။

"ခုနစ်တိုင်.. ခုနစ်တိုင်တောင်လား "

သူ၏ မျက်လုံးများမှာ ပြူးကျယ်နေပြီး အတွေးများ ဗရဗွ ဖြစ်ကုန်၏။ ခုနစ်တိုင်ဆိုသည်မှာ ခုနစ်လွှာမြောက် ဖြစ်သည်။ ခုနစ်လွှာမြောက်သို့ ရောက်ရှိခြင်းမှာ ကျင့်ကြံမှု ထပ်မလုပ်လျှင်ပင် အချိန်တန်ပါက ယန်နတ်ဘုရားအဆင့်သို့ အလိုအလျောက် ရောက်ရှိမည့် သဘောပင်။

မိစ္ဆာမျိုးဆက်များစွာသည် နှစ်ပေါင်းသောင်းချီ ကျင့်ကြံမှ ရရှိနိုင်သည့် အဆင့်ကို ကျိယွမ်က အချိန်သုံးလအတွင်း ရရှိသွား၏။

"သက်ပြင်းတွေ အောင့်မထားနဲ့..ဒီမှာ ပူလာပြီ.. ခုနစ်လွှာဆိုရင်လည်း ခုနှစ်လွှာအတွက် ငါ့ရဲ့ အကျိုးဆောင်ရမှတ်တွေ ပေးတော့လေ.."

ကျိယွမ်က လက်ဖြန့်တောင်းလိုက်၏။

သူသည် မူလသဘောတရားဆွေးနွေးပွဲ တက်ရန် ထိုအမှတ်များ လိုအပ်နေသည်။

အဖိုးအိုမှာ သတိပြန်ဝင်လာပြီးနောက် ဤကိစ္စကို ခရမ်းရောင်ကံကြမ္မာ ဘိုးဘေးထံ ချက်ချင်း အစီရင်ခံရန် အနက်ရောင် အမွှေးတိုင် တစ်တိုင်ကို ထွန်းလိုက်လေသည်။

ကောင်းကင်ဘုံအပြင်ဘက်တွင် ခရမ်းရောင်ကံကြမ္မာ ဘိုးဘေးသည် ကျင့်ကြံနေစဉ် အနက်ရောင် အမွှေးတိုင်မှ သတင်းစကားကို ရရှိလိုက်၏။

"သွေးဝတ်စုံ စစ်ဆေးမှု လုပ်တာလား.. တတိယအလွှာလား.. ဒါမှမဟုတ် စတုတ္ထအလွှာလား.."

သူသည် မျှော်လင့်တကြီးဖြင့် အာရုံခံကြည့်လိုက်ရာ မျက်တောင်များ တဆတ်ဆတ် တုန်သွားတော့သည်။

"ခုနစ်လွှာလား.."

သူသည် လုံးဝ မှင်သက်သွား၏။

သုံးလအတွင်း ခုနစ်လွှာလား။ ဒါ လူမှ ဟုတ်ရဲ့လား။

သူသည် လက်ဝှေ့ယမ်းကာ ဘိုးဘေးသွေး ခန်းမဆောင်၏ ပုံရိပ်ကို လှမ်းကြည့်လိုက်ရာ တောက်ပနေသော သွေးတိုင် ခုနစ်တိုင်ကို အထင်အရှား မြင်လိုက်ရသည်။

ကျိယွမ်ကို စိုက်ကြည့်ရင်း ခရမ်းရောင်ကံကြမ္မာ ဘိုးဘေးမှာ တုန်လှုပ်ရာမှ ဝမ်းသာအားရ ဖြစ်သွားတော့သည်။

"လင်းယာအသွင်ကူးပြောင်းခြင်းကို ဂရုမစိုက်တော့ဘူး.. ဆဋ္ဌမမြောက် ကောင်းကင်ဘုံကိုလည်း ဂရုမစိုက်တော့ဘူး.. ငါ အဲဒီအလုပ်တွေ မလုပ်တော့ဘူးကွ.."

ယခု သူ ဂရုစိုက်ရမည့် ပို၍ အရေးကြီးသော အရာ ရှိလာပြီ မဟုတ်ပါလား။

သူ၏ စွမ်းအားများကို အသုံးပြုကာ ဤသတင်း အပြင်သို့ မပေါက်ကြားစေရန် ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်ကို သူ ချက်ချင်း ပိတ်ဆို့လိုက်လေတော့သည်။

......

အခန်း ၄၃၅ - မင်းရဲ့ဘိုးဘေးက ငါ့ကို မပြောနဲ့တဲ့

ယခင်က ခရမ်းရောင်ကံကြမ္မာ တာ့ရွှယ်၏ လက်မောင်းပေါ်ရှိ အမှတ်အသားမှတစ်ဆင့် ကျိယွမ်၏ သွေးမျိုးဆက်သည် ထူးခြားဆန်းကြယ်ကြောင်း၊ မဟူရာချောက်ကမ်းပါး ဘိုးဘေးသွေးထက်ပင် သာလွန်နိုင်ကြောင်း ခရမ်းရောင်ကံကြမ္မာ ဘိုးဘေးက အတည်ပြုထားခဲ့ပြီးဖြစ်၏။

သူ့သွေးမျိုးဆက်မှာ ကြောက်စရာကောင်းလှသည်။ သို့သော် ထိုအချက်တစ်ခုတည်းနှင့် အရာအားလုံးတော့ ဖြစ်မလာနိုင်ပေ။ ယခုအခါမှာတော့ မမျှော်လင့်ဘဲ သုံးလအကြာတွင် သူသည် ဘိုးဘေးသွေး အတတ်ပညာ၏ ခုနစ်လွှာမြောက်သို့ ရောက်ရှိသွား၏။

ဤနှုန်းအတိုင်းဆိုလျှင် သူသည် နှစ်ပေါင်းတစ်သောင်းပင် မပြည့်မီ မဟာမူလသဘောတရားအဆင့်သို့ ရောက်သွားမည်မဟုတ်ပါလား။

၄င်းမှာ အလွန်ပင် လွန်ကဲလွန်းလှပြီး တုန်လှုပ်စရာကောင်းသော အချက်ပင်။

ခရမ်းရောင်ကံကြမ္မာ ဘိုးဘေး၏ အတွေးများက များစွာလှုပ်ရှားသွားပြီး နောက် သူ၏ ပုံရိပ်သည် ချက်ချင်း ပျောက်ကွယ်သွားလေသည်။ သူ ပြန်လည် ပေါ်လာသောအခါ ဘိုးဘေးသွေး ခန်းမဆောင်အတွင်းသို့ ရောက်နေ၏။ ပတ်ဝန်းကျင် ဟင်းလင်းပြင်မှာ အေးခဲသွားသကဲ့သို့ ရှိပြီး အချိန်မှာလည်း ထိုအခိုက်အတန့်တွင် ရပ်တန့်သွားသည်။

စစ်ဆေးရေးလုပ်ပေးနေသော ဆံပင်ဖြူအဖိုးအိုမှာ ရုပ်ထုတစ်ခုကဲ့သို့ မလှုပ်မယှက် ဖြစ်သွား၏။

ကျိယွမ်သည် ထူးခြားသောအပြောင်းအလဲကြောင့် ချက်ချင်းသတိ ရှိသွားသည်။

သူက ရှေ့တွင်ရှိနေသော ခရမ်းရောင်ဝတ်စုံဝတ် အဖိုးအိုကို စူးစမ်းသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ဤအဖိုးအိုမှာ အတိုင်းအဆမရှိ နက်ရှိုင်းသော အရှိန်အဝါကို ထုတ်ဖော်နေ၏။

【ခရမ်းရောင်ကံကြမ္မာ ဘိုးဘေး။ ခရမ်းရောင်ကံကြမ္မာ ကောင်းကင်ဘုံ၏ ဘိုးဘေးဖြစ်ပြီး မဟာမူလသဘောတရားအဆင့် ကျွမ်းကျင်သူ ဖြစ်သည်။】

ကျိယွမ်မှာ သူသာ လျှောတိုက်တိုက်ခိုက်မှု လုပ်လျှင်ပင်.. ။

အင်း.. သူ နိုင်မည်မဟုတ်ကြောင်း ခံစားလိုက်ရသည်။ သူက သေနတ်ကိုင်ပြီး တစ်ဖက်လူက ဓားကိုင်ထားလျှင်ပင် သူ နိုင်မည်မဟုတ်ပေ။

"စီနီယာကို ဂါရဝပြုပါတယ်.."

ဘလူးစတားဇာတိသားတို့၏ ကောင်းမွန်သော ကိုယ်ကျင့်တရားအတိုင်း ကျိယွမ်သည် မည်သည့်အချိန်တွင် အလျော့ပေးရမည်ကို သိလေသည်။ မဟာမူလသဘောတရားအဆင့်နှင့် ရင်ဆိုင်ရချိန်တွင် သူ အညံ့ခံလိုက်ရုံသာရှိ၏။

"သုံးလအတွင်း ခုနစ်လွှာကို ရောက်တာ.. မဆိုးပါဘူး.."

ခရမ်းရောင်ကံကြမ္မာ ဘိုးဘေး၏ မျက်နှာမှာ တည်ငြိမ်နေပြီး မည်သည့် ခံစားချက်ကိုမျှ မပြပေ။

"အရမ်း ဂုဏ်မောက်မနေနဲ့.. ကိုယ့်ထက် သာတဲ့သူ အမြဲရှိသလို အမြင့်ဆုံးကောင်းကင်ရဲ့ အထက်မှာလည်း တခြားကောင်းကင်တွေ ရှိသေးတယ်ဆိုတာ မှတ်ထား.."

"ပြီးတော့ ဒီကိစ္စကို မင်းဘာသာမင်း လျှို့ဝှက်ထားပါ.."

ကျိယွမ်၏ ခန့်မှန်းရခက်သော စရိုက်ကို ဘိုးဘေးက ကောင်းကောင်းသိသဖြင့် ယခုလိုသတိပေးလိုက်ခြင်း ဖြစ်သည်။ မဟုတ်လျှင် ကျိယွမ်က ဤအောင်မြင်မှုကို လျှောက်ကြွားနေပါက မဟူရာချောက်နက်၏ ရန်သူများက သူ့ကို အစပျိုးချိန်မှာပင် လာသတ်သွားပေလိမ့်သည်။

ကျိယွမ်က ခေါင်းညိတ်၏။

"တကယ်တော့ ဒါက ပျမ်းမျှလောက်ပါပဲ.. ဟင်း.. ကျုပ် ကိုယ်တိုင်လည်း ကြိုးစားမှု အားနည်းခဲ့လို့ အစကတည်းက နောက်ကျကျန်နေခဲ့တာကို ပဲ အပြစ်တင်မိတယ်.."

"ကျုပ် သိထားတဲ့ လူမျိုးစုတစ်ခုဆိုရင် မွေးကတည်းက ယင်နတ်ဘုရားတွေ ဖြစ်နေကြတာ.. သူတို့က အာဟာရချို့တဲ့ရင် အားဆေးလေး သောက်လိုက်ရုံနဲ့ နတ်ဘုရားနယ်ပယ် ဖြစ်လာတာပဲ.. သူတို့သာ ဘိုးဘေးသွေး အတတ်ပညာကို ကျင့်ရင် ကျုပ်ထက် အများကြီး ပိုမြန်မှာ.."

အဟွတ် အဟွတ်..။

ခရမ်းရောင်ကံကြမ္မာ ဘိုးဘေးမှာ ချောင်းဆိုးချင်စိတ် ပေါက်သွား၏။

ငါက နည်းနည်းလေး သတိပေးလိုက်ရုံရှိသေးတယ်၊ ဒီကောင်က ဒီလောက်ကြီး နှိမ့်ချနေပြီလား။ ပြီးတော့ မွေးကတည်းက ယင်နတ်ဘုရား ဖြစ်နေတဲ့လူမျိုးက ဘာလူမျိုးလဲ ။

"စကားပုံအတိုင်းပေါ့.. 'ခွေးက သူ့အိမ်ဆင်းရဲတာကို မမုန်းဘူး' တဲ့.. ကျုပ် သိတဲ့ လူမျိုးနဲ့ ယှဉ်ရင် မဟူရာချောက်နက်က အများကြီး နိမ့်ကျပေမဲ့ မဆိုးပါဘူး.. အနည်းဆုံးတော့ ကျုပ်ကို မဟူရာချောက်ကမ်းပါး ဘိုးဘေးသွေး တစ်စက် ပေးသေးတာပဲ.. လက်ခံနိုင်ပါတယ်.."

ကျိယွမ်က မျင်စိလည်အောင် လျောက်ပြောပြီးနောက် အဓိက အချက်ကို ရောက်လာတော့သည်။

ဆိုလိုသည်မှာ "ဟေ့ အဖိုးကြီး.. ရတနာတွေ ထပ်ပေးဦး" ဟူ၍ပင်။

ဘိုးဘေးသည် ခေတ္တမျှ စဉ်းစားလိုက်ပြီး ကျိယွမ်၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သွား၏။

"ငါ့လက်ထဲမှာ မဟူရာချောက်ကမ်းပါး ဘိုးဘေးသွေး တစ်စက်ပဲ ကျန်တော့တယ်.."

ဘိုးဘေးက အမှန်အတိုင်း ပြောလိုက်သည်။

"ဒါပေမဲ့ မင်းက ခုတလော ကြိုးကြိုးစားစား ကျင့်ကြံနေတာဆိုတော့ ငါ ဆုချပါ့မယ်.."

ဘိုးဘေးသည် နှမြောတသစွာဖြင့် နောက်ဆုံးကျန်သော ဘိုးဘေးသွေးတစ်စက်ကို ကျိယွမ်ထံ ပေးလိုက်လေသည်။

ကျိယွမ်၏ မျက်လုံးများ တောက်ပသွား၏။

"ကျေးဇူးပါ စီနီယာ"

ဘိုးဘေးသွေး နောက်တစ်စက်။ တကယ်ကို အမြတ်ထွက်ပေသည်။

"မင်း ကိုးလွှာမြောက်ကို ရောက်တဲ့အခါ ငါ နောက်တစ်စက် ထပ်ပေးမယ်.."

ဘိုးဘေးသည် အချိန်ကို တွက်ချက်လိုက်၏။ နောက်ထပ် ဘိုးဘေးသွေး အသုတ်သစ် ရောက်လာရန် နှစ်အနည်းငယ် ကြာဦးမည် ဖြစ်သည်။ ထိုအချိန်တွင် ကျိယွမ်မှာ ကိုးလွှာမြောက်သို့ ရောက်လောက်ပြီ ဖြစ်သည်။

ဘိုးဘေးသွေး အတတ်ပညာမှာ အဆင့်မြင့်လေ တိုးတက်မှု နှေးကွေးလေ ဖြစ်သည်။

"ကျေးဇူးပါ စီနီယာ "

ကျိယွမ်က ကျေးဇူးတင်စကားကို ဖောဖောသီသီ ဆက်တိုက် ပြောနေ၏။

၎င်းက သူ့အတွက် ဘာမှ ကုန်ကျစရိတ် မရှိသည် မဟုတ်ပါလား။

"ဒီအဆောင်ကို ယူထား.. အန္တရာယ်နဲ့ တွေ့ရင် ချက်ချင်း အသုံးပြုလို့ရတယ်.."

ဘိုးဘေးက ကာကွယ်ရေး အဆောင်လက်ဖွဲ့တစ်ခုကို ကျိယွမ်ထံ ပစ်ပေးလိုက်သည်။အဆောင်မှာ မဟာမူလသဘောတရားအဆင့် ယန်နတ်ဘုရားတစ်ပါး၏ ရုတ်တရက် တိုက်ခိုက်မှုမှပင် လွတ်မြောက်နိုင်စေ၏။

【သာမန် ကာကွယ်ရေး အဆောင်လက်ဖွဲ့တစ်ခု။ အားကောင်းသော်လည်း အပြစ်အနာအဆာ အချို့ ရှိသည်။ အနည်းငယ် ပြုပြင်လိုက်လျှင် အစွမ်းကို သုံးဆထက်မက တိုးပွားစေနိုင်သည်။】

"ကျေးဇူးပါ စီနီယာ ကျေးဇူးပါ"

ကျိယွမ်က နောက်တစ်ကြိမ် အခမဲ့ကျေးဇူးတင်လိုက်ပြန်သည်။

"စီနီယာ.. ကျုပ် ပြောသင့် မပြောသင့် မသေချာတဲ့ ကိစ္စတစ်ခု ရှိလို့.."

ကျိယွမ်သည် အဆောင်ကို လက်ခံရင်း ထိုအချက်အလက်ကို ပြောပြကာ ချက်ချင်း ပြုပြင်ခိုင်းလျှင် ကောင်းမွန်မည်ဟု တွေးလိုက်မိ၏။

အကယ်၍ ပြုပြင်လိုက်လျှင် အဆောင်၏ တန်ဖိုးမှာ များစွာ မြင့်တက်သွားမည် ဖြစ်သည်။ သူ ပိုက်ဆံလိုလျှင် ဈေးကောင်းကောင်းနှင့် ပြန်ရောင်းလို့ ရသည်မဟုတ်ပါလား။

"မပြောနဲ့ "

ခရမ်းရောင်ကံကြမ္မာ ဘိုးဘေးမှာ ကျိယွမ်၏ စကားကို နားထောင်ရန် စိတ်မပါပေ။ ကျိယွမ်က သူ့ကို အရှက်ရစေမည့် တစ်ခုခု ပြောမည်ကို သူ စိုးရိမ်နေမိသည်။

ဥပမာအားဖြင့် ကျိယွမ်က "ကျုပ်က စီနီယာ လူ့ပြည်မှာ ထားခဲ့တဲ့ အဖေလား"

ဟု တည့်တည့်မေးလျှင် သူ ဘယ်လို ပြန်ဖြေရမည်နည်း။

ဘာပဲပြောပြော အရှက်ရစရာ ဖြစ်နေမည်သာ။

ထိုစကားကြောင့် ကျိယွမ်မှာ အနည်းငယ် စိတ်ပျက်သွား၏။

အခွင့်အရေးတစ်ခု ဆုံးရှုံးသွားပြန်ပြီ။

သို့သော် ဘိုးဘေးက သူ့ကို ပေးခဲ့သည့် အရာများကို ကြည့်လျှင် အဘိုးဖြစ်သူက မြေးဖြစ်သူကို လက်ဆောင်ပေးနေသကဲ့သို့ပင်။

သို့သော် ကျိယွမ်မှာ ဘယ်သူ့မြေးမှ မဖြစ်ချင်ပေ။ သို့သော်လည်း ဘိုးဘေးသွေးမှာ အလွန် ဆွဲဆောင်မှု ရှိလွန်းလှသဖြင့် မငြင်းနိုင်ပေ။

ကျိယွမ်သည် ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ခရမ်းရောင်ကံကြမ္မာ ဘိုးဘေးကို အလေးအနက် ကြည့်ကာ ပြောလိုက်၏။

"စီနီယာ.. ကျုပ် စီနီယာ့လက်ဆောင်တွေကို လက်ခံပါတယ်.. ဒါပေမဲ့ အဲဒါက စီနီယာ့ရဲ့ စေတနာကို လက်ခံတာ ဒါမှမဟုတ် ကျုပ်ကိုယ်ကျုပ် စီနီယာ့ရဲ့ မြေး ဒါမှမဟုတ် အဆက်အနွယ်လို့ သတ်မှတ်တာ မဟုတ်ဘူး.."

"တချို့လူတွေက မရီးမရှိဘဲ မွေးလာကြတယ်.. ကျုပ်ကတော့ မိဘ ဒါမှမဟုတ် အဘိုးအဘွား မရှိဘဲ မွေးလာတာ.. ကျုပ်ခေါင်းပေါ်မှာ နောက်ထပ် ဘိုးဘေးတစ်ယောက် မလိုချင်ဘူး.."

"စီနီယာ့ရဲ့ လက်ဆောင်တွေကို နောင်မှာ ဆယ်ဆ ဒါမှမဟုတ် အဆတစ်ရာ ပြန်ဆပ်ပါ့မယ်.."

"ဒါပေမဲ့ အဲဒီအချိန်အတောအတွင်း စီနီယာက ကျုပ်ရဲ့ ရန်သူ ဖြစ်လာမယ်ဆိုရင် ကျုပ်ကလည်း ရန်သူလိုပဲ ဆက်ဆံမှာပဲ"

ကျိယွမ်က အရာအားလုံးကို ရှင်းရှင်းလင်းလင်း ပြောထားလိုက်၏။

မဟူရာချောက်ကမ်းပါးမှာ လနတ်ဘုရား နန်းတော်နှင့် အမြဲ ပဋိပက္ခ ရှိနေခဲ့သည်။ ၎င်းမှာ အဓိကအားဖြင့် ကျင်းလီနှင့် ရန်ငြိုးရှိခြင်းပင်။ ထိုသို့သော ကိစ္စများတွင် သူသည် ဇနီးဖြစ်သူဘက်မှ ရပ်တည်မည်မှာ အသေအချာပင်။

ခရမ်းရောင်ကံကြမ္မာ ဘိုးဘေးသည် ကျိယွမ်ကို ကြည့်ကာ ခဏမျှ ဆွံ့အသွား၏။

"ဒါဆို.. မင်းက ငါ့ရန်သူ ဖြစ်ဖို့ ဆုံးဖြတ်လိုက်တာလား.."

"ကျုပ် နတ်ဆိုးချောက်မှာ ရှိတုန်းက လကညာ တစ်ယောက်နဲ့ ခိုးပြေးခဲ့တယ်.. ကျုပ်တို့မှာ အိမ်ထောင်ရေးလက်မှတ်တောင် ရှိတယ်.. လနတ်ဘုရား အရှင်သခင်ရဲ့ ခွင့်ပြုချက်ကိုပဲ စောင့်နေတာ.."

ကျိယွမ်က ဆိုလေသည်။

ဘိုးဘေးသည် ကျိယွမ်ကို အံ့သြစွာ ကြည့်လိုက်ရာ ကျိယွမ်၏ လက်မောင်းပေါ်မှ လကညာ၏ အမှတ်အသားကို တွေ့လိုက်ရ၏။

"မဟူရာနတ်ဆိုးချောက် အကြီးအကဲကိုးဦး ဆိုတာ စည်းလုံးနေကြတာ မဟုတ်ဘူး.. လနတ်ဘုရား နန်းတော်နဲ့ စစ်ဖြစ်နေတာက ခရမ်းရောင်ကံကြမ္မာ ကောင်းကင်ဘုံ မဟုတ်ဘူး.."

ဘိုးဘေးက တည်ငြိမ်စွာ ပြောလိုက်သည်။ အကြီးအကဲ ကိုးဦးထဲတွင် ဘိုးဘေးနှင့် ရင်းနှီးသူမှာ သုံးဦးသာ ရှိ၏။ ကျန်သူများမှာမူ သိရုံသာ သိသူများ ဖြစ်ပြီး တချို့မှာ ရန်သူများပင် ဖြစ်ကြသည်။

"ရပြီ ...မင်းအခု ပြန်တော့.."

ဘိုးဘေးသည် လက်တစ်ချက်ဝှေ့ယမ်းလိုက်ပြီး ကျိယွမ်ကို ပြန်လွှတ်လိုက်လေ၏။

ဘိုးဘေးသွေး ခန်းမဆောင်အတွင်း၌ အချိန်များ ပြန်လည်လည်ပတ်သွားပြီး စစ်ဆေးရအဖိုးအို၏ မှတ်ဉာဏ်အချို့ ပျက်ပြယ်သွားကာ ဘိုးဘေး၏ ပုံရိပ်မှာလည်း ပျောက်ကွယ်သွားတော့သည်။

ခန်းမဆောင်အပြင်ဘက်သို့ရောက်သွားသော ကျိယွမ်၏ အမူအယာမှာ ပို၍လေးနက်သွား၏။

မဟာမူလသဘောတရားအဆင့် ဆိုသည်မှာ တကယ်ပင် အားကောင်းလွန်းလှသည်။

ဘိုးဘေး ပြသခဲ့သော စွမ်းရည်လေးမှာပင် သူ့ကို လုံးဝ ခုခံနိုင်စွမ်း မရှိအောင် လုပ်နိုင်ခဲ့၏။

ဤမျှ အားကောင်းနေပါက ထိုက်ဟွမ် နန်းတော်မှပုဂ္ဂိုလ်မှာ မည်မျှ ကြောက်စရာကောင်းမည်နည်း။

"စီနီယာ အစ်ကိုကြီး သွေးဝတ်စုံဘယ်လိုလဲ.. ဘယ်နှစ်လွှာအထိ ရောက်ခဲ့လဲ.."

ခရမ်းရောင်ကံကြမ္မာ ရှောင်လုက စိတ်လှုပ်ရှားစွာ မေးလိုက်၏။

"အဲဒါ.. မင်းရဲ့ ဘိုးဘေးက အပြင်ကို မပြောဖို့ ပြောထားတယ်.."

ကျိယွမ်က အမှန်အတိုင်း ဖြေလိုက်သည်။

"ဘိုးဘေးလား "

ရှောင်လု၏ မျက်လုံးများ ပြူးကျယ်သွား၏။

"ဘိုးဘေးကိုယ်တိုင် သတိထားမိတယ်ဆိုတော့.. အနည်းဆုံး သုံးလွှာ ဒါမှမဟုတ် လေးလွှာလောက်လား"

သူမသည် စိတ်လှုပ်ရှားလွန်းသဖြင့် ဝမ်းသာအားရ ဖြစ်နေ၏။ တစ်ချိန်တည်းမှာပင် စူးစမ်းလိုစိတ်များ ပြင်းပြနေသော်လည်း ဘိုးဘေးကိုယ်တိုင် ပါဝင်ပတ်သက်နေသဖြင့် ထိန်းထားရလေသည်။

ထိုအချိန်တွင် ကျိယွမ်က ဟိူကြည့်ဒီကြည့်လုပ်ပြီးနောက် လက်ချောင်း ခုနစ်ချောင်း ထောင်ပြလိုက်၏။

"ဘိုးဘေးက မပြောဖို့ပဲ ပြောတာ.. မပြဖို့ မပြောဘူး.. နားလည်လား.. ဒါ ငါ့ရဲ့ လက်ရှိ အဆင့်ပဲ.. ဒါပေမဲ့.. ဒါကို တိုးတိုးတိတ်တိတ်ပဲ နေနော်.."

ကျိယွမ်က အေးဆေးစွာ ပြောလိုက်သည်။

ရှောင်လုသည် လက်ချောင်း ခုနစ်ချောင်းကို ကြည့်ကာ မှင်သက်သွားလေ၏။

ခုနစ်လွှာလား ..။

သူမ၏ ခန္ဓာကိုယ်မှာ ပျော့ခွေသွားပြီး ဦးနှောက်မှာ ဗလာ ဖြစ်သွားတော့သည်။

အခြားတစ်ဖက်တွင် ဤမြင်ကွင်းကို ကြည့်နေသော ခရမ်းရောင်ကံကြမ္မာ ဘိုးဘေးမှာ ခေါင်းခါလိုက်ရလေသည်။

"ဒီကောင်လေးကတော့.. အမြဲတမ်း ပြဿနာ ရှာနေတာပဲ.."

........

ဆယ့်တစ်ရက် ကုန်ဆုံးသွား၏။ ကျိယွမ်မှာ အားမလိုအားမရ ဖြစ်နေလေသည်။

"နှမြောစရာပဲ.. မဟူရာချောက်ကမ်းပါး ဘိုးဘေးသွေးတွေ အကုန် သုံးပြီးပြီ.."

သုံးရက်အကြာတွင် ကျိယွမ်သည် ဘိုးဘေးသွေးများကို အကုန် ချေဖျက်ပြီးနောက် ရှစ်လွှာမြောက်သို့ တက်လှမ်းနိုင်ခဲ့သည်။ ထိုအချိန်တွင် သူ၏ သွေးကြောများထဲ၌ ရွှေရောင် တဖိတ်ဖိတ်တောက်နေသော သွေးအချို့ ပေါ်လာသည်ကို ကျိယွမ် သတိထားမိလိုက်၏။

သူသည် သတ္တုအဆိပ်သင့်နေသလားဟု တွေးကာ ထိတ်လန့်သွားသဖြင့် ထိုရွှေရောင်သွေးများကို အနီရောင် ဆိုးလိုက်ရလေသည်။ ထိုအခါမှ ပုံမှန်အတိုင်း မြင်ရသဖြင့် သူ စိတ်အေးသွားတော့သည်။

"ကိုးလွှာရောက်ဖို့ အများကြီး လိုသေးတာပဲ.."

အဆင့်မြင့်လာလေ နှေးကွေးလာလေ ဖြစ်သည်။ ဘိုးဘေးသွေး အမြောက်အမြား မရှိလျှင် ပြည့်စုံသော ဆယ့်ငါးလွှာသို့ ရောက်ရန် အနည်းဆုံး နှစ်တစ်ရာ ကြာမည်ဟု ကျိယွမ် ခန့်မှန်းလိုက်၏။

ထိုသည်မှာ အလွန်ကြာမြင့်ပြီး ပျင်းစရာကောင်းလှသည်။

"ဘိုးဘေးသွေးတွေကို ဘယ်လို ထပ်ရနိုင်မလဲ.."

ကျိယွမ် သက်ပြင်းချလိုက်၏။

သူသည် ရွှေဖလားကို ထုတ်ကြည့်လိုက်ရာ ၎င်းထဲတွင် သွေးမြစ်ထဲမှ ယူလာသော သွေးအမြောက်အမြား ရှိနေပြီး ၎င်းထဲတွင် ဉာဏ်ရည်တု အဏုကြည့် စစ်ဆေးရေးပိုးမွှားများစွာ ရှိနေလေသည်။

"ဟေ့.. စက်ရုပ်လေးတွေ.. မင်းတို့ စကားပြောတတ်လား.."

ကျိယွမ်က နှုတ်ဆက်လိုက်သော်လည်း ဘာတုံ့ပြန်မှုမှ မရှိပေ။

"နှမြောစရာပဲ.. ဇီးရိုးဝမ်းသာ ရှိရင် ဒီပိုးကောင်လေးတွေနဲ့ ဆက်သွယ်နိုင်မှာပဲ.."

ဤပိုးမွှားများမှာ ဆဋ္ဌမမြောက် ကောင်းကင်ဘုံမှ အရာများနှင့် မတူပေ။ ကျင့်ကြံခြင်း နည်းလမ်းများက ၎င်းတို့အပေါ် သက်ရောက်မှု မရှိချေ။

"မဟုတ်သေးဘူး.. ဇီးရိုးဝမ်းက လမ်းစဉ်ပေါင်းစုံနတ်ဘုရားရဲ့ သိမြင်နားလည်မှုတွေကို ငါ့ဆီ လွှဲပေးတုန်းက အသုံးဝင်တဲ့ အရာတချို့လည်း ပါလာတယ်.."

ကျိယွမ်၏ မျက်လုံးများ တောက်ပသွား၏။ ​ဂြိုဟ်သားအပျက်အစီးနေရာတွင် ဇီးရိုးဝမ်းသည် သင်္ဘော၏ စနစ်ကို ထိန်းချုပ်နိုင်ခဲ့ပြီး အဆင့်မြင့် နည်းပညာများစွာကို စုပ်ယူထားခဲ့သည်မဟုတ်ပါလား။

'လမ်းစဉ်ပေါင်းစုံနတ်ဘုရား' ဆိုသည့် ဘွဲ့မှာ အလကားရခဲ့ခြင်း မဟုတ်ပေ။

သူသည် ကောင်းကင်လမ်းစဉ်၊ မြေပြင်လမ်းစဉ်များသာမက 'ဟက်ကင်း' လမ်းစဉ်ကိုလည်း နားလည်သူ ဖြစ်သည်။

"ဒေတာနဲ့ ချိတ်ဆက်စမ်း.."

ကျိယွမ်က အဏုကြည့်ပိုးမွှားများဆီသို့ လက်လှမ်းလိုက်ရာ ပိုးမွှားများက သူ့ထံသို့ တအုန်းအုန်း တိုးဝှေ့လာကြ၏။

"မဟူရာချောက်နက်ကောင်းကင်ဘုံက စကြဝဠာနဲ့ သေချာပေါက် ဆက်စပ်နေတာပဲ ...."

ကျိယွမ်သည် ၎င်းတို့၏ အချက်အလက်များထဲမှ ရတနာများကို ရှာဖွေကြည့်လိုက်သော်လည်း ဒေတာများမှာ အလွန်ပျက်စီးနေသဖြင့် ထသ်သလောက် မရှာဖွေနိုင်ခဲ့ပေ။ သို့သော်လည်း တန်ဖိုးရှိသော အချက်အလက်အချို့ကို သူ ရရှိလိုက်၏။

"ဧရာမ ပိုးမွှားကြီးပါလား.. ပြီးတော့ အဆုံးမရှိတဲ့ သင်္ဘောအုပ်စုကြီးပဲ "

ကျယ်ပြောလှသော စကြဝဠာထဲတွင် ကျိယွမ်သည် ဧရာမပိုးမွှားကြီးတစ်ကောင်ကို မြင်လိုက်ရသည်။ ထိုသတ္တဝါကြီးမှာ ဂလက်စီကြယ်စုတန်းများထက်ပင် ကြီးမားနေ၏။ ၎င်းမှာ သေချာပေါက် မဟာမူလသဘောတရားအဆင့် သို့မဟုတ် ထိုထက်ပင် သာလွန်သော သတ္တဝါ ဖြစ်ပေလိမ့်မည်။

သို့သော် ကျိယွမ်မှာ မြင်ကွင်းတစ်ခုကို မြင်လိုက်ရချိန်တွင် မှင်သက်သွားတော့သည်။

ထိုဧရာမ ပိုးမွှားကြီးသည် နယ်ပယ်တစ်ခု၏ အတားအဆီးကို ချိုးဖျက်ရန် ကြိုးစားနေစဉ်မှာပင် ရုတ်တရက် အဖျက်ဆီးခံလိုက်ရပြီး သူ၏ ဝိညာဉ်နှင့် သိစိတ်များ ပျောက်ကွယ်သွားကာ ခန္ဓာကိုယ်မှာ အခွံလွတ်ကြီး ဖြစ်သွားလေသည်။

ထိုသတ္တဝါကြီးမှာ မဟာမူလသဘောတရားအဆင့်၏ အထွတ်အထိပ်သို့ ရောက်နေသူ ဖြစ်သော်လည်း နယ်ပယ်ချိုးဖျက်ချိန်တွင် ရုတ်တရက် သုတ်သင်ခံလိုက်ရခြင်း ဖြစ်သည်။

ထို့နောက် သင်္ဘောအုပ်စုကြီး ရောက်လာပြီး ထိုပိုးမွှားကြီး၏ ခန္ဓာကိုယ်နှင့် သွေးများကို လာရောက် စုဆောင်းကြလေသည်။ ထိုသင်္ဘောအုပ်စုမှာ ထိုသတ္တဝါကြီး၏ ခန္ဓာကိုယ်ကို အသုံးပြုကာ ဟင်းလင်းပြင်ထဲတွင် ခံတပ်ကြီးတစ်ခုပင် တည်ဆောက်လိုက်ကြ၏။

"ဒီပိုးမွှားကြီးက မဟူရာချောက်ကမ်းပါး ဘိုးဘေးသွေးရဲ့ ရင်းမြစ်လား.. ဒီလောက်ကြီးတဲ့ သတ္တဝါဆိုရင် သွေးတွေလည်း အများကြီး ရှိမှာပဲ.."

ကျိယွမ်၏ မျက်လုံးများမှာ ဝမ်းသာအားရ ဖြစ်သွားတော့သည်။ ထိုအဏုကြည့်ပိုးမွှားများ၏ ဒေတာများမှတစ်ဆင့် ထိုပိုးမွှားကြီး၏ သွေးများကို သိုလှောင်ထားသော နေရာများကိုလည်း သူရှာတွေ့လိုက်သည် ။

"ဒါက ဘိုးဘေးသွေးတွေ လာတဲ့နေရာပေါ့.."

ကျိယွမ်၏ အသက်ရှုသံများ မြန်ဆန်လာ၏။ အကယ်၍ သူသာ ထိုဘိုးဘေးသွေးများကို ရရှိခဲ့လျှင် ဘိုးဘေးသွေး အတတ်ပညာမှာ အလျင်အမြန် တိုးတက်လာမည်မဟုတ်ပါလား။

ထိုအခါ သူ၏ လမ်းစဉ်ပေါင်းစုံသိုင်းနတ်ဘုရားကျင့်ကြံမှုမှာလည်း မူလသဘောတရားအဆင့်သို့ ရောက်ရှိသွားမည် ဖြစ်သည်။

သူ၏ စိတ်ဝိညာဥ်များကို မသုံးဘဲ သို့မဟုတ် မဟာ မေ့လျော့ခြင်းစိတ်ကျမ်းကိုလည်း အားကိုးစရာမလိုဘဲ သူ၏ ကိုယ်ပိုင်ခန္ဓာကိုယ်အစွမ်းဖြင့်ပင် မူလသဘောတရားအဆင့်များကို ရင်ဆိုင်နိုင်တော့ပေတော့မည်။

ငါ့ရဲ့လက်သီးတစ်ချက်ကို မင်းတို့တောင့်ခံနိုင်မလားဆိုတာ သိချင်ပါသေးတယ်..ဟားဟား ဟားဟား ။

---------------

All Chapters