အခန်း (၅၈၆-၅၈၈)
Vol. 40 Ch. 586-588
အခန်း (၅၈၆) - အလှည့် ရှစ်ကြိမ် ရွှေအမြုတေ၏ အန္တရာယ်၊ အရှင်သခင် ဆယ်ပါး အင်မော်တယ်မြို့တော် (၁)
တစ်လ ကုန်လွန်သွားခဲ့တော့၏။
ဝမ်ပေါင် ကုန်သွယ်ရေး အသင်း နှင့် ကျင်း မိသားစု တို့မှ မူလ ဝိညာဉ်အဆင့် အရှင်သခင် ကိုယ်စားလှယ်များသည် ယွင်ရှောင် ဆေးလုံး စံအိမ် သို့ ကြီးမားလှသော လက်ဆောင်ပဏ္ဍာများအားယ်စီ ကိုင်ဆောင်ကာ ကိုယ်တိုင်ကိုယ်ကျ လာရောက် တောင်းပန်ခဲ့ကြသည်။
ကံမကောင်းစွာဖြင့် သူတို့သည် စုယွီကို တွေ့ခွင့်မရခဲ့ဘဲ လင်းချင်းရှား နှင့်သာ တွေ့ဆုံခဲ့ရ၏။ သို့သော် လင်းချင်းရှား သည် လက်ဆောင်များကို လက်ခံယူခဲ့ပြီး သူတို့ကို ယဉ်ကျေးစွာ ပြန်လည် နှုတ်ဆက် ပို့ဆောင်ပေးခဲ့သည်။
ထိုအင်အားစု နှစ်ခုသည် နောက်ထပ် ကျူးလွန် စော်ကားမှုများ မပြုလုပ်သရွေ့ ဤပြဿနာမှာ ပြီးဆုံးသွားပြီဟု မှတ်ယူနိုင်၏။
ဘာပဲပြောပြော စုယွီသည် သူ၏ ဆေးလုံး စံအိမ် ကို မှောင်ခိုဈေး အတွင်း၌ ဘေးကင်း အေးချမ်းစွာ လည်ပတ်နိုင်ရန်သာ လိုလားပြီး သူ၏ ကိုယ်ပိုင် နေရာရွှေ့ပြောင်း အခင်းအကျင်း အတွက် ဝိညာဉ် ကျောက်တုံးများ နှင့် အခြားသော အဆင့်မြင့် ကုန်ကြမ်း ပစ္စည်းများကို တဖြည်းဖြည်းချင်း စုဆောင်းနေခြင်းသာ။
မည်သည့် ပြဿနာကိုမှ ဖန်တီးလိုခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် ပြဿနာ များသည် သူ၏ ဝိညာဉ် ကျောက်တုံး စုဆောင်းမှု အရှိန်အဟုန်ကို နှောင့်နှေးစေမည် ဖြစ်သောကြောင့်တည်း။
နှစ်နှစ် ကုန်လွန်သွားခဲ့တော့၏။
သာယာ ကြည်လင်သော နံနက်ခင်း တစ်ခုတွင်။
လျှို့ဝှက်ခန်း တစ်ခု အတွင်း၌။
စုယွီသည် အခန်း၏ အလယ်ဗဟိုတွင် တင်ပျဉ်ခွေ ထိုင်နေပြီး ပိုးအိမ် တစ်ခုနှင့် တူသော အလင်းရောင် အကာအကွယ် တစ်ခုဖြင့် ရစ်ပတ် လွှမ်းခြုံထားခံနေရသည်။ သူ၏ ခန္ဓာကိုယ်မှာ ကျောက်ရုပ်ကြီးပမာ လုံးဝ မလှုပ်မယှက် တည်ရှိနေ၏။ ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်သည် သူ၏ စိတ်အာရုံ ထဲတွင် လည်ပတ် နေပြီး သူ၏ နတ်ဘုရား အာရုံကို ငြိမ်းချမ်း တည်ငြိမ်မှု အပြည့်အဝ ပေးစွမ်း နေ၏။
တစ်ချိန်တည်းမှာပင် စုယွီသည် အထက်ဘုံ သန့်စင်သော မူလ တာအို နိယာမ ကို အသုံးပြုနေပြီး ဓာတ်ကြီးငါးပါး စွမ်းအားများ သည် သူ၏ ပတ်ပတ်လည် တွင် ဖွဲ့တည်လာသည်။ သူသည် အထက်ဘုံ သန့်စင်သော မူလ တာအို နိယာမ ၏ အခြေခံ သဘောတရားများ နှင့် နည်းလမ်းများအား တဖြည်းဖြည်းချင်း နားလည် သဘောပေါက် လာခဲ့၏။
ဤ ဉာဏ်အလင်း ပွင့်ခြင်း လုပ်ငန်းစဉ် တစ်လျှောက်လုံး ကောင်းကင် နှင့် မြေကြီး မှ ဓာတ်ကြီးငါးပါး စွမ်းအားများ သည် သူ၏ ခန္ဓာကိုယ် အတွင်းသို့ တဖြည်းဖြည်းချင်း စုပ်ယူ ဝင်ရောက် လာပြီး ဓာတ်ကြီးငါးပါး ၏ တာအို စွမ်းအားကို အသုံးပြုကာ သူ၏ ဒန်တျန် အတွင်းရှိ ရွှေအမြုတေ ကို သန့်စင် ပေးနေ၏။
ဤအခြေအနေမှာ နှစ်နာရီ ကျော်ကြာအောင် ဆက်လက် ဖြစ်ပေါ်နေခဲ့၏။
"ဝီ..."
ရုတ်တရက် ဟင်းလင်းပြင် သည် တုန်ခါ လှိုင်းထသွားသည်။
စုယွီ၏ အရှိန်အဝါ သည် ကြီးမားလှသော အပြောင်းအလဲ တစ်ခုကို ကြုံတွေ့လိုက်ရပြီး... ယှဉ်ပြိုင်နိုင်စွမ်း ကင်းမဲ့သော အင်မော်တယ် စွမ်းအား တစ်ခုသည် သူ့ထံသို့ ရုတ်ချည်း စုစည်း ကျရောက်လာကာ ဓာတ်ကြီးငါးပါး ၏ ထူးခြား ဆန်းကြယ်လှသော ဖြစ်စဉ်များအား ထုတ်ဖော် ပြသ လိုက်တော့သည်။
စုယွီထံမှ ဓာတ်ကြီးငါးပါး ကမ္ဘာ တစ်ခု ပေါ်ထွက်လာပြီး ဓာတ်ကြီးငါးပါး မှ အင်မော်တယ် အလင်းရောင်များဖြင့် တောက်ပ နေ၏။
"ကျွီ..."
"ဝေါင်း..."
"ဝီ..."
ဓာတ်ကြီးငါးပါး တာအို ၏ အခြေခံ အုတ်မြစ်သည် နတ်ဘုရား ဖီးနစ်ငှက်၊ ကန်းကျင်း တာအို ဓား၊ နေရောင်ခြည် ဝိညာဉ်ရေ၊ ထူထဲသော မြေကမ္ဘာ နှင့် ကောင်းကင်သို့ ထိုးတက်နေသော ဧရာမ သစ်ပင်ကြီး စသည့် စစ်မှန်သော ဝိညာဉ် သားရဲများ အဖြစ် ဖွဲ့တည်လာသည်။
ဤအခိုက်အတန့် တွင် စုယွီ၏ ဓာတ်ကြီးငါးပါး နယ်ပယ် မှ အင်မော်တယ် စွမ်းအားသည် မူလ ဝိညာဉ်အဆင့် မှ သာမန် အရှင်သခင် တစ်ပါးကိုပင် ယှဉ်ပြိုင် တိုက်ခိုက်နိုင်စွမ်း ရှိနေပေပြီ။
သူ၏ ဒန်တျန် အတွင်း၌ မူလက စိတ္တဇ ဆန်သော အဋ္ဌမမြောက် ရွှေအမြုတေ မှော်စာလုံး အမှတ်အသား သည် ယခုအခါ လုံးဝ ဖွဲ့တည်လာပြီး ရွှေအမြုတေ ပေါ်တွင် နက်ရှိုင်းစွာ ထွင်းထု မှတ်တမ်းတင် သွားလေတော့သည်။
စုယွီ၏ ရွှေအမြုတေ သည် အလှည့် ရှစ်ကြိမ် ရွှေအမြုတေ သို့ ပြောင်းလဲ သွားခဲ့တော့၏။
စုယွီသည် အလှည့် ခုနစ်ကြိမ် ရွှေအမြုတေ ကို ပိုင်ဆိုင်ထားစဉ်က သူ၏ ဓာတ်ကြီးငါးပါး တာအို စွမ်းအားကို 'အတုအယောင် နယ်ပယ်' တစ်ခု အဖြစ်သာ မှတ်ယူနိုင်ပြီး မူလ ဝိညာဉ်အဆင့် နှင့် တန်းတူ မဖြစ်သေးဘူး ဟု ဆိုလျှင်...
ယခု အလှည့် ရှစ်ကြိမ် ရွှေအမြုတေ ကို ပိုင်ဆိုင်ထားချိန် တွင်မူ သူ၏ ဓာတ်ကြီးငါးပါး တာအို မှ အင်မော်တယ် စွမ်းအားသည် မူလ ဝိညာဉ်အဆင့် မှ အရှင်သခင် တစ်ပါး နှင့် အမှန်တကယ် ရင်ပေါင်တန်း ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီ ဖြစ်၏။
ပြီးပြည့်စုံသော အသွင်ပြောင်းလဲမှု တစ်ခု ပင်တည်း။
အရာအားလုံး တည်ငြိမ် သွားပြီး ကောင်းကင် နှင့် မြေကြီး ၏ ဝိညာဉ် စွမ်းအင်များ ပုံမှန် အနေအထား သို့ ပြန်လည် ရောက်ရှိသွားသော အခါ စုယွီသည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ သူ၏ ဒန်တျန် အတွင်းရှိ ချီ စွမ်းအင် အပြောင်းအလဲများအား စစ်ဆေး ကြည့်ရှု လိုက်သောအခါ သူ၏ မျက်ဝန်းများ ထဲတွင် ဝမ်းသာ ပီတိ အရိပ်အယောင် များက ဖုံးကွယ်၍ မရနိုင်အောင် ပေါ်လွင် နေတော့၏။
အထူးသဖြင့် အလှည့် ရှစ်ကြိမ် ရွှေအမြုတေ မှ ထွက်ပေါ်လာသော တောက်ပသည့် အင်မော်တယ် စွမ်းအားကို ခံစား မိလိုက်သော အခါ လေကို ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး တိုးညင်းစွာ ရေရွတ်လိုက်သည်။
"အဓိက အင်အားစု ကြီးတွေ အားလုံးက ပါရမီ ထူးချွန်တဲ့ ဉာဏ်ကြီးရှင် တွေကို တာအို သားတော်၊ သမီးတော်တွေ အဖြစ် ပြုစု ပျိုးထောင်ဖို့ ဘာကြောင့် သည်းကြီးမည်းကြီး ရှာဖွေ နေကြတာလဲ ဆိုတာ အံ့ဩစရာ မရှိတော့ပါဘူး... ရွှေအမြုတေ အခြေခံ အုတ်မြစ် တွေကြားက ကွာဟချက် က တကယ့်ကို ကြီးမား လွန်းလှတယ်..."
သူ၏ လက်ရှိ အမြုတေ ဖွဲ့စည်းခြင်း နယ်ပယ် အဋ္ဌမအဆင့် ကျင့်ကြံခြင်း နှင့် အလှည့် ရှစ်ကြိမ် ရွှေအမြုတေ တို့ဖြင့် ပေါင်းစပ်လိုက်လျှင်...
စုယွီသည် သူ၏ ကိုယ်ပိုင် ချီ စွမ်းအင် နှင့် သာမန် မှော်အတတ် ပညာများကိုသာ အသုံးပြု၍ မူလ ဝိညာဉ်အဆင့် မှ အရှင်သခင် တစ်ပါးကို ယှဉ်ပြိုင် တိုက်ခိုက် နိုင်ရုံသာမက ၎င်းကို အနိုင်ယူ ဖိနှိပ်ခြင်း သို့မဟုတ် ဆုတ်ခွာ ထွက်ပြေးစေခြင်း များပင် ပြုလုပ်နိုင်စွမ်း ရှိသည်ဟု အပြည့်အဝ ယုံကြည်ထားသည်။
ဤအရာ အားလုံးသည် အမြုတေ ဖွဲ့စည်းခြင်း နယ်ပယ် အဋ္ဌမအဆင့် နှင့် အလှည့် ရှစ်ကြိမ် ရွှေအမြုတေ တစ်ခုတည်းဖြင့် ရရှိနိုင်သော စွမ်းအားများ ဖြစ်၏။
အကယ်၍ သူသာ နဝမအဆင့် သို့ တက်လှမ်း နိုင်ပြီး အလှည့် ကိုးကြိမ် ရွှေအမြုတေ ကိုပါ ပိုင်ဆိုင် နိုင်မည် ဆိုပါက မည်သို့ ဖြစ်လာမည်နည်း။
'အကယ်၍ ပြိုင်ဘက် ဆီမှာလည်း အလှည့် ကိုးကြိမ် ရွှေအမြုတေ ရှိမနေဘူး ဆိုရင်... ငါ က တကယ့်ကို 'အမြုတေ ဖွဲ့စည်းခြင်း အဆင့်မှာ ပြိုင်ဘက်ကင်း' ဆိုတဲ့ ဘွဲ့နာမည် နဲ့ ထိုက်တန် နိုင်တယ်... ဒါပေမဲ့ အခြေခံ အုတ်မြစ် အပြင် ငါ့ဆီမှာ ဟင်းလင်းပြင် နဲ့ အချိန်တာအို စွမ်းရည် တွေလည်း ရှိနေသေးတယ် လေ...'
စုယွီက ဆက်လက် တွေးတော နေမိ၏။
ထို့ကြောင့် အလှည့် ကိုးကြိမ် ရွှေအမြုတေ ပိုင်ဆိုင်ထားသော ထိပ်တန်း ပါရမီရှင် များနှင့် ရင်ဆိုင်ရလျှင်ပင် သူ၏ တိုက်ခိုက်ရေး စွမ်းရည် က သူ့ဘက်သို့ အသာစီး ရစေနိုင်ဆဲ ဖြစ်ပေလိမ့်မည်။
ဤအချက်ကို တွေးမိသော အခါ စုယွီသည် ရေခဲ ငှက်မွေး ဝိညာဉ် ခန္ဓာကိုယ် ကို ပိုင်ဆိုင်ထားသော ဝမ်ရှန်း နန်းတော် မှ တာအို သားတော် ကို သတိရ သွားသည်။
သူ ကရော အလှည့် ခုနစ်ကြိမ် ရွှေအမြုတေ မှာပဲ ဆက်ရှိနေမလား... ဒါမှမဟုတ် အလှည့် ရှစ်ကြိမ် ရွှေအမြုတေ ကိုပါ ရရှိသွားပြီလား။
အလှည့် ရှစ်ကြိမ် ရွှေအမြုတေ ကို ရရှိရန် ဆိုသည်မှာ သေးငယ်သော ကိစ္စ တစ်ခု လုံးဝ မဟုတ်ချေ။
ခေတ္တမျှ စဉ်းစား ပြီးနောက် စုယွီသည် သူ၏ အတွေးများကို ဖယ်ရှားရန် ခေါင်းကို ခါယမ်းလိုက်သည်။ အဲဒီ အကြောင်းကို တွေးနေလို့ ဘာအကျိုး ရှိမှာလဲ။ သူ ကိုယ်တိုင် က အလှည့် ရှစ်ကြိမ် ရွှေအမြုတေ ကို ဖွဲ့စည်း တည်ဆောက် ပြီးနေပြီ ပဲ။ မည်သို့ပင် ဆိုစေကာမူ ယခုအခါ သူသည် သူ၏ အန္တိမ ရည်မှန်းချက် ဖြစ်သော အလှည့် ကိုးကြိမ် ရွှေအမြုတေ ကို အပြီးသတ် ဖွဲ့စည်းရန် ခြေတစ်လှမ်း ပိုမို နီးကပ် လာခဲ့ပြီ ဖြစ်၏။
လွန်ခဲ့သော နှစ်များစွာ က အင်မော်တယ် ဂိုဏ်းမှ ရှေးဟောင်း မှတ်တမ်းများကို ဖတ်ရှုခဲ့စဉ် က တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ တွင် သတ္တမအဆင့် နှင့် အထက် ရွှေအမြုတေ ကို ပိုင်ဆိုင်ထားသော ပါရမီရှင် များ မရှိခဲ့ဖူး ကြောင်းကို သူ သိရှိခဲ့ရသည်။
အလှည့် ကိုးကြိမ် ရွှေအမြုတေ ကို ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ။
ရှေးဟောင်း ကျင့်ကြံခြင်း ခေတ်ကာလ တွင်ပင် အလှည့် ကိုးကြိမ် ရွှေအမြုတေ ဆိုသည်မှာ အလွန်တရာ ရှားပါးလှသော၊ ဘီလူး သရဲ ကဲ့သို့ ကြောက်မက်ဖွယ် ကောင်းသော တည်ရှိမှု တစ်ခု ဖြစ်ခဲ့၏။
ယခု အခိုက်အတန့် တွင် သူသည် ထိုအဆင့် သို့ ရောက်ရှိရန် ခြေတစ်လှမ်း သာ လိုတော့၏။
စုယွီသည် သူ၏ စိတ်အာရုံကို ပြန်လည် တည်ငြိမ်အောင် ထိန်းချုပ်ပြီးနောက် သူ၏ နေ့စဉ် ကျင့်ကြံခြင်း ကို ဆက်လက် ပြုလုပ်လိုက်သည်။ ကျင့်ကြံခြင်း ပြီးဆုံးသွားသော အခါ သူ၏ ကျွမ်းကျင်မှု ပြသသည့် ဇယားကွက် ကို တစ်ချက် ကြည့်လိုက်၏။ ဓာတ်ကြီးငါးပါး ကျင့်စဉ် ၏ ကျွမ်းကျင်မှု အဆင့်မှာ သိသိသာသာ တိုးတက် လာခဲ့တော့၏။
[ကျင့်ကြံခြင်း နည်းစနစ် : ဓာတ်ကြီးငါးပါး ကျင့်စဉ် (အမြုတေ ဖွဲ့စည်းခြင်း နယ်ပယ်၊ အဋ္ဌမအဆင့်၊ ကျွမ်းကျင်မှု ၇၄.၅၈%)]
"ခန့်မှန်းခြေ အရ ဆိုရင်တော့ အမြုတေ ဖွဲ့စည်းခြင်း နယ်ပယ် နဝမအဆင့် ကို ရောက်ဖို့ နောက်ထပ် ငါးနှစ် ခြောက်နှစ် လောက်ပဲ လိုတော့မယ် ထင်တယ်"
စုယွီသည် တိုးညင်းစွာ ရေရွတ်လိုက်သည်။
ကျင့်ကြံခြင်း ပြီးဆုံးသွားပြီးနောက် စုယွီသည် ယနေ့ အတွက် ဆေးလုံး ဖော်စပ်ခြင်း အလုပ်ကို စတင်လိုက်ပြီး ပထမတန်းစား၊ စတုတ္ထအဆင့် သားရဲမူလ ဆေးလုံး နောက်တစ်ဖိုစာ ကို ဖော်စပ် လိုက်သည်။
တစ်ဖိုတည်း တွင် ဆေးလုံး ငါးလုံး ထွက်ပေါ် လာခဲ့ပြီး ဆေးလုံး တိုင်းမှာ ပြီးပြည့်စုံသော အရည်အသွေး ရှိနေ၏။
နှစ်ပေါင်းများစွာ ဆေးလုံး ဖော်စပ်ခြင်း အတွေ့အကြုံ များကို စုဆောင်း ခဲ့ပြီးနောက် စုယွီသည် ပထမတန်းစား၊ စတုတ္ထအဆင့် သားရဲမူလ ဆေးလုံး များကို ဖော်စပ်ရာတွင် အလွန်တရာ ကျွမ်းကျင် လာခဲ့ပြီ ဖြစ်ကာ ပြီးပြည့်စုံသော အရည်အသွေး ရှိသည့် ဆေးလုံး များကို အစဉ်တစိုက် ဖော်စပ် နိုင်နေပြီ ဖြစ်၏။
အခြားသော စတုတ္ထအဆင့် ဆေးလုံး များကို ဖော်စပ်ရာတွင် သူ၏ ကျွမ်းကျင်မှု မှာ အနည်းငယ် လျော့နည်း သော်ငြားလည်း အကောင်းဆုံး အရည်အသွေး ရှိသည့် ဆေးလုံး များကိုကား အစဉ်တစိုက် ဖော်စပ်နိုင်ဆဲ ဖြစ်ပြီး... ဖော်စပ်မှု ဆယ်ကြိမ် တွင် အနည်းဆုံး ခြောက်ကြိမ် သို့မဟုတ် ခုနစ်ကြိမ် ခန့် အောင်မြင်မှု နှုန်း ရှိနေ၏။
သူ၏ ဆေးဖော်စပ်ခြင်း ပညာရပ်မှာ အလွန်အမင်း တိုးတက် လာခဲ့တော့၏။
လွန်ခဲ့သော နှစ်များ တစ်လျှောက် အလယ်အလတ်အဆင့် ဝိညာဉ် ကျောက်တုံး သိန်းပေါင်းများစွာ အကုန်အကျ ခံကာ သူ ဝယ်ယူ စုဆောင်း ထားခဲ့သော တတိယအဆင့် နှင့် စတုတ္ထအဆင့် ဆေးဖော်စပ်ရာ ကုန်ကြမ်း ပစ္စည်း သောင်းပေါင်းများစွာ အနက် လေးပုံတစ်ပုံ ခန့်မှာ ကုန်ဆုံး သွားခဲ့လေပြီ။
ထိုနှစ်များ တစ်လျှောက် သူ ရောင်းချခဲ့သော ဆေးလုံး များကို ထည့်မတွက် လျှင်ပင် သူ၏ သိုလှောင်မှု ထဲတွင် တတိယအဆင့် ဆေးလုံး နှစ်သောင်း ကျော် နှင့် စတုတ္ထအဆင့် ဆေးလုံး ငါးထောင် နီးပါးခန့် စုဆောင်း မိနေပြီ ဖြစသည်။
သူ စုဆောင်း ထားမိသော အလယ်အလတ်အဆင့် ဝိညာဉ် ကျောက်တုံး အရေအတွက် မှာလည်း နောက်တစ်ဖန် တစ်သန်း ကျော်လွန် သွားပါ၏။
အခန်း (၅၈၇) - အလှည့် ရှစ်ကြိမ် ရွှေအမြုတေ၏ အန္တရာယ်၊ အရှင်သခင် ဆယ်ပါး အင်မော်တယ်မြို့တော် (၂)
နှစ်ဝက်မျှ အချိန်ကာလ ကုန်လွန်သွား၏။
အရာအားလုံးကို တုန်လှုပ်ချောက်ချားသွားစေသော သတင်းဆိုးကြီးတစ်ခုသည် အရှင်သခင် ဆယ်ပါး အင်မော်တယ်မြို့တော် တစ်ခွင်လုံးသို့ တဟုန်ထိုး လွှမ်းခြုံသွားတော့သည်။
မှောင်ခိုဈေးအတွင်း၌ လင်းချင်းရှားနှင့် ယန်ယွီမင်တို့မှာ ဆေးလုံး စံအိမ်သို့ လာရောက်ဝယ်ယူသော ဖောက်သည်များကို ဧည့်ခံနေကြသည်။ ထိုစဉ် နောက်ဖေးခြံဝင်းအတွင်းရှိ ကျောက်စားပွဲနံဘေးတွင် ထိုင်နေသော စုယွီသည် အပြင်ဘက်မှ သတင်းများကို ယူဆောင်လာသော လင်းပင်း၏ စကားများကို နားထောင်ရင်း အံ့အားသင့်ဟန် ရိပ်ခနဲ ထင်သွား၏။
“မိစ္ဆာမျိုးနွယ်စုတွေ လှုပ်ရှားနေကြပြီ။ အရပ်မျက်နှာ အသီးသီးက ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတွေက အရှင်သခင် ဆယ်ပါး အင်မော်တယ်မြို့တော်ဆီကို ဒရောသောပါး ပြေးလွှား လာနေကြတယ်ပေါ့။ သူတို့က ငါတို့မြို့ကို ပစ်မှတ်ထားနေတဲ့ပုံပဲလား”
စုယွီ၏ မျက်နှာပေါ်တွင် ထိတ်လန့်သွားသော အရိပ်အယောင်များ ယှက်သန်းဖြစ်ပေါ်လာသည်။
တာ့ချန် ကျင့်ကြံခြင်းလောကတွင် နှစ်ပေါင်းများစွာ မားမားမတ်မတ် ရပ်တည်နေခဲ့သော အရှင်သခင် ဆယ်ပါး အင်မော်တယ်မြို့တော်သည် အတိုင်းအဆမရှိ စွမ်းအားကြီးမားလှပေ၏။
မိစ္ဆာမျိုးနွယ်စု၏ တိုက်ခိုက်ခြင်းကို မခံရသည်မှာ အင်မတန် ကြာမြင့်နေခဲ့ပြီ ဖြစ်သည်။
အကယ်၍ မိစ္ဆာမျိုးနွယ်စုက စတင်လှုပ်ရှားလာလျှင်ပင် မြို့တော်၏ အစွန်အဖျားရှိ ကျင့်ကြံခြင်းမြို့ငယ်လေးများ၊ ဈေးတန်းများနှင့် မိသားစုပိုင်နယ်မြေများကိုသာ ပစ်မှတ်ထားလေ့ရှိပြီး အသေးအမွှား နှောင့်ယှက်မှုများကိုသာ ပြုလုပ်လေ့ရှိ၏။
“ဟုတ်ကဲ့ပါရှင်။ အပြင်မှာ ဒီလိုပဲ ပြောနေကြပါတယ်ရှင်။ ဒါကြောင့်လည်း ဒီနေ့ ဆေးလုံးလာဝယ်တဲ့ ဖောက်သည်တွေ ပိုများလာတာပါ။ အရင်ကဆို ဖောက်သည်တစ်ယောက်လာဖို့ ရက်နဲ့ချီ စောင့်ရပေမဲ့ အခုတော့ ငါးယောက်တောင် ရောက်နေပါပြီရှင်။ ပြီးတော့ သူတို့အားလုံးက ဆေးလုံးတွေကို အမြောက်အမြား ဝယ်သွားကြတာမို့ အရင်က တစ်လစာ အရောင်းနဲ့ ညီမျှနေပါတယ်ရှင်”
လင်းပင်းက ခေါင်းညိတ်ကာ ရှင်းလင်းပြောပြသည်။
စုယွီသည် ခေါင်းခဲမတတ် စဉ်းစားရင်း မျက်နှာထားကို တည်ကြည်လေးနက်သွားအောင် ပြင်လိုက်တော့၏။
ပုံမှန်အခြေအနေမျိုးဆိုလျှင် မိစ္ဆာမျိုးနွယ်စုသည် အလွန်တရာ အစွမ်းထက်လှသော အရှင်သခင် ဆယ်ပါး အင်မော်တယ်မြို့တော်ကို တိုက်ခိုက်ရန် လုံးဝ ဝံ့ရဲမည် မဟုတ်ချေ။
သို့သော် ယခုမူ မိစ္ဆာမျိုးနွယ်စုက အရပ်ရှစ်မျက်နှာမှ သားရဲများကို စုရုံးကာ မြို့တော်ကို ပစ်မှတ်ထားရန် ပြင်ဆင်နေသည်လော။
အကြောင်းရင်းက အဘယ်နည်း။
မြို့တော်မှ ထွက်ခွာပြီး အင်မော်တယ်နန်းတော်သို့ ခေတ္တပြန်သွားသင့်သလော။ ကသောင်းကနင်းအခြေအနေများ ငြိမ်သက်သွားမှသာ ပြန်လာရမည်လော ဟူသော အတွေးများက စုယွီ၏ စိတ်အာရုံထဲသို့ ရုတ်ချည်း ထိုးဖောက်ဝင်ရောက်လာသည်။
သို့ဖြစ်သော်ငြားလည်း နောက်တစ်ခဏ၌ စုယွီသည် တစ်စုံတစ်ရာကို စဉ်းစားမိသွားကာ သူ၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားလေတော့သည်။
'မိစ္ဆာမျိုးနွယ်စုရဲ့ ဒီလှုပ်ရှားမှုတွေ နောက်ကွယ်မှာ ပင်လယ်မျိုးနွယ်စုများ ရှိနေမလား'
ထိုအတွေးက စုယွီ၏ စိတ်အာရုံထဲတွင် ရိပ်ခနဲ ပေါ်ထွက်လာ၏။
ယခင်က ပင်လယ်မျိုးနွယ်စုမှ စတုတ္ထအဆင့် ထိပ်ဆုံးအဆင့်ရှိ အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးသည် ၎င်း၏ ဆေးလုံး စံအိမ်သို့ လျှို့ဝှက်စွာ ဝင်ရောက်လာပြီး ရှာဖွေမှုများ ပြုလုပ်ခဲ့ဖူးသည်။ သူပိုင်ဆိုင်ထားသော ရှေးဟောင်း ဖူဟိုင်ရွှမ်လိပ် သွေးမျိုးဆက်ကို ပင်လယ်မျိုးနွယ်စုက ခြေရာခံလိုက်လာခြင်း ဖြစ်နိုင်ကြောင်း စုယွီ မှန်းဆခဲ့ဖူး၏။
သို့သော် ထိုအချိန်မှစ၍ ပင်လယ်မျိုးနွယ်စုကို ထပ်မံ မတွေ့ရတော့သကဲ့သို့ ၎င်း၏ မှန်းဆချက်ကို သက်သေပြနိုင်မည့် ခိုင်လုံသော အထောက်အထားလည်း မရှိခဲ့ပေ။
နှစ်ကာလများစွာ ကြာမြင့်လာခဲ့ပြီဖြစ်ရာ ထိုအဖြစ်အပျက်ကို စုယွီပင် မေ့လုနီးပါး ဖြစ်နေခဲ့ချေပြီ။
ယခု မိစ္ဆာမျိုးနွယ်စု၏ လှုပ်ရှားမှုများနှင့် အရှင်သခင် ဆယ်ပါး အင်မော်တယ်မြို့တော်ကို ပစ်မှတ်ထားလာခြင်းကို ကြားရသောအခါမှသာ ပင်လယ်မျိုးနွယ်စု ရှိနေကြောင်းကို သူ ရုတ်တရက် ပြန်လည်အမှတ်ရသွားသည်။
စုယွီ၏ မျက်နှာ ကွက်ခနဲ ပျက်သွားတော့၏။
အကယ်၍ ရွှမ်လိပ်ကို ရယူရန် ပင်လယ်မျိုးနွယ်စုကသာ ဤအရာများ နောက်ကွယ်မှ ကြိုးကိုင်နေခြင်းဆိုလျှင် ရွှမ်လိပ်ကို အင်မော်တယ်နန်းတော်သို့ သူ ပြန်လည်ခေါ်ဆောင်သွား၍ မရနိုင်တော့ချေ။
မြို့တော်ထဲတွင်သာ ဆက်လက်ထားရှိရပေမည်။
“အပြင်မှာ လက်ရှိ အခြေအနေက ဘယ်လိုရှိလဲ။ မိစ္ဆာမျိုးနွယ်စု ဘယ်နှယောက်က ပုံမှန်မဟုတ်ဘဲ လှုပ်ရှားနေကြတာလဲ။ သားရဲတွေ ဘယ်လောက်တောင် စုရုံးနေကြပြီလဲ”
စုယွီက လင်းပင်းဘက်သို့ လှည့်ကာ အသေးစိတ် မေးမြန်းလိုက်သည်။
လင်းပင်းသည် ပြန်မဖြေမီ ခေတ္တမျှ ယတိပြတ် မဆုံးဖြတ်နိုင်ဘဲ တုံ့ဆိုင်းနေ၏။ ထို့နောက်မှ အားယူ၍ ရှင်းပြ၏။
“လက်ရှိအချိန်အထိတော့ သတင်းတွေက အခုမှ ပြန်ရောက်လာတာမို့ အခြေအနေက ထိန်းချုပ်နိုင်သေးတဲ့ ပုံပါပဲရှင်။ မိစ္ဆာမျိုးနွယ်စုရဲ့ လှုပ်ရှားမှုက အခုမှ စတင်ရုံပဲရှိသေးပြီး အရှင်သခင် ဆယ်ပါး အင်မော်တယ်မြို့တော်နဲ့ အဝေးကြီးမှာ ရှိနေပါသေးတယ်။ ကျွန်မ အထင်တော့ မြို့ကို ဝန်းရံပိတ်ဆို့ဖို့ သူတို့ ဆယ်နှစ်လောက်၊ ဒါမှမဟုတ် နှစ်ဆယ်လောက် အချိန်ယူရပါလိမ့်မယ်။ ဒါပေမဲ့ မြို့တော်ပတ်ဝန်းကျင်က နယ်မြေတွေကတော့ သားရဲတွေရဲ့ ထိုးစစ်တွေနဲ့ ရင်ဆိုင်နေရပါပြီ။ အခု အထက်မြို့တော်က ကျင့်ကြံသူတွေကို အမြောက်အမြား စုဆောင်းနေပါတယ်။ မိစ္ဆာမျိုးနွယ်စုနဲ့ သားရဲတွေရဲ့ ထိုးစစ်ကို တွန်းလှန်ဖို့ အရပ်မျက်နှာ အသီးသီးက ကျင့်ကြံသူတွေကို ဆွဲဆောင်နိုင်အောင် မက်လုံးပေးပြီး ကမ်းလှမ်းချက်တွေ အများကြီး ထုတ်ထားပါတယ်ရှင်”
အခြေအနေကို ဖြည်းဖြည်းချင်း နားလည်လာသည်နှင့်အမျှ စုယွီသည် သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်ကာ စိတ်သက်သာရာ ရသွားသည်။
ထိုအရာများက အခုမှ စတင်ရုံသာ ရှိသေးပေ၏။
မိစ္ဆာမျိုးနွယ်စုသည် အရှင်သခင် ဆယ်ပါး အင်မော်တယ်မြို့တော်ကို အမှန်တကယ် ဝန်းရံပိတ်ဆို့ရန် မိုင်ပေါင်းများစွာ ကွာဝေးနေဆဲ ဖြစ်သည်။
စိတ်သက်သာရာ ရသွားပြီးနောက် မြို့မှ ထွက်ခွာမည့် အတွေးကို စုယွီ ခေတ္တ ဘေးဖယ်ထားလိုက်တော့သည်။ ဆန့်ကျင်ဘက်အားဖြင့် သူ၏ မျက်လုံးများအတွင်း၌ ဓားရောင်တစ်ချက် ဝင်းလက်သွားသကဲ့သို့ တောက်ပသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
'မိစ္ဆာမျိုးနွယ်စုက မြို့ကို ဝန်းရံပိတ်ဆို့ဖို့ ရည်ရွယ်ထားတာပဲ'
“မြို့ထဲမှာ ဆေးလုံးတွေ၊ အဆောင်တွေ၊ အခင်းအကျင်းတွေ၊ မှော်လက်နက်တွေနဲ့ ကုန်ကြမ်းပစ္စည်းတွေရဲ့ ဈေးနှုန်းတွေ တက်လာပြီလား”
သူသည် လင်းပင်းဘက်သို့ ကပျာကယာ လှမ်းကြည့်လိုက်သည်။
လင်းပင်း၏ လှပချောမောသော မျက်နှာလေးပေါ်တွင် ဝမ်းသာပီတိ အရိပ်အယောင်များ ပေါ်လွင်လာပြီး စုယွီအား တင်ပြသည်။
“ဆရာသခင် ပြောတာ မှန်ပါတယ်ရှင်။ ဒီနေ့ ဆေးလုံး စံအိမ်က ဆေးလုံးတွေရဲ့ ဈေးနှုန်းက (၁၀) ရာခိုင်နှုန်း တက်သွားပေမဲ့လည်း ဖောက်သည်တွေက အလုအယက် ဝယ်နေကြတုန်းပါပဲ”
စုယွီသည် အက်ကွဲသော ရယ်သံတစ်ခုကို ပြုလုပ်လိုက်ကာ လက်ခုပ်တီး၍ အော်ဟစ်လိုက်လေတော့သည်။
“ငါ ဝိညာဉ်ကျောက်တုံးတွေ စုဆောင်းရမယ့် အချိန်ရောက်ပြီပဲကွ”
ယခင်က သူသည် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သိန်းပေါင်းများစွာကို သုံးစွဲကာ မြို့ထဲရှိ ဆေးလုံးများ၊ အဆောင်များနှင့် တတိယအဆင့်၊ စတုတ္ထအဆင့် အဆင့်နိမ့် ကုန်ကြမ်းပစ္စည်းများကို လက်ကျန်မရှိ သလောက် ဝယ်ယူသိမ်းဆည်းခဲ့ဖူး၏။
၎င်းတို့အများစုကို သူ သိုလှောင်ထားဆဲပင် ဖြစ်၏။
မိစ္ဆာမျိုးနွယ်စုကြောင့် မြို့တော်တွင် အန္တရာယ် အငွေ့အသက်များ လွှမ်းခြုံလာပြီး အကျပ်အတည်းများ ကျရောက်လာသည်နှင့်အမျှ မြို့တွင်းရှိ အရင်းအမြစ်မျိုးစုံ၏ ဈေးနှုန်းများမှာ သဘာဝအလျောက် မြင့်တက်လာကာ အရောင်းအဝယ် ပမာဏမှာလည်း အဟုန်ပြင်းစွာ တိုးတက်လာခဲ့သည်။
ဤသည်မှာ သူ့အတွက် လောဘသားကောင်အဖြစ် ကြီးမားသော အမြတ်အစွန်းများ ရယူရန် အခွင့်အရေး တစ်ရပ် မဟုတ်ပါလော။
“ငါ ဆေးလုံးဖော်စပ်တာကို ဆက်လုပ်တော့မယ်။ ပင်းအာ... မင်းရဲ့ အဓိက တာဝန်က အပြင်ဘက်က အခြေအနေ အပြောင်းအလဲတွေကို စောင့်ကြည့်ဖို့ပဲ။ ဘာအပြောင်းအလဲ ဒါမှမဟုတ် သတင်းအသစ်တွေရှိရှိ ငါ့ကို ချက်ချင်း လာပြောနော်”
စုယွီက တိကျပြတ်သားစွာ ညွှန်ကြားလိုက်သည်။
“ဟုတ်ကဲ့ပါ ဆရာသခင်”
လင်းပင်းက ချက်ချင်း တုံ့ပြန်လိုက်၏။
စုယွီက ခေါင်းညိတ်ပြပြီး ဆေးဖော်စပ်ရာ အခန်းသို့ ပြန်လည်ဝင်ရောက်သွားတော့သည်။ ဆေးလုံးဖော်စပ်ရန် ပြင်ဆင်လိုက်စဉ်မှာပင် ရင်ထဲ၌ တစ်ချက်လှုပ်ခါသွားသလို ခံစားလိုက်ရသည်။ သူသည် အစိမ်းရောင် သစ်သားလက်စွပ်ထဲမှ ဆက်သွယ်ရေး တံဆိပ်ပြားကို ဆင့်ခေါ်လိုက်၏။ ၎င်းအတွင်းသို့ သူ၏ စိတ်အာရုံကို စူးစိုက်ထည့်သွင်းလိုက်သည်နှင့် လော့ချန်ယွီ၏ အသံသည် ချက်ချင်း ထွက်ပေါ်လာတော့သည်။
“ဆရာသခင်စုက အင်မော်တယ်ဂိုဏ်းမှာ မရှိဘူးပေါ့လေ”
လော့ချန်ယွီ၏ နောက်ပြောင်နေသော အသံကို ကြားလိုက်ရသည်။
စုယွီက ခပ်ပြုံးပြုံးဖြင့် တုံ့ပြန်လိုက်၏။
“တကယ်ပဲ မရှိပါဘူးဗျာ။ ဘာကိစ္စများရှိလို့လဲ တူမလေးလော့”
သူ့စကားအား လော့ချန်ယွီက ရှုံ့ချသော လေသံဖြင့် ကဲ့ရဲ့လိုက်သည်။
“ဟွန့်... ချီးကျူးတာကို ခံယူဖို့ ဒီလောက်တောင် နှိမ့်ချပြနေသလား”
ထို့နောက် လော့ချန်ယွီသည် အဓိက အကြောင်းအရာကို စတင်ပြောဆိုလာတော့သည်။
“အရှင်သခင် ဆယ်ပါး အင်မော်တယ်မြို့တော်မှာ ဖြစ်နေတဲ့ ကိစ္စတွေကို နင်.. ကြားပြီးပြီလား။ မိစ္ဆာမျိုးနွယ်စုရဲ့ လှုပ်ရှားမှုတွေ အများကြီးရှိနေပြီး အရပ်မျက်နှာ အသီးသီးကနေ သားရဲအုပ်ကြီးတွေ ဖွဲ့စည်းနေကြတယ်။ ဒီသားရဲအုပ်ကြီးတွေက အရှင်သခင် ဆယ်ပါး အင်မော်တယ်မြို့တော်ကို ဝိုင်းရံပိတ်ဆို့ဖို့ စုဝေးနေတဲ့ လက္ခဏာတွေ ရှိနေတယ်တဲ့”
စုယွီ၏ မျက်ခုံးများ တွန့်ချိုးသွားသည်။ သတင်းများက မြန်ဆန်စွာ ဂယက်ထနေပေ၏။ မြေကမ္ဘာ အင်မော်တယ်နယ်မြေရှိ အင်မော်တယ်စံအိမ်တွင် ကျင့်ကြံနေသော လော့ချန်ယွီပင်လျှင် ထိုကိစ္စကို သိရှိနေပြီ ဖြစ်သည်။
“ငါလည်း အခုလေးတင်ပဲ ကြားလိုက်ရတယ်”
“အရှင်သခင် ဆယ်ပါး အင်မော်တယ်မြို့တော်က မိစ္ဆာမျိုးနွယ်စုရဲ့ သားရဲတွေကို တွန်းလှန်ကာကွယ်ဖို့ အရပ်မျက်နှာ အသီးသီးက ကျင့်ကြံသူတွေကို စုဆောင်းဖို့ ကြီးမားတဲ့ ဆုလာဘ်တွေ ထုတ်ပြန်ထားတယ်။ ချင်းချွမ်၊ ရှုဟိုင်၊ ခုန်းယွင်၊ ကျန်မုန့် နဲ့ ငါတို့တွေ တိုင်ပင်ပြီး အတွေ့အကြုံရဖို့ အရှင်သခင် ဆယ်ပါး အင်မော်တယ်မြို့တော်ကို သွားဖို့ စီစဉ်ထားတယ်။ ခင်ဗျားရော ငါတို့နဲ့ လိုက်မလား”
စုယွီက မျက်မှောင်အနည်းငယ် ကျုံ့လိုက်၏။ လော့ချန်ယွီနှင့် အခြားသူများက ဤကိစ္စတွင် ပါဝင်ပတ်သက်လိုကြသည်လော။
သူ၏ ခန့်မှန်းချက်သာ မှန်ကန်ပါက ဤတစ်ကြိမ် အရှင်သခင် ဆယ်ပါး အင်မော်တယ်မြို့တော်၏ အခြေအနေသည် လုံးဝ ရိုးရှင်းမည်မဟုတ်ပေ။ ပင်လယ်မျိုးနွယ်စု၏ ရွှမ်လိပ်သည် ရှေးဟောင်း သွေးမျိုးဆက်ဖြစ်သော ပင်လယ်လွှမ်းမိုး ရွှမ်လိပ်အတွက် မည်မျှ ထူးခြားသော အစီအမံများကို လုပ်ဆောင်မည်ကို မည်သူက သိနိုင်မည်နည်း။
ခေါင်းခဲမတတ် စဉ်းစားပြီးနောက် စုယွီက နက်နဲသော အဓိပ္ပာယ်ဖြင့် ပြောလိုက်သည်။
“ ကျွန်တော် သိသလောက်တော့ ဒီတစ်ကြိမ် အရှင်သခင် ဆယ်ပါး အင်မော်တယ်မြို့တော်မှာ မိစ္ဆာမျိုးနွယ်စုရဲ့ လှုပ်ရှားမှု အခြေအနေက လုံးဝကို ရိုးရှင်းမှာ မဟုတ်ဘူး။ ခင်ဗျားတို့ တကယ်ပဲ စွန့်စားချင်ရဲ့လားဆိုတာ သေချာ စဉ်းစားသင့်ပါတယ်”
ထိုစကားကို ကြားသောအခါ တစ်ဖက်မှ လော့ချန်ယွီမှာ အံ့အားသင့်သွားသည်။
စုယွီသည် ဤတစ်ကြိမ် အရှင်သခင် ဆယ်ပါး အင်မော်တယ်မြို့တော်၏ အခြေအနေကို အများကြီး သိနေပုံရသည် မဟုတ်ပါလော။
လော့ချန်ယွီက ကပျာကယာ ပြန်မေးလိုက်တော့၏။
“ဘာကို ဆိုလိုတာလဲ။ မိစ္ဆာမျိုးနွယ်စု လှုပ်ရှားနေရတဲ့ အကြောင်းရင်းကို နင် သိနေလို့လား”
“အဲ.. အတိအကျတော့ မဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သတိထားကြပါ။ ခင်ဗျားတို့ တကယ် သွားချင်တယ်ဆိုရင်လည်း သေချာ ပြင်ဆင်ထားကြပါ။ ကျွန်တော်ကတော့ မကြာခင် အချိန်အတွင်းမှာ ဒီကိစ္စတွေထဲ ဝင်ပါဖို့ အချိန်မရှိဘူး။ ဒါပေမဲ့ အစ်မတို့ အရှင်သခင် ဆယ်ပါး အင်မော်တယ်မြို့တော်ကို ရောက်တာနဲ့ အခြေစိုက်စခန်းကို သွားလို့ရတယ်။ ကျွန်တော့်ဘက်က လက်ဆောင်လေးအနေနဲ့ အစ်မတို့အတွက် အဲဒီမှာ တစ်ခုခု ချန်ထားခဲ့ပါမယ်”
အတန်ကြာ စကားပြောပြီးနောက် စုယွီသည် သူ၏ ဆက်သွယ်ရေး တံဆိပ်ပြားကို ရုပ်သိမ်းလိုက်သော်လည်း မျက်ခုံးများက တွန့်ချိုးနေဆဲပင် ဖြစ်သည်။
လော့ချန်ယွီနှင့် အခြားသူများ ဤကိစ္စတွင် ပါဝင်ပတ်သက်လိုခြင်းမှာ မျှော်လင့်ထားပြီးသား ကိစ္စပင်။
မည်သို့ပင်ဆိုစေ သူနှင့်မတူဘဲ လော့ချန်ယွီနှင့် အခြားသူများသည် အဆင့်ချိုးဖြတ်နိုင်ရန် အတွေ့အကြုံများ ရှာဖွေရယူရန် လိုအပ်နေဆဲပါ။ ထိုသို့ပြုလုပ်ခြင်းက သူမတို့၏ စိတ်နေသဘောထားနှင့် ကျင့်ကြံခြင်းအဆင့်ကို ဟန်ချက်ညီညီ တိုးတက်စေရန် ပိုမိုလွယ်ကူစေလိမ့်မည်။
အရှင်သခင် ဆယ်ပါး အင်မော်တယ်မြို့တော်သည် အရပ်မျက်နှာ အသီးသီးမှ ကျင့်ကြံသူများကို စုဆောင်းရန်အတွက် များပြားလှသော ဆုလာဘ်များကို ပေးအပ်နေ၏။ လော့ချန်ယွီနှင့် အခြားသူများအတွက် ဤသည်မှာ ကြီးမားလှသော အခွင့်အရေးကြီးတစ်ခုဟုပင် ဆိုနိုင်၏။
အန္တရာယ်ရှိသော နေရာတိုင်းတွင် အခွင့်အရေး ရှိစမြဲပင်။ ဤသည်မှာ ကျင့်ကြံခြင်းလောကရှိ ကျင့်ကြံသူများ၏ စစ်မှန်သော အတွေ့အကြုံပင်တကား။
အချိန်နှင့် အခွင့်အခါ သင့်သောအခါ စုယွီသည် လူတစ်ဦးကို စေခိုင်း၍ ချန်ခွန်းအိတ် တစ်လုံးကို ပေးပို့စေပြီး အထက်မြေကမ္ဘာ အင်မော်တယ်မြို့တော်ရှိ အိမ်တော်တွင် ချန်ထားရစ်ခဲ့သည်။ လော့ချန်ယွီနှင့် အခြားသူများ ရောက်ရှိလာသောအခါ ထိုအိတ်က သူမတို့ကို စောင့်ကြိုနေမည် ဖြစ်၏။ ထို့နောက် သူသည် ယွင်ရှောင် ဆေးလုံး စံအိမ်သို့ ပြန်လည်ရောက်ရှိလာပြီး ဆေးလုံးများ ဖော်စပ်ရာတွင် အာရုံစူးစိုက်ရန် ဆေးဖော်စပ်ရာ အခန်းထဲသို့ ဝင်ရောက်သွားတော့သည်။
'သူတို့ သတိထားရင်တော့ အဆင်ပြေမှာပါ'
စုယွီသည် သူမတို့၏ လုံခြုံရေးနှင့် ပတ်သက်၍ အထိုက်အလျောက် စိုးရိမ်ပူပန်မှု ရှိနေခဲ့၏။ မည်သို့ပင်ဆိုစေကာမူ ဤနေရာတွင် လော့ချန်ယွီနှင့် အခြားသူများသည် သူ၏ အရင်းနှီးဆုံး မိတ်ဆွေများ ဖြစ်ကြသည်။ သေချာပေါက် လူတိုင်း ဘေးကင်းလုံခြုံစေရန် မျှော်လင့်မိပါသည်။
နောက်ထပ် အချိန်အတိုင်းအတာ တစ်ခုအထိ ကုန်လွန်သွား၏။
အပြင်ဘက်မှ သတင်းများက တစ်ခုပြီးတစ်ခု ရောက်ရှိလာတော့သည်။ ဤတစ်ကြိမ် မိစ္ဆာမျိုးနွယ်စုက စုစည်းထားသော သားရဲအုပ်ကြီးမှာ သာမန်မဟုတ်ဘဲ ၎င်း၏ ပမာဏမှာ အလွန်တရာ ကြီးမားကျယ်ပြန့်လွန်းလှ၏။
အရှင်သခင် ဆယ်ပါး အင်မော်တယ်မြို့တော် ပတ်ဝန်းကျင်ရှိ မြို့ငယ်လေးများ၊ ဈေးတန်းများနှင့် ကျင့်ကြံခြင်း မိသားစု အများအပြားမှာ ထိခိုက်ခံစားခဲ့ရတော့၏။
အချို့သော သူများသည် သားရဲအုပ်ကြီး၏ လက်အောက်တွင် ကျဆုံးသွားခဲ့ကြပြီး အချို့သော မြို့ငယ်လေးများ၊ ဈေးတန်းများနှင့် သေးငယ်သော ကျင့်ကြံခြင်း မိသားစုများမှာ သူတို့၏ နယ်မြေများကို စွန့်လွှတ်ကာ အရှင်သခင် ဆယ်ပါး အင်မော်တယ်မြို့တော်ဆီသို့ ထွက်ပြေးခဲ့ကြရသည်။
ထိုသို့သော အခြေအနေများအောက်တွင် အရှင်သခင် ဆယ်ပါး အင်မော်တယ်မြို့တော်သည် အပြင်ဘက်နယ်မြေများကို ပြတ်ပြတ်သားသား စွန့်လွှတ်လိုက်ပြီး အပြင်ဘက်နယ်မြေများမှ ကျင့်ကြံသူများကို နောက်ဆုတ်ခွင့် ပြုလိုက်တော့သည်။
ထို့နောက် မြို့တော်အနီးတွင် အဓိက ကာကွယ်ရေးခံတပ်မျဉ်း သုံးခုကို စတင်တည်ဆောက်ကြလေတော့၏။
အခန်း (၅၈၈) - မျိုးစေ့များ ရှင်သန်ကြီးထွားခြင်း (၁)
မြေကမ္ဘာ အင်မော်တယ် စံအိမ်၊ အင်မော်တယ် တစ်သောင်း နန်းတော်၊ ကျောက်စိမ်းနဂါး နန်းတော်၊ ကျိုးလင် အင်မော်တယ် တောင်၊ လီဟော့ ခန်းမ အစရှိသည့် အင်မော်တယ် ဂိုဏ်းကြီးများနှင့် အခြားသော အင်အားစုများမှ မူလ ဝိညာဉ်အဆင့် အရှင်သခင် အကြီးအကဲများ နှင့် တပည့်များသည် အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော်သို့ စေလွှတ်ခြင်း ခံရ၏။ အရပ်မျက်နှာ အသီးသီးမှ ကျင့်ကြံသူများသည်လည်း တစ်စုတစ်စည်းတည်း အုံခဲလာကြသည်။
ဤသည်ကား မိစ္ဆာမျိုးနွယ်စုနှင့် အခြားသော ပြင်ပ အင်အားစုများကို ရင်ဆိုင်ရာတွင် လူသားမျိုးနွယ်စုမှ ကျင့်ကြံသူများသည် ယေဘုယျအားဖြင့် စည်းလုံးညီညွတ်သော တပ်ဦးတစ်ခုကို ထိန်းသိမ်းထားနိုင်ကြောင်း ပြသနေခြင်းပင်။
ထို့အပြင် အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော်ကဲ့သို့ ကြီးမားသော ကြားနေ အင်အားစုကြီးတစ်ခုသည် ပုံမှန်အချိန်များတွင် စုဆောင်းရရှိထားသော ဆက်ဆံရေးများနှင့် စေတနာ မေတ္တာများမှာ ယခုအခါ စိတ်ကူး၍ပင် မရနိုင်အောင် ကြီးမားလှ၏။ မြို့တော်သည် အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး ၎င်း၏ အကူအညီတောင်းခံမှုက အရပ်ရှစ်မျက်နှာမှ အကူအညီများကို ဆွဲဆောင်နိုင်ခဲ့ချေပြီ။
အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော်၏ ဝန်းကျင်ဒေသများမှ ကျင့်ကြံသူများသည် မြို့တော်သို့ ဆုတ်ခွာလာကြသကဲ့သို့ အဝေးတစ်နေရာမှ အင်အားစု အသီးသီးမှ ကျင့်ကြံသူများသည်လည်း ကူညီပံ့ပိုးရန် ရောက်ရှိလာကြသည်။
တစ်ညတွင်းချင်းပင် အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော်အတွင်းရှိ ကျင့်ကြံသူ အရေအတွက်မှာ အဆမတန် တိုးပွားလာခဲ့လေတော့သည်။
မှောင်ခိုဈေးအတွင်း၌ ပုံမှန်အားဖြင့် လမ်းပေါ်တွင် ဖောက်သည် များများစားစား မရှိတတ်သော ယွင်ရှောင် ဆေးလုံး စံအိမ်သည် ယခုအခါ မှောင်ခိုဈေးသို့ လာရောက်သူ အရေအတွက် ရုတ်တရက် တိုးလာမှုကြောင့် စည်ကား သိုက်မြိုက်နေတော့၏။
အရင်းအမြစ် မျိုးစုံ၏ ဈေးနှုန်းများမှာလည်း အလွန်အမင်း ထိုးတက်နေပြီး ဈေးနှုန်းများမှာ နေ့စဉ်နှင့်အမျှ ပြောင်းလဲနေ၏။
ယွင်ရှောင် ဆေးလုံး စံအိမ်ရှိ ဆေးလုံး အရောင်းပမာဏမှာ သိသိသာသာ တိုးလာခဲ့၏။ အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော်တွင် အကျပ်အတည်း မဖြစ်မီကနှင့် နှိုင်းယှဉ်လျှင် ပျမ်းမျှ နေ့စဉ် အရောင်းပမာဏမှာ သုံးဆနီးပါး တိုးလာခဲ့၏။
သို့သော်လည်း စုယွီကမူ ဤအရာများကို ဂရုမစိုက်ပေ။ အပြင်ဘက်တွင် ဈေးနှုန်းများ မည်မျှပင် တက်နေပါစေ သူ့အပေါ် သက်ရောက်မှု မရှိချေ။ သူ၏ လက်ဝယ်တွင် ကုန်ကြမ်းပစ္စည်းများ အမြောက်အမြား ရှိနေသေးပြီး ဆေးလုံး ရောင်းချမှုကိုလည်း သူ စီမံခန့်ခွဲခြင်း မရှိဘဲ ဆေးလုံးဖော်စပ်ခြင်းကိုသာ အာရုံစိုက်နေ၏။
“ဒီတစ်ခါတော့ မိစ္ဆာမျိုးနွယ်စုက တကယ်ကို အခြေအနေကို အရှိအဟုန် မြှင့်ချင်နေပုံပဲ.. အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော်က ဝိညာဉ်ခွဲထွက် နယ်ပယ် ကျင့်ကြံသူ တစ်ယောက်က မိစ္ဆာမျိုးနွယ်စုက အဓိက အင်အားစု တစ်ခုနဲ့ ညှိနှိုင်းဖို့ ကြိုးစားခဲ့ပေမဲ့ သူတို့က ဆွေးနွေးဖို့တောင် စိတ်ကူးမရှိကြဘူး.. တန်းပြီး တိုက်ခိုက်တော့တာပဲ”
“အပြင်က ကျင့်ကြံသူတွေ အားလုံးကတော့ ပွက်လောညံနေကြပြီ.. ဒီတစ်ကြိမ် မိစ္ဆာမျိုးနွယ်စုက တကယ်ကို မောက်မာလွန်းတယ်.. ဒါပေမဲ့ ငါတို့ လူသားတွေကလည်း အလွယ်တကူ အနိုင်ကျင့်ခံရမယ့် သူတွေ မဟုတ်ဘူးလေ”
လင်းပင်းသည် နေ့စဉ် သတင်းအချက်အလက်များ ရယူရန် အပြင်ထွက်လေ့ရှိပြီး သတင်းဆိုးများ ကြားရသောအခါ စုယွီထံသို့ စိုးရိမ်ပူပန်သော မျက်နှာထားဖြင့် ပြန်လာလေ့ရှိ၏။
သူမ၏ စိုးရိမ်နေသော မျက်နှာကို ကြည့်ရင်း စုယွီမှာ ရယ်ချင်စိတ်ကို မထိန်းထားနိုင်တော့ဘဲ…
“ဒါဆိုရင်လည်း ဆက်ပြီး ပြင်းပြင်းထန်ထန် လေ့ကျင့်ပေတော့.. တစ်နေ့ကျရင် မင်းက ဒီမိစ္ဆာတွေကို သင်ခန်းစာ ကောင်းကောင်း ပေးနိုင်လာလိမ့်မယ်”
လင်းပင်းသည် လျှာကလေး တစ်လစ် ထုတ်လိုက်ပြီး တိုးညင်းစွာ ပြန်ပြော၏။
“ကျွန်မ မလုပ်နိုင်ပါဘူး”
“ဒါပေမဲ့ ဆရာသခင်ကတော့ အနာဂတ်မှာ သေချာပေါက် လုပ်နိုင်မှာပါ”
လင်းပင်းသည် စုယွီဘက်သို့ လှည့်ကြည့်လိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် ကြည်ညိုလေးစားမှုများ အပြည့်အဝ ရှိနေ၏။
စုယွီကမူ ခပ်ပြုံးပြုံးဖြင့်သာ နေလိုက်ပြီး ဘာမှ မပြောတော့ချေ။
အင်မော်တယ် ဂိုဏ်းများနှင့် အင်အားစု အသီးသီးမှ ကျင့်ကြံသူများ ကူညီရန် ရောက်ရှိလာခြင်းကြောင့် စုယွီသည် အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော်၏ လုံခြုံရေးနှင့် ပတ်သက်၍ အလွန်အမင်း စိုးရိမ်ပူပန်မှု မရှိတော့ပေ။ မိစ္ဆာမျိုးနွယ်စုနှင့် တိုက်ပွဲသည် ကာလတို အတွင်း မြို့တော်သို့ ရောက်ရှိလာမည် မဟုတ်ချေ။
အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော်သို့ ရောက်ရှိလာလျှင်ပင် မြို့တော်၏ ကာကွယ်ရေး အခင်းအကျင်းများကို ချိုးဖျက်ရန် မိစ္ဆာမျိုးနွယ်စု အတွက် ခက်ခဲပေလိမ့်မည်။
မြေပြင်ပေါ်တွင်။
မြေကမ္ဘာ အင်မော်တယ် စံအိမ်၏ အခြေစိုက် စခန်းတွင်။
လော့ချန်ယွီ၊ တာအိုဆရာမ ချင်းချွမ်၊ တာအိုသခင် ရှုဟိုင်၊ ခုန်းယွင်၊ ကျန်မုန့် အစရှိသည့် လူများ ဤနေရာတွင် စုရုံးနေကြသည်။ ထို့အပြင် မြေကမ္ဘာ အင်မော်တယ် စံအိမ်မှ အခြားသော မူလ ဝိညာဉ်အဆင့် အရှင်သခင် အကြီးအကဲများ နှင့် တပည့် အများအပြားလည်း အခြေစိုက် စခန်းတွင် စုရုံးနေကြ၏။
ကျန်းမန်သဲ့သည် လော့ချန်ယွီနှင့် အခြားသူများကို ရှာတွေ့သွားပြီး ချန်ခွန်းအိတ် တစ်လုံးကို ကမ်းပေးလိုက်၏။
“အစ်မတော် ချန်ယွီ၊ အကြီးအကဲ ချင်းချွမ်၊ အစ်ကိုတော် ရှုဟိုင်.. ဒါက ဦးလေးစု က အစ်မတို့အတွက် ချန်ထားခဲ့တာပါ”
တာအိုဆရာမ ချင်းချွမ်သည် လော့ချန်ယွီအား ကြည့်လိုက်ပြီး…
“အထဲမှာ ဘာပါလဲ ကြည့်လိုက်ကြမလား”
လော့ချန်ယွီသည် ချန်ခွန်းအိတ်ကို ယူ၍ ဖွင့်ကြည့်လိုက်သည်။ အတွင်း၌ အဆင့်မြင့် အဆင့် အဆောင် ငါးဆယ် နှင့် စတုတ္ထအဆင့် အဆင့်နိမ့် အဆောင် သုံးဆယ် အပါအဝင် အဆောင် အထပ်လိုက် ပါရှိနေ၏။
ထိုစတုတ္ထအဆင့် အဆင့်နိမ့် အဆောင်များကို မြင်လိုက်ရသောအခါ လော့ချန်ယွီ နှင့် တာအိုဆရာမ ချင်းချွမ် တို့ နှစ်ဦးစလုံး၏ မျက်လုံးအိမ်များ အနည်းငယ် ကျဉ်းမြောင်း သွားပြီး အံ့အားသင့်သွားကြသည်။
တာအိုဆရာမ ချင်းချွမ်က အသံနှိမ့်ကာ ရေရွတ်လိုက်၏။
“သူ.. သူက စတုတ္ထအဆင့် အဆင့်နိမ့် အဆောင်သခင် အဖြစ် အဆင့်တက်သွားပြီလား”
လော့ချန်ယွီသည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ ခေါင်းညိတ်ပြပြီး…
“ဖြစ်နိုင်တယ်”
တာအိုဆရာမ ချင်းချွမ်၏ မျက်လုံးများ တဖျပ်ဖျပ် လင်းလက်သွားပြီး တိုးညင်းစွာ ရယ်မောလိုက်သည်။
“ပြီးတော့ သူက အမြုတေ ဖွဲ့စည်းခြင်း နယ်ပယ် စတုတ္ထအဆင့်မှာပဲ ရှိသေးတယ်လေ”
လော့ချန်ယွီတို့ အချင်းချင်း မျက်လုံးချင်း ဆုံမိကြပြီး ရယ်ချင်စိတ်ကို မထိန်းနိုင်ကြတော့ချေ။
‘ဒီကောင်လေးက အတော်လေး ဉာဏ်နီဉာဏ်နက် များတာပဲ’
‘သူ့ရဲ့ လက်ရှိ ကျင့်ကြံခြင်း အဆင့်က ဘယ်လောက်လဲ ဆိုတာ ဘယ်သူက သိနိုင်မှာလဲ’
သို့သော်လည်း သူတို့သည် ဆက်လက် စူးစမ်း မနေတော့ဘဲ ဤအဆောင်များကို စတင် ဝေငှလိုက်ကြသည်။ မကြာသေးမီကမှ အမြုတေ ဖွဲ့စည်းခြင်း အဆင့်သို့ တက်လှမ်းလာခဲ့ကြသော ခုန်းယွင် နှင့် ကျန်မုန့် တို့မှာ ယခုအခါ အမြုတေ ဖွဲ့စည်းခြင်း နယ်ပယ် ဒုတိယအဆင့်တွင်သာ ရှိသေးပြီး သူတို့ နှစ်ဦးစလုံး ရွှေအမြုတေကို ဖွဲ့စည်းနိုင်ခြင်း မရှိသေးချေ။
လော့ချန်ယွီသည် သူတို့အား ကိုယ့်ကိုယ်ကို ကာကွယ်ရန် နှင့် ထွက်ပြေး လွတ်မြောက်ရန် အတွက် အဆင့်မြင့် အဆင့် အဆောင် ငါးခုစီ ဝေငှပေးလိုက်သည်။
ကျန်းမန်သဲ့ နှင့် ကျန်းမန်ယောင် တို့သည်လည်း ချင်းချွမ် ထံမှ အဆင့်မြင့် အဆင့် အဆောင် အချို့ကို ရရှိခဲ့ကြ၏။
ကျန်ရှိနေသော စတုတ္ထအဆင့် အဆင့်နိမ့် အဆောင်များကိုမူ လော့ချန်ယွီ၊ တာအိုဆရာမ ချင်းချွမ် နှင့် တာအိုသခင် ရှုဟိုင် တို့ကြားတွင် ဝေငှလိုက်ကြသည်။
“အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော်က တာဝန်တွေကို အရင် သွားစစ်ကြည့်ကြတာပေါ့.. အရမ်း အန္တရာယ် မများဘူး ဆိုရင် ငါတို့ အတူတူ ယူပြီး အနီးကပ် နေကြတာပေါ့”
တစ်ရက်မျှ အနားယူပြီးနောက် လော့ချန်ယွီ နှင့် အခြားသူများသည် သူတို့၏ စွန့်စားခန်း အသစ်များကို စတင်ရန် အခြေစိုက် စခန်းမှ ထွက်ခွာခဲ့ကြသည်။
ထိုအတောအတွင်း၊ အင်မော်တယ် တစ်သောင်း နန်းတော်မှ ဝိညာဉ် ခန္ဓာကိုယ် တပည့် ကူရှောက်ခွန်း၊ မြေကမ္ဘာ အင်မော်တယ် စံအိမ်မှ တပည့် ဖန်ရှောင် အစရှိသည့် အင်မော်တယ် ဂိုဏ်းများမှ ထင်ရှားသော ပုဂ္ဂိုလ်များသည်လည်း အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော်တွင် ပေါ်ထွက် လာခဲ့ကြသည်။
မိစ္ဆာမျိုးနွယ်စု၏ ထိုးစစ်သည် အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော် အတွက် အကျပ်အတည်း တစ်ခု ဖြစ်သော်လည်း ဤထူးချွန်သော ပါရမီရှင်များ အတွက်မူ အခွင့်အရေး တစ်ရပ်လည်း ဖြစ်၏။
အင်မော်တယ် တစ်သောင်း နန်းတော်မှ ဝိညာဉ် ခန္ဓာကိုယ် တပည့် ကူရှောက်ခွန်း ပေါ်ထွက်လာကတည်းက အခြားသော အင်အားစု အားလုံးသည်လည်း သူတို့၏ ကိုယ်ပိုင် ပါရမီရှင်များကို ရည်ရွယ်ချက် ရှိရှိ ထုတ်ဖော် ပြသလာကြသည်။ အင်မော်တယ် တစ်သောင်း နန်းတော် တစ်ခုတည်းကိုသာ လူအများ၏ အာရုံစိုက်မှု အားလုံး ရရှိသွားစေရန် သူတို့ အလိုမရှိကြချေ။
နှစ်လ ကုန်လွန်သွားတော့၏။
“ဆရာသခင်.. ဝမ်ပေါင် ကုန်သွယ်ရေး အသင်းက ဆိုင်ရှင် အန်းပေါ်ယီ ရောက်လာပြီး အရည်အသွေးမြင့် တတိယအဆင့် ဆေးလုံး အမြောက်အမြား ဝယ်ချင်တယ်လို့ ပြောပါတယ်”
လင်းချင်းရှား ဝင်လာပြီး စုယွီအား တိုးညင်းစွာ တင်ပြသည်။
စုယွီ၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားပြီး ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။
“သူ့ကို နောက်ဖေး ခြံဝင်းထဲ ခေါ်လာခဲ့ပါ”
ကျောက်စားပွဲ နံဘေးတွင် ထိုင်နေစဉ် ခဏအကြာ၌ လင်းချင်းရှားသည် အန်းပေါ်ယီအား စုယွီထံသို့ ခေါ်ဆောင် လာခဲ့သည်။
စုယွီကို မြင်လိုက်ရသည်နှင့် အန်းပေါ်ယီ၏ ခန္ဓာကိုယ်မှာ အလိုလို တဆတ်ဆတ် တုန်သွားလေတော့သည်။ သူသည် ခန္ဓာကိုယ်ကို အနည်းငယ် ကိုင်းညွတ်ကာ ရိုသေစွာ ဦးညွှတ်လိုက်ပြီး…
“အန်းပေါ်ယီ က အရှင်သခင်ကို အရိုအသေ ပေးပါတယ်”
စုယွီက သူ့ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး…
“မင်းတို့ ဝမ်ပေါင် ကုန်သွယ်ရေး အသင်းက ဆေးလုံး ဘယ်လောက် လိုချင်တာလဲ”
အန်းပေါ်ယီသည် ခေါင်းကို အနည်းငယ် ငုံ့ထားကာ ရိုသေစွာ ပြန်ဖြေသည်။
“အရှင်သခင်.. ကျွန်တော်တို့ ဝမ်ပေါင် ကုန်သွယ်ရေး အသင်းက လေလံပွဲ တစ်ခု ကျင်းပဖို့ စီစဉ်ထားပါတယ်.. ဒါကြောင့် အရည်အသွေးမြင့် ဆေးလုံးတွေကို ရနိုင်သလောက် အများဆုံး လိုချင်ပါတယ်”