အခန်း (၅၈၉-၅၉၁)
Vol. 40 Ch. 589-591
အခန်း (၅၈၉) - လျှို့ဝှက်ဆန်းကြယ် မျိုးစေ့၏ ရှင်သန်နိုးထမှု
“တောက်.. တောက်.. တောက်”
စုယွီ၏ လက်ချောင်းများက စားပွဲပြင်ပေါ်သို့ ခပ်ဖွဖွ ခေါက်နေရင်း နက်ရှိုင်းသော အတွေးကမ္ဘာထဲသို့ နစ်မြုပ်နေ၏။
တတိယအဆင့် ဆေးလုံးတစ်လုံး၏ တန်ဖိုးမှာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သုံးဆယ်မှ တစ်ရာကြား ရှိတတ်ပြီး အရည်အသွေးမြင့် ဆေးလုံးများဆိုလျှင် ဈေးနှုန်း ငါးဆယ်ရာခိုင်နှုန်းခန့် ပိုမိုမြင့်မားတတ်ပါသည်။ ယခုအခါ အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော်အတွင်း၌ ဆေးလုံးဈေးနှုန်းများမှာ သုံးဆယ်ရာခိုင်နှုန်းခန့်အထိ ရုတ်ချည်း ထိုးတက်သွားခဲ့တော့၏။
ထို့ကြောင့် အရည်အသွေးမြင့် တတိယအဆင့် ဆေးလုံး အရေအတွက် တစ်ထောင်ဆိုလျှင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်သိန်းကျော် တန်ဖိုးရှိလှ၏။
ထိုအခိုက် စုယွီ၏ ခေါင်းထဲသို့ အကြံဉာဏ်တစ်ခု ရိပ်ခနဲ ဝင်ရောက်လာတော့သည်။
သူသည် ကုန်ကြမ်းပစ္စည်း စာရင်းတစ်ခုကို လျင်မြန်စွာ ဆွဲထုတ်ကာ အန်းပေါ်ယီ ထံသို့ ကမ်းပေးလိုက်သည်။ ပြီးနောက် တည်ငြိမ်စွာပင်..
“ဒီကုန်ကြမ်းတွေ အသင်းမှာ ရှိလား”
စာရင်းကို လှမ်းယူလိုက်သော အန်းပေါ်ယီ၏ မျက်လုံးများ ပြူးကျယ်သွားရ၏။ ပဉ္စမအဆင့် ကုန်ကြမ်းပစ္စည်း အမည်များကို မြင်လိုက်ရချိန်တွင် သူ၏ လက်များ တုန်ယင်သွားပြီး စာရင်းပင် အောက်သို့ လွတ်ကျမတတ် ဖြစ်သွားရလေသည်။ထို့နောက် လေပူများကို ပြင်းပြင်းထန်ထန် ရှိုက်သွင်းလိုက်တော့သည်။
သူက စာရင်းနှင့် စုယွီအား တစ်လှည့်စီ အကဲခတ်လိုက်ပြီးနောက် မျက်မှောင်ကို ခပ်ဖွဖွ ကြုတ်လိုက်ကာ မှုန်ကုပ်ကုပ် မျက်နှာထားဖြင့်..
“ဒီကုန်ကြမ်းတွေက တော်တော်လေး ရှားပါးတယ်... ကျွန်တော် သိထားသလောက်ဆိုရင် ကျွန်တော်တို့ အသင်းရဲ့ မှောင်ခိုဈေး လျှို့ဝှက်ရတနာတိုက်ထဲမှာ ဒီစာရင်းထဲက ပစ္စည်း နည်းနည်းပဲ ရှိတယ်... အဲဒါတောင် အရေအတွက် အကန့်အသတ်နဲ့ပဲ ရမယ်”
စုယွီ၏ မျက်နှာက တည်ငြိမ်နေဆဲပင်။
“ကျွန်တော်က ဒီကုန်ကြမ်းတွေကို အလဲအလှယ် စနစ်နဲ့ပဲ လက်ခံမယ်... အသင်းက ပစ္စည်း ဘယ်လောက် စုဆောင်းပေးနိုင်လဲဆိုတဲ့ အပေါ် မူတည်ပြီး ဝမ်ပေါင် ကုန်သွယ်ရေးအသင်းဆီ ကျွန်တော် ဆေးလုံး ဘယ်လောက် ပေးနိုင်မလဲဆိုတာ ဆုံးဖြတ်မယ်”
စကားကို ခေတ္တ ရပ်တန့်လိုက်ပြီးနောက် စုယွီက အန်းပေါ်ယီအား အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်၏။
“ဝမ်ပေါင် ကုန်သွယ်ရေးအသင်းဆီ အရည်အသွေးမြင့် တတိယအဆင့် ဆေးလုံး အရေအတွက် တစ်သောင်းအထိ ကျွန်တော် ထောက်ပံ့ပေးနိုင်တယ်”
အန်းပေါ်ယီ၏ မျက်လုံးများ ပြူးကျယ်သွားပြီး တံတွေးကို အခက်အခဲ မြိုချလိုက်ရတော့သည်။
ဆေးလုံး တစ်သောင်း..။
ဤအရောင်းအဝယ်ကား ကြီးမားခမ်းနားလွန်းလှပေ၏။
သို့သော် စာရင်းထဲရှိ ပစ္စည်းများမှာ အလွန်တရာ ရှားပါးနေပြန်သည်။
အန်းပေါ်ယီသည် မျက်မှောင်ကြုတ်ကာ အချိန်အတန်ကြာ စဉ်းစားပြီးနောက် သတိကြီးစွာဖြင့်..
“အရှင်သခင်... ဒီကိစ္စကို ကျွန်တော် တစ်ယောက်တည်း ဆုံးဖြတ်ခွင့် မရှိဘူး... အသင်းက အကြီးအကဲတွေနဲ့ တိုင်ပင်ဖို့အတွက် ဒီစာရင်းကို ကျွန်တော် ယူသွားပါရစေ... ပြီးမှ အရှင်သခင်နဲ့ အတည်ပြု ဆွေးနွေးရင်ရော အဆင်ပြေမလား”
စုယွီက လက်ဝှေ့ယမ်းပြကာ ထွက်ခွာခွင့် ပြုလိုက်သည်။
သူ၏ ရင်ထဲတွင် မျှော်လင့်ချက် အငွေ့အသက်များ ယှက်သန်းလာ၏။ဤပဉ္စမအဆင့် ကုန်ကြမ်းများကို ကိုယ်တိုင် ရှာဖွေရန်အတွက် သူ၏ လက်လှမ်းမီမှုမှာ အလွန် အကန့်အသတ် ရှိနေ၏။နေရာ ရွှေ့ပြောင်း အခင်းအကျင်း တစ်ခု တည်ဆောက်ရန် ပစ္စည်းများ စုဆောင်းမည်ဆိုပါက အချိန် အလွန်ကြာမြင့်သွားနိုင်သည်။
သို့သော် ဝမ်ပေါင် ကုန်သွယ်ရေးအသင်းကတော့ ကွာခြားလှ၏။ မှောင်ခိုဈေးကွက်အတွင်း နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့သော ကုန်သွယ်ရေး အသင်းကြီး တစ်ခု ဖြစ်သည့်အလျောက် သူတို့ထံတွင် ကျယ်ပြန့်သော ကွန်ရက်များ ရှိနေသည်မှာ ယုံမှားဖွယ် မရှိချေ။ အကယ်၍ သူတို့သာ ပစ္စည်းများ ပိုမို စုဆောင်းပေးနိုင်မည် ဆိုပါက သူ၏ အချိန်နှင့် လုပ်အား အများအပြားကို သက်သာစေမည် ဖြစ်တော့သည်။
ရက်အနည်းငယ် ကြာပြီးနောက်..
အန်းပေါ်ယီ ထပ်မံ ရောက်ရှိလာပြီး အရည်အသွေးမြင့် တတိယအဆင့် ဆေးလုံး တစ်သောင်းအတွက် အရောင်းအဝယ်ကို အတည်ပြုခဲ့လေသည်။ သို့သော် ဝမ်ပေါင် ကုန်သွယ်ရေးအသင်းဘက်မှ ကုန်ကြမ်းများ စုဆောင်းရန်အတွက် အချိန်တစ်ခု ပေးရန် သဘောတူညီမှု ရယူခဲ့ရ၏။
အန်းပေါ်ယီက အလွန်တရာ ရိုသေလေးစားစွာဖြင့်..ပြောပြလာသည်။
“လေလံပွဲကို သုံးနှစ်အတွင်း ကျင်းပမှာပါ... အဲဒီ သုံးနှစ်အတွင်းမှာ ကျွန်တော်တို့ အသင်းက အရှင်သခင်နဲ့ လဲလှယ်ဖို့အတွက် တန်ဖိုးညီမျှတဲ့ ကုန်ကြမ်းတွေကို စုဆောင်းပေးပါမယ်”
စုယွီ၏ လေသံက သတိပေးဟန် ပါဝင်နေ၏။
“ဒီအရောင်းအဝယ်ကို လျှို့ဝှက်ထားရမယ်”
“သေချာပေါက်ပါ... ကျွန်တော်တို့ ဝမ်ပေါင် ကုန်သွယ်ရေးအသင်းက ဒီကိစ္စကို လုံးဝ ပေါက်ကြားစေမှာ မဟုတ်ပါဘူး”
ဟု အန်းပေါ်ယီက ချက်ချင်းပင် အာမခံလိုက်သည်။
အသင်း၏ အထက်ပိုင်း ခေါင်းဆောင်များ အနေဖြင့် ဤစာရင်းမှာ အာကာသ ကူးပြောင်းရေး အခင်းအကျင်းအတွက် လိုအပ်သော ကုန်ကြမ်းများဖြစ်ကြောင်း အလွယ်တကူ ရိပ်မိနိုင်ကြသည်။ဤမျှ များပြားသော ပစ္စည်းများကို စုဆောင်းနိုင်သည့် အင်အားစုတစ်ခု ဆိုသည်မှာ အလွန်တရာ ဩဇာတိက္ကမ ကြီးမားလွန်းလှကြောင်းမှာလည်း ရှင်းလင်းနေ၏။
နောက်ကွယ်တွင် ဝိညာဉ်ခွဲထွက် နယ်ပယ်မှ ကျင့်ကြံသူ တစ်ဦးပင် ရှိနေနိုင်သေးသည်။ထိုသို့သော အင်အားစုမျိုးကို ဝမ်ပေါင် ကုန်သွယ်ရေးအသင်း အနေဖြင့် မည်သို့ ရန်စဝံ့မည်နည်း.. ထို့ကြောင့် သတင်းအချက်အလက် တစ်စွန်းတစ်စကိုပင် သူတို့အနေနှင့် ပေါက်ကြား မခံရဲချေ။
အန်းပေါ်ယီ ထွက်ခွာသွားပြီးနောက် စုယွီ၏ မျက်နှာပေါ်တွင် ဝမ်းသာကြည်နူးမှု အရိပ်အယောင်တစ်ခု ယှက်သန်းသွားတော့သည်။အရည်အသွေးမြင့် တတိယအဆင့် ဆေးလုံး တစ်သောင်းအား ဈေးလျှော့၍ ရောင်းချလိုက်ရလျှင်ပင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်သန်းခန့် တန်ကြေးရှိနေဆဲ ဖြစ်၏။
ဤကုန်ကြမ်း ပမာဏကား သေးငယ်လှသည် မဟုတ်ချေ.. သူကိုယ်တိုင် စုဆောင်းထားသော ပစ္စည်းများနှင့် ပေါင်းစပ်လိုက်လျှင် အာကာသ ကူးပြောင်းရေး အခင်းအကျင်းအတွက် လိုအပ်သော ကုန်ကြမ်း ငါးပုံတစ်ပုံခန့်ကို တစ်ပြိုင်နက်တည်း ရရှိနိုင်မည် ဖြစ်လေသည်။ ဒါက အခင်းအကျင်း တစ်ခုလုံး တည်ဆောက်ရန်အတွက် အရေးပါသော ခြေလှမ်းတစ်ရပ်ကို လှမ်းတက်လိုက်နိုင်ခြင်းပင်။
စုယွီ တစ်ယောက် မှောင်ခိုဈေးကွက်အတွင်း ပုန်းအောင်းကာ အရင်းအမြစ်များ ရှာဖွေရန်အတွက် ဆေးလုံးများ ဖော်စပ်ရင်း ကျင့်ကြံနေချိန်၌.. ပြင်ပလောကတွင်မူ ရက်စက်ကြမ်းကြုတ်သော သားရဲများက ရေလှိုင်းကြီးများအလား အရှိန်အဟုန်ဖြင့် စုရုံးလာကြပြီး လူသားမျိုးနွယ်စု၏ ပိုင်နက်နယ်မြေများဆီသို့ အရပ်ရှစ်မျက်နှာမှ ဝင်ရောက် တိုက်ခိုက်နေကြတော့၏။
အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော်မှ ခံစစ်စည်း သုံးခု တည်ဆောက်ရန် ဆုံးဖြတ်လိုက်ပြီးနောက် မြို့တော်၏ အပြင်ဘက် နယ်မြေများမှ ကျင့်ကြံသူများသည် မြို့တော်၏ လမ်းညွှန်မှုဖြင့် တဖြည်းဖြည်း နောက်ဆုတ်လာကြသည်။ သူတို့သည် သားရဲလှိုင်းလုံးကြီးများကို ခုခံကာကွယ်ရင်း နောက်တန်း ခံစစ်စည်းများ တည်ဆောက်ရန် အချိန်ဆွဲပေးနေကြခြင်း ဖြစ်၏။
လော့ချန်ယွီ.. တာအိုဆရာမ ချင်းချွမ်နှင့် အခြားသူများမှာ ဈေးကွက်များနှင့် ကျင့်ကြံခြင်း မြို့တော်များကို ကာကွယ်ရန် တာဝန်များစွာ ပေးအပ်ခံရပြီး မရေမတွက်နိုင်သော သားရဲများကို သုတ်သင် ရှင်းလင်းနေကြလေသည်။ အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော်မှ ရရှိသော တာဝန် ဆုလာဘ်များဖြင့် မူလဝိဉာဉ် ဖွဲ့တည်ခြင်း ဆေးလုံးအတွက် လိုအပ်သော ကုန်ကြမ်းများကိုလည်း လဲလှယ် စုဆောင်းနေကြ၏။
တဖြည်းဖြည်းဖြင့် ဆေးတစ်အိုးစာအတွက် အဓိက ပါဝင်ပစ္စည်း ဖြစ်သော မူလဝိဉာဉ် ဖွဲ့တည်ခြင်း သစ်သီးမှလွဲ၍ ကျန်ကုန်ကြမ်းများ အားလုံး စုံလင်လုနီးပါး ဖြစ်လာခဲ့သည်။ဤကား ကြီးမားလှသော အသီးအပွင့်များပင်။
*
နှစ်နှစ် ကြာပြီးနောက်..
ယွင်ရှောင် ဆေးလုံး စံအိမ်၏ မှော်လက်နက် နန်းတော်အတွင်း၌.. တတိယအဆင့် အမြင့်ဆုံးသို့ ရောက်ရှိလာသော ပင်လယ်လွှမ်းမိုး ရွှမ် လိပ်ကြီး၏ သက်စောင့်စွမ်းအင်များကို ကြည့်ရင်း စုယွီ၏ ရင်ထဲတွင် လှိုက်ခနဲ ဖြစ်သွားရတော့သည်။ ရွှမ်လိပ်၏ သွေးမျိုးဆက် အမွေအနှစ် စွမ်းအားမှာ သူ၏ စိတ်ကူးယဉ် မှန်းဆထားမှုထက်ပင် ကျော်လွန်နေ၏။
အချိန် သိပ်မကြာလိုက်ချေ.. ။ အ နှစ် နှစ်ဆယ်ပင် မပြည့်သေးသော အချိန်အတွင်း ပင်လယ်လွှမ်းမိုး ရွှမ် လိပ်ကြီးသည် အမြုတေ ဖွဲ့စည်းခြင်း နယ်ပယ် ပထမအဆင့်မှ သတ္တမအဆင့်အထိ ထိုးဖောက် ဝင်ရောက်သွားနိုင်ခဲ့သည်။ ရေခဲ ငှက်မွှေး ဝိညာဉ်ခန္ဓာ ပိုင်ဆိုင်ထားသော အင်မော်တယ် နန်းတော်၏ တာအိုသားတော် ကူရှောက်ခွန်းပင်လျှင် ဤရွှမ်လိပ်၏ ကျင့်ကြံခြင်း အရှိန်အဟုန်ကို ယှဉ်နိုင်ပါမည်လော။
သို့သော် ဤကဲ့သို့ လျင်မြန်သော ကျင့်ကြံခြင်း အရှိန်အဟုန်အတွက် ကြီးမားလှသော အရည်အသွေးမြင့် အရင်းအမြစ်များကို ပေးဆပ်ခဲ့ရ၏။နေ့စဉ်နှင့်အမျှ စုယွီသည် စတုတ္ထအဆင့် အဆင့်နိမ့် ပြီးပြည့်စုံသော သားရဲ မူလဆေးလုံးများနှင့် စတုတ္ထအဆင့် အလယ်အလတ် ဝိညာဉ်အရည် တစ်စက်ကို အစာအဖြစ် ကျွေးမွေးခဲ့ရသည်။
နှစ်များတစ်လျှောက် ပင်လယ်လွှမ်းမိုး ရွှမ် လိပ်ကြီး စားသုံးခဲ့သော အရင်းအမြစ်များမှာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သိန်းပေါင်းများစွာ၊ သို့မဟုတ် သန်းနှင့်ချီ၍ပင် တန်ကြေးရှိနေခဲ့ပြီ ဖြစ်သည်။လတ်တလော နှစ်များအတွင်း စုယွီ စုဆောင်းထားခဲ့သော အရင်းအမြစ်များသာ မရှိပါက ဤကဲ့သို့သော သားရဲကြီး တစ်ကောင်ကို သူ မွေးမြူနိုင်လိမ့်မည် မဟုတ်ချေ။
ရွှမ်လိပ် စားသုံးခဲ့သော အရင်းအမြစ် ပမာဏနှင့် ၎င်း၏ ကျင့်ကြံခြင်း တိုးတက်မှု နှုန်းထားကို ပြန်လည် တွက်ဆကြည့်ရာ စုယွီ၏ ရင်ထဲတွင် သာမန်မျှသာ ဖြစ်သည်ဟု ခံစားလိုက်ရတော့သည်။
ပင်လယ်လွှမ်းမိုး ရွှမ် လိပ်ကြီး၏ ဧရာမ ခန္ဓာကိုယ်ကြီးမှာ ယခင်ကထက် ပိုမို ကြီးမားလာခဲ့ပြီး လိပ်ခွံကြီးမှာ ငါးကျန်း (၁) အရွယ်အစားအထိ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ဤအတိုင်းသာ ဆက်သွားနေပါက ၎င်းအား ဆံ့နိုင်မည့် ပိုမိုကြီးမားသော မှော်လက်နက် နန်းတော်တစ်ခုကို စုယွီ ရှာဖွေရတော့မည်.. သို့သော် ထိုအကြောင်းကို တွေးမိတိုင်း သူ့မျက်မှောင်များ အလိုလို တွန့်ချိုးသွားရ၏။ အကယ်၍ ရွှမ်လိပ်သာ စတုတ္ထအဆင့်သို့ ရောက်ရှိသွားပြီး ခန္ဓာကိုယ်ကြီးမှာ ကျန်းပေါင်းများစွာ ကြီးမားလာခဲ့လျှင် မှော်လက်နက် နန်းတော်များပင် ဆံ့နိုင်ရန် ခဲယဉ်းသွားပေလိမ့်မည်။
[t.n: ကျန်း သည် တရုတ် အရှည်အလျား တိုင်းတာမှု ယူနစ်တစ်ခု ဖြစ်ပြီး တစ်ကျန်းလျှင် ၃.၃ မီတာခန့် ရှိပါသည်။]
ကြည့်ရသည်မှာ လျှို့ဝှက်နယ်မြေ တစ်ခုဆီသို့ သူတို့ ပြောင်းရွှေ့ရမည့်ပုံ ပေါ်နေ၏။ထိုအချိန်ရောက်လျှင် အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော်မှ သူ ထွက်ခွာရတော့မည်.. သို့သော် ပင်လယ်မျိုးနွယ်စုနှင့် ပြဿနာ မရှင်းလင်းရသေးဘဲ ပင်လယ်လွှမ်းမိုး ရွှမ် လိပ်ကြီး အနေဖြင့် အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော်မှ မည်သို့ ထွက်ခွာနိုင်မည်နည်း။
ရွှမ်လိပ် အနေဖြင့် ခန္ဓာကိုယ် အစစ်အမှန်ကို ထုတ်ဖော်မပြဘဲ ကိုယ်ကို သေးငယ်အောင် ချုံ့ထားနိုင်မှသာ အဆင်ပြေပေမည်။
ပင်လယ်လွှမ်းမိုး ရွှမ် လိပ်ကြီးအား အစာကျွေးပြီးနောက် စုယွီသည် မှော်စံအိမ်ထဲမှ ထွက်ခွာလာခဲ့သည်။ဆေးဖော်စပ်ခြင်း ဆက်လက် ပြုလုပ်ရန် ဆေးဖိုခန်းဆီသို့ ပြန်မည်အလုပ်တွင် လော့ချန်ယွီ ထံမှ သတင်းစကား တစ်ခု တံဆိပ်ပြားမှတစ်ဆင့် ဝင်ရောက်လာ၏။
အတွေးအသံတစ်ခု ပဲ့တင်ထပ်လာသည်။
'ရေခဲ ငှက်မွှေး ဝိညာဉ်ခန္ဓာ ပိုင်ဆိုင်ထားတဲ့ အင်မော်တယ် နန်းတော်ရဲ့ တာအိုသားတော် ကူရှောက်ခွန်းက ငါတို့ကို ရှာတွေ့သွားပြီး ချင်းချွမ်နဲ့ ငါ့ကို ဝင်တိုက်ခိုက်တယ်... ငါတို့ စတုတ္ထအဆင့် အဆင့်နိမ့် ကြေးမုံလမင်း အဆောင်နှစ်ခုကို သုံးပြီး သူ့ကို မနည်း လှည့်စား အနိုင်ယူခဲ့ရတယ်... ဒါပေမဲ့ အဲဒီ တာအိုသားတော်ရဲ့ စွမ်းအားက တကယ်ကို ကြောက်စရာ ကောင်းလွန်းတယ်... အပျက်အစီး နယ်မြေမှာ တွေ့ခဲ့တုန်းကထက် သူ ပိုပြီး အစွမ်းထက်လာခဲ့ပြီ... ချင်းချွမ် တောင်မှ သူ့ရဲ့ ရေခဲစွမ်းအားအောက်မှာ ဒဏ်ရာရသွားသေးတယ်'
သတင်းကို ကြားတော့ စုယွီ၏ မျက်ခုံးများ တွန့်ချိုးသွားပြီး တုံ့ပြန် မေးမြန်းလိုက်သည်။
'သူ့ရဲ့ လက်ရှိ ကျင့်ကြံခြင်း အဆင့်က ဘယ်လောက်လဲ'
လော့ချန်ယွီထံမှ ချက်ချင်း အကြောင်းပြန်လာ၏။
'အမြုတေ ဖွဲ့စည်းခြင်း နယ်ပယ် အဋ္ဌမအဆင့်'
မြန်လိုက်လေခြင်း.. စုယွီ အတော်လေး အံ့အားသင့်သွားပြီး ထပ်မေးလိုက်ပြန်သည်။
'သူ့ရဲ့ တာအိုအခြေခံကရော ဘယ်လိုလဲ... အလှည့်ရှစ်ကြိမ် ရွှေအမြုတေ တာအိုအခြေခံကို သူ ရသွားပြီလား'
လော့ချန်ယွီက ရှင်းပြသည်။
'မရသေးပါဘူး... အရင်က ရှင်ပြောခဲ့တဲ့ တာအို နယ်ပယ် စွမ်းအားက သိပ်ပြီး တိုးတက်မလာသေးဘူး... အကယ်၍ သူ့ရဲ့ တာအိုအခြေခံသာ ပိုပြီး အစွမ်းထက်လာမယ် ဆိုရင် စတုတ္ထအဆင့် အဆင့်နိမ့် ကြေးမုံလမင်း အဆောင်တွေတောင် သူ့ကို ဖမ်းချုပ်ထားဖို့ ခက်ခဲလိမ့်မယ်'
ထို့နောက် လော့ချန်ယွီသည် မကြာသေးမီက ဖြစ်ပွားခဲ့သော အင်အားစု အသီးသီးမှ ပါရမီရှင်များ အကြားရှိ ပွတ်တိုက်မှုများနှင့် ပြိုင်ဆိုင်မှုများ အကြောင်းကို ပြောပြလာသည်။ထိုအထဲတွင် မြေကမ္ဘာ အင်မော်တယ် စံအိမ်သခင်၏ တပည့်၊ စုယွီ၏ ညီမငယ် ဖန်ရှောင်လည်း ပါဝင်နေ၏။
'သူက အလှည့်ငါးကြိမ် ရွှေအမြုတေကို ရရှိထားပြီး အခုဆို အမြုတေ ဖွဲ့စည်းခြင်း နယ်ပယ် သတ္တမအဆင့်ကို ရောက်နေပြီ... အမြုတေ ဖွဲ့စည်းခြင်း နယ်ပယ် နဝမအဆင့်က ကောင်းကင်ရွေးချယ်ခံတွေတောင် သူ့ရဲ့ ပြိုင်ဘက်တွေ မဟုတ်ကြတော့ဘူး... စံအိမ်သခင်ကြီးက သူမကို အင်မော်တယ် ဂိုဏ်းရဲ့ တာအိုသမီးတော် အသစ်အဖြစ် ခန့်အပ်ဖို့ စဉ်းစားနေတယ်လို့ ဆရာက ပြောတယ်'
ဖန်ရှောင်.. ။
စုယွီ၏ စိတ်ထဲတွင် ခွန်အားကြီးမားလှသော သူ၏ ညီမငယ်လေးကို တွေးမိကာ အံ့ဩသွားမိသည်။ ဤကဲ့သို့သော ကျင့်ကြံခြင်း တိုးတက်မှု နှုန်းထားမှာ မနှေးကွေးလှချေ.. ။ ထို့အပြင် အလှည့်ငါးကြိမ် ရွှေအမြုတေ ဆိုသည်မှာ ကောင်းကင်ရွေးချယ်ခံ အများအပြားကိုပင် ကျော်လွန်နေသော တာအိုအခြေခံမျိုး ဖြစ်သည်။ မြေကမ္ဘာ အင်မော်တယ် စံအိမ်၏ တာအိုသမီးတော် အသစ် ဖြစ်လာမည် ဆိုသည်မှာလည်း အံ့အားသင့်စရာ မဟုတ်တော့ပေ။
အဘယ်ကြောင့်ဆိုသော် စုယွီ ဤနေရာသို့ စတင် ရောက်ရှိလာစဉ်ကတည်းက တာအိုအခြေခံ အလှည့်လေးကြိမ် ရွှေအမြုတေ ရရှိထားသူတိုင်း အင်မော်တယ် ဂိုဏ်း၏ တာအိုသားတော် ဖြစ်လာရန် အခွင့်အရေး ရှိကြောင်း ကြားသိခဲ့ဖူးသည် မဟုတ်လော.. ဖန်ရှောင်တွင် ဤအရည်အချင်းများ ပြည့်ဝနေသည်မှာ အထင်အရှားပင်။
သို့သော်လည်း အပြင်လောကရှိ အင်အားစု အသီးသီးမှ ပါရမီရှင်များ သူတို့၏ စွမ်းရည်များကို ထုတ်ဖော်ကာ နာမည်ဂုဏ်သတင်းများ ရယူနေကြချိန်တွင်.. စုယွီကတော့ မည်သို့မျှ တုန်လှုပ်ခြင်း မရှိဘဲ မှောင်ခိုဈေးကွက်အတွင်းရှိ သူ၏ ဆေးလုံး စံအိမ်လေးထဲတွင်သာ ဆေးဖော်စပ်ရင်း ကျင့်ကြံနေဆဲ ဖြစ်လေသည်။ထိုအရာများအတွက် ကြိုးစား အားထုတ်နေရခြင်းက ဘာအဓိပ္ပာယ် ရှိမည်နည်း။
အကယ်၍ သူ့ထံတွင်သာ ထိုမျှ အချိန်ပိုများ ရှိနေပါက သူ၏ တာအိုအခြေခံကို မြှင့်တင်ရန်အတွက်သာ ကြိုးပမ်း အားထုတ်ချင်၏။ အလှည့်ကိုးကြိမ် ရွှေအမြုတေနှင့် အမြုတေ ဖွဲ့စည်းခြင်း နယ်ပယ် နဝမအဆင့်ကို သူ ရရှိနိုင်မည်လား ဆိုသည်ကိုသာ စမ်းသပ်ကြည့်ချင်နေတော့၏။
နောက်ထပ် နှစ်ဝက်ခန့် ကုန်လွန်သွားခဲ့တော့၏..။
ညတစ်ညတွင်..၊
ပင်လယ်လွှမ်းမိုး ရွှမ် လိပ်ကြီးအား အစာကျွေးနေစဉ် စုယွီသည် သူ၏ လက်ထဲရှိ လျှို့ဝှက်ဆန်းကြယ် မျိုးစေ့လေးကို အာဟာရ ဖြည့်တင်းပေးရန်အတွက် သစ်သားဓာတ် ချီစွမ်းအင်များကို လှည့်ပတ်လိုက်သည်။
လွန်ခဲ့သော ဆယ်နှစ်ခန့်ကတည်းက သူ၏ လက်ထဲရှိ မျိုးစေ့လေး၏ သက်စောင့်စွမ်းအင်များမှာ ပြီးပြည့်စုံလုနီးပါး အခြေအနေသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ထိုအခိုက်အတန့်၌ စုယွီ၏ ခန္ဓာကိုယ်ထဲမှ အမြုတေ ဖွဲ့စည်းခြင်း နယ်ပယ် အဋ္ဌမအဆင့် သစ်သားဓာတ် ချီစွမ်းအင်များ မျိုးစေ့လေးထဲသို့ တဟုန်ထိုး ဝင်ရောက်သွားချိန်တွင်.. မျိုးစေ့လေးက ထိုစွမ်းအင်များကို အပြည့်အဝ စုပ်ယူကာ ပေါင်းစပ်ပစ်လိုက်တော့သည်။
ရုတ်ချည်းပင်.. မျက်စိကျိန်းမတတ် တောက်ပသော မြစိမ်းရောင် အင်မော်တယ် အလင်းတန်းတစ်ခု မျိုးစေ့လေးထံမှ ရစ်သိုင်းလာပြီး တစ်ခန်းလုံးကို ထိန်လင်းသွားစေတော့သည်။
အခန်း (၅၉၀) - ပြီးပြည့်စုံသော အခြေခံတည်ဆောက်ခြင်းနှင့် အလှည့်ကိုးကြိမ် ရွှေအမြုတေ (၁)
ရုတ်တရက် ပြင်းထန်လှသော စုပ်ယူမှုစွမ်းအားတစ်ခု ပေါ်ထွက်လာ၏။ ကောင်းကင်နှင့် မြေကြီးထံမှ အဆုံးအစမဲ့သော သဘာဝဝိညာဉ်စွမ်းအင်တို့သည် လှိုင်းလုံးကြီးများအလား တဟုန်ထိုး စီးဆင်းလာကာ စုယွီ၏ လက်ထဲရှိ မျိုးစေ့လေးထံသို့ စုပ်ယူခံလိုက်ရတော့သည်။ တဖြည်းဖြည်းနှင့် ထိုမျိုးစေ့လေးသည် ခဲတန်ချိန်တစ်ထောင်မျှ လေးလံလာသကဲ့သို့ စုယွီ၏ လက်ထဲမှနေ၍ မြေပြင်ပေါ်သို့ ဝုန်းခနဲ ပစ်ကျသွားသည်။
“ဝီ…”
ရုတ်တရက် တဝီဝီ မြည်ဟိန်းသံတစ်ခု ထွက်ပေါ်လာ၏။
မျက်တောင်တစ်ခတ်မျှသာ ဖြစ်သော အချိန်တိုလေးအတွင်း၌ပင် ထိုမျိုးစေ့သည် မြေကြီးထဲသို့ သူ့အလိုလို နစ်ဝင်သွားကာ အပင်ပေါက်ကလေး တစ်ပင်အဖြစ် ရှင်သန်ထွက်ပေါ်လာသည်။ ထို့နောက် ဝိညာဉ်စွမ်းအင် လှိုင်းလုံးများကြားတွင် လျင်မြန်စွာ ကြီးထွားလာတော့၏။
ဤအဖြစ်အပျက်များ အားလုံးသည် အသက်ဆယ်ကြိမ် ရှူသွင်းရှူထုတ်ချိန်မျှပင် မကြာလိုက်ချေ။
(၁) ကျန်း ထက်မက မြင့်မားသော ရှေးဟောင်း သစ်ပင်ကြီး တစ်ပင်အဖြစ်သို့ လျင်မြန်စွာ ကြီးထွားလာသည်။ ပင်စည်တစ်ခုလုံးတွင် မညီညာသော သစ်ခေါက်အကွက်များ ဖုံးလွှမ်းနေပြီး ဤဝိညာဉ်အပင်ထံမှ အလွန်တရာ ရှေးကျပြီး လေးလံလှသော အငွေ့အသက်တို့ ဖြာထွက်နေတော့သည်။
ထိုအခိုက်အတန့်၌ သစ်ကိုင်းတစ်ကိုင်းပေါ်တွင် မျက်စိကျိန်းစရာကောင်းလောက်အောင် တောက်ပသော မြဆိမ့်ရောင် အင်မော်တယ် အလင်းတန်းတစ်ခု စုစည်းလာကာ ဖူးငုံလေးတစ်ခု တဖြည်းဖြည်း ရှင်သန်လာ၏။ ပွင့်လန်းလာခြင်း.. ညှိုးရော်သွားခြင်း.. သီးပွင့်လာခြင်းနှင့် ရင့်မှည့်လာခြင်း..
ထိုဖြစ်စဉ်များ အားလုံး ပြီးဆုံးသွားသောအခါ ဗောဓိစေ့ အရွယ်အစားခန့် ရှိသော အစိမ်းရောင် သစ်သီးလေး တစ်လုံး ဖြစ်တည်လာပြီး ပြင်းထန်ထူထဲလှသော ရနံ့တို့ကို ထုတ်လွှင့်နေတော့သည်။
စုယွီ၏ အကြည့်တို့က ထိုသစ်သီးလေးထံတွင် မမှိတ်မသုန် စူးစိုက်နေ၏။ ထူးခြားဆန်းကြယ်လှသော သစ်သီးရနံ့ကို ရှူရှိုက်လိုက်ရချိန်တွင် သူ၏ ဝိညာဉ်သည် လောဘသားကောင်အလား တပ်မက်မှုများဖြင့် တဆတ်ဆတ် ခုန်ပေါက်နေပြီး ထိုသစ်သီးကို ချက်ချင်း မျိုချပစ်လိုက်ချင်စိတ်များ တဟုန်းဟုန်း ထလာတော့၏။
“ရွှီး…”
ရေကန်ဘေးမှနေ၍ ရွှမ်လိပ်ကြီးသည်လည်း ၎င်း၏ ခေါင်းကို ဆန့်ထုတ်လာပြီး ဤထူးဆန်းသော မြင်ကွင်းကြောင့် မျက်လုံးကြီးများ ဝိုင်းစက်ပြူးကျယ်နေ၏။
၎င်းသည်လည်း လေထုထဲတွင် ပျံ့လွင့်နေသော ဝိညာဉ်သစ်သီး၏ ရနံ့ကို ရှူရှိုက်မိသွားကာ အနည်းငယ် ဂနာမငြိမ် ဖြစ်လာ၏။ ရွှမ်လိပ်၏ လည်ပင်းသည်လည်း ထိုသစ်သီးကို မြိုချချင်နေသည့်အလား လှုပ်ရှားနေတော့သည်။
သို့ဖြစ်သော်ငြားလည်း စုယွီက ရှေ့တွင် ရပ်နေသည့်အတွက် ၎င်းအနေဖြင့် ရမ်းကားစွာ မပြုမူရဲပေ။ ၎င်း၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ထဲမှ မွေးရာပါ တပ်မက်မှု ဗီဇများကို အစွမ်းကုန် ဖိနှိပ်ချုပ်တည်းထားရသည်။
စုယွီက လက်လှမ်းကာ သစ်ပင်ပေါ်မှ ဝိညာဉ်သစ်သီးကို ခူးယူလိုက်၏။ သစ်သီးလေး ဝိညာဉ်အပင်နှင့် ကင်းကွာသွားသည့် အခိုက်အတန့်မှာပင် (၁) ကျန်း ထက်မက မြင့်မားလှသော အပင်ကြီးသည် ရုတ်ချည်း ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။ သစ်ကိုင်းဖျားများမှသည် ပင်စည်နှင့် အမြစ်များအထိ အရာအားလုံး မီးခိုးငွေ့များအဖြစ် ပျောက်ကွယ်သွားတော့၏။
ဝိညာဉ်အပင်ကြီး ပျက်စီးသွားခြင်းကို စုယွီ အာရုံမစိုက်အားပေ။ လက်ထဲတွင် ဝိညာဉ်သစ်သီးလေးကို ကိုင်ထားရင်း ဝိညာဉ်ကိုပင် တုန်ခါသွားစေသော ထူးခြားသည့် ရနံ့ကို သူမအောင့်နိုင်တော့ဘဲ ပါးစပ်ထဲသို့ ပစ်သွင်းကာ ခပ်ဖွဖွ ကိုက်ချလိုက်သည်။
သစ်သီး၏ အခွံမှာ ပုစဉ်းတောင်ပံတစ်ချပ်ပမာ ပါးလွှာလွန်းလှပြီး တစ်ချက် ကိုက်လိုက်သည်နှင့် ပေါက်ကွဲသွား၏။ မွှေးပျံ့ချိုမြိန်လှသော သစ်သီးဖျော်ရည်များက သူ၏ လည်ချောင်းထဲသို့ တဟုန်ထိုး စီးဆင်းသွားပြီး ပြိုင်ဘက်ကင်းသလောက် လန်းဆန်းသွားစေသော ခံစားမှုတစ်ခုကို ပေးစွမ်းသည်။
နောက်ဆုံးတွင် ပဲစေ့ခန့် အရွယ်အစားရှိသော သစ်သီးအစေ့လေး တစ်စေ့သာ ကျန်ရစ်တော့သည်။
သစ်သီးရည်များက စုယွီ၏ ဝမ်းဗိုက်ကို ဖြည့်တင်းသွားပြီးနောက် မျက်တောင်တစ်ခတ်မျှ အချိန်အတွင်း စုယွီ၏ ခန္ဓာကိုယ်မှ မျက်စိကျိန်းစရာကောင်းလောက်အောင် တောက်ပသော မြဆိမ့်ရောင် အင်မော်တယ် အလင်းတန်းများ ဖြာထွက်လာတော့၏။
ထိုအစိမ်းရောင် အင်မော်တယ် အလင်းတန်း၏ လွှမ်းမိုးမှုအောက်တွင် စုယွီ၏ ခန္ဓာကိုယ် အတွင်းပိုင်း အနက်ရှိုင်းဆုံး နေရာ၌ ဖုံးကွယ်နေသော သက်တမ်းရစ်ခွေ သုံးခုသည် အသွင်ပြောင်းလဲမှု တစ်ခုကို ဖြတ်သန်းနေရသည့်အလား ဖြစ်လာသည်။
“ဝီ... “
စုယွီ၏ ဝိညာဉ်သည် သိမ့်သိမ့်ခါအောင် လှုပ်ယမ်းသွားပြီး သူ၏ အသိစိတ်သည် အံ့မခန်း အလင်းဝင်ခြင်း အခြေအနေတစ်ခုဆီသို့ ခေတ္တမျှ ကျဆင်းသွားသည်။ ထိုအခိုက်အတန့်၌ ပုစဉ်းပိုးတုံးလုံးလေး တစ်ခုနှင့် ဆင်တူသော အချိန်-စွမ်းအင် အငွေ့အသက် အလွှာတစ်ခုသည် သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် သူ့အလိုလို ဖြစ်တည်လာတော့၏။
၎င်းအပြင် စုယွီ၏ ခန္ဓာကိုယ်ထဲရှိ ဓာတ်ကြီးငါးပါး ကျင့်စဉ်သည် အလိုအလျောက် လည်ပတ်လာပြီး သူ၏ အတွင်းပိုင်းရှိ ဝိညာဉ်သစ်သီး၏ လွှမ်းခြုံနိုင်လွန်းသော စွမ်းအားများကို သန့်စင်ရန်အတွက် စိတ်ကူးမယဉ်နိုင်လောက်သော အရှိန်အဟုန်ဖြင့် အလုပ်လုပ်နေ၏။
ဓာတ်ကြီးငါးပါး ကျင့်စဉ် လည်ပတ်မှုနှင့်အတူ စုယွီ၏ ဝိညာဉ်စွမ်းအင်တို့သည် ဒီရေအလား တက်လာပြီး သူ၏ ကျင့်ကြံခြင်း အရှိန်အဝါသည် မျက်မြင်ကိုယ်တွေ့ပင် တစ်ဟုန်ထိုး တိုးတက်လာကာ အလှည့်ကိုးကြိမ် ရွှေအမြုတေဆီသို့ ချီတက်သွားလေတော့သည်။
စုယွီ၏ ခန္ဓာကိုယ်၊ ကျင့်ကြံခြင်းအဆင့်နှင့် ဝိညာဉ်တို့ အသွင်ပြောင်းလဲနေစဉ် သူ၏ ဒန်တျန် အတွင်းရှိ တလက်လက် တောက်ပနေသော ရွှေအမြုတေပေါ်တွင် နဝမမြောက် စိတ်ဝိညာဉ် အမှတ်အသားတစ်ခု တဖြည်းဖြည်း ပေါ်လွင်လာ၏။
ဝိညာဉ်ရေကန်ထဲမှ ရွှမ်လိပ်ကြီး၏ မျက်လုံးများ ပြူးကျယ်သွားရသည်။
စုယွီထံမှ ပိုမို၍ အားကောင်းမောင်းသန်လာကာ နက်နဲလာသော အရှိန်အဝါကို ခံစားလိုက်ရပြီးနောက် ၎င်း၏ မျက်နှာတွင် အံ့အားသင့်ဟန် ရိပ်ခနဲ ထင်သွားသည်။
ခပ်ရေးရေးမျှသာ ဖြစ်သော်လည်း စုယွီထံမှ ထွက်ပေါ်လာသော အရှိန်အဝါကြောင့် ၎င်း၏ ဦးရေပြားကိုပင် ထုံကျင်သွားစေသည်။
ထို့အပြင် အမှတ်အသား ကိုးခု ရိုက်နှိပ်ထားသော ရွှေအမြုတေ တကား။
"အလှည့်ကိုးကြိမ် ရွှေအမြုတေပါလား။ သခင်က တကယ်ပဲ အလှည့်ကိုးကြိမ် ရွှေအမြုတေကို ရရှိသွားခဲ့ပြီပဲ။ ဘုရားရေ..."
ရွှမ်လိပ်ကြီးသည် အထိတ်တလန့်ဖြင့် ပြိုင်တူ လွှတ်ခနဲ အော်ဟစ်လိုက်သည်။
၎င်းသည် ယွင်ရှောင် ဆေးလုံး စံအိမ်ထဲမှ တစ်ခါမှ ထွက်မသွားဖူးသလို လူသားမျိုးနွယ်စုနှင့် ဆက်သွယ်ပြောဆိုခြင်း မရှိသလောက် နည်းပါးသော်ငြားလည်း သူ၏ သွေးမျိုးဆက် အမွေအနှစ်မှတစ်ဆင့် အရာများစွာကို သတိပြုမိကာ ၎င်း၏ ဉာဏ်ပညာများ တဖြည်းဖြည်း ရင့်ကျက်လာနေပေ၏။
အလှည့်ကိုးကြိမ် ရွှေအမြုတေ လော။ ရှေးဟောင်းခေတ်ကာလများတွင်ပင် ပါရမီရှင် အနည်းငယ်မျှသာ ဤအရာကို ရရှိနိုင်ခဲ့ကြသည်။ ၎င်းကို နှစ်တစ်ထောင်အတွင်း ပြိုင်ဘက်ကင်းသလောက် ရှားပါးလှသော တစ်ဦးတည်းသော ပါရမီရှင်ဟုပင် ခေါ်ဆိုနိုင်၏။
အကြောင်းမူကား ကိန်းဂဏန်း "ကိုး" သည် ကောင်းကင်တာအို၏ အထွတ်အထိပ်ကို ကိုယ်စားပြုသောကြောင့် ဖြစ်၏။ မိစ္ဆာမျိုးနွယ်စု၏ မျိုးရိုးဗီဇကွဲ မိစ္ဆာအနည်းငယ်နှင့် လူသားမျိုးနွယ်စု၏ ခန္ဓာကိုယ်အားပြု မိစ္ဆာများမှလွဲ၍ အခြားသူများ ရရှိနိုင်ရန် မဖြစ်နိုင်သလောက်ပင်။
ဝိညာဉ်ခန္ဓာကိုယ် ပိုင်ရှင်များ၊ မွေးရာပါ ပါရမီထူးချွန်သူများနှင့် ကောင်းကင်တာအို၏ သားတော်ဟု တင်စားခံရသူများပင်လျှင် အလှည့်ရှစ်ကြိမ် ရွှေအမြုတေကို ရရှိခြင်းက သူတို့၏ အမြင့်ဆုံး ကန့်သတ်ချက် ဖြစ်သည်။
အချိန်တိုလေး အတွင်းမှာပင် ရွှမ်လိပ်ကြီး၏ စိတ်ခံစားမှုများ ပြင်းထန်စွာ အတက်အကျ ဖြစ်သွားပြီး ၎င်း၏ သခင်အား အမြင်သစ် တစ်ခုဖြင့် လေးစားစွာ ကြည့်လိုက်မိတော့သည်။
ထိုသို့ပင် ..အချိန်အားဖြင့် လဝက်တိတိ ကုန်လွန်သွားလေပြီ။
စုယွီ၏ ခန္ဓာကိုယ် ပတ်လည်ရှိ အစိမ်းရောင် အင်မော်တယ် အလင်းတန်းများ တဖြည်းဖြည်း မှေးမှိန်သွားကာ သူ၏ အရှိန်အဝါများ တည်ငြိမ်သွားတော့သည်။ သူ၏ ခန္ဓာကိုယ်အား ပုစဉ်းပိုးတုံးလုံးကဲ့သို့ ဖုံးလွှမ်းထားသော အချိန်တာအို၏ အငွေ့အသက်များသည်လည်း ရုတ်ချည်း ပျောက်ကွယ်သွား၏။
ထိုအခိုက်အတန့်၌ စုယွီ၏ အသိစိတ်များ ခန္ဓာကိုယ်ထဲသို့ ပြန်လည်ရောက်ရှိလာပြီး အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ ထို့နောက် သူ၏ စိတ်စွမ်းအားဖြင့် သူ၏ ကိုယ်ခန္ဓာအတွင်း ဖြစ်ပေါ်နေသော ပြောင်းလဲမှုများကို တဖြည်းဖြည်း စစ်ဆေးကြည့်လိုက်သည်။
ပထမဆုံး အရာမှာ ကျင့်ကြံခြင်းပင် ဖြစ်၏။ သူ၏ ဝိညာဉ်စွမ်းအင် သည် အလှည့်ကိုးကြိမ် ရွှေအမြုတေ သို့ အံ့ဩဖွယ်ကောင်းလောက်အောင် ရောက်ရှိသွားခဲ့တော့၏။
ဤသည်က အံ့အားသင့်စရာ သို့မဟုတ် မမျှော်လင့်ထားသော ဝမ်းမြောက်မှုမျိုးတော့ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီးနောက် သူ၏ ကျင့်ကြံခြင်း အဆင့်သည် အလှည့်ကိုးကြိမ် ရွှေအမြုတေသို့ ရောက်ရှိရန် နီးကပ်နေခဲ့ပြီ ဖြစ်သောကြောင့်တည်း။
သို့ဖြစ်သော်ငြားလည်း ယခုတစ်ကြိမ် ဝိညာဉ်သစ်သီးကို မျိုချပြီး သန့်စင်လိုက်ခြင်းက သူ၏ အလှည့်ကိုးကြိမ် ရွှေအမြုတေရှိ ဝိညာဉ်စွမ်းအင် တစ်ဝက်တိတိကို ဖြည့်တင်းပေးလိုက်သည်။
ဤအရာက သူ၏ အချိန်များစွာကို သက်သာစေနိုင်ပြီး အလှည့်ကိုးကြိမ် ရွှေအမြုတေရှိ ဓာတ်ကြီးငါးပါး ကျင့်စဉ်၏ ကျွမ်းကျင်မှုသည်လည်း လေးဆယ့်ခြောက် ရာခိုင်နှုန်းသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
သူ၏ ဝိညာဉ်ပိုင်းနှင့် ပတ်သက်၍မူ ပြောင်းလဲမှု သိပ်မကြီးမားလှဘဲ အနည်းငယ်မျှသာ ပိုမို အားကောင်းလာခဲ့ခြင်း ဖြစ်၏။ ၎င်းသည် မူလဝိညာဉ် အဆင့်နှစ်ရှိ ဝါရင့် စစ်မှန်သောအရှင်သခင် တစ်ဦး၏ ဝိညာဉ်စွမ်းအားနှင့် ညီမျှနေသင့်ပြီး တတိယအဆင့်နှင့်လည်း သိပ်မဝေးတော့ချေ။
ဒန်တျန် အတွင်း၌ စုယွီသည် အပြစ်အနာအဆာကင်းစင်ကာ အဝိုင်းစက်ဆုံး ဖြစ်နေသော၊ စကြာဝဠာ မြစ်ကြီးကိုးသွယ်ကို ထွင်းထုထားသည့်အလား တလက်လက် တောက်ပနေသည့် ရွှေအမြုတေကို စိုက်ကြည့်နေ၏။
ထိုအခိုက်တွင် စုယွီသည် ရွှေအမြုတေထံမှ ပျံ့လွင့်နေသော ပြီးပြည့်စုံသည့် အရှိန်အဝါကို ရှင်းလင်းစွာ အာရုံခံနိုင်နေပေ၏။
"အလှည့်ကိုးကြိမ် ရွှေအမြုတေပဲ"
စုယွီ၏ မျက်နှာပေါ်တွင် ပျော်ရွှင်ကြည်နူးမှု အရိပ်အယောင်များ ပေါ်လွင်လာပြီး သူ၏ ရင်တွင်းမှ စိတ်လှုပ်ရှားမှုများကို မဖုံးကွယ်နိုင်တော့ချေ။ ထိုဝိညာဉ်သစ်သီးထံမှ စွမ်းအားသည် အမှန်တကယ်ပင် အံ့မခန်း ဖြစ်ပေ၏။ ၎င်းက သူ၏ ရွှေအမြုတေကို မည်သည့် အပြစ်အနာအဆာမျှ မရှိဘဲ စက်ဝိုင်းသဏ္ဌာန် ပြီးပြည့်စုံမှု အတိအဖြစ်သို့ ပြောင်းလဲပေးလိုက်သည်။
ဤရွှေအမြုတေပေါ်တွင် ဓာတ်ကြီးငါးပါး တာအို၏ အငွေ့အသက်များသာမက ယခုအခိုက်အတန့်၌ အချိန်နှင့် ဟင်းလင်းပြင်၏ အငွေ့အသက် တစ်စွန်းတစ်စကိုပါ သူ ခံစားလိုက်ရတော့သည်။
အခန်း (၅၉၁) - ပြီးပြည့်စုံသော အခြေခံတည်ဆောက်ခြင်းနှင့် အလှည့်ကိုးကြိမ် ရွှေအမြုတေ (၂)
တလက်လက် တောက်ပနေသော ရွှေအမြုတေ၏ အသွင်ပြောင်းလဲမှုများအပြင် သူ၏ ခန္ဓာကိုယ်အတွင်း အနက်ရှိုင်းဆုံး၌ ကိန်းဝပ်နေသော ဓာတ်ကြီးငါးပါး ဝိညာဉ်အမြစ်သည်လည်း ယခင်ကထက် များစွာ ပိုမိုသန့်စင်ကြည်လင်လာသကဲ့သို့ ခံစားလိုက်ရသည်။
၎င်းသည် အထွတ်အထိပ်အဆင့် ဝိညာဉ်အမြစ်သို့ မရောက်ရှိသေးဘဲ အဆင့်မြင့် ဝိညာဉ်အမြစ် တစ်ခုအဖြစ် သာ ရှိနေသေးသော်ငြားလည်း၊ ယခုတစ်ကြိမ် ဝိညာဉ်သစ်သီးကို သန့်စင်လိုက်ခြင်းက သူ၏ ဝိညာဉ်အမြစ်ကို အမှန်တကယ်ပင် အနည်းငယ်မျှ ပိုမိုကောင်းမွန်လာစေကြောင်း စုယွီ ရှင်းလင်းစွာ အာရုံခံမိနေတော့သည်။
နောင်တစ်ချိန် အနာဂတ်ကာလသို့ ရောက်သောအခါ သူ၏ ဝိညာဉ်အမြစ်အား အထွတ်အထိပ် ဓာတ်ကြီးငါးပါး ဝိညာဉ်အမြစ်အဖြစ်သို့ အဆင့်မြှင့်တင်နိုင်မည့် အခွင့်အရေး တစ်ရပ်ကို သူ ရရှိလာနိုင်၏။
ထိုလျှို့ဝှက်ဆန်းကြယ်လှသော မျိုးစေ့လေးများထံမှ အဖန်တလဲလဲ ထွက်ပေါ်လာတတ်သည့် ဝိညာဉ်အမြစ်များကြောင့် ဤမျိုးစေ့၏ နောက်ကွယ်တွင် ပိုမိုနက်နဲသော လျှို့ဝှက်ချက်တစ်ခု ကိန်းအောင်းနေကြောင်း စုယွီ ပို၍ သေချာသွားလေတော့၏။
၎င်းသည် အင်မော်တယ်ကမ္ဘာမှ ဆင်းသက်လာသော ဒဏ္ဍာရီလာ ဝိညာဉ်အမြစ်ပင် ဖြစ်ကောင်း ဖြစ်နိုင်သည်။
'ဒါမှမဟုတ်ရင်... ဒီအရာက ငါ့ရဲ့ ဝိညာဉ်အမြစ်ကို အသွင်ပြောင်းပေးပြီး အပြစ်အနာအဆာကင်းတဲ့ ရွှေအမြုတေ တာအိုအခြေခံကို ရရှိအောင် ဘယ်လိုလုပ် စွမ်းဆောင်ပေးနိုင်မှာလဲ...'
'ဒါဆို အလှည့်ရှစ်ကြိမ် ရွှေအမြုတေနဲ့ ယှဉ်လိုက်ရင် အလှည့်ကိုးကြိမ် ရွှေအမြုတေက ဘာတွေများ အံ့မခန်း ထူးခြားနေလို့လဲ...'
စုယွီသည် သူ၏ အသိစိတ်အာရုံများကို သေချာစွာ စုစည်းကာ အလှည့်ရှစ်ကြိမ်နှင့် နှိုင်းယှဉ်ပါက အလှည့်ကိုးကြိမ် ရွှေအမြုတေတွင် ဖြစ်ပေါ်လာသော အသွင်ပြောင်းလဲမှုများကို လျင်မြန်စွာ ခွဲခြမ်းစိတ်ဖြာ ကြည့်လိုက်သည်။
ပထမအချက်အနေဖြင့် သူသည် တာအိုနယ်ပယ်ကို ထိန်းချုပ်နိုင်စွမ်းရှိသည့် အခြေအနေသို့ ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်ကာ ပြီးပြည့်စုံသော ရွှေအမြုတေ အတွင်း၌ တာအိုနယ်ပယ်၏ မူလရင်းမြစ်ကို အောင်မြင်စွာ သန့်စင်ပေါင်းစည်းနိုင်ခဲ့တော့၏။ ထိုမူလရင်းမြစ်သာ ပျက်စီးမသွားသရွေ့ မူလဝိညာဉ် အဆင့်ရှိ အရှင်သခင် တစ်ပါးကဲ့သို့ပင် တာအိုနယ်ပယ်၏ စွမ်းအားများသည် ခန်းခြောက်သွားခြင်း အလျဉ်းမရှိဘဲ အဆုံးအစမဲ့ ထွက်ပေါ်နေမည်သာ ဖြစ်ပေ၏။
အလှည့်ရှစ်ကြိမ် ရွှေအမြုတေ ကိုယ်တိုင် သန့်စင်ထားသော တာအိုနယ်ပယ်၏ စွမ်းအားမှာမူ အမှန်တကယ်၌ အမြစ်မပါသော မှော်ပင်လေးတစ်ပင်နှင့်သာ တူညီပြီး ၎င်း၏ ကိုယ်ပိုင် ဝိညာဉ်စွမ်းအင် နှင့် ဝိညာဉ်အင်အားတို့ဖြင့်သာ ဖေးမထောက်ပံ့ထားနိုင်၏။
အရည်အသွေးပိုင်းအရဖြစ်စေ၊ အရေအတွက်ပိုင်းအရဖြစ်စေ ၎င်းတို့နှစ်ခုမှာ လုံးဝ (လုံးဝ) ယှဉ်ပြိုင်၍ မရနိုင်လောက်အောင် ကွာခြားလွန်းလှသည်။
ဒုတိယအချက်အနေဖြင့် အလှည့်ကိုးကြိမ် ရွှေအမြုတေသည် အပြစ်အနာအဆာကင်းကာ ပြည့်စုံလုံလောက်သော တာအိုအခြေခံတစ်ခု ဖြစ်သည်။ အလှည့်ရှစ်ကြိမ် ရွှေအမြုတေမှာ အားကောင်းမောင်းသန်လှသည် မှန်သော်ငြားလည်း အဆုံးသတ်၌ ပြီးပြည့်စုံခြင်း မရှိပေ။ ၎င်းသည် မဟာတာအို တစ်မျိုးတည်းကိုသာ သယ်ဆောင်ထားနိုင်စွမ်း ရှိသည်။
အခြားတစ်နည်းအားဖြင့် ဆိုရသော် အလှည့်ကိုးကြိမ် ရွှေအမြုတေသည် မဟာတာအို အမျိုးအစားပေါင်းများစွာ၏ မူလရင်းမြစ်များကို သန့်စင်ပေါင်းစည်းနိုင်စွမ်း ရှိသည်။
အလှည့်ရှစ်ကြိမ် ရွှေအမြုတေမှာမူ မူလဝိညာဉ် အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့လျှင်တောင်မှ မဟာတာအို တစ်မျိုးတည်း၏ မူလရင်းမြစ်ကိုသာ သယ်ဆောင်ထားနိုင်ပေလိမ့်မည်။
အခြားသော မဟာတာအို စွမ်းအားများကို အာရုံခံ သိမြင်နိုင်ခဲ့လျှင်တောင်မှ ၎င်းတို့ကို မိမိ၏ ကိုယ်ပိုင် ကံကြမ္မာ အဖြစ်သို့ ပြောင်းလဲနိုင်မည် မဟုတ်သလို၊ မူလရင်းမြစ် အဖြစ်သို့လည်း စုစည်းနိုင်မည် မဟုတ်ချေ။ မိမိ၏ ကိုယ်ပိုင် ဝိညာဉ်စွမ်းအင် နှင့် ဝိညာဉ်အင်အားတို့ကို စတေး၍သာ ၎င်းစွမ်းအားများကို ထုတ်ဖော်အသုံးပြုနိုင်ပေလိမ့်မည်။
တာအိုနယ်ပယ် ပေါင်းများစွာ၏ မူလရင်းမြစ်များကို သန့်စင်ပေါင်းစည်းထားသော တာအိုအခြေခံ တစ်ခုသည် ထိုစွမ်းအားများကို တစ်ပြိုင်နက်တည်း ပေါင်းစပ် ထုတ်ဖော်နိုင်စွမ်း ရှိသည်။
ဤအချက် တစ်ခုတည်းနှင့်ပင် အလှည့်ရှစ်ကြိမ် ရွှေအမြုတေ တာအိုအခြေခံသည် လုံးဝ နှိုင်းယှဉ်နိုင်စွမ်း မရှိတော့ချေ။
၎င်းသည် မတူညီသော တာအိုနယ်ပယ် နှစ်ခုအား တစ်ပြိုင်နက်တည်း ထုတ်ဖော်နိုင်ခြင်း မရှိသလို၊ ပြီးပြည့်စုံစွာ ပေါင်းစပ်နိုင်ခြင်းလည်း မရှိသော တာအိုအခြေခံ တစ်ခုကိုသာ ဖန်တီးပေးနိုင်သည်။
ဤသည်က စုယွီ၏ လက်ရှိ ကိုယ်တိုင်ကိုယ်ကျ ခံစားသိမြင်ရသော အတွေ့အကြုံပင် ဖြစ်တော့သည်။
အခြားသော မူလဝိညာဉ် အဆင့်ရှိ အရှင်သခင် များမှာမူ သဘာဝအားဖြင့် ဤကဲ့သို့သော အခက်အခဲများ၊ အတွေ့အကြုံများကို ခံစားရမည် မဟုတ်ပေ။ အကြောင်းမူကား အရာခပ်သိမ်းကို ကျွမ်းကျင်နေခြင်းသည် အရာတစ်ခုတည်းကိုသာ သီးသန့် အာရုံစိုက် လေ့လာခြင်းလောက် မကောင်းမွန်သောကြောင့်တည်း။ ထို့အပြင် သူတို့ထံတွင် ကျွမ်းကျင်မှု မျက်နှာပြင် မှ မရှိဘဲ။ သူတို့၏ ခွန်အားနှင့် အာရုံစူးစိုက်နိုင်စွမ်းတို့မှာ အကန့်အသတ် ရှိလှရာ လမ်းကြောင်း တစ်ခုတည်းကိုသာ ရွေးချယ်နိုင်၏။
ခပ်ဝေးဝေးကို မကြည့်ဘဲ အင်မော်တယ် အပေါင်း နန်းတော်မှ ရေခဲ ငှက်မွေး ဝိညာဉ်ခန္ဓာကိုယ် ပိုင်ရှင် တာအိုဇီ ပင်လျှင် နောင်အနာဂတ်ကာလ၌ ရေခဲတာအို လမ်းကြောင်းကိုသာ သီးသန့် လေ့လာလိုက်စားသွားမည်မှာ သေချာသလောက်ပင် ဖြစ်၏။
သို့ဖြစ်သော်ငြားလည်း စုယွီထံတွင်မူ ကျွမ်းကျင်မှု မျက်နှာပြင် ရှိနေ၏။ ၎င်းနှင့် အလှည့်ကိုးကြိမ် ရွှေအမြုတေ၏ အပြစ်အနာအဆာကင်းသော တာအိုအခြေခံတို့ ပေါင်းစပ်သွားသောအခါ အရာအားလုံးမှာ ပြီးပြည့်စုံမှု အတိပင် ဖြစ်တော့၏။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ အသွင်ပြောင်းလဲမှုများကို သေချာစွာ အာရုံခံ ခံစားပြီးနောက် စုယွီသည် သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ လေကို ဖွဖွလေး မှုတ်ထုတ်လိုက်ပြီးနောက် သူ၏ စိတ်အာရုံ တစ်ချက် လှုပ်ရှားလိုက်သည်နှင့် အချိန်ကာလ၏ စွမ်းအားများသည် သူ၏ ပတ်ပတ်လည်တွင် တဟုန်ထိုး ထွက်ပေါ်လာကာ တာအိုနယ်ပယ် တစ်ခုကို ပုံဖော်လိုက်သည့်အလား ဖုံးလွှမ်းသွားတော့သည်။
ဤအချိန်နှင့် ဟင်းလင်းပြင် နယ်ပယ်အတွင်း၌ သူ၏ သက်တမ်း ကုန်ဆုံးမှုနှုန်းသည် ထက်ဝက်တိတိ နှေးကွေးသွား၏။
အခြားတစ်နည်းအားဖြင့် ဆိုရသော် ပြင်ပကမ္ဘာတွင် တစ်နှစ်တာ ကုန်ဆုံးသွားသော်လည်း ဤအချိန်နှင့် ဟင်းလင်းပြင် နယ်ပယ်အတွင်း၌မူ နှစ်ဝက်မျှသာ အချိန်ကုန်လွန်သွားမည် ဖြစ်၏။
သူသည် ဤအချိန်နှင့် ဟင်းလင်းပြင် နယ်ပယ်အတွင်း၌ လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်စွမ်း ရှိနေသေး၏။ ယခင်က ပုစဉ်းပိုးတုံးလုံး ကျင့်စဉ်ကို အသုံးပြုစဉ်ကဲ့သို့ လှုပ်ရှားလိုက်သည်နှင့် ကျင့်စဉ် ပျက်ပြယ်သွားမည့် အခြေအနေမျိုး မဟုတ်တော့ချေ။
သို့သော်လည်း သူသည် အချိန်နှင့် ဟင်းလင်းပြင် တာအိုနယ်ပယ်၏ မူလရင်းမြစ်ကို သန့်စင် ပေါင်းစည်းနိုင်ခြင်းတော့ မရှိသေးပေ။
ဤမျှ ကြီးမားသော နယ်ပယ်ခန္ဓာကိုယ်ကြီးကို ထောက်ပံ့ထားရသဖြင့် စုယွီ၏ ဓာတ်ကြီးငါးပါး ဝိညာဉ်စွမ်းအင်တို့မှာ ဒီရေအလား တဟုန်ထိုး ကုန်ခမ်းသွားကြောင်းကို ချက်ချင်း အာရုံခံလိုက်မိသည်။ ဤစွမ်းအင် ကုန်ခမ်းမှုနှုန်းသည် ဓာတ်ကြီးငါးပါး တာအိုနယ်ပယ်ထက်ပင် ပိုမို၍ ကြောက်မက်ဖွယ် ကောင်းနေသေးတော့၏။
ထိုဝိညာဉ်သစ်သီးကို မျိုချပြီး သန့်စင်လိုက်ပြီးနောက် စုယွီသည် ၎င်းထံမှ အချိန်ကာလ မဟာတာအို စွမ်းအား၏ အရိပ်အယောင် တစ်စွန်းတစ်စကို ခံစားသိမြင်လိုက်ရသည်။
နောက်ဆုံးတွင်တော့ သူသည် အချိန်ကာလ မဟာတာအို၏ နက်နဲလှသော လျှို့ဝှက်ချက်များကို အနည်းငယ်မျှ ထိတွေ့နိုင်ခဲ့တော့၏။
ထိုအခိုက်အတန့်၌ ဤပြိုင်ဘက်ကင်းသော စွမ်းအားကြီးကို ခံစားလိုက်ရချိန်တွင် စုယွီ၏ မျက်လုံးများအတွင်း၌ ဓားရောင်တစ်ချက် ဝင်းလက်သွားသည့်အလား အလင်းတစ်ခု ဖြတ်ပြေးသွားသည်။
'ဒီစွမ်းအားက တကယ်ပဲ အံ့မခန်း အကျိုးသက်ရောက်မှုတွေ ရှိနိုင်တာပဲ...'
'အကယ်၍များ... ငါက ဒီစွမ်းအားကို တခြားလူတစ်ယောက်အပေါ် သုံးလိုက်မယ်ဆိုရင် သူတို့ရဲ့ သက်တမ်းက ဘယ်လောက်ကြာကြာတောင် ခံနိုင်ရည် ရှိမှာလဲ...'
'ဒီ အချိန်တာအို စွမ်းအားက ရွှေအမြုတေ အဆင့်နဲ့ မူလဝိညာဉ် အဆင့်မှာရှိတဲ့ သူတွေရဲ့ သက်တမ်းအပေါ် ဘယ်လောက်အထိ လွှမ်းမိုးမှု ရှိသလဲဆိုတာကို အချိန်ရရင် စမ်းသပ်ကြည့်ရမယ်...'
စုယွီသည် မိမိဘာသာ မှန်းဆ တွေးတောနေ၏။
ဟိုဘက် ပင်လယ်ပြင် ဒေသရှိ ပင်လယ်ဓားပြ အချို့ကို တာအိုရုပ်သေးအား ဖမ်းဆီးခိုင်းပြီး ထိုနေရာမှစ၍ စမ်းသပ်မှုများ ပြုလုပ်နိုင်၏။ စမ်းသပ်မှု ရလဒ်များ ရှင်းလင်းသွားသောအခါ သူ အသစ်တဖန် သိမြင်နားလည်ထားသော အချိန်တာအို စွမ်းအား၏ လက်တွေ့ အသုံးချမှုနှင့် ပတ်သက်၍ အခြေခံ သတ်မှတ်ချက် တစ်ခုကို သူ ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။
သူ၏ စိတ်အာရုံထဲရှိ ကျွမ်းကျင်မှု မျက်နှာပြင်ကို သူ တစ်ချက် လှမ်းကြည့်လိုက်၏။
[ကျင့်ကြံခြင်း - ရွှေအမြုတေ အဆင့် (၇)]
[သက်တမ်း - (၂၂၂)/(၁၅၄၉) နှစ်]
[ကျင့်ကြံခြင်း - ဓာတ်ကြီးငါးပါး ကျင့်စဉ် (ရွှေအမြုတေ အဆင့် (၇)၊ ကျွမ်းကျင်မှု (၄၆.၂၂%)၊ ကောင်းကင် အင်မော်တယ် ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ် (အဆင့် ၄၊ ကျွမ်းကျင်မှု ၉.၁၄%)၊ သွေးဝေလငါး လမင်းမြိုကျင့်စဉ် (နယ်ပယ် ၄၊ ကျွမ်းကျင်မှု ၁၀%)၊ အထက်ဘုံ သန့်စင်သော မူလတာအို နိယာမ (ပြီးပြည့်စုံခြင်း) ... ရွှေပုစဉ်း ကျင့်စဉ် (အဆင့် ၄၊ ကျွမ်းကျင်မှု ၁၇.၆၈%)]
[မှော်ပညာရပ်များ - သစ်သားနွယ်ပင် ပညာရပ် (ပြီးပြည့်စုံခြင်း) ... ယင်ယန် ထွက်ပြေးခြင်း နည်းစနစ် (ပြီးပြည့်စုံခြင်း)၊ ပုစဉ်းပိုးတုံးလုံး ကျင့်စဉ် (အဆင့်မြင့်သို့ ရောက်ရှိ၊ ကျွမ်းကျင်မှု ၁၁.၄၇%)၊ ကောင်းကင်ပိုင်းဖြတ် နတ်ဘုရား ကျင့်စဉ် (အဆင့်မြင့်သို့ ရောက်ရှိ၊ ကျွမ်းကျင်မှု ၇၇.၄၉%)၊ ဟင်းလင်းပြင် ခွဲထွက်ခြင်း (အစပျိုးအဆင့်၊ ကျွမ်းကျင်မှု ၁၅.၈၂%)]
ဓာတ်ကြီးငါးပါး ကျင့်စဉ်၏ ကျွမ်းကျင်မှုသည် တစ်ဝက်နီးပါးသို့ ရောက်ရှိနေပြီ ဖြစ်၏။
ကောင်းကင် အင်မော်တယ် ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်၏ တိုးတက်မှုသည်လည်း သိပ်မနှေးကွေးလှပေ။ ကျွမ်းကျင်မှုသည် ကိုးရာခိုင်နှုန်းသို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
နောက်ဆုံးတွင် အထက်ဘုံ သန့်စင်သော မူလတာအို နိယာမသည် ပြီးပြည့်စုံသွားခဲ့တော့၏။ သို့သော် ဤသည်က အသုံးမဝင်တော့ဟု ဆိုလိုခြင်း မဟုတ်ချေ။ ဤတာအို နိယာမသည် မဟာတာအိုကို နားလည်သဘောပေါက်ရန်အတွက် အလွန် ကောင်းမွန်သော နည်းလမ်းတစ်ခု ဖြစ်နေဆဲပင် ဖြစ်ပြီး၊ ၎င်း၏ ပြီးပြည့်စုံသော အခြေအနေသည် ပိုမို၍ အားကောင်းမောင်းသန်နေမည်မှာ သံသယဝင်ဖွယ်ရာပင် မရှိတော့ပေ။
ယခုတစ်ကြိမ် ဝိညာဉ်သစ်သီးကို ဝါးစား၍ သန့်စင်လိုက်ပြီးနောက် ၎င်းတွင် အချိန် မဟာတာအိုထံမှ စွမ်းအား အငွေ့အသက်များ ပါဝင်နေသောကြောင့် စုယွီသည် အချိန်တာအို၏ အနှစ်သာရကို အနည်းငယ်မျှ ဆုပ်ကိုင်နိုင်ခဲ့တော့၏။
၎င်းသည် အချိန်တာအို နည်းလမ်းတစ်ခုဖြစ်သော ပုစဉ်းပိုးတုံးလုံး ကျင့်စဉ်၏ ကျွမ်းကျင်မှုကိုလည်း တဟုန်ထိုး မြင့်တက်သွားစေခဲ့ပြီး အဆင့်မြင့် ကျွမ်းကျင်မှု အခြေအနေသို့ တိုက်ရိုက် ရောက်ရှိသွားစေခဲ့၏။
သူ လေ့ကျင့်ခဲ့သော အစွမ်းထက်လှသည့် ကောင်းကင်ပိုင်းဖြတ် နတ်ဘုရား ကျင့်စဉ်သည်လည်း ပြီးပြည့်စုံခြင်းသို့ ရောက်ရှိရန် နီးကပ်နေတော့၏။
အလွန်တရာ ခက်ခဲပြီး လျှို့ဝှက်ဆန်းကြယ်လှသော ဟင်းလင်းပြင် တာအို နည်းလမ်းတစ်ခု ဖြစ်သည့် ဟင်းလင်းပြင် ခွဲထွက်ခြင်း မှာမူ ယခုအခါ ကျွမ်းကျင်မှု အနည်းငယ်မျှသာ တိုးတက်လာခဲ့သည်။
စုယွီ၏ မျက်လုံးများတွင် အလင်းတစ်ချက် လှစ်ခနဲ ဝင်းလက်သွားပြီး သူက တိုးတိတ်စွာ ရေရွတ်လိုက်သည်။
'ငါ့ရဲ့ သက်တမ်းက အနှစ် ခုနစ်ဆယ် တိုးလာခဲ့ပြီပဲ...'
သို့ဖြစ်သော်ငြားလည်း အသက်အရွယ်ပိုင်းကို ကြည့်ရမည် ဆိုပါက သူ ရွှေအမြုတေ အဆင့် (၈) သို့ အဆင့်တက်လှမ်းခဲ့သည့် အချိန်မှစ၍ နှစ်ပေါင်း နှစ်ဆယ့်နှစ်နှစ် ကြာမြင့်ခဲ့တော့၏။
သို့သော် ဤကျွမ်းကျင်မှု မျက်နှာပြင်ပေါ်တွင် သူ၏ အသက်သည် ဆယ့်ငါးနှစ်မျှသာ တိုးလာခဲ့သည်။